#မသုံးလုံးစိန်ဝင်း
အရှင်ကြီးပေးသော ဆုလာဘ်
သပိတ်ကျင်းသို့ ကိစ္စတစ်ခုရှိသဖြင့် သွားခဲ့သည်။ ည ၁၀ နာရီခွဲခန့်တွင် သင်္ဘောမှဆင်း၍ ဗိုလ်တဲတွင် အိပ်လိုက်သည်။ ဗိုလ်တဲစောင့်၏ သတင်းပေးမှုကြောင့် သပိတ်ကျင်းမှ မုဆိုးကိုအုန်းဖေသည် နောက်တစ်နေ့မနက် ကျွန်တော် အိပ်ရာမှ မနိုးမီကပင် လာရောက်စောင့်နေတော့သည်။ အိပ်ရာမှထ၍ မျက်နှာသစ်နေခိုက် ဗိုလ်တဲစောင့်နှင့် ကိုအုန်းဖေတို့ ကျွန်တော့်ထံသို့ ရောက်လာကြသည်။
“ကဲ ဆိုစမ်း။ စောစောစီးစီး ဘာသတင်းကြားပြီး ရောက်လာတာလဲ။ သတင်းထူးကော ရထားလို့လား”
ဟု ကျွန်တော်က ဆက်တိုက်မေးလိုက်မိသည်။
“ဆရာကြီး။ ဒီတစ်ပတ် တောလည်ချိန်ရမလားလို့။ သတင်းကတော့ စိုင်ပဲ”
ဟု ကိုအုန်းဖေက ပြန်ဖြေသည်။
“ဘယ်တောလဲဗျ”
“တောကတော့ ကားလမ်းတောင်ဘက်က တောပဲ။ စဥ့်ကူနယ်ဘက်က နွယ်ရုံဦးဖေရှင် မွှေနေတာနှင့် ကားလမ်းတောင်ဘက်တောမှာ စိုင်တွေနေတယ်လို့ သစ်ခုတ်သမားတွေက ပြောကြတယ်။ အဲဒါ ဆရာကြီး လိုက်နိုင်မလား”
ကိုအုန်းဖေက ကျွန်တော်မေးသည်ကိုဖြေရင်း ကျွန်တော့်အား ပြန်မေးပါသည်။
“အေးဗျ။ ဒီနေ့တော့ ကိစ္စကလေးက ရှိနေသေးတယ်။နက်ဖြန်မှ သွားရအောင် သေနတ်ကတော့ တစ်လက်တည်း ပါတယ်ဗျာ”
ကိုအုန်းဖေမှာလည်း သေနတ်ပစ်ကျွမ်းကျင်သော မုဆိုးတစ်ယောက်ဖြစ်နေ၍ အားတုံ့အားနာနှင့် ပြောလိုက်ရပါသည်။
“ကိစ္စမရှိပါဘူးဗျာ။ တစ်လက်ထဲပါလည်း ဆရာကြီးပဲပစ်တာပေါ့။ မနက်စောစော သစ်ကားကြုံနဲ့ လိုက်သွားပြီး နေ့ချင်းပြန် ဖြစ်တာပေါ့။ ကျွန်တော် ည လာခဲ့ဦးမယ်”
ကိုအုန်းဖေက ပြောပြောဆိုဆိုနှင့် ပြန်သွားပါသည်။
ကျွန်တော် သပိတ်ကျင်းရောက်တိုင်း ကိုအုန်းဖေကလည်း ကျွန်တော့်ထံ ဤသို့ပင် ရောက်လာစမြဲဖြစ်၏။ တောပစ်ချိန်ရပါက အစီအစဉ်များပြုလုပ်ကာ နှစ်ယောက်သား တောလည်ကြ၍ တော လည်ချိန်မရပါက စကားစမြည်ပြော လူချင်းခွဲလိုက်ကြသည်။
ယခုလည်း စိုင်သတင်းကြားထားချိန်နှင့် ကျွန်တော်ရောက်ချိန် တိုက်ဆိုင်နေသဖြင့် လာရောက်သတင်းပေးရင်း တောပစ်ရန် စီစဉ်ခြင်းဖြစ်သည်။
ကျွန်တော်၏ကိစ္စမှာ အရေးကြီးလှသည်မဟုတ်ရကား ထိုနေ့ နေ့လယ်တွင်ပင် ပြီးစီးသွားသည်။ ညနေ ထမင်းစားပြီးချိန်တွင် ကိုအုန်းဖေ ရောက်လာပြန်ပါသည်။
“သစ်တိုက်ကားတွေက မနက် သိပ်စောစောထွက်မယ့်ကား မရှိဘူး။ ၇ နာရီလောက်မှ ထွက်မယ့်ကားတစ်စီးတည်းရှိတယ်။ အဲဒီကားနှင့်ပဲ သွားကြတာပေါ့”
ဟု ခရီးရောက်မဆိုက် ပြောလေသည်။
“ထိုင်ပါဦးဗျ။ ခင်ဗျားဟာက ဖင်မပါတဲ့ရွာက လာသလိုပဲ။ အေးအေးဆေးဆေး ပြောတာပေါ့”
ကိုအုန်းဖေက မထိုင်ဘဲရပ်နေသဖြင့် ထိုင်ရန်ပြောလိုက်ပြီး
“စောစောမရလည်း ဘယ်တတ်နိုင်မလဲလေ။ မုဆိုးဘုန်း, တံငါ့ဘုန်း ဆိုထားတာပဲ။ မရတော့လည်း တောကျေပြီး ဖြစ်တာပေါ့။ အညောင်းပြေလမ်းလျှောက်တဲ့သဘော ထားလိုက်တာပေါ့လေ”
ဟု ကိုအုန်းဖေ စိတ်မပျက်ရန် ပြောလိုက်ရသော်လည်း နေမြင့်မှ တောတွင်းဝင်လျှင် လက်ချည်းပြန်ခဲ့ဖို့သာ များနေသည်။
