+++++++++++++++++++++
” အိုး… ရုပ်ရည်လေးက ချောလိုက်တာနော်”
ကပ္ပိယကြီးဦးသိုင်းခြုံနဲ့အတူပါလာတဲ့ လူငယ်တစ်ယောက်ကိုမြင်ပြီး အိမ်ရှေ့ကွပ်ပြစ်မှာဝိုင်းဖွဲ့ထိုင်နေကြတဲ့ အပျိုဖြန်းလေးတွေဆီကနေ ညုတုတုအသံလေးတစ်ခုထွက်လာခဲ့တယ်။
” ဟဲ့ ကောင်မရေ… အိန္ဒြေလေးလဲထိန်းပါဦး၊ နင့်မျက်လုံးတွေက ကျွတ်ထွက် နေပါဦးမယ် ခစ်ခစ်”
” အမယ် .. ငါ့ကိုပဲပြောမနေနဲ့ နင်တို့ရောဘာထူးလို့လဲ ခိုးပြီးကြည့်နေကြတာမဟုတ်လား”
” ဒါနဲ့လေ သူက ဒီရွာမှာအကြာကြီးနေမှာလား”
” အကြာကြီနေမနေ နင်ကိုယ်တိုင် သူ့ရှေ့သွားပြီး အကိုရယ် ညီမတို့ရွာမှာ ဘယ်အချိန်ထိနေမှာလဲဆိုပြီး သွားမေးပါလား”
သင်းယုဆိုတဲ့ ကောင်မလေးရဲ့စကားကြောင့် ကျန်တဲ့သူတွေအားလုံး တခစ်ခစ်နဲ့ရယ်မောကာ ဘုန်းကြီးကျောင်းဘက်ထွက်သွားတဲ့ လူငယ်ရဲ့နောက်ကျောကို မသိမသာခိုးကြည့်နေခဲ့ကြတယ်။
+++++
” ဘဘုန်း အခုတစ်လော မျက်နှာလဲမကောင်းပါလား၊ ဘယ်နေရာကများ မသက်သာတာရှိလို့ပါလဲ”
လက်အုပ်လေးချီပြီး ရိုကျို့စွာမေးလိုက်တဲ့ မောင်ခွန်းလှရဲ့စကားကြောင့် ဆရာတော်က ညာလက်ဝမ်းဗိုက်ကိုလက်နဲ့ဖိပြီး
” အစာအိမ်ရောဂါပြန်ထနေပြီထင်ပါတယ်ကွယ်၊ ဒီရက်ပိုင်း ဆွမ်းစားရတာလဲအဆင်မပြေဘူး၊ ညဘက်ဆိုလဲ ညာဘက်ဗိုက်ထဲကနေ အောင့်တောင့်တောင့်ဖြစ်နေတာ အား ကျွတ် ကျွတ် ကျွတ်”
” ခွန်းလှရေ.. မင်းသင်ယူခဲ့တဲ့ ဆေးပညာနဲ့ တစ်ချက်ကြည့်ပေးလိုက်ပါလား”
ကပ္ပိယကြီးဦးသိုင်းခြုံစကားကြောင့် ဆရာတော်က မျက်မှောင်အံ့ဩတဲ့မျက်နှာနဲ့ ခွန်းလှကို ကြည့်လိုက်ပြီး
” မောင်ရင်က ဆေးပညာတတ်တာလား..”
” တင်ပါဘုရား… တပည့်တော် နယ်မှာအလုပ်လုပ်နေတုန်းက တိုင်းရင်းဆေးဆရာတစ်ဦးနဲ့ ခင်မင်ပြီး ဆေးပညာကိုသင်ယူလေ့လာဖူးပါတယ်၊ ဒါကြောင့် ဘဘုန်းရောဂါကိုစမ်းသပ်ခွင့်ပြုပါ”
” ကောင်းပေစွ ကောင်းပေစွ… ဒီအသက်အရွယ်နဲ့ အတတ်ပညာတစ်ခုတတ်ထားတာ သင့်လျော်ပါတယ်၊ ကဲကဲ မောင်ရင် စမယ်ဆို စလို့ရပြီ”
ခွန်းလှလဲ ဆရာတော်ရဲ့ သွေးကြောကိုစမ်းပြီး ဝမ်းဗိုက်ကိုစမ်းသပ်နေတဲ့အချိန် လင်မယားနှစ်ယောက် ကျောင်းပေါ်ကိုတက်လာခဲ့တယ်။
” ဟော ဘယ်သူများလဲလို့ ဒကာဘကြိုင်တို့လင်မယားပါလား… လာကြ လာကြ”
ဦးဘကြိုင်ဆိုတဲ့နာမည်ကြောင့် သွေးကြောစမ်းနေတဲ့ ခွန်းခှရဲ့ မျက်နှာချက်ချင်းပြောင်းသွားခဲ့တယ်။
” အဟမ်း.. “
ကပ္ပိယကြီးဆီကနေထွက်လာတဲ့ ချောင်းဟန့်သံကြောင့် ခွန်းလှစိတ်ကိုပြန်ထိန်းလိုက်ပြီး
” ဘဘုန်းက အစာအိမ်အားနည်းနေတာလို့ထင်မိတယ်၊ ကျန်းမာရေးအရ ညဘက်တွေဆိုရင် အစာပျော့လေးတွေ ဘုန်းပေးသင့်ပါတယ်ဘုရား”
” ကျန်တာရော ဘာတွေဖြစ်နိုင်သေးလဲ မောင်ရင်”
” အခြားလက္ခဏာတွေတော့ မတွေ့မိပါဘူး.. ဘဘုန်း ရောဂါအတွက် တပည့်တော် ဆေးအညွှန်းတွေရေးလိုက်ပါမယ်”
” အေးအေး ကပ္ပိယကြီးလဲ လိုအပ်တာတွေကို ကူညီပေးလိုက်ပါဦး”
” တင်ပါဘုရား.. တပည့်တော် အတတ်နိုင်ဆုံးကူညီပေးပါမယ်”
ခွန်းသနဲ့ ကပ္ပိယကြီးထွက်သွားတော့ ဦးဘကြိုင်တို့လင်မယားက ဆရာတော်ဘုရားနဲ့ စကားပြောရင်းကျန်နေခဲ့တယ်။
++++
ဘုန်းကြီးကျောင်းအနောက်ဘက်မှာရှိတဲ့ ကျောင်းဆောင်အဟောင်းထဲမှာတော့ ခွန်းလှ တစ်ယောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး အဝေးတစ်နေရာကို ငေးကြည့်နေခဲ့တယ်။
” လူလေး… မင်းစိတ်ကို ဘာကြောင့်မချုပ်တီးနိုင်ရတာလဲ”
” ကျွန်တော်… ကျွန်တော် သူတို့ကိုမြင်တော့ ဒေါသတွေကိုမထိန်းနိုင်ခဲ့ဘူး၊ အခုချက်ချင်း ထပြီး သတ်ပစ်လိုက်ချင်အောင် ဖြစ်ခဲ့တာ”
” လူလေး စိတ်ကိုမထိန်းချုပ်နိုင်ရင် ဒီအသိုက်အမြုံတစ်ခုလုံးကို ဖျက်စီးနိုင်မှာမဟုတ်ဘူး၊ ရေရှည်စီမံထားတဲ့အကြံစဉ်ကို တခဏထွက်တဲ့ဒေါသကြောင့် အပျက်စီးမခံသင့်ဘူးလူလေး”
” ကျွန်တော် နောက်ထပ်မဖြစ်အောင် သတိထားပါ့မယ် “
” အင်း… မင်းအနေနဲ့ ဆရာတော်ကိုပေးမယ့် ဆေးပင်ေတွကို ရေးထားပေးဦး၊ ညနေ ရွာထဲဆွမ်းချိုင့်လိုက်ကောက်တဲ့အချိန် ခူးခဲ့ပေးမယ်”
” ဟုတ်ကဲ့ ကျွန်တော်အခုပဲရေးလိုက်ပါမယ်”
++++++
” ဝုန်း… ပတောက် ပတောက် ပတောက်”
မီးတောက်တစ်ခုက ဝုန်းခနဲထတောက်လာတဲ့ချိန် ခွန်းလှရဲ့ ညာဘက်လက်ဖဝါးက အလိုက်သင့်ရွေ့လျားပြီး ဖိနှိပ်လိုက်ရာ မီးတောက်အရှိန်က တစ်ဖြေးဖြေးလျော့ကျသွားခဲ့တယ်။
ဘာမှမရှိတဲ့ မြေကွက်လပ်ကနေ မီးထတောက်လာတာကို မလှမ်းမကမ်းကနေ ထိုင်ကြည့်နေတဲ့ လူတစ်ယောက်က လက်ခုပ်ကိုခပ်အုပ်အုပ်တီးပြီး
” ရွာကနေ ထွက်သွားပြီး ဆယ်နှစ်အတွင်းမှာ ဒီလောက်တတ်မြောက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး” လို့ပြောလိုက်တော့ ခွန်းလှက မီးတောက်ကိုလက်ဖဝါးနဲ့ ပုတ်ထုတ်ကာငြိမ်းသတ်လိုက်ပြီး
” ဦးလေးသိုင်းခြုံကျေးဇူးကြောင့် ဒီပညာတွေတတ်လာတယ်လို့ပြောရင်ပိုမှန်မှာပါ”
” ဟားဟား… ငါ့အထင်ပြောရရင် ဘိုးဒိန်းက မင်းကိုဆရာစားမချန်သင်ပေးခဲ့တာပဲဖြစ်ရမယ်၊ ကဲ နောက်ထပ် မင်းတတ်ထားတာလေးတွေ ပြပါဦး”
ဦးသိုင်းခြုံံစကားကြောင့် ခွန်းလှက အနက်ရောင်လွယ်အိတ်လေးထဲမှာထည့်ထားတဲ့ ပစ္စည်းတွေကို တစ်ခုချင်းထုတ်ပြီး အရှေ့မှာချထားလိုက်တယ်။ ပြီးတာနဲ့ နွားရုပ်တစ်ကောင်ကို မြေကြီးပေါ်မှာချပြီး
” ဥုံ ဧဟိဧဟိဂေါဏဂေါဏပုင်္ဂဝပုင်္ဂဝ
အာဝေနိနိဂစ္ဆ အမုမှိ ဩကာသေ တိဋ္ဌာဟိ
တိေဋ္ဌဟိ ဉေဋ္ဌဟိ ထဆရာထ ကြွဆရာကြွ။
ဥုံ စတုလောကပါလာ ထထန္ဒြာဒေဝါထထ
သကောဒေဝရာဇာ ထထ” ဆိုတဲ့ဂါထာကို ထန်နဲ့မာန်နဲ့ရွတ်လိုက်ရာ နွားရုပ်လေးက မျက်စိရှေ့မှာတင် အသက်ဝင်လှုပ်ရှားကာ တစ်ရိပ်ရိပ်နဲ့ကြီးလာခဲ့တယ်။
နှာမှုတ်ပြီး ခွာယက်နေတဲ့ နွားက ခွန်းလှအမိန့်ပေးတာနဲ့ ဘယ်အရာကိုမဆိုလုပ်မယ့်ပုံစံဖြစ်နေတာမြင်တော့ ဦးသိုင်းခြုံက သဘောကျစွာရယ်လိုက်ပြီး
“စမ္ပာနာဝအင်းကိုးကွက်နဲ့ဖန်တီးထားတဲ့ တိုက်နွားပါလား၊ အခုချိန်များ ဒီကောင်ကို အတိုက်ဂါထာရွတ်ပြီးဖနောင့်ပေါက်လိုက်ရုံနဲ့ စေရာကို ဒုန်းစိုင်းပြေးသွားမှာကွ ဟားဟား”
” အချိန်မကျသေးလို့ စောင့်နေတာပါ ဦးလေးရာ၊ မကြာခင် ကျွန်တော်ရဲ့ရန်ငြိုးကို အတိုးရောအရင်းပါ ပေါင်းပြီးတောင်းမှာ”
ခွန်းလှက အံကိုကြိတ်ပြီးပြောကာ နှာမှုတ်နေတဲ့ နွားကိုမူလပုံစံဖြစ်အောင် မန်းမှုတ်ပြီး လွယ်အိတ်ထဲကို ပြန်ထည့်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့အတွေးတွေကတော့ လွန်ခဲ့ (၁၃)နှစ်ထဲကို ရောက်သွားခဲ့တယ်။
+++++++
” မလုပ်ကြပါနဲ့ရှင်… ရှိသမျှပစ္စည်းအကုန်ယူသွားကြပါ… အသက်ကိုတော့ချမ်းသာပေးကြပါရှင်”
မိခင်ဖြစ်သူရဲ့ ကြောက်လန့်စွာတောင်းပန်နေတဲ့အသံနဲ့အတူ လက်ပြန်ကြိုးတုပ်ခံထိထားတဲ့ ဖခင်ရဲ့မျက်နှာက ခွန်းလှအတွေးထဲမှာ နာကျင်စွာပေါ်လာခဲ့တယ်။
” ဆရာ ပစ္စည်းတွေလဲရပီဆိုတော့.. ဒီနှစ်ယောက်ကိုဘယ်လိုလုပ်ရမလဲ”
တပည့်ကျော်ရဲ့မေးခွန်းကို မျက်နှာအဝတ်စည်းထားတဲ့သူက ဘာမှပြန်မပြောပဲ ခါးကြားမှာထိုးထားတဲ့ ဓါးမြှောင်ကိုထုတ်ယူကာ ဖခင်ဖြစ်သူရဲ့ ရင်ညွန့်ကိုဦးစွာထိုးစိုက်ချလိုက်တယ်။ ပြီးတော့ မိခင်ဖြစ်သူရဲ့ ဆံပင်ကိုဆွဲကာ လည်ပင်းကိုဓါးနဲ့ ဆတ်ခနဲလှီးလိုက်ပြီး အိမ်ပေါ်ကနေ ဆင်းသွားခဲ့ကြတယ်။ အဲဒီအချိန် အိမ်အပြင်ကနေတိုက်ခတ်လာတဲ့လေပြင်းတစ်ခုကြောင့် ဓါးပြဗိုလ်ရဲ့မျက််နှာမှာ တပ်ထားတဲ့ အဝတ်စက ရုတ်တရက်ပြေလျော့ပြီး နဖူးဘေးမှာကန်လန့်ဖြတ်အနာရွတ်တစ်ခုရှိနေတာကိုဖျာကြားထဲမှာ ပုန်းအောင်းနေတဲ့ ခွန်းလှတစ်ယောက် မြင်တွေ့လိုက်ရတယ်။
၈နှစ်ပင်မပြည့်သေးတဲ ခွန်းလှရဲ့စိတ်ထဲမှာတော့ မိဘတွေကိုရက်ရက်စက်စက်သတ်သွားသူရဲ့မျက်နှာကို လုံးဝမေ့မရအောင် မှတ်မိနေခဲ့တယ်။ ဓါးပြတွေထွက်သွားတော့ အိမ်နီးနားချင်းတစ်ဦးဖြစ်တဲ့ ဦးသိုင်းခြုံက အရက်မူးပြီးအပြန် ခွန်းလှရဲ့ရှိုက်ကြီးတငင်ငိုနေတဲ့အသံကိုကြားပြီး တက်ကြည့် တော့မှ မိဘနှစ်ပါးလုံးအသတ်ခံထားရတာကိုသိလိုက်ရတယ်။
အဲဒီချိန်ထဲက ခွန်းလှတစ်ယောက် ဦးသိုင်းခြုံရဲ့ ပြုစုမှုအောက်မှာနေလာရင်း အသက်၁၃နှစ်အရွယ်မှာတော့ ရှမ်းပြည်နယ်ဘက်မှာရှိတဲ့ ဘိုးဒိန်းဆိုတဲ့ဆရာတစ်ယောက်ဆီမှာ လောကီအတတ်ပညာအချို့ကိုလေ့လာသင်ယူဖြစ်ခဲ့တယ်။ ဘိုးဒိန်းဆိုတာက ဦးသိုင်းခြုံရဲ့ သူငယ်ချင်းတစ်ဦးဖြစ်တဲ့အပြင် လောကီပညာရပ်တွေမှာ လက်ဖျားခါလောက်တဲ့ထိ ထူးချွန်တဲ့သူတစ်ဦးလဲဖြစ်တယ်။ ခွန်းလှရဲ့အတွေးထဲမှာတော့ သူ့မိဘတွေကို ရက်ရက်စက်စက်သတ်သွားတဲ့အဖွဲ့သားတွေကို လက်စားချေဖို့ဆိုတဲ့အတွေးက နေ့ရောညပါ စိုးမိုးနေခဲ့တယ်၊ ဒါကြောင့်လဲ ပညာရပ်တွေကို အသေးစိတ်ကအစ ကြိုးစားပြီးလေ့လာသင်ယူခဲ့တယ်။
ခွန်းလှတစ်ယောက်ပညာသင်နေတဲ့ချိန် ဦးသိုင်းခြုံကတော့ ဓါးပြတိုက်သွားတဲ့အဖွဲ့ကိုလိုက်ရှာရင်း လှည်းကျိုးရွာမှာရှိတယ်ဆိုတဲ့သတင်းကြောင့် ဘုန်းကြီးကျောင်းမှာ ကပ္ပိယလုပ်ရင်း ခွန်းလှ အလာကိုစောင့်နေခဲ့တယ်။
တစ်ညမှာတော့ ဆရာတော်ကိုခြေဆုပ်လက်နယ်ပြုနေတဲ့အချိန် နဖူးမှာအနာရွတ်တစ်ခုရှိတဲ့ လူတစ်ယောက် ကျောင်းပေါ်တက်လာပြီး သူလုပ်ခဲ့တဲ့အပြစ်တွေကြောင့် ညဘက်တွေဆိုရင်အိပ်မရပဲ ဖြစ်နေတဲ့အကြောင်း လာလျောက်ရာကနေ လိုက်ရှာနေတဲ့ ဓါးပြအဖွဲ့ဖြစ်နေတာကို သိလိုက်ရတယ်။
ဦးသိုင်းခြုံလဲ သေချာစုံစမ်းပြီးချိန်ရောက်တဲ့တိုင် ခွန်းလှကိုအသိမပေးသေးပဲ ပညာကိုသာဆက်သင်စေခဲ့တယ်။ ပညာတွေစုံသလောက်ဖြစ်တဲ့အချိန်ရောက်မှ ပြန်ခေါ်ပြီး စုံစမ်းထားတာတွေကို ပြောပြပေးခဲ့တယ်။
++++++++
” ခွန်းလှ… အခုထိမအိပ်သေးပဲ ဘာထိုင်လုပ်နေတာလဲ”
အနောက်ကနေပေါ်လာတဲ့ အသံကြောင့် ခွန်းလှရဲ့အတွေးစတွေပြတ်တောက်သွားပြီး
” အိပ်မပျော်လို့ ဟိုဟိုဒီဒီစဉ်းစားနေတာပါ… ခဏနေအိပ်ပါတော့မယ် ဦးလေး”
” အင်း… မင်းက လူငယ်ဆိုတော့ စိတ်အလိုနောက်ကိုလိုက်မှာစိုးရိမ်လို့ပါကွာ၊ အကြံအစည်ကြီးတဲ့သူက အခွင့်အရေးကောင်းကိုစောင့်တတ်ရတယ်ကွယ့်”
” ကျွန်တော်နားလည်ပါတယ်ဦးလေး… အဲဒီအဖွဲ့ထဲမှာ လူဘယ်နှစ်ယောက်ပါလဲ… ဘယ်သူတွေပါလဲဆိုတာသိဖို့လိုသေးတယ်မဟုတ်လား”
” ဒါဆို လူလေးက ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ”
” ဦးလေး စုံစမ်းထားတဲ့ထဲမှာ မောင်တာဆိုတဲ့လူလဲပါတယ်မဟုတ်လား”
” အင်း ဟုတ်တယ်၊ သူလဲ အရင်က ဓါးပြအဖွဲ့ဝင်ဟောင်းပဲ”
” ဒါဆို မနက်ဖြန် ညသန်းခေါင်အချိန် ဘုန်းကြီးကျောင်းအနောက်ဘက်တောထဲက ကျောင်းပျက်ထဲကိုလာခဲ့ပါ၊ အဲဒီညတုန်းက ဘယ်သူတွေပါတယ်ဆိုတာကို ကျွန်တော့နည်းကျွန်တော်ဟန်နဲ့သိအောင်လုပ်မယ်”
အရယ်အပြုံးမရှိပဲ တစ်လုံးချင်းပြောသွားတဲ့ ခွန်းလှရဲ့စကားကြောင့် ဦးသိုင်းခြုံတစ်ယောက် အသက်ကိုဝအောင်ရှူသွင်းလိုက်ပြီး
” မင်းရဲ့ ရည်မှန်းချက်တွေ မကြာခင်ပြည့်ရတော့မှာပါကွာ” လို့ပြောကာ မီးဖိုချောင်ဘက်ကို ထွက်သွားခဲ့တယ်။
++++++++
” မောင်တာ… ထစမ်း… အိပ်နေရာကနေ ထလိုက်စမ်း”
ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် ဦးတာ တစ်ယောက် ငေါက်ခနဲထထိုင်ပြီးကြည့်လိုက်ရာ မိန်းမတစ်ယောက် ဆံပင်ဖားလျားချပြီး ကျောပေးထားတာကိုမြင်လိုက်တယ်။
” ငါ့အနောက်ကလိုက်ခဲ့… ဘယ်သူမှမသိအောင် တိတ်တိတ်လေးလိုက်လာခဲ့”
ခြောက်ကပ်အက်ကွဲနေတဲ့အသံကို ဦးတာ တစ်ယောက် မလွန်ဆန်နိုင်ပဲ အိမ်တံခါးကိုအသာဖွင့်ကာ ဆံပင်ဖားလျားနဲ့မိန်းမနောက်ကို ထပ်ချပ်မကွာလိုက်သွားခဲ့လိုက်တယ်။
+++
” ဗွမ်း….”
မျက်နှာပေါ်ကိုကျလာတဲ့ ရေကြောင့် ဦးတာ တစ်ယောက်သတိဝင်လာပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ဖယောင်းတိုင်မီးတွေ ထွန်းထားတဲ့ အိမ်အပျက်တစ်လုံးထဲမှာရောက်နေတာကိုသတိထားမိခဲ့တယ်။ သူ့အရှေ့မှာတော့ ခြေချိတ်ပြီးထိုင်နေတဲ့ လူငယ်တစ်ဦး။
” မင်း.. ဘယ်သူလဲ… ငါက ဘယ်လိုဖြစ်လို့ …”
ဦးတာတစ်ယောက် လှုပ်ရှားဖို့ကြိုးစားလိုက်ပေမယ့် လက်နှစ်ဖက်နဲ့ခြေထောက်နှစ်ဖက်က လှုပ်မရပဲတင်းကြပ်စွာစည်းနှောင်ထားတာကို ခံစားမိခဲ့တယ်။
” လွန်ခဲ့တဲ့ ၁၆နှစ်လောက်က လယ်ပိုင်ရှင်ဦးခွန်းအောင်နဲ့ ဒေါ်လှခင်တို့အိမ်ကို ဓါးပြတိုက်ခဲ့တာကိုမှတ်မိသေးလား”
မျက်ခုံးပင့်ကာ မေးလိုက်တဲ့ လူငယ်ရဲ့စကားကြောင့် ဦးတာတစ်ယောက် အနည်းငယ်စဉ်းစားပြီးမှ ဟန်မပျက်ပြန်နေကာ
” ဒီမယ် ကောင်လေး… မင်း ဘာတွေပြောနေတာလဲ၊ ငါတစ်ခုမှ နားမလည်ဘူး”
” နားမလည်တော့လဲ နားလည်အောင်လုပ်ပေးရတာပေါ့”
လူငယ်က လေသံအေးအေးနဲ့ပြောပြီး ကောက်ရိုးနဲ့လုပ်ထားတဲ့အရုပ်တစ်ခုကို ထုတ်ယူကာ ဦးခေါင်းထိပ်ကို အပ်နဲ့ထိုးစိုက်ချလိုက်တယ်။
” အမလေး… ငါ့ခေါင်းထဲ စူးပြီးကိုက်ခဲလာပါလား… အား သေပါပြီ”
” လွန်ခဲ့တဲ့ ၁၆နှစ်လောက်က လယ်ပိုင်ရှင်ဦးခွန်းအောင်နဲ့ ဒေါ်လှခင်တို့အိမ်ကို ဓါးပြတိုက်ခဲ့တာကိုမှတ်မိသေးလား”
” ငါ မမှတ်မိ…. “
” စွပ်… စွပ်”
” အား… နင် နင် ငါ့ကိုဘာလုပ်ထားတာလဲ၊ အဲဒီအရုပ်ကိုအပ်နဲ့ထိုးလိုက်တိုင်း ငါအတွင်းကလီစာတွေပြုတ်ထွက်မတတ်နာကျင်ရတယ် အား ကျွတ် ကျွတ် ကျွတ်”
” အမှန်တိုင်းပြောရင် မနာကျင်အောင်လုပ်ပေးမယ်၊ မပြောဘူးဆိုရင်တော့ ဒီထက်ပိုနာကျင်အောင် လုပ်ရလိမ့်မယ်”
” ငါပြောပါ့မယ် ငါပြောပါ့မယ်…. ထပ်ပြီးမနှိပ်စက်ပါနဲ့တော့”
ဦးတာရဲ့စကားကြောင့် အမှောင်ထုထဲမှာ ရပ်နေတဲ့ ဦးသိုင်းခြုံတစ်ယောက်ထွက်လာပြီး
” ရပ်ကျိုးရွာကျိုးသယ်ပိုးနေတဲ့ ဦးတာ ဆိုတဲ့လူက အပြစ်မရှိတဲ့သူကိုသတ်ခဲ့တဲ့ ဓါးပြတစ်ယောက်ဖြစ်နေပါလား အဟက် အဟက်”
” ဟင်… ကပ္ပိယကြီး… ခင်ဗျားနဲ့ ဒီကောင်လေးက ဘယ်လိုပတ်သတ်နေတာလဲ”
” ဒါတွေမင်းသိဖို့မလိုပါဘူး… ကဲ ပြောစမ်း… မင်းတို့အဖွဲ့ထဲမှာ လူဘယ်နှစ်ယောက်ပါလဲ၊ ဘယ်တွေလဲပါလဲ”
” ဟို ဟို ဘကြိုင်အပါအဝင် ၈ယောက်ပါပါတယ်…”
” အဲဒီ လူရှစ်ယောက်က ဒီရွာမှာပဲနေတာလား”
” မဟုတ် မဟုတ်ပါဘူး စံဘနဲ့ ကျောက်ကြီးက ကျောက်စရစ်ရွာမှာနေတာပါ၊ ကျန်တဲ့သူ၆ယောက်ကတော့ ရွာထဲမှာပဲနေပါတယ်”
” ဒါဖြင့် ဒီရွာမှာနေတဲ့သူ ၆ယောက်နာမည်ပြောစမ်း”
ဦးသိုင်းခြုံက ဦးတာရဲ့ မေးဖျားကို ဝါးဆစ်ပိတ်နဲ့ တွန်းကာမေးလိုက်ပြီး ထွက်လာမယ့် စကားတွေကို စိတ်ဝင်တစား နားထောင်နေခဲ့လိုက်တယ်။
+++++++
ရွာထိပ် ဖုန်းဆိုးတောဘေးကနေ ထွက်လာတဲ့ ပလွေသံကြောင့် အောင်မြတ်သာနဲ့မောင်ကောင်းတို့ရဲ့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး အသံကြားရာဘက်ကို လှန်းကြည့်လိုက်ကြတယ်။
” ညနေ နေဝင်ရီတရောအချိန်မှာ ကြားလိုက်ရတဲ့ ပလွေသံက အတော်ကိုလိုက်ဖက်လိုက်တာဗျာ”
” ဒီပလွေသံက သာမန်လူဆီကနေ ထွက်လာတာမှမဟုတ်တာ၊ ဒါကြောင့် နားထဲမှာ ချိုအီပြီးဝင်သွားတာပေါ့”
” လှည်းကျိုးရွာကိုစဝင်တာနဲ့ ထူးဆန်းတာတွေကြုံရပြီထင်ပါတယ်ဗျာ”
မောင်ကောင်းရဲ့စကားကို အောင်မြတ်သာက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ထောက်ခံလိုက်ပြီး ညောင်ညိုပင်အောက်မှာဝင်ကာ ခေတ္တနားနေခဲ့လိုက်တယ်။ မကြာခင် ပလွေသံကရပ်သွားပြီး ဖုန်းဆိုးတောအနောက်ဘက်ကနေ ခြေထောက်တစ်ဖက်ခွင်နေတဲ့ လူတစ်ယောက် ထွက်လာခဲ့တယ်။
” ဒီနေ့ နားထောင်ရတဲ့ပလွေသံက အလွန်သာယာလှပါလား”
” ဟာ ဆရာတို့ပါလား… ကျုပ်က ခုနလေးတင်ထိ စောင့်နေသေးတာ၊ ဆရာတို့မလာသေးတာနဲ့ အပျင်းပြေပလွေမှုတ်နေခဲ့မိတာ တောင်းပန်ပါတယ်ဗျာ”
” ရပါတယ် ငခွင်ရဲ့… ဒါနဲ့ ရွာမှာဘာထူးခြားသေးလဲ”
” ဟင်း… ဟိုကောင်လေးကတော့ သူ့ရန်ငြိုးတွေကို ဖြေသိမ့်ဖို့ လုပ်ငန်းစနေပြီဆရာ”
” အပြစ်မရှိတဲ့သူတွေ ဒုက္ခမရောက်အောင် တတ်နိုင်သမျှတော့ ထိန်းကျောင်းပေးရမှာပဲလေ၊ ဒီကြားထဲ ခြေလွန်လက်လွန်မဖြစ်ဖို့ ငါတို့ဝင်ပါကြရတော့မယ်”
အောင်မြတ်သာက ပဲ့ကြွေနေတဲ့ ညောင်ညိုပင်ရဲ့သစ်မြစ်တစ်ခုကို ကောက်ယူပြီး လေထဲဝှေ့ယမ်းလိုက်ရာ တစ်ကိုယ်လုံးနက်မှောင်နေတဲ့ ကြောင်နက်တစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။
” မောင်ညိုရေ… မင်းကို ရွာထဲလှည့်ပတ်ကြည့်ရှုဖို့ တာဝန်ပေးလိုက်ပြီ၊ သာမန်ထက်ထူးခြားတာတစ်ခုခုမြင်တွေ့ခဲ့ရင် ဒီကိုပြန်လာခဲ့”
အောင်မြတ်သာက ကြောင်နက်ရဲ့ခေါင်းကိုပွတ်သပ်ကာပြောလိုက်ပြီး ရွာထဲကိုလွှတ်ပေးလိုက်တယ်။ ညသန်းခေါင်မတိုင်မီအချိန်ရောက်တော့ ရွာထဲဘက်ကနေ ကြောင်အော်သံတစ်ချက်ကိုကြားလိုက်ရတယ်။
” မောင်ကောင်း… ငါတို့ရွာထဲဝင်မှရတော့မယ်ထင်တယ်၊ မောင်ညို တစ်ကောင် ဒုက္ခရောက်နေပြီ”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး အမှောင်ထုတွေဖုံးလွှမ်းနေတဲ့ ရွာထဲဘက်ကို ဆရာတပည့်နှစ်ယောက် ထွက်လာခဲ့လိုက်တယ်။
” အီ အီ အီ.. “
ရွာခံခွေးတွေက အောင်မြတ်သာတို့ကို့မြင်တော့ တအီအီအသံပြုပြီး အမြှီးလေးတနှံ့နှံ့နဲ့ကြိုနေကြသလို အိမ်ကြိုအိမ်ကြားဘက်ကို ကမူးရှူးထိုးထွက်ပြေးသွားကြတဲ့ခြေသံအချို့ကိုလဲကြားလိုက်ရတယ်။
” ဆရာ… တစ်ရွာလုံးလူသံသူသံတွေမကြားရအောင် တိတ်ဆိတ်နေပါလား၊ ဒီလက္ခဏာက ကောင်းတဲ့အချင်းအရာတော့မဟုတ်ဘူးထင်တယ်နော်”
” ငါ့စိတ်ထင်ပြောရရင် တစ်ရွာလုံးအိပ်မောကျအောင် လုပ်ထားတယ်လို့ထင်တယ်”
အောင်မြတ်သာစကားအဆုံးမှာ ဒေါသတစ်ကြီးနဲ့ နှာမှုတ်နေတဲ့နွားတစ်ကောင်ရဲ့အသံအပြင် မြေကြီးကိုခွာနဲ့ယက်နေတဲ့အသံကိုကြားလိုက်ရတယ်။
” ဆရာ … အသံကြားလိုက်လား”
” ဟင်း… ဒီကောင်တွေ တစ်ရွာလုံးဒုက္ခရောက်အောင်လုပ်ကုန်ပြီ… ငါ့အနောက်ကအမြန်လိုက်ခဲ့”
အောင်မြတ်သာက အသံကြားတဲ့ဘက်ကို ခပ်သုတ်သုတ်လျောက်လာပြီး ကြည့်လိုက်ရာ အပိုင်းပိုင်းအစစကျိုးပဲ့နေတဲ့ ညောင်မြစ်အပိုင်းအစတွေအပြင် နွားခြေရာအချို့ကိုလဲမြင်တွေ့လိုက်ရတယ်။
” မောင်ညိုက သူတို့စီရင်ထားတဲ့ ဆေးနွားနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်ထင်တယ်”
” ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆရာ”
” ဆေးနွားက ဒီအနားတစ်ဝိုက်မှာ လှည့်ပတ်သွားလာနေတာဆိုတော့ သူတို့ပစ်မှတ်ထားတဲ့လူက အနီးနားအိမ်မှာပဲရှိရမယ်”
အောင်မြတ်သာက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးမှ ရေနံဆီမီးအိမ်ထွန်းထားတဲ့ အိမ်တစ်လုံးရှေ့မှာ တုံ့ခနဲရပ်လိုက်ကာ
” မောင်ကောင်း အိမ်တံခါးကို တွန်းပြီးအထဲဝင်ကြည့်ဦး… ဒီအိမ်က အခြားအိမ်တွေထက်ပိုပြီး တိတ်ဆိတ်နေတယ်၊ အိမ်စောင့်နတ် .. ခြံစောင့်နတ်တွေလဲမတွေ့ရဘူး”
မောင်ကောင်းလဲ ချက်ချင်းဆိုသလို ခြံစည်းရိုးကိုကျော်ခွပြီး အိမ်ထဲဘက်ကိုတက်ကြည့်လိုက်ရာ လူနှစ်ယောက် ဖူးယောင်တဲ့ဒဏ်ရာတွေနဲ့ သတိမေ့နေတာကိုမြင်တွေ့လိုက်ရတယ်။
” ဆရာ.. အိမ်ထဲကလူတွေ အတိုက်ခံရပြီထင်တယ်၊ လာကြည့်ပါဦး”
အောင်မြတ်သာလဲ အိမ်ထဲမဝင်ခင် လေးကွက်အင်းကိုခြံစည်းရိုးမှာရိုက်ချလိုက်ရာ ” ဖောက်” ဆိုတဲ့အသံနဲ့အတူ တံဆက်မြိတ်အောက်ကနေ မီးခိုးငွေ့တစ်ခုထွက်ပေါ်လာခဲ့တယ်။
” မောင်ကောင်း… မီးခိုးထွက်တဲ့နေရာကိုကြည့်လိုက်၊ ထူးခြားတာတစ်ခုခုတွေ့လိမ့်မယ်”
” ဟာ.. မြေအိုးကွဲမှာအင်းဆွဲပြီး တံဆက်မြိတ်အောက်မှာမြုပ်ထားတာဆရာ”
” အိုးကွဲအင်းကို လက်နဲ့မထိပဲ ဖယ်ထုတ်ထားလိုက်၊ အရင်ဆုံး အိမ်ပေါ်ကလူတွေကို သတိရအောင်လုပ်ပေးရမယ်”
မောင်ကောင်းလဲ အိုးကွဲအင်းကို သစ်ကိုင်းခြောက်နဲ့ဖယ်ထုတ်လိုက်ပြီး အိမ်တံခါးကိုအတင်းတွန်းဖွင့်လိုက်တယ်။
” ရေတစ်ခွက်ခပ်ခဲ့ပေး”
” ဒီမှာ ရေတစ်ခွက်ရပါပြီဆရာ”
အောင်မြတ်သာလဲ ရေခွက်ထဲကို အင်းတစ်ရွက်ထည့်ပြီး လက်ညိုးနဲ့နာနာမွှေကာ သတိလစ်မေ့မျောနေတဲ့ လူနှစ်ယောက်ရဲ့မျက်နှာကို တောက်လိုက်ရာ ချက်ချင်းငေါက်ခနဲထထိုင်ပြီး အံ့ဩတဲ့မျက်လုံးတွေနဲ့ လိုက်ကြည့်နေခဲ့ကြတယ်။
” နွားနီနီကြီး… နွားနီနီကြီး လိုက်ဝှေ့နေလို့ ကယ်ကြပါဦးဗျာ… “
” စိတ်ထိန်းပါဦးဗျ… ဒီမှာ ဘယ်နွားမှမရှိပါဘူး”
” မဟုတ်ဘူး ရှိတယ်ဗျ… ရင်ညွန့်လောက်ရှိတဲ့ နွားနီနီကြီးက ကျွန်တော်တို့လင်မယားကို လိုက်ဝှေ့နေတာ၊ ခုနကပဲ အိမ်ပေါ်ထိတက်လာတာ မြင်လိုက်ပါသေးတယ်”
” အရင်က မြင်တွေ့ကောင်းမြင်တွေ့ရပေမယ့် အခုတော့ ဘာမှမရှိတော့ပါဘူး… စိတ်အေးအေးထားပြီး ဒီရေမန်းကိုသောက်လိုက်ပါ”
အိမ်ပိုင်ရှင်ယောင်္ကျားနဲ့မိန်းမလဲ အောင်မြတ်သာပေးတဲ့ရေကို မော့သောက်လိုက်ပြီးခါမှ လှုပ်ရှားနေတဲ့စိတ်တွေငြိမ်သက်သွားခဲ့တယ်။
” ခင်ဗျား.. ခင်ဗျားတို့ကဘယ်သူတွေလဲ”
” နားလည်အောင်ပြောရရင် ကျုပ်တို့က မိတ်တွေတို့ရဲ့အသက်ကိုကယ်လိုက်တဲ့သူတွေပါ၊ ဒီလိုအဖြစ်မျိုး အရင်ကဖြစ်ဖူးသေးလား”
” တစ်ခါမှမကြုံဖူးပါဘူးဗျာ… ဒီည အိပ်ခါနီးအချိန် ခြံထဲမှာ နွားတစ်ကောင် နှာမှုတ်တဲ့အသံကြားလို့ တံခါးဖွင့်ကြည့်လိုက်တဲ့အချိန် လွှားခနဲခုန်တက်လာတာ၊ ဘဝမှာ အဲလောက်ကြောက်ဖို့ကောင်းတဲ့ နွားမမြင်ဖူးဘူး”
” မိတ်ဆွေတို့မြင်လိုက်ရတာက တိုက်နွားလို့ခေါ်တယ်၊ မကျေနပ်တဲ့သူတွေက ဒီလိုအစီအရင်တွေနဲ့ ထိခိုက်အောင်ပြုလုပ်ကြလေ့ရှိတယ်”
” ကျွန်မတို့က ရွာမှာနာမည်ပျက်လဲမရှိခဲ့ဖူးပါဘူး… ဘယ်လိုလူတွေက ရန်ပြုနှောက်ယှက်နေတာလဲရှင်”
” သိပ်လဲစိတ်ပူမနေပါနဲ့… ဒီလိုကိစ္စတွေကိုကြိုမြင်လို့ ကျုပ်တ်ု့အချိန်မှီရောက်လာခဲ့တာပါ၊ ဒီညတော့ အိမ်နဲ့ခြံထဲကို မကောင်းတဲ့အနှောက်ယှက်တွေမဝင်အောင် လုပ်ပေးခဲ့ပါမယ်၊ ဘာသံပဲကြားကြား ဘယ်သူပဲခေါ်ခေါ် အိမ်အောက်ကိုလုံးဝမဆင်းဖို့တော့သတိထားပါ”
” ကျေးဇူးတင်ပါတယ်ဗျာ… တော်တော်လဲကြောက်သွားတာမို့ ဘာသံကြားကြား တံခါးဖွင့်မကြည့်တော့ပါဘူး”
အောင်မြတ်သာတို့လဲ အိမ်ရှင်လင်မယားကို မှာသင့်တာမှာပြီး အိမ်အောက်ကိုဆင်းလာကာ တံဆက်မြိတ်အပြင်မှာဖယ်ထားတဲ့ အိုးကွဲအင်းကို စည်းဝိုင်းတစ်ခုထဲမှာ စုပုံထားလိုက်တယ်။ ပြီးတာနဲ့ လေးဘက်လေးတန်မှာ အင်းတစ်ကွက်စီချပြီး မြေကြီးကိုဖနောင့်နဲ့ပေါက်ချလိုက်ရာ လောင်စာမရှိတဲ့ အိုးကွဲတွေကနေ အပြာရောင်မီးတောက်ေတွ ဟုန်းခနဲထတောက်လာခဲ့တယ်။
ငါးမိနစ်လောက် အရှိန်အဟုန်နဲ့လောင်ပြီးချိန်မှာတော့ မီးတောက်တွေငြိမ်းသွားခဲ့သလို အိုးခြမ်းကွဲတွေပေါ်မှာရေးထားတဲ့ အင်းစမတွေလဲ ပျောက်ပျက်သွားခဲ့တယ်။
အောင်မြတ်သာလဲ အိမ်ပရဝဏ်အတွင်းမှာ အခြားအတိုက်တွေကျန်မကျန်ကိုစစ်ဆေးခဲ့ပြီး ဘာမှမရှိတာသေချာမှ ခြံအပြင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။
+++++++
” ဖလပ် ဖလပ် ဖလပ်”
မလှမ်းမကမ်းမှာရှိတဲ့ ဝါးရုံပင်ကနေ ဖျတ်ခနဲထပျံသွားတဲ့ ဇီးကွက်တစ်ကောင်ကိုမြင်တော့ အောင်မြတ်သာက လက်ညိုးနဲ့ထိုးလိုက်ပြီး
” မကောင်းတဲ့ မိစ္ဆာစက်တွေပါရင် ချက်ချင်းမြေကိုကျစေ” လို့အမိန့်ပေးလိုက်ရာ ပျံနေတဲ့ဇီးကွက်က ဖုတ်ခနဲမြေကြီးပေါ်ကိုကျတာ တဖျတ်ဖျတ်လွန့်လူးနေခဲ့တယ်။
” ငါတို့ရောက်နေတာ သိနေကြပြီ… ဒါက သူ့ရဲ့ရှေ့ပြေးအထောက်တော်ပဲမောင်ကောင်း”
အောင်မြတ်သာက မြေကြီးပေါ်ကျနေတဲ့ ဇီးကွက်ရဲ့ခြေထောက်ကိုဆွဲယူပြီးကြည့်လိုက်ရာ အနီရောင်ဆေးနဲ့ရေးဆွဲထားတဲ့ အင်းလိပ်တစ်လိပ်ကို ကြိုးနဲ့ချည်ထားတာမြင်လိုက်ရတယ်။
” ခြေရာခံအင်းကို တိရိစ္တာန်ကိုယ်မှာထားပြီး ကင်းထောက်ခိုင်းထားတာပဲ.. “လို့ရေရွတ်ကာ အစီအရင်ကိုဖြုတ်ပေးလိုက်တော့မှ လဲကျနေတဲ့ ဇီးကွက်က တောင်ပံတဖျတ်ဖျတ်ခတ်ကာ ရွာပြင်ဘက်ကိုပျံသန်းသွားခဲ့တယ်။
” ဆရာ.. ဒီကိစ္စတွေရဲ့ ဇစ်မြစ်ကိုမလိုက်သရွေ့ ပြီးဆုံးမှာမဟုတ်ဘူးလို့ထင်တယ်”
” သေချာတာပေါ့ မောင်ကောင်းရယ်.. ဒါကြောင့် ငခွင်ကို စောင့်ကြည့်ခိုင်းပြီး နေရာအတိအကျသိမှ ရွာထဲကိုဝင်လာခဲ့တာပါ”
” ဒါဆို သူက ဘယ်မှာရှိနေတာလဲ…”
” သူတို့က သာသနာနယ်မြေကို ခြေကုတ်ယူပြီး မကြံစည်အပ်တဲ့ကိစ္စတွေကို ကြံစည်နေကြတာ၊ အခုတော့ ရေသောက်မြစ်ကိုလှဲရမယ့်အချိန်ရောက်လာပြီ”
အောင်မြတ်သာက စကားအဆုံးမှာ လူနေအိမ်တွေမရှိတဲ့ ရွာအနောက်ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ အမှောင်ထုကိုအားယူပြီး လျောက်လာခဲ့ချိန်မှာတော့ ဆေးရောင်တွေအနည်းငယ်ပျယ်လွင့်နေတဲ့ ဘုန်းကြီးကျောင်းမုဒ်ဝတစ်ခုရှေ့ကိုရောက်လာခဲ့ကြတယ်။ ကျောင်းမုဒ်ဝရောက်တော့ အဝင်ဝမှာထုထားတဲ့ ဇော်ဂျီရုပ်ထုနှစ်ခုက အသက်ဝင်သလိုလှုပ်ရှားလာပြီး သစ်ပင်တွေဖုံးလွှမ်းနေတဲ့ဘက်ကို လက်ညိုးထိုးပြခဲ့ကြတယ်။
ညသန်းခေါင်အချိန်ဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းဝင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီး ပိုးကောင်ငယ်လေးတွေရဲ့အော်မြည်သံအချို့သာထွက်ပေါ်နေခဲ့တယ်။
အောင်မြတ်သာလဲ ဇော်ဂျီရုပ်တွေညွှန်ပြတဲ့နေရာကို ဖြေးဖြေးချင်းလျောက်လာခဲ့ရာ ယခင်ဘုန်းကြီးကျောင်းပျက်တစ်ခုရှိတဲ့နေရာကိုအရောက် သစ်တောထဲကနေ မီးတောက်တစ်ခုက ဝုန်းခနဲထတောက်လာခဲ့တယ်။ မီးတောက်ရဲ့အနောက်မှာတော့ အသက်နှစ်ဆယ်ဝန်းကျင်သာရှိဦးမယ့် လူငယ်တစ်ယောက်က လက်နှစ်ဖက်ကိုပိုက်ပြီး မထီတဲ့မျက်နှာထားနဲ့ ရပ်ကြည့်နေခဲ့တယ်။ သူ့ရဲ့ဘေးမှာတော့ ဆံပင်တွေဖြူစပြုနေတဲ့ လူကြီးတစ်ယောက်က ဝါးဆစ်ပိတ်တစ်လုံးကိုပိုက်ကာ ရပ်နေခဲ့တယ်။
” ဆေးနွားအစီအရင်ပျက်ထဲက ရွာထဲကို လူစိမ်းတွေဝင်လာပြီဆိုတာ သိနေခဲ့ပေမယ့် ဒီလိုမျိုးနေရာအတိအကျထိရောက်အောင်လာလိမ့်မယ်လို့တော့ မထင်ခဲ့ဘူး”
” အခုရောက်လာတော့ မောင်ရင်အနေနဲ့ အံ့ဩသွားတယ်မဟုတ်လား”
” အံ့ဩစရာတော့မရှိပါဘူး… ဒီပညာရပ်တွေထဲမှာ ဒီလောက်အဆင့်က ဘာမှပြောပလောက်တာမှမဟုတ်တာ”
ခွန်းလှရဲ့စကားကြောင့် အောင်မြတ်သာက ဖြူဖွေးနေတဲ့သွားတက်နှစ်ခုပေါ်အောင်ရယ်လိုက်ပြီး
” လူကလဲငယ်… ပညာစွမ်းကလဲရှိတော့ မာန်တက်တာမဆန်းပါဘူး… ဒါပေမယ့် ကျင့်သုံးနေတဲ့ လုပ်ရပ်တွေက မှားနေတယ်”
” ဟုတ်လား … ဒါဆိုလဲ ဆရာသမားက သင်ပြပေးပါဦး.. ကျုပ်အတွက်လဲပညာရတာပေါ့”
” ဒါနဲ့ ရွာထဲက မိသားစုကို ဘာအငြိုးကြောင့် ခုလိုလုပ်ရတာလဲ”
” ဒါက ခင်ဗျားနဲ့မဆိုင်ပါဘူး… သူတို့အပြစ်တွေကိုပေးဆပ်ဖို့ဆိုရင် ဒီထက်ကြမ်းတမ်းတဲ့နည်းကိုသုံးခဲ့သင့်တာ၊ ဒါပေမယ့် အခုကျုပ်အကြံစည်တွေပျက်သွားတဲ့အတွက် ကျုပ်မိဘတွေအပေါ်ပေးခဲ့တဲ့ ကတိကိုဖျက်မိသလိုဖြစ်သွားလို့ ဒီကိစ္စကို ဝင်ရှုပ်ခဲ့တဲ့ ခင်ဗျားတို့နှစ်ယောက်က တာဝန်ယူပေးပါ”
” ခွန်းလှ စကားမများနေနဲ့… မင်းဆုံးဖြတ်ချက်အတိုင်းလုပ်ဖို့ဆိုရင် ကြားဝင်လာတဲ့သူကိုလဲ ညှာလို့မရဘူး”
” ဒါဖြင့်လဲ ကျုပ်တို့အနေနဲ့ ဒီည လူနှစ်ယောက်ကို ဆုံးမပေးရတော့မှာပေါ့၊ ပထမဆုံးလူကတော့ အညာမာန်တက်နေတဲ့ မင်းပဲ”
အောင်မြတ်သာက သူ့အရှေ့ရပ်နေတဲ့ ခွန်းလှကိုလက်ညိုးထိုးပြီးပြောလိုက်တဲ့ချိန် ဂုမ္ဘာန်အတိုက်ဂါထာရွတ်သံတစ်ခုကို ဝိုးတဝါးကြားလိုက်ရတယ်။
” ဟိုကောင်လေး.. မင်း ဂုမ္ဘာန်အတိုက်ဂါထာကို စိတ်ထဲကနေရွတ်နေတယ်မဟုတ်လား”
အောင်မြတ်သာစကားကြောင့် ခွန်းလှရော ဦးသိုင်းခြုံပါအံ့ဩသွားပေမယ့် ဟန်မပျက်နေလိုက်ပြီး ဂါထာပြီးဆုံးအောင်ရွတ်ဖတ်နေခဲ့လိုက်တယ်။ ဒါပေမယ့် ဘယ်လောက်ရွတ်ရွတ် အသင့်စီမံထားတဲ့ ဂုမ္ဘာန်ရုပ်တွေက အသက်ဝင်မလာပဲ မလှုပ်မယှက်ဖြစ်နေတာမြင်တော့ ခွန်းလှတစ်ယောက် အံ့အားသင့်သွားခဲ့တယ်။
” ဒီမှာ ကောင်လေး.. မင်းက ဒီပညာရပ်ကို သစ္စာဆိုပြီးသင်ယူခဲ့တာမဟုတ်လား”
” ဒါတွေ ခင်ဗျား ဘယ်လိုသိတာလဲ”
” မင်းရဲ့ သစ္စာထဲမှာ ဒီပညာကိုဘာကြောင့်သင်ယူရတယ်လို့ တိုင်တည်ထားလဲ”
” ကျုပ်မိဘတွေကိုသတ်ခဲ့တဲ့သူတွေကိုပြန်သတ်ဖို့သင်ယူခဲ့တာဆိုပြီးတိုင်တည်ထားခဲ့တာ”
” မင်းက အဲဒီမှာစလွဲတာပဲ… အခု ဆေးနွားနဲ့တိုက်လိုက်တဲ့ လင်မယားက မင်းမိဘတွေကိုသတ်ခဲ့တဲ့သူတွေမဟုတ်ဘူး… ဒါကြောင့် မင်းရဲ့သစ္စာတွေပျက်ပျယ်ပြီး အစွမ်းတွေပျောက်သွားခဲ့တာ”
” ဟာ မဖြစ်နိုင်ဘူး… ကျုပ်မှတ်မိတယ်… အဲဒီလူရဲ့ မျက်ခုံပေါ်မှာ အမာရွတ်တစ်ခုရှိတယ်၊ သူက ကျုပ်မိဘတွေကိုသတ်ခဲ့တဲ့သူပဲ၊ ဒါတွေကို သူ့တပည့်တစ်ယောက်က အတိအကျဝန်ခံထားပြီးပြီ”
” မျက်ခုံးပေါ်မှာ အမာရွတ်ရှိတိုင်း မင်းမိဘတွေကို သတ်တဲ့သူဆိုရင် ဘေးမှာရှိနေတဲ့ လူကလဲ မင်းမိဘတွေကိုသတ်ခဲ့တဲ့သူပဲ”
အောင်မြတ်သာစကားကြောင့် ဦးသိုင်းခြုံ ရှူးရှူးရှဲရှဲဖြစ်သွားပြီး
” ခွန်းလှ ဒီလူတွေရဲ့ မာယာအောက်ထဲမဝင်မိစေနဲ့… သတိထားစမ်း”
” ဒီမယ် ကပ္ပိယကြီး… ကျုပ်ကအခုချိန်ထိ မုသားတစ်ခွန်းမှမပြောဖူးသေးဘူး… ခင်ဗျားသာ ကိုယ်ကျိုးအတွက် ဒီကောင်လေးကို အသုံးချနေတာမဟုတ်လား”
” ဦးလေးက ကျုပ်ကို ကိုယ်ကျိုးအတွက်အသုံးချတယ်ဟုတ်လား… ဒါဆို ခင်ဗျားတို့မှားနေပြီ၊ သူကကျုပ်ကိုကယ်တင်ခဲ့တာဗျ”
” မင်းက ဒီလောက်ယုံကြည်နေမှတော့ အဖြေမှန်သိအောင်လုပ်ပေးရတော့မှာပေါ့… မင်းကသစ္စာတရားကိုတိုင်တည်ပြီး ဒီပညာကိုသင်ယူခဲ့တယ်ဆိုရင် မင်းမိဘတွေကိုသတ်ခဲ့သူလို့ သိထားတဲ့တစ်ယောက်ယောက်ကို ရည်စူးပြီး အတိုက်ဂါထာရွတ်လိုက်ပါ… အဲဒီမှာအဖြေပေါ်လာလိမ့်မယ်”
အောင်မြတ်သာစကားအဆုံးမှာ ခွန်းလှက မျက်လုံးပိတ်ပြီး ဂုမ္ဘာန်အတိုက်ဂါထာကိုရွတ်လိုက်ရာ ဝါးမင်းပင်အောက်မှာမြုပ်ထားတဲ့ ဂုမ္ဘာန်ရုပ်ကအသက်ဝင်လာပြီး တစ်ဖြေးဖြေးကြီးထွားလာခဲ့တယ်။
မောင်ကောင်းလဲ ရုတ်တရက်မို့ ဘာမှပြင်ဆင်ချိန်မရလိုက်တာကြောင့် လွယ်အိတ်ထဲက အင်းချပ်ကိုထုပ်ယူဖို့ဟန်ပြင်လိုက်တဲ့ချိန်
” မောင်ကောင်း… ဒီအစီအရင်က ငါတို့အတွက်မဟုတ်ဘူး” လို့ပြောတဲ့အသံကိုကြားလိုက်ရတယ်။
မျက်စိရှေ့မှာအသက်ဝင်လာတဲ့ ဂုမ္ဘာန်ကြီးက ခွန်းလှရှိတဲ့ဘက်ကို တစ်လှမ်းချင်းလျောက်လာပြီး အနားရောက်တာနဲ့ ဘေးမှာရှိနေတဲ့ ဦးသိုင်းခြုံရဲ့ဂုတ်ကို ဆွဲပြီးမတင်လိုက်တယ်။
” ခွန်းလှ… ဒါ ဒါ ဘာလုပ်တာလဲ.. ငါ့ကိုပြန်လွှတ်ပေး”
” ကျုပ်ကိုဘာလို့ လိမ်ညာခဲ့တာလဲ… ကျုပ်တစ်ဘဝလုံး ခင်ဗျားကိုယုံံံကြည်ခဲ့ရတာ၊ ဘာကြောင့် ကျုပ်ကိုညာခဲ့တာလဲ”
” ခွန်းလှ စိတ်ထိန်းစမ်း… ငါလေ ဦးသိုင်းခြုံလေ”
” ဒီကဆရာတွေပြောတာမှန်တယ်… ကျုပ်က အပြစ်မရှိတဲ့သူကို ထိခိုက်အောင်လုပ်ခဲ့တာမို့ သစ္စာစူးပြီး အာဏာစက်တွေလျော့ရဲခဲ့တာ၊ ဒါပေမယ့် ခင်ဗျားကိုရည်စူးပြီးစေလွှတ်တဲ့အခါမှာတော့ ကျုပ်ပညာတွေက ပြန်စွမ်းလာခဲ့တယ်၊ ခင်ဗျားဘယ်သူလဲ… ကျုပ်မိဘတွေကိုသတ်ခဲ့တဲ့ အဖွဲ့ထဲခင်ဗျားပါခဲ့တာလား”
လူနှစ်ရပ်စာလောက်မြင့်တဲ့ ဂုမ္ဘာန်ရဲ့လက်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့
လူနှစ်ရပ်စာလောက်မြင့်တဲ့ ဂုမ္ဘာန်ရဲ့လက်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ ဦးသိုင်းခြုံက နောက်ဆုံးအချိန်ထိ သူမဟုတ်ကြောင်းငြင်းနေခဲ့တယ်။
ခွန်းလှကတော့ ဒေါသစိတ်ကြောင့် မျက်လုံးတွေနီရဲလာပြီး အကြောက်အကန်ငြင်းနေတဲ့ ဦးသိုင်းခြုံကို ဂုတ်ချိုးသတ်ဖို့အမိန့်ပေးလိုက်ချိန် အောင်မြတ်သာက ကြားထဲကနေဝင်ပြီး တားဆီးလိုက်တယ်။
” လူတစ်ယောက်ကိုသတ်လိုက်ပြီဆိုရင် မင်းက သူတို့နဲ့တူတဲ့လူစားဖြစ်သွားမယ်နော်၊ ငါတို့ဒီကိုလာတယ်ဆိုတာကလဲ မင်းလိုလူငယ်တစ်ယောက်ကို ဒီထက်ပိုမိုတောက်ပစေချင်လို့လာခဲ့တာ၊ စိတ်ကိုထိန်းပါ ကောင်လေး”
” ဒါဆို ဒီလူကြီးက ဘယ်သူလဲ… “
” သူက ရုပ်ပြောင်းရုပ်လွဲပညာကိုတစ်ဖက်ကမ်းခတ်အောင်တက်တဲ့ ဓါးပြဗိုလ်တောက်ထိန်ပဲ”
အောင်မြတ်သာက ဖမ်းချုပ်ခံထိထားတဲ့ ဦးသိုင်းခြုံရှေ့ကိုသွားပြီး မျက်နှာကိုဘယ်လက်နဲ့သပ်ချလိုက်ရာ မျက်ခုံးထောင့်မှာအမာရွတ်ရှိတဲ့ လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။
” ကျုပ်နားမလည်နိုင်တော့ဘူး.. သူကဘာကြောင့် ကျုပ်ကိုကယ်ခဲ့တာလဲ”
” သူက ဒီရွာကိုချုပ်ကိုင်ချင်လို့ မင်းမိဘတွေကိုသတ်တဲ့သူတွေ့ပြီဆိုပြီး ပြန်ခေါ်ခဲ့တာ၊ အဓိကကတော့ မင်းကိုအသုံးချပြီး ရွာထဲကလူတွေကို ကြိုးကိုင်ချင်ခဲ့တာပဲ၊ ဒါကို သိတဲ့ နတ်သူငယ်တစ်ပါးက ကျုပ်ကိုအကူညီတောင်းတာကြောင့် အခုလိုလာရောက်ကူညီဖြေရှင်းပေးခဲ့တာ”
” ဦးတာ ဆိုတဲ့သူကရော… သူကလဲ အလိုတူအလိုပါပဲလား”
ခွန်းလှက ဦးသိုင်းခြုံလည်ပင်းကိုကိုင်ပြီးမေးလိုက််ရာ
” သူက ငါပေးကမ်းကျွေးမွေးခဲ့တဲ့သူမို့ … ငါ့အလိုကျသူလိုက်ပြောခဲ့တာပါ”
” တော်ပါသေးရဲ့ဗျာ… ကျုပ်ဖြင့် လူမှားပြီး ဒုက္ခပေးမိတော့မလို့၊ ဒါပေမယ့် ဒီလူကိုတော့ ဒီတိုင်းမထားနိုင်ဘူး၊ ကျုပ်စိတ်ထဲခံစားရတာတွေ လျော့အောင် တစ်ခုခုလုပ်ရလိမ့်မယ်”
” ဒါကတော့ မောင်ရင်သဘောပါ… လူတစ်ယောက်ရဲ့အသက်မသေဘူးဆိုရင် ရပါပြီ”
အောင်မြတ်သာက ခွန်းလှကို အခွင့်ပေးခဲ့ပြီး ပြန်ထွက်လာတဲ့အချိန် ဦးသိုင်းခြုံရဲ့ ကြောက်လန့်ဖွယ်အော်သံတစ်ခုထွက်လာခဲ့ပြီး အိပ်ပျော်နေတဲ့ ကျေးငှက်တွေပါ ဝုန်းခနဲထပျံခဲ့ကြတယ်။
++++++
မနက်အာရုဏ်တက်ချိန်မှာတော့ ညောင်ညိုပင်အောက်ကို ခွန်းလှတစ်ယောက်ရောက်လာခဲ့တယ်။ သူ့မျက်နှာပေါ်မှာတော့ အရင်လိုရန်ငြိုးအငွေ့အသက်တွေမတွေ့ရတော့ပဲ ပြုံးရွှင်နေတာကိုမြင်လိုက်ရတယ်။
ဒီလူငယ်လေးက တစ်ချိန်ချိန်မှာ အောင်မြတ်သာ အားကိုးရတဲ့ လက်ရုံးတစ်ဆူဖြစ်လာလေမလားဆိုတာကတော့ အောင်မြတ်သာနှင့် စတုတ္တမြောက်လက်ရုံးတော်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
မှတ်ချက်။ ဒီအပုဒ်ကမြုပ်ကွက်အချို့ကို နောက်ဝတ္တုထဲမှာပြန်လည်ဖော်ပြပေးမှာမို့ အားမလိုအားမရမဖြစ်ကြပါနဲ့နော်။
လေးစားစွာဖြင့်
ဇေယန(ရာမည)
ကြိုက်နှစ်သက်ရင်Like and shareလေးနဲ့အားပေးသွားပါဦးနော်