သန်းမြင့်သန်း (ကွမ်းခြံကုန်း)
အမွေ
“အဖေရေ … ဗျို့ အဖေ၊ ထမင်းလုံးတွေတက်လာပြီဗျ”
အမောတကော ပြေးလာအော်ပြောရင်း သားငယ် ဆင်ပေါက်သည် ပိုက်ဖာနေသောဖခင် ကိုပြူးအနားသို့ ရောက်လာ၏။ ကိုပြူးသည် ဆင်ပေါက်ကိုကြည့်၍ ပိုက်ဖာလက်စကို ရပ်လိုက်၏။
ဆင်ပေါက် ပြေးတက်လာသည် အရှိန်ကြောင့် တဲအိမ်နှင့် ချောင်းရေပြင်ကို ဆက်ထားသော ရေဆင်းဝါးတံတားကလေးမှာ သွက်သွက်ခါလျက်ရှိ၏။
တိုးမြစ်အတွင်း စီးဝင်သော ချောင်းနဖူးတွင် မေးတင်ဆောက်ထားသည့် တဲအိမ်ကလေးမှာ ကိုပြူးတို့မိသားစု၏ မှီတွယ်ခိုနားရာဖြစ်သည်။ လှေဦးတိုက် လှည်းဦးတိုက်ဖြစ်လင့်ကစား နေသားကျလာပြီးဖြစ်၍ အခမဲ့နေခွင့်ရသည့် တိုးမြစ်ကိုပင် သံယောဇဉ်တွယ်ခဲ့ကြရသည်။
ဆင်ပေါက်သည် လက်နှစ်ဖက်ဖြင့် ဆယ်ယူလာသော ထမင်းလုံးသဏ္ဌာန် ဖြူဖြူဖွေးဖွေး ရေပိုးကောင်ကလေးများကို ဖြန့်ပြနေ၏။
ရေပိုးကောင်ကလေးများ ဆင်ပေါက်လက်ဖဝါးပြင်
တစ်ခုလုံးသို့ ရိုးရိုးရွရွ လျှောက်တက်နေကြ၏။
ဆင်ပေါက် အပြုအမူကိုကြည့်၍ မိခင်ဖြစ်သူ မပုစိန်က လှမ်းငေါက်လိုက်သည်။
“ဟဲ့ ကောင်လေး ‘ကွန်မက’ တွေကို ဘာကိစ္စဖမ်းလာ ရသတုန်း။ ပေါက်ပေါက်ရှာရှာကို ဆော့တယ်။ သွားလွှင့်ပစ်ချေ”
ပြောပြောဆိုဆိုပင် မပုစိန်၏လက်ခေါက်မှာ ဆင်ပေါက် ဦးစွန်းဖုတ်ပေါ်သို့ ဒေါက်ခနဲရောက်သွား၏။ ဆင်ပေါက် ခေါင်းပုသွား၏။ ကိုပြူးဆီသို့ မျက်လုံးကို အသာလှန်ကြည့်လိုက်ရာ ကိုပြူးက ပြုံးစိစိပင် နေလိုက်၏။ မပုစိန်သည် ဆင်ပေါက်ကို ဆက်ငေါက် လိုက်၏။
“ကြီးကြီးကျယ်ကျယ် ခွက်တစ်ဆယ်လုပ်ပြီး ကွန်မကတွေ လာပြနေတယ်။ နင့်အပူတစ်ပြားသားမှ မပါဘူး။ သွား… ဟိုဘက်ကမ်း တောစပ်က ခလိန်ရွက်သွားခူးခဲ့”
ဆင်ပေါက်သည် ရေဆင်းတံတားပေါ်မှ ပြေးဆင်းကာ ချောင်းတစ်ဖက်ကမ်းသို့ ရေကူးသွားတော့သည်။ ကိုပြူးသည် မီးဖိုချောင်သို့ဝင်သွားသော မပုစိန်ကိုကြည့်ကာ ခေါင်းဆတ်နေမိ၏။ စိတ်ထဲတွင်လည်း တစ်ကိုယ်တည်း တွေးနေမိသည်။
