August 1, 2025
Uncategorized

အိုလေ့ မောင်ဖုန်း မြင်စေချင်သည်

အိုလေ့ မောင်ဖုန်း မြင်စေချင်သည် (ဝတ္ထုတို) ✍️ နုနုရည် (အင်းဝ)

အရုဏ်ဦးက မှုန်ပြပြလေး လင်းနေသည်။ ထမ်းပိုးကို ပခုံးပြောင်း လိုက်ပြီး ပြေလျော့နေသော ဆံပင်ကို တပတ်လျှို လိုက်သည်။ နှင်းကြွင်းစလေးတွေ ဝေ့နေသည့်တိုင် ကုန်းတက် ကုန်းဆင်းတွေကို ခပ်မြန်မြန် လျှောက်ယင်းက ချွေးပြန်စ ပြုသည်။

အညာနွေဦးသည် ကုန်းသာမှာ စောစီးစွာ ရောက်နှင့် နေပေပြီ။ အရုဏ် ရောင်နီတွေက ယခုတော့လည်း လှနိုင်လွန်းပါပေ့။ နေ့ခင်းကျ ကပန်တော့လည်း အပူဒဏ်က တကယ့်ကို ကြောက်စရာ၊ မုန်းစရာ။

ကန်ပေါင် ထိပ်ဆီမှ လူရိပ်တွေကို မြင်တော့ မြလွင် အံအားသင့် သွားသည်။ ကြည့်စမ်း ကိုယ့်ကိုယ်ကို ဝီရိယ လွန်လှပြီ အောက်မေ့တာ။ ဘယ်သူတွေလဲ မသိ။ ဝီရိယ လွန်ရန်ကော။

ကန်လယ်ခေါင်မှ ရေနည်းနည်းလေးကို ကြည့်ပြီး မြလွင် မောသွားမိသည်။ ကန်ရေက တနေ့တခြား နည်းလိုက်နေပြီ။ နွေဦးပေါက်မှာ သည်လောက် နည်းနေလျှင်တော့ မလွယ်။ ဒီနှစ်က ပိုဆိုးသည် ထင်သည်။ မိုးက သိပ်ခေါင်သည့်ပြင် “လူရေ” “နွားရေ” အတွက် သည်ကန် တကန်ပဲ တရွာလုံး အားထား နေရသဖြင့် နွေဦးပေါက်မှာပင် ကန်ရေက ခန်းတော့မည်။

ဆိုင်းထမ်းတဲမှ ရေအိုး နှစ်လုံးကို မြေပတ်ကြားအက် ပေါ်တွင် အသာတည် လိုက်ရင်း နှစ်ခေါက်မျှ ပြန်နိုင်ပါဦး မလားဟု စိုးမိပြန်သည်။ ရေကလည်း အနည်မှုံတွေတောင် ထနေပြီ။

အုန်းမှုတ်နှင့် အသာ ခပ်ထည့်ယင်း အဖေနှင့် ဖိုးနီကို နှိုးခဲ့ရ ကောင်းမှာပဲဟု တွေးမိသည်။ နှိုးမည် ပြုပြီးမှ မနေ့က “သုံးတိုင်” ဝေးသော ကားလမ်းမသို့ သားအဖနှစ်ယောက် အသွားအပြန် လျှောက်ခဲ့ရသည်ကို သနားပြီး မနှိုးပဲ ထားခဲ့သည်။ အဖေ့ခမျာ ခြောက်တိုင်ခရီးကို နေပူကြီးထဲမှာ လျှောက်ခဲ့ရပေမယ့် ကားကြုံက သူမျှော်သည့် လူကြုံစကား မပါလာတော့ မျက်နှာက မကောင်း။

“ဘာဖြစ်လို့များ ပါလိမ့်ကွာ၊ မနှစ်ကလဲ တို့ မဟုတ်တာ ဘာမှ မလုပ်ပါဘူး၊ ဘာမှ မကျေမနပ်တော့ မရှိတန်ရာပါဘူး၊ ဒီနှစ် မခိုင်းတော့ဘူး ဆိုယင်တော့ ဒုက္ခဟေ့”

“ခိုင်းမှာပါ အဖေကလဲ စောသေးလို့ နေမှာပါ”

အဖေ့ကို နှစ်သိမ့်ရ သော်လည်း၊ သူများတွေ လှည်းနွား ပစ္စည်း ပြင်တာကြည့်ပြီး၊ မြလွင် ရင်ထဲမှာ ပူပင် နေမိသည်။ အဖေ့လို အပူမျိုးကို၊ နွေရောက်တိုင်း ကုန်းသာ၊ ရှာတော၊ ဆူးရစ်ကုန်း စသည့် ကျေးတောရွာ အားလုံး ပူပန်ရသည်ချည်း။ ဒီလို ပူကြရတာ ဟောဒီ ရေမထွက်တဲ့ ကျပ်တည်းမြေ တွေကြောင့်။

ပတ်ကြားအက် မြေမာတွေကို မြလွင် မုန်းတီးစွာ ကြည့်မိ၏။ နွေရောက်လျှင် ရွာမှာ ဘယ်သူမှ နေမရတော့။ ရေတစက်မှ မရှိတော့သော ရွာကို၊ စွန့်ခွါကာ လူဝမ်းကျောင်း၊ နွားဝမ်းကျောင်း အတွက် မြစ်၊ ချောင်း နီးသော နေရာတွေမှာ၊ လုပ်ငန်း သွားလုပ် ကြသည်။ မနှစ်က လုပ်ခဲ့သည့် ကိုယ့်လုပ်ငန်း ပိုင်ရှင်က မခေါ်မချင်း ရင်တမမနှင့် မောကြရသည်။

ဘယ်သူက ကိုယ့်ရွာကို ခွဲပြီး သွားလုပ်ချုင် မှာလဲနော်။ အိုးမကွာ အိမ်မကွာနဲ့ ကိုယ့်ရွာမှာပဲ နေစမ်းချင်တာပေါ့။ ကုန်းတက် တခုကို အထမ်းကြီးနှင့် အားယူ တက်ယင်းက အတက် အဆင်းတွေကို မြလွင် ငြူစူမိ ပြန်သည်။

ကုန်းတက် ကုန်းဆင်းတွေ ကလည်း ပေါရန်ကော။ မညီညာတဲ့ ကုန်းမြေမှာ မြေပြန့်ကလည်း တကယ့်ကို နည်းနည်းလေး။ အဝတ်အထည် အတွက် ဝါလေး နည်းနည်းပါးပါးပဲ စိုက်လို့ ရသည်။

ကျည်းတောမှာ ဘယ်ကို ကြည့်ကြည့် အမောပြေစရာ မမြင်။ သစ်ပင်ဆိုလို့၊ လွင်တီး ခေါင်လယ်မှာ ရှားရှားပါးပါး၊ မြေကပ်နေသော သနပ်ခါးပင် ငုတ်တိုလေးတွေနှင့် ရှည်ကိုင်းကိုင်း ထန်းပင်စုတွေပဲ မြင်ရမည်။

အဲဒီ ထန်းပင်တွေ ကိုပဲ ပိုင်တဲ့ ထန်းပိုင် ဖြစ်ရယင်လဲ တနည်းတော့ ကောင်းသား။ အနည်းဆုံးတော့ တနွေစာ၊ မိုးရေကန်လေး ထားနိုင်ပြီး အိုးမကွာ အိမ်မကွာတော့ နေရတာပေါ့။ အေးလေ ထန်းစု ပိုင်ဖို့ထက် လှည်းနွားလေး ပိုင်ဖို့က အဝေးကြီး။

နွေမှာ ရွာမနေရယင် နေ၊ ကိုယ့် လှည်းနွားလေးနဲ့ဆို၊ မြစ်နားဆီကို လုပ်ငန်း သွားလုပ်ယင် ဦးကြီးသာခင်တို့ လှည်းကြုံစီးပီး အောက်ကျ၊ နောက်ကျ မလိုက်ရဘူးပေါ့။ ဆောင်းမှာလည်း “ပေါက်ဆပ်ပြာ” ကျုံးပြီး လှည့်ရောင်းနိုင်သေး။ ဒါဆို အလုပ်မရှိတဲ့ ဆောင်းမှာ စားရတဲ့၊ ပဲ ပြောင်း ရောတဲ့ သုံးလွန်းတင် ထမင်းနဲ့တောင် ညားရမှာ မဟုတ်ဖူး။

အတွေးတွေ တသီကြီးနှင့် တစိုက်စိုက် လျှောက်ယင်းက ဖုန်တထောင်းထောင်း ထအောင် ပြေးလာသော ဖိုးနီကို လှမ်းမြင်ရသည်။

“အမရေ … နက်ဖြန်သဘက်၊ ငါတို့ သွားရတော့မယ် ဟေ့၊ ဦးကြီးသာခင် တို့ကို အကြုံမှာ လိုက်တာတဲ့”

တော်ပါသေးနဲ့၊ ဒီတနွေတော့ စိတ်အေးရ ပြန်ပေါ့။ မြလွင်က သက်ပြင်းကို အသာချယင်း ဖိုးနီ ခါးကြားမှ ဓားကို လှမ်းကြည့်သည်။

