လင်းယုန်သစ်လွင်
မနန်းအိမ်သည် ကမ်းနဖူးထိပ်တွင် ရပ်လျက် မြစ်ပြင်ကျယ်ကြီးအား လှမ်းမျှော်၍ ကြည့်လေ၏။
အပြောကျယ်သော ဧရာဝတီမြစ်ရေပြင်ကြီးသည် ငွေသင်ဖြူးကို ဖြန့်ခင်းထားသည့်နှယ် ရှိနေ၏။ လေငြိမ်၍ မိုးသက်ကင်းသည့်အခါ မြစ်မင်းဧရာသည် ပကတိတည်ငြိမ်သောအသွင်ဖြင့် တငြင်ငြင် တငြိမ့်ငြိမ့် တသိမ့်သိမ့် စီးဆင်းလျက် ရှိနေ၏။
ကမ်းနဖူးထိပ်မှ ရပ်နေသော မနန်းအိမ်သည် မျက်စိတဆုံးဖြစ်သော မြစ်ပြင်ကျယ်ကြီး၏ ရေညာဘက်ဆီသို့ ခြေဖျားထောက်လျက် လှမ်းမျှော်ကြည့်လိုက်လေသည်။
မနန်းအိမ်၏ မျက်လုံးများတွင် လှေငယ်တက်စင်းဟူ၍ကား တစင်းတလေမှ မမြင်မတွေ့ရပါပေ။ ခပ်လှမ်းလှမ်း ရေညာဆီမှ ခုတ်မောင်းလာနေသော မီးသင်္ဘောငယ်တစင်း၏ မကွဲပြားလှသော အရိပ်အရောင်အစအနမျှကိုသာ မနန်းအိမ် တွေ့ရသည်။
အချိန်မှာ ညနေဆည်းဆာအချိန် ဖြစ်၏။ ရာသီအားဖြင့်ကား နွေရာသီကုန်ဆုံး၍ မိုးကာလ မိုးရာသီသို့ ဝင်ရောက်စအချိန် ဖြစ်၏။
လှေငယ်တက်စင်းတို့၏ အရိပ်အသွင်ကို မြစ်ပြင်ကျယ်၌ မမြင်မတွေ့ရသည့်အခါ မနန်းအိမ် စိတ်မောမိလေ၏။
“ဒီနေ့ကော သူ ပြန်မှ လာနိုင်ပါ့မလား”
ဟူသော အတွေးအတောတခုကလည်း မောနေသော သူ့စိတ်ကို ပိုမို၍ ဆိုးရွားစေ၏။
ပြီးနောက် “သူ ပြန်မှ လာနိုင်ပါ့မလား” ဟူသော အတွေးနှင့်အတူ စိတ်မအေးစရာကောင်းသော နောက်ကြောင်းအရေးအခင်းများကလည်း မနန်းအိမ်၏ နှလုံးသားအတွင်းသို့ အလျှိုအလျှို ဝင်ရောက်ကပ်ငြိလာကုန်၏။
အိမ်တွင် ဆန်မရှိ၊ ဆီမရှိ၊ လဖက်ခြောက်မှစ၍ အစစရာရာ ဘာတခုမျှ မရှိသလောက် ပြတ်လပ်နေပြီ ဖြစ်၏။ ထိုအခါ သားသမီး သုံးလေးလောက်နှင့် နေရသော မနန်းအိမ်အဖို့ စိတ်သောက ရောက်ရလေသည်။
ပြီးသော် ဤအရေးအခင်းသာလျှင် မဟုတ်၊ နောက်ထပ် ပူပန်သောကရောက်ရသည့် အရေးအခင်းကြီးတခုကလည်း ရှိနေပြန်၏။ သည်အရေး သည်ကိစ္စကြောင့်လည်း မနန်းအိမ်ခမြာ စိတ်မအေး စိတ်မဖြောင့် ဖြစ်ရပြန်၏။
နေ့လား, ညလားဟူ၍ မသိရသော မွေးတော့ ဖွားတော့မည့်ဆဲဆဲ ကိုယ်ဝန်အတွက်ပင်ဖြစ်၏။ သူ့ ကိုယ်ဝန်အတွက်ကလည်း မည်သို့မျှ ပြည့်စုံလုံလောက်သည့် အခြေအနေမျိုး မဟုတ်သည့်အခါ
ထိုကိစ္စ ထိုအရေးကလည်း မနန်းအိမ် တွေး၍ ပူမိလေသည်။
စက္ကော့ရွာငယ်တွင် ရှိကြသော ပိုက်ထောင်ရှင် ပိုက်သူကြီး ဆိုသူတွေမှာလည်း ယခုလို နွေရာသီကုန်ဆုံး၍ မိုးရာသီအတွင်းသို့ ဝင်ရောက်ခဲ့သည့်အခါ ပိုက်အလုပ် ကွန်အလုပ်များကို ယခင်အခါများကလို မလုပ်ကြလေတော့။ သူတို့ အလုပ်မျိုးမှာ အချိန်ရာသီနှင့်လိုက်၍ ပိုင်းခြားသတ်မှတ်ကာ လုပ်ကြကိုင်ကြသော အလုပ်များဖြစ်ကြ၏။
ဆောင်းရာသီနှင့် နွေရာသီ အချိန်များ၌ ပိုက်ထောင်ရှင် ပိုက်သူကြီးတို့သည် ပိုက်အရောင်းအဝယ် အလုပ်ကို ခပ်သွက်သွက် ခပ်မှန်မှန် လုပ်ကြကိုင်ကြပေမင့် မိုးရာသီသို့ ရောက်သည့်အခါ၌မူ သူတို့၏ လုပ်ငန်းကို ခေတ္တခဏ ရပ်ဆိုင်းခြင်း ပြုကြလေသည်။
ထိုအခါ မနန်းအိမ်တို့ စက္ကော့ရွာသူတွေအဖို့မှာလည်း ပိုက်ထိုး ကွန်ထိုး အလုပ်ကို မလုပ်ကြရရှာတော့ပါချေ။ ဤလိုဖြစ်သည့်အခါ အိမ်ထောင်စုတိုင်းလိုပင် ကျပ်တီးကျဉ်းမြောင်းခြင်းကို ရင်ဆိုင်ကြရတော့သည်။
လင်ယောင်္ကျားဖြစ်သူများ၏ ပိုက်ချ ပိုက်မျှောခြင်း အလုပ်ပေါ်၌သာ မိသားစု တအိမ်ထောင်လုံး မှီခိုအားထားခြင်း ပြုကြရတော့သည်။
