နေခြည်(ကြီးနီ)
အရိုးချည်းပါသည့် ယုန်
“သာပု…မြန်မြန်လာ၊ ခွေး တွေရော ခေါ်ခဲ့”
မယာတင် ပျာယီးပျာယာနှင့် အလောတကြီးဖြစ်နေ၍ သာပု အံ့သြသွားသည်။ အဘယ်အကြောင်းများ ရှိပါအံ့နည်း။
ခွေးတွေကို ခေါ်ခဲ့ဆိုသဖြင့် ထူးခြားမှု ရှိလေပြီ။
“နီမ … နီမ … လာ … လာ၊ တိုင်းကြီး … တိုင်းကြီး … လာဟေ့”
သခင်နှင့်အတူ အမြဲလိုက်ပါနေကျ ခွေးများမို့ ချက်ချင်း ပြေးထွက်လာကြသည်။
မယာတင်သည် ဟင်းရွက်သွားကောက်ခြင်းဖြစ်သည်။ ဗုံတုံးချောင်းကိုဖြတ်၍ နေကြာခင်းရှိရာ ဦးတည်နေလေသည်။
သာပုနောက်မှ ခွေးနှစ်ကောင်ကလည်း တစွပ်စွပ်ဖြင့် လျင်လျင်မြန်မြန်ပင် ချောင်းကူးလာကြသည်။
အပေါ်ပိုင်း ကိုယ်ဗလာနှင့် လွယ်အိတ်ထဲ စမ်းကြည့်လျှင် လောက်စာက နှစ်လုံးသာ ပါသည်။ လောကြီးပြီး ထွက်ခဲ့သည်ကိုး။
နေကြာခင်း၏ ကန်သင်းရိုးတွင် မယာတင်က ရပ်စောင့်နေသည်။ သာပု ရောက်သွားချိန်တွင် တစ်နေရာကို လက်ညှိုးထိုးပြသည်။
အား … လား … လား ၊ ယုန်တစ်ကောင် ဖြစ်သည်။ အရောင်က မီးခိုးရောင်။ အတော်အတန် ကြီးသည်။ ကန်သင်းစပ်တွင် ခုန်ပေါက်နေသည်။
ဗုံတုံးချောင်းမှ နန်းတိုင်းသာသို့ ကွေ့ပတ်စီးဆင်းသွားသော ချောင်းကလေး ခြားထားသည်။ ယုန် သည် ဤနေရာသို့ မည်သို့ ရောက်ရှိနေပါသနည်း။
ကံထူးဘက် တောင်ကြောပေါ်မှ မျက်စိလည် ရောက်လာခြင်းလော။ တမင်ပင် စားကျက်အသစ် လာခြင်းလော မသိ။ နေရာဒေသကို ကျွမ်းကျင်ဟန် မရှိ သည်က အမှန်ဖြစ်သည်။
သာပု တစ်ဖက်အခြမ်းမှ ပန်းသွားကာ နေကြာခင်းကို အကာအကွယ်ယူ၍ ခွေးနှစ်ကောင်ဖြင့် ဝိုင်းထားလိုက်သည်။
တစ်ဖက်မှာ ဗုံတုံးချောင်းရှိနေရာ တိုင်းကြီးနှင့် မိနီမလက်မှ လွတ်ဖွယ်ရာမရှိ။
ခွေးသံ လူသံများ ကြားရသဖြင့် ယုန်သည် ကန်သင်းစပ်က ချုံပုတ်ထဲတွင် ဝပ်ချလိုက်သည်။ သာပုကလည်း ခွေးတွေကို အသံပေးထားခဲ့သည်။
“ရွှီ … ရွှီ”
“အူ … အူ … အိ … အိ”
ခွေးတွေ၏အီသံ ကြားရသဖြင့် ယုန်သည် အပြင်ထွက်မလာရဲပါ။ ချုံထဲကိုသာ တိုး၍ စုန့်သည်။
ဤသည်မှာ သာပုအတွက် အခွင့်အရေးပင် ဖြစ်သည်။ လူကောင်းပါက ခွေးပင် ပါစရာမလိုလေပြီ။
နှစ်လံခန့် အကွာအဝေးအထိ တိုးကပ်သွားသည်။
ပစ်ကွင်းမရှင်းသဖြင့် နေရာရွေးနေရရာ ယုန်က သတိထားမိသည်။ လိုအပ်လျှင် ပြေးထွက်နိုင်ရန် ပြေးပေါက်ရှာနေသည်။
အချိန်မရှိ၍ သာပု ဘတ်ခွနှင့် ပစ်သည်။ ပါလာ သည်ကမှ လောက်စာလေးက နှစ်လုံးတည်းဖြစ်သည်။
“ဝှီး … ဘုတ်”
ယုန်မှာ တစ်ချက်တည်း ကျောဆန့်သွားသည်။
အသည်းငယ်တတ်သည် ဆိုသော်ငြား တစ်ခါတည်းမသေပါ။ ဆန့်ငင်ဆန့်ငင် ဖြစ်နေသည်။
နောက်ထပ်တစ်ချက် ထပ်ပစ်လိုက်မှ ကိစ္စချောသည်။
နားရွက်က အသာအယာဆွဲယူလိုက်ရသည်။ မီးခိုးရောင်ယုန်။ တစ်ပိဿာခန့်သာ ရှိမည်။
တစ်ဖက်ကန်သင်းမှ အကဲခတ်နေသော မယာတင်၏မျက်နှာ ပြုံးသွားသည်။ ခွေးနှစ်ကောင်မှာလည်း သူတို့ မပါလိုက်ရသဖြင့် နောက်မှ အနံ့ခံ နမ်းရှုပ်ရင်း လိုက်ပါလာသည်။
xxx xxx xxx
“အဖေ … ယုန်ရလာတာဟေ့”
ခွေးတွေကို အလောတကြီးခေါ်ကာ ထွက်သွားကတည်းက ဟင်းစားတစ်ကောင်ကောင် ရလာနိုးနိုး မျှော်လင့်နေကြသော ကလေးများ ပျော်သွားကြသည်။
အိမ်တွင်လည်း ရွာဆော်အိမ်က ဒေါ်သန်းရင် ရောက်နေသည်။
“တစ်အိမ် တစ်ယောက်တဲ့ဟေ့။ ဘုန်းကြီးကျောင်းအတွက် အစည်းအဝေး”
” ဪ”
“ကျောက်၊ သဲ ပို့ကြရမယ် ပြောတာပဲ”
“ဟုတ်လားလို့”
သာပု အဝတ်အစားလဲပြီး ဒေါ်သန်းရင်နှင့် လိုက်သွားသည်။
မယာတင်မှာ ယုန်ဖျက်ရန် အခက် ကြုံနေစဉ် ဟိုဘက်တောမှ ပိုက်ထွေး ရောက်လာ၍ ခိုင်းလိုက်ရသည်။
“ဟဲ့ … ပိုက်ထွေး၊ ငါ့ကို ဒါလေးလုပ်ပေးခဲ့စမ်းလို့”
“သာပု မရှိဘူးလား”
“ဘုန်းကြီးကျောင်း သွားတယ်လား”
“အေး … အေး”
ပိုက်ထွေး ယုန်ဖျက်သည့်နား ကလေးတွေက တစ်ယောက်တစ်ပေါက် ဆူညံနေသည်။
မယာတင်က ဆန်ပြာပြီး ရေဆူအိုးတည်သည်။
ဒေါ်ခင်ပိုက နန်းသီဘက် ပြောင်းဖူးသွားဝယ်ရာက ပြန်လာလေသည်။ အစက ဟင်းစားမရှိသဖြင့် ပြောင်းဖူးကြော်စားရန်ဖြစ်သည်။ ယခုမူ ဟင်းစားရနှင့်ပြီကို မြင်ရလေသည်။
“ပြောင်းဖူးကလဲ ဈေးကောင်းချက်၊ တစ်ထောင်ဖိုး ရှစ်ဖူးတဲ့လား”
“တန်ပါတယ်၊ ငါးရာဖိုး လေးဖူးပဲဟာ”
ပိုက်ထွေးက ဝင်ပြောသည်။ ပြီးမှ မယာတင်ကို အရေခွံခွာပြီးသား ယုန်ကိုပေးရင်း
“ဟင်းချက်ပြီး တစ်ခွက်ပေး”
ဟု ဆိုကာ ထွက်သွားသည်။
ပိုက်ထွေး ထွက်သွားပြီး မယာတင် ခုတ်ထစ်နေစဉ်မှာပင် ကိုသန်းဆောင် ရောက်လာသည်။ ရွာထဲကပင်ဖြစ်ပြီး ဒေါ်ခင်ပိုထံ အနင်းအနှိပ်လာခံခြင်း ဖြစ်လေသည်။
“ဟာ … အသားဟင်းတွေပါလားကွယ်တို့”
“အဖေလေ … ခွေးသတ်ထားတာ၊ ခွေးသားတွေ”
“ဟဲ့ … ကောင်လေး၊ ဘယ်ချိန်တုန်းက နင့်ကို ခွေးသားကျွေးဖူးလို့လဲ”
ဒေါ်ခင်ပိုက ငေါက်လွှတ်မှ သားသား အိမ်အောက် ပြေးဆင်းသွားသည်။ မောင်နှမသုံးယောက် တဝါးဝါး တဟားဟား သဘောကျနေကြလေသည်။
“ကလေးတွေက အဲဒီလိုပဲ”
ဟု ပြောယူရသည်။
ကိုသန်းဆောင်မှာ မည်သို့မှ ထူးခြားဟန်မပြချေ။
မယာတင်ကမူ ဖွဖွလေးပြုံးနေသည်။
xxx xxx xxx
သာပု ပြန်ရောက်လာသည်။ တစ်ယောက်တည်းမဟုတ်။ ကိုရင်နှစ်ပါးပါ ပါလာခဲ့ခြင်း ဖြစ်လေသည်။ မုံရွာစာသင်တိုက်မှ ခေတ္တပြန်ရောက်နေသော ကိုရင်လေးနှစ်ပါး ဖြစ်သည်။
“ဟာ … ကိုရင်လေးတွေ အမေရေ”
သားသားက ဦးစွာမြင်၍ အော်ပြောသည်။ ပြားစိန်နှင့် ရွှေစိန် ကလည်း သရက်ပင်အောက် ကစားနေရာက ချောင်းဘက် အပြေးလေး ထွက်ကြည့်သည်။
ကိုရင်လေးနှစ်ပါးကလည်း စာသင်တိုက်မှ ပြန်လာသည်မို့ အသားအရေ ဝင်းဝင်းစိုစိုနှင့် ကြည်ညိုဖွယ် ကောင်းသည်။
ဒေါ်ခင်ပိုက ခရီးဦးကြိုပြု ဝတ်ချသည်။ မယာ တင်က ချက်ချင်း မီးဖိုချောင်ဝင်ကာ ပြောင်းဖူးကြော်သည်။
ဆရာတော်သည်ပင် တစ်ခါတစ်ရံ သာပုတို့အိမ် ဘက် ရောက်ပါက အုန်းသီးအချခိုင်းတတ်သည်။ ရှိသည့် အုန်းပင် ငါးပင်တွင် အသီးတွေက ပြွတ်နေ သည်။ ကြည့်မြင်ရသည်ပင် အားရစရာ ကောင်းလှသည်။
“ယာတင်ရေ … ကိုရင်နှစ်ပါး ဒီမှာ ဆွမ်းဘုဉ်းပေးမှာဟေ့”
သာပုက ပြောပြီး အုန်းပင်တက်ရန် ကြိုးခွေရှာသည်။ အုန်းပင်တိုင်းတွင် ကြက်တက်ဝါးထောင် ထားသည်။ သို့သော် နေရာတိုင်းတွင် စိုက်ထားသော ငရုတ်ကောင်းပင်နှင့် ကွမ်းအနွယ်တွေက အုန်းပင်တွင် ရှိနေသဖြင့် သတိထားတက်ရလေသည်။
အုန်းပင်ပေါ်ရောက်သွားမှ ချိုင်ပြီး ကြိုးနှင့်ချပေးသည်။ အုန်းသီးကို အရမ်းကာရော ပစ်ချမပေးရဲပေ။ အကြောင်းမှာ ကလေးများက အုန်းပင်ပေါ် မော့၍ ဟိုသည်ပြေးလွှားနေသောကြောင့် ဖြစ်သည်။ သူတို့လည်း အုန်းရည်သောက်ရမည်ကိုး။
“ကိုသာပု … အဲဒီအုန်းသီးလေးတွေက မသေးဘူးလား”
ဟုတ်သည်။ အုန်းသီးတွေက ခေါင်းချွန်ကလေးတွေနှင့် ကြည့်မြင်ရသည်မှာ သေးငယ်လှသည်။
“ခွဲကြည့်ပါအုံး”
ဒေါ်ခင်ပိုက ဓားထက်ထက်ယူကာ ထိပ်မှ တိပေးသည်။ ပြီးမှ ကိုရင်လေးနှစ်ပါးကို တရိုတသေ ကပ်လေသည်။
“အားလားလား … ကြည့်တော့သာ အလုံးကသေးသေး၊ တစ်လုံးကုန်အောင် မနည်းသောက်ယူရတယ်”
ကိုရင်လေးတွေ သဘောကျသွားသည်။ လတ်လတ်ဆတ်ဆတ် အုန်းရည်ကို သောက်သုံးရသည်မှာ အရသာရှိလှသည် မဟုတ်ပါလော။
ကိုရင်တွေအလှည့် ပြီးသွားတော့ မိသားစုတွေ သောက်ကြသည်။ ရွာဘက်ကိုလည်း လှမ်းအော်သည်။ မယာတင်က သူ့မိဘအိမ် ပို့သည်။
ဤသို့ပင် သာပုက သူအုန်းပင်တက်တိုင်း ခွဲဝေပေးတတ်သည်။
ဘုဉ်းပေးပြီးပါက သောက်သုံးနိုင်ရန် နှစ်လုံး ချန်ထားပေးသည်။
ဆွမ်းစားချိန်ရောက်၍ ဒေါ်ခင်ပိုက ဆွမ်းပွဲပြင်သည်။ ယုန်သားချက်၊ ပြောင်းဖူးကြော်၊ သရက်ချဉ်နှင့် ဇရစ်ကို အစပ်လှိမ့်ပေးထားသည်မို့ ဆွမ်းပွဲ လှပါသည်။ ဟင်းရည်သောက်အနေဖြင့် ဒိုးရွက်ပါသည်။
ကိုရင်လေးနှစ်ပါးမှာလည်း ယုန်သားချက်နှင့်မို့ ခံတွင်းတွေ့သည်။ သာမန်ထက်ပင် ဘုဉ်းပေးနိုင်ကြလေသည်။
“ကောင်းလိုက်တာ ဒကာမကြီးရာ၊ ယုန်သားက အတော်ချိုတာပဲ”
“တင်ပါ့ဘုရား၊ တပည့်တော်မ ဟင်းထည့်ပါအုံးမယ်”
ကိုရင်လေးနှစ်ပါး ဆွမ်းစားပြီးသည့်အခါ သာပုကိုနှုတ်ဆက်ပြီး နေ့လယ်နေ့ခင်းသောက်ရန် အုန်းသီးနှစ်လုံးယူကာ ပြန်သွားသည်။
ထိုအချိန်ကျမှ ကလေးသုံးယောက်လည်း ဆော့ကစားနေရာက အပြေးတက်လာကြလေသည်။ ယုန်သားချက်ဖြင့် စားကြရမည်ကိုး။
သာပုက ထမင်းစားပွဲမထိုင်ပါ။ သူ့အမေ ဒေါ်ခင်ပိုနှင့် စကားပြောနေသည်။
“ကိုရင်လေးတွေက ဒီနေ့မှ ရောက်တာတဲ့။ အဲဒါနဲ့ ယုန်သားရထားတာ အမှတ်ရလို့ ပင့်လာခဲ့တာ”
“ယုန်သားချက်က ချိုလို့တဲ့ ဘုဉ်းပေးလိုက်တာများ အားရစရာကောင်းလိုက်တာ”
“ဆရာတော်ကလဲ သူ့တပည့်တွေ ချီးကျူးနေတာ”
“အေး … ကြည်ညိုစရာလဲ ကောင်းတယ်”
ဆွမ်းတစ်နပ်အလှူအတွက် သားအမိနှစ်ယောက် အားရနေကြသည်။ ကလေးတွေကို ထမင်းခူးပေး နေသော မယာတင်ကမူ ခေါင်းကုတ်နေသည်။
“အမေတို့ယုန်ကလဲ အရိုးချည်းပါလားလို့။ ပေါင်သားကော”
“ဟုတ်ပါ့၊ ဘယ်လိုကိုက်ကိုက် အသားဖတ် ပါမလာဘူး”
ကလေးတွေစကားကြောင့် သာပုနှင့် ဒေါ်ခင်ပို ခေါင်းထောင်သွားသည်။
ဟုတ်ပေသား။ အသားဟင်းကောင်းသည်များကို ဆွမ်းကပ်လိုက်ပြီ မဟုတ်ပါလော။ ယုန်ဆိုသည်က နံပိုနေရာနှင့် ပေါင်လောက်သာ အသားပါသည်။ ဤသည်မှာလည်း ဆွမ်းဟင်းပွဲကောင်းစေချင်သဖြင့် ထည့်လိုက်ခြင်းပင်။
“ဟ … မင်းတို့ အခါတိုင်း ကောင်းတာချည်း စားလာတာ၊ ငါစားဖို့ ချန်ထားတာဟေ့”
သာပုက မငေါက်စဖူး ငေါက်လိုက်၍ ကလေးတွေမျက်နှာ ထမင်းပန်းကန်ထဲ ငုံ့သွားသည်။ သားသားကမူ သူ့ညီမတွေကို တိုးတိုးလေး ပြန်ပြောလေသည်။
“ဟုတ်သားပဲ၊ ငါတို့မြင်လိုက်တဲ့ယုန်က အသားမှမပါဘဲ။ စား …”
“ဟုတ်တယ် … ငါလဲ ဟင်းအိုးချတော့ ကြည့်ထားတာ၊ အသားမပါဘူး”
ပြားစိန်က ထောက်ခံနေသည်။
လူကြီးသုံးယောက်ကမူ ကလေးသုံးယောက်မျက်နှာစူပုတ်နေသည်ကို ကြည့်၍ ပြုံးရလေသည်။ ။
ငွေတာရီမဂ္ဂဇင်း ၊ နိုဝင်ဘာလ ၊ ၂၀၂၂
– ပြီး –
စာရေးသူ – နေခြည်(ကြီးနီ)
Uncategorized