°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)
အောင်မြတ်သာတို့ဆရာတပည့်တွေ အညာနွေရဲ့အပူဒဏ်ကိုအံတုရင်း ခရီးဆက်လာခဲ့တာ အတော်ခရီးပေါက်လာခဲ့ကြတယ်။
နေကလဲဝင်တော့မှာမို့ ညအိပ်တည်းခိုစရာနေရာကိုရှာဖွေရင်း ဘုံးကဘွေဆိုတဲ့ရွာလေးကိုရောက်လာခဲ့တယ်။ ရွာထဲကိုဝင်လိုက်တာနဲ့ အောင်မြတ်သာနှာခေါင်းထဲ ပုတ်အဲ့အဲ့အနံ့တစ်ခုကဝင်ရောက်လာခဲ့တယ်။
ရုတ်တရက်လမ်းလျောက်နေရင်း ရပ်လိုက်တဲ့ အောင်မြတ်သာကိုမြင်တော့ သက်ခိုင်က
” ဆရာ ဒီရွာကိုကြည့်ရတာ ပုံမှန်မဟုတ်ဘူး ရွာစည်းတွေလဲကျိုးနေတယ် ရွာထိပ်က နတ်နန်းမှာလဲ အစောင့်မရှိဘူး”
” ဟုတ်တယ် ဒါကြောင့် ထူးဆန်းနေတယ်လို့ခံစားမိတာ အခြေအနေကိုသိရအောင် ရွာထဲဝင်ကြည့်ရအောင်”
အောင်မြတ်သာတို့လဲ ရွာထဲကိုဆက်ဝင်ခဲ့ကြတယ်။ ရွာလမ်းမတစ်လျောက် ဆော့ကစားပြေးလွှားနေတဲ့ ကလေးတွေ၊ လယ်ယာသိမ်းပြီးပြန်လာတဲ့ ရွာသူရွာသားတွေကြောင့် ဘုံးကဘွေရွာလေးက အနည်းငယ်စည်ကားနေတယ်။
ဘေးဘီဝဲယာကိုကြည့်ရင်း လျောက်လာခဲ့တာ အိမ်တစ်အိမ်အရှေ့ရောက်တော့ အောင်မြတ်သာ ဆက်မသွားတော့ပဲ ရပ်လိုက်တယ်။
အောင်မြတ်သာရဲ့အရိပ်အခြေကိုစောင့်ကြည့်နေတဲ့သက်ခိုင်က
” ဆရာ ဒီအိမ်မှာ တစ်ခုခုထူးခြားနေပြီ အိမ်ကနေထွက်လာတဲ့အလင်းက ညိုပုတ်ပုတ်အရောင်ဖြစ်နေတယ် နောက်ပြီး အိမ်မှာစောင့်တဲ့ အိမ်စောင့်နတ်လဲမရှိဘူး သူ့ခြံထဲမှာလဲ နာနာဘာဝအချို့ကိုတွေ့ရတယ်”
သက်ခိုင်ရဲ့စကားကြောင့် အောင်မြတ်သာအနည်းငယ်ပြုံးလိုက်ပြီး
” သက်ခိုင် မင်းတောင် တော်တော်တိုးတက်လာပြီပဲ ဟုတ်တယ် ဒီအိမ်က တစ်ခုခုတော့မှားနေပြီ လူတော့နေမယ့်ပုံပဲ အကျိုးအကြောင်းသိရအောင် ရွာထဲမှာစုံစမ်းကြည့်ပါ ငါနဲ့တောက်ရက ဘုန်းကြီးကျောင်းကိုသွားလိုက်ဦးမယ်”
အောင်မြတ်သာနဲ့သက်ခိုင်တို့လဲ ရွာလယ်လမ်းဆုံမှာ လမ်းခွဲလိုက်ကြပြီး ဦးတည်ရာအသီးသီးကိုထွက်လာခဲ့လိုက်ကြတယ်။
” ကျုပ်တို့ရွာဒီတစ်နှစ်နှစ်နှစ်အတွင်း ဘာတွေဖြစ်နေလဲမသိပါဘူးဗျာ ဖြစ်လိုက်တဲ့ရောဂါ သေလိုက်တဲ့လူတွေ ဒီကြားထဲ စိုက်ပျိုးသီးနှံတွေကမဖြစ်ထွန်း အတော်စိတ်ညစ်သဗျို့”
မလှမ်းမကမ်းက ခြံဝိုင်းထဲမှာ လင်မယားနှစ်ယောက် ညီးတွားနေတာကိုကြားလိုက်ရတဲ့ သက်ခိုင်က
” အိမ်ရှင်တို့ ကျုပ်ကိုဝင်ခွင့်ပြုပါ”
” အေး အေး ဝင်လာလေ”
သက်ခိုင်လဲ ခြံထဲကိုဝင်လိုက်ပြီး အိမ်ရှေ့မှာချထားတဲ့ကွပ်ပြစ်ပေါ်မှာထိုင်လိုက်တယ်။
” ဒီကမိတ်ဆွေက ဘယ်သူပါလဲ”
” ကျုပ်က ခရီးသွားပါ နယ်တကာလှည့်ပြီး ဆေးကုနေတဲ့သူဆိုလဲမမှားပါဘူး အခုလမ်းသွားရင်း အိမ်ရှင်တို့ပြောနေတဲ့စကားကိုကြားလို့ ခဏဝင်လာတာပါ ကျုပ်ဒီရွာကိုစရောက်ထဲက စိတ်ထဲမသိုးမသန့်ဖြစ်နေတာ ဘာကြောင့်ဆိုတော့မပြောတတ်ဘူး “
သက်ခိုင်စကားကြောင့် အိမ်ရှင်လင်မယားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
” မိတ်ဆွေက ပယောဂတွေဘာတွေကုလား”
” နည်းနည်းပါးပါးတော့ကုတတ်ပါတယ် ကျုပ်ဘာများကူညီရမလဲ”
” ဒီလိုဗျ ညဘက်ဆယ်နာရီလောက်ရောက်ရင် အကောင်နှစ်ဆယ်လောက်ရှိတဲ့ ခွေးအုပ်ကြီးတွေ ကျုပ်တို့ရွာထဲကိုဝင်လာတတ်တယ် ဒီကောင်တွေကလူတွေကိုလဲမကြောက်ဘူး မောင်းထုတ်ရင်လဲ ပြန်ကိုက်တတ်ကြသေးတယ် အဲဒီခွေးအုပ်တွေက ရွာထဲမှာရှိတဲ့ ကြက်တွေဝက်တွေဘဲတွေအကုန်ဆွဲတာ ရိုက်ထုတ်မောင်းထုတ်လဲခဏပဲ လူလစ်တာနဲ့ ရွာထဲပြန်ဝင်လာတတ်တယ် မနက်အာရုံတက်ခါနီးလောက်ကျမှ အလျှိုလျှိုပျောက်သွားတာ”
” စိတ်ဝင်စားစရာပဲ ဆက်ပြောပါဦး”
” ဒါပေမယ့်ထူးဆန်းတာက ခွေးအုပ်တွေလာရင် ရွာထဲအရင်မဝင်ပဲ ဦးငှက်ကျားနေတဲ့အိမ်ကို ကြည့်ပြီး စူးစူးဝါးဝါးထိုးဟောင်တတ်တယ်”
“ဦးငှက်ကျားအိမ်ဆိုတာက ဘယ်နားကလဲ”
” မိတ်ဆေတို့ရွာထဲဝင်တာနဲ့ သုံးအိမ်ကျော်ပဲလေ သူ့အိမ်ကိုဆေးအနီတွေသုတ်ထားတာသတိထားမိလား”
အိမ်ရှင်ရဲ့စကားကြောင့် သက်ခိုင်အမှတ်ရသွားတယ်။
” အော် သိပြီ သိပြီ ခွေးတွေနဲ့ အဲဒီအိမ်ဘယ်လိုပတ်သတ်မှုရှိလို့လဲ”
” အဲဒါတော့ကျုပ်လဲမပြောတတ်ဘူး ဒီကောင်တွေဟောင်ပြီဟေ့ဆိုရင် ရွာထဲကခွေးတွေအမြှီးတောင်မလှုပ်ရဲဘူး ခွေးအုပ်တွေက အဝင်တစ်ခါ အထွက်တစ်ခါ ဦးငှက်ကျားအိမ်ကို ကြည့်ပြီးဟောင်တတ်တယ်”
” အဲဒီအိမ်ထဲကိုရော ဝင်မကြည့်ကြဘူးလား”
” အမလေးလေး ဦးငှက်ကျားဆိုရင် တစ်ရွာလုံးက ဖင်တုန်အောင်ကြောက်တာ သူကြီးကတောင်ဘာမှမပြောရဲဘူး”
” ဟမ် ဘာကြောင့်များလဲဗျ”
” ဦးငှက်ကျားက လူသတ်ပြီးထောင်ကျထားတာ သူ့အိမ်ထဲပစ္စည်းဝင်ခိုးတဲ့ သူခိုးသုံးကောင်ကို ဓါးနဲ့ခုတ်သတ်ခဲ့တာ အဲဒီအမှုကြောင့် ထောင်ကျခဲ့သေးတယ် ထောင်ကထွက်လာတော့ မိန်းမတစ်ယောက်ပါယူလာသေးသဗျာ သူ့မိန်းမကိုတော့သူကအရမ်းချစ်တာ အဲဒါကြောင့် သူ့အိမ်ထဲအခွင့်မရှိပဲဝင်ရင် သူကသတ်မယ်ဆိုပြီးကြိမ်းထားတယ်”
” ဒါဆို အခုသူက သူ့မိန်းမနဲ့တူတူနေတာပေါ့”
” မဟုတ်ဘူးဗျ သူ့မိန်းမက လွန်ခဲ့တဲ့နှစ်နှစ်လောက်က မီးယပ်ရောဂါနဲ့ဆုံးသွားပြီ အခုကသူတစ်ယောက်ထဲနေတယ်”
” ဒါဖြင့် ကျုပ်တို့လာတုန်းက သူ့ခြံထဲမှာ မိန်းမအတ်အစားတွေလှမ်းထားတာတွေ့မိလိုက်တယ်”
” သူကအဲလိုပဲဗျ မိန်းမသေတော့ လူလဲအရူးတစ်ပိုင်းလိုဖြစ်နေတာ သူ့မိန်းမအသုံးအဆောင်တွေအဝတ်အစားတွေကအစအခုထိသိမ်းထားတာ”
” ရွာထဲကလူတွေအနေနဲ့ ထူးခြားမှုတွေဘာတွေမကြုံရဘူးလား”
” ထူးထူးခြားခြားတော့မကြုံရဘူး ဒါပေမယ့် တစ်ခါတစ်လေ အိမ်ရှေ့ကဖြတ်ရင်တော့ အပုတ်နံ့တွေရတယ် အဲဒီအကြောင်းကို ဦးငှက်ကျားကိုပြောလို့မရဘူး တစ်ခါက သွားပြောတဲ့သူကို ဓါးနဲ့လိုက်ခုတ်ပြီးထဲက ဘယ်သူမှမပြောရဲတော့ဘူး”
” အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ် အချိန်လဲလင့်နေပြီမို့လို့ ကျုပ်ကိုခွင့်ပြုပါဦး”
သက်ခိုင်လဲ အိမ်ရှင်လင်မယားကိုနှုတ်ဆက်ပြီး အောင်မြတ်သာတို့တည်းခိုရာဘုန်းကြီးကျောင်းကိုထွက်လာခဲ့လိုက်တယ်။
ညဘက် ညစာစားပြီးတဲ့အချိန် အောင်မြတ်သာက
” ညနေက တို့တွေ့ခဲ့တဲ့အိမ်အခြေအနေကို ငါသဘောပေါက်ပြီ ဒီအတိုင်းလွှတ်ထားရင်တော့ ရွာထဲကလူတွေရော ရွာရော အကုန်ထိခိုက်ကုန်လိမ့်မယ်”
” ဒါဆို ဆရာကဘယ်လိုလုပ်မယ်လို့ဆုံးဖြတ်ထားလဲ”
” ဒီညခွေးအူသံကြားတာနဲ့ မင်းနဲ့ငါ လုပ်ဖို့ကိစ္စတွေရှိတယ် တောက်ရက ခွေးအူသံကြားတာနဲ့ ဆရာတော်ဆီက သိမ်ဝင်ပုတီးကိုတောင်းပြီး ရွာထိပ်ကိုထွက်လာခဲ့”
“ဟုတ်ကဲ့ဆရာ ကျွန်တော်အဆင်သင့်လုပ်ထားလိုက်ပါမယ်”
အောင်မြတ်သာလည်း ပြောစရာရှိတာပြောပြီး ဘုရားခန်းထဲဝင်ကာ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်းတို့ကိုလုပ်နေလိုက်တယ်။
လူကြီးခေါင်းချချိန်လောက်ရောက်တော့ ရွာထိပ်ဘက်ကနေ စူးစူးဝါးဝါးထိုးဟောင်လာတဲ့ ခွေးဟောင်သံသဲ့သဲ့ကိုကြားလိုက်ရတယ်။
ခွေးဟောင်သံကြားတာနဲ့ သက်ခိုင်ကလွယ်အိတ်ကိုကောက်လွယ်ကာ အောင်မြတ်သာရှိရာဘုရားခန်းဘက်ကိုထွက်လာခဲ့လိုက်တယ်။
ဘုရားခန်းအရှေ့ရောက်တော့ အောင်မြတ်သာက အသင့်ဖြစ်နေတာကိုမြင်လိုက်ရတယ်။ အောင်မြတ်သာက သက်ခိုင်ကိုမြင်တော့
” ခွေးဟောင်သံကြားတဲ့ဘက်ကိုသွားကြရအောင် ဆရာတော်ကိုလဲလျောက်ထားပြီးပြီ ဒီခွေးအုပ်ကိုအရင်ရှင်းပြီးမှ ကျန်တာဆက်လုပ်ကြမယ်”
သက်ခိုင်လဲအောင်မြတ်သာစကားအဆုံးမှာ နားလည်တယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ခေါင်းကိုညိမ့်ပြလိုက်တယ်။
အောင်မြတ်သာတို့ရွာလမ်းထိပ်ကိုထွက်လာတော့ ခွေးအူသံ ခွေးဟောင်သံတွေက ပိုကျယ်လာခဲ့တယ်။ ဦးငှက်ကျားအိမ်မရောက်ခင်မှာ အောင်မြတ်သာက ခဏရပ်လိုက်ပြီး
” အိမ်ထဲမှာမီးလင်းနေတယ် ဦးငှက်ကျားမအိပ်သေးဘူးထင်တယ် “
အောင်မြတ်သာစကားအဆုံးမှာ ရွာထဲကိုဝင်လာတဲ့ခွေးအုပ်ကြီးကိုမြင်လိုက်ရတယ်။ အကောင်နှစ်ဆယ်လောက်ရှိတဲ့ခွေးအုပ်ကြီးရဲ့အလယ်မှာ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ ခွေးတစ်ကောင်ကိုမြင်လိုက်ရတယ်။
ခွေးအုပ်ကြီးက လမ်းလယ်မှာရပ်နေတဲ့ အောင်မြတ်သာတို့ကိုမြင်တာနဲ့ သရဲတဘက်ကိုမြင်သလို စူးစူးဝါးဝါးထိုးဟောင်ပြီး မာန်ဖီနေကြတယ်။
အဲဒီအချိန်ဦးငှက်ကျားရဲ့ အိမ်တံခါးပွင့်လာပြီး ဦးငှက်ကျားနဲ့အတူ မိန်းမတစ်ယောက်ထွက်လာတာကိုအောင်မြတ်သာတို့မြင်လိုက်ရတယ်။
ဦးငှက်ကျားက အောင်မြတ်သာတို့ကိုမြင်တာနဲ့ အိမ်တံခါးကိုချက်ချင်းပိတ်ကာ မီးကိုငြိမ်းပစ်လိုက်တယ်။
မီးပိတ်လိုက်တာကိုမြင်တော့ အောင်မြတ်သာက သက်ခိုင်ကိုလှမ်းကြည့်လိုက်တယ်။ သက်ခိုင်ကလဲ သဘောပေါက်တယ်ဆိုတဲ့သဘောနဲ့ ခေါင်းညိမ့်ပြလိုက်တယ်။
ခွေးအုပ်ကြီးကလဲမာန်ဖီနေရင်း အောင်မြတ်သာတို့ကိုကိုက်ဆွဲရန် အရှိန်နဲ့ပြေးလာခဲ့တယ်။ အကောင်နှစ်ဆယ်လောက်ရှိတဲ့ခွေးအုပ်ကြီးနဲ့ရင်ဆိုင်ဖို့ဆိုတာ သာမန်လူတွေအဖို့မဖြစ်နိုင်ပေမယ့် အောင်မြတ်သာကတော့ ကြောက်ရွံ့ခြင်းမရှိပဲ ရပ်မြဲတိုင်းရပ်နေခဲ့တယ်။
ခွေးအုပ်ကြီးက အောင်မြတ်သာနဲ့ ဝါးတစ်ပြန်အလိုလောက်ရောက်တော့
” ဝေါင်း “ဆိုတဲ့အသံနဲ့အတူ ဘေးအမှောင်ထုထဲကနေ ကိုးတောင်ကျားနှစ်ကောင်ခုန်ထွက်လာပြီး အောင်မြတ်သာအရှေ့မှာပိတ်ရပ်လိုက်တယ်။
အရှိန်နဲ့ပြေးလာတဲ့ခွေးအုပ်ကြီးက ကျားနှစ်ကောင်ကိုမြင်တော့ ပြေးလာတဲ့အရှိန်ကိုလျော့လိုက်ပြီး အမြှီးကုပ်ကာပြန်ပြေးဖို့အလုပ် အောင်မြတ်သာအရှေ့မှာရှိနေတဲ့ကျားနှစ်ကောင်က ခွေးအုပ်ကြီးကိုအလွတ်မပေးပဲ လက်သည်းစာတွေ အစွယ်စာတွေကျွေးလိုက်တယ်။
ခွေးအုပ်ထဲမှာပါတဲ့ ခွေးတွေအားလုံးထွက်ပြေးကြပေမယ့် ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ ခွေးကတော့ ထွက်မပြေးတော့ပဲ ကျားနှစ်ကောင်ကို အတင်းပြန်လုံးပါလေရော။
ဒါပေမယ့်ခွန်အားချင်းမမျှတဲ့အတွက် ရေရှည်မခံနိုင်တော့တဲ့အချိန် အောင်မြတ်သာက
” သူ့ကိုငုံပြီးကိုက်ချီလာခဲ့ ဒဏ်ရာမရစေနဲ့”လို့အမိန့်ပေးလိုက်တော့ ကိုက်သတ်လုဆဲဆဲကျားနှစ်ကောင်က အရှိန်လျော့လိုက်ပြီး လည်ဂုတ်ကိုခဲကာအောင်မြတ်သာအရှေ့ကိုခေါ်လာခဲ့တယ်။
အောင်မြတ်သာကအရှေ့မှာခွေခွေလေးလဲကျနေတဲ့ ခွေးကိုကြည့်ပြီး သက္ကတဘာသာစကားဖြင့်
” သင်အကုသိုလ်တွေများတဲ့အတွက် အဟိတ်တိရိစ္ဆာန်ဘဝကိုရောက်ခဲ့ရတယ် ဒါတောင်အသိသံဝေဂမရသေးပဲ ဆက်မိုက်နေတုန်းပဲလား”
အောင်မြတ်သာရဲ့စကားကိုကြားတော့ ခြေရင်းမှာလဲကျနေတဲ့ ခွေးက ခေါင်းလေးမော့လာပြီး တအီးအီးနဲ့ အတန်ကြာအောင်အော်ပါလေရော။
အောင်မြတ်သာကလဲ သေချာနားထောင်ပြီး
” သင်အခုတောထဲကိုပြန်မသွားနဲ့တော့ ရွာဦးဘုန်းကြီးကျောင်းမှာနေပြီး နောင်ဘဝအတွက်မျိုးစေ့တွေစုဆောင်းပါ သင်ဘဝကအခုလိုနေရမယ့်ဘဝမျိုးမဟုတ်ဘူး”
အောင်မြတ်သာရဲ့စကားအဆုံးမှာ ခွေလဲနေတဲ့ ခွေးရဲ့မျက်လုံးကနေ မျက်ရည်တွေကျလာခဲ့တယ်။(ခွေးကလေးဘိုကံအကြောင်းကိုတော့ အောင်မြတ်သာနှင့် အပါယ်လေးဘုံဆိုတဲ့ဝတ္တုတွင်ဖတ်ရှုနိုင်ပါတယ်)
အောင်မြတ်သာရဲ့စကားအဆုံးမှာတော့ ဘေးနှစ်ဖက်မှာရှိနေတဲ့ကိုးတောင်ကျားနှစ်ကောင်က ရုတ်တရက်ဆိုသလိုအမှောင်ထုထဲကို ခုန်ဝင်ကာ ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ ဒဏ်ရာတွေနဲ့လဲနေတဲ့ခွေးရဲ့ခန္ဓာကိုယ်ကိုလက်နဲ့သပ်ချလိုက်တဲ့အချိန် ဒဏ်ရာတွေရုတ်တရက်ပျောက်ကင်းသွားပြီး ကုန်းထလာခဲ့တယ်။
အဲဒီအချိန်
” အိမ်ရှေ့မှာဆူညံဆူညံနဲ့ မလုပ်နေနဲ့ အိပ်ရေးပျက်တယ် သွားကြ သွားကြ”ဆိုတဲ့ ဦးငှက်ကျားရဲ့အသံက အိမ်ထဲကနေထွက်လာခဲ့တယ်။
အောင်မြတ်သာကဘာမှမပြောတော့ပဲ မချိပြုံးလေးပြုံးကာ ဘုန်းကြီးကျောင်းရှိရာဘက်ကိုပြန်လာခဲ့လိုက်တယ်။
နောက်တစ်နေ့မနက်မှာတော့ ဆွမ်းကျန်ဟင်းကျန်တွေကိုစားနေတဲ့ ခွေးလေးကိုမြင်လိုက်ရတယ်။ ဆရာတော်ကတော့ ခွေးနာမည်ကို ရန်လုံလို့အမည်ပေးခဲ့တယ်။
အောင်မြတ်သာတို့လည်း ဦးငှက်ကျားအိမ်ကိစ္စကိုဖြေရှင်းဖို့ကျန်နေတဲ့အတွက် ရွာကနေမထွက်သေးပဲ အချိန်တစ်ခုကိုစောင့်နေခဲ့တယ်။
သူတစ်ပါးပိုင်ဆိုင်တဲ့အိမ်ထဲခြံထဲကိုဝင်ဖို့ဆိုရင် ပိုင်ရှင်ခွင့်ပြုချက်ရမှဖြစ်မှာမို့လို့ ဦးငှက်ကျားရဲ့ခွင့်ပြုချက်ကိုရဖို့ အောင်မြတ်သာတို့ နည်းလမ်းတစ်ခုကိုသုံးခဲ့ကြတယ်။
ဘုံကဘွေရွာမှာ တစ်ရွာလုံးပရိတ်တရားနာရမယ်ဆိုပြီး ဆရာတော်က မိန့်တော်မူခဲ့တယ်။ ရွာရဲ့စီးပွားရေး၊ လူမှုရေးတွေ ကျဆင်းနေမှုတွေကို ဆရာတော်ဦးဆောင်ပြီး ရွာနီးချုပ်စပ်က သံဃာတော်များပါဝင်တဲ့ အဖွဲ့ကိုလဲပင့်ဖိတ်ထားခဲ့တယ်။
ပရိတ်တရားနာယူပွဲကိုမလာနိုင်တဲ့သူတွေရဲ့အိမ်တွေကိုလဲ ဆရာတော်ကိုယ်တိုင် ပရိတ်ရေနဲ့လိုက်ဖြန်းမယ်လို့လဲကြေညာလိုက်ရော ဦးငှက်ကျားလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
လက်မခံရင်လဲ တစ်ရွာနဲ့တစ်ယောက်ဖြစ်ဦးမယ် လက်ခံရင်လဲ အင်းးးး
ဦးငှက်ကျားတွေးရင်း အိမ်ရှေ့ဝရန်တာမှာ ထွက်ထိုင်နေလိုက်တယ်။ အဲဒီအချိန် နှာခေါင်းထဲကို အပုတ်နံ့က စူးခနဲဝင်လာခဲ့တယ်။
” မိန်းမ ရောက်လာပြီလား အခုလောလောဆယ် အိမ်ပေါ်ကနေ ခဏဖယ်နေပေးပါဟာ ငါလဲတကယ်မတတ်နိုင်လို့ပါ ဆရာတော်တွေ ပြန်ကြွသွားရင် ငါလာပြန်ခေါ်ပါ့မယ်”
ဦးငှက်ကျားကတစ်ယောက်ထဲပြောနေရင်း ဆေးပေါ့လိပ်တစ်လိပ်ကိုထုတ်သောက်လိုက်တယ်။
အဲဒီအချိန် အိမ်ရှေ့မှာချိတ်ထားတဲ့ ပန်းအိုးက လေမတိုက်ပဲလှုပ်ရမ်းသွားတယ်။
” မိန်းမ စိတ်ဆိုးနေတာလား ခဏပါပဲကွာ အခုကဆရာတော်ကိုယ်တိုင်အမိန့်ထုတ်ထားတော့ အကိုလဲမတတ်နိုင်လို့ပါ မိန်းမကိုယ်ပွားလေးကို ခြံအနောက်သရက်ပင်ပေါ်မှာ ခဏသွားထားပေးတယ် ခဏနေဆရာတော်တွေလာတော့မှာမို့ အိမ်ပေါ်ကခဏဖယ်ပေးပါနော်”
ဦးငှက်ကျားးစကားမဆုံးခင်မှာပဲ
” ဦးငှက်ကျား ရှိလား “
“ဘယ်သူလဲဟေ့”
” ဆရာတော်လွှတ်လိုက်တဲ့အဖွဲ့တွေပါ ခြံထဲဝင်ခွင့်ပြုပါဦး”
” ဆရာတော်ကရောမပါဘူးလား”
” ဆရာတော်က ဟိုဘက်အပိုင်းကြွသွားလို့ သူ့ကိုယ်စားလွှတ်လိုက်တာ”
ဆရာတော်မပါဘူးဆိုတော့ ဦးငှက်ကျားမျက်နှာရွှင်ပြသွားပြီး
“အေး ဝင်လာခဲ့ကြ လုပ်စရာရှိတာမြန်မြန်လုပ်ပြီး ပြန်ကြ”
” ပရိတ်ရေအိုးကိုင်ထားတဲ့လူငယ်က ခြံတံခါးကိုတွန်းဖွင့်ပြီး ခြံထဲကိုဝင်လာခဲ့လိုက်တယ် “
ခြံထဲမဝင်ခင် တံခါးဝမှာ ဆီစိမ်စက္ကူအင်းချပ်တစ်ချပ်ကို ကပ်ခဲ့တာကိုတော့ ဦးငှက်ကျားမသိလိုက်ဘူး။
ပရိတ်ရေအိုးကိုင်ထားတဲ့လူငယ်နှစ်ယောက်ကတော့ ခြံဝင်းထဲမှာပရိတ်ရေတွေဖြန်းပြီးတော့ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
အိမ်ပေါ်ရောက်တော့
” ဦးငှက်ကျား ဘုရားစင်မှာ ဘုရားလဲမရှိဘူး “
” ဟေ့ကောင်တွေစကားမရှည်နဲ့ လုပ်စရာရှိတာလုပ်ပြီးပြန်ကြ ဆရာတော်ကြောင့် သည်းခံနေတာနော် “
လူငယ်နှစ်ယောက်လဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး အိမ်ခန်းထဲကိုဝင်လိုက်ကြတယ်။ အိမ်ခန်းထဲရောက်တော့ အိပ်ယာပေါ်မှာ လူနှစ်ယောက်စာ သေချာခင်းထားတာကိုမြင်လိုက်ရတယ်။
” ရပြီ ရပြီ ကျုပ်တို့သွားပြီ ပရိတ်ရေတွေအကုန်ဖြန်းပြီးပြီ ဦးငှက်ကျားအိမ်ဘေးကင်းသွားပြီ” လို့ပြောပြီး ဦးငှက်ကျားရဲ့ပခုံးကိုပုတ်လိုက်တယ်။
တစ်ရွာလုံးပရိတ်တရားတော်တွေရွတ်ဖတ်ရတဲ့အတွက် ဝမ်းသာကြည်နူးနေကြတယ်။ ညနေဘက်ရောက်တော့
” ဆရာတော်ဘုရား ဦးငှက်ကျား သူ့ခြံအနောက်ဘက်မှာမေ့လဲနေလို့”
နွားကျောင်းသားကလေးရဲ့စကားကြောင့် အောင်မြတ်သာတို့ကမန်းကတမ်းလိုက်သွားခဲ့ကြတယ်။ ခြံထဲရောက်တော့ ဦးငှက်ကျားလည်ပင်းပေါ်မှာ နီရဲနေတဲ့လက်ငါးချောင်းရာကြီးက အထင်းသား။
အောင်မြတ်သာလဲ ဦးငှက်ကျားရဲ့နဖူးကို လက်ညိုးထိပ်လေးနဲ့တောက်လိုက်တယ်ဆိုရင်ပဲ သတိမေ့နေတဲ့ဦးငှက်ကျား သတိပြန်လည်လာတယ်။
” ဒကာလေး သတိရပြိလား”
” ဆရာတော်ဘုရားကြွလာတာလား ကျွန်တော်ဘာမှမဖြစ်ပါဘူး သရက်ပင်ပေါ်ကနေပြုတ်ကျလို့ပါဘုရား”
ဦးငှက်ကျားက ရွာသားတွေသိကုန်မှာစိုးလို့ ဖုံးနိုင်သမျှဖုံးဖို့ကြိုးစားပေမယ့် လည်ပင်းက လက်ငါးချောင်းရာကြီးကိုတော့ ဖုံးမရခဲ့ပေ။
“ဒကာကြီး ဘဝချင်းကမတူကြတော့ဘူးလေ ဘာကြောင့်သဘာဝတရားကိုလွန်ဆန်ချင်နေတာလဲ”
” ဟင် ဆရာတော်ဘုရား ဘယ်လိုသိတာလဲ”
” ဟောဒီကဒကာနှစ်ယောက်ပြောပြလို့သိတာပါ ဒကာလေးအရမ်းချစ်ပါတဲ့ဆိုတဲ့သူက အခုဒကာလေးကိုရန်ပြုနေပြီမဟုတ်လား”
” သူတို့ သူတို့လုပ်သွားတာပေါ့ တပည့်တော်မိန်းမအိမ်ထဲမှာနေမရအောင်သူတို့လုပ်သွားတာ “
အောင်မြတ်သာက ဦးငှက်ကျားစကားကိုကြားတော့
” ဒါကမလုပ်ကောင်းတဲ့အရာတွေပါ ဦးငှက်ကျားရဲ့အတ္တကြောင့်တစ်ရွာလုံးထိခိုက်နေရပါတယ် ဦးငှက်ကျားအရမ်းချစ်ပါတယ်ဆိုတဲ့ သူကတောင် သူ့အလိုကိုမလိုက်ရင် ဘယ်လိုဒုက္ခပေးတယ်ဆိုတာကိုယ်တွေ့ပဲမဟုတ်လား ဒါတောင်ကျုပ်တို့အသိမြန်လို့ပေါ့ မဟုတ်ရင် အသက်ကိုတောင် ထိခိုက်နိုင်တယ်”
အောင်မြတ်သာရဲ့စကားကြောင့် ဦးငှက်ကျားခေါင်းငိုက်စိုက်ကျသွားပြီး
” ကျုပ်မှားသွားတယ် ကျုပ်အရမ်းချစ်တဲ့စိတ်က အမှောင်ဖုံးသွားခဲ့တယ် အခုသူစိတ်ဆိုးနေတယ် ကျုပ်ဘာဆက်လုပ်ရမလဲ”
” သူ့ကိုခြံဝင်းထဲကထွက်မရအောင်ချုပ်ထားပြီးပါပြီ သူ့လိပ်ပြာကိုခေါ်လာတဲ့ပစ္စည်းတွေရှိရင်ထုတ်ပေးပါ ဒါမှသူ့ကိုခြံထဲအိမ်ထဲက မောင်းထုတ်လို့ရမှာ”
အောင်မြတ်သာစကားအဆုံးမှာ ဦးငှက်ကျားအိမ်ပေါ်ကိုတက်သွားပြီး ခဏအကြာမှာတော့ အင်္ကျီနဲ့ထဘီတစ်စုံကိုကိုင်ကာပြန်ဆင်းလာခဲ့တယ်။
“ဒါက သူသေတုန်းကဝတ်ခဲ့တဲ့အဝတ်အစားတွေပါ သူ့အလောင်းပေါ်ကနေအိမ်ကိုယူလာခဲ့တာ”
” ဘုရားကျောင်းဆောင်ကိုရောဘာကြောင့် ဖျက်စီးထားတာလဲ”
” သူကိုစခေါ်လာတဲ့နေ့မှာ သူအိမ်မက်ပေးတယ် ဘုရားကျောင်းဆောင်မှာရှိတဲ့ဘုရားကြောင့် သူအိမ်ပေါ်တက်မရဘူးတဲ့ အဲဒါကြောင့် ဘုရားဆင်းတုတော်ကိုသွားစွန့်ပြစ်ခဲ့တာပါ ဘုရားဆင်းတုတော်မရှိတဲ့နောက်မှာ သူ့ကိုအိမ်ပေါ်မှာနေရာပေးခဲ့တယ် ကျုပ်အိပ်ယာဘေးမှာ သူ့အဝတ်အစားတွေကိုထားပြီး သူ့ကိုခေါ်ထားခဲ့တာ သူလာရင်အပုတ်နံ့ပေးတယ် တစ်ခါတစ်လေ ကျုပ်ဘေးမှာကျောပေးပြီးအိပ်နေတတ်တယ် ကျုပ်ကိုပြောစရာရှိရင်တော့ အိမ်မက်ပေးတယ်”
” အခုသူ့ကိုမောင်းထုတ်မှရမယ် ဒါကြောင့်ဦးငှက်ကျားရဲ့သံယောဇဉ်တွေကိုအဆုံးသတ်လိုက်ပါ “
” အဆင်ပြေသလိုလုပ်ကြပါ ကျုပ်မကြည့်ရက်လို့ မျက်နှာလွှဲပြီးနေပါ့မယ် “
အောင်မြတ်သာလဲ ဦးငှက်ကျားယူလာတဲ့အဝတ်တွေကို အားလုံးရှေ့မှာမီးရှို့လိုက်ပြီး
” ဤအဝတ်အစားပိုင်ရှင်သည် ဤအိမ်ဤခြံနှင့်ယနေ့မှစ၍ ပတ်သတ်မှုမရှိတော့ပါ ဤခြံဝင်းအတွင်း၌လည်း နေထိုင်ခွင့်မပြုတော့သည့်အတွက် လွတ်ရာကျွတ်ရာနေရာကိုထွက်သွားပေးပါ သင့်အတွက်အလှူပြုလုပ်သည့်နေ့ရောက်မှ လမ်းဆုံလမ်းခွမှာ လာခေါ်ပါမည် ဤခြံဝင်းနှင့်မသက်ဆိုင်သူများ ကျွန်ုပ်အမိန့်ပြန်သည့်အချိန်မှစ၍ မိမိအသိဖြင့်ထွက်ပေးကြပါ မထွက်ပဲကျန်ရှိနေသူများရှိအား ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးအပ်သွားမည်ဖြစ်ပါသည်” ဆိုပြီးအမိန့်ပြန်လိုက်တဲ့အချိန် ခြံအနောက်ဘက်သရက်ပင်ပေါ်ကနေ လင်းနို့တစ်အုပ်ထပျံသွားသည်ကို ရွာသူရွာသားတွေမြင်လိုက်ကြရတယ်။
အောင်မြတ်သာတို့လဲ အိမ်နဲ့ခြံအတွင်းကို သန့်ရှင်းစေရန် အစီအမံများပြုလုပ်ပေးပြီး နောက်ခုနှစ်ရက်အတွင်းဆွမ်းသွပ်ပေးဖို့မှာကြားကာ ဘုန်းကြီးကျောင်းကိုပြန်လာခဲ့ကြတယ်။
ဆွမ်းသွပ်တဲ့ညမတိုင်ခင် အိမ်ရှေ့မှာထိုင်ငိုနေတဲ့ မိန်းမတစ်ယောက်ကိုမြင်တွေ့ရတယ်လို့ အလှူမှာကူလုပ်ပေးကြတဲ့ရွာသူရွာသားတွေပြောကြတယ်။
ဆွမ်းသွပ်အလှူပြီးတဲ့နောက်နေ့မှာ အောင်မြတ်သာတို့လဲ ရွာကနေပြန်ထွက်ခဲ့ကြတယ်။ ဒီတစ်ခါမှာတော့ ရွာထိပ်နတ်ကွန်းမှာ ယောဂီဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ကျောပေးကာထိုင်နေသည်ကို အောင်မြတ်သာတို့ဆရာတပည့်တွေမြင်လိုက်ရတယ်။
အောင်မြတ်သာတို့ဘုံးကဘွေရွာကနေထွက်လာပြီးနောက်ပိုင်း ထန်းပင်တွေအလေ့ကျပေါက်နေတဲ့ ရွာလေးတစ်ရွာကိုရောက်လာခဲ့တယ်။
ဒီရွာမှာတော့ ဘယ်လိုဘယ်ပုံဖြစ်ရပ်တွေကြုံတွေ့ရမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် မိစ္ဆာဖမ်းစားလူငယ်များဆိုတဲ့ဝတ္တုလေးမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်
မေတ္တာဖြင့်မျှဝေသည်။
(Like & Share ပေးသွားခဲ့ကြပါ)
Uncategorized