August 29, 2025

အောင်မြတ်သာနှင့်တွေ့ဆုံခြင်း

အောင်မြတ်သာနှင့်တွေ့ဆုံခြင်း

နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနံဘေးမှာ…. စာဥတို့သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ.. သီချင်းလေးသံသာ မရောက်တာကြာပီ မတွေ့တာကြာပြီ…သတိရလိုက်တာစာဥရယ်” ဆိုတဲ့သီချင်းကို ကျော်လှ တစ်ယောက် ခံစားချက်အပြည့်နဲ့ဆိုနေရင်း စားကျက်ဘက်ကို လှမ်းကြည့်လိုက်တယ်။

” ဟာ … ငနက်ပြာ တစ်ကောင် အဖွဲ့ကနေ ထွက်သွားပြန်ပီ .. ဒီကောင်ကို လိုက်ရှာရတာလဲ အလုပ်တစ်ခုပဲဟေ့”

ကျော်လှက လေးခွကို လွယ်အိတ်ထဲကနေထုတ်ပြီး သင်းကွဲထွက်သွားတဲ့ ငနက်ပြာနောက်ကို လိုက်သွားခဲ့တယ်။

” ဟေး … ဟေး”

ငနက်ပြာက ကျော်လှအသံကိုကြားရင် ရောက်တဲ့နေရာကနေ ပြန်လှည့်လာတာမို့ အော်သံပေးရင်း တောစပ်ထဲကို ဝင်လာခဲ့လိုက်တယ်။

” ဒီကောင်ကွာ ခြေအတော်ရှည်တာပဲ… ဘယ် ချောင်ထဲသွားနေပြန်ပီလဲမသိပါဘူး”

နေကလဲစောင်းတော့မှာမို့ တောနက်ထဲဘက်ကို မသွားတော့ပဲ ခလောက်သံကြားလိုကြားငြား နားစွင့် နေတဲ့အချိန် နာကျင်စွာအော်ဟစ်လိုက်တဲ့ ငနက်ပြာရဲ့အသံကိုကြားလိုက်ရတယ်။

ကျော်လှလဲအသံကြားတဲ့ဘက်ကို ချက်ချင်းဆိုသလို ပြေးပြီးကြည့်လိုက်ရာ လည်ပင်းမှာ သွေးတွေယိုကျကာ အသက်ငင်နေတဲ့ ငနက်ပြာကိုမြင်လိုက်ရတယ်။

” ဟာ ဘယ်လိုဖြစ်တာလဲကွာ …”

ကျော်လှက ငနက်ပြာဒဏ်ရာကို လက်နဲ့ဖိရင်း မျက်ကလူးဆန်ပြာဖြစ်နေတဲ့အချိန် အနားမှာရှိတဲ့ သစ်ပင်ပေါ်ကနေ ဝါးတစ်ပြန်စာလောက်ရှည်လျားတဲ့ လက်တစ်ဖက်ကျလာပြီး မြေကြီးပေါ်မှာ ခြောက်လုခြောက်ခင်ဖြစ်နေတဲ့ သွေးစသွေးနတွေကို ကျုံးယူနေတာကို သွေးပျက်ဖွယ်မြင်လိုက်ရတယ်။

ဘဝမှာ တစ်ခါမှမမြင်ဖူးတဲ့မြင်ကွင်းကြောင့် တစ်ကိုယ်လုံးမှာရှိတဲ့ကြက်သီးမွှေးညှင်းတွေထလာပြီးအသားတွေအေးစက်သလိုဖြစ်ကာ ကြက်သေသေသွားခဲ့တယ်။ တစ်ဆက်ထဲမှာပဲ သစ်ပင်ပေါ်ကနေ

” ဟိုကောင်လေး … နင်နွားသွေးက ငါသောက်လို့မဝဘူး.. ဒါကြောင့် နင့် ကိုယ်ထဲမှာရှိတဲ့သွေးတွေကို ဖောက်သောက်ရလိမ့်မယ်” ဆိုတဲ့အသံနက်တစ်ခု ထွက်ပေါ်လာခဲ့တယ်။

ကျော်လှ တစ်ယောက်လဲ တ စ္ဆေသရဲဆိုတာကို အခုမှမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့ အကြောက်လွန်ပြီး သေးတွေပါတစ်ဖြန်းဖြန်းကျကာ သတိလစ်သွားခဲ့တယ်။
++++++++
” ဒေါ်မေစိန် … ကျုပ်က ရှင့်သားကို ယုံလို့ နွားတွေကို စိတ်ချလက်ချအပ်ထားတာ၊ အခုတော့ နွားတစ်ကောင်နဲ့အတူ ရှင့်သားပါ ပျောက်နေပါလား၊ ဒါကိုဘယ်လိုရှင်းပေးမလဲ ပြော”

” အစ်မရီခင်ပြောသလို ကျုပ်သားက မလုပ်လောက်ပါဘူး… တစ်ခုခုတော့ လွဲနေပြီထင်ပါတယ်”

” အို .. ဒါတွေ ကျုပ်မသိချင်ဘူး.. ရှင့်သားက ငနက်ပြာကိုခိုးပြီး ထွက်သွားတယ်လို့ပဲထင်တယ်၊ အခု ရွာထဲကလူတွေလိုက်ရှာနေကြတာ နှစ်ရက်တောင်ရှိနေပြီပဲ… နွားပျောက်တယ်ဆိုရင်တောင် ဒီအချိန်တွင်းအကျိုးကြောင်းလေးတော့ လာပြန်ပြောရမှာပေါ့”

” ကျော်လှက အဲလိုလူစားမျိုးမဟုတ်ပါဘူး.. တစ်ခုခုလွဲနေတာထင်ပါတယ်”

ဒေါ်မေစိန်က ရင်ဘတ်ကိုဖိပြီး စိုးရိမ်စိတ်နဲ့ပြောနေပေမယ့် နွားပိုင်ရှင်မိန်းမကြီးက မယုံတဲ့မျက်နှာပေးနဲ့ သက်ပြင်းတစ်ချက်ချကာ

” မနက်ဖြန်မှ ရှင့်သားပေါ်မလာရင် ကျုပ်တို့က နွားခိုးမှုနဲ့ အမှုဖွင့်ရမှာပဲ…” လို့ပြောကာ ပြန်ထွက်ဖို့အလုပ်

” အစ်မရီခင်… အစ်မ … ကျော်လှရော ငနက်ပြာပါ ပြန်ရောက်လာပြီဗျ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

” ဟုတ်လား… ဒါဆိုတော်သေးတာပေါ့.. အခုဘယ်ရောက်နေပြီလဲ”

” အစ်မတို့အိမ်အောက်မှာ စောင့်နေကြတယ်.. သွားကြရအောင်”

ဒေါ်မေစိန်လဲ သားဇောနဲ့ ဖိနပ်တောင်မစီးနိုင်ပဲ မရီခင်တို့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ကိုရောက်တော့ ငနက်ပြာကို ချည်တိုင်မှာချည်ပြီး ရေနွေးထိုင်သောက်နေတဲ့ ကျော်လှကိုမြင်တော့မှ ရင်ဘတ်ထဲကအလုံးကြီးကျသွားပြီး

” ကျော်လှရယ် ဘယ်လိုဖြစ်တာလဲကွယ်… နှစ်ရက်တောင်ကြာသွားတော့ လူတွေက မင်းကိုတစ်မျိုးထင်နေကြပီလေ”

” အမေကလဲ ဒီကောင်က တောထဲမှာလမ်းပျောက်နေတာဗျ… အတော်ခြေရှည်တဲ့နွား.. နောက်တစ်ခါဆို ဒီကောင်ပါရင် နွားမကျောင်းတော့ဘူး”

ကျော်လှက ချည်တိုင်မှာ ချည်ထားတဲ့ ငနက်ပြာရဲ့ ဗိုက်ကို ဖောက်ခနဲရိုက်ကာစလိုက်ပြီး ဒေါ်ရီခင်ကို စောင်းကြည့်လိုက်တယ်။

” မင်းက တောထဲမှာ နှစ်ရက်တောင်ကြာတယ်ဆိုပေမယ့် ဘာမှလဲမဖြစ်ပါလား… “

ဒေါ်မေစိန်က အံ့ဩတဲ့မျက်လုံးနဲ့ကြည့်ပြီးပြောလိုက်တော့ ကျော်လှက ရယ်ကျဲကျဲလုပ်ပြီး

” ဒီလိုပဲ တွေ့တာရှာစားရတာပေါ့ဗျာ… နွားတစ်ကောင်ပျောက်ရင် ကျုပ်အမေရော ကျုပ်ပါဒုက္ခရောက်မှာမဟုတ်လား”

” အေးပါ အေးပါ… နောက်တစ်ခါဆို သတိထားဦး၊ ရော့ ဒါက မင်းအတွက် မုန့်ဖိုးပေးတာ”

ဒေါ်ရီခင်က ချွေးခံအိတ်ထဲကနေ ငွေအချို့ကိုထုတ်ပြီးပေးလိုက်ရာ ကျော်လှက ကမ်းယူလိုက်ပြီး ပြန်ထွက်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ အမေဖြစ်သူချက်ထားတဲ့ ထမင်းနဲ့ဟင်းကို စားပြီးအိပ်လိုက်ရာ ညသန်းခေါ်အချိန်ရောက်မှ ပြန်နိုးလာခဲ့တယ်။

အိပ်ရာကနိုးတာနဲ့ ငုတ်တုတ်ထထိုင်ပြီး ပြူးကျယ်နေတဲ့ မျက်လုံးအစုံနဲ့ တောင်ကြည့်မြောက်ကြည့်လုပ်ကာ အိမ်နောက်ဖေးပေါက်််ကနေ လွှားခနဲခုန်ချပြီးအမှောင်ထုထဲပြေးဝင်သွားခဲ့တယ်။
++++++++
” ကျော်လှ … ထစမ်း၊ မနေ့ညနေထဲကအိပ်နေတာ ခုနောက်တစ်နေ့ မနက်တောင်ရောက်နေပီ”

ဒေါ်မေစိန် အသံကြောင့် ကျော်လှ အိပ်ယာကနေ ထလိုက်ပြီး အညောင်းဖြေလိုက်ရာ ခြေထောက်မှာ ရွံ့ဗွက်တွေပေနေတာကို မြင်လိုက်ရတယ်။

” ကျော်လှ နင် အတော်ညစ်ပတ်တဲ့ကောင်ပဲ… ခြေထောက်မှာလဲ ရွံ့တွေပေနေတာ ဒီတိုင်းအိပ်နေတယ်ပေါ့လေ”

” အဲ.. ကျွန်တော် လဲ သတိမထားမိဘူး … မနေ့ကရောက်တော့ ရေချိုးပီးအိပ်တာပဲလေ ပေစရာမှမရှိတာ”

” အဲဒါအသာထားစမ်းပါဦး… နွားပျောက်သွားရှာတုန်းက နင်ဘယ်လိုနေထိုင်စားသောက်ခဲ့လဲ”

” ဒီလိုပါပဲ အမေရာ တွေ့ရာသစ်သီးသစ်ဖုတွေ ရှာစားရတာပေါ့”

ကျော်လှစကားကို ဒေါ်မေစိန် မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ နားထောင်လိုက်ပြီး မီးဖိုချောင်ဘက်ကိုထွက်သွားခဲ့တယ်။
+++++++++
လရောင်က မှိန်ပြပြကျနေတာမို့ ကုက္ကိုတန်းရွာလမ်းမကြီးတစ်လျောက်မှာရှိတဲ့ အရာဝတ္တုတွေကို ကောင်းစွာမြင်တွေ့နေရတယ်။ အဲဒီအချိန် လူနှစ်ယောက်က အမှောင်ထုကိုအကာကွယ်ယူပြီး ပုန်းလျှိုးကွယ်လျှိုးလာနေခဲ့တယ်။

” မြင့်မောင်… မင်းပြောတဲ့အိမ်က သေကောသေချာရဲ့လား”

” သေချာပါတယ်ကွ… သူတို့လယ်ကထွက်တဲ့ စပါးတွေကိုမြို့တက်ရောင်းတာ ငါကိုယ်တိုင်တွေ့ခဲ့တယ်”

” ဒါဆို တစ်အိမ်လုံးကို အိပ်ငွေ့ချပြီး ရှိသမျှအကုန်ယူကြတာပေါ့.. ခုကနည်းနည်းစောသေးတာမို့ ရဲဆေးတင်လိုက်ရအောင်”

မျက်နှာကိုအဝတ်နဲ့စည်းထားတဲ့လူနှစ်ယောက်က ချက်အရက်တစ်လုံးကို ရေမရောပဲ တစ်ယောက်တစ်လှည့်မော့ချလိုက်ပြီး ညနက်တဲ့ချိန်ကိုစောင့် ဆိုင်းနေခဲ့တယ်။

အရက်တစ်လုံးကုန်သွားတဲ့ချိန်မှာတော့ နှစ်ယောက်သား ရီဝေဝေဖြစ်လာပြီး စိတ်တွေရဲတင်းလာခဲ့ကြတယ်။ အချိန်ကလဲ နက်သထက်နက်လာပီမို့ ပုန်းခိုရာနေရာကနေ ရွေးချယ်ထားတဲ့ အိမ်ရှိရာဘက်ကို ထွက်လာခဲ့လိုက်တယ်။

အိမ်နားကိုရောက်တော့ မီးအလင်းရောင်မြင်နေရသေးတာမို့ အနားမှာရှိတဲ့ ကုက္ကိုပင်အောက်မှာခေတ္တပုန်းနေရင်း အပေါ့သွားနေတဲ့အချိန်

” ဂျစ် ဂျစ် ဂျစ်” ဆိုတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

” မြင့်မောင် … ဘာအသံကြီးလဲဟ”

” ငါလဲမပြောတတ်ဘူး… တစ်ခုခုကို ခြစ်နေတဲ့အသံလိုပဲ”

အသံက အနီးနားကနေ လာတာမို့ နှစ်ယောက်သား ရီဝေဝေမျက်လုံးတွေနဲ့ လိုက်ရှာကြည့်ရာ မဲနက်ပြီးရှည်လျားတဲ့လက်သည်းတွေက ကုက္ကိုပင်အသားတွေဖွာလန်ကျအောင် ကုတ်ဖဲ့နေတာကိုမြင်လိုက်ရတယ်။

အကောင်အထည်ကိုမမြင်ရပဲ လက်တစ်ဖက်ပဲမြင်ရပေမယ့် လက်ကောက်ဝတ်က အုန်းပင်လုံးလောက်ရှိနေတဲ့အတွက် သူခိုးနှစ်ယောက်လဲ ပုဆိုးတောင်မဝတ်နိုင်ပဲ ငယ်သံပါအောင် အော်ကာပြေးပါလေရော။

ရွာခံလူတွေလဲ အော်သံကြောင့် ထကြည့်ရာ ကုက္ကိုပင်နဲ့မလှမ်းမကမ်းမှာ ပါးစပ်ကနေ အမြုပ်တစီစီထွက်ပြီး မေ့မျောနေတဲ့ သူခိုးနှစ်ယောက်ကိုမြင်လိုက်ရတယ်။

မနက်ရောက်တော့ သူခိုးနှစ်ယောက်လဲ သူတို့ကြုံတွေ့ခဲ့ရတာတွေကိုပြန်ပြောပြပေမယ့် ရွာခံလူတွေက အယုံအကြည်မရှိပဲ အရက်ကြောင်ကြောင်ပြီး ပေါက်ကရတွေမြင်တာလို့ သတ်မှတ်ခဲ့ကြတယ်။

ဒါပေမယ့် မကြာခင်မှာပဲ တစ်ရွာလုံး ထိတ်လန့်ရလောက်တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
+++++++
” ငတိုး … ဟိုတစ်လောက မြင့်မောင်နဲ့မြင့်ဆောင်တို့ ညီအစ်ကိုနှစ်ဦး သရဲခြောက်ခံရလို့ ဖမ်းခံထိတာ ကြားတယ်မလား”

အရက်ခွက်ကို တစ်ကျိုက်ထဲမော့ပြီး ပြောလိုက်တဲ့ ဖေမြင့်စကားကြောင့် ငတိုးက သရက်သီးစိပ်ကို ကိုက်နေရာကနေ

” အေး ကြားတယ်လေ … ဘာဖြစ်လို့လဲ”

” မင်းကရော သူတို့ပြောတာကိုယုံလား”

” ယုံစရာလားကွ… အဲဒီကုက္ကိုပင်ဆိုတာ ငါတို့ဖြတ်သွားဖြတ်လာလုပ်နေကြနေရပဲလေ”

” ဒါဖြင့်ရင် မင်းငါပြောတဲ့အတိုင်း မင်းလုပ်မလား.. လုပ်မယ်ဆိုရင် ဟောဒီက ပိုက်ဆံတစ်ထပ်က မင်းအတွက်ပဲ”

ဖေမြင့်က လယ်ပိုင်ရှင်သားပီပီ ငွေစက္ကူတစ်ထပ်ကို စားပွဲပေါ်ပစ်တင်ပြီး အရက်ကိုမော့ချလိုက်တယ်။

” ငါက ဘာလုပ်ရမလဲ ပြော”

အရက်ရှိန်ကလဲတက်နေတဲ့အပြင် စားပွဲပေါ်က ငွေစက္ကူထပ်ကလဲစွဲဆောင်နေတာမို့ ငတိုးတစ်ယောက် ရဲစိတ်ရဲမာန်တွေဝင်လာခဲ့တယ်။

” မင်းလုပ်ရမှာက ည၂နာရီ အဲဒီကုက္ကိုပင်အောက်ကိုသွားပြီး ပရိတ်ကြိုးနဲ့ကိုးပတ်တိတိပတ်ရမှာ”

” ပရိတ်ကြိုးနဲ့ပတ်ရုံဆိုရပီလား…”

” ရပီ ဒါပေမယ့် မင်းတစ်ခုခုဖြစ်ခဲ့ရင် ငါ့တာဝန်မဟုတ်ဘူးနော်”

” ငတိုးပါကွ… မင်းခိုင်းလို့လုပ်တာမဟုတ်ပဲ ငါ့ဘာသာလုပ်ချင်လို့လုပ်တာ ၊ ဘယ်မလဲ ပရိတ်ကြိုး”

ဖေမြင့်က ငတိုးစကားကြောင့် ခပ်ထေ့ထေ့ရယ်လိုက်ပြီး အိတ်ကပ်ထဲအသင့်ယူလာတဲ့ အပ်ချည်လုံးကိုထုတ်ကာ

” ဒါက အိမ်တက်တုန်းက ရထားတဲ့ပရိတ်ကြိုးပဲ… မင်းအနေနဲ့ အပ်ချည်ကိုးမျှင်တိတိပတ်နိုင်ခဲ့ရင် အနိုင်ပဲ”

ငတိုးက ဖေမြင့် ကမ်းပေးတဲ့အပ်ချည်ကြိုးကိုယူကာ ကုက္ကိုပင်ရှိတဲ့ဘက်ကို အရက်တစ်ပုလင်းကိုင်ပြီးထွက်သွားခဲ့တယ်။

အရက်ဝိုင်းကလူတွေကတော့ ငတိုးပဲ နိုင်မလား .. သွေးရူးသွေးတန်းနဲ့ပဲ ပြေးလာမလားဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြတယ်။ နာရီဝက်လောက်ကြာတော့ တဲရှေ့ကနေ ခြေသံကြားလို့ ထွက်ကြည့်လိုက်ရာ ပြုံးဖြီးဖြီးမျက်နှာထားနဲ့ မတ်တပ်ရပ်နေတဲ့ ငတိုးကိုမြင်လိုက်ရတယ်။

” ဟေ့ကောင် ငတိုး… မင်း တကယ်ရော သွားရဲ့လား”

ဖေမြင့်က မယုံသင်္ကာဟန်နဲ့မေးလိုက်ပြီး ပရိတ်ကြိုးကိုင်ထားတဲ့လက်ကိုလှမ်းကြည့်လိုက်တယ်။ အဲဒီအချိန်

” ငါ ငတိုး မဟုတ်ဘူး… ငါ့နာမည် ကျော်စံဘကွ” ဆိုတဲ့အသံနဲ့အတူ ဖေမြင့်ရဲ့ လည်ပင်းကိုအတင်းဝင်ညှစ်ပါလေရော။

” အစ် အစ် အွတ်… လုပ် လုပ်ကြပါဦး… အဟွတ် အဟွတ်”

အရက်ဆိုင်ထဲကလူတွေလဲ ရုတ်တရက်ကြောင်နေရာကနေ သတိဝင်လာပြီး ငတိုးကိုဆွဲကြပေမယ့် ဖေမြင့်လည်ပင်းကိုညှစ်ထားတဲ့ လက်တွေက ပြုတ်တူတွေလို ခိုင်နေပြီး လူငါးယောက်ဝိုင်းဆွဲတာတောင် ငတိုးကိုယ်က တုပ်တုပ်မှမလုပ်တာကို မြင်လိုက်ရတယ်။

” ကျော်စံဘတဲ့ကွ… သေစမ်း သေစမ်း “

ငတိုးက အခြားတစ်ယောက်လိုပြောင်းလဲသွားပြီး ဖေမြင့်လည်ပင်းကို အားကုန်ညှစ်ချလိုက်ရာ လက်ထဲမှာပင် ပျော့ခွေပြီး အရုပ်ကြိုးပြတ်လဲကျသွားခဲ့တယ်။

” ဟားဟားဟား ကျော်စံဘ လူမသတ်ရတာကြာပီဖြစ်လို့ ဒီညလူသတ်လိုက်ပြီ… အခု ကျော်စံဘ အရက်သောက်မယ် ငါ့ကိုအရက်တိုက်ကြစမ်း”

ငတိုးက လက်တစ်ဖက်နဲ့ခါးကိုထောက်လိုက်ပြီး ဆိုင်ထဲမှာရှိတဲ့လူတွေအားလုံးကို မျက်ထောင့်နီနဲ့လှမ်းကြည့်လိုက်တယ်။

” ငတိုး သတိထားစမ်း… ငတိုး “

” ငါ ငတိုးမဟုတ်ဘူး… မင်းတို့တစ်ရွာလုံးဒုက္ခမရောက်စေချင်ရင် ကုက္ကိုပင်အောက်မှာ တစ်ပတ်ကို တစ်ကြိမ် သွေးစိမ်းရှင်ရှင်တွေ လာထားပေးစမ်း… အဲလိုမှမဟုတ်ရင်တော့ တစ်ရွာလုံးကို ဂုတ်ချိုးသတ်ပြီး လည်ချောင်းသွေးဖောက်သောက်ပစ်မယ်ဟေ့”

ငတိုးက ဒေါသတစ်ကြီးနဲ့အော်ဟစ်ပြီး အရက်ပုလင်းတွေကို ငါးလုံးဆက်တိုက် မော့သောက်ပစ်လိုက်တယ်။ အရက်ဆိုင်ထဲမှာ အတော်ကြာ သောင်းကျန်းပြီးချိန်မှာတော့ ရှိသမျှလူတွေအကုန်လုံးကို လက်ညိုးထိုးကာ

” ကျော်စံဘ အခု ကုက္ကိုပင်မှာနေတယ်… တစ်ရွာလုံးသတိထားကြ” လို့ပြောပြီးချိန်မှာတော့ ငတိုးလဲ ဇက်ကျိုးကာ အသက်ပျောက်သွားခဲ့တယ်။

ငတိုးနဲ့ဖေမြင့်တို့ တစ်ညထဲသေပြီးချိန်မှာတော့ ကုက္ကိုတန်းတစ်ရွာလုံး ကြောက်လန့်သွားပြီး ဘာလုပ်ရမယ်ဆိုတာ ခေါင်းချင်းဆိုင် တိုင်ပင်ရတဲ့အထိဖြစ်ခဲ့ရတယ်။

ကုက္ကိုပင်ပေါ်မှာနေတဲ့ ကျော်စံဘဆိုတဲ့သရဲကို မောင်းထုတ်ဖို့အတွက် ကမ္မဝါ၊ ပရိတ်တွေရွတ်ဖတ်ကြပေမယ့် ရွတ်တုန်းတစ်ချက်သာငြိမ်ပြီး နောက်ရက်တွေကျ ဦးဆောင်တဲ့သူတွေကို ဖျားနာမူးဝေပြီး သွေးလေပျက်တဲ့အထိ ခြောက်လှန့်တာကြောင့် ဘယ်သူမှဆက်မလုပ်ရဲတော့ပေ။

လူတွေကလဲ ကြားရတဲ့သတင်းတွေကြောင့် ကုက္ကိုပင်အနီးတစ်ဝိုက်ကို နေ့ခင်းကြောင်တောင်တောင် မသွားရဲကြတော့ပဲ ရှောင်ဖယ်လာခဲ့ကြတယ်။

လူတွေမသွားလာတာကြောင့် ကုက္ကိုပင်ပေါ်မှာရှိတဲ့ကောင်က ပိုအတင့်ရဲလာပြီး ညဘက်တွေဆိုရင် လူတွေမွေးထားတဲ့ ကြက်ဘဲတွေအပြင် ဝက်ပေါက်တွေကိုပါ ဝင်ရောက်ဆွဲယူစားသောက်လာတဲ့အထိ အတင့် ရဲလာခဲ့တယ်။

” အား ကျွတ် ကျွတ် ကျွတ်”
ညကြီးအချိန်မတော် ဗိုက်ထဲကနေ ရစ်ပြီးနာလာတာကြောင့် လှထုံတစ်ယောက် မီးအိမ်ကိုထွန်းကာ အိမ်သာရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။
ရွာဓလေ့မို့ အိမ်သာက ခြံအနောက်ဘက်မှာသာရှိနေတာကြောင့် မီးအိမ်အလင်းရောင်ကိုအဖော်ပြုပြီး လမ်းလျောက်လာတဲ့အချိန် ခေါင်းရင်းကြက်ခြံထဲကနေ ချိုးချိုးချွတ်ချွတ်အသံတွေကြားလို့ကြည့်လိုက်ရာ လူတစ်ယောက် ကုန်းကုန်းကွကွနဲ့ ကြက်ခြံထဲကိုတိုးဝင်နေတာကို မြင်လိုက်ရတယ်။

” ဘယ်ကောင် ကြက်ဝင်ခိုးပြန်ပီလဲမသိပါဘူး”

လှထုံက တစ်ယောက်ထဲရေရွတ်ရင်း ခြံစည်းရိုးစပ်နားကိုသွားကာ မီးအိမ်ကို မြင့်ပြီးကြည့်လိုက်တဲ့အချိန် လည်လိမ်နေတဲ့ကြက်တစ်ကောင်ကို အစိမ်းလိုက်ကိုက်စားနေတဲ့ ကျော်လှကိုမြင်လိုက်ရတယ်။

” ကျော် ကျော် လှ… နင် နင် ဘာတွေလုပ်နေတာလဲ”

လှထုံက ရုတ်တရက်မို့ လန့်ဖြန့်ပြီးပြောလိုက်ရာ ကျော်လှက ကြက်မွှေးတွေနဲ့သွေးတွေပေနေတဲ့ ပါးစပ်ကို ပြဲနေအာင်ရယ်လိုက်ပြီး ချောက်ကပ်ကပ်အသံနဲ့
” ငါဗိုက်ဆာလို့ … လာစားနေတာ ဟီးဟီး… ဟက်ဟက်” လို့ပြောပြီး လှထုံရှိတဲ့ဘက်ကို လက်ကြီးဆန့်တန်းကာ လျောက်လာခဲ့တယ်။
အဲဒီတော့မှ လှထုံတစ်ယောက် သတိဝင်လာပြီး ငယ်သံပါအောင်အော်ကာ ထွက်ပြေးဖို့အလုပ် အေးစက်စက်လက်တစ်ဖက်က အနောက်ကနေ ဆံပင်ကို လှမ်းဆွဲတာခံလိုက်ရတယ်။

ဟိုဘက်ခြံနဲ့ လှထုံတို့ခြံက ငါးပေလောက်ဝေးတဲ့အတွက် လက်နဲ့လှမ်းဆွဲဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် ဆံပင်နဲ့တစ်ခုခုညှိနေတယ်ထင်ပြီး လှည့်ကြည့်လိုက်ရာ ကျော်လှရဲ့လက်တွေက ရာဘာသားလိုရှည်ထွက်ပြီး လှမ်းဆွဲထားတာကိုမြင်လိုက်ရတယ်။

” အမေရေ…. အဘရေ…. ကယ်ကြပါဦး ကယ်ကြပါဦး”

အသံက တိတ်ဆိတ်နေတဲ့ ညအချိန်ကိုဖောက်ပြီးထွက်လာတာကြောင့် အိပ်ပျော်နေတဲ့သူတွေအကုန်နိုးလာပြီး ဆင်းလာကြည့်ရာ ခြံစည်းရိုးထောင့်နားမှာ လဲကျကာသတိလစ်နေတဲ့ လှထုံကိုမြင်လိုက်ရတယ်။ အနီးနားမှာတော့ ကြက်မွှေးတွေက ပျံ့ကျဲလျက်။

+++++++

” အဟီးအဟီး… သမီးကြောက်တယ်အမေ.. အဲအကောင်က ကြက်တွေကိုလက်တစ်ဖက်ထဲနဲ့ ဖမ်းပြီးကိုက်စားနေတာ”

” ကျော်လှ ဆိုတာ သေချာရဲ့လား သမီးရယ်… ညကြီးအချိန်မတော် လူမှားတာများလား”

” မမှားဘူးအမေ ကျော်လှမှ ကျော်လှအစစ်ပါ…. သူ့မျက်လုံးတွေက ဟင်္သာပြဒါးလိုနီရဲနေတာ၊ နောက်ပြီး ပါးစပ်ထဲမှာလဲ ကြက်သွေးတွေအပြည့်ပဲ… သမီးတကယ်မလိမ်ပါဘူး “

” ဒါဖြင့် ကျော်လှ အခုဘယ်မှာရှိနေလဲ သွားကြည့်စမ်း”
” ကျော်လှက မနက်ကပဲ နွားကျောင်းထွက်သွားတာ ကျွန်တော်မြင်လိုက်တယ်… သူက နဂိုထဲက ရိုးရိုးအေးအေးနေတာမို့ မဟုတ်လောက်ဘူးထင်တယ်နော်”

” ဒါပေမယ့် လှထုံက ကျော်လှဆိုပြီး အတိအကျပြောနေတာမဟုတ်လား… ဟင်း ခက်တော့ ခက်ပီ ထင်ပါတယ်”

” လှထုံ နင် ကျော်လှကိုတွေ့တော့ ဘာအဝတ်အစားဝတ်ထားလဲ”

” ရုတ်တရက်မို့ သေချာမမှတ်မိပေမယ့် အပြာရောင်အင်္ကျီအကွက်တော့သတိထားမိတယ်..”

” လက်ပူးလက်ကြပ်မမိဘူးဆိုတော့ ငါတို့လဲ လုပ်ရကိုင်ရခက်နေတယ်… ဒီတစ်ခါတော့ ထားလိုက်တော့၊ နောက်တစ်ခါဆို တရားခံက ဘယ်သူဆိုတာ မိအောင်ဖမ်းရမယ်.. ဒီကြားထဲ ကုက္ကိုပင်ကကောင် သောင်းကျန်းနေတာ အကုန်ကြားတာပဲမဟုတ်လား”

” ငါတို့ရွာမှာလဲ တစ်ခါမှမကြုံဖူးတာတြွေဖစ်နေတော့ အကုန်လုံး စိတ်ဒုက္ခရောက်နေရပီ… ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့်သူရှိရင်ကောင်းမှာပဲ”
ကာလသားခေါင်းကိုရေမြင်းစကားကြောင့် အနားမှာထိုင်နေတဲ့ ရွာဆော်ကိုဘိုထွေးက လက်ဖျောက်တစ်ချက်တီးပြီး
” မနေ့က ဟိုဘက်ရွာကိုသွားတော့ ပယောဂကုနေတဲ့ လူနှစ်ယောက်ကိုတွေ့ခဲ့တယ်… ဘယ်လောက်စွမ်းလဲဆို ပယောဂအစွဲတွေကို လက်နဲ့သပ်ချရုံနဲ့ ချက်ချင်းပျောက်တာနော်”

” ဟင် … အဲဒီဆရာတွေက ဘယ်ရွာကလဲ”

” အဲဒါတော့ ကျုပ်လဲမသိဘူး… ဒီတိုင်း ရွာစဉ်လှည့်နေတဲ့ဆရာတြွေဖစ်မယ်ဗျ၊ ကျုပ်တို့ခုချိန်သွားရင်တော့ မှီနိုင်သေးတယ်”

” ဒါဖြင့် သွားကြည့်ရအောင်… အဆင်ပြေရင် ရွာကိုပင့်လာလို့ရတာပေါ့”

ရွာဆော်ကိုဘိုထွေးစကားကြောင့် ကာလသားခေါင်းကိုရေမြင်းနဲ့ အခြားသူတွေအကုန် ဟိုဘက်ရွာဘက်ကိုထွက်လာခဲ့လိုက်တယ်။
ရွာနီးချုပ်စပ်ဆိုပေမယ့် အနည်းငယ်လှမ်းတာကြောင့် နာရီဝက်လောက် လမ်းလျောက်ပီးမှ ရွာစပ်ကိုရောက်ခဲ့ကြတယ်။
+++++
” ဗျို့ ကိုရေမြင်း… ဘယ်သွားကြမလို့လဲဗျ၊ ဘုန်းကြီးပျံပွဲပြီးထဲက မဆုံဖြစ်ဘူးဗျာ”

” ဟာ ငဒိန်း… အတော်ပဲဟေ့.. မင်းတို့ရွာမှာ ပယောဂကုနေတဲ့ ဆရာနှစ်ယောက်ရောက်နေတယ်ကြားလို့ လာပင့်တာကွ”

” အဲဒီဆရာတွေကိုတွေ့ချင်ရင်တော့ ရွာဦးဘုန်းကြီးကျောင်းဇရပ်ကိုသာလိုက်သွားဗျို့… ဒါနဲ့ ဘာအရေးထူးလို့လဲ”

” နောက်မှ ရှင်းပြမယ်ကွာ… လောလောဆယ် ဆရာတွေနဲ့တွေ့ဖို့သွားလိုက်ဦးမယ်”

ကိုရေမြင်းက ငဒိန်းပခုံးကိုပုတ်ပြီး ရွာဘုန်းကြီးကျောင်းရှိတဲ့ဘက်ကို ခပ်သုတ်သုတ်ထွက်လာခဲ့လိုက်တယ်။ ကျောင်းဝကိုရောက်တော့ လွယ်အိတ်ကိုယ်စီလွယ်ပြီး ထွက်လာကြတဲ့ လူနှစ်ယောက်ကိုမြင်လိုက်ရတယ်။

” ဆရာတို့က ပယောဂကုတဲ့ သူတွေလားဗျ”

ကိုရေမြင်းစကားကြောင့် အရပ်မြင့်မြင့် ဥပဓိရုပ်ကောင်းကောင်းလူက
” ဟုတ်ပါတယ်… ဘာအရေးကိစ္စများရှိလို့ပါလဲ”
” ဟာ တွေ့ရတာဝမ်းသာပါတယ် ဆရာတို့ရယ်… ကျုပ်နာမည်က ရေမြင်းပါ.. သူက ဘိုထွေးတဲ့.. ဒီက ဦးကြီးကတော့ ဦးဟန်ကြည်ပါ”
” အော် တွေ့ရတာဝမ်းသာပါတယ်… ကျုပ်နာမည်က အောင်မြတ်သာပါ… ဒါကတော့ ကျုပ်တပည့် မောင်ကောင်းပါ.. ကျုပ်တို့ကိုတွေ့ချင်တဲ့အကြောင်းက ..”

” ဒီလိုပါဆရာ … အခုကျုပ်တို့ရွာမှာ သရဲလား ဘာလားတော့မသိဘူး အတော်ကိုသောင်းကျန်းနေပါတယ်၊ သူ့ကြောင့်လဲ လူနှစ်ယောက်သေခဲ့ရသလို.. အိမ်မွေးတိရိစ္ဆာန်တွေလဲ မကြာခဏဆိုသလို ပျောက်ခြင်းမလှပျောက်နေခဲ့တယ်။ ညကဆိုလဲ ဦးဟန်ကြည်သမီးကို လိပ်ပြာမလွင့်ရုံတမယ် ခြောက်လှန့်ခဲ့သေးတယ်…ဒါကြောင့် ဆရာတို့နဲ့လာတွေ့ပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာ လာရောက်တိုင်ပင်တာပါ”

ကိုရေမြင်းစကားကို အောင်မြတ်သာဆိုသူက အတန်သင့် စဉ်းစားလိုက်ပြီး
” သံဃာတော်တွေပင့်ဖိတ်ပြီး တစ်ရွာလုံးကိုကမ္မဝါစာတွေရွတ်ဖတ်စေချင်တယ်ဗျ… ကမ္မဝါစာဆိုတာ တော်ရုံသရဲတစ္ဆေတွေ ဘယ်လိုမှမနေနိုင်ဘူးမဟုတ်လား”

” အဲလိုလဲလုပ်ပီးပါပီ ဆရာရယ်… ဒါပေမယ့် ရွတ်တုန်းရက်ပိုင်းလောက်သာ ငြိမ်သွားတာ၊ နောက်ရက်တွေဆို ဦးဆောင်တဲ့သူတွေထဲက တစ်ယောက်ယောက်ကို ဒုက္ခပေးတာပဲ၊ ဒါကြောင့် ဘယ်သူမှ ထပ်မလုပ်ရဲတော့တာ”

” ဟင် အဲလောက်တောင် သောင်းကျန်းနေတာလား”

” ဟုတ်တယ်ဆရာ … ခုဆို တစ်ရွာလုံး ညနေမှောင်ပီဆို ဘယ်သူမှအပြင်ကိုမထွက်ရဲကြတော့တာ”

” အရင်ကရော ဒီလိုခြောက်လှန့်မှုမျိုးတွေ ရှိခဲ့ဖူးလား”

” မရှိဘူးဆရာ… မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ စဖြစ်တာ”

” ဘယ်ကနှစ်လရမှာလဲ တစ်လကျော်ကျော်ပဲရှိသေးတာလေ… ကျော်လှ နွားခိုးတယ်ဆိုပြီး လာတိုင်တဲ့ရက်နောက်ပိုင်းမှဖြစ်တာမဟုတ်လား”

ကိုဘိုထွေးစကားကြောင့် ကိုရေမြင်း သေချာစဉ်းစားလိုက်ပြီး
” ဟုတ်သား တစ်လကျော်ကျော်ပဲရှိဦးမယ်ဆရာ.. “

” ဟုတ်ပီလေ ဒါဖြင့်လဲ ကျုပ်တို့ လိုက်ကြည့်ပေးပါ့မယ်…”

ဒီလိုနဲ့ ကိုရေမြင်းတို့လဲ ဆရာနှစ်ယောက်ကို ခေါ်ကာ ကုက္ကိုတန်းရွာကိုပြန်လာခဲ့လိုက်တယ်။

ရွာထိပ်ကိုရောက်တော့ အောင်မြတ်သာက ဆက်မလိုက်တော့ပဲ
” ကျုပ်တို့ရွာထဲကို လိုက်လို့မရဘူး .. ဒါကြောင့် ရွာပြင်မှာပဲနေပြီး ဘာတွေလုပ်ရမယ်ဆိုတာ ပြောပေးပါမယ်”

” ဘာဖြစ်လို့ ရွာထဲမလိုက်တာလဲဆရာ”

” ကျုပ်တို့ရွာထဲဝင်လိုက်တာနဲ့ ကုက္ကိုပင်ပေါ်မှာနေတဲ့ကောင်က ဝပ်သွားလိမ့်မယ်၊ အဲလိုဆိုရင် ကျုပတို့ လုပ်ကိုင်ရတာခက်ခဲနိုင်တယ်လေ.. ဒါကြောင့် ရွာထဲကိုလိုက်မဝင်တော့တာပါ”

” ဒါဆို ကျွန်တော်တို့ ဘယ်လိုတွေလုပ်ရမလဲဆိုတာ ညွှန်ပြပေးပါ”

” ဒီည သန်းခေါင်အချိန်ရောက်ရင် ကုက္ကိုပင်နဲ့မလှမ်းမကမ်းနေရာမှာ ခြံတစ်ခုခတ်ပြီး အထဲမှာ နွားပေါက်တစ်ကောင်ကိုကြိုးနဲ့ချည်ထားပေးပါ၊ ပြီးတာနဲ့ ခြံရဲ့လေးဘက်လေးတန်မှာ ဒီအင်းကွက်တွေမြုပ်ထားပါ”

အောင်မြတ်သာက စကားဆုံးတာနဲ့ လွယ်အိတ်ထဲ အသင့်ပါလာတဲ့ အင်းစမလေးရွက်ကိုထုတ်ပေးလိုက်တယ်။

” ကျွန်တော်တို့က အင်းတွေကိုမြုပ်ရုံပဲလား… ကျန်တာဘာတွေဆက်လုပ်ရဦးမလဲ”

” သတိထားရမှာက အစီရင်လုပ်နေတဲ့အချိန် ဘယ်သူမှ နွားခြံထဲကိုမဝင်စေဖို့ပဲ… ကျုပ်တို့ထောင်ဖမ်းထားတဲ့ခြံထဲကို အရိပ်တစ်ခုခုဖြစ်စေ၊ လူတစ်ယောက်ယောက်ဖြစ်စေ ဝင်သွားခဲ့ရင်တောင် ဘယ်သူမှ သူ့ကိုမထိမကိုင်မိပါစေနဲ့၊ အဲဒီတစ်ခုတော့ သတိထားပေးပါ”

” ကောင်းပါပြီဆရာ … ကျုပ်တို့ ရွာထဲကလူကြီးတွေနဲ့တိုင်ပင်ပြီး သေချာစီစဉ်ထားလိုက်ပါမယ်၊ ဆရာတို့အနေနဲ့ လောလောဆယ် ကိုဖိုးသား ပိုင်တဲ့ လယ်စောင့်တဲမှာ နားလိုက်ပါဦး… ခဏနေ နေ့လည်စာအတွက် လာပို့ပေးပါမယ်”

ကိုရေမြင်းတို့လဲ အောင်မြတ်သာတို့ကိုနေရာချပေးပြီးတာနဲ့ ရွာထဲကိုဝင်သွားပြီး စီစဉ်စရာရှိတဲ့အမှုကိစ္စတွေကို စီစဉ်ခဲ့ကြတယ်။
+++++++
ညနေ နေဝင်ရီတရောအချိန်ရောက်တာနဲ့ သတ္တိကောင်းတဲ့ ကာလသားအချို့ကလွဲပြီး ကျန်တဲ့သူတွေအားလုံး ကိုယ့်အိမ်ထဲမှာပဲ နေနေကြပြီး ညမှောင်ချိန်ကို ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းနေခဲ့ကြတယ်။

ကုက္ကိုပင်နဲ့မလှမ်းမကမ်းမှာရှိနေတဲ့ ယာယီနွားခြံထဲမှာတော့ နွားမဒန်းတစ်ကောင်က အမြှီးကိုယမ်းလိုက် နှာကိုမှုတ်လိုက်နဲ့ ယောက်ယက်ခတ်နေတာကို ကိုရေမြင်းတို့ကာလသားအဖွဲ့တွေ ကြည့်နေခဲ့ကြတယ်။

အချိန်ကတစ်ဖြေးဖြေးနက်လာတာနဲ့အမျှ လေတိုးလို့လှုပ်ရှားနေတဲ့ သစ်ရွက်သံတွေကလွဲပြီး တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။

အဲဒီအချိန်
” ဂျစ် ဂျစ် ဂျစ်” ဆိုတဲ့အသံကို ပုန်းအောင်းနေသူတွေအတိုင်းသားကြားလိုက်ရတယ်။

” ကိုရေမြင်း… အသံကြားရလား”

” ကြားတယ်ဟ တိုးတိုးနေစမ်းပါကွာ.. မင်းအမေ့လင်က ငါတို့ပုန်းနေတာသိသွားဦးမယ်”

ကိုရေမြင်းက ကာလသားတစ်ယောက်ကို ဟောက်လိုက်ပြီး ကုက္ကိုပင်ပေါ်ကိုစူးစိုက်ကြည့်နေလိုက်တယ်။ မကြာခင် ကုက္ကိုပင်ခွကြားထဲမှာ လူဝံတစ်ကောင်လောက်ရှိတဲ့ မဲမဲကောင်တစ်ကောင် ငုတ်တုတ်ထိုင်နေတာကို အကုန်လုံးမြင်တွေ့လိုက်ရတယ်။ ဒါပေမယ့် အပင်ပေါ်မှာထိုင်နေတဲ့အကောင်အနေနဲ့ အောက်ကိုလုံးဝမဆင်းပဲ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေရင်းကနေ မျက်စိရှေ့တင် ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။

ကိုရေမြင်းတို့အဖွဲ့လဲ ခြင်ကိုက်မှက်ကိုက်ခံပြီး စိတ်ရှည်ရှည်နဲ့ထပ်စောင့်ကြည့်နေရာ မကြာမီအချိန်အတွင်း အမှောင်ထုထဲကနေ လူတစ်ယောက် လမ်းလျောက်လာတဲ့အသံကိုကြားလိုက်ရတယ်။ လရောင်က ထင်သလောက် မလင်းတာမို့ လှုပ်ရှားတဲ့အရိပ်ကိုသာတွေ့ရပြီး ဘယ်သူဘယ်ဝါမှန်းမသိဖြစ်နေတဲ့အချိန် ရိပ်ခနဲ ရိပ်ခနဲသွားနေတဲ့ လူက ကုက္ကိုပင်နားလဲရောက်ရော လေးဘက်ထောက််််ပြီး ခုန်လိုက်ရာ စွေ့ခနဲ နွားခြံနားကိုရောက်သွားခဲ့တယ်။

” ဟင်… ကျော်လှ… ကျော်လှ မဟုတ်လား”

အံ့ဩမှုပေါင်းများစွာနဲ့ရေရွတ်လိုက်တဲ့ ကာလသားတိုးကြီးပါးစပ်ကို ကိုရေမြင်းက အမြန်ဖမ်းပိတ်လိုက်ပြီး တိတ်တိတ်နေဖို့ လက်ဟန်ခြေဟန်နဲ့ပြကာသတိပေးလိုက်တယ်။

အဲဒီအချိန် မျက်လုံးပြူးပြီး သွားရည်တစ်မြှားမြှားကျနေတဲ့ကျော်လှက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီး အားလုံးရှင်းတယ်ဆိုမှ နွားခြံထဲကို ဖတ်ခနဲခုန်ဝင်သွားခဲ့တယ်။

” ဝမ်းဘဲ…. ဖလူး ဖလူး ဝူး”

နွားမဒန်းရဲ့အော်သံနဲ့အတူ ခြံထဲခုန်ဝင်သွားတဲ့ ကျော်လှရဲ့ခြေတွေလက်တွေအကုန် မြေကြီးမှာကပ်နေပြီး လှုပ်မရဖြစ်နေတာမြင်မှ ပုန်းနေတဲ့သူတွေအားလုံး တုတ်တွေ ဓါးတွေကိုင်ပြီးထွက်လာခဲ့ကြတယ်။

” တိုးကြီးနဲ့ အောင်စိန် … မင်းတို့ကဆရာလေးတို့ကိုသွားခေါ်… ကျန်တဲ့သူတွေ ခြံနဲ့ခပ်ဝေးဝေးကနေ စောင့်ကြည့်ကြ”

ကိုရေမြင်းက အောက်လင်းမီးကို နွားခြံဘက်ကိုထိုးပြီး အော်ပြောလိုက်ရာ ခြံထဲမှာပိတ်မိနေတဲ့ ကျော်လှဆီကနေ ဝမ်းခေါင်းသံနဲ့အော်ဟစ် ကြိမ်းဝါးသံတွေထွက်ပေါ်လာခဲ့တယ်။

မကြာခင် တိုးကြီးတို့နဲ့အတူ အောင်မြတ်သာတို့ရောက်လာပြီး ခြံထဲမှာပိတ်မိနေတဲ့ ကျော်လှကို စူးစိုက်ကြည့်ကာ
” နှစ်ချို့သရဲပဲ…ဒါကြောင့် လူတွေကို လွယ်လင့်တကူသတ်နိုင်တာ” လို့မှတ်ချက်ပြုခဲ့တယ်။

” ဆရာ ဒီကောင် ဝင်ပူးနေတာကို ဘယ်လိုဆက်လုပ်ကြမလဲ”

” လောလောဆယ် ခြံထဲမှာထိန်းပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့အပ်ရမှာပဲ… အားလုံးလဲ သံသယရှင်းအောင် မလှမ်းမကမ်းကနေ စောင့်ကြည့်ကြပါ”

အောင်မြတ်သာက ရွာခံလူတွေကို ပြောပြီး နွားခြံအရှေ့တည့်တည့်ကိုလျောက်သွားခဲ့တယ်။

” သွား… ငါ့အနားမလာနဲ့ အဟင်းအဟင်း မလာနဲ့ “

ကျော်လှက လည်ပင်းကြောတွေထောင်တဲ့ထိ အော်ပြောလိုက်ပြီး အောင်မြတ်သာကို စားမတတ်ဝါးမတတ်မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။

” ပြောစမ်း မင်း ဘယ်ကကောင်လဲ… ကျုပ်ကိုလိမ်ရင်တော့ ဒီထက်ပိုဆိုးတဲ့ဝေဒနာတွေ တန်ပြန်ခံစေရမယ်”

အောင်မြင်ခန့်ညားလှတဲ့အသံကြောင့် ကျော်လှ အနည်းငယ်ရှိန်သွားပြီး မြေကြီးကို လက်တစ်ဖက်နဲ့ တစ်ဗျစ်ဗျစ်ကုတ်ကာ

” ငါ့နာမည် ကျော်စံဘ… ငါက ဒီကုက္ကိုပင်ပေါ်မှာနေတယ်”

” သင့်အနေနဲ့ ဒီကုက္ကိုပင်ပေါ်ကို ဘယ်အချိန်က ရောက်နေတာလဲ… အခု အပင်ပေါ်မှာရှိနေတဲ့ ပုဂ္ဂိုလ်တွေက သင်ရောက်လာတာမကြာသေးဘူးလို့ တီးတိုးပြောတာကို ကျုပ်ကြားနေရတယ်နော်”

အောင်မြတ်သာစကားကြောင့် ကျော်လှက ကုက္ကိုပင်ပေါ်ကိုမျက်ထောင့်နီနဲ့စိုက်ကြည့်ကာ အံကိုကြိတ်လိုက်တယ်။

” ဟိုကောင် သူများကို မဲမနေနဲ့… သင်ကဒီအရပ်ဒေကက မဟုတ်ဘူးဆိုတာ ကျုပ်တပ်အပ်သိတယ်… မှန်မှန်ပြောစမ်း… မင်းမူလအရပ်က ဘယ်မှာလဲ”

” အရင်က တောထဲမှာ ငါနေတာ… ဒါပေမယ့် အခု ဒီအပင်က ငါ့အိမ်ပဲ”

” အဲလိုပြောလို့ရမလားကွ… မင်းကို ဒီနေရာရောက်အောင် ဘယ်သူခေါ်လာတာလဲ… အခုဝင်ပူးနေတဲ့ ကာယကံရှင်ခေါ်လာတာမဟုတ်လား”

” ငါမပြောဘူး… နင်ကဘာမို့လို့ပြောရမှာလဲ”

” သင်မပြောရင်လဲ ပြောအောင်လုပ်ပေးရမှာပေါ့… ကဲ ဒီတောဒီတောင်ဒီရေမြေကို ပိုင်စိုးတဲ့ တောပိုင် တောင်ပိုင်တွေ ကွင်းပိုင် ရွာပိုင်တွေအားလုံး ခြံပတ်ပတ်လည်ကိုအခုရောက်စေ”

အောင်မြတ်သာကအမိန့်ပြန်ပြီး လက်ညိုးထိုးလိုက်ရာ နွားခြံပတ်ပတ်လည်မှာ အစောင့်တွေ အပြည့်ဖြစ်သွားခဲ့တယ်။

အချို့တွေက နွမ်းလျှတဲ့နတ်ဝတ်အဆင်တန်ဆာ၊ အချို့တွေကျ ထိုးကွင်းမှင်ကြောင်အပြည့်နဲ့လူထွားကြီးတွေ၊ အချို့တွေက လူသုံးဖက်စာလောက်ရှိတဲ့ အမွှေးစုတ်ဖွားကောင်တွေ။

ဒါပေမယ့် သူတို့ရဲ့ကိုယ်မှာတော့ ဆိုင်ရာပိုင်ရာက ချီးမြှောက်ထားတဲ့ ခေါင်းစည်းနဲ့ ခါးစည်းတွေချည်ထားတာကိုမြင်တွေ့လိုက်ရတယ်။

” ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေရောက်လာပြီဆိုတော့ နယ်ကျော်ပြီးသောင်းကျန်းနေတဲ့ ဒီကောင်ကို အမှန်တိုင်းပြောအောင် ပညာပေးစေချင်တယ်… “

အောင်မြတ်သာစကားအဆုံးမှာ ဆူးတင်းပုတ်ကိုလွယ်ထားတဲ့ ကွင်းပိုင်ကြီးက တစ်ထွာလောက်ရှည်ကျနေတဲ့အစွယ်ကို ဖြဲကာ ကျော်လှကို ထုနှက်ဖို့ရွယ်လိုက်တဲ့အချိန်

” အမလေး ကြောက်ပါပြီ … မလုပ်ပါနဲ့ အမှန်တိုင်းပြောပါ့မယ်… ကျုပ်အမှန်တိုင်းပြောပါ့မယ်” ဆိုတဲ့အသံနက်ကြီးထွက်လာခဲ့တယ်။

အောင်မြတ်သာလဲ အဲဒီတော့မှ ကွင်းပိုင်ကြီးကို နောက်ဆုတ်ခိုင်းပြီး

” ပြောစမ်း မင်း ဒီကုက္ကိုပင်ကို ဘယ်လိုရောက်လာတာလဲ”

” အမှန်တိုင်းပြောပါ့မယ်.. မရိုက်ပါနဲ့… တကယ်တော့ ကျုပ်က လမ်းမှားပြီးဝင်လာတဲ့ နွားကိုသတ်စားဖို့ပဲ လုပ်ခဲ့တာပါ… ဒါပေမယ့် ကျုပ်စားမယ့်နွားမသေခင်မှာ ဒီကောင်ရောက်လာတာကြောင့် ကျုပ်ဘာမှလုပ်မရခဲ့ဘူး၊ ဒါကြောင့် နွားပျောက်လာရှာတဲ့သူကို ခြောက်လှန့်ပူးကပ်ပြီး ကျုပ်ရဲ့အရိုးကိုတူး၊ ဒီကုက္ကိုပင်အောက်မှာ လာမြုပ်ခိုင်းထားတာပါ၊ အဲဒီအတွက် သူ့နွားကို ပြန်ကောင်းအောင် ကျုပ်အစွမ်းနဲ့လုပ်ပေးပြီး ဟန်မပျက်ရွာကိုပြန်လာဖို့စေခိုင်းခဲ့မိပါတယ်”

” ဒါဆို ရွာထဲက လူတွေကိုသတ်တာကရော… သင်ပဲလား”

” သူတို့က ကျုပ်ကိုစော်ကားလို့ သတ်ခဲ့မိပါတယ်… “

” အခြားအိမ်မွေးတိရိစ္ဆာန်တွေ ပျောက်တာကရော… “

” ကျုပ် အသွေးအသားဆာလောင်တဲ့အခါ ဒီလူကိုယ်ထဲဝင်ပူးပြီး ခိုးယူစားသောက်ခဲ့ပါတယ်”

” အခုကစပြီး သင့်အနေနဲ့ ဒီရွာကို ခြေချဖို့စိတ်မကူးနဲ့… ကွင်းပိုင်ကြီးကနေနဲ့ ကိုယ့်အောက်ခြေက ဖြစ်ပျက်နေတာကို သတိထားစေချင်တယ်။ သင်ကိုယ်တိုင်က လူအများပူဇော်ပသတာကို ယစ်မူးနေတာကြောင့် ခုလို မဖြစ်သင့်တာတွေဖြစ်လာရတာ”

အောင်မြတ်သာက အစွယ်တကားကားနဲ့ ကြောက်မက်ဖွယ်အဆင်းရှိတဲ့ ကွင်းပိုင်ကြီးကို ကလေးတစ်ယောက်လို ဆုံးမကာ ကုက္ကိုပင်အောက်မှာ မြုပ်ထားတဲ့အရိုးကိုပြန်ယူသွားဖို့ ခိုင်းစေခဲ့တယ်။

ကွင်းပိုင်ကြီးက အောင်မြတ်သာကို မျက်လုံးတောင်လှန်မကြည့်ဝံ့ပဲ ခေါင်းတညိမ့်ညိမ့်လုပ်ကာ ကျော်လှကိုယ်ထဲမှာပူးကပ်နေတဲ့ အစွဲကောင်ကို ခြေထောက်ကနေ တရွတ်တိုက်ဆွဲပြီး ရွာအပြင်ကိုခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားခဲ့တယ်။

အောင်မြတ်သာလဲ ဒရွတ်တိုက်ပါသွားတဲ့ အစွဲကောင်ကို သေချာကြည့်လိုက်ရာ လက်မောင်းတစ်ဖက်အရင်းကနေပြတ်ထွက်နေတာကို လှမ်းမြင်လိုက်ရတယ်။ ကွင်းပိုင်ကြီးထွက်သွားပြီးချိန်မှာတော့ အခြားဆိုင်ရာပုဂ္ဂိုလ်တွေကို မိမိနေရပ်တွေဆီကိုပြန်ပို့ခဲ့ပြီး သတိလစ်နေတဲ့ကျော်လှမျက်နှာကို လက်နဲ့ပုတ်ကာ အသိစိတ်ပြန်ထည့်ပေးလိုက်တယ်။

” ဒီကောင်လေး သတိရလာရင် ဘာမှမှတ်မိမှာမဟုတ်လို့ သူ့ကို မေးမြန်းတာတွေ မယုံသင်္ကာဖြစ်မယ့်အပြုအမူတွေ မလုပ်ကြဖို့ သတိထားကြပါ..”

” စိတ်ချပါဆရာ ကျွန်တော်တို့ သူ့ကိုဘာမှပြန်မပြောပါဘူး… ဆရာတို့ကျေးဇူးကိုလဲ မမေ့ပါဘူးဗျာ”

” ကဲကဲ ညလဲအတော်နက်နေပြီဆိုတော့ ဒီကောင်လေးကိုခေါ်ပီးပြန်နားကြတော့… ကျုပ်တို့လဲ လုပ်စရာတွေရှိသေးတာမို့ ပြန်လိုက်ဦးမယ်”

ကိုရေမြင်းတို့လဲ အောင်မြတ်သာတို့ကို တည်းခိုတဲ့နေရာထိရောက်အောင်လိုက်ပို့ပေးပြီး ပြန်လာခဲ့လိုက်တယ်။

နောက်တစ်နေ့မနက်ရောက်တော့ ဒေါ်ရီခင် အိမ်မှာမွေးထားတဲ့ ငနက်ပြာက ဒဏ်ရာမတွေ့ပဲ သေဆုံးနေခဲ့သလို ကိုဖိုးသားရဲ့ လယ်စောင့်တဲမှာ တည်းခိုကြတဲ့ ဆရာနှစ်ယောက်လဲ အစနပင်မတွေ့အောင် ပျောက်သွားခဲ့ကြတယ်။

အဲဒီနေ့ကစပြီး ကုက္ကိုတန်းရွာမှာ ထူးခြားတဲ့ဖြစ်ရပ်တွေမဖြစ်တော့ပဲ အရင်လိုပြန်လည်စည်ကားလာခဲ့တယ်။ ကုက္ကိုတန်းရွာပြဿနာပြီးဆုံးပြီး တစ်လလောက်အကြာမှာတော့ ကျောက်တန်းမြို့ပေါ်မှာ ချောက်ချားဖွယ်ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာခဲ့တယ်။

ညသန်းခေါင်အချိန်ဆိုရင် ဆနွင်းတွေပေနေတဲ့ အနှီးတစ်ထည်ကိုခေါင်းပေါ်ရွက်ကာ လူတစ်ကာကိုခြောက်လှန့်နေတဲ့ မိန်းမတစ်ယောက်နဲ့ အောင်မြတ်သာတို့ဆရာတပည့် ဆုံတွေ့ကြပုံကိုဖတ်ရှုရမှာပဲဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် ကလေးပျောက်တစ္ဆေဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်