July 30, 2025
Uncategorized

အောင်ပွဲက အပြန်

ချမ်းငြိမ်းကျော်
အောင်ပွဲက အပြန်

(တစ်)

ဇေယျဝတီမြို့၏ အနောက်ဘက်တွင် ကျောင်းစုဆိုသည့် ရွာကလေးတစ်ရွာ ရှိလေသည်။ ထိုရွာကလေး၏ ထိပ်အစွန်တွင်ကိုပေညို အရက်ပုန်းဆိုင်ကလေး ရှိ၏။

ဇေယျဝတီမြို့နှင့် ရွာနီးချုပ်စပ်မှ ယမကာသမားများအားလုံး ညနေဆိုလျှင် ကိုပေညို၏ဆိုင်၌ စုဝေးလေ့ ရှိကြ၏။ အရက်က တောအရက်ဖြစ်သကဲ့သို့ အမြည်းကလည်း ယုန်သား၊ ကြောင်သား၊ ချေသား၊ ဆတ်သား စသည့် တောသားကလေးများပါရတတ်၍ ပိုမိုစည်ကားခြင်း ဖြစ်သည်။

ထိုဆိုင်ကလေးတွင် မျက်နှာ အမာရွတ်ကြီးနှင့် အသက်သုံးဆယ်ခန့် လူတစ်ယောက် အရက်သောက်လျက် ရှိ၏။ အမာရွတ်ဆိုတာကလည်း
တစ်ခုတည်းမဟုတ်။ တစ်မျက်နှာလုံး မွနေခြင်း ဖြစ်သည်။

သာမန်အားဖြင့် ကြည့်လျှင် သူအရူးတစ်ယောက် အဖြစ် ထင်မြင်ကြပေသည်။

သို့သော် သူ မရူးပါ။ မရူးသော်လည်း တောသူတောင်သား ဖြစ်သဖြင့် အဝတ်အစား ဟောင်းနွမ်းခြင်း၊ မျက်နှာဝယ် ဘယ်လိုမှ ဖုံးကွယ်မရသော အမာရွတ်ကြီးများ ရှိနေခြင်းတို့ကြောင့် အသွင်အားဖြင့် အရူးတစ်ယောက်ပမာ ရှိလေသည်။

သူကား ကျောင်းစုရွာသား ကိုဘကျော် ပင်တည်း။

ကိုဘကျော်တစ်ယောက်အရက်ကိုမော့လိုက်၊ ဆတ်သားခြောက်ကို မြည်းလိုက်ဖြင့် စည်းစိမ်ခံလျက်ရှိသည်။

ထိုစဉ် ဆိုင်တွင်းသို့ အရက်သောက်မည့် လူတစ်စု ဝင်လာ၏။ တစ်ရွာတည်းနေ သန်းစိန်၊ ရွှေထွန်း၊ ခင်မောင်ဝင်းနှင့် တင်မောင်ဝင်းတို့ အုပ်စုဖြစ်သည်။ သူတို့အုပ်စု ဝင်လာလျှင် ဆိုင်တွင် တစ်စုံတစ်ခု ဖြစ်တော့မည်ဆိုတာကို ပေညို သိလိုက်သည်။

ထို့အတူ ကိုဘကျော်ကလည်း ရိပ်မိသည်။ ဒါကြောင့်လည်း ကိုဘကျော်က ကျသင့်ငွေကို အမြန်ပေး ချေကာ ထလိုက်၏။

“ဟေ့ကောင် ဝံကုတ်ဘကျော်”

ကိုဘကျော်က တဲပြင်သို့ ထွက်မည့်ဟန် ပြင်ကာစ ရှိသေးသည်။ ရွှေထွန်း၏ ခေါ်သံကြောင့် သမင်လည်ပြန် လှည့်ကြည့်လိုက်၏။ ရွှေထွန်း၏ ခေါ်သံသည် သူ့ရင်ကို ချွန်မြသော လှံသွားဖြင့် ထိုးလိုက်သည့်နယ် နာကျင်သွား၏။ အနာပေါ် တုတ်ကျသလို အသည်းနင့်အောင် ခံစားလိုက်ရ၏။

ထို့ကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ရွှေထွန်းကို စူးရဲစွာ စိုက်ကြည့်လိုက်၏။

“ပြန်တော့မလို့လားကွ”

ရွှေထွန်းက ကိုဘကျော်ကို လှောင်ပြုံးဖြင့် ကြည့်ကာ ပခုံးတစ်ချက်တွန့်ရင်း မေးလိုက်သည်။ ကိုဘကျော်က ဘာမျှမပြော။ အနီးရှိ အရက်ပုလင်းခွံတစ်လုံးကို ဆွဲယူပြီး ရွှေထွန်းရှိရာသို့ တစ်လှမ်းချင်း တိုးလာသည်။

“ဟေ့ကောင် ရွှေထွန်း … မင်း ငါ့ကို ဒီလို မခေါ်ပါနဲ့လို့ ပြောမထားဘူးလား … ဟင်။ ငါ့ကို သက်သက်ရန်စတာပေါ့လေ … ဟုတ်လား။ ဟေ့ကောင် … ပြောလေကွာ”

ရွှေထွန်း အနေဖြင့် ကိုဘကျော် မကြိုက်မှန်း သိသော်လည်း စလို ပြောင်လို၍ ပြောခဲ့ခြင်းသာ ဖြစ်သည်။ ခါတိုင်း သည်လိုခေါ်လိုက်လျှင် ကိုဘကျော်က မကြားချင်ဟန်ဆောင်၍ ရှောင်ထွက်သွားမြဲပင်။

ခုတော့ အရက်ကလည်း သောက်ထားပြီးဆိုတော့ ကိုဘကျော် သွေးဆိုးချေပြီ။ ရွှေထွန်းမှာ ကိုဘကျော်၏ မျက်လုံးကို ရင်ဆိုင်ပြီး ရဲရဲမကြည့်ဝံ့တော့။

“မဟုတ်ပါဘူး ဘကျော်၊ ငါ သက်သက်နောက်တာပါ သူငယ်ချင်းရာ။ မင်း မကြိုက်ဘူးဆိုရင် နောက်ဆို မပြောတော့ပါဘူး”

ရွှေထွန်းက ပျာပျာသလဲ တောင်းပန်နေ၏။

သန်းစိန်တို့လူစုကလည်း ဝင်မဆွဲရဲ။ ကိုဘကျော်၏ စိတ်ကို သူတို့ သိထားကြသည် မဟုတ်လား။ ဘေးမှ ရင်တမမနှင့် ဘုရားတနေကြရသည်။

ရွှေထွန်းအနားရောက်လျှင် မြင်ကွင်းတစ်ခုကြောင့် ကိုဘကျော် ခေတ္တမျှ တန့်သွား၏။

ထို့နောက် ရွှေထွန်းကို ကျော်ပြီး ထိတ်လန့်တကြား ကြည့်လိုက်သည်။ ရွှေထွန်းပင် အံ့အားသင့်ကာ ဘေးသို့ တိမ်းပေးလိုက်ရ၏။ ကိုဘကျော်က တဖြည်းဖြည်း နောက်ဆုတ်သွားသည်။ သူ့မျက်နှာတွင် ထိတ်လန့်တကြား ဖြစ်နေမှုကြောင့် ဆိုးရွားသည့်ရုပ်သွင်မှာ သရဲတစ်ယောက်ပမာ ကြောက်ရွံ့ဖွယ် ဖြစ်နေ၏။ ပြီးလျှင် ရှေ့တူရူသို့ ပုလင်းမြှောက်ကာ ပစ်ထည့်လိုက်သည်။

“ခွမ်း … ချလွမ်း … ချလွမ်း”

ပုလင်း၏ ထိမှန်ချက်ကြောင့် တဲနံရံတွင် ကြည့်ရှုရန် ချိတ်ထားသော မှန်သည် အစိတ်စိတ် အမြွာမြွာ ကွဲကာ ကျလာသည်။ အလားတူပင် ကိုဘကျော်၏ ရင်တွင်းရှိ နှလုံးသားတို့မှာလည်း အစိတ်စိတ် အမြွာမြွာ ကွဲကာ ကြေမွခဲ့ရပေပြီ။

ကိုဘကျော်၏ ရင်တွင်းဝယ် ရှက်ရွံ့ခြင်း၊ သိမ်ငယ်ခြင်း၊ နာကြည်းခြင်း၊ ကြေကွဲခြင်း စသည်တို့ကို တစ်ပြိုင်တည်း ခံစားနေရသည်။

မှန်အတွင်းဝယ် သူ့မျက်နှာကို မြင်လိုက်ရသည်
မဟုတ်ပါလား။

ယခင်က စာနာသနားတတ်ပြီး အေးဆေးတည်ငြိမ်သော ကိုဘကျော်သည် ယခုမူ ရက်စက်ကြမ်းတမ်းသော အရက်သမားဘကျော် ဖြစ်ရချေပြီ။

တစ်ခါတစ်ရံ စိတ်လွတ်ကိုယ်လွတ်ပင် ဖြစ်သွားရ၏။ ဒေါသများ ပြေလျှောသွားချိန်မှာတော့ ကိုဘကျော်သည် သနားစရာ ကောင်းလှချေ၏။ သူ၏ မျက်လုံးအိမ်တို့မှ မျက်ရည်တို့သည် တာကျိုးသည့်အလား တားဆီးမနိူင် စီးကျလာတော့၏။

မှုန်ဝါးသော အတိတ်ဖြစ်ရပ်အား တရေးရေး မြင်ယောင်လာပြန်တော့သည်။ အတိတ်တစ္ဆေသည် သူ့အား အမြဲတစေ ခြောက်လှန့်နေချေပြီတကား။

(နှစ်)

“တပို့တွဲ ပေါက်လဲရယ်တဲ့ ငုံစီစီ …. ဖူးတံတွေကချီ …. သည်ရာသီ ဗာဟီကွဲအပြောင်း … ကျောင်းစုသူ မခင်နှောင်း ကို ကွယ် … နွှဲမဲ့ သည်ဆောင်း”

သီချင်းကို အသံဝါကြီးဖြင့် ဟစ်အော်ရင်း တောကိုဝင်ခဲ့သူက ကိုဘကျော်ပင် ဖြစ်သည်။ ကိုဘကျော် ပျော်နေသည်။ ပျော်ပေမပေါ့ … ရှေ့လတွင် ကျောင်းစုသူ မခင်နှောင်းနှင့် လက်ထပ်ထိမ်းမြားဖို့ လူကြီးချင်း စေ့စပ်ပြီးကြပြီ။

မခင်နှောင်းကလည်း ကိုဘကျော်၏အပေါ် ငြင်းစရာမရှိပေ။ ကိုဘကျော်က ရွာမှာ စိုက်ပျိုးရေး၊ မွေးမြူရေး အကြီးအကျယ်လုပ်သူ။

ဒါတွင် မကသေး။ ကျပန်းအလုပ် ဟူသမျှကိုလည်း တွေ့မရှောင် လုပ်၏။ အလုပ်နှင့် ပတ်သက်လျှင် သမ္မာအာဇီဝ အလုပ်ဟူသမျှ ကိုဘကျော် မကြောက် တတ်။ တစ်ခါတစ်ရံ ဇေယျဝတီမြို့တွင်းသွား၍ ဆိုက်ကားနင်း၊ ကူလီထမ်းလိုက်သေးသည်။

ယခုလည်း ကိုဘကျော်က သူ့ဝါသနာအတိုင်း ပျားဖွပ်သွားမည်။ မသွားခင် ချစ်သူ မခင်နှောင်းကို ဝင်တွေ့ခဲ့၏။ မခင်နှောင်းက

“ကိုရင်ရယ် … ရှင်ပြုကာနီး၊ မင်္ဂလာဆောင်ကာနီးဆိုတာ သစ်ပင်မတက်ရဘူးတဲ့” ဟု ပြော၏။

“ဟာကွာ … ခင်နှောင်းကလဲ။ နိမိတ်မရှိ ဘာမရှိနဲ့။ ပျားဖွပ်တယ်ဆိုတာ ကိုယ့်အတွက် ထမင်းစား ရေသောက် အလုပ်တွေပါကွ”

“ကိုရင်ရယ် … ခင်နှောင်း စိတ်တွေလေးနေလို့ ပြောမိတာပါ။ ကိုရင် ခင်နှောင်းကို စိတ်မဆိုးနဲ့နော်”

ကိုဘကျော်က ခေါင်းကို အသာညိတ်ပြ၏။ နောက်ပြီး ခင်နှောင်း၏ နဖူးပြင်ကလေးကို အနမ်းဖြင့် နှုတ်ဆက်ကာ ထွက်လာခဲ့၏။

ဒါကို လမ်းသွားရင်း တွေးမိ၍ ပြုံးမိသေး၏။

အတွေးဖြင့် လျှောက်လာရင်း ပျားဖွပ်မည့် ပျားစွဲပင်ကို ရောက်လာခဲ့ပြီ။ ကိုဘကျော်၏ အတွေးလည်း ပြတ်ပြီ။

အပင်ပေါ် မော့ကြည့်လိုက်၏။ ဧရာမပျားအုံကြီး။ လက်တွင်ပါသည့် ပစ္စည်းများကို အပင်ခြေရင်းတွင်ချကာ တက်ရန် ပြင်ဆင်တော့၏။

သည်တောက ကိုဘကျော် သတ်မှတ်ထား သည့်တော။ နှစ်စဉ် သည်နေရာမှာ ပျားအမြဲ စွဲလေ့ရှိသည်။ တောကနက်တော့ လူသူအရောက်အပေါက်လည်း နည်း၏။ ပျားခိုးဖွပ်မည့်သူ၏ ရန်ကလည်း မကြောက်ရ။ ဒါကြောင့် ကိုဘကျော် နှစ်စဉ်လိုလို ဒီနေရာမှာ ပျားဖွပ်နေကျ ဖြစ်၏။

ပျားမုဆိုးများက ပိုင်ရှင်ရှိပြီးသား သစ်ပင်ကို တွေ့လျှင် ပျားမဖွပ်ရဲကြ။ သူပိုင် ငါပိုင်လည်း မငြင်းရဲကြ။ ငြင်းစရာလည်း မလိုချေ။ အပင်တိုင်းတွင် ကိုဘကျော်က ကြက်ခြေခတ် အမှတ်အသားလုပ်ပြီးသား။ တောအောက်ခြေ တစ်ကွင်းလုံး ရှင်းလင်းကာ နေရာယူပြီးသား။

သည်စည်းကိုတော့ ပျားမုဆိုးတိုင်းက လိုက်နာကြသည်။ မလိုက်နာ၍လည်း မဖြစ်။ ပိုင်ရှင်ရှိပြီးသား ပျားအုံကို ခိုးဖွပ်လျှင် အပင်ပေါ်မှ လိမ့်ကျတတ်သည်။ ဒါမှမဟုတ် ပျားတုပ်ခံရတတ်၏။ သို့မဟုတ်လျှင် တစ်ခုခုတော့ ဖြစ်တတ်ကြသည်။

ပျားအုံကို လုယက်လျှင်ဖြစ်စေ၊ အငြင်းပွားလျှင်ဖြစ်စေ သည်အပင်မှာ နောက်နှစ် ပျားမစွဲတော့။

မတရား အငြင်းပွားပြီး တက်ဖွပ်လျှင်လည်း ပျားရည်ကို မတွေ့ ရတတ်။ ပျားအုံကန်းသွားသည်ကိုသာ တွေ့ရပေမည်။ သည်အထိ ပျားက နတ်ကြီးသည်။

ပျားဖွပ်သည် ဆိုတာကလည်း အဖော်ပါမှ ကောင်းသည်။ သို့သော် ကိုဘကျော်က အဖော်မခေါ်ချေ။ သူတွေ့ထားသော ပျားတောကို သူတစ်ယောက်သာ ပိုင်လိုသည်။ သူတစ်ပါးကို အသိမပေးလိုချေ။

“ဝီ … ဝီ … ဝီ”

“ဖျော … ဖရော … ဖရော”

ကိုဘကျော် ပျားပင်သို့တက်ရန် ပြင်ဆင်နေစဉ်တွင် သူ၏ ကျောဘက်ဆီမှ ပျားများပျံသံ ကြားလိုက်ရ၏။ ထို့အပြင် သစ်တောထဲသို့ တစ်ခုခုတိုးဝင်သံများကိုပါ ကြားရသည်။

ကိုဘကျော် အသံကြားရာသို့ လှည့်ကြည့်သည်။ ဘာကိုမျှ မမြင်တွေ့ရ။ ပျားချေးခါတာများလား။ ပျားများသည် ရံဖန်ရံခါ ချေးခါတတ်သည်။ ပျားချေးခါလျှင် ယခုကဲ့သို့ အပင်ပတ်ဝန်းကျင်တွင် လှည့်လည်ပျံသန်းကြ၏။ ပြီးမှ ဘုံတွင် ပြန်နားတတ်သည်။

ထိုစဉ် ကိုဘကျော်၏ ကျောပြင်သို့ သစ်ဖက်စကြီးတစ်စ လာရောက်ထိမှန်သည်။ ကိုဘကျော် ကျောကော့သွား၏။ သစ်စမှာ ထင်းခွဲခြမ်းလို အစမျိုး။ နောက်ပြီး လတ်ဆတ်လွန်းသည်။

ကိုဘကျော် ဒေါသထွက်သွား၏။ ပျားချေးခါရုံမျှနှင့် သစ်ဖတ်များ ကျမလာတတ်။ ထိုနေရာကိုမူ ကိုဘကျော် သိပ်ပြီး မသင်္ကာချင်တော့။

“ဟေ့ ဘယ်ကောင်လဲကွ။ ပျားလဲ ခိုးဖွပ်သေး၊ ရန်လဲစသေးတယ်။ မိုက်ရင်ထွက်ခဲ့ကွ။ ကျောင်းစုက ဘကျော်တဲ့ … တစ်ကျော်ထဲရှိတယ်”

ကိုဘကျော်က ဓားဆွဲရင်းစိန်ခေါ်လိုက်၏။

အသံက ရပ်သွားသည်။ ကြာတော့ ကိုဘကျော် စိတ်မရှည်နိူင်ဖြစ်ပြီး အပင်ရှိရာသို့ ထွက်ခဲ့၏။ ပျားများပျံနေသော အပင်ကို မော့၍ကြည့်စဉ် ရန်သူက ကိုဘကျော်အား စတင်တိုက်ခိုက်လိုက်သည်။ ရန်သူ၏ တိုက်ခိုက်မှုကြောင့် ကိုဘကျော်၏ မျက်နှာမှ အရေပြားများ လန်ကုန်သည်။

ကိုဘကျော်၏ မျက်ခွံများပေါ်သို့ အသားစနှင့် သွေးများ ဖုံးသွား၏။ ရန်သူကိုပင် မမြင်လိုက်ရချေ။ ရန်သူက လက်ဦးမှု ရယူသွားချေပြီ။

သူ့တွင် ရန်သူကို ဆက်လက်တိုက်ခိုက်ရန် အင်အားမရှိတော့။ ဆက်နေလျှင် သေဖွယ်ရာ ရှိတော့မည်။ နောက်ဆုံး တောတွင်းမှ ရွာအရောက် အမြန်ဆုံး ပြေးထွက်ခဲ့ရသည်။

ထိုအခါမှစ၍ ကိုဘကျော်သည် အနာကို ဆေးကုရင်း တစ်နှစ်ခန့် နားလိုက်ရသည်။

မျက်နှာဒဏ်ရာ ရသည်နှင့် တစ်ပြိုင်တည်း အသည်းဒဏ်ရာပါ ရလာ၏။ သူ့ရုပ်သည် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီ မဟုတ်ပါလား။

သူ့ချစ်သူ မခင်နှောင်းကိုလည်း အတွေ့မခံတော့။ လာတွေ့လျှင်လည်း နီးရာနှင့် ပစ်ပေါက်လွှတ်ခဲ့သည်ချည်းပင်။ သူ့ဘဝကို မခင်နှောင်းကလည်း နားလည်ပါသည်။ ထို့ကြောင့် လာမတွေ့တော့။ သို့သော် သူ စိတ်ပြောင်းမည့်အချိန်ကိုတော့ ရင်မောစွာဖြင့် စောင့်နေပါမည်။

ဆေးရုံက ဆင်းလာတော့မှ သူ့ဒဏ်ရာသည် ဝက်ဝံကုတ်ခံရကြောင်း သိရသည်။ ပျားမွဲ (သစ်ခေါင်းပျား) ဖွပ်နေရာမှ သစ်စဖဲ့၍ ပစ်လိုက်ခြင်း ဖြစ်၏။

ခုတော့ သူ့နာမည် ဘကျော်အား “ဝံကုတ်ဘကျော်” ဟုပင် ပြောင်း၍ ခေါ်လာချေပြီ။

ရွာထဲတွင် ဘကျော် သုံးယောက်ရှိသည်။ နာမည်ခွဲခြားသိစေရန် အရက်သမား ဘကျော်ကို “ငမူးဘကျော်””၊ ပိန်သေးနေသည့် ဘကျော်ကိုတော့ ဒူလာ ဘကျော်”၊ သူ့ကိုတော့ လေးစားသောအားဖြင့် “ကို ဘကျော်” ဟုသာ ခေါ်ကြသည်။

ခုတော့ “ဝံကုတ်ဘကျော်” တဲ့။

ကိုဘကျော်၏ မျက်လုံးအိမ်မှ မျက်ရည်များ စီးဆင်းလာသည်။ ရွှေထွန်းတို့ အုပ်စုလည်း မနေသာတော့။ ကိုဘကျော်အား အနူးအညွတ် တောင်းပန်ရတော့သည်။

ထိုစဉ် ရွာထဲမှ သီချင်းသံကိုအားလုံး ကြားလိုက်ရသည်။ တေးသံကလေးနှင့်အတူ ကိုပေညို၏ အရက် တင်းကုပ်ဆီသို့ လွင့်ပျံ့လာ၏။ တေးသံရှင်က မရည်ရွယ်ခဲ့သော်လည်း ထိုသီချင်းက ကိုဘကျော်၏ နှလုံးသားကို တိုက်ရိုက်ထိမှန်စေသည်။

“တပို့တွဲ ပေါက်လဲရယ်တဲ့ ငုံစီစီ … ဖူးတံတွေက ချီ … သည်ရာသီ ဗာဟီဘွဲ့ အပြောင်း … ကျောင်းစုသူ နွဲ့နွဲ့နှောင်းကိုကွယ် … လွဲခဲ့ရပါပေါ့ သည်ဆောင်း … အောင်း … ဟောင်း … ဟောင်း”

သီချင်းသံကြားလျှင် ကိုဘကျော် ခေါင်းကို ဆတ်ခနဲ ထောင်လိုက်၏။ ပြီးလျှင် တောက်ခေါက်သံတစ်ချက် ပြင်းပြင်းခေါက်လိုက်ကာ ဆိုင်တွင်းမှ ထွက်သွားလေတော့သည်။

(သုံး)

မျက်နှာက အမာရွတ်ကြီးကို စမ်းမိတိုင်း မဟော်သဓာကို မကျေနပ်သော ကေဝဋ်ပုဏ္ဏားကဲ့သို့ ကိုဘကျော် ခံစားနေရ၏။

သည်နှစ်တော့ ကိုဘကျော် ကျန်းမာရေးကောင်းသွားပြီ။ ဝက်ဝံအား သတ်ရန် ဆုံးဖြတ်ချက် ချလိုက်၏။ ထို့ကြောင့် မကြာခဏ တောသို့ လေ့လာရေး ထွက်တော့၏။

သည်တောက နှစ်စဉ် ပျားစွဲသည့်တော မဟုတ်လား။တိရစ္ဆာန် ဖြစ်ပေမယ့် စားပင်ရှိရာကိုတော့ အချိန်မှန် ဝင်တတ်သည်။

ဟော … ခုတော့ ကိုဘကျော် မျှော်လင့်ခဲ့သည့် အတိုင်း ဝက်ဝံကြီးရောက်လာပေပြီ။

ဝက်ဝံကြီးသည် သစ်ခေါက်များကို တဖြောင်းဖြောင်း ဖဲ့ခွာရင်း သစ်ခေါင်းပျား ဖွပ်နေ၏။ အပင်ခြေရင်းသို့ သစ်စကြီးများ ကျလာသည်။

ကိုဘကျော် ဝမ်းသာသွားသည်။ ဝက်ဝံကြီးသည် ကျန်ပျားအုံများကို လာဖွပ်မည်မှာ သေချာနေပြီ မဟုတ်ပါလား။

လက်ရှိ အနေနှင့်ကတော့ ကိုဘကျော် မတိုက်ခိုက်နိုင်သေးချေ။ ထို့ကြောင့် အသံမကြားအောင် တောတိုးပြီး ပြန်လာခဲ့၏။

သည့်နောက်တော့ ကိုဘကျော်အနေဖြင့် ဝက်ဝံ၏ ဓလေ့စရိုက်များကို လေ့လာတော့သည်။

ထိုသို့ လေ့လာစဉ် ဝက်ဝံအား သတ်ဖြတ်ပေးမည့် မုဆိုးများကို တွေ့ရ၏။ သို့သော် ဘကျော်က လက်မခံ။ သူ၏လက်ဖြင့် ကိုယ်တိုင်ကိုယ်ကြ သတ်လိုပါသည်ဟု ပြောလိုက်သည်။

ဝက်ဝံသည် သာမန် သွားရိုးသွားစဉ်မှာ လေးဘက်ထောက်သွားသော သတ္တဝါဖြစ်သည်။ သို့သော် အန္တရာယ်နှင့် ရင်ဆိုင်တွေ့ရသည့်အခါ လူများကဲ့သို့ မတ်တတ်လျှောက်တတ်သည်။ တိုက်ခိုက်သတ်ပုတ်ရာတွင်လည်း နပန်းသမားတစ်ယောက်နှယ် ကျင်လည်သည် ဆို၏။

သူ့အား တိုက်ခိုက်ရာတွင် အလွယ်နှင့် မရနိူင်။ အမွေးအမှင် ထူထဲသလောက် အရေခွံကလည်း အင်မတန်ထူထဲမာကျောလှ၏။ ဓား၊ လှံ စသည့် လက်နက်များ မတိုးတော့။ သေနတ်နှင့် ပစ်ဦးတော့ ချက်ကောင်းမထိလျှင် မသေနိုင်ပေ။

ဤမျှ ကိုယ်ခံအားကောင်းသည့် ဝက်ဝံအား သတ်ဖြတ်ရာတွင် ချက်ကောင်းကို ထိရောက်စွာ ထိုးနှက်ဖို့လိုသည်။

မုဆိုးကြီးများ၏ ပြောစကားအရ နှာနုနှင့် အရှိုက်သည် အကောင်းဆုံး သတ်ကွင်းဖြစ်ကြောင်း မှတ်သားခဲ့ရသည်။

ဝက်ဝံအား သတ်ဖြတ်ရန် လက်နက်မှာ တုတ်ရှည်ပင် ဖြစ်သည်။

သည်နေ့တော့ ကိုဘကျော်အဖို့ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ၊ လေ့ကျင့်မှုများ ဆောင်ရွက်ပြီးစီးပေပြီ။ ဝက်ဝံနှင့် တိုက်ခိုက်ရန်အတွက် သူ၏ အားအင်နှင့် သက်လုံပါ စိတ်ချရပြီ။ ထို့ကြောင့် တုတ်ရှည်တစ်ချောင်းကို ထမ်းကာ တစ်ဘက်က တင်းပုတ်ကိုဆွဲ၍ တောသို့ ဝင်လာခဲ့၏။

ပျားစွဲပင်သို့ရောက်လျှင် လုံခြုံသည့်နေရာ၌ ပုန်းအောင်းနေလိုက်၏။ ချုံတွင်းမှနေ၍ အပင် ပေါ်သို့ မော့်ကြည့်လိုက်သည်။ ပျားအုံများက ရှိနေဆဲ။ သည်ပျားတော မတုံးမချင်း ဝက်ဝံကြီး လာမည်မှာသေချာသည်။

မကြာမီ ခြေသံပြင်းပြင်း နင်းသံကြားရ၏။ ခြေသံနားထောင်ကြည့်ရုံဖြင့် ဝက်ဝံ မည်မျှကြီးကြောင်းကိုဘကျော် ခန့်မှန်းမိသည်။

မကြာမီ ဝက်ဝံသည် ပျားစွဲပင်သို့ လေးဘက်တွားကာ ရောက်လာသည်။ သည်နေရာသည် အောက်ခြေရှင်းလင်းပြီး မြေကွက်လပ်လည်း ကျယ်ဝန်းသည်။ ဝက်ဝံအား တိုက်ခိုက်ရန် အကောင်းဆုံးနေရာပင်။

ကိုဘကျော်က အချိန် ဆွဲမနေဘဲ လက်ရှိ တင်းပုတ်ကို ကွင်းလယ်သို့ ပစ်ချလိုက်သည်။

ဝက်ဝံက အန္တရာယ်အနံ့ ရသဖြင့် ခေါင်းထောင် ထလာသည်။

ကိုဘကျော်က တုတ်ရှည်အား ထောက်လျက် ဝက်ဝံကြီး၏ ကျောဘက်မှ ခုန်ဝင်ကာ အသံပြုလိုက်၏။ တစ်ပြိုင်နက်တည်း ဝက်ဝံ၏ခေါင်းကို တုတ်ရှည်ဖြင့် ရိုက်လိုက်သည်။

ဝက်ဝံကြီး စိတ်တိုလာချေပြီ။ ကိုဘကျော်အား အတင်းတိုးဝင် တိုက်ခိုက်တော့သည်။

ဝက်ဝံကြီး၏ သတ်လုံး သတ်ပေါက်တွေက ကိုဘကျော်အား ပူးဝင်တိုက်ခိုက်ရန် ဖြစ်သည်။

ကိုဘကျော်က အပူးမခံ။ တတ်နိုင်သမျှ လှည့်ပတ်ရှောင်ကာ ဝက်ဝံကြီး စိတ်ဆိုးအောင် စနေ၏။

ဝက်ဝံကြီးက မျက်နှာကို ဘေးသို့လွှဲကာ လက်နှစ်ဘက်ကို ရှေ့သို့ ဆန့်တန်းပြီး လိုက်နေသည်။ ဝက်ဝံကြီး၏ဟန်ကို ကြည့်ခြင်းအားဖြင့် နှာနုနှင့် အရှိုက်ကို အဓိက ကာကွယ်နေကြောင်း ထင်ရှားလေသည်။

ကိုဘကျော်က ဝက်ဝံကြီး စိတ်တိုလာစေရန် တုတ်ဖြင့် တို့ထိကစားနေ၏။

ကိုဘကျော်က ရင်ဝသို့ တုတ်ရှည်ဖြင့် ထိုးလိုက်၊ ဝက်ဝံက လက်ဖြင့် ပုတ်ချလိုက် လုပ်နေသည်။ ဝက်ဝံ၏ လက်ပုတ်အား ပြင်းထန်မှုကြောင့် တုတ်ရှည် လည်ထွက်သွားသဖြင့် အဓိက ရည်မှန်းချက် မရောက်တော့ချေ။

ထိုသို့ ပုတ်လိုက်တိုင်း နှာနကို ကာထားသောလက်သည် ဟာသွားတတ်သည်။ ထိုဟာကွက်နေရာသည် ကိုဘကျော်၏ အဓိကတိုက်ကွက် မဟုတ်ပါလား။

ဟာကွက်တွေ့လျှင်တွေ့ချင်း ဝက်ဝံကြီး၏ နှာနုရိုးကို အားဖြင့် ရိုက်ချလိုက်၏။ ဝက်ဝံကြီးသည် နာကျင်စွာဖြင့် နှုတ်သီးကို လက်နှစ်ဘက်ဖြင့် ပွတ်နေချိန်ဝယ် အဓိကဟာကွက်ဖြစ်သော အရှိုက်သည် ထပ်မံ၍ ဟာသွားပြန်၏။

ကိုဘကျော်က ရရှိသည့် အခွင့်အရေးအား လက်လွတ်မခံတော့ချေ။ ရန်သူကို လက်ဦးမှု မယူနိုင်လျှင် သူခံသွားရပေမည်။

ထို့ကြောင့် နောက်သို့ ၄ , ၅ လှမ်းခန့် ဆုတ်လိုက်၏။ ပြီးလျှင် တစ်ကိုယ်လုံးရှိ အားမာန်များကို လက်သို့ စုစည်းလိုက်ပြီး ဝက်ဝံ၏ အရှိုက်ဆီသို့ တုတ်ရှည်ဖြင့် ဆောင့်ထိုးလိုက်သည်။ ၎င်း၏ အရှိန်နှင့်အတူ လူပါ ပြေးဝင်တိုက်ပစ်လိုက်၏။

ဝက်ဝံကြီးသည် နောက်သို့ ပစ်လဲကျသွား၏ ။ ထိုသို့ကျစဉ် နောက်တွင်ရှိသည့်သစ်ပင်မှ ကျောကို ရိုက်မိသည်။ တစ်ပြိုင်တည်းမှာပင် ခေါင်းသည် လည်သွားပြီး နှာနူသည် သစ်ပင်နှင့် ရိုက်မိပြန်၏။ ဝက်ဝံကြီးသည် ပြင်းထန်စွာ အနာတရ ဖြစ်သွား၏။

ကိုဘကျော်က ဝက်ဝံကြီး လဲကျနေမှုကို အခွင့်ကောင်းယူပြီး စောစောက သူပစ်ချထားသည့် တင်းပုတ်ကို ပြေးကောက်လိုက်သည်။ ပြီးလျှင် ဝက်ဝံကြီး၏အရှိုက်အား ထုရိုက်လိုက်၏။

နှာနုရိုးကိုလည်း ထပ်မံရိုက်လိုက်ပြန်၏။

နောက်ဆုံးရိုက်ချက်မှာပင် ဝက်ဝံကြီး၏အသက် ပါသွားတော့သည်။

“ဟေး … ဒါမှ ကိုဘကျော်ကွ”

အော်ဟစ်အားပေးသံ၊ လက်ခုပ်သံများနှင့်အတူ ရွှေထွန်း၊ ပေညို ၊ တင်မောင်ဝင်း၊ သန်းစိန်နှင့် ခင်မောင်ဦးတို့ ပြေးဝင်လာကြသည်။

ကိုဘကျော် အံ့အားသင့်သွား၏။တစ်ဦးချင်းကို လိုက်လံကြည့်မိသည်။

“ဟေ့ကောင် ဘကျော် … ဘာကြောင်ကြည့်နေတာလဲ။ မင်း တုတ်ရှည်ထမ်းပြီး ထွက်သွားကတည်းက ဝက်ဝံကိုသတ်တော့မယ်ဆိုတာ သိတယ်လေ။ မင်းက ဒီဘဝကို စိတ်နာနေတာဆိုတော့ အသေခံတိုက်မယ်လို့လဲ တို့ ယုံကြည်တယ်။

မင်း ဒုက္ခရောက်ရင် ကူညီရအောင်ဆိုပြီး လက်နက် ကိုယ်စီနဲ့ တို့ လိုက်လာခဲ့တာပဲ။ ဒါတင် မကသေးဘူး ဘကျော်။ မင်းရဲ့ အောင်ပွဲကို ဂုဏ်ပြုမယ့်သူတစ်ဦးလဲ ပါလာသေးတယ်ကွ”

ရွှေထွန်းက စိတ်ရှည်လက်ရှည် ရှင်းပြ၏။ ပြီးလျှင် တောအုပ်အတွင်းသို့ လက်ညှိုးညွှန်လိုက်သည်။

ကိုဘကျော် ကြည့်လိုက်ချိန်မတော့ သပြေခက်ကို ရင်မှာပိုက်ရင်း သူထံသို့ တရွေ့ရွေ့လာနေသော မခင်နှောင်းကို တွေ့လိုက်ရပါတော့သည်။ ။

– ပြီး –

စာရေးသူ – ချမ်းငြိမ်းကျော်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *