အောင်မြတ်သာနှင့်အစွဲလက်ကောက်
++++++++++++++++++++++++++
“ ဒေါင် ဒေါင် ဒေါင် ဒေါင်”
ရပ်ကွက်ထိပ် ကင်းတဲကနေ ထွက်ပေါ်လာတဲ့ သံချောင်းခေါက်သံကြောင့် မောင်မြနဲ့ ဖိုးလှတို့နှစ်ဦး ဘူးသီးစင်အောက်ကနေ ကပြာကယာ တိုးထွက်လာခဲ့ကြတယ်။
“ ဘူးသီးက နုဖတ်နေတာပဲဟေ့ကောင်ရ၊ ဒီညတော့ ကြက်ဘူးလေးဆွဲရတော့မယ် ဟီးဟီး”
“ ဒေါ်ဖွားစိန်တော့ မနက်ကျရင် သူ့ဘူးသီးပျောက်လို့ ဒေါသူပုန်ထနေမှာ မြင်ယောင်သေး”
နှစ်ယောက်သား တခွီခွီလုပ်ရင်း ဘူးသီးကို ပိုက်ကာ ကင်းတဲရှိရာဘက်ကို ထွက်လာခဲ့လိုက်တယ်။ ကင်းတဲက ကားလမ်းမရဲ့ တစ်ဘက်ခြမ်း ရပ်ကွက်အစွန်မှာရှိတာမို့ မှိန်ပြပြကျနေတဲ့ လရိပ်ကိုအမှီပြုကာ ကားလမ်းမကိုဖြတ်သွားတဲ့အချိန်
“ ဟေ့ကောင် မောင်မြ… ဟိုမှာ ကြည့်စမ်း၊ လူတစ်ယောက် ကုန်းကုန်းကွကွနဲ့ ဘာလုပ်နေလဲမသိဘူး”
“ အေးကွ… ဒီအချိန်ကြီး ဘာတွေရှာနေပါလိမ့်၊ လာကွာ သွားမေးကြည့်ရအောင်”
မောင်မြနဲ့ ဖိုးလှလဲ လမ်းမပေါ်မှာ ကုန်းကုန်းကွကွလုပ်နေတဲ့သူရှိရာကို လျောက်သွားခဲ့ရာ ခပ်လှမ်းလှမ်းအရောက်မှာတော့ ပန်းပွင့်အဆင်အထက်အောက်ဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်ရဲ့ သွင်ပြင်ကို လှမ်းမြင်လိုက်ရတယ်။
“ ဒီမှာ ဒီမှာ ညကြီးအချိန်မတော် ဘာလုပ်နေတာလဲဗျ”
မောင်မြစကားကိုကြားတော့ ကားလမ်းမပေါ်မှာ ဟိုဟိုဒီဒီ လိုက်စမ်းနေတဲ့ မိန်းမကြီးက တုံ့ခနဲရပ်သွားပြီး
“ ငါ့ ပစ္စည်းလေး ရှာပေးကြပါ၊ ငါ့ပစ္စည်းရှာပေးကြပါ” ဆိုတဲ့ ငိုမဲ့မဲ့အသံထွက်လာခဲ့တယ်။
“ ဘာပျောက်သွားလို့လဲဗျ၊ အခုလိုညဘက်ကြီး ရှာနေတာထက် မိုးလင်းမှရှာရင် ပိုမကောင်းဘူးလား”
“ မကောင်းဘူး… ငါက ညမှ ထွက်လို့ရတာ၊ နင်တို့ ငါ့ကို ကူရှာပေးမလား၊ မရှာပေးဘူးလားပြောစမ်း”
မိန်းမကြီးရဲ့အသံက ရုတ်တရက်မာထန်လာပြီး ဖျတ်ခနဲအနောက်လှည့်လိုက်ရာ မောင်မြနဲ့ ဖိုးလှတို့နှစ်ယောက်သား ခန္ဓာကိုယ်မှာရှိတဲ့ အကြောတွေတောင့်တင်းသွားကာ ကြက်သီးမွှေးညှင်းတွေ ထောင်ထလာခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ကို လှည့်ကြည့်လိုက်တဲ့ မိန်းမကြီးရဲ့ မျက်လုံးတစ်ဖက်က အပြင်ကိုပြုတ်ထွက်နေပြီး နှာခေါင်းကလဲ ဘေးကိုပဲ့ကျနေလို့ပဲ။
ဒီမြင်ကွင်းကြောင့် နှစ်ယောက်သား ဘူးသီးကို ပစ်ချကာ ငယ်သံပါအောင်အော်ပြီး ပြေးပါလေရော။
ကင်းတဲမှာနေတဲ့သူတွေရော အနီးနားမှာနေကြတဲ့ သူတွေပါ အော်သံကြောင့် နိုးလာပြီးထွက်ကြည့်ရာ ပုဆိုးကွင်းသိုင်းပြီး ပြေးနေကြတဲ့ မောင်မြနဲ့ ဖိုးလှတို့နှစ်ဦးကိုမြင်လိုက်ရတယ်။
“ ဟေ့ကောင်တွေ ဘာဖြစ်တာလဲ၊ သတိထားကြစမ်း”
ကာလသားခေါင်းကိုမှတ်ကြီးက နှစ်ယောက်လုံးကို ဂုတ်ကနေဆွဲပြီးမေးလိုက်တော့မှ သတိပြန်ဝင်လာပြီး
“ ခု ခုနက သရဲခြောက်ခံထိလို့ဗျ”
“ ဘယ်မှာ ခြောက်ခံထိတာလဲ”
“ ကားလမ်းမပေါ်မှာ ခြောက်ခံထိတာ၊ ကြောက် ကြောက်စရာကြီးဗျာ”
“ ဟုတ်တယ် ကိုမှတ်ကြီး၊ အဲဒီမိန်းမရဲ့မျက်နှာမှာ မျက်လုံးက တစ်လုံးလုံး ကျွတ်ထွက်နေတာ၊ နောက်ပြီး နှာခေါင်းကလဲ တစ်ခုခုနဲ့ကြိတ်ခံထားရသလို ပဲ့ကျနေတယ်”
“ မဟုတ်မှလွဲရော မင်းတို့မြင်ခဲ့ရတာ ဟိုတစ်လောတုန်းက ကားတက်ကြိတ်သွားတဲ့မိန်းမ ဖြစ်မယ်ထင်တယ်”
“ ဘယ်လို… ဒီကိစ္စ ကျွန်တော်တို့လဲမသိပါလား”
“ မသိဆို ဖြစ်တာက စက်ကွင်းဘက်က လမ်းပေါ်မှာဖြစ်တာ၊ ကုန်ကားက ညကြီးသန်းခေါင်တိုက်ပြီး ဒီဘက်ကိုမောင်းပြေးလာတာလို့ပြောတယ်။ ဖြစ်ချင်တော့ အဲဒီမိန်းမကြီးရဲ့ လက်တစ်ဖက်က ကားအောက်ထဲမှာ ညှပ်ပြီးပါလာပြီး ဒီနားမှာ ပြုတ်ကျကျန်ခဲ့တာဆိုပဲ၊ လွန်ခဲ့တဲ့နှစ်ရက်ကတောင် သထုံဘက်ဆင်းတဲ့ ကားဆရာတစ်ယောက် ဒီမိန်းမကြီးကိုမြင်လိုက်သေးတယ်”
“ ဒီအတိုင်းသာဆို ဘယ်လိုလုပ်ကြမလဲ၊ ဒုက္ခပါပဲဗျာ”
“ ငါတို့လဲ တစ်ခုခုစီစဉ်ပါဦးမယ်၊ ဒီညတော့မင်းတို့နှစ်ယောက် ပြန်နားလိုက်ကြ”
ကိုမှတ်ကြီးက မောင်မြနဲ့ ဖိုးလှတို့နှစ်ယောက်ကို ပြန်နားခိုင်းပြီး ကင်းတဲရှိရာဘက်ကို ထွက်လာခဲ့လိုက်တယ်။
ဒီတစ်ညမှာတော့ ကင်းစောင့်နေသူတွေရဲ့ ပါးစပ်ဖျားမှာ မျက်လုံးတစ်ဖက်ကျွတ်ထွက်နေတဲ့ သရဲမကြီးအကြောင်းသာ စိုးမိုးခဲ့ပါတော့တယ်။
++++++
“ ပွမ် ပွမ် ပွမ်”
အနောက်ကနေ တီးလိုက်တဲ့ ကားဟွန်းသံကြောင့် လမ်းမပေါ်ရောက်နေတဲ့ မောင်ကောင်း အလန့်တကြား ဘေးကိုခုန်ဆင်းလိုက်တယ်။
“ လန့်လိုက်တာကွာ…ဒီကောင် ဟွန်းကို ဇွတ်တီးသွားပါလား”
“ အကိုက လမ်းပေါ်ရောက်နေတာကိုးဗျ၊ ဒီဘက် ကားသမားတွေက အရှိန်လျော့တာမဟုတ်ဘူးနော်၊ မတော်လို့ ကားတက်ကြိတ်နေမှဖြင့် ဒုက္ခ”
ခွန်းလှစကားကြောင့် မောင်ကောင်း နှာတင်းသွားပြီး လမ်းဘေးမှာကျနေတဲ့ ပိုက်ဆံအိတ်အဟောင်းတစ်လုံးကို ခြေထောက်နဲ့ ခတ်လိုက်ရာ အထဲကနေ တချွမ်ချွမ်အသံနဲ့အတူ လက်ကောက်တစ်ကွင်း လိမ့်ထွက်လာခဲ့တယ်။
“ ဆရာ… ပိုက်ဆံအိတ်အဟောင်းထဲကနေ လက်ကောက်တစ်ကွင်း ထွက်လာပါလား”
မောင်ကောင်းက မြက်တောဘေးမှာကျနေတဲ့ လက်ကောက်ကို ကောက်ယူပြီး အောင်မြတ်သာကိုကမ်းပေးလိုက်တယ်။
“ ကျောက်စိမ်းလက်ကောက်ပါလား၊ ပြစမ်းပါဦး”
အောင်မြတ်သာလဲ ကျောက်စိမ်းလက်ကောက်ကို ကိုင်ကြည့်လိုက်တဲ့အချိန် နားစည်တစ်ခုလုံး အူခနဲဖြစ်သွားခဲ့ပြီး နားထဲမှာလဲ ငိုညဉ်းသံတစ်ခုကို ကြားလိုက်ရတယ်။
“ ဒီလက်ကောက်မှာ အစွဲရှိနေပါလား”
“ ဗျာ… ဘယ်လိုအစွဲလဲဆရာ”
“ ငါတို့ အနီးနားက တစ်နေရာမှာ ခဏနားကြရအောင်”
အောင်မြတ်သာက ကျောက်စိမ်းလက်ကောက်ကို လွယ်အိတ်ထဲထည့်ပြီး အရိပ်ရတဲ့နေရာတစ်ခုကို ရှာကြရာ လမ်းမရဲ့တစ်ဖက်မှာ ရှိတဲ့ ကင်းတဲတစ်ခုဆီကိုရောက်လာခဲ့ကြတယ်။
ဆရာတပည့်သုံးယောက် ကင်းတဲပေါ်မှာ ထိုင်ပြီး ကျောက်စိမ်းလက်ကောက်ကိုထုတ်ဖို့အလုပ် ခမောက်ဆောင်းထားတဲ့ လူတစ်ယောက် သူတို့ရှိရာ ကင်းတဲ့ရှေ့ကိုရောက်လာခဲ့တယ်။
ထိုသူက အောင်မြတ်သာတို့ကို ပေစောင်းစောင်းကြည့်ပြီး ကင်းတဲပေါ်တက်ကာ ခေါင်းအုံးနဲ့စောင်ကိုယူနေတဲ့အချိန်
“ ဒီနေရာမှာ ကျုပ်တို့ ခေတ္တအနားယူလိုရလားဗျ”လို့မေးလိုက်ရာ
“ ခင်ဗျားတို့က ဘယ်ကိုသွားကြမလို့လဲ၊ ဒီအနီးနားမှာတော့ တစ်ခါမှ မမြင်ဖူးဖူးနော်”
“ ဟုတ်ပါတယ်၊ ကျုပ်တို့က ဒေးစွန်ပါတောင်မှာ အဓိဌာန်ဝင်ပြီး သထုံဘက်ကို ခရီးဆက်ကြမယ့် သူတွေပါ”
“ ဒါဖြင့် ခင်ဗျားတို့က တရားအားထုတ်တဲ့သူတွေပေါ့”
“ ဟုတ်ပါတယ်”
“ ဒါဆိုလဲ အေးအေးလူလူနားကြပါ၊ ဒီနေရာက ကားဂိတ်နဲ့နီးတော့ လူရှုပ်တွေအရမ်းများလို့ ခင်ဗျားတို့ကို တစ်မျိုးထင်မိသွားတယ်၊ တောင်းပန်ပါတယ်ဗျာ”
“ မဟုတ်တာဗျာ၊ ကျုပ်တို့က ဘယ်လိုမှသဘောမထားပါဘူး၊ ဒါနဲ့ မိတ်ဆွေနာမည်က ဘယ်လိုခေါ်လဲ”
“ ကျုပ်နာမည်က မှတ်ကြီးလို့ခေါ်တယ်၊ ဒီရွာရဲ့ ကာလသားခေါင်းပေါ့ဗျာ”
“ ကျုပ်နာမည်က အောင်မြတ်သာပါ၊ သူတို့နှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှလို့ခေါ်ပါတယ်”
အောင်မြတ်သာရဲ့ မိတ်ဆက်ပေးမှုကြောင့် မောင်ကောင်းနဲ့ ခွန်းလှက လက်ကိုဆန့်ပြီး နှုတ်ဆက်လိုက်တဲ့အချိန် လွယ်ထားတဲ့ လွယ်အိတ်က ဘေးကိုလျောကျပြီး အထဲကနေ အင်းစမအချို့ထွက်ကျလာခဲ့တယ်။
“ ဒါတွေက အင်းတွေမဟုတ်လားဗျ”
“ မိတ်ဆွေက အင်းအကြောင်း နားလည်လို့လား”
“ အရမ်းကြီးမဟုတ်ပေမယ့် ငယ်ငယ်က ဘဘုန်းကြီးဆီမှာ အနည်းအကျင်းသင်ဖူးပါတယ်၊ ဒါနဲ့ မဟုတ်မှလွဲရော မိတ်ဆွေတို့က ပယောဂလဲ ကုကြတယ်မလား”
“ မိတ်ဆွေက လူကဲခတ်တော်သားပဲ၊ ဟုတ်ပါတယ် ကျုပ်တို့က ပယောဂနဲ့ပတ်သတ်ပြီးလဲ ကုသပေးပါတယ်”
“ ပယောဂဆိုလို့ပြောရဦးမယ်၊ ဒီရက်ပိုင်း ကျုပ်တို့နေတဲ့အရပ်မှာ သရဲမတစ်ကောင် သောင်းကျန်းနေလို့ တတ်နိုင်ရင် နှင်ထုတ်ပေးပါဦးဗျာ”
“ ဘယ်လိုသောင်းကျန်းတာလဲပြောပါဦး”
“ ဒီလိုဗျာ ညညဆိုရင် ခင်ဗျားတို့ဖြတ်လာတဲ့ လမ်းမပေါ်မှာ တစ်ခုခုကိုရှာနေတဲ့ပုံမြင်ရတာ၊ မနေ့ကဆို ကင်းစောင့်တဲ့လူနှစ်ယောက် မြင်ပြီး သွေးပျက်သွားကြသေးတယ်”
“ အကြောင်းဖန်လာတော့လဲ ကျုပ်တို့ကြည့်ပေးရတာပေါ့၊ ဒါပေမယ့် ဒီအရပ်ဒေသမှာ ကျုပ်တို့အသိအကျွမ်းရယ်လို့ မရှိဘူးဗျ”
“ ဒီအတွက်တော့မပူနဲ့ဗျို့၊ ဒီကင်းတဲမှာနေလို့ရတာပဲလေ၊ ကျုပ်တို့လဲ ညဘက်ဆို မီးရေးထင်းရေး ကင်းစောင့်ကြတာဆိုတော့ ခင်ဗျားတို့အတွက် မပျင်းစေရပါဘူး”
“ ဒါဆိုလဲ အဆင်သင့်တာပေါ့ဗျာ၊ မိတ်ဆွေလဲ လုပ်စရာရှိတာလုပ်ပါ”
“ ဟုတ်ပီ၊ ဒါဖြင့် ကျုပ်လဲလုပ်စရာရှိတာ လုပ်လိုက်ဦးမယ်၊ ခင်ဗျားတို့ ကင်းတဲမှာနေမယ့်အကြောင်းလဲ ရွာလူကြီးကို သတင်းပို့ထားပေးပါမယ်”
ကိုမှတ်ကြီးက အောင်မြတ်သာတို့ကို နှုတ်ဆက်ပြီး ရပ်ကွက်ထဲကိုထွက်သွားခဲ့လိုက်တယ်။
+++++
ညနေစောင်းရောက်တော့ ကိုမှတ်ကြီးနဲ့အတူ ကာလသားလေးယောက်တို့ ကင်းတဲကိုရောက်လာခဲ့ကြတယ်။
ကင်းတဲပေါ်ရောက်တော့ အချင်းချင်းမိတ်ဆက်ကြရင်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားခဲ့ကြပြီး ကာလသားတွေက သူတို့သိချင်တဲ့အကြောင်းအရာတွေကို မေးမြန်းကြရင်း ညဦးပိုင်းအချိန်ကိုရောက်လာခဲ့တယ်။
