ကျွန်းစဉ်မြေစောခက်
အလှည့်
လှမိုးတို့ မောင်နှမတွေ ဝက်ကလေးတွေကို ကြည့်လိုက်၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်နဲ့ အပျော်နဲ့အပြုံးတွေ သွန်ချနေကြတယ်။ ဝက်ကလေးတွေမှာ ဝဝကစ်ကစ်ကလေးတွေမို့ ချစ်စရာကောင်းမှကောင်း။
အဖေကြီး ကိုထွန်းစိန်ဆိုရင် ပေါက်ခါစ ဝက်ကလေးတွေ အနေအထား မမှန်ခင် သေကြေပျက်စီးကြမှာစိုးလို့ တစ်ပတ်လုံးလုံး ပိုက်မလိုက်ဘဲ ဝက်ကလေးတွေကို ပြုစုပေးခဲ့တယ်။ အလုပ်က ပိုလာခဲ့ပြီမို့ အလတ်ကောင် လှမောင်ကိုလည်း ဘုန်းတော်ကြီးကျောင်းမှာ မအိပ်ခိုင်းတော့ဘဲ တဲမှာပဲ အိပ်ခိုင်းလိုက်တယ်။
မိုးနှောင်းကာလ စပါးခင်းတွေ ဝင်ရောက်မွှေနှောက် ဖျက်ဆီးပစ်ခဲ့ကြတုန်းက သည်ကောင်တွေကို တစ်ကောင်ချင်း အသားပေါ်ပြီး ရောင်းစားပစ်ဖို့ထိ ကိုထွန်းစိန် စိတ်အချဉ်ဖောက်ခဲ့တယ်။ နောက်တော့ ကိုယ်တိုင်ပဲ နိစ္စဓူဝ ထိတွေ့မှုတွေနဲ့ ယုယုယယမွေးထားခဲ့တာဆိုတော့လည်း သံယောဇဉ် ဖြစ်နေတာမို့ လက်မတင်ရဲခဲ့။
ခုဆို ရာသီချိန် စပါးတွေပေါ်ခဲ့ပြီမို့ ဆန်ပြဿနာကလည်း မိုးတွင်းတုန်းကလို အခက်အခဲ မရှိတော့ဘူး။ လုပ်လုပ်စားစားနဲ့ အဆင်ပြေကြတယ်။
လှမိုးတို့ မောင်နှမတွေမှာ ဘဝတစ်ဆစ်ချိုး ဆေးရောင်ပြောင်းလဲလာခဲ့ပြီမို့ ပျော်မောမှုတွေက ရင်နှင့်အပြည့်။
ရိုးတောင်ဦးဆီက အရူးအမူးတိုက်ခတ်လာတဲ့ မြောက်လေစူးစူးကြောင့် အအေးဓာတ်က လွန်ကဲလွန်းတယ်။ လှမိုးမှာ ညနေ ဝက်စာကျွေးပြီးကတည်းက စာဖတ်နေခဲ့သည်မှာ ညသန်းခေါင်တိုင်ခဲ့ပေပြီ။
ရေနံဆီမီးခွက်ကလေးကို ရှေ့ချပြီး စောင်ခေါင်းမြီးခြုံကလေးနဲ့ ငုတ်တုတ်ထိုင် စာဖတ်နေခြင်းပဲ ဖြစ်ပါ တယ်။
နေ့လယ်နေ့ခင်းဆိုတော့လည်း ကျောင်းတက်ရ၊ စာပြရနဲ့ အားသည်ဟူ၍ မရှိခဲ့။ ညဘက်ကျမှ ဖတ်ရ မှတ်ရတာ။ ကျောင်းဆရာဖြစ်ရေးက လှမိုး ရဲ့ ဗျူဟာမြောက် စီမံချက်ပါပဲ။ အရှုံးရဲ့ ဆိုးကျိုးဒုက္ခတွေ ခံစားဖူးတဲ့ လှမိုးမှာ သည်တစ်ချီ စာမေးပွဲကျတယ်ဆိုတဲ့စကားရပ် လှမိုးဘဝတွင် ထပ်မံမရှိစေရဘူးလို့ ခံယူထားပြီးလည်း ဖြစ်တယ်။
လှမိုးအနားမှာ တန်းစီအိပ်နေကြတဲ့ ညီလေးတွေကို လှမ်းကြည့်လိုက်တယ်။ ကလေးတွေမို့ ထင်ရဲ့၊ ချမ်းသည်ကိုပင် သိပုံမရကြ။ အဖေ အမေတို့ စီးပွားရေးအောင်မြင်ခဲ့ခြင်းရဲ့ရလဒ် လက်ကျန် ဂွမ်းစောင်ကြီးတွေကပေးတဲ့ အနွေးဓာတ်ကြောင့် အိပ်နေလိုက်ကြတာ ကုလားသေကုလားမောပါပဲ။
“ဪ … အဖေကြီးခမျာ လေပြင်းတဟူးဟူးတိုက်နေတဲ့ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ခုလို ညအချိန်ဆို ဘယ်လောက်များ ချမ်းနေအေးနေလေမလဲ။ အမေခမျာလည်း စီးပွားပျက်ကပ်ဆိုးထဲမှာ စိတ်ထောင်းလို့ ကိုယ်ကြေရင်း လုံးပါးပါးပြီး အသက်သိပ်မကြီးသေးဘဲနဲ့ အသေစောရရှာတာ။