ဤကိစ္စမှာ တနှစ်တာကာလ၏ အရေးအခင်းသာမဟုတ်၊ နှစ်တိုင်း နှစ်စဉ် ကြုံတွေ့ရင်ဆိုင်ရသော ကိစ္စတခုပင်ဖြစ်၍ တခါတခါ သည်လိုအဖြစ်မျိုး ကြုံရခြင်းကြောင့် စက္ကော့တရွာလုံးရှိ ကိုတံငါ ရေလုပ်သားတို့မှာ သရောကြီးခိုင်းမတတ် ဖြစ်ကြရရှာ သည်။
သည်အဖြစ်မျိုး ကြုံရသဖြင့် ပိုက်ထောင်ရှင် ပိုက်သူကြီးတို့ထံ၌၎င်း၊ ငါးရွဲငါးဒိုင်တို့၌၎င်း ငါးပေးငါးသွင်းနှင့် ငွေပိုကြေးပိုကလေးများယူသည့်အခါ၌လည်း ငွေရှင်ကြေးရှင်တို့၏ မတရား လောဘအတိုင်း ငါးဈေးသားစျေးနှုံးကို မတော်မတရား နှိမ်တတ်စမြဲပင် ဖြစ်သည်။
သည်လိုဈေးနှုန်းကို မတော်မတရား နှိမ်တတ်ရုံသာမက ငွေကြေး အပိုအလျှံ ဆိုသလိုလည်း မိမိက လိုချင်သလောက် ပြည့်ပြည့်ဝဝ လောက်လောက်ငင ထုတ်ချေးခြင်း မဟုတ်ကြပါပေ။
ငါးဒိုင်နှင့် ပိုက်ထောင်ရှင် ပိုက်သူကြီးတို့သည် ရေအောက်တွင်ရှိသော သူတို့ မမြင်မတွေ့ရသေးသည့် ငါး ပုဇွန်များအတွက် ငွေကြေးကို နှိုင်းနှိုင်းချိန်ချိန်ပြုကာ အလီလီ အလာလာ ခွဲစိပ်လျက် ပေးကမ်းခြင်းသာ ဖြစ်၏။
သည်လို ထုတ်ချေးကြသည့်တိုင် အလွတ်မဲ့ ထုတ်ချေးခြင်းမျိုးတော့ မဟုတ်။ ပိုက်ကိုသော်၎င်း၊ လှေကိုသော်၎င်း အပေါင်အနှံ ပြုလုပ်ပြီးမှ ထုတ်ချေးတတ်ခြင်းပင် ဖြစ်လေသည်။
သူတို့က မပိုင်မနိုင်ခဲ့လေသော် ကြေးနီတပြားကိုပင်လျင် ထုတ်ချေးခြင်း ပြုတတ်ကြသူများ မဟုတ်ပါပေ။
နောက်တကြောင်း ရှိပြန်သည်။
ယခုလို ငါးအတိုးအရ နည်းပါးလှသော မိုးရာသီအချိန်မျိုးတွင်လည်း ငါးရွဲငါးဒိုင်နှင့် ပိုက်သူကြီးများက ငွေကြေးကို ထုတ်ချေးခြင်းပြုရန် အလွန်တရာ ဝန်လေးတတ်သူများ ဖြစ်ကြလေသည်။
သူတို့တွေ စားနိုင်သောက်နိုင်သော ဘဝ၊ ငွေရေးကြေးရေး အရင်းအနှီးမှစ၍ အစစအရာရာ လိုလေသေးမရှိအောင် ဖူလုံပြည့်ဝနေသော အဖြစ်မှာ ကိုတံငါများ၏ လုပ်အားစွမ်းပကားကြောင့် ရရှိလာသော အကျိုးအမြတ်များဟူ၍လည်း သူတို့က ဘယ်တော့မှ တွေးတောခဲ့သည့် လူစားမျိုးတွေ မဟုတ်ပါပေ။
သူတို့သူတို့သည် ဘယ်သူသေသေ ငတေမာပြီးရော ဆိုသောလူစားမျိုးတွေသာ ဖြစ်ကြလေသည်။
မနန်းအိမ်သည် ကမ်းနဖူးထိပ်တွင် ရပ်ရင်းမှ ရောက်တတ်ရာရာ အကြောင်းများကိုလည်း တွေးလိုက်မိလေသည်။
လင်ယောက်ျားဖြစ်သူ၏ အပြန်လမ်းကိုလည်း မနန်းအိမ်မျှော် မှန်းမိတော့သည်။ ဧရာဝတီမြစ်ပြင်ကြီး၏ အထက်ရေညာဆီမှ ခပ်စောစောက မြင်နေရသော မီးသင်္ဘောငယ်သည် တဖြည်းဖြည်း တစစနှင့် ပန်းလှိုင်မြစ်အတွင်းသို့ ချိုးဝင်သွားပြီးနောက် ညောင်တုန်းမြို့ဆီသို့ ဆက်လက်၍ ခုတ်မောင်းသွားလေသည်။
ထိုအချိန်ထိအောင်လည်း လှေငယ်တစင်းတလေ၏ အရိပ်အရောင်ကိုသော်မျှ မနန်းအိမ် မမြင်ရသေး။
အနောက်ဖက်မိုးကောင်းကင်မှ နေလုံးသည်ပင် မိုးကုတ်စက်ဝိုင်းရှိရာသို့ တရိပ်ရိပ် ထိုးဆင်းနေလေပြီ။
အချိန်သိပ်ကြာလိမ့်မည်တော့ မဟုတ်။
နောက်ထပ်၍ တနာရီလောက် အချိန်အတွင်း၌ နေဝင်၍ မိုးချုပ်လိမ့်မည်ဖြစ်ကြောင်း မနန်းအိမ် ခန့်မှန်းမိသည်။
“ဒီညနေမှ သူပြန်မလာရင် ခက်ရချည်ရဲ့”
ဟူ၍လည်း မနန်းအိမ် စိတ်ထဲက တွေးမိပြန်သည်။ သည်အတွေးအတောနှင့်အတူ မနန်းအိမ်၏ နှလုံးသား၌ ကြီးမားသော ပူပန်ကြောင့်ကြရမှုကလည်း ဝင်ရောက် ခိုကပ်လာပြန်သည်။
“အိမ်မှာ မနက် ချက်စရာ ဆန်တောင် မရှိပါကလား။ ဒီခလေးတွေနဲ့ ငါ ဘယ်လိုများ လုပ်ရပါ့မလဲ”
ဟူသော အတွေးအတောပင် ဖြစ်၏။