“ဟဲ့ … နင်က … ဓားနဲ့ ဘာသွားလုပ် မှာလဲ”
“လက်ဆောင်ပေးဖို့ သနပ်ခါးမြစ် သွားတူးမလို့”

* * *

ကုန်းသာ၏ နွေဦးသည် ပူပြင်းလှသည်။

မှိုင်းပျသော မြူနှင်းများကိုပင် မမြင်ရတော့။ ဖုန်လုံးကြီးများ ကြားဝယ် နွားလှည်းတို့သည် တအိအိ ရွေ့လျား နေကြသည်။ လမ်းဘေး နှစ်ဖက်မှ မြက်ချုံဖုတ်လေးများ ပေါ်တွင် ဖုန်များ ဖွေးဖွေးလှုပ် နေပေသည်။

နေပူပူတွင် ဖိနပ် မပါသော မြလွင် ခြေဖဝါးတွေ ကျိန်းစပ် လာကြသည်။ ခါးကြားမှ ခုံဖိနပ်ကို ချစီးကာ လှည်းနောက်မှ ခပ်သုတ်သုတ် လျှောက်လိုက်သည်။ ဖိုးနီက လေတရွှီရွှီ ချွန်ယင်း ဓားတချောင်းနှင့် လမ်းဘေးက မရှိမဲ့ ရှိမဲ့ ချုံတွေကို ဓားသရမ်း နေသည်။

“အစ်မရေ … လှည်းတွေကို ကြည့်စမ်း၊ မနှစ်က ကြည့်ခဲ့တဲ့ ဓာတ်ရှင်ထဲက အတိုင်းပဲနော်”

မြလွင် မျက်စောင်းထိုး လိုက်သည်။

“ဟင်း … လုပ်ငန်း လုပ်ဖို့တော့ စိတ်မကူးဘူး၊ ဓာတ်ရှင် ကြည့်ဖို့ပဲ၊ နင်တွေးနေ သိလား”

ဖိုးနီက တဟဲဟဲ ရယ်နေသည်။ တော်တော် ဓာတ်ရှင် ကြိုက်တဲ့ကောင်။ လုပ်ငန်းလုပ်သည့် နေရာက အကာသာ ပါပြီး အမိုး မပါသော “နွားမခြံရုံ” တွင် ထမင်းမစားပဲ ပိုက်ဆံ တောင်းပီးတောင် ဓာတ်ရှင် ကြည့်တတ်သည်။

လှည်းလမ်းက ကြမ်းလှသည်။ ရွာမှ ထွက်လာ ကတည်းက မနားတမ်း မောင်းသော်လည်း ခရီး မတွင်လှပေ။ ချိုင့်ခွက်များ ထဲမှာ ယိုင်နဲ့နဲ့ လှည်းတွေ တဝုန်းဝုန်း ခုန်နေကြသည်။

လှည်းတွေခုန်တိုင်း လှည်းထဲမှ ကြက်တွေက ဆူညံစွာ အော်ကြသည်။ လှည်းအောက်မှ ခွေးကလည်း ကြက်တွေကို တဝုတ်ဝုတ် လှမ်းဟောင်ကြ ပြန်သည်။ ဖုန်တထောင်းထောင်း ကြားမှာ လူသံ၊ ခွေးသံ၊ ကြက်သံတို့ ရောထွေး ဆူညံ နေကြသည်။

ဦးကြီးသာခင်တို့ လှည်းပေါင်းမိုး အောက်မှ အမေ့ကို ဖုန်လုံးများ ကြားမှ မှုန်ဝါးဝါး မြင်ရသည်။ အငယ်ဆုံးမက အမေ့နို့ပိန်ပိန်ကို မက်မောစွာ စို့နေ၏။ နို့ညှာကလေး နှစ်ယောက်ကတော့ ဦးကြီးသာခင် ကလေးတွေနှင့် အတူ လှည်းထဲတွင် အလူးလူး အလိမ့်လိမ့် နှင့် အိပ်ပျော် နေကြပေပြီ။

အမေ့ကို ကြည့်ရသည်မှာ အားမရစရာ၊ အမေ့ အသွင်က ဖျော့တော့ နွမ်းနယ်နေသည်။ အသက်က လေးဆယ်ပင် မပြည့်တတ်သေး သော်လည်း အမေ့ ရုပ်ရည်က အိုစာလှသည်။ အငယ်ဆုံးမ မွေးပြီးကထဲက ကောင်းကောင်းလည်း မကျန်းမာ တော့ပေ။

လမ်းဘေးမှ ထင်းကိုင်းခြောက်လေး တွေကို ပြေးကောက်လိုက်၊ လှည်းနောက်သို့ ပြေးလိုက်လိုက် လုပ်နေသော ဦးကြီးသာခင် မိန်းမ ဒေါ်ကြီးမှုံကို ကြည့်ယင်း မြလွင် အမေ့ကို သနားနေမိသည်။ ဒေါ်ကြီးမှုံက အမေ့ထက် အသက်ကြီးပေမယ့်၊ အမေက ဒေါ်ကြီးမှုံထက် ပို၍ အိုစာ နေပေသည်။ အေးလေ၊ ဆင်းရဲတာချင်း တူပေမယ့် ဒေါ်ကြီးမှုံက ကလေး သုံးယောက်ထဲ၊ လှည်းနဲ့ နွားနဲ့။ အမေ့လောက်လဲ မရုန်းကန်ရတော့ နည်းနည်းတော့ တော်သေးတာပေါ့။

“ရှေ့နားမှာ နားကြစို့ဟေ့”

လှည်းဦးမှ ဦးကြီးသာခင် အော်သံ ကြားရသည်။ နေချိုသွားပြီး ကားလမ်းမဘေး သစ်ပင်ရိပ်များကား အေးမြလှသည်။ အရိပ်ကောင်းသော သစ်ပင်အောက်မှာ မြလွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

ကိုယ့်လှည်း မဟုတ်တော့ အားနာပြီး လမ်းမှာ တခါမှ လှည်းပေါ် တက်မထိုင်ခဲ့ရ။ တကိုယ်လုံး ညောင်းညာနေသည်။

လမ်းဘေး သစ်ပင်ရိပ်မှာ လှည်းတွေကို ချွတ်နေကြသည်။ သည်နေရာက မြလွင်တို့ နှစ်စဉ် တညအိပ် နားနေကျ နေရာ။ သစ်ပင်ရိပ်များနှင့် မနီးမဝေးတွင် ရေတွင်းလည်း ရှိသည်။ ရွာနီးချုပ်နှင့်လည်း နီးသည်။

အိပ်ရာမှ နိုးလာကြသော ကလေးတွေ ငိုသံက ပွက်ပွက်ရိုက် နေသည်။ သင်းတို့ ဆာနေကြပြီ။ ကိုယ်လဲ ဆာသမှ အူထဲမှာ တကြုတ်ကြုတ်။ အဖေနှင့် ဖိုးနီ ခဲကျိုးတွေနဲ့ ဖိုခနောက် လုပ်နေကြ သည်ကို ကြည့်ပြီး ရေခပ်ဖို့ သတိရကာ ထိုင်ရာမှ ထလိုက်သည်။

“ဟဲ့ … မယ်မှုံ … ဘာရွက်တွေ ရှောက်ခူး နေတာလဲ။ စားကောင်းမှန်း မစားကောင်း(မှန်း?)လဲ မသိပဲနဲ့၊ အကုန် သေကုန်လိမ့်မယ်”

သစ်ပင်ရိပ်တွေ အောက်က အပင်လေးတွေ၏ အရွက်တွေကို အားရပါးရ ခူးနေသော ဒေါ်ကြီးမှုံကို ဦးကြီးသာခင်က လှမ်းအော်နေသည်။ ဒေါ်ကြီးမှုံက နည်းနည်းမှ မဖြုံ။

“အိုတော် … ပဒိုင်းရွက်ကလွဲ အကုန် စားကောင်းမှာပဲ၊ မစားကောင်းတာ ပါလို့ သေလဲ သေပစေ တော်ရေ့၊ တော် ကုန်းသာမှာ ဒီလိုအရွက်တွေ စားဖို့ မပြောနဲ့၊ မြင်ချင်လို့ မြင်ရလို့လား”

ဟုတ်ပါ့။ ဒေါ်ကြီးမှုံ စကားကို ထောက်ခံ လိုက်မိသည်။ ဒေါ်ကြီးမှုံ၏ ပုဆိုးအိတ်ထောင် ထဲမှ ရွက်နုလေးတွေက စိမ်းစိမ်းလန်းလန်းနှင့် စားချင်စဖွယ်။ ဒေါ်ကြီးမှုံ၏ ရွက်စုံဟင်းကို တောင်းစားဦးမည်ဟု စိတ်ကူးကြည့်ရုံနှင့် မြလွင် တအား ဆာလာလေသည်။

* * *

“အစ်မရေ … အုတ်တိုက်တွေကို လှမ်းမြင်ရပြီဟေ့”

