++++++++++++++++++++++++++
လရိပ်က မြသပိတ်စေတီပေါ်ကို အလုံးစုံဖြာကျနေပြီး ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေခဲ့တယ်။
စေတီရဲ့ အရှေ့ဘက်မှာတော့ ဝါးပါးရေလှောင်တမံကြီးက မှန်တစ်ချပ်ချထားသလို ကြည်လင်နေပြီး ဘေးပတ်ပတ်လည်ပေါက်ရောက်နေတဲ့ သစ်ပင်သစ်တောတွေကလဲ အိပ်မောကျနေသဖွယ် ငြိမ်သက်လျက်ရှိနေခဲ့တယ်။
စေတီရဲ့ရင်ပြင်ပေါ်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေရဲ့ ဂုဏ်တော်ရွတ်ဖတ်သံက တိတ်ဆိတ်နေမှုကို ထိုးဖောက်ပြီး ခပ်မျှင်းမျှင်းလေးထွက်ပေါ်နေခဲ့တယ်။
“ ချွင် ချွင် ချွင်”
လေမတိုက်ပဲရုတ်တရက် မြည်လာတဲ့ ဆည်းလည်းသံတွေနဲ့အတူ တောင်ဘက် လှေကားပေါ်ကို လူတစ်ယောက် တက်လာတာမြင်လိုက်ကြရတယ်။
အောင်မြတ်သာတို့လဲ လှေကားပေါ်တက်လာတဲ့ လူကိုလှည့်ကြည့်လိုက်ရာ ဆင်စွယ်ရောင်အင်္ကျီနဲ့ ယောဂီလုံချည်ကိုဝတ်ဆင်ထားတဲ့ အသက်၈၀အရွယ်အဖိုးအိုတစ်ဦးဖြစ်နေခဲ့တယ်။
အဖိုးအိုက အောင်မြတ်သာတို့ကိုမြင်တော့ ဖော်ရွေတဲ့အပြုံးလေးပြုံးပြလိုက်ပြီး အနားကိုခပ်ဖြေးဖြေးလျောက်လာခဲ့တယ်။
အောင်မြတ်သာတို့လဲ အဖိုးအိုအနားရောက်လာတာကြောင့် ဂုဏ်တော်ရွတ်ဖတ်နေတာကို အဆုံးသတ်လိုက်ပြီး
“ ဒီလို ညသန်းခေါင်အချိန်ကြီး ရောက်လာတာဆိုတော့ အဖိုးက သာမန်လူတော့ မဟုတ်ဘူးထင်တယ်နော်” လို့ပြောလိုက်ရာ အဖိုးအိုက ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး
“ ဆရာလေးထင်တာ မှန်ပါတယ်ကွယ်၊ အဖိုးက ဒီတောဒီတောင်ကို စောင့်ရှောက်နေတဲ့ တောင်ပိုင်အဖိုးပါ”
“ အဖိုးအနေနဲ့ ကျွန်တော်တို့ပေးတဲ့ အမျှအတန်းတွေရတယ်မဟုတ်လား”
“ ရတာပေါ့ကွယ်… ဆရာလေးတို့ တောင်ပေါ်စတက်ထဲက အဖိုးနဲ့ အခြားပုဂ္ဂိုလ်တွေကို မေတ္တာပို့နေတာ ကြားလိုက်ရတယ်လေ၊ ဒီမှာနေတာ အဆင်ရောပြေကြလားကွယ့်”
“ ပြေပါတယ်အဖိုး… အနှောက်အယှက်ရယ်လို့ မရှိသလောက်ပါပဲ၊ ဒီစေတီကလဲ မြတ်စွာဘုရားရဲ့ မြသပိတ်တော်ကို ဌာပနာထားတာမို့ စိတ်ထဲကနေ ရည်စူးပြီးဂုဏ်တော်တွေပွားများနေဖြစ်ခဲ့တယ်လေ”
“ ဟုတ်ပါတယ် ဆရာလေး.. မြသပိတ်စေတီအပြင် အခြားအထင်ကရ စေတီတွေလဲ ဒီမြို့မှာရှိပါသေးတယ်”
“ လေးဆူဓါတ်စံ ရွှေစာရံစေတီကိုပြောတာလား အဖိုး”
“ မှန်တာပေါ့ ဆရာလေးရယ်၊ ဒါနဲ့ ဒီမြို့မှာ နောက်ထပ် မထင်မရှားရှိနေတဲ့ စေတီတစ်ဆူလဲရှိသေးတယ်”
“ ကျွန်တော်က နှစ်ဆူပဲသိသေးတာ၊ ကျန်တဲ့ အဆူက ဘယ်မှာတည်ထားလဲဆိုတာ ပြောပြပေးပါဦး”
“ ပြောပြရမှာပေါ့ဆရာလေးရယ်၊ ဒီဘဒ္ဒကမ္ဘာမှာ ဘုရားလေးဆူပွင့်တော်မူခဲ့တာ ဆရာလေးတို့အသိပဲမဟုတ်လား၊ ဘုရားလေးဆူထဲမှာ ကဿဖဘုရားရှင်လက်ထက် အရောက်မှာတော့ ဆရာလေးတို့ရောက်နေတဲ့ နေရာက အရမ်းကိုနက်တဲ့တောကြီးတစ်ခုအဖြစ် တည်ရှိနေခဲ့တယ်။ ဘုရားရှင်က ဒီတောတောင်ပေါ်ကနေ ဒေသစာရီကြွချီတော် မူတဲ့အချိန် ဟိုးမှာမြင်နေရတဲ့ တောင်စွယ်လေးအရောက်မှာ ကြွချီတာကို ရပ်ပြီး ပြုံးတော်မူခဲ့တယ်။ ဒါကိုမြင်တဲ့ သဗ္ဗမိတ္တမထေရ်က ဘာကြောင့်ပြုံးတာလဲဆိုပြီး မေးလျောက်တော့ ဘုရားရှင်က သူ့ရှေ့မှာ ဝပ်နေတဲ့ ကြွက်ဖြူလေးနှစ်ကောင်ကို လက်ညိုးထိုးပြပြီး ဒီကြွက်ဖြူနှစ်ကောင်က ငါဘုရားသာသနာကွယ်ပျောက်ပြီး ဂေါတမဘုရားရှင်ပွင့်တော်မူတဲ့အခါ ဒီအရပ်ဒေသမှာ သူရိယစန္ဒာဆိုတဲ့နာမည်နဲ့ ဘုရင်ဖြစ်လာပြီး သူ့ဘေးမှာရှိနေတဲ့ ကြွက်ဖြူမလေးကတော့ ဗန္ခဒေဝီဆိုတဲ့နာမည်နဲ့ မိဖုရားဖြစ်လာလိမ့်မယ်လို့ ဗျာဒိတ်ပေးတော်မူခဲ့တယ်”
“ သူရိယစန္ဒာမင်းဆိုတာ သုဝဏ္ဏဘူမိရဲ့ ပထမဆုံးမင်းမဟုတ်လားအဖိုး”
“ ဟုတ်တာပေါ့ကွယ့်… မင်းတရားကြီးက ဘုရားရှင်ပွင့်တော်မူတာကို ကြားရတော့ သူ့ရဲ့မူးမတ်တွေကို ဘုရားရှင်ကို ပင့်လျောက်ဖို့ တစ်ယောက်ပြီး တစ်ယောက်စေလွှတ်ခဲ့တယ်။ ဒါပေမယ့် လမ်းခရီးကဝေးလံတာကြာင့် စေလွှတ်လိုက်တဲ့သူတွေ တစ်ယောက်မှပြန်မရောက်လာတဲ့အတွက် မင်းတရားကြီးကိုယ်တိုင် ဘုရားရှင်ကိုပင့်ဖို့ အဓိဌာန်ပြီး ပေါက်ပေါက်ဆုပ်လက်တစ်ဆုပ်ကို ကျဲချခဲ့တယ်။ အဲဒီပေါက်ပေါက်ဆုပ်တွေက ဘုရားရှင်သီတင်းသုံးတဲ့ရှေ့တည့်တည့်မှာ သွားပေါ်တယ်လို့ ဆိုစမှတ်ရှိခဲ့တယ်။ ဒါကြောင့် ဘုရားရှင်က ဒိဗ္ဗစက္ခုဉာဏ်နဲ့ကြည့်လိုက်တော့ သူရိယစန္ဒာမင်းကြီးရဲ့ အဓိဌာန်ဖြစ်နေတာ သိလိုက်ရတယ်။ တစ်ဆက်ထဲ ထပ်ပြီးကြည့်လိုက်တော့လဲ သထုံပြည်မှာ သာသနာသုံးရပ်ရေရှည်တည်တံ့ခိုင်မြဲမှာကို မြင်တဲ့အတွက် ဘုရားရှင်က ပင့်ဖိတ်တာကို လက်ခံပြီး သက္ကရာဇ်(၁၀၅)ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှာ ရာဇဂြိုလ်ပြည်ကနေစတင်ထွက်ခွာခဲ့တာ နတ်တော်လဆန်း(၁)ရက်နေ့၊ စနေ့နေ့မှာ သထုံပြည်ကိုရောက်လာခဲ့တယ်။သူရိယစန္ဒာမင်းတရားကြီးနှင့် မိဖုရားကြီးတို့လည်း ဘုရားသခင်အား ဖူးမြင်ရတဲ့အခါ ကြည်ညိုစိတ် လွန်ကဲလှမိတာ ကြောင့်မိမိတို့၏မကိုဋ်နှင့် ဥက္ကဋ္ဌ်တော် အသီးသီးကို ချွတ်၍ ပူဇော်တော်မူလေတယ်။ဘုရားရှင်လည်း မင်းမိဖုရား ပရိသတ်တို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူရာ မင်းတရားကြီးက ဘုရားရှင်အား ကြည်ညို၍ မဝလှသဖြင့် သထုံပြည်၌ ၁ဝ ဝါမျှ သီတင်းသုံးတော်မူပါရန် လျှောက်ထားခဲ့တယ်။ ဘုရားရှင်လည်း သထုံပြည်၌ ၁ဝ ဝါနေရန် ငြင်းတော်မူ၍ ခြောက်လနှင့် ၁၃ ရက် သီတင်းသုံး မည်ဖြစ်ကြောင်း မိန့်တော်မူခဲ့တယ်။မင်းကြီးသည် ဘုရားသခင် သီတင်းသုံးတော်မူရန် ဇေတဝန်ကျောင်းကြီး ဆောက်လုပ် လှူဒါန်းလိုသော်လည်း ဘုရားသခင်က ခွင့်ပြုတော်မမူတာကြောင့်
ရွှေနန်းတော်၏ အရှေ့တောင် မနိမ့်မမြင့် အဆင့်ဆင့်ဖြင့် လျှောက်ပတ်သည့် နေရာဖြစ်သော မောရပဗ္ဗတကုန်း၌ ဝေဠုဝန် ဝါးကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့တယ်။
ဘုရားရှင် သထုံပြည်မှာ ခြောက်လကျော် သီတင်းသုံးပြီးနောက် ပြန်ကြွတော်မူတဲ့အခါ မင်းနဲ့တကွ တိုင်းသူပြည်သားတို့ လျှောက်ထားတောင်းပန်ချက်အရ ကိုးကွယ်ရစ်ကြရန် ကိုယ်တော်စား သွားတော်ဓာတ် ရတနာကို ထားတော်မူခဲ့တယ်။ထိုသွားတော်ဓာတ်ကို
လည်း ဘုရားရှင် မိန့်တော်မူတဲ့အတိုင်း ကကုသန်ဘုရားရှင်ရဲ့ ဆံတော်ရှစ်ဆူ၊ ကောဏာဂုံဘုရားရှင်ရဲ့ တောင်ဝှေးတော်ရတနာ၊ ကဿပဘုရားရှင်ရဲ့ မြသပိတ်ရတနာတော်တို့ကို သုနာပရန္တဥန္နတကုန်းပြင်၌ မဟာသက္ကရာဇ် ၁ဝ၅ ခု တပေါင်း လဆန်း ၁၅ ရက်နေ့ နံနက်မှာ ခမ်းနားစွာ ဌာပနာပြီး စေတီတော်မြတ်ကို တည်ထားခဲ့တယ်။ စေတီတော်မြတ်၏ ပြုဖွယ်ကိစ္စ အဝဝပြီးစီးတဲ့အခါ ဘုရားရှင်က တည်ထားရင်း ဒါယကာတို့၏ တောင့်တမှု အာသာမှ ကြာမြင့်စွာ မပျက်မစီးဘဲ အမြဲတည်နေတော်မူစေသတည်းဟု စိရံဌာတုပတ္ထနာပြုခဲ့တာကြောင့် စိရံဌာတုစေတီတော်ဟူ၍ သမုတ်ရန် ဗျာဒိတ်စကားမိန့်ကြားတာ်မူလေတယ်။
ဒါကြောင့်စိရံဌာတုစေတီဟူသော ဘွဲ့တော်မှ စိရံစေတီ၊ ထိုမှ စာရံစေတီဟု ခေါ်ခဲ့ကြတယ်။ စည်းခုံစေတီ၊ မောဓောစေတီတော်တို့ကို ရွှေစည်းခုံစေတီ၊ ရွှေမောဓောစေတီ စသည်ဖြင့် ခေါ်ဝေါ်သကဲ့သို့ စာရံစေတီကိုလည်း ရွှေစာရံစေတီဟု သမုတ်ကြတယ်လေ။
ရွှေစာရံစေတီကြီးရဲ့ အရှေ့ဘက်မှာ ဓာတ်တော်များကို ဆေးကြောရာ၌ သုံးသည့် မြူတာအိုး ရတနာ ၄၇ လုံးကို အောက်အခင်း အခံပြုပြီး ဌာပနာကာ တည်ထားအပ်တဲ့ ဘုရားကို မြသိန်းတန်ဘုရားလို့ ခေါ်ဆိုခဲ့ကြပြီး၊ ဓါတ်တော်တွေကို ဆေးတဲ့ကန်ကိုတော့ ဓါတ်တော်ဆေးကန်လို့ခေါ်ခဲ့တယ်။(စာကြွင်း.. ဓါတ်တော်ဆေးကန်သည် ယခုအခါတွင် ငါးကန်အဖြစ်လူသိများပါသည်)
သိကြားမင်းရဲ့ ညွှန်ကြားချက်အတိုင်း ဌာပနာထည့်သွင်းရာမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ဌာပနာထားတဲ့ ဘုရားကိုတော့သိကြားဘုရားလို့ ခေါ်ဆိုခဲ့ကြတယ်”
“ ဒါဆို သထုံပြည်မှာ ရွှေစာရံစေတီက ဦးဆုံးတည်ထားခဲ့တာပေါ့နော်”
“ ဟုတ်တယ် ဆရာလေး၊ ရွှေစာရံစေတီတည်ပြီးလို့ ငါးနှစ်အကြာမှာ ရွှေမြင်တင်စေတီကို တည်ထားပူဇော်ခဲ့ကြတယ်၊ ရွှေမြင်တင်စေတီ တည်ပြီးလို့ လေးနှစ်အကြာမှသာ မြသပိတ်စေတီကိုတည်ထားပူဇော်ခဲ့တာ”
