အောင်မြတ်သာနှင့်ဒေးစွန်ပါသိုက်
+++++++++++++++++++++++
“ တီ တီ တီ”
ခရီးသည်တွေအပြည့်တင်ဆောင်လာတဲ့ ဟိုင်းလက်ကားတစ်စီးက ဘုရားကြီးလမ်းဆုံကနေ ဟွန်းသံပေးပြီး ခပ်ကြမ်းကြမ်း မောင်းနှင်သွားတာ ကြောင့် လမ်းဖြတ်ကူးဖို့လုပ်နေတဲ့ အောင်မြတ်သာတို့ဆရာတပည့်တွေ နောက်ကို ဆုတ်လိုက်ကြတယ်။
“ ဒီကောင်ကွာ .. ကားမောင်းပြိုင်နေတယ် ထင်နေလားမသိပါဘူး”
မောင်ကောင်းက မောင်းထွက်သွားတဲ့ ကားကိုကြည့်ကာပြောလိုက်တဲ့အချိန် ကားခေါင်မိုးပေါ်မှာ ရဲရဲတောက်နေတဲ့ အနီရောင်အဝတ်ကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက် မတ်တပ်ရပ်ပြီး စီးသွားတာကိုမြင်လိုက်ရတယ်။
“ ခေါင်မိုးပေါ်မှာ မတ်တပ်ရပ်ပြီး စီးရတယ်လို့၊ ပြုတ်ကျမှ ဒုက္ခရောက်နေပါဦးမယ်”
“ ဟုတ်ပါ့ ခွန်းလှရယ်… ဒီဘက်က လူတွေများ အကြောက်အလန့်ကိုမရှိကြဘူး”
မောင်ကောင်းနဲ့ ခွန်းလှတို့စကားကြောင့် အောင်မြတ်သာ လှမ်းကြည့်လိုက်တဲ့အချိန်
“ ဒေးစွန်ပါကို သွားကြ…ဒေးစွန်ပါကိုသွားကြ” ဆိုတဲ့အသံကို ထင်ထင်ရှားရှားကြားလိုက်ရတယ်။
အောင်မြတ်သာလဲ ထူးဆန်းတဲ့အသံကြောင့် ကားလမ်းဖြတ်ကူးဖို့လုပ်နေရာကနေ ချက်ချင်းဆိုသလို ရပ်လိုက်ပြီး လူအများရပ်နေကြတဲ့ ကားဂိတ်ဘက်ကို ခြေဦးလှည့်လိုက်တယ်။
“ ဆရာ… ကားလမ်းမဖြတ်တော့ဘူးလား”
“ ဟုတ်တယ် မောင်ကောင်း၊ ငါတို့ခရီးစဉ်က ဒေးစွန်ပါတောင်ကိုသွားဖို့ဖြစ်သွားပြီ”
“ ဒေးစွန်ပါတောင်ဟုတ်လား၊ ကျွန်တော်လဲ ကြားဖူးတာ ကြာပြီ တစ်ခါမှမရောက်ဖူးဖူး”
“ ဒါဖြင့် မကြာခင်ရောက်ရတော့မှာပေါ့၊ ဟော ဟိုမှာ ကားတစ်စီးတော့လာနေပြီ”
အောင်မြတ်သာက ခရီးသည်တွေတင်လာတဲ့ ကားတစ်စီးကိုတားပြီး တပည့်တွေနဲ့အတူ ဒေးစွန်ပါတောင်ရှိတဲ့ဘက်ကို လိုက်ပါလာခဲ့ကြတယ်။
လေးဆယ့်ငါးမိနစ်လောက်အကြာမှာတော့ ဝမ်းဘဲအင်းဆိုတဲ့ရွာကိုရောက်လာခဲ့ပြီး ဝမ်းဘဲအင်းကနေတစ်ဆင့် ဆက်သွားခဲ့ရာ ညနေစောင်းအချိန်မှာတော့ တောရိပ်တောင်ရိပ်တွေ ဖုံးလွှမ်းနေတဲ့ ဒေးစွန်ပါတောင်ခြေကိုရောက်လာ ခဲ့ကြတယ်။
တောင်ခြေကိုရောက်တာနဲ့ ဆရာတပည့်တွေ သက်သက်လွတ်ထမင်းဟင်းရောင်းတဲ့ဆိုင်မှာ ခေတ္တအနားယူနေတဲ့အချိန် မလှမ်းမကမ်းမှာရှိတဲ့ ကုန်းကမူလေးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး သူတို့ကို ပြုံးဖြီးတဲ့မျက်နှာထားနဲ့ ကြည့်နေတဲ့ အနီရောင်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်ကို မြင်တွေ့လိုက်ရတယ်။
“ အကို…ဟိုမှာ ဟိုမှာ ထိုင်နေတဲ့လူက ကားပေါ်မှာ မတ်တပ်ရပ်လိုက်သွားတဲ့သူမဟုတ်လား”
“ ရုပ်ကိုတော့ သေချာမမှတ်မိပေမယ့် ဝတ်ထားတဲ့အဝတ် အနီရောင်ကိုတော့ မှတ်မိနေတယ်”
မောင်ကောင်းနဲ့ ခွန်းလှတို့ နှစ်ယောက်သား တီးတိုးပြောနေတဲ့အချိန် အောင်မြတ်သာက မတ်တပ်ထရပ်လိုက်ပြီး
“ ဒီပုဂ္ဂိုလ်က ငါတို့ကို စောင့်နေတာထင်တယ်” လို့ပြောကာ ကမူရှိတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
ဘုရားဖူးတွေနဲ့ ရှုပ်ထွေးနေတဲ့ စောင်းတန်းတစ်ခုရှေ့အရောက်မှာတော့ အဝတ်အနီရောင်ဝတ်ထားတဲ့သူက တောလမ်းတစ်ခုကို လက်ညိုးညွှန်ပြပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားတာကြောင့် အောင်မြတ်သာက အနောက်ကိုပြန်လှည့်ကာ
“ ဒီကောင်က ငါတို့ကို တောလမ်းကနေ တောင်ပေါ်ကိုသွားစေချင်တာထင်တယ်”
“ ဆရာ… သူက ဘယ်သူလဲ”
“ ငါလဲ အတိအကျမပြောတတ်ဘူး၊ တောင်ပေါ်ရောက်ရင်တော့ သေချာသိရမှာပါ”
အောင်မြတ်သာလဲ မှောင်စပျိုးနေတဲ့ ရာသီဥတုကို အံတုပြီး တောလမ်းလေးအတိုင်းခရီးဆက်ခဲ့ကြတယ်။ နာရီဝက်လောက်သွားပြီးတဲ့ချိန်မှာတော့ အလင်းရောင်မရှိတော့ပဲ အမှောင်ရိပ်ကြီးစိုးလာတာကြောင့် သစ်ပင်သစ်ကိုင်းတွေ ကြားထဲကနေ ကျနေတဲ့ လရောင်ကိုအားပြုကာ ခရီးဆက်နေတဲ့အချိန် အနီရောင်းအစင်းပါတဲ့လုံချည်ကိုဝတ်ဆင်ထားတဲ့ လူနှစ်ယောက် တောလမ်းမျက်ကွယ်ကွေ့ကနေ ရုတ်ချည်းပေါ်လာခဲ့တယ်။ အဆိုပါလူနှစ်ယောက်က အောင်မြတ်သာကိုမြင်တော့ လက်မှာကိုင်ထားတဲ့ မီးတုတ်နှစ်ချောင်းကို ကမ်းပေးပြီး
“ အရှေ့ရောက်ရင် ညာဘက်လမ်းချိုးကိုဝင်ပါ၊ ဘယ်ဘက်ကိုမဝင်ပါနဲ့” လို့ ခပ်ပြတ်ပြတ်ပြောကာ လာရာလမ်းအတိုင်းပြန်ထွက်သွားခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ တစ်ခါမှမြင်ဖူးတဲ့လူတွေလာပေးတဲ့ မီးတုတ်ကို မီးညှိပြီး ခရီးဆက်လာခဲ့ရာ နာရီဝက်လောက်အကြာမှာတော့ တသွင်သွင် စီးကျနေတဲ့ ရေသံတွေကိုကြားလိုက်ရတယ်။
“ ဆရာ… ရှေ့မှာ လမ်းချိုးနှစ်ခုရှိနေတယ်၊ ညာဘက်ကိုပဲရွေးရမလား”
“ သူတို့ပြောတဲ့အတိုင်းပဲ သွားလိုက်ပါ၊ မင်းတို့လဲ ရှေ့နားရောက်ရင် ခဏနားလိုက်ကြဦး”
မောင်ကောင်းတို့လဲ ညာဘက်မှာရှိတဲ့ လမ်းချိုးထဲကိုဝင်သွားခဲ့ရာ ငါးမိနစ်လောက်အကြာမှာတော့ ကြည်လင်သန့်ရှင်းတဲ့ ရေတွေ စီးဆင်းနေတဲ့ စမ်းချောင်းတစ်ခုကိုမြင်တွေ့လိုက်ရတယ်။ စမ်းချောင်းရဲ့ဘေးမှာတော့ မီးပုံတစ်ခုဖိုထားပြီး မီးဖိုဘေးမှာတော့ အနီရောင်အဝတ်ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ငုတ်တုတ်ထိုင်နေခဲ့တယ်။
“ ဆရာ.. ဟိုလူက တောင်ခြေမှာမြင်ရတဲ့သူမဟုတ်လား”
“ သူက ငါတို့ကို စောင့်နေတာ ထင်တယ်”
အောင်မြတ်သာလဲ မီးပုံဘေးမှာ ထိုင်နေတဲ့လူဆီ လမ်းလျောက်သွားတဲ့အချိန် မလှမ်းမကမ်းကနေ တောဆင်ရိုင်းအော်သံတွေ ထွက်ပေါ်လာခဲ့တယ်။
“ ထင်ထားတာထက်ပိုပြီး စောစောရောက်လာသားပဲ၊ လာ ကြ လာ ကြ”
အနီရောင်အဝတ်ဝတ်ဆင်ထားတဲ့လူရဲ့ ဖော်ရွေတဲ့စကားကြောင့် အောင်မြတ်သာတို့လဲ မီးပုံဘေးမှာဝင်ထိုင်လိုက်ပြီး
“ ဒီနားမှာ တောဆင်ရိုင်းတွေ အုပ်စုဖွဲ့သွားလာနေတာလား”
“ ဟုတ်တယ်ဗျ… ဒါကြောင့် ညာဘက်လမ်းကို ရွေးဖို့ ပြောခိုင်းလိုက်တာ”
“ ခင်ဗျားက ဘယ်သူလဲ၊ ကျုပ်တို့ကို ဘာကြောင့် လမ်းညွှန်ပေးရတာလဲ”
“ ကျုပ်က ဒေးစွန်ပါတောင်ကိုလာတဲ့ ဘုရားဖူးတွေကို ကူညီပေးရတဲ့သူပါ၊ နာမည်က မောင်ဖိုးနီလို့ခေါ်တယ်”
“ ကျုပ်တို့ကို ဒီကိုလာဖို့ လမ်းညွှန်ရတဲ့အကြောင်းရင်းက ဘာများလဲ”
“ မကြာခင်သိရမှာပါ… အခုတော့ “ဆင်မ”သေချောင်းဘေးမှာ နားလိုက်ပါဦး”
မောင်ဖိုးနီက ပြုံးရွှင်တဲ့မျက်နှာထားနဲ့ပြောပြီး ဘေးမှာချထားတဲ့ ခြင်းတောင်းထဲကနေ မှည့်ဝင်းနေတဲ့ ရွှေငှက်ပျောသီး တစ်ဖီးကိုထုတ်ယူကာ ကမ်းပေးလိုက်တယ်။
“ စားပါဗျ… ဆရာတို့ကို ကျွေးချင်လွန်းလို့ ကျုပ်ကိုယ်တိုင်ခူးထားတာလေးပါ”
မောင်ဖိုးနီစကားကြောင့် အောင်မြတ်သာတို့လဲ ငှက်ပျောသီးတစ်လုံးစီယူလိုက်ပြီး စိတ်ကျေနပ်အောင် စားလိုက်ကြတယ်။
“ ဆရာတို့ ဘုရားကြီးလမ်းဆုံမှာရှိနေတုန်း ကျုပ်ကိုမြင်လိုက်တယ်မဟုတ်လား”
“ ကျုပ်တို့မြင်လိုက်ပါတယ်၊ အဲဒီအချိန် ကျုပ်နားထဲမှာကြားရတဲ့အသံကလဲ သင့်အသံလား”
“ ဟုတ်ပါတယ်ဆရာ၊ ကျုပ်အသံပါ”
“ ဘာကြောင့် ကျုပ်တို့ကို ဒေးစွန်ပါကို လာစေချင်ရတာလဲ”
“ ဟင်း… အမှန်တိုင်းပြောရရင်တော့ ဆရာတို့ရဲ့ အကူအညီရယူလိုတာကြောင့် ဒီကိုခေါ်လာခဲ့တာပါ”
“ ဘယ်လို… ကျုပ်တို့ အကူအညီလိုတယ် ဟုတ်လား၊ ဒီမှာက ဘာကိစ္စတွေဖြစ်နေလို့လဲ”
“ ကျုပ်တို့နေတဲ့ ဒေးစွန်ပါတောင်မှာ ကျောက်ထီးစေတီဆိုတာရှိပါတယ်၊ စေတီရဲ့ အောက်ခြေမှာတော့ သိုက်နန်းရှင်တွေနေတဲ့ ဗိမ္ဗာန်တစ်ခုလဲရှိနေပါတယ်။ အဲဒီသိုက်နန်းကို အလွန်အစွမ်းထက်တဲ့ သိုက်ဆရာနှစ်ယောက် လာတူးကြမယ်ဆိုတဲ့သတင်းလဲ ရထားလို့ ဆရာတို့ကို အကူအညီလာတောင်းရခြင်းဖြစ်ပါတယ်”
“ အခုရော သိုက်ဆရာတွေရောက်နေကြပြီလား”
“ ရောက်မရောက်တော့ မပြောတတ်ဘူးဆရာ၊ အခုထိတော့ သိုက်နန်းပရ၀ဏ်ထဲကိုမရောက်လာသေးဘူး”
“ သူတို့က သိုက်နန်းထဲက ဘယ်အရာကို တူးမလို့လဲ”
“ ကျောက်ထီးစေတီအောက်ခြေမှာရှိတဲ့ သိုက်နန်းထဲမှာ မသေဆေး ရှိတယ်ဆရာ၊ ကျုပ်အထင်တော့ သိုက်ဆရာနှစ်ယောက်က မသေဆေးကို ယူဖို့လာကြမယ်ထင်တယ်”
“ ဟင်း… လူတွေရဲ့ လောဘက အတော်ကိုကြောက်ဖို့ကောင်းပါလား၊ ကျုပ်တို့မှာလဲ သူ့စည်းကိုယ့်စည်းဆိုတာရှိလို့ သူတို့မရောက်ခင်ကာလမှာ ကြိုတင်လုပ်ထားသင့်တာ လုပ်ထားရတော့မှာပေါ့”
“ ဆရာတို့ ဘယ်လိုဖြစ်ချင်လဲဆိုတာ ကျုပ်ကိုပြောပါ၊ နိုင်သလောက် ကူညီပေးပါမယ်”
“ ကျုပ်တို့အခု ကျောက်ထီးစေတီကိုသွားချင်တယ်၊ ဘယ်လိုသွားရမလဲဆိုတာ လမ်းညွှန်ပေးပါ”
“ ဆင်မ သေချောင်းကနေ တည့်တည့်တက်သွားရင် ကျောက်ထီးစေတီကိုရောက်မယ်ဆရာ၊ လမ်းမှာလဲ ဆရာတို့ကို လမ်းပြပေးမယ့်သူတွေ စောင့်နေပါလိမ့်မယ်”
“ ကောင်းပါပြီ… ဒါဖြင့် ကျုပ်တို့ကို ခွင့်ပြုဦး”
အောင်မြတ်သာက မောင်ဖိုးနီကို နှုတ်ဆက်ပြီး ဆင်မသေချောင်းရဲ့ အပေါ်ဘက်ကို တက်လာခဲ့ကြတယ်။
ကျောက်တုံးကျောက်ခဲတွေ ထူထပ်လှတဲ့ ဆင်မသေချောင်းအထက်ဘက်အရောက်မှာတော့ ရေပြင်ကို တစ်ခုခုနဲ့ရိုက်ခတ်နေတဲ့အသံကို ကျယ်လောင်စွာကြားလိုက်ရတယ်။
“ ဆရာ… ရေကိုတစ်ခုခုနဲ့ရိုက်နေသလိုပဲ”
“ ဟုတ်တယ်၊ ငါလဲ ကြားနေရတယ်၊ မီးတုတ်ကို ခပ်မြင့်မြင့် မြှောက်ကြည့်စမ်း”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ကျောက်တုံးတစ်ခုပေါ်တက်ပြီး မီးတုတ်ကိုမြှောက်ကြည့်လိုက်ရာ ရေညှိတွေအထပ်ထပ်တက်နေတဲ့ ကျောက်တုံးပေါ်မှာ ပြောင်ပြောင်လက်လက် အကြေးခွံတွေအပြည့်ပါတဲ့ အမြှီးတစ်ခုက ရေပြင်ကို တဗွမ်းဗွမ်းနဲ့ရိုက်ပြီး ဆော့ကစားနေတာ မြင်လိုက်ရတယ်။
“ အမလေးလေး… နည်းတဲ့ကောင်ကြီး မဟုတ်ပါလား”
“ မောင်ကောင်း… ဘာမြင်လို့လဲ”
“ နဂါးနှစ်ကောင် ရေဆော့နေတာဆရာ၊ အမြီးဖျားတောင် အုန်းပင်လုံးလောက်ရှိတယ်ဆရာ”
“ သူတို့ဘာသာဆော့နေပစေ၊ ငါတို့ကို ရန်မမူရင် ဘာမှမလုပ်နဲ့”
အောင်မြတ်သာတို့လဲ နဂါးနှစ်ကောင်ကို မေတ္တာပို့ပြီး အထက်ဘက်ကိုဆက်တက်လာတဲ့အချိန် ရေရိုက်သံက ရုတ်ချည်းငြိမ်သက်သွားခဲ့တယ်။
“ ဆရာ… ခုနက နဂါးနှစ်ကောင်မရှိတော့ဘူး”
“ လူလာလို့ ထွက်ပြေးသွားတာထင်တယ်၊ သူတို့ကို အာရုံစိုက်မနေနဲ့ ကိုယ့်လမ်းခရီး ကိုယ်ဂရုစိုက်ကြ”
အောင်မြတ်သာစကားအဆုံးမှာပဲ သစ်ကိုင်းပေါ်ကနေ လျောခနဲထိုးဆင်းလာတဲ့ ရှည်မျောမျောအရာတစ်ခုကို မြင်လိုက်ရတယ်။
အရောင်တလက်လက်ထနေတဲ့ မျက်လုံးနှစ်လုံးက ပတ္တမြားလိုရဲရဲနီနေပြီး နှာခေါင်းထဲကနေ အခိုးငွေ့တွေထွက်နေတဲ့ နဂါးနှစ်ကောင်က အောင်မြတ်သာတို့သုံးယောက်ကို ရန်လိုတဲ့ အမူအယာနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။
“ ကျုပ်တို့က သင်တို့ကိုရန်ပြုမယ့်သူတွေ မဟုတ်ပါဘူး၊ ကိုယ့်လမ်းကိုယ်သွားကြပါ”
အောင်မြတ်သာက လေသံအေးအေးနဲ့ ပြောနေပေမယ့် နဂါးနှစ်ကောင်က ရန်လိုတဲ့ဟန်ကိုမလျော့ပဲ အခိုးငွေ့တွေမှုတ်ထုတ်ကာ ပါးပျဉ်းကိုဖြန့်လိုက်တဲ့အချိန် တောလမ်းထဲကနေ တောင်ဝှေးကို တဒေါက်ဒေါက် ခေါက်ပြီး စင်္ကြန်လျောက်လာတဲ့ ဆရာတော်တစ်ပါးကို ဖူးမြင်လိုက်ရတယ်။
နဂါးနှစ်ကောင်က ဆရာတော်ကိုမြင်တော့ ရန်လိုတဲ့အမူအယာကနေ နူးညံ့ပျော့ပြောင်းတဲ့အသွင်ကူးပြောင်းသွားခဲ့တယ်။
“ အသင်တို့က မိတ်ဆွေကို ရန်သူထင်နေကြတာကိုး၊ ကဲကဲ ကိုယ့်ဌာနီကိုယ်ပြန်ကြစမ်း”
ဆရာတော်ရဲ့ စကားသံအဆုံးမှာ နဂါးနှစ်ကောင်က ရေထဲကိုဝုန်းခနဲခုန်ဆင်းသွားပြီး ဆင်မသေချောင်းအောက်ဘက်ကို ထွက်သွားခဲ့ကြတယ်။
နဂါးနှစ်ကောင်ထွက်သွားတဲ့နောက်မှာတော့ ဆရာတော်က အောင်မြတ်သာတို့ကိုကြည့်ပြီး
“ ဒကာလေးတို့က ဘယ်ကို သွားကြမလို့တုန်း”
“ တပည့်တော်တို့က ကျောက်ထီးစေတီကို သွားမလို့ပါဘုရား”
“ သာဓု သာဓု သာဓု… ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဘုန်းကြီး ဆုတောင်းပေးပါတယ်”
“ ပေးတဲ့ဆုနဲ့ပြည့်ပါစေဘုရား… မရိုမသေ ဆရာတော်ရဲ့ ဘွဲ့တော်လေး သိခွင့်ရနိုင်မလားဘုရား”
“ ရွှေစေတီဆရာတော်တို့ပဲ မှတ်ထားပါ ဒကာကြီး”
“ တင်ပါဘုရား… ဆရာတော်လဲ သာသနာပြုလုပ်ငန်းတွေ ဒီထက်ပိုထမ်းရွက်နိုင်ပါစေဘုရား”
အောင်မြတ်သာတို့လဲ ရွှေစေတီဆရာတော်ကို ကန်တော့ပြီး ကျောက်ထီးစေတီဘက်ကို ထွက်လာခဲ့ကြတယ်။
ညက တစ်ဖြေးဖြေးနက်လာတာနဲ့အမျှ မီးစာလဲကုန်သလောက်ဖြစ်နေပြီမို့ အဆင်ပြေတဲ့နေရာတစ်ခုကိုရွေးပြီး တစ်ညတာနားဖို့ဆုံးဖြတ်ခဲ့ကြတယ်။
တဖျစ်ဖျစ်တောက်လောင်နေတဲ့ မီးဖိုရဲ့အရှိန်ကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္တုတွေကို ကောင်းစွာမြင်နေခဲ့သလို တောတောင်အတွင်းမှ ထွက်ပေါ်လာတဲ့ အကောင်ငယ်လေးတွေရဲ့အသံကိုလဲ တစ်ခါတစ်ရံ ကြားနေခဲ့ရတယ်။
အောင်မြတ်သာကတော့ မီးပုံဘေးမှာ ငြိမ်သက်စွာထိုင်ပြီး တရားရှုမှတ်နေသလို မောင်ကောင်းနဲ့ ခွန်းလှတို့ကလဲ အမှောင်ထုထဲကို စူးရှတဲ့မျက်လုံးတွေနဲ့ အကဲခတ်နေခဲ့ကြတယ်။
ထိုစဉ်…
“ချွတ် ချွတ် ချွတ်”
“ ဘုတ် ဘုတ်”
သစ်ကိုင်းခြောက်တွေနင်းတဲ့အသံ၊ အမြှီးရိုက်သံကြောင့် သတိရှိနေတဲ့ ခွန်းလှက မီးပုံထဲက မီးစတစ်စကိုဆွဲယူလိုက်ပြီး အသံကြားတဲ့ ဘက်ကို ဝှေ့ယမ်းကြည့်လိုက်ရာ အဝါနဲ့အမဲတစ်ကန့်စီပါတဲ့ ကျားတစ်ကောင်ကို စီးပြီး သူတို့ဆီကို လာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြင်တွေ့လိုက်ရတယ်။
အဆိုပါ ပုဂ္ဂိုလ်က အောင်မြတ်သာတို့ကို လှည့်ပတ်ကြည့်ရှုပြီး လက်ထဲကိုင်ထားတဲ့ သားမြှီးယပ်ကို တဖျတ်ဖျတ်ခတ်ကာ တောထဲကို ပြန်ဝင်သွားခဲ့တယ်။
ခဏနေတော့ တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့ မျက်လုံးတွေပွင့်လာပြီး
“ ခုနက တောင်ပိုင်အဘိုး လာသွားတယ်မဟုတ်လား”
“ ကျားစီးပြီးတော့ လူတစ်ယောက်လာသွားတယ်ဆရာ၊ အဲဒါ တောင်ပိုင်အဘိုးလား”
“ ဟုတ်တယ် မောင်ကောင်း၊ သူပိုင်တဲ့နယ်မြေမှာ ငါတို့ကို ရန်ပြုခဲ့တဲ့ နဂါးမောင်နှံအတွက် တောင်းပန်တဲ့အကြောင်းလာပြောခဲ့တာ”
“ မသိပါဘူးဗျာ… ကျွန်တော်က အန္တရာယ်ပြုမယ့်သူထင်ပြီး သတိထားနေတာ”
“ မင်းတို့လဲ ခရီးပန်းနေကြပြီဆိုတော့ ခဏနားလိုက်ပါဦး၊ အရုဏ်တက်တာနဲ့ ပြန်ထွက်ကြတာပေါ့”
အောင်မြတ်သားကားကြောင့် မောင်ကောင်းတို့လဲ လွယ်အိတ်ကိုခေါင်းအုံးပြီးလှဲချလိုက်ရာ ခဏလေးအတွင်း အိပ်ပျော်သွားခဲ့တယ်။
“ မောင်ကောင်း ထစမ်း ထစမ်း”
ပခုံးကို ကိုင်လှုပ်နှိုးနေတာကြောင့် မောင်ကောင်း အိပ်မှုံစုံမွှားနဲ့ လန့်နိုးလာခဲ့တယ်။
“ ဆရာ ဘာဖြစ်လို့လဲ”
“ ဟိုမှာကြည့်လိုက်စမ်း”
မောင်ကောင်းနဲ့ခွန်းလှလဲ အောင်မြတ်သာ ညွှန်ပြတဲ့နေရာကိုကြည့်လိုက်ရာ အောက်လင်းမီးလို လင်းထိန်နေတဲ့ အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်ကို ထိုးတက်နေတာမြင်လိုက်ရတယ်။
“ ဒါ ဒါက သာမန်မီးအလင်းရောင် မဟုတ်ဘူးနော် ဆရာ”
“ အေး မင်းပြောတာ မှန်တယ် မောင်ကောင်း၊ ဒီအလင်းရောင်က ကျောက်ထီးစေတီဘက်က လာတာဆိုတော့ မဟုတ်မှလွဲရော ဖိုးနီပြောတဲ့သူတွေ ရောက်နေကြပြီထင်တယ်”
“ မဖြစ်နိုင်ဘူးထင်တယ်နော်ဆရာ… သူတို့တွေ ရောက်ရင် ဒီကအစောင့်အရှောက်တွေ ကြိုသိနေရမှာပေါ့”
“ အရမ်းစွမ်းတဲ့ သိုက်ဆရာတွေက သူတို့ကိုယ်သူတို့ တရားအားထုတ်တဲ့သူတွေလို ဟန်ဆောင်ပြီး နေကြတာများတယ်၊ မင်းတို့ငါတို့လိုမျိုး ရောနှောပြီး သူတို့တူးမယ့်သိုက်အခြေအနေကို အရင်လေ့လာကြတယ်။ သိုက်စောင့်အချို့နဲ့ အစောင့်အရှောက်တွေက အမှန်တကယ် တရားကျင့်ကြံတဲ့သူတွေလို့ ထင်မှတ်တဲ့အချိန်မှ သူတို့ရဲ့အကြံကိုစတင်အကောင်ထည်ဖော်ကြတာ”
“ ဒါဆို ဒုက္ခတော့ရောက်ပြီထင်ပါတယ်”
မောင်ကောင်း ကမန်းကတမ်းနဲ့ထပြီး လွယ်အိတ်ကို ကောက်လွယ်လိုက်တဲ့အချိန် ဘေးမှာရှိတဲ့ သစ်ပင်ပေါ်ကနေ မောင်ဖိုးနီ ရုတ်တရက်ခုန်ဆင်းလာခဲ့တယ်။
“ ဆရာ… သိုက်စောင့်တွေ ဒုက္ခတယရောက်ကုန်ပြီဗျ”
“ ဘယ်လိုဖြစ်တာလဲ မောင်ဖိုးနီ”
“ သိုက်ဆရာတွေက အတွင်းစည်းရော အပြင်စည်းကိုပါ ထိန်းချုပ်ထားကြပြီ၊ အတွင်းကလဲအပြင်ကူမရ အပြင်ကလဲ အတွင်းကို ကူမရနဲ့ဖြစ်နေကြတယ်”
“ တောက်စ်.. ငါတို့လဲ ဒီလောက်မြန်မြန် ဖြစ်သွားမယ်လို့ မထင်ထားတာ၊ ဖိုးနီ အခုချက်ချင်း ကျောက်ထီးစေတီကိုလမ်းပြပေး”
အောင်မြတ်သာက ဖိုးနီကိုပြောပြီးတာနဲ့ ဒေးစွန်ပါ တောင်ကြောတစ်လျောက်မှာရှိတဲ့ ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်တွေကို တိုင်တည်ပြီး လမ်းခရီးတစ်လျောက် အနှောက်အယှက် တစ်စုံတစ်ရာမရှိစေရန် ခွင့်ပန်ပြီး စထွက်ခဲ့ကြတယ်။
လမ်းတစ်လျောက်မှာတော့ ကြောက်လန့်တစ်ကြား ပြေးလွှားနေကြတဲ့ အစောင့်ငယ်လေးတွေကို မြင်တွေ့ရပြီး အချို့နေရာမှာတော့ အပြင်စည်းကနေ လွတ်မြောက်လာတဲ့ သိုက်နန်းစောင့်မောင်းမအချို့ ငိုယိုနေတာမြင်တွေ့ခဲ့ရတယ်။
ခြေလှမ်းကျဲကြီးတွေနဲ့ တစ်နာရီလောက် လျောက်လာပြီးချိန်မှာတော့ မြေကြီးပေါ်ကနေ လူတစ်ဖောင်ခန့်မြင့်တက်နေတဲ့ ရွှေညိုရောင် အလင်းတန်းတစ်ခုကို စတင်မြင်တွေ့ခဲ့တယ်။
“ ဒါက အပြင်စည်းရဲ့ အစပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား မောင်ဖိုးနီ”
“ ဟုတ်တယ်ဆရာ… သိုက်ဆရာတွေက အစွမ်းက အတော်ကိုမြင့်တာကြောင့် သူတို့ချထားတဲ့စည်းက ထင်ထင်ရှားရှားပေါ်နေတာ”
“ ဆရာ… ကျွန်တော် စည်းကိုဖျက်ဖို့ကြိုးစားကြည့်မယ်”
မောင်ကောင်းက စင်္ကြာအင်းကို လက်မှာကပ်ပြီး အင်းနှိုးဂါထာရွတ်လိုက်တယ်ဆိုရင်ပဲ လက်နှစ်ဖက်ကနေ တဝီးဝီးလည်နေတဲ့စင်္ကြာတစ်လက်ပေါ်လာခဲ့တယ်။
ချားရဟတ်လို တဝီးဝီးလည်နေတဲ့ အင်းစင်္ကြာက သိုက်ဆရာတွေ ချထားတဲ့အပြင်စည်းနဲ့ထိလိုက်တဲ့ အချိန် “ ထန်း” ဆိုတဲ့အသံတစ်ခုထွက်ပေါ်လာပြီး မောင်ကောင်းရဲ့ ခန္ဓာကိုယ်က အနောက်ကို လွင့်ထွက်သွားခဲ့တယ်။
“ အကို… ဘာဖြစ်သွားသေးလဲ”
“ ဘာမှမဖြစ်ဘူး ရတယ်”
မောင်ကောင်းက တစ်စစီစုတ်ပြဲသွားတဲ့ စင်္ကြာအင်းကို လက်နဲ့ခါထုတ်ရင်း
“ သူတို့စည်းက အရမ်းကို ခိုင်မာလွန်းတယ်ဆရာ၊ ဖိုးနီပြောသလို သူတို့ပညာက အတော်ကိုမြင့်မားတာပဲ”လို့ပြောကာ အောင်မြတ်သာ အနားကိုတိုးကပ်လာခဲ့တယ်။
“ မဟုတ်မှလွဲရော သိုက်ဆရာတွေက အသေစည်းကို သုံးထားတာဖြစ်နိုင်တယ်”
“ အသေစည်းဆိုတာက ဘာကိုပြောတာလဲဆရာ”
“ စည်းချတဲ့အခါ အရှင်စည်း၊ အသေစည်းဆိုပြီး နှစ်မျိုးသုံးလို့ရတယ်၊ အရှင်စည်းဆိုတာက စည်းအပြင်မှာရှိတဲ့ သက်ရှိလူသားတစ်ယောက် ဝင်နိုင်ထွက်နိုင်အောင် ပြုလုပ်ထားတဲ့စည်းကိုခေါ်တယ်။ အသေစည်းဆိုတာက ပြင်ပမှာရှိတဲ့ ဘယ်လိုသက်ရှိကမှ ဝင်လို့မရအောင် ပြုလုပ်ထားတဲ့စည်းပဲ။ အသေစည်းရဲ့ အားနည်းချက်က အတွင်းကလူအပြင်ကို ထွက်တာနဲ့ စည်းပေါက်ပြီ၊ အခု သိုက်ဆရာတွေက အတွေ့အကြုံရော ပညာပိုင်းမှာပါ အဆင့်တစ်ခု ရောက်နေတဲ့သူတွေဖြစ်လို့ အသေစည်းကို ဘယ်တော့မှ ဖောက်ဖျက်မိမှာမဟုတ်ဘူး”
“ ဒါဆို သိုက်နန်းရှင်တွေက သူတို့တောင်းတာကို ပေးလိုက်ရတော့မှာပေါ့နော်”
“ ဘယ်အရာမဆို လစ်ဟာမှုအနည်းငယ်တော့ ရှိနိုင်တယ်မဟုတ်လား၊ ဖိုးနီ မင်းငါ့ကို တစ်ခုလောက် လုပ်ပေးနိုင်မလား”
“ ရတယ်ဆရာ ဘာလုပ်ပေးရမလဲဆိုတာ ပြောပါ၊ ကျုပ်လုပ်နိုင်သလောက် ကြိုးစားပေးပါမယ်”
“ အခုချက်ချင်း မင်းရဲ့အစွမ်းကိုသုံးပြီး အပြင်စည်းချထားတဲ့ပတ်ပတ်လည်ကို လိုက်ကြည့်ပေး၊ အပ်တစ်ထောက်စာလောက် လွတ်နေတဲ့နေရာတွေ့ရင် လာပြန်ပြောပေးနိုင်မလား”
“ ရတယ်ဆရာ ကျုပ် အခုချက်ချင်း ပတ်ပတ်လည် လိုက်ကြည့်ပေးပါ့မယ်”
ဖိုးနီက သွက်လက်စွာနဲ့ အပြင်စည်းချထားတဲ့ ပတ်ပတ်လည်ကို လျင်မြန်တဲ့အရှိန်နဲ့ ပြေးထွက်ကာ လိုက်ကြည့်နေတဲ့အချိန် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာဗရပွဖြစ်နေတဲ့ မိန်းမတစ်ယောက် အောင်မြတ်သာတို့ရှိတဲ့ဘက်ကို ဒယီးဒယိုင်လျောက်လာတာမြင်လိုက်ရတယ်။
“ ဆရာ ဟိုမှာ မိန်းမတစ်ယောက်ပါလား”
မောင်ကောင်းစကားကြောင့် လှမ်းကြည့်လိုက်ရာ ခြေမျက်စိထိရှည်ကျနေတဲ့ဆံပင်တွေကနေ မီးခိုးတွေထွက်နေပြီး လက်တွေခြေတွေမှာလဲ မီးလောင်ဒဏ်ရာတွေရထားတာ မြင်တွေ့လိုက်ရတယ်။
“ ကယ်ကြပါဦးရှင်… သခင်မလေးတို့ကို ကယ် ကယ်ပေးပါ”
အသံက ခပ်ယဲ့ယဲ့ပဲထွက်လာတာကြောင့် မောင်ကောင်းက ဘေးကနေ ပွေ့ထူဖို့အလုပ်
“ သူ့ကိုမထိနဲ့ မောင်ကောင်း၊ မင်းလက်မှာထိုးထားတဲ့ အင်းစမတွေက သူ့ကိုပိုပြီး ပူလောင်စေလိမ့်မယ်” ဆိုတဲ့အသံထွက်လာခဲ့တယ်။
အောင်မြတ်သာက မောင်ကောင်းကိုပြောပြီးတာနဲ့ လဲကျနေတဲ့မိန်းကလေးရဲ့ ဘေးမှာရပ်လိုက်ပြီး
“ သင်က ဘယ်သိုက်နန်းမှာ အလုပ်အကျွေးပြုနေတဲ့သူလဲ”
“ မြစိမ်းရှင်သိုက်နန်းမှာ နေတာပါ”
“ မင်းတို့သိုက်နန်းက ကျောက်ထီးစေတီပရ၀ဏ်ထဲမှာရှိနေတာပဲလား”
“ ဟုတ် ဟုတ်ပါတယ်”
“ အခု သိုက်နန်းရှင်တွေ အကုန်ဖမ်းခံထားရတာလား”
“ သူတို့စည်းချထားတဲ့ ပရဝဏ်ထဲက သိုက်နန်းရှင်တွေအကုန် အဖမ်းခံထားရပါတယ်၊ ကျွန်တော်မျိုးမတောင် ယုန်အဖြစ်ဟန်ဆောင်ထားလို့ လွတ်လာခဲ့တာပါ”
“ ခြင်တောင်မလွတ်နိုင်တဲ့ စည်းထဲကနေ ယုန်ဟန်ဆောင်ပြီးလွတ်လာတာပေါ့လေ”
“ ကျွန်တော်မျိုးမကပဲ ကံကောင်းတာလားမပြောတတ်ပါဘူးရှင်၊ လက်တစ်ထွာစာကျောက်ချပ်လေးတစ်ခုမှာတော့ စည်းကလွတ်နေတာမြင်လို့ အတင်းတိုးထွက်လာခဲ့တာပါ၊ ဒါတောင် အခုလိုမျိုး မီးလောင်ဒဏ်ရာတွေရခဲ့သေးတာ”
“ သင် လွတ်ခဲ့တဲ့ နေရာကို ကျုပ်ကိုလိုက်ပြနိုင်မလား”
“ လိုက်ပြလို့ရပေမယ့် အခုလိုအခြေအနေမျိုးနဲ့ ကျွန်တော်မျိုးမ လမ်းတောင် ကောင်းစွာ မလျောက်နိုင်ဘူးဖြစ်နေလို့ပါ”
“ ဒီအတွက် စိတ်မပူနဲ့ ကျုပ်က သင့်ဒဏ်ရာတွေ ပျောက်ကင်းအောင် ကုသပေးပါ့မယ်”
အောင်မြတ်သာက မီးလောင်ဒဏ်ရာတွေရထားတဲ့ ဥစ္စာစောင့်မိန်းမပျိုရဲ့ ခန္ဓာကိုယ်ပေါ်ကို လက်နဲ့ဆွဲသပ်လိုက်ရာ အသားနီလန်ပြီး အရေခွံတွေကွာကျနေတဲ့ ဒဏ်ရာတွေက ချက်ချင်းဆိုသလို ပြန်ကောင်းသွားပြီး နဂိုပုံစံအတိုင်းဖြစ်သွားခဲ့တယ်။
အဲဒီအချိန် နေရာလွတ်သွားရှာတဲ့ မောင်ဖိုးနီလဲ အမောတကောနဲ့ပြန်ရောက်လာပြီး
“ ဆရာ… ဇော်ဂျီတွေ ဆေးကြိတ်ဖူးတဲ့ ကျောက်ပျဥ်တစ်နေရာမှာ စည်းလွတ်နေတယ်ဗျ”
“ ငါတို့လဲအခုပဲ နေရာလွတ်အကြောင်းပြောနေတာ၊ ကဲ အခုချက်ချင်း လွတ်နေတဲ့နေရာစီ သွားကြရအောင်”
အောင်မြတ်သာတို့လဲ အပြင်စည်းလွတ်နေတဲ့ နေရာဆီကို ခပ်သုတ်သုတ်ထွက်သွားခဲ့ရာ မကြာခင်အချိန်အတွင်းမှာပဲ ဆေးကြိတ်တဲ့ကျောက်ပျဉ်ရှိတဲ့ နေရာကို ရောက်လာခဲ့ကြတယ်။
“ ဒီတစ်နေရာ လွတ်နေလို့ တော်ပါသေးရဲ့”
“ ဆရာ… ဒီနေရာက ဘာလို့ စည်းမဆက်တာလဲ”
အောင်မြတ်သာက မောင်ကောင်းစကားကို ပြန်မဖြေပဲ ကျောက်ပျဉ်ပေါ်မှာ ကျန်နေတဲ့ အရာကိုလက်ညိုးထိုးပြလိုက်ပြီး
“ ကျောက်ပျဉ်ပေါ်မှာကျန်နေတဲ့ အရာတွေက အလွန်ရှားပါးတန်ဖိုးကြီးတဲ့ မီးကွင်းမြဂမုန်းအစိတ်အပိုင်းတွေပဲ၊ ဒီအပင်ရဲ့ အစွမ်းကြောင့် မီးဓါတ်ကိုအခြေခံထားတဲ့ စည်းက မဖောက်နိုင်ဖြစ်နေတာ” လို့ပြောလိုက်တော့မှ မောင်ကောင်းနဲ့ ခွန်းလှတို့ သဘောပေါက်ဟန် ခေါင်းငြိမ့်ပြလိုက်တယ်။
“ အမိ… ကျုပ်တို့အပြင်စည်းကိုကျော်နိုင်ပြီထားဦး အတွင်းစည်းကိုကျော်ဖြတ်ဖို့ ကြိုးစားရဦးမယ်၊ ဒီအချိန်အတွင်း သိုက်ဆရာတွေလိုချင်တာ မရအောင် အချိန်ဆွဲဖို့လိုမယ်၊ သင့်အနေနဲ့ သိုက်နန်းရှင်တွေနဲ့ ဆက်သွယ်လို့ ရမယ့် နည်းလမ်း တစ်ခုခုများ ဖန်တီးပေးနိုင်မလား”
“ သခင်မလေးနဲ့ ကျွန်တော်မျိုးမတို့က စိတ်နဲ့ဆက်သွယ်ကြတာများတယ်”
“ ဟုတ်ပြီ ဒါဆိုရင် သူတို့ အသိရှိနေသေးလား၊ သိုက်နန်းအခြေအနေ ဘယ်လိုရှိနေပြီလဲဆိုတာ အရင်မေးကြည့်ပါဦး”
“ ဟုတ်ကဲ့ ဆရာ ၊ အခုပဲ ကြိုးစားကြည့်ပါမယ်”
ဥစ္စာစောင့်မိန်းမပျိုက မျက်လုံးကိုမှိတ်ပြီး အဆက်သွယ်ရလိုရငြား ချိတ်ဆက်ကြည့်ပေမယ့် စိတ်ချင်းဆက်သွယ်လို့မရတာကြောင့် ခေါင်းကိုခါယမ်းပြီး အောင်မြတ်သာကို မျက်နှာငယ်လေးနဲ့ မော့ကြည့်နေခဲ့တယ်။
“ တစ်ယောက်ယောက်နဲ့တော့အဆက်အသွယ်ရ
မှာပါ ၊ ထပ်ပြီးကြိုးစားကြည့်ပါဦး”
“ ဟုတ်ကဲ့ဆရာ၊ ကျွန်တော်မျိုးမ ကြိုးစားကြည့်ပါ့မယ်”
မိန်းမပျိုက ဒုတိယအကြိမ်ဆက်သွယ်ဖို့ကြိုးစားကြည့်တဲ့အခါ မှာတော့
“ အစ်မတစ်ယောက်နဲ့ အဆက်အသွယ်ရပြီဆရာ”
“ သိုက်နန်းအခြေအနေ ဘယ်လိုရှိလဲမေးကြည့်ပါဦး”
မိန်းမပျိုက စိတ်ချင်းဆက်သွယ်တဲ့နည်းနဲ့ မေးမြန်းကြည့်တဲ့အချိန်
“ ဆရာ… သိုက်ဆရာတွေက အကုန်လုံးကို ထိန်းချုပ်ထားပြီးပြီတဲ့၊ အချို့သိုက်စောင့်သရဲတွေဆိုရင် ကလန်ကဆန်လုပ်လို့ မီးလောင်တိုက်သွင်းပစ်လိုက်ပြီပြောတယ်”
“ သူတို့လိုချင်တဲ့အရာရော ပေးလိုက်ပြီလား”
“ မပေးရသေးဘူး ဆရာ၊ အစ်မတော်တွေက ရနိုင်သမျှ အချိန်ဆွဲထားသေးတယ်”
“ ကောင်းတယ်… မနက်အရုဏ်တက်ချိန်ဆို အတွင်းစည်းကိုဖောက်လို့ရနိုင်တယ်။ ဒီလိုလုပ် သူတို့လိုချင်တာကို အရုဏ်တက်ချိန်မှ ပေးမယ်လို့ အချိန်ဆွဲခိုင်းထား”
“ ဟုတ်ကဲ့ဆရာ ကျွန်တော်မျိုးမပြောလိုက်ပါမယ်”
အောင်မြတ်သာတို့လဲ သိုက်နန်းရှင်တွေကို အချိန်ဆွဲခိုင်းထားပြီး လွတ်နေတဲ့အပြင်စည်းထဲကနေ အထဲကိုဝင်ဖို့ ကြိုးစားခဲ့ကြတယ်။ အောင်မြတ်သာက လွတ်နေတဲ့ စည်းနေရာမှာ ရှစ်ကွက်အင်း ရှစ်ချပ်ကို ကျားကွက်လိုထပ်ပြီး အင်းနှိုးဂါထာရွတ်လိုက်တယ် ဆိုရင်ပဲ အင်းကွက်ထဲမှာရှိတဲ့ စမအက္ခရာတွေက တစ်ဖြေးဖြေးကြီးလာပြီးအပြင်စည်းရဲ့အောက်ခြေထဲကို တိုးဝင်သွားခဲ့ကြတယ်။
စမအက္ခရာတွေတိုးဝင်သွားတဲ့အတွက် စည်းရဲ့အောက်ခြေကြွတက်လာပြီး နေရာကလဲ တစ်ဖြေးဖြေးကျယ်ဝန်းလာခဲ့ရာ လူတစ်ကိုယ်ဝင်လို့ရတဲ့အနေအထားဖြစ်လာခဲ့တယ်။
အောင်မြတ်သာတို့လဲ နေရာလွတ်တာနဲ့ ချက်ချင်းဆိုသလို ခေါင်းငုံ့ကာ တိုးဝင်လိုက်ရာ ခွန်းလှဝင်ပြီးတဲ့အချိန်မှာပဲ အောက်ခြေမှာ တင်းခံထားတဲ့ စမအက္ခရာတွေ တစ်စစီလွင့်ထွက်ကုန်တယ်။
“ တော်ပါသေးရဲ့… အချိန်လေးနည်းနည်း နောက်ကျသွားရင် တစ်ကိုယ်လုံး စုတ်ပြတ်သတ်သွားနိုင်တယ်နော်ဆရာ”
ခွန်းလှက အလန့်တကြားပြောရင်း အပြင်မှာရှိနေတဲ့ ဖိုးနီနဲ့ မိန်းမပျိုတို့ကို နှုတ်ဆက်ကာ သိုက်ဆရာတွေရှိတဲ့ အတွင်းစည်းဘက်ကို ထွက်သွားခဲ့လိုက်တယ်။
အပြင်စည်းကိုကျော်လွန်ပြီး မကြာခင်အချိန်မှာပဲ ကျောက်ထီးစေတီကို ဖူးမြင်လိုက်ရပြီး တစ်ဆက်ထဲမှာပင် ကြိမ်းဝါးသံ၊ နာကျင်စွာအော်ညီးသံ၊ တောင်းပန်သံတွေကို စတင်ကြားလိုက်ရတယ်။
အောင်မြတ်သာတို့လဲ အမှောင်ထုကိုအားယူပြီး အတွင်းစည်းနားကို တိုးကပ်သွားခဲ့ရာ ကျောက်ထီးစေတီပရ၀ဏ်ထဲမှာ ရာဇမတ်တစ်ခု
ကာရံထားပြီး ရာဇမတ်ထဲမှတော့ မီးထွန်းထားတဲ့ ကန်တော့ပွဲတွေ စီတန်းထားတာမြင်လိုက်ရတယ်။
ရာဇမတ်ထဲမှာတော့ ချည်မန်းကြိုးတွေနဲ့ ချုပ်နှောင်ခံထားရတဲ့ သိုက်နန်းရှင်တွေရှိနေပြီး ရာဇမတ်အပြင်မှာတော့ တစ်ကိုယ်လုံး မီးလောင်ကြိုးတွေနဲ့ ချည်နှောင်ခံထားရတဲ့ သိုက်စောင့်သရဲတွေ၊ သိုက်တွင်းအစောင့်တွေကိုမြင်တွေ့လိုက်ရတယ်။
“ အစ်ကိုကြီး… ဒီကောင်မတွေက ပလီပလာလုပ်နေတာလို့ပဲမြင်တယ်”
သိုက်ဆရာနှစ်ယောက်ထဲက အငယ်ဖြစ်ဟန်တူတဲ့လူရဲ့စကားကြောင့် အင်းမစတွေရေးဆွဲထားတဲ့ ကြိမ်လုံးကိုင်ထားတဲ့သူက ကြိမ်းလုံးကိုလက်နဲ့ တဖတ်ဖတ်ရိုက်ရင်း ခေါင်းတငြိမ့်ငြိမ့်လုပ်နေရင်း
“ မင်းတို့ ငါ့ကိုပလီပလာလုပ်လို့ကတော့ သိုက်စောင့်တွေအားလုံးကို တစ်ယောက်ချင်း မီးလောင်တိုက်သွင်းပစ်မယ်”
“ ဆရာတို့ကို မညာရဲပါဘူးရှင်… ရတနာပစ္စည်းတွေ လိုချင်တယ်ဆိုရင် ရာဝင်အိုးအလုံးပေါင်း ရာနဲ့ချီပြီး ပေးနိုင်ပါတယ်၊ အခုလိုချင်ရင် အခုပေးပါ့မယ်၊ ဒါပေမယ့် မသေဆေးကိုတော့ အရုဏ်တက်မှ ထုတ်ပေးလို့ရမှာဖြစ်လို့ စောင့်ခိုင်းနေတာပါ”
“ အေး… မကြာခင်လဲ အရုဏ်တက်တော့မှာဆိုတော့ မင်းတို့ပြောတဲ့စကားကို ယုံပေးလိုက်မယ်၊ ရောင်နီလာတော့မှ မထုတ်ပေးရင်တော့ ငါ့အဆိုးမဆိုနဲ့”
သိုက်ဆရာက လည်ပင်းကနေ လျောကျနေတဲ့ ယောဂီသဘက်ကို ပခုံးပေါ်ပစ်တင်လိုက်ပြီး ရာဇမတ်ကွက်ထဲမှာ တင်ပလ္လင်ခွေထိုင်ကာ စောင့်ဆိုင်းနေခဲ့တယ်။
“ ဆရာ… အတွင်းစည်းကို ဖောက်ဖို့က မလွယ်လှဘူးနော်”
“ ငါလဲ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ၊ သူတို့ အတွင်းစည်းချထားတာ အရမ်းကိုစေ့စပ်လွန်းနေတယ်”
“ ကျွန်တော်ကြိုးစားကြည့်ရမလားဆရာ”
“ မလုပ်နဲ့ မောင်ကောင်း၊ ငါတို့ရောက်နေတာ သိတာနဲ့ သိုက်နန်းရှင်တွေ ဒီထက်ပိုနှိပ်စက်ခံရလိမ့်မယ်”
အောင်မြတ်သာက နက်မှောင်နေတဲ့ မျက်ခုံးနှစ်ခုတွန့်အောင် စဉ်းစားနေရင်း
“ အကြံတစ်ခုတော့ရှိတယ်၊ အလုပ်ဖြစ်မဖြစ်တော့ မပြောတတ်ဘူး”
“ ဘယ်လိုအကြံလဲဆရာ”
“ သိုက်ဆရာနှစ်ယောက်ထဲမှာ အကြီးဖြစ်တဲ့သူရဲ့စိတ်က အနည်းငယ် နူးညံ့သလိုခံစားရတယ်၊ ဒါကြောင့် သူ့ကို စိတ်ညို့ပြီး အတွင်းစည်းထဲကနေ အပြင်ကို ထွက်လာအောင် လုပ်ရမယ်၊ အတွင်းစည်းကိုကျော်တာနဲ့ စည်းအပြင်မှာရှိနေတဲ့ သိုက်စောင့်တွေက သူ့ကိုရလိမ့်မယ်၊ အကြီးကိုရရင် သူ့ကို သိုက်စောင့်အဖြစ် ပြန်ခန့်ပြီး အငယ်နဲ့ပြန်တိုက်ခိုင်းလိမ့်မယ်”
“ ဆရာပြောတဲ့အကြံတိုင်း အောင်မြင်ဖို့အတွက် သိုက်ဆရာနှစ်ယောက်ထဲက တစ်ယောက်ကို စတေးရမှာပေါ့”
“ အရင်ဆုံး အောင်မြင်ဖို့အတွက် စမ်းကြည့်ကြရအောင်”
အောင်မြတ်သာက ရာဇမတ်ကွက်ထဲမှာ ရှိနေတဲ့ သိုက်ဆရာနှစ်ယောက်ထဲက အကြီးဆုံးဖြစ်သူကို အာရုံပြုပြီး စိတ်ထဲကိုဝင်ရောက်ဖို့ စတင်ကြိုးစားခဲ့တယ်။ ဒါပေမယ့် သိုက်ဆရာတွေရဲ့ အစွမ်းကြောင့်
စိတ်ကိုချုပ်ကိုင်လို့မရဖြစ်နေတဲ့အချိန်
“ အမလေးလေး… ဆရာတို့ရယ် ကျွန်မရဲ့ မောင်လေးအဖြစ်ကို ကြည့်ပါဦးလား” ဆိုတဲ့အသံတစ်ခုထွက်လာခဲ့တယ်။
သိုက်ဆရာနှစ်ယောက်လဲ အသံကြားတဲ့နေရာကို ကြည့်လိုက်ရာ ချည်မန်းကွင်းဒဏ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာတွေအပြည့်ဖြစ်နေတဲ့ ဆယ်ကျော်သယ်အရွယ် ကလေးတစ်ယောက်ကို မြင်တွေ့လိုက်ရတယ်။
အဲဒီအချိန် အကြီးဆုံးသိုက်ဆရာဖြစ်သူရဲ့ စိတ်ထဲမှာ
“ ဒီကလေးက ငါ့သားလေးအရွယ်လောက်ပဲရှိသေးပါလား” ဆိုတဲ့အတွေးနဲ့အတူ သနားစိတ်ဝင်လာခဲ့တယ်။
အောင်မြတ်သာလဲ ဒီအခွင့်အရေးကို အရယူပြီး စိတ်ကိုညို့လိုက်ရာ သိုက်ဆရာရဲ့ လှုပ်ရှားမှုတွေက သူ့ဆန္ဓအတိုင်းလိုက်လုပ်နေတာကို သတိထားမိခဲ့တယ်။ ဒါကြောင့် ရာဇမတ်ထဲမှာ ရှိနေတဲ့သိုက်ဆရာကို စည်းအပြင်ထွက်ဖို့ စေခိုင်းလိုက်ရာ ဟိုကလဲ စိတ်ညို့ခံထားရသူပမာ စည်းအပြင်ကို ခြေတစ်လှမ်းထွက်မိသွားခဲ့တယ်။
အဲဒီအချိန် စည်းပေါက်သွားတဲ့ သိုက်ဆရာကို စည်းအပြင်မှာစောင့်နေကြတဲ့ သိုက်စောင့်သရဲတွေက ဂုတ်ကနေဆွဲယူပြီး ဝိဉာဉ်နှုတ်သွားတာကိုမြင်တွေ့လိုက်ရတယ်။ ဒီအဖြစ်တွေကို အငယ်ဖြစ်တဲ့ သိုက်ဆရာက သတိမထားမိပဲ မိမိရွတ်ဖတ်ရမယ့် ဂါထာတွေကိုသာ မျက်စိမှိတ်ရွတ်ဖတ်နေခဲ့တယ်။
ထိုစဉ်အချိန်မှာပဲ ချည်မန်းကွင်းနဲ့ ချုပ်နှောင်ခံထားရတဲ့ သိုက်နန်းရှင်တွေအားလုံး ဟီးဟီးဟားဟားထရယ်ပြီး ကုန်းရုန်းထလာတာကြောင့် ရာဇမတ်ကွက်ထဲမှာ ကျန်နေတဲ့ သိုက်ဆရာက သတိပြန်ဝင်လာပြီး သူ့ရဲ့ပညာတွေနဲ့ ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားပေမယ့် သူ့ပညာတွေကို ပြန်လည်ခုံခံနေတဲ့ ပညာစက်အချို့ကို သတိထားမိခဲ့တယ်။
“ ညီလေး… ငါ ငါ စည်းဖောက်မိလို့ သိုက်စောင့်အဖြစ် ဘဝပြောင်းသွားခဲ့ရပြီ၊ မင်းရဲ့ပညာတွေ ငါ့ထက်အဆင့်ပိုမြင့်အောင် ကြိုးစားပြီးမှ ထပ်လာခဲ့ဟေ့” ဆိုတဲ့အသံနဲ့အတူ ဇက်ကြီးလိမ်ပြီး မျက်လုံးပြူးထွက်နေတဲ့ အကိုဆရာဖြစ်သူကိုမြင်လိုက်ရတယ်။
သိုက်နန်းရှင်တွေလဲ အတွင်းစည်းပေါက်သွားပြီဖြစ်တဲ့ သိုက်ဆရာကို သတ်ရန် ကြောက်မက်ဖွယ်အဆင်းသဏ္ဍာန်တွေ ဖန်းဆင်းပြီး ရှေ့တိုးလာတဲ့အချိန်
“ ရပ်လိုက်ကြစမ်း…” ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာတို့ဆရာတပည့်တွေ ရှေ့ထွက်လာခဲ့ကြတယ်။ သူတို့ရဲ့နောက်မှာတော့ ဖိုးနီနဲ့ ဥစ္စာစောင့်မိန်းမပျိုတို့ ရုတ်တရက်ပေါ်လာပြီး သိုက်နန်းရှင်တွေကို စိတ်ထိန်းဖို့ ဖျောင်းဖျပြောဆိုနေခဲ့တယ်။
အဲဒီအချိန် အောင်မြတ်သာက သိုက်နန်းရှင်တွေဘက်ကိုလှည့်ပြီး
“ သင်တို့သိုက်နန်းလဲ မူလအခြေအနေပြန်ရောက်ပြီမို့ ကျန်တဲ့တစ်ယောက်ကိုတော့ အသက်ရှင်ခွင့်ပေးလိုက်ကြပါ” လို့ တောင်းဆိုတော့မှ သိုက်နန်းရှင်တွေအားလုံး အံတွေကြိတ် သက်ပြင်းတွေချကာ မျက်နှာလွှဲသွားခဲ့တယ်။
“ သင်လဲ ဒီနေရာကနေ အမြန်သွားတော့၊ တောင်ခြေကိုမရောက်မချင်း နောက်ကိုလှည့်မကြည့်မိစေနဲ့”
“ လက်စသတ်တော့ နင်တို့ကြောင့် စည်းပေါက်သွားတာကိုး၊ မကြာခင် နင်တို့အားလုံးဆီ ငါပြန်လာမယ်ဟေ့”
သိုက်ဆရာက အံကိုကြိတ်ကာ ကြုံးဝါးပြီး ဒေးစွန်ပါတောင်ကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ဆင်းသွားခဲ့တယ်။
အဲဒီအချိန်မှာပဲ ရာဇမတ်ကွက်ထဲမှာ ရှိနေတဲ့ ကန်တော့ပွဲတွေကို သိုက်စောင့်ပုဂ္ဂိုလ်တွေက ဒေါသတစ်ကြီး ကန်ကျောက်ပစ်ခွဲနေသလို သိုက်နန်းရှင်တွေကလဲ အောင်မြတ်သာတို့ကို ကျေးဇူးတင်ကြောင်း လာရောက်ပြောဆိုခဲ့ကြတယ်။
အောင်မြတ်သာကတော့ သူတို့တာဝန်ပြီးဆုံးပြီမို့ သိုက်နန်းရှင်တွေနဲ့ ဖိုးနီကို နောက်နောင် အခုလိုအဖြစ်မျိုးမဖြစ်အောင် သတိထားဖို့ ပြောဆိုပြီး ကျောက်ထီးစေတီပေါ်ကို တက်သွားခဲ့ကြတယ်။
အောင်မြတ်သာတို့ ကျောက်ထီးစေတီမှာ ခုနှစ်ရက် အဓိဌာန်ဝင်ပြီး ပြန်ဆင်းလာတဲ့အချိန် ဒေးစွန်ပါတောင်ကြောရဲ့ တစ်ဆက်ထဲဖြစ်တဲ့ တောင်ပေါ်မှာ ဆိုးသွမ်းနေတဲ့ နတ်ပြိတ္တာတစ်ပါးကို ဆုံးမပေးခဲ့ရတယ်။
နတ်ပြိတ္တာရဲ့အစွမ်းက အလွန်ကိုကြီးမားတဲ့အပြင် လမ်းလျောက်တိုင်း ခြေဖဝါးအောက်ကနေ မီးပွားတွေလွင့်ထွက်နေတာကြောင့် သိုက်နန်းရှင်တွေက သူ့ကို ခြေမီးတောက်နတ်လို့ ခေါ်ဆိုကြောင်းလဲသိရှိခဲ့ရတယ်။
အောင်မြတ်သာတို့အနေနဲ့ ခြေမီးတောက်နတ်ကို ဘယ်လိုမျိုးဆုံးမလဲ၊ သူကရော ဘယ်လို ဆိုးသွမ်းနေလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ခြေမီးတောက်နတ်ဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)