ရှေ့ဆုံး လှည်းတွေဆီမှ နေ၍ မြလွင်ဆီ ပြေးလာယင်း ဖိုးနီက လှမ်းအော်သည်။ ဟုတ်ပါ့ကော။ တံတားဦးမြို့ အစကို လှမ်းမြင်ရသည်။ ခေါင်းပေါင်းထားသော ဖျင်တဘက်ကို မြလွင် ပြင်ပေါင်း လိုက်သည်။ အဝတ်များပေါ်မှ ဖုန်များကို ခါချပြီး နှစ်နံစပ် ဖျင်ထဘီကို ခပ်ရှည်ရှည် ပြင်ဝတ်သည်။

မြို့ထဲကို ဖြတ်တော့ မြလွင်တို့ကို ဘာထင်လဲ မသိ။ ခွေးတွေက ဟောင်လိုက်သည့် ဖြစ်ခြင်း။ ရှေ့က လှည်းတွေက ပါလာသော ခွေးတွေနှင့် မြို့ခွေးတွေ တဝုန်းဝုန်း ကိုက်ကြသည်။ မြို့အထွက် တံတားနီကြီးပေါ် ရောက်မှ ခွေးသံတွေ ငြိမ်တော့သည်။

နေက ပူလာပြီ။ ညောင်းကလည်း ညောင်းလာပြီမို့ နားချင်လာသည်။ အင်းလေ … သိပ်တော့ မလိုတော့ပါဘူး၊ ရောက်ခါနီးပေါ့။ လုပ်ငန်းရှိသည့် မြစ်မဘေး ရောက်သည်ထိ နောက် လျှောက်ရလှ “တတိုင်” လောက် ပါပဲ။

ဟိုရောက်တော့မှ မြစ်မထဲမှာ အားရပါးရ ရေချိုးလိုက်ဦးမည်။ ကန်ရေခန်းစ ကတည်းက ရေမချိုး ရသည်မှာ ဘယ်နှစ်ရက် ရှိပြီလဲတောင် မသိ။ တုံ့နှေးနှေး ခြေလှမ်းတွေကို အားယူလိုက်ယင်း ဝေးသွားသော လှည်းနောက်ကို မြန်မြန်လျှောက်သည်။

လမ်းကွေ့ရောက်တိုင်း ကိုယ့်လုပ်ငန်း ရှိသည့် နေရာတွေကို လှည်းတွေ ကွေ့ကွေ့သွား ကြသည်။ လှည်းတန်းကြီးတောင် တော်တော်လျော့ သွားပြီး တကွေ့ တကွေ့နှင့် လျှောက်ယင်း ကုက္ကိုပင်တန်းများ ယှက်မိုးထားသော လမ်းကွေ့ကို ကျော်လိုက်လျှင် တသွင်သွင် စီးဆင်းနေသော မြစ်မ ဧရာဝတီကို ဝိုးတဝါး လှမ်းမြင် လိုက်ရသည်။

ကြည့်စမ်းပါ။ ရေတွေလေ။ သည်များတော့ ပေါလိုက်တာ။ မြစ်မကြီးရဲ့ ဆယ်ပုံ တပုံလောက် ရှိတဲ့ မြစ်လက်တက်လေး တခုလောက်များ “ကျည်းတော” ဆီကို စီးဝင်လာယင် ဘယ်လောက်များ ကောင်းလိုက်လေ မလဲနော်။

မြစ်မဘေးမှ လုပ်ငန်း လုပ်ရမည့် ပဲတလင်း နေရာသည် မြက်များဖြင့် ဖုံးအုပ်နေသည်။ တလင်းဘေးရှိ ပဲခင်းများသည် ဝါရောင်သန်း နေကြပေပြီ။ မြလွင်တို့ နှစ်စဉ်နေကျ တဲလေးသည် ကွင်းပြင်ထဲတွင် အထီးတည်း ရပ်နေပေသည်။

တဲလေးမှာ အမိုး မမိုးရသေးပေ။ ဤတဲလေးတွင် တနွေလုံး နေယင်း ပဲပင်တွေက်ို ရိတ်ပေးရမည်။ ပဲနွယ်တွေကို တလင်းတွင် နယ်ပေးရ ဦးမည်။ ပဲလှေ့ပေးရ ဦးမည်။ ပဲပြာပေး ရမည်။ ပဲရွေးပေး ရမည်။ နောက်ပြီး တလင်းကိုလည်း ချောမွှတ်အောင် ပြင်ဆင်ရ ဦးမည်။

နှစ်စဉ် လုပ်နေကျ အလုပ်များကို တထိုင်တည်း တွေးပြီး မြလွင် မောသွားမိသည်။ တနွေလုံး သည်လောက် လုပ်ရတာတောင် မိုးတွင်းနှင့် ဆောင်းတွင်းစာ အတွက် မဖူလုံချင်ပေ။ ဒီထဲမှာ ပိုင်ရှင် ဦးလေးညွှန့်တို့ အိမ်က ရေခပ်ခိုင်းတာ၊ အဝတ် လျှော်ခိုင်းတာ ဆိုတဲ့ တောက်တိုမယ်ရ တွေက ရှိသေး။ ဪ … ဘယ်တော့များမှ အငှါး လုပ်ပေးရသည့် ဘဝက ကျွတ်ရမှာ ပါလိမ့်။

ဦးကြီးသာခင်က လှည်းကို တလင်း လယ်ခေါင်တွင် ရပ်လိုက်သည်။ အမေနှင့် ကလေး သုံးယောက်ကို လှည်းပေါ်မှ ကူချပေးပြီး လှည်းပေါ်မှ ပစ္စည်းတွေကို ချကြသည်။ ဦးကြီးသာခင်တို့က မြစ်ကိုဖြတ်ပြီး တောင်မြို့ဘက်ထိ ဆက်သွားရဦးမည်။

“မကြီးမှုံရေ … တို့အပြန်ကြလဲ တူတူလောက် ကျမှာပါနော်၊ ငါတို့ ဝင်ခေါ်ဖို့လဲ မေ့မနေနဲ့အုံး”

အမေက ဒေါ်ကြီးမှုံကို မှာနေသည်။ နေမစောင်းခင် မြစ်ကူးနိုင်ရန် ဦးကြီးသာခင်တို့ ဆက်မောင်း သွားကြသည်။

အဖေက ပစ္စည်းတွေ ကြားထဲမှ “ပေါက်ဆပ်ပြာ” တွေနှင့် သနပ်ခါးမြစ်တွေ ထည့်ထားသော လက်ဆောင်ပေးဖို့ တောင်းကို ဆွဲယူကာ ပခုံးပေါ်သို့ ထမ်းလိုက်သည်။

“ကဲဟေ့ … ငွေစိန်၊ နင်တို့ နေခဲ့ကြအုံး၊ ငါ ဦးလေးတို့ အိမ်ဘက် သွားလိုက်ဦးမယ်၊ အပြန် လှည်းပါ တခါတည်း ကောက်ခဲ့မယ်”

အဖေ ခြေလျမ်း ကျဲကြီးများနှင့် ကားလမ်းမ ဘက်သို့ လျှောက်သွားသည်။ အမေက မြစ်ပြင်ဆီသို့ လှမ်းကြည့် နေရာက …

“ဟဲ့ … မြလွင်ရေ … ကြည့်စမ်း၊ မိုး ဘယ်လောက် ခေါင်လဲ ဆိုတာ၊ ဟိုး … မြစ်လယ်ခေါင်မှာ သောင်ကြီးကို ထွန်းလို့”

မြလွင် ခုမှပဲ မြင်မိသည်။ ဟုတ်ပါ့၊ မြစ်လယ်ခေါင်တွင် ထွန်းနေသည့် သောင်ကြီးက အကြီးကြီး။ ဖြူဖွေးသော သောင်နုကြီးပေါ်မှာ ဘယ်သူတွေ လာနေလဲ မသိ၊ တဲလေးတွေ အစီအရီနှင့် လှပင် လှသေးတော့။

* * *

မြစ်ပြင်ကို ဖြတ်တိုက်လာသော လေကပင် မွှေးနေသယောင် ထင်ရသည်။ ကျည်းတောက လေပူပူနဲ့များ ကွာပါဘိ။ မနက် စောသေးသည့် အတွက် မြစ်ပြင်တွင် မော်တော်ဘုတ်ချပ် လေးတွေ၊ ငှက်တွေကို မမြင်ရသေး။ တံငါလှေ တစင်းသာ စောစောစီးစီး ကွန်ပစ်နေသည်။

တံငါလှေလေး ဆီမှ ဆွဲဆွဲငင်ငင် သီချင်းသံက ကြည်နူးဖို့ပင် ကောင်းသေးတော့။ မြလွင်က ရေအိုးကို သောင်စပ်တွင် ချလိုက်ပြီး ရေတိမ်ပိုင်းထိ ထဘီကို မကာ ဆင်းလိုက်ပြီး မျက်နှာသစ် လိုက်သည်။ ခေါင်းဖု ပုဆိုးစုတ်နှင့် မျက်နှာသုတ်ယင်း တံငါလှေလေး ပေါ်မှ ကွန်ပစ်သည်ကို ငေးကြည့် နေမိသည်။