အိမ်နီးနားချင်းတို့ထံမှ တနပ်တအိုးအတွက် ဆန်ချေးဘို့ဆိုသည်မှာလည်း အလွန်တရာ မလွယ်ကူလှသော ကိစ္စတခုပင် ဖြစ်လေသည်။ အနီးအနား အိမ်များမှ အိမ်ထောင်စုတွေ၏ အဖြစ်သနစ်ကိုလည်း အိမ်ရှင်မတယောက်ဖြစ်သော မနန်းအိမ်သည် ကောင်းစွာပင် သဘောပေါက်လေသည်။
ယခုလိုအချိန်မျိုး ယခုလိုရာသီမျိုးတွင် သူတို့အားလုံးပင် စန်းပြတ်လမ်းပြတ် ဖြစ်နေကြသည့် အချိန်မျိုးဖြစ်သည်။ တောင်မင်းကို မြောက်မင်း မကယ်နိုင်သည့် အချိန်အခါမျိုးလည်း ဖြစ်ကြသည်။
ဤလို အတွေးပေါင်း မြောက်များစွာကို တွေးနေမိသောအခိုက်အတန့်၌ သူ့နောက်ပါးမှ တစုံတယောက်၏ ခြေသံကို မနန်းအိမ် ကြားလိုက်ရသည်။
ရပ်နေသော မနန်းအိမ်သည် ခြေသံလာရာသို့ လှည့်ကြည့်လိုက်သည်။ သူ့လိုပင် ဗိုက်ကြီးတပြဲပြဲနှင့် ကိုယ်ဝန်ကြီး တခွဲသားလောက် ဖြစ်နေသော ငွေစိန်ကို တွေ့လိုက်ရသည်။
ငွေစိန်သည် သာမောင့်မိန်းမဖြစ်သည်။ သာမောင် ကိုယ်တိုင်မှာလည်း မနန်းအိမ် ယောက်ျား ကိုကျီးညိုကဲ့သို့ပင် ပိုက်လှေသမားတယောက် ဖြစ်သည်။
“လှေစလှေနကလေးများ တွေ့သလား အမရဲ့”
ငွေစိန်က မနန်းအိမ်ကို မေးလေသည်။ ငွေစိန် ကိုယ်တိုင်မှာလည်း မြစ်ဆိပ်မှ ဆင်းသက်လျက် သူ့ယောက်ျား သာမောင်အား အစောင့်အကြို လာဟန်တူသည်။
“တွေ့ပါဘူးဟယ်။ နင့်ယောက်ျားလဲ ပြန်မရောက်သေးဘူးနဲ့ တူတယ် … ဟုတ်လား”
မနန်းအိမ်က မေးလိုက်သည်။
“သုံးရက်တောင်ရှိနေပီ အမရဲ့။ ဒီကြားထဲ ကျမကိုယ်ဝန်ကလဲ နေ့မွေးမလား ညမွေးမလားဘဲ။ မနေ့ညကလဲ ဗိုက်ထဲက သရိုးသရီ ဖြစ်သေးတယ်။ မွေးဘို့ဖွားဘို့ ဆိုတာလဲ နနွင်းတမှုန့် ဆေးတခွက်တောင် မရှိသေးဘူး အမရဲ့”
သာမောင့်မိန်းမ ငွေစိန်သည် ညည်းညည်းညူညူ ပြောရာမှ မနန်းအိမ် အနီးတွင် လာရောက်၍ အတူယှဉ်ရပ်လေသည်။
မနန်းအိမ်သည် မသိမသာ သက်ပြင်းချလိုက်သည်။
“အင်း … သင်းလဲ ငါလိုပါဘဲကလား”
ဟူ၍လည်း မနန်းအိမ် ရင်ထဲမှ မှတ်ချက်ချမိသည်။
“အမ ကိုယ်ဝန်လဲ နီးပီထင်တယ် … ဟုတ်လား အမ”
ငွေစိန်က မနန်းအိမ်ကို မေးသည်။
“ကိုးလ ကျော်လာပီလေ”
“အင်း … ဒီလိုဆိုရင် အမလဲ မွေးဘို့ဖွားဘို့ နီးဘီဘဲ။ အမကတော့ ကိစ္စမရှိပါဘူး။ အစ်ကိုညိုက အင်မတန် အလုပ်ကို ဂရုစိုက်တယ်။ အိမ်တယောက်ကသာ တခါတခါ ဖဲလိုလို အရက်လိုလိုနဲ့ လုပ်တတ်တော့ ကျမဖြင့် တွေးလိုက်ရင် စိတ်သိပ်ညစ်တာ ပါဘဲ အမရယ်။ ခုလဲ မနက် ချက်စရာ ဆန်တောင် မရှိသေးဘူး။ သူပြန်လာရင်လာ၊ မလာရင်တော့ တနပ်စာ နှစ်နပ်စာလောက် အမဆီမှာဘဲ လာပြီး ချေးရအုန်းမှာဘဲ”
ငွေစိန့် စကားကြောင့် မနန်းအိမ်မှာ ဟစ်၍သာ ငိုလိုက်ချင်တော့သည်။ သူသည် ငွေစိန်အား မည်သို့ ပြန်ပြောရမည် ဟူ၍ပင် တွေးမရနိုင်အောင် ဖြစ်ရလေသည်။
ထိုအတွင်း ငွေစိန်က စကားဆက်ပြန်သည်။
“အမက ကျမထက် ခလေးနဲလို့ တော်ပါသေးတယ်အမရယ်။ ကျမတော့ ခုတယောက်မွေးလာမှာတောင် တွေးပြီး ကြောက်နေတယ်။ ပါးစပ်ပေါက်တွေကသာ တနှစ်တပေါက် တိုးနေတာ။ လုပ်စားရတာက တနှစ်ထက်တနှစ် ဘာမှ တိုးလာတာ မှုတ်ဖူး အမရဲ့”
“နင်က ခလေး လေးယောက်၊ ငါက သုံးယောက်ဆိုတော့ တယောက်တလေဘဲ ကွာတာပါဟယ်။ သိပ်တော့လဲ မထူးလှပါဘူး”
မနန်းအိမ်က ပြောလိုက်သည်။
သည်လိုပြောရင်းမှလည်း မနန်းအိမ်၏ မျက်လုံးများသည် ခပ်ဝေးဝေး မြစ်ပြင်ကြီးရှိရာသို့ လှမ်းမျှော်၍ ကြည့်လေသည်။
