°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)
အနန်းရွာကနေထွက်လာတဲ့ အောင်မြတ်သာတို့ ဆရာတပည့်နှစ်ဦးကတော့ အထက်ဆရာကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့ မြင်းမဟီရွာကို ရောက်လာခဲ့တယ်။
ရွာနာမည်က မြင်းမဟီရွာ..
ယခင်က.မြင်းမဟီရွာကို ကြံတိုင်းအောင်ရွာလို့
လည်းခေါ်ကြတယ်။
မြင်းမဟီရွာလို့ခေါ်ရတဲ့ အကြောင်းအရင်းကလည်း ရှိတာကိုးဗျ။
ဟိုခေတ်တုန်းက အခုခေတ်လို ကားတွေ ဆိုင်ကယ်တွေမပေါ်သေးတော့ တစ်ရွာနဲ့တစ်ရွာ သွားလာရေးအတွက် နွားတွေ မြင်းတွေကိုပဲ အသုံးပြုပြီး ကူးသန်းကြရတယ်။ ကြံတိုင်းအောင်ရွာကလည်း နယ်တစ်ဝိုက်မှာ ပညာသည်တွေပေါများတဲ့ ရွာဆိုပြီး နာမည်ကြီးသကိုး။
ဘယ်လောက်ထိပညာသည်ပေါလဲဆိုရင် လမ်းလျှောက်စကားပြောတတ်ခါစ ကလေးတွေတောင် ပညာတွေထည့်ထားပေးကြတာ။
တချို့ဆို.မျိုးရိုးအလိုက် ပညာတွေ သွင်းထားပေး ကြတယ်။
ပယောဂကုတဲ့ဆရာမှန်သမျှ ကြံတိုင်းအောင်ရွာ ဆိုရင် ဝေးဝေးကရှောင်ကြတယ်။ တစ်နေ့မှာ ကုန်ရောင်းကုန်ဝယ် လာကြတဲ့ ကုန်သည်တွေ ကြံတိုင်းအောင်ရွာကို.ရောက်လာခဲ့တယ်။
ကြံတိုင်းအောင်ရွာကိုစဝင်လိုက်တယ်ဆိုရင်ဖြင့် ကုန်ပစ္စည်းတွေတင်လာတဲ့ နွားတွေ မြင်းတွေဟာ အသံတောင်မထွက်ကြတော့ဘူး။
….
ကုန်သည်တွေကတော့ ပါလာတဲ့ပစ္စည်းတွေခင်း ကျင်းပြီး ရောင်းဝယ်ကြတာပေါ့။
ပိုက်ဆံရှိတဲ့သူတွေက ပိုက်ဆံပေးဝယ်သလို
ပိုက်ဆံမရှိတဲ့သူတွေက သူတို့မှာရှိတဲ့ စပါးတွေ၊ ပဲတွေနဲ့ လိုချင်တဲ့ပစ္စည်းကို.အရောင်းအဝယ်လုပ်ကြတယ်။
….
ကလေးတွေ လူကြီးတွေတရုန်းရုန်းနဲ့ ကြံတိုင်းအောင် ရွာကြီးက ဈေးပွဲတော်တစ်ခုလို စည်ကားနေလေရဲ့။
အဲဒီမှာ.ကြမ္မာငင်ချင်တဲ့ ကုန်သည်တစ်ဦးက ကြံတိုင်းရွာသားတစ်ဦးကို ပိတ်စတစ်ခုလိမ်ရောင်း လိုက်မိတယ်။
ပိတ်စက နှစ်ကြာနေတဲ့ အဆွေးကြီး။
ရွာသားကလည်း ဝယ်သွားပြီး.အိမ်ရောက်တော့ မသင်္ကာလို့ဖြဲကြည့်တာ တိုက်ဆွေးဖြစ်နေပါလေရော။
….