ကွန်ကို ပြန်ဆွဲတင် လိုက်တော့ ငါးလေးတွေ အရွယ်အစားစား ခုန်ပေါက်လျက် ပါလာကြသည်။ ရေအိုးကို ကိုင်ကာ ရေခပ်မည် ပြုပြီးမှ ရုတ်တရတ် အကြံရလာကာ …

“ဒီမှာ … ဒီမှာ၊ ငါးပေါက်စ ရောင်းမလားတော့”

မြလွင် အော်မေးသံကြောင့် လှေပေါ်က လူက လှမ်းကြည့်သည်။

“ဘယ်လောက်ဖိုးလဲ”
“ငါးမူးဖိုးလောက်”

ပြောပြီးမှ မြလွင် ရှက်သွားသည်။ လှေပေါ်က လူက မြလွင်နှင့် မတိမ်းမယိမ်း။ နောက်ပြီး သူက ပြုံးချင်ချင် မျက်နှာနှင့်။

“ငါးမူးဖိုးတော့ မရောင်းတတ်ဘူးဗျို့၊ တစ်ကျပ်ဖိုးယူ၊ ဟုတ်လား”

လှေပေါ်က လူက မြလွင်ကို ပြန်အော်ရင်း ကမ်းစပ်သို့ လှေကပ်လာသည်။ အို … ဒုက္ခပါပဲ။ ချွေးခံအင်္ကျီ အိတ်ထဲက ငါးမူးစေ့ကို စမ်းယင်း စိတ်ညစ် သွားမိသည်။ လှေပေါ်ကလူက ငါးပေါက်စလေးတွေကို ရွေးနေရာက မြလွင်ကို စူးစမ်းသလို ကြည့်သည်။

“ဘယ်ကလဲ၊ ဒီရွာကလား”

“မဟုတ်ပါဘူး၊ ကျုပ်တို့က ကျည်းတောက၊ ဒီမှာ ပဲလာသိမ်း ပေးတာ”

လှေပေါ်က လူက အံဩသွားသလို …

“မင်းတို့ဆီမှာ စပါးတို့၊ ပဲတို့ မလုပ်ရဘူးလား”

“အိုး … လယ်လုပ်ဖို့ အဝေးကြီး၊ နွေဆို ကျုပ်တို့ ကျည်းတောမှာ ရေတစ်စက်တောင် ရှိတာ မဟုတ်ဘူး၊ အကုန်လုံး ရေနီးတဲ့ဆီ အလုပ် လာလုပ်ရတာ၊ ကျည်းတော မှာသာနေ ရေမသောက် ရတာနဲ့ သေကုန်ပေါ့”

လှေပေါ်က လူက မြလွင် ပြောသည်ကို ခပ်ငိုင်ငိုင် နားထောင် နေရာက …

“အင်း … ကျုပ်တို့ အလုပ်နဲ့ နည်းနည်းတော့ တူသား၊ ကျုပ်တို့ တံငါတွေလဲ ရေမရှိယင် ငတ်တာပဲ၊ ကျုပ်တို့လဲ ဟိုး ပန်းလောင် ချောင်းဖျားဆီကပဲ၊ နွေရောက်လို့ ချောင်းရေ ခမ်းပြီဆို မြစ်မ သောင်ထွန်းတဲ့ နေရာတွေ လိုက်ရှာရတာ အမော”

“ဒါဖြင့် … တော်က ဟိုသောင်ပေါ်မှာ နေတာပေါ့”

“အင်းလေ”

လှေပေါ်က လူက ငှက်ပျောဖက်ခြောက်နှင့် ငါးပေါက်စလေးတွေကို ထုပ်ပြီး လှမ်းပေးသည်။ ငါးထုပ်ကို မရွံ့မရဲ လှမ်းယူပြီး …

“ဒီလိုဆို နက်ဖြန် မနက်ကျမှ ကျုပ် ငါးမူးပေးမယ်၊ ခု ကျုပ်မှာ ငါးမူးပဲ ပါတယ်တော့”

ရှက်ရှက်နှင့် ပြောယင်း ချွေးခံအင်္ကျီ အိတ်ထဲက ငါးမူးစေ့ကို ထုတ်ပြီး ကပျာကယာ လှမ်းပေးလိုက်သည်။ လှေပေါ်က လူက မြလွင်ပေးသော ငါးမူးစေ့ကို လှေဝမ်းထဲက ငါးပုံပေါ်မှာ တဆတ်ဆတ် ခေါက်သည်။

“ကဲ … ဈေးဦးပေါက် ထောင်ခေါ်၊ ရာခေါ်ဗျာ၊ မိလိုက်စမ်း ငါးရွေးကြီး နှစ်ကောင်လောက်၊ ရလိုက်စမ်း တရာဖိုးလောက်”

သူ ပြောနေသည်ကို မြလွင် အငေးသား ကြည့်နေမိသည်။ သူက ငါးမူးစေ့ကို နားကြားထဲသို့ ညှပ်ထည့်လိုက်ပြီး လှော်တက်ကို ကိုင်သည်။

“ကဲ … သွားမယ်ဗျို့၊ နက်ဖြန် အကြွေးဆပ်ဖို့လဲ မမေ့နဲ့အုံး၊ ကျုပ်ဆီက ငါးလဲ ဝယ်အုံးနော်၊ အဲ … ကျုပ်နာမည်လဲ မှတ်ထားအုံး၊ စံငြိမ်း တဲ့”

ပြောပြောဆိုဆိုနှင့် လှေက ကမ်းစပ်မှ ခွါသွားသည်။ မြလွင်ကတော့ ဘာမှ ပြန်မပြောဖြစ်ပဲ ခင်စရာ ကောင်းသော၊ စံငြိမ်းဆိုသော ကိုတံငါသည်၏ မည်းနက် တောက်ပြောင် နေသည့် ကျောပြင်ကိုသာ ငေးယင်း ကျန်ရစ်ခဲ့လေသည်။

* * *

ထောပတ်ပဲစေ့လေးများ မြေပေါ်တွင် ဖွေးနေသည်။ ဖိုးနီအောက် ပူစူးမက ပဲစေ့ကလေးများကို သွက်လက်စွာ ကောက်နေသည်။ မြလွင်က တံစဉ်ဖြင့် ပဲပင် အောက်ခြေမှ သိမ်းရိတ်လိုက်ပြီး ပဲနွယ်များကို အလုံးကြီးကြီး ဖြစ်အောင် လုံးလိုက်သည်။

ပဲခင်းစပ်တွင်ကား နိုညှာကောင် ဖိုးထူးသည် အငယ်လေးကို ထိန်းရင်း ပဲကောက် နေလေသည်။ ကလေးတွေ ပဲကောက်သင်း ရသမျှသည် မြလွင်တို့ တမိုးတွင်းစာတော့ ဖူလုံသည်။

အဖေနှင့် ဖိုးနီသည် ရိတ်ပြီးသား ပဲလုံးများကို လှည်းပေါ်သို့ တင်နေကြယင်း မြလွင်နှင့် အမေ့ကိုလည်း ပဲကူရိတ်ပေး လိုက်သေးသည်။ မွန်းမတိမ်းခင် ငန်းပေါက်ရန် မြလွင် တွန်းရိတ်သည်။ ဒါပေမဲ့ သိပ်မတွင်လှ။

ပဲရိတ်ယင်း ပဲအစိုတောင့်များ တွေ့လျှင် လည်ပင်းတွင် ချည်ထားသော၊ အိတ်ထောင်ထဲသို့ ခူးထည့် ရသေးသည်။ သည်ပဲဟင်းက နှစ်တိုင်း၊ သည်ရောက်လျှင် စားရသည့် တခွက်တည်းသော ဟင်း။ ဒီနှစ်တော့ မောင်မင်းကြီးသား ကိုတံငါ၏ ကျေးဇူးကြောင့် ငါးပေါက်စဟင်း တကျပ်ဖိုးနှင့် မြလွင်တို့ ဟန်ကျ နေရသည်။

မွန်းတည့်ခါနီးမို့ နေက တအား ပူလာသည်။ မြလွင်က ခါးကို ဆန့်ယင်း၊ မြစ်ပြင်ဆီသို့ လှမ်းမျှော် ကြည့်လိုက်သည်။ မြစ်ပြင် တနေရာတွင် ကွန်တလက်နှင့် ငါးရှာနေသော စံငြိမ်းလှေကို မြင်နေရသည်။ နေ သည်လောက် ပူတဲ့ကြားထဲမှာ အင်္ကျီချွတ်ကြီးနဲ့ သည်လူ မပူဘူးလား မသိ။

“ငွေစိန်ရေ … ကလေးငိုနေ ပဟ၊ မွန်းလဲ တိမ်းတော့မယ် … လာကြတော့ဟေ့”

ပဲခင်းစပ်မှ အငယ်ဆုံးမ၏ ငိုသံကြောင့် အဖေက လှမ်းအော်သည်။ မြလွင်နှင့် အမေသည် ပဲခင်းစပ်တွင် မောမောနှင့် ထိုင်ချလိုက် ကြသည်။ အငယ်ဆုံးမက အမေ့ရင်ခွင်တွင်းသို့ တိုးဝင်လာသည်။ အမေက ကလေးကို ဖက်ထားယင်း မျက်လုံး အစုံကို မှိတ်ထားသည်။ အမေ့ရင်သည် နိမ့်ချည် မြင့်ချည်ဖြင့် ချွေးများ တပေါက်ပေါက် ကျကာ တအား မောနေပုံ ရသည်။

“အမယ်လေး၊ မောလိုက်တာဟယ်။ ဒီလောက်ကလေး လုပ်တာများ ငါ့နှယ် နုနေလိုက်တာ”

အမေက စိတ်တိုစွာ ပြောယင်း ချွေးများကို သုတ်နေသည်။ မြလွင် အမေ့ကို ကြင်နာစွာ ကြည့်မိသည်။

“အမေရယ် … မနေသာယင်၊ နောက်နေ့တွေ ပဲရိတ် မလိုက်ပါနဲ့၊ တလင်းမှာပဲ ပဲလှေ့ ပါလားတော်”

“ဘယ်ဖြစ်မလဲအေ၊ ပဲတွေက သိပ်ကျွမ်းနေပြီ၊ ဦးလေးညွန့်တို့က မြန်မြန်ရိတ်ပေး ရမတဲ့”

အမေက ကလေးကို ခါးထစ်ခွပြီး ထိုင်ရာမှ ထသည်။

“ကဲ … အမေ၊ ဒီနေ့ ခြေကျင် မပြန်နဲ့၊ လှည်းပေါ် တက်လိုက်သွား၊ ကျုပ် ခြေကျင် လိုက်ခဲ့မယ်”

အမေနှင့် ကလေးတွေကို ပဲလုံးများဖြင့် မြင့်မောက်နေသော လှည်းပေါ်သို့ တင်ကာ အဖေက လှည်းကို တအိအိဖြင့် မောင်းလေသည်။

မြလွင်က တံစဉ်ကို ခါးကြားမှာ ထိုးကာ လှည်းနောက်က ဖြည်းဖြည်း လျှောက်လိုက်သည်။ ပူလိုက်တဲ့ နေကလည်း အလွန်ပါပဲ၊ ပဲနွယ်များ ခြစ်မိထားသော လက်နှင့် ခြေသလုံး တွေက စပ်ဖျင်းနေသည်။ ရေချိုးချင် လာသည်။ ဒါပေမယ့် ညနေ ပဲပြာ၊ ပဲလှေ့ ပြီးမှပဲ ရေချိုးချိန် ရမည်။ ညနေစောင်းမှာ ရေကလဲ ခပ်ရပေမည်။ ရေခပ်ချိန်။ ညနေ ရေခပ်ချိန်ကို တွေးမိတော့ ဘာရယ်မသိ၊ မြလွင်ရင်ထဲ ဖိုကနဲ ဖြစ်ရသည်။

* * *

သဲသောင်ပြင်သည် ညနေစောင်း သော်လည်း အပူငွေ့က မပျောက်ချင်။ သဲပွင့်များက တရှိန်ရှိန်နှင့် ပူနေဆဲ။ ပူရှိန်သော သဲပွင့်ပေါ် ဖြတ်လျှောက် ရသည်ကိုပင် မြလွင် ပူသည် မထင်မိ။

သောင်စပ် အခြေက လှေလေးကို ထုံးစံအတိုင်း မြင်ရသည်။ လှေပေါ်တွင် ပိုက်ရှင်းယင်း အလုပ်ရှုပ်သလို လုပ်နေတတ်သော ကိုတံငါ စံငြိမ်းကိုပဲ တွေ့ရသည်။

ခက်လိုက်တာ၊ ချိန်းထားတာများ ကျလို့ ညနေတိုင်း မြလွင် ရေခပ်လာလျှင် သူ့ကို တွေ့ရသည်ချည်း၊ တွေ့တော့လည်း ငါးဝယ်ယင်း ခင်မင်ယင်းစွဲနှင့် စကားစမြည် ပြောမိ ကြပြန်သည်။

သူက ခင်စရာလည်း ကောင်းပါသည်။ မြလွင် မောင်ညီမတွေ ကတော့ သည်အချိန်မှာ အပျော်တကာ အပျာ်ဆုံးပင်။ စံငြိမ်း လှေပေါ်သို့ တက်ပြီး လှေလှော်ကြသည်။ ရေစပ်မှာ ပြေးလွှားယင်း ရေထဲမှာ မျောပါလာသော ဝက်ကြိမ်ဥ အသီးလေးတွေကို ဆယ်စားကြသည်။

မြလွင်နှင့် သူက ရောက်တတ်ရာရာ စကား ပြောကြသည်။ တကယ်တော့လည်း သည်အချိန်လေးတွေကို ပျော်မိသလို၊ ကျေနပ်မိ သလိုတော့ ရှိသား။

စံငြိမ်းလှေ အနီးက သဲပြင်ပေါ်တွင် ရေအိုးကို ဘေးမှာချပြီး မြလွင် ထိုင်ချလိုက်သည်။ မကြာသေးခင်က ပစ်လာခဲ့ဟန် တူသော ကွန်ကို ရှင်းယင်း ငါးလေးတွေကို စံငြိမ်း နှိုက်ထုတ်နေသည်။ စံငြိန်(မ်!)းက မြလွင်ကို မေးဆတ်ပြပြီး …

“ကဲ … ငါးဝယ်အုံးမလား အဒေါ်ကြီး”

“အိုး … တော်ပေါ့၊ တနေ့ တစ်ကျပ်ဖိုး”

စံငြိမ်းက ရယ်သည်။ ပြီးတော့ မြလွင်ကို စူးစိုက်ကြည့်ပြီး နှာခေါင်းရှုံ့ ပြန်သည်။

“နင့်ကြည့်ရတာ အိုက်လိုက်တာ၊ ဒီလောက် ဖျင်ထူကြီးတွေကို တနေကုန် ဝတ်ထားရတာ မအိုက်ဘူးလား”

“အို … ကိုယ့်ရှိတာ ကိုယ်ဝတ် ရတာကို မအိုက်နိုင်ပါဘူး၊ ကျုပ်က တော့လောက် မဆိုးသေးဘူး”

အမြဲ အင်္ကျီတုံးလုံး ချွတ်ထားသော သူ့ကိုယ်ကို ငုံ့ကြည့်ယင်း စံငြိမ်းက ရှက်ရယ် ရယ်သည်။ သူ့လက်ထဲမှာ လူးလွန့် ပါလာသော ငါးခပ်ရွယ်ရွယ် တကောင်ကို သစ်သားတုတ်နှင့် စံငြိမ်း ထုနေသည်။ မြလွင် ငေးကြည့် နေမိသည်။

“တော်တို့ အလုပ်ကလဲ မလွယ်ပါလားတော်၊ သူများ အသက်ကို နေ့တိုင်း သတ်နေ ရတာပဲတော့နော်”

“ဒါတော့ ဒါပေါ့ဟာ၊ ဒါပေမယ့် ဒီပါဏာတိပါတ ကံကိုတော့ ဘုရားက ခွင့်လွှတ် ကောင်းပါရဲ့၊ ဒါက ဝမ်းရေးပဲဟာ”

“ဟင် – ဘာပြောတာလဲတော့၊ ပါဏာတိ ဆိုတာ”

စံငြိမ်းက အားရပါးရ ရယ်၏။

“ဟား ဟုတ်ပေ့ကွာ၊ ကျည်းတောသူမ ကတော့ ကံငါးပါးတောင် မသိတော့ဘူးလား၊ နင်ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ မသင်ရဘူးလား”

“အိုး … ကျုပ်တို့ရွာမှာ ဘုန်းကြီးကျောင်းမှ မရှိတာကြီး၊ ကျုပ်က ဘာတွေ သင်ရမှာလဲ”

စံငြိမ်းက မြလွင်ကို ကြည့်နေရာက ရုတ်တရက် ရယ်မောပစ်လိုက်ပြီး …

“ကဲပါ ပါဏာတိကံ ထိုက်တာ နောက်ထား နင်လဲ ငါးသတ်တာတို့၊ လှေပဲ့တာတို့ သင်ထားဗျနော် သိလား”

“ကြည့်စမ်း … တော်ကြီးနော်၊ စကားကောင်း ပြောယင်း ဖောက်မလာနဲ့”

မြလွင် တအားရှက် သွားမိသည်။ ရယ်မောနေသော စံငြိမ်း မျက်နှာက တည်သွားသည်။

“ဖောက်တာ မဟုတ်ဘူး မြလွင်၊ ငါ့ တကယ် ပြောတာပါဟာ ငါ့မှာ အမေမုဆိုးမနှင့် ညီ ညီမတွေကို ပစ်ထားပြီး၊ ကျည်းတောကို လိုက်ခဲ့လို့ မရဘူးဟ၊ နင်ပဲ နေရစ်ခဲ့မှ ဖြစ်မှာ ကြားလား မြလွင်”

“ဟင့်အင်း … မကြားဘူး၊ တော်(တော့်?)ဖာသာ သေချာ နေလိုက်တာ၊ တော်(တော့်?)ကို ဘယ်တုန်းက ကျုပ်က ကြိုက်လို့လဲ”

