အောင်မြတ်သာနှင့်ဘောနက်ကြီးမှငတေလေ
+++++++++++++++++++++++++++++++
အောင်မြတ်သာတို့ ဆရာတပည့်တွေ ပဲခူးကနေထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ သစ်ပင်သစ်တောတွေ ထူထပ်စွာပေါက်ရောက်တဲ့ အရပ်ဒေသတစ်ဖြစ်လဲ ဘောနက်ကြီးနယ်မြေအစပ်ကိုရောက်ရှိလာခဲ့ကြတယ်။
ထိုစဉ်က ဘောနက်ကြီးဆိုတဲ့ဒေသက ယခုလို လူသူမထူထပ်သေးပဲ သစ်ပင်သစ်တောတွေ ဖုံးလွှမ်းနေသလို တောကောင်ကြီးငယ်တွေ ကျက်စားရာနေရာတစ်ခုလဲဖြစ်ခဲ့တယ်။
ဘောနက်ကြီးတောစပ်ကိုရောက်တဲ့နေ့မှာပဲ ခရီးပန်းတဲ့ဒဏ်၊ ရာသီဥတုအခြေအနေတွေကြောင့် မောင်ကောင်းတစ်ယောက် အပြင်းဖျားပါလေရော။
အောင်မြတ်သာနဲ့ ခွန်းလှတို့ကလဲ နေမကောင်းဖြစ်နေတဲ့ မောင်ကောင်းကြောင့် ခရီးမဆက်ကြတော့ပဲ သစ်ခုတ်သမားတွေ ဆောက်လုပ်ခဲ့တဲ့ ယာယီတဲလေးတစ်ခုပေါ်မှာပဲ တစ်ညတာနားခိုခဲ့ကြတယ်။
ညနက်ပိုင်းရောက်လာတာနဲ့အမျှ မောင်ကောင်း တစ်ကိုယ်လုံး မီးလိုပူကျစ်လာပြီး တဂစ်ဂစ်နဲ့ ချမ်းတုန်နေတာကြောင့် အောင်မြတ်သာက လွယ်အိတ်ထဲမှာရှိတဲ့ ကြေးဘူးလေးထဲကနေ အနီရောင်ဆေးမှုန့်အချို့ကိုထုတ်ကာ ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။
ဆေးမှုန့်ထည့်ပေးလိုက်တဲ့အချိန်မှာတော့ အချမ်းဒဏ်က အနည်းငယ်သက်သာသွားပေမယ့် နာရီအနည်းငယ်အတွင်းမှာပဲ အဖျားကပိုတက်လာခဲ့တယ်။
“ ဆရာ… အကိုပုံစံက ငှက်ဖျားမိနေသလိုပဲ”
“ ငါလဲ အဲလိုပဲထင်တယ် ခွန်းလှ… လောလောဆယ် မောင်ကောင်းအတွက် ရေနွေးလိုနေတယ်”
“ ကျွန်တော် လိုက်ရှာကြည့်မယ်ဆရာ…”
“ ညာဘက်ကြီးအဆင်ပြေပါ့မလား”
“ ပြေပါတယ်ဆရာ… ဒီအနီးနားမှာ ချောင်းတစ်ခုခုတော့ရှိမှာပါဗျ”
ခွန်းလှက လွယ်အိတ်ထဲမှာရှိတဲ့ အဝတ်စားအချို့ကို တုတ်တစ်ချောင်းမှာပတ်လိုက်ပြီး မီးတုတ်သဖွယ်ပြုလုပ်ကာ တောထဲကို ထွက်သွားခဲ့လိုက်တယ်။
အောင်မြတ်သာကတော့ သူ့ကိုမှီပြီး အဖျားတက်နေတဲ့ မောင်ကောင်းကို ပွေ့ထားရင်း ဘုရားဂုဏ်တော်အချို့ကို မနားတမ်းရွတ်ဖတ်ပေးနေခဲ့တယ်။
အဲဒီအချိန် တောအတွင်းဘက်တစ်နေရာကနေ သစ်ကိုင်းခြောက်တွေကိုနင်းမိတဲ့အသံကြောင့် မျက်လုံးကိုဝေ့ကြည့်လိုက်ရာ လူတစ်ပွေ့စာလောက်ကြီးမားတဲ့ ပျဉ်းကတိုးပင်နောက်မှာရပ်နေတဲ့ လူရိပ်တစ်ခုကို အာရုံထဲမြင်လိုက်ရတယ်။
“ သစ်ပင်နောက်မှာရပ်နေတာဘယ်သူလဲဟေ့…”
အောင်မြတ်သာက လေသံမာမာနဲ့လှမ်းပြောလိုက်ပေမယ့် ရပ်နေတဲ့သူက မလှုပ်တာကြောင့် တောက်တစ်ချက်ခတ်လိုက်ပြီး လက်ကို ကြမ်းနဲ့ပုတ်လိုက်တဲ့အချိန် ဝါဖျော့ဖျော့အဝတ်အစားကိုဝတ်ဆင်ထားတဲ့ လူအိုကြီးတစ်ယောက် တုန်တုန်ရီရီနဲ့ထွက်လာခဲ့တယ်။
“ သင်ကဘယ်သူလဲ… ဘာကြောင့် ကျုပ်တို့ကို ပုန်းလျှိုးကွယ်လျှိုးနဲ့ကြည့်နေရတာလဲ”
“ ကြောက် ကြောက်လို့ပါဆရာ…”
“ သင်က မဟုတ်တာဘာလုပ်ထားလို့ ကြောက်နေရတာလဲ၊ ပြောစမ်း သင်ကဘယ်သူလဲ”
“ ကျုပ်က ဒီတောစပ်တစ်ခွင်ကိုအပိုင်စားရထားတဲ့သူပါ၊ အခုလာတာကလဲ ဆရာတို့ကို ကူညီဖို့လာခဲ့တာပါ”
“ ဟင်း… အဘိုးက အတော်စိတ်နူးညံ့တာပဲ၊ ဒါနဲ့ တောထဲမှာ ရေသွားရှာနေတဲ့ ကျုပ်တပည့်တစ်ယောက်ကို တွေ့မိသေးလား”
“ တွေ့ပါတယ်ဆရာ… သူ့ကိုလမ်းပြဖို့ ကျုပ်တပည့်တစ်ယောက်ကို လွှတ်ထားပါတယ်”
အဘိုးအိုက တုန်တုန်ရီရီနဲ့ ပြောရင်း အောင်မြတ်သာ အနားကိုတိုးကပ်လာခဲ့တယ်။
“ ဆရာလေးက ငှက်ဖျားမိနေတာပဲ… ဒီဘက်က နယ်မြေလဲကြမ်းသလို ငှက်ဖျားလဲကြမ်းတယ် ဆရာရဲ့”
“ ဟုတ်တယ်အဘိုး… ကျုပ်ရဲ့ဆေးတောင် ခဏပဲထိန်းထားနိုင်တယ်”
“ ဆရာတို့မပူနဲ့ ဒီနယ်မြေမှာဖြစ်တဲ့ ရောဂါတွေကို ပျောက်အောင်ကုပေးနိုင်တဲ့ ဆေးဆရာအဖွဲ့ရှိတယ်ကွယ့်”
“ ဟုတ်လား… ဒါဆိုရင်တော့ အဘိုးကိုပဲ အားကိုးရတော့မယ်ဗျာ”
“ ရပါတယ် ဆရာရယ်… တောစပ်ကို ဆရာတို့စဝင်ခဲက ပို့သတဲ့မေတ္တာတွေ ကျုပ်ရပါတယ်၊ ဆရာတို့ အဖွဲ့နားမှာ စောင့်ကြပ်နေတဲ့ပုဂ္ဂိုလ်တွေကြောင့် ခပ်ဝေးဝေးမှာပဲနေပြီး စောင့်ကြည့်နေခဲ့တာ”
အဘိုးအိုက အောင်မြတ်သာကို ပြုံးရွှင်တဲ့မျက်နှာနဲ့ ကြည့်ကာပြောလိုက်ပြီး တောင်ဝှေးကို မြေကြီးပေါ် သုံးချက်ဆောင့်ချလိုက်တယ်ဆိုရင်ပဲ ပုရစ်အော်သံလို စူးရှတဲ့အသံတွေ နေရာအနှံ့က ထွက်ပေါ်လာပြီး မလှမ်းမကမ်းမှာရှိတဲ့ သစ်ပင်တွေပေါ်ကနေ ကုပ်တွယ်ကာဆင်းလာတဲ့ မှင်စာတွေကိုမြင်တွေ့လိုက်ရတယ်။
“ အဘိုးပြောတဲ့ ဆေးဆရာအဖွဲ့ဆိုတာ သူတို့လား”
“ ဟုတ်တယ်ဆရာ… သူတို့က ဆေးဆရာဘဝကနေ သေလွန်ပြီး မှင်စာဘဝကိုရောက်နေကြတာလေ၊ ဒီဘဝရောက်တဲ့တိုင်အောင် အတိတ်ဘဝက ပညာတွေကိုမစွန့်လွှတ်နိုင်သေးတော့ တောထဲမှာ နာမကျန်းဖြစ်တဲ့လူတွေကို ကူညီပေးနေကြတာ”
“ အော်… လက်စသတ်တော့ ဒီလိုကိုး”
သစ်ပင်ပေါ်ကနေ ဆင်းလာတဲ့ မှင်စာငါးကောင်က အဘိုးအိုကိုကြည့်လိုက် တဲပေါ်မှာထိုင်နေတဲ့ အောင်မြတ်သာကိုကြည့်လိုက်နဲ့ ဖြစ်နေတဲ့အချိန် အဘိုးအိုက
“ ရပါတယ်… ဆရာတွေက ခင်ဗျားတို့ကို ဘာမှမလုပ်ပါဘူး၊ မကြောက်ကြပါနဲ့”လို့ပြောလိုက်တော့မှ သွားခေါခေါ မျက်လုံးပြူးပြူးနဲ့မှင်စာတွေက ငြိမ်သွားခဲ့တယ်။
အဲဒီအချိန် တောထဲမှာ ရေသွားခပ်တဲ့ ခွန်းလှက ဝါးကျဉ်တောက် နှစ်လုံးနဲ့အတူ ပြန်ရောက်လာပြီး သူ့အနောက်မှာတော့ ဝါကျင်ကျင် တောခွေးလေးတစ်ကောင်ကပ်ပါလာခဲ့တယ်။
“ ဆရာ… သူတို့က ဘယ်သူတွေလဲ”
“ ငါတို့ကို ကူညီဖို့လာတဲ့ မိတ်ဆွေတွေပါ… ကဲကဲ ရေနွေးအရင်ကြိုလိုက်ဦး”
ခွန်းလှလဲ သစ်ကိုင်းခြောက်တွေကို စုပြုံပြီး ရေနွေးကြိုနေတဲ့အချိန် မှင်စာငယ်လေးတွေက တဲပေါ်ကိုခုန်တက်လိုက်ပြီး ဖျားနေတဲ့မောင်ကောင်းရဲ့ပါးစပ်ထဲကို သူတို့ကျောမှာလွယ်ထားတဲ့အိတ်ထဲက ဆေးလုံးအချို့ခွံ့ထည့်ပေးလိုက်တယ်။
ဆေးလုံးခွံ့ပြီးတာနဲ့ မှင်စာတစ်ကောင်က မောင်ကောင်းရဲ့ ရင်ဘတ်ကိုနားနဲ့ကပ်ပြီး နားထောင်နေခဲ့တယ်။ ပြီးတာနဲ့ တဲပေါ်ကနေ ခုန်ဆင်းပြီး တောထဲကိုလှစ်ခနဲပြေးဝင်သွားခဲ့ရာ မကြာခင်အချိန်မှာတော့ ပျားရည်တွေရွှဲနစ်နေတဲ့ ပျားလဘို့တစ်တုံးကို ဆုပ်ကိုင်ပြီး ပြန်ရောက်လာခဲ့တယ်။
“ ရွှေမောင်… ပျားလဘို့က ဘာလုပ်မလို့လဲ”
“ လူနာကိုကျွေးရမယ် အဘိုးကြီးရ၊ မဟုတ်ရင် ငှက်ဖျားပိုးက ဦးနှောက်ထဲဝင်တော့မှာ”
ရွှေမောင်ဆိုတဲ့မှင်စာက ပျားလဘို့ကို မောင်ကောင်း ပါးစပ်ထဲညှစ်ချလိုက်ရာ ချိုအီမွှေးပျံ့နေတဲ့ ပျားရည်တွေက လည်ချောင်းတစ်လျောက် စိမ့်ဝင်သွားခဲ့တယ်။
ပျားရည်တိုက်ပြီးမကြာခင်အချိန်မှာပဲ မောင်ကောင်း သတိပြန်လည်လာပြီး အနည်းငယ် ထူထူထောင်ထောင်ဖြစ်လာခဲ့တယ်။
“ ဒီလူမသေတော့ဘူး အဘိုးကြီး… အသက်ရှင်ပြီ”
မှင်စာရွှေမောင်စကားကြောင့် တဲပေါ်မှာရှိနေတဲ့ မှင်စာတွေက ပျော်ရွှင်စွာနဲ့ခုန်ပေါက်ကြပါလေရော။ ဒီအဖြစ်ကိုမြင်တဲ့ ခွန်းလှက တဲနားကိုကပ်လာပြီး
“ ငှက်ဖျားပိုး ဦးနှောက်ထဲမဝင်အောင် ပျားရည်ကျွေးရတာလား”
“ ငှက်ဖျားပိုးက အချိုကြိုက်တယ်လေ၊ ဒါကြောင့် သူတို့ကို ဦးနှောက်ထဲမဝင်အောင် အချိုကိုဗိုက်ထဲထည့်ပေးရတယ်၊ အချိုဓါတ်ဗိုက်ထဲရောက်သွားတဲ့အတွက် ဦးနှောက်ထဲဝင်ဖို့လုပ်နေတဲ့ကောင်တွေက ဗိုက်ကိုပြန်ဆင်းလာရောဗျ၊ ဒီကောင်တွေ ပျားရည်ကိုငမ်းနေတဲ့အချိန် ကျုပ်တို့ဖော်ထားတဲ့ ဆေးက သူတို့ကိုသတ်လိုက်တာပေါ့ ဟီးဟီး”
“ တယ်ဟုတ်ပါလား… ဘာပဲဖြစ်ဖြစ် ကျုပ်အကို ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ”
“ ဟေ့လူ ကျုပ်ကိုရော ကျေးဇူးမတင်ဘူးလား”
မီးပုံဘေးကနေ ရုတ်တရက်ထွက်လာတဲ့ အသံကြောင့် လှည့်ကြည့်လိုက်ရာ လုံချည်စုတ်တစ်ထည်ကိုဝတ်ထားပြီး ဆံပင်စုတ်ဖွားနဲ့ ငုတ်တုတ်ထိုင်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ မင်းက ဘယ်သူလဲ… ခုနက မတွေ့မိပါဘူး”
“ သူက ဆရာလေးကို စမ်းချောင်းရှိတဲ့နေရာခေါ်သွားတဲ့ ကျုပ်တပည့်ပါ၊ နာမည်က ထိပ်နီလို့ခေါ်တယ်”
“ သူက ရိုးရိုးခွေးမဟုတ်ဘူးလား”
“ မဟုတ်ဘူးဆရာလေးရဲ့… ထိပ်နီက ခွေးယောင်ဆောင်ပြီး ဆရာလေးကို ကူညီပေးခဲ့တာ”
“ ဟောဗျာ…. ဒါဖြင့်လဲ အားလုံးကို ကျေးဇူးတင်ပါတယ်”
ဒီလိုနဲ့ အောင်မြတ်သာတို့လဲ အဘိုးအို၊ ဆေးဆရာမှင်စာအဖွဲ့၊ ထိပ်နီတို့နဲ့ ရင်းနှီးခဲ့ပါတော့တယ်။
နောက်တစ်နေ့မနက်ရောက်တော့ ငှက်ပျောရွက်နဲ့ ထုပ်ထားတဲ့ ဆေးတွေကိုယူပြီး မှင်စာအဖွဲ့ပြန်ရောက်လာကာ ထူထူထောင်ထောင် ဖြစ်စပြုနေတဲ့ မောင်ကောင်းကို ဆေးကုပေးခဲ့ကြတယ်။ ခဏနေတော့ ငှက်ပျောသီးတစ်ခိုင်ထမ်းထားတဲ့ ထိပ်နီနဲ့အတူ အဖိုးအိုပါထပ်ရောက်လာခဲ့တယ်။
“ ဆရာတို့ အဆာပြေစားဖို့ ဒီလောက်ဆို အဆင်ပြေပါ့မလား”
“ ပြေပါတယ် အဘိုး… ဒါနဲ့လေ ဒီအနီးနားမှာ လူတွေမနေကြဘူးလား”
“ လူတွေက ဟိုးဘက်က ရွာမှာနေကြတယ်၊ တစ်ခါတစ်လေ မြို့ပေါ်မှာ ဈေးသွားရောင်းတဲ့သူတွေလောက်ပဲ ဒီကနေဖြတ်ကြတာ”
“ ကျုပ်တို့အတွက်နဲ့ အဘိုးတို့လဲ အလုပ်များနေရပြီဗျာ”
“ မဟုတ်တာဆရာရယ်… အဘိုးတို့က ဆရာတို့မှမဟုတ်ပါဘူး အခြားသူတွေဆိုလဲ အခုလို ကူညီပေးကြပါတယ်၊ ထိပ်နီဆိုရင် အရမ်းကိုကူညီချင်တာ၊ ဒါပေမယ့် အချို့လူတွေက ကူညီတာကို ကူညီတယ်လို့မမြင်ကြလို့ တွေ့ရာလူတိုင်းကို အကူအညီမပေးဖို့လဲမှာထားရသေးတယ်”
“ ထိပ်နီဆိုလို့မေးရဦးမယ်… သူက ဘယ်လိုဖြစ်လို့ အခုဘဝကိုရောက်နေရတာလဲ”
“ ထိပ်နီလား… ဒီကောင်က အရင်ဘဝမှာ သူခိုးဖြစ်ခဲ့တာလေ၊ သူခိုးဆိုလို့ ကြီးကြီးမားမား ခိုးတာတော့မဟုတ်ပါဘူးဆရာရယ်၊ ဒန်အိုးတို့ ထဘီတို့ လုံချည်တို့လောက်ပဲခိုးတဲ့ကောင်၊ တစ်ရက်မှာတော့ ရွာထဲကနေ အဝတ်သေတ္တာတစ်လုံးခိုးလာပြီး တောထဲကနေ ဖြတ်ပြေးရင်းကနေ ခလုပ်တိုက်ခြေချော်ကြရာကနေ လည်ပင်းငုတ်စူးပြီးသေတာဆရာရေ၊ သူများပစ္စည်းခိုးပြီးသေတော့ မကျွတ်လွတ်ပဲ အစိမ်းသရဲဘဝကိုရောက်ခဲ့တာပေါ့၊ အခုတော့လဲ သွန်သင်ဆုံးမမှုအောက်မှာ လိမ်မာနေပါပြီ ဟုတ်တယ်မလား ထိပ်နီ”
“ ဟုတ်တာပေါ့ အဘိုးရာ၊ ဒါတွေကလဲ အဖိုးရဲ့သွန်သင်ဆုံးမမှုကြောင့်ပါ”
“ ဆရာတို့လဲ တစ်ရက်နှစ်ရက်လောက် နေပြီးမှ လိုရာကိုခရီးဆက်ကြပေါ့၊ ဒီရက်ပိုင်း ဆရာတို့လိုအပ်တာခိုင်းဖို့ ထိပ်နီကို ထားခဲ့ပေးပါမယ်”
“ ကျေးဇူးတင်ပါတယ်အဘိုး”
အောင်မြတ်သာတို့ဆီကို ထိပ်နီရောက်လာပြီး နောက်ပိုင်း ခွန်းလှနဲ့ ထိပ်နီတို့အဖွဲ့ကြသွားခဲ့တယ်။ ညနေစောင်းရောက်ပြီဆိုရင် ထိပ်နီက တောထဲသွားပြီး သစ်ဥသစ်ဖုတွေရှာလာပေးသလို ညဘက်ရောက်ရင်လဲ မီးမွှေးခြင်း၊ တောကောင်တွေကိုစောင့်ပေးခြင်းအလုပ်တွေ လုပ်ကိုင်ပေးခဲ့တယ်။
တစ်နေ့မှာတော့ သစ်ဥသစ်ဖုသွားရှာတဲ့ ထိပ်နီတစ်ယောက် မိုးချုပ်တဲ့ထိ ပြန်မရောက်လာတဲ့အတွက် ခွန်းလှတစ်ယောက် လည်ပင်းတစ်ရှည်ရှည်ဖြစ်နေခဲ့တယ်။
“ ထိပ်နီတစ်ကောင် ဘယ်တွေလျောက်သွားနေပါလိမ့်”
“ ပြန်လာမှာပေါ့ ခွန်းလှရယ်၊ သူလဲ အစာရှာမတွေ့သေးဘူးနေမှာ”
“ မဟုတ်ဘူးနော် ဆရာ… ဒီကောင်က တောအရမ်းကျွမ်းတဲ့ကောင်၊ အစာရှာမတွေ့တာ ဘယ်လိုမှမဖြစ်နိုင်ဘူး”
ခွန်းလှ တစ်မျှော်မျှော်နဲ့ စောင့်နေခဲ့ရာ ညနက်တဲ့အချိန်ရောက်မှ တစ်ကိုယ်လုံး အညိုအမဲတွေစွဲပြီး ဒဏ်ရာဗရပွနဲ့ပြန်လာတဲ့ ထိပ်နီကိုမြင်လိုက်ရတယ်။
“ ထိပ်နီ… မင်း မင်း ဘာဖြစ်လာတာလဲ၊ အခုလို ဖြစ်အောင်ဘယ်သူလုပ်တာလဲပြောစမ်း”
“ ငတေ ငတေလေ လုပ်တာ ဆရာ”
“ ငတေလေ ဆိုတာ ဘယ်သူလဲ၊ သူက ဘာကြောင့် အခုလိုလုပ်ရတာလဲ”
“ ငတေလေ ဆိုတာ ဒီတောနက်အတွင်းပိုင်းမှာနေတဲ့ သဘက်တစ်ကောင်ပဲဆရာ၊ ကျွန်တော် ဆရာတို့အတွက် သစ်ဥသစ်ဖုတွေရှာနေတုန်းမှာ မြို့ဈေးကနေပြန်လာတဲ့လူတစ်ယောက်က ငတေလေနေတဲ့ တောဘက်ကို လမ်းမှားပြီးသွားနေလို့ ခြောက်လှန့်မောင်းထုတ်ခဲ့တာကြောင့် အခုလို လုပ်သွားတာ”
ထိပ်နီစကားကြောင့် တဲပေါ်မှာ ထိုင်နေတဲ့ အောင်မြတ်သာက မှိန်စပြုနေပြီဖြစ်တဲ့ ဖယောင်းတိုင်ကိုအသစ်လဲလှယ်ရင်း
“ ဒီကောင်ကို အဘိုးက ဘာမှမပြောပဲလွှတ်ထားတာလား”
“ အဘိုးက အနေအေးတော့ ဒီကောင်က မကြောက်ဘူးဆရာ၊ ငတေလေက အခြားသူတွေကိုလဲ အမြဲအနိုင်ကျင့်နှိပ်စက်နေကြပဲ”
ထိပ်နီစကားအဆုံးမှာ တောင်ဝှေးတစ်ဒေါက်ဒေါက်ထောက်ပြီး လမ်းလျောက်လာတဲ့ အဘိုးဖြစ်သူကိုမြင်လိုက်ရတယ်။
“ ငတေလေ လုပ်လိုက်ပြန်ပီလား”
“ ဟုတ် ဟုတ်ကဲ့အဘိုး”
“ ဒီကောင်က ဘယ်လောက်ဆုံးမ ဆုံးမ အသိတရားမရပါလား”
အဘိုးအိုက စိတ်ပျက်စွာနဲ့ခေါင်းကိုခါယမ်းလိုက်ပြီး တဲဘေးမှာ ရပ်နေခဲ့တယ်။
“ အဘိုး… ငတေလေဆိုတဲ့ကောင်က ဘာကြောင့်အခုလိုဆိုးသွမ်းနေတာလဲ”
“ ဒီလိုပါဆရာ… ငတေလေက လူ့ဘဝတုန်းက အရမ်းကိုဆိုးသွမ်းရက်စက်တဲ့ ဓါးပြတစ်ယောက်ဖြစ်ခဲ့တယ်။ ဘယ်လောက်ဆိုးလဲဆိုရင် ဓါးပြတိုက်လို့ပစ္စည်းရရင်တောင် အိမ်သားတစ်ယောက်ယောက်ကို အပျင်းပြေသတ်သေးတာ။ နောက်ဆုံး သူ့ကို သူ့တပည့်တွေကပဲပြန်ဖမ်းပြီး ကျွန်းတိုင်အောက်မှာ အရှင်လတ်လတ်မီးရှို့သတ်ခဲ့တယ်လေ။ စိတ်ကြမ်းလူကြမ်းဘဝကနေ သေတော့ သူ့ကိုမီးရှို့သတ်ခဲ့တဲ့အပင်မှာပဲ သရဲဖြစ်နေခဲ့တယ်။ နှစ်တွေကြာလာတော့ သရဲငတေလေကနေ သဘက်အဆင့်ထိဖြစ်လာတာပဲ၊ သူက အဘိုးကိုတောင် မထီလေးစားလုပ်ပြီး နေရာလုချင်နေတာလေ”
“ ဆရာ… အဘိုးပြောသလိုဆိုရင် ဒီကောင်ကို ဆုံးမမှဖြစ်တော့မယ်နော်”
“ နောက်ပြီး ငတေလေက သူနေတဲ့အပင်အောက်ကနေ ဖြတ်သွားဖြတ်လာလုပ်တဲ့သူတွေကိုလဲ ဖမ်းစားခြောက်လှန့်တာတွေလုပ်လေ့ရှိတယ်။ ဖမ်းစားခံရတဲ့သူတွေအနေနဲ့လဲ နွားတစ်ကောင်ကို အရှင်လတ်လတ်သွားထားပေးရတယ်လေ။ ဒါကြောင့် မြို့ဈေးကိုသွားတဲ့သူတွေအနေနဲ့ အရမ်းဝေးတဲ့ရွာတွေဘက်ကနေ လှည့်ပတ်ပြီး သွားနေရတာဆရာရေ”
အောင်မြတ်သာက ငတေလေအကြောင်းကို နားထောင်ပြီး ခေါင်းတဆတ်ဆတ်ငြိမ့်ကာ
“ ဒီလိုဆိုတော့လဲ ငတေလေကို ဆုံးမမှရတော့မယ်၊ ခွန်းလှ ဒီကိစ္စကို မင်းတာဝန်ယူနိုင်လား”
“ ယူနိုင်တယ်ဆရာ… ကျွန်တော်တာဝန်ထားလိုက်ပါ”
“ ဒါဖြင့် ငတေလေနေတဲ့ ကျွန်းပင်ကိုသွားပြီး ဆုံးမလာခဲ့၊ ထိပ်နီလဲ သူနဲ့လိုက်သွားပေးလိုက်”
“ ဆရာ.. ဖြစ်ပါ့မလား”
“ ဟေ့ကောင် ထိပ်နီ… မင်းက ငါ့ကိုမယုံတာလား၊ ဒါဖြင့် မင်းနေခဲ့လိုက်၊ ငါ့တစ်ယောက်ထဲ သွားမယ်”
“ မယုံတာမဟုတ်ပါဘူးဗျာ… ဆရာကိုစိတ်ပူလို့ပါ”
ထိပ်နီစကားကြောင့် ခွန်းလှ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး တဲဘေးမှာအသင့်ရှိနေတဲ့ မီးတုတ်ကိုဆွဲယူကာ တဲရှေ့ကလူသွားလမ်းထဲကို ထွက်သွားခဲ့လိုက်တယ်။
မှောင်မဲနေတဲ့ တောထဲမှာ နှစ်ယောက်သား လျောက်သွားနေရင်း တောသရက်ပင်တစ်ပင်စီအရောက်မှာတော့ ထိပ်နီက သစ်ကိုင်းပေါ်ကိုကြည့်ပြီး လက်ပြနှုတ်ဆက်နေတာ မြင်လိုက်ရတယ်။
“ ဟေ့ကောင် ထိပ်နီ… သစ်ပင်ပေါ်မှာ ဘယ်သူရှိလို့ လက်ပြနေတာလဲ”
“ ဆရာကလဲ အဲဒီအပင်ပေါ်မှာ ကျွန်တော်သဘောကျနေတဲ့သူရှိတယ်ဗျ”
ထိပ်နီစကားကြောင့် ခွန်းလှ ဘာမှဆက်မပြောနိုင်တော့ပဲ သက်ပြင်းတစ်ချက်ချကာ ဆက်သွားခဲ့လိုက်တယ်။
“ ဆရာ… ဟိုးမှာ ထိုင်နေကောင်တွေ့လား”
“ သစ်ငုတ်ပေါ်မှာထိုင်နေတဲ့သူကိုပြောတာလား”
“ ဟုတ်တယ်ဗျ… အဲဒီကောင်က သစ်ပင်ခုတ်ရင်း ပြုတ်ကျသေတဲ့ကောင်”
“ အင်း… အခုထိမကျွတ်သေးတာ သနားစရာပဲ”
ခွန်းလှတို့ဘေးနားကဖြတ်သွားတော့ သစ်ငုတ်မှာထိုင်နေတဲ့သူက ဇက်ကြီးလိမ်ပြီး လိုက်ကြည့်နေတာမြင်လိုက်ရတယ်။
“ ဆရာ… ဝါးခြုံအောက်မှာ မိန်းကလေးတစ်ယောက် ထိုင်နေတာတွေ့တယ်မဟုတ်လား”
“ သူကရော ဘာဖြစ်တာလဲ”
“ ဘာဖြစ်တာလဲတော့မသိဘူး… အခြားနေရာကနေ ဒီတောထဲကိုပြောင်းလာတာပဲသိတယ်”
“ မင်းက ဒီမှာရှိတဲ့သူတွေကို အကုန်သိနေတာလား”
“ သူတို့က အဘိုးရဲ့အုပ်ထိန်းမှုအောက်မှာရှိလို့ သိနေတာပါ၊ ဟိုဘက်ကွေ့ရောက်ရင်တော့ အရိုင်းစိုင်းကောင်တွေအများကြီးတွေ့ရတော့မှာ”
ထိပ်နီက မျက်ကွယ်ကွေ့တစ်ခုကိုလက်ညိုးထိုးပြီး လျောက်နေတဲ့ခြေလှမ်းတွေကိုရုတ်တရက် ရပ်လိုက်တယ်။
“ ဆက်သွားလေကွာ… ဘာလို့ရပ်လိုက်တာလဲ”
“ ကျုပ်မသွားရဲဘူးဗျ… ဒီတစ်ခါ ကျုပ်ကိုမြင်ရင် တစ်စစီလုပ်ပစ်မှာ”
“ ငါတစ်ယောက်လုံးပါနေတာ ဘာကိုကြောက်နေတာလဲ၊ မင်းကို လက်ဖျားနဲ့တောင် မထိစေရဘူး”
ခွန်းလှက မေးငေါ့ပြပြီးဆက်သွားခိုင်းတာကြောင့် ထိပ်နီလဲ တုန်တုန်ရီရီနဲ့ ရှေ့ကိုတက်သွားခဲ့လိုက်တယ်။
“ ဒီဘက်မှာ ကျွန်းတွေအတော်ပေါတာပဲ”
ခွန်းလှက မီးတုတ်ကိုပင့်ကာ ကြည့်နေတဲ့အချိန် ဆယ်ပေလောက်အကွာမှာရှိတဲ့ ကျွန်းပင်ရဲ့အနောက်ကနေ တစ်ကိုယ်လုံးမီးသွေးခဲလို နက်မှောင်နေတဲ့ လူတစ်ယောက်ထွက်လာပြီး သူတို့ကိုစိုက်ကြည့်နေတာ မြင်လိုက်ရတယ်။
“ ဆ.. ဆရာ ဟိုမှာ ဟိုမှာ ငတေလေရဲ့ ငယ်သားတွေ ကြည့်နေတယ်”
“ ကျွန်းပင်အနောက်က ကောင်ကိုပြောတာလား”
“ ဟုတ် ဟုတ်တယ်ဆရာ”
ခွန်းလှလဲ ကျွန်းပင်အနောက်မှာရပ်နေတဲ့ ကောင်နားကို စေ့စေ့ကြည့်လိုက်တဲ့အချိန် အလွန်နံစော်လှတဲ့အပုတ်နံ့က နှာခေါင်းထဲကို တိုးဝင်လာခဲ့တယ်။
“ ထွီ… အတော်နံတဲ့ အပုတ်နံ့ပါလား”
ခွန်းလှက နှာခေါင်းကိုရှုံ့လိုက်ပြီး အနားကိုတိုးကပ်သွားခဲ့ရာ ကျွန်းပင်အနောက်မှာ ရပ်နေတဲ့ကောင်က တစ်လက်မခန့်ရှိတဲ့ အစွယ်ဖွေးဖွေးတွေကို ထုတ်ပြပြီး ရှေ့ကိုတက်လာခဲ့တယ်။
အဲဒီအချိန် ခွန်းလှက လက်ညိုးနဲ့ထောက်ကာ
“ အောင်မာ… ငါ့ကိုများမခန့်လေးစားနဲ့၊ အခုချက်ချင်းဘေးဖယ်စမ်း” လို့ပြောပြီး လက်ညိုးနဲ့ဆွဲဖယ်လိုက်ရာ အစွယ်ဖွေးဖွေးနဲ့ကောင်က လက်ညိုးနဲ့တောက်ခံထိတဲ့ မြေပဲစေ့လို ဝုန်းခနဲလွင့်ထွက်သွားခဲ့တယ်။
“ ဟိုကောင် ပြေးပီဆရာ ပြေးပီဗျ”
ထိပ်နီက ဝမ်းသာအားရနဲ့အော်ဟစ်ရင်း ခုန်ပေါက်နေတဲ့အချိန် ထန်းလက်တစ်လက်စာလောက်ရှိတဲ့ လက်တစ်ဖက်က ထိပ်နီရဲ့ ဂုတ်ကနေဆွဲခေါ်သွားခဲ့တယ်။
“ ဆရာ… ဆရာ ကယ်ပါဦးဗျ”
အလန့်တကြားအော်သံကြောင့် ခွန်းလှမော့ကြည့်လိုက်ရာ သစ်ပင်နှစ်ပင်ကိုခွပြီးရပ်နေတဲ့ သရဲတစ်ကောင်ကို မြင်တွေ့လိုက်ရတယ်။
ခွန်းလှလဲချက်ချင်းဆိုသလို လေးလုံးစမကို လက်ဝါးပေါ်ရိုက်ပြီး ခွကြားမှာရပ်နေတဲ့ကောင်ကို လေထဲကနေပင်ဆွဲချလိုက်ရာ ဝုန်းဆို မြေကြီးပေါ်ကိုလိမ့်ကျလာခဲ့တယ်။
ခန္ဓာကိုယ်ကိုကြီးမားအောင်ဖန်ဆင်းထားတဲ့ နာနာဘာဝကောင်က ခွန်းလှရဲ့ စမရိုက်လက်ဝါးနဲ့ဆွဲယူခံထိတာကြောင့် အတ္တဘောရုပ်သွင်ပျောက်ဆုံးသွားပြီး သာမန်လူသားအရွယ်အဖြစ်ကိုပြောင်းလဲကာ မြေကြီးပေါ်မှာ အော်ဟစ်ရင်း လူးလိမ့်ပါလေရော။
“ ဒီကောင်ကလဲ ငတေလေ တပည့်ပဲလား”
“ ဟုတ် ဟုတ်တယ်ဆရာ… သူက ငတေလေရဲ့ လက်ရင်းတပည့်ကြီးဗျ၊ ဒါနဲ့ သူ့ကိုယ်မှာ မီးတွေလောင်အောင် ဆရာလုပ်ထားတာလား”
“ ငါလုပ်တာမဟုတ်ဘူး… ငါ့ရဲ့ဦးခေါင်းမှာစောင့်ရှောက်နေတဲ့ အင်းစောင့်တွေ ဒဏ်ခတ်ထားတာ၊ ဒင်းက ငါ့ကိုဖမ်းယူဖို့ကြိုးစားတာမအောင်မြင်လို့ မင်းကိုဆွဲခေါ်သွားတာပဲ”
ထိပ်နီက မီးဟုန်းဟုန်းတောက်လောင်နေတဲ့ကောင်ကို ပြောင်စပ်စပ်မျက်နှာနဲ့ကြည့်ရင်း ခွန်းလှနားကို တိုးကပ်သွားခဲ့တယ်။
“ မင်းပြောတဲ့ နေရာ အခုထိမရောက်သေးဘူးလား”
“ ငတေလေ နေတဲ့ ကျွန်းပင်ကိုပြောတာလား”
“ ဟုတ်တယ်… ဒီလောက်ဆို သူ့ငယ်သားတွေ သွားပြောထားလောက်ပြီထင်တယ်”
“ ဖြစ်နိုင်တယ်ဆရာ… ဒီကောင် ဆရာ့ကိုကြောက်ပြီး ထွက်ပြေးပြီလားမသိဘူး”
ထိပ်နီက သဘောကျစွာပြောရင်း မျက်လုံးကိုအပေါ်မော့ကြည့်လိုက်ရာ လှည်းဘီးလုံးလောက်ရှိတဲ့ မျက်လုံးနှစ်လုံးက သူတို့ကိုငုံ့ကြည့်နေတာမြင်လိုက်ရတယ်။
ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိပ်နီတစ်ယောက် ခြေတွေလက်တွေ တဆတ်ဆတ်တုန်လာပြီး အသံတောင်ပျောက်သွားခဲ့တယ်။
“ ဆ ဆရာ အပေါ်မှာ ရောက်နေပြီဗျ”
ထိပ်နီအသံကြောင့် မော့ကြည့်လိုက်ရာ ကျွန်းပင်နှစ်ပင်ကိုလက်နဲ့ဖြဲပြီး လျာတွဲလဲနဲ့ ငုံ့ကြည့်နေတဲ့ ငတေလေကိုမြင်လိုက်ရတယ်။
“ အပါးပါး နည်းတဲ့ကောင်ကြီးမဟုတ်ပါလား”
ခွန်းလှက အနောက်ကို ဆုတ်လိုက်တဲ့အချိန် အမွှေးကြမ်းတွေပေါက်နေတဲ့ လက်တစ်ဖက်ကသူ့ဘေးကို ဗြုန်းခနဲကျလာခဲ့တယ်။
“ ထိပ်နီ… ထိပ်နီ”
ခွန်းလှက ထိပ်နီပျောက်သွားတဲ့အတွက် လှမ်းကြည့်လိုက်ရာ အမြှီးကုပ်ပြီးထွက်ပြေးသွားတဲ့ ခွေးတစ်ကောင်ရဲ့ဖင်ကိုသာ ခပ်ဝါးဝါးမြင်တွေ့လိုက်ရတာကြောင့်
“ ဒင်းက ခွေးယောင်ဆောင်ပြီး ထွက်ပြေးသွားတာကိုး၊ အတော်အားကိုးရတဲ့ကောင်ပဲ” လို့ စိတ်ထဲကနေ ရေရွတ်လိုက်ပါတော့တယ်။
ငတေလေက သူ့နယ်ထဲကိုဝင်လာတဲ့ ခွန်းလှကို စားမတတ်ဝါးမတတ်မျက်လုံးတွေနဲ့ ကြည့်ရင်း ကြီးမားတဲ့လက်ဝါးနဲ့ရိုက်ချလိုက်ရာ ဦးခေါင်းနဲ့မထိခင်မှာပဲ မျက်စိကြိမ်းမတတ်အလင်းတန်းတွေဖြာထွက်လာပြီး ငတေလေရဲ့လက်က လေပေါ်မှာတင်ရပ်တန့်သွားခဲ့တယ်။
ငတေလေက အားနဲ့ဖိချပေမယ့် ဦးခေါင်းထက်မှာ ရေးထိုးထားတဲ့စမတွေရဲ့အစွမ်း၊ အင်းစောင့်ပုဂ္ဂိုလ်တွေရဲ့ ကာကွယ်မှုကြောင့် ငတေလေရဲ့လက်တစ်ခုလုံးထူပူလာပြီး မီးလောင်ညှော်နံ့တွေပါထွက်ပေါ်လာခဲ့တယ်။
အဲဒီအချိန် မိုးကြိုးပစ်သံလို အသံတစ်ခုထွက်ပေါ်လာပြီး ငတေလေရဲ့ ဦးခေါင်းရဲ့လေးဘက်လေးတန်ကနေ ပြောင်လက်နေတဲ့တင်းပုတ်တွေကိုင်ထားတဲ့ ဂုမ္ဘာန်လေးပါး ရုတ်ချည်းပေါ်လာကာ ဦးခေါင်းကို ဂျိမ်းခနဲမြည်အောင်ထုချလိုက်ပါတော့တယ်။
ပြင်းထန်အားပါတဲ့ ထုရိုက်ချက်ကြောင့် ငတေလေရဲ့ ဦးခေါင်းက လေးစိပ်ကွဲထွက်သွားပြီး အတ္တဘောကြီးကလဲ မြေကြီးပေါ်ကို ဒူးထောက်ချက်အနေအထားကျသွားခဲ့တယ်။
အဲဒီအချိန် ခွန်းလှက ငတေလေကို လက်ညိုးထိုးပြီး
“ မူလအတိုင်းရုပ်ပြောင်းစေ” လို့အမိန့်ပြန်လိုက်ရာ အဆမတန်ကြီးမားတဲ့ရုပ်သွင်ကနေ သာမန်လူတစ်ယောက်အရွယ်အဖြစ် သေးငယ်သွားခဲ့တယ်။
ဂုမ္ဘာန်လေးပါးကလဲ ချက်ချင်းဆိုသလို ကောင်းကင်ကနေပျံဆင်းလာပြီး ငတေလေရဲ့ ခြေဆစ်လက်ဆစ်တွေကို တင်းပုတ်တွေနဲ့ ထုရိုက်ကာ ချိုးပစ်လိုက်ကြတယ်။
“ အမလေး…. သေပါပြီ၊ မရိုက်ကြပါနဲ့တော့ ကြောက်ပါပြီ”
ငတေလေက မြေကြီးပေါ်မှာ တရွတ်တိုက်သွားနေရင်း ကြောက်လန့်တကြားအော်ဟစ်နေတာကြောင့် အနီးနားမှာရှိတဲ့ နာနာဘာဝတွေအားလုံး ဆောက်တည်ရာမရဖြစ်ပြီး ခြေဦးတည့်ရာထွက်ပြေးသွားခဲ့ကြတယ်။
“ ငတေလေဆိုတာ မင်းလား”
ခွန်းလှက ရှေ့တည့်တည့်မှာရပ်ပြီးမေးလိုက်ရာ ငတေလေက လေးခြမ်းကွဲနေတဲ့ ဦးခေါင်းကိုညိမ့်ပြရင်း
“ ဟုတ် ဟုတ်ပါတယ် … ငတေလေဆိုတာ ကျုပ်ပါ”
“ မင်းဒီမှာနေတဲ့ ကာလအတွင်း လူဘယ်နှစ်ယောက်ကို ဖမ်းစားသတ်ဖြတ်ခဲ့ပြီးပြီလဲ”
“ မ မမှတ်မိတော့ပါဘူး..”
“ မမှတ်မိတဲ့ကောင်ကို သွားတွေပြုတ်ထွက်တဲ့ထိ ရိုက်ကြစမ်း”
ခွန်းလှအမိန့်ပေးလိုက်ရာ ဂုမ္ဘာန်နှစ်ပါးက ငတေလေရဲ့ ပါးစပ်ကိုအတင်းဖြဲပြီး ကျန်တဲ့နှစ်ပါးက လက်ထဲကိုင်ထားတဲ့ တင်းပုတ်နဲ့ အစွယ်တွေကို တဖြောင်းဖြောင်းမြည်အောင် ရိုက်ချိုးပါလေရော။
“ အမလေး… သေပါပြီဗျ၊ မရိုက်ကြပါနဲ့တော့၊ အယောက်ငါးဆယ်ကျော်ပါပြီ တကယ်ပြောတာပါ ကျုပ်မှတ်မိတာ အကုန်ပါပဲ”
“ သူတို့က ဘာလုပ်လို့ မင်းကဖမ်းစားသတ်ဖြတ်ရတာလဲ”
“ ဘာမှမလုပ် မလုပ်ပါဘူး… ကျုပ်နေတဲ့ အပင်အောက်ကနေ ဖြတ်သွားလို့ ဖမ်းစားခဲ့တာပါ”
“ မင်းနေတဲ့အပင်အောက်ဖြတ်သွားတာနဲ့ ဖမ်းစားရအောင် အဲဒီအပင်က မင်းအမေလင်စိုက်ထားတာလို့လား”
ခွန်းလှက စကားကိုခပ်မာမာပြောပြီး ငတေလေရဲ့ မျက်နှာကိုကန်ဖို့အလုပ်
“ ခွန်းလှ ရပ်လိုက်စမ်း” ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာ၊ မောင်ကောင်းနဲ့ ထိပ်နီတို့ရောက်လာခဲ့ကြတယ်။
“ ဆရာ… ဘယ်ကနေ ဘယ်လို”
“ ထိပ်နီ အလန့်တကြားပြေးလာလို့ ငါတို့စိတ်ပူပြီး လိုက်လာတာ၊ ဒါနဲ့ သူက ငတေလေလား”
“ ဟုတ်တယ်ဆရာ… ဆိုးသွမ်းနေလို့ ကျွန်တော် နည်းနည်းဆုံးမထားတယ်”
အောင်မြတ်သာက ခွန်းလှကို ကြည့်လိုက်၊ ငတေလေကိုကြည့်လိုက်လုပ်နေရင်း
“ မင်းရဲ့နည်းနည်းပါးပါးကလဲ ဟိုကောင် နောက်တစ်ခါ ထပ်သေနေပါဦးမယ်” လို့ပြောလိုက်ရာ အနောက်မှာရပ်နေတဲ့ မောင်ကောင်းရဲ့မျက်နှာ ပြုံစိစိဖြစ်သွားခဲ့တယ်။
“ ဆရာ… ဒီကောင်က လူတွေအများကြီးသတ်ထားတာ၊ ဒါကြောင့် မှတ်လောက်အောင် ထပ်ဆုံးမချင်သေးတယ်”
“ သူ့ကို ဆုံးမမယ့်အစောင့်တစ်ယောက် လာပါလိမ့်မယ်၊ ဒါကြောင့် ဒီလောက်နဲ့တော်တော့”
ငတေလေက အောင်မြတ်သာစကားကြောင့် ဝမ်းသာအားရဖြစ်သွားခဲ့ပေမယ့် ခွန်းလှကတော့ ငတေလေကို မကြည်တဲ့မျက်လုံးနဲ့ တစ်ချက်လှမ်းကြည့်လိုက်တယ်။
“ ငတေလေ…မင်းက ဒီအချိန်ကစပြီး အဘိုးရဲ့အမိန့်ကို အမြဲနာခံရမယ်၊ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းစားနှောက်ယှက်တာ မလုပ်ရဘူး၊ တကယ်လို့ အမိန့်ကိုမနာခံပဲ ပြုလုပ်ခဲ့မယ်ဆိုရင် ဒီထက်ပိုပြင်းထန်တဲ့ အပြစ်ကိုခံရလိမ့်မယ်”
“ အဘိုးဘာပြောပြော နာခံပါမယ်လို့ကတိပေးပါတယ်၊ ဘယ်သူ့ကိုမှလဲ မနှောက်ယှက်တော့ပါဘူး”
“ ဒါဆိုရင် မင်းကတိမင်းတည်ပါစေ၊ ခွန်းလှ သူ့ကို မူလအတိုင်းပြန်ဖြစ်အောင် လုပ်ပေးလိုက်ပါ”
အောင်မြတ်သာစကားကြောင့် ခွန်းလှက ငတေလေရဲ့ဦးခေါင်းပေါ်ကို အင်းပြာအချို့ ဖြူးပေးလိုက်ရာ လေးစိပ်ကွဲနေရာကနေ တစ်ခုထဲပြန်ဆက်သွားခဲ့တယ်။
“ ဆရာ… ဆရာ”
“ ဘာတုန်း ထိပ်နီရ”
“ ကျွန်တော်ကိုလဲအနိုင်မကျင့်ဖို့ပြောပေးပါဦး”
“ ဒါကိုတော့ ဒီကောင်မလုပ်ရဲလောက်တော့ပါဘူး၊ လုပ်ရင်လဲ ဂုမ္ဘာန်လေးပါးက သူ့ကိုတစ်စစီဆွဲဖြဲလိမ့်မယ်”
ခွန်းလှစကားကြောင့် ထိပ်နီတစ်ယောက် ပျော်ရွှင်သွားပြီး မျက်နှာမှာလဲ အပြုံးရိပ်တွေသမ်းလာပါတော့တယ်။
အောင်မြတ်သာတို့လဲ ငတေလေကို အပိုးကျိုးအောင်ဆုံးမပြီး နောက်တစ်ရက်မှာတော့ ဘောနက်ကြီးအဘိုး၊ မှင်စာရွှေမောင်တို့အဖွဲ့၊ ထိပ်နီတို့ကိုနှုတ်ဆက်ကာ ဘုရားကြီးမြို့ဘက်ကို ထွက်ခွာလာခဲ့ကြတယ်။
ဘုရားကြီးလမ်းဆုံကိုရောက်တဲ့အချိန်မှာတော့ သူတို့ဘေးကနေ ဖြတ်သွားတဲ့ ကားတစ်စီးရဲ့ ခေါင်မိုးပေါ်မှာ အနီရောင်ရဲရဲတောက်နေတဲ့ အဝတ်ကိုဝတ်ဆင်ထားတဲ့ ယောင်္ကျားတစ်ယောက် မတ်တပ်ရပ်ပြီးလိုက်ပါသွားတာကို မြင်တွေ့လိုက်ရတယ်။
“ ဒီလောက်အရှိန်နဲ့မောင်းနေတဲ့ကားပေါ်မှာ ဘယ်လိုလူက မတ်တပ်ရပ်ပြီး စီးသွားပါလိမ့်”
“ ဟုတ်ပါ့ကွာ… အန္တရာယ်များလိုက်တာ”
မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်သား စကားများနေတဲ့အချိန် အောင်မြတ်သာရဲ့ မျက်လုံးတွေက ဖြတ်သွားတဲ့ကားကိုသာ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့ပါတော့တယ်။
မောင်ကောင်းတို့ မြင်လိုက်ရတဲ့သူက ဘယ်သူလဲ၊ သာမန်လူရော ဟုတ်ပါ့မလားဆိုတာကိုတော့ အောင်မြတ်သာနှင့် ဒေးစွန်ပါသိုက်ဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)