အသက် ၄ဝ ဆိုတာ အိမ်ထောင်ရေး အဆင်ပြေသူတွေအတွက် လင်နဲ့ပျော် သားနဲ့ ပျော်တဲ့ အရွယ်ပဲပေါ့”
လှမိုး ရင်ထဲမှာ ထိရှခံ အသိတွေ လွင့်မျောနေတယ်။
xxx xxx xxx
“ကွိ … ကွိ … ကွိ … ကွိ … ကွိ … ကွိ”
လှမိုး ဘယ်အချိန်က အိပ်ပျော်သွားမှန်းမသိ။ စူးစူးရှရှ အသံများကြောင့် ဖျတ်ခနဲနိုးသွားတယ်ဆိုရင်ပဲ ငေါက်ခနဲ ထထိုင်လိုက်တယ်။
အသေအချာ နားစိုက်လိုက်တယ်။ ဝက်ခြံဘက်က တောင်တန်းတွေဘက်သို့ တောက်လျှောက် ဝက်ကလေးတွေအော်သံ ကြားနေရတယ်။ လှမိုး ရင်ဘတ်ကြီး တဒိန်းဒိန်း ခုန်သွားတယ်။
ကိုယ်ကျိုးတော့ နည်းပြီထင်ရဲ့။
“အစ်ကိုကြီးရေ၊ ဝက်ကလေးတွေ တောခွေးဆွဲသွားပြီလား မသိဘူး”
မလှသိန်း စကားကြောင့် လှမိုး ရင်တစ်ခုလုံး ဗြောင်းဆန်သွားတယ်။ လှမိုး ၃ တောင့်ထိုး လက်နှိပ်ဓာတ်မီးကို ကောက်ဆွဲပြီး မီးဖွင့်လျက်နဲ့ပဲ တဲအောက်သို့ အလျင်စလို ဆင်းလိုက်တယ်။ ညီမလေး မလှသိန်းက နောက်ကနေ လိုက်လာတယ်။ ဝက်ခြံထဲသို့ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တယ်။
“ ဂူး … ဂွီး … ဂူး … ဂွီး”
သားသည်အမေ ဝက်မတွေ အန္တရာယ်တစ်ခုခုကြောင့် စိုးရိမ်နေကြသလိုပဲ။ သားသမီးတွေကို အဝေးသို့မရောက်စေဘဲ အမေတွေရဲ့ အနားမှာ စုရုံးနေကြဖို့ အသံပေးစည်းရုံးနေကြခြင်းပဲ ထင်ရဲ့။ ဝက်ကလေးတွေကလည်း မိခင်ကြီးရဲ့ဘာသာစကားကို နားလည်နေကြသည်ကိုပဲ ဝက်မကြီး အနားမှာ စုနေကြတယ်။
လှမိုး ဝက်ကလေးတွေကို ရေကြည့်လိုက်တယ်။ ၁၅ ကောင်ပဲ တွေ့ လိုက်ရတော့တယ်။
“ဟုတ်တယ် ညီမလေး။ ဝက်ကလေးသုံးကောင် တောခွေးဆွဲသွားပြီ”
မလှသိန်းမျက်နှာ ငိုမဲ့မဲ့ ဖြစ်သွားတယ်။ လှမိုး ဝက်ခြံပတ်ပတ်လည်ကို လျှောက်ပတ်ပြီး ကြည့်လိုက်တယ်။ တောခွေး ဝင်နိုင်တဲ့ အပေါက်ဆိုလို့ တစ်ပေါက်မျှ မရှိ။ ဝက်ခြံကို ချည်နှောင်ထားတဲ့ ကြိုးတွေလည်း အကုန်လုံး တင်းတင်းရင်းရင်းပဲ။
“သိပြီ ညီမလေး … သိပြီ။ ဒီ တောခွေးတွေဟာ ဘယ်အပေါက်ကမှ ဝင်တာမဟုတ်ဘူး။ ခြံစည်းရိုးကို ခုန်ကျော်ပြီး ဆွဲသွားတာပဲ ဖြစ်ရမယ်”
“ဟုတ်ပါ့မလား အစ်ကိုကြီးရယ်။ ခြံစည်းရုံးက ၄ ပေလောက်ထိ မြှင့်ထားတာ မဟုတ်လား”
“ညီမလေးကလည်း၊ ဒီတောခွေးဆိုတဲ့ကောင်မျိုးက ရဲရင့်တယ်၊ လျင်မြန်တယ်၊ သန်စွမ်းတယ်၊ သူခိုးစိတ်ရှိတယ်လေ။ ဒီ ၄ ပေလောက်ကို ဒီကောင်တွေ ဘယ်စဉ်းစားမလဲ”
သည်တစ်ချီတွင်တော့ ညီမလေး မလှသိန်းဆီက ဘာသံမျှ ထွက်မလာတော့ချေ။