တောကောင်ဟူသည် မနက်စောစော စားသောက်ပြီးပါက လူသူကင်းဝေးရာ, စိမ့်မြိုင်ကောင်းရာ တောများသို့ သွားရောက်ခိုအောင်းအိပ်စက် နားနေတတ် ကြသည်။ လူအလွန်ခေါင်သော တောနက်ကြီးများတွင်သာ နံနက် ၉ နာရီကျော် ၁ဝ နာရီလောက်အထိ စားသောက်နေတတ်ကြသည်။
ယခု ကျွန်တော်တို့လည်မည့်တောမှာ သစ်ခုတ် ဝါးခုတ် အလွန်ရှုပ်သည့် အင်တိုင်းတောဖြစ်၍ သစ်ပင်ကျဲကာ အောက်ခြေရှင်းနေသည်။ ထို့ကြောင့် သားကောင်များအား ၇ နာရီကကျော်လျှင် စားသောက် နေသည်ကိုတွေ့ရန် မျှော်လင့်၍ မရနိုင်တော့ပေ။
မုဆိုးများအဖို့ သားကောင်များ စားသောက်နေဆဲတွင် တွေ့ရမှ အခွင့်သာကာ ပစ်ရဖို့လမ်း များပေသည်။ သားကောင်များမှာ အစာကို မက်နေခြင်း, မိမိတို့ စားသောက်နေသံများ ဆူညံနေ၍ မုဆိုးများ အနားကပ်လာသည်ကို ဂရုမပြုမိဘဲ ရှိနေခြင်း, မိမိတို့၏အသံများက မုဆိုးများကို ခေါ်ယူသကဲ့သို့ ရှိနေခြင်း, လှုပ်ရှားမှုများက မုဆိုးများ၏ မြင်ကွင်းတွင် ထင်းခနဲ နေစေခြင်း စသည်တို့သည် မုဆိုးများအတွက်အလွန်ကောင်းသည့် အခွင့်အရေးများပါပေ။
ထို့ကြောင့် မုဆိုးတို့သည် စောနိုင်သမျှစောစွာ တောတွင်းသို့ရောက်အောင် သွားကြရပေသည်။ တောကောင်များ စားသောက်ပြီးစီး၍ အိပ်ရာတွင်တွေ့ ရလျှင်မူ မုဆိုးများက တပန်းရှုံးတော့သည်။
ဆိတ်ငြိမ်စွာ အိပ်စက်နေသော သားကောင်များကို ကြိုတင်သိမြင်နိုင်ရန် အလွန်ခက်၏။ အုပ်နှင့် အသင်းနှင့် နေသောအခါများတွင်မူ ကင်းတစ်ကောင်က ရန်သူကို အမြဲတမ်း ချောင်းမြောင်းကြည့်ရှုနေတတ်သည်သာဖြစ်ရာ လှုပ်ရှားနေရသောလူက ဆိတ်ငြိမ်စွာ ချောင်းမြောင်းကြည့်ရှုနေသည့်သား ကောင်ကို မြင်ရဖို့က ခက်၏။
သားကောင်ကသာ လူကို အရင်မြင်ရဖို့ အလွန်အခွင့်သာနေကြ၏။ ထို့ကြောင့် သားကောင်များ အိပ်စက်နေချိန် နေ့လယ်ပိုင်းတွင် နေပူခံ၍ မုဆိုးများ တောလည်လေ့မရှိ။ မနက်ပိုင်းအချိန်မရလျှင် ညနေပိုင်း တောကောင်များ အိပ်ရာမှ ပြန်ထချိန်တွင်သာ တောလည်လေ့ရှိကြသည်။
ယခု ကိုအုန်းဖေပြောသည့်အတိုင်းဆိုလျှင် ၈ နာရီထက်စော၍ တောတွင်းသို့ မရောက်နိုင်။ ထို့ကြောင့် နေပူခံ၍ လမ်းလျှောက်ပြီး ပြန်လာရန်သာ မျှော်လင့်ဖို့ များနေပြီဖြစ်သည်။
“ဒီလိုဆိုရင်လည်း ကျုပ်တို့ ထမင်းထုပ်ယူသွားရအောင်”
ကျွန်တော်က ရသည့်အချိန်ကို အကုန်မခံလို၍ပြောလိုက်ရာ
“မလိုပါဘူး ဆရာကြီးရာ။ သစ်စခန်းတွေ ရှိနေသားပဲ။ သူတို့ချက်ပြီးသား ဝင်စားသွားတာပေါ့။ သူတို့စားဖို့ သူတို့ဟာသူတို့ ပြန်ချက်လိမ့်မပေါ့”
သစ်ခုတ်သမားများက လူဝေး, သူဝေး တောကြီးမြက်မည်းတွင် ဆင်းဆင်းရဲရဲနှင့်နေကြရသော်လည်း သူတို့စခန်းများသို့ လာသည့်ဧည့်သည်ဆိုလျှင် မျက်နှာစိမ်း မျက်နှာကျက်မရွေး သဒ္ဓါကြည်ဖြူစွာ ဖော်ဖော်ရွေရွေ ဧည့်ဝတ်ပြုတတ်ကြ၏။
တောကောင်ရလျှင် သူတို့လည်းစားရသည်မို့ မုဆိုးများအဖို့ဆိုလျှင်ကား အားတက်သရော အကူအညီပေးတတ်ကြပေသည်။ ကျွန်တော့်အဖို့မူ ယခုတောကို သိပ်မကျွမ်းသေး။ အမဲမရစေကာမူ တောကျွမ်းသွားလျှင်လည်း ကျွန်တော့်အဖို့ အရှုံးမရှိဟု တွက်ကာ ခတ်မဆိတ်ပင် နေလိုက်ပါတော့သည်။