“အင်း မပြေလည်ရင် မိန်းမများ တယ်သိသာတယ်။ အလုပ်ချိန်မကျသေးလို့ ထိုင်စားခဲ့ရတာ ရက်မနည်းတော့ဘူး မဟုတ်လား။ ရေပြာနောက်မြီးကတည်းက ထိုင်စားလာတာ။ ဟင်းစားကြွေးစားတောင် ကောင်းကောင်းမစားကြရဘူး။ နေ့တိုင်းလိုလို ဟင်းရွက်ပြုတ်နဲ့ပဲ စခန်းသွားနေရတော့ ဝမ်းပူအူခြောက် နေကြပြီပေါ့”
‘ကွန်မကရေ’ အမှီ ပိုက်ပစ်နိုင်ရန် ပိုက်ဖာသည့်ကိစ္စ အမြန်ပြီးစီးဖို့လိုသည်။ ငါးတန်ပိုက်သမားတို့အဖို့ ကွန်မကရေမှာ အားထားရဆုံးဖြစ်၏။ ဖောင်စီးကဏန်းပေါက်စ ကွန်မကတို့သည် သူ့ရာသီအချိန်ရောက်လျှင် တစ်မြစ်ရိုးလုံးသို့ ပျံ့နှံ့ရောက်ရှိကြသည်။ ကွန်မကများမှာ ငါးတန်များ အလွန်ကြိုက်သည့် အစာဖြစ်၏။ ဝါဆိုလပြည့်ကျော်သည်နှင့် ကွန်မကတက်သည့်အချိန်မှာ ကိုပြူးတို့ ငါးတန်ပိုက်သမားများ အူစိုကြရသည့်ကာလဟု ဆိုလျှင် မမှားနိုင်ချေ။
xxx xxx xxx
“ကဲ. . . လူလေး၊ လမုခြောက်ပင်တန်းကို ခတ်ကွာ”
လမုသုံးပင်တန်းကိုကျော်ပြီး ကဝက်သောင်ရိပ်ကို လှမ်းမြင်နေရခြင်းကြောင့် ရေအတော်စစ်နေပြီဖြစ်သည်။
ဆင်ပေါက်သည် အရွယ်နှင့်မလိုက်အောင် ခတ်တက်ကို ကျွမ်းကျင်စွာ အားသွန် ခတ်လျက်ရှိ၏။
တိုးမြစ်အောက်ပိုင်းအရပ်ဒေသ၌ ကဝက်သောင် သည် စိမ်းစိုလှပသော ရေလယ်ကျွန်းသောင်ကြီးဖြစ်၏။ ပင်လယ်ရေအတက်နှင့် ငါးမျိုးစုံသည် ကဝက်သောင်ကို ဦးဆိုက်ရောက်ရှိလေ့ရှိသဖြင့် သောင်ဝန်းကျင်တစ်ကြောတွင် ငါးပေါတတ်သည်။
“အဖေ လမုခြောက်ပင် ရောက်ပြီလေ”
ကိုပြူးသည် ပိုက်ပစ်လျှင် အသင့်ဖြစ်စေရန် ပိုက်ဖော့သီး အစီကြိုးများကို အတိုအရှည်ညှိရင်း လံကြိုးဆွဲနေရာမှ ခေါင်းထောင်ကြည့်လိုက်၏။ ရေတက်ချိန်လိုနေသေးသဖြင့် သံမီးကျည် ကမ်းစပ်တွင် ရေစောင့်ဖို့ လှေကို ကမ်းခြေသို့ကပ်ရန် လက်ညှိုးညွှန်ပြလိုက်၏။
ဆင်ပေါက်သည် လှေဦးကို ကမ်းနားဘက် လတာပြင်စပ်သို့ ဦးထိုးလိုက်၏။ လတာစပ်တွင် ‘ကလပ်ပင်’ များ လေနှင့်အတူ ယိမ်းထိုးလျက်ရှိသည်။
လှိုင်းခေါင်းဖြူ အဖွေးသားနှင့် မင်းသားကြီးရေကြောင်းတွင် ရေတက်ဦးပင့်လေခပ်ကြမ်းကြမ်း တိုက်နေသဖြင့် လှေကို အမြန် ကမ်းကပ်လိုက်ခြင်းလည်းဖြစ်၏ လှေကို ရေကြောင်းဆီသို့ အကျွံမခံရဲချေ။
“ကမ်းကပ်လိုက်တော့ လူလေး”
“ဘာလုပ်မလို့လဲ အဖေရ၊ ပိုက်ချဖို့မလုပ်သေးဘူးလား”