လှမိုးတို့ ဝက်ခြံမှာ ပိုက်ဆံတစ်ပြားတစ်ချပ်မျှ အကုန်အကျမရှိဘဲ ဆောက်လုပ်ထားတဲ့ ဝက်ခြံဖြစ်တယ်။ သစ်ဖြူသစ်မာတွေကို တောင်ပေါ် ကိုယ်တိုင်ခုတ်ယူပြီး တိုင်စိုက်တယ်။ ကွမ်းသီးပင်အိုတွေကို ခုတ်လှဲပြီး နှစ်ခြမ်းခွဲကာ အူသားနုတ်တယ်။ ကွမ်းသီးပင်အပြင်ခွံမှာ မာတောင့်ပြီး အိမ်ကြမ်းခင်းတွေတောင် အသုံးပြုကြတယ်။ လှမိုးတို့ သားအဖမှာ ကွမ်းသီးပင် ပျဉ်ချပ်တွေကို ခြံတိုင်မှာ ကြိမ်နွယ်တွေနဲ့ တုပ်နှောင်ချည်ထားလိုက်ခြင်းဖြင့် ဝက်ခြံတစ်ခြံ ခိုင်ခိုင်ခံ့ခံ့ ရရှိစေခြင်းပဲ ဖြစ်ပါတယ်။
လှမိုးတို့ မောင်နှမ ဝက်ခြံထောင့် တစ်နေရာမှာ သစ်ခြောက်တုံးကို မီးစွဲပြီး ထားခဲ့လိုက်တယ်။ ရည်ရွယ်ချက်မှာ တောခွေးတွေ နောက်တစ်ချီ လာ ရောက်ပြီး မနှောင့်ယှက်စေလိုလို့ပဲ ဖြစ်တယ်။ သစ်ခြောက်တုံးမှာ မီးစွဲသွားပြီးမှ သူတို့မောင်နှမ တဲပေါ်သို့ ပြန်တက်လိုက်ကြတယ်။
ညီလေးတွေကတော့ ဘာမျှမသိရှာကြ။ အိပ်မြဲတမ်း အိပ်နေကြတယ်။
“အစ်ကိုကြီး ဘာဖြစ်တာလဲဟင်”
အလတ်ကောင် လှမောင် ဗြုန်းခနဲ ထထိုင်ရင်း မေးလိုက်တယ်။
“ဝက်ကလေးတွေကို တောခွေးတွေ ဆွဲသွားတယ်ကွယ့်”
လှမောင်မှာ ဘာမျှပြန်မပြောဘဲ အိပ်ရာထဲ ပြန်လှဲအိပ်လိုက်တယ်။ လှမိုးနဲ့ မလှသိန်းတို့လည်း သိပ်မကြာ ပြန်အိပ်လိုက်ကြတယ်။
“ကွိ … ကွိ … ကွိ … ကွိ … ကွိ … ကွိ”
“အစ်ကိုကြီးရေ … အစ်ကိုကြီးရေ … ဝက်ကလေးတွေကို ယူသွားပြန်ပြီ … ယူသွားပြန်ပြီ”
ညီမလေး မလှသိန်းက အလန့်တကြား ထအော်လိုက်တယ်။
လှမိုးမှာ လက်နှိပ်ဓာတ်မီးတစ်ဖက်၊ ဓားတစ်ဖက်နဲ့ အောက်သို့ ခုန်ဆင်းပြီးသား ဖြစ်နေပေတော့တယ်။ နောက်ဘက်က ခြေသံကြားလို့ လှမိုး ဗြုန်းခနဲ လည့်ကြည့်လိုက်တယ်။ အလတ်ကောင် လှမောင် ဖြစ်နေတော့တယ်။
“အစ်ကိုကြီး … မြန်မြန်လိုက်ကြရအောင်”
အလတ်ကောင်လှမောင် စကားဆုံးတယ်ဆိုရင်ပဲ ဝက်ကလေးအော်မြည်ရာဘက်သို့ လက်နှိပ်ဓာတ်မီးကို မီးခလုတ်ဖွင့်ပြီး ညီအစ်ကိုနှစ်ယောက် ပြေးလိုက်ကြတယ်။ ညီအစ်ကိုနှစ်ယောက် တောင်ခြေတောစပ်သို့ အရောက်မှာတော့ ဘာသံမျှ မကြားလိုက်ရတော့ပါဘူး။
သူခိုးကောင် တောခွေးတွေ မြေလျှိုးမိုးပျံခဲ့လေရော့သလား မသိ။
လှမိုးတို့ သားအဖတွေ ဘဝရပ်တည်မှု ချရာနေရာကတော့ ရခိုင်ကမ်းခြေ မြေပုံမြို့နယ်ရှိ နောင်တော်ပင်လယ်ကမ်းနံဘေးက ‘ငပသုန်’ မည်တဲ့ ကျွန်းပါပဲ။
လှမိုးတို့ တဲထိုးပြီး နေထိုင်ကြတဲ့နေရာမှာ ငပသုန်ရွာနဲ့ သုံးမိုင်ခန့်ဝေးတယ်။ ပင်လယ်ကမ်းခြေ သဲဖြူတန်းနဲ့ ဆက်စပ်နေတဲ့ ရွှေတူချိုင်ကုန်းတန်းကလေးပဲ ဖြစ်ပါတယ်။ ကုန်းတန်းနှင့် တောင်တန်းကြီးများကြားတွင် မပြောပလောက်သော လယ်ကွင်းကလေးရှိတယ်။ ဧကဝက်နီးနီး လောက်တော့ ရှိမည်ထင်ရဲ့။
သည်လယ်ကွင်းကလေးကတော့ လှမိုးတို့ စပါးစိုက်တဲ့ လယ်ပါပဲ။ တောခွေးတွေဟာ တောင်တန်းကြီးပေါ်ကဆင်း၊ လယ်ကွင်းကလေးကိုဖြတ်ပြီး လှမိုးတို့ ယုယုယယမွေးထားတဲ့ ဝက်ကလေးတွေကို ခိုးဆွဲပြီး လုယူနေကြခြင်းပဲဖြစ်တယ်။
