ကြယ်နီ
အဟောသုခံ
(၁)
ယနေ့လည်း ကိုဒေါင်းစိန် အစောကြီးနိုးသည်။ သို့သော် ခါတိုင်းလို ထိုင်းမှိုင်းပျင်းရိစွာဖြင့် အိပ်ရာထဲ၌သာ အပျင်းဆန့်မနေတော့၊ ဖျတ်လတ်ပေါ့ပါးစွာသာ သူ ထလိုက်သည်။
ယနေ့ သူ့၌ လုပ်စရာတွေ အများကြီးရှိသည်။ သူ့တွင်သာလော၊ မဟုတ်။ မယ်စိန်လည်း တစ်နေ့လုံး လက်မချရအောင် လုပ်ရဦးမည်။
သူ့သား ဒီလုံးလည်း အအားနေရမည် မဟုတ်။
သူ့ချုံသုံးချုံလုံးကို အားလုံးပိတ်ဆို့ကာ ငါးများကို ဖမ်းယူပြီးပြီဖြစ်ရာ ငါးပတ် ခေါင်းဖြတ်နှင့် ဒိုး စသော ကုန်ငါးများကို ကုန်သည်များသို့လည်းကောင်း၊ ငါးဖယ်များကို ဖောက်သည်ငါးအဖြစ် ငါးစိမ်းသည်မကြီး မမယ်ရင်သို့လည်းကောင်း ချိန်ရောင်းခဲ့၏။
သို့သော် ကောင်သေးငါးများနှင့် ငါးကျည်း၊ ငါးရံ့များကိုမူ ငါးစိမ်းအဖြစ်နှင့် မရောင်းဟုဆိုကာ မယ်စိန်က ချန်ထားခဲ့သည်။
မှန်သည်၊ ငါးရံ့ကို ငါးစိမ်း ရောင်းတာထက် ငါးရံ့ခြောက်လုပ်ပြီး ရောင်းက ငွေပိုရမည်။ ငါးကျည်းကိုလည်း ငါးစိမ်းရောင်းတာထက် ကျပ်တိုက်ပြီး ငါးကျည်းကျပ်တိုက်ခြောက်အဖြစ်ရောက်မှ ရောင်းလျှင် ငွေပိုရမည်။
ထိုနည်းတူ ကောင်သေးငါးများကိုလည်း ငါးစိမ်းရောင်းတာထက် ငါးပိလုပ်ပြီး လယ်သမားများထံမှ စပါးနှင့် သွား၍ဖလှယ်လျှင် မိုးတွင်းအတွက် စားဖို့ ဝမ်းစာစပါး အလုံအလောက်ရနိုင်သည်။
ငါးစိမ်းအဖြစ် ရောင်းတာထက် ကုန်လုပ်ပြီးရောင်းတာက လူပို၍ ပင်ပန်းတာတော့ မှန်သည်။ သို့သော် ပို၍ အကျိုးရှိမည်ဆိုက ပို၍ပင်ပန်းသည်ကို သူတို့ ဂရုမစိုက်ပါ။
သူ့ချုံသုံးခြုံမှ ငါးအတော်များများ တက်လိုက်သည်ဖြစ်ရာ ထိုငါးများကို ကုန်လုပ်ရန်အတွက် သူတို့တစ်တွေ တစ်နေ့လုံး မအားအောင် လုပ်ကြရမည်။
သူ့အဖို့ဆိုလျှင် မိုးလင်းသည်နှင့်တစ်ပြိုင်နက် မယ်စိန် ငါးကျည်းကျပ်တိုက်ရန်အတွက် ငါးကျည်းကျပ်စင် ဆောက်ပေးရမည်။ ထင်းများ ပေါက်ပေးရမည်။ ငါးပိစင် ဆောက်ရမည်။ ငါးပိ နင်းရမည်။ ငါးပိ ဆားကူးရမည်။
မယ်စိန်ဆိုလျှင်လည်း ညတုန်းက ခွဲထားသော ငါးရံ့များကို နေထုတ်လှန်းရမည်။ လှောင်ထားသော ငါးကျည်းအရှင်များကို နေထုတ်လှန်းပြီး ကျပ်တိုက်ရမည်။
ပြောရာမှာ စကားလုံးနည်းလှသော်လည်း လုပ်ရမှာ လက်ဝင်လှသည်မို့ ဒီလုံးကိုပင် အအားမထားနိုင်ဘဲ တောက်တိုမည်ရ ကူညီလုပ်ခိုင်းရမည်။
ဤသို့ တစ်နေ့လုံး မအားအောင် လုပ်ရမည်ဖြစ်သော်လည်း ထိုလုပ်ရမည့် အလုပ်များအတွက် သူ့စိတ်ထဲ၌ ဝန်လေးပင်ပန်းခြင်းတော့ မဖြစ်မိ။ သူ့လုပ်ငန်းမှ ထိုက်သင့်သော အကျိုးအမြတ်ရဖို့မှာ သေချာနေပြီဖြစ်ရာ မျှော်လင့်ချက်ကလေးနှင့် စိတ်အားပင် တက်ကြွနေမိသေးသည်။ သူ့စိတ်မှာ ရွှင်မြူးနေ၍ သူ့တစ်ကိုယ်လုံးမှာလည်း ဖျတ်လတ် ပေါ့ပါးနေသည်။
သူသည် မီးခွက်ကို ထွန်းညှိလိုက်ပြီးနောက် လက်ဖက်ရည်အိုးကိုဆွဲကာ ရေသွားဖြည့်၏။ နောက် ဖိုပေါ်တွင် တည်ထားလိုက်ကာ မျက်နှာသွားသစ်၏။ မျက်နှာသစ်ရာတွင် ဖြည်းဖြည်းလေးလေး အေးအေးဆေးဆေးနှင့် ဇိမ်ဆွဲ၍ သစ်ခဲ့သောကြောင့် မျက်နှာသစ်ပြီး၍ လက်ဖက်ရည်အိုးကို သွားကြည့်သောအခါတွင် ဆူပွက်နေပေပြီ။ သူသည် လက်ဖက်ခြောက်ခတ်ကာ ဖိုပေါ်တွင်ပင် နှပ်ထားလိုက်၏။
နောက် သူသည် မယ်စိန်နှင့် ဒီလုံးကိုပါ သွားနှိုး၏။ သူတို့လည်း နိုးထလာကာ မျက်နှာသစ်ပြီး နောက်တွင်ကား သားအမိ သားအဖသုံးယောက်သား လက်ဖက်ရည်ကြမ်း ဝိုင်းဖွဲ့ကြ၏။
မယ်စိန်ကား လက်ဖက်ရည်ကြမ်းကို နှစ်ခြိုက်သော်လည်း စွဲစွဲလမ်းလမ်း သောက်တတ်သူမဟုတ်။ တစ်ခွက်ကောင်း နှစ်ခွက်ကောင်းလောက် သောက်ပြီးလျှင် ကျေနပ်သွားတတ်သည်။
ကိုဒေါင်းစိန်ကတော့ တစ်အိုးလုံးကို တစ်ယောက်တည်း ကုန်အောင် သောက်နိုင်သည်သာမက တစ်နေ့လုံးတည်ပေးလျှင် တစ်နေ့လုံး ထိုင်သောက်နိုင်သူဖြစ်သည်။
ဒီလုံးမှာလည်း လက်ဖက်ရည်ကြမ်း သောက်ရာတွင် ဖခင်၏ ခြေရာကို နင်းလိုက်မည့်သူပင်။
မယ်စိန်သည် လက်ဖက်ရည်ကြမ်းနှစ်ခွက်ကို တစ်ခွက်ပြီးတစ်ခွက် ခပ်သွက်သွက် သောက်ချလိုက်ပြီးနောက် ဆေးပေါ့လိပ်တိုကလေးကို မီးသွားညှိကာ ဇိမ်နှင့် သောက်ရှူနေ၏။ သူမက လက်ဖက်ရည်ကြမ်းကို စွဲစွဲလမ်းလမ်းမဟုတ်သော်လည်း ဆေးပေါ့လိပ်ကိုတော့ မသောက်ရ မနေနိုင်အောင် စွဲလမ်းနေသူဖြစ်၏။
“ထမင်းကိုသာ အငတ်ခံနိုင်မည်၊ ဆေးပေါ့လိပ်ကိုတော့ အငတ်မခံနိုင်ဘူး တော်ရေ့”
ဟူ၍ လည်းကောင်း …
“မစောညိမ်း ဆေးပေါ့လိပ်ကလေးသာ သောက်နေရမယ်ဆိုရင် ထမင်းကိုတောင် မေ့ပါရဲ့”
ဟူ၍လည်းကောင်း သူမက ပြောလေ့ရှိသည်။
ကိုဒေါင်းစိန်နှင့် ဒီလုံးတို့ကတော့ လက်ဖက်ရည်ကြမ်းကို တစ်ခွက်ပြီး တစ်ခွက် ဇိမ်ဆွဲ၍သောက်နေကြ၏။ ပထမတွင် လက်ဖက်ရည်ကြမ်းကို မက်မက်မောမော လောဘဇောဖြင့် ကုန်း၍ ကျုံး၍ သောက်နေရသောကြောင့် စကားမပြောနိုင်အားသေး။ သုံးခွက်လောက် ဆင့်သောက်ပြီး၍ အရှိန်ကလေးရသွားမှ စကားပြောလိုစိတ်ဖြင့် မယ်စိန်အား မော်ကြည့်လိုက်ကာ –
“မယ်စိန်ရေ့ တို့တစ်တွေကိုတော့ ကုသိုလ်ကံကလေး ထောက်မ,လာပြန်ပြီကွဲ့။ ခုအတိုင်းဆိုရင်တော့ ကံတရားဟာ တို့အပေါ်မှာ တယ်ပြီး မရိုင်းလှပါဘူးကွယ်။ တစ်နှစ်မှာ ၁၂ လရှိတဲ့အနက် ၁၁ လမှာ ဒုက္ခနဲ့ချည်း ကြုံခဲ့ရပေမဲ့ တစ်လလောက် အချိန်ကလေးမှာ အသက်ရှူသာခွင့်ကလေး ရရုံလောက် ချမ်းသာသုခကို ပြန်ပေးဖော်ရသေးလို့ တော်ပါသေးရဲ့။ ငါတော့ တစိမ့်စိမ့်တွေးပြီး ပျော်နေတယ်လေ”
ကိုဒေါင်းစိန်၏အသံမှာ ပျော်ရွှင်စွာဖြင့် လွင်နေ၏။ ကိုဒေါင်းစိန်၏ မျက်လုံးမှာလည်း ပျော်ရွှင်ခြင်းကြောင့် အရောင်တောက်နေသည်။ ပျော်ရှာပေမည်။ ဆင်းရဲဒုက္ခဟူ၍ လုံးဝမတွေ့ကြုံဖူးဘဲ ချမ်းသာသုခ၏အလယ်မှာ အစဉ်အမြဲ စံပယ်နေရသူများအဖို့မူ တော်ရုံတန်ရုံ သုခကလေးလောက်နှင့် တုန်လှုပ်ချောက်ချားမည် မဟုတ်သော်လည်း ဆုံလည်နွားပမာ ဒုက္ခသံသရာ ဝဲဂယက်အတွင်းဝယ် တဝဲလည်လည်နှင့် နေရသူများအဖို့မူ တစ်ကြိမ်တစ်ခါ ကြုံကြိုက်လာသော ဘာမဟုတ်သည့် အဆင်ပြေမှု သုခကလေးကိုပင် အဟုတ်ကြီးထင်ကာ ငမ်းငမ်းတက် ရွှင်မြူးလာရခြင်းမှာ သဘာဝကျသည်။
“တစ်နှစ်လုံးလုံးမှာဆိုမှ ဒီလိုအချက်ကောင်းမျိုး တစ်ကြိမ်လောက် မကြုံရင်လည်း ဒေါင်းစိန်ရယ် သေ သေရချည်ရဲ့။
အင်းလေ မပြားကြီးလည်း ပြောဖူးသားကပဲ။ ဒီလူ့ဘုံကြီးဟာ ဒုက္ခဘုံကြီးပါပဲတဲ့။ သူပြောတာလည်း ဟုတ်မှာပါပဲ။
ကျုပ်တို့ကို ကြည့်ပါလား။ တွေ့လိုက်ရတဲ့ ဒုက္ခတွေ ဒုက္ခတွေဆိုတာ ပြောမဆုံးပေါင် တောသုံးထောင် ဆိုသလို ကျနေတာပဲ။ ဒုက္ခဘုံကြီးထဲ လူလာဖြစ်ကြရလို့ ဒီဒုက္ခတွေကို ဒါလောက်များများ တွေ့နေကြရတယ် ထင်ပါရဲ့တော်”
မယ်စိန်ကလည်း မခေလှပါ။ ကိုဒေါင်းစိန်၏စကားကို သူ ကြားဖူးနားဝရှိသမျှ တရားသဘောကလေးနှင့် ပြန်ကြား၍ ပြောနိုင်ခဲ့သည်။ သို့သော် သူ့တရားသံကလေးထဲ၌ ညည်းညူသံကလေး အနည်းငယ်ပါသွားသည်ကို သတိပြုမိသော ကိုဒေါင်းစိန်က မယ်စိန်အား နှစ်သိမ့်သောအားဖြင့်
“အေးဟဲ့၊ ဒါပေမဲ့ တို့အဖို့ သုခဘက် တစ်ကြိမ် ပြန်လည်လာပြီမို့ အားငယ်စရာမရှိတော့ပါဘူးကွယ်” ဟု အားပေးလိုက်၏။
(၂)
မိုးစင်စင်လင်းပေပြီ။
ကိုဒေါင်းစိန်သည် ပုဆိန်ကိုဆွဲ၍ အိမ်ပေါ်မှ ခုန်ဆင်းလိုက်ကာ ချုံဆို့ပြီး၍ သူ့ချုံမှ သယ်ယူလာသော မန်ကျည်းတုံးများကို ခွမ်းခနဲ ခွမ်းခနဲ ပေါက်ခွဲနေ၏။
မယ်စိန်ကလည်း အအားမနေဘဲ ညတုန်းက ခွဲထားသော ငါးရံ့များကို ရေဆင်းဆေးကာ နေထုတ်လှန်းနေသည်။
ဒီလုံးကမူ ထမင်းဟင်းချက်ပြုတ်ဖို့ တာဝန်ကျနေသည်။
နှစ်နာရီလောက် အရပ်အနားမရှိဘဲ ထင်းတုံးများကို ပေါက်ခွဲလိုက်သောအခါ ထင်းခြမ်းအတော်များများ ထွက်လာ၏။ မယ်စိန် ငါးကျည်းကျပ်တိုက်နိုင်လောက်သည်အထိ ထင်းခြမ်းများ လုံလောက်စွာရပြီဖြစ်သဖြင့်လည်း ထင်းပေါက်ခြင်းကို သူ တစ်ခန်းရပ်နားလိုက်၏။
ချမ်းအေးလှသည့် ဆောင်းကာလ၏ နံနက်ခင်းပင်ဖြစ်သော်လည်း အလုပ်ကြမ်း၏ အကျိုးသက်ရောက်မှုကြောင့် သူ့တစ်ကိုယ်လုံး ချွေးများဖြင့် ဖုံးနေ၏။ သို့သော် သူသည် မောပန်းနွမ်းလျခြင်းမရှိ။ တစ်ခုပြီး၍တစ်ခုကို ဆက်လုပ်ရန်သာ စိတ်ထက်သန်နေ၏။
ဘာကို လုပ်ရမလဲ။ သူ့ကိုယ်သူ ပြန်မေး၏။ မယ်စိန် ငါးကျည်းကျပ်တိုက်ဖို့ ကျပ်စင်ဆောက်ရမည်ဟု အဖြေထွက်လာ၏။ ချက်ချင်းပင် လက်ထဲမှ ပုဆိန်ကို လွှတ်ချလိုက်ကာ ပေါက်တူးကို ကောက်ကိုင်၏။
သူ့လုပ်ငန်းမှ ထိုက်သင့်သော အကျိုးအမြတ်ရရှိဖို့ သေချာနေပြီဖြစ်သောကြောင့် မျှော်လင့်ချက်နှင့် စိတ်တက်ကြွလျက်ရှိသဖြင့် ကိုယ်လက်တို့မှာ ပေါ့ပါးနေ၏။ အလုပ်ကို စိတ်ဝင်စားစွာ၊ စိတ်အားထက်သန်စွာ ပြုလုပ်ခြင်းဖြစ်သောကြောင့်လည်း အလုပ်မှာ တွင်ကျယ်၏။
သူသည် မယ်စိန် ငါးကျည်းကျပ်တိုက်ဖို့ ကျပ်စင်ဆောက်ရန်အတွက် သူ့အိမ်နောက်ဘက်ရှိ ရှင်းလင်းထားသော မြေပြန့်တွင် ပေါက်တူးကို မြှောက်ကာ မြှောက်ကာ မြေကြီးကို ပေါက်ဆွနေ၏။ အနံနှစ်ပေ၊ အလျားလေးပေခန့်ရှိသော မြေနေရာကွက်တွင် တစ်ထွာခန့် အစောက်ရှိသော ချိုင့်ဝှမ်းအဖြစ်သို့ရောက်အောင် မြေကြီးကို ပေါက်ထုတ်မိမှ သူ ရပ်နား၏။