“ကပ်မှာသာ ကပ်စမ်းပါကွာ။ ကမ်းခြေကိုရောက်ရင် သိမှာပေါ့။ ရှေ့နားမှာ ကလပ်တောကို လှေဦးထိုးလိုက်”
ဆင်ပေါက်သည် မဆိုင်းမတွပင် လှေဦးကို ကလပ်တောသို့ အရှိန်နှင့် ဦးထိုးလိုက်၏။ ကိုပြူးသည် လက်လှမ်းမီရာ ‘ကလပ်ပင်’ အချို့ကို ဆွဲနုတ်ယူကြည့်လိုက်၏။
“ဒီမှာတွေ့လား။ ကလပ်ပင်အဖျားမှာ ငါးကိုက်ရာတွေ”
“ဒီမြက်ရိုင်းပင်တွေကို ပြောတာလားအဖေ”
“အေး ဟုတ်တယ်။ အဲဒါ ကလပ်ပင်တွေပဲ။ ဒီအပင်တွေက ပင်လယ်ရေငန်ရောက်တဲ့ နုန်းမြေလတာပြင်မှာ ပေါက်ကြတယ်။ ကလပ်ပင်တိုင်းရဲ့ အမြစ်မှာ တီကောင်လို အဖြူရောင်ပိုးကောင် သေးသေးလေးတွေရှိတယ်။ ‘ကလပ်ပိုး’ လို့ ခေါ်တယ်။ ကလပ်ပင်တွေဟာ မရေမတွက်နိုင်အောင် ပွားများပေါက်ရောက်တတ်တော့ ကလပ်ပိုးတွေလည်း များတာပေါ့။
ငါးတန်တို့၊ ကဘီလူးတို့ သိပ်ကြိုက်တဲ့ပိုးမျိုးပေါ့။ ငါးတန်တွေဟာ ကလပ်ပိုးနဲ့ ကလပ်ပင် အဖျားနုတွေကို စားလေ့ရှိတယ်။ ငါးတန်တက်တဲ့နေရာဆိုရင် ကလပ်ပင်တွေကိုကြည့်တာနဲ့ အလွယ်တကူ သိနိုင်တယ်”
“ဒါဆိုရင် ဒီနေရာမှာ ငါးတန်ရဖို့ သေချာပြီပေါ့”
“ကံသေကံမတော့ ပြောလို့ဘယ်ရမလဲကွာ။ ရေထဲကငါး ကြိုးချည်ထားတာမှမဟုတ်တာ။ စားကျက်ကိုသိရင် ငါးရဖို့ မခက်ပါဘူး။ အချက်သိရင် လွယ်ပါတယ်ကွာ။ ဒါကြောင့် ဟင်းစားသာ အလကားပေးမယ်။ တံငါကွန်ချက်မပြဘူး ဆိုတာပေါ့”
ဆင်ပေါက်သည် ငါးရလိုဇောနှင့် စိတ်အားထက်သန်နေ၏။ ဆင်ပေါက်အဖို့ရာ ငါးရဖို့သာ စိတ်စောနေခဲ့၏။ ဝမ်းပူခဲ့ရသော နေ့များ၊ အူခြောက်ခဲ့ရသောနေ့များ၊ နေ့စဉ် ဟင်းရွက်ပြုတ်နှင့် စခန်းသွားခဲ့ ရသော နေ့များအတွက် ငါးတန်သားဆူဆူကို အတိုးချ၍ အဝအပြဲ စားလိုလှသည်။
“ပိုက်ချလို့ မရသေးဘူးလား အဖေရ”
“အေး ငါးတန်ပိုက်ဆိုတာ ရေမလှန်ဘဲ ပစ်လို့မရဘူး။ ရေချိန် မိုးချိန်ကြည့်ရတယ်။ ငါးသလောက်ပိုက်လိုမျိုး မဟုတ်ဘူး။ သဘာဝချင်းက မတူဘူး။ ရေကြမ်းရက်တွေမှာမှ ငါးတန်ပိုက်ကို အချိန်ကိုက်ပစ်ရတာ။ ပစ်ချင်တိုင်းပစ်ရင် မောတာပဲ အဖတ်တင် မယ်။ မင်းစောင့်သာကြည့်။ မင်းစားချင်တဲ့ ငါးတန်ဝမ်းပျဉ်းသားကို စားရစေ့မယ် လူလေးရာ”