လှမိုးတို့ တဲအပြင် အခြား မည်သည့်တဲမျှ မရှိ။ တစ်တဲထဲ။
“ဝက်ကလေးတွေ ဘယ်နှစ်ကောင်ပါသွားပြီလဲမသိဘူး။ ရေကြည့်ရအောင်”
လှမိုးနှင့် လှမောင် ညီအစ်ကိုနှစ်ယောက် ဝက်ကလေးတွေကို လက်နှိပ်ဓာတ်မီးရောင်ဖြင့် ထိုးကြည့်ပြီး ရေကြည့်လိုက်ကြပြန်တယ်။
“ဟုတ်တယ် ညီလေး ပထမအခေါက် ၃ ကောင်ဆွဲသွားတော့ ၁၅ ကောင် ကျန်ခဲ့တာနော်။ ခုတစ်ခါ ပြန်ရေကြည့်တော့ ၁၂ ကောင်ပဲ တွေ့တော့တယ်။ ဒီတစ်ခေါက်လည်း ၃ ကောင် ပါသွားပြန်ပြီပေါ့ကွာ”
မောင်နှမသုံးယောက် ဝက်ခြံထဲသို့ ဓာတ်မီးရောင်ဖြင့် ထိုးကြည့်လိုက်ကြပြန်တယ်။ ဝက်ကလေးတွေမှာ သူတို့ အမေတွေ အနားမှာ ကြောက်ကြောက်လန့်လန့်နဲ့ မတ်တပ်ရပ်နေကြတယ်။ ဝက်မကြီးတွေကတော့ သူတို့ကို အကူအညီပေးဖို့ မေတ္တာရပ်ခံမျက်နှာလေးတွေနဲ့ လှမိုးတို့ မောင်နှမတွေကို နှာခေါင်းဝ ကွက်ကွက်လေးနဲ့ မော့ကြေည့်နေကြတယ်။
တိရစ္ဆာန်တွေရဲ့ ကြေကွဲမျက်နှာလေးတွေကို ကြည့်ပြီး လှမိုးတို့မောင်နှမတွေ ရင်ထဲမချိအောင် ခံစားကြရတယ်။ မလှသိန်းရဲ့ မျက်နှာပြင်လေးမှာတော့ မျက်ရည်တွေ စီးကျလို့။
သူခိုးကောင် ကလိမ်ကကျစ်ကောင်တွေရဲ့ ယုတ်မာသံ၊ ရက်စက်သံ၊ အယုတ်တမာကောင်တွေရဲ့ အမင်္ဂလာအသံတွေဟာ တောင်ဘယံမှာ ပဲ့တင်ထပ်နေတယ်။
“အစ်ကိုကြီးရေ … တောခွေးတွေ အော်နေကြပြန်ပြီ။ ဘယ်လိုလုပ်ကြမှာလဲ ဟင် … အစ်ကိုကြီး”
လှမိုး မစဉ်းစားတတ်တော့ပြီ။ ခေါင်းကိုပဲ လက်နဲ့ ခပ်ကြမ်းကြမ်း ကုပ်ခြစ်ပစ်လိုက်တယ်။
“ဘယ်လိုလုပ်ကြမှာလဲကွာ။ ဒီကောင်တွေက တောင်ပံပါတဲ့ ကြက်တွေကိုတောင် ချောင်းမြောင်းပြီး ဖမ်းတတ်ကြတာလေ။ တော်တော်ကောက်ကျစ်စဉ်း လဲတဲ့ အကောင်တွေ”
လှမိုးရင်ထဲမှာ အလွန်အမင်း မကျေမချမ်း ဖြစ်နေတယ်။
“ဒီလို မတရားတာကို မကြိုက်ဘူးဗျာ။ ဒီကောင်တွေကို သေနတ်နဲ့ ပစ်သတ်လိုက်ချင်တယ်။ ကျွန်တော်ကြီးလာရင် စစ်သားလုပ်မှာ”
“ညီလေးရယ်၊ ညီလေး စစ်သားလုပ်တာနဲ့ ဒီတောခွေးတွေနဲ့ ဘာဆိုင်လို့လဲဟ။ စစ်သားဆိုတာ ကိုယ့်နိုင်ငံထဲ ကျူးကျော်ဝင်ရောက်လာတဲ့ ပြည်ပရန်ကို ကာကွယ်ရတာလေ။ ပထမတန်း ဖတ်စာထဲမှာ မောင်ထွန်းသာ စစ်သားကလေး၊ ပြည်ပရန်ကို ကာကွယ်ပေးဆိုတာ ညီလေးဖတ်ခဲ့ရတယ် မဟုတ်လား”
“ဒါတွေ မသိဘူးဗျာ။ ကျွန်တော်က ဒီလိုမတရားတာ သက်သက်မဲ့ အနိုင်ကျင့်ဗိုလ်ကျတာ မကြိုက်တာဗ
“ငါ့ညီက ဘယ်ဆိုးလို့တုံး”
မောင်နှမသုံးယောက် တရွေ့ရွေ့လျှောက်ရင်း တဲသို့ရောက်လာကြတယ်။ တဲသို့ရောက်လို့ သိပ်မကြာဘူး ရှင်နေမင်းရဲ့ အလင်းရောင်ဟာ ရိုးတောင်ဖျားဆီက မြန်မာ့မြေအနောက်ခြမ်းကို နှုတ်ဆက်နေပြန်ပေါ့။
