အောင်မြတ်သာနှင့်ပါရမီရှင်မောင်စမ
” တုံ တုံ တုံ တုံ “ဆိုပြီးစည်းချက်ညီစွာထွက်ပေါ်လာတဲ့ အုန်းမောင်းခေါက်သံအဆုံးမှာ ဇေတဝန်ဘုန်းကြီးကျောင်းဝင်းအတွင်းထဲကနေ လှုပ်ရှားမှုများပေါ်လာခဲ့တယ်။
” ဦးဇင်းကြီး ကိုယ်တော်တွေစုံပြီ “
သင်္ကန်းကိုကျနစွာပြင်ဝတ်ရင်း ပြောလိုက်တဲ့ ကိုရင်ကုသလရဲ့စကားကြောင့် ဦးဇင်းကြီးရဲ့ ခြေလှမ်းတွေက ကျောင်းအပြင်ဘက်ကိုဦးတည်ခဲ့လိုက်တယ်။
အာရုဏ်တက်ချိန်မို့ အိပ်တန်းထကြတဲ့ ကျေးငှက်သရကာတို့ရဲ့အော်မြည်သံ၊ အေးမြလတ်ဆတ်သန့်ရှင်းတဲ့လေနုအေးတို့ရဲ့ အထိအတွေ့တွေက အာရုဏ်ဆွမ်းကြွတော့မယ့် သံဃာတော်တွေရဲ့စိတ်ကိုပို၍ ကြည်နူးစေခဲ့တယ်။
ကျောင်းတိုက်ထဲကနေအပြင်ကိုထွက်လာတဲ့အချိန်
” ကျလိ ကျလိ ကျစ် ကျစ် ” ဆိုတဲ့ ငှက်အော်သံနဲ့အတူ ကလေးငယ်တစ်ယောက်ရဲ့အော်ငိုသံကိုပါ တစ်ဆက်ထဲကြားလိုက်ရတယ်။
” ကိုရင်ကြီး မင်းကြားလိုက်လား “
အရှေ့ဆုံးကနေကြွနေတဲ့ ဦးဇင်းကြီးအသံကြောင့် အနောက်ကမှာပါလာတဲ့ ကိုရင်က
” ကလေးငိုသံလိုလိုတော့ကြားလိုက်ရတယ် သရဲခြောက်တာများလားဦးဇင်း”
” မဖြစ်နိုင်ပါဘူးကွာ ကလေးငိုသံကြားတဲ့ဘက်မှာ သွားကြည့်ကြဦး “
ဦးဇင်းကြီးစကားကြောင့် ဆွမ်းခံထွက်လာတဲ့ ကိုရင်ကြီးတွေ သပိတ်ကိုချကာ ကလေးငိုသံကြားရာဘက်ကိုထွက်သွားခဲ့ကြတယ်။
ဆယ်မိနစ်ခန့်ကြာတော့
” ဦးဇင်း ဦးဇင်း ကလေးတစ်ယောက်ကို ကျောင်းအုတ်စည်းရိုးအပြင်ဘက်မှာ လာပစ်သွားတယ် “
” ဟေ ဒါဆို ဆရာတော်ဆီမြန်မြန်အကြောင်းကြားရမှာပေါ့ ပေး ပေး ကလေးကို ငါ့ဆီပေးထား ဒီနေ့တော့ မင်းကပဲ ဦးဆောင်ပြီး ဆွမ်းခံထွက်လိုက်တော့ “
ဦးဇင်းကြီးလဲ ထန်းခေါက်ဖာထဲမှာထည့်ထားတဲ့ ကလေးကိုချီကာ ကျောင်းပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။
မနက်လင်းအားကြီးအချိန်ရောက်တော့ ဘုန်းကြီးကျောင်းနားမှာ ကလေးတစ်ယောက်ကိုလာပစ်သွားတယ်ဆိုတဲ့စကားက တစ်ရွာလုံးပျံ့သွားခဲ့ပြီး ကလေးကို လာရောက်ကြည့်သူတွေပါ ရောက်လာခဲ့ကြတယ်။
” ဟဲ့ ဒကာတို့ဒကာမတို့ ဘယ်လိုကြောင့် ကျောင်းပေါ်မှာလူတွေအများကြီးဖြစ်နေရတာလဲ”
ကျောင်းထိုင်ဘုန်းကြီးစကားကြောင့် လာကြည့်ကြတဲ့သူတွေက
” ဆရာတော်ကျောင်းနားမှာကလေးတစ်ယောက် လာပစ်သွားတယ်ပြောလို့ လာကြည့်တာပါ “
” အေးကွယ် ဘယ်လိုမိဘတွေက ကိုယ့်သားသမီးကိုစွန့်ပစ်ခဲ့ကြလဲမသိပါဘူး ကလေးကလဲ ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာလေးပါပဲ နောက်ပြီး ယောင်္ကျားလေးလဲဖြစ်တယ်ကွယ့်”
” ဒါဆို တပည့်တော်တို့လင်မယားမွေးစားပါ့မယ်ဘုရား တပည့်တော်တို့လင်မယားက အိမ်ထောင်သက်ဆယ်နှစ်ကျော်ပေမယ့် ကလေးမရသေးပါဘူး ဒါကြောင့် ကလေးကိုမွေးစားခွင့်ပြုပါဘုရား”
ရွာမှာကလေးမရလို့ ကလေးရူးနေကြတဲ့ ပေါက်ကျော်တို့လင်မယားစကားကြောင့် ဆရာတော်က
” ဟဲ့ ပေါက်ကျော် မင်းတို့တောင် စားဖို့အနိုင်နိုင် ဒီကလေးကိုဘယ်လိုမွေးမှာလဲ မဖြစ်ပါဘူးလေ ဒီကလေးကို ဘယ်သူ့ကိုမှမပေးဘူး ငါ့ကျောင်းမှာပဲမွေးမယ် ကလေးရဲ့ကိစ္စအဝဝကိုတော့ ရွာကတာဝန်ယူပေးရမယ် ဒါဆိုရင် ဒီကလေးက တစ်ရွာလုံးရဲ့ကလေးဖြစ်ပြီ ဘယ်လိုလဲ သဘောတွေ့ကြရဲ့လား”
ဆရာတော်ရဲ့စကားကြောင့် ရောက်လာတဲ့သူတွေအားလုံးက
” သဘောတူပါတယ်ဘုရား တပည့်တော်က ကလေးအဝတ်အစားတာဝန်ယူပါမယ်”
” တပည့်တော်က ကလေး သောက်ဖို့နွားနို့တာဝန်ယူပါမယ်”
ဒီလိုနဲ့ ဆရာတော်ရဲ့စီမံမှုအောက်မှာ ကလေးငယ်ကို မွေးဖြစ်ခဲ့ကြတယ်။
ကလေးခြောက်လလောက်ရောက်တော့
” ကပ္ပိယကြီး ဆရာတော်ခေါ်နေတယ် “
ကိုရင်ဝိစိတ္တအသံကြောင့်ကျောင်းအနောက်ဘက်မှာ ထင်းခွဲနေတဲ့ ကပ္ပိယကြီးက ပုဆိုးကိုပြင်ဝတ်လိုက်ပြီး
” လာခဲ့မယ် ကိုရင်လေး” လို့ပြောကာ ကျောင်းပေါ်ကိုတက်လာခဲ့လိုက်တယ်။
ကျောင်းပေါ်ရောက်တော့ ဘုရားဦးချပြီး ဆရာတော်ကိုဦးချလိုက်တယ်။
” ကပ္ပိယကြီး ကလေးအခြေအနေဘယ်လိုနေသေးလဲ”
” အဖျားတော့ကျသွားပါပြီ ဒါပေမယ့် ကျောကုန်းကအမာရွတ်ကတော့ ယောင်ပြီးအနာရည်တွေထွက်နေတုန်းပဲဘုရား”
” ဒီကလေးကလဲ ထူးဆန်းတယ် ဘယ်ကနေရောက်လို့ရောက်လာမှန်းလဲမသိရ ကျောမှာလဲ စမအက္ခရာတွေနဲ့ လေးထောင့်ကွက်တစ်ခုကလဲ ပါလာသေးတယ် ဒါနဲ့ ကလေးနေမကောင်းမဖြစ်ခင်က ဘယ်သူလာခေါ်သေးလဲ”
ဆရာတော်စကားကြောင့် ကပ္ပိယကြီး တစ်ချက်စဉ်းစားလိုက်ပြီး
” ပေါက်ကျော်တို့လင်မယားလာခေါ်သွားသေးတယ်ဘုရား ညနေရောက်တော့ လာပြန်ပို့တယ် အဲဒီညပဲဖျားတာ”
” ဒါဆို ပေါက်ကျော်တို့လင်မယားကို သွားခေါ်စမ်း ဒီကောင်တွေ ကလေးကို မတည့်တာတွေများကျွေးလိုက်ပြီလားမသိဘူး”
ဆရာတော်စကားကြောင့် ကပ္ပိယကြီးက ကျောင်းပေါ်ကဆင်းကာ ရွာထဲကိုထွက်သွားခဲ့တယ်။ အတန်ကြာတော့ ကျောင်းပေါ်ကို ကုပ်ချောင်းကုပ်ချောင်းနဲ့တက်လာတဲ့ ပေါက်ကျော်တို့လင်မယားကိုတွေ့လိုက်ရတယ်။
” အရှင်ဘုရား တပည့်တော်တို့ကိုခေါ်တယ်ဆိုလို့”
” အေး မင်းတို့ မနေ့က ကလေးကိုခေါ်သွားတယ်ဆို”
” ဟုတ်ပါတယ်ဘုရား “
” မင်းတို့ ကလေးကိုဘာကျွေးလိုက်သေးလဲ “
” ထွေထွေထူးထူးတော့မကျွေးပါဘူးဘုရား လယ်ပိုင်ရှင်အိမ်ကပေးလာတဲ့ အမဲသားကိုစွပ်ပြုတ်လုပ်ပြီးတော့ တိုက်တာတော့ရှိပါတယ် ကလေးဘာဖြစ်လို့လဲဘုရား”
” အဖျားနည်းနည်းဝင်သွားတာပါ အရေးတော့မကြီးပါဘူး နောက်ဆို အမဲသားတွေ ကလေးကိုမကျွေးနဲ့ဦး မင်းတို့ကစေတနာနဲ့ကျွေးတယ်ဆိုပေမယ့် ကလေးမှာပါလာတဲ့ အကြောင်းတရားတွေကရှိသေးတယ်”
” တပည့်တော်တို့ နောက်မကျွေးတော့ပါဘူးဘုရား ကလေးမသက်သာရင် အချိန်မရွေးခေါ်ပါဘုရား”
” အေး အေး ရွာထဲကလူတွေကိုလဲပြောထားဦး ကလေးကိုခေါ်ပြီး သားကြီးငါးကြီးတွေမကျွေးနဲ့လို့ ငါသိရင်တော့ ဟိုးတိုင်မှာချိတ်ထားတဲ့ ကြိမ်စာမိမယ်လို့”
ဆရာတော်စကားအဆုံးမှာ ပေါက်ကျော်တို့လင်မယား ဇက်လေးပုကာပြန်ဆင်းသွားခဲ့ကြတယ်။ ပေါက်ကျော်တို့လင်မယားဆင်းသွားတော့ ဦးဇင်းကြီးရောက်လာခဲ့တယ်။
” အရှင်ဘုရား ကလေးလေးဖျားနေတယ်ဆိုလို့ လာကြည့်တာပါ”
” သက်သာပါတယ် ကလေးကိုမတည့်တာတွေ ကျွေးလို့ဖြစ်သွားတာ သိပိလဲမစိုးရိမ်ရပါဘူး ဒါနဲ့ စာဝါတွေပို့ချရတာရော အဆင်ပြေရဲ့လား “
” ပြေပါတယ်ဘုရား ဆရာတော်ဘုရားရဲ့သွန်သင်မှုကြောင့် အခက်အခဲတစ်စုံတစ်ရာမရှိပါဘူးဘုရား ဒါနဲ့”
” ဒါနဲ့ဘာဖြစ်လဲဦးဇင်းကြီး”
” ဟိုလေ ကလေးက အခုဆိုခြောက်လထဲရောက်ပြီဆိုတော့ နာမည်အတည်တကျလေးတစ်ခုခုများပေးရင်သင့်တော်မလားလို့ပါ”
” ဟုတ်သားပဲ ငါလဲမေ့နေတာ မင်းပြောမှသတိရတယ် ငါ့အခန်းထဲမှာ သူစရောက်လာတုန်းက ပါလာတဲ့ထန်းခေါက်ဖာလေးရှိတယ် သွားယူလာခဲ့ဦး”
ဆရာတော်စကားကြောင့် ဦးဇင်းကြီးက ကျက်သရေတိုက်ထဲကိုဝင်ကာ ထန်းခေါက်ဖာကိုယူထုတ်လာခဲ့တယ်။
” ဦးဇင်း ထန်းခေါက်ဖာထဲမှာ ကြေးပြားနဲ့ရေးထားတဲ့ဇာတာခွင်ရှိတယ် အဲဒီထဲမှာ သူ့နာမည်ပါတယ် ဖတ်ကြည့်လိုက်ဦး”
ဆရာတော်စကားကြောင့် ဦးဇင်းကြီးက ထန်းခေါက်ဖာထဲမှာလိပ်ထားတဲ့ ကြေးပြားကိုဖြန့်ကြည့်လိုက်တော့
” ၁၃..ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ည (၁၁)နာရီတွင် နတ်နက္ခတ်၊ အဓိပတိဖွားဖြင့် မွေးဖွားသန့်စင်သည်။ ယနေ့မှစ နောင်နှစ်၁၀၀တိုင်အောင်အသက်ရှည်စေသောဝ်။
ဤကလေးနာမည်ကိုကား မောင်စမဟုခေါ်တွင်စေ”ဆိုတဲ့စာကို စမကွက်အဖွင့်အပိတ်ကြားထဲမှာရေးထားတာကိုတွေ့လိုက်ရတယ်။
” အရှင်ဘုရား ဒါဆို ဒီကလေးနာမည်က မောင်စမပေါ့”
” ဟုတ်တယ် ဦးဇင်းကြီး နောက်ထူးခြားတာတစ်ခုက ဇာတာခွင်မှာပါတဲ့ အင်းစမကွက်က ကလေးရဲ့ကျောပြင်မှာပါတဲ့ အမာရွတ်နဲ့တူနေတာပဲ”
” ထူးဆန်းအံ့ဩဖွယ်ရာပါလားဘုရား ဒီကလေးက တကယ့်ကိုထူးခြားတဲ့ကလေးတစ်ယောက်ဖြစ်လာမှာအသေချာပါပဲ”
” ဦးဇင်းကြီးလဲ မောင်စမကိုသေချာကြည့်ရှုဆုံးမပေးပါ ဆရာတော်ကအသက်အရွယ်ရလာပြီဆိုတော့ ရှေ့ဆက်ကြည့်ဖို့က မလွယ်တော့ဘူးလေ”
” စိတ်ချပါအရှင်ဘုရား တပည့်တော်ကြည့်ရှုစောင့်ရှောက်ပေးပါ့မယ်”
ဒီလိုနဲ့ မောင်စမလဲ တစ်ဖြေးဖြေးအရွယ်ရောက်လာကာ ပြေးလွှားဆော့ကစားတတ်တဲ့ လေးနှစ်ထဲကိုဝင်လာခဲ့တယ်။ မောင်စမရဲ့ထူးခြားချက်က ငယ်ငယ်လေးထဲက အသားငါးလုံးဝမစားတာပဲ။ လေးနှစ်အရွယ်မှာပဲ သင်ပုန်းကြီးကို ကျေနက်စွာရွတ်ဆိုတတ်နေခဲ့တယ်။ ဘုရားစာ၊ ဂါထာအစုံကိုလဲ ဦးဇင်းကြီးရဲ သင်ကြားပေးမှုကြောင့် နှုတ်တိုက်အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ ဒါကြောင့်လဲ ဇေတဝန်ကျောင်းက ကိုရင်တွေ ဦးဇင်းတွေက အစ ရွာထဲကလူတွေအဆုံး မောင်စမလေးကိုချစ်ကြတယ်။
ရွာရဲ့ဓလေ့အရ လပြည့်နေ့တွေဆိုရင် ဘုန်းကြီးကျောင်းမှာ ရွာလုံးကျွတ်ဥပုဒ်သီလလာယူကြတယ်။ ဒီလိုနေ့တွေဆိုရင် မောင်စမတို့ပျော်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဥပုဒ်လာယူကြတဲ့အခါ အိမ်မှာရှိတဲ့ ကလေးတွေကလဲ ဘုန်းကြီးကျောင်းကိုလိုက်လာက စိန်ပြေးတမ်း၊ ဥဖွက်တမ်း၊ လိုက်တမ်းပုန်းတမ်းတွေကစားတတ်ကြတယ်။ ဒီလိုနဲ့လပြည့်နေ့တစ်နေ့မှာတော့
ရွာထဲက ကလေးတစ်ယောက်နဲ့မောင်စမ ဘုန်းကြီးကျောင်းထဲမှာ ဆော့နေရင်း ရုတ်တရက် ပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ မိဘတွေ ဦးဇင်းတွေ ကိုရင်တွေရော ခေါင်းတောက်မတက်လိုက်ရှာပေမယ့် လုံးဝရှာမတွေ့ခဲ့ဘူး။ အဲဒီအချိန် မောင်စမက ဖုန်တွေပေသလူးပြီး ကျောင်းအနောက်ဘက် ထင်းပုံတွေကြားထဲကနေ ထွက်လာတာကို လိုက်ရှာနေကြတဲ့သူတွေမြင်လိုက်ရတယ်။
” မောင်စမ မင်းဘယ်မှာလိုက်ပုန်းနေတာလဲ ငါတို့လိုက်ရှာတာ နေရာစုံနေပြီ “
မောင်စမတို့ကိုလိုက်ရှာနေတဲ့ ကိုရင်လေးက ပေကျံနေတဲ့ဖုန်တွေကို သုတ်ပေးရင်းပြောလိုက်တော့
” ကိုရင်ကလဲ သားတို့က ထင်းပုံအနောက်မှာပဲပုန်းနေတာ ကိုရင်တို့လိုက်ခေါ်နေတာလဲကြားတယ် ဒါပေမယ့် သားတို့နဲ့တူတူရှိနေတဲ့ မမက မထူးရဘူးတဲ့ ထူးရင် မုန့်မကျွေးဘူးပြောတယ်”
မောင်စမဆီကထွက်လာတဲ့စကားကြောင့် ကိုရင်က
” ဒါဆို ပူစူးကိုရောတွေ့မိသေးလား”
” ပူစူးလဲရှိတယ်လေ သားရယ် ပူစူးရယ် မမရယ် သုံးယောက်ပုန်းနေကြတာ သားက ကိုရင်ခေါ်နေတာတွေ့လို့ အတင်းထွက်လာတာ ပူစူးကမလိုက်လာဘူး ဟိုမှာနေခဲ့တယ်”
” ဟာ ဒီကလေးတွေတော့ ဒုက္ခရောက်တော့မယ် လာ ဆရာတော်ဆီသွားမယ်”
ကိုရင်လေးက မောင်စမလက်ကိုဆွဲကာ ဆရာတော်ဆီခေါ်သွားခဲ့တယ်။ ကျောင်းပေါ်ရောက်တော့ ဆရာတော်က အကျိုးအကြောင်းမေးပြီး
” မောင်စမ သားထွက်လာတော့ တူတူပုန်းနေတဲ့မမက မပြန်ရဘူးလို့မပြောဘူးလား”
ဆရာတော်စကားကြောင့် မောင်စမက လက်ထဲကိုင်ထားတဲ့ငှက်ပျောသီးကိုတစ်ကိုက်ကိုက်လိုက်ပြီး
” ပြောတယ် မမက မပြန်ရဘူးတဲ့ ညနေမှပြန်တဲ့ သူကသားတို့နဲ့နေရတာပျော်တယ်တဲ့ သားက မပြန်ရင် ဆရာတော်ရိုက်မယ်လို့ပြောပြီး ထွက်လာတာ ပူစူးက မပြန်သေးဘူးတဲ့ ညနေမှပြန်မယ်လို့ပြောတယ်”
မောင်စမစကားကြောင့် ပူစူးရဲ့မိဘတွေက မျက်ရည်လည်ရွဲနဲ့ဆရာတော်ကို အားကိုးတစ်ကြီးကြည့်လိုက်ကြတယ်။
” ကဲကဲ စိတ်လဲသိပ်ပူမနေကြနဲ့ဦး ဦးဇင်းမေတ္တာရပ်ခံကြည့်ပါဦးမယ် မောင်စမ မင်းနဲ့ပူစူးတို့ပုန်းခဲ့တဲ့နေရာကိုလိုက်ပြပေး”
” လိုက်ပြပါ့မယ် ငှက်ပျောသီးလေးတော့ကုန်အောင်စားပါရစေဦး”
မောင်စမစကားကြောင့် ဘေးမှာရှိတဲ့လူတွေအပြင်ဆရာတော်ပါ ပြုံးစိစိဖြစ်သွားကြတယ်။
” စားပါ စားပါ ကိုယ်တော်ရယ် ဒီဘုန်းဘုန်းက ကုန်တဲ့ထိစောင့်ပေးမယ် ဟုတ်ပီလား”
ဆရာတော်စကားကြောင့် မောင်စမ ရယ်လိုက်ပြီး
” ပြီးပါပြီ ဘုန်းဘုန်းကလဲ စိတ်မရှည်တဲ့အသံကြီးနဲ့ပြောတယ်”
” မောင်မင်းကြီးသား စကားတတ်တိုင်းလျောက်မပြောနေနဲ့ ပူစူးရှိတဲ့နေရာကိုခေါ်သွားပေး”
မောင်စမက ဆရာတော်စကားကြောင့် ကျောင်းအနောက်ဘက်မှာရှိတဲ့ ထင်းပုံရှိရာကိုခေါ်လာခဲ့လိုက်တယ်။ ထင်းပုံနားရောက်တော့
” ဟာ ပူစူးနဲ့မမတို့မရှိတော့ဘူး ခုနက ဒီအနောက်မှာ ဇယ်ခုန်နေတာ “
” မောင်စမ လိုက်ရှာကြည့်ဦး သူတို့ဘယ်မှာရှိနေကြလဲ”
ဆရာတော်စကားကြောင့် မောင်စမက ပါးစပ်နားကိုလက်နဲ့ကွယ်လိုက်ပြီး
” ပူစူး မင်းဘယ်မှာလဲ ငါမင်းကိုမတွေ့တော့ဘူး” ဆိုပြီးအသံတိုးတိုးလေးပြောကာ တစ်စုံတစ်ခုကိုအာရုံစိုက်ကာနားထောင်နေတာတွေ့လိုက်ရတယ်။ ခဏကြာတော့
” ဟဲဟဲ ပူစူးတို့က ကစားတဲ့နေရာပြောင်းသွားတာတဲ့ သိမ်အနောက်က တောင်ပို့နားမှာ ဇယ်တောက်နေတယ်လို့ပြောတယ်”
မောင်စမစကားကြောင့် ဆရာတော်နဲ့လိုက်ရှာနေတဲ့သူတွေ သိမ်အနောက်ကိုပြေးရပြန်ရော။ သိမ်အနောက်ရောက်တော့ မောင်စမက
” ဟေ့ကောင် ပူစူး မင်းတစ်ယောက်ထဲ ဆော့နေတာလား ငါလဲပါမယ်”လို့ပြောပြီး ပြေးဖို့အလုပ် ဆရာတော်က ဂုတ်ကိုဆွဲထားလိုက်တာ မောင်စမ ယက်ကန်ယက်ကန်ဖြစ်သွားတဲ့အချိန်
” ဟေ့ကောင် မင်းကဘယ်မှာသွားဆော့မလို့လဲ ဒါကဆော့ရမယ့်အချိန်မဟုတ်ဘူး ပူစူးနဲ့အတူဘယ်သူတွေရှိနေလဲ “
ဆရာတော်စကားကြောင့် မောင်စမ မျက်နှာမဲ့သွားပြီး
” ကလေးနှစ်ယောက်လဲရှိနေတယ် ပူစူးလဲရှိနေတယ် “
မောင်စမကသာပူစူးနဲ့ကလေးနှစ်ယောက်ရှိတယ်ပြောနေပေမယ့် လာကြည့်တဲ့သူတွေကတော့ တောင်ပို့ကိုပဲမြင်နေရတယ်။
” ပူစူးရေ ပူစူး သားလေး အမေခေါ်တာကြားရလား”
” ကြီးကြီး အော်နေတာ ပူစူးမကြားဘူး ဒီကောင် ဆော့နေရရင် ဘာမှကိုမသိတော့တာပဲ “
မောင်စမစကားကြောင့် ဆရာတော်က
” ကဲ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေ သင်တို့ကြောင့် အခြားမိသားစုတွေစိတ်အနှောက်အယှက်ဖြစ်နေကြပြီ ဒီလောက်စနောက်ရရင် ကျေနပ်ပါတော့ ကလေးကိုပြန်လွှတ်ပေးလိုက်ကြပါ ဘုန်းကြီးမေတ္တာရပ်ခံပါတယ်” လို့ပြောလိုက်တော့ မောင်စမက
” ဘုန်းဘုန်း မမက သူ့ကိုချော့ပြီးပြန်ဖို့ပြောနေတာ ပူစူးကမပြန်ဘူးလုပ်နေတယ် “
မောင်စမစကားကြောင့် ပူစူးရဲ့အမေက
” ဒီကောင်ပေါ်လာရင်တော့ ငါနဲ့တွေ့မယ် သူကမပြန်ဘူးလို့ပြောတာသေချာလား”
” သေချာတယ် ဒီကောင်ပြောတာသားကြားတယ် ကြီးကြီးတို့ကိုသူသတိမရတော့ပဲ အဆော့မက်နေတာ ဟော မမက သားကိုခေါ်နေတယ် ခဏလေးနော်”
မောင်စမကပြောပြီး တောင်ပို့နားကိုပြေးသွားကာ ခေါင်းတညိမ့်ညိမ့်နဲ့လုပ်နေခဲ့တယ်။ ခဏနေတော့ ပြန်လှည့်လာပြီး
” ပူစူးကိုကျောင်းပေါ်ပြန်ပို့လိုက်ပြီတဲ့ မမကပြောတယ် နောက်တစ်ခါ ကစားချင်ရင်လာခဲ့တဲ့”
မောင်စမစကားကြောင့် လူအုပ်ကြီးလဲ ကျောင်းပေါ်ကိုပြန်ပြေးကြပါလေရော။ ကျောင်းပေါ်ရောက်တော့ ရေအိုးစင်ကရေခပ်သောက်နေတဲ့ပူစူးကိုတွေ့လိုက်ရတယ်။
သိပ်မကြာခင်မှာပဲ ဘုန်းကြီးကျောင်းအဝင်ပေါက်မှာ ပူစူးအမေရဲ့ ဗျောတင်သံနဲ့အတူ ပူစူးရဲ့ အော်ငိုသံကိုကြားလိုက်ရတယ်။ အဲဒီနေ့ကစပြီး ပူစူးကိုကျောင်းမခေါ်လာခဲ့တော့ဘူး။
မောင်စမကတော့ တစ်ခါပျောက်ပျောက်သွားတတ်တယ်။ မောင်စမပျောက်ရင် ဘယ်မှာမှသွားမရှာနဲ့ သိမ်အနောက်က တောင်ပို့နားမှာသာသွားရှာ သေချာပေါက်ရှိတယ်။ ငါးနှစ်ပြည့်တဲ့နေ့မှာတော့ ကစားတာအရှိန်လွန်သွားလို့ ဆရာတော်ရဲ့ ရေခွက်ကျကွဲပြီး ကြိမ်လုံးစာမိခဲ့တယ်။ ဆရာတော်ရဲ့ကြိမ်လုံးအရှိန်ကြောင့် မောင်စမ အစောကြီးအိပ်ပျော်သွားခဲ့တယ်။
” မောင်စမ မောင်စမ ထတော့ ထတော့”ဆိုတဲ့အသံကြောင့် မောင်စမအိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်တယ်။
” မောင်စမ မင်းဗိုက်ဆာနေတာလား”
ဖိုးသူတွေဝတ်တဲ့အဖြူရောင်ပိတ်စကိုဝတ်ထားတဲ့လူရဲ့စကားကြောင့် မောင်စမက ဗိုက်ကိုပွတ်ပြီး
” ဟုတ်တယ် ဗိုက်ဆာနေတာ “
” ရော့ ဒီ ကောက်ညှင်းထုပ်ကိုစားလိုက် အဆာတော့ပြေသွားလိမ့်မယ်”
မောင်စမလဲ အဖြူရောင်ဝမ်းဆက်နဲ့လူကြီးပေးတဲ့ကောက်ညှင်းထုပ်ကိုဖောက်ကာ ပလုပ်ပလောင်းစားလိုက်ပြီး
” ဦးဦးက ဘယ်သူလဲ သားကိုဘာလို့မုန့်ကျွေးရတာလဲ”
” ဦးဦးက သားကိုခင်လို့ပေါ့ ဒီနေ့ကစပြီး နောက်နေ့တွေလဲ သားဆီကိုမကြာမကြာလာမယ် “
” လာရင်တော့ မုန့်တွေယူလာခဲ့ပေး “
” ဒါပေါ့ ယူလာပေးမှာစိတ်ချ အခုတော့ ဗိုက်တင်းသွားပြီမဟုတ်လား”
” ဟုတ်တယ် ဗိုက်တင်းသွားပြီ ပြန်အိပ်လိုက်ဦးမယ်”
” အိပ်လိုက် အိပ်လိုက် နောက်မှတွေ့မယ် မောင်စမ”
အဖြူရောင်ဝတ်ထားတဲ့လူကြီးက မောင်စမကိုနှုတ်ဆက်ပြီး ခေါင်းကိုပုတ်လိုက်တဲ့အချိန် ပြန်အိပ်ပျော်သွားခဲ့တယ်။
မနက်မိုးလင်းတော့ ပါးစပ်မှာကောက်ညှင်းဖတ်တွေကပ်နေတာမြင်တဲ့ ကပ္ပိယကြီးက
” မောင်စမ ပါးစပ်မှာ ဘာတွေကပ်နေတာလဲ မျက်နှာကိုသေချာသစ်စမ်း”လို့ပြောလိုက်တော့ မောင်စမက
” အော် ညက ကောက်ညှင်းထုပ်တွေစားပြီး သေချာမသုတ်မိတာ ” လို့ပြောကာ ဆွမ်းကျန်ဟင်းကျန်စားဖို့ ဆွမ်းစားဆောင်ဘက်ကိုပြေးသွားခဲ့တယ်။
ဒီလိုနဲ့ အဖြူရောင်ဝတ်လူကြီးက ညဘက်တွေဆိုရင် မောင်စမဆီရောက်လာပြီး စားစရာတစ်ခုခုကိုလာပေးတတ်တယ်။ တစ်ဖြေးဖြေးနဲ့ကြာလာတော့ မုန့်တွေလာပေးတဲ့လူကြီးနဲ့မောင်စ ရင်းနှီးလာခဲ့တယ်။
တစ်ရက်မှာတော့ နေ့လည်ဘက်ထမင်းစားပြီး ဦးဇင်းကြီးလုပ်ထားပေးတဲ့ ပုခက်ပေါ်မှာအိပ်မလို့လုပ်နေတဲ့အချိန်
” မောင်စမ အိပ်ဦးမလို့လား”ဆိုတဲ့အသံကြားလို့ကြည့်လိုက်တော့ ဘေးနားကသစ်ပင်ကိုမှီပြီးရပ်နေတဲ့ အဝတ်ဖြူဝတ်လူကြီးကိုတွေ့လိုက်ရတယ်။
” ဟာ ဦးဦး အရင်ကဆိုညဘက်မှလာတာ အခုဘာလို့ဒီအချိန်ရောက်လာတာလဲ “
” ဘာလို့လဲဆိုတော့ ကိစ္စရှိလို့ပေါ့ကွာ ဒါနဲ့ မင်း မုန့်စားဦးမလား”
” ဟအင်း မစားတော့ဘူး ထမင်းစားထားတာဗိုက်တင်းနေတယ် “
“ဒါဆိုရင် သွားကစားရအောင် “
ကစားမယ်ဆိုတဲ့အသံကြောင့် ပုခက်ထဲမှာအိပ်နေတဲ့မောင်စမ ချက်ချင်းဆိုသလို အပြင်ကိုခုန်ထွက်ခဲ့လိုက်တယ်။
” ဘယ်မှာသွားကစားမလို့လဲ သူငယ်ချင်းတွေရောရှိလား “
” ရှိတာပေါ့ကွ ကစားစရာအရုပ်တွေလဲအများကြီးရှိတယ် မင်းလိုက်မှာလား”
” လိုက်မယ် လိုက်မယ် ဒါပေမယ့် ညနေရေချိုးချိန်တော့ပြန်လာရမယ် မပြန်လာရင် ဘုန်းဘုန်းက ရိုက်တယ်”
” ညနေတော့ပြန်လာပို့ပေးမှာပေါ့ လာ သွားကြရအောင်”
အဝတ်ဖြူဝတ်ထားတဲ့လူကြီးက မောင်စမလက်ကိုဆွဲကာ ကျောင်းအပြင်ဘက်ကိုခေါ်သွားခဲ့တယ်။
“ဦးဦး သားတို့ကဘယ်သွားကြမလို့လဲ”
” ဟိုးနားမှာ ကလေးတွေကစားနေကြတယ် အဲဒီကိုသွားမလို့”
တစ်လမ်းလုံးမောင်စမမေးသမျှကို စိတ်ရှည်ရှည်နဲ့ဖြေလာခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့အတန်ဝေးတဲ့နေရာရောက်တော့
” ဟိုးမှာ သူငယ်ချင်းတွေနဲ့သွားကစားတော့ “ဆိုပြီးလွှတ်ပေးခဲ့တယ်။ မောင်စမလဲ ရွယ်တူကလေးဆယ်ယောက်လောက်ကိုတွေ့ရော တွဲထားတဲ့လက်ကိုဖြုတ်ကာ ဝင်ဆော့ပါလေရော။
အတန်ကြာတော့ မောင်စမ ပြန်ထွက်လာပြီး
” ဦးဦး သားမှာအရုပ်လဲမရှိဘူး”
” သူတို့အရုပ်တွေ ငှားဆော့ပေါ့”
” မရဘူး သူတို့က ကိုယ့်ဘာသာလုပ်တဲ့ သားမှသူတို့လိုမလုပ်တတ်တာ”
” သူတို့ကဘာအရုပ်တွေလုပ်ကြလို့လဲ”
” သူတို့က ပါးစပ်ကနေ သေနတ်အရုပ်လို့ပြောလိုက်တာနဲ့ လက်ထဲကိုသေနတ်အရုပ်ရောက်လာတယ် ဂျင်လို့အော်လိုက်တာနဲ့ ဂျင်ရောက်လာတယ် သားက အဲလိုအော်လိုက်ရင် ဘာမှမရောက်လာဘူး”
မောင်စမစကားကြောင့် အဝတ်ဖြူဝတ်ထားတဲ့လူကြီးက
” သားက သူတို့လိုဖြစ်ချင်လို့လား”
” ဖြစ်ချင်တာပေါ့ သူတို့ဆို ကြိုက်တဲ့အရုပ်တောင်းလိုက်တာနဲ့ချက်ချင်းရတယ် သားလဲအဲလိုရချင်တယ်”
” ဒါဆိုရင် သားက သူတို့လိုရအောင် လေ့ကျင့်ရမယ်ဆိုရင် လေ့ကျင့်မှာလား”
” လေ့ကျင့်ရင် သူတို့လိုအရုပ်တွေရမှာလား”
” ရမှာပေါ့ သားလိုချင်တဲ့အရုပ်တွေအားလုံးရစေရမယ်”
” ဒါဆိုလေ့ကျင့်မှာပေါ့ ဘယ်လိုလေ့ကျင့်ရမလဲ”
” အရင်ဆုံးသားစာရေးတတ်ဖို့လိုတယ် စာရေးတတ်ပြီးဆိုရင် လေ့ကျင့်လို့ရပြီ “
” ဟုတ်ပြီ ဦးဇင်းကြီးက စာရေးတတ်တယ် သူ့ကိုသင်ခိုင်းမယ်”
မောင်စမစကားကြောင့် အဝတ်ဖြူဝတ်ထားတဲ့လူကြီးက ပြုံးလိုက်ပြီး
” ဒါဆို စာရေးဖို့အရင်လေ့ကျင့်ပေတော့ ဦးဦး ပြန်လိုက်ပို့ပေးမယ်” လို့ပြောပြီး မောင်စမကိုဘုန်းကြီးကျောင်းထဲပြန်ခေါ်လာခဲ့လိုက်တယ်။
ဘုန်းကြီးကျောင်းထဲရောက်တော့
” ဦးဦး ပြန်လိုက်ဦးမယ် စာရေးတတ်ရင် ပြန်လာခဲ့မယ် မကြိုးစားပဲအဆော့မက်ရင်တော့ အရုပ်တွေရတဲ့နည်းမသင်ပေးဘူး”လို့ပြောကာ ပြန်ထွက်သွားခဲ့တယ်။
++++++++
နောက်နေ့ဆွမ်းစားပြီးချိန်ရောက်တော့
” ဦးဇင်းကြီး ဦးဇင်းကြီး ဦးဇင်းကြီး”
” ဟေ ဘာတုန်း မောင်စမ “
” ဦးဇင်းကြီး ကျိန်းတော့မလို့လား”
” အေးပေါ့ဟ နေ့လည်တစ်ရေးလောက်ကျိန်းမလို့ ဘာဖြစ်လို့လဲ မုန့်စားချင်လို့လား”
” မစားချင်ပါဘူး ဦးဇင်းကြီးလဲမကျိန်းနဲ့ သားကို သင်ပုန်းကြီးသင်ပေး”
” ဟ ကြားသားမိုးကြိုး အရင်နေ့တွေတုန်းက စာသင်ရမယ်ပြောရင် ငါ့အခန်းထဲကိုမလာပဲ ပြေးနေတဲ့ကောင်က အခုမှဘာစိတ်ကူးပေါက်ပြီး စာလာသင်ခိုင်းနေတာလဲ”
” မသိဘူးဗျာ စာရေးတတ်မှ အရုပ်တွေရမှာဆိုတော့ စာသင်ချင်တယ် အခုသင်ပေး မသင်ပေးရင် မပြန်ဘူး”
” ဒီကောင်နဲ့တော့ခက်ပြီ အေး အေး သင်ပေးမယ် ကိုရင်စန္ဒကဆီက ကျောက်သင်ပုန်းနဲ့ခဲတံ သွားငှားလာခဲ့”
ဦးဇင်းကြီးစကားကြောင့် မောင်စမလဲ ကျောင်းအပေါ်ထပ်ကိုတက်သွားပြီး ကိုရင်စန္ဒကဆီကနေ ကျောက်သင်ပုန်းနဲ့ခဲတံသွားငှားလာခဲ့တယ်။ ဒီလိုနဲ့ နေ့ဆွမ်းဘုန်းပေးပြီးတိုင်း မောင်စမကို သင်ပုန်းကြီးစာတွေသင်ပေးလာခဲ့တာ သုံးလလောက်အကြာမှာတော့ အက္ခရာတွေအားလုံးကို ဖတ်တတ်ရေးတတ်လာခဲ့တယ်။
မောင်စမရဲ့ကြိုးစားမှုတွေကိုသိရတဲ့ဆရာတော်က ကျောက်သင်ပုန်းနဲ့ကျောက်တံတွေဝယ်ပေးကာ ပညာဆက်လက်သင်ယူစေခဲ့တယ်။ မောင်စမကလဲ အချိန်ရရင် ရသလို သင်ပုန်းကြီးစာတွေကိုလေ့လာသင်ယူခဲ့တာ အသက်ခြောက်နှစ်လောက်ရောက်တော့ သာမန်ကလေးတွေမရေးတတ်တဲ့ပါဠိစကားလုံးတွေပါ ရေးတတ်လာခဲ့တယ်။
တစ်နေ့မှာတော့ နေ့လည်စာစားပြီး ဘုန်းကြီးကျောင်းထဲက ကုက္ကိုပင်အောက်မှာ မောင်စမ ထိုင်နေတဲ့အချိန်
” ဘယ်လိုလဲမောင်စမ စာတွေရေးတတ်ဖတ်တတ်နေပြီလား” ဆိုတဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့ ကုက္ကိုပင်အနောက်ဘက်မှာ ထိုင်နေတဲ့ အဝတ်ဖြူဝတ်လူကြီးကိုတွေ့လိုက်ရတယ်။
” ဟာ ဦးဦး ဘယ်တွေလျောက်သွားနေတာလဲ သားက ဦးဦးကိုမျှော်နေတာ အခုဆိုစာတွေလဲရေးတတ်ပြီ ဖတ်လဲဖတ်တတ်ပြီ အရုပ်တွေရအောင်လုပ်ပေးဖို့ပဲကျန်တော့တယ်”
” ဟုတ်လား ဒါဆိုရင် မင်းကို စာလုံးလေးလုံးရေးပြမယ် အဲဒီစာလုံးတွေကိုမှန်အောင်ပြောနိုင်ရင် မင်းကိုအရုပ်ရတဲ့နည်းသင်ပေးမယ် “
” ရတယ်လေ ဦးဦးရေးပြ သားက ဆိုပြမယ်”
မောင်စမစကားကြောင့် အဝတ်ဖြူဝတ်ထားတဲ့လူက မြေကြီးမှာ စာလုံးလေးလုံးကိုရေးပြီး မောင်စမကို ဖတ်ခိုင်းရာ မောင်စမက အကုန်လုံးမှန်အောင်ရွတ်ဆိုပြနိုင်ခဲ့တယ်။
” တော်တယ် မောင်စမ ဒီစာလုံးတွေကို မင်းအနေနဲ့မြင်ဖူးသလိုများမရှိဘူးလား”
” အင်း ရင်းနှီးနေသလိုတော့ရှိတယ် အဲဒါနဲ့အရုပ်ရအောင်လုပ်ပေးဖို့ကဘာဆိုင်လို့လဲ”
” ဟားဟား မင်းကစကားအရမ်းတတ်တဲ့ကောင်ပဲ ဒီနေ့မင်းကို အရုပ်တွေရအောင်လုပ်တဲ့နည်း သင်ပေးမယ် ဟောဒီမှာ လေးထောင့်ကွက်လေးတွေတွေ့လား “
” တွေ့တယ်လေ”
” မင်းက အဲလိုအကွက်လေးတွေ အရင်ဆွဲရမယ် ပြီးရင် အကွက်တွေထဲမှာ ခုနက ရေးပြခဲ့တဲ့စာလုံးလေးလုံးကို ထည့်ရမယ် “
” သားက အဲဒီအကွက်တွေကို ဘယ်မှာဆွဲရမှာလဲ”
” မင်းဆွဲချင်တဲ့နေရာဆွဲလို့ရတယ် ဒါပေမယ့် ဆွဲပြီးရင်တော့ မင်းဖျက်လို့မရဘူး သူ့အလိုလိုပျက်သွားတဲ့အထိ စောင့်ရမယ် “
” အဲဒါဆို အရုပ်တွေရမှာလား “
” ဒါပေါ့ မင်းလိုချင်တာတွေရလာမှာ မင်းအခုကစပြီးဆွဲလို့ရပြီ နောက်တစ်လနေရင် ဦးဦးပြန်လာခဲ့မယ်”
မောင်စမလဲ မြေကြီးပေါ်မှာဆွဲပြသွားတဲ့ အကွက်လေးတွေကိုကြည့်ပြီး စဉ်းစားနေတဲ့အချိန် အဝတ်ဖြူဝတ်ထားတဲ့ လူကြီးက ဘယ်ကနေထွက်သွားမှန်းမသိရပဲ ရုတ်တရက်ပျောက်သွားခဲ့တယ်။
အဲဒီနေ့ကစပြီး ပြောင်ပြောင်ချောချောမြင်တဲ့နေရာတွေမှာ မောင်စမရေးထားတဲ့ လေးထောင့်ကွက်အက္ခရာတွေကိုမြင်ရတော့တာပဲ။ တွေ့တဲ့နေရာအကွက်တွေလိုက်ဆွဲနေတဲ့မောင်စမကြောင့် ကိုရင်တွေစာဝါသင်တဲ့အခါသုံးတဲ့မြေဖြူဘူးကိုတောင် ခိုးပြီးဝှက်ထားရတဲ့အထိဖြစ်လာခဲ့တယ်။ မောင်စမကလဲ မြေဖြူမရရင် ကပ္ပိယကြီးထမင်းချက်တဲ့ဖိုက မီးသွေးခဲတွေနဲ့ ရေးပြန်ရော။ ဆရာတော်က မရေးဖို့ပြောလဲမရ ရိုက်လဲမရဖြစ်တဲ့အထိဖြစ်လာခဲ့တယ်။
ဒီလိုနဲ့ ဝါဆိုလကိုရောက်လာခဲ့တယ်။ ဝါဆိုဆိုတဲ့အတိုင်း သင်္ကန်းကပ်ဖို့ပြင်ဆင်ရ၊ ဧည့်သည်တွေကိုဧည့်ခံရနဲ့ ဦးဇင်းတွေ ကိုရင်တွေ မအားရတာသိတဲ့အတွက် ဆရာတော်က မောင်စမကိုခေါ်ပြီး
” မနက်ဖြန် သဘက်ခါဆိုရင် ကျောင်းမှာဝါဆိုသင်္ကန်းကပ်မယ် အဲဒီတော့ မင်းရဲ့ အကွက်တွေကို တွေ့ကရာလိုက်မဆွဲနဲ့ ငါမြင်လို့ကတော့ ကျောင်းကမောင်းထုတ်ပစ်မယ်” လို့ကျိန်းထားလိုက်တယ်။
ဆရာတော်ရဲ့စကားကြောင့် တစ်ရက်နှစ်ရက်အတွင်း မောင်စမတို့ခြေငြိမ်နေခဲ့တယ်။ လူမြင်ကွင်းမှာရေးထားတဲ့ အကွက်တွေကို မတွေ့တဲ့အတွက် ဆရာတော်ရော ကျောင်းနေသံဃာများပါ သက်ပြင်းချနိုင်ခဲ့ကြတယ်။
ဝါဆိုသင်္ကန်းကပ်တဲ့နေ့ရောက်တော့ ချောချောမွေ့မွေ့ပဲ ပြီးဆုံးသွားခဲ့တယ်။ အလှူပွဲပြီးလို့မကြာခင်မှာပဲ
” ဒေါ်စန်းတင် လဲကျလို့ဟေ့ “ဆိုတဲ့အသံကြောင့် ကျောင်းပေါ်မှာဝေယျာဝစ္စလုပ်နေတဲ့ ကိုရင်တွေပြေးဆင်းလာခဲ့ကြတယ်။ ကျောင်းအောက်ရောက်တော့ လှေကားအောက်ခြေမှာ လဲကျနေတဲ့ ဒေါ်စန်းတင်ကိုတွေ့လိုက်ရတယ်။
” ဒကာမကြီး အဆင်ပြေရဲ့လား ဘယ်လိုဖြစ်တာလဲကွယ် “
” ပြေပါတယ်ဘုရား တပည့်တော် မျက်စိကသိပ်မကောင်းတော့ လှေကားထစ်ကိုကျော်ပြီး နင်းမိတာပါ တပည့်တော်မပြန်လိုက်ပါဦးမယ် “
ဒေါ်စန်းတင်က လှေကားပေါ်ကပြုတ်ကျပြီးတာနဲ့ ကျောင်းပေါ်ကိုမတက်တော့ပဲ ပြန်ထွက်သွားခဲ့တယ်။ ဒေါ်စန်းတင်ပြန်သွားတော့ ဦးဇင်းကြီးက
” အရှင်ဘုရား ဒေါ်စန်းတင်က လှေကားထစ်ကိုကျော်ပြီးပြုတ်ကျတာမဟုတ်ဘူး ဒီတိုင်းတက်နေရင်း သုံးထစ်မြောက်လဲရောက်တော့ အနောက်ကိုအလိုလိုလွင့်ထွက်သွားတာပဲ”
” အဲဒါကထားလိုက်ပါ သူကကျောင်းရောက်ပြီးမှ ဘာလို့အပေါ်မတက်ပဲ ပြန်သွားရတာလဲ “
ဆရာတော်နဲ့ဦးဇင်းကြီးတို့နှစ်ပါးလဲ ဇဝေဇဝါနဲ့စဉ်းစားကာ ကျောင်းပေါ်ပြန်တက်သွားခဲ့တယ်။ ညနေရောက်တော့ ကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်ကြတဲ့အချိန်
” ဆရာတော်ဘုရား ဆရာတော်ဘုရား လှေကားအောက်မှာလာကြည့်ပါဦး”ဆိုတဲ့အသံကြောင့် တံမျက်စည်းလှည်းနေတဲ့ ဆရာတော်က လှေကားအောက်ကိုငုံ့ကြည့်လိုက်တော့ မြေဖြူခဲနဲ့ရေးထားတဲ့ လေးထောင့်ကွက်ပေါင်းများစွာကိုတွေ့လိုက်ရတယ်။
” မောင်စမ မောင်စမ လာစမ်း”
ဆရာတော်အသံကြောင့် ကိုရင်တွေနဲ့ဆော့နေတဲ့ မောင်စမပြေးလာပြီး
” ဘုန်းဘုန်း သားကိုခေါ်တာလား”
” အေး ဒီအောက်မှာ မင်းဆွဲထားတာလား”
” ဟုတ်တယ်လေ ဘုန်းဘုန်းကပဲ လူမြင်တဲ့နေရာမှာမဆွဲနဲ့ဆို ဒါကြောင့် လူမမြင်တဲ့နေရာမှာ ဆွဲထားတာ”
မောင်စမစကားကြောင့် ဘေးမှာရှိနေတဲ့ သံဃာတော်တွေပြုံးစိစိဖြစ်သွားကြတယ်။ ဆရာတော်လဲမောင်စမကိုကြည့်ပြီး ရယ်ရခက်ငိုရခက်ဖြစ်ကာ
” အကုန်ပြန်ဖျက်စမ်း ဒီနေ့လပြည့်နေ့ဖြစ်နေလို့ သက်သာသွားတယ်မှတ်”
” ဘုန်းဘုန်း မနက်က အဖွားကြီးတစ်ယောက် ဒီနားမှာပြုတ်ကျသွားတယ်မလား”
” အေး အဲဒါဘာဖြစ်လို့လဲ”
” ဘုန်းဘုန်းတို့မသိလို့နော် အဲဒီအဖွားကြီးရဲ့ကိုယ်ထဲကနေ အမဲရောင်အငွေ့တွေအများကြီးပဲထွက်နေတာ သူ့မျက်နှာကလဲ ကြောက်စရာကြီး “
မောင်စမစကားကြောင့် ဆရာတော်နဲ့ ဦးဇင်းကြီးတို့မျက်စိမျက်နှာပျက်သွားပြီး
” မောင်စမ မင်းပေါက်ကရတွေမပြောနဲ့ ဟိုဘက်မှာသန့်ရှင်းရေးသွားလုပ်”
ဆရာတော်စကားကြောင့် မောင်စမ မျက်မှောင်ကျုတ်လိုက်ပြီး
” ဘုန်းဘုန်းကြီးက ဘာမှလဲမသိပဲနဲ့” လို့ပြောကာ ပြေးထွက်သွားခဲ့တယ်။
+++++
ညဘက်စာဝါချပြီးတဲ့အချိန် စာသင်သားတွေပြန်သွားကြပေမယ့် ဆရာတော်နဲ့ ဦးဇင်းကြီးကတော့ ဧည့်ခန်းထဲမှာကျန်နေခဲ့တယ်။
” အရှင်ဘုရား မောင်စမ စကားတွေက ထူးဆန်းတယ်နော် နောက်ပြီးသူရေးနေတဲ့ အကွက်တွေက သူ့ကျောကုန်းမှာပါတဲ့ အမှတ်နဲ့တူနေတယ်”
” ငါလဲရိပ်မိတယ်မောင်ပဉ္ဇင်း ဒီကလေးမှာ မွေးရာပါအစွမ်းတစ်ခုခုရှိတယ် မနက်က ဒေါ်စန်းတင် မျက်နှာပျက်သွားတာသတိထားမိလိုက်လား”
” တပည့်တော်စိတ်ထင် ဒေါ်စန်းတင်က မောင်စမရေးထားတဲ့ အရာတွေကြောင့် ကျောင်းပေါ်တက်လို့မရတာဖြစ်လိမ့်မယ် “
” မောင်စမအခုဘယ်မှာလဲ သူ့ကိုခေါ်လိုက်ဦး “
” အရှင်ဘုရား ဒီနေ့က ဆွမ်းချိုင့်လိုက်ကောက်တဲ့နေ့ဆိုတော့ ကပ္ပိယကြီးက မောင်စမကိုရွာထဲခေါ်သွားတယ်”
” ဒါဆိုလဲ မခေါ်နဲ့တော့ နောက်တစ်နေ့မနက်ကျမှ ခေါ်လိုက်တော့မယ် မင်းလဲ နားလိုက်ဦးလေ”
ဆရာတော်စကားကြောင့် ဦးဇင်းကြီးလဲ ဘုရားကန်တော့ကာ ကျောင်းအောက်ကိုပြန်ဆင်းလာခဲ့လိုက်တယ်။
+++++±
” ဆွမ်းချိုင့်ပေးထားတဲ့အိမ်တွေ အဆင်သင့်ဖြစ်ပြီလား “
ကပ္ပိယကြီးအော်သံကြောင့် ဆွမ်းချိုင့်အလှည့်ကျတဲ့အိမ်ကလူတွေထွက်လာခဲ့ကြတယ်။
” အဆင်သင့်ပဲ ကပ္ပိယကြီးရေ တွန်းလှည်းပေါ်တင်လိုက်မယ်နော် ဟော မောင်စမလေးလဲပါတာကိုး အိမ်မှာမနက်ကလုပ်ထားတဲ့မုန့်တွေရှိသေးတယ် မင်းအတွက်ပါထည့်ပေးလိုက်တယ်နော်”
” ကြီးဒေါ်မုန့်တွေက အရမ်းစားကောင်းတာ များများလေးထည့်ပေးပါ”
” ဟက်ဟက် အေးပါ အေးပါ စကားတတ်လေး ကြီးဒေါ်ကိုအာဘွားလေးပေးပါဦး”
အိမ်ရှင်မိန်းမကြီးစကားကြောင့် မောင်စမက ရွှတ်ခနဲနမ်းလိုက်တယ်။
” ဟဲဟဲ ရီစိန် နင့်ကိုဒီကောင်ညာစားနေပြီ”
” ညာစားလဲ ချစ်ပြီးသားပါတော် အော် ဒါနဲ့ ကပ္ပိယကြီးသိပြီးပြီလား”
” ဟဲ့ ရီစိန် နင့်စကားက အစမရှိအဆုံးမရှိနဲ့ ဘာကိုငါကကြားရမှာလဲ”
” မနက်က ကျောင်းလှေကားအတက်မှာ လဲကျသွားတဲ့ ဒေါ်စန်းတင်လေ အခုအိပ်ယာထဲက မထနိုင်လို့ ဟိုဘက်ရွာက သူ့အမျိုးတွေ ဆေးဆရာခေါ်လာခဲ့ကြတယ်”
” ဒီလောက်ကတော့ တို့ရွာက ဆေးဆရာကိုမြကြီးတောင်ကုလို့ရပါတယ် ဘာကြောင့် ဟိုဘက်ရွာကဆရာပင့်ရတာလဲ”
” အဲဒါတော့ ကျုပ်လဲဘယ်သိပါ့မလဲ ခုနက လူနာသွားကြည့်တဲ့ သူတွေကိုတောင် ပြန်မောင်းထုတ်လိုက်တယ် “
” မဖြစ်ပါဘူးလေ ငါလဲရောက်တုန်းရောက်ခိုက် ဝင်ကြည့်ဦးမှပဲ”
ကပ္ပိယကြီးက ရီစိန်ကိုပြောကာ ဒေါ်စန်းတင်အိမ်ရှိရာထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့
” ဒေါ်စန်းတင် ကျုပ်ကပ္ပိယကြီးပါ နေလို့သက်သာပြီလား” ဆိုပြီးလှမ်းအော်လိုက်တော့ အိမ်ထဲကနေ ယောင်္ကျားတစ်ယောက်ထွက်လာပြီး
” အော် ခင်ဗျားက ဒီရွာက ကပ္ပိယကြီးလား ကျောင်းသားသေးသေးလေးလဲပါလာတာကိုး လာကြ လာကြ အထဲဝင်ကြပါဦး”လိုပြောလိုက်တော့ ကပ္ပိယကြီးက အိမ်ထဲဝင့်ဖို့အလုပ် မောင်စမက ဘေးမှာပေါက်နေတဲ့ မြက်ချိုပင်ကိုဆွဲနှုတ်ပြီး ခြံစည်းရိုးနားမှာစိုက်ထားတဲ့ စပါးလင်ပင်တွေကိုလိုက်ရိုက်နေတာမြင်လိုက်ရတယ်။
” ဟိုကလေး အရေးထဲလာဆော့နေတယ် လာအိမ်ပေါ်တက်ရအောင်”
ကပ္ပိယကြီးက မောင်စမလက်ကိုဆွဲပြီး အိမ်ပေါ်တက်လာခဲ့သည့်တိုင် မောင်စမက မမှီမကမ်းနဲ့ စပါးလင်ပင်တွေကို ခြေနဲ့လှမ်းကန်နေတာမြင်တော့ ခေါင်းကို ဒေါင်ခနဲမြည်အောင် ခေါက်လိုက်တော့မှ အကန်ရပ်သွားခဲ့တယ်။
ဒါတောင်ပါးစပ်ကနေ
” ဟိုအကောင်သေးသေးတွေက သားကိုပြောင်ပြတာကိုး အဲဒါကြောင့်ကန်တာ” ဆိုပြီးပြောလိုက်သေးတယ်။
အိမ်ပေါ်ရောက်တော့ အိပ်ယာပေါ်မှာ လဲနေတဲ့ ဒေါ်စန်းတင်က ထလာပြီး
” ကပ္ပိယကြီးနဲ့ မောင်စမအတွက် စားစရာတစ်ခုခုယူလာပေးကြဦး”
” ရပါတယ် ရပါတယ် အခုသက်သာလား ဘယ်လိုနေသေးလဲ”
” သက်သာပါတယ်ကွယ် အော် လက်ဖက်နဲ့ ထန်းလျက်ခဲလေးစားလိုက်ဦး”
ဒေါ်စန်းတင်စကားကြောင့် ကပ္ပိယကြီးက ထန်းလျက်ခဲတစ်လုံးကိုယူဖို့အလုပ်မှာ မောင်စမက
” အဘိုး ခွေးချေးခြောက်တွေ ဘာလို့ကိုင်ထားတာလဲ ပြန်ချလိုက် ပြန်ချလိုက် “
” ဒီကောင်လေး ဘယ်ကခွေးချေးခြောက်ရမှာလဲ ထန်းလျက်ခဲပါဟ”
” ဟာ ခွေးချေးခြောက်တွေပါ မယုံရင်ဒီမှာကြည့် “
မောင်စမက ပြောရင်းဆိုရင်း ထန်းလျက်ဘမ်းကို ကိုင်ဖို့လက်လှမ်းလိုက်တဲ့အချိန်
” ခင်ဗျားတို့အကြံဒါအကုန်ပဲလား “ဆိုတဲ့အသံနဲ့အတူ လှေကားပေါ်ကိုလူတစ်ယောက်တက်လာတာမြင်လိုက်ရတယ်။မောင်စမက တက်လာတဲ့သူကိုမြင်တော့
” ဦးဦး ဘယ်ကနေ ရောက်လာတာလဲ “
” မင်းကိုလာကြည့်တာပေါ့ကွ ဒါနဲ့ ကပ္ပိယကြီး ခဏလောက်အိပ်လိုက်ပါဦး”
အိမ်ပေါ်တက်လာတဲ့လူက စကားပြောရင်း ကပ္ပိယကြီးရဲ့နဖူးကို လက်ညိုးထိပ်လေးနဲ့ ထိလိုက်ရာ အရုပ်ကြိုးပြတ်လဲကျကာ အိပ်ပျော်သွားခဲ့တယ်။
” မောင်စမ မင်းအသက်ဘယ်လောက်ရှိပြီလဲ”
” သားအသက်က ခြောက်နှစ်ကျော်ပြီလို့ ဆရာတော်ဘုရားကပြောတယ်”
” ကဲ ကြားတယ်နော် အခုအိမ်မှာ လူရှစ်ယောက်ရှိတယ် အားလုံးက ဒီကလေးရဲ့ အသက်ထက် ခုနှစ်ဆလောက်တော့ကြီးကြမှာပဲ ဒါပေမယ့် ဒီကလေးလောက်တောင် သဘောထားမပြည့်ဝကြပါလား “
အဝတ်ဖြူဝတ်ထားတဲ့လူရဲ့စကားကြောင့် အိမ်ပေါ်မှာရှိနေတဲ့လူတွေအားလုံး မျက်နှာပျက်သွားပြီး
” မင်းက ဘယ်သူလဲ ဒီရွာမှာ တစ်ခါမှမမြင်ဖူးဖူး”
” ကျုပ်ကိုမြင်ဖူးတာ မမြင်ဖူးတာအသာထားပါ ဒီကလေးကိုတော့ သိကြမယ်ထင်တယ် “
အဝတ်ဖြူဝတ်ထားတဲ့လူက ဘေးမှာထိုင်နေတဲ့ မောင်စမကိုမေးငေါ့ပြပြီးမေးလိုက်တော့
” ဒီကလေးကြောင့် ငါထမရဖြစ်တာလား မဖြစ်နိုင်ဘူး သူက ကလေးပဲရှိသေးတာ ဘယ်လိုလုပ်ပြီး ဒီလိုပညာတွေတတ်မှာလဲ”
” ဟားဟား ကဲ မောင်စမ သားကို ဦးဦးသင်ထားပေးတဲ့ အကွက်လေးတွေဆွဲတတ်တယ်မဟုတ်လား ဒီကြမ်းပေါ်မှာတစ်ကွက်လောက်ဆွဲပြလိုက်”
” ဦးဦး သားမှာ မြေဖြူမှမရှိတာ ဘယ်လိုဆွဲရမှာလဲ”
” ဦးဦးမှာပါလာပါတယ် ရော့”
အဝတ်ဖြူဝတ်လူက အိတ်ကပ်ထဲကနေ မြေဖြူတစ်တောင့်ကို ထုတ်ပေးလိုက်တော့ မောင်စမက သွက်လက်ကျွမ်းကျင်စွာနဲ့ လေးထောင့်အကွက်တစ်ခုကိုရေးဆွဲလိုက်တယ်။
” ဦးဦး သားဆွဲလိုက်ပြီ”
” ကဲ ဒီကလေးဆွဲထားတဲ့ အကွက်ကိုကျော်ပြီး ထွက်သွားနိုင်တဲ့သူကို လွှတ်ပေးမယ် မကျော်နိုင်ဘူးဆိုရင် ဒီကလေးဆီမှာ ပညာအပ်ရမယ် သဘောတူကြရဲ့လား”
အိမ်ပေါ်မှာရှိတဲ့လူတွေလဲ ခြောက်နှစ်အရွယ်ကလေးတစ်ယောက်ဆွဲထားတဲ့ အကွက်ကို မကျော်ပြန်ရင်လဲ သိက္ခာကျမယ်ဆိုပြီး
” ငါကျော်မယ် ငါကျော်နိုင်ရင် နင်တို့နှစ်ယောက် ငါ့ကိုကန်တော့ရမယ် “
” ဟားဟား သဘောတူတယ် ကျော်နိုင်ရင် ထိခြင်းငါးပါးနဲ့ကိုကန်တော့ဦးမှာ ကဲ လေကျယ်တဲ့အစ်မကြီးစလိုက်ပါ”
အဝတ်ဖြူဝတ်ထားတဲ့လူရဲ့စကားအဆုံးမှာ ဆံပင်ကိုဘိစပတ်ထုံးထားတဲ့မိန်းမက မြေဖြူကွက်ကိုကျော်ဖို့လုပ်လိုက်တဲ့အချိန်
” ဖောင်း ” ဆိုတဲ့အသံနဲ့အတူ အနောက်ကိုလေးပေခန့်လွင့်ထွက်သွားခဲ့တယ်။
” အား ကျွတ် ကျွတ် ငါ့ခါး လှုပ်မရတော့ဘူး လုပ်ကြပါဦး”
အိမ်ပေါ်မှာရှိနေတဲ့လူတွေက ရုတ်တရက်ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားပြီး ငြိမ်သွားတဲ့အချိန်
” ငါကျော်မယ် “ဆိုတဲ့အသံနဲ့အတူ နောက်တစ်ယောက်ထွက်လာခဲ့တယ်။ အဲဒီလူလဲ ထူးမခြားနားပဲ အနောက်ကိုလွင့်ထွက်သွားကာ ပြန်မထနိုင်တော့ပေ။
လေးယောက်မြောက်လဲကျရော
” ငါတို့အရှုံးပေးတယ် ဒီကလေးက သာမန်ကလေးမဟုတ်ဘူး ငါတို့ကလဲ ပညာအဆင့်သိပ်မမြင့်သေးတဲ့အတွက် အတိုက်အခံမလုပ်ရဲပါဘူး အခုငါတို့ဘာလုပ်ရမလဲ”
” ကောင်းပြီ သင်တို့အရှုံးပေးတယ်ဆိုရင် ဒီကလေးရှေ့မှာ သစ္စာဆိုပါ ကျုပ်ကိုရေတစ်ခွက်ခပ်ပေး”
အဝတ်ဖြူဝတ်လူရဲ့စကားအဆုံးမှာ ရေခွက်တစ်ခွက်အရှေ့ကိုရောက်လာခဲ့တယ်။
” မောင်စမ သားက ဦးဦး တိုင်ပေးသလို လိုက်ပြော “
” ဟုတ်ကဲ့ “
” ကဲ အားလုံး လက်အုပ်ချီထား ကျုပ်ပြောနေတဲ့အချိန် တစ်ယောက်မှလိုက်မဆိုပါနဲ့ ဒီက ကလေးပြောတဲ့အချိန်မှ လိုက်ဆိုကြပါ သား အဆင်သင့်ဖြစ်ပြီလား”
” ဟုတ်ကဲ့ဦးဦး “
” ဒါဆိုဦးဦး တိုင်ပေးသလို လိုက်ဆို”ဆိုပြီး အောက်ပါသစ္စာကတိကိုတိုင်ပေးခဲ့တယ်။
” ကျွန်ုပ်တို့သည် တတ်မြောက်ထားသည့် အောက်လမ်းပညာရပ်ဖြင့် ခုနှစ်ရက်သားသမီးများမူးဝေ၊အော့အန်၊ဖျားနာ၊သေဆုံးအောင် မည်သည့်အခါတွင်မျှ မပြုလုပ်တော့ပါ ကျွန်ုပ်တို့တတ်အပ်ထားသည့်ပညာအရပ်ရပ်အား မောင်စမထံသို့ ပေးလှူပါသည် ဤသစ္စာစကားမှန်ကန်ပါက အရှေ့တွင်ရှိသော ရေသည် ကျောက်စက်ရေအလား အေးမြပါစေသား၊ ကတိသစ္စာကိုဖောက်ဖျက်ပြီး ပညာအရပ်ရပ်ထဲမှ အချို့သောပညာရပ်ကိုချန်လှပ်ထားရှိခဲ့ပါက ဤသစ္စာရေသည် မဟာအဝီဇိငရဲမှ မီးတောက်ကဲ့သို့ ပူလောင်၍ အတွင်းအူကလီစာများပြတ်တောက်ကာ သွေးပွက်ပွက်အန်သေဆုံးရပါစေ”
မောင်စမလဲ အဝတ်ဖြူဝတ်လူတိုင်ပေးတဲ့အတိုင်းလိုက်ပြောခဲ့ရာ အိမ်ပေါ်မှာရှိနေတဲ့လူတွေကလဲ အနောက်ကလိုက်ဆိုခဲ့ကြတယ်။ သစ္စာဆိုကာ ပညာသိမ်းရေစင်ကို လူတိုင်းစေ့တိုက်ပြီးတဲ့အခါမှာတော့ အဝတ်ဖြူဝတ်လူက
” သင်တို့သည် ယနေ့ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို လုံးဝသတိမရစေရ ” လို့ပြောပြီး လက်နဲ့ဝှေ့ယမ်းလိုက်ရာ အရှေ့မှာထိုင်နေတဲ့လူအားလုံး လဲကျမေ့မြောသွားကြတယ်။
မောင်စမလဲ အဝတ်ဖြူဝတ်ထားတဲ့လူကိုကြည့်ပြီး
” ဦးဦး က အရမ်းတော်တာပဲ သားလဲ ဦးဦးလိုဖြစ်ချင်တယ်”
” ဖြစ်လာမှာပေါ့ ဒီလိုဖြစ်ဖို့အတွက် သားကအများကြီးကြိုးစားရဦးမှာ “
” ကြိုးစားမယ် ဦးဦးက သားဘေးမှာရှိနေမှာလား”
” ဦးဦးက သားဘေးမှာအမြဲရှိနေပါတယ် အခုနောက်ကျနေပြီ ကပ္ပိယကြီးကိုနှိုးပြီး ကျောင်းပြန်လိုက်ဦး ဒီညဖြစ်တာတွေကို ဘယ်သူ့ကိုမှပြန်မပြောရဘူးလို့ ဦးဦးကိုကတိပေး ကတိဖျက်ရင် ဦးဦးက မသင်ပေးတော့ဘူး”
” ကတိပေးတယ် လုံးဝပြန်မပြောဘူး ကပ္ပိယကြီးကိုလဲမပြောဘူး ဒါနဲ့ ဦးဦး နာမည်က ဘယ်လိုခေါ်လဲ “
မောင်စမစကားကြောင့် အဝတ်ဖြူဝတ်ထားတဲ့လူက ချွန်ထက်နေတဲ့သွားတက်လေးပေါ်အောင်ပြုံးလိုက်ပြီး
” ဦးဦး နာမည်က အောင်မြတ်သာလို့ခေါ်တယ် ” လို့ပြောပြီး ကပ္ပိယကြီးကိုတွဲကာ အိမ်အောက်ကိုဆင်းသွားခဲ့တယ်။
အိမ်အောက်ရောက်တော့
” နောက်ရက်တွေ ဦးဦးသင်ပေးထားတာတွေ လေ့ကျင့်ဖို့မမေ့နဲ့ဦး” လိုပြောကာ အမှောင်ထုထဲကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
အဲဒီအချိန်မှာပဲ ကပ္ပိယကြီးသတိရလာပြီး
” ဟိုကောင်လေး ဘယ်တွေလိုက်ငေးနေတာလဲ ဆွမ်းချိုင့်တွေစုံပြီ ပြန်ကြရအောင်” လို့ပြောကာ ဘုန်းကြီးကျောင်းဘက်ရှိရာထွက်လာကြတယ်။
လမ်းတစ်လျောက်မှာတော့ ကပ္ပိယကြီးက လေတစ်ချွန်ချွန်နဲ့ အေးဆေးစွာလျောက်နေတဲ့အချိန် မောင်စမရဲ့ကျောပြင်မှာ အလင်တန်းတစ်ခုရုတ်တရက်ပေါ်လာခဲ့တာကို ဘယ်သူမှမသိခဲ့ကြပေ။
နောက်ဝတ္တုတွေမှာလဲ အောင်မြတ်သာရဲ့လမ်းညွှန်သင်ကြားမှုတွေရဲ့အောက်မှာ မောင်စမတိုးတက်လာဦးမလား။ ပညာသိမ်းခံထိတဲ့ လူတွေရဲ့အဆက်တွေကရော ဘယ်လိုရောက်လာကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် စမကျောပြင်ခြောက်ကွက်တင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)