ကိုပြူးစကားကြောင့် ဆင်ပေါက်သဘောကျသွားပြီး ပိုက်ချက်ဆီသို့ လှေကို အတင်းတွန်းခတ်ရင်း သီချင်းတစ်ပိုင်း တစ်စပင် အော်ဆိုလိုက်သေးသည်။
“အို ငါကြင်းတွေဆန် … ငါးတန်တွေသောင်ရေစီးမှာလ … ပိုက်ကြီးကို … ရေချလာ”
လမုပင်တန်းဆီမှ ချုံတိုးဗျိုင်းတစ်အုပ် ရုတ်ခြည်း ထပျံသွားကြသည်။
xxx xxx xxx
မြစ်ရေ ဒလဟော တက်လာ၏။ တရိပ်ရိပ်ထိုးတက်လာကာ ကမ်းပါးလတာစောက်ကို ရေလွှမ်းသွား၏။ ခဏချင်းပင် ရေပြင်းလိုက်၍ ရေပြည့်သွား၏။
ကိုပြူးသည် ငါးဖမ်းကွက်ကိုတွေ့ပြီဖြစ်သဖြင့် ပိုက်ချက် အသေထားပြီး ကမ်းရိုက်ပစ်ရန် ဆုံးဖြတ်လိုက်၏။ လှေခတ်တိုင်ကို ကမ်းနဖူးတွင်ထိုးစိုက်ကာ ငုတ်ရိုက်သည်။ တက်ရေနှင့်ဝင်လာမည့် ငါးကို သံမီးကျည်ချောက်ကမ်းပါးတွင် စောင့်ကြိုကာ အပိုင်ပိတ် ဖမ်းခြင်းဖြစ်၏။
မြစ်ကို ကန့်လန့်ဖြတ်အနေအထားဖြင့် ပိုက်ချလိုက်၏။
လှေဦးမှ ဆင်ပေါက်က ပက်လက်ခတ်တက်ဖြင့် လှေကို ဖြည်းဖြည်းချင်း ခတ်ပေးထားသည်။ ရေပြင်သို့ ပိုက်သားများ တစ်လွှားပြီး တစ်လွှား ပစ်ချသွားလိုက်၏။
တစ်ဆယ့်နှစ်တောင်ရှည် ပိုက်လံကြိုး နှင့် ပိုက်သားများ ရေအောက်မြေပြင်သို့ တရွတ်တိုက်ခင်းသွား လိမ့်မည်။ ရေအောက်မှ အငြိအတွယ်တစ်ခုခုနှင့် ထိစေရန်ဖြစ်၏။ ပိုက်ငြိနေပါမှ ဝဲခိုငါးများကိုလည်း မလွတ်တမ်း ရနိုင်သည်။
အငြိလွန်၍ ကျောက်စွန်းကျောက်တုံးများကြောင့် ပိုက်ဖော်မရသည့်အခါ ဂျက်တိုက်ရ၏။ ခတ်တိုင်နှင့် ပိုက်ခေါင်းကြိုးကို ရစ်ပတ်လျက် ဆွဲဖော်ရပါက ပိုက်သားများ စုတ်ပြတ်ကျန်ရစ်တတ်သည်။
ပိုက်ပြတ်ခဲ့ပါက ဖွတ်မရ ဓားမဆုံးဖြစ်တော့သည်။
“ကဲ. . . ပိုက်ချလို့ပြီးပြီ။ ခဏနားကြဦးစို့ကွာ”
“ဟော. . . မိုးဖွဲတွေကျလာပြီ အဖေ”
“ရွာပါစေကွာ။ မိုးဦးကျ လေဦးကျဆိုတော့ ရေတက်မိုးရွာတာ မဆန်းပါဘူး”
မြစ်ရေပြင်မှာ လေနှင့် မိုးကြောင့် လှုပ်ရှားစပြုလာ၏။ သားအဖနှစ်ယောက် နှီးဦးထုပ်ကိုယ်စီဆောင်းလိုက်ကြသည်။ ကောင်းကင်ဝန်းကျင်တစ်ခွင်တွင် သပြေသီးမှည့်ရောင်သန်းလာ၏။