လှမိုးတို့မောင်နှမ တွေ ဘယ်အိပ်ရတော့မလဲ။ တစ်နေ့တာလုပ်ငန်း စရပြန်ရှာတာပေါ့။
လှမိုးဟာ တောင်ခြေမှာပုံထားတဲ့ ထင်းပိုင်းတွေကို သွားသယ်တယ်။ မလှသိန်းက မနက်စာအတွက် ချက်ရေးပြုတ်ရေး စီစဉ်တယ်။ အလတ်ကောင် လှ မောင်ကတော့ ရေတွင်းထဲကရေကို ရေပုံးနဲ့ဆွဲတင်ပြီး စဉ့်အိုးထဲထည့်တယ်။ ဟော အငယ်နှစ်ကောင်ပါ အိပ်မှုန်စုံမွှားနဲ့ ထလာကြပြီ။ စောင်ကြီးတွေက လည်း ကိုယ်ပေါ်မှာ ရစ်ပတ်လို့။
“မောင်လေးတွေ … အဲဒီစောင်ကြီးတွေ အိပ်ရာမှာထားခဲ့ကြလေ။ အဲလောက်တောင် ချမ်းလို့လား။ သွား မျက်နှာသစ်လိုက်ကြ”
“မောင်လေး လှမောင်ရေ၊ မောင်လေး အဲဒါပြီးလို့ရှိရင် ဝက်စာကျိုဖို့ ပိန်းရိုးတွေပါ လှီးပေးခဲ့ဦးနော်”
မလှသိန်းမှာ အစ်မကြီးအမိရာ ဆိုသလို မနက်လင်းတာနဲ့ အိမ်မှုကိစ္စတွေ မနားမနေ လုပ်ရပေပြီ။ အလတ်ကောင် လှမောင်ကတော့ သူ့အစ်ကိုကြီးနဲ့ ကျောင်းတက်လိုက်ရမှာမို့ ပိန်းရိုးတွေကို ခပ်သွက်သွက်လှီးဖြတ်လိုက်တယ်။ သူတို့ ညီအစ်ကိုနှစ်ယောက်ကတော့ မနက်စာကို ဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းကျန် စားကြရမှာလေ။
လှမိုးကတော့ စာမေးပွဲကျလို့ ကျောင်းသားဘဝ မလှပခဲ့။ ကျောင်းတော်မြေမှအပြန် ကိုယ့်ရွာကလေးသို့ ယောင်လည်လည်နဲ့ ပြန်ရောက်လာတော့ ဟိုမကျ သည်မကျ ပညာလေး စကောစကနဲ့ ဘဝဝမ်းစာကလည်း တစ်နပ်စာပင်မပြည့်။
သည်တော့ ရွာဆရာတော် စီစဉ်တဲ့အတိုင်းပဲ။ ကိုယ့်ရွာ မူလတန်းကျောင်းမှာ စာဝင်ပြရတဲ့ ကျောင်းဆရာဘဝကို အငှားခန္ဓာမြှောင်ခဲ့ရသည်ပေါ့။
ဒါပေသိ လှမိုး လက်မမြှောက်ပါဘူး။ ပညာရေးခရီးလမ်းမှာ ပြန်လည်ရှင်သန် နိုးထဖို့ ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးခဲ့သည်လေ။
လှမိုးတို့ ညီအစ်ကိုနှစ်ယောက် ကျောင်းလွှတ်ပြီးတာနဲ့ ပင်လယ်ကမ်းခြေအတိုင်းပဲ တဲဘက်သို့ ခပ်သွက်သွက် လှမ်းလာကြတယ်။ တဲသို့ရောက်တာနဲ့ လှမိုး အဝတ်လဲလိုက်တယ်။
“ကဲ … ညီလေး၊ အစ်ကိုကြီးနဲ့ တောထဲလိုက်ခဲ့”
xxx xxx xxx
အစ်ကိုကြီးလှမိုးက ဓားကိုင်ပြီး ရှေ့က လျှောက်တယ်။ ညီလေး လှမောင်က နောက်က လိုက်တယ်။
သိပ်မကြာ တောင်ခြေတောစပ်သို့ ရောက်လာကြတယ်။
“ခွတ် … ခွတ် … ခွတ်”
“ဖြန်း … ဖြန်း … ဖြန်း”
ဇီးကြံရိုးခန့် သစ်ပင်တွေကိုခုတ်ပြီး လှမိုး အနီးတစ်ဝိုက် လှမ်းပစ်ထားလိုက်တယ်။ လှမောင်က ကောက်ယူပြီး စုပုံပေးတယ်။ မှောင်ရီဖျိုးဖျအချိန်လောက်မှာ ညီအစ်ကိုနှစ်ယောက် သစ်သားစည်းတွေကို ထမ်းရင်း ဝက်ခြံနားသို့ အရောက်မှာ ပစ်ချလိုက်ကြတယ်။
“ညီလေး … ဒီနားမှာ နေခဲ့ဦးနော်”
လှမိုးမှာ အလတ်ကောင်လှမောင်ကို ဝက်ခြံနားမှာထားခဲ့ပြီး တဲသို့ သုတ်ခြေတင်လာခဲ့တယ်။ တဲခေါင်မိုးအောက် ကပ်စင်ပေါ်က အဖေကြီး ပိုက်အဟောင်းတွေကို ဆွဲချလိုက်တယ်။
လှမိုးမှာ ပိုက်ထုပ်ကြီးကို ပခုံးပေါ် တင်ပြီး ထမ်းလာတယ်။ ညီမလေးနှင့် ညီလေးနှစ်ယောက်ကလည်း နောက်က လိုက်လာကြတယ်။ ဝက်တဲနားအရောက်မှာ ပိုက်ထုပ်ကို ပစ်ချလိုက်တယ်။
လှမိုးကား မနားပေ။ ဝက်ခြံအနီး သစ်ပင်မှာ ခုတ်စိုက်ထားတဲ့ဓားကို ဖျတ်ခနဲဆွဲနုတ်ပြီး နွယ်ခွေကို ၂ ပေလောက်စီ အရှည်ထားပြီး ဖြတ်တောက်လိုက်တယ်။ နွယ်ခွေမှာ သစ်သားချောင်းတွေခုတ်ရင်း ဆွဲဖြတ်ပြီးတောင်ပေါ်က ယူလာခြင်းပဲ ဖြစ်တယ်။
လှမိုးတို့ ညီအစ်ကိုမောင်နှမတစ်စု ပိုက်ဟောင်းကြီးကို ဆွဲဖြန့်လိုက်ကြတယ်။
“ညီမေလးရေ လာ … လာ၊ စည်းရိုးတိုင်တွေ ဆက်ကြရအောင်”
တောစပ်က ခုတ်ယူလာခဲ့ကြတဲ့ သစ်သားချောင်းလေးတွေကို နဂိုရှိပြီးသား တိုင်တွေနဲ့ ကပ်ပြီး နွယ်ကြိုးတွေနဲ့ ပူးချည်လိုက်ကြတယ်။ သိပ်တောင် မကြာ အပြိုင်းပြိုင်း တောင်တက်နေကြတဲ့ စည်းရိုးတိုင်တွေ ရရှိသွားကြတယ်။
အငယ်ကောင်တွေပါ နိုင်ရာအလုပ်ကို ဝင်လုပ်ပေးကြတယ်။
ဝက်ခြံစည်းရိုးတိုင်တွေမှာပဲ ပိုက်ဟောင်းကြီးကိုဖြန့်ပြီး ပူးကပ်ချည်နှောင်လိုက်ကြပြန်တယ်။ ဟော အမြင့် ၈ ပေ လောက်မြင့်တဲ့ ဝက်ခြံစည်းရိုးကြီးတစ်ခု ရရှိသွားပေပြီ။
ဝက်ခြံကြီးကို ကြည့်ပြီး လှမိုးတို့မောင်နှမတွေ ကျေနပ်သွားကြတယ်။
ဝက်ခြံကိုပြင်ပြီး မောင်နှမတွေ တဲသို့အရောက်မှာ မလှသိန်းနှင့် အလတ်ကောင်လှမောင်တို့ ခပ်သွက်သွက် စီစဉ်လိုက်ကြရာ ခေါင်းကလေးတွေ စီရရီ ဝိုင်းထိုင်နေကြတဲ့အခါ ထမင်းဝိုင်းကလေးတစ်ခု ချက်ချင်း ဖြစ်သွားတယ်။
ဆင်းရဲသားမောင်နှမတွေ ထမင်းစားပွဲပေါ်မှာတော့ ဒန့်ကျွဲရွက်ဟင်းလေးတစ်ခွက်တည်း ခြောက်ကပ်ကပ်။
“အစ်ကိုကြီး ဘာဖြစ်တာလဲ”
ထမင်းမစားဘဲ ငြိမ်ငြိမ်လေးရပ်နေတာတွေ့လို့ မလှသိန်း သူ့အစ်ကိုကြီး လှမိုးကို မေးလိုက်တယ်။ လှမိုးထံက ဘာသံမျှ ထွက်မလာ။
“ဟာ … အစ်ကိုကြီး နင် နေပြီ”
အလတ်ကောင်လှမောင်က သောက်ရေအိုးထဲက ရေကို အုန်းမှုတ်ခွက်ကလေးနဲ့ ဖျတ်ခနဲ သွားခပ်ယူပြီး အစ်ကိုကြီးလှမိုးကို ရေတိုက်လိုက်တယ်။ လှမိုး လည်းချောင်းထဲ တစ်ဆို့နေတဲ့ ထမင်းလုတ်ကြီးမှာ ရေအေးအေးလေးနဲ့ ဝမ်းဗိုက်ထဲသို့ လျှောဆင်းသွားလေပြီ။
လှမိုး တစ်ချက်ပြုံးပစ်လိုက်တယ်။
“မင်းတို့ မေတ္တာရေကြောင့် ထမင်းလုတ်ကြီး ကျသွားပြီဗျို့”
ညီအစ်ကိုမောင်နှမတွေ အကုန်လုံး ရယ်လိုက်ကြတယ်။
သည်ညတော့ ခြံစည်းရိုး ပြင်ဆင်ပြီးပြီမို့ ဝက်တွေအတွက်လည်း စိတ်ချရသွားကြပြီပေါ့။ အလုပ်ကလည်း မနားမနေ လုပ်ထားကြတော့ ပင်ပန်းကြ တယ်လေ။ စောစောပဲ အိပ်ပစ်လိုက်ကြတယ်။
ကိုလှမိုးမှာ ခါတိုင်းညတွေလို စာတောင် မကျက်ဖြစ်ခဲ့။
ဘဝအမောကြားမှာ လှုပ်ရှားနေကြရတဲ့လူတွေအတွက် နားချိန်ဆိုတာ အိပ်စက်ချိန်လေးပါပဲ။
xxx xxx xxx
“ကွိ … ကွိ … ကွိ … ကွိ … ကွိ … ကွိ”
“ကွိ … ကွိ … ကွိ … ကွိ … ကွိ … ကွိ”
မောင်နှမတွေ ကမူးရှူးထိုးပါပဲ။ တဲပေါ်က ပြေးဆင်းလိုက်ကြပြီး ဝက်ခြံနား ချက်ချင်းရောက်သွားကြတယ်။ လက်နှိပ်ဓာတ်မီးနဲ့ပဲ ဝက်ခြံအနှံ့ လိုက်ထိုးကြည့်လိုက်ကြတယ်။
“ကုန်ပြီကွာ”
“ဟုတ်တယ် အစ်ကိုကြီး ဝက်ကလေးနည်းနည်းပဲ ကျန်တော့တယ်”
ညီမလေးနဲ့ ညီလေးတွေရဲ့ မျက်နှာပြင်နုနုလေးတွေ ငိုမဲ့မဲ့ ဖြစ်သွားကြတယ်။
“အစ်ကိုကြီး … ဒီမှာဗျာ … ဒီမှာ ကြည့်ပါဦး”
လှမောင် လက်ညှိုးထိုးပြတဲ့နေရာသို့ လှမ်းကြည့်လိုက်ကြတယ်။
“ဟာ”
“ဟုတ်တယ် အစ်ကိုကြီး။ အဲဒါ တောခွေးတွေ လုပ်သွားကြတာလေ”
လှမိုးတို့ မောင်နှမတစ်စု မနေ့က ညနေမှာ ပင်ပန်းကြီးစွာခံပြီး စည်းရိုးအမြင့် ဆက်ထားတဲ့ ပိုက်ဟောင်းကြီးမှာ ကိုက်ဖြတ်ရာတွေ ဗလပွနဲ့ ဟောင်းလောင်းကြီး ဖြစ်နေရှာပါပကောလား။
“အဲဒါပြောတာပေါ့ကွာ။ ဒီကောင်တွေ ဉာဏ်နီဉာဏ်နက် တကယ်ရှိကြတာ။ ဒါကြောင့် အကောက်ဉာဏ်ကြီးတဲ့ လူကို မြေခွေးလိုလူစားမျိုးလို့ ပြောကြဆိုကြတာပေါ့ကွာ”
လှမိုးတို့မောင်နှမတစ်တွေမှာ အရမ်းစိတ်မကောင်း ဖြစ်သွားကြတယ်။ မျက်နှာပြင်နုနုလေးများပေါ်မှာဝေဒနာပုံရိပ်တွေ ထက်ဟပ်သွားကြလေပြီပေါ့။
“ကဲ … ဒီတစ်ခါ တို့ဝက်ခြံကို ဘာမှမလုပ်နဲ့တော့။ ဝက်ကလေးတွေကိုပဲ တဲပေါ် တင်သိပ်မယ်။ မနက်လင်းရင် ခြံထဲပို့ပြီး ဝက်မကြီးတွေဆီမှာ နို့စို့ခိုင်းမယ်”
ညီလေးတွေက အစ်ကိုကြီးနဲ့ အစ်မကို ဝိုင်းကြည့်ကြတယ်။ ဝက်ခြံ မီးဖိုမှ မီးအလင်းရောင်ကြောင့် တစ်ယောက်မျက်နှာတစ်ယောက်တော့ မြင်နေကြရတယ်။ မျက်နှာပြင်လေး အသီးသီးမှာတော့ ဝေဒနာခြေရာတွေက ထင်ဟပ်နေကြတယ်။ ကြေကွဲမျက်နှာတွေပါပဲ။
“ဟုတ်တယ်နော် အစ်ကိုကြီး။ လယ်လုပ်တော့ ဝက်စားတယ်၊ ဝက်မွေးတော့ တောခွေးဆွဲတယ်၊ လုပ်တာတွေ ဘာမှ အရာမထင်ဘူး။ ပင်ပန်းတာသာ အဖတ်တင်တယ်”
အားငယ်မှုတွေ ဘယ်လောက်ထိ နှလုံးသားမှ ထင်ဟပ်နေတယ်ဆိုတာ မလှသိန်း စကားသံလေးမှာ ပေါ်လွင်နေတယ်။
“ဘဝဆိုတာ အဲလို စိတ်ပျက်လို့မရဘူး ညီမလေး။ အောင်မြင်ချိန်ကျရင် အောင်မြင်လာမှာပေါ့။ ခု တို့ဘဝက အကျပိုင်း ရောက်နေလို့ပေါ့ကွာ။ ကဲ … ညီမလေးနဲ့ညီလေး တဲမှာ စပါးထည့်တဲ့ ခွဲတောင်းတွေ ရှိတယ်မဟုတ်လား”
“ဟုတ်ကဲ့ … ရှိပါတယ်”
မလှသိန်းနှင့် လှမောင်တို့ တဲသို့ပြန်ပြီး ခွဲတောင်းသုံးလုံး ယူလာကြတယ်။ လှမိုး ဝက်ခြံတွင်းသို့ ဝင်လိုက်တယ်။
