+++++++++++++++++++++++++++++

ခန္ဓာကိုယ်တစ်ခုလုံး အနာတွေပေါက်နေတဲ့ ဗျဂ္ဂက မျက်နှာကို သဘက်နဲ့ပတ်ပြီး ဦးမောင်ရူးခေါ်တဲ့ နောက်ကို လိုက်ပါသွားခဲ့တယ်။

ထူးဆန်းတာက လမ်းတစ်လျောက်လုံး သူတို့နှစ်ယောက်ကို ဘယ်သူမှတွေ့တဲ့ဟန်မပေါ်တာပဲ။

ဦးမောင်ရူးက မြို့ပြင်မှာတည်ထားတဲ့ ကိုးတောင်ပြည့်စေတီဆီကိုရောက်တော့ ဗျဂ္ဂရဲ့လက်ကိုဆွဲကာ ရင်ပြင်ပေါ်ကိုခေါ်သွားခဲ့ တယ်။

မြိုပြင်က မထင်မရှားစေတီလေးမှာတော့ ဘုရားဖူးသူကင်းမဲ့နေပြီး ရင်ပြင်ပေါ်မှာ ပြေးလွှားဆော့ကစားနေကြတဲ့ ခွေးလေခွေးလွင့် သုံးကောင်ကိုသာမြင်တွေ့ခဲ့ရတယ်။

ဦးမောင်ရူးက ရင်ပြင်ပေါ်ကိုရောက်တော့ တနင်္ဂနွေထောင့်ကိုလက်ညိုးထိုးပြလို့ကြည့်လိုက်ရာ ယောဂီဝတ်စုံဝတ်ဆင်ထားတဲ့ လူတစ်ယောက် ငြိမ်သက်စွာတရားထိုင်နေတာကို မြက်လိုက်ရတယ်။

“ သူကဘယ်သူလဲဗျ”

“ သူက ငါပဲလေ”

“ ဟေ့လူ စကားကိုရှင်းရှင်းပြောဗျာ၊ ကျုပ်နားမလည်တော့ဘူး”

“ မကြာခင် နားလည်လာပါလိမ့်မယ်၊ ကဲ ကျုပ်တာဝန်ပြီးပြီမို့ နှုတ်ဆက်ခဲ့ပါတယ်”

ဦးမောင်ရူးက ဗျဂ္ဂကို လက်ပြနှုတ်ဆက်ပြီးတာနဲ့ ခန္ဓာကိုယ်က အမှုန်အမွှားတွေအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့တယ်။

ဦးမောင်ရူးပျောက်ကွယ်သွားတာနဲ့ တရားထိုင်နေတဲ့ လူရဲ့ခန္ဓာကိုယ်က လှုပ်ရှားလာပြီး

“ အမောင်ဗျဂ္ဂ… ရောက်လာပြီလား”

“ ခင်ဗျားက ဘယ်သူလဲ… ဦးမောင်ရူးကရော ဘယ်ရောက်သွားတာလဲ”

“ မင်းနားလည်အောင်ပြောရရင် ဦးမောင်ရူးဆိုတာ ငါ့ရဲ့ကိုယ်ပွားတစ်ခုပဲ”

ဒီစကားကြောင့် ဗျဂ္ဂ သေချာကြည့်လိုက်ရာ မျက်လုံး၊ မျက်ခုံး၊ အရပ်အမောင်း‌တွေက ဦးမောင်ရူးနဲ့တူနေတာကို သတိထားမိခဲ့တယ်။

“ ခင်ဗျားတို့ ကျုပ်ကိုမျက်လှည့်ပြနေတာလား”

“ မဟုတ်ဘူး ကောင်လေး၊ မင်းကို ဒီထက်ပိုမြင့်တဲ့ နေရာတစ်ခုဆီကိုခေါ်ဆောင်ဖို့ တာဝန်ပေးထားတာကြောင့် အခုလိုဖန်တီးလိုက်ရတာပါ”

“ ဒါဆို ခင်ဗျားက ဘယ်သူလဲ”

“ ငါ့နာမည်က အောင်မြတ်သာလို့ခေါ်တယ်”

“ အခုကျုပ်က ဘာလုပ်ရမှာလဲ၊ ကျုပ်ခန္ဓာကိုယ်က အနာတွေက…”

ဗျဂ္ဂက စကားပြောရင်း သူ့လက်ကို ကြည့်လိုက်ရာ အနာတွေကိုမတွေ့ရတော့ပဲ နဂိုပုံစံအတိုင်းဖြစ်နေတာ မြင်လိုက်ရတယ်။

“ မင်းရဲ့အနာတွေက ဒီစေတီပေါ်ကိုတက်လာထဲက ပျောက်ကင်းသွားပြီ၊ ဒါပေမယ့် ပေးထားတဲ့ကတိကို မတည်ပဲ ပြန်မယ်ဆိုရင်တော့ ဒီထက်ပိုဆိုးတဲ့ အနာတွေထပ်ပေါက်လာလိမ့်မယ်”

“ ကျုပ် ယောင်္ကျားပါ‌ဗျ… ဦးမောင်ရူးကိုပေးထားတဲ့ ကတိအတိုင်း ဆယ်ရက် ဒီမှာနေမယ်၊ ပြီးရင်တော့ ကျုပ်အိမ်ပြန်မယ်”

“ ကဲ ဒါဖြင့် တစ်နေရာသွားကြတာပေါ့… မင်း ငါ့ရဲ့အင်္ကျီစကိုဆွဲထားလိုက်”

မောင်မြတ်သာက ဗျဂ္ဂကို အင်္ကျီစဆွဲခိုင်းပြီး စေတီအနောက်ဘက်လမ်းကြားထဲကို ခေါ်ဆောင်သွားခဲ့တယ်။ ဆူးခြုံပင်တွေ ထူထပ်စွာပေါက်နေတဲ့ လမ်းတစ်ခုကိုကျော်လွန် ပြီးချိန်မှာတော့ သန့်ရှင်းသပ်ရပ်နေတဲ့ ကျောက်စီလမ်းလေးတစ်ခုပေါ်လာခဲ့တယ်။

ဗျဂ္ဂလဲ ကျောက်စီလမ်းအတိုင်း လိုက်သွားခဲ့ရာ လမ်းတစ်ဝက်အရောက်မှာတော့ သီချင်းညဉ်းသံသဲ့သဲ့ကိုကြားရတဲ့အပြင် ချိုအီမွှေးကြိုင်တဲ့ပန်းရနံ့တစ်ခုကိုပါ ရှုရှိုက်မိခဲ့တယ်။

နဂိုထဲက အမွှေးရနံ့ကြိုက်သူမို့ လေအဝှေ့မှာထွက်လာတဲ့ ရနံ့ကို တရှိုက်မက်မက်ရှူသွင်းရင်းလိုက်လာခဲ့ရာ ရွှေဆေးသုတ်ထားတဲ့ သစ်သားအိမ်တစ်လုံးရှေ့ကို ရောက်လာခဲ့တယ်။

ဗျဂ္ဂလဲ သူ့ဘဝမှာ ဒီလောက်ခမ်းနားတဲ့ အဆောက်အဦးမျိုးကိုမတွေ့ဖူးတာကြောင့် မျက်တောင်မခတ်တမ်းငေးကြည့်နေတဲ့အချိန် နို့နှစ်ရောက်အသားအရည်၊ နက်မှောင်တဲ့ကေသာ၊ လှပတဲ့အဆင်တန်ဆာတွေဝတ်ဆင်ထားတဲ့ မိန်းမပျိုလေးယောက်က အိမ်ပေါ်ကနေ ပြေးဆင်းလာပြီး

“ ဆရာတို့ရောက်လာကြပြီလား၊ အထဲကိုကြွပါရှင့်”

လှပချောမောတဲ့ မိန်းမပျိုလေးတွေက အောင်မြတ်သာတို့ကို ရိုကျိုးစွာကြိုဆိုပြီး အထဲကိုခေါ်ဆောင်သွားခဲ့တယ်။

‌အဆောက်အဦထဲမှာတော့ တူရိယာမျိုးစုံကိုင်ဆောင်ထားတဲ့ အမျိုးသမီးငယ်တွေအမြောက်အမြားရှိနေပြီး အားလုံးရဲ့အလယ်မှာတော့ ဆင်စွယ်ရောင် သိုရင်းအင်္ကျီ၊ အဝါဖျော့ရောင်တောင်ရှည်ပုဆိုးကို ဝတ်ဆင်ထားတဲ့လူကြီးတစ်ယောက် ရွှေသလွန်ပေါ်မှာထိုင်နေတာမြင်လိုက်ရတယ်။

အ‌ဆိုပါလူကြီးက အောင်မြတ်သာကိုလဲမြင်ရော ကပြာကယာထလာပြီး

“ ဆရာ ရောက်လာမယ်ဆိုလို့ စောင့်နေတာ၊ ဒါက ဆရာပြောတဲ့လူငယ်လား”

“ ဟုတ်တယ် ဦးသူရဇ္ဇ၊ သူ့ကိုအခုလေးတင်ပဲ ခေါ်လာခဲ့တာ”

“ ဒီမှာဘယ်လောက်နေမလဲဆရာ၊ ဆရာ့အတွက် ဆိတ်ငြိမ်တဲ့နေရာတစ်ခု လုပ်ပေးထားပါတယ်”

“ မနက်အရုဏ်တက်တာနဲ့ သွားမှာမို့ အထူးတလည်လုပ်ထားပေးဖို့မလိုပါဘူး”

“ ဒါဖြင့် ဧည့်သည်အတွက် ကျုပ်ဗိမ္မာန်က ကချေသည်တွေဖျော်ဖြေပေးပါလိမ့်မယ်”

ဦးသူရဇ္ဇက အောင်မြတ်သာနဲ့ ဗျဂ္ဂအတွက် နေရာစီစဉ်ပေးပြီး လက်ဖျောက်တစ်ချက်တီးလိုက်တယ်ဆိုရင်ပဲ သာယာငြိမ့်ညောင်းတဲ့ဂီတသံနဲ့အတူ ကချေသည်မိန်းကလေးတွေရဲ့ ယိမ်းနွဲ့လှုပ်ရှားမှုတွေစတင်လာခဲ့တယ်။

ဗျဂ္ဂလဲ နတ်သမီးတစ်မျှလှပတဲ့ မိန်းမပျိုလေးတွေရဲ့ ကဟန်ဆိုဟန်တွေအောက်မှာ နစ်မြောသွားပြီး ပတ်ဝန်းကျင်ကိုပါမေ့လျော့သွားခဲ့ပါတော့တယ်။

“ ဗျဂ္ဂ… မင်းဒီမှာနေရတာ ပျော်ရဲ့လား”

“ ဘယ်လိုမေးလိုက်တာလဲဗျာ၊ ဒီလိုမျိုး ခံစားမှုက ကျုပ်ဘဝမှာတစ်ခါမှမရခဲ့ဖူးဖူး၊ အခုလိုနေရမယ်ဆိုရင် တစ်သက်လုံးအိမ်မပြန်နဲ့ဆိုလဲရတယ်ဗျ”

“ ဟုတ်ပါပြီ… ကဲကဲ အကအလှတွေကို ခံစားလိုက်ပါဦး”

အောင်မြတ်သာက အနည်းငယ်ပြုံးလိုက်ပြီး မျက်လုံးကိုမှိတ်ကာ ထိုင်နေခဲ့လိုက်တယ်။ ဗျဂ္ဂအနေနဲ့ အချိန်တွေကုန်လို့ကုန်မှန်းမသိပဲ အလှတရားတွေကိုခံစားနေခဲ့ရာ မနက်ဝေလီတေလင်းအချိန်ကိုရောက်လာခဲ့တယ်။ ရောင်နီထွက်လာတာနဲ့ ကခုန်ပျော်ပါးနေကြတဲ့ မိန်းမပျိုလေးတွေက ရုတ်တရက်ငြိမ်သက်သွားပြီး မိမိတို့နေတဲ့အဆောင်‌ဘက်ကို ပြန်သွားခဲ့ကြတယ်။

“ ဆရာ… အချိန်ရောက်လာပြီမို့ သူတို့ကို လွှတ်လိုက်တော့မယ်နော်”

“ ကောင်းပါပြီ… ကျုပ်လဲ ဗျဂ္ဂကို အနောက်ဘက်ကိုင်းတောထဲခေါ်သွားပြလိုက်ပါဦးမယ်”

အောင်မြတ်သာက ဦးသူရဇ္ဇနဲ့ပြောပြီး ဗျဂ္ဂကို လှမ်းကြည့်လိုက်တယ်။

“ ဒီနေ့ ပျော်ရဲ့လား အမောင်ဗျဂ္ဂ”

“ ပျော်တာပေါ့ဗျာ… ဒါနဲ့ သူတို့တွေက ဘယ်သွားကြတာလဲ”

“ ဘယ်သွားတယ်ဆိုတာသိရအောင် မင်းကိုလိုက်ပြပေးပါ့မယ်၊ လာ… သွားကြရအောင်”

အောင်မြတ်သာက ဗျဂ္ဂကိုခေါ်ပြီး နန်းဆောင်ထဲကနေဆင်းလာခဲ့ရာညီညာစွာခင်းထားတဲ့ ကျောက်စီလမ်းပေါ်ကို ပြန်ရောက်လာခဲ့တယ်။

“ ဒါက ဘယ်ကိုသွားနေတာလဲ”

“ မင်းကို ဧည့်ခံဖျော်ဖြေပေးကြတဲ့ မိန်းမပျိုတွေဆီသွားနေတာလေ၊ သူတို့ကို မ‌တွေ့ချင်ဘူးလား”

“ တွေ့ချင်တာပေါ့… ကျုပ် ကျုပ်တို့ ဒီနေရာမှာ ဆက်နေရဦးမှာမဟုတ်လား”

“ မင်းနေချင်တယ်ဆို ပေးနေမှာပေါ့၊ ကဲ ရှေ့တစ်ကွေ့ဆိုရောက်ပြီ”

အောင်မြတ်သာက ကျောက်စီလမ်းအကျော်မှာရှိတဲ့ ကိုင်းတောကိုလက်ညိုးထိုးပြပြီး ဗျဂ္ဂလက်ကိုဆွဲကာ တိုးဝင်သွားခဲ့တယ်။

“ သူတို့က ဒီလိုကိုင်းတောထဲမှာနေကြတာလား၊ ဟူး… လမ်းလျောက်ရတာ ကြာလို့လားမသိဘူး၊ ပူလာသလိုပဲ”

ဗျဂ္ဂက ချွေးတွေစို့လာတဲ့ နဖူးပြင်ကိုလက်နဲ့သုတ်လိုက်တဲ့အချိန် အသံနက်ကြီးနဲ့အော်ဟစ်နေကြတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။

“ အသံ အသံကြားလိုက်လား”

အောင်မြတ်သာက ဗျဂ္ဂ မေးတာကိုပြန်မဖြေပဲ လက်ကိုခပ်တင်းတင်းဆွဲကာ အထဲကိုတိုးဝင်သွားခဲ့တယ်။

ခြေလှမ်းငါးဆယ်လောက်အရောက်မှာတော့ အောါ်ဟစ်သံတွေပိုမိုကျယ်လောင်လာသလို ခန္ဓာကိုယ်ကလဲ မီးနဲ့အဟပ်ခံရသလို ပူလောင်လာခဲ့တယ်။

“ ဗျဂ္ဂ… ဟိုမှာကြည့်စမ်း”

အောင်မြတ်သာက ကိုင်းတောကိုလက်ညိုးထိုးပြတာကြောင့် လှမ်းကြည့်လိုက်ရာ အခိုးငွေ့တွေ တထောင်းထောင်းထနေတဲ့ ကျင်းတစ်ကျင်းကို မြင်တွေ့လိုက်ရတယ်။

ကျင်းထဲမှာတော့ ဟုန်းခနဲ ဟုန်းခနဲ တောက်လောင်နေတဲ့ မီးတောက်တွေရှိနေပြီး မီးတောက်တွေရဲ့အလယ်မှာတော့ ကယ်ပါ ယူပါ တဆာဆာအော်ဟစ်ရင်း ပြေးလွှားနေကြတဲ့ ကချေသည်မိန်းကလေးတွေကို မြင်လိုက်ရတယ်။

“ အမလေး… ဒါ ဒါက ဘယ်လိုဖြစ်တာလဲ”

“ ကြည့်စမ်း ဗျဂ္ဂ… သူတို့ရဲ့ ပုံစံက ညကလိုရှိသေးရဲ့လား”

“ ကြောက် ကြောက်ဖို့ကောင်းလိုက်တာဗျာ၊ သူ သူတို့တွေက ဘာလို့ မီးလောင်နေတဲ့ ကျင်းထဲမှာ ပြေးလွှားနေကြတာလဲ၊ မဟုတ်မှလွဲရော သူ သူတို့က ငရဲခံနေရတာလား”

“ မင်း ပျော်မွေ့တယ်ဆိုတဲ့ နေရာက နေ့ခံညစံ ပြိတ္တာတွေနေတဲ့နေရာပဲ၊ ဘယ်လိုလဲ မင်းဆက်နေချင်သေးလား”

“ မနေရဲတော့ပါဘူး… ကျုပ်ကိုဒီနေရာကနေ ခေါ်သွားပေးပါ တောင်းပန်ပါတယ်”

ဗျဂ္ဂက နာကျင်စွာအော်ဟစ်နေတဲ့အသံတွေကို မကြားရဲတာကြောင့် မျက်လုံးစုံမှိတ်ကာ နားကိုလက်နဲ့ပိတ်ပြီး အော်ဟစ်လိုက်ပါတော့တယ်။

“ ကျလိ ကျလိ ကျလိ”

လက်နဲ့အုပ်ထားတဲ့နားနှစ်ဖက်ထဲကို တိုးဝင်လာတဲ့ ကျေးငှက်သရကာတို့ရဲ့ အော်မြည်သံကြောင့် မျက်လုံးကိုခပ်ဖွဖွလေးဖွင့်ကြည့်လိုက်ရာ စိမ်းလန်းစိုပြေပြီး အုံ့ဆိုင်းမှိုင်းညို့နေတဲ့ သစ်ပင်ကြီးငယ်တွေကိုမြင်တွေ့လိုက်ရတယ်။

“ ဒါ ဒါက ဘယ်နေရာလဲ… ခုနက ငရဲခံနေရတဲ့သူတွေရော ဘယ်ရောက်သွားတာလဲ”

ဗျဂ္ဂက အောင်မြတ်သာကို အံ့ဩစွာနဲ့လှမ်းမေးလိုက်တယ်။

“ ဒါက သူတော်စင် သူတော်ကောင်းတွေ တရားကျင့်ကြံအားထုတ်တဲ့နေရာတစ်ခုပဲ၊ ရှေ့ကိုသွားကြည့်ရအောင်”

အောင်မြတ်သာက ဗျဂ္ဂလက်ကိုဆွဲပြီး တောပန်းလေးတွေပေါက်ရောက်နေတဲ့ မြေနီလမ်းအတိုင်းထွက်သွားခဲ့တယ်။ မကြာခင်အချိန်မှာတော့ တရားဓမ္မရွတ်ဖတ်သံနဲ့အတူ စင်္ကြန်လျောက်နေတဲ့ လူအချို့ကိုမြင်တွေ့လိုက်ရတယ်။

“ ဗျဂ္ဂ…. ခုနက မြင်တွေ့ရတဲ့မြင်ကွင်းနဲ့ ဒီမြင်ကွင်း ဘယ်အရာကပိုပြီးစိတ်အေးချမ်းလဲ”

“ ဒီမြင်ကွင်းက စိတ်အေးချမ်းပါတယ်”

“ အေး… မင်းအနေနဲ့ဆိုရင် ဒီအရပ်ဒေသမှာနေမလား၊ မြင်ခဲ့ရတဲ့အရပ်ဒေသမှာနေမလား”

“ အခုရောက်နေတဲ့ အရပ်ဒေသမှာပဲနေချင်တာပေါ့ဗျာ”

“ အပျော်အပါးတွေကိုရော မလိုချင်တော့ဘူးလား”

“ အပျော်အပါးတွေထက် အခုလို အေးချမ်းဆိတ်ငြိမ်တဲ့နေရာကို ပိုသဘောကျမိသလိုပဲ”

“ ဒါဖြင့် မင်းရဲ့ဆုံးဖြတ်ချက်ကို သိရပြီမို့ နောက်တစ်နေရာသွားကြရအောင်”

အောင်မြတ်သာက ဗျဂ္ဂရဲ့ မျက်လုံးကိုလက်နဲ့သပ်ချလိုက်တယ်ဆိုရင်ပဲ မှိုင်းညို့အုပ်ဆိုင်းနေတဲ့တောအုပ်ထဲကနေ လူသံတွေ‌ဆူညံနေတဲ့ နေရာတစ်ခုဆီကို ရောက်သွားခဲ့တယ်။

“ ဒါ ဒါက ဘယ်ကိုရောက်သွားတာလဲ”

“ မင်းမသိတဲ့နေရာတစ်ခုလို့ ပြောရမှာပဲ၊ ကဲ… ရှေ့က မီးကင်းတဲမှာ ခဏနားကြရအောင်”

အောင်မြတ်သာက ဗျဂ္ဂကိုခေါ်ပြီး ငါးပေပတ်လည်ခန့်ရှိတဲ့ မီးကင်းတဲထဲကို ဝင်သွားခဲ့လိုက်တယ်။

“ ဗျဂ္ဂ… မင်းအနေနဲ့ လူကောင်း၊ လူဆိုးကို ဘယ်လိုခွဲလဲ”

“ ဒါကတော့ သူ့ရဲ့နေထိုင်ပုံ၊ အမူအယာ၊ အပြောအဆိုတို့ကိုကြည့်ပြီး ခွဲခြားတာပေါ့”

“ ဟုတ်ပြီး… အခုရှေ့မှာမြင်နေရတဲ့ လူအုပ်ထဲမှာ ဘယ်သူကလူကောင်း၊ ဘယ်သူက လူဆိုးဆိုတာ ခွဲပြစမ်းကွာ”

အောင်မြတ်သာစကားကြောင့် ဗျဂ္ဂက မလှမ်းမကမ်းမှာရှိနေတဲ့ ကြက်ဝိုင်းဘက်ကို လှမ်းကြည့်လိုက်ပြီး

“ အသားမဲမဲ၊ မျက်နှာမှာ အမာရွတ်နဲ့လူက မကောင်းတဲ့သူလို့ထင်တယ်၊ ဝတ်စားထားပုံလဲကြည့်ဦး.. လုံချည်ကအစုတ်၊ အင်္ကျီကဟပြဲနဲ့ ဒီကြားထဲ ကွမ်းကလဲ တစ်ဗျစ်ဗျစ်ထွေးနေသေးတယ်”

“ လူကောင်းကရော ဘယ်သူလို့ထင်လဲ”

“ ကြက်ဝိုင်းဘေးမှာ လက်ပိုက်ပြီးရပ်နေတဲ့သူကိုကြည့်ကြည့်၊ ဝတ်စားထားပုံကလဲ သပ်ရပ်တယ်၊ မျက်နှာကလဲ ကြည့်ကောင်းတဲ့ထဲပါတယ်၊ လူအားလုံးနဲ့လဲ သဟဇာတဖြစ်တဲ့ပုံစံပဲဗျ”

“ ဒါက မင်းရဲ့ရွေးချယ်မှုပေါ့ ဟုတ်လား”

“ ဟုတ်တယ်… ကျုပ်ကတော့ အဲလိုပဲထင်တယ်”

“ ဒါဖြင့် ကြက်ဝိုင်းထဲသွားကြရအောင်”

အောင်မြတ်သာက လွယ်အိတ်ထဲကနေ သာမန်အဝတ်အစားတစ်စုံထုတ်ယူကာ လဲလှယ်လိုက်ပြီး ကြက်ဝိုင်းအနားကို တိုးကပ်သွားခဲ့တယ်။

“ ခွပ်ထားဟ… ဖေ့သားကြီး”

“ တိမ်ညိုတဲ့ဟေ့… ကြိတ်ထား ကောင်လေး”

ကြက်ဝိုင်းထဲက‌လူတွေအနေနဲ့ မိမိတို့အားပေးတဲ့ ကြက်ကို တခဲနက်အားပေးနေကြသလို လောင်းကြေးကလဲ တစ်ဖြေးဖြေးမြင့်လာခဲ့တယ်။

တစ်ချီမှာတော့ တိမ်ညိုဆိုတဲ့ကြက်က ပြိုင်ဘက်ကြက်ရဲ့ခွပ်ဟန်ကိုမရှောင်နိုင်ပဲ မျက်လုံးတစ်လုံးပေါက်ထွက်ကာ ဘေးကို စောင်းသွားခဲ့တယ်။ ပြိုင်ဘက်ကြက်က တိမ်ညိုပြေးတော့မယ်ဆိုတာ သိတာကြောင့် အတင်းဖိပြီး လိုက်ခွပ်နေတဲ့ချိန် ဘေးမှာရပ်နေတဲ့ ကြက်ဆွဲက တိမ်ညိုကို ဆတ်ခနဲဆွဲယူလိုက်တယ်။

“ ဟေ့ကောင်… ငစိုး… မင်း ဒါဘာလုပ်တာလဲ”

“ စည်းအပြင်ထွက်နေပြီမို့ ကြက်ကောက်လိုက်တာလေ၊ ဘာဖြစ်လို့လဲ”

“ ကြက်က စည်းထဲမှာပဲရှိသေးတာ၊ မင်းလူလည်မကျနဲ့”

“ ငါလူလည်ကျတာမဟုတ်ဘူးကွ၊ စည်းအပြင်ထွက်လို့ကောက်တာ၊ မင်းတို့က အခုဘာဖြစ်ချင်လဲ”

ငစိုးဆိုတဲ့ကြက်ဆွဲက တစ်ဖက်သူတွေကို မေးငေ့ါပြရင်း စည်းထဲကိုဝင်သွားခဲ့တယ်။

တစ်ဘက်ကလူတွေကလဲ လူလည်ကျနေတဲ့ ငစိုးတို့အဖွဲ့ကို ပညာပေးရန် ထွက်လာတဲ့အချိန် ဘိုကေကိုသပ်ရပ်စွာဖြီးထားတဲ့လူက ခါးကြားမှာထွက်ပြီးယူလာတဲ့ ဓါးမြောင်ကိုထုတ်ယူကာ လူအုပ်ကြားထဲကို ဝင်လာခဲ့တယ်။

“ ဒါ ဒါ ထောင်ထွက်ဘသန်းမဟုတ်လား”

ထောင်ထွက်ဘသန်းဆိုတဲ့အသံကြောင့် ကြက်ဝိုင်းမှာရှိတဲ့သူတွေအားလုံး ရှဲခနဲဖြစ်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။

“ ဒီကြက်ပွဲကို ငါသဘောအရ ပိတ်သိမ်းတယ်၊ ဘယ်သူဘာပြောချင်လဲ”

“ ကိုဘသန်း ကြက်မှန်းမသိလို့ ကြေးပွဲလုပ်မိတာပါ၊ တောင်း တောင်းပန်ပါတယ်”

“ ဟေ့ကောင် ငစိုး… မင်းလက်ထဲကိုင်ထားတဲ့ကြက်ပေးစမ်း”

ဘသန်းဆိုတဲ့လူက ငစိုးပွေ့ထားတဲ့ကြက်ကိုတောင်းယူလိုက်ပြီး မြေကြီးပေါ်ဖွတ်ချလိုက်တယ်။

“ ရော့… ဒီကြက်ကိုလောင်းကြေးအစားယူလိုက်ကြ၊ ကျေနပ်ရဲ့လား”

“ ရ ရပါတယ်ဗျာ… ဟေ့ကောင် လောင်းကြေးငွေတွေ ပြန်ပေးလိုက်လေ”

တစ်ဖက်လူတွေက လောင်းကြေးထပ်ထားတဲ့ ငွေကိုကမ်းပေးလိုက်ရာ ငစိုးက ဆတ်ခနဲလှမ်းယူပြီး သဘန်းလက်ထဲကမ်းပေးလိုက်တယ်။

“ ကဲ… သွားကြစို့၊ ငစိုး… မင်းနဲ့ အိမ်ပြန်ရောက်မှ စာရင်းရှင်းမယ်”

ဘသန်းက ကြက်ဆွဲငစိုးရဲ့ဇက်ပိုးကို ခပ်ဆတ်ဆတ်ရိုက်လိုက်ပြီး ကြက်ဝိုင်းအပြင်ဘက်ကိုထွက်သွားခဲ့လိုက်တယ်။

ဒီမြင်ကွင်းကိုမြင်တဲ့ ဗျဂ္ဂက ကျန်ခဲ့တဲ့ လူတွေဆီကိုသွားပြီး

“ ခုနက လူက ဘယ်သူလဲဗျ…”

“ မင်းက ဒီနယ်ကမဟုတ်ဘူးထင်တယ်၊ ဒါကြောင့် ဘသန်းကိုမသိတာနေမယ်”

“ သူအခုလိုလုပ်သွားတာကို ဘာလို့ လက်ခံကြတာလဲ”

“ ဘသန်းက ထောင်ထွက်လူမိုက်လေ၊ သူက အခုလိုမျိုး ကျော့ကျော့မော့မော့နေပြီး လူတကာကို အနိုင်ကျင့်နေတာကြာရောပေါ့၊ သူနဲ့ ညိပြီဆိုရင် အဲဒီလူက သေရင်သေ မသေရင် ကျိုးတာပဲ”

“ ဒါဆို ဟိုလူကရော ဒီရွာကပဲလား”

“ ငမဲကိုပြောတာထင်တယ်… ဒီကောင်က ဒီရွာသားပဲလေ”

“ သူ့မျက်နှာက ဓါးခုတ်ရာလို အမာရွတ်က ရန်ဖြစ်ပြီးရထားတာလား”

“ ဘယ်ကလာ… ရွာထဲမှာ မီးလောင်တုန်းက အိမ်ထဲပိတ်မိနေတဲ့ ကလေးတစ်ယောက်က်ု ကယ်ရင်း မီးဟပ်သွားတာ၊ ငမဲပုံစံက မသိရင် လူမိုက်လို့ထင်ရတယ်မဟုတ်လား”

“ ဟုတ်တယ်… ကျုပ်လဲ စစတွေ့ချင်း ဟိုလူက လူကောင်းလို့ထင်ပြီး ဒီလူကို လူဆိုးတစ်ယောက်လို့ ထင်သွားတာ”

“ ငမဲက လူသာထွားတာ စိတ်က အရမ်းသနားတတ်တဲ့ကောင်ဗျ၊ ဆွမ်းကျန်ဟင်းကျန်တွေပေးရင်လဲ အခြားမရှိနွမ်းပါးသူတွေကို ပြန်ဝေပေးတတ်သေးတယ်”

“ ကျုပ် အထင်နဲ့အမြင်လွဲသွားတယ်ဗျာ၊ လူတစ်ယောက်ကိုအမြင်နဲ့ဆုံးဖြတ်လို့မရဘူးဆိုတာကို ဒီလူနှစ်ယောက်က ပြသွားတာပဲ”လို့ပြောရင်း ခေါင်းငိုက်စိုက်နဲ့အောင်မြတ်သာအနားကိုပြန်လာခဲ့လိုက်တယ်။

“ ဘယ်လိုလဲဗျဂ္ဂ… မင်းအမြင်နဲ့အထင်က တစ်လွဲစီဖြစ်နေတယ်မဟုတ်လား”

“ ခင်ဗျား ကျုပ်ကိုအခုလိုသိစေချင်တဲ့ ရည်ရွယ်ချက်ကဘာလဲ၊ နောက်ပြီး ဒီလူတွေကရော လူအစစ်တွေဟုတ်ရဲ့လား”

“ မင်းကဘယ်လိုထင်လို့လဲ”

“ ဒီအရာတွေအားလုံးက ခင်ဗျား ဖန်တီးထားတဲ့အရာတွေလို့ထင်တယ်”

“ မင်းက စဉ်းစားတွေးခေါ်တတ်သားပဲ၊ အမှန်တိုင်းပြောရရင် မင်းရဲ့စိတ်ကို ပြောင်းလဲစေချင်လို့ ခုလိုဖန်တီးထားတာပဲ”

အောင်မြတ်သာက လက်ကိုလေထဲဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်မှာရှိတဲ့အရာအားလုံး မြူမှုန်တွေလို ပျောက်ကွယ်သွားပြီး ရွှေသင်္ကန်းကပ်လှုထားတဲ့ ကိုးတောင်ပြည့်စေတီတစ်ဆူ ပြန်ပေါ်လာခဲ့တယ်။

“ ဒါက မြို့ပြင်က ကိုးတောင်ပြည့်စေတီမဟုတ်လား”

“ ဟုတ်တယ်… မင်းရောငါရော ဒီကနေ တစ်ဖဝါးမှ မခွာရသေးဘူး၊ အခုမင်းဘာဆက်လုပ်မလဲ၊ ခဏတာအပျော်‌တွေပြည့်နှက်နေတဲ့ ဒီဘဝမှာ ရှင်သန်မလား၊ စိတ်အေးချမ်းမှုတွေ ပြည့်နှက်နေတဲ့ အရပ်ဒေသမှာရှင်သန်မလား”

အောင်မြတ်သာစကားကြောင့် ဗျဂ္ဂ အနည်းငယ်စဉ်းစားလိုက်ပြီး

“ ကျုပ်မိဘတွေကို ဘယ်လိုလုပ်ရမလဲ၊ သူတို့မှာ ကျုပ်ပဲရှိတာ”

“မင်းမိဘတွေနဲ့ဆက်နေရင် ဒီနှစ်ကုန်တာနဲ့ မင်းသေလိမ့်မယ်”

“ ဘယ်လို… ကျုပ်ကဘာလို့သေရမှာလဲ”

“ မင်းမိဘတွေက အသက်ကြီးမှ မင်းကိုရတာမဟုတ်လား”

“ ဟုတ်တယ်လေ”

“ မင်းမိဘတွေက ဓါတ်တော်မြူးစေတီကို ဘာကြောင့် အမြဲတမ်းသွားနေရတာလဲသိလား”

“ စေတီရဲ့လိုအပ်ချက်တွေကို လှူဒါန်းဖို့သွားကြတာလေ”

“ မင်းကအဲလောက်ပဲသိထားတာကိုး၊ တကယ်တော့ မင်းမိဘတွေက သူတို့သားရဲ့အသက်ကို ဆက်ဖို့ ပြုလုပ်ပေးနေကြတာ”

“ ကျုပ် ကျုပ် ခင်ဗျားပြောတာ နားမလည်ဘူး”

“ မင်းနားလည်အောင်ပြောရရင် မင်းရဲ့မိဘ‌တွေက ဓါတ်တော်မြူးစေတီမှာရှိတဲ့သိုက်ကနေ မင်းကိုတောင်းထားတာပဲ၊ မင်းအသက် နှစ်ဆယ်ပြည့်တဲ့နေ့ကျရင် သိုက်ကိုပြန်သွားရမယ်‌ဆိုတာလဲ သူတို့သိတယ်၊ ဒါကြောင့် ဆရာတွေရဲ့အကူအညီနဲ့ မင်းရဲ့အသက်ကို ရသလောက်တောင်းယူထားတာပဲ၊ အခုမင်းအသက်ဘယ်လောက်လဲ”

“ ၂၂နှစ်ပြည့်ဖို့ တစ်လပဲလိုတော့တယ်”

“ ဒါကြောင့် မင်းရဲ့ဘဝဟောင်းကိုပြန်သွားမလား၊ ဘဝသစ်ကိုရွေးချယ်မလားဆိုတာ ဆုံးဖြတ်ပေါ့”

“ ကျုပ် အိမ်ပြန်ပြီး ခင်ဗျားပြောတာ ဟုတ်မဟုတ် အတည်ပြုချင်တယ်”

“ ကောင်းပြီလေ… ညရှစ်နာရီ မင်းဒီကိုအရောက်လာခဲ့ပါ၊ ညရှစ်နာရီမှ မရောက်လာရင်တော့ မင်းထိုက်နဲ့မင်းကံပဲ”

ဗျဂ္ဂလဲ ခွင့်ပြုချက်ရတာနဲ့ ကိုးတောင်ပြည့်စေတီပေါ်ကနေ အပြေးဆင်းပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။

ခြံထဲကို ရေးကြီးသုတ်ပြာပြေးဝင်လာတဲ့ ဗျဂ္ဂကြောင့် အလုပ်သမားတွေအားလုံး အံ့ဩကုန်တယ်။

“ မောင်ထွန်း… မင်း ခုနက အိမ်ခန်းထဲမှာ အိပ်နေတာမဟုတ်လား၊ အခုက ဘယ်လိုလုပ် အပြင်ရောက်သွားတာလဲ”

“ မငယ်… အမေတို့အိမ်မှာရှိနေလား”

“ ဧည့်ခန်းမှာရှိနေတယ်လေ”

ဗျဂ္ဂလဲ မငယ်စကားကြောင့် ဧည့်ခန်းထဲကိုဝင်သွားခဲ့ရာ ညိုးငယ်တဲ့မျက်နှာတွေနဲ့ ထိုင်နေတဲ့မိဘနှစ်ပါးကိုမြင်လိုက်ရတယ်။

“ သားလေး… မင်း ဘယ်ကနေရောက်လာတာလဲ၊ ဟင် ..အ အနာတွေ မရှိတော့ပါလား”

“ အမေ၊ အဖေ အခု သား မေးတာ အမှန်တိုင်းဖြေပါ”

“ သားလေး… ဘာဖြစ်နေတာလဲ”

“ အမေတို့ကိုမေးချင်တာလေးရှိလို့ပါ၊ အမှန်တိုင်းဖြေပေးမယ်မဟုတ်လား”

“ ဘာမေးမှာလဲ သား”

“ အမေတို့ သားကို မမွေးခင် ဓါတ်တော်မြူးစေတီမှာ ‌ကလေးတောင်းခဲ့ဖူးလား”

“ အို… မဟုတ်တာ၊ ဒါတွေ ဘယ်ကနေ ကြားလာတာလဲ”

“ အမေတို့မလိမ်ပါနဲ့… သားကို ဒီလောကမှာ ‌မနေစေချင်လို့လား”

“ သားလေး… ဘာတွေပြောနေတာလဲ”

“ သား အကုန်သိပြီးပြီအမေ၊ အမေတို့ ဓါတ်တော်မြူးစေတီမှာ သားအတွက် အသက်ဆက်ပွဲတွေလုပ်ပေးနေတာလဲသိပြီးပြီ”

“ သား သား က ဒီအကြောင်းတွေ ဘယ်လိုသိတာလဲ”

“ ဒါဆို တကယ်မဟုတ်နေတာပေါ့၊ ဟိုလူကြီး ငါ့ကိုပြောတာတွေက အမှန်တွေပဲ”

“ ဘယ်လူကြီးလဲ… သားကို ဘယ်သူက ဘာပြောလိုက်လိုက်တာလဲ”

“ အမေ… အဖေ… သားရဲ့ အတိတ်ဘဝကိုပြန်မသွားချင်ဘူး၊ ဟိုလူကြီးကပြောတယ် သူနဲ့လိုက်ခဲ့မယ်ဆိုရင် အသက်ရှင်အောင်လုပ်ပေးမယ်တဲ့”

“ သားကိုပြောတဲ့လူကြီးက အခုဘယ်မှာလဲ၊ သူ့ကို အမေတို့ကိုယ်တိုင်သွားခေါ်လာမယ်”

“ သူ့ကိုအမေတို့တွေ့ရမှာမဟုတ်ဘူး”

“ ခဏလေး သား၊ မင်းပြောတဲ့ လူကြီးက ယောဂီဝတ်စုံဝတ်ထားပြီး သျောင်ထုံးထုံးထားသေးလား”

“ အဖေ ဘယ်လိုသိတာလဲ”

“ ဟင်း… မိန်းမရေ သားကို ငါတို့ လွှတ်ပေးရမယ့်အချိန်ရောက်လာပြီထင်တယ်”

“ ကျွန်မက ချစ်လို့တောင်မဝသေးတာလေ၊ ဘယ်လို မျက်စိအောက်က လွှတ်ပေးရက်ပါ့မလဲ”

“ မိန်းမ စိတ်ထိန်းစမ်းပါကွာ၊ ငါတို့သားဆုပန်တဲ့နေ့က အဲဒီလူကို ကတိပေးခဲ့တာ မှတ်မိသေးတယ်မလား”

“ ဟအင်း ကျွန်မမသိချင်ဘူး… သား အမေ့ဆီကနေ ဘယ်မှမသွားရဘူးနော်”

“ မင်းအခုလိုလုပ်ရင် သားလေးနဲ့ငါတို့ တစ်သက်လုံး ခွဲရမှာကွ၊ သားလေးအသက်ဆက်ရှင်နိုင်ဖို့ အဲဒီလူကပဲ လုပ်ပေးနိုင်မှာ”

“ ဟီးဟီးဟီး… ကျွန်မ သားလေးမရှိရင် ဘယ်လိုနေရပါ့မလဲ”

“ သား… အဖေ မင်းကိုအမှန်တိုင်းပြောပြမယ်၊ ငါ့သားက ဓါတ်တော်မြူးစေတီမှာရှိတဲ့ သိုက်ကနေလာတာ၊ မင်းကိုယ်ဝန်ရှိတဲ့ကာလမှာ အဖေတို့ ဓါတ်တော်မြူးစေတီကို မကြာမကြာသွားခဲ့တယ်။ အဲဒီမှာ မင်းပြောတဲ့ ယောဂီဝတ်လူကိုတွေ့ခဲ့တာပဲ၊ သူက မင်းအမေကိုကြည့်ပြီး ကလေးကို သူ့ပေးမလားလို့မေးတယ်၊ အဖေတို့က မပေးဘူးလို့ပြောတာပေါ့၊ အဲဒီမှာသူက ကလေးကို သူ့ဆီမပေးရင် အသက်နှစ်ဆယ်ကျော်တာနဲ့ ‌သိုက်ကိုပြန်သွားရမယ်လို့ပြောခဲ့တယ်။ အဖေတို့က ပေးမယ်ဆိုရင် ဘယ်လိုဖြစ်မလဲမေးတော့ သူ့ကိုပေးမယ်ဆိုရင် ကလေးအသက်နှစ်ဆယ်ကျော်ရင် သူကိုယ်တိုင်လာခေါ်ပြီး အခုဘဝထက်ကောင်းမွန်တဲ့ဘဝရောက်အောင် လုပ်ပေးမယ်လို့ပြောခဲ့တယ်။ ဒါကြောင့် အဖေတို့လဲ သူ့ကိုပေးမယ်လို့ နှုတ်ကတိပေးလိုက်မိတယ်။ နှစ်တွေကြာလာတော့ ဒီကိစ္စကိုမေ့လျော့ပြီလို့ ထင်ခဲ့တာ၊ အခုသူက ကတိအတိုင်းရောက်လာသားပဲ”

ဗျဂ္ဂက အခြေအနေကိုသဘောပေါက်သွားတာမို့ ခုံပေါ်မှာထိုင်နေရာကနေ ကြမ်းပေါ်မှာထိုင်ချလိုက်ပြီး မိဘနှစ်ပါးကို ရိုသေစွာကန်တော့လိုက်ပါတော့တယ်။

ဖခင်ဖြစ်သူကတော့ သားဖြစ်သူကိုကြည့်ရင်း မျက်ရည်မလည်အောင် ကြိုးစားနေပေမယ့် မိခင်ဖြစ်သူကတော့ တရှုံ့ရှုံ့ငိုကြွေးရင်း အခြားတစ်ဖက်ကို မျက်နှာလှည့်ထားခဲ့တယ်။

“ အဖေနဲ့အမေ… သား မကြာခင်ပြန်လာခဲ့ပါမယ်၊ မငယ်… အမေတို့ကို သေချာဂရုစိုက်ပေးနော်”

ဗျဂ္ဂက သူ့ကိုငယ်ငယ်ထဲက ထိန်းလာတဲ့ မငယ်ဆိုတဲ့အမျိုးသမီးကို တတွတ်တွတ်မှာရင်း နောက်ဆုံးနှုတ်ဆက်ကန်တော့ကာ အိမ်ပေါ်ကနေ ဆင်းသွားခဲ့လိုက်တယ်။

“ သား.. ခဏနေပါဦး”

အနောက်ကနေ ခေါ်တဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ ငွေတွေအပြည့်ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးကိုယူပြီး ဆင်းလာတဲ့ ဖခင်ဖြစ်သူကိုမြင်လိုက်ရတယ်။

“ သား… ကျန်းမာအောင်နေနော်၊ ဒါက လိုတာသုံးဖို့ အဖေထည့်ပေးလိုက်တာ တစ်ခုခုဆိုရင် အိမ်ကိုဖုန်းဆက်ဖို့မမေ့နဲ့နော်”

“ ဟုတ်ကဲ့အဖေ၊ သား မကြာခင် ပြန်လာပါမယ်”

ဗျဂ္ဂက ဖခင်ဖြစ်သူပေးတဲ့ ကျောပိုးအိတ်ကိုယူလိုက်ပြီး တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ ခြံအပြင်ကိုထွက်ခွာသွားပါတော့တယ်။
+++++++

ညရဲ့ အမှတ်သညာတစ်ခုဖြစ်တဲ့ လရောင်က ကိုးတောင်ပြည့်စေတီပေါ်ကို ဖြာကျနေခဲ့တယ်။

လရောင်အောက်မှာ ထိုင်နေတဲ့ အောင်မြတ်သာက ဗျဂ္ဂကိုစေ့စေ့ကြည့်ရင်း

“ မနက်အရုဏ်တက်တာနဲ့ ဆယ်ရက်ခရီးစတင်မှာမို့ မင်းဖြစ်တည်ခဲ့တဲ့ဘဝတွေကို ဒီနေရာမှာစွန့်ပစ်ခဲ့ပါ”

“ ကျုပ်က ခင်ဗျားခေါ်တဲ့နောက်ကို လိုက်ခဲ့ထဲက အရာအားလုံးကို စွန့်လွှတ်ခဲ့ပြီးပါပြီ၊ အခု ကျုပ်ဘာလုပ်ရမလဲ”

“ မင်းရဲ့အသက်နဲ့ခန္ဓာကိုယ်ကို အထက်ဆရာတွေ‌ဆီ လှူဒါန်းရမယ်၊ ဒါမှသာ သိုက်ကလူတွေ ပြန်ခေါ်တာမျိုးလုပ်လို့မရမှာ”

“ ဒါဆို သူတို့ကပြန်မခေါ်နိုင်တော့ဘူးလား”

“ မင်းကိုယ်တိုင်က ပြန်ချင်ရင်တော့ ခေါ်လို့ရတယ်၊ မပြန်ချင်ဘူးဆိုရင်တော့ ခေါ်လို့မရဘူးပေါ့”

“ ဒါနဲ့ ခင်ဗျားအသက်က ဘယ်လောက်လဲ”

“ ဘာလို့ အသက်ကိုမေးတာလဲ”

“ အဖေပြောတော့ ခင်ဗျားက ကျုပ်မမွေးခင်ထဲက သူတို့နဲ့တွေ့ခဲ့တာဆို၊ အခုကျုပ်အသက်နှစ်ဆယ်ထဲ ရောက်နေတာတောင် ခင်ဗျားက အသက်သုံးဆယ်အရွယ်အတိုင်းပဲရှိနေသေးလို့ မေးကြည့်တာပါ”

“ ကျင့်စဉ်တစ်ခုပေါက်မြောက်အောင်မြင်ခဲ့ရင် အသက်ကိုလိုသလိုဆွဲဆန့်လို့ရတယ်ဆိုတာ ကြားဖူးလား”

“ ထွက်ရပ်ပေါက်တဲ့ကျင့်စဉ်မျိုးကိုပြောတာလား”

“ ဟုတ်တယ်… မင်းက ဘယ်လိုသိတာလဲ”

“ ကျုပ်က ငယ်ငယ်ထဲက စာဖတ်တာဝါသနာပါလို့ ဟိုဟိုဒီဒီလိုက်ဖတ်ရင်း သိတာပါ”

“ စာနဲ့လက်တွေ့က ဘယ်လိုကွာခြားလဲဆိုတာ မကြာခင် မင်းသိလာပါလိမ့်မယ်ထယ၊ အခုလောလောဆယ် မင်းရဲ့အသက်နဲ့ခန္ဓာကိုယ်ကို ငါ့ဆီအပ်လိုက်ပါ”

အောင်မြတ်သာက ဗျဂ္ဂနဲ့အသက်ခန္ဓာကိုတောင်းခံလိုက်ပြီး သုံးကွက်အင်းတစ်ချပ်ကိုပြာချကာ သောက်ခိုင်းခဲ့တယ်။

“ မင်း အခုချိန်ကစပြီး ငါးပါးသီလကို နိုင်သလောက် လုံအောင်ထိန်းရမယ်၊ သက်သက်လွတ်စားနိုင်ရင်တော့စားပေါ့၊ မစားနိုင်ရင်လဲ ဘာမှမဖြစ်ဘူး”

“ သက်သက်လွတ်ကတော့ ရုတ်တရက်ကြီးစားဖို့က အဆင်မပြေလောက်ဘူး၊ တစ်ဖြေးဖြေးနဲ့တော့ ကြိုးစားပါ့မယ်၊ ငါးပါးသီလကတော့ အတတ်နိုင်ဆုံး ထိန်းပါမယ်”

“ ဒါဆို ဒီညတော့ အိပ်ရေးဝအောင်အိပ်လိုက်ဦး၊ မနက်အရုဏ်တက်တာနဲ့ ဆယ်ရက်ခရီးစကြတာပေါ့၊ ဒါနဲ့
သူဌေးသားက အခုလိုမျိုး အိပ်လို့နိုင်ပါ့မလား”

“ ကြိုးစားအိပ်ရမှာပေါ့ ဆရာရယ်… ဒီလမ်းကိုလျောက်ဖို့ ကျုပ်ကိုယ်တိုင်ရွေးခဲ့ပြီးပြီပဲ”

ဗျဂ္ဂက အောင်မြတ်သာကို မျက်ခုံးလေးတွန့်ကာပြောလိုက်ပြီး
ကျောပိုးအိတ်ကို ကောက်လွယ်ကာ ဘုရားဝတ်ထဲကိုထွက်သွားခဲ့လိုက်တယ်။

ဗျဂ္ဂလဲ နူးညံ့တဲ့ မွေ့ယာမဟုတ်တဲ့ ကြမ်းပေါ်မှာ လူးလိမ့်ရင်း အိပ်ဖို့ကြိုးစားခဲ့ရာ ညသန်းခေါင်အချိန်ရောက်မှ မှေးခနဲအိပ်ပျော်သွားခဲ့တယ်။

“ ဗျဂ္ဂ … ဗျဂ္ဂ”

ပခုံးကိုကိုင်လှုပ်နှိုးနေတဲ့ အထိအတွေ့ကြောင့် အိပ်နေရာကနေ လူးလဲထလိုက်ပြီး

“ ဘာဖြစ်တာလဲဆရာ”

“ အရုဏ်တက်တော့မယ်၊ ထတော့”

အောင်မြတ်သာစကားကြောင့် ဗျဂ္ဂလဲ အကြောဆန့်ကာထထိုင်လိုက်ပြီး စေတီဘေးကရေကန်မှာ ကိုယ်လက်သန့်စင်ကာ ပြန်တက်လာခဲ့လိုက်တယ်။

“ ကျွန်တော်တို့က ဘယ်သွားရမှာလဲ”

“ အခုလောလောဆယ်တော့ ခြေဦးတည့်ရာပေါ့ကွာ”

စကားကိုမရေမရာပြောပြီးထွက်သွားတဲ့ အောင်မြတ်သာရဲ့နောက်ကျောကိုကြည့်ပြီး ဗျဂ္ဂ ခေါင်းကိုခါယမ်းလိုက်တယ်။

အရုဏ်တက်ချိန်က‌နေထွက်လာခဲ့ရာ နေထန်းတစ်ဖျားလောက်အရောက်မှာတော့ လူတွေစည်ကားလှတဲ့မြို့တစ်မြို့ကိုရောက်လာခဲ့တယ်။

“ ဗျဂ္ဂ… မင်းငါနဲ့လိုက်လာတာ နောင်တရလား”

“ နောင်တရတယ်လို့တော့မခံစားမိပါဘူး၊ ဒါပေမယ့် အိမ်ကိုတော့ လွမ်းတာပေါ့ဗျာ”

“ ဒါကတော့ ဖြစ်တတ်ပါတယ်၊ နောက်တော့ နေသားကျသွားမှာပါ၊ ကဲ ရှေ့နားက သစ်ပင်အောက်မှာ ခဏနားကြတာပေါ့”

အောင်မြတ်သာက ဗျဂ္ဂကိုခေါ်ပြီး သစ်ပင်အောက်မှာ နားနေတဲ့အချိန် လူနေရပ်ကွက်ထဲကနေ ဆူဆူညံညံအသံတွေ ထွက်ပေါ်လာခဲ့တယ်။

“ ဆရာ.. ရှေ့နားမှာ တစ်ခုခုဖြစ်တယ်နဲ့တူတယ်၊ ကျွန်တော်သွားကြည့်လိုက်ဦးမယ်”

ဗျဂ္ဂက သွက်လက်စွာနဲ့ထသွားခဲ့ပြီး မကြာခင်မှာပြန်ရောက်လာခဲ့တယ်။

“ ဘာဖြစ်တာလဲ ဗျဂ္ဂ”

“ အကြွေးမပေးနိုင်တဲ့ကိစ္စနဲ့ ရန်ဖြစ်ကြတာ”

“ ဒါက လူ့ပတ်ဝန်းကျင်မှာ မကြာခဏဖြစ်နေကျကိစ္စတွေပဲလေ”

“ အခုဖြစ်တာက အကြွေးရှင်ဘက်က လွန်တယ်လို့ထင်တယ်”

“ ဟေ ဘာဖြစ်လို့လဲ”

“ သူတစ်ပါး ထမင်းစားနေတာကို ထမင်းပန်းကန်ပါ လွှင့်ပစ်လိုက်တာလေ”

“ မင်းအခုလိုမြင်တော့ ဘယ်လိုမျိုးခံစားရလဲ”

“ ကျွန်တော် သူတို့ကို ကူညီပေးချင်တယ်ဆရာ”

“ မင်းရဲ့ကူညီချင်စိတ်ကို ငါမတားပါဘူး၊ မင်းသဘောတိုင်းလုပ်ပါ”

ဗျဂ္ဂလဲ အောင်မြတ်သာစကားကြောင့် လွယ်အိတ်ထဲကနေ ငွေအချို့ကိုထုတ်ယူလိုက်ပြီး ရန်ဖြစ်တဲ့အိမ်ဘက်ကိုပြေးထွက်သွားခဲ့တယ်။ ဒါကိုမြင်တဲ့အောင်မြတ်သာက

“ ဒီကောင်လေးရက သူတစ်ပါးကို ကူညီပေးချင်စိတ်လေးတော့ရှိသားပဲ” လို့ရေရွတ်လိုက်ပါတော့တယ်။

ခဏနေတော့ ဗျဂ္ဂပြန်ရောက်လာပြီး

“ ဒီလိုခံစားမှုမျိုး ဘဝမှာမခံစားဖူးဖူးဗျာ”

“ ဘယ်လိုခံစားမှုမျိုးလဲ”

“ ကိုယ့်ကြောင့်သူတစ်ပါး ပျော်ရွှင်သွားတဲ့ ခံစားချက်ကိုပြောတာပါ၊ အရင်က‌ဆို အခြားသူတွေအပေါ်မှာလဲ ဖြည့်တွေးပေးရမယ်ဆိုတာမသိခဲ့ဘူး၊ ဆရာနဲ့သာမတွေ့ခဲ့ရင် ကျွန်တော့်ဘဝက ဘာမှအဓိပ္ပါယ်ရှိမှာမဟုတ်ဘူး”

“ ငါကလဲမင်းနဲ့တွေ့ရမယ့်ကံပါလာခဲ့တာကိုး၊ ကဲ ခရီးဆက်ကြရအောင်”

အောင်မြတ်သာတို့လဲ ခရီးတစ်ထောက်နားရာကနေ ဆက်ထွက်လာခဲ့ရာ ညနေစောင်းရောက်တော့ မြို့ပြင်တောင်ကုန်းလေးပေါ်မှာဆောက်ထားတဲ့ ဘုန်းကြီးကျောင်းတစ်ခုစီကိုရောက်လာခဲ့ကြတယ်။

“ ဒီဘုန်းကြီးကျောင်းမှာ နှစ်ရက်လောက်နေကြရအောင်၊ ဒီမှာလဲ မင်းအတွက် အတွေ့အကြုံသစ်တွေရနိုင်မှာပါ”

“ ဒီကဘုန်းကြီးနဲ့ ဆရာနဲ့သိတာလား”

“ သိတယ်ပဲပြောရမှာပေါ့.. ကဲ ကျောင်းပေါ်တက်ကြရအောင်”

အောင်မြတ်သာတို့ ကျောင်းပေါ်ရောက်တော့ ကွမ်းအစ်တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ဘုန်းကြီးတစ်ပါးကိုမြင်လိုက်ရတယ်။

“ ဉူးဇင်းကြီး… နေကောင်းကျန်းမာပါရဲ့လား”

“ ဟေ… ဆရာအောင်မြတ်သာပါလား၊ ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ”

“ ဒီကနေ ဖြတ်သွားရင်း ဉူးဇင်းကြီးဆီဝင်လာခဲ့တာ၊ ဒီနေ့ လူနာတွေ မလာကြဘူးလား”

“ လူနာဆိုလို့ ဆရာအောင်မြတ်သာ ရောက်လာတာနဲ့ အတော်ပဲဗျို့၊ ကျုပ်ဒကာမတစ်ယောက်မှာ ထူးဆန်းတဲ့ကိစ္စလေးဖြစ်နေတယ်”

“ ဘယ်လိုကိစ္စလဲ ဉူးဇင်းကြီး”

“ လပြည့်လကွယ်နေ့တွေဆိုရင် နားထဲမှာ အခြားနာမ်လောကက ပုဂ္ဂိုလ်တွေပြောတဲ့စကားတွေကြားနေရတယ်ဆိုပဲ”

“ ပယောဂရောစစ်ကြည့်ပြီးပြီလား ဉူးဇင်း”

“ ကျုပ်အကုန်စစ်ပြီးပြီ ၊ဘာမှမတွေ့ဘူး”

“ နောက်တော့ရော ဘာတွေဖြစ်သေးလဲ”

“ အစပိုင်းကတော့ အသံတွေစကြားရတယ်၊ နောက်ပိုင်းတော့ နာမ်လောကကပုဂ္ဂိုလ်တွေ သွားလာလှုပ်ရှားတာကို ရိပ်ခနဲ ရိပ်ခနဲမြင်ရတယ်ပြောတယ်”

“ သူက ဘာသာရေးလုပ်တဲ့သူလား”

“ တစ်နေ့နေလို့ ဘုရားတစ်ခေါက်ရှိခိုးတာမဟုတ်ဘူး၊ ဆရာပြောချင်တာက အကြားအမြင်ရနေတာကိုဆိုလိုချင်တာမလား”

“ ဉူးဇင်း ပြောသလိုဆိုရင် အကြားအမြင်တော့မဟုတ်လောက်ဘူး၊ သူက ဘယ်နေ့ပြန်လာမလဲ”

“ မနက်ဖြန် ဆွမ်းစားပြီးချိန် ရောက်လာလိမ့်မယ်၊ ဆရာတို့လဲ ရှိနေတော့ ဝိုင်းကြည့်ပေးပါဦး”

“ ကောင်းပါပြီ၊ ကျုပ်ကြည့်ပေးပါမယ်”

“ ဒါနဲ့ ဒီကောင်လေးက ဘယ်သူများလဲ၊ ဆရာ တပည့်အသစ်လား”

“ အဲလိုပဲပြောရမှာပေါ့…သူ့နာမည်က ဗျဂ္ဂလို့ခေါ်တယ်”

ဗျဂ္ဂက အောင်မြတ်သာစကားကြောင့် ဉူးဇင်းကြီးကိုကန်တော့လိုက်ပြီး လက်အုပ်ချီထားခဲ့လိုက်တယ်။

“ မောင်ကျောင်းသားရေ… ဧည့်သည်တွေ တည်းဖို့နေရာလုပ်ပေးလိုက်ပါဦး၊ ညနေစာအတွက်လဲ စီစဉ်ပေးထားဦးနော်”

“ တင်ပါဘုရား… တပည့်တော် စီစဉ်လိုက်ပါမယ်”

အောင်မြတ်သာတို့လဲ ဘုန်းကြီးကျောင်းမှာ တစ်ညတာတည်းခိုပြီး နောက်တစ်နေ့ ဆွမ်းစားပြီးချိန်အရောက်မှာတော့ အသက်လေးဆယ်အရွယ်မိန်းမနှစ်ယောက် ကျောင်းဝင်းထဲဝင်လာတာမြင်လိုက်ရတယ်။

“ ဉူးဇင်းကြီးပြောတာ ဒီအမျိုးသမီးတွေလား”

“ ဟုတ်တယ်ဆရာ… သူတို့ပဲ”

အောင်မြတ်သာက ကျောင်းလှေကားပေါ်တက်လာတဲ့ အမျိုးသမီးနှစ်ယောက်ကိုစိုက်ကြည့်ပြီး

“ မဆိုင်တဲ့သူ ကျောင်းပေါက်ဝမှာနေခဲ့” လို့ပြောလိုက်ရာ တက်လာသူနှစ်ယောက် ကြောင်အအဖြစ်သွားခဲ့တယ်။

“ ဆရာ… ဘာဖြစ်တာလဲ”

“ သူတို့နောက်မှာ အခြားတစ်ယောက်ပါလာလို့ ကျောင်းပေါက်ဝမှာ နေခိုင်းလိုက်တာ”

“ ဘယ်သူမှမပါပါဘူး၊ ဉူးဇင်းကြည့်တာ နှစ်ယောက်ပါပဲ”

“ ကျွန်တော်လဲ နှစ်ယောက်ပဲမြင်တယ်နော်ဆရာ”

အောင်မြတ်သာက ဉူးဇင်းကြီးနဲ့ ဗျဂ္ဂစကားကို ဘာမှမပြောပဲ အမျိုးသမီးနှစ်ယောက်ကို လက်ယပ်ခေါ်လိုက်တယ်။

“ ဉူးဇင်းကြီး… လုပ်စရာရှိတာ လုပ်ပါ၊ တပည့်တော် ဘေးမှာကြည့်နေပေးပါမယ်”

ဉူးဇင်းကြီးလဲ အောင်မြတ်သာစကားကြောင့် ဆေးကုဖို့လာတဲ့ အမျိုးသမီးနှစ်ယောက်ကို နိမ့်တဲ့နေရာမှာထိုင်ခိုင်းလိုက်ပြီး ဘုရားဦးချခိုင်းခဲ့တယ်။

“ ပြီးခဲ့တဲ့ လကွယ်နေ့က ဘာတွေထူးသေးလဲကွယ့်”

“ ထူးတယ် ဘဘုန်း…အမြင်တွေက ပိုပြီးထင်ရှားလာတယ်၊ ဒါကြောင့် နေဝင်တာနဲ့ အိမ်ထဲကနေအပြင်မထွက်ရဲတော့ဘူး”

“ အေးအေး… ဒီနေ့တော့ ဒကာမကြီးကို ဟောဒီ ဆရာက ကုပေးလိမ့်မယ်၊ ဆရာ… တစ်ချက်လောက်ကြည့်ပေးပါဦး”

ဉူးဇင်းကြီးရဲ့ လူနာလွှဲအပ်မှုကြောင့် အောင်မြတ်သာလဲ အမျိုးသမီးတွေကို စိုက်ကြည့်ပြီး

“ အခုလိုစဖြစ်တာ ဘယ်အချိန်ထဲကလဲ”

“ မကြာသေးဘူးဆရာ… နှစ်လလောက်ပဲရှိဦးမယ်၊ သာမန်ရက်တွေဆို ဘာမှမဖြစ်ပဲ လပြည့်လကွယ်နေ့တွေမှာပဲဖြစ်တာ”

“ ကျုပ်ပယောဂအရင်စစ်ကြည့်လိုက်ပါမယ်”

အောင်မြတ်သာက ပယောဂရှိမရှိ ဦးခေါင်းကနေ လက်နဲ့သပ်ချပြီးစမ်းလိုက်ရာ နားမှာဝတ်ထားတဲ့ ကျောက်စီနားကပ်ဆီအရောက်မှာ လက်ကငြိမ်သွားခဲ့တယ်။

“ လက်စသတ်တော့ ဒင်းက လိုက်ပုန်းနေတာကိုး၊ ကဲ အစ်မတို့ကိုယ်မှာဝတ်ထားတဲ့ လက်ဝတ်လက်စားတွေ ‌ချွတ်ပေးလို့ရလား”

“ ရပါတယ်ဆရာ..”

အမျိုးသမီးက ခန္ဓာကိုယ်မှာဝတ်ထားတဲ့ လက်ဝတ်လက်စားတွေကို အောက်မှာပုံချလိုက်ရာ အောင်မြတ်သာက လက်ညိုးနဲ့စက်ဝိုင်းပုံစံဝိုင်းပြီး စည်းချထားလိုက်တယ်။

“ ဉူးဇင်းကြီး ပယောဂရှိမရှိ ထပ်စစ်ကြည့်ပါလား”

ဉူးဇင်းကြီးလဲ အောင်မြတ်သာစကားကြောင့် ပယောဂရှိမရှိစစ်လိုက်ရာ ဦးခေါင်းပေါ်လက်တင်လိုက်တာနဲ့ ငါးရံ့ခုန်သလို တဆတ်ဆတ်တုန်နေတဲ့ ခံစားချက်ဖြစ်ပေါ်လာခဲ့တယ်။

“ အလို… အရင်ကစမ်းရင် ဘာမှမိပဲ ဒီနေ့မှ ဘာလို့မိနေတာလဲ”

“ ပြဿနာက ဒီပစ္စည်းတွေကြောင့်ပဲဗျ၊ ပါးနပ်တဲ့ပယောဂတွေက
ခန္ဓာကိုယ်မှာဝတ်ဆင်ထားတဲ့ အရာဝတ္တုတွေထဲ ပုန်းခိုပြီး ဆရာကိုလှည့်စားတတ်တယ်၊ ဉူးဇင်းကြီးက ခေါင်းကိုစစ်ရင် ဒီကောင်က လည်ပင်းကဆွဲကြိုးဆီပုန်းလိုက်ရော၊ လည်ပင်းကိုစစ်ရင် လက်ထဲက လက်စွပ်ဆီ ပုန်းလိုက်ရော၊ ဒါကြောင့် စစ်လိုက်ရင်တော့ မမိဘူး၊ ပြန်သွားရင် ပြန်ပေါ်လာရောဗျ”

“ အခုဖြစ်နေတာက လူလုပ်ပယောဂတော့ မဟုတ်တန်ဘူးဆရာ”

“ ဘာဖြစ်လို့လဲ ဉူးဇင်းကြီး”

“လပြည့်လကွယ်နေ့တွေမှာပဲ အမြင်အကြားတွေရပြီး အခြားထိခိုက်နစ်နာတာမျိုးမရှိလို့လေ”

“ ဖြစ်နိုင်တာက ဒီအမျိုးသမီးရဲ့ ဘဝဟောင်းနဲ့များ သက်ဆိုင်နေမလားပဲ၊ ခုနကလဲ သူတို့နောက်မှာ တောင်ရှည်ပုဆိုးနဲ့ယောင်္ကျားတစ်ယောက် လိုက်လာတာခဲ့သေးတယ်၊ ဒါကြောင့် တပည့်တော်က ကျောင်းပေါက်ဝမှာပဲ နေခဲ့ဖို့ အမိန့်ပြန်လိုက်တာ”

ဉူးဇင်းကြီးလဲ အောင်မြတ်သာစကားကြောင့် သဘောပေါက်သွားပြီး ဖမ်းမိထားတဲ့ပယောဂကို ချုပ်ပြီး စွဲရင်းခေါ်လိုက်ရာ ဒိုင်းခနဲဝင်ချလာပါလေရော။

ဉူးဇင်းကြီးလဲ ဝင်လာတဲ့စွဲရင်းကိုမေးမြန်းရာ သူက အမျိုးသမီးရဲ့အတိတ်ဘဝက ခင်ပွန်းတော်စပ်ခဲ့ဖူးပြီး အမျိုးသမီးကို လူ့ဘဝရောက်တဲ့တိုင် သူကသံယောဇဉ်မပြတ်တာကြောင့် သူ့ကိုမြင်နိုင်အောင် ပညာနဲ့ပြုစားပါတယ်ဆိုပြီး ဝန်ခံထွက်ဆိုခဲ့တယ်။

ဉူးဇင်းကြီးကလဲ ပြုစားထားသူကို ပြောဆိုဆုံးမပြီး နောက်မလုပ်ဖို့သစ္စာရေတိုက်ကာ ပြန်လွှတ်ပေးခဲ့တယ်။

ဒါကိုမြင်တဲ့ ဗျဂ္ဂက အောင်မြတ်သာအနားကိုလာပြီး

“ ကျွန်တော်တော့ ဒီလိုပယောဂကုတာမျိုး စိတ်မပါဘူးဆရာ”

“ ဘာဖြစ်လို့လဲကွ”

“ ကျွန်တော်စိတ်ထဲကနေ လိုလိုလားလားမရှိဘူး ဖြစ်နေတယ်၊ ကျွန်တော်ဖြစ်ချင်တာက ဆင်းရဲနွမ်းပါးတဲ့သူတွေကို ကူညီချင်တာရယ်၊ အခြားအကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီချင်တာမျိုးပဲ လုပ်ချင်တယ်”

“ ပ‌ယောဂကုသည်ဖြစ်စေ မကုသည်ဖြစ်စေ လိုအပ်တဲ့အခြေခံအင်းစမတွေကိုတော့ သိထားဖို့လိုမယ်နော်”

“ ဆရာပြောသလိုတော့ ကျွန်တော်သင်ပါ့မယ်၊ ကြိုးလဲကြိုးစားပါ့မယ်၊ ကျွန်တော်က စိတ်ထဲရှိတာကိုပြောပြတာပါ”

ဗျဂ္ဂစကားကြောင့် အောင်မြတ်သာ ပြုံးရယ်လိုက်ပြီး

“ မင်းကိုဘယ်လိုပုံသွင်းရမလဲဆိုတာ သိပြီ ဗျဂ္ဂရေ” လို့ပြောလိုက်ပါတော့တယ်။

အောင်မြတ်သာတို့ ဘုန်းကြီးကျောင်းမှာ နှစ်ရက်နေပြီး ခရီးဆက်လာခဲ့ရာ ပုပ္ပါးဒေသဘက်ကိုရောက်လာခဲ့တယ်။ အောင်မြတ်သာတို့ ပုပ္ပါးမှာ နှစ်ရက်နေပြီး ဗျတ္တပန်းဆက်လမ်းကနေ ဖြတ်ဆင်းလာတဲ့အချိန်

“ ဆရာ… ခဏလေးနေပါဦး”

“ ဘာဖြစ်လို့လဲ ဗျဂ္ဂ”

“ ဟိုမှာ … လူကြီးတစ်ယောက်လဲနေတယ်ဗျ”

ဗျဂ္ဂက လမ်းဘေးသစ်ပင်အောက်မှာ လဲနေတဲ့သူဆီပြေးသွားပြီးဆွဲထူလိုက်တဲ့အချိန်

“ ငါ့နေရာဆက်ခံမယ့်သူတွေ့ပြီဟေ့…”ဆိုတဲ့အသံ နဲ့အတူ လဲကျနေတဲ့လူကြီး ကုန်းထလာခဲ့တယ်။

“ မင်းက စဏ္ဍာလမောင်ကြီး မဟုတ်လား”

“ အဟေးအဟေး ဘယ်သူများလဲလို့ အောင်မြတ်သာဖြစ်နေတာကိုး၊ ဒီကောင်လေးက မင်းခေါ်လာတာလား”

“ ဟုတ်ပါတယ်… ဒါနဲ့ မင်းက ဒီနေရာမှာဘာလုပ်နေတာလဲ”

“ ဒီကောင်လေးကိုစောင့်နေတာလေ၊ သူလာမှ ငါက မဟာမြိုင်ထဲပြန်ဝင်ရမှာကိုသိရဲ့သားနဲ့”

“ ဒါဆို ဗျဂ္ဂက ပေါက်ဆရာတွေရွေးချယ်ထားတဲ့ စဏ္ဍာလအသစ်ပေါ့”

“ အဟီးအဟီး ဟက်ဟက်…. အားလုံးကို သိပါတယ်ဆိုတဲ့အောင်မြတ်သာဆိုတဲ့သူက ဒီတစ်ခါ မသိတော့ဘူးပဲ”

“ ကျုပ်ကို ဒီအကြောင်း ဘယ်သူမှမပြောခဲ့ဘူးလေ၊ ကျုပ်တာဝန်က ဗျဂ္ဂကို ပညာသင်ပေးဖို့ပဲသိထားတာ”

“ မင်းက သူ့ကိုပညာဆက်သင်ပေးရမယ်ဆိုတာ ဟုတ်တယ်၊ ဒါပေမယ့် ပညာသင်မယ်ဆို စဏ္ဍာလလိုနေမှသင်လို့ရမှာ၊ ဒါကို ငါရွေးချယ်ခဲ့တာ မဟုတ်ဘူးနော်၊ ဒီဒေသမှာ နှစ်ပေါင်းများစွာ စဏ္ဍာလလုပ်လာတဲ့ ဆရာကြီးတွေကိုယ်တိုင် နမိတ်ဖတ်ခဲ့တာ၊ ဒီမှာကြည့်”

စဏ္ဍာလမောင်ကြီးက ဘေးမှာချထားတဲ့ တံပိုးကိုဆွဲယူပြီး လက်နဲ့သပ်ချလိုက်ရာ စဏ္ဍာလမောင်ကြီးလို့ထွင်းထုထားတဲ့နာမည်က အမောင်ဗျဂ္ဂအဖြစ်ပြောင်းလဲသွားခဲ့တယ်။

“ ဒါမှ သူ့ကံကြမ္မာအစစ်၊ ဟောဒီ တံပိုး၊ စဏ္ဍာလလွယ်အိတ်၊ စဏ္ဍာလခွက်တွေရဲ့ ပိုင်ရှင်က မင်းခေါ်လာတဲ့သူပဲ”

စဏ္ဍာလလုပ်ရမယ်ဆိုတဲ့အတွက် ဗျဂ္ဂမျက်နှာ သေးသိမ်သွားပြီး အောင်မြတ်သာကို အားကိုးတကြီးလှမ်းကြည့်လိုက်တယ်။

“ ဟေ့ကောင်လေး… စဏ္ဍာလလုပ်ရမယ်ဆိုလို့ စိတ်ပျက်သွားတာလား”

“ ကျုပ်လိုလူက အခုလိုလုပ်ရမယ်လို့ အိမ်မက်တောင်မမက်ခဲ့ဘူးဗျာ၊ တကယ်လို့ ကျုပ်မလုပ်ဘူးဆိုရင် ဘာဖြစ်မလဲ”

“ မင်းသာ စဏ္ဍာလမလုပ်ဘူးဆိုရင် ဒီအနီးတစ်ဝိုက်မှာရှိတဲ့ စဏ္ဍာလတွေအားလုံး ထိန်းကွပ်မယ့်သူမရှိဖြစ်သွားလိမ့်မယ်၊ နောက်ဆုံးပြောရရင် စဏ္ဍာလရွာတွေအားလုံး ကပ်ဆိုက်ပြီး လူတွေအများကြီးသေကြေကြမှာကွ”

“ ဆရာ… သူပြောတာ ဟုတ်လား၊ သူ ကျွန်တော်ကို လိမ်နေတာမဟုတ်လား”

“ သူပြောတာအမှန်တွေပဲ ကောင်လေး၊ စဏ္ဍာလရွာတွေအားလုံးရဲ့အချုပ်ကိုရွေးချယ်မယ်‌ဆိုတာသိပေမယ့် မင်းဖြစ်နေမယ်လို့တော့ မထင်ခဲ့မိဘူး”

“ ဒီဒေသမှာ စဏ္ဍာလတွေပဲနေတဲ့ ရွာတွေရှိတာလား”

“ ရှိတာပေါ့… သူတို့ကိုစဏ္ဍာလဆိုပြီးအထင်တော့မသေးနဲ့နော်၊ ကျိန်စာကြောင့်သာ တစ်နှစ်တစ်ခါ စဏ္ဍာလလုပ်နေရပေမယ့် ငွေကြေးချမ်းသာတဲ့သူ၊ ပညာတတ်တဲ့သူတွေအများကြီးကွ”

စဏ္ဍာလမောင်ကြီးရဲ့စကားကြောင့် ဗျဂ္ဂ သက်ပြင်းရှည်တစ်ချက်ကိုလေးပင်စွာချလိုက်ပြီး သစ်ပင်မှာထောင်ထားတဲ့တံပိုးကို ဖမ်းယူဆုပ်ကိုင်လိုက်တဲ့အချိန် မမြင်နိုင်တဲ့ စွမ်းအင်တစ်ခုက ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားသလို ခံစားလိုက်ရတယ်။

“ ဒီတံပိုးကို မပျောက်ပျက်အောင် ထိန်းသိမ်းပါ၊ မင်းအနေနဲ့ စဏ္ဍာလရွာတွေထဲသွားတဲ့အခါ ဒီတံပိုးသာမြင်အောင်ပြလိုက် အားလုံး မင်းကို လေးစားရိုသေကြလိမ့်မယ်”

စဏ္ဍာလမောင်ကြီးက ဗျဂ္ဂရဲ့ ပခုံးကိုပုတ်ပြီး သူလွယ်ထားတဲ့အိတ်နဲ့ ပိန်လှီနေတဲ့ ခွက်တစ်လုံးကို ကမ်းပေးလိုက်တယ်။

ဗျဂ္ဂလဲ စဏ္ဍာလမောင်ကြီးပေးတဲ့ အိတ်နဲ့ ခွက်ကို ကိုင်လိုက်တယ်ဆိုရင်ပဲ အောင်မြတ်သာက သူ့အိတ်ထဲမှာရှိတဲ့ ငွေစက္ကူတစ်ထပ်ကို ခွက်ထဲထည့်ပေးခဲ့တယ်။

“ ဆရာ… ကျွန်တော်အကူအညီတစ်ခုတောင်းလို့ရလား”

“ ပြောလေဗျဂ္ဂ”

“ ကျွန်တော်အိမ်ကယူလာတဲ့ ငွေတွေကို ဒီအနီးတစ်ဝိုက်မှာရှိတဲ့စဏ္ဍာလတွေကိုလှူပေးပါ၊ နောက်ပြီး ကျွန်တော်ကိုပညာသင်ပေးပါ”

“ မင်းဖြစ်ချင်တဲ့အတိုင်းဖြစ်စေရမယ်၊ ဒါတော့ ကတိပေးပါတယ်”

မောင်ကြီးက ဗျဂ္ဂနဲ့အောင်မြတ်သာတို့ကိုကြည့်ပြီး

“ ဒါဆို အခုချိန်ကစပြီးမင်းက စဏ္ဍာလဗျဂ္ဂဖြစ်သွားပြီ၊ ဒီညသန်းခေါင်အချိန် စဏ္ဍာလရွာမှာရှိတဲ့ အကြီးအကဲတွေအားလုံးနဲ့ မိတ်ဆက်ပေးမှာမို့ လေသာကွင်းကိုလာခဲ့ပါ”

“ ဗျဂ္ဂကို ကျုပ်ခေါ်လာပေးပါ့မယ်၊ စိတ်ချပါ”

“ ဒါဖြင့် ကျုပ်သွားပြီနော်၊ အော် ပြောဖို့မေ့နေတာရှိသေးတယ်၊ မိတ်ဆက်ပွဲကိုလာရင် မျက်နှာကိုမပေါ်အောင် ဖုံးလာခဲ့နော်၊ ဒါက သူတို့ရဲ့စည်းကမ်းပဲ”

စဏ္ဍာလမောင်ကြီးက ဗျဂ္ဂကိုပြုံးပြကာနှုတ်ဆက်ပြီး ဂါထာတစ်ပုဒ်ကိုရွတ်လိုက်ရာ မျက်စိရှေ့မှာတင် ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။
++++

ညကား အလင်းရောင်မရှိလောက်အောင် မဲမှောင်နေပေမယ့် လေသာကွင်းအလယ်မှာတော့ အတန်သင့်ကြီးမားတဲ့ မီးပုံကြီးတစ်ပုံ တဟုန်းဟုန်း တောက်လောင်နေခဲ့တယ်။

မီးပုံရဲ့ရှေ့တည့်တည့်မှာတော့ မျက်နှာအဝတ်အုပ်ထားတဲ့ လူတစ်ယောက် တံပိုးတစ်ချောင်းကို ဆုပ်ကိုင်ပြီး ရပ်နေခဲ့သလို သူ့ရဲ့အရှေ့မှာတော့ စုတ်ပြတ်နေတဲ့အဝတ်တွေကို တစ်ကိုယ်လုံးမပေါ်အောင်ခြုံထားတဲ့ ယောင်္ကျားဆယ်ယောက်ခန့်ရှိနေခဲ့တယ်။ထိုအချိန်

“ အကြီးအကဲတွေစုံပြီဆိုရင် ခေါင်းဆောင်အသစ်မိတ်ဆက်ပွဲလေးစလိုက်ကြတာပေါ့” ဆိုတဲ့အသံနဲ့အတူ ဖာရာဆက်ရာတွေပါတဲ့ အင်္ကျီနဲ့လုံချည်ကိုဝတ်ဆင်ထားတဲ့လူတစ်ယောက် အမှောင်ထဲကနေထွက်လာခဲ့တယ်။

ဒီမြင်ကွင်းကို မလှမ်းမကမ်းက အမှောင်ရိပ်ထဲမှာထိုင်ရင်းကြည့်နေတဲ့ အောင်မြတ်သာက

“ ခြေမွေးမီးမလောင် လက်မွေးမီးမလောင်နေခဲ့ရတဲ့ သူဌေးသားကလဲ ဝေးလံတဲ့အရပ်ဒေသမှာ စဏ္ဍာလလာလုပ်နေရပါလား” လို့ရေရွတ်လိုက်ပါတော့တယ်။
+++++
စဏ္ဍာလခေါင်းဆောင်အဖြစ်တင်မြောက်ခြင်းခံရတဲ့ ဗျဂ္ဂကို အောင်မြတ်သာအနေနဲ့ မည်သို့မည်ပုံ ပညာသင်ကြားပေးသွားမလဲ၊ ပညာသင်ကာလမှာ ဘယ်လိုအဖျက်တွေဝင်မလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်စဏ္ဍာလဗျဂ္ဂဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)