July 30, 2025

အောင်မြတ်သာနှင့်ကိုအောင်နိုင်နတ်

အောင်မြတ်သာနှင့်ကိုအောင်နိုင်နတ်
+++++++++++++++++++++++++

“ ကိုအေးကျော်… ဗျို့ ကို‌အေးကျော်”

“ ဟေ.. ဘာတုန်းကွ”

“ လမ်း‌ဖောက်ဖို့ဆိုရင် ရှေ့က မြေကမူကို ဖြိုမှအဆင်ပြေမယ်”

“ ဖြိုရမယ်ဆိုလဲ ဖြိုပေါ့ကွာ၊ ဘယ်တတ်နိုင်မလဲ၊ မင်းအလုပ်သမားတွေရော အားရဲ့လား”

“ ရတယ်ဗျ… ထမင်းစားပြီးတာနဲ့ ဖြိုခိုင်းလိုက်မယ်”

လမ်းအလုပ်သမားခေါင်းဆောင် မောင်ဖိုးထွန်းက ထမင်းစားနားနေကြတဲ့အလုပ်သမားတွေဆီ ထွက်သွားတော့ ကိုအေးကျော်လဲ ကျောက်စီနေတဲ့ ဘက်ကိုထွက်လာခဲ့လိုက်တယ်။

ကိုအေးကျော်က ကျေးရွာချင်းဆက်လမ်းတွေကို တာဝန်ယူဖောက်လုပ်ပေးနေရတဲ့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်သလို ယခုအခါမှာလဲ တောင်ညိုရွာနဲ့ အင်းဒေါင်ရွာကို ဆက်သွယ်ထားတဲ့ လမ်းကို ဖောက်လုပ်ပေးနေခဲ့ရတယ်။

“ မြေစာတွေရရင် ငါ့အိမ်ကို တစ်စီးစာလောက် ပို့ပေးဦးနော်”

“ ဟုတ်ကဲ့ ကိုအေးကျော်၊ ကျွန်တော် ပို့ပေးလိုက်ပါမယ်”

ကိုအေးကျော်လဲ ဖိုးထွန်းစကားကြောင့် ကမူဖြိုနေတဲ့ဘက်ကိုမသွားတော့ပဲ ကတ္တရာစေးတွေကြိုနေတဲ့ဘက်ကိုထွက်သွားပြီး အလုပ်သမားတွေကို ကြီးကြပ်နေခဲ့လိုက်တယ်။

ညနေစောင်းရောက်တော့ တစ်နေကုန်ပင်ပန်းထားကြတဲ့အလုပ်သမားတွေက အရိပ်ရတဲ့သစ်ပင်တွေအောက်မှာထိုင်ပြီး ကွမ်းစားသူကစား၊ ဆေးလိပ်သောက်သူကသောက်နဲ့အနားယူနေတဲ့အချိန် ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားတဲ့ ကိုဖိုးထွန်းရောက်ချလာခဲ့တယ်။

“ ကိုအေးကျော်ရေ… အိမ်ကိုတော့ မြေစာတစ်စီးပို့ပေးလိုက်ပြီနော်၊ အစ်မကတော့ အိမ်နောက်က မြေကွက်လပ်မှာချပေးဆိုလို့ အဲဒီမှာပဲချပေးလိုက်တယ်”

“ ကျေးဇူးပဲ ဖိုးထွန်းရေ… မနက်ဖြန်မနက်တော့ စောစောလာခဲ့ဦးနော်”

“ စိတ်ချပါဗျ… မနက်ဖြန် ညောင်ညိုပင်ရှေ့ထိ အပြီးခင်းမှာပါ”

ကိုအေးကျော်လဲ ဖိုးထွန်းကို နှုတ်ဆက်ပြီးတာနဲ့ ဂျစ်ကားပေါ်တက်ပြီးအိမ်ပြန်လာခဲ့လိုက်တယ်။
+++++++

“ အဖေ… အဖေ”

ဘေးကနေ လက်မောင်းကိုပုတ်ပြီး ခေါ်နေတဲ့ သားဖြစ်သူရဲ့အသံကြောင့် အလုပ်သမားဖိုးတွေ စာရင်းတွက်နေတဲ့ ကိုအေးကျော် ဘေးကိုလှည့်ကြည့်ကာ

“ ဘာဖြစ်လို့လဲ သား”

“ အိမ်အနောက်ဘက်ကနေ ပလွေမှုတ်တဲ့အသံကြားနေရတယ်”

“ မဟုတ်တာကွာ… ဘေးအိမ်က ကလေးတွေဆော့နေတာဖြစ်မှာပေါ့”

“ ကိုအေးကျော် … ကလေးပြောတာ ဟုတ်တယ်ရှင့်၊ ကျွန်မလဲခုနက ထမင်းစားပြီး ပန်းကန်ဆေးနေတုန်း ပလွေသံကြားလိုက်ရတယ်”

“ စိတ်ထင်တာနေမှာပါ မိန်းမရယ်… ငါလဲဘာသံမှ မကြားမိပါဘူး”

“ အင်းပါ… ကျွန်မစိတ်ထင်တာဖြစ်မှာပါ”

ကိုအေးကျော်ရဲ့မိန်းမဖြစ်သူက စကားစကိုဖြတ်လိုက်ပြီး သားဖြစ်သူလက်ကိုဆွဲကာ အိပ်ခန်းထဲကိုဝင်သွားခဲ့လိုက်တယ်။

“ ရှူး ရှူး ရှူး”

စာရင်းလုပ်နေရင်း ကြားလိုက်ရတဲ့ နှာမှုတ်သံကြောင့် ကိုအေးကျော် ‌ခေါင်းကိုဆတ်ခနဲ ထောင်လိုက်ပြီး အိမ်ပြူတင်းပေါက်ကနေ ချောင်းကြည့်လိုက်ရာ အိမ်နောက်ဘေးဘက်ကို ရိပ်ခနဲဖြတ်ဝင်သွားတဲ့ လူတစ်ယောက်ရဲ့ နောက်ကျောကိုမြင်လိုက်ရတယ်။

“ လူတစ်ယောက် ခြံအနောက်ဘက်ကိုဝင်သွားပါလား၊ မဟုတ်မှလွဲရော သူခိုးများဖြစ်နေမလား”

ကိုအေးကျော်လဲ အိမ်မှာဆောင်ထားတဲ့ တုတ်တစ်ချောင်းနဲ့ လက်နှိပ်ဓါတ်မီးကိုဆွဲယူကာ အိမ်နောက်ဖေးဘက်ကို ဆင်းသွားခဲ့လိုက်တယ်။

လရိပ်က ခြံဝင်းထဲကိုကျရောက်နေတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့အရာအားလုံးကို ရှင်းလင်းစွာမြင်နေရသလို ဓါတ်မီးရဲ့အလင်းရောင်ကလဲ ခြံအနှံ့ကိုထိုးကျနေခဲ့တယ်။ အဲဒီအချိန် အိမ်နောက်ဖေးက အုန်းပင်ငုတ်တိုပေါ်မှာ ကျောပေးပြီးထိုင်နေတဲ့ လူတစ်ယောက်ကို မျက်နှာအလွှဲမှာ ရိပ်ခနဲမြင်လိုက်ရတယ်။

“ ဟင်… ခုနက လူတစ်ယောက်ထိုင်နေတာ သေချာမြင်လိုက်ပါတယ်… အခုပြန်ကြည့်တော့ ဘယ်သူမှလဲမရှိပါလား”

တစ်ယောက်ထဲ‌ဇဝေဇဝါနဲ့ ခြံအနောက်က စတိုခန်းဘက်ကိုလမ်းလျောက်လာတဲ့အချိန် သူ့အနောက်မှာ တစ်ယောက်ယောက် ကပ်ပါလာတာကို ခံစားလိုက်ရတယ်။

ဗြုန်းခနဲထလာတဲ့ ကြက်သီးမွှေးညှင်းတွေနဲ့အတူ လူတစ်ကိုယ်လုံးအေးစက်လာပေမယ့် စိတ်ကိုပြန်ထိန်းပြီး လှည့်ကြည့်လိုက်ရာ ဘယ်သူမှမရှိ။

“ မဟုတ်သေးပါဘူး… ဒီညဘယ်လိုဖြစ်နေတာလဲ”

ကိုအေးကျော်တစ်ယောက် စိတ်ထဲရှင်းလောက်တဲ့ထိ လှည့်ပတ်ကြည့်ပြီး အိမ်ပေါ်ပြန်တက်လာတဲ့အချိန် သူ့အနောက်ကနေ ရွံ့ဗွက်တွေပေနေတဲ့ ခြေထောက်တစ်စုံ ကပ်ပါလာပါတော့တယ်။
++++++

“ အနှင်းရေ… ပဲပြုတ်ယူမလားဟေ့”

“ ယူမယ် မကြီးငွေရေ… လာပြီ လာပြီ”

“ အေးကျော်ရော အလုပ်သွားပြီလား”

“ မနက်စာစားဖို့စောင့်နေတယ် မကြီးငွေရေ၊ ကျွန်မကို နှစ်ဆယ်သားထည့်ပေးနော်”

မကြီးငွေက အငွေ့တထောင်းထောင်းထနေတဲ့ ပဲပြုတ်တွေကို အိတ်ထဲထည့်ချိန်နေရင်း

“ အနှင်း… နင်တို့အိမ်မှာ အလုပ်သမားတွေဘာတွေနဲ့ပါလား”

“ ဘယ်ကအလုပ်သမားလဲ… အိမ်မှာ ဘယ်သူမှမရှိပါဘူး”

“ အခုပဲ ပုဆိုးတိုတိုဝတ်ထားတဲ့လူတစ်ယောက် အိမ်ဘေးကနေ အနောက်ကိုဝင်သွားတာမြင်လိုက်လို့ မေးကြည့်တာ”

“ မကြီးငွေ… ကျွန်မကိုမနောက်နဲ့နော်”

“ ငါကနောက်စရာလား အနှင်းရယ်၊ ခုနကပဲ သေချာမြင်လိုက်တာ”

မကြီးငွေစကားကြောင့် ငွေနှင်းတစ်ယောက် ပဲပြတ်ဖိုးငွေကိုပေးပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။

“ ကိုအေးကျော်… မနက်စာ စားတော့မလို့လား”

စာကြည့်ခန်းက စားပွဲပေါ်မှာထိုင်နေတဲ့ ယောင်္ကျားဖြစ်သူကိုလှမ်းမေးပြီး အိမ်နောက်ဖေးကို ဝင်လာတဲ့အချိန်

“ မိန်းမ… သားလေး မနိုးသေးဘူးလား”ဆိုတဲ့အသံနဲ့အတူ အိမ်သာထဲကနေ ထွက်လာတဲ့ ယောင်္ကျားဖြစ်သူကိုမြင်လိုက်ရတယ်။

“ ရှင် … ခုနက စာကြည့်ခန်းထဲမှာမဟုတ်လား၊ အခုဘယ်လိုဖြစ်ပြီး ဒီ ဒီကိုရောက်နေတာလဲ”

“ ဘယ်ကလာ… အိပ်ယာကနိုးတာနဲ့ မျက်နှာသစ်ပြီး အိမ်သာတက်နေတာ”

“ ဒါဆို စာကြည့်ခန်းထဲမှာ ထိုင်နေတာ ဘယ်သူလဲ”

ငွေနှင်းက ကြောက်လန့်တကြားနဲ့ ပြောနေတာကြောင့် ကိုအေးကျော် ခေါင်းကိုစောင်းကြည့်လိုက်ပြီး

“ ဘယ်သူမှမရှိပါဘူး…”

“ ရှိတယ် သေချာကိုမြင်လိုက်တာ၊ ကျွန်မက ရှင်ထင်ပြီး မနက်စာစားဖို့တောင် လှမ်းပြောလိုက်သေးတယ်၊ ဒုက္ခပါပဲ ဒီလိုပုံဆို ကျွန်မမနေရဲတော့ဘူး”

ငွေနှင်းက တုန်ရီနေတဲ့လက်နဲ့ ကိုအေးကျော် လက်မောင်းကိုဆုပ်ကိုင်လိုက်တဲ့အချိန် စာကြည့်ခန်းအဝမှာချိတ်ထားတဲ့ လိုက်ကာက တစ်စုံတစ်ယောက်ဆွဲဖယ်လိုက်သလို ဘေးကပ်သွားခဲ့တယ်။

“ ရှင် မြင်ပြီမဟုတ်လား… ဒီအိမ်မှာဘာတွေဖြစ်နေတာလဲဟင်”

“ ငါလဲ မပြောတတ်ဘူး… အခုလောလောဆယ် ကလေးကိုခေါ်ပြီး အမေတို့အိမ်မှာ သွားနေလိုက်”

ကိုအေးကျော်လဲ အိမ်မှာဖြစ်နေတဲ့ကိစ္စကြောင့် ‌မိန်းမနဲ့ကလေးကို မိဘအိမ်ဝင်ပို့ပြီး အလုပ်ထဲကို ထွက်လာခဲ့လိုက်တယ်။
++++++

“ ကိုအေးကျော် ပြောသလိုဆိုရင် အိမ်မှာ မကောင်းတာတစ်ခုခုရှိနေပြီထင်တယ်”

အလုပ်သမားတွေကိုစောင့်နေရင်းပြောလိုက်တဲ့ ဖိုးထွန်းစကားကြောင့် အေးကျော် ခေါင်းကိုငြိမ့်ပြလိုက်ပြီး

“ မနေ့က မြေကြီးတွေဖို့ပြီးမှဖြစ်တာဆိုတော့ မြေကြီးထဲမှာ မကောင်းတာတစ်ခုခုပါလာတာများလား”

“ အတိအကျတော့ပြောလို့မရဘူးဗျ၊ ဒီလိုလုပ်ဗျာ… အလုပ်သမားတွေလာရင် အိမ်နောက်မှာဖို့ထားတဲ့ မြေကြီးကိုရှင်းခိုင်းလိုက်မယ်၊ မြေကြီးကြောင့်ဆိုရင် တစ်ခုခုတော့ထွက်လာမှာပဲ”

“ လုပ်စမ်းပါဦးဗျာ… မဟုတ်ရင် အိမ်မှာဘယ်သူမှနေရဲမှာမဟုတ်ဘူး”

“ ဟော ပြောရင်းဆိုရင်း ကျောက်ခဲတို့အဖွဲ့လာကြပြီ”

‌ဖိုးထွန်းက သူ့အလုပ်သမားအုပ်စုကိုမြင်တော့ အားတက်သွားပြီး ကျောက်တွေပုံထားတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။

ခဏနေတော့ အလုပ်ကြမ်းသမား ငါးယောက်ပါလာပြီး ပေါက်တူးတွေ ဂေါ်ပြားတွေယူကာ အေးကျော်ရဲ့အိမ်ဘက်ကို ထွက်သွားခဲ့ကြတယ်။

အိမ်ကိုရောက်တော့ မြေစာတွေဖို့ထားတဲ့ နေရာကို ရှင်းကြရာ အုတ်ကျိုးအုတ်ပဲ့တွေကလွဲပြီး ဘာမှထွက်မလာခဲ့တာကြောင့် အေးကျော်ရော ဖိုးထွန်းပါ အကြပ်ရိုက်သွားခဲ့တယ်။

“ ဘာမှမတွေ့ဘူးဗျ… ဒီပုံအတိုင်းဆိုရင် မြေကြီးထဲမှာပါလာတာမဟုတ်ဘူးထင်တယ်”

“ ဒါဆို ဘယ်ကနေ ဖြစ်နေတာလဲ၊ စဉ်းစားလို့မရဘူး”

“ ဒီလိုလုပ်ပါလား… အလုပ်ပြီးရင် ကိုအေးကျော်အိမ်မှာ ကျုပ်နဲ့အလုပ်သမားတွေလာအိပ်ပေးမယ်လေ၊ ဒါဆိုရင် စိတ်ကပဲဖြစ်တာလား၊ တကယ်ဖြစ်တာလားဆိုတာ သိရပြီ”

“ လာအိပ်ဗျာ… လူများတော့ ဒင်းဘယ်လိုလုပ်မလဲ ကြည့်ကြသေးတာပေါ့”

ကိုအေးကျော်က အားတက်သရော ပြောလိုက်ပြီး အလုပ်ခွင်ထဲကိုပြန်ဖို့ ခြံတံခါးကိုပိတ်နေတဲ့အချိန် အိမ်ထဲကနေ လွမ်းဆွေးဖွယ်ကောင်းတဲ့ ပလွေသံ ထွက်ပေါ်လာခဲ့တယ်။

“ ကြားရလား…. ပလွေမှုတ်နေတဲ့အသံ ကြားလား”

“ ဟုတ်တယ်နော်… ဒီနားမှာ ပလွေမှုတ်တဲ့သူ‌လဲမရှိပဲ အသံက ဘယ်ကနေထွက်လာပါလိမ့်”

“ ဆရာထွန်း… အိမ်ပေါ်မှာ ကြည့်ဦးဗျ”

အလုပ်သမားတစ်ယောက်ရဲ့အသံကြောင့် မော့ကြည့်လိုက်ရာ ပြူတင်းပေါက်‌ရဲ့နောက်က အကွယ်ကနေ သူတို့ကိုချောင်းကြည့်နေတဲ့ လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

“ အိမ်ထဲမှာ လူရှိနေတယ်… ကျွန်တော်တို့ဝင်သွားကြည့်ရမလား”

“ အားလုံးဝင်ကြရအောင်၊ တစ်ခုခုဆို ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ တုတ်တွေယူသွားကြ”

ဖိုးထွန်းက သူ့တပည့်တွေကို သတိပေးလိုက်ပြီး သူကိုယ်တိုင်လဲ ခြံစည်းရိုးဘေးမှာပုံထားတဲ့ သစ်အဟောင်းပုံထဲကနေ တုတ်တစ်ချောင်းဆွဲယူကာ ဝင်သွားခဲ့လိုက်တယ်။

“ ခုနကမြင်လိုက်တာ ဒီအခန်းမဟုတ်လား”

“ ဟုတ်တယ် ဆရာထွန်း… ဒါပေမယ့် အခန်းက သော့ခတ်ထားတယ်ဗျ”

“ မင်းတို့ယုံပြီမဟုတ်လား… သာမန်လူဆိုရင် ပိတ်ထားတဲ့အခန်းထဲကိုဘယ်လိုဝင်မလဲ”

“ ကိုအေးကျော် သော့ဖွင့်ပေးကြည့်၊ ကျွန်တော်ဝင်ကြည့်မယ်”

ဖိုးထွန်းစကားကြောင့် အေးကျော်က ခါးကြားမှာချိတ်ထားတဲ့ သော့တွဲကနေ သော့တစ်ချောင်းထုတ်ကာ စာကြည့်ခန်းကိုဖွင့်လိုက်တဲ့အချိန် အညောင်းပြေလှဲဖို့ချထားတဲ့
ပက်လက်ကုလားထိုင်က လူမရှိပဲ လှုပ်ခါနေတာကို အကုန်လုံးမြင်လိုက်ရတယ်။

“ ကိုအေးကျော်… အခြေအနေက မကောင်းဘူးထင်တယ်၊ နေ့ခင်းကြောင်တောင်မှာတောင် ဒီလောက်ဆိုရင် ညဘက်တွေဘယ်လိုနေကြမလဲ”

“ ဒါကြောင့်ပြောတာပေါ့… အခုလဲ လူတွေရှိနေတာတောင် လုပ်ပြနေတာကြည့်ဦးလေ”

အေးကျော်စကားအဆုံးမှာပဲ လှုပ်နေတဲ့ကုလားထိုင်က ရုတ်ချည်းငြိမ်သွားပြီး ဟားတိုက်ရယ်မောတဲ့အသံ ထွက်ပေါ်လာခဲ့တယ်။

အကောင်အထည်မမြင်ရပဲ ကြားလိုက်ရတာကြောင့် ရှိနေတဲ့သူတွေအားလုံး မတိုင်ပင်ထားပဲ လှေကားပေါ်ကနေ ဝရုန်းသုန်းကားပြေးဆင်းခဲ့ကြတယ်။

အိမ်အပြင်ရောက်တော့ ဖိုးထွန်းက ရင်ဘတ်ကိုလက်နဲ့ဖိပြီး

“ ဒီကိစ္စကို လွှတ်ထားလို့မရဘူး၊ တတ်သိနားလည်တဲ့သူနဲ့ပြဖို့တော့လိုမယ်ထင်တယ်”

“ ဒီလိုမျိုးတွေ ငါလဲမကြုံဖူးတော့ ဘယ်သူနဲ့ပြရမလဲမသိဘူးဖြစ်နေတယ်”

“ ကျွန်တော်မှာ အသိဆရာတစ်ယောက်ရှိတယ်၊ သူ့ကိုအိမ်ခေါ်လာပြီး ကြည့်ခိုင်းရင် အဖြေတစ်ခုတော့ထွက်မယ်ထင်တယ်”

“ ဒါဆိုလဲလုပ်ဗျာ ၊ လိုအပ်တဲ့ကုန်ကျစရိတ် ကျွန်တော်ပေးပါ့မယ်”

ကိုအေးကျော်လဲ အိမ်မှာဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် ဖိုးထွန်းရဲ့အကြံဉာဏ်အတိုင်း လုပ်ဖို့သဘောတူခဲ့လိုက်တယ်။
++++++

ရာဇမတ်တွေကာရံထားတဲ့အလယ်မှာတော့ ပိတ်ဖြူဝတ်စုံဝတ်ဆင်ထားတဲ့လူတစ်ယောက် ရှိနေပြီး သူ့အရှေ့မှာတော့ ကန်တော့ပွဲငါးပွဲ စီစီရီရီ တင်ထားခဲ့တယ်။

“ အချိန်တော့ကျလာပြီကွယ့် ဒီအိမ်ရှင်တွေဘယ်မလဲဟေ့”

“ ရှိပါတယ် အဘ… ဒီမှာပါ”

အေးကျော်နဲ့ဇနီးဖြစ်သူက ပိတ်ဖြူဝတ်လူရဲ့အရှေ့ကို တိုးသွားပြီး ရှိကြောင်းပြောပြခဲ့တယ်။

“ အဘ အာရုံခံမိသလောက်ကတော့ ဒီအိမ်မှာရှိနေတာ သရဲတစ္ဆေအဆင့်မဟုတ်ဘူးကွယ့်၊ ဒါကြောင့် နတ်မင်းကြီးလေးပါးအင်းကိုသုံးပြီး အနှောက်အယှက်ကို ဖယ်ရှားပေးမယ်ကွယ့်”

ပိတ်ဖြူဝတ်လူက အာပေါင်အာရင်းသန်သန်နဲ့ပြောပြီး ကန်တော့ပွဲရှေ့မှာ ဖယောင်းတိုင်ငါးတိုင်ထွန်းကာ မန္တာန်အချို့ကိုစတင်ရွတ်ဖတ်ပါလေရော။

ဂါထာရွတ်ဖတ်နေရင်း ငါးမိနစ်လောက်အရောက်မှာတော့ အိမ်တံခါးမကြီးက လေမတိုက်ပဲ ဝုန်းဆိုဆောင့်ပိတ်သွားခဲ့ရာ ရာဇမတ်ကွက်ထဲမှာရှိတဲ့သူတွေအားလုံး လန့်ဖြန့်ကုန်တယ်။

“ ဟိတ်… ငါဆရာရှိနေတာတောင် သောင်းကျန်းရဲတယ်ပေါ့လေ၊ ‌ဆိုင်ရာပုဂ္ဂိုလ်များ ဒီအနှောက်အယှက်ကောင်ကို ဖမ်းချုပ်ထားကြစမ်း”

ပိတ်ဖြူဝတ်လူကြီးက အိမ်တံခါးမကြီးရှေ့ကို လက်ညိုးငေါက်ငေါက်ထိုးပြီး အမိန့်ပေးလိုက်တဲ့အချိန် အိမ်ထဲကနေ ပန်းကန်တွေပစ်ချတဲ့အသံ၊ ခြောက်ကပ်ကပ်ရယ်မောသံတွေ ထွက်ပေါ်လာခဲ့တယ်။

“ ဆရာ… ကြားတယ်မဟုတ်လား”

“ ဒင်းက ငါ့ကိုမခန့်လေးစားလုပ်နေတာပဲ၊ တောက်စ်”

ပိတ်ဖြုဝတ်ဆရာက မာန်မဲဟိန်းဟောက်လိုက်ပြီး အနီရောင်ကြိုးကို ကျစ်ထားတဲ့ ချည်မန်းကွင်းကို ကိုင်ကာ ရာဇမတ်ကွက်ထဲကနေ မတ်တပ်ထရပ်လိုက်တဲ့အချိန် အိမ်ထဲကနေ ကြွေပန်းကန်လုံးတစ်လုံးက အရှိန်နဲ့လွင့်ထွက်လာပြီး ဆရာဖြစ်သူရဲ့ နံဘေးမှာရှိတဲ့ ကန်တော့ပွဲဇလုံကို ထိမှန်သွားခဲ့တယ်။

“ ဆရာ… ဘာ ဘာဖြစ်သွားသေးလဲ”

“ ရတယ် ရတယ် ငါဘာမှမဖြစ်ဘူး… မင်းတို့အိမ်မှာရှိနေတဲ့ကောင်က အတော်ကြီးတဲ့ပုံပဲ၊ ဒါပေမယ့် ချည်မန်းကွင်းအစွမ်းကိုတော့ ဒင်းမခံနိုင်လောက်ပါဘူး”

ဆရာဖြစ်သူက ချည်မန်းကွင်းကိုခပ်တင်းတင်းဆုပ်ကိုင်ရင်း အိမ်တံခါးဝကိုလျောက်သွားတဲ့အချိန် စင်ပေါ်မှာတင်ထားတဲ့ ကန်တော့ပွဲတွေက ဘယ်သူမှမထိကိုင်ပဲ ဝုန်းခနဲ ဒိုင်းခနဲ လွင့်ထွက်သွားခဲ့တယ်။

မထင်မှတ်ထားတဲ့ တုံ့ပြန်မှုကြောင့် အခြေအနေကို လာကြည့်ကြတဲ့သူတွေရော အလုပ်သမားတွေရော ဝရုန်းသုန်းကားနဲ့ထပြေးကြသလို ဆရာလုပ်သူကလဲ မျက်ဖြူလန်ပြီး ရာဇမတ်ကွက်ထဲမှာ သတိလစ်လဲကျသွားတာကိုမြင်လိုက်ရတယ်။

ဒီအဖြစ်အပျက်ကြောင့် ကိုအေးကျော်တို့အိမ်သတင်းက လူတိုင်းရဲ့ပါးစပ်ဖျားကို ရောက်သွားခဲ့သလို ဘယ်ဆရာကမှလည်း ထပ်ပြီးမရောက်လာခဲ့တော့ပေ။

အိမ်နီးနားချင်းတွေကတော့ ညဘက်ရောက်ရင် ကိုအေးကျော်တို့ခြံထဲမှာ မဲနက်နေတဲ့ ကျွဲတစ်ကောင် လှည့်ပတ်သွားလာနေတာတွေ့သလို အချို့တွေကလဲ အိမ်အပေါ်ထပ် ဝရန်တာပေါ်မှာ လူတစ်ယောက် ငုတ်တုတ်ထိုင်ပြီး ဆေးလိပ်ထိုင်ဖွာနေတဲ့အရိပ်အယောင်တွေကို တွေ့မြင်ရကြောင်း ပြောပြခဲ့တယ်။

ကိုအေးကျော်တို့မိသားစုလဲ ဒီအဖြစ်အပျက်ကြောင့် အိမ်ကိုအရောင်းဆိုင်းဘုတ်တင်ရတဲ့ထိဖြစ်လာခဲ့တယ်။ သို့ပေမယ့် အိမ်မှာ အခြောက်အလှန့်ရှိတယ် ဆိုတဲ့သတင်းကြောင့် မည်သူတစ်ဦး တစ်ယောက်ကမှ ဝယ်ယူဖို့မကမ်းလှမ်းခဲ့ကြပေ။

ဒီကိစ္စတွေဖြစ်ပြီး ငါးလလောက်အကြာမှာတော့ ကိုအေးကျော်လဲ လမ်းဖောက်တဲ့စီမံချက်ပြီး သွားပြီမို့ မိသားစုတွေစိတ်ပြေလက်ပျောက်အဖြစ် ရွှေမောဓေါစေတီကိုသွားရောက်ခဲ့ကြတယ်။ စေတီကိုရောက်တော့ ကိုအေးကျော်က သူရဲ့‌မွေးနေ့မွေးနံဖြစ်တဲ့ တနင်္ဂနွေထောင့်မှာ ဘုရားရှိခိုးဖို့ နေရာယူလိုက်တဲ့အချိန် ယောဂီဝတ်စုံဝတ်ထားတဲ့ လူသုံးယောက်က သူထိုင်မယ့်နေရာမှာ စကားပြောနေတာကိုမြင်တွေ့လိုက်ရတယ်။ ဒါကြောင့် ကိုအေးကျော် အနားကို တိုးကပ်သွားပြီး

“ တစ်ဆိတ်လောက်ဗျ… ကျွန်တော် ဒီမှာ ဘုရားရှိခိုးလို့ရမလား”

ကိုအေးကျော်က လေသံအေးအေးနဲ့ပြောလိုက်ရာ စကားပြောနေတဲ့လူသုံးယောက်က သူ့ကို မျက်လုံးဝင့်ကြည့်ပြီး ထိုင်ရာကနေ ဘေးကို ဖယ်ပေးလိုက်ကြတယ်။

ကိုအေးကျော်လဲ ဇနီးနဲ့သားဖြစ်သူကို ဘေးမှာစောင့်ခိုင်းပြီး ဘုရားဝတ်ပြုနေတဲ့အချိန်

“ ဒီကောင်က ရာရာစစ စေတီပေါ်ထိ ရောက်နေပါလား” ဆိုတဲ့စကားသံသဲ့သဲ့ကို ကြားလိုက်ရတယ်။

ကိုအေးကျော်လဲ ကြားလိုက်ရတဲ့စကားကို မကြားချင်ယောင်ဆောင်ပြီး အမျှတန်းပေးဝေနေတဲ့အချိန် ထိုင်နေတဲ့လူသုံးယောက်ထဲက ဆံပင်ကိုအနောက်မှာစည်းထားတဲ့လူက
တောက်တစ်ချက်ခတ်ပြီး သူ့ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာကို သတိထားမိခဲ့တယ်။

ကိုအေးကျော်ရဲ့စိတ်ထဲမှာတော့ သူတို့ထိုင်နေတဲ့ နေရာကို ဖယ်ခိုင်းတဲ့အတွက် မကျေမနပ်ဖြစ်နေတာဖြစ်မယ်လို့တွေးကာ အမျှတန်းပေးဝေပြီးတာနဲ့ မိန်းမနဲ့သားဖြစ်သူကိုခေါ်ပြီး ထထွက်ဖို့အလုပ်

“ ဟေ့လူ ဟေ့လူ… ခင်ဗျားကိုပြောစရာရှိတယ်ဗျ” ဆိုတဲ့အသံနဲ့အတူ ဆံပင်ကို စည်းနှောင်ထားတဲ့လူက ထိုင်ရာကနေ ထလာခဲ့တယ်။

“ ဘာကိစ္စလဲဗျ”

“ ခင်ဗျားတို့မိသားစုမှာ ထူးခြားတဲ့ကိစ္စတစ်ခု ဖြစ်ပေါ်နေတယ်မဟုတ်လား”

“ ဒါကို ဘယ်လိုသိတာလဲ”

“ သိတာပေါ့‌… ခင်ဗျားကိုကြည့်ရတာ သာမန်မှမဟုတ်တာ”

“ ဘယ်လိုသာမန်မဟုတ်တာလဲ… ကျုပ်က ဘာများထူးထူးဆန်းဆန်းနေနေလို့တုန်း”

“ ခင်ဗျားကတော့ သာမန်ပဲနေတာပါ ဒါပေမယ့် ခင်ဗျားရဲ့အနောက်မှာပါလာတဲ့သူက ထူးဆန်းနေတာ”

“ ကျုပ်အနောက်မှာ ကျုပ်မိသားစုပဲပါတာလေ၊ ဟေ့လူ စကားကိုဝေ့လည်ကြောင်ပတ်လုပ်ပြီး ကျုပ်ဆီကအလှူခံမလို့မဟုတ်လား”

“ ဟားဟားဟား… ကျုပ်က ဘာကြောင့် ခင်ဗျားစီက အလှူခံရမှာလဲ၊ အထင်တော့ လွဲပြီးထင်ပါတယ်”

“ ဒါဆို ခုနက ကျုပ်အနောက်မှာလိုက်နေတာပြောတာကရော ဘာကြောင့်ပြောရတာလဲ”

“ မြင်လို့ပြောတာပေါ့ဗျ… အခုသူက ခင်ဗျားနဲ့စကားပြောတာကို မကြိုက်တဲ့ဟန်နဲ့ စိုက်ကြည့်နေတာဗျ”

“ ကျုပ်အခုမြင်တာ ခင်ဗျားကိုပဲလေ၊ ကျုပ်အနောက်မှာ ဘယ်သူမှ မပါဘူး”

“ ခင်ဗျားရဲ့နောက်မှာ ဝါးပလွေတစ်ချောင်းကို ခါးကြားထိုးထားတဲ့ ယောင်္ကျားတစ်ယောက် ရှိနေတယ်”

ဝါးပလွေဆိုတဲ့အသံကြောင့် ကိုအေးကျော် မျက်လုံးအဝိုင်းသားဖြစ်သွားခဲ့သလို ဘေးမှာရပ်နေတဲ့မိန်းမဖြစ်သူရဲ့မျက်နှာမှာလည်း အံ့ဩမှုတွေ ပေါ်ပေါက်လာခဲ့တယ်။

“ ကိုအေးကျော်… သူက တစ်ခုခုကိုမြင်နေတဲ့ပုံပဲ”

“ အသာနေစမ်းပါမိန်းမရာ… ဒီကောင်တွေက ငါတို့အကြောင်းစုံစမ်းပြီး ဂွင်ဖန်နေတာဖြစ်မယ်”

‌ “ ဟောဟော… ကျုပ်တို့ကို ခင်ဗျားက မယုံမကြည်ဖြစ်နေတာကိုး… ဒါဖြင့်လဲ နေပါစေတော့ဗျာ”

ဆံပင်ကိုသပ်ရပ်စွာထုံးဖွဲ့ထားတဲ့လူက အေးကျော်ကို ခပ်မဲ့မဲ့အပြုံးနဲ့ကြည့်ပြီး သူ့လူတွေရှိတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။

“ ဆရာ ဟိုလူက ဆရာပြောတာကို မယုံဘူးမဟုတ်လား”

“ ထားလိုက်ပါ မောင်ကောင်းရာ၊ သူယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ မကြာခင် ငါတို့ဆီပြန်ရောက်လာမှာပါ”

အောင်မြတ်သာက အဝေးကိုထွက်သွားတဲ့ ကိုအေးကျော်တို့မိသားစုကိုကြည့်ရင်း တည်ငြိမ်စွာရေရွတ်လိုက်ပါတော့တယ်။

အောင်မြတ်သာတို့ဆရာတပည့်တွေလဲ ရွှေမောဓေါစေတီပေါ်မှာပဲ ပုတီးစိပ်တရားထိုင်ခြင်းအမှုတွေကို ညနက်တဲ့အထိပြုလုပ်ပြီး ထိုင်နေကြတဲ့အချိန် မျက်စိကြိမ်းမတတ်အလင်းရောင်တန်းတစ်ခုက စေတီရဲ့ငှက်မြတ်နားတော်နေရာကနေ ဖြာထွက်လာတာကိုမြင်တွေ့လိုက်ရတယ်။

အလင်းအားက အတော်ကိုစူးနစ်နေတာမို့ အောင်မြတ်သာတို့ဆရာတပည့်တွေ မျက်လုံးကို လက်နဲ့ကာပြီး ကြည့်လိုက်ရာ လေဟာနယ်ထဲကနေ လမ်းလျောက်လာတဲ့ နတ်သားတစ်ပါးကို မြင်လိုက်ရတယ်။အဆိုပါနတ်သားက အောင်မြတ်သာတို့ရှိရာကို တန်းတန်းမတ်မတ်ဆင်းလာပြီး ပဝါအဖြူနဲ့ထုပ်ထားတဲ့ ပစ္စည်းတစ်ခုကို ကမ်းပေးကာ ငှက်မြတ်နားဘက်ကို ပြန်တက်သွားခဲ့တယ်။

အောင်မြတ်သာလဲ သူ့ကိုပေးသွားတဲ့အရာကို ဖြည်ကြည့်လိုက်ရာ လွန်စွာလှပတဲ့လက်ရေးနဲ့ ရေးထားတဲ့စာတစ်စောင်နဲ့အတူ နဂါးလက်ကောက် နှစ်ကွင်းဖြစ်နေခဲ့တယ်။

“ ဆရာ… စာထဲမှာ ဘာရေးထားတာလဲ”

“ ဒီနဂါးလက်ကောက်ရဲ့ ပိုင်ရှင်ရှိတဲ့နေရာကိုရေးထားတာပါ၊ စာထဲမှာပါတဲ့အကြောင်းအရာ အရဆိုရင် ပိုင်ရှင်ကလွန်ခဲ့တဲ့နှစ်လေးဆယ်လောက်အချိန် ရွှေမော်ဓေါဘုရားပွဲမှာ လက်ကောက်နှစ်ကွင်းလုံး ကျပျောက်သွားခဲ့တဲ့ပုံပဲ”

“ နှစ်လေးဆယ်ကြာပြီးမှ ပိုင်ရှင်ကိုပြန်တွေ့ဖို့ဖြစ်နိုင်ပါ့မလား”

“ အကြောင်းရှိလို့ လာပေးတာဖြစ်မှာပေါ့ ခွန်းလှရယ်၊ ကဲ ငါတို့ကတော့ ဒီနယ်ထဲကနေ လောလောဆယ်ထွက်ရဦးမှာမဟုတ်သေးဘူးထင်တယ်”

“ ကျွန်တော်တို့ကလဲ စေလိုရာစေဆိုတဲ့သဘောနဲ့ ထွက်လာခဲ့တာဆိုတော့ ဘယ်ရောက်ရောက်ပေါ့ဆရာရယ် မဟုတ်ဘူးလား”

“ ဒါပေါ့ကွ… ကဲ မင်းတို့လဲ ခရီးပန်းလာကြတာဆိုတော့ နားလိုက်ကြဦး၊ မနက်မိုးလင်းတာနဲ့ နွားကျောင်းသားကိစ္စ ရှင်းရဦးမယ်”

အောင်မြတ်သာက မောင်ကောင်းတို့ကို အနားယူခိုင်းလိုက်ပြီး စေတီကို လက်ယာရစ်ပတ်ကာ ဂုဏ်တော်တွေပွားများနေခဲ့လိုက်တယ်။
+++++

အနီရောင်အုတ်တွေနဲ့ ဆောက်လုပ်ထားတဲ့ အင်ဂျင်နီယာရုံးဝင်းအတွင်းမှာတော့ ကိုအေးကျော် တစ်ယောက် စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ အဲဒီအချိန် ရုံးပြာတာစာရေး မောင်ဘဦးရောက်လာပြီး

“ ဆရာ… ရုံးရှေ့မှာ ဆရာကို တွေ့ဖို့ဆိုပြီး လူသုံးယောက်ရောက်နေတယ်”

“ ဒါဆိုလဲ ရုံးခန်းထဲ လွှတ်ပေးလိုက်ကွာ”

ကိုအေးကျော်က ပြာတာစာရေးကို ပြောပြီး နောက်အသစ်ဖောက်လုပ်မယ့် လမ်းအတွက် လိုအပ်မယ့်ကျောက်စာရင်းတွေကို တွက်ချက်နေခဲ့လိုက်တယ်။

“ ဆရာ… ‌သူတို့ရောက်လာပြီ”

ပြာတာစာရေးစကားကြောင့် ကိုအေးကျော် မော့ကြည့်လိုက်ရာ ဘုရားမှာတွေ့ခဲ့ရတဲ့ ယောဂီဝတ်လူဖြစ်နေခဲ့တယ်။

“ ဘာကိစ္စရှိလို့လဲဗျ”

“ ကိစ္စကတော့ မိတ်ဆွေအိမ်မှာဖြစ်နေတဲ့ အဖြစ်အပျက်ကြောင့် ရောက်လာခဲ့တာပါ”

“ နေစမ်းပါဦး… ခင်ဗျားတို့ကို ဘယ်သူက ကျုပ်အိမ်ကိစ္စအကြောင်းပြောပြလိုက်တာလဲ”

“ ကျုပ်တို့အသိနဲ့ ကိုယ့်ဘာသာလာခဲ့တာပါ၊ ဒီလို‌လာရတာလဲ ခင်ဗျားနဲ့ ကျုပ်ရဲ့ပဌာန်းဆက်ကြောင့်ပဲ”

“ ခင်ဗျားနဲ့ ကျုပ် အရင်ကမြင်ဖူးလို့လား”

“ လွန်ခဲ့တဲ့ နှစ်လလောက်က မိတ်ဆွေတို့မိသားစု ပုဂံဘက်ကို ဘုရားဖူးထွက်ခဲ့ကြတယ်မဟုတ်လား”

“ ဟုတ်ပါတယ်… ဒါတွေခင်ဗျားဘယ်လိုသိတာလဲ”

“ မိတ်ဆွေတို့မိသားစု ‌ရွှေစည်းခုံစေတီကို လာဖူးတဲ့အချိန် နေပူထဲမှာတရားထိုင်နေတဲ့ လူတစ်ယောက်ဘေးမှာ ပါလာတဲ့ ထီးနဲ့နေပူဒဏ် ကာပေးခဲ့တာရော မှတ်မိတယ်မဟုတ်လား”

အောင်မြတ်သာစကားကြောင့် ကိုအေးကျော် မျက်ခုံးနှစ်ခုတွန့်အောင်စဉ်းစားလိုက်ပြီး

“ မှတ်မိပြီ မှတ်မိပြီ… အဲဒီလူက ခင်ဗျားလား”

“ ဟုတ်ပါတယ်… မိတ်ဆွေတို့မိသားစုရဲ့ စေတနာကြောင့် အခုလိုပြန်ပြီကူညီပေးဖို့ အကြောင်းဖန်လာခဲ့တာပဲ”

“ ဟာ… ကျုပ်ရဲ့အပြုအမူတွေအတွက် တောင်းပန်ပါတယ်ဗျာ၊ အရင်ဆုံး ထိုင်ကြပါဦး”

ကိုအေးကျော်စကားကြောင့် အောင်မြတ်သာတို့လဲ လွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်ပြီး စကားကိုပြန်ဆက် လိုက်တယ်။

“ မိတ်ဆွေက ဘာရိုးရာလဲဗျ”

“ ရိုးရာလို့တော့မသိဘူးဆရာ၊ မိဘတွေက ငယ်ငယ်ထဲကဆုံးသွားတာဆိုတော့ ကိုယ့်ကိုကိုယ် ဘာရိုးရာမှန်းမသိဘူး”

“ ကျုပ်အမြင်မှာတော့ မိတ်ဆွေနောက်မှာ ပလွေတစ်ချောင်းကိုင်ပြီး ပုဆိုးကိုကွင်းသိုင်းထားတဲ့ လူတစ်ယောက်အမြဲလိုက်နေတယ်”

“ ဆရာပြောသလိုပဲ ကျုပ်လဲမြင်တွေ့ခဲ့ရတယ်၊ တစ်ခါတစ်လေ ကျုပ်နေတဲ့အိမ်မှာ ကျွဲနှာမှုတ်သံလိုလို၊ နွားခွာယက်သံလိုလိုတွေ ကြားရတဲ့အပြင် ညသန်းခေါင်အချိန်တွေမှာလဲ ပလွေမှုတ်တဲ့အသံတွေကြားရတယ်”

“ ဒီအဖြစ်ကြောင့် အိမ်မှာမနေဖြစ်ကြတော့တာလား”

“ ဟုတ်တယ်ဆရာ… မကြာသေးခင်ကလဲ အတိုက်အခိုက်ရှင်းပေးတဲ့ဆရာတစ်ယောက် ထွက်ပြေးခဲ့ရတယ်၊ အဆိုးဆုံးက ကန်တော့ပွဲတွေကိုပါ မှောက်ချပစ်တာပဲ”

“ ဒါဖြင့် မိတ်ဆွေ သဘောတူတယ်ဆိုရင် ကျုပ်တို့ ကိုယ်တိုင်ရှင်းပေးပါ့မယ်”

“ ကျုပ်အနေနဲ့ ဘာတွေပြင်ထားရမလဲပြောပါ”

“ မနက်ဖြန် မနက် ကန်တော့ပွဲသုံးပွဲအတွက်လိုအပ်တာတွေ ဝယ်ထားပေးပါ၊ ကျုပ်တို့အိမ်ကိုလာခဲ့ပါ့မယ်”

“ ကျုပ်သေချာပြင်ပြီးစောင့်နေပါ့မယ်၊ ဟိုလေ ဆရာတို့ကို ဘယ်မှာလာကြိုရမလဲဆိုတာလေး ပြောပေးပါလား”

“ ကျုပ်တို့အစီအစဉ်နဲ့ပဲ လာခဲ့ပါ့မယ်”

“ ကျေးဇူးတင်ပါတယ်ဗျာ… ကျုပ်သေချာလုပ်ထားပေးပါမယ်”

အောင်မြတ်သာတို့ပြန်ထွက်သွားတော့ ကိုအေးကျော်လဲ ပြာတာစာရေးကိုခေါ်ပြီး ကန်တော့ပွဲအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ခိုင်းခဲ့လိုက်တယ်။
+++++

နောက်တစ်နေ့မနက်ရောက်တော့ ကိုအေးကျော်တို့ခြံဝင်းထဲမှာ အိမ်နီးနားချင်းတွေနဲ့အတူ အောင်မြတ်သာတို့ဆရာတပည့်တွေ ကန်တော့ပွဲသုံးပွဲကိုနေရာချရင်းအလုပ်ရှုပ်နေခဲ့တယ်။

ရပ်ကွက်ထဲက လူတွေကတော့ အိမ်ရှေ့ကနေဖြတ်သွားဖြတ်လာလုပ်ရင်း အကဲခတ်နေကြသလို ကိုအေးကျော်ကလဲ အိမ်ထဲကိုလှမ်းကြည့်ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။

အောင်မြတ်သာက ကန်တော့ပွဲတွေနေရာချပြီးတာနဲ့ အိမ်အတွင်းအပြင်ပတ်ပတ်လည်ကို စည်းချကာ အတွင်းပုဂ္ဂိုလ်အပြင်မထွက်ရအောင်၊ အပြင်ပုဂ္ဂိုလ်အထဲမဝင်နိုင်အောင်ပြုလုပ်ခဲ့တယ်။

စည်းချပြီးတဲ့အချိန်မှာတော့ အိမ်ထဲကနေ ပစ္စည်းတွေပစ်ချတဲ့အသံ၊ ခြေဖနောင့်ဆောင့်တဲ့အသံတွေထွက်ပေါ်လာခဲ့ တယ်။

အောင်မြတ်သာကတော့ အသံဗလံတွေကို ဂရုမစိုက်ပဲ ငါးပါးသီလခံယူပြီး ဆိုင်ရာနတ်တွေအပြင် မြို့စောင့်နတ်၊ ရပ်ကွက်စောင့်နတ်တွေကိုပင့်ဖိတ်ခဲ့ရာ ရွတ်ဖတ်သံမဆုံးခင်မှာပဲ အိမ်တံခါးမကြီးက ဘယ်သူမှမရှိပဲ ဝုန်းခနဲ ဒိုင်းခနဲ ပွင့်ထွက်သွားခဲ့တယ်။

အောင်မြတ်သာလဲ ပွင့်ထွက်သွားတဲ့ တံခါးဝကိုကြည့်လိုက်ရာ တစ်ကိုယ်လုံးနက်မှောင်နေတဲ့ ကျွဲနက်ကြီးတစ်ကောင်နဲ့အတူ အံကိုကြိတ်ထားတဲ့လူတစ်ယောက် မတ်တပ်ရပ်နေတာမြင်လိုက်ရတယ်။

အဆိုပါရပ်နေတဲ့လူက ‌အောင်မြတ်သာကို နီရဲနေတဲ့မျက်လုံးအစုံနဲ့စိုက်ကြည့်ပြီး ခြေလှမ်းကျဲကြိးတွေနဲ့ စည်းထဲကို ပြေးဝင်လာခဲ့ရာ အထဲကိုမရောက်ခင်မှာပဲ ပုဆိုးခါးတောင်းကျိုက်ထားတဲ့ လူနီနီနှစ်ယောက် ပေါ်လာပြီး ပြေးဝင်လာသူရဲ့ လက်နှစ်ဖက်ကိုဆွဲကိုင်ပြီး အိမ်ဘေးကိုပစ်ထုတ်လိုက်တယ်။

ကျွဲနက်ကြီးက သူ့သခင်လွင့်ထွက်သွားတာကြောင့် ဒေါသတစ်ကြီးနဲ့ နှာမှုတ်ပြီး အစောင့်နှစ်ယောက်ကို ပြေးဝှေ့ဖို့ဝင်လာခဲ့တယ်။ ဒါပေမယ့် လူနီနီနှစ်ယောက်က ကျွဲနက်ကြီးရဲ့ ဂျိုကိုဆွဲကိုင်ရင်း မြေကြီးနဲ့ဖွတ်ချလိုက်ပါတော့တယ်။

‌ဒီအဖြစ်အပျက်တွေကို အောင်မြတ်သာ၊ မောင်ကောင်းနဲ့ ခွန်းလှတို့က အထင်းသားမြင်နေရပေမယ့် ပရိတ်သတ်တွေက ဘာမှမသိတာကြောင့် အောင်မြတ်သာက ပုဆိုးခါးထောင်းကျိုက်ထားတဲ့လူကိုလက်ညိုးထိုးကာ

“ ဟေ့ မောင်အောင်နိုင်… သင့်အနေနဲ့ အိမ်သူအိမ်သားတွေအပေါ် ဘယ်လိုမကျေနပ်ချက်တွေရှိနေတယ်ဆိုတာ အားလုံးအမြင်ရှင်းအောင် ဝင်ပြောစမ်း” လို့အမိန့်ပေးလိုက်ရာ လာကြည့်တဲ့သူတွေထဲက မိန်းမတစ်ယောက်နဲ့ ယောင်္ကျားတစ်ယောက်ရဲ့ အသားတွေတစ်ဆတ်ဆတ်တုန်လာပြီး အောင်မြတ်သာရှေ့ကို ခုန်ဝင်လာခဲ့တယ်။

“ အခုဝင်လာတာ ဘယ်သူလဲ”

“ ငါ့နာမည် အောင်နိုင်ကွ”

“ ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးအပေါ် ဘာကြောင့်အမျက်ရှနေတာလဲ”

“ ဒီအိမ်ထဲက လူတစ်ယောက်က ငါ့ကိုခေါ်လာပြီး နေစရာမပေးလို့ သူတို့လဲနေစရာမရှိအောင် ပြန်လုပ်တာပဲ”

“ ဘယ်သူက သင့်ကိုခေါ်လာတာလဲ… ခေါ်လာတဲ့သူရော ဒီထဲမှာရှိလား”

“ ဒီအိမ်သားတစ်ယောက်ယောက်က ငါ့ကိုခေါ်လာတာပဲသိတယ်ဟေ့”

ဝင်ပူးနေတဲ့သူရဲ့စကားကြောင့် အောင်မြတ်သာလဲ အိမ်သားတွေဘက်လှည့်ပြီးမေးကြည့်ရာ အားလုံးက မခေါ်မိခဲ့ဘူးဆိုတဲ့အဖြေပဲပြောခဲ့ကြတယ်။

“ ကာယကံရှင်တွေက သင့်အပေါ် နှုတ်နဲ့ရော ကိုယ်နဲ့ရောပစ်မှားထားတာမရှိဘူးလို့ ပြောနေကြတယ်၊ ကဲ မင်းလဲ ယောင်္ကျားပဲ ပွင့်ပွင့်လင်းလင်းပြောစမ်း အရင်က မင်းဘယ်မှာနေတာလဲ”

“ ငါက ဒေါ်ဖွားရှင်တို့အိမ်မှာအရင်နေတာဟေ့”

“ ဒေါ်ဖွားရှင်ဆိုတာ ကျွန်တော်တို့အိမ်အနောက်ကပ်လျက်အိမ်ပဲ”

“ ဒေါ်ဖွားရှင်ကို သွားခေါ်ပေးလို့ရလား”

“ ရပါတယ် အခုပဲ သွားခေါ်လိုက်မယ်”

လာကြည့်နေတဲ့သူတွေထဲက သွက်သွက်လက်လက်ရှိတဲ့လူတစ်ယောက်က ဒေါ်ဖွားရှင်အိမ်ဘက်ကိုပြေးသွားခဲ့ရာ ခဏနေတော့ အသက်ခြောက်ဆယ်အရွယ် မိန်းမတစ်ယောက် ရေးကြီးသုတ်ပြာနဲ့လိုက်ပါလာခဲ့တယ်။

“ အမေကြီးက ဒေါ်ဖွားရှင်လား”

“ ဟုတ် ဟုတ်ပါတယ်”

“ အခုဝင်ပူးနေတဲ့သူက ဒေါ်ဖွားရှင်အိမ်မှာအရင်ကနေခဲ့တယ်လို့ပြောတယ်၊ အမေကြီးတို့အိမ်မှာ ဘယ်ရိုးရာကိုးထားလဲ”

“ အိမ်မှာက အဖေကြီးကို ကိုးထားပါတယ်”

“ အဖေကြီးဆိုတော့ အောင်နိုင်ပေါ့… ဒင်းက ဘယ်လိုကြောင့် ဒီအိမ်ထဲရောက်လာခဲ့တာလဲ၊ ဒီရက်ပိုင်း အမေကြီးတို့အိမ်မှာ ထူးဆန်းတာဘာတွေဖြစ်သေးလဲ”

“ ထူးဆန်းတာမျိုးတော့မရှိပါဘူး၊ မောင်အေးကျော်တို့မပြောင်းခင် တစ်ရက်လောက်ကတော့ အမေကြီးတို့ ဘိုးဘွားစဉ်ဆက်ပူဇော်ခဲ့တဲ့ အဖေကြီးရုပ်ထုပျောက်သွားတာပဲရှိခဲ့တာ”

“ ရုပ်ထုက ဘယ်လိုပျောက်သွားတာလဲ၊ တစ်ယောက်ယောက်က ဝင်ယူသွားတာများလား”

“ အဲဒီနေ့က မောင်အေးကျော်ရဲ့ သားနဲ့ အခြားကလေးတွေ ခြံထဲဝင်ဆော့တာတော့ မြင်မိတယ်ကွယ့်၊ ဒါပေမယ့် သူတို့ယူတယ်ဆိုတာ မမြင်တော့ ‌အမေကြီးလဲ ဘာမှမပြောတော့ပဲ၊ ရုပ်ထုအသစ်တစ်ခုတယ်ပြီး ပြန်ထားခဲ့လိုက်တာကွယ့်”

ဒေါ်ဖွားရှင်စကားကြောင့် အောင်မြတ်သာ သဘောပေါက်သွားပြီး ကိုအေးကျော်ဘက်ကိုလှည့်ကာ

“ ကလေးကအခုဘယ်မှာလဲ”

“ သူ့အဖွားအိမ်မှာကျန်ခဲ့တယ်ဆရာ”

“ ချက်ချင်းသွားခေါ်ပေးပါ၊ ကျုပ်အထင်ပြောရရင် ကလေးက မောင်အောင်နိုင် ရုပ်ထုကို ယူဆော့ပြီး အိမ်ရဲ့တစ်နေရာရာမှာ ဖွက်ထားတယ်ထင်တယ်”

အောင်မြတ်သာစကားကြောင့် ကိုအေးကျော်လဲ သားဖြစ်သူကိုချက်ချင်းသွားခေါ်ပြီးမေးပေမယ့် ဟိုက မသိဘူးပဲလုပ်နေလို့ ခြောက်တစ်ခါ ချော့တစ်လှည့်မေးကြည့်မှ စာကြည့်ခန်းရဲ့ စားပွဲနောက်မှာ ဖွက်ထားတယ်ဆိုတာ သိခဲ့ရတယ်။

အိမ်သားတွေလဲနေရာကိုသိတာနဲ့ ချက်ချင်းလိုက်ရှာကြရာ စာကြည့်စားပွဲအနောက်မှာ အဝတ်နဲ့ပတ်ထားတဲ့ အရုပ်တစ်ရုပ်ကိုမြင်တွေ့လိုက်ရတယ်။

“ အမေကြီး… ဒီအရုပ်က ပျောက်သွားတဲ့အရုပ်ဆိုတာ သေချာလား”

“ သေချာပါတယ် လူလေးရယ်… ဒါက အမေကြီး အိမ်မှာကိုးထားတဲ့ အဖေကြီးရုပ်ထုပါ”

အောင်မြတ်သာလဲ ဖြစ်ကြောင်းကုန်စင်ကိုသိရပြီမို့ ကျွဲကျောင်းသားပလွေမှုတ်နေတဲ့ပုံစံထုလုပ်ထားတဲ့ ကြေးရုပ်ကို ဒေါ်ဖွားရှင်လက်ထဲပြန်ထည့်ပေးပြီး ဝင်ပူးနေတဲ့ကိုအောင်နိုင်ကိုလဲ စိတ်မဆိုးဖို့ ပြောဆိုဆုံးမကာ မူလနတ်နန်းဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့လိုက်တယ်။

အောင်မြတ်သာတို့အနေနဲ့ ကိုအေးကျော်တို့အိမ်မှာဖြစ်နေတဲ့ပြဿနာကိုကူညီဖြေရှင်းပေးပြီးတဲ့နောက်မှာတော့ ပဲခူးမြို့ကနေပြန်လည်ထွက်ခွာခဲ့ရာ ဘုရားကြီးမြိုအနီးမှာရှိတဲ့ ဘောနက်ကြီးဆိုတဲ့ရွာကို ရောက်လာခဲ့တယ်။

ထိုအချိန်က ဘောနက်ကြီးရွာဆိုတာ အခုလို လူနေမများသေးသလို၊ တောလဲနက်တာကြောင့် အခြောက်အလှန့်တွေများသလို အစောင့်အရှောက်တွေလဲများတဲ့အနေအထားမှာရှိခဲ့တယ်။

အောင်မြတ်သာတို့ ဘောနက်ကြီးရွာကိုရောက်တဲ့အချိန် ဘောနက်ကြီးဘိုးဘိုးရဲ့ အကူအညီတောင်းမှုကြောင့် တောထဲမှာ ဗိုလ်ကျစိုးမိုးနေတဲ့ နှစ်ချို့သဘက်တစ်ကောင်ကို လမ်းကြုံဝင်ရောက်ဆုံးမခဲ့ရသေးတယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် ဘောနက်ကြီးမှငတေလေဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Reply

Your email address will not be published. Required fields are marked *