တစ်ဆက်တည်းပင် ဝါးလုံးတိုင်တို လေးတိုင်ကို ယူကာ မြေချိုင့်ဝှမ်း၏ ထောင့်လေးထောင့်တွင် တစ်တိုင်စီ လိုက်စိုက်၏။ ပြီးလျှင် ဝါးလုံးတန်းများဖြင့် တစ်တိုင်နှင့်တစ်တိုင်ကို တန်းပစ်ဆက်သွယ်ကာ အပေါ်မှနေ၍ ယင်းခင်းပြီး နှီးချက်များဖြင့် အခိုင်အမာ ချည်နှောင်လိုက်ခြင်းအားဖြင့် ငါးကျည်းကျပ်စင်မှာ တစ်နာရီအတွင်း ပြီးစီးသွားရ၏။
ဘုန်းကြီးကျောင်းမှ စည်ကြီးမှာ ကိုးချက် တီးနေပေပြီ။ သို့သော် သူ အနား မယူလိုသေး၊ လုပ်စရာတွေကား များပြားလှသေးသည်။ တစ်ခုပြီးတစ်ခု ဇယ်စက်သလို ဆက်ကာ ဆက်ကာ လုပ်နိုင်မှ တန်ကာကျမည်။
ကိုင်း ဒါဖြင့် လုပ်စရာ ဘာများကျန်သေးသလဲ။
ဪ… ငါးပိစင် ဆောက်ရပါဦးမည်။
ဟုတ်သည်။ ငါးပိစင်ကိုတော့ ဆောက်မှဖြစ်မည်။ သူ့ချုံသုံးချုံမှ ရထားသော ကောင်သေးငါးများမှာ အတော်များသည်ဖြစ်ရာ ထိုငါးများကို ငါးပိလုပ်ရန်အတွက် ငါးပိစင်ကို ဆောက်မှဖြစ်မည်။
ဤမျှ များပြားသော ငါးများကို ငါးပိစင်မဆောက်ဘဲ ပြီးစလွယ် ငါးပိလုပ်လျှင် ငံပြာရည်များ လေကုန်ကာ မရလိုက်ဘဲ ရှိမည်။ ပြီးတော့လည်း ငါးပိစင်ကြီးနဲ့ ဟိန်းလို့ဆိုတော့ ဒေါင်းစိန်တို့မှာ ငါးပိတွေရောင်းဖို့ရှိတယ်ဟေ့ဆိုတာ မကြေညာရဘဲနှင့် လူသိနိုင်သည်။ ဂုဏ်သိက္ခာလည်းရှိသမို့ ကြွားလည်း ကြွားနိုင်သည်။
ဟော ကျုပ်ငါးပိစင်မှာ ငါးပိလေးငါးရာလောက်ရှိတာမို့ ဝယ်သူများရှိရင် ညွှန်လိုက်စမ်းပါလို့ လူတွေ့တိုင်း အသားယူပြီး ပြောလိုက်ရလျှင် ဘယ်လောက် အရသာထူးလိုက်မလဲ။ ဒါကြောင့် ငါးပိစင်တော့ ဆောက်ဖြစ်အောင် ဆောက်မှ… ဆောက်ဖြစ်အောင် ဆောက်မှ။
အတွေးနောက် အလုပ်ကပါလာသည်။ ကိုယ်လက်များမှာ စက်တပ်ထားသလို သွက်လက်စွာ လှုပ်ရှားနေသည်။
ထမင်းဟင်း ချက်ပြုတ်ပြီးပြီဖြစ်သော ဒီလုံးကလည်း သူ့အလုပ်ကို လာရောက်ကူညီပြီး လုပ်ကိုင်နေသဖြင့် သူ့အလုပ်မှာ ပို၍တွင်ကျယ်လာသည်။
ငါးကျည်းကျပ်စင်နှင့် မနီးမဝေးနေရာတွင်ပင် နှစ်ယောက်သား တိုင်စိုက်ရန် တူးရွင်းငန်းပြားများဖြင့် တွင်းတူးကြ၏။ ထိုတွင်းများပေါ်တွင် ဝါးတိုင်များကို စိုက်ထူလိုက်ကြ၏။ တစ်တိုင်နှင့်တစ်တိုင် ဆက်ကာ ဆက်ကာ ဝါးလုံးတန်းများဖြင့် တန်းပစ်ဆက်သွယ်ပြီး ငါးပိပုံရန်အတွက် အပေါ်မှ ယင်းခင်းလိုက်၏။
ငါးပိမှ ကျလာသော ငံပြာရည်ကို အောက်မှနေပြီး ခံယူရန်အတွက် ငါးပိစင်အောက်တွင် သက်ငယ်များကို တစ်ဖက်တစ်ချက် နှိမ့်လျှောခင်းပြီး ထိုသက်ငယ်နှစ်ဖက် အစပ်ဆုံရာ အောက်ကမှ ဝါးပိုးခြမ်းကို ပြုလုပ်ထားသော ရေတံလျှောက်ကို တပ်ဆင်ထား လိုက်သည်။
ငါးပိစင်ဆောက်လုပ်ပြီးသည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ပြရာမှာ မကြာသော်လည်း လုပ်ရာတွင်မူ သုံးနာရီတောင် ကြာသွားသည်။ ဒါတောင် ဝါး၊ သက်ငယ်၊ နှီး စသော ပစ္စည်းဝတ္ထုများ အဆင်သင့်ရှိ၍တစ်ကြောင်း၊ သူကိုယ်တိုင်မှာ စိတ်ဝင်စားစွာ စိတ်အားထက်သန်စွာပြုလုပ်သဖြင့် အလုပ်တွင်ကျယ်၍တစ်ကြောင်း၊ ဒီလုံး၏ အကူအညီကို ရရှိ၍တစ်ကြောင်း၊ ဤသုံးနာရီအချိန်ခန့်နှင့် ပြီးစီးသွားခြင်း ဖြစ်သည်။ နို့မဟုတ်လျှင် သည်အချိန်ကလေးလောက်နှင့် ဘယ်ပြီးနိုင်မလဲ။
ဟိန်းနေအောင် ဆောက်လုပ်ပြီးသော ငါးပိစင်ကြီးကို ကြည့်ရင်း ကြည့်ရင်း ထိုငါးပိစင်ကြီးပေါ်တွင် မြင်းမိုရ်တောင်လောက်ပမာဏရှိသည့် ငါးပိပုံကြီးကို ထင်မြင်လာသည်။
ဟင်္သာတအနီးရှိ နတ်မှော်ရွာမှ နှုတ်ခမ်းမွေးကားကားနှင့် ငါးပိကုန်သည်ကြီး ဦးဘညွန့်ကိုလည်း သူ့မျက်စိထဲတွင် မြင်ယောင်လာသည်။
ဟိုတုန်း ဟိုတုန်းကဆိုလျှင် သည်လူကြီးမှာ သူတို့လို ငါးပိအနည်းငယ်မျှသာ ရောင်းနိုင်သူများကို အဖက်ပင်မလုပ်။ အဖက်လုပ်ပြီး ဝယ်ပြန်တော့လည်း မဖြစ်စလောက်ကလေးမို့ဆိုကာ ဈေးနှိမ့်ချပြီး ဝယ်တတ်သည်။
ငါးပိများများ ထားနိုင်သည့် အင်းသားကြီးများဆိုလျှင်တော့ သူက အောက်ကျို့ရသည်။ အင်းသားကြီးများ ဆိုသမျှဈေးနှင့် သူ ဝယ်ရသည်။
ဒီတစ်ခါ ဒေါင်းစိန်မှာ ငါးပိများများရှိတယ်ကြားလျှင် သူ ဒိုင်းခနဲရောက်လာပြီး သူ့အား မျက်နှာချိုသွေးပေလိမ့်မည်။ ဒါပေမဲ့ ဘာရမလဲ သာဝရာ။ ဒေါင်းစိန်တို့ကတော့ ခံခဲ့ရလွန်းလို့ ပါးနေပါပြီ။ ကျုပ်ငါးပိဟာ ရောင်းဖို့မဟုတ်ဘူးဗျ။ ကုန်းတက်ပြီး လယ် သမားတွေဆီမှာ ငါးပိနဲ့ စပါး လျှောက်ဖလှယ်မယ်။ ပြီးတော့မှ စပါးကို ပြန်ရောင်းရင် ကျုပ်တို့ နှစ်ထပ်ကွမ်းမြတ်မှာဗျလို့ ပြန်ပြောလိုက်မှာပေါ့။ ဒီစားပေါက်ကို ဒေါင်းစိန်တို့လည်း သိထားပြီးပါဆိုတာ သူ သိသွားအောင်လေ။
အို… အတွေးနဲ့ စိတ်ကူးယဉ်နေလို့ မဖြစ်သေးပါ။ လုပ်စရာတွေ များလှသေးသည်။ ဘာကိုဆက်ပြီး လုပ်ရပါ့မယ်။
သို့သော် … အလို မွန်းတည့် ၁၂ နာရီ စည်ကြီးတောင် မြည်ဟည်းနေပါပကော။
သည်တော့မှ ဝမ်းကဟာ၍ ထမင်းဆာလာသည်။ မယ်စိန်ကလည်း အိမ်ပေါ်မှလှမ်း၍ ထမင်းစားဖို့ သတိပေးနေသည်။ အင်း.. ထမင်းကိုတော့ စားလိုက်ဦးမှပါပဲလေ။
အိမ်ပေါ်တက်၍ ထမင်းစားနေစဉ်မှာပင် စိတ်က ထမင်းပွဲမှာမရှိဘဲ အလုပ်ဆီသာ ရောက်နေသဖြင့် ဘာဟင်းနဲ့ စားနေသည်ကိုပင် သူမသိလိုက်။ ထမင်းဝခါနီးမှာမှ ငါးရိုးက စူးလိုက်သေးသဖြင့် မျက်လုံးမျက်ဆန် ပြူးနေသည်။ သူ့အကြောင်း အတွင်းသိ အစင်းသိ ဖြစ်နေသော မယ်စိန်က သူ့အဖြစ်ကိုကြည့်၍
“ကာလနာကတော့ သည်းမိရင် သူများနဲ့ကို မတူဘူး”
ဟု ကောင်းချီးသြဘာ ပေးလိုက်လေသည်။
(၃)
ထမင်းဝခဲ့ပါပြီ။
ငါးရိုးစူးသည့်အတွက် ကိုလေးဖိုးကွန့်ထံမှ ရေမန်းကိုလည်း တောင်းသောက်ပြီးပါပြီ။ ရေမန်း၏အစွမ်းကြောင့်ပဲလား၊ ဒါမှမဟုတ် ငါးရိုးကပဲ သူ့အလိုလို ကျချင်နေ၍လား မသိ။ လည်ချောင်းတွင်း၌ စူးဝင်နေသော ငါးရိုးမှာ ရေမန်းကို သောက်ပြီးသည်၏ အခြားမဲ့၌ ဝမ်းတွင်းသို့ ကျဆင်းသွားပါပြီ။
ထမင်းစားအပြီး လက်ဖက်ရည်ကြမ်းကလေး တစ်အိုးလောက် သောက်လိုက်ချင်သေးသော်လည်း အချိန်ကုန်ပြီး အလုပ်မပြီးမည်ကို စိုးရွံ့သောကြောင့် လက်ဖက်ရည်ကြမ်း သောက်လိုသော အာသာဆန္ဒကို မျိုသိပ်ချုပ်တည်းထားရရှာသည်။
နေနှင့်ဦးပေါ့လေ။ အလုပ်အားလုံး ပြီးစီးခါမှ သားမယားစုံညီစွာနှင့် လက်ဖက်ရည်ကြမ်း ဝိုင်းဖွဲ့ပြီး ပျော်လိုက်ရဦးမှာပေါ့။
မယ်စိန်ကား ဒီလုံး၏အကူအညီဖြင့် ရေထဲ၌ လှောင်ထားသော ငါးကျည်းအရှင်များကို ခြင်းတောင်းနှင့်ထည့်ကာ ကုန်းပေါ်သို့ သယ်တင်ပြီး မြေကြီးပေါ်တွင် ခင်းထားသော ယင်းတစ်ချပ်ပေါ်သို့ လောင်းချကာ နေလှန်းနေသည်။ ငါးကျည်းများကား နေပူရှိန်ကြောင့် မခံမရပ်နိုင်ဖြစ်ကာ တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့ရင်း ခုန်ပျံနေကြသည်။
ငါးများကို ကျီးထိုးသုတ်မည်စိုးသည့်အတွက် ဒီလုံးလောက် သူငယ်ကလေးတစ်ဦးကို သားရေခွတစ်လက်နှင့် ကျီးခြောက်ရန် ထိုင်စောင့်ခိုင်းထားရသည်။ ထိုသူငယ်ကလေး၏ အနီးတွင် ကျန်ရှိသည့် သားငယ်၊ သမီးငယ်များက ဝန်းရံကာ တုတ်တစ်ချောင်းဖြင့် ငါးကျည်းများကို ထိုးဆွရင်း ဆော့နေကြသည်။
ကလေးငယ်တစ်ယောက်ကား ငါးကျည်းများကို တုတ်ဖြင့် ထိုးဆွကာ ဆော့နေရာမှ ယင်းအပြင်ဘက် မြေပြင်သို့ ခုန်ထွက်လာသော ငါးကျည်းတစ်ကောင်ကို ဖမ်းယူရန် သူ့လက်ကလေးဖြင့် သွားကိုင်လိုက်၏။ ချက်ချင်းပင် ထိုငါးကျည်းက ဆူးတောင်ကို ကားထောင်လိုက်ကာ ကိုယ်ကို တွန့်လိမ်ခုန်ပျံပြီး ခတ်လိုက်ရာ ထိုကလေး၏လက်ကို ငါးကျည်းဆူးတောင်ဖြင့် ခတ်မိသွား၏။ ထိုကလေးငယ်ကား နာကျင်လွန်းလှ၍ စူးရှစွာ အော်ဟစ်ငိုကြွေးတော့၏။
မယ်စိန်ကား ငါးကျည်းအရှင်များကို တစ်ကောင်ပြီးတစ်ကောင် သယ်တင်နေရာမှ ထိုအဖြစ်ကို မြင်လိုက်ရ၏။ တစ်နေ့လုံး လက်မချရအောင် လုပ်နေရသည့်အတွက် မောမောနှင့် စိတ်တိုနေစဉ်မို့ ငါးကျည်းစူးမိသော ကလေးငယ်ကို သနားကြင်နာရမည့်အစား ဒေါသကလေးပင် ထွက်လာမိ၏။
“ဟဲ့ ကာလနာလေးရဲ့ ၊ ငါးကျည်းကို သွားကိုင်ရင် စူးတတ်တယ်ဆိုတာ နင် မသိဘူးလား။ ငို… ငို… သေအောင်ငို”
ဟုလည်း ကြမ်းတမ်းစွာ ရေရွတ်လိုက်၏။
ကိုဒေါင်းစိန်ကား ရှေ့ရေးအတွက် တွေးတောအားတက်ပြီး မင်္ဂလာယူနေချိန်မို့ ဤအမင်္ဂလာအသံကို မကြားလိုပေ။ သူသည် ရန်ပြေမာန်ပြေသဘောမျိုးဖြင့် ငါးကျည်းစူးထားသော ကလေးငယ်၏ လက်ကလေးကို သူ့ပါးစပ်တွင်းသို့ သွတ်သွင်းကာ ကြင်နာယုယစွာ စုပ်ပေးလိုက်ရာ ကလေးငယ်မှာ အငိုတိတ်သွားတော့၏။
သည်တော့မှ သူ့အလုပ်ကို ဆက်ရန်ပြင်ဆင်ရ၏။
လုပ်စရာ ဘာများ ကျန်နေသေးပါလိမ့်။
အင်း… ငါးပိနင်းရဦးမှာပါကလား။
သွေးအေးသွားပြီဖြစ်၍ အလုပ်ကိုပြန်ဆက်ရမှာ လေးကန်တွန့်ဆုတ်နေမိသော်လည်း စိတ်ကိုဆောင်ကာ အားကို တင်းလိုက်၏။ ကမ်းစပ်တွင် ဝါးလုံးတိုင် တစ်တိုင်စိုက်ကာ ထိုတိုင်နှင့်ကပ်၍ စည်ပိုင်းတစ်လုံးကို နေရာချထားလိုက်၏။ ထိုစည်ပိုင်းထဲသို့ ပုပ်နေပြီဖြစ်သော ကောင်သေးငါးများကို လောင်းထည့်၏။ ထို့နောက် သူ့ ခြေထောက်နှစ်ဖက်တွင် စစ်သားများ ခြေပတ်ပတ်သကဲ့သို့ ဂုန်နီစုတ်ဖြင့် ခြေဖဝါးမှ ဒူးဆစ်အထိ ပတ်စည်းပြီး အပေါ်မှ အုန်းဆံကြိုးနှင့် သေချာခိုင်မြဲစွာ စည်းနှောင်လိုက်၏။
စည်ပိုင်းထဲမှ ငါးပုပ်များကို သူ့ခြေထောက်နှစ်ဖက်ဖြင့်နင်းကာ နင်းကာ မွှေနှောက်သည့်အခါတွင် ငါးရိုးများ၊ ဆူးတောင်များ မစူးနိုင်ရန်အတွက် သူ့ခြေထောက်နှစ်ဖက်ကို ဂုန်နီစုတ်ဖြင့် ပတ်စည်း ကာကွယ်ထားရခြင်းဖြစ်သည်။
သူသည် စည်ပိုင်းဘေးမှ ဝါးလုံးတိုင်ကို ထိန်းကိုင်ထားကာ စည်ပိုင်းတွင်းသို့ ဝင်လိုက်၏။ စည်ပိုင်းထဲရှိ ငါးပုပ်များကြားထဲသို့ သူ့ခြေထောက်နှစ်ဖက်စလုံး ဒူးဆစ်နားအထိရောက်အောင် ‘စွပ်’ခနဲ မြုပ်ဝင်သွား၏။
နောက် သူသည် ခြေထောက်နှစ်ဖက်ကို ဘယ်ညာမှန်မှန်ဖြင့် ‘စွပ်’ ခနဲ ‘စွပ်’ ခနဲ နင်းကာ နင်းကာ မွှေနှောက်နေ၏။
ဤကဲ့သို့ နင်းကာ နင်းကာ မွှေနှောက်လိုက်သောအခါဝယ် ငါးပုပ်များမှ အပုပ်နံ့များမှာ ထောင်းခနဲ ထွက်လာသည်။
ဤငါးပိနင်းရသည်မှာ ဒူးဆစ်အထိ မြုပ်နေသော ရွှံ့နွံများအကြားဝယ် တစ်လှမ်းပြီးတစ်လှမ်း အားခဲပြီး လှမ်းနေရသလို ရှိသည်မို့ ဒူးဆစ်ချောင်ပြီး အားကုန်လှသည်။ အပုပ်နံ့များမှာလည်း သူ့နှာခေါင်းထဲသို့ စူးရှစွာ တိုးဝင်လာနေသည်မို့ ခေါင်းထဲကပင် ကိုက်ချင်လာသည်။ ချွေးများမှာလည်း တစ်ကိုယ်လုံး စိုရွှဲလာသည်အထိ ထွက်လာကြသည်။ သို့သော် ထုသားပေသား ရနေပြီမို့ သည်ဒဏ်ချက်တွေကို မတုန်မလှုပ် ခံယူသည်။
ငါးပိကို အတော်ကလေးကြာကြာ နင်းလိုက်၍ အရှိန်ရပြီး သွေးပူလာပေအခါ သူ့အလုပ်လုပ်ဟန်မှာ သွက်လက်လာ၏။ မာန်ပါလာ၏။ သူ့မျက်နှာမှာလည်း စိတ်အားထက်သန်သော အရိပ်အယောင်ကလေးများ ယှက်သန်းလာသည်။
ဘာလဲဟဲ့ ယောက်ျားဘာသား… အရိုးကြေကြေ အရေခန်းခန်း မရှောင်တမ်း လုပ်လိုက်မယ်။ မတ်တတ်ကလဲပြီး သေပွဲဝင်ချင် ဝင်သွားပေစေ။
တစ်ချက်ပြီးတစ်ချက် ခပ်မှန်မှန်နင်းနေသော ခြေထောက်များမှာ ဒေါမာန်ပါပြီး စည်းချက်မှန်လာသည်။ တက်ကြွလာသော စိတ်ဓာတ်ကြောင့် ရင်ထဲမှာ မြူးပြီး ကြွရရွကလေး ဖြစ်လာသည်။ ရင်ထဲမှာဖြစ်ပေါ်နေသော တက်ကြွရွှင်မြူးသည့် စိတ်ဓာတ်ကို ပါးစပ်မှတစ်ဆင့် အပြင်သို့ ဖွင့်ထုတ်ချင်စိတ်မှာ ထိန်းမနိုင် သိမ်းမရ ရှိလာသည်။
တယ်လေ… လူကြီးတန်မဲ့နဲ့ သီချင်းကိုဟစ်ပြီး ဆိုလိုက်ရ မကောင်းဘဲ ရှိရော့မယ်။
ပြောလို့သာ ပြောရ၊ ဘယ်သီချင်းကိုမှ သူက ဟုတ်တိပတ်တိ မရ။ ဒါကြောင့် မယ်စိန်ရှိရာသို့သာ လှမ်းကြည့်လိုက်သည်။
မယ်စိန်မှာ ငါးကျည်းကျပ်တိုက်ရန်အတွက် ငါးကျည်းကျပ်စင်အောက်တွင် မီးမွှေးနေလေပြီ။ သူလည်း သူ့အလုပ်နှင့် သူမို့ တကုပ်ကုပ်ဖြင့် မအားရအောင် ရှိနေရှာသည်။
ဪ… မယ်စိန်… မယ်စိန်။
၁ဝ မိနစ်ခန့် နင်းပြီးသောအခါ သူသည် စည်ပိုင်းအပြင်သို့ ပြန်ထွက်ကာ ဒီလုံးအား ဟစ်ခေါ်လိုက်၏။ ဒီလုံးကလည်း ခြင်းတောင်းတစ်လုံးကို လက်တွင် ကိုင်စွဲကာ အပြေးရောက်လာပြီးနောက် စည်ပိုင်းထဲတွင် နင်းခြေထားသော ငါးပုပ်များကို ခြင်းတောင်းဖြင့်ခပ်ယူကာ ရေထဲဆင်းပြီး လှုပ်ခါ၍ ဆေးနေ၏။
ငါးကြေးခွံများနှင့် အညှီအဟောက် အညစ်အကြေးများလည်း ခြင်းကြားမှ ထွက်ခွာသွားပြီး သန့်စင်ဖြူဖွေးနေသော ငါးအပုပ် အပိုင်းအစ အကျိုးအကြေများသာ ခြင်းတောင်းထဲတွင် ကျန်ရစ်ခဲ့သည်။
ထိုအခါ ဒီလုံးသည် ခြင်းတောင်းကိုထမ်းကာ ငါးပိစင်ပေါ်တွင် သွားပုံ၏။
ရေစစ်သွားမှ ဤငါးပိစင်ပေါ်တွင် ဆားကူးကာ ပုံထားရမည်။ ဒီတော့မှလည်း ငါးပိအဖြစ်သို့ ရောက်မည်။
စည်ပိုင်းထဲမှ ငါးပုပ်များအားလုံး ဆေးကြောကာ စင်ပေါ်သို့ ပုံပြီးသောအခါ နောက်ထပ် နင်းခြေခြင်းမပြုရသေးသော ငါးပုပ်များကို စည်ပိုင်းထဲထပ်ဖြည့်ကာ နင်းခြေရပြန်သည်။
(၄)
နေဝင်သွားလေပြီ။
အပုပ်ခံထားသော ကောင်သေးငါးများကို တစ်နေ့ခင်းလုံး စည်ပိုင်းထဲတွင် နင်းခြေကာ ဆေးကြောသန့်စင်ပြီးလေပြီ။ ဆေးကြောသန့်စင်ပြီးသော ငါးပုပ်အပိုင်းအစ အကျိုးအကြေများအားလုံး ငါးပိစင်ပေါ်တွင် ပုံပြီး ရေစစ်ထားရာ ယခု ရေစစ်သွားလေပြီ။ ဆားကူးလိုက်လျှင် ငါးပိအဖြစ်သို့ ရောက်တော့မည်။
သို့သော် ကိုဒေါင်းစိန်ကား အပြင်းအထန်လုပ်ကိုင်ခဲ့သည့် ဒဏ်ချက်ကြောင့် ဒူးမခိုင်ဘဲ ယိုင်နေ၏။ ခြေလက်များမှာ အားမရှိသလို နုံးချည့်နေ၏။ မျှော်လင့်ချက်ကလေးများနှင့် အားတက်သောစိတ်က ဆောင်နေ၍သာ လှုပ်ရှားသွားလာနိုင်သေးသည်။
သူသည် အလုပ်အားလုံးပြီးစီးခါမှ ည ထမင်းစားမည်ဟု အားခဲကာ ငါးပိဆားကူးရန် ဒီလုံးကိုခေါ်၍ စင်ပေါ်သို့ တက်လိုက်၏။ စင်ပေါ်တွင် မီးခွက်ကြီးတစ်လုံးကို ညှိထွန်းကာ ဆားကူးရန် ပြင်ဆင်ကြသည်။
ကိုဒေါင်းစိန်သည် လက်ယက်နှစ်ခုကို လက်တစ်ဖက်စီတွင် ကိုင်တွယ်ပြီး ငါးပုပ်အနည်းငယ် ယက်ထုတ်လိုက်၏။ ဒီလုံးက ဆားအိတ်ထဲမှ ဆားကို ဇလုံဖြင့်ခပ်ယူကာ အလောတော်ဖြူးပေးလိုက်ရာ ကိုဒေါင်းစိန်သည် ငါးပုပ်နှင့် ဆား သမသွားအောင် လက်ယက်နှစ်ဖက်ဖြင့် မွှေနှောက်ပြီးနောက် တစ်ဖက်ထောင့်သို့ တွန်းပို့လိုက်၏။ ဒါကိုပင် ငါးပိဆားကူးသည်ဟု ခေါ်ခြင်းဖြစ်၏။
ငါးပုပ်ပုံထဲမှ နောက်ထပ် အနည်းငယ် ယက်ထုတ်လိုက်၊ ဆားကူးလိုက်၊ တစ်ဖက်ထောင့်သို့ တွန်းပို့လိုက်ဖြင့် ငါးပုပ်ပုံကြီး ကုန်သည့်တိုင်အောင် ဆားကူးပြီးသောအခါတွင် ငါးပုပ်ပုံကြီးအဖြစ်မှ ငါးပိပုံကြီးအဖြစ်သို့ ကူးပြောင်းသွား၏။
ပွရောင်းရောင်းဖြစ်နေသော ငါးပိပုံကြီးကို ငါးပိယောက်မဖြင့် အပေါ်ဘက်ရော နံဘေးတစ်လျှောက်ပါ အထပ်ထပ်ရိုက်ပေးလိုက်သောအခါ ကျစ်လျစ်သိပ်သည်းသော ငါးပိပုံကြီး ဖြစ်သွားတော့သည်။
ငါးပိပုပ်များမှာ ဆားထိလိုက်သောအခါ အရည်ဖြစ်ပြီး ငါးပိစင်အောက်သို့ လျှောကျလာကာ နိမ့်လျှောခင်းထားသော သက်ငယ်ပေါ်မှတစ်ဆင့် ရေတံလျှောက်ထဲသို့ စီးကျလာကြ၏။ ဤငါးပိမှ စီးကျလာသောအရည်များကိုပင် ငံပြာရည်ဟု ခေါ် သည်။
ကိုဒေါင်းစိန်သည် ရေတံလျှောက်မှ စီးကျလာမည့် ငံပြာရည်များကို ခံယူရန် အင်တုံကြီးတစ်ခုကို ရေတံလျှောက်အဝအောက်၌ ခံထားလိုက်သည်။ ။ သည်ငံပြာရည်များကို နေပူထဲပစ်ထားပြီး နေလှန်းထားလိုက်လျှင် အရောင်ကလေး နီရဲလာပြီး အနံ့ ကလေးကလည်း သင်းပျံ့လာမည်။ မိုးတွင်းအတွက် ငံပြာရည်ဝမ်းစာတော့ လုံလောက်ရောပေါ့။ ဆားရည်တွေရောထားတဲ့ အပေါစား ငံပြာရည်မျိုးမဟုတ်။ ငါးပိအသားထဲမှ စီးကျလာတဲ့ ငါးပိငံပြာရည်စစ်စစ်လေ။
မိုးတွင်းအတွက် ဝမ်းစာငါးပိကိုတော့ ဤငါးပိပုံအထဲမှ ထားမည်မဟုတ်။ ဤငါးပိပုံမှာ ရောင်းတမ်းအတွက်သာ ပြုလုပ်ထားခြင်းဖြစ်၏။ သူတို့ မိုးတွင်းစားဖို့အတွက် ဝမ်းစာငါးပိမှာ ပထမချုံ တစ်ပြန်ဖော်ပြီးကတည်းကပင် ပြုလုပ်သိုမှီးသိမ်းဆည်းပြီးလေပြီ။ သည်လို ငါးနုပ်၊ ငါးဖွဲများကို ပြုလုပ်ထားသော ငါးပိမဟုတ်။ ငါးကျည်း၊ ငါးပြေမ၊ ငါးရံ့လုံး ငါးသုံးမျိုးကိုစပ်၍ ပြုလုပ်ထားသော သုံးဦးစပ်ငါးပိဖြစ်သည်။
ငါးပိလုပ်ပုံမှာလည်း ဤကဲ့သို့ ခြေထောက်များဖြင့် ရွံစရာကောင်းလောက်အောင် နင်းခြေဆေးကြောပြီး ပြုလုပ်ထားခြင်းမျိုးမဟုတ်။
ပထမ ထိုငါးသုံးမျိုးကို အပုပ်ခံပြီးနောက် လက်ဆုံတစ်ခုထဲတွင်ထည့်ကာ ဆားသင့်လျော်ရုံဖြူးပြီး ခါးကျိုးရုံကလေးလောက် ထောင်းလိုက်သည်။ ပြီးတော့မှ ထိုငါးပိကို အတုံးကလေးများတုံးကာ နေပူထဲတွင် နှစ်နေ သုံးနေလောက် လှန်းထားလိုက်သေးသည်။
နောက်တစ်ဖန် လက်ဆုံမှာထည့်ပြီး ထမနဲကလေး အနည်းငယ်ရောထောင်းကာ အိုးထဲမှာ ထည့်သိပ်ထားလျှင် အနံ့ကလေးသင်းပြီး အရောင်ကလေးကို ဝင်းလို့ပေါ့။ အဲဒီငါးပိမျိုး စားရရင်တော့ တခြားဟင်းမပါရင် နေပါစေ။
ဒါပေမဲ့ ခက်လိုက်ပုံက မိုးတွင်းလည်း ရောက်ကရော ကျပ်လွန်းလို့ စားဖို့ထားတဲ့ အဲဒီသုံးဦးစပ်ငါးပိကို ထုတ်ရောင်းပြီး အခြားအပေါစား ငါးပိတွေကိုသာ ရှာကြံစားနေရတာက ခက်လှသည်။ ဒီနှစ်တော့ ဒီအဖြစ်မျိုး မရောက်တန်ကောင်းပါဘူးလေ။
သူ ပြုလုပ်ဖွယ် လုပ်ငန်းများကို ကျေနပ်လောက်အောင် ပြုလုပ်ပြီးစီးပြီးဖြစ်သဖြင့် သူနှင့် ဒီလုံးတို့သည် ညထမင်းစားရန် အိမ်ပေါ်သို့ တက်ခဲ့ကြ၏။ မယ်စိန်ကား ငါးကျည်းကျပ်စင်နံဘေး၌ ထိုင်ကာ ငါးကျည်းများကို ကျပ်တိုက်နေသည်။
သူတို့သားအဖနှစ်ယောက်သည် ညထမင်း စားသောက်နေစဉ်မှာပင် ရွာထဲမှ ကုန်သည်ပေါက်စကလေးတစ်ယောက် ငါးကျည်းကျပ်တိုက်ခြောက်နှင့် ငါးရံ့ခြောက်ဝယ်ရန် ရောက်ရှိလာသည်။
သူသည် မယ်စိန် ငါးကျည်းကျပ်တိုက်နေရာသို့ သွား ရောက်ကာ အရောင်းအဝယ်စကားဆိုနေ၏။ ကိုဒေါင်းစိန်တို့ ထမင်းစားသောက်သော နေရာနှင့် အလှမ်းသိပ်မဝေးလှသဖြင့် သူတို့ပြောစကားများကို ကိုဒေါင်းစိန် ကြားနေရ၏။
“ဗျို့ ဒေါ်မယ်စိန်၊ ခင်ဗျားငါးရံ့ခြောက်နဲ့ ငါးကျည်းကျပ်တိုက်ခြောက် ရောင်းမယ်လားဗျို့
“ရောင်းဖို့လုပ်ထားတဲ့ဟာပဲ၊ ရောင်းမှာပေါ့ဟဲ့”
“ကိုင်း … ဒါဖြင့် ဘယ်ဈေးလဲ ။ ဆို… ဈေးသင့်မြတ်ရင် အခုထဲက စရန်ပေးထားပြီး အားလုံးခြောက်မှ လာချိန်မယ်”
“အို … အခု မရောင်းသေးပါဘူး။ အားလုံးပြီးစီးမှ ဈေးသာရာ ရောင်းစားမှာပေါ့။ ငါ့ ငါးကျည်းခြောက်က ပေါက်မချည်းပဲ။ အသေးတစ်ကောင်မှ မပါဘူး။ ပြီးတော့ ကျပ်ကိုလည်း ကုန်သည်ကြိုက် ‘ကျပ်ဖောင်း’တိုက်ထားတာမို့ အကောင်ကလေးတွေ ဖောင်းဖောင်းကားကားနဲ့ လှလည်း လှတယ်။
ကျပ်တိုက်တဲ့နေရာမှာလည်း မချန်ဘဲ ကျပ်ကုန်အောင် တိုက်ထားတာမို့ ခြောက်လည်းခြောက်တယ်။ တခြား ငါးကျည်းကျပ်တိုက်ခြောက်တွေလို ကျပ်ရောင်ကလေး နည်းနည်းပြပြီး နေလှန်းထားတဲ့ “တိုင်ပတ်” ငါးကျည်းကျပ်တိုက်ခြောက်မျိုး မဟုတ်ဘူး။ ဒါကြောင့် အများဈေးထက် ပိုရမှ ရောင်းနိုင်မယ်”
“ဟုတ်ကဲ့… ရောင်းတဲ့အခါကျတော့လည်း ကျွန်တော့်ကို နှုတ်ဆက်ပြီးမှ ရောင်းပေါ့ဗျာ။ အများဈေးထက်တော့ ပိုရမှာပေါ့”
ကိုဒေါင်းစိန်၏ မျက်နှာကား ကြည်နူးရိပ်ဖြင့် ပြုံးယောင်သန်းလာသည်။ ဤရွာ၌ မပြားကြီးနှင့် မယ်စိန်မှာ ကုန်လုပ်ကောင်းကြသည်။ သူတို့ပြုလုပ်ထားသော ကုန်ဆိုလျှင် အခြားသူများ၏ ကုန်ထက် ဈေးပိုဝယ်ရသည်။
ငါးကျည်းကျပ်ဆိုလျှင် အခြားသူများက ကျပ်ရောင်ကလေး နည်းနည်းပြပြီး နေလှန်းထားတာကိုပင် ငါးကျည်းကျပ်တိုက်ခြောက်လုပ်ပြီး ရောင်းကြသည်။ ဤငါးကျည်းကျပ်တိုက်မျိုးကို “တိုင်ပတ်” ငါးကျည်းကျပ်ဟု ဘွဲ့ထူးပေးထားကြသည်။
အကြောင်းကတော့ ခါးလယ်မှနေ၍ ချိုးလိုက်လျှင် ချွမ်းခနဲ ကျိုးမသွားဘဲ ကွေးညွှတ်ပြီးသာ ပါလာတတ်သည်ဖြစ်ရာ တိုင်ကိုပတ်လျှင်ပင် ပတ်မိနိုင်၏။
မယ်စိန်တို့ကတော့ ဤသို့ ဉာဏ်မကူ။ ကျပ်ကုန်အောင် တိုက်ထားသည်ဖြစ်ရာ တချွမ်းချွမ်းမြည်အောင် ခြောက်သယောင်းနေသည်။ “တိုင်ပတ်” ငါးကျည်းကျပ်မျိုးမှာ အလျော့တွက်များ၍ စားရာမှာလည်း မကောင်း။ ကြာကြာထားလျှင်လည်း မှိုတက်တတ်သည်။
ကျပ်ကုန်အောင်တိုက်ထားသော မယ်စိန်တို့ ငါးကျည်းကျပ်မျိုးမှာ အလျော့တွက်နည်းသည့်ပြင် စား၍လည်း ကောင်းသည်။ ကြာကြာလည်း အထားခံသည်။ ဒါကြောင့်ပင် မယ်စိန်တို့၏ ငါးကျည်းကျပ် ဆိုလျှင် ဈေးပိုဝယ်ရသည်။
မယ်စိန်ကလည်း သူပြုလုပ်ထားသော ကုန်များနှင့်
ပတ်သက်၍ အမြဲတစေ ဤသို့ ဂုဏ်ယူပြောဆိုတတ်သည်။
“ကုန်ကို ကောင်းကောင်းလုပ်ပြီး ဈေးကောင်းရအောင် ရောင်းမယ်” တဲ့။
(၅)
လပြည့်နေ့မို့ လမင်းသည် ပြည့်ဝစွာ ထွန်းလင်းနေသည်။ ကြည်အေးသော လရောင်ခြည်သည် ကမ္ဘာမြေပြင်အနှံ့ လွှမ်းခြုံပိုက်ထွေးကာ ယုယနေသည်။
မျက်နှာ ကြီးငယ်မလိုက်ဘဲ သူ၏ရောင်ခြည်ကို အညီအမျှ ပေးဝေဖြန့်ဖြူးနေသည်ဖြစ်ရာ သမ္မတ၏ စံအိမ်တော်သို့ ရောင်ခြည်ကို ရက်ရောစွာ သွန်းလောင်းပေးဝေနေသလိုပင် ဆင်းရဲသား လူ့ကပ်ပါး၏ တဲစုတ်ပေါ်သို့လည်း အနှမြောမရှိ ပက်ဖျန်းပေးနေသည်။
ကိုဒေါင်းစိန်တို့ မိသားတစ်စု ဝိုင်းဖွဲ့ကာ ငါးကျည်းကျပ်တိုက်ရာ ကျပ်စင်သို့လည်း လရောင်ခြည်မှာ ရောက်သည်သာ ဖြစ်သည်။
ကိုဒေါင်းစိန်၏ သားငယ် သမီးငယ်များမှာ ကျပ်စင်ခုံဘေးတွင် ခင်းထားသော ကျူထရံထက်၌ ကိုဒေါင်းစိန်နှင့် မယ်စိန်ကို ဝိုင်းဖွဲ့ကာ အချို့ကား တုံးလုံးလျောင်းလျက်၊ အချို့ကား ထိုင်ငိုက်မျဉ်း အိပ်စက်နေကြသည်။
နေ့လယ်တုန်းက ငါးကျည်းစူးမိသော ကလေးငယ်မှာမူ ကိုဒေါင်းစိန်၏ ရင်ခွင်တွင်း၌ ခိုဝင်ကာ အိပ်စက်နေသည်။
မယ်စိန်သည် ကျပ်စင်ပေါ်မှ ငါးကျည်းများကို ကျပ်စင်အောက်မှ မီးပြင်းပြင်းထိုးကာ ကျပ်တိုက်ပြီးပြီဖြစ်၍ ယခု မီးရှိန်ကိုလျှော့ကာ မီးခဲရဲရဲဖြင့် နှပ်ထားလိုက်သည်။
သည်လို ပထမမီးကို ခပ်ပြင်းပြင်းထိုးကာ ကျပ်တိုက်ပေးမှလည်း ငါးကျည်းများမှာ ဖောင်းကားလာကာ ကုန်သည်ကြီးများကြိုက်သော ကျပ်ဖောင်းငါးကျည်း ဖြစ်မည်။
သို့သော် ငါးကျည်းများ ဖောင်းကားလာပြီးသည့်နောက် မီးရှိန်ကို မလျှော့ဘဲ တစ်ဆက်တည်း မီးပြင်းတိုက်လိုက်လျှင် ကျွမ်းကုန်မည်ဖြစ်၍ မီးရှိန်လျှော့ကာ မီးခဲရဲရဲဖြင့် နှပ်ထားရခြင်းဖြစ်သည်။
သူ့အလုပ်ကိုသာ စိတ်ဝင်စားစွာလုပ်ကိုင်နေ၍ စကားမဆိုအားဘဲ ရှိနေသော မယ်စိန်သည် ယခုမှ အနားရတော့ပြီ ဖြစ်သဖြင့် ပတ်ဝန်းကျင်တွင် အာရုံပြန်လည်လာ၏။
သည်တော့ ငါးကျည်းကျပ်စင်အနီးတွင် ကိုဒေါင်းစိန်အတွက် မီးခဲရဲရဲဖြင့် နှပ်ထားသော လက်ဖက်ရည်ကြမ်းအိုးကို သတိရမိသဖြင့် လှမ်းယူကာ ကိုဒေါင်းစိန်အနီးသို့ ချပေးလိုက်၏။
လရောင်ခြည်ပက်ဖျန်းထားသော ပတ်ဝန်းကျင်ရှုခင်းမှာ ကြည်နူးဖွယ်ကောင်းလှသည်။ နေ့လယ်နေ့ခင်းတုန်းက အကျည်းတန်လှသော အရာဝတ္ထုများသည်ပင် မင်ငွေရောင်မှုန်းခြယ်ထားသဖြင့် ဂုဏ်မြောက်အောင် လှနေကြသည်။ လူသံသူသံ ဆိတ်သုဉ်းနေပြီဖြစ်သော သည်လိုညဉ့်အချိန်မှာ ညဉ့်၏ဂီတအဖြစ် ထွက်ပေါ်လာနေသော ကြက်တွန်သံကလေးများကကော ကြည်နူးစရာ မကောင်းပါလား။
ဆောင်းလေအပင့်တွင် ငါးပိစင်မှ ပျံ့လွင့်ထွက်နေသော အပုပ်နံ့နှင့် ငါးကျည်းကျပ်စင်မှ ကျပ်ခိုးနံ့ကလေးများကို ရှူရှိုက်နေရခြင်းသည်ပင် အနိဋ္ဌာရုံအဖြစ် မထင်မြင်မိဘဲ ကိုဒေါင်းစိန်၏စိတ်ကို နှစ်သိမ့်ချမ်းမြေ့စေသည်။ ခုည သောက်ရသော လက်ဖက်ရည်ကြမ်း၏ အရသာမှာလည်း ခါတိုင်း ခါတိုင်းနှင့် မတူဘဲ သူ့လျှာပေါ်တွင် အရသာပိုထူးနေသလိုလိုပင်။