“ ရွှေမြင်တင်စေတီဟုတ်လားအဖိုး၊ အဲဒီစေတီက ဘယ်မှာတည်ထားတာလဲ”
“ ဆရာလေးတို့ရှေ့မှာ မြင်နေရတဲ့ တောင်စွယ်လေးက ရွှေမြင်တင်တောင်ပဲလေ၊ မြသပိတ်တောင်ကြောနဲ့ တစ်ဆက်ထဲဆိုပေမယ့် သူ့နေရာက တောင်စွယ်လေးလိုဖြစ်နေတာ”
အဖိုးလက်ညိုးထိုးပြတဲ့နေရာလေးကို ကြည့်လိုက်ရာ ခပ်မို့မို့ဖြစ်နေတဲ့ တောင်စွယ်လေး တစ်ခုကိုမြင်တွေ့လိုက်ရတယ်။
“ ဆရာလေးတို့အနေနဲ့ ရွှေမြင်တင်စေတီကို ဖူးမျှော်ချင်နေပြီမဟုတ်လား”
“ ဟုတ်တယ်အဖိုး… ဒါနဲ့ အဲဒီစေတီက ဘာကြောင့် လူသိပ်မသိကြတာလဲဗျ”
“ ပွင့်ပွင့်လင်းလင်းပြောရရင် ရွှေမြင်တင်တောင်မှာက သိုက်နန်းရှင်တွေ၊ ဥစ္စာစောင့်တွေအရမ်းပေါတယ်၊ သူတို့တွေက လူတွေရဲ့အကျင့်သီလပျက်မှုကို ကြောက်လန့်ပြီး ပဌာန်းဆက်မမှန်ရင် စေတီကိုမလာဖြစ်အောင် လုပ်ထားကြတယ်လေ၊ ရွှေမြင်တင်တောင်ပိုင်အဖိုးကလဲ အေးအေးဆေးဆေး တရားအားထုတ်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့် လူအရမ်းများတာကို သဘောမကျဘူးကွယ့်”
“ ရွှေမြင်တင်တောင်မှာလဲ တောင်ပိုင်အဖိုးရှိတာပဲလား”
“ ရှိတယ်ဆရာလေး… တောင်ကြောက တစ်ဆက်ထဲဆိုပေမယ့် သူ့အပိုင်းနဲ့သူ တောင်ပိုင်တွေရှိကြတယ်လေ၊ ရွှေမြင်တင်အဖိုးဆိုတာကလဲ ခေသူမဟုတ်ဘူးနော်၊ သူရိယစန္ဓာမင်းကိုယ်တိုင် အပိုင်စားနေရာပေးခဲ့တဲ့ သူတစ်ယောက်ပဲ”
“ ဒါဆို ရွှေမြင်တင်အဖိုးက တောင်ပိုင်ဖြစ်တာ နှစ်အတော်ကြာနေပြီပဲ”
“ ကြာပေါ့ဆရာလေး၊ ရွှေမြင်တင်အဖိုးနဲ့ အောင်ဆုပန်အဖိုးဆိုတာ သူရိယစန္ဒာမင်းကြီးရဲ့ လက်ရုံးတပ်မှူးတွေပဲလေ၊ ဒီနေရာက ယခင်တုန်းကဆို ကျူးကျော်သူတွေနဲ့ မကြာမကြာ တိုက်ပွဲဖြစ်လေ့ရှိတယ်။ သူတို့နှစ်ယောက်က ဒီအရပ်ဒေသမှာ တိုက်ပွဲကျလို့ မင်းတရားကြီးကိုယ်တိုင်အပိုင်စားနယ်မြေသတ်မှတ်ပေးခဲ့တာ”
မြသပိတ်အဖိုးစကားကြောင့် အောင်မြတ်သာလဲ ခပ်လှမ်းလှမ်းမှာရှိတဲ့ တောင်စွယ်လေးကို ငေးကြည့်နေခဲ့မိတယ်။
“ ဆရာလေးတို့အနေနဲ့ ရွှေမြင်တင်စေတီမှာ အဓိဌာန်မဝင်ချင်ကြဘူးလား”
ရုတ်တရက်ပြောလိုက်တဲ့ စကားကြောင့် အောင်မြတ်သာ မျက်ခုံးကိုပင့်တင်လိုက်ပြီး
“ အဖိုး အခုလိုပြောတာ အကြောင်းတစ်ခုခုတော့ရှိမယ်ထင်တယ်”
“ ဟုတ်ပါတယ် ဆရာလေး၊ ရွှေမြင်တင်တောင်ပိုင်အဖိုးက အနေအေးတာမို့ သူ့ပိုင်နက်ထဲမှာရှိတဲ့ အချို့အချို့သော ပုဂ္ဂိုလ်တွေက မာန်မာနထောင်လွှား မောက်မာမှုတွေရှိနေတယ်၊ ဒါကို ဆရာလေးတို့ အနေနဲ့ ယဉ်ကျေးအောင် ဆုံးမပေးဖို့ စကားဦးသမ်းတာပါ”
“ အဖိုးပြောပြလို့ ရွှေမြင်တင်စေတီကို ဖူးချင်နေခဲ့မိတာ၊ အခုတော့ အရောက်သွားဖို့ ပိုသေချာသွားခဲ့ပြီ”
“ ကျေးဇူးတင်ပါတယ်ဆရာလေးရယ်၊ မနက်ကျရင် ဆရာလေးတို့ကို လိုက်ပို့ဖို့ အဖိုးရဲ့ငယ်သားတစ်ယောက်ကို လွှတ်ပေးလိုက်ပါမယ်၊ ညလဲ အရမ်းနက်နေပြီမို့ ဆရာလေးတို့ နားကြပါဦး၊ အဖိုးလဲ တရားထိုင်လိုက်ဦးမယ်”
မြသပိတ်အဖိုးက အောင်မြတ်သာတို့ကို နှုတ်ဆက်ပြီး စေတီရဲ့မြောက်ဘက်အရပ်ကို ထွက်သွားခဲပါတော့တယ်။
မနက်အရုဏ်တက်ချိန်ရောက်တော့ ပုဆိုးကွင်းသိုင်းထားပြီး လေးခွတစ်လက်ကိုင်ထားတဲ့ ဆယ်ကျော်သက်အရွယ် ရောက်လာပြီး ရွှေမြင်တင်စေတီကိုဖူးမျှော်ရန် ခေါ်ဆောင်သွားခဲ့တယ်။
မတ်စောက်တဲ့ တောင်ကုန်းတောင်တန်းတွေကို ဖြတ်သွားပြီးနောက်မှာတော့ အနက်ရောက် ကျောက်တုံးတွေနဲ့ဖွဲ့စည်းထားတဲ့ တောင်တစ်ခုဆီကိုရောက်လာခဲ့တယ်။ လမ်းတစ်လျောက်မှာတော့ တောင်စောင်းတွေမှာပေါက်နေတဲ့ သစ်ကိုင်းအချို့ကို ခုတ်ထွင်နေတဲ့ ရွာသားအချို့ကိုမြင်တွေ့ခဲ့ရပြီး သူတို့ကလဲ အောင်မြတ်သာတို့ကို အံ့ဩတဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေခဲ့ကြတယ်။
ထင်းခုတ်သမားတွေကိုကျော်လွန်ပြီးချိန်မှာတော့ ရေအနည်းငယ်ကျနေတဲ့ ရေတံခွန်တစ်ခုရဲ့ရှေ့ကို ရောက်လာခဲ့တယ်။ တစ်တောင်တက်တစ်တောင်ဆင်း ခရီးနှင်ခဲ့တာကြောင့် မောပန်းနွမ်းနယ်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့က ရေတံခွန်ကိုမြင်တော့ ဝမ်းသာအားရနဲ့ ပြေးပြီး ကြည်လင်အေးမြနေတဲ့ရေကို
လက်ခုပ်နဲ့ခပ်ပြီးသောက်နေတဲ့အချိန် မလှမ်းမကမ်းကကျောက်တုံးပေါ်မှာ လူတစ်ယောက် ဆေးတံခဲပြီး သူတို့ကိုကြည့်နေတာ မြင်လိုက်ရတယ်။
သတိထားမိလို့ လှည့်ကြည့်ချိန်မှာတော့ ကျောက်တုံးပဲရှိနေပြီး လူကိုမတွေ့ရတာကြောင့် စိတ်ထဲအနည်းငယ် ထင့်သွားခဲ့တယ်။
“ ခွန်းလှ … ခုနက လူတစ်ယောက် ငါတို့ ရေသောက်တာကို စိုက်ကြည့်နေသလိုပဲ”
“ ကျွန်တော်လဲ အကို့လိုပဲ ထင်မိတယ်၊ ဒါပေမယ့် ဒီနားမှာ ဘယ်သူမှမရှိဘူးလေ”
မောင်ကောင်းတို့ပြောနေတာကို ဘေးကနေ နားထောင်နေတဲ့ အောင်မြတ်သာက ရေတံခွန်ပတ်ဝန်းကျင်ကို အာရုံစိုက်ပြီးကြည့်လိုက်ရာ ရေညှိတွေတက်နေတဲ့ ကျောက်တုံးပေါ်မှာ တင်ပလွှဲထိုင်ပြီး ထီမထင်သလို မျက်နှာနဲ့ ဆေးတံသောက်နေတာမြင်လိုက်ရတယ်။
“ မောင်ကောင်း၊ ခွန်းလှ လက်ထဲကရေတွေပြန်ချထားလိုက်”
“ ဘာဖြစ်လို့လဲဆရာ”
မောင်ကောင်းနဲ့ ခွန်းလှက လက်ခုပ်ထဲက ရေကိုချလိုက်ပြီး အောင်မြတ်သာအနားကို တိုးကပ်လာတဲ့အချိန်
“ ဆရာတို့ စိတ်ထဲမထားပါနဲ့ဗျာ၊ ဒီကောင်တွေက လူစိမ်းဆိုရင်အဲလိုပဲ”
လမ်းပြကောင်လေးရဲ့စကားကြောင့် အောင်မြတ်သာက ဘေးကိုလှည့်ကြည့်ပြီး
“ သူတို့က ဘယ်သူတွေလဲ”
“ ကျွန်တော်တို့ကတော့ လဝလူမျိုးလို့ခေါ်ကြတယ်၊ သူတို့လူမျိုးစုတွေက ဒီအရပ်ဒေသမှာ အများကြီးရှိတယ်ဗျ”
“ ဒီရေတံခွန်ကရေကိုသောက်တာမကြိုက်လို့ များလား”
“ မဟုတ်ပါဘူးဆရာရယ်… သူတို့ရဲ့ မျက်နှာထားကိုက အဲလိုပဲ၊ အဖိုးပြောတာကတော့ သူတို့က ရှမ်းပြည်နယ်ဘက်ကနေ ဒီအရပ်ဒေသကို ပြောင်းလာပြီး သူရိယစန္ဒာမင်းထံမှာ အခစားဝင်ကြတဲ့သူတွေဆိုပဲ၊ မင်းတရားကြီးက သူတို့ကို ဒီအရပ်ဒေသမှာ နေဖို့ ခွင့်ပြုခဲ့တယ်လို့လဲ ပြောကြတယ်”
“ ရှမ်းပြည်နယ်ဘက်ကဆိုတော့ ဝ လူမျိုးတွေများဖြစ်နေမလား”
“ ဖြစ်နိုင်တယ်ဆရာ၊ မင်းတရားကြီးက သူတို့တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ နဖူးမှာ လပုံစံအမှတ်အသားရေးဆွဲဖို့ အမိန့်ချမှတ်ခဲ့ဖူးတယ်တဲ့၊ ဒါကြောင့် လဝလူမျိုးဆိုတဲ့ နာမည်ဖြစ်သွားတာ”
လမ်းပြကောင်လေးပြောတဲ့စကားကြောင့် အောင်မြတ်သာသေချာကြည့်လိုက်ရာ နဖူးမှာ လခြမ်းပုံစံအမှတ်အသားလေးတစ်ခု ရေးဆွဲထားတာကိုမြင်လိုက်ရတယ်။
“ ဆရာတို့ ရေဆာနေရင် သောက်ကြပါနော်၊ သူတို့ကိုဂရုမစိုက်နဲ့”
လမ်းပြကောင်လေးစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှလဲ ရေတံခွန်က ကျတဲ့ရေကို လက်နဲ့ခပ်သောက်လိုက်ပြီး ရွှေမြင်တင်တောင်ဘက်ကို ဆက်လက်ထွက်ခွာခဲ့ကြတယ်။
ရွှေမြင်တင်တောင်အစပ်ကိုရောက်တော့ လမ်းပြကောင်လေးက သူ့တာဝန်ပြီးဆုံးကြောင်းပြောပြီး လာရာလမ်းအတိုင်းပြန်ထွက်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ ရွှေမြင်တင်တောင်ပိုင်နက်ထဲကိုဝင်တာနဲ့ တောင်ပိုင်အဖိုးကိုမေတ္တာပို့ပြီး တောင်ကြောတစ်လျောက်နေထိုင်ကြတဲ့ အစောင့်အရှောက်တွေကို မေတ္တာပို့နေတဲ့အချိန် စံပယ်ပန်းအနံ့နဲ့ နှင်းဆီပန်းအနံ့က နှာခေါင်းထဲကို တိုးဝင်လာခဲ့တယ်။
“ တောင်ကိုခြေချတာနဲ့ အနံ့စပေးပြီထင်တယ် ဆရာရေ”
“ ငါတို့က ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့လာတာမဟုတ်လို့ မေတ္တာသာပို့ပြီးသွားကြ”…
အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှကို ပြောပြီး တောင်ကြားလမ်းလေးအတိုင်း ဆက်လျောက်လာခဲ့တယ်။ မိနစ်နှစ်ဆယ်လောက် လမ်းလျောက်ပြီးချိန်မှာတော့ ကြီးချင်တိုင်းကြီးနေကြတဲ့ ညောင်ပင်တန်းတစ်ခုရှေ့ကိုရောက်လာခဲ့ကြတယ်။
ညောင်ပင်ရဲ့ မလှမ်းမကမ်းမှာတော့ စေတီတစ်ဆူရှိနေပြီး စေတီရဲ့ရှေ့မှာတော့ အငွေ့တစ်ထောင်းထောင်းထနေတဲ့ ဆွမ်းတစ်ခွက် ကပ်လှူထားတာမြင်လိုက်ရတယ်။
“ ဆရာ… ဆွမ်းက အခုမှ ကပ်ထားသလိုပဲနော်၊ အငွေ့တောင်မပြယ်သေးဘူး”
“ ဒီအနီးနားမှာနေတဲ့သူတော့ရှိမယ် ထင်တယ်၊ လိုက်ကြည့်ရအောင်”
အောင်မြတ်သာတို့လဲ စေတီရဲ့ဘေးပတ်ပတ်လည်ကို လိုက်ကြည့်ရာ တောင်စောင်းတစ်ခုရဲ့အောက်မှာ တဲအိမ်တစ်လုံးရှိနေတာမြင်လိုက်ရတယ်။
အဲဒီအချိန် အနောက်ကနေ ခြေသံတစ်ခုထွက်လာတာကြောင့် လှည့်ကြည့်လိုက်ရာ ပလိုင်းတစ်လုံးကို ခေါင်းမှာလွယ်ထားတဲ့ အရပ်ခပ်ပုပု ကရင်လူမျိုးမိန်းမတစ်ယောက်ကိုမြင်တွေ့လိုက်
ရတယ်။
အဆိုပါမိန်းမကအောင်မြတ်သာတို့ကိုမြင်တော့ ဟင်းသီးဟင်းရွက်တွေထည့်ထားတဲ့ ပလိုင်းကို အောက်ချလိုက်ပြီး
“ နင်တို့ရောက်လာမယ်ဆိုလို့ ထမင်းဟင်းတွေပိုချက်ထားတယ်၊ လာစားကြ” လို့ပြောကာ ပလိုင်းကိုပင့်ကာ တောင်စောင်းအောက်ဘက်ကိုဆင်းသွားခဲ့တယ်။
“ ဆရာ… ဒီမိန်းမကြီးက ကျွန်တော်တို့လာမယ်ဆိုတာ ဘယ်လိုလုပ်ကြိုသိနေတာလဲ”
“ အကြောင်းတရားလေးတွေရှိမယ်ထင်တယ်၊ သူ့ကလဲ သာမန်လူပဲဆိုတော့ ခေါ်တဲ့နောက်ကို လိုက်သွားကြတာပေါ့”
အောင်မြတ်သာတို့လဲ ကရင်မိန်းမကြီးခေါ်တဲ့နောက်ကို လိုက်သွားခဲ့ကြတယ်။
အိမ်ရှေ့ရောက်တော့ မိန်းမကြီးက ပလိုင်းကို ကွပ်ပြစ်ပေါ်တင်ရင်း
“ နင်တို့အတွက် မနေ့က ချိုးထားတဲ့မျှစ်ကို တာလပေါ့ချက်ထားတယ်၊ လာစားကြ” လို့ပြောတာကြောင့် ဆရာတပည့်တွေ တဲအိမ်ထဲကို ခေါင်းငုံ့ကာဝင်သွားခဲ့လိုက်တယ်။
အိမ်ထဲရောက်တော့ ဘုရားကျောင်းဆောင်တစ်ခု၊ ပုတီးစိပ်တစ်ကုံးနဲ့ အိမ်အသုံးအဆောင်အချို့ရှိနေတာ မြင်လိုက်ကြရတယ်။
“ နင်တို့ရောက်လာမယ်ဆိုတာ ညက အဖိုးလာပြောတယ်၊ ဒါကြောင့် ရှိတာလေးနဲ့ အဆင်ပြေအောင်ချက်ထားတာ စားကြ စားကြ”
မိန်းမကြီးက ဇလုံသုံးလုံးထဲထမင်းထည့်ပြီး အောင်မြတ်သာတို့ရှေ့ကိုချပေးခဲ့တယ်။
“ ဒါက တာလပေါ့၊ ဒါက နှမ်းဖတ်ငပိ၊ ဒီမှာက သက်သက်လွတ်ပဲစားတာဆိုတော့ ဟင်းတော့မကောင်းဘူးဝေ့”
“ ရပါတယ်ဗျာ… ကျွန်တော်တို့လဲ ရာသက်ပန်သက်သက်လွတ်စားတဲ့သူတွေပါ၊ ကဲ မောင်ကောင်းတို့ စားကြ”
အောင်မြတ်သာတို့လဲ ကရင်မိန်းမကြီးပြင်ပေးတဲ့ ထမင်းနဲ့ဟင်းကို စားနေတဲ့အချိန်
“ နင်တို့က ရွှေမြင်တင်စေတီမှာ ဘယ်လောက်နေကြမှာလဲ”
“ ကိုးရက်တော့နေဖို့ စိတ်ကူးထားပါတယ်”
“ ငါတော့ ကိုးရက်ထက်ပိုပြီးနေရမယ်ထင်တယ်”
မိန်းမကြီးက ကွမ်းယာတစ်ရာကို ပါးစပ်ထဲထိုးထည့်ရင်း ခပ်ပြုံးပြုံးနဲ့ပြောပါလေရော။
“ အမိုးက ဒီမှာနေတာကြာပြီလား”
“ ကြာပေါ့… အဖိုးက ငါ့ကို အိမ်မပေးပြန်ဘူးလေ၊ သူ့မျက်စိအောက်မှာပဲ နေရမယ်တဲ့”
“ တစ်ယောက်ထဲနေရတာ အဆင်ပြေရဲ့လား”
“ ဒီလိုပဲပြေအောင်နေရတာပေါ့၊ မပြေလဲ ပြန်လို့မှမရတာ”
“ ဘာလို့ပြန်မရတာလဲဗျ”
အောင်မြတ်သာစကားကိုကြားတော့ ကရင်မကြီးက ခပ်ဝေးဝေးကိုငေးကြည့်ပြီး
“ ဝဋ်ကြွေးတွေပေါ့ကွယ်” လို့လေးပင်စွာပြောလိုက်ပါတော့တယ်။
ထမင်းစားပြီးတော့ မိန်းမကြီးက စေတီရဲ့ဘေးမှာရှိတဲ့ တဲတစ်လုံးဆီလိုက်ပို့ပြီး
“ ဒါက နင်တို့နေရမယ့် နေရာပဲ” လို့ပြောကာ သူနေတဲ့တဲဘက်ကိုပြန်ထွက်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ တဲပေါ်ကိုတက်ကြည့်ရာ သင်္ကန်းအဟောင်းအချို့နဲ့ သံဃာအသုံးအဆောင်အချို့ကို တွေ့ရတာကြောင့် ဒီနေရာမှာ ယခင်က သံဃာအချို့ သီတင်းသုံးခဲ့တာ ဖြစ်မယ်လို့ ကောက်ချက်ချခဲ့ကြတယ်။
နေ့လည်ပိုင်းရောက်တော့ ဆရာတပည့်တွေ စေတီပေါ်ကိုတက်ပြီး အမှိုက်သရိုက်တွေကို လှည်းကျင်းနေတဲ့အချိန် ရေနွေးကြမ်းအိုးကိုဆွဲပြီး တက်လာတဲ့ မိန်းမကြီးကိုမြင်လိုက်ရတယ်။
“ နင်တို့အမောပြေသောက်ဖို့ အဖိုးကလာပို့ခိုင်းတာ၊ ဒီအဖိုးကြီးလုပ်တာနဲ့ ငါလဲ မနားရဘူး”
“ ကျွန်တော်တို့အတွက် တကူးတကမလုပ်ပါနဲ့၊ အားနာလို့ပြောတာပါ”
“ နင်တို့လဲ သန့်ရှင်းရေးတွေလုပ်နေတာ မောမှာပေါ့၊ ဒီလောက်က ငါမပင်ပန်းပါဘူးအေ၊ နင်တို့လိုအပ်တာဝယ်ချင်ရင် တောင်အောက်က ရွာမှာ ဆင်းဝယ်လို့ရတယ်နော်”
“ ဟုတ်ကဲ့၊ ခဏနေ ဆင်းဝယ်လိုက်ပါမယ်”
“ ဒါနဲ့လေ နင်တို့လာတာ အဖိုးက သဘောကျပေမယ့် အခြားသူတွေက သဘောမကျဘူးနော်”
“ အခြားသူတွေဆိုတာ ဘယ်သူ့ကိုပြောတာလဲ”
“ ဟိုဘက်က တောင်စောင်းမှာနေတဲ့ ညီအစ်မနှစ်ယောက်ကိုပြောတာ”
“ ကျွန်တော်တို့စိတ်က ရိုးသားတဲ့အကြောင်း သူတို့မကြာခင်သိလာမှာပါ”
အောင်မြတ်သာက ခပ်ပြုံးပြုံးမျက်နှာနဲ့ပြောပြီး တံမြက်စည်းတစ်ချောင်းနဲ့ အမှိုက်တွေကို လှဲထုတ်နေခဲ့လိုက်တယ်။
++++++
ညဦးပိုင်းအချိန်မှာတော့ ရွှေမြင်တင်စေတီပေါ်မှာ ဖယောင်းတိုင်မီးအလင်းရောင်အချို့ထွက်ပေါ်နေပြီး ရင်ပြင်ပေါ်မှာတော့ ဆရာတပည့်သုံးယောက် တစ်ယောက် တစ်ထောင့်စီ တရားထိုင်နေခဲ့ကြတယ်။
စေတီရဲ့အောက်ဘက် တောင်စွယ်လေးမှာတော့ ကရင်အမျိုးသမီးကြီးရဲ့ ဘုရားရှိခိုးသံက လေအဝှေ့မှာ တစ်ချက်တစ်ချက် ထွက်ပေါ်နေခဲ့တယ်။
“ ဖူး ဖူး ဖူး”
တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့ နားထဲမှာ နှာမှုတ်သံလိုလိုအသံတစ်သံကြားလိုက်ရတာကြောင့် သမထတည်နေတာကို ခေတ္တဖြတ်လိုက်ပြီး မေတ္တာကိုသာ နိုင်နိုင်ပို့သနေခဲ့တယ်။ ဒါပေမယ့် နှာမှုတ်သံက မပျောက်သွားပဲ ပိုမိုပြင်းထန်လာသလို ခန္ဓာကိုယ်ကလဲ အပူငွေ့လာဟပ်တာကို ခံစားလာမိခဲ့တယ်။
တရားကျင့်ကြံခဲ့တဲ့ အတွေ့အကြုံအရ ဒီနှာမှုတ်သံဟာ နဂါးတစ်ကောင်ရဲ့ စိတ်ဆိုးဒေါသထွက်နေချိန်ဖြစ်တာကို အကဲခတ်မိတဲ့ အောင်မြတ်သာက မျက်တောင်နှစ်ဖက်ကို အသာဖွင့်ပြီး နောက်လှည့်ကြည့်လိုက်ရာ စေတီရဲ့ ဘေးမှာပေါက်နေတဲ့ သပြေပင်ကိုရစ်ပတ်ထားတဲ့ ရွှေရောင်နဂါးတစ်ကောင်ကိုမြင်တွေ့လိုက်ရတယ်။
တစ်ကိုယ်လုံးရွှေရောင်အဆင်းရှိနေပြီး ပါးပျဉ်းကြီးက လှည်းဘီးတစ်ဘီးစာလောက်ကြီးမားတဲ့ နဂါးကြီးက အခိုးငွေ့တွေကို တဖူးဖူးတရှူးရှူးမှုတ်ထုတ်ရင်း အောင်မြတ်သာကို နီရဲတဲ့မျက်လုံးရဲတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။
အောင်မြတ်သာလဲ သူ့ကိုရန်လိုချင်နေတဲ့ ရွှေနဂါးကြီးကို မေတ္တာဓါတ်အပြည့်ပါတဲ့ မျက်လုံးနဲ့ကြည့်ရင်း
“ သင်က ဘာကြောင့် ကျုပ်ကိုရန်မူနေရတာလဲ၊ ကျုပ်တို့က သင်တို့ကို အမြဲတမ်းမေတ္တာပို့ပေးနေတဲ့သူတွေပါ” လို့ပြောလိုက်ပေမယ့် နဂါးကြီးရဲ့ ရုပ်သွင်က ပျော့ပျောင်းမသွားပဲ တစ်လံလောက်ရှိတဲ့လျာကို ထုတ်ကာ ရန်ပြုရန် ရှေ့ကိုတိုးလာခဲ့တယ်။
အဲဒီအချိန် မောင်ကောင်းနဲ့ ခွန်းလှတို့လည်း ဘေးကိုရောက်လာပြီး ရွှေရောင်နဂါးကြီးကို အံ့ဩတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြတယ်။
“ ဆရာ… ဒီကောင်က ရန်လိုနေတဲ့ပုံပဲ”
“ ငါတို့က ဧည့်သည်တွေဆိုတော့ အိမ်ရှင်ကို ထိခိုက်အောင်မလုပ်ချင်ဘူး၊ သူရဲ့ ဒေါသက သူ့ကိုပြန်ဆုံးမသွားပါလိမ့်မယ်”
အောင်မြတ်သာက တည်ကြည်တဲ့မျက်နှာထားနဲ့ စိုက်ကြည့်ပြီး ရှေ့ကိုတိုးလာတဲ့အချိန် နဂါးကြီးရဲ့ ပါးစပ်ထဲကနေ အခိုးငွေ့တွေ ဝေါခနဲ ထွက်လာခဲ့တယ်။ ဒါပေမယ့် အခိုးငွေ့တွေက အောင်မြတ်သာရှေ့ကိုရောက်တာနဲ့ ဘေးနှစ်ဖက်ကို ခွဲထွက်သွားခဲ့တယ်။
အခိုးငွေ့ရဲ့အရှိန်က ပြင်းထန်တာကြောင့် ထိသမျှ သစ်ပင်တွေက ချက်ချင်းဆိုသလို ညိုးနွမ်းကုန်တာ အောင်မြတ်သာသတိထားမိခဲ့တယ်။
နဂါးတို့ရဲ့အခိုးအငွေ့တွေက အောင်မြတ်သာကိုမထိတော့ ရွှေနဂါးကြီးက ပိုမိုဒေါသထွက်လာပြီး သပြေပင်မှာရစ်ပတ်ထားတဲ့ ခန္ဓာကိုယ်ကို ဖျစ်ညှစ်ပြီး အရင်ထက်ပိုပြင်းထန်တဲ့ အခိုးငွေ့တွေနဲ့မှုတ်ထုတ်နေသလို ထန်းပင်လုံးလောက်ရှိတဲ့အမြှီးနဲ့လွှဲရိုက်ဖို့ ဟန်ပြင်လိုက်တဲ့ချိန်
“ ရပ်လိုက်စမ်း” ဆိုတဲ့အသံနဲ့အတူ အပေါ်အဖြူ အောက်အဖြူဝတ်ထားတဲ့ အသက်ခုနှစ်ဆယ်အရွယ်အဖိုးအိုတစ်ယောက် ရုတ်တရက်ပေါ်လာခဲ့တယ်။
အဖိုးအိုက ရွှေနဂါးကြီးကို စူးရဲတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး အနားကိုတိုးကပ်သွားကာ သွယ်လျှတဲ့လက်နဲ့ ဖြောင်းခနဲမြည်အောင်ရိုက်ချလိုက်ပါတော့တယ်။
အဖိုးအိုရဲ့ရိုက်ချက်ကြောင့် နဂါးကြီးရဲ့ခန္ဓာကိုယ်က ပူပေါင်းလေလျော့လိုက်သလိုဖြစ်သွားပြီး အသက်၃၀အရွယ် ယောင်္ကျားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။
“ နင်တို့မှာ လူကောင်းလား လူဆိုလား ခွဲခြားတတ်တဲ့အသိဉာဏ်မရှိကြဘူးလား”
အဖိုးအိုရဲ့စကားကြောင့် ရွှေရောင်အဆင်တန်ဆာဝတ်ဆင်ထားတဲ့ လူက မျက်နှာကိုအောက်ချပြီး ဘာမှမပြောပဲရပ်နေခဲ့တယ်။
အဖိုးအိုက လေသံမာမာနဲ့ ဆူဟောက်ပြီးတာနဲ့ အောင်မြတ်သာဘက်ကိုလှည့်ကာ
“ ဆရာလေးတို့ရောက်နေတာသိပေမယ့် အခုမှ တရားထိုင်ပြီးတာကြောင့် အရောက်နောက်ကျသွားပါတယ်ကွယ်”
“ မဟုတ်တာ အဖိုးရယ်… ကျွန်တော်တို့ကို နေခွင့်ပြုတာကိုပဲ ကျေးဇူးတင်နေပါပြီ”
“ ဆရာလေးတို့လဲ ဒီငမိုက်သားကို ခွင့်လွှတ်ပေးပါ၊ ဒီအရပ်ဒေသမှာက မကြာခဏဆိုသလို သိုက်ဆရာတွေလာတတ်တာကြောင့် ဆရာလေးတို့ကို လူမှားပြီးရန်လိုခဲ့ကြတာပါ၊ ဟိုကောင် အခုချက်ချင်း တောင်းပန်လိုက်စမ်း”
အဖိုးရဲ့စကားကြောင့် ရွှေရောင်အဆင်တန်ဆာဝတ်ထားတဲ့လူက လက်အုပ်ချီပြီး အထင်လွဲခဲ့ကြောင်းကို ရိုကျိုးစွာ တောင်းပန်ခဲ့တယ်။
“ အထင်လွဲတဲ့ တစ်ယောက်ပြီးပြီဆိုပေမယ့်
နောက်ထပ်နှစ်ယောက် ကျန်သေးတယ်”
အဖိုးအိုက ခေါင်းကိုဖြေးညှင်းစွာခါယမ်းပြီး မြောက်ဘက်အရပ်ကိုလက်ညိုးထိုးပြလိုက်လို့ ကြည့်လိုက်ရာ တန်ဖိုးကြီးပိုးချည်ချိတ်ကို ဝတ်ဆင်ထားတဲ့ မိန်းမနှစ်ယောက် အမှောင်ထဲမှာရပ်နေတာမြင်လိုက်ရတယ်။
“ သမီးတို့နှစ်ယောက်လဲ ဆရာတို့ကို အထင်လွဲနေမိတယ် မဟုတ်လား၊ လာကြ လာကြ.. သမီးတို့ကို အဖိုးမိတ်ဆက်ပေးမယ်”
အဖိုးအိုစကားကြောင့် မိန်းမငယ်နှစ်ယောက်က အမှောင်ထဲကနေ ထွက်လာပြီး အောင်မြတ်သာရှေ့ကိုရောက်လာခဲ့ကြတယ်။
“ သူတို့နာမည် မစံပယ်နဲ့ မနှင်းဆီလို့ခေါ်တယ် ဆရာလေး၊ သိုက်နန်းရှင် ညီအစ်မပေါ့”
“ သူတို့လဲ ကျွန်တော်တို့ကို အထင်လွဲနေကြတာလား”
“ ဆရာလေးတို့ ဒီတောင်ကို ခြေချတော့ သူတို့က အရမ်းစိတ်ပူခဲ့ကြတာ၊ ဘာကြောင့်လဲဆိုတာ ဆရာလေးတို့မကြာခင်သိရပါလိမ့်မယ်”
အဖိုးအိုရဲ့ စကားအဆုံးမှာသိုက်နန်းရှင်ညီအစ်မလဲ အောင်မြတ်သာတို့ကို အရို
သေပေးကာ နှုတ်ဆက်ခဲ့ကြတယ်။
“ ဆရာလေးတို့လဲ ဒီကိုရောက်တုန်းရောက်ခိုက် အဖိုးလိုက်ပြစရာရှိတယ် လာကြ လာကြ”
အဖိုးအိုက အောင်မြတ်သာတို့ကို စေတီဘေးမှာပေါက်နေတဲ့ ညောင်ပင်တစ်ပင်ဆီကို ခေါ်ဆောင်သွားခဲ့တယ်။ ညောင်ပင်ရှေ့ကိုရောက်တော့ လက်နဲ့သပ်ချလိုက်ရာ ညောင်မြစ်တွေအောက်မှာ ရာဝင်အိုးကြီးလေးလုံးနဲ့ထည့်ထားတဲ့ ကျောက်သံပတ္တမြားတွေကိုမြင်လိုက်ရတယ်။
“ ဒါတွေက နောင်ပွင့်မယ့်ဘုရားကို လှူဖို့ရည်စူးထားတာလေ၊ ဟိုးမှာမြင်ရတဲ့ တောင်ကုန်းအောက်မှာလဲ ရွှေနဂါးမင်းပိုင်တဲ့ ရတနာပစ္စည်းတွေ ရှိသေးတယ်”
“ ဒါကြောင့်လဲ သိုက်ဆရာတွေက မျက်စိကျခဲ့တာကိုး”
“ ဟုတ်တယ် ဆရာလေး၊ သမီးတို့လဲ ဆရာတို့ရောက်တုန်းရောက်ခိုက် ဘာတွေလုပ်နေလဲဆိုတာ ပြလိုက်ကြဦး”
အဖိုးအိုရဲ့စကားအဆုံးမှာ ညီအစ်မနှစ်ယောက်က ပခုံးမှာပတ်ထားတဲ့ ပဝါကိုလေထဲဝှေ့ယမ်းလိုက်ရာ ကျောက်သားအတိပြီးတဲ့ ဂူတစ်ခုထဲမှာ ရတနာအတိစီခြယ်ထားတဲ့ ယက္ကန်းစင်တွေရှိနေပြီး အလွန်ချောမောလှပတဲ့ မိန်းမပျိုလေးတွေက သေးငယ်တဲ့ရွှေနန်းကြိုးမျှင်လေးတွေနဲ့ ယက်ကန်းယက်လုပ်နေတာမြင်လိုက်ရတယ်။
“ ဒါက မစံပယ်ရဲ့ သိုက်နန်းပဲ ဆရာလေး၊ သူက နောင်ပွင့်မယ့်ဘုရားကို ရွှေသင်္ကန်းကပ်လှူနိုင်ဖို့ ရည်စူးထားတာလေ”
“ သိပ်ကိုကြီးမြတ်တဲ့ အလှူတစ်ခုပါလား၊ သာဓု သာဓု သာဓုပါဗျာ”
အောင်မြတ်သာစကားအဆုံးမှာ အနီရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ မိန်းမပျိုက
“ အဖိုးကလဲ အစ်မတော်ကို ချီးကျုးလွန်းနေပါပြီ၊ နှင်းဆီလဲ နောင်ပွင့်မယ့်ဘုရားရှင်ကိုရည်စူးပြီး ကုသိုလ်ယူနေပါတယ်နော်” လို့ပြောလိုက်တော့ မစံပယ်က တည်ငြိမ်တဲ့မျက်နှာထားလေးကို အနည်းငယ်ပြုံးလိုက်ကာ
“ ညီမတော် ဘယ်လောက်ကြိုးစားတယ်ဆိုတာ အစ်မတော်သိပါတယ်ကွယ်၊ ဒါက ညီမတော်ရဲ့ သိုက်နန်းပါဆရာ”
မစံပယ်က ပဝါနဲ့ အစွန်းတစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ စိန်တွေအပြည့်ထည့်ထားတဲ့ တင်းတောင်းပေါင်းများစွာပေါ်လာပြီး သိုက်နန်းအလယ်မှာတော့ မိန်းမပျိုလေးတွေက ရွှေသားအတိပြီးတဲ့ စုလစ်မွန်းချွန်းတွေကို ကိုယ်တိုင်ထုဆစ်နေကြတာမြင်လိုက်ရတယ်။
“ မနှင်းဆီက အငယ်ဆိုတော့ နည်းနည်း စိတ်ထက်တယ်ဆရာလေး၊ တစ်ခုခုဆို သူ့ကိုဦးစားပေးတာပဲလိုချင်တာ၊သူကတော့ နောင်ပွင့်မယ့်ဘုရားကို ရွှေအတိပြီးတဲ့ ကျောင်းဆောင်နဲ့ပူဇော်ဖို့ ရည်စူးထားတဲ့သူပဲ”
“ အငယ်ဆိုတော့ ဦးစားပေးခံချင်တာ မဆန်းပါဘူးလေ၊ မနှင်းဆီရဲ့ ရည်မှန်းချက်ကလဲ အရမ်းကို ကြီးမြတ်ပါတယ်၊ သာဓု သာဓု သာဓုပါဗျာ”
အောင်မြတ်သာရဲ့ ချီးကျုးစကားကြောင့် မနှင်းဆီရဲ့မျက်နှာပေါ်မှာ အပြုံးရိပ်လေးတွေ ထွက်ပေါ်လာပါတော့တယ်။
“ ဒီပုဂ္ဂိုလ်တွေကတော့ ရွှေမြင်တင်တောင်ရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေပဲဆရာလေး၊ တောင်ရဲ့အောက်ဘက်မှာလဲ ကလေးသိုက်တစ်ခုရှိသေးတယ်၊ ကလေးတွေဆိုတော့ အရမ်းဆော့ကြလွန်းလို့ သူတို့ကိုထိန်းတဲ့ ဖိုးမူကို အပြင်မပေးထွက်ဖို့ ပြောထားရတယ်”
အဖိုးအိုက အောင်မြတ်သာတို့ကို တောင်မှာရှိတဲ့ အကြောင်းအရာတွေကို ပြည့်စုံအောင်ပြောပြခဲ့ပေမယ့် စေတီအောက်ဘက်မှာနေတဲ့ မိန်းမကြီးရဲ့ အကြောင်းကိုတော့ လုံးဝမပြောပြခဲ့ပေ။
အဲဒီအချိန် တောင်ခြေမှာရှိတဲ့ လူနေရွာဘက်ကနေ ဝမ်းခေါင်းသံနဲ့ အော်ရီသံတစ်ခုထွက်ပေါ်လာခဲ့ပါတော့တယ်။
ဒီအသံကိုကြားတော့ မနှင်းဆီက နှာခေါင်းရှုံ့လိုက်ပြီး
“ ဟိုကောင် သောင်းကျန်းနေပြန်ပြီထင်တယ်” လို့ ရေရွတ်လိုက်ပါတော့တယ်။
အဖိုးကတော့ တောင်ခြေဘက်ကို စောင်းငဲ့ကြည့်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကို ချကာ
“ ဒီငမိုက်သားက ဘယ်လိုမှ ပြောဆိုဆုံးမလို့ မရပါလား” လို့ပြောလိုက်တာကြောင့် အောင်မြတ်သာက
“ အခုရယ်နေတဲ့အသံက လူတစ်ယောက်ရယ်သံမဟုတ်လား”
“ ဟုတ်တာပေါ့ ဆရာလေးရယ်၊ ဒင်းက စိတ်ရင်းလေးက ကောင်းပေမယ့် မူးလာရင် ပေါက်ကရတွေလျောက်လုပ်တာ”
“ သူ့ကို ဘယ်သူမှ ဆုံးမလို့မရဘူးလား အဖိုး”
“ ကျွတ်ချိန်မတန်သေးလို့ထင်ပါရဲ့၊ အဖိုးတို့လဲ ချော့တစ်ခါ ခြောက်တစ်လှည့်ဆုံးမပေမယ့် ငမိုက်သားက ခွေးမြီးကောက် ကျဉ်တောက်စွပ်ပဲဆရာလေးရယ်”
အဖိုးအိုရဲ့စကားကြောင့် အောင်မြတ်သာ ခေါင်းတညိမ့်ညိမ့်လုပ်ပြီး
“ အဖွားပြောခဲ့သလို ကျွန်တော်တို့လဲ အဓိဌာန်ပြီးရင် ဒီမှာဆက်နေရဦးမယ် ထင်ပါတယ်” လို့ရေရွတ်လိုက်ပါတော့တယ်။
++++++++
“ မကြီးရေ… မကြီး.. အိပ်နေပြီလား”
အိမ်တံခါးကို ထုရိုက်နေတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ မကြီးတစ်ယောက် အိပ်ချင်မူးတူးနဲ့ အပြင်ကိုထွက်လာခဲ့လိုက်တယ်။
“ ဘာဖြစ်တာလဲ မသေး”
“ ဘာဖြစ်ရမလဲ… နင့် မောင် အရက်မူးပြီး သရဲလိုက်ဖမ်းနေလို့ဟဲ့”
“ ဒီကောင်တော့ ပေါက်ကရလျောက်လုပ်ပြန်ပြီ၊ ဒင်း အခုဘယ်မှာလဲ”
“ မရမ်းပင်ပေါ်ကို သရဲဖမ်းမယ်ဆိုပြီး တက်သွားတာပဲ”
မသေးစကားကြောင့် မကြီးလဲ ဓါတ်မီးကို ဆွဲကာ အိမ်ပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။ လမ်းမပေါ်ရောက်တော့ စာသင်ကျောင်းဘေးက မရမ်းပင်အောက်မှာလူတွေအုံနေတာကြောင့် ဓါတ်မီးနဲ့ ထိုးကြည့်လိုက်ရာ
ပေသုံးဆယ်လောက်မြင့်တဲ့ မရမ်းပင်ထိပ်မှာ မတ်တပ်ရပ်ပြီး ဟီးဟီးဟားဟားနဲ့ အော်ရယ်နေတဲ့ မောင်ဖြစ်သူကိုမြင်လိုက်ရတယ်။
“ ငအောင်… နင်အခုချက်ချင်းဆင်းလာစမ်း”
မကြီးက အသံကုန်အော်လိုက်ပေမယ့် ငအောင်က ဘာမှပြန်မဖြေပဲ မျက်လုံးကြီးပြူးကာ ဝမ်းခေါင်းသံကြီးနဲ့ ဆက်တိုက်ရယ်မောနေပါတော့တယ်။
++++++
ငအောင်ဆိုတဲ့လူနဲ့ ရွှေမြင်တင်အဖိုးတို့က ဘယ်လိုပတ်သတ်နေလဲ။
ငအောင်ကရော သရဲတစ္ဆေတွေကို ဘာကြောင့် မကြောက်တာလဲ။
စတဲ့အကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့် လူရွတ်ငအောင်ဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)