ရွာသားကပြန်လဲပေးဖို့ ပြောရာကနေ စကား
ကတောက်ကဆဖြစ်ကြတယ်။ ရွာလူကြီးတွေက ဝင်ဖျောင်းဖျ..ကုန်သည်အကြီးအကဲ တွေက ဝင်ဖျောင်းဖျ ပြီး ပိတ်စအသစ်ပြန်ပေးခိုင်းတယ်။
ဒါပေမယ့် ရွာသားက မယူတော့ပဲ.. အငြိုးတေးထားတော့တာပဲ။
….
ညဘက် ကုန်သည်တွေအိပ်တဲ့အချိန်ဆို ..
အိပ်မရအောင် အပုပ်နံ့တွေရလာတယ်။
တစ်ခါတစ်ရံ အဝတ်စတွေ အလိုအလျောက်မီးထလောင်တာမျိုး ဖြစ်လာလေရော။
ကုန်ပစ္စည်းတွေကိုလည်း ဘယ်သူမှမဝယ်ကြတော့ ဘူး။ကုန်အဖွဲ့လည်း တခြားနေရာပြောင်းမလို့ မြင်းတွေ နွားတွေအပေါ်ကုန်ပစ္စည်းတွေ တင်တဲ့အခါကျတော့ မြင်းတွေနွားတွေက လုံးဝမလှုပ်တော့တာ။
မျက်တောင်လည်းမခတ်၊ အမြီးလည်း မလှုပ်ကြတော့ဘူး..ကျောက်ရုပ်တစ်ရုပ်လို ဖြစ်ကုန်တာ။
အဲမှာ ကုန်သည်အကြီးအကဲက ရွာလူကြီးတွေဆီမှာ တောင်းပန်ပြီး ပြန်ရအောင် ကူညီပေးပါ လို့ အကူအညီတောင်းတော့မှ မြင်းတွေ နွားတွေ နဂိုအတိုင်းပြန်ဖြစ်သွားတယ်။
…
အဲဒီအချိန်ကစပြီး ကြံတိုင်းအောင်ရွာဆိုတဲ့နာမည်ပျောက်ပြီး မြင်းတွေအသံမထွက်တာကို.အစွဲပြု၍ မြင်းမဟီရွာလို့ အမည်တွင်လာခဲ့တယ်။
မြင်းမဟီရွာကတော့ အဲဒီအချိန်ကစပြီး ရွာထဲကို လူစိမ်းအဝင်မခံတော့ဘူး။
……
ကဲ.. အောင်မြတ်သာအကြောင်းဆက်ကြစို့..
အောင်မြတ်သာတို့လည်း မြင်းမဟီရွာသို့.ရောက်ရှိလာခဲ့တယ်။
ရွာထိပ်ရောက်တာနဲ့ ကြခတ်ဝါးတွေကို.ခြံစည်းရိုး သဖွယ် ညီညာသေသပ်စွာ.ပြုလုပ်ထားတဲ့ ရွာအဝင်စည်းရိုးက.အရင်ဦးဆုံး ကြိုဆိုနေတယ်။
……
“ဟေ့…ရပ်လိုက်စမ်း”
“ဘယ်သူတွေလဲ”
ဆိုပြီးရွာထိပ်ကင်းတဲကလှမ်းမေးတော့..
“ခရီးသွားတွေပါဗျို့ လမ်းကြုံခရီးတစ်ထောက် နားချင်လို့ပါ”
…
“မရဘူး မိတ်ဆွေ ဒီရွာထဲ လူစိမ်းဝင်မရဘူး
ဒီကနေ နာရီဝက်လောက် လှမ်းလျှောက်ရင် သံသာရွာဆိုတာရှိတယ် အဲဒီရွာမှာတည်းကြ သွား သွား”
ဆိုပြီး မောင်းထုတ်ပါလေရော။
အောင်မြတ်သာတို့လည်း စကားထပ်မပြောတော့ပဲ ရွာပြင်က သုဿ ာန်ဇရပ်မှာ ဝင်ထိုင်လိုက်တယ်။
ခဏနေတော့..
“မိတ်ဆွေတို့…မိတ်ဆွေတို့”
အဖိုးအိုတစ်ယောက်က ဇရပ်အောက်ကနေ လှမ်းခေါ်သံကြားတော့ သက်ခိုင် လှမ်းကြည့်လိုက်တယ်။
…
အဖိုးအိုက…
“ဒီကခရီးသွားတွေ ရွာမှာ နားချင်တယ်ဆို ခဏဝင်နားလေ ခုနကပြောလိုက်တာ စိတ်မရှိပါနဲ့ ..လာကြ လာကြ ရွာထဲဝင်ကြ”
ဆိုပြီး ခေါ်တော့ အောင်မြတ်သာက လွယ်အိတ်ကောက်လွယ်ပြီး အဖိုးအိုနောက် လိုက်သွားတယ်။
….
ရွာထဲဝင်တော့ အားလုံးက.အထူးအဆန်းမျက်လုံး.တွေနဲ့ အောင်မြတ်သာတို့ကို ကြည့်နေကြတာ
ရွာခံအပျိုတွေက….
“ဒီတစ်ခေါက်လာတဲ့ ဧည့်သည်က ချောတယ်ဟ” ဆိုပြီးတီးတိုးပြောဆိုနေသံကြားလိုက်တော့ သက်ခိုင် အနည်းငယ် ပြုံးမိသွားတယ်။
အောင်မြတ်သာကို ငဲ့ကြည့်လိုက်တော့ ရွာထဲကို
ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေသလို ..
တစ်စုံတစ်ခုကို ရှာနေသလိုလို တွေ့ရတယ်။
အတန်ကြာလှမ်းလျှောက်ပြီး နောက်မှာတော့
ခြံဝန်းတစ်ခုထဲရောက်ခဲ့တယ်။
“ကဲ လူလေးတို့ ဒါကတော့ ရွာသူကြီး ဦးဖိုးလှအိမ်ပဲ
အခုတော့ သူတောထဲဆေးမြစ်.သွားရှာနေတယ်
ခဏနေ ပြန်ရောက်လာလိမ့်မယ် ရေနွေးကြမ်းနဲ့ ထန်းလျက်လေး သုံးဆောင်ပါဦး”
ဆိုတော့ သက်ခိုင်က ရေနွေးကြမ်းငှဲ့ပြီး သောက်ဖို့ အလုပ် ..
“သက်ခိုင်.. မသောက်နဲ့”
ဆိုပြီး အောင်မြတ်သာက.လှမ်းတားလိုက်တယ်။
အဲလိုတားလိုက်တော့ ခေါ်လာတဲ့.အဖိုးအိုက မျက်နှာတစ်ချက်ပျက်သွားတယ်။
နောက်တော့ မသိချင်ယောင်ဆောင်ပြီး…
“အေးဆေးနားကြနော် လူလေးတို့”
“ဟုတ် ဟုတ်ကဲ့ အဘ”
…..
အဖိုးအိုထွက်သွားတော့…
“ဆရာ ဘာဖြစ်လို့လဲ”
“မင်းက အရာရာကို ပေါ့ပေါ့တွက်တာကိုး ငါတို့ကို လာခေါ်ထဲက ပညာစမ်းချင်လို့ ဆိုတာ ငါသိတယ်
ဒီတစ်ရွာလုံးက ပညာသည်တွေချည်းပဲ ဒါကြောင့် ဘယ်သူဘာကျွေးကျွေး မစားပါနဲ့”
….
“ဟော ဧည့်သည်တွေ ရောက်နေကြတာကိုး”
ကျုပ်လည်းတောထဲသွားနေတာ ခုမှရောက်တယ်ဗျို့
ဒီကလူငယ်က အောင်မြတ်သာဖြစ်မယ် ဒါကတော့ သက်ခိုင်ဖြစ်မယ် ဟုတ်လား..”
“ဟက်ဟက်.. ဟုတ်ပါတယ်ဗျာ သူကြီးက ခန့်မှန်းတော်တာပဲ”
…
“တော်ရမယ်လေ ကျုပ်တို့ရွာကို လူစိမ်းလာမယ်ဆိုတာ အစထဲကသိထားတာလေ ဒါကြောင့် အဖိုးမြကို ကြိုခိုင်းလိုက်တာ ဒါနဲ့ လာရင်းကိစ္စလေး ပြောပါဦး”
“ဒီရွာမှာရှိတဲ့ ပညာရပ်တွေကို အလှူလာခံတာပါ”
“ဟာ ကျုပ်တို့ရွာမှာ ဘာပညာရပ်မှမရှိပါဘူး
ရွာမှားလာတာထင်တယ်”
…..
“သူကြီးက ဘာပညာမှမရှိဘူး.ပြောတော့လည်း ပြရတာပေါ့..သူကြီး ဒါ ခုနက အဖိုးမြလာပေးတဲ့ ရေနွေးကြမ်းနဲ့.ထန်းလျက်..”
” ဟုတ်တယ်လေ ရေနွေးကြမ်းနဲ့ထန်းလျက် ဘာဖြစ်လို့လဲ”
…
“ကဲ.အခုကြည့်လိုက်လေ ဘာဖြစ်သွားလဲလို့..”
အောင်မြတ်သာကပြောရင်းဆိုရင်း ရေနွေးကြမ်းအိုး နဲ့ ထန်းလျက်ပန်းကန်အပေါ်ကို.လက်နဲ့သပ်လိုက်တယ်.ဆိုရင်ဖြင့် ရေနွေးကြမ်းတွေက.ဗွက်ပုပ်ရည်တွေ ဖြစ်သွားသလို..ထန်းလျက်တွေကလည်း ခွေးချေးခြောက်တွေ.ဖြစ်သွားတယ်။
…..
ရွာသူကြီးလည်း..
“အောင်မြတ်သာဆိုပြီး နာမည်ကြီးနေတာ. ဒါကြောင့်ကိုး…ကျုပ်ကလည်း ဒါမျိုးကို.ရှာနေတာဗျ..
ရွာထဲကလူတွေက ပညာတွေမသုံးရတာ.ကြာတော့ မတတ်တော့ဘူးတောင်ထင်နေတာ ဒါဆို ဒီလိုလုပ်လေ..မနက်ဖြန် ကျုပ်ပညာပြိုင်ဖို့ ကြေညာပေးမယ်။
ရွာထဲက.ပြိုင်ချင်တဲ့သူတွေ ကျုပ်ခြံရှေ့ကွက်လပ်ကို လာခဲ့ဖို့.ခေါ်လိုက်မယ် ဒီနေ့တော့ အေးဆေးအနား ယူပါဦး ဒါနဲ့ပြိုင်ပွဲရဲ့ အနိုင်အရှုံးတန်ကြေးကို.ဘယ်လိုသတ်မှတ်မလဲ”
“ဒါကတော့ လွယ်ပါတယ် ကျုပ်ရှုံးရင် ကျုပ်အသက်ကိုယူ ရွာထဲကလူတွေရှုံးရင် သူတို့ပညာနဲ့ သူတစ်ပါးထိခိုက်အောင်.မလုပ်ပါဘူးဆိုတဲ့ သစ္စာဆိုရမယ်
လောင်းကြေးက ဒါပါပဲ..”
….
မြင်းမဟီရွာသူကြီးက ..အောင်မြတ်သာတို့ကို ဧည့် ဝတ်ကျေစွာ ဧည့်ခံတယ်။ ဒီတစ်ခါတော့ ပညာ အလျှင်းမရှိပဲ စေတနာမှန်နဲ့.ကျွေးမွေးလေတော့ သည်။
…..
နောက်နေ့မနက်..
သူကြီးခြံဝိုင်းထဲမှာ တစ်ရွာလုံးလူအပြည့်..
“ကဲ.. ပညာစမ်းလို့ရပါပြီ လောင်းကြေးကိုတော့ ပြောပြထားပြီးပါပြီ အစွမ်းကုန်သုံးကြပါ”
လို့ အောင်မြတ်သာက ပြောတော့..
အသက် ၁၂နှစ်အရွယ် ကောင်မလေးတစ်ယောက် ရှေ့ထွက်လာတယ်။
အောင်မြတ်သာက ပြုံးပြီး ဒီကညီမလေးက ပညာပြိုင်မလို့လားမေးတော့..ခေါင်းညိတ်ပြတယ်။
“ဟုတ်ပြီ အဲဒါဆို ဒီစည်းဝိုင်းထဲကနေ အပြင်ထွက်ပြရင် ညီမလေး နိုင်ပြီ”
လို့ပြောပြီး မြေကြီးပေါ်မှာ လူတစ်ကိုယ်စာ စည်းလေးဝိုင်းလိုက်တယ်။
“ကဲ.. ဝင်လို့ရပြီ”
ကောင်မလေးလည်း စည်းထဲဝင်လိုက်တာနဲ့..
ဝိုင်းထားတဲ့စည်းက.လှောင်အိမ်သဖွယ်ဖြစ်သွား တယ်။ ငွေမျှင်ရောင်ချည်ကြိုးတွေလို အရောင်တဖိတ်ဖိတ်နဲ့ လှောင်အိမ်ကြီးက မိန်းမငယ်ကို ခတ်ထားလိုက်တယ်။ ထိုလှောင်အိမ်ထဲက ရုန်းဖို့ကြိုး စားတိုင်း လှောင်အိမ်ကပိုပိုကျပ်လာတယ်။ နောက်ဆုံး.အရှုံးပေးပြီး သစ္စာရေသောက်ကာ ကတိပေး သွားခဲ့တယ်။
…
ဒုတိယတစ်ယောက်..
“ဒါဆို ဆရာလည်း ကျုပ်ဝိုင်းထားတဲ့ စည်းထဲကနေ ထွက်ပြပါ ထွက်နိုင်ရင် ဆရာနိုင်ပြီ”
လို့ စိန်ခေါ်လာတဲ့သူတစ်ယောက်…
ထိုသူကား.ခုနက ကောင်မလေးရဲ့ဖခင်..
အောင်မြတ်သာလည်း ခေါင်းညိတ်ပြလိုက်တယ်။
ထိုသူက မြေကြီးပေါ်စည်းတားပြီး အောင်မြတ်သာ ကို ဝင်ခိုင်းလိုက်တယ်။ အောင်မြတ်သာလည်းစည်း ထဲရောက်ကော.စည်းဝိုင်းကနေ ပိုက်ကွန်အမည်း တစ်ခုဖြစ်သွားပြီး အောင်မြတ်သာကို ရစ်ပတ်လိုက်တယ်။
တင်းကျပ်နေအောင်ရစ်ပတ်လာတဲ့ ပိုက်ကွန်ကို အောင်မြတ်သာရုန်းကြည့်တယ်။ ရုန်းလေကျပ်လေ ဖြစ်လာတယ်။ အောင်မြတ်သာလည်း တင်ပလ္လင်ခွေထိုင်ပြီး မျက်လုံးမှိတ်လိုက်တယ်ဆိုရင်ဖြင့် တင်း ကျပ်စွာရစ်ပတ်နေတဲ့ ပိုက်ကွန်က တဖြည်းဖြည်း အရည်ပျော်ကျလာတယ်။ နောက်ဆုံး ပိုက်ကွန်အပေါက်ကြီးဖြစ်ကာ အောင်မြတ်သာထွက်လာနိုင်ခဲ့တယ်။
…
ထိုသူလည်း သစ္စာဆိုကာ အရှုံးပေးခဲ့ရတယ်။
ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်လာတာ.အောင်မြတ်သာချည်းအနိုင်ရရှိခဲ့တယ်။
အစပိုင်းမှာ ပညာနုတဲ့သူတွေသာယှဉ်လာပြီး နောက်ပိုင်းမှာ ပညာအဆင့်မြင့်တဲ့သူတွေပါလာ တယ်။
…..
ကြိုးကိုမြွေသဏ္ဌာန်ပြောင်းပြီးတိုက်ခိုင်းတာတွေ
ကွမ်းသီးလုံးလောက်ရှိတဲ့ ပိတုန်းတွေနဲ့ တိုက်တာတွေကျွဲတိုက် နွားတိုက် အစိမ်းတိုက်တွေပါလာခဲ့ တယ်။ နောက်ဆုံး တိုက်တာက ဘီလူးအတိုက်..
မြေကြီးကို.ဖနောင့်နဲ့ပေါက်ပြီး.ဘီလူးခေါ်တဲ့အတိုက်..မြေကြီးထဲကနေထွက်လာတဲ့ မြေဖုတ်ဘီလူး..
အစွယ်ဖွေးဖွေး ကြောက်မက်ဖွယ်အဆင်းနဲ့ အောင်မြတ်သာဆီ ပြေးအလာ..အောင်မြတ်သာရဲ့ အင်း ချပ်တစ်ချပ်က ဖျတ်ခနဲ လေပေါ်ပျံဝဲသွားတယ်။
အင်းကွက်က မြေဖုတ်ဘီလူးခေါင်းပေါ်အကျ လက်နှစ်လုံးသာသာရှိတဲ့ အင်းချပ်က ထိုဘီလူးကို ဖိထား လိုက်တယ်။ မြေဖုတ်ဘီလူး ရုန်းတယ် အင်းချပ်က ဘီလူးခေါင်းအပေါ်စွဲကပ်နေရင်း အင်းချပ်ရဲ့ဖိအားကြောင့် မြေဖုတ်ဘီလူးတဖြည်းဖြည်း မြေကြီးထဲသို့ နစ်ဝင်သွားပြီး အင်းချပ်လေးသာ မြေကြီးပေါ်ကျန်ခဲ့ တယ်။
….
ထိုစဉ်..
“ခဏလေး…ခဏလေး”
ရွာသူကြီး အိမ်ပေါ်ကနေ ပြေးဆင်းလာတယ်။
ပြီးတော့ အောင်မြတ်သာရဲ့ လက်ထဲကို အင်းချပ် တစ်ချပ်ပေးလိုက်တယ်။
“ခုနက ဆရာလေးသုံးတဲ့အင်းချပ်နဲ့ ဒီအင်းချပ်အတူတူပဲနော်”
“ဒီအင်းချပ်ကို သူကြီးဘယ်ကရတာလဲ”
“လွန်ခဲ့တဲ့ နှစ်၅၀လောက်က ကျုပ်လူပျိုဘဝတုန်းက ရွာထိပ်ကို လူကြီးတစ်ယောက် လာဖူးတယ် သူ့ နာမည်က ဦးတိက္ခတဲ့..သူက ကျုပ်ကို ဒီအင်းလက်ဆောင်ပေးသွားတာ ဒီအင်းက ဘီလူးသရဲတွေကို နိုင်နင်းတယ်ဆိုပြီး ပေးသွားတယ် အဲဒီဆရာနဲ့ ဆရာလေးက တစ်ဂိုဏ်းထဲလား..”
..
ထိုအခါ.အောင်မြတ်သာက
“အဲဒီဆရာကြီးက ကျွန်တော့်ဆရာ ဦးတိက္ခပဲ”
“ဟာ…ဒါဆို ဆရာလေးက အဖိုးခင်တို့ရွာကနေ ပျောက်သွားတဲ့ အောင်မြတ်သာလား..ဟာ…ကျွန်တော်တို့မှားပြီ ဆရာလေး..ဒါကြောင့် နာမည်တူနေ ပါတယ်လို့ ဒါပေမယ့် ဆရာလေးမှန်းမသိခဲ့ဘူး..
ကျုပ်တို့ရွာသားတွေအပေါ် ခွင့်လွှတ်ပေးပါ”
လို့ တောင်းပန်တယ်။
မကြာမီ မြင်းမဟီရွာ သစ္စာဆိုပွဲကြီးမှ ထွက်ပေါ်လာသော သရဏဂုံသုံးပါးအသံကား အထက်ဘဝဂ် တိုင် ပျံ ့နှံ့ခဲ့လေပြီတကား။
လေးစားစွာဖြင့်
ဇေယန(ရာမည)
မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်
မေတ္တာဖြင့်မျှဝေသည်။
Uncategorized