“ဒါဖြင့်လည်း ဒီက လက်ဖက်ရည်ကလေး ဘာလေး သောက်သွားတာပေါ့” ဟု ပါရမီဖြည့်ဖက်ဖြစ်သူ တဲစောင့်က လက်ဖက်ရည်အတွက် သူစီစဉ်ပါမည်ဟူသော အဓိပ္ပာယ်ကို ဖော်ထုတ်လိုက်၏။
အစီအစဉ်မှာ ပြတ်သလောက် ဖြစ်သွားပါပြီ။
ထိုနောက် ဘိုတဲစောင့်၏သမီးကလေး ယူလာသော လက်ဖက်ရည်ကြမ်းကို သောက်ရင်း ၃ ယောက်သား စကားကောင်းနေလိုက်ကြသဖြင့် ည ၁ဝ နာရီထိုးမှ လူချင်းခွဲလိုက်ကြသည်။
ရာသီမှာ တန်ဆောင်မုန်းလဖြစ်ပြီး တဲမှာလည်း ဧရာဝတီမြစ်နဖူးကမ်းပါးမြင့်၏ထိပ်တွင် တည်ဆောက်ထားရာ အတော်ချမ်းအေး၍ နေပေပြီ။ ထို့ကြောင့် အိပ်ရာတွင်ဝင်ပြီး စောင်နှင့်ထွေး၍ ကွေးလိုက်သည်နှင့် ခပ်နွေးနွေးဖြစ်ကာ အိပ်ပျော်သွားပါတော့သည်။
ညက ကောင်းစွာအိပ်လိုက်ရသည်ကြောင့် နံနက်တွင် ၅နာရီခွဲသည်နှင့် နိုးတော့သည်။ အိပ်ရာထ၍ ကိုယ်လက်သုတ်သင် မျက်နှာသစ်ပြီးသောအခါ တဲစောင့်၏ ပဲပြုတ်,နံပြား,ကော်ဖီတို့မှာ အသင့် ဖြစ်နေပေပြီ။ ကျွန်တော် အဝတ်အစားလဲပြီးသည်နှင့် ကိုအုန်းဖေလည်း ပေါက်လာပါတော့သည်။ ကော်ဖီ, ပဲနှင့် နံပြားတို့ကို စားသောက်ပြီးသောအခါ ဓားမြှောင်ချိတ်ထားသော ခါးပတ်ကို ဆွဲပတ်လိုက်သည်။
ယမ်းတောင့်စလွယ်ကို ခါးပတ်ပေါ်က ထပ်ပတ်လိုက်ပြီး ရေဘူးကိုလွယ်ကာ သေနတ်ထမ်း၍ သစ်တိုက်ကားရှိရာသို့ ထွက်ခဲ့ကြတော့သည်။
သစ်တိုက်ကားမှာ ၇နာရီထိုးပြီးမှ ထွက်တော့သည်။ မိုးကုတ်လမ်းအတိုင်း ၄ မိုင်ခန့်သွား၍ တောင်ဘက်တောထဲသို့ ချိုးဝင်ခဲ့ရာ ၅ မိုင်ခန့်သွားမိသောအခါ လိုရာစခန်းသို့ ရောက်ကြတော့သည်။ သစ်ခုတ်သမားများ မိုးမလင်းမီကပင် တောထဲသို့ထွက်သွားကြပြီဖြစ်၍ စခန်းတွင် လူစောင့်မျှသာကျန်တော့သည်။
“တို့ကို ထမင်းကျွေးကြပါဦးဟ”
ဟု ကားပေါ်မှဆင်းလျှင် ဆင်းချင်း ကိုအုန်းဖေက မည်သူ့ကိုမျှ အမည်မတပ်ဘဲ ပြောလိုက်သည်။
“ထမင်းကတော့ ကျုပ်တဲက ရပါတယ်။ ကျန်တဲ့တဲတွေက ဟင်းတစ်ခွက်စီ ခပ်ခဲ့ကြကွာ။ ခင်ဗျားတို့ဟာကလည်း စောစောလာကြရောပေါ့။ ဒီအချိန်မှလာလို့ ဘယ်ကလာ ပစ်ရတော့မလဲ”
ဟု အသက် ၆ဝ ခန့် အဘိုးကြီးတစ်ယောက်က သူတို့စခန်းမှ လူငယ်ကလေးများကို ဟင်းခပ်ခဲ့ရန်ပြောရင်း ကျွန်တော်တို့ဘက်သို့လှည့်ကာ ဆက်တိုက်ပြောလိုက်ပါတော့သည်။
“ဟာဗျာ။ ခင်ဗျားပါးစပ်ပုပ်ကြီး ရေဆေးပစ်စမ်းဗျာ။ အကောင်ရလာရင်တော့ ခင်ဗျားကိုမပေးဘူး”
ကိုအုန်းဖေက ရယ်ရင်းနောက်လိုက်သည်။
“အံမာ…မောင်ရာ။ တို့ကတော့ မုဆိုးဆိုရင် ရလည်းကျွေး, မရလည်းကျွေးပါပဲ။ မင်းတို့ အပင်ပန်းခံရကျိုး မနပ်မှစိုးလို့ ပြောရတာပါဗျာ။ ဟား…ဟား..ဟား”
ဟုပြောရင်း အဘိုးကြီးက ရယ်ပါတော့သည်။
“ဟုတ်တယ်ဗျ။ ကျုပ်တို့က အပင်ပန်းခံပြီး တောလည်လာတဲ့ လူကို ရစေချင်တယ်”
ဟု ကျွန်တော့်ဘက်လှည့်၍ ပြောပြန်ပါသည်။
ချဉ်ပေါင်ဟင်းတစ်ခွက်, ငရုတ်သီးထောင်းတစ်ခွက်နှင့် ငါးခြောက်ဖုတ်တစ်ပန်းကန် ကျွန်တော်တို့ရှေ့ ရောက်လာပါသည်နှင့် အဘိုးကြီးလည်း သူ့တဲထဲသို့ဝင်ကာ ထမင်းခူးလာပါတော့သည်။ သူ့တဲက စွန်တာနီပဲကြော်တစ်ခွက် ပါလာသည်။ ကျွန်တော်တို့ လည်း ပဲနှင့် နံပြားက ခံနေ၍ ထမင်းသိပ်မဝင်ကြ။ ကျွန်တော်စားသည်ကို ကြည့်ပြီး
“တယ် အစားနည်းကြပါလား။ မုဆိုး ဒါလောက် ကလေးစားလို့ ဘယ်ဖြစ်မလဲ။ နောက်တစ်နပ်က ဘယ်အချိန်မှ စားရမလဲမသိ”
ဟု အဘိုးကြီးက အားမရဖြစ်နေသည်။
“သပိတ်ကျင်းက ပဲပြုတ်နံပြား စားလာလို့ဗျ”
xxx xxx xxx
မိုးကုန်စဖြစ်၍ သစ်ပင်များ စည်ကားစိုပြည်ချိန်ဖြစ်သော်လည်း အင်တိုင်းတောနှင့် ကျောက်ကုန်းမှာ ခပ်ရှင်းရှင်းပင် ဖြစ်နေပေသည်။ မြက်များမှာ လူတစ်ရပ်ခန့်ရှည်နေသည်မှအပ ချုံနွယ်ပိတ်ပေါင်းများ မရှိသလောက်ပင်။ စခန်းမှ ကုန်းကြောကလေးအတိုင်း အနောက်ဘက်ဆီသို့ ထွက်ခဲ့ကြသည်။
ကုန်းကြောကလေးဆုံးသွားသောအခါ ဝါးရုံများ ဖုံးလျက်ရှိသော ရိုးတစ်ခုအတွင်းဆင်းခဲ့ကြပြီး၊ ရိုးအတိုင်း အောက်သို့ စုန်ခဲ့ကြသည်။ ထိုရိုးမှထွက်လိုက်လျှင် တောမှာ တောင်ဘက်သို့ နိမ့်ဆင်းသွားသည်။ အနိမ့်ပိုင်းကိုလှမ်းကြည့်လိုက်ရာ တောင်များ, လျှိုမြောင်များ အထပ်ထပ်ဖြစ်ကာ စိမ်းစိုနေသောတောကို တွေ့ရသည်။
၎င်းတောဘက်သို့ လှည့်လိုက်သည်နှင့် ‘ကစ်ကစ်’ဟု ပါးစပ်ကမြည်ကာ မြောက်ဘက်မှ ကုန်းကြောပေါ်သို့တက်ရန် ကိုအုန်းဖေက လက်ဖြင့်ပြနေပါသည်။ ကျွန်တော်က တောကောင်းရာသို့ မည်သည့်အတွက် မသွားသည်ကိုနားမလည်သဖြင့် ကြောင်၍ ကြည့်နေလိုက်မိသည်။
“အဲဒီတောက ကောင်းပေမယ့် ဦးဖေရှင်မွှေလို့ စိုင်တွေက ဒီဘက် ပြေးလာပြီ။ ဟိုအနောက်နားမှာ ဝါးတောရိုး ကောင်းကောင်းတွေ ရှိတယ်။ စိုင်တွေက အဲဒီမှာရှိနေတယ်လို့ သတင်းရထားတယ်”
ဟု ကိုအုံးဖေက ခပ်တိုးတိုးရှင်းပြသဖြင့် ညွှန်ပြရာကုန်းကြောပေါ်သို့ တက်လိုက်ရပါသည်။
ကုန်းကြောပေါ် ရောက်သောအခါ အနောက်ဘက်သို့ ဆက်၍ သွားကြပြန်ပါသည်။ ကျွန်တော့်အနေနှင့်မူ မူလကတည်းက တောကောင်ကို မျှော်လင့်မထားသည့်ပြင် နေကလည်း ပူလာပြီဖြစ်သဖြင့် အပင်ပန်းခံကာ ခြေရာခြေကြောင်းအစအနများကို မကြည့်တော့ပါ။
တောမှာလည်း ရှင်းလင်းနေပြီး ကိုအုန်းဖေကလည်း အနောက်နားကျမှ စိုင်တွေ့မည်ပြောထားပြန်သဖြင့် တောကောင်အကြောင်းကို စိတ်မဝင်စားတော့ပါ။ တောအခြေအနေ, သစ်ပင်များအခြေအနေတို့ကိုသာလေ့လာရင်း, မှတ်မိစေရန် လေ့ကျက်မှတ်သားရင်း သွားနေပါသည်။
မြက်တောများဆုံးသွား၍ အင်ကြင်းပင်ပေါက်ကလေးများ ပေါက်နေသည့် တောအတွင်းသို့ ဝင်ခဲ့ကြပေပြီ။ အင်ကြင်းပင်ပေါက်တောကိုကျော်၍ ရှေ့သို့ကြည့်လိုက်ရာ ဝါးတောမိုက်မိုက်တစ်ခုကို တွေ့ ရသည်။ ဂျီလောက်တော့ တွေ့ နိုင်သည်ဟု တွေးမိသည်။ ဂျီတွေ့ လျှင်လည်း ပစ်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်ကာ တောကို ဂရုတစိုက ရှာဖွေကြည့်ရှုမိပြန်တော့သည်။
ဂရုစိုက်၍ ကြည့်လိုက်သည်နှင့် အင်ကြင်းပင်ပေါက်များ၏ အရွက်များတွင် ရွှံ့များပေနေသည်ကို တွေ့ရသည်။ သေသေချာချာ ကြည့်လိုက်သောအခါ ရွှံ့များ ခြောက်သွေ့၍နေပေပြီ။ ဤနေရာမှ မဝေးသောတစ်နေရာတွင် တိရစ္ဆာန်များလူးသည့် ရေအိုင် ရှိနေသည့် သက်သေခံချက်ပင် ဖြစ်နေသည်။
သို့သော် ကျွဲလော, တောတိရစ္ဆာန်လော ဆိုသည်ကို ခွဲခြားရန် လိုနေပေသည်။ မြေကြီးကို အသေအချာ ငုံ့ကြည့်ရာတွင်မူ ကျွဲခြေရာနှင့်တူသည့် ခြေရာတစ်ခုတလေမျှ မတွေ့ရ။ ဝက်ခြေရာလိုလို, ဆတ်ခြေရာလိုလို ခြေရာခပ်ငယ်ငယ်များသာ မသဲမကွဲ တွေ့ရသည်။ ခြေရာနှင့် ရွှံ့များက အိုင်မှာ အလွန်မနီးလှကြောင်းနှင့် တောကောင်များလူးထားခြင်းဖြစ်ကြောင်း သက်သေခံနေပြန်သည်။
ရွှံ့လူးရာအတိုင်း တဖြည်းဖြည်းလိုက်သွားရာ ခပ်လှမ်းလှမ်းမှ မြင်ခဲ့ရသည့် ဝါးတောမိုက်မိုက်ဆီမှ လာကြောင်း တွေ့ ရသည်။ ဝါးတောမိုက်မိုက်နှင့် နီးလေလေ ခြေရာများ ပိုမိုများပြားလာကာ ရွှံ့များကလည်း ပိုမိုထူးလာပါသည်။ အချို့ခဲများတွင် ဝက်မွေးများနှင့် ဆတ်မွေးများပါ တွေ့ ရှိရာ ထိုအိုင်သာ ခန်းမသွားသေးပါက စောင့်ပစ်လျှင် ဝက်နှင့်ဆတ်တို့ရဖို့က သေချာနေပေပြီ။
သို့သော် ရေအိုင်ခန်း,မခန်းက မသေချာ။ ယခုအထိ ရွှံ့စိုကိုမတွေ့ရသေးဘဲ ရွှံ့ခြောက်များသာ တွေ့နေရပေသေးသည်။ ခြေရာများမှာလည်း လောလောလတ်လတ်ခြေရာသစ်မှာ တစ်ခုတလေသာ တွေ့နေရ သည်။
ရွှံ့များအတိုင်း တဖြည်းဖြည်းနှင့် လိုက်ခဲ့ရာ ဝါးတောအစသို့ပင် ကပ်ခဲ့ပေပြီ။ ရုတ်တရက် ဝါးတောတွင်း ကိုက်၅ဝ ခန့်အကွာမှ “ကျွီ .. ကျွီ” ဟူသော ဝါးရောင်းငှက်များ၏အော်သံကို ကြားလိုက်ရသည်။ ထိုနေရာတွင် သတ္တဝါတစ်ကောင်ကောင် ရှိနေပြီဖြစ်ကြောင် ဝါးရောင်းငှက်များက ဆီးကြိုပြောနေပေပြီတကား။
ကျွန်တော်လည်း ဝါးရုံတစ်ရုံကို ကွယ်လိုက်ကာ မိမိအနီးမှ အဝေးသို့ ဘယ်ညာကြည့်ရင်း ဝါတောအတွင်း သားကောင်တစ်ကောင်၏ အရိပ်အယောင်ကို ရှာဖွေကြည့်မိသည်။
မည်သည့်အရာကိုမျှ မတွေ့ ရသောအခါ ရှေ့သို့တိုးကာ ဝါးရုံတစ်ရုံကို ကွယ်လိုက်ပြန်သည်။ ရှေးနည်းအတိုင်း ကြည့်ပြန်သည်။ ထိုသို့ကြည့်လိုက်, ရှေ့သို့တိုးလိုက်လုပ်ရင်း ချဉ်းကပ်ခဲ့ရာ ဝါးရောင်းငှက်များကိုပင် ကျွန်တော် မြင်နေရပြီ။ သို့သော်တောကောင်၏ အရိပ်အခြည်ကို ယခုအထိ မမြင်ရသေး။ ဝါးရောင်းငှက်များကလည်း တကျွီကျွီအော် နေကြဆဲပင်။
သားကောင်မှာ မြေကြီးတွင်ကပ်နေသည့် သဘောပင်ဖြစ်သည်ဟု တွက်လိုက်မိသည်။
ကြောင်လော, အိပ်နေသည့်ဝက်, သို့မဟုတ် ဂျီလော, သို့မဟုတ် ကျားလော, ကျားသစ်လော ကျွန်တော် မျှော်လင့်သည်မှာ ဤသားကောင်များသာ ဖြစ်သည်။
ထို့ကြောင့် ဝါးရုံပင်ခြေ မြေကြီးဆီသို့သာ အာရုံစိုက်၍ရှာဖွေမိသည်။ ခြေဖျားထောက်၍ ကြည့်သည်၊ ထိုင်၍ကြည့်သည်၊ ဘာမျှမမြင်ရပါတကား။
တစ်လှမ်းချင်းကြည့်ရင်း တိုးသွားရာ ဝါးရုံပင်ကြီး ၂ ပင် အကြားတွင် မြက်တောခပ်ပါးပါးတစ်ခုကို တွေ့ ရသည်။ ထိုမြက်တောကိုကျော်ဖြတ်၍ ခြေဖျားထောက်ကာ ကြည့်လိုက်သောအခါ တစ်ဖျာရာခန့်ကျယ်သည့် ရေခန်းနေစ အိုင်ငယ်တစ်ခုကို တွေ့ရသည်။ ထိုအိုင်ခြောက်၏အလယ်တွင်မူ ကျွန်တော်မျှော်လင့်မထားသော မြင်ကွင်းကို မြင်လိုက်ရတော့သည်။
မြင်ကွင်းမှာ ဂျီတစ်ကောင်ကို မြွေကြီးတစ်ကောင်က မျိုနေခြင်းဖြစ်သည်။ ကိုအုန်းဖေကို လက်ယပ်ခေါ်ကာ ဂျီကိုမျိုနေသည့် မြွေကြီးကို လက်ညှိုးထိုးပြလိုက်ပါသည်။ ကျွန်တော်တို့ ၂ ယောက်လုံးမှာ ပီတိဖြစ်နေပါသည်။ သို့သော် ကြည်နူးပုံချင်းက မတူကြပါပေ။
“ကော်တာပဲဗျို့။ ၂ ကောင်လုံး အသာထမ်းပြန်ရုံပဲ”
လက်ချည်းဗလာ ပြန်ရလိမ့်မည်ဟု မျှော်လင့်ခဲ့ရာမှ ဂျီရော၊ မြွေပါ ထမ်းပြန်ရမည်ကိုတွေး၍ ဝမ်းသာရင်း ကျွန်တော်က အားပါးတရ ပြောလိုက်သည်။
“ဟာ ဆရာကြီး။ ဒါ အရှင်ကြီးပေးတဲ့ လာဘ်ဗျ။ ဒါက နိမိတ်ပြတာ၊ ဒါကိုသွားလုပ်ရင် အရှင်ကြီး စိတ်ဆိုးလိမ့်မယ်။ ဒါမျိုးကိုရှောင်ရတယ်။ သင်းတို့ကို ငါ ဒီနေ့ လာဘ်ပေးမယ်ဆိုတဲ့ သဘောနှင့် အရှင်ကြီးကပြတာ။ ဒါကို သွားမလုပ်နှင့်။ ဒီနေ့ ကျွန်တော်တို့ အကောင်ကြီးတစ်ကောင်ရမှာ သေချာတယ်ဗျ။ သိပ်ကောင်းတဲ့ လာဘ်ပဲ”
ကိုအုန်းဖေက မြွေကြီးကိုသတ်မည်ပြုနေသော ကျွန်တော့်အား စိုးရိမ်တကြီးတားနေကာ အကောင်ကြီးတစ်ကောင် ရ,ရမည်ဟု စိတ်ချ လက်ချ ပြောနေသည်။
ကျွန်တော်ကလည်း ယနေ့အဖို့ အကောင်ကြီးကို လုံးဝ မျှော်လင့်ထားသူ မဟုတ်ရကား၊ ဂျီနှင့် မြွေကို လက်လွှတ်ရမှာ နှမြောနေမိသည်။ သို့သော် ကိုအုန်းဖေ၏အစွဲအလမ်းမှာ အလွန်ကြီးမားနေပုံရသဖြင့် စိတ်ထဲတွင် ဟာတာတာနှင့် ၎င်း၏ဆန္ဒကို လိုက်လျော ရပါသည်။
“ကဲ ကဲ ဒီလိုဖြင့် ဆုံးအောင် ကြည့်ရအောင်ဗျာ။ဗဟုသုတ ဖြစ်တာပေါ့”
ဟု ကျွန်တော်ကပြောပြီး မြွေနှင့်ဂျီကို သေချာစွာ လေ့လာမိပါတော့သည်။
ဂျီမှာ ဂျီမ အကြီးစားဖြစ်၍ သေသည်မှာ မကြာသေးကြောင်း တွေ့ရသည်။ မြွေ၏ပါးစပ်အတွင်း ခေါင်းပိုင်းသာ ရောက်သေးသည်။
မြွေကြီးများ သားကောင်များကိုမျိုသောအခါ သားကောင်၏ အရိုးများ ကျိုးကျေကုန်အောင်လိမ်ပြီး သားကောင်ကို ပါးစပ်မှ ကျိချွဲသော အရည်များသုတ်ပြီးမှ မျိုသည်ဟု ပြောသည်များကို ကြားရပေါင် များထားသည်။
ယခု ဂျီမှာမူ အရိုးများ ကျိုးကျေနေသည်ကို မတွေ့ ၊ လုံးဝ ပုံမပျက်ဘဲ အကောင်းပကတိ တွေ့နေရသည်။ ကိုယ်ပေါ်တွင်လည်း အကျိ, အချွဲ, အရည် တစ်စုံတစ်ရာမျှမတွေ့ ရဘဲ ခြောက်ခြောက်သွေ့သွေ့ ပင် ဖြစ်နေသည်။
မြွေကြီးမှာ သိပ်မကြီးလှ။ ပေါင်ဖျားခန့်သာရှိသည်။ ဦးခေါင်းမှာ လက်သီးဆုပ်ခန့်သာ ရှိသည်။ အရှည် ၈ တောင်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။
အမျိုးအစားမှာ စပါအုံးမြွေဖြစ်ပြီး တစ်ကောင်လုံး တွင် အပေါက်အပြဲ ဒဏ်ရာငယ်များ တွေ့ ရှိရသည်။ ဂျီက မသေမီ ခွာဖြင့်ပေါက်ထားသလော, ပါးစပ်ဖြင့် ကိုက်ထားသလော မသိရ။ ခုခံတိုက်ခိုက်ခဲ့သည်မှာတော့ အသေအချာဖြစ်ကြောင်း တွေ့ ရသည်။
ဘေးပတ်ဝန်းကျင်ကို ကြည့်မိရာ မြွေကြီးလူးလှိမ့်ထားသော အရာများ, ဂျီမ၏ ရုန်းကန်ထားပုံရသော ခြစ်ကုတ်ထားသည့် ခွာရာများကို တွေ့ရှိရ၏။ ၎င်းအပြင် အိုင်ဘေး မြက်တောအတွင်း၌ အောက်ခြေမြက်ခြောက်များမှာ မြွေကြီး၏ကိုယ်လုံးခန့်ကျယ်သည့် လိုဏ်ခေါင်းရှည်တစ်ခုသဖွယ် တွေ့ ရှိရသည်။ မြွေသည် ယခုဂျီကို မဖမ်းနိုင်မီရက်များစွာ ထိုနေရာမှစောင့်၍ ချောင်းခဲ့ပုံရသည်။
မြွေနှင့် ဂျီကို ပြန်ကြည့်လိုက်ရာ ကျွန်တော်တို့ရောက်လာသဖြင့် မြွေမှာ ဂျီကို ဆက်မမျိုဘဲ အရိပ်အခြည်ကြည့်နေပုံ ရပါသည်။ အန္တရာယ်ရှိပုံပေါ်ပါက ယခုအချိန်တွင် ဂျီကို အလွယ်တကူလွှတ်ပြီး ထွက်ပြေးနိုင်သေးသည် မဟုတ်ပါလော။
ကျွန်တော်တို့က အန္တ ရာယ်မပြုကြောင်း တွေ့ရှိရသောအခါ ဂျီကို ဆက်၍မျိုပါတော့သည်။
မြွေပါးစပ်နှင့် ဂျီမှာ မဆံ့ဖြစ်နေရာ အလွယ်တကူ မမျိုနိုင်။ ပထမ ပါးစပ်ကို အစွမ်းကုန်ဖြဲလိုက်ပြီးမှ တစ်လက်မခန့် မျိုလိုက်သည်။ ထို့နောက် နားနေပြန်သည်။ အတန်ကြာမှ တစ်ဖန် ပါးစပ်ကိုဖြဲ၍ တစ်လက်မခန့် မျိုလိုက်ပြန်သည်။ လည်ပင်း ဆုံးသွားသည်အထိ။ ကျွန်တော် မအံ့သြမိသေး။ လည်ပင်းဆုံး၍ ပခုံးသို့ရောက်သောအခါတွင်ကား အံ့ဩစရာ ဖြစ်၍လာပါသည်။
ဂျီမကြီး၏ပခုံးမှာ လူ၏ ကိုယ်လုံးတမျှ ကြီးမားနေသည်။ မြွေ၏ဦးခေါင်းမှာ လက်သီးဆုပ်ခန့်မျှသာရှိသည်။ မည်ကဲ့သို့ မျိုမည်နည်း။
ပခုံးအရောက်တွင် မြွေကြီးသည် အတန်ကြာအောင် နားနေသည်။ ပြီးမှ ပခုံးကိုငုံမိရန် ပါးစပ်ကို တစ်အားဖြဲလိုက်ရာ ပါးစပ်ကြီးပြဲထွက်သွားတော့မည်ဟုပင် ထင်လိုက်ရသည်။
ပခုံးကို ငုံမိလိုက်ပြီး နောက် ဆက်မျိုရန်အတွက် ကြိုးစားရမှုမှာ ပို၍ခက်ခဲလာကြောင်း တွေ့ ရသည်။ ပါးစပ်ကြီးကွဲစပြုပြီး သွေးများထွက်လာပြီဟုပင် ထင်မှတ်ရသည်။ တကယ်လည်း ပါးစပ်မှာ သွေးရောင်များ ထလာသည်။ သို့သော် ပါးစပ်မှာ တကယ်ကွဲ၍ မသွားပါ။ မျိုသည့်အရှိန်သာနှေးကွေးပါသည်။ တစ်ခါမျိုလျှင် လက်မဝက်ခန့်မျှသာ မျိုနိုင်ပါတော့သည်။
ပခုံးကုန်သွားသောအခါ ဂျီ၏လက်တစ်ဘက်မှာ ခေါက်လျက် ကန့်လန့်ကြီး မြွေ၏လည်ပင်းတွင်းသို့ ဝင်သွားပါသည်။
ပင်ကိုက ခြေကျင်းဝတ်ခန့်သာတုတ်သော မြွေ၏ လည်ပင်းကလေးမှာ ပေါင်ဖျားခန့်တုတ်သော ၎င်း၏ကိုယ်လုံးထက် ၃ ဆခန့် တုတ်လာပါတော့သည်။
ကန့်လန့်ဝင်သွားသော ဂျီ၏ လက်တစ်ဘက်မှခွာသည် မြွေ၏လည်ချောင်းကို ထိုးခွဲနေသည့်သဏ္ဌာန်, တွေ့ နေရသည်။ အရေပြားကြီးစူကာ ဂျီခွာ ထိုးထွက်နေသည်မှာ အရေပြားကို ဖောက်ထွက်ရန် တဲတဲကလေးသာ လိုတော့သည်ဟု ထင်ရသည်။
ယခုအချိန်တွင်မူ မြွေသည် ဂျီကိုပြန်အန်ထုတ်ရန် မလွယ်ကူတော့ပြီဖြစ်ရာ ကျွန်တော်တို့အား မျက်ခြည်အပြတ်မခံတော့ပေ။
ကျွန်တော်တို့လှုပ်လိုက်တိုင်း တရှူးရှူးနှင့် နှာမှုတ်ကာ ချောက်နေပါတော့သည်။ စပါးအုံးဆိုသည်မှာ လူနှင့်တွေ့လျှင် ဘာမျှမလုပ်တတ်။ ခွဆီးလျှင်လည်း ခံသည်၊ သယ်ယူသွားလျှင်လည်း ခံသည်၊ ရိုက်သတ်လျှင်လည်း ခံရှာသည်ဟု ယခင်က အတွေ့အကြုံအရ သိခဲ့ရဖူး၏။
လူကို တရှူးရှူးနှင့် နှာမှုတ်ရန်ထောင်သည်မှာကား ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်တော့သည်။
သို့နှင့် တစ်ကောင်လုံးကုန်သွားသောအခါ မြွေပါးစပ်မှာ အကောင်းပကတိပင် ပြန်လည်တွေ့ ရှိရသည်။ လည်ပင်းတွင် ဘုကြီး ဖြစ်နေကာ မလှုပ်နိုင်မရှားနိုင် ဖြစ်နေရှာတော့သည်။ ဂျီတစ်ကောင်လုံး အစာအိမ်ဆီသို့ရောက်ရန် မည်မျှမျိုရမည်ကား မသိရတော့ပါ။ ဂျီတစ်ကောင်လုံးမျိုပြီးသည်နှင့် ကျွန်တော်တို့ ထွက်လာခဲ့ကြပါတော့သည်။
“အံ့စရာပဲနော်။ ပါးစပ်ကြီးကို ပြဲထွက်သွားပြီ အောက်မေ့တာ”
ကိုအုန်းဖေက အံ့သြနေသည်။
“မြွေဟာ တစ်ကိုယ်လုံး ကြက်ပေါင်လိုပဲ။ ကျယ်အောင်လည်း ချဲ့လို့ရတယ်။ မြင်ခဲ့တဲ့အတိုင်းပဲ။ ကိုယ်ကို ပြားလို့လည်းရတယ်။ ရှုံ့လို့လည်း ရတယ်။ ဒါကြောင့် ကျောက်ကြားကလေးတွေထဲ မြွေကြီးတွေ ဝင်နိုင်တာပေါ့။ ကိုယ်ကိုပြားပြီး ငါးပက်လို့လည်း ရတယ်”
ကျွန်တော်က တွေ့ ဖူးသည်ကို ပြောပြ၏။ ကိုအုန်းဖေကား တအံ့တသြ ခေါင်းတညိတ်ညိတ် ဖြစ်နေ၏။
ထိုဝါးတောမှ ကျော်လေလျှင် တောမှာ ပိုမိုနက်ရှိုင်းလာ၏။ ဝါးတောကြီးမှာ ပို၍မိုက်လာကာ မကြာမီ စိုင်အုပ်ခြေရာများ လတ်လတ်ဆတ်ဆတ် တွေ့ ကြရတော့သည်။
စိုင်များမှာ ကျွန်တော်တို့ ရှေ့မှ ကပ်ထွက်သွားပုံရသည်။ ကိုအုန်းဖေက “ဘယ့်နှယ်လဲ။ ကျွန်တော်မပြောဘူးလား။ ရှင်ကြီးပေးတဲ့လာဘ်” ဟူသော သဘော နှင့် စိုင်ခြေရာများကို မေးတငေါ့ငေါ့ လက်ညှိုးတထိုထိုး ပြောပါတော့သည်။
စိုင်ခြေရာများကို လိုက်ရင်းနှင့် မကြာမီပင် တစ်စုံတစ်ရာကို လန့်သွားသည့်ပမာ ကန်ကျောက်ပြေးလွှားထားသည့် ခြေရာများကို တွေ့ ရသည်။ ခပ်သုတ်သုတ် ဆက်လိုက်ကြရာ စိုင်ခြေရာများသည် ပေ ၃ဝဝ ခန့်မျှနက်သော ချောက်ကြီးတစ်ချောက်ကိုဆင်း၍ တစ်ဘက်သို့ တက်သွားပြန်သည်။ သို့နှင့် လိုက်ရင်းလိုက်ရင်း စိုင်ခြေရာများမှာ မြောက်ဘက်ဆီသို့ ဦးတည်သွားပါတော့သည်။
“သွားပြီဗျို့။ ဒီအကောင်တွေ ကားလမ်းဖြတ်ပြီး မြောက်ဘက်တော ကူးသွားကြပြီ။ ဒီကြားမှာ ခိုဖို့တော မရှိတော့ဘူး”
နေကလည်း ရီနေပြီ။ ကိုအုန်းဖေကလည်း လက်လျှော့လိုက်ပြီ။
“ခင်ဗျားအရှင်ကြီးကများ စိုင်တွေကို ချောက်လွှတ်လိုက်လားမှ မသိ”
ကျွန်တော် လှမ်းနောက်လိုက်သော်လည်း ကိုအုန်းဖေက စကားပြန်မပြောနိုင်ရှာတော့။ ခေါင်းငိုက်စိုက်ချကာ မမှောင်မီ လမ်းသာယာဆီရောက်အောင် ခရီးပြင်း နှင်နေရပါတော့သည်။
မိုးချုပ်သွားပြီဖြစ်ရကား ကားကြုံများကို မမီတော့ပါ။ ၁၀မိုင်ခန့်ဝေးသော အပြန်ခရီးကို စိတ်ပျက်လက်လျှော့ ပင်ပန်းချည့်နဲ့စွာနှင့်ပင် ၂ ယောက်သား ခြေလျင်ပြန်ခဲ့ရလေသည်။
နေရာတွင်ပင် လှဲအိပ်ချင်လောက်အောင် နွမ်းပန်းလျနေကြသော်လည်း မပြန်မဖြစ်၍ အားတင်းကာ ကျဲခဲ့ကြရာ ည၉နာရီခွဲမှ ဗိုလ်တဲသို့ ပြန်ရောက်ကြ၏။
“ဘယ့်နှယ်လဲဗျို့”
မအိပ်သေးဘဲစောင့်နေသည့် ဗိုလ်တဲစောင့်က လှမ်းမေးလိုက်ရာ ကိုအုန်းဖေ မဖြေနိုင်ရှာ။ ကျွန်တော်ကပင် ဖြေလိုက်သည်။
“အရှင်ကြီးပေးတဲ့လာဘ်က ဗလာတဲ့ဗျာ”
– ပြီး –
စာရေးသူ – မသုံးလုံးစိန်ဝင်း
Uncategorized