လှမိုးက ဝက်ကလေးတွေကို တကောင်ချင်း လှမ်းအကိုင် ဝက်ကလေးတွေ ကြောက်လန့်တကြား ထအော်ကြတယ်။ လှမိုး ဝက်ကလေးတွေကို ၃ ကောင်စီခွဲပြီး ခွဲတောင်း ၃ လုံး မျှထည့်ပေးလိုက်တယ်။ ဝက်အော်သံတွေက ဆူညံနေကြတယ်။
သားသမီး သံယောဇဉ်ကြောင့် ဖြစ်တည်တဲ့ သောကမီးတွေဟာ ဝက်မတွေရင်ထဲ ဘယ်လောက်ထိ ပူလောင်လေမလဲ။
ညီလေး သုံးယောက်က ခွဲတောင်းတစ်လုံး၊ ညီမလေးက ခွဲတောင်းတစ်လုံး၊ လှမိုးကိုယ်တိုင် ခွဲတောင်းတစ်လုံးနဲ့ သယ်ပြီး ဝက်ကလေးတွေကို တဲပေါ်မှာ တင်ထားလိုက်ကြတယ်။
“တို့အဖြစ်က ဆဒ္ဒန်ဆင်မင်းဇာတ်ထဲကလို ဖြစ်နေပြီကွာ”
“လေးနဲ့ခွင်းသူဟာ အဝေးက ရန်သူမဟုတ်ဘူး။ မိမိအနီးမှာရှိတဲ့ ရန်သူဟာ သောနုတ္တိုရ်ပဲလို့ မင်းဆဒ္ဒန် ပြောခဲ့တယ်လေ”
ညီလေးတွေနဲ့ ညီမလေးက အစ်ကိုကြီးမျက်နှာကိုကြည့်ပြီး အာရုံစူးစိုက် နားထောင်နေလိုက်ကြတယ်။
“တို့အဖြစ်ကလည်း ဒီလိုပဲလေ။ ရန်သူက အဝေးက မဟုတ်ဘူး။ ဒီတောင်ခြေမှာကျက်စားနေကြတဲ့ တောခွေးကောင်တွေပဲ”
မျက်နှာလေးတွေ မရွှင်ပျနိုင်ရှာကြ။ လူသူမနီးတဲ့ တောကြီးထဲမှာ တောခွေးရန်ကြောင့် လှမိုးတို့မောင်နှမတွေမှာ ကြီးစွာသော ဒုက္ခဆင်းရဲ ခံနေကြရ ပေပြီကော။
xxx xxx xxx
မနက်စောစော အချိန်လေးပါပဲ။
ရှင်နေမင်းရဲ့ အလင်းရောင်ကတော့ ကမ္ဘာလောကကြီးကို နှုတ်ဆက်စပြုပြီ။
“သားတို့ရေ … သမီးရေ”
လယ်ကွင်းကလေးအလွန် တောင်ခြေတောစပ်ထဲက အဖေကြီး ကိုထွန်းစိန်ရဲ့ခေါ်သံတွေ ပီပီသသ ထွက်ပေါ်နေတယ်။ လှမိုးတို့ မောင်နှမတွေမှာ အဖေကြီး ပိုက်ဝင်လာတာနဲ့ အိပ်ကောင်းခြင်း အိပ်ခဲ့ကြရတာမို့ မိုးလင်းလို့တောင် မထနိုင်ရှာကြ။
“သားတို့ရေ … သမီးရေ”
နောက်တစ်ကြိမ် ခေါ်သံကြားမှ လှမိုး အိပ်ရာကထပြီး ညီလေးတွေနဲ့ ညီမလေးကို နှိုးပြီး အဖေကြီးခေါ်သံကြားရာသို့ ပြေးလိုက်သွားကြတယ်။
ရေတံငါကြီး ကိုထွန်းစိန် သည်တစ်ခါတော့ တောလိုက်မုဆိုးအသွင် ရောက်ခဲ့ပါပေါ့လား။ ဝက်ကိုင်းမှာ တန်းလန်းကြီး မိနေတဲ့ တောခွေးကောင် သူခိုးကြီးဟာ ကိုထွန်းစိန်ရဲ့လှံချက်ကြောင့် ထုတ်ချင်းခတ်ဖောက်ထွက်ကာ လှံဖျားဟာ မြေပြင်မှာ မတ်မတ်စိုက်နေလေတယ်။
ကိုထွန်းစိန်ဟာ လှံရင်းကို လက်နှစ်ဖက်နဲ့ မြဲမြဲကိုင်ပြီး ဖိထိုးထားရင်း သားသမီးတွေကို နှုတ်ခမ်းပိတ် လျက် မိန့်မိန့်ကြီး ပြုံးပြနေတယ်။
“သားတို့ သမီးတို့ရေ၊ ဒီသူခိုးဓားပြတွေ ဒီလိုအထိနာသွားရင် တို့ခြံနားကို မပြောနဲ့။ ဒီတော ဒီတောင်မှာတောင် မနေရဲတော့ဘူး။ တောပြောင်းကြတော့မှာလေ”
သားသမီးတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ချစ်သော အဖေကြီးကို ပြေးဖက်လိုက်ကြလေတော့တယ်။
ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း
အတွဲ (၃၇)၊ အမှတ်(၁)၊ ၂ဝ၂၁၊ ဇန်နဝါရီလ
Uncategorized