ကိုဒေါင်းစိန်၏ ရင်တွင်း၌ကား ကြည်နူးစိတ်ဖြင့် ပြည့်သိပ်နေ၏။ သူ၏ မူလ စိတ်ဓာတ်ခံမှာ ကြည်နူးနေစဉ်အခါမို့ မြင်ကြား ထိတွေ့ရသမျှ အာရုံများကိုလည်း သူ့စိတ်နှလုံးကို ကြည်နူးစေသည့် အာရုံများအဖြစ်သို့ သူ လက်ခံထားနိုင်ခြင်း ဖြစ်သည်။
တစ်နေ့တာလုပ်ငန်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လုပ်ကိုင်ပြီး၍ ယခုလို အနားယူရသည့်အခိုက်အခါမျိုး၌ သားမယားစုံညီစွာဖြင့် ဝိုင်းကြီးဖွဲ့ကာ သားငယ် သမီးငယ်များကို ဘယ်ညာပိုက်ထွေးထားရခြင်းမှာ ဘယ်လောက်ကြည်နူးစရာ ကောင်းပါသလဲ။ ဘယ်လောက် အရသာထူးလိုက်ပါသလဲ။
သူ့ဇနီး မယ်စိန်မှာ ခါတိုင်းထက် ပို၍လှကာ ပို၍လည်း ချစ်စရာကောင်းနေသည်ဟု သူ့စိတ်တွင် ထင်မှတ်လိုက်သေးသည်။ သူ့ကို ဝိုင်းဖွဲ့နေသော သူ့သွေးသား ကလေးများကို ငုံ့ကာ စောင်းငဲ့ကာ ကြည့်လိုက်ပြန်ပါတော့လည်း ခါတိုင်းထက်ပင် ချစ်စရာကောင်းနေ၍ အသနား အကြင်နာကလေးပင် ပိုလာမိသေးသည်။
ဪ… သူ့စိတ်နှလုံးဟာဖြင့် ဆီထိသော ဝါဂွမ်းလို နူးအိပျော့ပျောင်းလို့ပါကလား။
သူ့လုပ်ငန်းနှင့် ဆက်စပ်၍ သူ့ရှေ့ရေးကို တွေးတောလိုက်ပြန်သည့်အခါ၌လည်း ပျော်ရွှင်ကြည်နူးစရာများကိုသာ သူ မြင်နေသည်။
သူတို့၌ မိုးတွင်းအတွက် ငါးပိဝမ်းစာ၊ ငံပြာရည်ဝမ်းစာများ လုံလောက်အောင် ရရှိထားပါပြီ။ ဝမ်းစာစပါးတော့ မရှိသေး။
သို့သော် အရေးမကြီးပါ။
သူတို့၌ စပါးမရှိသော်လည်း ရောင်းငါးပိ လေးငါး ရာခန့် ရှိသေးသည်မဟုတ်လား။
လယ်သမားများတွင်ကား ဝမ်းစာစပါးအပြင် ရောင်း စပါး ပိုပိုလျှံလျှံရှိသော်လည်း သူတို့အတွက် အရေးကြီးသော ရိက္ခာတစ်ခုဖြစ်သည့် ငါးပိတော့ သူတို့၌မရှိပါ။ သူတို့လယ်သမားများကလည်း မိုးတွင်းအတွက် ဝမ်းစာငါးပိကို အလိုရှိတတ်သည်။ ဒီတော့ ငါးပိနဲ့ စပါး ဖလှယ်လိုက်ရုံပေါ့။
ကိုဒေါင်းစိန်၏ မျက်လုံးများသည် လရောင်ပက်ဖျန်းထားသော ငါးပိစင်ပေါ် ရှိ ငါးပိပုံကြီးဆီသို့ ရောက်သွားကြသည်။ ကြည့်၍မဝ၊ ရှု၍ မရောင့်ရဲသည့်နှယ် တစိုက်မတ်မတ် ကြည့်နေရာမှ ငွေရောင်ဖွေးနေသော ငါးပိပုံကြီးမှာ ရွှေရောင်ဝင်းနေသော စပါးပုံကြီးအဖြစ်သို့ ထူးဆန်းစွာ ကူးပြောင်းသွားသည်။
ရင်တွင်းမှ လှိုက်၍ လှိုက်၍ တက်လာသောပီတိဖြင့် သူက ကျေနပ်ကြည်နူးစွာ ပြုံးလိုက်သည်။
မယ်စိန်သည် ငါးပိပုံကြီးကို တစ်လှည့် ကိုဒေါင်းစိန်ကိုတစ်လှည့် အပြန်အလှန်ကြည့်နေရာမှ ကိုဒေါင်းစိန်၏အပြုံးကို မြင်လိုက်သောအခါ သူမကလည်း
ရောယောင်ပြုံးလိုက်သည်။
ငယ်ကပေါင်းခဲ့တဲ့ ငယ်ချစ်လင်မို့ ကိုဒေါင်းစိန် ဘာတွေတွေးပြီး ဘာကြောင့်ပြုံးသည်ကို သူမက ဗေဒင်မမေးရဘဲ အတပ်သိနေပါသည်။
“ဒီနှစ်အဖို့ ကျုပ်တို့ ဝမ်းစာစပါး မပူရတော့ဘူး။ ဝမ်းစာငါးပိ၊ ဝမ်းစာငံပြာရည်လည်း ရှိနေပြီလေ။ မိုးတွင်းအရေးအတွက်တော့ စိတ်အေးသွားရပြန်ပေါ့”
မယ်စိန်၏စကားကို လေးနက်စွာ ထောက်ခံသလို ကိုဒေါင်းစိန်သည် ပုတ်သင်ညို ရှုံးလောက်အောင် ဦးခေါင်းကိုညိတ်ကာ ပြလိုက်မိသည်။
မှန်သည်။
ဝမ်းစာစပါး၊ ဝမ်းစာငါးပိ၊ ဝမ်းစာငံပြာရည်များ လုံလောက်အောင် ရရှိပြီးတဲ့နောက်တော့ ဘာပူစရာ လိုပါသေးသလဲ။
ငါးကျည်းကျပ်တိုက်ခြောက်နှင့် ငါးရံ့ခြောက်ကို ရောင်းလိုက်လျှင် ငွေပိုငွေလျှံကလေးလည်း ထွက်လာဦးမည်မဟုတ်လား။
ဝမ်းစာစပါးနဲ့ ဘာနဲ့ ဆိုတော့ အိမ်နီးနားချင်းများသာမက ရပ်ဆွေရပ်မျိုးတွေကပါ သူတို့အား ဂရုတစိုက် ခေါ်ပြောနှုတ်ဆက်ကြပေတော့မည်။ အရေးပေးကြရတော့မည်။
နံနက် ဝေလီဝေလင်းအချိန်တိုင်း အိမ်တိုင်းစေ့ ဆွမ်းချက်ရန် လိုက်လံနှိုးဆော်ရသော နိဗ္ဗာန်ဆော် ဆရာကြီးဦးစိန်ပန်းသည် သူ့အိမ်သို့ ဂရုတစိုက် လာရောက်ကာ ဆွမ်းချက် ဆွမ်းလောင်းရခြင်း၏ အကျိုးအာနိသင်ကို တရားဓမ္မကလေး ဝေဝေဆာဆာနှင့် ဟောပြနှိုးဆော်ပေလိမ့်မည်။
ဟိုတုန်းကတော့ သူတို့ ဆွမ်းမချက်နိုင်မှန်းသိ၍ နိဗ္ဗာန်ဆော်ကြီးက သူတို့အိမ်ကို ကွင်းသွားတတ်သည်။
ရပ်ဆွေရပ်မျိုးတွေကလည်း သူတို့ကိုမြင်လျှင် ဆန်ချေးနိုး၊ ဆီချေးနိုး မှတ်ထင်ကာ မသိချင်ယောင် ဆောင်နေတတ်ကြသည်။
သည်နှစ်အဖို့တော့ သည်လူတွေအပေါ် သူက တစ်ပြန်တစ်လှည့် ပြန်မော်ရပေတော့မည်။
အဟောသုခံ …
ဪ… ချမ်းသာစွ၊ ဪ… ချမ်းသာစွ၊
ဪ.. ချမ်းသာစွ။ ။
ရှုမဝ၊ မတ်၊ ၁၉၅၃
-ပြီး-
စာရေးသူ – ကြယ်နီ
Uncategorized