ဧည့်သည်(ဝတ္ထုတို) ( မစန္ဒာ)
” အမေရေ ဧည့်သည် လာတယ် “
သမီး၏ စကားမဆုံးခင်…
” ဒေါ်လုံမကြီး ဘာဟင်းတွေ ချက်နေတုန်း “
ဟူသော အသံကိုတစ်ဆက်တည်း ကြားရသည်။ ထို့နောက် ဖြူဖြူရှည်ရှည်ကိုင်းကိုင်း ကိုယ်တစ်ခုက မီးဖိုချောင်သို့ လှစ်ခနဲ ရောက်လာသည်။
” သြော် ဒေါ်ဖြူ လာ ……… လာ “
အနောက်ပိုင်းက ဒေါ်ဖြူပါလားဟု သိလိုက်ရသည့် ခဏမှာ ဒေါ်လုံမရဲ့ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ ဒေါ်လုံမတို့က ခပ်ရိုးရိုး ခပ်အေးအေး
ခပ်ကုပ်ကုပ်နေတတ်သူဖြစ်သည်။
ဒေါ်ဖြူယူလာပြီး ပြလေ့ရှိသော လက်၀တ်လက်စားများကို ၀ယ်နိုင်အားရှိသူမဟုတ် ထို့ပြင် တစ်အိမ်တက် တစ်အိမ်ဆင်းနှင့် စုဆောင်းသယ်ယူလာသော အတင်းများကိုလဲ နားထောင်ရန်ဝါသနာ မပါချေ။
” ဘာတွေ သောက်နေတုန်း ဒေါ်လုံမရဲ့ “
” ထမင်းရည်လေ ကျွန်မတို့ အိမ်သားတွေက မနက်ပိုင်းဆို ထမင်းရည်ပူပူလေး ဆားခပ်ပြီးသောက်လိုက်တာပဲ ကျန်းမာရေးလဲရ ချွေတာရေးလဲရ “
” ဟုတ်တာပေါ့တော် ဟုတ်တာပေါ့ “
ဒေါ်ဖြူက ဒေါ်လုံမဘေးတွင် အသင့်ရှိနေသော ဖင်ထိုင်ခုံကလေးကို ဆွဲပီးထိုင်သည်။ သူ့လက်ထဲတွင်ပါလာသော သားရေအိတ်ကြီးကို စားပွဲပေါ်
လှမ်းတင်မည်ပြုပီးမှ မတင်တော့ပဲ သူ့ပေါင်ပေါ်ပြန်တင်ထားလိုက်သည်။
” အင်းးးး အိတ်ကြီးကတော့ ဖောင်းနေတာပဲ ဆွဲကြိုး လက်ကောက်တွေ ပါလာပြန်ပီထင်တယ်၊ ငါမ၀ယ်နိုင်မှန်းသိရက် ခဏခဏလာပြ ဒါတွေကို
မြင်တော့ အိမ်ကသမီးတွေက လှလိုက်တာအမေရယ် လိုချင်လိုက်တာအမေရယ်နဲ့ပြော သြော် တယ်ပြီး စိတ်ဆင်းရဲရတာပဲ “
ဒေါ်လုံမက ကုန်သွားပြီဖြစ်သော ထမင်းရည်ပန်းကန်ကို ရှေ့ဖက်သို့တွန်းပို့လိုက်ပီး ကန်စွန်းရွက်စည်းများကိုလှမ်းဆွဲယူ ဆိတ်ခြွေရင်းဒေါ်ဖြူရဲ့
အိတ်ဖွင့်သံကိုနားစွင့်နေသည်။
မ၀ယ်နိုင်သေးပါဘူးရှင် ဟူသော စကားကိုလဲ စိတ်ထဲမှ ကြိုပြောနေမိသည်။ သို့သော် ဒီတစ်ခါတော့ အိတ်ဖွင့်သံမကြားရပေ။ဒေါ်ဖြူက ဒေါ်လုံမရဲ့အိမ်ကို မျက်စိဝေ့ကာ သိသိသာသာ အကဲခတ်သည်။
” အိမ်ပြင်မလို့ဆို ဒေါ်လုံမရဲ့ “
” သြော် ပြင်ရုံတင် ကပါ့မလား အသစ်ကိုပြန်ပီးဆောက်ရတော့မှာရှင့် တစ်အိမ်လုံးဆွေးတဲ့နေရာကဆွေး ပေါက်တဲ့နေရာကပေါက်မို့ ရှိသမျှငွေလေး စုဆောင်းပီး လုပ်ရမှာလေ “
” ဒီအိမ်ဆောက်တာ ဘာကြာသေးလို့လဲ ဒေါ်လုံမရဲ့ “
” အင်းလေ ဒါပေမဲ့သစ်ကောင်းဝါးကောင်းသုံးရမဲ့ နေရာတွေမှာ သစ်ညံ့ဝါးညံ့တွေ ရောနှောပြီးပါကုန်လို့လေ ကျွန်မတို့လဲ တစ်နှစ်တစ်ခါ ရေနံချေးနိုင်နိုင်မသုတ်နိုင်တော့ ခြစားလိုစား ဆွေးလိုဆွေးနဲ့ သွပ်မိုးတွေကလဲ ပါးတော့ပေါက်ကုန်တယ်တဲ့ အတော်ကြီးပျက်စီးကုန်တာပါရှင် “
” ပြင်ဖို့စျေးက တအားတက်နေတာ ဒေါ်လုံမရဲ့ ဘိလပ်မြေက တစ်အိတ်နှစ်ရာကျော်တဲ့ သစ်ကလဲ၀ယ်လို့တောင်ရပါ့မလား မသိဘူး “
” အင်း အိမ်ကတော့မပြင်လို့မဖြစ်ဘူး တစ်ကယ်တတ်တဲ့သူလက်ထဲအပ်ပီး သေချာပြန်ဆောက်မှဖြစ်မှာ ရော့…. သမီး အဲ့ကန်စွန်းရွက်တွေကို
ရေစင်အောင်ဆေးလိုက်နော် မန်ကျည်းမှည့်လေးရော အသင့်ရေစိမ်ထားလိုက်အုန်း ကြက်သားဆေးပီးရင်တော့ အမေ့ကိုပေး သမီးဆားနယ်ရင်
ဆားမ၀င်ပဲဖြစ်နေအုန်းမယ် “
ဒေါ်လုံမက အိုးထဲမှ ကြက်သားတုံးများကို ဆားနနွင်းနဲ့ဆုပ်ပီးနယ်သည်။ တိုရေရှားရေ ကြက်သားလေး၀ယ်ပီး ချက်မိသောနေ့တွင် ဒေါ်ဖြူက မီးဖိုချောင်အထိရောက်လာပီး တနည်းအားဖြင့်တော့ ကျေနပ်သွားသည်။
သူလာပြသော အဖိုးတန်လက်၀တ်လက်စားများ တစ်ခါမှမ၀ယ်နိုင်သော်လဲ ဒေါ်လုံမတို့ကအစားအသောက်ကျတော့ ကြက်သားစားနိုင်ပါတယ်ဟု လက်တွေ့ပြလိုက်သည်နှင့်အတူတူပါပဲဟု တစ်ဦးထဲတွေးပြီး ပြုံးချင်နေသည်။
” သစ်ဆိုင်က ဦးကံဆီမှာ လက်သမားပန်းရန်ကောင်းကောင်းရှိတယ် သိလား “
” ဘယ် ဦးကံလဲ ဦးပိုင်ရဲ့အိမ်ကို ဆောက်သွားတဲ့ ဦးကံလား “
” အင်း ဟုတ်တယ် ဟုတ်တယ် “
ဒေါ်ဖြူက ခေါင်းညိတ်သည်. ဒေါ်လုံမကတော့ မသိမသာ သက်ပြင်းချလိုက်မိသည်။ ဦးပိုင်က
” အ်ိမ်များဆောက်မယ်ဆိုရင် ဦးကံရဲ့အလုပ်သမားတွေကိုတော့ ဘယ်တော့မှ မငှားလေနဲ့ ဒေါ်လုံမရေ သူကပါ နှုတ်ခမ်းမွှေးကြီး တကားကားနဲ့
၀င်လာလိမ့်မယ် နေရာတကာဆရာလုပ်ပြပါလိမ့်မယ် သူ့လူတွေကလဲ သူ့ဘာပြောပြော ဟုတ်တယ် ဦးပိုင် ကိုကြီးကံမှန်တယ် ပဲ။နောက်ဆုံးတော့ဗျာ ကိုယ့်စိတ်ကူးထဲကတွေး မြင်ယောင်နေခဲ့တဲ့ အိမ်ပုံစံကလေးပျောက်ပီး ဦးကံစိတ်ကူး စိတ်တိုင်းကျ ဆောက်ထားတဲ့ အိမ်ထဲ ကိုယ်က၀င်ပီး နေရသလိုဖြစ်နေမှာတော့ တယ်ပီး အံမ၀င်လှဘူးဗျ သူ့လူတွေကသူ့ဆီက စျေးပေါတာတွေသုံးပီး စျေးတင်ကျုပ်အိမ်မှာ သုံးသွားသေးဗျာ ကောင်းရော “
ဟု ဦးပိုင်ပြောဖူးသည်ကို သတိရမိသည်။
” ဦးကံရဲ့လူတွေဆိုရင်တော့ တော်ပါပီရှင် ကိုယ့်အိမ်ကိုယ်ဆောက်တာ ကိုယ့်သဘောနဲ့ကိုယ်ပဲ ဆောက်ချင်ပါတယ် “
” မြန်မာလူမျိုးတွေဟာ ဒါကြောင့်လဲ မထွန်းကားတာပဲနော် ကိုယ်တိုင်ကလဲမတတ် တတ်တဲ့လူကိုလဲ ဆရာမတင်ချင် “
” ဒါကတော့ ကိုယ့်အမြင်နဲ့ကိုယ်ပဲရှင် ဒေါ်ဖြူက ဥိးကံကိုတတ်တယ်ထင်တယ် ကျွန်မကတော့ အမြတ်ထုတ်တယ်ထင်တယ် သူ့လို ငွေရှင်ကြေးရှင်ကြီးက စေတနာဖြူဖြူစင်စင်နဲ့ နည်းပေးလမ်းပြလုပ်တတ်တယ်လို့ရော ဒေါ်ဖြူတစ်ကယ် ယုံကြည်လို့လားဟင် “
” ဒါကတော့ရှင် အဟွတ် အဟွတ် “
ဒေါ်ဖြူက ခပ်ခြောက်ခြောက်ချောင်းဆိုးရင်း လက်ချောင်းကိုလက်နှင့်သပ်သည်။ စားပွဲပေါ်က ရေနွေးကြမ်းခွက်ကို ကောက်မော့သည်။
” အိမ်တစ်ဆောင်ကောင်းဖို့ဆိုတာ ပုံလေးကလဲ လှပါမှ ဆောက်တဲ့လူကလဲတော်ပါတတ်ပါမှ နေတဲ့အိမ်ရှင်ကလဲ ထိန်းထိန်းသိမ်းသိမ်း ပြုပြုပြင်ပြင်နေတတ်ပါမှကောင်းမှာရှင်ရဲ့ သြော် သမီးရေ အန်တီဖြူဖို့ကော်ဖီလုပ်ဦးလေ “
ပုလင်းထဲမှ လက်ကျန်ကော်ဖီမှုန့်နှင့်သကြား အခြေအနေကို တွက်ဆပီးကော်ဖီဖျော်ခိုင်းရသည်။ ကိုယ်တိုင်နေ့စဉ် ကော်ဖီမသောက်နိုင်သော်လဲ
ဧည့်သည်အတွက်တော့ ဂရုတစိုက်ထားရသည်။ ကော်ဖီမတိုက်နိုင်လို့ လက်ဖက်သုပ်ချပေးလျှင် ဆီဖိုး ပုစွန်ခြောက် ကြက်သွန်ဖြူကြော်ဖိုးက
ပိုပီးထိသေးသည်။
” ကျွန်မတစ်ခုစိတ်ကူးမိတယ် ဒေါ်လုံမရဲ့ ဒီနေရာလေးက စျေးနီး ကျောင်းနီး ကားဂိတ်တွေနဲ့လည်းနီး ဒီနားမှာ လာနေချင်တဲ့လူတွေ အများကြီး
ရှိတယ်။ ဒေါ်လုံမကန်ထရိုက်တိုက်ကလေး မဆောက်ချင်ဘူးလား “
” အခန်းပေး အခန်းယူ ပုံစံတွေလား “
” အင်း အင်း ငွေလဲမစိုက်ရဘူး ပျဉ်ထောင်ကလေးကနေပီး တိုက်လဲဖြစ်သွားမယ် မကောင်းဘူးလား “
ဒေါ်ဖြူက ခပ်ချိုချိုပြုံးကာ ပြောသည်။ သမီးကြီးလာချပေးသောကော်ဖီပန်းကန်ကို ဆွဲယူက တစ်ကျိုက်သောက်ရင်း ဒေါ်လုံမကို အကဲခတ်နေသည်။
” ကျန်တဲ့တစ်ခြမ်းကိုတော့ ဒေါ်ဖြူယူမှာပေါ့နော် “
” အင်း ဟုတ်တယ်လေ ကျွန်မကလဲ အိမ်ပေါ်ထပ်မှာ အိမ်ထောင်ကျသွားတဲ့သားနဲ့ ချွေးမကိုထားပီး အောက်ထပ်မှာ ဆိုင်ခန်းဖွင့်မယ် စိတ်ကူးတာပဲဒေါ်လုံမလဲ ကြိုက်တဲ့အခန်းမှာကိုယ်နေပီး ကျန်တဲ့တစ်ခန်းကို ရောင်းမယ်ဆိုရင်လဲ ကျွန်မ၀ယ်မယ်လေ ငွေတောင်ထပ်ထွက်လာအုန်းမယ်
မဟုတ်ဘူးလား “
မျက်နှာထားချိုချိုနှင့်ပြောနေသော ဒေါ်ဖြူကို ကြည့်ရင်း ဒေါ်လုံမ၀မ်းနည်းသွားသည်။
” သြော် ငါသိပ်ကိုဆင်းရဲနေပီ ငါ့အိမ်ကိုတောင် ငါမပြင်နိုင်တော့ဘူးလို့ သူထင်နေသကိုး ပျဉ်ထောင်အိမ် ခပ်ပျက်ပျက် ခပ်ဆွေးဆွေးနဲ့နေရာက
တိုက်ခန်းကလေး သစ်သစ်နဲ့နေရမယ်ဆိုရင် ငါသိပ်ပီး ကြိုက်သွားမယ်လို့ သူ့စိတ်ထဲမှာ သိပ်သေချာနေတယ် ထင်ပါရဲ့ “
ဟုတွေးရင်း သက်ပြင်းချလိုက်မိသည်။
” တော်ပါပီ ဒေါ်ဖြူရယ် ကျွန်မက ကျဉ်းကျဉ်းကျုတ်ကျုတ်မနေတတ်ဘူး ကလေးတွေကလဲများတယ် “
” သြော် ကျွန်မက ဒေါ်လုံမအကျိုးအတွက်ပြောတာပါ “
” ရှိသမျှငွေလေးစုဆောင်းပီး ကိုယ်တတ်နိုင်သလောက်ပဲ ဆောက်မယ် ဒေါ်ဖြူရယ် တိုက်နဲ့မနေရသေးလည်း ကျယ်ကျယ်လွင့်လွင့်နေရရင် လောလောဆယ်တော့ ကျေနပ်ရမှာပေါ့ “
” ကောင်းပါတယ်တော် ကောင်းပါတယ် “
ဒေါ်ဖြူက ခပ်ငေါ့ငေါ့ပြောပီးနေရာမှထသည်။ ထဘီကိုဖြန့်ပြီး ပြင်၀တ်သည်။ ကြက်သားဟင်းအိုးမွှေနေသော သမီးအလတ်က
” အန်တီဖြူ ဒီတစ်ခေါက်ဘာမှပြစရာမပါဘူးလား “
ဟုလှမ်းမေးတော့
” ပါလာပီးပြတော့ကော ၀ယ်မှာမို့လို့လားအေ့ “
ဟု မသိမသာ ခပ်နှိမ်နှိမ်ပြောသည်။
ဒေါ်ဖြူက သူ့ချိုင်းကြားထဲတွင် ညှပ်ထားသော သားရေအိတ်ကို ဆွဲထုတ်ကာ လက်ကိုင်ဘု ချောက်ခနဲလှည့်ပြီးဖွင့်လိုက်သည်။ ဘူးအနီဝိုင်းလေးတစ်ခုထုတ်သည်။
” ဟောဒီမှာ လက်စွပ်ကလေးတွေပါလာသေးတယ် စျေးကဘာမှမများဘူး ဦးကံ ကတော်ကြီးကတောင် သူ့သမီးတွေ ချွေးမတွေအတွက်မှာထားသေးတယ် “
” ညည်းတို့အမေက ကိုယ့်သမီးအပျိုအရွယ်ကလေးတွေ လှဖို့ပဖို့ဘာမှ စဉ်းစားတာမဟုတ်ဘူး ကပ်စီးပဲနဲနေတာ ပူဆာကြရအောင်ပူဆာကြ ထမင်းရည်နေ့တိုင်းသောက်ပီး ကျေနပ်မနေကြနဲ့ “
ဒေါ်ဖြူက မထိမခိုက်ပြောသည်။ သူ့ကိုဆက်ခနဲလှည့်ကြည့်သော ဒေါ်လုံမအား မခိုးမခံ့ပြုံးပြပြီး သွားမယ် သွားမယ် ဟုပြောသည်။ ထို့နောက်
မီးဖိုးချောင်မှ ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။
” အိမ်ပေါ်ကို မပင့်မဖိတ်ပဲတက်လာပီး အလကားနေရင်း မထိမခိုက်ပြောသွားသေးသည်။ ကြက်သားချက်နေတုန်း တွေ့တာတောင် ထမင်းရည်ကိုပဲခလုတ်တိုက်သွားသေးတယ် အင်းးး ဒေါ်ဖြူ ဒေါ်ဖြူ “
ဒေါ်လုံမတစ်နေကုန် တနုံနုံဖြစ်နေသည်။ သတင်းစာဖတ်နေသော ဦးလူအေးအား သွားပြောပြတော့
” အလကားပါကွာ သူ့အကြောင်းသိသားနဲ့ ခေါင်းထဲထည့်မနေနဲ့ “
ဟုပြောသည်။သို့သော် သူ့အကြောင်းက ဒေါ်လုံမခေါင်းထဲကမထွက် ဒေါ်လုံမအဘိုးလက်ထက်က ငွေးကြေးကျပ်တည်းလို့ ဒေါ်ဖြူရဲ့အဘွားထံတွင် သည်မြေကလေးနဲ့ အိမ်ကလေးပေါင်ခဲ့ဖူးသည်ကိုပါ တစ်ဆက်တည်းသတိရသည်။
အတိုးတွေ အဆမတန်တက်ပိး ဆုံးမလိုဖြစ်နေစဉ် ဒေါ်လုံမတို့ ဖခင်လက်ထက်ကျမှ ရှိသမျှငွေနှင့် ရှိသမျှ စုဆောင်းပီးရွေးယူခဲ့ရသည်။
” အဖေတို့မြေကလေးကို သူတို့သ်ိပ်သဘောကျနေတာသမီး မတတ်သာလို့သာပြန်ပေးခဲ့ရတာ ပေးချင်တာမဟုတ်ဘူး ပြန်ရဖို့တော့ ကြိုးစားမှာပဲ
အဖေ အပတ်တကုတ်နဲ့ ကြိုးစားပီးရွေးခဲ့ရတဲ့ မြေကလေးကို အဖေ့သား သမီး မြေးတွေကပဲ သတိဝီရိယနဲ့ ဆက်ပီး ထိန်းသိမ်းကြ စောင့်ရှောက်ကြပါ”
ဟုမှာခဲ့သည်ကို ပြတ်ပြတ်ထင်ထင် ကြားယောင်နေမိသည်။
” ကိုကိုကြီးရဲ့ လက်စွပ်ကလေးတစ်ကွင်းများ သိပ်လှတာပဲသိလား၊ ဟောဒီလို အသည်းပုံလေးမှာလေ ကျောက်နီလေးတွေ စီထားတာရဲလို့ “
” အင်းးး သမီးလည်း ဒီလက်စွပ်ကလေးကိုပဲ မြင်ယောင်နေတယ် ထင်ပါရဲ့ “
” ငါ့တော့လေ ဧည့်သည်လာမှာတောင် ကြောက်နေပီ။ ကိုယ်မ၀ယ်နိုင်တာတွေ လာပြတဲ့သူကပြ ဧည့်ခန်းမှာ ဆေးလိပ်ပြာတွေ ခြွေချတဲ့သူကချ
အိမ်ပေါက်၀တည့်တည့် ကွမ်းတံတွေးထွေးချသွားတဲ့သူကသွား ဟိုတစ်နေ့ကလာတဲ့ ဦးပွကြီးရဲ့သားလေးကတော့ ငါနေ့တိုင်းခူးပီးဘုရားတင်နေတဲ့စံပယ်ပင်လေးကိုပါ သေးနဲ့ပန်းသွားလိုက်သေးတယ်။ ကိုယ်ကတော့ ဧည့်သည်စောင်သည်ရယ်လို့မရှိ ရှိတာလေးထုတ်ကျွေး ဧည့်၀တ်ပြုရတယ်။ပြန်သွားတော့ ကော်ဖီကကျဲတယ် လက်ဖက်က ဆီမပါဘူးလို့ ပြောကြပြန်ရော “
” မေမေကလဲ အန်တီဖြူပြောလဲ ပြောစရာ ကိုယ့်သမီးလေးတွေ လှဖို့ပဖို့များတော့ ဘယ်တော့မှမစဉ်းစားဘူး “
” စဉ်းစားပါတယ် သမီးရယ် ဒါပေမဲ့ လက်စွပ်လက်ကောက်ထက် ပိုအရေးကြီးတာတွေ ရှိသေးတယ်ကွဲ “
” ဘာလဲဟင် မေမေ ထမင်းရည်သောက်ဖို့လား “
သမီးအငယ်မက ပြောင်စပ်စပ်၀င်ပြောတော့ သားငယ်နှင့် သားလတ်က တစ်ဟားဟားထရယ်သည်။ ကွမ်းသီးစိတ်ကို ဝါးနေသော ဦးလူအေးက
မသိမသာ စောင်းကြည့်သောအခါကျမှ ခေါင်းပုကာ ရယ်ရှိန်သတ်လိုက်ကြသည်။
” အိမ်ပြန်ဆောက်ရအုန်းမှာကို သိရက်သားနဲ့ နင်တို့ကလဲဟယ် အပိုတွေဘာလို့လုပ်ချင်နေကြတာလဲ “
ဇာထိုးနေသောသမီးကြီးက ခပ်ငေါက်ငေါက်၀င်ပြောတော့ အလတ်မကမျက်စောင်းထိုးသည်။ သမီးကြီးက ခပ်ရိုးရိုး ခပ်အေးအေးနေတတ်သူဖြစ်သည်။မိဘအခက်အခဲကိုလည်း နားလည်ကာ မျှဝေခံစားတတ်သည်။
” ဒါကြောင့် ငွေမကုန်ရအောင် ကန်ထရိုက်တိုက်ဆောက်ပါဆိုတော့လဲ မဆောက် “
” ဘယ်သူနဲ့ဆောက်ရမှာလဲ “
” အန်တီဖြူနဲ့လေ ဒါမှမဟုတ် ဦးကံနဲ့ဆောက်လဲရတာပဲဟာ “
” အေးအေး အဲ့ဒီတော့မြေတစ်ခြမ်းဖဲ့ပေးလိုက်ရမှာကို နင်က ထည့်မတွက်တော့ဘူးလား ငါတို့မြေပေါ်မှာ သူတို့သားတွေ သမီးတွေ မြေးတွေ တရုန်းရုန်းနဲ့ တဝုန်းဝုန်းလာနေကြမှာကို နင်ကသဘောကျသလား လက်ခံသလား “
သမိးနှစ်ယောက် စကားအခြေအတင်ပြောနေကြသည်။ သားကြီးက
” တော်ကြစမ်းပါဟာ စကားများလိုက်ကြတာ ကောင်းကောင်းမနေရဘူး “
ဟုအော်သည်။
ဒေါ်လုံမက ကွမ်းအစ်ထဲမှ ကွမ်းသီးစိတ်ကလေးတစ်စိတ်ကို ကောက်ဝါးရင်း အိမ်ရှေ့က သံဆန်ခါကွက်တွင် နွယ်တက်နေသော ခွာဝါပန်းကလေးများကိုငေးကြည့်နေမိသည်။
အဆင်းအတက်နားက ပန်းခိုင်လေးများကိုကား အိမ်လာလည်သော ဧည့်သည်များက ခပ်လွယ်လွယ် ချိုးယူသွားတက်လို့ ကျိုးပဲ့နေသည်။
” လာနေလည်းဘာဖြစ်လဲ မမကြီးရဲ့ သူတို့က ငွေစိုက်ထားပီးဟာကို ကိုယ်ကမြေစိုက်ရမှာပေါ့ “
” အေး သူတို့ကို ငွေမစိုက်ခိုင်းပဲ ကိုယ့်ဘာသာဆောက်တော့ ကိုယ့်မြေကိုယ့်အိမ်ကို ကိုယ်မပိုင်ဘူးလား ကဲ “
” ဟူး ဘာလုပ်ရမှာလဲ အိမ်စုတ်ကြီးပိုင်လို့ “
အလတ်မက နှာခေါင်းရှုံ့သည်။
” မိငယ်ကတော့ အန်တီဖြူသမီးသိပ်ဖြစ်ချင်တာပဲ ဒါမှမဟုတ် ဦးကံသမီးဖြစ်ရင်လဲကောင်းမှာ သူတို့ကသိပ်ချမ်းသာတာ မေမေ့လိုလဲကပ်စေးမနှဲဘူး “
အငယ်မကစိတ်ထဲရှိရာ ပြောချလိုက်တော့ ဒေါ်လုံမခေါင်းထဲတွင် မိုက်ခနဲဖြစ်သွားသည်။ ရင်ထဲတွင်လဲ တရှိန်းရှိန်းပူပြီးဟာသွားသည်။
သမီးတို့သည်ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှုများကို ကိုယ်ပိုင်သည့်မြေကလေးထက်ပိုပြီး တပ်မက်လျက်ရှိကြပီကို စိတ်မချမ်းမြေ့စွာနှင့် သိရှိလက်ခံလိုက်ရသည်။
” နင် ဦးကံရဲ့သမီးတော့မဖြစ်နိုင်တော့ဘူး ချွေးမဖြစ်ချင်ရင်တော့ဖြစ်နိုင်တယ် ဦးကံမှာလဲသားတွေအများကြီး ဒေါ်ဖြူမှာလဲ သားတွေအများကြီး
နင်ကြိူက်ရာရွေး အဟေးး ဟေးး “
သားအလတ်ကောင်က သူ့ထုံးစံအတိုင်း တဟားဟားနှင့် ထရယ်သည်။
” ဟာဟ မိငယ်ရေ ငါတို့ဘယ်သူ့ကို ရွေးရင်ကောင်းမလဲ “
အလတ်မနဲ့ အငယ်မ တခစ်ခစ်နဲ့ရယ်ကြသည်။ ဒေါ်လုံမသည် ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးအစုံနှင့် ဦးလူအေးအားလှမ်းပီးကြည့်မိသည်။
ဦးလူအေးက ဘာကိုမှဂရုစိုက်မိပုံမပေါ်
ဒေါ်လုံမသည် ပင့်သက်ကိုရှိုက်ပီးရှူကာ ဘုရားစင်ကို မော်ပီးကြည့်မိသည်။ ရွှေရောင်၀င်းအိနေသော ဗုဒ္ဓ ရုပ်ပွားတော်က ရင့်ကျက်သော ဣနြေ္ဒ
နှင့် စံပယ်တော်မူနေသည်။
” အတ္တာဟိ အတ္တနော နာထော “
” မိမိကိုယ်သာ မိမိကိုးကွယ်ရာ၏ “
ဟု ဘုရားရှင် ဟောကြားခဲ့သော်လည်း ဒေါ်လုံမသည် ကိုယ့်ကိုယ်ကိုယ် အားကိုးရန် မယုံမရဲရှိလှသည်။ ဆုမတောင်းပဲ မနေနိုင်သည့်အတွက်
လက်အုပ်ချီကာ တီးတိုးဆုတောင်းမိသည်။
” အိမ်ရှင်ကို ဧည့်သည်မစော်ကားရလေအောင် ကယ်မပေးတော်မူပါဘုရား “
” မိမိကိုယ်မိမိ ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် စိတ်ဓာတ်နှင့် ခွန်အားကို တပည့်တော်မနှင့်တကွ သားသမီးများကိုပါ ပေးသနားတော်မူပါ အရှင်မြတ်ဘုရား “
မစန္ဒာ
စစ်ပြန်၊ ၁၉၈၉၊ သြဂုတ်
“၀တ္ထုတိုများ ၈”
Uncategorized