ကိုပြူးသည် မိုးစက်မိုးပေါက်များကြားမှ ပိုက်ဖော့သီးများကို လှမ်းကြည့်နေရ၏။ ငုတ်ရိုက်ပြုတ်ထွက်ပြီး ပိုက်မျောပါမသွားစေရန် ဂရုစိုက်နေရသည်။
မိုးရေနှင့် တက်ရေကြောင့် မြစ်အတွင်းမှာ ချက်ချင်းရေပြည့်သွား၏။ ရေပြည့်လာလေ မိုးကပိုသည်းလာလေ ဖြစ်၏။ ရေပြည့်မိုးနှင့်အတူ မြစ်ပြင်တစ်ကြောလုံး ကွန်မကများ အုပ်သင်းဖွဲ့၍ မျောပါလာကြသည်။
မိုးရေထဲမှာပင် သားအဖနှစ်ယောက် ငုတ်တုတ်ထိုင်လျက် ပိုက်ချက်ဆီသို့သာ မျက်ခြည်မပြတ်ကြည့်နေရသည်။ ကြည့်နေရင်းမှာပင် ပိုက်ဖော့သီးများ ရေအောက်သို့ မြုပ်သွားပြီး ငါးတန်များ တဝုန်းဝုန်းတရုန်းရုန်းနှင့် ပိုက်ကို တိုးဝင်နေကြသည်။
ကွန်မကများကို အုပ်စုလိုက် စားရင်း တစ်ကောင်ပြီးတစ်ကောင် ပိုက်တိုးနေခြင်းဖြစ်သည်။ ကွန်မက များကို အစားကြူးရင်း ပိုက်တွင်းသို့ ဝင်တိုးကြရာ ရေပြင်ထက်သို့ပင် ရေလုံးရေပေါက်များ ရိုက်ခတ်လျက်ရှိနေတော့သည်။
“အဖေရေ. . . ငါးတွေအများကြီးပဲဗျ။ ပိုက်တိုးနေကြတာ မနည်းမနောပဲ။ ပိုက်ဖော်ကြရအောင်”
ဆင်ပေါက်သည် ဝမ်းသာအားရနှင့်ပြောလိုက်ရာ ကိုပြူးက လှမ်းတားလိုက်သည်။
ပိဿာကျော်အချိန်စီးမည့်ငါးတန်များ ပိုက်တွင် လုံးထွေးရစ်ပတ်လျက်ရှိ၏။ ငါးရလိုဇောနှင့် အခြားငါးများကဲ့သို့ လက်နှင့်ဆွဲကိုင်ဖမ်းယူ၍မရချေ။
ပိုက်တိုးငါးဖြစ်သော်လည်း ငါးတန်သည် အသည်းကြီး၍ အသက်ပြင်း၏။ တော်တန်ရုံနှင့် အလွယ်တကူဖမ်း၍မရ။ အကိုင်မခံတတ်ချေ။ ချွန်ထက်သော ဘေးဆူးတောင်နှင့် ကျောဆူးတောင်တို့မှာ ကြောက်စရာ ကောင်းလှသည်။ ဆူးတောင်နှင့်စူးမိလျှင် ဆူးဆိပ်တက်ကာ အခံရခက်၍ မသက်သာလှချေ။
ကိုပြူးသည် ငါးတန်ချိတ်နှင့် ငါးတန်များကို တစ်ကောင်ပြီး တစ်ကောင် လှမ်းပေါက်ချိတ်လိုက်ကာ လှေပေါ်သို့ဆွဲတင်နေ၏၊ ငါးထိုးမှိန်းကို ရကောက်ပုံအဖျားကွေးထားလျက် အရင်းပိုင်းတွင် လက်ကိုင်ရိုးရှည်တပ်ထားသော ချိတ်အားကြောင့် ငါးတန်းများ လှုပ်ရုန်းသော်လည်း မလွတ်ထွက်နိုင်ချေ။
လှေပေါ်ရောက်သည်နှင့် တစ်မတ်လုံးသံချောင်းဖြင့် လုပ်ထားသော ‘ငယ်နိုင်’ သုံး၍ ဆူးတောင်များကို ချိုးရသည်။ သို့မှသာ ငါးများကို အန္တရာယ်ကင်းစွာ ကိုင်တွယ်နိုင်တော့၏။