“အဲဒီလေးယောက်ကြောင့် ခက်တာပေါ့ အမရဲ့။ ခု နောက်တယောက် ထပ်မွေးအုန်းမှာနဲ့ဆိုရင် အားလုံးပေါင်း ငါးယောက်ဖြစ်မယ်။ အမကတော့ လေးယောက်ဆိုပေမယ့် အမ သမီးနှစ်ယောက်က ထိုက်သလောက်တော့ အဖေါ်ရသေးတယ် မှုတ်လား။ ခုမှ ပိုက်ထိုး ကွန်ထိုးအလုပ်က ပြတ်နေလို့ပါ။ အလုပ်လှိုင်တဲ့ ရာသီမှာဆိုရင် အမသမီး မြရင်ရော တပိုက် ထိုးကြတာဘဲ”
ငွေစိန်က သူပြောလိုက်သော စကားများကို မနားဘဲ ဆက်ပြောနေသည်။
မနန်းအိမ်မှာမူ ငွေစိန်၏ စကားထဲတွင် စိတ်မရောက်နိုင်ဘဲ ခပ်လှမ်းလှမ်း မြစ်ကြောမှ မှုန်ဝါးဝါး မြင်နေရသော တံငါလှေငယ်တစင်းဆီသို့ မျက်လုံးစူးစိုက် ကြည့်နေမိသည်။ လှေငယ်၏ သဏ္ဍာန်သည် ပြတ်ပြတ်သားသား မရှိလှပါချေ။ မသဲမကွဲဖြင့် အတော်ပင် မှုန်မွှားမွှားသာ ရှိနေသည်။
“နွေဦးပေါက်တုန်းကတော့ ညောင်တုန်းဘက်ကို ကျမ သွားသေးတယ် အမရဲ့။ ခလေးနှစ်ယောက်ကို တရုပ်ခေါက်ဆွဲဆိုင်က ဝယ်မယ်ဆိုတာနဲ့”
“ဟယ် … ဘာပြောတယ်”
မနန်းအိမ်သည် အထိတ်တလန့်ဖြင့် ငွေစိန့် မျက်နှာကို လှည့်ကြည့်လိုက်သည်။
မိမိမွေးသော ရင်သွေးငယ်အား ရောင်းချပစ်မည်ဆိုသော မိခင်တယောက်၏ စိတ်နေသဘောထားကိုလည်း မနန်းအိမ် အလွန်တရာ တအံ့တဩ ဖြစ်လိုက်မိသည်။ ပြီးသော် မနန်းအိမ် ရင်ထဲကလည်း တုန်တုန်ခိုက်ခိုက် ဖြစ်မိသည်။
သို့ရာတွင် ငွေစိန်မှာ မည်သို့မျှ ထူးခြားဟန် မရှိပါချေ။ ထိုစကားကိုလည်း ခပ်ပေါ့ပေါ့ ခပ်လွယ်လွယ်ပင် ငွေစိန်က ပြောလိုက်ခြင်း ဖြစ်သည်။
“အော် … နွေဦးပေါက်တုန်းက အဖြစ်ကို ပြောတာပါ အမရဲ့။ နွေဦးပေါက်တုန်းကပေါ့ … ညောင်တုန်းဈေးနားက ခေါက်ဆွဲဆိုင်တရုပ်က ခလေးနှစ်ယောက် ဝယ်ချင်တယ်ဆိုတာနဲ့ ကျမနဲ့ ကိုသာမောင်တို့ သွားကြတယ်”
“နင်တို့ ခလေးတွေကို ရောင်းဘို့လား”
“အင်းပေါ့ အမရဲ့။ ငတိုးနဲ့ ခွေးပုကို ရောင်းမယ်ဆိုပြီး ကျမတို့ သွားကြတာပေါ့။ တရုပ်နဲ့ အရောင်းအဝယ်ဖြစ်ရင် အဲဒီတုန်းက ကျမတို့ ငွေနှစ်ရာလောက် သုံးရမှာ”
ဘုရား ဘုရား ဟူ၍ မနန်းအိမ် စိတ်ထဲမှ တမိလေသည်။ မိမိ၏ ရင်သွေးရင်နှစ်ဖြစ်သော ခလေးငယ်နှစ်ယောက်တို့အား ကြက်ကလေး ငှက်ကလေးများကို အရောင်းအချ ပြုသလို သဘောထားလျက် ရက်ရောနိုင်သော ငွေစိန်၏ သတ္တိကိုလည်း ကြောက်ခမန်းလိလိ မနန်းအိမ် အံ့ဩမိသည်။
“ဒါနဲ့ အပြီးသတ်တော့ ဘယ်လိုဖြစ်သွားသလဲ”
မနန်းအိမ်သည် ခပ်လှမ်းလှမ်း မြစ်ပြင်ကြောမှ လှေငယ်ကိုပင် စိတ်မေ့ပျောက်လျက် ငွေစိန်အား မေးလိုက်မိပြန်သည်။
ငွေစိန်သည် တစုံတရာ တုန်လှုပ်ချောက်ချားသွားခြင်းမရှိဘဲ သူ့စကားကို အားရပါးရ ဆက်ပြောလေသည်။
“အဲဒါပေါ့ အမရဲ့။ နွေဦးတုန်းက ခလေးနှစ်ယောက်သာ ရောင်းရမယ်ဆိုရင် ကျမတို့ ပိုက်အသစ်တဖုံတော့ ကောင်းကောင်း ဝယ်နိုင်တာပေါ့။ တရုပ်က ငတိုးနဲ့ ခွေးပုကို အရွယ်နဲနဲကြီးနေလို့ မလိုချင်ဘူးတဲ့အမရဲ့။ သူတို့လိုချင်တဲ့ ခလေးက တခါလည်ကျော်ကျော် နှစ်ခါလည်လောက်မှ လိုချင်တာတဲ့။ အဲဒါနဲ့ ကျမတို့က ဘုတ်ဆုံနဲ့ ခွေးမကို ရောင်းမယ်လို့ ပြောတော့လဲ မိန်းခလေးတွေကိုတော့ မယူချင်ဘူးလို့ ပြောလိုက်တယ်”
ငွေစိန်၏ စကားများကို နောက်ထပ်၍လည်း မနန်းအိမ် အံ့ဩရပြန်သည်။
သည်လို အံ့ဩရရုံမျှမက မနန်းအိမ်၏ ရင်ထဲ၌လည်း တလှပ်လှပ် ဖြစ်မိလေသည်။
သာမောင်နှင့် ငွေစိန်တို့သည် သားငယ် သမီးငယ်တို့အပေါ်၌ အကြင်နာတရား မရှိ၊ ရက်စက်လှပါဘိတကားဟူ၍ မနန်းအိမ် စိတ်က တွေးလေသည်။
“နင့်ခလေးတွေကို နင် မချစ်ဖူးလား ငွေစိန်ရယ်”
မနန်းအိမ်က မေးလိုက်သည်။
“ချစ်တော့ ချစ်တာပေါ့ အမရယ်”
“သနားရော မသနားဘူးလား”
မနန်းအိမ်က မေးပြန်သည်။
“သနားတာပေါ့ အမရဲ့။ ဒါပေမယ့် ထမင်းတဝမ်းကိုခုလို လုပ်စားနေရတဲ့အထဲက တခါတခါ ငတ်မလို ပြတ်မလို ဖြစ်တော့လဲ ဒီခလေးတွေကို ကျွေးမယ့်မွေးမယ့်လူရှိရင် ပေးပစ်လိုက်တာဘဲ ကောင်းပါတယ် အမရယ်။ အဲ့ဒီလိုဆိုတော့ သူတို့လဲ ဝဝဖြိုးဖြိုး စားရမယ်၊ ကောင်းကောင်းမွန်မွန် နေရမယ်ပေါ့”
ငွေစိန်ကလည်း သူ့ရည်ရွယ်ချက်နှင့်သူ ပြောတော့သည်။
သည်လိုဆိုပြန်တော့ ငွေစိန့်ကိုလည်း မနန်းအိမ် အပြစ်မဆိုသာပါပေ။ ငွေစိန်၌ မိခင်စိတ် ကင်းမဲ့လေခြင်း ဟူ၍လည်း စွပ်စွဲနိုင်ရန် ခက်လှသည်။
ငွေစိန်ပြောသည့် စကားက ဟုတ်သလောက် ဟုတ်၍ မှန်သင့်သလောက် မှန်သည်ဟု ဆိုရပေမည်။
သည်အဖေ သည်အမေ၏ လက်တွင်း၌ ထမင်းကိုပင် မဝရေစာ စားနေရသော ခလေးများအား ဝဝလင်လင် စားရသောက်ရမည့် လူများ၏ လက်ထည်းသို့ ပေးလိုက်ခြင်းကပင် အကောင်းဆုံးနည်းလမ်းဟူ၍လည်း ငွေစိန်နှင့် သာမောင်တို့က ရွေးချယ်စိတ်ကူးဟန် တူသည်။
ငတ်လျှင်လည်း အတူတူ၊ စားရလျှင်လည်း အတူတူဟူ၍ ပြောရသော်လည်း သူတို့လို လှေဦးစိုလျှင် ဝမ်းစိုသောဘဝ, လှေဦးချောက်လျှင် ဝမ်းချောက်သော လူတန်းစားတို့၏ ဘဝမှာ စားရမှာနှင့် ငတ်ရမှာ၊ ငတ်ရမှာက ပို၍ များလှသည်။
နောက်တော့ ထိုခလေးတွေ၏ ဘဝသည် သည်လိုမိဘများ၏ လက်တွင်း၌ ကြီးပြင်းခဲ့လေသော် သေစာရှင်စာကလေးမျှကိုပင် တတ်သိကြလိမ့် မည်လည်း မဟုတ်။
ဤလိုတွေးလျှင်ကား ငွေစိန့် အယူအဆ မဆိုးလှပါဟု မနန်းအိမ် စဉ်းစားမိသည်။
ဒါပေမယ့် သူ့သား သူ့သမီးကလေးတွေကိုမူ မနန်းအိမ်သည် မည်သူ့အားမျှ ပေးရက်လိမ့်မည် မဟုတ်ပါချေ။
“ဟော …. ဟိုမှာ လှေတစင်းတော့ လာနေတယ် အမ။ ပိုက်လှေနဲ့ဘဲ တူတယ်”
ခပ်စောစောက မနန်းအိမ် မြင်ထားသော ယခုမှ ငွေစိန်က သတိပြုဟန် တူသည်။
“အင်း … ရွာကပိုက်လှေနဲ့တော့ တူတာဘဲ ငွေစိန်”
မနန်းအိမ်က ပြောလိုက်သည်။
မိန်းမသားနှစ်ဦးသည် ကမ်းထိပ်တွင် ရပ်လျှက် လှေငယ်ရှိရာဆီသို့ အာရုံစူးစိုက်ကြည့်ကြသည်။ နှစ်ဦးစလုံး၏ စိတ်ထဲမှာလည်း ကိုယ်နှင့်ဆိုင်ရာဆိုင်ရာကို ဆုတောင်းနေကြသည်။
နေဝန်းသည် တဖြည်းဖြည်း တစစနှင့် အနောက်ဘက် မိုးကုတ်စက်ဝိုင်းနှင့် နီးကပ်သည်ထက် နီးကပ်သွားတော့သည်။ ဝင်းဝင်းစို့စို့ဖြစ်သော နေခြည်သည် ပတ္တမြားသွေး ပတ္တမြားရည်အလား ဘော်ငွေရောင်အဆင်းဆောင်သည် ရေမျက်နှာပြင်ထက်သို့ ယိုဖိတ်စီးဆင်းလျက် ရှိတော့သည်။
မနန်းအိမ်နှင့် ငွေစိန်သည် တယောက်နှင့် တယောက် မည်သို့မျှ စကားမဆက်ကြဘဲ ခြေစုံကြွကာ ဦး ဦးခေါင်းမော့ကာဖြင့် လှေငယ် လှော်ခတ်လာရာသို့ မမှိတ်မသုန် ကြည့်နေကြသည်။ ထိုအချိန် ထိုအခိုက်၌မူ နှစ်ယောက်သားသည် တယောက်နှင့်တ ယောက် အပြိုင်အဆိုင် ဖြစ်ပေါ်နေသည့် စိတ်ဆန္ဒများ ကိုယ်စီကိုယ်ငှ ရှိနေကြသည်။
မနန်းအိမ် စိတ်ထဲက ကိုကျီးညို၏ လှေငယ် ဖြစ်ပါစေ့ဟု ဆုတောင်းမိသည်။
ငွေစိန်၏ စိတ်တွင်းကလည်း ကိုသာမောင့်လှေ ဖြစ်ပါစေဟု ဆုတောင်းနေမိသည်။
လှေငယ်ရှင်သည် သူ၏လှေငယ်ကို စက္ကော့ရွာ ကမ်းခြေရှိရာသို့ ဦးတည်မှန်းမသိ ဦးတည်ကာ လှော်ခတ်လာသည်။ ရေစုန်ကို လှော်လာခြင်း ဖြစ်သောကြောင့်လည်း ရေမျက်နှာပြင်ထက်မှ လှေငယ်၏ အရှိန်သည် အတော်အတန် လျင်မြန်သည်ဟု ဆိုရမည်။
မကြာမီ လှေငယ်သည် မိန်းမသားနှစ်ဦး၏ မျက်မှောက်အမြင်၌ ပြတ်ပြတ်သားသား ဝင်ရောက်လာသည်။ လှေငယ်ပဲ့မှ လူမှာလည်း သူတို့မျက်လုံးများ၌ ပြက်ပြက်ထင်ထင် ရှိလာသည်။
“အကို ကျီးညို အမရဲ့ ”
ငွေစိန်က ပြောလေသည်။
“အေး … ဟုတ်တယ် ငွေစိန်”
မနန်းအိမ် စိတ်ထည်းကလည်း အတော်ပင် ဝမ်းသာအားရ ဖြစ်မိနေသည်။
“အိမ်ကလူ သတင်းတော့ ကြားရမှာဘဲ”
ငွေစိန်က ပြောပြန်သည်။
သို့ရာတွင် ငွေစိန်၏ အသံက ခပ်စောစောကနှင့် မတူပေ။ စိတ်ပျက်အားလျှော့သံ ဖြစ်လေသည်။
“အေးပေါ့ဟယ်။ နင့်အကို ကျီးညိုနဲ့လဲ ငါးလေးသားလေး လူကြုံပေးချင် ပေးလိုက်မှာပေါ့။ လာ … လာ … အောက်ကို ဆင်းကြရအောင်”
မနန်းအိမ် စိတ်ထဲ၌လည်း ငွေစိန်အတွက် စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့်ပင် တစုံတခုသော စိတ်ဆုံးဖြတ်ချက်ကိုလည်း လျင်မြန်စွာပင် မနန်းအိမ် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သာမောင့်ထံမှ လူကြုံပါးလိုက်သော ငါးကလေး သားကလေးများ မပါသည့်တိုင် ကိုကျီးညိုသာ အဆင်ပြေလာပါက ငွေစိန့်အတွက် ဆန်ကိုလည်း ချေးမည်၊ ငါးဟင်းစားကလေးများလည်း ပေးမည်ဟူသော စိတ်ကူးရည်ရွယ်ချက်ပင် ဖြစ်လေသည်။
“တောင်းပြန်ယူချည်အုံးဟေ့ မနန်း။ လုံမကိုလဲ ခေါ်ခဲ့”
ကိုကျီးညိုသည် လှေငယ်ကို ကမ်းခြေသို့ ဦးထိုးကပ်ရာမှ ဇနီးသည်ကို လှမ်းပြောလိုက်သည်။
ကမ်းခြေရေစပ်သို့ ဆင်းနေသော မနန်းအိမ်၏ ခြေလှမ်းများသည် တုန့်ဆိုင်းသွားသည်။ သူ့မျက်လုံးများကလည်း လှေငယ်၏ ဝမ်းထဲသို့ လှမ်းကြည့်လိုက်သည်။
မနန်းအိမ်အဖို့ အတော်ပင် ရွှင်လမ်းအားတက်မိတော့သည်။ လှေကပ်ပေါ်တွင် ရှိနေသော ငါးသလောက်များကိုလည်း မနန်းအိမ် လှမ်းမြင်လိုက်ရသည်။ ပြီးလျှင် အချိန် တဆယ်ကျော်ကျော် ရှိလိမ့်မည်ဟု ခန့်မှန်းရသော ငါးမြင်းရင်းကောင်ကြီး တကောင်ကိုလည်း မနန်းအိမ် တွေ့လိုက်ရသည်။
“ဟ သွားလေ၊ လုံမကို ပြန်ခေါ်ပီး တောင်းတလုံးလဲယူခဲ့ပါ ဆိုနေမှဟာ။ ဘာငိုင်နေတာလဲကွ”
လှေငယ်ပေါ်မှ ကိုကျီးညိုက လှမ်းအော်လိုက်သည်။
ထိုအခါမှ ဝမ်းသာလုံးဆို့နေသော မနန်းအိမ်မှာလည်း
“နေအုန်းဟဲ့ ငွေစိန်”
ဟု ငွေစိန်ကို ပြောပြီးနောက် အိမ်ဘက် သို့ပြန်လှည့်သွားလေသည်။
X X X X
မကြာမီ အချိန်အတွင်း၌ပင် မနန်းအိမ်နှင့် သူ့သမီး မြရင်တို့မှာလည်း ကိုကျီးညို လှေငယ်ရှိရာ ကမ်းခြေရေစပ်သို့ ရောက်လာကြသည်။
သူ့အဘ ကိုကျီးညို ငါးမြင်းရင်းကြီး ရလာသောကြောင့်လည်း သူ့သမီး မြရင်မှာ ဝမ်းသာအယ်လဲ ဖြစ်နေတော့သည်။
“ငသလောက်ကို လုံမ တောင်းထဲထဲ့။ ငါးမြင်းရင်းကြီးတော့ အဘကိုယ်တိုင် ထမ်းခဲ့မယ်”
ကိုကျီးညိုက ပြောလေသည်။
မြရင်နှင့် ငွေစိန်မှာ လှေဝမ်းကပ်ပေါ်မှ ငါးသလောက်များကို တောင်းထဲသို့ ထဲ့နေကြသည်။
“သာမောင့်ဆီက ဘာမှ မပေးလိုက်ဖူးလားတော့”
မနန်းအိမ်က ကိုကျီးညိုကို မေးသည်။
“ငွေငါးကျပ် ပေးလိုက်ပါတယ်ကွာ။ မနက်ဖန်ညနေတော့ ပြန်လာပါလိမ့်မယ်။ ပိုက်ထဲကို ငါးအတိုး သိပ်ပါးတယ်ကွ။ ဘယ်သူမှ ဟုတ္တိပတ္တိ မရကြဘူး”
ကိုကျီးညိုက ပြောလေသည်။
“ငါးသလောက် နှစ်ကောင်တော့ ချန်ထားခဲ့အုံး မြရင်။ ဒို့အတွက် တကောင်၊ ငွေစိန့်ကို ဟင်းစားတကောင် ပေးလိုက်ပါဟယ်”
မနန်းအိမ်သည် သူ့သမီး မြရင်အား ထိုကဲ့သို့ ပြောရာမှ သူကိုယ်တိုင်ပင် တောင်းထဲမှ ငါးနှစ်ကောင်ကို ဆွဲယူလိုက်သည်။
“ရော့ဟဲ့ … ငွေစိန်”
မနန်းအိမ်က ငါးသလောက်တကောင်ကို မငွေစိန် လက်သို့ လှမ်းပေးလိုက်သည်။
သူတို့က ဘဝတူများ ဖြစ်ကြပေရာ တယောက်အ ပေါ် တယောက် စာနာထောက်ထားသည့် စိတ်များလည်း ရှိတတ်ကြပေသည်။
ကိုကျီးညိုကိုယ်တိုင်ကလည်း သူ့ခေါင်းတွင် ရစ်ပတ်ထားသော လုံကွင်းကို ဖြုတ်ပြီးနောက် လုံကွင်းထောင့်စွန်းတနေရာတွင် ထည့်သွင်းချည်နှောင်ထားသော ပိုက်ဆံများကိုထုတ်ခါ ငွေငါးကျပ်ကို ငွေစိန်အား ရည်တွက်ပေးလိုက်သည်။ ကျန်သော လေးငါးကျပ်ကိုလည်း မနန်းအိမ် လက်သို့ အပ်လိုက်သည်။
“ကျမသွားမယ် အမ၊ ကျမ ဗိုက်က နာချင်သလိုလိုဘဲ”
ငွေစိန်သည် အတန်ငယ် ရှုံ့ရှုံ့မဲ့မဲ့ဖြစ်ရာမှ ပြောလေသည်။
“အေး အေး … သွားတော့ သွားတော့။ ငါလဲ နောက်ပီးတော့ လာခဲ့မယ်”
မနန်းအိမ်၏ စကားအဆုံး၌ပင် ငွေစိန်သည် ငါးတကောင်ကို လက်ကဆွဲလျက် ကမ်းနဖူးထိပ်သို့ တက်ရောက်သွားတော့သည်။
ကိုကျီးညိုတို့ မိသားစုသုံးယောက်မှာလည်း ငါးတောင်းကို မြရင်က ရွက်ခါ ငါးမြင်းရင်းကြီးကို ကိုကျီးညိုက ထမ်းလျက် မနန်းအိမ်က ပိုက်နှင့် လှော်တက်ကို ယူငင်ပြီးနောက် ကမ်းနဖူးထိပ်သို့ တက်ခဲ့ကြလေသည်။
မနန်းအိမ်သည် နေအိမ်သို့ ဝင်ကာ လှော်တက်နှင့် ပိုက်ကို ထားခဲ့လိုက်လေသည်။
နေအိမ်မှ ထွက်ခဲ့၍ လမ်းကလေးပေါ် အရောက်၌ပင် သူ့အိမ်နှင့် သုံးအိမ်ကျော်ဖြစ်သော သာမောင်တို့အိမ်မှ ငွေစိန်၏ ညည်းတွားသံကိုလည်း မနန်းအိမ် ကြားရလေသည်။ ငွေစိန်တယောက် ဒီည၌ပင် မျက်နှာမြင်လေမလား ဟူ၍လည်း မနန်းအိမ် တွေးမိ သည်။
သို့ရာတွင် လောလောဆယ်အားဖြင့်မူ ငွေစိန်၏ မွေး ရေးဖွားရေး ကိစ္စ၌ မနန်းအိမ် စိတ်မဝင်စားနိုင်အားပါပေ။ ငါးအချိန်အတွယ်အတွက် ငါးရွဲငါးဒိုင်၏ နေအိမ်သို့ လိုက်ရဦးမည် ဖြစ်လေသည်။
ရွာမှ ငါးဒိုင်ငါးရွဲများသည် လောဘထူပြောသူများသာ ဖြစ်လေသည်။ ငါးအချိန်အတွယ် ပြုရာ၌လည်း ငါးရွဲငါးဒိုင်နေအိမ်မှ သူရင်းငှားများသည် သူရဲသဘက်ကဲ့သို့ နိုင်ထက်စီးနင်း ပြုတတ်ကြသည်။ ငါးစျေးသားဈေးမှာလည်း မြို့ပေါ်ဈေးထက် ထက်ဝက်ခေါက်ချိုးနီးနီး အမြတ်ကြီးစားသူတွေ ဖြစ်ကြသည်။
သို့ရာတွင် သူတို့လို ပိုက်သမား ကိုတံငါများမှာမူ မြို့ပေါ်ဈေးသို့ တက်ရောက်၍ ရောင်းချနိုင်သော အဆက်အသွယ်ကလည်း မရှိ။ ရန်ကုန်မြို့လို မြို့ကြီးများသို့ တင်ပို့နိုင်သော အဆက်အသွယ် ငွေရှင်ကြေးရှင်ကလည်း မရှိသဖြင့် ငါးရွဲငါးဒိုင်များ၏ အမြတ်ကြီးစားမှုကို ခေါင်းငုံ့၍ ခံကြရလေသည်။
ခြေလှမ်းသွက်သွက် လှမ်းလာသော မနန်းအိမ်သည် မကြာမီပင် ငါးရွဲ ကိုချစ်တီး၏ နေအိမ်အောက်ထပ်သို့ ရောက်ရှိလာလေသည်။ သူရောက်ရှိသွားသည့် အချိန်တွင် ကိုချစ်တီး၏ လူငှါးများနှင့် သူ့ယောက်ျား ကိုကျီးညိုနှင့် သူ့သမီး မြရင်တို့ပါ အောက်လင်းမီးရောင်အောက်တွင် ငါးများကို ချိန်တွယ်နေကြ လေသည်။
ငါးဒိုင် ကိုချစ်တီးကို၎င်း၊ ကိုချစ်တီးမိန်းမ မသန်းကြည်ကို၎င်း မနန်းအိမ် မတွေ့ရပါချေ။
“ငါးမြင်းရင်း ဆယ့်ခြောက်ပိဿာနဲ့ ငါးဆယ်”
“ငါးသလောက်က လေးပိဿာအစိပ်၊ လေးပိဿာထားဗျာ”
ကိုချစ်တီး၏ သူရင်းငှား မြမောင်က ပြောလေသည်။
“လေးပိဿာအစိပ်ဆိုရင် လေးပိဿာအစိပ်ပေါ့ရှင့်။ ငါးမြင်းရင်းကလဲ ဇောက်ထိုးကြီး ချိန်ယူတာ။ ငသလောက်ချိန်တာလဲ ဇောက်ထိုးကြီးဘဲ”
မြရင်က မကျေမနပ် ပြောလေသည်။
“ဒီလိုပေါ့ဗျာ၊ နဲနဲပါးပါးတော့ သာတာပေါ့”
ကိုချစ်တီး၏ လူငှါး စွပ်ပယားက ပြောလေသည်။ စွပ်ပယားမှာ ဗမာရည်လည်နေသော ကုလားတယောက် ဖြစ်လေသည်။ ငါးဒိုင် ကိုချစ်တီးမှာလည်း ကုလားပင် ဖြစ်လေသည်။
“ထားလိုက်ပါ လုံမရယ် … ပြောမနေပါနဲ့ ”
လူအေးကြီး ကိုကျီးညိုက ပြောလေသည်။
မနန်းအိမ်က သူ့ယောက်ျားကို မျက်စောင်းထိုးကြည့်လေသည်။ သို့ရာတွင် သူ့ကိုယ်၌ကလည်း မည်သို့မျှ မစွက်ဖက်တော့ပါချေ။ ငါးရွဲငါးဒိုင်များသည် သည်လိုပင် ညှီညှီဟောက်ဟောက်ကို မတော်မတရား စားနေသူများသာဖြစ်ကြောင်း မနန်းအိမ် သိလေသည်။
မနန်းအိမ်သည် ငါးဘိုးငွေများကို စိတ်တွက်ဖြင့် တွက်လျက် ရှိလေသည်။ သို့ရာတွင် သူရင်းငှါးများမှာ သူတို့အလုပ်ကိုသာ သူတို့ ဆက်လုပ်နေကြသည်။ ငါးဘိုးငွေများကိုကား ရှင်းလင်းပေးခြင်း မပြုသေးပါချေ။
ငါးဘိုးငွေ ရှင်းပေးမည့်သူမှာ ကိုချစ်တီးမိန်းမ သန်းကြည်သာ ဖြစ်လေသည်။
“ငမြင်းရင်းက တကျပ်ခွဲစျေးဆိုတော့ ဆဲ့ခြောက်ပိဿာကို နှစ်ဆဲ့လေးကျပ်၊ ငသလောက်က သုံးမတ်စျေးဆိုတော့ လေးပိဿာ သုံးကျပ်၊ အားလုံး နှစ်ဆဲ့ ခုနှစ်ကျပ်။ ခဏနေပါအုံးနော်၊ မမ အပေါ်မှာ အနှိပ်ခံနေလို့”
စွတ်ပယားက မနန်းအိမ်ကို ပြောလေသည်။
“ကဲ … ဒီလိုဆိုရင် ဒို့သားအဖ ပြန်နှင့်မယ်ကွာ။ ကျုပ်လဲ ထမင်းဆာလှပီ။ ငွေရှင်းဘို့ မင်းစောင့်နေပါ မနန်း”
ကိုကျီးညိုက ပြောလေသည်။
“အင်းလေ … ပြန်နှင့်ပေါ့။ မြရင် … နင့်အဖေကို ကောင်းကောင်းမွန်မွန် ခူးခပ်ကျွေးနော်”
“ဟုတ်ကဲ့ပါ အမေရယ်”
မကြာမီ ကိုကျီးညိုတို့ သားအဖမှာလည်း ငါးရွဲ၏ နေအိမ်မှ ထွက်ခွာလျက် သွားကြလေသည်။
ကိုကျီးညိုတို့ သားအဖ ထွက်သွား၍ မကြာမီပင် စွပ်ပယားသည် အိမ်ပေါ် ထက်သို့ တက်သွားပြီးနောက် အောက်ထပ်သို့ တဖန် ပြန်ဆင်းလာသည်။
“အဒေါ် … အပေါ်ကို တက်ခဲ့ပါတဲ့”
စွတ်ပယားက မနန်းအိမ်ကို ပြောလေသည်။
မနန်းအိမ်သည် ငါးရွဲ၏ နေအိမ် အပေါ်ထပ်သို့ လှေခါးမှ တဖြည်းဖြည်း တက်ခဲ့သည်။
“ထိုင်ပါအုံး အဒေါ်မနန်းအိမ်။ ခု ခဏလေးပါ၊ ပြီးပါတော့မယ်”
သင်ဖြူးဖျာတချပ်ပေါ်တွင် ပက်လက်လှန်ကာ အနှိပ်ခံနေသော သန်းကြည်က မနန်းအိမ်ကို ပြောလိုက်သည်။
မနန်းအိမ် ကိုယ်တိုင်မှာလည်း သန်းကြည်နှင့် မလှမ်းမကမ်းရှိ သင်ဖျာတချပ်ပေါ်တွင် ထိုင်လိုက်လေသည်။
“အဒေါ်မနန်းတို့တော့ သိပ်ဟန်ကျတာဘဲနော်”
သန်းကြည်က ပြောလေသည်။
“ဘာများလဲ သန်းကြည်ရဲ့ ”
မနန်းအိမ်သည် သန်းကြည်၏ ဆိုလိုချက်ကို သဘောမပေါက်ပါပေ။ သို့ကြောင့်ပင် သန်းကြည်အား ပြန်မေးရလေသည်။
“အော် … အဒေါ်မနန်းကလဲ၊ ရတနာခုနှစ်ပါးထဲမှာ သားသမီးရတနာဟာ အမြတ်ဆုံးလို့ ပြောကြတယ်မှုတ်လား အဒေါ် မနန်းအိမ်ရဲ့။ ခု ကြည့်ပါလား။ ကျမတောင် သားသမီးလိုချင်လို့ အနှိပ်ခံနေရတယ်လေ”
မနန်းအိမ်သည် သန်းကြည် ပြောနေသော စကားကိုနားထောင်ရင်းမှ သန်းကြည်၏ မျက်နှာကိုတလှဲ့၊ အနှိပ်သယ် မိန်းမကြီး၏ မျက်နှာကိုတလှဲ့ ကြည့်လိုက်မိလေသည်။
သို့ရာတွင် မနန်းအိမ်၏ စိတ်အမြင်၌ကား ငွေစိန်ကိုသာ တရေးရေး မြင်မိလျက်…
“အဲဒါပေါ့ အမရဲ့ … နွေဦးတုန်းက ခလေးနှစ်ယောက်သာ ရောင်းရမယ်ဆိုရင် ကျမတို့ ပိုက်အသစ်တဖုံတော့ ကောင်းကောင်းကြီး ဝယ်နိုင်တာပေါ့”
ဟူသော စကားသံကိုသာ မနန်းအိမ် ကြားယောင်မိလေသည်။
(၁၉၆၅ ခုနှစ်တွင် ထုတ်ဝေခဲ့သော ယမုံနာ စာအုပ်မှ ကူးယူဖော်ပြပါသည်။)
– ပြီး –
စာရေးသူ – လင်းယုန်သစ်လွင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0
Uncategorized