အားရပါးရ မျက်စောင်းထိုး လိုက်ပြီး မြလွင်က ရေအိုးကို ဆွဲကာ ရေစပ်သို့ ဆင်းသည်။ စံငြိမ်းက ရေနှင့် လှမ်းပက်လိုက်ယင်း …

“တော်တော်ညာတဲ့ ကျည်းတောသူ”

ရေအိုးကို ရွက်ယင်း မျက်နှာကို အစွမ်းကုန် တင်းထားလိုက်သည်။ တင်းထားတဲ့ မျက်နှာပေါ်က ကျေနပ်တဲ့ အရိပ်တွေကို သူတွေ့သွားယင် ဒုက္ခ။

* * *

နွေနေ့လယ်ခင်းသည် ပူလောင်အိုက်စပ် နေသည်။ မြလွင်က စိမ့်ကျလာသော ချွေးများကို ဖျင်တဘက်ဖြင့် သုတ်လိုက်သည်။ တလင်းထဲတွင် ပဲနွယ်ပုံများနှင့် ပဲမှော်ပုံကြီးမှာ ဟိန်းနေသည်။

အဖေနှင့် ဖိုးနီတို့က တလင်းလယ်တွင် ဖြန့်ခင်းထားသော ပဲနွယ်များ ပေါ်တွင် နွားများဖြင့် နယ်နေကြသည်။ နယ်ပြီးသား ပဲမှော်များကို အမေနှင့် မြလွင်တို့က လှေ့လိုက်၊ ပြာပစ်လိုက်နှင့် ပဲများကို သီးသန့်ပုံ ရသည်။

မြလွင်နှင့် အမေတို့ တကိုယ်လုံး ပဲမှော် အမှုန်များဖြင့် ဖွေးနေသည်။ မြလွင်က ပဲဆန်စကာကို တင်းတင်းကိုင်ကာ ပြာလိုက်စဉ်တွင် ကားလမ်းမဆီမှ ဆိုင်းသံ ဗုံသံများနှင့် ဆူဆူညံညံ အသံများကို ကြားရသည်။

“ဟာ၊ ရှင်လောင်း လှည့်လာတယ်ဟေ့၊ သွားကြည့်မယ်ကွ”

ဖိုးနီသည် ပဲနယ် နေရာက ကားလမ်းမဆီသို့ ကဆုန်ဆိုင်း လေသည်။ တလင်းဘေး ဆီးပင်အောက်မှာ ဆီးသီး ကောက်စား နေကြသော အငယ်တွေပါ သူ့နောက်က အပြေးလိုက် သွားကြသည်။

“တရားပရိတ်တော်၊ အတူတကွ နာပါရစေ၊ လေးမြတ်လှစွာ ဤကောင်းမှုပြုရ၊ အကျိုးငှါ … အာသဝေါတရားတို့ ကင်းရာကုန်ရာ နိဗ္ဗာန်ကို၊ ရစေလို … ရောက်စေလို …”

သာယာ နာပျော်ဖွယ် သီချင်းသံသည် မြလွင်တို့ဆီကို ပျံ့လွင့်လာသည်။ ကားလမ်းမကြီး တခုလုံး စည်ကားရှုပ်ထွေး နေကာ ရွှေထီးများသည် နေရောင်တွင် ဝင်းလက် နေကြသည်။ နားဖောက်သည့် မိန်းကလေးများကို တင်ဆောင်လာသော လှည်းယာဉ်လေး များမှ ချူသံလေးများကို အတိုင်းသား ကြားနေရသည်။

“ဪ … ကြည်နူးစရာ ကောင်းလိုက်တာနော်”

အမေ့အသံက လှိုက်လှဲ တုန်ယင် နေသည်။ မျက်နှာကလည်း ညှိုးနွမ်း ဖျော့တော့ လှသည်။

“စည်လိုက်တဲ့ လူတွေနှယ်ကွာ၊ မျက်နှာကြီးအလှူ ထင်တယ်ဟ”

အဖေက အားရပါးရ ပြောယင်း ပဲနွယ်ကို ဆွဲစားသော နွားကို “နကန်” နှင့် ရိုက်လိုက်သည်။

“အမေရေ သွားကြည့်ပါလား၊ ရှည်လောင်းလှည့်တာ သိပ်လှတာပဲဗျို့”

ဖိုးနီသည် အဝေးက လှမ်းအော်ယင်း ပြေးလာသည်။ အမေ့ဘေးတွင် မောကြီးပန်းကြီး ထိုင်ချလိုက်ပြီး …

“အမေကဗျာ၊ ကျုပ်ကို ငယ်သေးတယ် ငယ်သေးတယ်နဲ့၊ ဒီရှင်လောင်းတွေဖြင့် ကျုပ်ထက် ငယ်တာတွေ တပုံကြီးပါဗျာ”

“ဟုတ်တယ် အမေ၊ ကျုပ်လောက်လဲ ပါတယ်ဗျ”

ဖိုးထူးက အားတက်သရော ဝင်ပြောပြန်သည်။ အမေ့ မျက်နှာက ညှိုးသည်ထက် ညှိုးလာသည်။

“အေးပါ သားရယ်၊ အမေ လုပ်ပေးမှာပေ့ါ”

အမေ့ ကတိပေးသံက တုန်ယင်အက်ကွဲ နေသည်။ ပဲဆန်စကာကို အမေကိုင်ယင်း ခေါင်းကို အောက်ငုံ့ လိုက်တော့ အမေ့ မျက်ရည်ပေါက်တွေက ပဲဆန်စကာ ထဲသို့ တပေါက်ပေါက် ကျလာလေ၏။

ညရောက်တော့ အမေ အပြင်းဖျားရှာသည်။

* * *

မနက် စောစောတွင် လှမ်းမြင်ရသော စစ်ကိုင်းတောင်နှင့် တံတားကြီး၏ အလှအပ ရှုခင်းများသည် မြလွင်ရင်ကို မငြိမ်းချမ်းစေခဲ့။ ရင်ထဲမှာ အမေ့ကို သနားလို့သာ နေမိသည်။ သောင်စပ်တွင်တော့ စံငြိမ်းက ငါးပေါက်စလေး တွေကို အဆင်သင့် ထုပ်လျက် စောင့်နေသည်။ မြလွင်က ငွေတစ်ကျပ်ကို ကမ်းပေးယင်း …

“ဒီနေ့ တော့မှာ ငါးကြီးပါယင် ရောင်းအုံးတော်၊ အမေ့ကို ကြော်ကျွေးချင်လို့”

“အမယ် အမေ့ အတွက်လား၊ ရော့ ဒီနှစ်ကောင် အလကား ယူသွား”

အရေးထဲ သူက တမျိုး၊ မြလွင် မျက်စောင်း ထိုးသည်ကို ကိုစံငြိမ်းက တဟဲဟဲ ရယ်ယင်း …

“ဪ … ဒီမှာ မြလွင်၊ ညနေကျ အမေက ငါတို့ကိစ္စ နင်အမေ့(နင့်အမေ?) လာပြောမလို့တဲ့၊ ဘယ်နှယ့်လဲ”

မြလွင် ရင်ထဲမှာ ထိတ်ခနဲ ဝမ်းသာ သွားမိသည်။ ဒါပေမယ့် ခေါင်းခါယင်း …

“မဖြစ်ဘူးတော့၊ အမေ အတော် နေဆိုးနေတယ်၊ တော်ကလဲ လောရန်ကော”

စံငြိမ်းက မျက်နှာ ခပ်မှုန်မှုန်နှင့် …

“လောတာ မဟုတ်ဟူးဟ၊ နင်တို့လဲ ပဲသိမ်း ပြီးတော့မှာ၊ ငါတို့ မြစ်မက ရေတိုးစ ပြုနေပြီ၊ သောင်မြုပ်ယင် ပြေးရမှာ၊ စောစောစီးစီး ပြောထားမှ တော်ကာ ကျမှာပေါ့”

“အင်းပါတော်၊ ဒါပေမယ့် နေပါအုံး၊ အမေ နေကောင်းမှပဲ လာပါ၊ ကျုပ်က နေခဲ့ရမှာ ဆိုတော့ အမေ နေဆိုးတုန်း ပြောယင် စိတ်ထိခိုက်မှာပေါ့တော့”

စံငြိမ်း ကျေနပ်သွားပြီး ခေါင်းညိတ် ကျန်ရစ်သည်။ ခါတိုင်းလို သူနှင့် စကား များများတောင် မပြောအားပေ။ ပဲရိတ် မသွားခင် အမေ့အတွက် ငါးကြော်ပေး ချင်သည်။

မြလွင် တလင်း ပြန်ရောက်တော့ ညက ဖျားထားသော အရှိန်ဖြင့် အားနည်း ဖျော့တော့နေသော အမေသည် အဖေ့လှည်း ပေါ်တွင် ပဲရိတ်လိုက်ရင် အဆင်သင့် ဖြစ်နေသည်။

“ဟ … ငွေစိန်၊ ပဲရိတ်လိုက်လို့ မဖြစ်ဘူး ထင်တယ်ဟနော”

“ဖြစ်ပါတယ်တော်၊ တောသူပဲ ဒါလောက်ဖျားတာ ဂရုစိုက် နေရမလားတော့”

မြလွင်က သက်ပြင်းကိုသာ ရှိုက်လိုက်မိသည်။ အမေ့ကို တားလို့ရမည် မဟုတ်ပေ။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသမို့ ပဲရိတ် အရေးကြီးချိန်မှာ ပိုင်ရှင် ငြိုငြင်မှာကို အမေ့လိုပဲ မြလွင် နားလည်ပါသည်။ အမေရယ် ဘယ်တော့မှ နားနေရပါ့မလဲ။

ပဲခင်းတွင် နေပူသည်ကို ဂရုမထားနိုင်ပဲ အမေ သက်သာအောင် မြလွင် ပဲကို တွန်းရိတ်သည်။ အမေသည် နားလိုက်၊ ရိတ်လိုက်နှင့် ကြိုးစားရိတ် နေပေ၏။ မွန်းတည့်ခါနီး နေမှာ ပြင်းသည်ထက် ပြင်းလာသည်။ ငန်းလည်း ပေါက်လုနီးပြီ။

“မြလွင် … မြလွင်”

တုန်ယင်သော အမေ့ ခေါ်သံကြောင့် အမေ့ဆီသို့ မြလွင် ပြေးသွားသည်။ အမေသည် ယိုင်ထိုးနေယင်း ပဲလုံးပုံ ပေါ်တွင် ခွေခွေလေး လဲကျသွားသည်။

“အမေ … အမေ”

မြလွင် တံစဉ်ကို လွှတ်ချကာ အမေ့ကို ပွေ့ထူလိုက်သည်။ မြလွင် လက်ထဲတွင် အမေ့ တကိုယ်လုံး အေးစက် ပျော့ခွေနေသည်။

“အဖေ … အဖေရေ၊ ဒီမှာ အမေ ဘာဖြစ်မှန်း မသိဘူးတော့”

မြလွင် တအား အော်လိုက်မိသည်။ အဖေက တအား ပြေးလာကာ မြလွင် လက်ထဲမှ အမေ့ကို လှုပ်ခါယင်း

“ငွေစိန် … ငွေစိန်၊ အမလေး အဖြစ်ဆိုးလှချည့်လားဟ”

အို … အမေ၊ မြလွင် မျက်ရည်တွေ ဖြာသွားသည်။ မထူးနိုင်တော့ပြီ ဖြစ်သော အမေ့ကို တတွတ်တွတ် ခေါ်ယင်း နာကျည်းစွာ တစ်အား ရှိုက်လိုက်မိ လေသည်။

* * *

မြလွင် လက်ထဲတွင် တွန့်လိမ် ရုန်းကန်ကာ တအား အော်ငိုနေသော အငယ်မ၏ အသံက သောင်ခြေ တခုလုံးကို ဆူညံစွာ ရိုက်ခတ်နေသည်။ ရေစပ်က စံငြိမ်း၏ လှေဦးဆီသို့ သူ့လက်ကလေးတွေကို လှမ်းလျက်က ထိမ်းမနိုင်အောင် ငိုသည်။

သင်းကလေး နို့ဆာ နေသည်ကို အမေ မတိုက်နိုင်တော့။ စံငြိမ်း၏ လှေဦးပိုင်းမှာ အမေက ငြိမ်သက်စွာ လဲလျောင်းလျက် ဘာဆို ဘာမှ မသိနိုင်တော့။ အမေကိုယ်တိုင် ယက်ခဲ့သော လွှာချင်းစောင် ကလေးက အမေ့ကိုယ်ပေါ်မှာ လေနှင့်အတူ တဖျပ်ဖျပ် လှုပ်လို့နေသည်။

သည်အရပ် ထုံးစံအတိုင်း မြစ်ငယ်မြစ်၏ တဘက်ကမ်းရှိ သင်္ချိုင်းမှာ အမေ့ကို သင်္ဂြိုဟ်ရမည်။ လှေငှါးဖို့စရိတ် အခက်အခဲကို စံငြိမ်းလှေကလေး ရှိလို့ တော်ပေသေးသည်။ စံငြိမ်းက လှေပဲ့ချောင်မှာ ငိုင်တွေလျက် ထိုင်နေသည်။ သူ့မျက်နှာက ညိုမှိုင်းနေသည်။

ဆံပင် အပြေပြေနှင့် ကလေးချော့ နေသော မြလွင်ကို မမှိန်မသုန် ငေးကြည့်ပြီး သက်ပြင်းကို ချသည်။ မြလွင်အဖေက သောင်စပ် တနေရာတွင် ငူငူကြီး ရပ်လို့နေ၏။ သူ့ဘေးနားတွင် ကလေး သုံးယောက်က မျက်ရည်စတွေနှင့်။

“အဖေ လှေပေါ်တက်လေ၊ သွားရအောင်၊ ဦးလေးညွန့်တို့က ဟိုအထက် လှေဆိပ်က စောင့်နေမှာ၊ လာလေ အဖေ”

ကလေးကို တအင်အင် ချော့ယင်း၊ လှမ်းအော် ပြောလိုက်မှ အဖေက ယောင်နနနှင့် လှေဆီ ဆင်းလာသည်။ အဖေ့ကို ကြည့်ပြီး မြလွင် ပိုငိုချင် လာသည်။ အဖေ့ အပြုအမူတွေက ကြောင်တိ ကြောင်တက်နှင့် စကားလည်း ဟဟ မပြောတော့၊ စံငြိမ်းက အဖေနဲ့ ကလေးတွေကို လှေပေါ် တင်ပေးပြီး လှေကို တဖြည်းဖြည်းချင်း စလှော်သည်။

အိပ်ငိုက်စ ပြုနေသော အငယ်မကို တင်းကျပ်စွာ ပွေ့ပြီး မြလွင် အံကို ကြိတ်ထားမိသည်။ သည်လိုပါပဲ၊ လှေပေါ်မှာ လူအပြည့်နှင့် ဟိုမကြာသေးသော တညနေဆီ ကတော့ မြလွင်တို့တတွေ သိပ်ပျော် ခဲ့ကြသေးသည်။

စံငြိမ်းက မြလွင်တို့ မောင်နှမတွေကို ရွှေကြက်ယက် ဘုရားသို့ လိုက်ပို့သည့်နေ့။ ပျော်လိုက် ကြရတာ။ ခုတော့လည်း သည်လှေပေါ်မှာ တိတ်တိတ် ဆိတ်ဆိတ်နှင့် အားလုံးဟာ နာကျင် ကျေကွဲမှုတွေနဲ့။

မြစ်ပြင်လေမှာ လွင့်နေသော အမေ့ဆံပင် နီကျင်ကျင်လေးတွေကို မြလွင် ငေးကြည့် နေမိသည်။ မြစ်ပြင်လယ်ခေါင်မှာ လှေအိုလေး တစင်းနဲ့ အမေ့ နောက်ဆုံးခရီးကို အမေ လှမ်းကြည့် နေမလား။

သည်အရပ် ထုံးစံအရ အသုဘချပြီ ဆိုယင် မျက်နှာကြီးများဆို ဒီမြစ်ပြင်မှာ၊ လှေတွေ၊ ငှက်တွေ၊ ဘုတ်ချပ်၊ မော်တော်တွေ ဖွေးဖွေးလှုပ်ရောတဲ့။ အေးလေ မြလွင်တို့က သူများရွာရဲ့ဧည့်သည်ပေကိုး၊ အမေရယ်။ ဧည့်သည်သေပဲ သေရမှာပေါ့နော်။

အဖေနှင့် ကလေးတွေကြောင့် အသံမထွက်ပဲ မြလွင် ငိုရသည်။ အထက်ဆိပ်တွင် စောင့်နေသော ဦးလေးညွှန့်တို့ မိသားစု ငှက်တစင်းနှင့် မြလွင်တို့ လှေတစင်း။ သည်နှစ်စင်းနှင့် အမေ့အသုဘ အခမ်းအနားကို ပြီးစေခဲ့ရသည်။ နေရစ်တော့ အမေရေ။

အပြန် လမ်းတလျှောက်လုံးမှာ ခေါင်းကြီး အောက်စိုက်ပြီး လှေဝမ်းထဲသို့ မျက်ရည် တပေါက်ပေါက် ကျနေသော အဖေ့ကို ကြည့်ပြီး မြလွင် ငိုမဆုံး ဖြစ်ရသည်။ စံငြိမ်းကတော့ ဘယ်ကိုမှ မကြည့်ပဲ အတွင် လှော်နေသည်။

မြလွင်တို့ကို တလင်းထိ လိုက်ပို့ပြီး စံငြိမ်း ချက်ချင်းပြန်ရန် ပြင်သည်။ ကလေး သိပ်နေရာက မြလွင် သူ့ကို လှမ်းကြည့် လိုက်သည်။ မျက်လုံးတွေကို ဖျပ်ခနဲ အောက်စိုက်ချယင်း သောင်စပ်ဆီသို့ ခပ်သုတ်သုတ် ဆင်းသွားလေသည်။ သူ့ကို လှမ်းမခေါ်မိတော့။ အံကိုပဲ တင်းတင်း ကြိတ်မိသည်။

* * *

ရွှန်းမြသော လရောင် အောက်က မြလွင်တို့ တဲကလေးမှာ ငြိမ်သက်လွန်း လှသည်။ ညနေထဲက ပဲမှော်ပုံကြီး ဘေးမှာ ထိုင်နေသော အဖေ့ကို ခုထိ ခေါ်မရသေး။ လသာလျှင် ညဘက်ပါ အမေနှင့် မြလွင်တို့ ပဲမှော်ပုံကြီး နားမှာ ပဲပြာ၊ ပဲရွေး လုပ်တတ်ကြသည်။

အဖေနှင့် ဖိုးနီက ပဲနယ်ကြ၏။ ကလေးတွေ ကလည်း လရောင် အောက်မှာ မကစားနိုင်တော့ပဲ၊ ခွေခွေလေးတွေ အိပ်နေကြပြီ။ အငယ်လေး၏ ကျောကို ပွတ်သပ် ချော့ယင်းက အလတ်မ၏ လျှောကျနေသော ထမီစကို ပြန်တင်ပေး လိုက်သည်။ နို့ညှာကောင် ဖိုးထူးဆီက ယောင်ရမ်းယင်း ရှိုက်နေသံကို ကြားရတော့ ရင်ထဲမှာ၊ နာကျင်ရသည်။ တဲတိုင်ကို မောလျစွာ မှီချလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်သည်။

“ဧရာဝတီ … ဟေ့ … ဟေ့ … ဧရာဝတီ၊ ရေလာနဒီ ဟေ့ … ရေလာနဒီ”

ရင်ထဲမှာ ထိတ်ခနဲ ဖြစ်ပြီး ခေါင်းထောင်ထ မိသည်။ အို … ကြည့်စမ်း။ သူ့အသံ။ စံငြိမ်းအသံ။ မူးနေသော စံငြိမ်းအသံ။

“ဟေ့ … ဧရာဝတီ … စစ်ကိုင်းတံတားဘက်ဆီကို … သူလာမလားလို့ … မျှော်မှန်းမိသည်။ ဟော … ဟို … ဟောဟိုက တံတားကြီးဆီကိုကွ … ဟေ့”

ငြိမ်သက်နေသော ပတ်ဝန်းကျင်မှာ သူ့အသံက အတိုင်းသား။ လရောင်အောက်က သောင်ပြင်ပေါ်မှာ ယိမ်းထိုး နေမှာပေါ့။ လှိုက်လှဲ ဆို့နင်သော သူ့အသံကို နားထောင်ယင်း မြလွင် ငိုချင်လာသည်။ တော် မူးတာကို ကျုပ်ရင်ထဲမှာ နားလည် နေသလိုပဲ။ ဒါပေမယ့် အရက်တွေသောက်တာတော့ မကောင်းပါဘူး တော်ရယ်။ ဒီအရည်တွေ သောက်တာ မကောင်းဘူးဆို။ ဘာတဲ့။ သူရာမေရယကံ ဆိုတာလေ။ တော်ပဲ ကျုပ်ကို ရှင်းပြပြီးတော့။

* * *

မနက် စောစောတိုင်း ပျော်ရွှင်စိတ်ဖြင့် သွက်နေကျ ခြေလှမ်းများက လေးလံနေသည်။ အငယ်မက မငိုတော့ပဲ ပခုံးပေါ်မှာ ငြိမ်ငြိမ်လေး အိပ်လိုက် လာသည်။ ထုံးစံအတိုင်း သောင်စပ် အခြေမှာ သူ့လှေလေးကို တွေ့ရသည်။ ကွန်ကော ပစ်နိုင်ရဲ့လား။ မျက်နှာကလည်း မှုန်မှုန်မှိုင်းမှိုင်းနဲ့ ကြည့်နေလိုက်တာ။

လှေနားမှာ မြလွင် ရပ်တော့မှ မျက်နှာ လွှဲတော့သည်။ ခါတိုင်း ထုပ်ထားနေကျ ငါးပေါက်စထုပ်ကို မတွေ့ရ။ ကွန်ကိုလည်း မတွေ့ရပေ။

“ဟင် … ဒီနေ့ တော် ကွန်ပစ် မထွက်ဘူးလား”

သူက မြလွင်ကို စူးစိုက်ကြည့်သည်။

“ငါတို့ ပြန်တော့မှာ မြလွင်”

“ဟင် …”

စံငြိမ်းတို့ သောင်ဆီသို့ လှမ်းကြည့် လိုက်သည်။ အို … သောင်ပေါ်တွင် တဲတွေအားလုံး မရှိကြတော့။ ဖျက်ပြီးကြပြီ။ လှေလေးတွေ ပေါ်မှာ ပစ္စည်းတွေ တင်နေကြပြီ။ ဝမ်းနည်းစိတ်က ရင်ထဲမှာ ပြည့်လျှံလာသည်။

“ညက ရေသိပ်တိုးတယ်၊ တရက် နှစ်ရက်ဆို ရေစိမ့် လာတော့မှာ ငါတို့ ပြန်မှ ဖြစ်တော့မယ်လေ၊ နောက်ပြီး … မြလွင် …”

သူ့အသံ တိုးတိုးက ရပ်သွားပြီး မြလွင် မျက်နှာကို စူးစိုက်ကြည့်သည်။ နှစ်ဦးသား ဘာမှ မပြောနိုင်ပဲ အကြာကြီး ကြည့်နေမိသည်။ ဘာပြောမလို့လဲ။ ဘာမေးမလို့လဲ။ ကျုပ် မဖြေချင်တာ ကိုတော့ မမေးလိုက်ပါနဲ့ တော်ရယ်။

သူက သက်ပြင်း တချက်ကို မှုတ်ထုတ်လိုက်ပြီး …

“နောင်နှစ်နွေကျ နင်တို့ ဒီကို လာအုံးမှာလား ဟင်”

ဪ … တော်ရယ်။ ကျုပ် မဖြေချင်တဲ့ မေးခွန်းကို တော်လဲ သိသားနော်။ မမေးလိုက်တာကို အပြစ် မဆိုချင်ပါဘူးလေ။

မြလွင် သူ့ကို မကြည့်တော့ပဲ …

“ခေါ်ယင်တော့ နောက်နှစ်နွေ လာရမှာပေါ့တော့”

“တော်တို့ကော ဟင်” ဟူသော ရင်ထဲက မြလွင် အမေးကို သူက နားလည်သလို မြလွင်ကို ငေးစိုက် ကြည့်ရာက …

“ငါတို့ကတော့ မြစ်မထဲက သောင်ပေါ်တဲ့ တနေရာရာကို သွားရမှာ၊ ဘယ်နားလဲ မသိဘူးလေ၊ သောင်ကလဲ ဒီနေရာမှာ နှစ်တိုင်း မပေါ်ဘူး မဟုတ်လား”

မြလွင် အဓိပ္ပါယ်မဲ့ ခေါင်းညိတ် နေမိသည်။ စံငြိမ်းက ခေါင်းကို ငုံ့ချလိုက်ပြီး လှော်တက်ကို လှမ်းယူသည်။ မြလွင် ရင်ထဲမှာ ကျင်ကနဲ။ သူ သွားတော့မည်။

“ကဲ … ငါသွားတော့မယ်”

သူ့လက်တွေက လှော်တက်ကို တင်းကျပ်စွာ ဆုပ်ထားယင်း မြလွင်ကို ဆတ်ကနဲ ငေးကြည့်သည်။

“မြလွင်”

“… …”

“င့ါကို နင် နားလည်တယ် မဟုတ်လားဟင်၊ တို့အကြောင်း တို့ဘဝကို နင် နားလည်တယ် မဟုတ်လား၊ သွားမယ် … မြလွင်”

လှေလေးက ကမ်းစပ်မှ လျင်မြန်စွာ ထွက်ခွါသွားခဲ့သည်။ သူ့ နောက်ကျောပြင်ကို ငေးကြောင် ကြည့်နေရာက ရင်ထဲမှာ ပူလောင်တင်းကျပ် လာသည်။ အို … သူ့ကျောပြင်က တဖြည်းဖြည်း ဝေးသွားနေပြီ။

အငယ်မကို တင်းကျပ်စွာ ပွေ့ထားယင်းက သူ့အင်္ကျီင်္စုတ်လေး ထဲမှာ ခေါင်းဝှက်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်မိသည်။ ပူလောင်သမျှ၊ တင်းကျပ်သမျှ တွေကို တသိမ့်သိမ့် နာကျင်စွာ ရှိုက်နေမိသည်။

မဆုံးနိုင်အောင် ရှိုက်ယင်း မြစ်ပြင်ဆီကို လှမ်းကြည့်လိုက်တော့ ပန်းလောင် ချောင်းဖျားဆီသို့ ဆန်တက်နေသော ချစ်သူ၏ လှေအိုလေးကို မှုန်ဝါးဝါးသာ မြင်ရတော့သည်။
 📖📖


နုနုရည်(အင်းဝ)
(ပြောရောပေါ့ ကိုကိုရယ် နှင့် နဝရတ်ကိုးသွယ် (စာမျက်နှာ ၂၃၁-၂၆၃) )

Leave a Reply

Your email address will not be published. Required fields are marked *