“ကဲ. . . လူလေး၊ မင်းစိတ်ကြိုက် ငါးတန်ဝမ်းပျဉ်းသား အဝစားဖို့သာပြင်ပေတော့။ အေး တစ်ခုတော့ရှိတယ်၊ မင်း. . . ဒီ စိန်ငါးတန်သားကို များများစားနိုင်မလား”
ဟင်းကောင်းမစားရသည်မှာ ကြာပြီဖြစ်၍ အတိုးချစားရန် ဆန္ဒပြင်းပြလျက် ဆင်ပေါက်က ကိုပြူး ပြလိုက်သော ရွှေဝါရောင်ငါးကို လှမ်းကြည့်လိုက်၏။ ကိုပြူးသည် ဆင်ပေါက်ကိုကြည့်ရင်း ခပ်ပြုံးပြုံးလေး လုပ်နေလိုက်၏။
“စားနိုင်တာပေါ့ အဖေရ။ ဒါလေးများ”
“အေး … ကြည့်ရသေးတာပေါ့ကွာ။ ဒီငါးတန်က ရိုးရိုး ငါးတန်မျိုးမဟုတ်ဘူးကွ။ တစ်ရာမှာ တစ်ကောင် ရှိခဲတယ်။ စိန်ငါးတန်လို့ခေါ်တယ်။ အဆီပေါပြီး ဆူလွန်းတော့ များများမစားနိုင်ဘူး”
ကိုပြူးသည် သားငယ်ဆင်ပေါက်ကို ငါးတန်နှစ်မျိုးရှိကြောင်း၊ ရိုးရိုးငါးတန်နှင့် စိန်ငါးတန်မှာ ငါးတန်ချင်း မတူကြောင်း ပိုက်သိမ်းရင်း ရှင်းပြနေ၏။
ဆင်ပေါက်မှာ ငါးတန်ဝမ်းပျဉ်းသား စားရန်သာ စိတ်စောလျက်ရှိသည်။
ကိုပြူးသည် သားငယ်ကို ကြည့်ရင်း တစ်စုံတစ်ရာကို စဉ်းစားနေမိသည်။
“အင်း. . . ငါ့သားလေးဟာ ငါလို တံငါသည်ဘဝမျိုးကို ခုံမင်သွားမှာစိုးတယ်။ ဒီအသက်အရွယ်လေးမှာ တကယ်ဆို ကျောင်းတက်ပြီး ပညာသင်ရမှာ။ ငါလိုတံငါဘဝမျိုးနဲ့ဆိုရင် တစ်သက်လုံး လူမွေးလူရောင် ပြောင်မှာမဟုတ်ဘူး။ ရေထဲမိုးထဲ၊ မြစ်ထဲချောင်းထဲမှာ လှေတစ်စင်း၊ ပိုက်တစ်ဖုံနဲ့ လုပ်စားနေရမှာ။
လှေဦးစိုရင်စို၊ လှေဦးခြောက်ရင်ခြောက်တဲ့ဘဝမျိုး မဖြစ်စေချင်ဘူး။ ဒီအတိုင်းသာသွားနေမယ်ဆိုရင် ငါ့သားလေးဟာ တံငါအလုပ်ကို စိတ်ပါသွားမှာ သေချာနေပြီ”
အိမ်အပြန်လမ်းတွင် လေပြင်းတစ်ချက် ဝေ့ဝိုက်တိုက်ခတ်သဖြင့် မိုးဖွဲများ လွင့်စင်သွား၏။ လေနှင့်မိုးမှာ ဂနာမငြိမ်ဖြစ်နေ၏။
ကိုပြူးသည် ကောင်းကင်သို့မော့ကြည့်လိုက်ရာ နီစွေးစွေးအလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ ရေပြင်တွင်လည်း လှိုင်းကြပ်ခွပ်များ တဖျပ်ဖျပ်လှုပ်ခတ်နေပြန်၏။
လေသည် ခပ်ပြင်းပြင်းတိုက်ခတ်လာရာ ကမ်းနဖူးဆီမှ ကန့်မလာပင်များ ပြားပြားဝပ်သွားတော့၏။
ရုတ်ခြည်းပင်ဆောင့်တိုက်လာသော လေပြင်းဒဏ်ကြောင့် မြစ်လယ်ကောင်ရေကြောတွင် လှိုင်းထန်လာသည်။ လှေမှာ ရေပြင်တွင် ဘယ်ညာလူးလျက်ရှိ၏။
လှိုင်းလေကြားတွင် လှေကို ကြိုးစား၍ထိန်းရ၏။ လေဝဲကတော့ထိုးကာ ဆိုးဝါးစွာတိုက်နေသဖြင့် လှေမှောက်မသွားရန် ခက်ခက်ခဲခဲထိန်းနေရ၏။
လေရော မိုးပါ ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ်ရွာသွန်းနေဆဲဖြစ်၏။ တဝေါဝေါမြည်သံမှာ မြစ်ရိုးတစ်လျှောက် ဗလောင်ဆူလျက်ရှိသည်။
ကိုပြူး၏ ရေနှင့်လေသဘောကို ကျွမ်းကျင်နှံ့စပ်မှုကြောင့် ဒုက္ခမရောက်ခြင်းသာဖြစ်သည်။ ရေမနိုင်ဘဲ လှေကိုင်၍မရသည်မှာ တံငါတိုင်းနားလည်ထားသည့် ကိစ္စရပ်ပင်ဖြစ်၏။ လှေတိမ်းမှောက် မသွားရန် ကောင်းစွာ ပဲ့ကိုင်ထားနိုင်ခဲ့သည်။
ကိုပြူးသည် တိုးမြစ်ရေပြင်ကျယ်တစ်မျှော်တစ်ခေါ်၌ ကွန်မကများ ပြည့်နှက်နေသည်ကိုကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ကွန်မကရေမှာ ငါးတန်ပေါသော်လည်း လေမိုး ပြင်းထန်လေ့ရှိတတ်သည့်ကာလ သဘာဝကိုမူ သားငယ်ဆင်ပေါက်အား သင်ကြားရှင်းပြလိုစိတ် မရှိတော့ချေ။
လေထန် လှိုင်းထန်သည့်ဘေးမှ ဝေးရန် လက်အံသေသည်အထိ လှော်တက်ကို ထိန်းကိုင်ရင်း လှေမမှောက်ရန် ကြိုးပမ်းခဲ့ရသည့် တံငါပညာကိုလည်း အသိပေးလိုခြင်း အလျဉ်းမရှိတော့ချေ။
မိမိကဲ့သို့ ပင်ပန်း ဆင်းရဲခြင်းမျိုးကိုလည်း မဖြစ်စေလိုပေ။ သို့နှင့်ပင် စိတ်နှလုံး တုံးတုံးချလျက် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
“ငါးတွေကိုရောင်းပြီး ငါ့သားအတွက် ကျောင်းသုံးပစ္စည်းတွေ ဝယ်မယ်။ ငါ့သားလေးကို တံငါအမွေ မရစေရဘူး။ ပညာအမွေ ပေးဖို့အတွက် ကျောင်းဖွင့်ချိန်အမီ ရွာကျောင်းကို မဖြစ်မနေ ပို့မယ်။ ဒီနေ့ကစပြီး ငါ့သားလေးကို လှော်တက်ခတ်တက်မကိုင် စေရဘူး။ စာအုပ်၊ ခဲတံကိုင်တဲ့လက်ပဲ ဖြစ်စေရမယ်”
မိုးကောင်းကင်တိမ်တိုက်များအကြားမှ လျှပ်စီးရောင်များ ဝင်းခနဲလက်ခနဲ ဖြာထွက်လျက်ရှိတော့သည်။
– ပြီး –
စာရေးသူ – သန်းမြင့်သန်း (ကွမ်းခြံကုန်း)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized