August 1, 2025
Uncategorized

မုဆိုးသံသရာနှင့် မေတ္တာကွန်ယက်

မောင်တမ်းတ

“ကျောင်းဆရာ … ဗျို့ ကျောင်းဆရာ”

အိမ်ရှေ့မှ အော်ကြီးဟစ်ကျယ် အသံကြောင့် ကျွန် တော် အိပ်ရာမှ နိုးလာသည်။ ကမန်းကတန်း ထရံ၌ ချိတ်ထားသော မျက်နှာသုတ်ပုဝါ၊ ကြွက်တန်းပေါ် တွင် တင်ထားသော သွားတိုက်ဆေးဗူးနှင့် သွားပွတ်တံတို့ကို လှမ်းယူလိုက်ပြီး အိမ်ရှေ့ ဝရံတာသို့ ထွက်ခဲ့သည်။

“ဟာ … ကိုစံရင်၊ မနက်စောစောစီးစီး ဘယ်တုန်းဗျ။ ဂုံနီအိတ်ကြီး ထမ်းလို့ပါလား။ ဘာလဲ … မြို့တက်ပြီး ပန်သွားရောင်းမလို့လား”

“ဘယ်ဟုတ်မှာတုံးဗျ။ ဒီကနေ့ တနင်္ဂနွေနေ့ဆိုတော့ တောလိုက်ဖို့ ကျောင်းဆရာကို လာခေါ်တာ။ ဒါက ဖွဲအိတ်ပါ”

“လိုက်ရတာပေါ့ဗျာ။ ကျုပ်လဲ ဒီနေ့ ငှက်ပျောတောထဲ သွားပြီး အောက်ချင်းငှက် သွားစောင့်ရမလားလို့ စဉ်းစားနေတာ”

ကိုစံရင်က ဖွဲကြမ်းအိတ်ကို မြေကြီးပေါ်တွင် ပစ်ချ ထားလိုက်ရင်း အိမ်ပေါ်သို့ တက်လာသည်။ ဖွဲကြမ်းအိတ်ပါသည် ဆိုကတည်းက မည်သည့်တောသွား၍ မည်သည့်သားကောင်ကို ပစ်မည်ကို ကျွန်တော် အဓိပ္ပာယ်ပေါက်ပြီး ဖြစ်သည်။

ရေချိုးဖလားခွက်ကို စင်ပေါ်မှ ဆွဲယူကာ ရေတွင်းရှိရာဘက်သို ခပ်သွက်သွက်ကလေး ဆင်းခဲ့သည်။

ရေချိုးပြီးနောက် ငှက်ပျောဖက်ဖြင့် ထမင်းထုပ်ကာ နှစ်ယောက်သား ဒယ်အိုးတောင်ဘက်သို့ ဦးတည် ထွက်ခွာခဲ့သည်။ တန်ခူးလဆန်း ဖြစ်နေ၍လည်း တတောလုံး တတောင်လုံး ရွက်နုများဖြင့် ဝေဆာလျက်ရှိသည်။

ခပ်ဝေးဝေး တနေရာတွင်မူ သစ်တောက်ငှက်တ ကောင်၏ သစ်ခေါင်းခေါက်သံက ကျွန်တော်တို့နှစ်ဦးအား ကြိုဆိုလျက် ရှိပေသည်။

သုံးမိုင်ကျော်ခန့် လျှောက်ခဲ့ပြီးသည့် အချိန်တွင် ဒယ်အိုးတောင်ပေါ်သို့ ရောက်လာသည်။

နေမင်းပြူထွက်စအချိန်ဖြစ်၍ တောငှက်မျိုးစုံ အသံတွဲဖြင့် သာယာလျက်ရှိသည်။

နှစ်စဉ်နှစ်တိုင်း ဤတောင်ပေါ်သို့ ရောက်ရှိနေကျဖြစ်၍လည်း တောသတ္တဝါများ မည်သည့်နေရာတွင် အိပ်စက်တတ်၍ မည်သည့်နေရာတွင် စားကျက်အဖြစ် ထားရှိသည့် ဓလေ့ကို သိရှိပြီးဖြစ်သည်။

တောစပ်တနေရာ အရောက်တွင် နှစ်ဦးသား စကားမပြောကြတော့ဘဲ ငှက်အော်သံများကို နားစွင့်ထောင်လျက် နားနေလိုက်ကြသည်။

မိနစ်ဝက်ခန့်အကြာတွင် ဒေါင်းဖိုတွန်သံ ကြားလိုက်ရသည်။

“ကျောင်းဆရာ … ကြားတယ်မဟုတ်လား။ ဒေါင်းဖို တကောင်ကတော့ တောင်အရှေ့ဘက်ခြမ်းကနေပြီး တွန်သံပေးနေပြီ။ ကျုပ် အရှေ့တောင်ခြမ်းဘက်ကနေ ဖွဲကြမ်းတွေ စချလာမယ်။ ခင်ဗျားက အနောက် ဘက်ကနေပြီး စချခဲ့တော့။ မနှစ်က ဆုံနေကျနေရာမှာ ဆုံကြရအောင်”

ကျွန်တော်တို့နှစ်ယောက်စလုံး ပါလာသည့် ဖွဲအိတ်နှင့် စပါးအိတ်ငယ် ကိုယ်စီလွယ်လျက်။

ကိုစံရင် အရှေ့ဘက်တောင်ခြမ်းသို့ ထွက်ခွာသွားခဲ့သလို ကျွန်တော်လည်း အနောက်ဘက်တောင်ခြမ်းသို့ ထွက်ခွာခဲ့သည်။

ကျွန်တော့် မျက်လုံးများကလည်း အငြိမ်မနေဘဲ မြေကြီးပေါ်ရှိ ဒေါင်းများ ခြေထောက်ဖြင့် ယက်၍ အစာရှာစားသည့် ခြေရာ၊ ဒေါင်း မစင်များစွန့်ထားသည့်နေရာ၊ ဒေါင်းအမွှေးကျွတ်ကျန်ရစ်ခဲ့သည့် နေရာများကို လိုက်ရှာ၍ ဖွဲတဆုပ်ကြဲလိုက်၊ စပါးလုံး လေးငါးလုံး ကြဲလိုက်နှင့် တနာရီခန့် ကြာသွားသည်။

နောက်ကျောဘက် လှည့်ကြည့်လိုက်သောအခါ တလံ မပြည့်တပြည့်စီခွာ၍ ကြဲခဲ့သည့်ပုံတန်းကလေးမှာ စီတန်း၍ ကျန်ရစ်ခဲ့လေသည်။

ဂုံနီအိတ်ထဲမှ ဖွဲနှင့် လွယ်ထားသော အိတ်ထဲမှ စပါးများကုန်လျှင် ယခင်က ဆုံနေကြနေရာသို့ ခပ်သွက်သွက်ကလေး လျှောက်လာခဲ့သည်။ ဆုံနေကျနေရာသို့ ကျွန်တော် ရောက်ရှိသောအချိန်တွင် ကိုစံရင်မှာ ဆေးတံထုတ် ဖွာလျက် စောင့်နေချေပြီ။

“ကျောင်းဆရာ … ကျင်းတူးပြီး စပါးစေ့တွေ ထည့် တော့ဗျာ။ အချိန်သိပ်မရှိတော့ဘူး။ ကျုပ် ဒီနေရာမှာ တဲဆောက်နှင့်မယ်။ ကျင်းထဲ စပါးစေ့ ထည့်တဲ့အခါ ရွေးထည့်အုံး။ ဆန်စေ့တွေ ပါနေအုံးမယ်”

ကျွန်တော်လည်း ကိုစံရင် လှမ်းပေးလိုက်သည့် စပါးနှစ်ဆုပ်ခန့်ကို လှမ်းယူလိုက်ကာ တဲဆောက်မည့်နေရာနှင့် ၁၀-လံခန့်အကွာတွင် ကျင်းတူးလိုက်သည်။ စပါး ကျင်းထဲ ထည့်မည့် စပါးစေ့များတွင် ဆန်စေ့ ပါ မပါ ရွေးချယ်ပြီး နှစ်ဆုပ်စလုံး ကျင်ထဲ ထည့်လိုက်သည်။

ဤကဲ့သို့ ပြုလုပ်ရခြင်းမှာ ဒေါင်းများသည် ဆန်များကို တွေ့ရသည်နှင့် တပြိုင်နက် လူကျွေးထားမှန်း သိ၍ လန့်ဖြန့်ကာ အဝေးသို့ ပျံပြေးသွားတတ်သောကြောင့် စပါးလုံးသန့်သန့်ကိုသာ ရွေးချယ်ထည့်ထားရခြင်း ဖြစ်ပေသည်။

ကျင်း အနားတဝိုက် အနည်းငယ်ကျနေသည့် စပါးလုံးများကို ကျင်းထဲသို့ တဖန် ကောက်ထည့်လိုက်ပြီး ကိုစံရင် တဲဆောက်နေသည့် နေရာသို့ ပြန်လာခဲ့သည်။ တဲဆောက်၍ မပြီးသေးသဖြင့် သစ်ကိုင်းများကိုကူခုတ်ပေးရင်း အလုပ်များနေရတော့သည်။

တဲ ဆောက်ပုံမှာ သစ်ကိုင်း ခပ်ဖြောင့်ဖြောင့် လေး ချောင်းကို ပထမဦးစွာ ထောင်ထားပြီး ယင်း အပြင်ဘက်မှ သစ်ကိုင်းအစိမ်းများတို့ဖြင့် ထူထပ်စွာ ဖုံးအုပ်ထားလိုက်သည်။

တဲဆောက်ပြီးလျှင် ကျွန်တော်တို့ နှစ်ဦးစလုံး တဲအတွင်းသို့ ဝင်လျက် အပေါက်ဖြစ်နေသည့် နေရာတိုင်းတွင် သစ်ကိုင်းငယ်များ ချိုးဖဲ့လျက် လုံခြုံအောင် ထပ်မံပိတ်ထားရသည်။

သည်အချိန်တွင် တဲအတွင်းသို့ အလင်းလုံးဝ ဝင်ရောက်လာနိုင်ခြင်း မရှိသဖြင့် မှောင်မဲလျက် ရှိနေပေသည်။ သို့ဖြစ်၍ အလင်းဝင်နိုင်အောင်နှင့် ကျွန်တို့တို့ ကျွေးထားသော စပါးကျင်းကို မြင်နိုင်စေရန် လက်သီးဆုတ်ခန့်ရှိသည့် အပေါက်ငယ်ကို ဖောက်လိုက်သည်။

ဒေါင်းကို အစာကျွေး၊ တဲထိုး၍ စောင့်ရသော အလုပ်မှာ တကယ်ပင် ပျင်းစရာကောင်းသည်။ စိတ် ရှည်လက်ရှည်ထား၍ စောင့်နိုင်မှသာလျှင် သင့်တော် ပေသည်။

တခါတရံ ဒေါင်းများအနီးသို့ ရောက်ရှိလာခြင်း မရှိသောကြောင့် စိတ်မောရသည့် ရက်များလည်း ရှိတတ်ပေသည်။

သို့သော် ယနေ့မူကား ဒေါင်းများ မလာရန်အကြောင်း မရှိ။ ယခင်နှစ်များကမူ အစာ စပါးစေ့ အနည်းငယ်ကိုသာ ကြဲထားသောကြောင့် ဒေါင်းများ မမြင်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ယခုမူ အရှေ့ဘက်တောင်ခြမ်းမှနှင့် အနောက်ဘက် တောင်ခြမ်း တန်းလျက်ရှိသော ဖွဲတန်းများတွင် ဖွဲဆုပ်ချတိုင်း စပါးစေ့ လေးငါးစေ့လောက်ကိုပါ ရောချ ထားသောကြောင့် ဒေါင်းများသည် ဖွဲတန်းများကို ကောင်းစွာ တွေ့ရသည်သာမက စပါးလုံးများကို ရှာဖွေရွေးယူ စားသောက်ရင်းမှ ကျွန်တော်တို့ တဲအနီးသို့ ရောက်ရှိလာမည်မှာ မလွဲပါချေ။

ဒေါင်းများ၏ အလေ့အထတခုမှာ သစ်ပင်တပင်မှ တပင် ပျံသန်းလျက် မြေပြင်ပေါ်တွင် သစ်စေ့များ၊ စပါးစေ့များ တွေ့လိုတွေ့ငြား ရှာဖွေလျက် ရှိတတ်ပေသည်။

သစ်စေ့များ၊ စပါးစေ့များ ရှိမည်ဟု ထင်ရသည့် နေရာများတွင် သစ်ပင်မှ ဆင်းသက်လျက် ကြက် များကဲ့သို့ မြေပြင်ကို ခြေထောက်ဖြင့်ယက်ကာ ရှာဖွေစားသောက်လေ့ ရှိသည်။

“ကိုစံရင် … ခင်ဗျား အိပ်ချင်ရင် အိပ်တော့။ နေ့လယ်အထိ ကျွန်တော် တာဝန်ယူ စောင့်နေမယ်”

ကိုစံရင်ကို အိပ်ခိုင်းခြင်းမှာ အကြောင်းနှစ်ရပ် ရှိ သည်။ တယောက်ကို တယောက် စကားပြောနေမိ မည်ကို စိုးရိမ်သည်က တကြောင်း၊ နှစ်ဓယာက်စလုံး အိပ်ငိုက်မိမည်ကို စိုးရိမ်သည်က တကြောင်း တယောက် တလှည့်စီစောင့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

စားကျင်းပြုလုပ်၍ စောင့်ရသည့်အလုပ်မှာ အထက်ဆိုခဲ့သည့်အတိုင်း ပျင်းစရာကောင်းပေမင့် အချိန် တချိန်တည်းတွင် ဒေါင်း နှစ်ကောင် သုံးကောင်ကို တပြိုင်တည်း လွယ်လွယ်နှင့် ရနိုင်သောကြောင့် အပင်ပန်းခံ၊ အချိန်ကုန်ခံ၍ စောင့်ရခြင်းဖြစ်သည်။

သေနတ်မရှိသူများအဖို့မူ ဒေါင်းစောင့်ရန် နည်းတခုရှိသည်။ ဒေါင်းများ ရေဆင်းသောက်တတ်သည့် ကျွဲလူးအိုင်များအနီးတွင် ညွှတ်ကွင်းထောင်၍ ဖမ်းခြင်း၊ သို့မဟုတ် ကျွဲလူးအိုင်များအနီးတွင် သစ်ရွက်စိမ်းတဲများကို ထူထပ်စွာ ပြုလုပ်လျက် ယင်း ပြုလုပ်ထားသည့် တဲမှနေ၍ စောင့်ရသည်။

ဒေါင်းများ ရေဆင်းသောက်သည့်အခါ တဲအတွင်းမှ ဗြုန်းဒိုင်း ထွက်၍ ညာသံပေး အော်ဟစ်ကာ ချောက်လှန့်ယူရသည်။ သည်အချိန်တွင် ဒေါင်းများသည် လန့်ဖျပ်လျက် အရှိန်ဖြင့် ရှေ့သို့ ထွက်အပြေး ၎င်းတို့ အမြီးများ ရွှံ့ဗွက်ရေများဖြင့် ပေကျံလျက် ထပျံနိုင်ခြင်း မရှိတော့ပေ။ မြေပြင်တွင် လျှောက်ပြေးနေပေမည်။

ယင်းအခါကျမှ ဒုတ်ဖြင့်သော် လည်းကောင်း၊ ဓား ဖြင့်သော်လည်းကောင်း ရိုက်နှက် ထိုးခုတ် ယူရလေသည်။

ဒေါင်းများသည် ယင်းတို့၏ ကိုယ်အလေးချိန်ကြောင့် ချက်ချင်း မြေပေါ်မှ ပျံသန်းနိုင်ခြင်းမရှိဘဲ မြေပြင် ပေါ်တွင် အရှိန်ရအောင် ပြေးပြီးမှ ပျံသန်းနိုင်ပေ သည်။ ချောက်လှန့်ယူသောနည်းမှာ အများအားဖြင့် ဒေါင်းဖိုများကိုသာ အမိဖမ်းရတတ်သည်။

“ရွှေ့ … ရွှီ”

တောကြက်မ မိသားစုတအုပ်က စားကျင်းအနီးသို့ ရောက်ရှိလာသည့်အတွက် ကျွန်တော်က လေသံတိုးတိုးဖြင့် ချောက်လိုက်ရသည်တွင် ကိုစံရင် နိုးလာ သည်။

ကျွန်တော်တို့ နှစ်ယောက်စလုံး ပါလာသည့် ထမင်းထုပ်ကို ဖြေလျက် နေ့လယ်စာအဖြစ် စားသောက်ပြီးနောက် ကျွန်တော်က ကိုစံရင်ကို တာဝန်ပေး စောင့်စေကာ တရေးတမော အိပ်လိုက်သည်။

ခပ်ကြမ်းကြမ်း အနှိုးခံလိုက်ရမှ ကျွန်တော် နိုးလာသည်။ ချက်ချင်းပင် မျက်လုံးကို ပွတ်သပ်ပြီး ဖောက်ထားသော အပေါက်မှတဆင့် ကြည့်လိုက်ရာ ဒေါင်းဖိုတကောင်နှင့် ဒေါင်းမသုံးကောင်တို့သည် ခဲတပစ်စာ ခပ်လှမ်းလှမ်းတနေရာရှိ ဖွဲပုံမှ စပါးလုံးများကို ရွေးချယ်စားသောက်ရင်း ကျွန်တော်တို့ဆီသို့ တရွေ့
ရွေ့ ဦးတည်လာနေသည်ကို တွေ့ရပေသည်။

“စားကျင်းကို ၄ ကောင်စလုံး နှိုက်စားတဲ့အချိန်မှ ပစ်နော့”

ကိုစံရင်က လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်ကို ခေါင်းညိတ် သဘောတူလိုက်ရင်း ရင်တဒိတ် ဒိတ်ဖြင့် စောင့်နေရသည်။

ဒေါင်းများမှာ ဘေးဘီသို့ပင် လှည့်မကြည့်အားဘဲ တပုံနှင့် တပုံ တလံမပြည့်တပြည့်စီ ခွ၍ ချထားသော ဖွဲပုံများမှ စပါးလုံးများကို အလုအယက် ရှာဖွေစားသောက်လျက် ကျွန်တော်တို့ စားကျင်းရှိရာ သို့ တိုး၍တိုး၍ လာလေသည်။

ကျွန်တော်က သေနတ်ပြောင်းဝကို ဖောက်ထားသော အပေါက်မှတဆင့် စားကျင်းရှိရာသို့ ထိုးချိန်ထားလိုက်သည်။

တအောင့်လောက်အကြာတွင် ဒေါင်းဖိုတကောင် စားကျင်းသို့ အရင်ဦးစွာ ရောက်ရှိလာပြီး စပါးစေ့များကို အငမ်းမရ ဆိတ်ယူစားသောက်နေလေတော့သည်။

ခဏအကြာတွင် ကျန်အကောင်များကလည်း ဝိုင်းအုံလာ၍ အလုအယက် စားသောက်လျက် ရှိလေပြီ။

ဒိုင်းကနဲ မြည်သံနှင့်အတူ ဒေါင်းဖိုနှင့် ဒေါင်းမတ ကောင်မှာ ခဏကြာမျှ ဆန့်ငင်ဆန့်ငင်ပြုရင်း မြေပြင်ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်သွားသော်လည်း ဒေါင်းမတကောင်မှာမူ ခြေထောက်တဖက်ကို ကျည် ဆံမှန်၍ ကျိုးသွားရာ တောင်ပံကို အားပြုလျက် မြေ ပြင်ပေါ်၌ လူးလိမ့်လျက် ရှိနေသည်။

ကိုစံရင်က တဲအပြင်ဘက်သို့ ပြေးထွက်သွားကာ ဝါးကိုင်းတခုဖြင့် လည်ပင်းကို ရိုက်လိုက်မှ ငြိမ်သက် သွားလေသည်။

ဒေါင်းမလေးတကောင်မှာ မြောက်ဘက်တောစပ်အတွင်းသို့ ပျံသန်းပျောက်ကွယ်သွားချေသည်။

“ကိုင်း … ကျောင်းဆရာ၊ ဒေါင်းမနှစ်ကောင် ထမ်းပြီး ပြန်နှင့်တော့။ ကျုပ် မြောက်ဘက်တောခြမ်းမှာ ပေါက်နေတဲ့ တောသရက်ပင်ကြီးပေါ်က ပျားလပို့ ရှိ မရှိ သွားကြည့်ဦးမယ်။ လိုလိုမယ်မယ် သေနတ်နဲ့ ကျည်ဆံ လေးငါးတောင့် ပေးလိုက်ဗျာ”

“ကိုစံရင် … ခင်ဗျားကို ဒလပ်ပင်တောစပ်က ယာတဲထဲမှာ စောင့်နေမယ်နော့”

ကိုစံရင်က ခေါင်းတချက်ညိတ်ပြရင်း မြောက်ဘက်တောခြမ်းသို့ ထွက်ခွာသွားခဲ့သလို ကျွန်တော်လည်း သူ့အား နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။

နာရီဝက်ခန့် အကြာတွင် ဒိုင်းကနဲ သေနတ်သံတချက် ကြားလိုက်ရသည်။

ကိုစံရင် ဘာများပစ်ပါလိမ့်။ မြောက်ဘက်တောင်ခြမ်းသို့ ပျံသန်းပြေးထွက်သွားသော ဒေါင်းမကလေးနှင့် တိုးခြင်းလော၊ သို့မဟုတ် တောကောင် တကောင်နှင့် တွေ့နေခြင်းလော။

သို့လော သို့လော တွေးရင်း ကိုစံရင် အပြန်ကို စိုးရိမ်တကြီးနှင့် စောင့်နေရတော့သည်။

နေလုံး ပျောက်ကွယ်သွားသည်ထိ ကိုစံရင်တယောက် ပေါ်မလာသည်နှင့် လိုက်ကြည့်မှ တော်တော့မည်ဟု ဆုံးဖြတ် စဉ်းစားနေမိစဉ်ကိုစံရင်တယောက် ဂုံနီအိတ်ပိုးလျက် သေနတ်ကို လက်ဖြင့်ဆွဲလျက် ပေါ်လာသည်။

သူ ကျွန်တော့်အနား ရောက်ရောက်ချင်း စောစောက အဖြစ်ကို သိလိုသည်နှင့် ဆီး၍ မေးလိုက်သည်။

“ခင်ဗျား ဘာအကောင်တွေ့လို့ ပစ်တာလဲ ကိုစံရင်။ ခင်ဗျား ဒေါင်းဖိုကြီးကော”

“တောထဲမှာ ကျန်ရစ်ခဲ့ပြီဗျ။ ဒေါင်းဖိုအစား ဝက်ဝံကလေး နှစ်ကောင်ဘဲ ရလာတယ်”

ကိုစံရင်က ပြောရင်းဆိုရင်း တဲပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။

ဂုံနီအိတ်ထဲတွင် ပါလာသော ဝက်ဝံကလေး နှစ်ကောင်မှာ တအိအိ အော်လျက် ထွက်လမ်းရရန် ဂုံနီအိတ်ကို ကိုက်ဖြဲလှုပ်ရှား တိုးထွက်နေသည်။

ကိုစံရင် ပြောပြချက်အရ သိရသည်မှာ မြောက်ဘက်တောသို့ ထွက်ခွာသွားပြီး ပျားအုံရှိသည်ဆိုသည့် တောသရက်ပင် အရောက်တွင် သစ်ပင်ပင်စည်တဖက်၌ ပျားလပို့စားနေသော ဝက်ဝံသားအမိ သုံးကောင်နှင့် ရုတ်တရက် ရင်ဆိုင်တိုးခဲ့ရကြောင်း၊ သေနတ်ဖြင့် ပစ်ချိန်မရမီ ဝက်ဝံမကြီး လိုက်သဖြင့် ပြေးခဲ့ရကြောင်း သိရလေသည်။

“ဒါနဲ့ ဒေါင်းဖိုနဲ့ ဘာဆိုင်လို့လဲ။ ကြောက်အားလန့်အားနဲ့ ပြေးခဲ့ရလို့ ကျန်ရစ်ခဲ့ပြီပေါ့”

“ကျန်ရစ်ခဲ့တာပေါ့ဗျ။ ဒေါင်းဖိုကြီး ကျန်ရစ်ခဲ့တာ ကျုပ်အတွက် သိပ်ကံကောင်းသွားတယ်။ ဝက်ဝံမ ကြီးက ကျုပ်ကိုလိုက်ရင်း ကျကျန်ရစ်ခဲ့တဲ့ ဒေါင်းဖိုကြီးကို ရန်သူအမှတ်နဲ့ ကုတ်ဖဲ့ပစ်လိုက်တာ မွမွကိုကြေသွားတာဘဲ”

“ဒါနဲ့ နောက်ဆုံးတော့ ကျုပ်လဲ ပြေးရင်းလွှားရင်း ခပ်ဝေးဝေးတနေရာကနေ သေနတ်နဲ လှမ်းပစ်လိုက်တာ ဘယ်နေရာ မှန်သွားတယ် မသိဘူး။ မြောက် ဖက်ချောက်ကြီးထဲကို လန့်ဖျပ်ပြီး ပြေးဆင်းသွားတာဘဲ။ ခြေရာခံလိုက်ကြည့်တော့ သွေးစက်နဲနဲကလေးဘဲ တွေ့ရတယ်။ မိုးမချုပ်သေးရင်တော့ သိပ်ကောင်းမှဘဲ။ ဝက်ဝံကလေး နှစ်ကောင်ကလဲ မအူမလယ်နဲ့ အဲဒီအနားမှာ ကျန်ရစ်ခဲ့တော့ ဖမ်းပြီးအိတ်ထဲထည့်ယူလာခဲ့တာပေါ့ဗျာ”

ဖြစ်ခဲ့သည်များကို ကုန်စင်အောင် ကိုစံရင်က ရှည် ရှည်ဝေးဝေး ရှင်းပြပြီးသည့်နောက် တဲတွင် ခဏနား ကာ ရွာသို့ ပြန်ခဲ့သည်။ ရွာပြန်ရောက်ချိန်တွင် ည (၇) ခန့်မျှလောက် ရှိပေပြီ။

အိမ်ရောက်ရောက်ချင်း ကိုစံရင်က ဝက်ဝံကခလေးနှစ်ကောင်ကို ဂုံနီအိတ်ထဲမှ ထုတ်လိုက်သည်။ ဝက်ဝံကလေး နှစ်ကောင်မှာ နို့ဆာသဖြင့် ကိုစံရင်၏ လက်မများကို ဝိုင်းစုတ်လိုက်။

ထိုင်နေသော ကျွန်တော်၏ ပေါင်ပေါ် တက်ဆော့လျက် ခြေသလုံးများကို ကိုက်ကစားလျက် ရှိနေလေသည်။

“ကျောင်းဆရာ၊ ခြံစည်းရိုး လုံတယ် မဟုတ်လား။ ဒီ ဝက်ဝံကခလေး နှစ်ကောင်ကို မွှေးစားရင် ကောင်း မယ်ထင်တယ်။ သနားပါတယ်ဗျာ”

ကိုစံရင်က ပြောရင်းဆိုရင်း ထိုင်ရာမှ ထလိုက်ကာ အိမ်အောက်ဆင်းသက်ပြန်သွားသည်။ ကျွန်တော်က ဝက်ဝံကလေးနှစ်ကောင်ကို လည်ဂုတ်မှ ဆွဲယူလျက် အိမ်စောင့်ခွေး ငနီ၏ လှောင်ချိုင့်ထဲတွင် ထည့်ထား လိုက်သည်။

ငနီမှာ လှောင်အိမ်ထဲတွင်ရှိသော ဝက် ဝံကလေးနှစ်ကောင်ကို ကြည့်ရင်း နားရွက်ထောင်၊ အမြီးတန်းလျက် ဟောင်နေစဉ် ဝက်ဝံကလေး နှစ်ကောင်ကလည်း ကြောက်အားလန့်အားနှင့် ဟိုချောင်ကပ်၊ သည်ချောင်ကပ် ပြေးလွှားရှောင်ပုန်းနေလေသည်။

သည်အတိုင်းဆိုလျှင် အိပ်မရမည် စိုးသဖြင့် ငနီကို အိမ်အပေါ်ထပ်သို့ ဆွဲခေါ်ကာ သံကြိုးဖြင့် ချည်ထားလိုက်မှ ခွေးဟောင်သံ ငြိမ်သက်သွားသည်။

အောက်ထပ်တွင်ရှိသော ဝက်ဝံကလေး နှစ်ကောင်မှာ လှောင်အိမ်ကို ကုတ်ဖဲ့လျက် တအီအီ အော်လျက်ရှိနေသည်။

မတတ်နိုင်တော့ပြီ။ နွားမွေးသည့် ရွာတောင်ပိုင်းရှိ ကိုဖိုးချက် အိမ်ဘက်သို့ ထွက်ခဲ့သည်။ ကိုဖိုးချက်တို့ အိမ်မှာ အတော်ကလေး ဝေးသဖြင့် အသွားအပြန် ၁၅-မိနစ်မျှ လျှောက်ယူရပေသည်။

ကျွန်တော် ရောက်သွားချိန်၌ ကိုဖိုးချက်မှာ နွားတင်းကုတ်အတွင်းတွင် အလုပ်ရှုပ်လျက် ရှိနေသည်။

“ရော … ညကြီး မင်းကြီး ဘာလာလုပ်တာလဲဗျ။ လမ်းမှားလာပြီနဲ့ တူတယ်”

“ဘယ်ဟုတ်မှာလဲဗျ၊ သက်သက်မဲ့ ခင်ဗျားဆီကို လာတာ။ နေ့လယ်တုန်းက တောလည်သွားတုန်း ဝက်ဝံကလေးနှစ်ကောင် တွေ့ခဲ့လို့ ဖမ်းလာတာဗျာ။ ခုတော့ ကျုပ် ဒုက္ခကို ရောက်လို့။ ဝက်ဝံကလေးနှစ် ကောင်က နို့ဆာတယ်လေ။ တအီအီ အော်နေပေါ့။

ကျုပ်လဲ သနားတာနဲ့ ခင်ဗျားဆီ နွားနို့လေးများ ရမလားလို့ ထွက်ခဲ့တာ။ ဖြစ်နိုင်ရင် ရှိသလောက် ညှစ်ပေးစမ်းပါ။ နို့မို့ရင်တော့ သူတို့ အော်နေတာနဲ့ ကျုပ် တညလုံး အိပ်လို့ရတော့မှာ မဟုတ်ဘူး”

နွားကလေးများ စို့ထားပြီဖြစ်၍ ချိုင့်ကလေးတလုံးရအောင် အတော်ကလေး ညှစ်ယူရသည်။ နို့ညှစ်၍ပြီး ပြန်တော့လည်း ကိုဖိုးချက်နှင့် စကား ကောင်းနေသဖြင့် အချိန်ကလေး အတော်ကြာသွားမိသည်ကိုပင် သတိမရတော့။ စကားစကို ဖြတ်လျက် ကျွန်တော် ခပ်သွက်သွက်ကလေး ပြန်ခဲ့သည်။

ယခုမှ သတိရမိသည်။ ကျွန်တော့်အိမ်တွင် အိမ်စောင့်ခွေး ငနီမှလွဲ၍ အိမ်တွင် မည်သူမျှ မရှိသဖြင့် စိတ်ပူနေဆဲ ရွာလယ်ခေါင် လမ်းမပေါ်တွင် မီးတုတ်များဖြင့် စုရုံးနေသည့် လူတသိုက်ကို တွေ့ရလိုက်သည်။

“ဘာဖြစ်တာလဲ”

“ဟာ … အတော်ဘဲ ကျောင်းဆရာ။ ကျုပ်တို့ ရွာထဲကို တောကောင်တကောင် ဝင်နေတယ် ထင်တယ်၏။ လိုက်ဟောင်တဲ့ ခွေးတွေ (၂ ) ကောင် (၃) ကောင် အကုတ်ခံလိုက်ရတယ်။ ကျုပ်ခွေးတောင် သေမလား ရှင်မလား မပြောတတ်ဘူး”

မီးတုတ်တဖက်၊ ဓားလွယ်တဖက်ကိုင်လျက် ဒူးတုန် နေသည့် ကိုဖိုးထောင်က ခပ်သွက်သွက်ကလေး တုန်တုန်ယင်ယင်နှင့် ပြောပြလိုက်မှ စောစောပိုင်းတွင် ခွေးတသိုက် ဝိုင်း၍ ဟောင်နေသည့် အဖြစ်ကို သတိရမိလာသည်။

ချက်ချင်းပင် အိမ်ရှိရာသို့ ခြေကုန်သုတ်၍ ပြေးလိုက်ပြီး တံခါးကို ကမန်းကတန်းဖွင့်၊ သေနတ် ကျည်ခါးပတ်နှင့် သုံးခဲထိုးလက်နှိပ်ဓာတ်မီးကို အမှောင်ထဲတွင် စမ်းတဝါးဝါး ရှာဖွေလျက် လူစုရုံးစုရုံး ဆူညံနေသည့် ရွာလယ်သို့ပြန်ခဲ့သည်။

“ဦးကြီးမောင် … ဘယ်သူမှ အိမ်အောက်မဆင်းဖို့နဲ့ တံခါးပိတ်နေကြဖို့ ရွာထဲကလူတွေ အားလုံးကြား အောင် ခပ်ကျယ်ကျယ်လေး အော်ပေးစမ်းပါ”

ရွာသူကြီး ဦးကြီးမောင်အား လှမ်းပြောလိုက်ပြီး ဓာတ်မီးရှိသည့် လူသုံးလေးယောက်ကို ခေါ်လျက် ခွေးများ ဝိုင်း၍ ဟောင်နေသည့်ဘက်သို့ ထွက်ခဲ့သည်။

ငှက်ပျောတောဘက်တွင် ခွေးများ တစီစီဟောင်လျက် ရှိနေရာ ဓာတ်မီး သုံးလေးလက်၏ အရောင်မှာ ယင်းနေရာတဝိုက် နေရာအနှံ့အပြားသို့ ပြေးလွှားလျက် ရှိပေသည်။

”ဟာ … ဟိုမှာ”

ကိုစံရင် အလန့်တကြား အော်ပြောသည့် အာမေဋိတ် အသံကြောင့် သူ့လက်နှိပ်ဓာတ်မီးဖြင့် ထိုးပြရာမြင် ကွင်းဘက်သို့ လှည့်ကြည့်မိသည်။ ခွေးများ ဝိုင်း၍ ဟောင်နေသည့် မီးကျီးရောင် မျက်လုံးပိုင်ရှင်မှာ ရန် သူများကို ပြန်လည်ပုတ်သက်ရန် အသင့်အနေအထားဖြင့် မားမားကြီး ရပ်နေသည်။

သေနတ်ဖြင့်ပစ်ရန် အလှမ်းကွာဝေးသေးသဖြင့် သူ့ မျက်နှာတဲ့တဲ့ကို နှိပ်ဓာတ်မီးများဖြင့် ဝိုင်းထိုးရင်း တိုး၍ တိုး၍ တလှမ်းချင်း တက်ခဲ့သည်။ (၁၈) ကိုက်အကွာတွင် ကိုစံရင်ကို လက်နှိပ်ဓာတ်မီးထိုးခိုင်းထားပြီး ကျွန်တော်က သေနက်ဖြင့် သေချာစွာ ထိုးချိန်မောင်းဖြုတ်ပစ်လိုက်သည်။

မီးပွင့်ထွက်သွားပြီးသည့်နောက် မရှေးမနှောင်းတွင် တောကောင်မှာ ဖင်ထိုင်ရက် ကျသွားလျက် လူးလွန့် လှုပ်ရှားနေလေသည်။

“ကိုစံရင် မီးပိတ်ထားတော့။ တောကောင် သေ မသေ အခြေအနေ ခဏစောင့်ကြည့်လိုက်ရအောင်”

မီးပိတ်လိုက်သဖြင့် ဘာမျှ မမြင်ရတော့ဘဲ နာကျည်း စွာ ညည်းနေသည့် တောကောင်၏ အသံများကိုသာ ကြားရသည်။ ခဏအကြာတွင် တောကောင်၏ လူးလွန်လှုပ်ရှားမှုများ ငြီးတွားသံများကို လုံးဝဆိတ်ငြိမ်သွားသည့်အခါ လက်နှိပ်ဓာတ်မီးများဖြင့် တောကောင်ရှိရာသို့ ထိုးကြည့်လိုက်ကြသည်။

သေနေပြီဖြစ်သော တောကောင်၏ နို့သီးများကို တပြွတ်ပြွတ်မြည်အောင် ဝိုင်း၍ စို့နေသည့် ဝက်ဝံကလေးနှစ်ကောင်ကိုပါ တွေ့လိုက်ရသည့်အတွက် အံ့ဩသွားမိသည်။

ကျွန်တော်တို့တသိုက် သေနေပြီဖြစ်သော ဝက်ဝံကြီးဆီသို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လိုက်သည်။

“ဟိတ် … ကျောင်းဆရာ။ ကျုပ်တို့ ဖမ်းလာခဲ့တဲ့ ဝက်ဝံကလေးတွေ ထင်တယ်”

“ကြံကြီးစည်ရာဗျာ၊ မဟုတ်ရပါဘူး။ ကျုပ် သေသေချာချာ ခွေးလှောင်အိမ်ထဲ ထည့်ထားခဲ့တဲ့ ဥစ္စာ”

ကျွန်တော်က ကိုစံရင်၏ ထင်မြင်ချက်ကို ချေပလိုက်ပြီး နို့စို့နေသည့် ဝက်ဝံကလေးတကောင်ကို ပွေ့ချီ ယူလိုက်သည်။

ဝက်ဝံမကြီးမှာ ဒဏ်ရာသုံးချက်ဖြင့် အသက်ဇီဝိန်ချုပ်လျက် သွေးအလိမ်းလိမ်းဖြင့် လဲလျောင်းနေချေပြီ။ ခန့်မှန်းကြည့်ခြင်းအားဖြင့် ဝက်ဝံမကြီး၏ လုံးပတ်မှာ ဆန်အိတ်ကြီးလောက်မျှ ရှိပေလိမ့်မည်။

“ကိုဖိုးထောင်၊ ရွာသားတွေခေါ်ပြီး ဝက်ဝံဖျက်ဖို့ လုပ်ဗျာ။ ကျုပ်တော့ ဒီဝက်ဝံကလေးနှစ်ကောင်ရရင် ကျေနပ်ပြီ။

ကိုရင်က တကောင် ပွေ့ခဲ့ဗျာ။ အိမ်မှာရှိတဲ့ အကောင်တွေအတူ လှောင်ထားရအောင်”

သေနတ်ကို ပခုံးတွင်လွယ်လျက် ဝက်ဝံကလေး တကောင်ကို ပွေ့ကာ ထွက်ခွာခဲ့သလို ကိုစံရင်ကလည်း ဝက်ဝံကလေးတကောင် ပွေ့လျက် ကျွန်တော့်နောက်မှ တကောက်ကောက် လိုက်ခဲ့သည်။

အိမ်ဝင်းနားရောက်သည်နှင့် အိမ်ပေါ်တွင် သံကြိုးဖြင့်ချည်ထားသော ငနီ၏ ဟောင်သံက ဆက်တိုက် ထွက်ပေါ်လာသည်။ ဝင်းတံခါးဖွင့်၍ ဝင်မိလိုက်လိုက်ခြင်း အိမ်အောက်ထပ်ရှိ ခွေးလှောင်အိမ်ကို ဓာတ်မီးနှင့် ထိုးကြည့်လိုက်ရာ မယုံကြည်နိုင်အောင် ဖြစ်သွားမိသည်။

ခွေးလှောင်အိမ်မှာ ချိုးဖဲ့ခြင်း ခံလိုက်ရသည့်အတွက် ထိုးထိုးထောင်ထောင်နှင့် ကျိုးပဲ့၍ နေသည်။ လှောင်ထားသော ဝက်ဝံကလေးနှစ်ကောင်လည်း မရှိတော့။

ကိုစံရင် စောစောက ပြောခဲ့သည့် ဝက်ဝံကလေးနှစ်ကောင်မှာ လှောင်အိမ်ထဲမှ လွတ်မြောက်သွားသည့် ဝက်ဝံကလေးနှစ်ကောင် ဖြစ်နေပြီလားဟု သံသယဝင်လာသဖြင့် ခြံစည်းရိုးများကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။

ခြံစည်းရိုး တနေရာတွင်မူ သတင်းစာစက္ကူကို လက်သီးဖြင့် ထိုးဖောက်ထားသည့်အလား ကျိုးပေါက်နေချေပြီ။

“ကိုစံရင် …. ခင်ဗျားပြောတာ မှန်တယ်။ ခုယူလာတဲ့ ဝက်ဝံကလေး နှစ်ကောင်ဟာ ကျုပ် နွားနို့ သွားဝယ်တုန်း ခွေးလှောင်အိမ်ထဲမှာ ထည့်ထားခဲ့တဲ့ ဝက်ဝံကလေးနှစ်ကောင်ပါဘဲ။ ကျုပ် အိမ်မှာမရှိတုန်း ဝက်ဝံမကြီးက ခြံစည်းရိုးဖျက် ဝင်လာပြီး သူ့ သားတွေ ပြန်ခေါ်တာကိုးဗျ”

“အေးဗျာ၊ ကျုပ်လဲ အခုမှ တွေးမိတယ်။ တခါ တလေ တောလိုက်ရတာ သံဝေဂတောင် ရလာပြီ။ လူမပြောနဲ့ သတ္တဝါတွေတောင် သည်လောက် မိခင် စိတ်ရှိလှတာ ကျုပ် ဒီတခါဘဲ မြင်ဘူးတယ်။

ခု ကြည့်စမ်း၊ ဒဏ်ရာရနေတဲ့ ဝက်ဝံမကြီးက သုံးလေးမိုင်ကနေ သူ့သားလေးတွေ အနံ့ခံလိုက်လာရင်း အသက်တချောင်း ပေးသွားရရှာတယ်ဗျာ…….”

ကျွန်တော် ဘာမျှ မပြောနိုင်တော့။ ဝက်ဝံကလေး တကောင်ကို ပွေ့ထားသည့် ကျွန်တော့်လက်များက တည်ငြိမ်မှုမရှိဘဲ တုန်လှုပ်နေသလို ကျွန်တော့်နှလုံးသားကလည်း တုန်ခါလျက်။

ဝက်ဝံသားအမိသုံးကောင်ကို သေကွဲကွဲအောင် ပြုလုပ်ခဲ့သည်မှာ ကျွန်တော်လော ကိုစံရင်လော။ ကျွန်တော် တရားခံအစစ်ကို မဝေခွဲတတ်ပါချေ။

သို့ရာတွင် ဝက်ဝံကလေးများ၏ မိခင်ကိုယ်စား ကျွန်တော်သာလျှင် ကြီးပြင်းလာသည်ထိ ပြုစုသွားရန် ဆုံးဖြတ်လိုက်သည်။

ကျွန်တော် မုဆိုးပေမင့် သားသမီးစာနာတတ်သည့် နှလုံးသားကို ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။

ငွေတာရီမဂ္ဂဇင်း၊ ဩဂုတ်လ၊ ၁၉၇၇

– ပြီး –

စာရေးသူ – မောင်တမ်းတ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *