August 29, 2025

အောင်မြတ်သာနှင့်ခြေမီးတောက်နတ်

++++++++++++++++++++++++++

“ အမလေး…. ကယ်ကြပါဦး၊ ကယ်ကြပါဦးဗျာ”

အလန့်တကြားအော်ဟစ်ရင်း ထွက်ပြေးလာတဲ့ ကျော်နုကြောင့် ထင်းစည်းတွေ ချည်နှောင်နေတဲ့ အဖွဲ့သားတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။

“ ကျော်နု ဘာဖြစ်တာလဲ…”

“ ငါ့ကို ငါ့ကို ကယ်ပါဦး… ငါ့ကိုကယ်ကြပါဦးကွာ”

ကျော်နုက တောထဲကိုလက်ညိုးထိုးကာ အော်ဟစ်ရင်း အရုပ်ကြိုးပြတ်လဲကျသွားခဲ့တယ်။

“ ကျော်နု .. သတိထားဦးလေ”

စိုးထွေးက ကျော်နုကို လှုပ်ခါရင်းမေးလိုက်ပေမယ့် စကားမေးမရတာကြောင့် ရင်ဘတ်ကို လက်နဲ့ဖိပြီးစမ်းကြည့်လိုက်ရာ နှလုံးမခုန်တော့တာကို သတိထားမိခဲ့တယ်။

“ ကျော် ကျော် နု အသက်မရှိတော့ဘူးကွ”

“ ဟာ… ခုနကလေးတင် တောထဲ ထွက်သွားတဲ့သူက ရုတ်တရက်ကြီး ဘယ်လိုဖြစ်ရတာလဲ”

အဖွဲ့သားတွေအားလုံး အံ့ဩမှင်သက်နေတဲ့အချိန် ဘေးမှာရပ်ကြည့်နေတဲ့ ဦးမင်းမောင်က ကျော်နု ဝတ်ထားတဲ့ အင်္ကျီကို ရုတ်တရက်ဆွဲဖြဲလိုက်ရာ ရင်ညွန့်တည့်တည့်မှာ မီးလောင်ဒဏ်ရာလို အသားနီလန်နေတဲ့ ခြေဖဝါးရာတစ်ခုကိုမြင်တွေ့လိုက်ရတယ်။

“ ဟေ့ကောင်တွေ ထင်းစည်းတွေအကုန်ထားခဲ့ပြီး ဒီနေရာကနေ ထွက်ကြတော့၊ မဟုတ်ရင် အကုန်သေကုန်လိမ့်မယ်”

ဦးမင်းမောင်က အလန့်တကြားအော်ဟစ်ရင်း ကျော်နုရဲ့အလောင်းကိုပွေ့ချီကာ တောင်ခြေဘက်ကို ပြေးထွက်သွားခဲ့တယ်။
+++++

တောထဲထင်းခုတ်သွားရင်း ကျော်နု ဆုံးပြီဆိုတဲ့ သတင်းက ကညင်သုံးဆင့်ရွာထဲမှာ ညတွင်းချင်း ပြန့်နှံ့သွားခဲ့တယ်။

ဦးမင်းမောင်နဲ့ ရွာထဲက ကာလသားအချို့က ကျော်နုအလောင်းကို ရွာပြင်မှာ စင်ထိုးပြီး ထားဖို့အလုပ်ရှုပ်နေကြသလို ကျော်နုရဲ့ အလောင်းကို တကူးတက လာကြည့်ကြတဲ့ သူတွေကလဲ ရွာပြင်မှာ ပြန့်ကျဲနေခဲ့တယ်။

အချို့ကျတော့လဲ အလောင်းစင်ကူလုပ်ပေးသလိုနဲ့ ကျော်နုရင်ဘတ်မှာရှိတဲ့ ခြေထောက်ပုံစံ ဒဏ်ရာကို လာကြည့်ကြသူတွေရှိသလို အချို့ကျတော့လဲ ကိုယ့်ရွာသားတစ်ယောက် ရုတ်တရက်ဆုံးသွားတာမို့ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ လာရောက်လုပ်ကိုင်ပေးခဲ့ကြတယ်။

အလောင်းစင်ရဲ့ဘေးမှာတော့ လူမမယ်ကလေးတစ်ယောက်ကို ခါးထစ်ခွင်ချီပြီး ရှိုက်ကြီးတစ်ငင် ငိုကျွေးနေတဲ့ မိန်းမတစ်ယောက် ရှိနေခဲ့တယ်။

သူမရဲ့ မျက်လုံးက အသက်မဲ့နေတဲ့ ကျော်နုရဲ့ အလောင်းကိုကြည့်ပြီးငိုလိုက်၊ ချီထားတဲ့ လူမမယ် ကလေးကိုကြည့်ပြီး ငိုလိုက်နဲ့ လုပ်နေရင်း ခန္ဓာကိုယ်က မြေကြီးပေါ်ကို ဝုန်းခနဲ ပြိုကျသွားပါတော့တယ်။
+++++

“ ကျွန်တော်ကို ကယ်ပါဦးဗျာ… ကယ်ကြပါဦးဗျာ”

တရားထိုင်နေရင်း ကြားလိုက်ရတဲ့အသံကြောင့် အောင်မြတ်သာရဲ့ မျက်တောင်တွေ မသိမသာလေး လှုပ်ခတ်သွားခဲ့တယ်။

“ ကယ်ကြပါဦးဗျာ… ကျွန်တော် ဘယ်ကိုရောက်နေတာလဲဆိုတာ ပြောပြပေးကြပါ”

အသံက ပီပီပြင်ပြင် ထပ်ကြားလိုက်ရတာမို့ အသံကြားတဲ့ဘက်ကိုအာရုံခံကြည့်လိုက်ရာ သိမ်ငယ်နေတဲ့မျက်နှာနဲ့ ဒယီးဒယိုင်လမ်းလျောက်နေတဲ့ လူတစ်ယောက်ကို မြင်တွေ့လိုက်ရတယ်။

ဒီတစ်ခါမှာတော့ အောင်မြတ်သာရဲ့ မျက်လုံးတွေ ဖျတ်ခနဲပွင့်ထွက်လာပြီး ထိုင်နေရာကနေ ထရပ်လိုက်တဲ့ချိန်

“ မလာနဲ့ သွားစမ်း”

“ ငါတို့ဆီမှာ မင်းအတွက်နေရာမရှိဘူး၊ ထွက်သွားစမ်း”

“ ဘယ်ကနေ ရောက်လာတဲ့ကောင်လဲမသိပါဘူး၊ ဟေ့ကောင် ခပ်ဝေးဝေးသွားစမ်း” ဆိုတဲ့ မောင်းထုတ်သံတွေကိုပါထပ်ကြားလိုက်ရတယ်။

အဲဒီအချိန် မောင်ကောင်းနဲ့ ခွန်းလှတို့ပါ ထလာပြီး အသံကြားတဲ့ဘက်ကို ပြိုင်တူကြည့်လိုက်ရာ တစ်ကိုယ်လုံးဖြူဖတ်ဖြုလျော်ဖြစ်နေတဲ့ လူတစ်ယောက် ကြောက်ရွံ့နေတဲ့ မျက်နှာနဲ့ သူတို့ရှိတဲ့ဘက်ကို လမ်းလျောက်လာတာမြင်လိုက်ရတယ်။

“ ဆရာ… ဒီလူက ဘယ်သူလဲ”

“ ငါလဲ တရားထိုင်နေရင်း သူ့အသံကြားလိုက်ရလို့ တရားဖြုတ်လိုက်တာ၊ ဘယ်သူဆိုတာတော့ မသိရသေးဘူး”

အောင်မြတ်သာက စကားဆုံးတာနဲ့ လမ်းလျောက်လာသူကိုစိုက်ကြည့်ပြီး

“ အမြင်အာရုံပွင့်စေ”လို့ ရေရွတ်လိုက်ရာ ထိုသူရဲ့ မျက်လုံးတွေက အောင်မြတ်သာတို့ ဆရာတပည့်သုံးယောက်ဆီကို ချက်ချင်းရောက်လာခဲ့တယ်။

“ အလိုလေး… ယောဂီဝတ်စုံနဲ့ လူတွေပါလား၊ ဒါ ဒါဆို ခင်ဗျားတို့က တရားကျင့်ကြံနေတဲ့သူတွေများလား”

“ သင် ထင်မြင်တဲ့အတိုင်း ဟုတ်မှန်ပါတယ်၊ သင်ကရော ဘယ်လိုကြောင့် ဒီနေရာကို ရောက်လာရတာလဲ”

“ ကျွန်တော်မသိဘူး… မှတ်မိသလောက်ကတော့ မီးတောက်နေတဲ့ခြေထောက်တစ်ဖက်ရယ်၊ အရမ်းပူလောင်တဲ့ခံစားမှုရယ်ပဲမှတ်မိတယ်”

“ ဆရာ… သူ့ကိုကြည့်ရတာ အသိမှတ်ဉာဏ်အချို့ သိမ်းခံထိထားသလိုပဲနော်”

“ ငါလဲ မင်းပြောသလိုတွေးမိတယ်၊ သူ့မှတ်ဉာဏ်ပြန်ရအောင် စမ်းကြည့်လိုက်ပါဦးမယ်”

အောင်မြတ်သာက သွယ်လျတဲ့ လက်ချောင်းတွေကိုဖြန့်လိုက်ပြီး အရှေ့မှာရပ်နေတဲ့သူရဲ့ဦးခေါင်းထက်ကို အုပ်မိုးလိုက်တယ်ဆိုရင်ပဲ လက်ချောင်းထိပ်ကနေ နွားနို့လိုဖြူစင်တဲ့အလင်းတန်းတွေ စီးကျလာခဲ့တယ်။

အလင်းတန်းတွေက ရပ်နေတဲ့သူရဲ့ ဦးခေါင်းထဲကို စိမ့်ဝင်သွားတဲ့အချိန်…

“ သင်ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို မကြွင်းမကျန်ပြောပြနိုင်စေ” လို့အမိန့်ပြန်လိုက်ရာ ရပ်နေတဲ့သူရဲ့ မျက်လုံးသူငယ်အိမ်က ရုတ်တရက် ကျဉ်းသွားကာ

“ ကျွန်တော် တောထဲမှာ လမ်းပျောက်ပြီး သစ်ပင်တစ်ပင်အောက်မှာ နားနေတဲ့အချိန် သစ်ပင်အနောက်က ကမူလေးပေါ်ကို အပေါ့စွန့်ခဲ့မိတယ်။ အဲဒီအချိန် ဘေးမှာရှိတဲ့ သစ်ပင်တွေက လေမတိုက်ပဲ လှုပ်ရမ်းလာပြီး ခြေထောက်နှစ်ဖက်မှာ မီးတွေတောက်လောင်နေတဲ့ လူတစ်ယောက် မျက်စိရှေ့မှာ ရုတ်တရက်ပေါ်လာခဲ့တယ်။ သူက ကျွန်တော်ကို မီးဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့ ကြည့်ပြီး ရင်ဝတည့်တည့်ကို ခြေထောက်နဲ့တက်နင်းပါလေရော။ သူ့ပုံစံက အရမ်းကြောက်ဖို့ကောင်းပြီး ခန္ဓာကိုယ်ကနေလဲ မီးခိုးငွေ့တွေ တထောင်းထောင်းထွက်နေခဲ့တယ်။ ကျွန်တော်လဲ အရမ်းကြောက်လန့်ပြီး ခြေထောက်အောက်ကနေ ရုန်းထွက်လာခဲ့တာ အဖွဲ့သားတွေရှိတဲ့နေရာကို ဘယ်လိုရောက်မှန်းမသိရောက်လာခဲ့တယ်။ အဲဒီနောက်ပိုင်း ဘာမှသတိမရတော့ပဲ သတိပြန်ရတဲ့အချိန်မှာတော့ မြူတွေပိတ်ဖုံးနေတဲ့ တောအုပ်တစ်ခုထဲကိုရောက်နေခဲ့ပြန်ရော။ ကျွန်တော်လဲ တောထဲမှာ ခြေဦးတည့်ရာလျောက်သွားရင်း ဒီကိုရောက်လာခဲ့တာပဲ” ဆိုတဲ့စကားသံတွေ ထွက်လာခဲ့တယ်။

အောင်မြတ်သာလဲ သိချင်တာတွေသိရပြီမို့ လက်ကိုပြန်ရုတ်သိမ်းလိုက်ရာ အရှေ့မှာ ရပ်နေတဲ့သူကလဲ ငူငူငိုင်ငိုင်ပြန်ဖြစ်သွားခဲ့တယ်။

“ ဆရာ… သူ့ကိုဘယ်လိုလုပ်ရမလဲ၊ ဒီပုံစံအရဆိုရင် မူလခန္ဓာကိုယ်ထဲပြန်ဝင်လို့ရနိုင်သေးတယ်‌မဟုတ်လား”

“ အချိန်မှီပြန်ပို့နိုင်ရင်တော့ အသက်ရှင်နိုင်သေးတယ်၊ ဒါပေမယ့် သူ ဘယ်မှာနေတယ်ဆိုတာ သိဖို့လိုသေးတယ်”

အောင်မြတ်သာက စကားဆုံးတာနဲ့ ရှေ့မှာရှိတဲ့သူဘက်ကိုလှည့်ပြီး

“ သင်က ဘယ်ရွာမှာနေတယ်ဆိုတာ မှတ်မိသေးလား”

“ ကျွန်တော်‌က ကညင်သုံးဆင့်ရွာမှာနေပါတယ်”

ကညင်သုံးဆင့်ရွာလို့ပြောလိုက်တာကြောင့် အောင်မြတ်သာက မလှမ်းမကမ်းမှာရှိတဲ့ တောသရက်ပင်အောက်ကိုသွားပြီး ပင်စည်ကိုလက်နဲ့ထိကာ

“ ဒီသစ်ပင်မှာ စောင့်ကြပ်တဲ့ ပုဂ္ဂိုလ် ကျုပ်အရှေ့ရောက်စေ” လို့အမိန့်ပြန်လိုက်ရာ ပင်စည်ရဲ့အလယ်ကနေ ဆင်သားရည်လို ကြမ်းထော်နေတဲ့ အသားအရည်ရှိတဲ့ လူဝကြီးတစ်ယောက်ထွက်လာပြီး အောင်မြတ်သာကို စိုက်ကြည့်ကာ

“ ကျုပ်ကိုခေါ်တာ ဘာလုပ်ဖို့လဲ”

“ ကညင်သုံးဆင့်ရွာကို သင် သိပါသလား”

“ ကျုပ် အဲဒီရွာကိုသိတယ်”

“ ကျုပ်တို့ကို လိုက်ပို့ပေးနိုင်မလား”

“ ကျုပ်ပိုင်နက်အတွင်းတော့ လိုက်ပို့နိုင်တယ်၊ အခြားနေရာရောက်ရင်တော့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေကို အကူအညီတောင်းကြည့်ရမယ်”

“ ကောင်းပါပြီ ကျန်တဲ့အပိုင်း ကျုပ်တို့ဆက်လုပ်ပါမယ်”

အောင်မြတ်သာတို့လဲ တောသရက်ပင်စောင့်ပုဂ္ဂိုလ်ရဲ့ လမ်းပြမှုနဲ့ ကညင်သုံးဆင့်ရွာရှိတဲ့ဘက်ကို ထွက်လာခဲ့ပါတော့တယ်။

လမ်းခရီးတစ်လျောက်မှာလဲ အခြားနာနာဘာဝတွေက သစ်ပင်ကြီးငယ်တွေနောက်ကနေ အောင်မြတ်သာတို့ကို ချောင်းမြောင်းကြည့်ရှုနေကြသလို အချို့ကျတော့လဲ အမှောင်ထုထဲကနေ ပြူးကျယ်တဲ့မျက်လုံးတွေနဲ့ ချောင်းကြည့်နေခဲ့ကြတယ်။

လမ်းပြခေါ်ဆောင်သွားတဲ့ပုဂ္ဂိုလ်က လူနှစ်ယောက်ခန့်သွားလို့ရတဲ့ တောလမ်းတစ်ခုရှေ့အရောက်မှာတော့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။

“ သင် ဘာဖြစ်လို့ ဆက်မသွားပဲ ရပ်လိုက်တာလဲ”

“ ကျုပ်နှာခေါင်းထဲ မီးလောင်ညှော်နံ့တွေရနေတယ်၊ ပတ်ဝန်းကျင်ကလဲ ရုတ်ချည်းတိတ်ဆိတ်သွားသလိုပဲ”

တောသရက်ပင်စောင့်ပုဂ္ဂိုလ်က အနည်းငယ်ထိတ်လန့်တဲ့ပုံစံနဲ့ပြောလိုက်‌တာကြောင့် အောင်မြတ်သာလဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အညိုရောင်မီးခိုးငွေ့တွေ လေညာရပ်ကနေ လွင့်ပျံ့လာတာကိုမြင်လိုက်ရတယ်။

“ သူ သူလာနေပြီ… ကျုပ် ပြန်မှရတော့မယ်”

“ ဘယ်သူလာနေလို့ သင်က ဒီလောက်ကြောက်ရွံ့နေရတာလဲ”

“ တောင်စောင့်နတ်ကြီး… တောင်စောင့်နတ်ကြီး လာနေပြီ ကျုပ်ဒီထက်ပိုပြီး လိုက်မပို့ပေးနိုင်တာ တောင်းပန်ပါတယ်”

တောသရက်ပင်စောင့်နတ်က အလန့်တကြားပြောပြီး ဖနောင့်ကိုဆောင့်လိုက်ရာ အခိုးငွေ့တွေအဖြစ်ပြောင်းလဲပျောက်ကွယ်သွားပါတော့တယ်။

“ ဆရာ… မီးခိုးငွေ့တွေ အရမ်းများလာပါလား”

မောင်ကောင်းက နှာခေါင်းကို လက်နဲ့ပိတ်ပြီးပြောနေတဲ့ချိန် သူ့ဘေးမှာရပ်နေတဲ့ လူက နားနှစ်ဘက်ကို လက်နဲ့ပိတ်ကာ မြေကြီးပေါ် လူးလိမ့်ပါလေရော။

“ သွား… ငါ့ဆီမလာနဲ့၊ ထွက်သွား”

“ အဟီးဟီး အဟက်အဟက်… နင်လိုကောင်က ငါ့လက်ထဲကပြေးလို့ လွတ်ရိုးလား”

လှိုက်သံပါတဲ့ အသံဩဩကြီးက အရပ်လေးမျက်နှာကနေ ထွက်ပေါ်လာတာကြောင့် အောင်မြတ်သာလဲ ဘေးဘီကိုအာရုံခံကြည့်လိုက်ရာ မီးခိုးငွေ့တွေကလွဲပြီး ဘာကိုမှမတွေ့ခဲ့ရပေ။

“ ဒီကောင်က တောတစ်ခွင်ကို အကြွင်းမဲ့ထိန်းချုပ်ထားတာပဲ”

“ ကျွန်တော်တို့လဲ ဘာမှမတွေ့ရသေးဘူးဆရာ”

“ ဒင်းက အတော်ကို စွမ်းအားကြီးတဲ့ပုံပဲ၊ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆရာ”

“ ငါတို့သုံးယောက်လုံး ဒီမှာရှိနေရင် လိပ်ပြာပြန်ဝင်ဖို့အခက်အခဲဖြစ်သွားလိမ့်မယ်၊ ဒါကြောင့် မင်းတို့နှစ်ယောက်က ဒီလူကိုခေါ်ပြီး ကညင်သုံးဆင့်ရွာကို အရောက်သွားကြ၊ ငါကတော့ ဒီမှာနေခဲ့ပြီး တောင်စောင့်နတ်ဆိုတဲ့ကောင်ကို ထိန်းထားပေးမယ်”

“ ဟုတ်ကဲ့ဆရာ… ဒါဆို ကျွန်တော်တို့ သွားလိုက်ပါဦးမယ်၊ ဆရာလဲ သတိထားပါ”

မောင်ကောင်းက အောင်မြတ်သာကို နှုတ်ဆက်ပြီး မြေပေါ်မှာလူးလိမ့်နေတဲ့သူကို လိပ်ပြာခေါ်အင်းနဲ့ ချုပ်ကာ ဆွဲခေါ်သွားပါတော့တယ်။

မောင်ကောင်းတို့ထွက်သွားတာနဲ့ တစ်ပြိုင်နက် တောထဲကနေ အလွန်ကိုကျယ်လောင်တဲ့ တော်လဲသံတစ်ခုထွက်ပေါ်လာပြီး သစ်ပင်သစ်ကိုင်းတွေကနေ တဖျစ်ဖျစ်မြည်တဲ့ အသံတွေထွက်ပေါ်လာခဲ့တယ်။

အောင်မြတ်သာကတော့ အသံကြားရာဘက်ကို မျက်နှာမူကာထိုင်လိုက်ပြီး လွယ်အိတ်ထဲကနေ အင်းဆွဲကညစ်တံကို ထုတ်ကာ ရှေ့တည့်တည့်က မြေကြီးကို ထိုးစိုက်လိုက်တယ်ဆိုရင်ပဲ ထိုင်နေတဲ့ ဘေးပတ်ပတ်လည်ကမှာရှိတဲ့ မြေကြီးတွေက ပက်ကြားအက်သလိုဖြစ်လာပြီး အထဲကနေ ရွှေအိုရောင် အလင်းတန်းတွေထွက်ပေါ်လာခဲ့တယ်။

အလင်းတန်းတွေက အုတ်တံတိုင်းသဖွယ် ကာရံထားတာကြောင့် မီးခိုးငွေ့တွေက မောင်ကောင်းတို့ ထွက်သွားတဲ့နေရာဆီကို မရောက်တော့ပဲ အောင်မြတ်သာထိုင်နေတဲ့ ပတ်ဝန်းကျင်မှာသာ ဟိုဟိုဒီဒီဝေ့ဝဲနေခဲ့ကြတယ်။

“ တောက်စ်… ငါ့ပိုက်နက်ထဲကိုလာပြီး စည်းဘောင်သတ်မှတ်တဲ့ကောင်ကို အသေသတ်ကြစမ်းဟေ့”

ခြောက်ကက်အက်ကွဲလှတဲ့ အသံနက်ကြီးက တောတစ်ခွင်လုံး ပျံ့နှံ့သွားပြီးနောက်မှာတော့ ညာသံပေးအော်ဟစ်လာတဲ့အသံ‌တွေ ရုတ်ချည်းထွက်ပေါ်လာပါတော့တယ်။

အောင်မြတ်သာလဲ ရှေ့တည့်တည့်ကို မျက်နှာမူပြီး ကြည့်နေတဲ့အချိန် လူသေကောင်တွေလို ပုတ်ပွနေတဲ့ နာနာဘာဝတွေ၊ လူဝံတွေလို အမွှေးစုတ်ဖွားကောင်တွေအစရှိတဲ့ ကြောက်မယ်ဖွယ်ရာနာနာဘာဝတွေက သွေးပျက်ဖွယ်ကောင်းတဲ့ အသံတွေပေးကာ ထွက်လာခဲ့ကြတယ်။

“ သတ်ကြစမ်း… တစ်စစီဆွဲဆုတ်ပစ်ကြဟေ့”

သာမန်လူတစ်ယောက် သွေးပျက်နိုင်လောက်တဲ့ အော်ဟစ်ကြိမ်းဝါးသံတွေနဲ့ တိုးကပ်လာကြတဲ့ နာနာဘာဝတွေကိုကြည့်ပြီး အောင်မြတ်သာ သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပါတော့တယ်။ သက်ပြင်းချသံနဲ့အတူ သူရဲ့အရှေ့မှာ ပြောင်လက်နေတဲ့ လက်နက်တွေစွဲကိုင်ထားပြီး အစိမ်းရောင်အဆင်တန်ဆာတွေ ဝတ်ဆင်ထားတဲ့ အင်းစောင့်ဘီလူးတွေ ပေါ်လာခဲ့တယ်။

နာနာဘာဝတွေက အင်းစောင့်ဘီလူးတွေကို မြင်တော့ ရှေ့ကိုဆက်မတက်ရဲကြတော့ပဲ ဝါးတစ်ပြန်စာအကွာမှာရပ်နေတဲ့အချိန် စကောဝိုင်းလောက်ရှိတဲ့ မီးလုံးတစ်လုံးက နာနာဘာဝတွေရဲ့ရှေ့ကို ထိုးကျလာခဲ့တယ်။

ရဲရဲတောက်နေတဲ့ မီးလုံးကြီးက မြေကြီးနဲ့ထိတာနဲ့တစ်ပြိုင်နက် နက်မှောင်တဲ့အသားအရည်ရှိတဲ့ လူတစ်ယောက်အသွင်ပြောင်းသွားပြီး သူ့ဘေးနားမှာရှိတဲ့ နာနာဘာဝတစ်ကောင်ရဲ့ ဦးခေါင်းကို ခပ်တင်းတင်းဆုပ်ကိုင်ကာ

“ သူရဲဘောကြောင်တဲ့ကောင်တွေ အမိန့်ကိုမနာခံတဲ့ကောင်တွေ ဘယ်လိုဖြစ်မယ်ဆိုတာ ကြည့်ထားကြ”လို့ကြိမ်းဝါးလိုက်တယ်ဆိုရင်ပဲ နက်မှောင်နေတဲ့လက်အောက်ကနေ မီးညွန့်မီးစွယ်တွေထွက်ပေါ်လာပြီး ဦးခေါင်းကနေ ခြေထောက်အထိ ဝါးမြိုပစ်သွားခဲ့တယ်။

မျက်စိတစ်မှိတ်အတွင်း ပြာမှုန်ဖြစ်သွားတဲ့ နာနာဘာဝကိုမြင်တော့ ကျန်တဲ့သူတွေ တုန်လှုပ်သွားခဲ့ကြတယ်။

“ နောက်တစ်ခါ အမိန့်ကို လွန်ဆန်ရင် အကုန်လုံး မီးလောင်တိုက်သွင်းပစ်မယ်၊ အခုချက်ချင်း ဒီကောင်ကို အသေသတ်ကြစမ်း”

မဲနက်နေတဲ့လူရဲ့စကားကြောင့် ယခင်က တွန့်ဆုတ်နေကြတဲ့သူတွေအားလုံး ညာသံပေးကာ အောင်မြတ်သာဆီပြေးဝင်လာကြတယ်။

“ ကျား….”

“ သတ်ဟေ့၊ ဖြတ်ဟေ့”

ရှေ့ဆုံးကပြေးဝင်လာတဲ့ နာနာဘာဝတစ်ကောင်ကို ဘီလူးတစ်ကောင်က လက်ထဲကိုင်ထားတဲ့ တင်းပုတ်နဲ့ဆွဲရိုက်လိုက်ရာ လေထဲမှာတင် အငွေ့အဖြစ်ပြောင်းလဲပျောက်ကွယ်သွားခဲ့တယ်။

နာနာဘာဝတွေနဲ့ အင်းစောင့်ဘီလူးတွေရဲ့ တိုက်ပွဲက တောတစ်ခွင်ပျံ့နှံ့သွားပြီး ကြိမ်းဝါးသံ၊ အော်ဟစ်သံတွေကလဲ ကမ္ဘာပျက်မတတ် ထွက်ပေါ်လာခဲ့တယ်။
+++++

ကညင်သုံးဆင့်ရွာကို သွားနေတဲ့ မောင်ကောင်းတို့လဲ အနောက်ဘက်တောထဲကနေ ထွက်ပေါ်လာတဲ့ အလင်းတန်းတွေ၊ ကြိမ်းဝါးသံတွေကြောင့် လျောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို ရပ်လိုက်ပြီး အနောက်ကိုလှည့်ကြည့်လိုက်ကြတယ်။

“ ဒုတ်..အင့်”

“ ခွပ်”

လမ်းလျောက်နေရင်း ရုတ်တရက်ရပ်လိုက်တာကြောင့် ရှေ့ကနေ လမ်းပြအဖြစ်သွားနေတဲ့ ဆံပင်စုတ်ဖွားနဲ့ကောင်က အနောက်ကို လန်ကျသွားခဲ့တယ်။‌

“ အား… အစ် အစ် အစ်”

လဲကျသွားတဲ့ကောင်က လည်ပင်းမှာ ခပ်တင်းတင်း ရစ်ပတ်နေတဲ့ ပရိတ်ကြိုးကြောင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေခဲ့တယ်။

“ ဘာလို့ ရပ်လိုက်တာလဲ အကိုရ… ဟိုကောင်တော့ သေတော့မှာပဲ”

ခွန်းလှက မောင်ကောင်းလက်ထဲက ပရိတ်ကြိုးကိုဆွဲယူပြီး ကြိုးစကိုလျော့ပေးလိုက်တော့မှ လည်ပင်းအစ်နေတဲ့ကောင် ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။

“ ငါလဲမရည်ရွယ်ပါဘူကွာ၊ ဟေ့ကောင် မင်းအဆင်ပြေရဲ့လား”

မောင်ကောင်းစကားကြောင့် ‌မြေကြီးပေါ်ကနေ ကုန်းရုန်းထနေတဲ့ မျက်လုံးပြူးပြူး၊ နှာခေါင်းပေါက်သေးသေးနဲ့ကောင်က ခေါင်းငြိမ့်ပြပြီး ဘာမှမဖြစ်ကြောင်း အမူအယာပြနေခဲ့တယ်။

“ ဆရာအဆင်ရောပြေရဲ့လားမသိဘူးကွာ၊ ငါတော့စိတ်ပူတယ်”

“ ဆရာက အဆင်ပြေမှာပါ၊ ကျွန်တော်တို့ပဲ ကညင်သုံးဆင့်ရွာကို အရုဏ်မတက်မီချိန်မှီရောက်ဖို့ပဲလိုတာ”

ခွန်းလှစကားကြောင့် မောင်ကောင်းက ပရိတ်ကြိုးနဲ့ချည်ထားတဲ့ကောင်ရဲ့ရှေ့မှာရပ်လိုက် ပြီး

“ ငပြူးကောင်… မင်းက ကညင်သုံးဆင့်ရွာကို သိတာသေချာပါတယ်နော်”

“ သေ သေချာပါတယ်ဆရာ၊ ကျုပ် မလိမ် မလိမ်ရဲပါဘူး”

“ သေချာရင်ပြီးရော မမှီလို့ကတော့ မင်းရဲ့ ပြူးထွက်နေတဲ့မျက်လုံးကို ဖောက်ပြီး လင်းတစာကျွေးပစ်မယ်”

မောင်ကောင်းစကားကြောင့် ပရိတ်ကြိုးနဲ့ဖမ်းထားခံရတဲ့ မျက်လုံးပြူးပြူး တစ္ဆေက မျက်နှာငယ်လေးဖြစ်သွားခဲ့တယ်။

“ စကားအကောင်းပြောပြီး လမ်းပြဖို့ခေါ်တုန်းကကျ မထီလေးစားလုပ်တဲ့ကောင်၊ အခုကျတော့ သူ့လောက်ကြောက်တတ်တဲ့သူ လောကမှာမရှိတော့သလိုပဲ”

“ ဆရာတို့ကို ဒီလောက်စွမ်းမှန်းမသိခဲ့လို့ စော်ကားမိတာ တောင်းပန်ပါတယ်၊ နောက်နောင် လေးလေးစားစားဆက်ဆံပါ့မယ်”

မောင်ကောင်းတို့လဲ လမ်းမှာဖမ်းလာတဲ့ တစ္ဆေငပြူးကို ဖြဲချောက်ပြီး ကညင်သုံးဆင့်ရွာကို ဆက်လက်ထွက်သွားခဲ့ကြတယ်။
+++++

တောနက်အတွင်းမှာတော့ အင်းစောင့်ဘီလူးတွေနဲ့ နာနာဘာဝတွေရဲ့ တိုက်ပွဲကပြင်းထန်နေပြီး နာနာဘာဝတွေဘက်က အထိနာနေသလို အင်းစောင့်ဘီလူးအချို့လဲ မီးသွေးခဲလိုနက်မှောင်နေတဲ့သူရဲ့လက်ချက်နဲ့ ပြာမှုန်အဖြစ်ပြောင်းလဲသွားခဲ့ရတယ်။

နာနာဘာဝအချို့ကတော့ အောင်မြတ်သာ ဖန်တီးထားတဲ့ အတားအဆီးကိုကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ထင်သလောက်အလုပ်မဖြစ်ခဲ့ပဲ ဖြတ်ကျော်သူတွေသာ မီးကျွမ်းလောင်ပြာကျသွားခဲ့တယ်။

ဒါကိုမြင်တဲ့ အသားမဲမဲနဲ့လူက အောင်မြတ်သာကို ထိုင်ရာကနေ ရွေ့အောင်ပြုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ အောင်မြတ်သာရဲ့ကိုယ်မှာ စောင့်ကြပ်နေတဲ့ ကိုယ်စောင့်အင်းစောင့် ပုဂ္ဂိုလ်တွေရဲ့လက်ချက်နဲ့ မျက်နှာဟက်တက်ကွဲတဲ့ ဒဏ်ရာရသွားခဲ့တယ်။

ဒါကြောင့် အခြေအနေမဟန်မှန်းသိတဲ့ကောင်က သူ့လက်အောက်က နာနာဘာ‌ဝတွေကို အကာအကွယ်ယူပြီး ခန္ဓာကိုယ်ကို မီးလုံးသဖွယ် ဖန်ဆင်းကာ တောရဲ့အတွင်းဘက်ကို ထွက်ပြေးသွားပါတော့တယ်။

ခေါင်းဆောင်ဖြစ်သူ ထွက်ပြေးသွားတာကြောင့် ကျန်နေတဲ့နာနာဘာဝတွေလဲ ခြေဦးတည့်ရာကို ထွက်ပြေးကြတဲ့အတွက် တောတွင်းတိုက်ပွဲကြီးက သုံးချက်တီးလောက်မှာ ပြန်လည်ငြိမ်သက်သွားခဲ့တယ်။
++++++++

“ ဝုန်း…”

မီးဟုန်းဟုန်းတောက်လောင်နေတဲ့ ခြေထောက်နဲ့ ဘေးမှာရှိတဲ့ ကျောက်တုံးကို ‌စိစိညက်ညက်ကျေအောင်
နင်းခြေလိုက်တဲ့အတွက် ရှေ့မှာ ဒူးထောက်နေတဲ့ အသားမဲမဲနဲ့လူရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားပြီး

“ အရှင်ပေးတဲ့တာဝန် မကျေပြွန်တဲ့အတွက် ပေးတဲ့အပြစ်ကိုကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်”

“ ငါ့ပိုင်နက်ထဲမှာ ဒီလိုအဖြစ်မျိုး စော်ကားခံရတာ ပထမဆုံးပဲ၊ ဟဲ့ ငနက်တူ မင်းကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့သူတွေအခု ဘယ်မှာရှိနေလဲ”

“ သူ့တပည့်တွေကတော့ ကညင်သုံးဆင့်ရွာဘက်ကို သွားနေပြီး သူကတော့ ‌တောသရက်ပင်အပိုင်စည်းမှာရှိနေပါတယ်”

“ ငါ့ကိုစော်ကားပြီး မထီမဲ့မြင်လုပ်တဲ့ကောင်တွေကို ဟောဒီခြေထောက်နဲ့ နင်းသတ်ပစ်မယ်ဟေ့”

ထောင်ထောင်မောင်းမောင်း အရပ်မြင့်မြင့်နဲ့ ပုဂ္ဂိုလ်က မီးဟုန်းဟုန်းတောက်လောင်နေတဲ့ ခြေထောက်ကို ဆောင့်ချလိုက်ရာ ဘေးနှစ်ဖက်ကို မီးပွားမီးစတွေ ဖြာခနဲလွင့်ထွက်သွားခဲ့တယ်။
+++++++++

“အောက်အီးအီးအွတ်”

လင်းကြက်တွန်တဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ခြေလှမ်းတွေက ပိုပြီးသွက်လက်လာခဲ့တယ်။

“ ငပြူး… ရွာကိုအခုထိမရောက်သေးဘူးလား‌ဟ”

“ အရှေ့ဆိုရောက်ပါပြီ… ခဏလောက်ပဲ သည်းခံပေးကြပါ”

တစ္ဆေငပြူးက မောင်ကောင်းတို့ကို ကြောက်ရွံ့တဲ့မျက်နှာထားနဲ့ကြည့်ပြီး ရှေ့ကိုခပ်သုတ်သုတ်ထွက်သွားခဲ့တယ်။ ဆယ်မိနစ်လောက်ကြာပြီးချိန်မှာတော့ ဝါးရုံပင်တွေ အုံ့ဆိုင်းနေတဲ့ တောတန်းတစ်နေရာအရောက် အသားနီစပ်စပ်၊ အရပ်မြင့်မြင့် လူထွားကြီးတစ်ယောက် မြေကြီးထဲကနေ ဝုန်းခနဲ ခုန်ထွက်လာပြီး မောင်ကောင်းတို့ရှေ့မှာ ပိတ်ရပ်နေတာကိုမြင်လိုက်ရတယ်။

“ ဆရာ… သူ သူက ရွာစောင့်နတ်ဖြစ်မယ်ထင်တယ်”

“ ရွာစောင့်နတ်ဆိုလဲ လူလာပို့တာလို့ပြောလိုက်ကွာ”

မောင်ကောင်းစကားကြောင့် ငပြူးက သူတို့ချင်း နားလည်တဲ့စကားနဲ့ပြောလိုက်ပေမယ့် အသားနီစပ်စပ်ပုဂ္ဂိုလ်က မျက်နှာထားတင်းတင်းနဲ့ပဲ ရပ်နေခဲ့တယ်။

“ မရဘူးဆရာ… သေပြီးသားဝိဉာဉ်ကို ရွာထဲပေးမဝင်ဘူးတဲ့”

“ ဟာ ဒီကောင်ကတော့ ဒါကသေပြီးသားမဟုတ်ဘူး၊ မျောနေတာကွ”

“ အကို ဖယ်စမ်းပါဗျာ၊ ဒီကောင်ကို စကားကောင်းပြောမရဘူးဆိုတော့ လုပ်သင့်တာလုပ်ရတော့မှာပဲ”

ခွန်းလှက စုတ်တစ်ချက်သပ်လိုက်ပြီး လွယ်အိတ်ထဲပါလာတဲ့ လောင်မီးအင်းကို ဆတ်ခနဲ ဆွဲထုတ်ကာ ရွာစပ်ထဲပစ်ချဖို့အလုပ် အသားနီစပ်စပ်ပုဂ္ဂိုလ်က တုန်တုန်ရီရီဖြစ်လာကာ အနောက်ကိုသုံးလှမ်းလောက် ဆုတ်သွားခဲ့တယ်။

“ ငပြူး… ဟိုကောင်ကိုပြောလိုက်၊ ခေါင်းမာနေရင် ဒီအင်းကို နဖူးမှာကပ်ပေးလိုက်မယ်လို့”

ငပြူးက နီးရာဓါးကြောက်နေရတာမို့ မျက်နှာငယ်လေးနဲ့ ရှေ့ကိုတိုးကာ လက်ဟန်ခြေနဲ့ ပြောနေရာ ခဏကြာမှာတော့ အသားနီစပ်စပ်လူက ပိတ်ထားတဲ့လမ်းကို ဖယ်ပေးပြီး ပျောက်ကွယ်သွားခဲ့တယ်။

“ ဒီလောက်ဆို ရွာထဲဝင်လို့ရပြီထင်တယ်”

မောင်ကောင်းက သူ့အနောက်မှာ ကပ်ပါလာတဲ့သူကို ရှေ့ကိုထွက်ခိုင်းပြီး ရွာထဲကိုဝင်ခိုင်းခဲ့လိုက်တယ်။

ရွာထိပ်ကိုရောက်တော့ အခေါင်းစင်ပေါ်မှာ တင်ထားတဲ့ ခန္ဓာကိုယ်တစ်ခုကိုမြင်လိုက်ရတယ်။

“ အချိန်မှီသေးတယ် ခပ်မြန်မြန်ဝင်ပေတော့”

မောင်ကောင်းစကားကြောင့် ဘေးမှာရပ်နေတဲ့သူက သူ့ခန္ဓာကိုယ်ရှိရာအလောင်းစင်ရှိရာဘက်ကိုပြေးထွက်သွားခဲ့တယ်။

ခဏနေတော့ အလောင်းစင်ပေါ်မှာ ငုတ်တုတ်ထထိုင်နေတဲ့ ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရပြီး မကြာခင်အချိန်မှာပဲ ဘေးနားက ဇရပ်ပေါ်ကနေ သရဲ သရဲဆိုပြီး အော်ဟစ်ပြေးလွှားနေကြတဲ့ အသံတွေကိုကြားလိုက်ရတယ်။

မောင်ကောင်းတို့လဲ မိမိတို့တာဝန်ပြီးဆုံးပြီမို့ ဖမ်းခေါ်လာတဲ့ တစ္ဆေငပြူးကို လွှတ်ပေးကာ ဆရာဖြစ်သူရှိတဲ့ တောသရက်ပင်ဘက်ကို ပြန်ထွက်လာပါတော့တယ်။
++++++

အရုဏ်တက်ချိန်ဖြစ်တဲ့အတွက် တောအုပ်အတွင်းမှာရှိတဲ့ ကျေးငှက်အချို့က အစာရှာထွက်ဖို့ တာဆူနေကြသလို တောကြက်အချို့ကလဲ နေ့သစ်ကို ကြိုဆိုတဲ့အလား အသံကုန်တွန်ကြူးနေခဲ့ကြတယ်။

အောင်မြတ်သာကတော့ တောအတွင်းမှာရှိတဲ့ ဝါးရုံပင်အောက်မှာ ငြိမ်သက်စွာထိုင်ပြီး သထမကို မြဲသထက်မြဲအောင် ကျင့်ကြံနေတဲ့အချိန် မျက်လုံးထဲမှာ အလျှံညီးညီးတောက်လောင်နေတဲ့ မီးအလင်းရောင်အချို့ထင်ဟပ်လာခဲ့တယ်။

အောင်မြတ်သာလဲ သူ့အရှေ့မှာ တစ်စုံတစ်ယောက် ရောက်လာပြီဆိုတာ သိလိုက်တာကြောင့် သမထအကျင့်ကိုဖြုတ်ချပြီး မျက်လုံးကို အသာဖွင့်ကြည့်လိုက်ရာ မီးတောက်မီးလျှံတွေ ဒူးဆစ်လောက်အထိ လောင်မြိုက်နေတဲ့ လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။

ထိုသူက အောင်မြတ်သာကို ကြောက်မယ်ဖွယ်ကောင်းတဲ့ မျက်လုံးနဲ့စိုက်ကြည့်ပြီး

“ နင်က ငါပိုင်နက်ထဲမှာ ဖမ်းထားတဲ့သူကို လွှတ်ပေးပြီး ငါ့တပည့်ကိုပါ ထိခိုက်အောင် လုပ်ခဲ့တဲ့သူလား” လို့မေးလိုက်ရာ အောင်မြတ်သာက နှုတ်ခမ်းစွန်းလေးနှစ်ခု တွန့်အောင် ပြုံးလိုက်ပြီး

“ ကျုပ်ဘက်ကတော့ ဘယ်သူကိုမှ အရင်ထိခိုက်အောင်မလုပ်ပါဘူး”

“ တယ်… ရာရာစစ ငါ့ရှေ့မှာလာပြီး မဟုတ်တမ်းလာပြောနေပါရော့လား”

“ သင်က ကျုပ်အပေါ်ရန်လိုနေတာပဲ၊ ဒီလို အမှန်အမှားမခွဲတတ်တဲ့သူက ဘယ်လိုကုသိုလ်တွေကြောင့် တောင်စောင့်နတ်ဖြစ်နေပါလိမ့်”

အောင်မြတ်သာစကားက ခြေမီးတောက်နတ်ရဲ့ အရှိုက်ကိုထိသွားပြီး ဒေါသအရှိန်ကလဲ အုံးခနဲပွင့်ထွက်သွားပါတော့တယ်။

“ ဒီလောက်ဖြစ်တဲ့ကောင် သေပေတော့”

ခြေမီးတောက်နတ်က သူ့ရဲ့ ခြေထောက်နဲ့အောင်မြတ်သာရဲ့ ငယ်ထိပ်ကို ဝုန်းခနဲ နင်းချလိုက်ပါတော့တယ်။

“ သင်က ကျုပ်ကိုတောင် ထိအောင် မနင်းနိုင်ဘူးပဲ”

ခြေမီးတောက်နတ်လဲ အသံကြားလို့ လှည့်ကြည့်လိုက်ရာ အနောက်က ဝါးရုံပင်အောက်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။

“ သင်လဲခေသူမဟုတ်ဘူးပဲ… ဒီတစ်ခါတော့ မလွတ်စေရဘူးဟေ့”

ခြေမီးတောက်နတ်က အသံနက်ကြီးနဲ့ ကြုံးဝါးပြီး နင်းချလိုက်ပေမယ့် အောင်မြတ်သာကိုမထိပဲ မြေကြီးကိုသာနင်းမိသွားခဲ့တယ်။

“ ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့ တောင်စောင့်နတ်ပဲ၊ သင်က အခုထိကျုပ်ကို ထိအောင်မလုပ်နိုင်သေးပါလား”

အသံက ဘေးကနေထွက်လာတာကြောင့် ခြေမီးတောက်နတ် ဒေါသူပုန်ထသွားပြီး မြင်တွေ့သမျှကို ခြေထောက်နဲ့ တက်နင်းပါလေရော။

ခြေထောက်နဲ့ နင်းချေခံထိတဲ့ ဝါးရုံတောတစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေပေမယ့် အောင်မြတ်သာကို မီးအပူတောင်မဟပ်တာကြောင့် ခြေမီးတောက်နတ်ရဲ့ မျက်နှာမှာ ကြောက်ရွံ့မှု၊ အံ့ဩမှုအရိပ်အယောင်တွေပေါ်ပေါက်လာခဲ့တယ်။

“ သင်ဘယ်သူလဲ… လူတော့ဖြစ်ဟန်မတူဘူး၊ ဘီလူးလော နတ်လော”

“ သင်ထင်နေတာ တစ်ခုမှမဟုတ်ဘူး၊ ကျုပ်က လူသားစင်စစ်တစ်ယောက်ပါ”

“ မဖြစ်နိုင်တာ… သာမန်လူဆို အခုလိုဖြစ်စရာအကြောင်းမှမရှိတာ၊ နောက်ပြီး သင်က ကျုပ်ကိုပြန်ပြီး ခုခံတာလဲမရှိဘူး”

“ လူတွေထဲမှာ ကျုပ်လိုမျိုး ပုဂ္ဂိုလ်တွေအများကြီးရှိကြတယ်၊ ကျုပ်အနေနဲ့ သင့်ကိုထိခိုက်နာကျင်အောင် ဆုံးမလို့ရပေမယ့် ကျုပ်မလုပ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သင်က တစ်ချိန်ချိန်မှာ ဒီတောဒီတောင်မှာ သာသနာပြုရမှာဖြစ်လို့ပဲ”

“ သာသနာပြုမှာ ဟုတ်လား၊ ကျုပ်အဲဒါတွေ စိတ်မဝင်စားဘူး၊ နောက်ပြီး သင်က ကျုပ်ကို ထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီလောကမှာ ကျုပ်ကို အမိန့်ပေးနိုင်တာ ကုဝေရနတ်မင်းကြီးပဲရှိတယ်”

ခြေမီးတောက်နတ်စကားကြောင့် အောင်မြတ်သာ ခေါင်းကိုခါယမ်းကာပြုံးလိုက်ပြီး ညာလက်ညိုးကို မိုးပေါ်ကိုထောင်ကာ နှုတ်ကနေ ဂါထာတစ်ပုဒ်ကို ရွတ်ဖတ်လိုက်ရာ အလင်းရောင်ထွက်စပြုနေတဲ့ ကောင်းကင်တစ်ခုလုံး ရွှေရောင်အလင်းတွေဖြာထွက်လာပြီး ရတနာအတိပြီးတဲ့ သန်လျက်ကိုစွဲကိုင်ထားတဲ့ ကုဝေရနတ်မင်းကြီးရဲ့ပုံရိပ်ပေါ်ပေါက်လာခဲ့တယ်။

ကုဝေရနတ်မင်းကိုရုတ်တရက်မြင်လိုက်ရတဲ့ ခြေမီးတောက်နတ်အနေနဲ့ နတ်မင်းကိုကြည့်လိုက် အောင်မြတ်သာကိုကြည့်လိုက်နဲ့ အံ့ဩနေရင်းကနေ မျက်နှာကိုမြေကြီးပေါ်ဝပ်ချလိုက်ပါတော့တယ်။

“ အကျွန်ုပ်ကို ပင့်ဖိတ်တဲ့ အကြောင်းရင်းက ဘာများပါလိမ့်”

ထင်ရှားပြတ်သားပြီး ဩဇာအပြည့်ပါတဲ့ အသံကြောင့် အောင်မြတ်သာက ခြေမီးတောက်နတ်ကို လက်ညိုးထိုးပြပြီး

“ ဒီမှာရှိနေတဲ့ တောင်စောင့်နတ်က အသင်နတ်မင်းကြီးတစ်းပါးထဲကိုသာ ခစားနိုင်တဲ့အကြောင်း ပြောတာမို့ ပင့်ဖိတ်ရခြင်းဖြစ်ပါတယ်”

“ ဟော… ဘယ်သူများလဲလို့ အကျွန်ုပ်ရဲ့ငယ်ကျွန်ပဲ၊ သင်က ဒီကဆရာလေးအပေါ် ဘယ်လိုအမှုမျိုးကျူးလွန်ခဲ့တုန်း”

ကုဝေရနတ်မင်းရဲ့အသံကြောင့် ခြေမီးတောက်နတ်ရဲ့ ခန္ဓာကိုယ်တဆတ်ဆတ်တုန်လာပြီး

“ ကျွန်တော်မျိုး မသိလို့ အပြစ်ကျူးလွန်မိပါတယ်၊ ခွင့်လွှတ်ပေးတော်မူပါ အရှင်နတ်မင်းကြီး”

“ အကျွန်ုပ်ရဲ့ငယ်ကျွန်က ဆရာလေးအပေါ် အပြစ်လုပ်မိပြီထင်ပါရဲ့၊ ဟဲ့ အခုချက်ချင်း တောင်းပြန်လိုက်စမ်း”

နတ်မင်းကြီးစကားကြောင့် ခြေမီးတောက်နတ်က အောင်မြတ်သာရဲ့ ခြေထောက်ကို နဖူးနဲ့အပ်ပြီး ထပ်ခါတလဲလဲတောင်းပန်ခဲ့တယ်။

“ ကျုပ်အနေနဲ့ သင့်ကိုခွင့်လွှတ်ပါတယ်၊ ဒါပေမယ့် သင့်အနေနဲ့ အခုချိန်ကစပြီး ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင်မပြုလုပ်တော့ဘူးဆိုတဲ့ကတိကို နတ်မင်းကြီးရှေ့မှာပေးပါ”

“ ကျုပ် မလုပ်ဝံ့တော့ပါဘူး၊ ကတိအထပ်ထပ်ပေးပါတယ်”

နတ်မင်းကြီးက ခြေမီးတောက်နတ်ရဲ့ ဟန်ပန်ကိုကြည့်ပြီး

“ အိမ်း… ကောင်းလေစွ ကောင်းလေစွ၊ အချိန်ကစပြီး သင့်အနေနဲ့ ဒီတောဒီတောင်ထဲကိုရောက်လာတဲ့ သူတောင်စင်ပုဂ္ဂိုလ်တွေကို ကူညီစောင့်ရှောက်ဖို့နဲ့ မသမာသူတွေကို ခြောက်လှန့်မောင်းထုတ်စေ၊ ခြောက်လှန့်မောင်းထုတ်ရာမှာလဲ သူတစ်ပါးအသက်မသေစေရ” ဆိုတဲ့အမိန့်ကိုပေးကာ ပျောက်ကွယ်သွားခဲ့တယ်။

အဲဒီတော့မှ ခြေမီးတောက်နတ်လဲ အသိတရားဝင်ပြီး သူ့ရဲ့မူလရုပ်သွင်ကနေ သာမန်ရုပ်သွင်အဖြစ်ပြောင်းပြီး အောင်မြတ်သာရဲ့ဘေးကို ရိုကျိုးစွာတိုးကပ်လာခဲ့တယ်။

“ သင်က ဒီတောဒီတောင်မှာ စောင့်ကြပ်နေတာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ”

“ နှစ်ပေါင်းလေရာကျော်ပါပြီဆရာ”

“ အတော်ကိုကြာပြီပဲ… ဒါနဲ့ သင့်ရဲ့ခြေထောက်တွေက ဘယ်လိုကြောင့် မီးတောက်လောင်နေရတာလဲ”

“ ကျုပ်လူ့ဘဝတုန်းက ဒီတောထဲမှာ တောလိုက်တဲ့မုဆိုးဖြစ်ခဲ့ပါတယ်။ ကျုပ်အမဲလိုက်လို့ ရတဲ့ သားကောင်တွေကို ထွက်မပြေးနိုင်အောင် ခြေထောက်ကို မီးနဲ့မြိုက်ခဲ့တဲ့အကုသိုလ်ကြောင့် အခုလို မီးစွဲလောင်နေတာပါ”

“ သင့်က အကုသိုလ်တွေလုပ်ပြီး ဘယ်လိုကြောင့် တောင်စောင့်နတ်နေရာရောက်ခဲ့တာလဲ”

“ ဒါကတော့ ကျုပ်အမဲလိုက်ပြီး ပြန်တဲ့တစ်နေ့ တောရဆောက်တည်နေတဲ့ ရဟန်းတစ်ပါးကို ဖူးမြင်လိုက်ရတယ်။ ကျုပ်လဲ ရဟန်းတော်ကိုမြင်တော့ ဆွမ်းကပ်ချင်တဲ့စိတ်ဖြစ်လာမို့ ပါလာတဲ့ သားကောင်ရဲ့ပေါင်သားကို မီးကင်ပြီး ဆွမ်းအဖြစ်ကပ်လှူခဲ့ပါတယ်။ ဆွမ်းကပ်ပြီးအပြန်လမ်းမှာပဲ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်ရဲ့ နင်းသတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒါပေမယ့် သေအံ့ဆဲ့ဆဲမှာ ဆွမ်းကပ်ခဲ့တဲ့အတွေးလေး ဝင်ခဲ့တာကြောင့် ဒီနေရာမှာပဲ အစောင့်အဖြစ်ပြန်လည်ဖြစ်တည်ခဲ့တာပါ”

“ ရဟန်းတစ်ပါးကို မရည်ရွယ်ပဲ ကပ်လှူခဲ့တဲ့ ဆွမ်းတစ်နပ်ရဲ့ ကုသိုလ်က ဒီလောက်ထိ အကျိုးပြုခဲ့တာပါလား၊ ဒါတောင် သင်က ဘာလို့ အကုသိုလ်တွေဆက်လုပ်နေခဲ့တာလဲ”

“ ကျုပ်မှားခဲ့ပါတယ်၊ ဒီနေ့ ဒီအချိန်ကစပြီး အကုသိုလ်‌အလုပ်တွေ ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်”

“ သာဓု သာဓု သာဓု… သင်လဲ အခုခံစားနေရတဲ့ ဝဋ်ကြွေးကနေ အမြန်ဆုံးလွတ်မြောက်ပါစေ”

အောင်မြတ်သာရဲ့ဆုတောင်းစကားသံအဆုံးမှာပဲ ခြေမီးတောက်နတ်က ပြုံးရွှင်တဲ့မျက်နှာထားနဲ့ ပျောက်ကွယ်သွားပြီး မကြာခင်အချိန်အတွင်း
တောစပ်ကနေ သစ်ကိုင်းခြောက်နင်းသံတွေ ထွက်ပေါ်လာလို့ ကြည့်လိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှတို့ဖြစ်နေခဲ့တယ်။

“ ဆရာ… ဘာမှမဖြစ်ဘူးမဟုတ်လား”

“ ဘာမှမဖြစ်ပါဘူး”

“ ကျွန်တော်တို့က ဆရာ့ကိုစိတ်ပူနေတာ၊ တော်ပါသေးရဲ့”

အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ စကားကို ဘာမှပြန်မပြောပဲ ခပ်ပြုံးပြုံးမျက်နှာထားနဲ့သာ ကြည့်နေခဲ့လိုက်တယ်။

+++++

အောင်မြတ်သာအနေနဲ့ ကုဝေရနတ်မင်းကြီးအကူအညီနဲ့ ခြေမီးတောက်နတ်ကို လိမ်မာအောင်ဆုံးမပြီးနောက်မှာတော့ လူနေအိမ်ခြေတွေရှိတဲ့ဘက်ကို ပြန်လည်ထွက်ခွာလာခဲ့ပါတော့တယ်။

“ မောင်ကောင်း… ဟိုမှာ ဘာများပါလိမ့်”

အောင်မြတ်သာ လက်ညိုးထိုးပြတဲ့နေရာကို ကြည့်လိုက်ရာ ကြယ်သီးအရွယ်ခန့်ရှိတဲ့အစိမ်းရင့် ရောင် ကျောက်စိမ်းလက်ကောက်တစ်ကွင်း ကိုမြင်တွေ့လိုက်ရတယ်။

“ ကျောက်စိမ်းလက်ကောက်ပါလားဆရာ… ဘယ်သူကျသွားလဲမသိဘူး”

မောင်ကောင်းလဲ မြေကြီးပေါ်မှာကျနေတဲ့ လက်ကောက်ကိုယူလိုက်တဲ့အချိန် နားထဲမှာ ရှိုက်ကြီးတငင်ငိုနေတဲ့အသံကို ကြားလိုက်ရတယ်။

မောင်ကောင်း ကောက်ယူလိုက်တဲ့ ကျောက်စိမ်းလက်ကောက်နဲ့ ငိုကြွေးသံက ဘယ်လိုစပ်ဆက်နေမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ‌အစွဲလက်ကောက်ဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Reply

Your email address will not be published. Required fields are marked *