August 1, 2025
Uncategorized

အောင်မြတ်သာနှင့်အမောင်ဗျဂ္ဂ

အောင်မြတ်သာနှင့်အမောင်ဗျဂ္ဂ
++++++++++++++++++++++

“ ဟဲ့ ဟိုမှာ သာထွန်းအောင် လာနေပြီ”

တက္ကသိုလ်ကျောင်းဝင်းထဲ မည်သူ့ကိုမှ ထီမထင်နဲ့ဟန်နဲ့ဝင်လာတဲ့သူကြောင့် မိန်းကလေးအတော်များများ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ်။

“သူက ဘာမို့လို့ နင်တို့က ဘာလို့ဒီလောက်အငမ်းမရဖြစ်နေရတာလဲ”

“ မိုးပွင့်က အခုမှ ကျောင်းပြောင်းလာတာဆိုတော့ ဘယ်သိပါ့မလဲ၊ သူက တစ်ကျောင်းလုံးရဲ့ စံပြဟဲ့၊ နောက်ပြီးကျန်သေးတယ် သူ့မိဘတွေက တစ်မြို့လုံးမှာ အချမ်းသာဆုံးစာရင်းဝင်တဲ့”

“ သူ့မိဘချမ်းသာတာ သူချမ်းသာတာမှမဟုတ်ပဲ၊ နောက်ပြီး အဲလိုဘဝင်မြောက်နေတဲ့သူကို တစ်စက်မှ ကြည့်မရဘူး”

“ ငါတို့ကလဲ ကြည့်ပါလို့မပြောပါဘူးအေ၊ နင်မကြည့်ရင် ငါတို့ကြည့်မယ် ဟိဟိ”

မူယာက မိုးပွင့်ကို လျှာထုတ်ကာပြောင်ပြလိုက်ပြီး သာထွန်းအောင်ကို မျက်စိတစ်ဆုံး ငေးကြည့်နေခဲ့တယ်။

ဒါကတော့ သာထွန်းအောင်ရဲ့ ဂုဏ်သတင်းပဲဖြစ်တယ်။ သာထွန်းအောင်ဆိုတဲ့နာမည်က ကျောင်းဝင်းအတွင်းမှာပဲ ကျော်ကြားတာမဟုတ်ပဲ ကျောင်းပြင်ပမှာလဲ ကျော်ကြားခဲ့တယ်။

မိဘတွေက ဆန်စက်၊ ဆီစက်တွေပိုင်တဲ့အပြင် ခရီးသွားလာရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေပါ ပိုင်ဆိုင်ထားတဲ့အတွက် သာထွန်းအောင်ရဲ့ ဘဝက အမိဝမ်းထဲက ထွက်လာထဲက လိုလေသေးမရှိအောင် ပြည့်စုံခဲ့တယ်။

မိဘတွေက အသက်လေးဆယ်ကျော်မှ ကလေးရတဲ့ အတွက် သားဦးလေးကို ငုံထားမတတ်အချစ်ပိုခဲ့ကြပြီး လက်ညိုးညွှန်ရာ ဖြစ်တဲ့ထိ အလိုလိုက်ခဲ့ကြတယ်။

သာထွန်းအောင်ကလဲ မိဘတွေရဲ့ ဂုဏ်ရှိန်ကြောင့်မဟုတ်ပဲ သူကိုယ်တိုင်လဲ အစွမ်းအစရှိကြောင်းကို ထုတ်ပြခဲ့သူ။ ဆယ်တန်းစာမေးပွဲကို တစ်မြို့လုံးမှာ ပထမအဆင့်နဲ့အောင်မြင်ခဲ့ပြီး အခုအခါမှာတော့ အင်္ဂလိပ်စာအထူးပြုနဲ့ တက္ကသိုလ်တက်ရောက်နေသူတစ်ဦးလဲဖြစ်တယ်။

သာထွန်းအောင်ဘဝက အစစအရာရာ လိုလေသေး မရှိ‌ပေမယ့် သူ့ဘဝမှာ သူငယ်ချင်းဆိုတဲ့အရာတော့ မရှိခဲ့ပေ။ သူကိုယ်တိုင်ကလဲ အတန်းဖော်တွေကို မေးပြောခေါ်ထူးလောက်သာ ဆက်ဆံပြီး မျက်နှာထားကအမြဲတည်နေတာကြောင့် သာထွန်းအောင်နဲ့ သူငယ်ချင်းဖြစ်ဖို့ကြိုးစားတဲ့ သူတွေတိုင်း အချိန်တစ်ခုအတွင်းမှာတင် လက်လျော့သွားခဲ့ကြတယ်။

အခုလဲ အတန်းချိန်ပြီးလို့ အိမ်ကလာကြိုတဲ့ ကားကို စောင့်နေတဲ့အချိန် နှာခေါင်းထဲကို ချဉ်စုတ်စုတ်အနံ့တစ်ခုဝင်လာခဲ့တယ်။

“ ထွီ… နံဟောင်နေတာပဲ ဘယ်ကအနံ့ပါလိမ့်”

သာထွန်းအောင်က နှာခေါင်းကိုရှုံ့လိုက်ပြီး ဘေးကိုကြည့်လိုက်တဲ့အချိန် ကားလမ်းမဘေးမှာ လုံချည်စုတ်ကိုခြုံကာ အိပ်ပျော်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ အနံ့က ဒီလူဆီကလာတာပဲဖြစ်ရမယ်၊ ဒီနေ့မှ ကားမောင်သမားက ဘာလို့နောက်ကျနေပါလိမ့်၊ အိမ်ရောက်မှ အလုပ်ထုတ်ဖို့ပြောပြရမယ်”

သာထွန်းအောင်က ညစ်ပတ်နံစော်နေတဲ့လူနဲ့ ခပ်ဝေးဝေးကိုသွားပြီးရပ်နေတဲ့အချိန်မှာပဲ သူ့အနားကို ကားတစ်စီးထိုးကပ်လာခဲ့တယ်။

“ တောင်းပန်ပါတယ် ဆရာလေးရယ်၊ လာတဲ့လမ်းမှာ ကားဘီးပေါက်သွားလို့ နောက်ကျသွားတာပါ”

“ ဦးမော်ကြီးတို့က ပြောလိုက်ရင် ဆင်ခြေဆင်လက်ကြီးပဲ၊ ကဲဗျာ မြန်မြန်မောင်း”

သာထွန်းအောင်က ကားနောက်ခန်းထဲ ဝင်ထိုင်ပြီး လမ်းဘေးကို ကြည့်လိုက်တဲ့အချိန် လုံခြည်ခြုံကာ အိပ်ပျော်နေတဲ့သူက ငုတ်တုတ်ထထိုင်ပြီး သူ့ကို ရယ်ပြနေတာမြင်လိုက်ရတယ်။

“ ဦးမော်ကြီး… ခင်ဗျား ဒီထက်နည်းနည်းလေးပိုနောက်ကျရင် ‌အလုပ်ထုတ်ဖို့ အမေကိုပြောမိမှာဗျ”

“ မလုပ်ပါနဲ့ဆရာလေးရယ်၊ ကျွန်တော်အလုပ်မရှိရင် အိမ်ကမိသားစုတွေဒုက္ခရောက်ကုန်ပါလိမ့်မယ်၊ ဒီနေ့ကလဲ ကားဘီးပေါက်သွားလို့ပါ၊ နောက်ရက်တွေမဖြစ်အောင် သတိထားပါ့မယ်”

“ ကဲပါ ဒီတစ်ခါတော့ ထားလိုက်တော့၊ အမေတို့ အိမ်ပြန်ရောက်နေပြီလား”

“ မရောက်သေးဘူး ဆရာလေး၊ ဓါတ်တော်မြူးစေတီမှာ ဒီနေ့ ပဌာန်းပွဲရှိလို့ ဆရာလေးကိုလဲ အဲဒီကိုခေါ်ခဲ့ဖို့မှာလိုက်တယ်”

“ ဒါဖြင့် ဓါတ်တော်မြူးစေတီဘက်ကို မောင်းဗျာ”

“ ဟုတ်ကဲ့ဆရာလေး”

ဦးမော်ကြီးက ကားကိုပြန်ကွေ့လိုက်ပြီး ဓါတ်တော်မြူးစေတီဘက်ကို မောင်းထွက်သွားခဲ့တယ်။ စေတီကိုရောက်လို့ ကားပေါ်ကဆင်းဖို့အလုပ် လှေကားစောင်းတန်းမှာ လုံခြည်ခြုံပြီးကွေးနေတဲ့ လူတစ်ယောက်ကို ထပ်မြင်လိုက်ရတယ်။

“ ဘာလဲဟ ငါပဲ မျက်စိမှားတာလား၊ ကျောင်းရှေ့က လမ်းဘေးမှာအိပ်နေတဲ့သူက ဘာလိုကြောင့် ဒီကိုရောက်နေရတာလဲ”

သာထွန်းလူက မျက်စိကိုလက်နဲ့ပွတ်ပြီး ကြည့်နေတဲ့အချိန် အိပ်နေတဲ့လူက လူးလဲထလာကာ သူ့ကိုစူးစိုက်ကြည့်နေတာမြင် လိုက်ရတယ်။

“ လောကမှာ လူတူမရှား နာမည်တူမရှားရှိသေးတာပဲ၊ ငါအထင်မှားတာနေမှာပါ” လို့တွေးပြီး စောင်းတန်းဘေးမှာရှိတဲ့ ဘူးသီးကြော်ဆိုင်ဘက်ကို လျောက်လာခဲ့လိုက်တယ်။

“ ဟေ့ကောင်လေး…”

စောင်းတန်းကနေ ထွက်လာတဲ့အသံကြောင့် သာထွန်းလူ ခေါင်းကိုစောင်းပြီးကြည့်လိုက်ရာ ဆံပင်ဘုတ်သိုက်နဲ့ထိုင်နေတဲ့လူက သူ့ကို လက်ယပ်ခေါ်နေတာမြင်လိုက်ရတယ်။

“ ဒီကောင်လေး ငါခေါ်နေတာကိုမလာပါလား”

သာထွန်းအောင်က သူ့ကိုခေါ်နေတာသိပေမယ့် ဘာမှဆက်မပြောပဲ ပဌာန်းပွဲရှိရာဘက်ကို ထွက်သွားခဲ့လိုက်တယ်။

ဓါတ်တော်မြူးစေတီမှာ တပို့တွဲလဆိုရင် နှစ်စဉ်နှစ်တိုင်းပဌာန်းရွတ်ဖတ်ပွဲပြုလုပ်လေ့ရှိပြီး သာထွန်းအောင်ရဲ့ မိဘတွေက ပဌာန်းပွဲအတွက် လိုအပ်တဲ့အရာမှန်သမျှ ဖြည့်ဆည်းပေးခဲ့ကြတယ်။

သာထွန်းအောင်ကတော့ အခြားအလှူတွေဆိုရင် လိုက်လေ့လိုက်ထမရှိပေမယ့် ဓါတ်တော်မြူးစေတီအတွက်ဆိုရင် မဖြစ်မနေကို လိုက်သွားခဲ့ရတယ်။

ဘာကြောင့်လဲဆိုတော့ သားသမီး မထွန်းကားတဲ့ မိဘနှစ်ပါးက ဓါတ်တော်မြူးစေတီမှာ အဓိဌာန်ဝင်ပြီးဆုတောင်းမှ သာထွန်းအောင်ကို ရရှိခဲ့တာကြောင့်ပဲဖြစ်တယ်။

“ ဟော.. သားလေးတောင်ရောက်လာပြီ”

ဂေါပက ရုံးခန်းထဲကနေ ထွက်လာပြီး လာကြိုတဲ့ မိခင်ဖြစ်သူကို သာထွန်းအောင် ပြုံးပြလိုက်ပြီး

“ စောင့်နေတာကြာပြီလားအမေ”

“ နည်းနည်းတော့ကြာပြီ…လာလာ သားလေး နာမည်နဲ့ အမေတို့ ပဌာန်းအလှူလုပ်ထားပေးတယ်”

ဒေါ်စိန်မှုံက သာထွန်းအောင်ကို ဂေါပကလူကြီးတွေနဲ့မိတ်ဆက်ပေးပြီး ပဌာန်းအလှူငွေကို ပေးအပ်ခိုင်းခဲ့တယ်။

အလှူငွေပေးအပ်ပြီးချိန် ဖခင်ဖြစ်သူက ဂေါပကလူကြီးတွေနဲ့ စကားစမြည်ပြောနေတာကြောင့် သာထွန်းအောင် တစ်ယောက် ပျင်းပျင်းရှိတာနဲ့ စေတီကိုတစ်ပတ်လှည့်ပြီး ကြည့်နေတဲ့အချိန် လှေကားစောင်းတန်းကနေ တက်လာတဲ့ သူတောင်းစားလိုလို အရူးလိုလို လူကို မြင်လိုက်ရတယ်။

“ ဟေ့ သူဌေးသားလေး … ခုနက ငါခေါ်တာ ဘာလို့ လှည့်မကြည့်တာလဲ”

လက်ကိုဝှေ့ယမ်းကာ သူ့ဆီလာနေတဲ့ လူကြောင့် သာထွန်းအောင် စုတ်တစ်ချက်သပ်လိုက်ပြီး မျက်နှာလွှဲဖို့အလုပ်

“ ငါကစကားပြောနေတာ မင်းကဘာလို့ ဂရုမစိုက်တာလဲ၊ လူကြီးသူမတွေကို ရိုသေရမယ်လို့ မင်းမိဘတွေမသင်ထားပေးဘူးလား”

မိဘဆိုတဲ့စကားကြောင့် သာထွန်းအောင် အနောက်ကိုပြန်လှည့်လိုက်ပြီး

“ ခင်ဗျား ပိုက်ဆံအလှူခံမလို့ ကျုပ်နောက်လိုက်နေတာလား”

“ ဟားဟားဟား အဟက်အဟက်…. ပိုက်ဆံက ဘာလုပ်လို့ရလဲ၊ ငါ့အတွက်တော့ ပိုက်ဆံဆိုတာ ငှက်ပျောသီးတစ်လုံးလောက်တောင် တန်ဖိုးမရှိဘူး”

“ လူကကြည့်တော့ စုတ်ပြတ်နေတာပဲ၊ စကားက မိုးပေါ်မှာ၊ ရော့ ရော့ ဒီမှာ လိုတာသုံး”

သာထွန်းအောင်က အိပ်ကပ်ထဲပါလာတဲ့ ငွေအချို့ကို စုတ်တီးစုတ်ပြတ်ဝတ်ထားတဲ့ လူရှေ့မှာ ချပေးပြီး ရှေ့ကိုထွက်သွားခဲ့တယ်။

“ သားလေး ဘယ်တွေလျောက်သွားနေတာလဲ”

“ ဟိုဟိုဒီဒီလိုက်ကြည့်နေတာပါ၊ ဒါနဲ့ ရင်ပြင်ပေါ်မှာ သူတောင်းစားတွေ ပိုက်ဆံတောင်းတာကို ခွင့်ပြုထားတာလား”

“ အဲလိုမရှိပါဘူး… ဘယ်က သူတောင်းစားကို တွေ့လို့လဲ”

“ ဟိုမှာလေ…ဟင် ဘယ်ရောက်သွားပါလိမ့်”

“ ဘယ်သူမှမရှိပါဘူးသားရယ်၊ စေတီမှာ သန့်ရှင်းရေးလုပ်တဲ့သူတွေကို တွေ့တာနေမယ်”

မိခင်ဖြစ်သူစကားကြောင့် သာထွန်းလူ ဘာမှဆက်မပြောတော့ပဲ စောင်းတန်းကနေ ဆင်းလာခဲ့လိုက်တယ်။
++++++

“ အသန်း… နင်သွားမောင်းထုတ်လိုက်ပါ‌လားအေ”

“ ငါပြောပီးပီ အဲဒီလူက ဘယ်လိုပြောပြော မသွားတာ”

“ ပိုက်ဆံနည်းနည်းပေးပြီး သွားခိုင်းလိုက်ပါလား”

“ငါလဲ ပေးပါတယ်၊ အဲဒီလူက နည်းလို့မယူဘူးတဲ့”

အိမ်ကအလုပ်သမားတွေ ကြွက်စိကြွက်စိဖြစ်နေတာကြောင့် သာထွန်းလူ အိမ်ပေါ်ထပ်ကနေ ဆင်းလာပြီး

“ ဘာတွေဖြစ်နေကြတာလဲ”

“ အကိုလေး… ဟိုလေ…”

“ ပြောမှာသာပြောစမ်းပါ… ဘာဖြစ်တာလဲ”

“ အိမ်ရှေ့မှာ အဝတ်စုတ်တစ်ထုပ်ကို ထမ်းထားတဲ့ လူတစ်ယောက်ရောက်နေတယ်၊ ဘယ်လိုပြောပြော အိမ်ရှေ့ကနေမသွားဘူး၊ အခုလဲ တံခါးအပြင်မှာ အိပ်နေတယ်”

အိမ်အကူအလုပ်သမားတွေရဲ့စကားကြောင့် သာထွန်းလူ မျက်လုံးပြူးသွားပြီး ပြူတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရာ စေတီပေါ်မှာတွေ့ခဲ့တဲ့သူ ဖြစ်နေတာ မြင်လိုက်ရတယ်။

“ ဒီလူ ငါ့အိမ် ဘယ်လိုသိတာလဲ၊ မနေ့က အိမ်ပြန်တော့ နောက်ယောင်ခံလိုက်ခဲ့တာလား၊ ဒါလဲမဖြစ်နိုင်ပါဘူး ငါတို့က ကားနဲ့ပြန်တာပဲ သူဘယ်လိုမှ လိုက်မရပါဘူး”

သာထွန်းလူ အတွေးပေါင်းများစွာနဲ့ စဉ်းစားရင်း အိမ်တံခါးမကြီးကို ဖွင့်ကာ ခြံထဲဆင်းသွားခဲ့လိုက်တယ်။

“ ဟေ့လူ… ဒါခင်ဗျားပိုင်တဲ့နေရာမဟုတ်ဘူး၊ အခုချက်ချင်းထစမ်း”

“ ဟော ဟော မောင်မင်းကြီးသား ရောက်လာပါရောလား၊ ဒီနေ့ ကျောင်းမသွားဘူးလား”

“ အပိုတွေပြောမနေနဲ့၊ ခင်ဗျား ကျုပ်နောက်ကို လိုက်နေတာ ဘာအတွက်ကြောင့်လဲ”

“ ဘာအတွက်ကြောင့်လဲဆိုတော့ကာ…. အိမ်း… မင်းကိုသတိပေးစရာရှိလို့ကွယ့်’

“ ခင်ဗျားက ကျုပ်ကို သတိပေးရအောင် ကျုပ်ကဘာလုပ်နေလို့လဲ၊ အပနား ဒီလူကို မောင်းထုတ်လိုက်စမ်း၊ နောက်တစ်ခါ ခြံရှေ့မှာ ဒီလူကိုမြင်ရင် မင်းကို အလုပ်ထုတ်ပစ်မယ်”

သာထွန်းအောင်က ခြံအလုပ်သမားကို ဆူလိုက်ပြီး အိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်။

“ ဟရေး…. အပနားကို အလုပ်ပြတ်အောင် မလုပ်ပါနဲ့‌ဗျာ၊ အပနားမှာလေ ကလေးက ငါးယောက်တောင်ရှိတယ်၊ အပနား အလုပ်မရှိရင် သူတို့ထမင်းငတ်မှာ၊ ‌ထိုင်ကန်တော့ဆို ကန်တော့ပါမယ် ခြံရှေ့ကနေတော့ ထွက်သွားပေးပါ‌ဗျာ”

“ ဟေ့ အပနား… ငါက မင်းကိုအလုပ်ပြုတ်အောင် မလုပ်ပါဘူးကွ၊ ဒီမှာ မင်းကလေးတွေကို ခေါက်ဆွဲကြော်‌ဝယ်ကျွေးလိုက်”

အဝတ်ထုတ်ကိုထမ်းထားတဲ့လူက အပနားလက်ထဲကို ငွေအချို့ထည့်ပေးပြီး အိမ်ရှေ့ကနေ ထွက်သွားခဲ့လိုက်တယ်။

ဒီမြင်ကွင်းကို မသိမသာလေး ချောင်းကြည့်နေတဲ့ သာထွန်းအောင်က အပနားနေတဲ့ ခြံစောင့်တဲရှေ့ကို ထွက်လာပြီး

“ အပနား… ခုနကလူ ဘာပေးသွားတာလဲ”

“ အကိုလေး… ခုနက သူတောင်းစားကလေ အပနားကို ပိုက်ဆံတွေပေးသွားတယ်”

“ ဟေ… ဒီလူက ဘယ်လိုပါလိမ့်”

“ ဒီမှာကြည့် အကိုလေး”

အပနားက သူ့လက်ထဲမှာ ကိုင်ထားတဲ့ ငွေစက္ကူအချို့ကို ပြလိုက်တယ်။

“ ပေးတော့လဲ ယူထားလိုက်ပေါ့”

“ အကိုလေး… အပနားကို ဘာခိုင်းစရာရှိသေးလဲ”

“ ဘာမှ မခိုင်းသေးဘူး… ညနေကျမှ အိမ်နောက် မြက်တွေရှင်းထားဦး”

“ ဟုတ်ကဲ့ အကိုလေး… အပနား လုပ်ထားလိုက်ပါမယ်”

သာထွန်းအောင်လဲ အပနားကို အလုပ်တွေခိုင်းပြီး အိမ်ထဲကိုပြန်ဝင်လာတဲ့အချိန် ပါးပြင်တစ်နေရာကနေ စူးခနဲဖြစ်သွားတာကို သတိထားမိခဲ့တယ်။

စိတ်ထဲမှာတော့ ခြင်ကိုက်တာလို့ထင်ပြီး အမှုမဲ့အမှတ်မဲ့နေနေခဲ့ရာ ညနေလောက်ရောက်တော့ အပူဖုလို အလုံးတစ်လုံး စတင်ထွက်လာတာကိုသတိထားမိခဲ့တယ်။ ဒီလိုနဲ့ အပူဖုတစ်လုံးကနေ တစ်ဖြေးဖြေးများလာခဲ့တာ မျက်နှာပြင်တစ်ခုလုံး ရေကျောက်ပေါက်သလို အနီရောင်အဖုတွေ အပြည့်ဖြစ်သွားခဲ့တယ်။

မိဘတွေကလဲ ကောင်းပေ့ဆိုတဲ့ ဆရာဝန်တွေနဲ့ပြပေမယ့် အနာဖုတွေက သက်သာလာခြင်းမရှိပဲ တစ်နေ့တစ်ခြား ပွားပွားလာကာ နောက်ဆုံးမှာတော့ ခန္ဓာကိုယ်တစ်ခုလုံး အပ်ချစရာနေရာပင်မရှိလောက်အောင် ထူလဗျစ်ကြီးဖြစ်လာခဲ့တယ်။

ဒီအဖြစ်ကြောင့် သာထွန်းအောင်လဲ အခန်းအောင်းပြီးနေလာခဲ့ရာ သင်္ကြန်အကြိုနေ့ညမှာတော့ အိမ်မက်ထဲကို စုတ်ပြတ်သတ်နေတဲ့ အဝတ်အစားဝတ်ထားတဲ့ လူကြီးရောက်လာခဲ့တယ်။

အဆိုပါလူကြီးက သာထွန်းအောင်ကို ကြည့်ကာ ဝမ်းသာအားရ ရယ်နေရင်း

“ ဘယ်နှယ့်လဲ သူဌေးသားရဲ့… အခုတော့ အနူရောဂါသည်လိုဖြစ်နေပါလား” လို့ပြောလိုက်တာကြောင့် စိတ်ထဲထောင်းခနဲဖြစ်သွားပြီး ခွန်းတုန့်ပြန်ဖို့ ပါးစပ်ဟလိုက်ရာ လျာကအရင်းကနေပြတ်ကျသွားတာမြင်လိုက်ရတယ်။

“ အဟီးအဟီးဟက်ဟက် မင်းက နူနာရောဂါသည်ဖြစ်နေတဲ့အပြင် လျာပါပြတ်နေပြီဟေ့”

သာထွန်းအောင်လဲ သူ့အဖြစ်ကိုကြည့်ရင်း အတော်ထိတ်လန့်သွားပြီး ရှေ့မှာရပ်နေတဲ့ လူကြီးကိုလဲ ကြောက်လန့်သွားခဲ့တယ်။

“ မင်း ဒီရောဂါကိုမပျောက်ချင်ဘူးလား”

သာထွန်းအောင် ခေါင်းကိုညိမ့်ပြလိုက်တယ်။

“ မင်းရောဂါက ဒီကမ္ဘာမှာ ငါတစ်ယောက်ပဲ ကုလို့ရမှာဆိုတော့ မနက်ဖြန် ညနေ ဓါတ်တော်မြူး စေတီကို ထွက်လာခဲ့၊ မင်းတစ်ယောက်ထဲ လာရမှာနော်၊ အဖော်ခေါ်လာလို့ကတော့ အနူသည်ဘဝနဲ့ တစ်သက်လုံးနေရမယ်၊ ဒါကို အိမ်မက်လို့မင်းထင်နေမှာစိုးလို့ ငါ့လုံချည်စ ထားခဲ့ပေမယ်”

အရူးလိုလို သူတောင်းစားလိုလို လူကြီးက လက်ညိုးငေါက်ငေါက်ထိုးကာပြောရင်း လုံချည်စကိုဖြဲကာ ကုတင်ဘေးမှာ ပစ်ချလိုက်တယ်ဆိုရင်ပဲ အိမ်မက်ကနေ လန့်နိုးလာခဲ့တယ်။

“ ငါအိမ်မက် မက်နေတာပဲ… အား ကျွတ် ကျွတ်”

ပါးပြင်ပေါ်မှာ အနာရည်တစို့စို့ထွက်နေတဲ့ အဖုတွေကြောင့် စုတ်တသတ်သတ်ရေရွတ်ရင်း ဘေးကိုကြည့်လိုက်ရာ ဟောင်းနွမ်းနေတဲ့ လုံချည်စတစ်ခုကိုမြင်တွေ့လိုက်ရတယ်။

“ ငါ ငါ အိမ်မက်မက်နေတာ မဟုတ်ဘူး၊ ဟိုလူကြီး တ တကယ် လာသွားတာပဲ”

သာထွန်းအောင်က လုံချည်စုတ်ကို တုန်ရီစွာကိုင်လိုက်ပြီး ပြူတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရာ အထုပ်တစ်ထုပ်ကို ထမ်းပြီး လမ်းလျောက်နေတဲ့ လူရိပ်တစ်ခုကို လရောင်အောက်မှာ မြင်တွေ့လိုက်ရတယ်။
++++++

“ အခြေအနေ ဘယ်လိုရှိလဲ ဆရာ”

စိုးရိမ်စိတ်ကြောင့် တုန်ရီနေတဲ့အသံကို ထိန်းပြီးမေးလိုက်တဲ့ ဒေါ်စိန်မှုံစကားကြောင့် ဦးဘသာ ခေါင်းကိုခါယမ်းလိုက်ပြီး

“ ဒီလို အရေပြားရောဂါမျိုးက တစ်ပတ်လောက်ဆို သက်သာကြပြီ၊ အခုက မသက်သာပဲ ပိုပြီးဆိုးလာသလိုပဲ”

“ အခြားနည်းလမ်းမရှိတော့ဘူးလားဆရာ”

“ ကျွန်တော်ဆေးတော့ပေးထားပါတယ်၊ နောက်ထပ် သုံးရက်လောက် စောင့်ကြည့်ပါဦး”

“ ဟုတ်ကဲ့ပါဆရာ… မိသန်းရေ ဆရာ့ကိုလိုက်ပို့ပေးလိုက်ပါဦး”

ဆရာဝန်ထွက်သွားတော့ သာထွန်းအောင်က ငုတ်တုတ်ထထိုင်လိုက်ပြီး

“ ဒီဆရာဝန်တွေက ပိုက်ဆံကိုအလကား လာယူနေတာ၊ သူတို့ပေးတဲ့ဆေးတွေက ထိရောက်မှုမရှိတာဗျာ”

“ အဲလိုမပြောရဘူးလေ… သားလေးက မကြာခင် သက်သာသွားမှာပါ”

“ ဒါနဲ့ အမေတို့ ပွဲရုံမသွားဘူးလား”

“ သားလေးတစ်ယောက်ထဲ အဆင်ပြေပါ့မလား”

“ ရပါတယ်… သားလဲ အပြင်မထွက်ဖြစ်တော့
ဦးမော်ကြီးကိုလဲ ပေးနားလိုက်ပါ”

“ အင်းအင်း… အမေ သူ့ကိုပြောလိုက်မယ်၊ မိငယ် နင့်မောင်လေးကို ဂရုစိုက်လိုက်ဦးနော်”

“ ဟုတ်ကဲ့ပါအန်တီ”

“ သားလေး အမေတို့ ပွဲရုံခဏသွားလိုက်ဦးမယ်နော်၊ ညနေကျရင်စောစောပြန်လာခဲ့မယ်”

‌ဒေါ်စိန်မှုံစကားကိုသာထွန်းအောင်က ခေါင်းညိမ့်ပြလိုက်ပြီး ဘေးစောင်းအနေအထားနဲ့ လှဲနေခဲ့လိုက်တယ်။ ခဏနေတော့ အိမ်အောက်ကနေ ထွက်သွားတဲ့ ကားသံကြောင့် သာထွန်းအောင် အိပ်နေရာကနေ လူးလဲထလိုက်ပြီး

“ မငယ်… ကျွန်တော်အပြင်ခဏသွားဦးမယ်”

“ ဟောတော် နေမကောင်းဖြစ်နေတာကို ဘယ်သွားဦးမလို့လဲ”

“ အိမ်မှာပဲနေရတာ စိတ်မွန်းကြပ်တယ်ဗျာ၊ ဟိုနားဒီနား ကားလိုက်မောင်းမလို့၊ အမေတို့ကို ဒီအကြောင်းမပြောနဲ့ဦးနော်”

“ အရမ်းလဲအဝေးကြီး မသွားနဲ့ဦးနော်၊ အန်တီတို့ပြန်လာလို့ မင်းကိုမတွေ့ရင် မငယ် ဆူခံထိနေပါဦးမယ်”

“ ခဏနေပြန်လာမှာပါဗျ”

သာထွန်းအောင်က နံရံမှာချိတ်ထားတဲ့ ကားသော့ကိုဖြုတ်ယူလိုက်ပြီး ခေါင်းစွပ်ပါတဲ့ အနွေးထည်ကိုဝတ်ကာ ထွက်လာခဲ့လိုက်တယ်။
+++++

ဓါတ်တော်မြူးစေတီကနေ ထွက်ပေါ်လာတဲ့ ပဌာန်းရွတ်ဖတ်သံက အရပ်လေးမျက်နှာကို ပျံ့နှံ့နေခဲ့သလိုစေတီအောက်ခြေမှာရှိတဲ့ ညောင်ပင်ကနေလဲ ရွက်ခြောက်တွေ တဝဲဝဲ လွင့်ကြွေနေခဲ့တယ်။

သာထွန်းအောင်က စေတီအောက်ခြေကိုရောက်တော့ စီးလာတဲ့ကားကို ညောင်ပင်အောက်ခြေမှာထိုးလိုက်ပြီး မျက်နှာကို လက်ကိုင်ပဝါနဲ့အုပ်ကာ စေတီပေါ်ကို တက်လာခဲ့လိုက်တယ်။

“ ဟေ့ကောင်လေး… မင်းတစ်ယောက်ထဲလား”

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် ကြည့်လိုက်ရာ စောင်းတန်းဘေးကခုံမှာ လှဲအိပ်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဟေ့လူ… ကျုပ်အခုလိုဖြစ်အောင် ခင်ဗျားလုပ်ထားတာမဟုတ်လား”

သာထွန်းအောင်က အိပ်နေတဲ့လူရှေ့မှာ ရပ်လိုက်ပြီး ဒေါသတစ်ကြီးမေးလိုက်ရာ

“ ငါလုပ်တယ်ဆိုတဲ့သက်သေဘယ်မှာလဲ…ပြလေ”

“ သက်သေမရှိလို့ပေါ့ဗျ… ဒါနဲ့ ညက ကျုပ်ခင်ဗျားကို အိမ်မက်မက်တယ်၊ ဒီလုံချည်စုတ်က ခင်ဗျားအခုဝတ်ထားတာနဲ့ တစ်ထပ်ထဲပဲ”

“ အေးလေ… မင်းရောဂါကို ငါက ကုပေးမလို့ စိတ်ချင်းဆက်သွယ်ပြီးရောက်လာတာ”

“ ဒါဖြင့်အခုကုပေးဗျာ”

“ အောင်မာ… လေသံကမာလှချည်လား၊ ရိုရိုသေသေ ပြန်ပြောစမ်း”

“ ခင်ဗျား ပိုက်ဆံဘယ်လောက်လိုချင်လဲ၊ ကျုပ်ပေးမယ်၊ ဒီရောဂါကိုသာပျောက်အောင်ကုပေးပါ”

“ ပိုက်ဆံဟုတ်လား… ငါက ဘာပစ္စည်းကိုမှ မမက်မောလို့ အခုလိုနေနေတာ၊ တော်ပြီကွာ မင်းဘာသာ အနူဘဝနဲ့နေတော့ ငါလဲ သွားတော့မယ်”

အထုပ်ကိုဆွဲပြီး ထထွက်ဖို့လုပ်နေတဲ့ လူကြီးကြောင့် သာထွန်းအောင်မနေသာတော့ပဲ

“ ကျွန်တော် စကားမှားသွားလို့ တောင်းပန်ပါတယ်ဗျာ၊ ကျုပ်ရောဂါကို ပျောက်အောင်ကုပေးပါလို့ တောင်းဆိုပါတယ်”

“ ဟက်ဟက် ဒီလိုမှပေါ့ကွ…. မင်းလက်ပြစမ်း”

အဆိုပါလူကြီးက သာထွန်းအောင်လက်ကိုဆွဲယူကာ ကြည့်လိုက်ပြီးကာမှ

“ ဒီလောက်ကတော့ ဆေးသုံးခွက်မကုန်ဘူး၊ သေချာပေါက်ကိုပျောက်မှာ၊ ဒါပေမယ့် မင်းနဲ့ငါ အပေးအယူတော့လုပ်ရလိမ့်မယ်”

“ ဘယ်လိုအပေးအယူလဲ”

“ မင်းရောဂါပျောက်ချင်ရင် တစ်လတိတိ သက်သက်လွတ်စားရမယ်”

“ မစားနိုင်ပါဘူး… ကျုပ်က အသားဟင်းမပါရင် ထမင်းမစားတတ်ဘူး”

“ ဒါဖြင့် ငါလဲ မကုပေးနိုင်ဘူး”

“ ခင်ဗျားက အကြပ်ကိုင်တာပဲ၊ ဟုတ်ပီဗျာ ကျုပ်စားမယ်၊

“ မင်းစကားကို ငါဘယ်လိုယုံရမလဲ”

“ ကျုပ်စကားမတည်ရင် ဒီထက်ပိုဆိုးတဲ့ ရောဂါဖြစ်စေဗျာ”

“ မင်းကတိ မင်းတည်နော်… ရော့”

ဆံပင်ဘုတ်သိုက်နဲ့လူကြီးက လွယ်အိတ်ထဲကနေ မန်ကျီးစေ့အရွယ်ခန့်ရှိတဲ့ ဆေးတစ်လုံးကိုထုတ်ပေးလိုက်ရာ သာထွန်းက ချက်ချင်းဝါးစားလိုက်တယ်။

“ အခုမှဆေးသောက်ပြီးတာဆိုတော့ ဆယ်မိနစ်လောက်ဆို သိသာလာလိမ့်မယ်၊ ဆယ်မိနစ်အတွင်း မင်းကိုပြစရာရှိတယ် လိုက်ခဲ့”

“ ဒါနဲ့ ခင်ဗျားနာမည်က ဘယ်လိုခေါ်လဲ”

“ ငါ့နာမည်လား… နာမည်ဆိုတာ ပညတ်ချက်တစ်ခုပါပဲကွာ၊ ဒီတော့ မင်းကြိုက်သလိုခေါ်”

“ ဒါဖြင့် ဦးမောင်ရူးလို့ခေါ်မယ်”

“ လူတိုင်းက တစ်မျိုးစီရူးနေကြတာဆိုတော့ မင်းနာမည်ပေးတာမဆိုးပါဘူး၊ ဒီစေတီကို မင်းမကြာမကြာရောက်ဖြစ်တာလား”

“ ငယ်ငယ်တုန်းကတော့ တစ်ပတ်တစ်ခါလောက်ရောက်ဖြစ်တယ်၊ နောက်ပိုင်းတော့ အရေးကိစ္စရှိမှပဲ ရောက်တော့တယ်”

“ ဘာမှမဖြစ်ပါဘူး… မင်းမိဘတွေက ဒီကို မကြာမကြာလာတာမြင်လို့မေးကြည့်တာ”

“ ဦးမောင်ရူး… ကျုပ်လက်က အနာတွေ သိသိသာသာကြီး ချပ်သွားသလိုပဲ”

“ ဟဲဟဲ ငါ့ရဲ့ဆေးက စွမ်းတာကိုးကွ၊ နောက်ထပ် နှစ်လုံးသောက်ပြီးရင် မင်းရောဂါအရှင်းပျောက်လိမ့်မယ်”

“ ဦးမောင်ရူး… ဒီအထုပ်ထဲဘာတွေရှိလို့ အမြဲတမ်း သယ်သွားသယ်လာလုပ်နေတာလဲ”

“ မင်းသိလို့မရတဲ့ပစ္စည်းတွေရှိတယ်ကွ၊ လာလာ ငါမင်းကိုပြမယ့်နေရာရောက်ပြီ”

ဦးမောင်ရူးက စေတီအနောက်ဘက် ကုက္ကားဘေးကိုခေါ်သွားပြီး သာထွန်းအောင်ရဲ့မျက်နှာကို သူ့ရဲ့လက်နဲ့ ပွတ်ချလိုက်တယ်။

“ ဟေ့လူ ဘာလုပ်တာလဲဗျ”

“ မင်းကိုပြစရာရှိလို့ပါကွ… ဟိုမှာကြည့်စမ်း”

သာထွန်းအောင်လဲ ဦးမောင်ရူး လက်ညိုးထိုးပြတဲ့ နေရာကိုကြည့်လိုက်ရာ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ မြင်းဖြူတစ်ကောင်ကိုမြင်လိုက်ရတယ်။

“ မြင်းဖြူတစ်ကောင်ပါလား… ဘယ်ကနေ စေတီပေါ်ကိုရောက်လာတာလဲ”

“ သူက ဒီစေတီမှာ မင်းမွေးတဲ့အချိန်ထဲက ရှိနေတာပဲ၊ ရှင်းရှင်းပြောရရင် မင်းကိုစောင့်နေတာပေါ့ကွာ”

“ မဖြစ်နိုင်တာဗျာ… ကျုပ်က ဘာမို့လို့ သူကစောင့်နေတာလဲ”

“ မင်းက ဘာဆိုတာ နောက်သိလာမှာပေါ့၊ ဟေး… တိုင်းလုံးကျော်… မင်းသခင်ကိုမြင်ရပြီဆိုတော့ နောက်တစ်ခါ ထပ်ပြီးမသောင်းကျန်းနဲ့”

ဦးမောင်ရူးက မြင်းဖြူကြီးကို လက်ညိုးထိုးကာပြောလိုက်တယ်ဆိုရင်ပဲ အရမ်းကိုလှပတဲ့မြင်းဖြူကြီးက ပဒပ်ရပ် ရပ်လိုက်ပြီး ကျယ်လောင်စွာဟီလိုက်ပါတော့တယ်။

သာထွန်းအောင်လဲ မြင်းဖြူကြီးကိုကြည့်နေရင်း မျက်စိအောက်မှာတင် မှုန်ဝါးပျောက်ကွယ်သွားခဲ့တယ်။

“ ဦးမောင်ရူး … ခင်ဗျားက လူထူးဆန်းတစ်ယောက်ပဲ”

“ ဘာလို့လဲ သာထွန်းအောင်ရ”

“ ခင်ဗျားကိုစတွေ့ထဲက ကျုပ်သတိထားမိတယ်၊ မနေ့ညကလဲ ကျုပ်အိမ်မက်ထဲကိုလာပြီး လုံချည်စချန်ထားခဲ့တယ်၊ အခုလဲ ကျုပ်ကို ထူးဆန်းတာတွေထပ်လုပ်ပြပြန်ပြီ၊ အမှန်တိုင်းဖြေဗျာ၊ ခင်ဗျားက ဘာလဲ”

“ အမှန်တိုင်းပြောရရင်တော့ ငါကမင်းကို လာခေါ်တဲ့သူပဲ”

“ ပေါက်ကရတွေ ပြောနေပြန်ပါပြီ… ဟေ့လူ ကျုပ်ပြန်တော့မယ်”

သာထွန်းအောင်က စကားစကိုဖြတ်ပြီး စေတီပေါ်ကနေ ခပ်သုတ်သုတ်ဆင်းသွားခဲ့လိုက်တယ်။

ကားပေါ်ရောက်လို့ စက်နှိုးပြီး စေတီပေါ်ကို လှမ်းကြည့်လိုက်တော့ သူ့ကိုလက်ရမ်းပြနေတဲ့ ဦးမောင်ရူးကို ခပ်ပြပြ မြင်တွေ့လိုက်ရတယ်။

+++++

“ ဟေ့ကောင် ထစမ်း”

ကုတင်ဘေးကနေ ထွက်လာတဲ့အသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ စာကြည့်စားပွဲပေါ်မှာ တင်ပလွှဲထိုင်နေတဲ့ ဦးမောင်ရူးကိုမြင်လိုက်ရတယ်။

“ ခင် ခင်ဗျား… ဘယ်လိုလုပ်ပြီး အိမ်ထဲရောက်နေတာလဲ”

“ ငါက မင်းရှိတဲ့နေရာတိုင်းကို လာလို့ရတယ်ကွ”

“ မဟုတ်ဘူး… ငါ အိမ်မက်မက်နေတာ”

“ အိမ်မက်လို့ထင်ရင် မင်းအော်ကြည့်လိုက်လေ”

သာထွန်းအောင်လဲ အိမ်မက်ဟုတ်မဟုတ်သိစေဖို့ လက်ကိုဆိတ်ကြည့်ရာ

“ အား… နာတယ်ဟ၊ အမေ… အဖေ”

သာထွန်းအောင်ရဲ့အော်သံကြောင့် ဘေးအခန်းမှာ အိပ်နေတဲ့ မိဘတွေအပြေးဝင်လာခဲ့ကြတယ်။

“ သား… ဘာဖြစ်တာလဲ”

“ ဒီမှာ ဒီမှာ ဟိုလူကြီးရောက်နေတယ်ဗျ”

“ ဘယ်လူကြီးလဲ ဘယ်သူမှမရှိပါဘူး”

“ ဒီမှာလေဗျာ… စာကြည့်စားပွဲမှာထိုင်နေတာ အမေတို့မမြင်ရဘူးလား”

သာထွန်းအောင်စကားကြောင့် လင်မယားနှစ်ယောက် အချင်းချင်းကြည့်လိုက်ကြပြီး

“ သားအခန်းထဲမှာ ဘယ်သူမှမရှိပါဘူး၊ အိမ်မက်မက်ပြီး ကယောင်ကတမ်းတွေ မြင်နေတာထင်ပါရဲ့ကွယ်”

“ သားလေး… အိပ်လို့အဆင်မပြေရင် အဖေတို့အခန်းထဲလာအိပ်မလား”

“ မအိပ်တော့ပါဘူး… ရပါတယ်”

“ တစ်ခုခုဆို အမေတို့ကိုလှမ်းခေါ်လိုက်နော်”

မိဘနှစ်ပါးထွက်သွားတော့ ဦးမောင်ရူးက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး

“ မင်းယုံပြီမဟုတ်လား…ငါ့ကို မင်းကလွဲပြီး ဘယ်သူမှမမြင်ဘူးကွ”

“ ခင်ဗျား ကျုပ်ကိုဘာဖြစ်စေချင်တာလဲ”

“ မင်းကိုငါ့လိုဖြစ်စေချင်တာ”

“ ခင်ဗျားလို အရူးမျိုးမဖြစ်ချင်ပါဘူး”

“ ငါကရူးနေတယ်လို့ မင်းကိုဘယ်သူပြောလဲ”

“ ရူးနေလို့ အခုလိုတွေဝတ်ထားတာပေါ့၊ ကောင်းတဲ့သူက အခုလိုနေတာ မြင်ဖူးလို့လား”

သာထွန်းအောင်နဲ့ ဦးမောင်ရူးတို့ အချေအတင်စကားပြောနေကြတာကို ဘေးအခန်းမှာနေတဲ့ ဒေါ်စိန်မှုံတို့ အတိုင်းသားကြားနေခဲ့တယ်။

“ မိန်းမ… သားလေးကို စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြမှရတော့မယ်ထင်တယ်”

“ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲဟင်၊ တကယ်ပဲ သားလေးက စိတ်မမှန်တော့တာလား”

“ ညကလဲ ဓါတ်တော်မြူးစေတီက ဂေါပကလူကြီးတွေနဲ့တွေ့တော့ သားလေး အကြောင်းပြောဖြစ်ခဲ့တယ်။ ဒီ‌နေ့လဲ စေတီပေါ်မှာ တစ်ယောက်ထဲ စကားတွေပြောနေတာတဲ့”

“ဘယ်လိုလုပ်ကြမလဲ၊ တစ်ရက်နှစ်ရက်တော့ စောင့်ကြည့်ဦးမလား”

“ ငါကတော့ အချိန်မဆွဲစေချင်ဘူးမိန်းမရယ်”

“ ဒါဖြင့် မနက်ဖြန် စိတ်ရောဂါကုဆရာဝန်ဆီ ခေါ်သွားကြည့်ရအောင်”

“ အင်း… မနက်နိုးတာနဲ့ ငါစီစဉ်စရာရှိတာ စီစဉ်ထားလိုက်မယ်”

ဒေါ်စိန်မှုံတို့လဲ ‌သားဖြစ်သူအကြောင်းကို ပြောရင်း နားစွင့်နေခဲ့ရာ ညတစ်ချက်ထိုးအချိန်လောက်ရောက်မှ စကားသံတွေတိတ်သွားခဲ့တယ်။

+++++++

“ အမေ… ကျွန်တော် ဘာမှမဖြစ်ဘူးဗျ၊ အနာတွေလဲ ပြန်ကောင်းနေပြီလေဗျာ”

“ မဟုတ်ပါဘူးသားရယ်၊ လိုရမယ်ရ စစ်လိုက်တာ ပိုကောင်းတာပေါ့”

မနက်စာစားတဲ့ စားပွဲဝိုင်းထဲကနေ ထွက်လာတဲ့ အသံကြောင့် အိမ်မှာရှိတဲ့အလုပ်သမားတွေ အပြင်ကိုထွက်သွားပြီး ခပ်လှမ်းလှမ်းကနေသာ ကြည့်နေခဲ့ကြတယ်။

“ အမေတို့ ကျွန်တော်ကို ရူးတယ်ထင်နေကြတာမလား၊ အဲလိုဖြစ်အောင် ဟိုလူကြီးလုပ်နေတာ”

သာထွန်းအောင်ရဲ့မျက်လုံးတွေက အိမ်ရှေ့ကုလားထိုင်ကို လက်ညိုးထိုးပြီးပြောလိုက်တာကြောင့် တစ်အိမ်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တယ်။

“ ဟေ့ကောင်လေး… မင်းပြောလို့ဘယ်သူမှယုံမှာမဟုတ်ဘူး၊ ဘာလို့ဆိုတော့ ငါ့ကို ဘယ်သူမှမမြင်လို့ပဲကွ”

“ ခင်ဗျားပါးစပ်ပိတ်ထား၊ ကျုပ်အခုလိုဖြစ်နေတာ မြင်တော့ ပျော်နေတယ်မဟုတ်လား”

သာထွန်းအောင်က ဒေါသထွက်ပြီး ပြောလိုက်တဲ့အချိန်

“ ကိုမော်ကြီး ကားထုတ်လိုက်တော့၊ အခုပဲ ဆေးခန်းသွားမှရတော့မယ်”

“ အန်တီ… မိငယ်ပြောစရာရှိသေးတယ်”

“ ဘာပြောမလို့လဲမိငယ်”

“ မနက်က မိငယ်အိပ်ယာနိုးတော့ သာ သာထွန်းအောင် အိမ်ရှေ့မှာ လေးဘက်ထောက်ပြီး လိုက်သွားနေတာမြင်လိုက်တယ်”

“ ဟာ… မငယ်… ကျွန်တော်က မနက်အစောကြီး မနိုးဘူးလေဗျာ၊ ခုနကမှ အိပ်ယာနိုးလို့ ဆင်းလာတာမြင်ရဲ့သားနဲ့”

ဦးမောင်ရူးကတော့ သာထွန်းအောင်နဲ့ အိမ်ကလူတွေ အချေအတင်ဖြစ်နေတာကို သဘောကျစွာထိုင်ကြည့်နေခဲ့တယ်။

“ ဟေ့ကောင်လေး… မင်း ငါခေါ်တဲ့နောက်ကို မလိုက်ရင် ဒီထက်ပိုဆိုးတာတွေ လုပ်ပြလိုက်ရမလား၊ ဥပမာ… ဆန်အိုးထဲ သဲတွေရောတာတို့၊ ဆီပုံးထဲ ‌ဆားတွေထည့်တာမျိုးလေ”

“ ခင်ဗျား… ကျုပ်အခန်းထဲလာခဲ့”

သာထွန်းအောင်က ဒေါသတစ်ကြီး အော်ဟစ်ပြီးအပေါ်ကိုတက်သွားခဲ့လိုက်တယ်။

“ ဟေ့ကောင်လေး… ငါရောက်ပြီ၊ ဘာလုပ်မို့ အပေါ်ကိုခေါ်တာလဲ”

“ ကျုပ်ကိုအိမ်ကလူတွေအမြင်ရှင်းအောင်လုပ်ပေး”

“ ဒါဆို ငါခေါ်တဲ့ဆီကို လိုက်ခဲ့မလား”

“ ကျုပ်က ခင်ဗျားနောက်ကို အချိန်ဘယ်လောက်ထိ လိုက်ရမှာလဲ”

“ အလွန်‌ဆုံး ဆယ်ရက်ပေါ့ကွာ၊ ဆယ်ရက်ပြည့်မှ အိမ်ပြန်ချင်တယ်ဆို မင်းသဘောအတိုင်း ငါက လုပ်ပေးမှာ”

“ ဒါဆို ဒီဆယ်ရက်ပဲနော်၊ ဒါပေမယ့် ကျုပ်ထွက်သွားလို့ မိဘတွေစိတ်ဆင်းရဲတာမျိုးတော့မလိုချင်ဘူး”

“ ဒီအတွက်တော့မပူနဲ့ သူတို့အတွေးကို ငါထိန်းချုပ်ပေးမယ်”

“ ခင်ဗျား ယောင်္ကျားစကားပြောနော်၊ ကတိအတိုင်းဆယ်ရက်ပြည့်ရင် ကျုပ်အိမ်ပြန်မယ်”

“ ကျုပ်ကတိပေးတယ်၊ အခုလောလောဆယ် သူတို့အားလုံးရဲ့အတွေးထဲမှာ မင်းဖြစ်ခဲ့တာတွေ မေ့ပျောက်အောင်လုပ်လိုက်ဦးမယ်”

ဦးမောင်ရူးက ဝမ်းသာအားရပြောပြီး အထုပ်ထဲကနေ ကြေးပြားတစ်ပြားနဲ့ ဖယောင်းတိုင် တစ်တိုင်ထုတ်ယူလိုက်တယ်။ ပြီးတာနဲ့ ဘုရားကျောင်းဆောင်ရှေ့သွားကာ ကြေးပြားပေါ်မှာ ဖယောင်းတိုင်ထွန်းလိုက်တယ်ဆိုရင်ပဲ တစ်အိမ်လုံး အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့တယ်။

“ ဟေ့ကောင်လေး… သွားကြရအောင်”

“ အိမ်ကလူတွေ ဘာဖြစ်သွားတာလဲ”

“မင်းရဲ့အငွေ့အသက်တွေကို မမှတ်မိရင် ငါ့ပညာနဲ့လုပ်ထားတာလေ၊ စိတ်မပူပါနဲ့ ငါတို့အပြင်ရောက်ရင် သူတို့သတိပြန်ရလာလိမ့်မယ်”

“ ဆယ်ရက်ပြည့်ရင် ကျုပ်အိမ်ကျုပ်ပြန်မှာနော်”

“ ငါက ယောင်္ကျားပါကွ၊ ပြောတဲ့စကားတည်တယ်”

သာထွန်းအောင်လဲ ဦးမောင်ရူးစကားကို လက်ခံလိုက်ပြီး အိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်။

အောက်ရောက်တော့ မလှုပ်မယှက်ငြိမ်သက်နေတဲ့ မိဘနှစ်ပါးကိုကြည့်ပြီး

“ ဆယ်ရက်ပြည့်ရင် သား ပြန်လာခဲ့မယ်အမေ” လို့ခပ်တိုးတိုးပြောလိုက်ပါတော့တယ်။

“ သာထွန်းအောင်… မင်းနာမည်က ခေါ်ရတာ အဆင်မပြေလိုက်တာ”

“ ခင်ဗျားက ကျုပ်ကို နာမည်ပါပြောင်းပေးမလို့လား”

“ ဘယ်လိုပြောင်းပေးရင်ကောင်းမလဲ… ဟုတ်ပြီ… အခုကစပြီး မင်းနာမည်ကို ဗျဂ္ဂလို့ခေါ်မယ်၊ ဆယ်ရက်ပြည့်လို့ပြန်ရင်တော့ သာထွန်းအောင် ပြန်ဖြစ်ပီပေါ့ကွာ”

“ ဆယ်ရက်ပြည့်ရင် ကျုပ်ရောဂါတွေ အားလုံးပျောက်ပြီးအိမ်ပြန်ရမယ်ဆိုတာ သေချာတယ်နော်”

“ သိပ်ကိုသေချာတာပေါ့ အမောင်ဗျဂ္ဂရဲ့”

ဦးမောင်ရူးက သာထွန်းအောင်ရဲ့ ဂုတ်ကိုတစ်ချက်ပုတ်လိုက်ပြီး အိမ်အပြင်ကို ခေါ်ဆောင်သွားခဲ့ပါတော့တယ်။

ဒီဆယ်ရက်တာကာလအတွင်း သာထွန်းအောင်(ခေါ်)ဗျဂ္ဂကို ဦးမောင်ရူးတစ်ဖြစ်လဲ အောင်မြတ်သာက ဘယ်လိုစည်းရုံးမလဲ၊ ဘာအကြောင်းတရားကြောင့် အခုလိုနည်းနဲ့ခေါ်ဆောင်လာရသလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ဆယ်ရက်လောကီလမ်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Reply

Your email address will not be published. Required fields are marked *