“ ဆရာတို့က မြန်မာပြည်အနှံ့လိုက်သွားနေတာဆိုတော့ ပရလောကနဲ့ပတ်သတ်ပြီး ထူးခြားတာတွေ မြင်ရမှာပေါ့”
ကင်းတဲပေါ်က ကာလသားတစ်ယောက်ရဲ့ စကားကြောင့် မောင်ကောင်းက အောင်နိုင်သူအပြုံးနဲ့ရယ်လိုက်ပြီး
“ မြင်ရတာပေါ့ဗျ၊ မကြာသေးခင်ကတောင် ခြေထောက်မှာမီးစွဲလောင်နေတဲ့ကောင်ကို ဆုံးမခဲ့ရသေးတယ်”
“ ကျုပ်တို့ဘက်မှာလဲ နယ်မြေကြမ်းတဲ့ နေရာတွေရှိတယ်ဗျ၊ ဘယ်လောက်ကြမ်းလဲဆိုရင် နေဝင်ရီတရောအချိန်ရောက်ပီဆိုတာနဲ့ အပြင်မထွက်ရဲကြတော့ဘူး၊ ရွာဆိုတော့ သစ်ပင်ကြီးငယ်တွေကလဲပေါမှပေါဗျ၊ တစ်ခါတစ်လေ သစ်ပင်အောက်ကနေဖြတ်သွားရင် သစ်ကိုင်းပေါ်ကနေ ဇောက်ထိုးဆင်းလာတာမျိုး၊ တစ်ခါတစ်လေ သစ်ကိုင်းကိုလျာနဲ့ပတ်ပြီးဆင်းလာတာမျိုးတွေကြုံရတယ်”
အောင်မြတ်သာကတော့ မောင်ကောင်းနဲ့ ကာလသားတွေပြောနေတာကို နားထောင်နေရင်း ကားလမ်းမဘက်ကိုငေးကြည့်နေခဲ့တယ်။
အချိန်က တစ်ဖြေးဖြေးကုန်လာတာနဲ့အမျှ ရပ်ကွက်အတွင်းမှာလဲ တိတ်ဆိတ်လာခဲ့တယ်။ ကားလမ်းမပေါ်မှာတော့ တစ်ခါတစ်ရံမှသာ ဖြတ်သွားကြတဲ့ ကားအချို့သာရှိနေခဲ့တယ်။
“ ထွီ… နံလိုက်တာကွာ၊ ဘာအနံ့ကြီးလဲမသိဘူး”
ကင်းတဲအောက်မှာ ရေနွေးအိုးတည်နေတဲ့ ကာလသားတစ်ယောက်က နှာခေါင်းကိုပိတ်ပြီး အော်ပြောလိုက်တာကြောင့် ကျန်တဲ့သူတွေရဲ့အကြည့်က ကင်းတဲအောက်ကို အလိုလိုရောက်သွားခဲ့ကြတယ်။
“ ငထွန်း ဘာဖြစ်တာလဲ”
“ ဘာဖြစ်ရမလဲ ပုတ်စော်နံ့ကြီး နံနေတာ ဘယ်သူမှမရကြဘူးလား”
“ မင်းပဲရနေတာ ငါတို့တော့မရဘူး”
ကာလသားတွေရဲ့အသံကြောင့် အောင်မြတ်သာရဲ့မျက်လုံးတွေက ကားလမ်းမဘေးဆီကို ရောက်သွားခဲ့ရာ အမှောင်ထုထဲမှာ ငုတ်တုတ်ထိုင်နေတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။
ထူးခြားတဲ့အရိပ်အယောင်မြင်လိုက်တာမို့ ဘေးမှာထိုင်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှကို မျက်စပစ်ပြလိုက်ရာ အကင်းပါးတဲ့နှစ်ယောက်ကလဲ လွယ်အိတ်ကိုယ်စီလွယ်ကာ အသင့်အနေအထားလုပ်ထားလိုက်ကြတယ်။
“ ကဲ… အားလုံး စိတ်အေးအေး ထားကြပါဗျာ၊ ကျုပ်တို့ ဟိုဟိုဒီဒီလိုက်ကြည့်ပေးပါ့မယ်”
အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှကို ခေါ်ပြီး ကင်းတဲပေါ်ကဆင်းကာ ကားလမ်းမရှိတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
ကားလမ်းဘေးကိုရောက်တော့ ရေမြောင်းဘေးမှာ ငုတ်တုပ်ထိုင်နေတဲ့ လူရိပ်က အောင်မြတ်သာဆီကိုပြေးလာပြီး လွယ်အိတ်ကို ဖမ်းဆွဲဖို့ကြိုးစားရာ အနားမရောက်ခင်မှာပဲ အနောက်ကိုလန်ကျသွားခဲ့တယ်။
ထိုအချိန်မှာပဲ မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ နှာခေါင်းထဲကို အပုတ်နံ့က စူးခနဲဝင်ရောက်လာခဲ့တယ်။
“ ဆရာ… ကင်းသမားတွေပြောတာ ဒီကောင်ပဲ ဖြစ်ရမယ်”
“ သူမို့ မကြောက်မလန့် ဆရာ့လွယ်အိတ်ကို ဝင်လုရဲတယ်”
အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှတို့ပြောတာကို ပြန်မဖြေပဲ အမှောင်ရိပ်ထဲမှာ ကျောပေးထိုင်နေတဲ့သူကိုသာစိုက်ကြည့်ရင်း
“ သင်ဘယ်သူလဲ… ဘာကြောင့် ကျုပ်လွယ်အိတ်ကို ဝင်လုရတာလဲ” လို့ပြောလိုက်ရာ ကျောပေးထိုင်နေတဲ့အရိပ်မဲမဲကြီးဆီကနေ ငိုရှိုက်သံတစ်ခုထွက်ပေါ်လာခဲ့တယ်။
“ သင် ကျုပ်တို့ကို တစ်ခုခုပြောစရာရှိနေလား”
“ ငါ့ပစ္စည်း ငါ့ပစ္စည်းကို နင်တို့ဘာလို့ယူထားတာလဲ”
“ သင့်ပစ္စည်းက ကျုပ်လွယ်အိတ်ထဲမှာရှိနေတဲ့ ကျောက်စိမ်းလက်ကောက်ကိုပြောတာလား”
“ ဟုတ်တယ်… ဒီလက်ကောက်ကိုရမှ အခြားကိစ္စကိုထပ်လုပ်လို့ရမှာ၊ဒါကြောင့် ငါ့ပစ္စည်း ငါ့ကိုပြန်ပေး”
“ ကျုပ်တို့ကလဲ သူတစ်ပါးပစ္စည်းကို မလိုချင်ပါဘူး၊ ဟောဒီမှာ ခင်ဗျား လက်ကောက်”
အောင်မြတ်သာက လွယ်အိတ်ထဲမှာရှိတဲ့ ကျောက်စိမ်းလက်ကောက်ကို ထုတ်ယူပြီး ကားလမ်းမပေါ်တင်လိုက်ရာ အမှောင်ထဲမှာ ထိုင်နေတဲ့မိန်းမက လေးဘက်ထောက်လျက် ပြေးလာပြီး လက်ကောက်ကို လက်တစ်ဖက်နဲ့ ကောက်ယူပါလေရော။
ဒါပေမယ့် ကောက်ယူလို့မရပဲ လေကိုသာဖမ်းဆုပ်နေရသလိုဖြစ်နေတာကြောင့် စိတ်ဆိုးမာန်ဆိုးနဲ့ ကားလမ်းမပေါ်ကို ဦးခေါင်းနဲ့ တဖုန်းဖုန်းဆောင့်နေခဲ့တယ်။
“ သင့်ပစ္စည်း သင့်ကိုပြန်ပေးပြီးပြီမို့ ဒီနေရာကနေ ထွက်သွားပါတော့ ၊ ဘယ်သူ့ကိုမှ ထပ်ပြီး မနှောက်ယှက်နဲ့”
“ ငါ့လက်ကောက် ပြန်ရပေမယ့် ငါယူလို့မရသေးဘူး၊ ငါ့ရဲ့လက်တစ်ဖက် ပျောက်နေသေးတယ်”
လေးဘက်ထောက်လျက်ရှိနေတဲ့ မိန်းမကြီးက လက်ကောက်ဝတ်ကနေပြတ်ထွက်နေတဲ့ လက်ကိုမြှောက်ပြပြီး မျက်လုံးကို အဆမတန်ပြူးကာ အောင်မြတ်သာကို စိုက်ကြည့်နေခဲ့တယ်။
“ မင်းမလဲ အစွဲတွေသိပ်ကြီးတာကိုး”
“ ဟုတ်တယ် ငါကအစွဲကြီးတယ်ဟဲ့၊ ငါ့မိသားစုတွေ အမျှဝေတာတောင် ငါမသွားဘူး၊ ငါ့ကိုအခုလိုဖြစ်အောင်လုပ်တဲ့သူကို ပြန်ရှာပြီး ဒုက္ခပေးမှာ”
“ ဆရာ… ဒီမိန်းမကိုဘယ်လိုလုပ်ကြမလဲ၊ လွှတ်ထားပြန်ရင်လဲ ဒီကလူတွေ အပြင်တောင်ထွက်ရဲမှာမဟုတ်ဘူးဗျ”
“ လောလောဆယ်တော့ ခဏငြိမ်အောင် ထိန်းထားရမှာပေါ့”
အောင်မြတ်သာက လေသံအေးအေးနဲ့ပြောပြီး ညာလက်ညိုးနဲ့ထိုးလိုက်ရာ မိန်းမကြီးတစ်ကိုယ်လုံး ကြိုးတွေနဲ့တုပ်နှောင်ခြင်းခံလိုက်ရတယ်။ ပြီးတာနဲ့ မြို့စောင့်ပုဂ္ဂိုလ်ကို စိတ်ညွှတ်ပြီး
“ ဒီမြို့ကိုစောင့်ကြပ်နေတဲ့ မြို့စောင့်ပုဂ္ဂိုလ်အနေနဲ့ ဒီအမျိုးသမီးကိုခေတ္တထိန်းသိမ်းပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ပြောလိုက်တယ်ဆိုရင်ပဲ မိန်းမကြီးရဲ့ဘေးမှာ အနီရောင်တောက်တောက်အဝတ်ကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်ပေါ်လာပြီး မိန်းမကြီးရဲ့ဂုတ်ကို ဖမ်းဆွဲကာ ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။
+++++
အောင်မြတ်သာတို့လဲ မိန်းမကြီးပျောက်ကွယ်သွားတာနဲ့ လမ်းပေါ်မှာကျန်နေတဲ့ လက်ကောက်ကို ကောက်ယူကာ ကင်းတဲ့ရှိတဲ့ဘက်ကို ပြန်လာခဲ့ကြတယ်။
ကင်းတဲရှေ့ရောက်တော့ မှတ်ကြီးက အလောတကြီးပြေးဆင်းလာပြီး
“ ဟို မိန်းမကြီးကို တွေ့ခဲ့လား”
“ တွေ့ပါတယ်၊ ဒီမိန်းမကြီးရဲ့ အစွဲက ခင်ဗျားတို့ သွေးပျက်မယ်ဆိုလဲ ပျက်ချင်စရာပါပဲ”
“ အခုရော ဘယ်လိုဖြစ်သွားလဲ၊ ဟိုမိန်းမကြီးရော ဘယ်ရောက်သွားလဲ”
“ အခုကစပြီး ဒီနေရာမှာ ထပ်ပြီးမပေါ်လာအောင် ကျုပ်တို့ လုပ်ပေးခဲ့ပါတယ်၊ အားလုံး စိတ်အေးချမ်းစွာနဲ့ အရင်လိုပြန်နေလို့ရပါပြီ”
အောင်မြတ်သာစကားကြောင့် ကင်းတဲပေါ်မှာရှိနေတဲ့သူတွေအားလုံး ဝမ်းသာသွားပြီး မျက်နှာပေါ်မှာလဲ ပြုံးရိပ်တွေသမ်းလာခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ ကင်းတဲမှာရှိတဲ့ ကာလသားတွေနဲ့ ညနှစ်ချက်ထိုးလောက်အထိ စကားစမြည်ပြောဆိုခဲ့ပြီး သုံးချက်ထိုးအရောက်မှာတော့ မောင်ကောင်းက အိပ်မွေ့ချအင်းကိုသုံးကာ အားလုံးကို အိပ်မောကျအောင်ပြုလုပ်ခဲ့တယ်။
ကင်းသမားတွေအားလုံး အိပ်မောကျနေတဲ့အချိန်မှာတော့ အောင်မြတ်သာတို့လဲ မြို့အဝင်မှာရှိတဲ့ နတ်ကွန်းတစ်ခုဆီကိုထွက်သွားခဲ့ပါတော့တယ်။
ဖယောင်းတိုင်သုံးတိုင် ထွန်းညှိထားတဲ့ နတ်ကွန်းတစ်ခုရှေ့မှာ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်တင်ပလ္လင်ခွေထိုင်နေပြီး သူတို့ရဲ့ရှေ့မှာတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မိန်းမတစ်ယောက် ဘေးစောင်းအနေအထားနဲ့ ထိုင်နေခဲ့တယ်။
အဲဒီအချိန် အောင်မြတ်သာက လွယ်အိတ်ထဲပါလာတဲ့ ကျောက်စိမ်းလက်ကောက်ကို ရှေ့မှာချလိုက်ပြီး
“ ဒီပစ္စည်းက သင့်ပစ္စည်းဟုတ်တယ်မလား”
“ ဟုတ်တယ်… ဒါက ငါလက်ကောက်ပဲ”
“ သင်က ကိုယ့်ပစ္စည်းပြန်ရတာတောင် မျက်နှာထားက တင်းမာနေတုန်းပါလား”
“ ငါမကျေနပ်နိုင်ဘူး… ဒင်းကို တစ်ခုခုပြန်လုပ်ရမှ ကျေနပ်နိုင်မယ်”
မိန်းမကြီးစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အချင်းချင်းကြည့်လိုက်ပြီး
“ သင်က ဘယ်သူကိုမကျေမနပ်ဖြစ်နေတာလဲ”
“ ငါ့ကိုကားနဲ့တိုက်သတ်တဲ့ကောင်ကို မကျေနပ်တာ၊ ဒင်းက ငါ့ပစ္စည်းတွေနဲ့ အခုဆို သာယာနေလောက်ပြီ”
“ သင်ပြောတာ ကျုပ်နားမလည်ဘူး၊ ဖြစ်ကြောင်းကုန်စင်ပြောပြပေးလို့ရမလား”
အောင်မြတ်သာစကားကြောင့် မိန်းမကြီးက အံကိုခပ်တင်းတင်းကြိတ်လိုက်ပြီး
“ ငါ့ကိုသတ်တဲ့ကောင် နာမည်က ကောင်းကြွယ်လို့ခေါ်တယ်၊ သူက ငါ့ကိုအယုံသွင်းပြီး ငါ့မှာရှိတဲ့ပစ္စည်းတွေကို အပိုင်လိုချင်ခဲ့တာ၊ ငါလဲ သူ့ကိုချစ်တဲ့စိတ်တစ်ခုထဲနဲ့ သူပြောတာယုံပြီး သူ့နောက်ကိုလိုက်လာခဲ့မိတယ်လေ၊ နင်တို့ငါ့ကိုတွေ့တဲ့နေရာအရောက်မှာ ငါ့မှာပါတဲ့ လက်ဝတ်လက်စားတွေ အတင်းတောင်းေတာ့
ငါလဲမပေးနိုင်ဘူးလို့ပြောရာကနေ
စကားများပြီး ကားပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။ ဒါကို ဒင်းက ငါ့ကိုအနောက်ကနေ ကားနဲ့တိုက်သတ်ပြီး ငါ့မှာပါလာတဲ့လက်ဝတ်လက်စားတွေ၊ ပိုက်ဆံအိတ်ထဲမှာပါတဲ့ငွေတွေကိုယူပြီး မောင်းပြေးသွားခဲ့တာ”
“ ဒါဆို ဒီလက်ကောက်ကရော ဘယ်လိုကျန်နေခဲ့တာလဲ”
“ ဒီလက်ကောက်က အနည်းငယ်အက်နေတာမို့ မဝတ်ပဲပိုက်ဆံအိတ်အတွင်းဘက်မှာထည့်ထားတာလေ၊ ဒါကြောင့် ဒီကောင် မတွေ့ခဲ့တာနေမယ်”
“ ဒါဆို သင်က သာမန်ကားတိုက်ခံထိတာမဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိ သတ်ခံထိတာပေါ့”
“ ငါလဲ အခုလိုဖြစ်မယ်လို့မထင်ထားခဲ့ဘူး၊ ငါ ဒီနေရာကနေ ထွက်ပြီး ဟိုကောင်ဆီ သွားဖို့လုပ်သေးတယ်၊ ဒါပေမယ့် လမ်းဆုံလမ်းခွက ကောင်တွေ ငါ့ကိုမပေးသွားဘူး၊ ဒါကြောင့်ငါလဲ အဲဒီနေရာမှာ နေနေရတာပဲ၊ နောက်ပြီး မကြာသေးခင်က ငါရဲ့ဆွေမျိုးတွေ ဒီနေရာကိုလာပြီး တရားနာဖို့လာခေါ်သေးတယ်၊ ငါ့စိတ်ထဲ ဒင်းကိုလက်စားမချေနိုင်သရွေ့ ဒီဘဝမှာပဲဆက်နေမယ်လို့ တွေးထားတယ်၊ငါ့ဆီကယူသွားတဲ့ပစ္စည်းတွေပြန်ရအောင်ယူမယ်”
“ ဟင်း… သင့်အဖြစ်ကလဲ သနားဖို့ကောင်းလိုက်တာ၊ ဟိုလူ သင့်ဆီကနေ ဘယ်လိုပစ္စည်းတွေယူသွားတာလဲပြောပြပေးပါ၊ ကျုပ်တို့ပြန်ယူလာနိုင်အောင် ကြိုးစားပေးပါမယ်”
“ ဒင်းက ငါ့ဆီကနေ လက်ကောက်သုံးကွင်း၊ ဆွဲကြိုးတစ်ကုံး၊ စိန်နားကပ်တစ်ရံ၊ လက်စွပ်နှစ်ကွင်းဖြုတ်ယူသွားတာ၊ နင်တို့ကူညီမယ်ဆိုရင် ငါ့ကို ဒီကနေ ခေါ်ထုတ်ပေးပါ၊ ငါ့နည်းငါ့ဟန်နဲ့ ဒီကောင်ကို ဆုံးမချင်သေးတယ်”
“ ဒါဆိုလဲ အဲဒီလူကို ရှာလို့ရမယ့် နေရာကိုသိသလောက်ပြောပြပေးပါ၊ ကျုပ်တို့ သူ့ကိုတွေ့ပြီဆိုတာနဲ့ သင့်ကိုဆင့်ခေါ်လိုက်ပါမယ်၊ သင်ကတော့ လောလောဆယ်တော့ မြို့စောင့်နန်းမှာ နေပါဦး”
“ နင်တို့ သူ့ကိုတွေ့ရင် ငါ့ကို တကယ်ခေါ်မှာလား”
“ ကျုပ်ကတိပေးပါတယ်”
အောင်မြတ်သာစကားကြောင့် မိန်းမကြီးက ခေတ္တစဉ်းစားလိုက်ပြီး
“ အဲဒီလူက ကန်သာမြို့မှာနေတယ်၊ သူ့ရဲ့ညာဘက်ပါးမှာ မှဲ့တစ်လုံးပါတယ်၊ ကားလောကမှာ ကောင်းကြွယ်ဆိုရင် မသိတဲ့သူ မရှိဘူး”
“ ဒီလောက်ဆို သူ့ကိုရှာလို့ လွယ်မှာပါ၊ တွေ့တာနဲ့ သင့်ကိုဆင့်ခေါ်လိုက်ပါမယ်”
အောင်မြတ်သာတို့လဲ မယောင်မလည်နဲ့ ဝင်ရှုပ်မိခဲ့တဲ့ကိစ္စကိုဖြေရှင်းပေးရန် ကတိကဝတ်ပြုပေးခဲ့ကြရတယ်။
+++++++
“ ဗျို့ ကားဆရာ.. ဒီကားက ကန်သာဘက်ရောက်လား”
“ ရောက်တယ်ဗျ… လူဘယ်နှစ်ယောက်လဲ”
“ သုံးယောက်ပဲဗျ၊ ထိုင်ဖို့နေရာရှိသေးရဲ့လား”
“ ရှိတယ် ရှိတယ်”
မောင်ကောင်းတို့လဲ အဝေးပြေးကားပေါ်မှာရှိတဲ့ ခုံအလွတ်မှာဝင်ထိုင်လိုက်ပြီး ကားထွက်မယ့် အချိန်ကိုစောင့်နေခဲ့လိုက်တယ်။
မကြာခင် ခရီးသည်အပြည့်တင်ထားတဲ့ ဟိုင်းလပ်ကားလေးက ကားဂိတ်ကနေ စတင်ထွက်ခွာခဲ့ပါတော့တယ်။
နှစ်နာရီလောက် စီးလာပြီးချိန်မှာတော့ ကန်သာမြို့ဆိုတဲ့ဆိုင်းဘုတ်နားမှာ ကားက တအိအိထိုးရပ်သွားတာကြောင့် ဆရာတပည့်တွေလဲ ကားပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။
ကားဂိတ်နဲ့ မလှမ်းမကမ်းမှာတော့ လမ်းဘေးထိုးရပ်ထားတဲ့ ခြောက်ဘီးကားတွေရှိနေပြီး အချို့ကားတွေပေါ်မှာတော့ ကုန်တွေအပြည့်တင်ထားတာကို မြင်တွေ့လိုက်ရတယ်။
“ ဆရာ… ဒီကားဂိတ်မှာ ဟိုလူအကြောင်းမေးရင် သိလောက်မယ်ထင်တယ်”
“ နည်းနည်းပါးပါး စုံစမ်းကြည့်ကြတာပေါ့”
မောင်ကောင်းလဲ ခြောက်ဘီးကားတွေနား မယောင်မလည်နဲ့သွားကြည့်ခဲ့ရာ အရိပ်ရတဲ့ သစ်ပင်အောက်မှာ အန်စာကစားနေတဲ့ ကားသမားအချို့ကိုမြင်တွေ့ခဲ့ရတယ်။
“ ဟေ့လူ ကားငှားမလို့လား”
အနောက်ကနေ ပခုံးကိုပုတ်ပြီးမေးလိုက်တာကြောင့် မောင်ကောင်း လှည့်ကြည့်လိုက်ရာ အသက်ငါးဆယ်အရွယ် လူကြီးတစ်ယောက်ဖြစ်နေခဲ့တယ်။
“ မဟုတ်ပါဘူးဗျာ… လူတစ်ယောက်အကြောင်း စုံစမ်းချင်လို့ပါ”
“ ဘယ်သူများလဲကွယ့်”
“ သူ့နာမည်က ကောင်းကြွယ်လို့ခေါ်တယ်၊ ညာဘက်ပါးမှာ မှဲ့တစ်လုံးရှိတယ်ဗျ”
မောင်ကောင်းစကားကြောင့် ဘေးမှာရပ်နေတဲ့သူက မျက်ခုံးကိုပင့်တင်လိုက်ပြီး
“ မောင်ရင် လူမှားနေပြီထင်တယ်၊ ကားသမားတွေထဲမှာ ကောင်းကြွယ်ဆိုတဲ့သူတော့မရှိဘူး၊ ညာဘက်ပါးမှာ မှဲ့ပါတဲ့သူတစ်ယောက်တော့ရှိတယ် သူ့နာမည်က ဇေယျတဲ့”
“ အဲဒီလူအခုဒီမှာရှိလား ဦးလေး”
“ ဇေယျ ကားဂိတ်မလာတာ တစ်ပတ်လောက်ရှိပြီ၊ ဘာဖြစ်လို့လဲတော့မသိဘူး”
“ ဒါဖြင့် သူဘယ်မှာနေတယ်ဆိုတာ ပြောပြပေးပါလား၊ ကျွန်တော်တို့ သူနဲ့အရေးတကြီး ပြောစရာရှိနေလို့ပါ”
“ ငါလဲသေချာမသိဘူး… ဒါပေမယ့် သိတဲ့သူရှိမလား မေးပေးပါမယ်၊ ဟေ့ ကောင်တွေ ဇေယျဘယ်မှာနေလဲ သိလားဟေ့”
ကားသမားလူကြီးစကားကြောင့် အန်စာကစားနေတဲ့ လူတွေက အနောက်ကိုလှည့်ကြည့်ပြီး
“ ဇေယျက ကြက်တောရပ်မှာနေတယ် ဦးလေး၊ မနေ့ကတောင် သူ့အိမ်ဘက်ကနေ ဖြတ်လာသေးတာ၊ ဘာဖြစ်လို့လဲ”
“ ဒီမှာ ဧည့်သည်တွေမေးခိုင်းလို့ဟေ့”
“ အခုလိုကူညီပေးတာ ကျေးဇူးတင်ပါတယ် ဦးလေးထ ကျုပ်တို့ကိုခွင့်ပြုပါဦး”
ဒီလိုနဲ့ မောင်ကောင်းတို့လဲ ဇေယျနေထိုင်ရာ ကြက်တောရပ်ကို မယောင်မလည်နဲ့ရောက်လာခဲ့ကြတယ်။
ရပ်ကွက်ထိပ်ရောက်တော့ ညောင်ပင်အောက်မှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်တစ်ဆိုင် ရှိနေပြီး ကွမ်းယာဆိုင်ဘေးမှာတော့ လူငါးယောက်ထိုင်အရက်သောက်နေတာကိုမြင်တွေ့လိုက်ရတယ်။
“ ဆရာ… ဟိုလူကို ကြည့်ပါဦး၊ ညာဘက်ပါးမှာ မှဲ့တစ်လုံးက ထင်းနေတာပဲ”
“ ဟုတ်တယ်ဆရာ… ဒီလူက ဇေယျပဲဖြစ်ရမယ်”
“ သေချာအောင်အရင်အကဲခတ်ကြည့်ပါဦး၊ နောက်မှ လူမှားလို့ ဒီရပ်ကွက်ကလူတွေ ဒုက္ခရောက်နေပါဦးမယ်”
“ ဒါဆို ခဏလေးဆရာ ကျွန်တော် ကွမ်းသွားဝယ်ရင်း အကဲခတ်လိုက်မယ်”
မောင်ကောင်းက ကွမ်းယာဆိုင်ထဲကို မယောင်မလည်နဲ့ဝင်ပြီး ကွမ်းယာမှာနေတဲ့အချိန်
“ ဇေယျ… မင်း ဒီရက်ပိုင်း ကားလဲမထွက်ပါလား”
“ ငါ ကားမမောင်းတော့ဘူးကွ၊ သဘက်ခါ ငါ့မိန်းမ အမျိုးတွေရှိတဲ့ အညာဘက်ကို ပြောင်းတော့မှာ ဒါကြောင့် မင်းတို့ကို အဝတိုက်နေတာ”
“ မင်းဟာက ရုတ်တရက်ကြီးပါလား၊ ဘာလဲ မင်းရဲ့ မမကြီးနဲ့အဆင်မပြေလို့လား”
“ တော်စမ်းပါကွာ… ငါနဲ့သူက ဘာမှမပတ်သတ်ဘူး၊ မင်းတို့လဲ အာမချောင်နေကြနဲ့”
“ ငါက ဒီတိုင်းမေးတာပါကွ”
“ မင်းစကားကို ဒီမှာပဲ ပြီးပါစေ”
ဇေယျက စကားဖြတ်ပြီး ဘေးကိုကြည့်လိုက်ရာ သူတို့ကိုစိုက်ကြည့်နေတဲ့ မောင်ကောင်းကိုမြင်လိုက်ရတယ်။
မောင်ကောင်းလဲ ရုတ်တရက်မို့ ဟိုကြည့်ဒီကြည့်လုပ်ပြီး ကွမ်းယာတစ်ယာကို ပါးစပ်ထဲ ဝါးကာ မသိသလိုနဲ့ ပြန်ထွက်လာခဲ့လိုက်တယ်။
“ ဆရာ… ဟိုလူက ကျွန်တော်တို့ရှာနေတဲ့သူ ဖြစ်နိုင်တယ်၊ သူတို့ပြောတဲ့ထဲမှာ မရိုးသားတဲ့ စကားတွေကို သတိထားမိတယ်”
“ ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆရာ၊ ဟိုမိန်းမကို ခေါ်လိုက်ရတော့မလား”
“ အရမ်းမလောပါနဲ့ဦး၊ ငါတို့ဘက်က ပိုသေချာအောင် စုံစမ်းဖို့လိုသေးတယ်၊ လာကြ နားတဲ့နေရာရှာကြရအောင်”
အောင်မြတ်သာတို့လဲ ကွမ်းယာဆိုင်ကနေထွက်လာပြီး ရပ်ကွက်ထိပ်မှာရှိတဲ့ တန်ဆောင်းဆီကို ဦးတည်ထွက်သွားခဲ့ကြတယ်။
+++++
ကြက်တောရပ်ကွက်ထိပ်မှာ တည်ထားတဲ့ ကိုးတောင်ပြည့်စေတီဘေးမှာတော့ အောင်မြတ်သာတို့ ဆရာတပည့်တွေ ဘုရားဝတ်ပြုနေခဲ့ကြတယ်။
မကြာမီအချိန်အတွင်း အောင်မြတ်သာရဲ့နားထဲမှာ ခြေသံခပ်ပြင်းပြင်းတစ်ခုကိုကြားလိုက်ရတာကြောင့် ဘုရားဝတ်ပြုတာကိုရပ်ပြီး လှည့်ကြည့်လိုက်ရာ ဆံပင်ဖားလျားချထားတဲ့ ယောင်္ကျားတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ သင်ကဘယ်သူပါလဲ”
“ ကျုပ်က ဒီရပ်ကွက်ကိုစောင့်ကြပ်ရတဲ့ ပုဂ္ဂိုလ်ပါ”
“ ဒါဖြင့် ကျုပ်တို့ပို့သတဲ့မေတ္တာကို ရတယ်မဟုတ်လား”
“ရပါတယ်…”
“ ဒါဖြင့် အခုလို ကိုယ်ထင်ပြရတဲ့ အကြောင်းက ဘာများလဲ”
“ ဆရာတို့အနေနဲ့ အခြားအရပ်ဒေသက မကျွတ်မလွတ်သေးသူတစ်ယောက်ကို ဒီရပ်ရွာထဲ မခေါ်လာဖို့ လာတောင်းပန်တာပါ”
“ ကျုပ်လဲ ဒီကိစ္စကို စဉ်းစားမိပါတယ်၊ သို့ပေမယ့် ကျုပ်တို့ကတိပေးထားတာမို့ ကတိကိုလဲမဖျက်ချင်ဘူးဖြစ်နေတယ်”
“ လောကမှာ အပြစ်ရှိသူတွေဟာ သူတို့ကျူးလွန်တဲ့အပြစ်ကို ခံရစမြဲပါ၊ ဆရာတို့လဲ ကတိမပျက်ရလေအောင် ကျုပ်ကူညီနိုင်တာ တစ်ခုတော့ရှိပါတယ်”
“ ဘယ်လိုမျိုး ကူညီနိုင်တာလဲပြောပါဦး”
အောင်မြတ်သာစကားအဆုံးမှာ ရပ်ကွက်စောင့်ပုဂ္ဂိုလ်က မသိမသာပြုံးလိုက်ပြီး မျက်နှာကိုလက်နဲ့သပ်ချလိုက်ရာ ဇေယျရဲ့ရုပ်သွင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။
“ ကျုပ်ရဲ့အစွမ်းက လိုချင်တဲ့ပုံစံကိုဖန်ဆင်းလို့ရတာပါပဲ၊ ဒါကြောင့် ဆရာတို့အနေနဲ့ ကျုပ်ကိုအသုံးချပြီး လိုရာစေခိုင်းနိုင်ပါတယ်”
“ ကျုပ်သဘောပေါက်ပြီ၊ ဒါနဲ့လေ ဒီစေတီမှာ အခြားမကျွတ်လွတ်သေးတဲ့သူတွေကို နေရာပေးထားတာရှိတယ်မဟုတ်လား”
“ ရှိပါတယ်ဆရာ… ဒီစေတီက ရပ်ကွက်အပြင်မှာတည်ထားတာကြောင့် နေရာမရှိတဲ့ ပရလောကသားတွေ အများဆုံးဝင်ထွက်သွားလာကြပါတယ်”
ရပ်ကွက်စောင့်ပုဂ္ဂိုလ်ရဲ့စကားကြောင့် အောင်မြတ်သာ သဘောကျစွာပြုံးလိုက်ပါတော့တယ်။
++++++
“ မိန်းမ… ငါအပြင်ခဏသွားဦးမယ်နော်”
“ မိုးချုပ်နေတာကို ဘယ်သွားဦးမလို့လဲ”
“ ကိစ္စလေးရှိလို့ပါဟ… နင်လဲအထုပ်တွေ သိမ်းထားဦး”
ဇေယျတစ်ယောက် ဘီဒိုပေါ်မှာတင်ထားတဲ့ ပိုက်ဆံအိတ်ကို ခါးကြားထိုးပြီး အိမ်ပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။ အိမ်အောက်ရောက်တော့ လူရိပ်လူခြေကြည့်ပြီး အိမ်နောက်ဘေး ဘူးခြံအောက်ကို လက်နဲ့ယက်ထုတ်လိုက်ရာ မြေကြီးတွေနဲ့ပေပွနေတဲ့ အထုပ်တစ်ထုပ် ထွက်လာခဲ့တယ်။
ဇေယျလဲ အထုပ်ကို ထိုင်နေရင်း ဖြေကြည့်လိုက်တဲ့အချိန် ဘူးခြံဘေးကနေ ရိပ်ခနဲဖြတ်သွားတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။
“ ဘယ်သူလဲဟေ့”
ဇေယျက အထုပ်ကို ရင်ဘတ်ထဲထိုးထည့်လိုက်ပြီး ဟိုဟိုဒီဒီလိုက်ကြည့်ရာ ဘာမှမတွေ့သဖြင့် ထိုင်ရာကနေထလိုက်ရာ နှာခေါင်းထဲကို ရေမွှေးနံ့နဲ့အပုတ်နံ့ရောထားတဲ့ အနံ့စူးစူးက တိုးဝင်လာခဲ့တယ်။
“ ဒီအနံ့က ဟိုမိန်းမအမြဲသုံးနေကျရေမွှေးနံ့ပဲ၊ အိုကွာ… ငါစိတ်စွဲနေတာဖြစ်မယ်၊ စိတ်ထိန်းစမ်း”
ဇေယျက ကိုယ့်ကိုကိုယ်အားပေးရင်း အိမ်ရှေ့ကို ထွက်ဖို့အလုပ်
“ ငါ့ပစ္စည်းတွေ ပြန်ပေး… ငါ့ပစ္စည်းတွေ ပြန်ပေး” ဆိုတဲ့အသံကို ထင်ထင်ရှားရှားကြီး ကြားလိုက်ရတယ်။
အကောင်အထည်မမြင်ရပဲ အသံပဲကြားလိုက်ရတာမို့ ဇေယျတစ်ယောက် ကြက်သီးမွှေးညှင်းတွေ ထလာပြီး ခေါင်းကလဲ ထူပူသွားခဲ့တယ်။
“ ဘယ်သူလဲဟေ့… ထွက်လာစမ်း”
“ အဟင်းအဟင်း… အဟင်းအဟင်း”
ညဉ်းသံကြီးက ဘူးစင်ပေါ်ကနေ ထွက်လာတာမို့ မော့ကြည့်လိုက်ရာ မျက်လုံးတစ်လုံးက ကျွတ်လုနီးပါးဖြစ်နေပြီး ခေါင်းတစ်ခြမ်းပြားချပ်နေတဲ့ မိန်းမတစ်ယောက်သူ့ကို ငုံ့ကြည့်နေတာမြင်လိုက်ရတယ်။
“ အမလေး…. သရဲ သရဲ”
ဇေယျလဲ ငယ်သံပါအောင် အော်ပြီး ထွက်ပြေးရာ အိမ်မှာရှိတဲ့သူတွေရော ဘေးပတ်ဝန်းကျင်က လူတွေပါ အလန့်တကြားထွက်လာပြီး
“ ဇေယျ… ဘာဖြစ်တာလဲ”
“ ယောင်္ကျား… ဘာဖြစ်လို့လဲဟင်”
“ သ သရဲ သရဲမကြီး… ဘူးစင်ပေါ်ကနေ ငါ့ကိုကြည့်နေတယ်”
“ မောင်ဇေယျ စိတ်ထိန်းစမ်း… စိတ်ထိန်းစမ်း၊ ဘယ်သူမှမရှိပါဘူး”
ဦးပေတိုးစကားကြောင့် ဇေယျလဲ ဘေးဘီကိုကြည့်လိုက်ရာ လူအုပ်ကြားထဲမှာ သူ့ကို မျက်ထောင့်နီနဲ့စိုက်ကြည့်နေတဲ့ မိန်းမတစ်ယောက်ကို ထပ်မြင်လိုက်ရတယ်။
“ ဟိုမှာ ရှိနေတယ်… ဟိုမှာ… ကျုပ်ကိုရပ်ကြည့်နေတယ်”
“ အဲဒါ မင်းမိန်းမလေ… ဒီကောင်လေး။ဘယ်လိုဖြစ်တာပါလိမ့်”
“ အယုတ်တမာမ… ငါ့ရှေ့ကနေ ထွက်သွားစမ်း၊ မသွားရင် ငါ ဓါးနဲ့ခုတ်မှာနော်”
ဇေယျက ကြောက်ကန်ကန်ပြီး အိမ်အောက်မှာရှိတဲ့ ဓါးမကိုပြေးယူဖို့အလုပ် ဘေးမှာရှိတဲ့လူတွေဝိုင်းဆွဲကြရာ အင်္ကျီထဲကနေ အထုပ်တစ်ထုပ်ပြုတ်ကျလာခဲ့တယ်။
“ ဟင်… လက်ဝတ်လက်စားတွေပါလား၊ နုထွေးရေ ဒါ နင်တို့ပစ္စည်းတွေလား”
“ မ မဟုတ်ဘူး ဦးလေး၊ ကျွန်မတို့မှာ ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းဘယ်ကရှိရမှာလဲ”
“ ဒုက္ခပါပဲ… ဒီကောင်လေး ဘာတွေလုပ်လာလဲမသိပါဘူး”
ဦးပေတိုးက ဇေယျဖြစ်ပျက်နေတာကိုကြည့်ပြီး အိမ်ပေါ်ကိုပြေးတက်ကာ ပရိတ်ရေဘူးကိုယူချလာတဲ့အချိန် လက်ကိုင်ပဝါနဲ့ ထုပ်ထားတဲ့ လက်ဝတ်လက်စားတွေက ပုစွန်ဆိတ်ခုန်သလို တဆတ်ဆတ်ခုန်လာပြီး အပုတ်နံ့တွေလဲလှိုင်ခနဲထွက်လာခဲ့တယ်။
“ ထွက်သွားစမ်း… အယုတ်တမာမ နင်က သေပြီးပြီလေ ငါ့အနားမလာနဲ့ သွား… ထွက်သွား”
ဇေယျက လူကြားထဲကို လက်ညိုးထိုးလိုက် အော်ဟစ်လိုက်လုပ်နေတာကြောင့် ဦးပေတိုးက ပရိတ်ရေတိုက်ရန်အနားကပ်လာတဲ့အချိန် ရေဘူးကို တစ်ယောက်ယောက်က ဆတ်ခနဲရိုက်ချသလိုဖြစ်ကာ မြေကြီးပေါ် ပြတ်ကျသွားခဲ့တယ်။
“ ဟိုမိန်းမ ဦးလေး ဘေးမှာရပ်နေတယ်၊ ကျုပ်ကို စိုက်ကြည့်ပြီး ရယ်နေတာဗျ”
“ ဇေယျ… မင်းဘာတွေလုပ်ထားတာလဲ အမှန်အတိုင်းပြောစမ်း”
အခြေအနေကိုရိပ်မိတဲ့ ဦးပေတိုးက တုန်လှုပ်ချောက်ချားနေတဲ့ ဇေယျပခုံးကို ကိုင်လှုပ်ပြီးမေးလိုက်တဲ့အချိန်
“ ကျုပ် ကျုပ်ကို ဘာမှလာမမေးနဲ့၊ ဒီမိန်းမကို ထပ်သတ်ရမယ်၊ ဒါမှ နောက်ထပ်မလာနိုင်မှာ”
“ ဒီကောင်ကို ချုပ်ထားမှဖြစ်တော့မယ်၊ သူ့စိတ်ကပုံမှန်မဟုတ်ဘူး”
ဦးပေတိုးစကားကြောင့် ရပ်ကြည့်နေတဲ့သူတွေထဲက ယောင်္ကျားအချို့ထွက်လာပြီး ဇေယျကိုဖမ်းချုပ်ထားခဲ့ကြတယ်။ အဲဒီအချိန် လူအုပ်ထဲမှာရပ်ကြည့်နေတဲ့ မိန်းမတစ်ယောက်က ရှိုက်ကြီးတငင်ငိုကြွေးပြီး
“ လူသတ်သမား… ဒင်း ကျုပ်ကိုသတ်ခဲ့တာ၊ အရှင်လတ်လတ်ကားနဲ့တိုက်သတ်ခဲ့တဲ့ကောင်” လို့ မြေကြီးကိုလက်နဲ့ပုတ်ကာ ဒေါသတစ်ကြီး အော်ဟစ်ပါလေရော။
“ နင်ကဘယ်သူလဲ… ဒီကောင်လေးက နင့်ကို သတ်ခဲ့တာဟုတ်လား”
“ ငါ့နာမည်က မြမြအေးဟဲ့၊ ဒီကောင်က သူ့ကိုယ်သူ လူလွတ်ပါဆိုပြီး ငါ့ကိုလိမ်ညာအယုံသွင်းခဲ့တာ၊ ငါကလဲ သူ့ကိုယုံကြည်ပြီးကားတောင်ဝယ်ပေးခဲ့မိတယ်၊ လူယုတ်မာ နင်က ငါဝယ်ပေးတဲ့ကားနဲ့ ငါ့ကိုပြန်သတ်ခဲ့တာမဟုတ်လား”
“ ဇေယျ… သူပြောနေတာတွေ ဟုတ်လား”
ဦးပေတိုးစကားကို ဇေယျ ဘာမှပြန်မဖြေနိုင်ပဲ ခေါင်းသာငိုက်စိုက်ကျသွားခဲ့တယ်။
“ ဒင်းက ငါ့ကို မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ ဝတ်ကောင်းစားလှတွေ ဝတ်ပြီးလိုက်ခဲ့လို့ အလိမ်အညာစကားတွေသုံးပြီးခေါ်ခဲ့တာ၊ ဒီမိန်းမကြီးက သူပြောသမျှကို ယုံပြီး ဘယ်သူ့ကိုမှအသိမပေးပဲ လိုက်လာခဲ့မိတာလေ၊
လမ်းရောက်တော့ လက်ဝတ်လက်စားတွေ လိုချင်လို့ငါ့ကိုပြဿနာရှာပြီး သတ်ပစ်ခဲ့တဲ့ကောင်၊ နင်က လူယုတ်မာ၊ ခွေးလောက်တောင်အဆင့်မရှိတဲ့ကောင်”
ဝင်ပူးနေတဲ့မိန်းမရဲ့စကားကြောင့် လူတွေအားလုံး ဟာခနဲ ဟင်ခနဲဖြစ်သွားပြီး ဇေယျကိုလဲ ရွံ့ရှာမုန်းတီးတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။
မိန်းမဖြစ်သူကတော့ ဇေယျအဖြစ်ကိုကြည့်ပြီး ဘာမှမပြောနိုင်ပဲ အရုပ်ကြိုးပြတ်လဲကျသွားခဲ့တယ်။
ဒီအဖြစ်အပျက်ပုံရိပ်တွေကို စေတီပေါ်ကနေ ရုပ်ရှင်ကြည့်သလို ကြည့်နေတဲ့ အောင်မြတ်သာက အနောက်ကိုလှည့်ကြည့်လိုက်ပြီး
“ ဒီလောက်ဆို သင်စိတ်ကျေနပ်ပြီထင်ပါတယ်၊ မကြာခင် သင့်ပစ္စည်းတွေအားလုံး သင့်မိသားစုတွေဆီပြန်ရောက်တော့မှာပါ”လို့ပြောလိုက်ရာ မျက်နှာတစ်ခြမ်းပြားနေတဲ့မိန်းမကြီးက အံကြိတ်နေရင်း
“ ငါက ဒင်းကို ဒီထက်ပိုပြီးလုပ်ချင်တာ”
“ သင့်ပစ္စည်းတွေလဲပြန်ရပြီ၊ သူလဲ လုပ်ခဲ့တဲ့အပြစ်ကို မကြာခင်ခံရတော့မှာမို့ ဒီလောက်နဲ့ စိတ်ကျေနပ်လိုက်ပါတော့၊ ကဲ သင်လဲ အရင်နေရာပြန်လို့ရပါပြီ”
အောင်မြတ်သာ စကားအဆုံးမှာ ဘေးမှာထိုင်နေတဲ့ မိန်းမကြီးပျောက်ကွယ်သွားပြီး ဆံပင်ရှည်ရှည်၊ အပေါ်ပိုင်းဗလာကျင်းထားတဲ့ ရပ်ကွက်စောင့်နတ် ပေါ်လာခဲ့တယ်။
“ ကျုပ်တာဝန်ကျေပါတယ်နော်ဆရာ”
“ သိပ်ကိုကျေတာပေါ့ဗျာ၊ သင်သာမကူညီရင် ဒီအမျိုးသမီးလဲ စိတ်ကျေနပ်မှာမဟုတ်လောက်ဘူး”
“ ကျုပ်လဲ ဆရာတို့သင်ပေးတဲ့အတိုင်း ပူးကပ်ခြောက်လှန့်ခဲ့တာပါ၊ အခြားထွေထွေ ထူးထူးဘာမှမလုပ်ခဲ့ရပါဘူး”
“ အခုရော လူသတ်သမား ဘယ်လိုဖြစ်သွားပြီလဲ”
“ တာဝန်ရှိသူတွေဖမ်းပြီး ထိန်းသိမ်းထားပါတယ်ဆရာ၊ မနက်မိုးလင်းတာနဲ့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေလက်ထဲအပ်မယ်လို့ ပြောနေကြတယ်”
“ ဒါဆိုလဲ ကျုပ်တို့ မိုးလင်းတာနဲ့ ခရီးဆက်ကြရတော့မှာပေါ့ဗျာ၊ သင်လဲ ရပ်ရွာကို ကူညီစောင့်ရှောက်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်”
“ ဆရာတို့ပေးတဲ့အတိုင်းဖြစ်အောင် ကြိုးစားနေထိုင်ပါမယ်”
ရပ်ကွက်စောင့်နတ်လဲ အောင်မြတ်သာတို့ကို အရိုအသေပေးပြီး ပျောက်ကွယ်သွားပါတော့တယ်။
အောင်မြတ်သာတို့လဲ မနက်အရုဏ်တက်တာနဲ့ ကန်သာမြို့ကနေပြန်လည်ထွက်ခွာလာခဲ့ရာ နေ့လည်ပိုင်းအချိန်မှာတော့ ဗုဒ္ဓသာသနာစတင်ထွန်းကားပြန့်ပွားရာ သုဝဏ္ဏဘူမိသထုံမြေကိုရောက်ရှိလာခဲ့ကြတယ်။
သထုံမြို့ကိုရောက်တာနဲ့ ရွှေရောင်တဝင်းဝင်း တောက်ပနေတဲ့ ရွှေစာရံစေတီကို ဦးစွာဖူးမျှော်ပြီး ညနေစောင်းမှာတော့ ဘုရားရှင်ရဲ့ မြသပိတ်တော် ဌာပနာထားတဲ့ မြသပိတ်စေတီတော်မြတ်ကို ဖူးမျှော်ခဲ့ကြတယ်။
မြသပိတ်တောင်ပေါ်မှာ ဆရာတပည့်တွေ တစ်ညတာ တည်းခိုရင်း တရားဘာဝနာပွားများနေခဲ့ရာ ညသန်းခေါင်အချိန်အရောက်မှာတော့ ပိတ်ဖြူဝတ်စုံဝတ်ဆင်ထားတဲ့ မြသပိတ်တောင်စောင့်အဖိုးကြွလာတာကိုမြင်တွေ့လိုက်ရတယ်။
မြသပိတ်အဖိုးက အောင်မြတ်သာကိုမြင်တော့ ဝမ်းမြောက်စွာကြိုဆိုနှုတ်ဆက်ပြီး ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ တောင်စွယ်လေးတစ်ခုကို လက်ညိုးညွှန်ပြခဲ့တယ်။
မြသပိတ်အဖိုးညွှန်ပြတဲ့ တောင်စွယ်လေးကိုတော့ နယ်ခံတွေက ရွှေမင်းတင်တောင်စွယ်လို့ ခေါ်ဆိုကြပြီး ထူးခြားဆန်းကြယ်မှုတွေများစွာရှိတဲ့ နေရာတစ်ခုလဲဖြစ်ပါတယ်။
မြသပိတ်အဖိုးက ဘာကြောင့် ရွှေမင်းတင်တောင်ကို ညွှန်ပြခဲ့တာလဲဆိုတဲ့အကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် ရွှေမင်းတင်တောင် ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)