ကျော်စိုးဗိုလ်
၁၃ရက်မြောက်နေ့၊ ၁၃း၀၀နာရီ၊ ၁၃ပေပြောင်
နံနက် ၇းဝဝနာရီ။
“ကိုစိုး … ခင်ဗျားနဲ့ စံလင်းက တစ်ဖွဲ့လိုက်၊ ကျွန်တော်၊ တင်လှနဲ့ သိန်းစိုးက တစ်ဖွဲ့လိုက်မယ်”
အဘက လူခွဲနေခြင်း ဖြစ်သည်။
ကျွန်ုပ်က မနေ့က ည ၈-နာရီခန့်မှ စခန်းသို့ ပြန်ရောက်သဖြင့် ထမင်းစားနောက်ကျခြင်း၊ ဒီဇင်ဘာလ၏ အအေးဒဏ်ကို ခံစားရင်း ရေခဲတမျှအေးသည့် ချောင်းရိုးတွင်းမှ ၆-နာရီခန့်ကြာအောင် လျှောက်၍ ပြန်ခဲ့ ရခြင်းတို့ကြောင့် ညက အကိုက်အခဲပျောက်ဆေး၊ အိပ်ဆေးများသောက်၍ အိပ်ခဲ့ရသည့်တိုင် တော်တော်နှင့် အိပ်မပျော်။
စခန်းမှာလည်း အကာအကွယ် တစ်စုံတစ်ရာမရှိ၊ ပကတိမြေပြင်။ ကျောတင်ရသည်မှာ ပလတ်စတစ် ground sheet။ အိပ်စင်မရှိ။ အနီးအနားမှ မျောခုတ်၊ လေးတိုင်စင်စိုက်၍ နှင်းကာရုံ သစ်ခက်များတင်မိုးကာ မြေမွေ့ရာတွင် အိပ်ခဲ့ရ၍ ညရေးညတာ၊ ဝံ၊ ဆင်၊ ကျား၊ ကျားသစ်က အချိန်မရွေး ရောက်လာနိုင်သဖြင့် တစ်ညလုံး စိတ်ချလက်ချ မရှိ။
ခေါင်းရင်းနှင့် ခြေရင်းတွင် ဖိုထားသော မီးဖိုနှစ်ဖိုကို တပည့်ဖြစ်သူ ဝင်းမြင့်နှင့် တစ်ယောက်တစ်လှည့် မီးထထည့်ပေးနေရသည်။
လမ်းပြ၊ တင်လှ၊ စံလင်းနှင့် တင်လှ၏သားမက် သိန်းစိုးတို့မှာ မနေ့က ပင်ပန်းခဲ့သည့်အရှိန်ကြောင့် အညောင်းပြေပါ ဆရာရယ်ဟု ခွင့်တောင်းကာ အရက်အဆီတစ်လုံးကို ရေသုံးပုလင်းစပ်၊ ပေါင်း လေးပုလင်းအား သုံးယောက်ချက်လဲ့ခံမော့၍ သောက်ပြီး နှပ်လိုက်ကြရာ လူမှန်းပင်မသိ။
အဘ၏တပည့် ထွန်းလွင်မှာလည်း ဝင်းမြင့်နှင့်အတူ စခန်းချရ၊ ထင်းရှာရ၊ ချက်ပြုတ်ရသဖြင့် ကျွန်ုပ်တို့ ပြန်မရောက်မီကပင် အိပ်နှင်သူ။
ဒီတော၊ ဒီတောင်၊ ဒီမြောင်၊ ဒီလမ်း၊ ဒီတောင်တန်းအကွယ်၊ ဒီချောက်ကမ်းပါးကြီးရာနယ်မှာ ကျွန်ုပ်နှင့် ဝင်းမြင့်တို့ အဘယ်မှာလျှင် အိပ်ပျော်နိုင်ပါမည်နည်း။
အဘမှာမူ လူကြီးပီပီ အနားယူရန် လိုအပ်သည်လေ။ အိပ်ပါစေ။
စခန်းချထားသည့်နေရာမှာ တောကြီးတောင်ကြီးအတွင်းမှ သစ်ထုတ်သစ်ခုတ်စခန်းဟောင်း ကွက်လပ်ကလေး။ ပတ်ပတ်လည်တွင် သစ်ကြီးဝါးကြီး၊ ဂနိုင်ဆီး၊ မြိုင်ကြီးအရိပ်၊ တောင်ကြီးထိပ်။
စခန်းနှင့်ကပ်လျက် အနောက်ဘက်တွင် သဖန်းချောင်းသို့ စီးသည့် ရေစမ်းမြောင်ကလေး။ ထိုမြောင်တစ်ဖက်ကမ်းမှ တစ်ခါတစ်ရံ အော်လိုက်သည့် တောဆင်အုပ်သံက ဆင်ကလေးငယ်ပါသည့်ထင့်၊ ဆော့သည့် ထင့်။
“တဝူး၊ ဝူးတကွီ၊ ကွီ”
ထိုအထဲတွင် ဝံသံကလည်း ကလေးတစ်ယောက်အသံသေးသေးဖြင့် အော်ငိုလိုက်သလို တစ်ချက်တစ်ချက် တောင်ဘက်မှ ကြားရ၏။
“ဝါး … ဝါး … အား … အား”
ဤအနေအထားတွင် အမဲပစ်ရိုင်ဖယ်ကို အိပ်ရာဘေးတွင် မောင်းထက်ဝက်ထိုး၍ ပျော်တစ်ချက်၊ မပျော်တစ်ချက် အိပ်ရသည့်ဘဝ။ အိပ်ပျော်နေပြီဟု ထင်လိုက်ပြန်လျှင်လည်း မျက်နှာ၊ နားရွက်၊ ခြေလက်ဖျားတို့က ရေခဲများနှင့် ကပ်ထားသလို ခံစားရပြန်ရော။ ထိုအအေးကို ကာကွယ်ရန်မှာ မီးဖိုမှတစ်ပါးတခြားမရှိ။
နာရီဝက်ခန့် အိပ်၊ နာရီဝက်ခန့် နိုး၊ မီးထထိုး၊ ဓာတ်ဗူးတွင်းမှ ရေနွေးကြမ်းက နိုး(No)မို့ အိပ်ရာထဲ ပြန်ကွေးလိုက်။ အို ဘယ်လိုဒုက္ခတွေပါလဲ။ မိမိကိုယ်ကို ပြန်စဉ်းစားမိသည်။
ဩော် … အမဲကြီးပစ် မုဆိုးတစ်ယောက်၏ ဝါသနာစေပါးရာ ဘဝ။ ဒီပုံနှင့်ဆိုလျှင် ရန်ကုန်ပြန်ရောက်လို့ကတော့ သေချာသည်။ ငုတ်ကောင် ငှက်ဖျားက အဟုတ်အမှန် ပြန်ပေါ်ကာ ဒုက္ခပေးတော့မည်။ အိပ်သူသက်ထားက အပြစ်တင်မျက်စောင်းခဲ ရန်ပွဲစတော့မည်။
ဤလိုနှင့် ၁၁-ရက်မြောက်နေ့၏ အလင်းရောင်က ပေါ်ခဲ့ရပြီ ဖြစ်၏။
X X X
ကျွန်ုပ်က တောစီးဖိနပ်ကို စီးနေရင်းမှ –
“ဒါဆိုရင် အဘတို့က သုံးယောက်၊ ကျွန်တော်က နှစ်ယောက်ဆိုတော့ အင်အားထက်ဝက်တောင် ကွာနေတာပေါ့”
ကျွန်ုပ်က အဘအား စကားနာထိုးလိုက်သော်ငြား အဘက နားလည်ပုံမရ။
“ဘာလို့ အင်အားထက်ဝက် ကွာရမှာလဲဗျ။ ၃ :၂ ပဲ (၃အချိုး ၂) ပဲဟာ”
ဟု မကျေမနပ် ဆိုလာရာ …
“ဟုတ်တယ်လေအဘ၊ လူကတော့ ၃ အချိုး ၂ ပဲ။ ဒါပေမဲ့ အဘက မျက်လုံးတွေကို ရေအုံးလေ”
ထိုအခါမှ အဘက သဘောပေါက်သွားပြီး –
“ဟုတ်သားပဲဗျို့၊ ကျုပ်မေ့သွားလို့။ ဟို အေပေး စံလင်းက မျက်လုံးတစ်လုံးတည်း ရှိတာပဲ”
ဟု ပြုံးပြုံးကြီးလုပ်ကာ ပြောလိုက်ပါသည်။
အမှန်ပင် စံလင်းမှာ ယာဘက်မျက်လုံးတစ်လုံး ပျက်နေသူ ဖြစ်၏။ သစ်လှဲရင်း သစ်ရိုက်မိရာမှ မျက်လုံးမျက်ဆံ ထွက်သွားခဲ့ရသဖြင့် ဝဲဘက် မျက်လုံးတစ်လုံးတည်းသာ ရှိသည်။ သို့သော် သူ့အား အထင်သေး၍မရ။ နား အလွန်ပါး၍ တစ်လုံးတည်းသော ဝဲမျက်လုံးက သူများထက် လျင်သည်မှာ ကျွန်ုပ်၏ ကိုယ်တွေ့။
သတ္တိအရာတွင်လည်း ကြည့်ဦး။ သစ်ကွက်သိမ်း၍ ထုတ်လုပ်ရေး အဖွဲ့များပြန်ကြသော မိုးကာလ၊ မေလမှ စ၍ သစ်ထုတ်လမ်းပေါက်သည့် နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းတိုင် သစ်ထုတ်လုပ်ရေးမှ တောတွင်းရိက္ခာဂိုထောင်ကို လှံတစ်လက်၊ ဓားတစ်ချောင်း၊ ခွေးတစ်အုပ်နှင့် စောင့်ပေးသူ။
သူ စောင့်သည့်ဂိုထောင်မှ ထားဝယ်၊ တိုက်ကြီး (တောင်ဇာမဏီကြိုးဝိုင်း) ရွာသို့ ခြေလျင် နှစ်ညအိပ်မျှ ဆင်းရသည့်နေရာ။ မြောက်ဇာမဏီကြိုးဝိုင်းအစပ် မယားမရှိ သားမရှိ တောတွင်း ဘာမရှိ ညာမရှိ၊ မရှိတရားများနှင့် တစ်ဦးတည်း နေထိုင်သူ။
“ဇင်” “ချစ်” နောက်ဆုံး (၂)အား ပဲခူးရိုးမတွင် ဝိုင်းပတ်ပိတ်ဆို့စဉ်ကတည်းက တပ်မတော်အတွက် လမ်းပြလုပ်ပေးခဲ့သူ။
ဤလို လူမျိုးနှင့် ကျွန်ုပ်က တွဲ၍ အမဲကြီးလည်ရမည်။
ကျွန်ုပ်ကလည်း လမ်းပြကောင်းလျှင် ဘာကိုမျှ ကြောက်သူမဟုတ်။ (၁၉၈၁-ခုနှစ် မေလအတွင်းက သေမတတ်ဖြစ်ခဲ့ရသော အကြောက်တရားတစ်ခုနှင့် တောတွင် ရင်ဆိုင်ခဲ့ရပြီးနောက် တောတွင်းအကြောက်တရား ပျောက်ကွယ်ခဲ့ရပါသည်။ ဤအကြောင်းကို သီးခြားရေးသားရန် ဆန္ဒရှိပါသည်။)
“ဆရာ ဒီကောင်နဲ့ စိတ်ချလက်ချ လည်ပါ။ ဒီတော ဒီတောင်မှာ ဒီကောင်နားရွက်ရာချည်းပါပဲ”
ဟု စံလင်းနှင့် စတင်မိတ်ဆက်ပေးစဉ်က တင်လှကပြောဖူးရာ –
“ဘယ့်နှယ် မင်းဟာက၊ ခြေရာမဟုတ်ဘဲနဲ့ နားရွက်ရာရယ်လို့”
ကျွန်ုပ်က ပြောခဲ့ရာ တင်လှက-
“မဟုတ်ဘူးဆရာ၊ ဒီကောင်က မိုးတွင်းတောထဲမှာ ရိက္ခာဂိုထောင်စောင့်ရင်း သူ့ခွေးအုပ်၊ လှံတစ်ချောင်းနဲ့ ဝက်လိုက်နေတာ။ ရောက်ရာနေရာမှာ ပလတ်စတစ်စတစ်စနဲ့ အိပ်တဲ့ကောင်။ ဝက်မရမချင်း ပြန်ကို မပြန်ဘူး။ ဒါကြောင့် ဒီတောဒီတောင်မှာ သူ့နားရွက်ရာချည်းပဲလို့ ပြောတာ”
“ဪ … ဪ … ဒါ ကြောင့်ကိုး”
“ကဲ တင်လှ၊ လူတော့ ခွဲပြီးပြီ။ ဘယ်တောကို ဘယ်အဖွဲ့က လည်မှာလဲ။ တို့လိုက်နေတဲ့ ပြောင်အုပ်က အထက် တက်သွားတော့ တို့လိုက်လို့ မီပါအုံးမလား”
ကျွန်ုပ်က ဝင်းမြင့်ယူလာပေးသည့် ထမင်းကြော်ပန်းကန်အား လှမ်းယူရင်း မေးလိုက်ရာ –
“မီလောက်ပါတယ် ဆရာ။ ကျွန်တော်တို့က ကားလမ်းကနေ ပတ်လိုက်လာတာပဲ။ ဒီအုပ်က သဖန်းချောင်းကို မကျော်နိုင်လောက်သေးပါဘူး”
“အေး … မင်းကသာ မီမယ်ပြောတယ်။ တို့ ဒီအုပ်ကို လိုက်တာ ဒီနေ့ ၁၁-ရက်မြောက်နေ့ပဲ။ အကောင်ကြီးတွေချည်းပဲဆိုတော့ သွားတာ မြန်တယ်။ ဒီကောင်တွေ နေရာပြောင်းတာပဲ ဖြစ်မယ်ကွ။
ထားဝယ်ဘက်မှာ စက်ကြီး (ဘိုဒူဇာ)တွေ တက်လာတော့ ဆူညံနေပြီ။ တောတိုးတဲ့သူတွေ၊ ကြိမ်ခုတ်၊ စလူခုတ်သူတွေနဲ့တိုးတော့ ဒီကောင်တွေ မနေတော့ပဲ မြောက်ဇာဘတ်(မြောက်ဇာမဏီကြိုးဝိုင်း) ပြောင်းတာဖြစ်မယ်”
“ဟုတ်တယ် ဆရာ၊ ဒါပေမဲ့ ကျွန်တော်တို့ မီနိုင်ပါတယ်။ ဒီ သဖန်းချောင်းမှာ မမီရင် သဖန်းချောင်းအထက် ခုနစ်မိုင်လောက်မှာ ရေနောက်ချောင်းရှိတယ်။ အဲ့ဒီကို လိုက်မယ်”
“အဲဒီမှာ မမီရင်တော”
အဘက ဝင်မေး၏။
“အဲ့ဒီမှာ မမီရင် ထုတ်လုပ်ရေးလမ်းဆုံး မြောက်ဇာအစပ်ကို လိုက်မယ်”
“အဲ့ဒီအထိ ဒီကနေ ဘယ်လောက်ဝေးမလဲ”
“မိုင် ၂၀ – ၂၅ လောက် ရှိမယ်”
“မင်းဟာက သေရောပေါ့ကွ။ အခုပဲ ၁၁ ရက်ရှိနေပြီ။ မတွေ့မချင်း လိုက်နေရရင် ငါတို့ ဘယ်တော့ ပြန်ရတော့မလဲ။ ဘယ်လို အလုပ်လုပ်ရတော့မလဲ။ ၁-လလောက်ဆို အိမ်ကလဲ လက်ခံတော့မှာ မဟုတ်ဘူး”
တင်လှမှာ တဇွတ်ထိုးသမားဖြစ်၍ ကျွန်ုပ်က ငေါက်ပြော ပြောရ၏။ အမှန်လည်း တင်လှမှာ အကောင်ကြီး မရမချင်း လိုက်မည့်သူ။ သူခေါ်သည့်အတွက် အဘကော ကျွန်ုပ်ပါ သစ်ထုတ်လမ်းထိုးသည့် စက်ကြီးနောက်မှ လိုက်လာကြခြင်းဖြစ်ရာ ကားလမ်းမှာလည်း ထိုးစဖြစ်၍ ဆိုးလှသည်။
ပထမပိုင်း ထားဝယ်ချောင်းဖျားဘက်တွင် ၈-ရက်လုံးလုံး လိုက်ခဲ့ရာ ပြောင်အုပ်ကို မမိသဖြင့် ပြောင်အုပ် ဦးတည်ရာ အနောက်မြောက်ဘက်သို့ အခြား စက်ကြီး (မြောက်ဇာသို့ ဦးတည် ထိုးသည်)ရာ လမ်းမှ တစ်ဆင့်ပတ်၍ လိုက်ခဲ့ခြင်း ဖြစ်၏။
၁ဝ-ရက်မြောက်နေ့က လိုက်ခဲ့ပြန်တော့လည်း မမီ။ ကြာလျှင် အားကုန်၊ ငှက်ဖျားထ၍ လူလည်း ယဲ့ယဲ့သာ ကျန်တော့မည်။ ထို့ကြောင့် အားဆေးကိုလည်း ကျွန်ုပ် သောက်သကဲ့သို့ အဘအားလည်း တိုက်ရသည်။ အဘမှာ တပ်မတော်သားပီပီ သိပ်ငြီးငြီးငြူငြူ မရှိ။
“ကိုစိုး … လိုက်ပါစေဗျာ၊ ဒီကောင် ဒီ့လောက်တောင် သိနေမှ ကျုပ်တို့ ဘာမလိုက်နိုင်စရာ ရှိလဲ။ စက်ကြီးလဲ ရှေ့က လမ်းထိုးသွားတော့ ကျွန်တော်တို့ခြေရာနဲ့ မမီရင် ကားနဲ့ ရှေ့ကပတ်လိုက်မယ်။ ကားလဲ ပါသားပဲဗျာ”
အဘက အေးဆေးစွာ ပြောလိုက်ရာ-
“ကဲ .. ဒါဆိုရင် ဘယ်လိုလိုက်မလဲ”
“ဒီနေ့ ကျွန်တော်တို့က သဖန်းချောင်းထဲ လိုက်မယ်။ နေမြင့်လာလို့ ဒီကောင်တွေ ရေဆင်းသောက်ရင် တိုးချင်တိုး၊ မတိုးလို့ ကျွန်တော်တို့ နောက်ကျသွားရင် ခြေရာသစ် တွေ့ရင်လိုက်မယ်”
“ငါတို့ကကော”
ဆရာတို့က စက်ကြီးထိုးသွားတဲ့ ကားလမ်းတောင်ဘက်မှာ သစ်ထုတ်လမ်းဟောင်းတွေ ရှိတယ်။ အဲ့ဒီတောင်ဘက်ကို မွှေ။ အဲ့ဒီဘက်မှာ ဆားငံကျစ်တွင်းလဲ ရှိတယ်။ စံလင်း သိတယ်”
“ဟေ့ … စံလင်း၊ ကျစ်တွင်းကို ရောက်အောင်သွား။ ခြေရာကြည့်”
“အေးပါ ယောက်ဖရာ”
X X X
ထမင်းကြော်စားပြီးသောအခါ နံနက် ၈းဝဝ-နာရီ။ အဘနှင့် ကျွန်ုပ် ထမင်းဘူးနှင့် တင်လှတို့အတွက် ထမင်းထုပ်များကို ဝင်းမြင့်က ပြုလုပ်ပေးပြီးနောက် ကျွန်ုပ်တို့က စခန်း၏ တောင်ဘက်သို့ လည်းကောင်း၊ အဘတို့က စခန်း၏ မြောက်ဘက်သို့လည်းကောင်း ထွက်ခဲ့ကြသည်။
ကျွန်ုပ်နှင့် စံလင်းက တောင်ဘက်ကို မွှေခဲ့သည်မှာ ပဲခူးချောင်းဖျားပိုင်း ချောင်းစပ်နားသို့ပင် ရောက်ခဲ့၏။ ပြောင်အုပ်၏ ခြေရာကိုပင် မတွေ့ရ။
စိုင်ကလေးများပါ ပါသည့် ခုနစ်ကောင်မျှရှိမည့် ခြေရာများကိုသာ တွေ့ခဲ့ရပြီး ခြေရာဟောင်းများဖြစ်၍ ပြန်လှည့်ခဲ့ကြရာ စခန်းသို့ ညနေ ၃-နာရီခန့်တွင်ရောက်တော့ အဘတို့အဖွဲ့လည်း ပြန်ရောက်နေကြပြီး ပြောင်အုပ်မှာ သဖန်းချောင်းကို လွန်သွားပြီးဖြစ်ကြောင်း သိရသဖြင့် နောက်မှလိုက်မည်ဆိုက မမီတော့။
ထို့ကြောင့် ရေနောက်ချောင်းသို့ စခန်းရွှေ့ရန် ဆုံးဖြတ်ကြပြီး စခန်းသိမ်း စက်ကြီးထိုးရာလမ်းအတိုင်း ကားဖြင့် မောင်းလိုက်ခဲ့ရာ ၇-မိုင် မျှအကွာ ရေနောက်ချောင်းစောင်းတွင် စက်ကြီးစခန်းသို့ မမှောင်မီ ရောက်ကြတော့၏။
စက်ကြီးစခန်းမှာ နောက်ချန်စခန်းဖြစ်ပြီး စက်ကြီးမှာ ရှေ့ငါးမိုင်မျှအကွာတွင် ထိုးနေကြောင်း ‘ဝက်စီ’ချောင်းနားသို့ ရောက်လုပြီဖြစ်ကြောင်းနှင့် သူတို့စခန်းလည်း နောက်နေ့ ဆီပို့လာသည့်ကားကြီးဖြင့် စက်ကြီးရှိရာသို့ ရွှေ့တော့မည်ဟု သိရသဖြင့် ကျွန်ုပ်တို့က သူတို့စခန်းတွင် စခန်းချ၍ ပြောင်အုပ်ကိုလိုက်ရန် စီစဉ်လိုက်ရပေသည်။
X X X
၁၂-ရက်မြောက်နေ့တွင်မူ အဘနှင့် တင်လှ ၂-ဦးတည်းက တစ်ဖွဲ့။ ကျွန်ုပ်၊ စံလင်းနှင့် သိန်းစိုးတို့က တစ်ဖွဲ့လိုက်ကြမည်။ မနေ့ညနေက ‘ရေနောက်’ချောင်းကမ်းတွင် စခန်းချပြီးနောက် အဘက ချောင်းအတွင်း ရေချိုးရင်းမှ ဝင်းမြင့်အား လှမ်းခေါ်ကာ ကျောက်အိုင်များတွင် ကျွန်ုပ်တို့ပါလာသည့် အဏုမြူငါးပိုက်ကလေးဖြင့် ငါးပိုက်တားခဲ့ရာ နံနက်တွင် ကျောက်ငါးလူးကလေးများ ရသဖြင့် နံနက်စောစော အဘက ကျောက်ငါးလူးချေးခါး ချက်ခဲ့သည်။
“ကိုစိုး … ခင်ဗျား ကျောက်ငါးလူးချေးခါး စားဘူးသလား”
“မစားဘူးဘူး အဘ”
“ကြားကော ကြားဘူးလား”
“ဒါ ဒုတိယအကြိမ် ကြားဘူးတာပဲ”
“ပထမအကြိမ်က ဘယ်မှာကြားဘူးတာလဲ”
“လွန်ခဲ့တဲ့ ၄၊ ၅ နှစ်က သစ်တောမင်းကြီး ဦးစိန်ထွန်း တောတက်လာတော့ ကျွန်တော်ကိုပါ ခေါ်တာနဲ့ ပါခဲ့တယ်။ ဆင်စွယ်စခန်းမှာ စခန်းချရင်း သူ့တပည့်တွေ ငါးရှာတော့ ဘာငါးလဲတော့ မမှတ်မိဘူး။ ငါးလေး တွေ ရလာတော့ သူက ချေးခါးချက်ခိုင်းတယ်။ သူ့တပည့် ရှမ်းလူမျိုး တောအုပ်ကလေးတစ်ယောက်က ချက်ကျွေးတာ။ ကျွန်တော်တော့ မစား ဖြစ်ဘူး။ ကြံကြံဖန်ဖန် ငါးချေးခါးရယ်လို့ အဘရယ်။ ကျွန်တော်တော့ ဂျီချေးခါး၊ မျောက်ချေးခါးသာ ကြားဘူး စားဘူးတာ”
“ခင်ဗျား တောလည်တာ ဒီလောက်ကြာပြီ။ ဒီလောက်ညံ့မှန်း ကျွန်တော် မသိဘူး။ ငါးချေးခါးက အကောင်းဆုံးဗျ”
အဘက ဆိုလာပါသည်။ ဆက်၍ –
“ဒီတစ်ခါ ကျွန်တော် ခင်ဗျားကို ချက်ကျွေးမယ်။ နောက်တော့ ခင်ဗျား ချက်တတ်အောင် သင်ထားပေါ့”
“ဟုတ်ကဲ့ … ကောင်းပါပြီ”
အဘက ဝင်းမြင့်အား ငါးလူးကလေးများကို အကြေးထိုးခိုင်းပြီးနောက် သူကိုယ်တိုင် ရေဆေး၊ ချေးဖောက်ခါ၊ ချေးအိတ်နှင့် အူများကို သီးခြားပန်းကန်နှင့် ထား၏။
ငရုတ်သီးနှင့် ကြက်သွန် ဖြူ၊ နီ၊ ချင်း (ဂျင်း) တို့ကို သင့်ရုံရောထောင်းကာ ပုံထား၏။ စပလင်ပင် ၂-ပင်၊ ၃-ပင်ခန့်ကို ဓားပြားရိုက်၊ လိမ်ချီထား၏။
ထို့နောက် ဆီအိုးတယ်၊ ငရုတ်သီးထောင်းနှင့် စပလင်ပင်ကို ဆီသတ်ပြီးနောက် ကျက်၍ မွှေးလာသောအခါ ငါးအူနှင့် ချေးများကိုထည့်၏။ ထို့နောက် ငါးကလေးများကို ခေတ္တထည့် ဆီသတ်ပြီးနောက် သကြားအနည်းငယ်၊ ငံပြာရည်ထည့်ကာ ငံပြာရည်အနံ့ သေသောအခါ ရေကို သင့်ရုံထည့်ရသည်။
ရေပွက်ပွက်ဆူလာသောအခါ ငါးချေးခါးဟင်းမှာ စားရန်အသင့်။
ပူပူလောလောသောက်၍ စားရသည်။ အရသာမှာ ခါးဆိမ့်ဆိမ့်ဖြစ်ခါ သောက်၍ အလွန်ကောင်းလေသည်။
“ဘယ်နဲ့လဲ ကိုစိုး၊ ကောင်းတယ်မဟုတ်လား”
“ကောင်းပါတယ် အဘရာ”
“အဲ့ဒါ ရှမ်းပြည်မှာ ချက်တဲ့နည်းပဲ။ ခင်ဗျား သစ်တောမင်းကြီး ဦးစိန်ထွန်းလဲ ဒီနည်းကို ပြင်ဦးလွင် သစ်တောကျောင်းအုပ် လုပ်ကတည်းက ရထားတာ။ သိပ်ကောင်းပြီး အညောင်းအညာပြေတယ်”
အဘမှာ သစ်တောမင်းကြီး ဦးစိန်ထွန်းနှင့် ရင်းနှီးသူပီပီ တစ်ဦးအကြောင်း တစ်ဦး ကောင်းကောင်း သိ၏။
ကျောက်ငါးလူးမှာ ငါးခုံးမကလေးများလောက်ရှိပြီး ဝမ်းဗိုက်ပူပူနှင့် ခန္ဓာကိုယ်ခတ်လုံးလုံး ဖြစ်၏။
“ဒီငါးလူးကလေးတွေက ကျောက်အိုင်နက်နက်တွေမှာနေပြီး ရေညှိနုနုကလေးတွေကို စားတာ။ တခြားဘာမှ မစားဘူး။ ဒါကြောင့် သန့်ပြီး ဆေးဘက်ဝင်တယ်။ ချေးခါးဆိုလို့ ရွံစရာမဟုတ်ပါဘူး။ ခင်ဗျား စားတာ ကောင်းတယ်မဟုတ်လား။ နည်းနည်းတော့ ခါးသက်သက် ဆိမ့်တိမ့်တိမ့်လေးပေါ့”
“သိပ်ကို အရသာရှိပါတယ်”
X X X
ငါးချေးခါးဟင်းနှင့် နံနက်စာကို စားသောက်ပြီးနောက် ကျွန်ုပ်တို့အဖွဲ့က ရေနောက်ချောင်းအောက်ပိုင်း (ချောင်းကိုစုံ၍)သို့ လည်းကောင်း၊ အဘနှင့် တင်လှက ရေနောက်ချောင်း၏ မြောက်ဘက် ချောင်းဖျားပိုင်းသို့လည်းကောင်း ထွက်ခဲ့ကြသည်။
ကျွန်ုပ်တို့က ချောင်း၏ ဝဲ ယာကို အခေါက်ခေါက် အခါခါ ဖြတ်ပြီး နောက် ညနေ ၃-နာရီခန့်တွင် ပဲခူးချောင်းဖျားသို့ နီးလာ၏။
သို့သော် တောကြီးမြွေဟောက်တစ်ကောင် ချောင်းလယ်ရှိ ကျောက်ကြားများတွင် ဟိုဝင် သည်ထွက် အစာရှာနေသည်မှလွဲ၍ သားကောင်ကြီးကြီးမားမား ဘာမျှမတွေ့။
ကျွန်ုပ်၊ စံလင်း၊ သိန်းစိုး၊ သုံးဦးအနက် တောကြီးမြွေဟောက်ကို စတွေ့သူမှာ မျက်လုံးတစ်ဖက်တည်းသာရှိသည့် စံလင်း။ သို့သော် သူက မုဆိုးပီသသည်။ တောကြီးမြွေဟောက်ကလည်း ကျွန်ုပ်တို့ကို တွေ့လျှင် တွေ့ချင်း ချောင်းလယ်မှ ဖြတ်ကူးကာ ကျွန်ုပ်တို့ရှိရာဘက်ကမ်းသို့ ကူးလာသည်။
ထိုအခါ စံလင်းက အသံမာမာ ပြတ်ပြတ်ဖြင့် –
“ဟိုအကောင် ကိုယ့်အစာ ကိုယ်ရှာ၊ ကိုယ့်လမ်းကိုယ်သွား”
ဟု အော်လိုက်သည်။
သို့သော် မြွေက မကြားလေသလား၊ ဂရုမစိုက်လေ သလားမသိ။ ဆက်၍ ကျွန်ုပ်တို့ထံ ဦးတည်လာသည်။
ကျွန်ုပ်က ကျောက်တုံးကြီးတစ်တုံးပေါ်သို့ ပြေး၍ ခုန်တက်လိုက်ခါ ပခုံးမှ ၃ဝ. ၀၆ ရိုင်ဖယ်ကို ဖြုတ်၍ အသင့်ပြင်လိုက်သည်။
“ဆရာစိုး မလုပ်နဲ့ … မလုပ်နဲ့”
ဟု စံလင်းက ဆိုလိုက်ခါ သူ၏ လွယ်အိတ်အတွင်းသို့ လက်နှိုက်လိုက်၍
“ဟိုအကောင် ကိုယ့်လမ်းကိုယ်မသွားဘူးလား။ မုဆိုးချင်း ရင်ဆိုင်ချင်လို့လား။ မင်းကို ငါတို့ ဘာမှ မလုပ်ဘူး။ မင်းအစာ မင်းရှာ။ ငါတို့ အမဲ ငါတို့ရှာမယ်”
ဟု အသံကျယ်ကျယ်ပြောလိုက်ရာ မြွေမှာ လူစကား နားလည်သည့်အလား ချာခနဲ နောက်ကြောင်းပြန်လှည့် ကူးသွားကာ ကျောက်ကြိုကျောက်ကြားတွင် ပျောက်ကွယ်သွားလေ၏။
ထိုတောကြီး မြွေဟောက်မှာ အရှည် ၇-ပေခန့်ရှိမည်။ လက်ကောက်ဝတ်ခန့်ရှိသော နက်မှောင်ပြောင်လက်သည့်အဆင်းရှိသည့် မြွေတစ်ကောင်ပါပေ။
ကျွန်ုပ် က စံလင်းအနားကပ်၍
“မင်း ခုန မြွေကို အော်တုန်းက လွယ်အိတ်ထဲကို လက်နှိုက်တားတာ ဘာ့ကြောင့်လဲ။ မြွေကို နံနှိမ်လိုက်တာလား”
“မဟုတ်ပါဘူး ဆရာ၊ သားရေခွ နှိုက်တာပါ”
သူ၏ အဖြေကြောင့် ရယ်ရသေး၏။
“မြွေတော့တွေ့ပြီ၊ ခရီးတော့ ရှည်တော့မှာပဲ”
မှတ်ချက်ပြုသူက သိန်းစိုး။
တောသူတောင်သားများသည် သူ့အယူအဆ၊ သူ့ယုံကြည်မှုနှင့် သူ ရှိကြသည်မို့ ကျွန်ုပ်က မှန်သည်၊ မှားသည် မပြောလိုပါ။ သို့သော် ခရီးရှည်လျှင် ပင်ပန်းမည်စိုး၍ –
“ခရီးရှည်မယ်ဆိုရင် ပြန်လှည့်ရအောင်။ တို့ မနက် ၈-နာရီက ထွက်တာ ခုဆို ညနေ ၃-နာရီ ရှိပြီ။ အပြန်ကျရင် မှောင်နေမယ်။ ဓာတ်မီးလဲ မပါဘူး”
“ကျွန်တော့်မှာ ၂-တောင့်ထိုးဓာတ်မီး ပါပါတယ်”
“မင်း ၂-တောင့်ထိုးမီးက ဒါလောက်တောကြီးထဲမှာ ဘာသုံးလို့ရမှာလဲ။ လမ်းပေါ်ရောက်မှ လမ်းကြည့်ယုံရမှာ”
“လာပါဆရာ၊ မနေ့က မရောက်ခဲ့တဲ့ ဆားတွင်း (ကျစ်တွင်း)က သိပ်မဝေးတော့ဘူး။ အဲ့ဒီ ရောက်သွားပြီးမှ တွေ့ရင်လဲ ပစ်၊ မတွေ့လဲ ပြန်လှည့်တာပေါ့”
ကျွန်ုပ် သူ့အလိုကို လိုက်ခဲ့ရသည်။
ကျစ်တွင်းရောက်တော့ ဘာသားကောင်မှ မတွေ့။ သို့သော် ချောင်းစပ်သဲခုံပေါ်တွင် စိုင်ခြေရာများက အကောင် ၂၅၊ ၃ဝ ခန့်ရှိ မည်ဖြစ်ကြောင်း ပြနေ၏။
ညဘက် လင့်စောင့်၍ ပစ်မည်ဆိုက အသေအချာပစ်ရနိုင်သည့်နေရာ။
သို့သော် ကျွန်ုပ်တို့တွင် လင့်စောင့်ရန် အစီအစဉ် မရှိ။ ရိက္ခာ၊ ပုခက် စသည်တို့ မပါ။ အဘကိုလည်း လင့်စောင့်မည် မပြောခဲ့။ မိုးချုပ်လျှင် အဘစိတ်ပူနေမည်။ ထိုကြောင့် ပြန်လှည့်ရန်သာ ရှိ၏။
အပြန်တွင် ချောင်းရိုးအတိုင်း မပြန်တော့ပဲ တောင်ကြောများကို ဖြတ်၍ ဖြတ်လမ်းမှ ပြန်ခဲ့ကြရာ စခန်းသို့ မှောင်မှပင် ရောက်တော့၏။
အပြန်လမ်း အမှောင်တွင် တောင်နှစ်လုံးကြား ချောက်အတွင်းမှ ဝက်ဝံနှစ်ကောင် နယ်လုလေသလား၊ မယားလုလေ သလားမသိ။ တဝူးဝူး… တဂူးဂူးဖြင့် ကိုက်သံကြားရပေရာ စံလင်းက သူ၏ နှစ်တောင့်ထိုးမီးမှိန်မှိန်ကလေးဖြင့် လိုက်၍ပစ်ရန် ကျွန်ုပ်အား ပြောသေးသည်ကို ကျွန်ုပ်က မဖြစ်နိုင်၍ မနည်းချော့ခေါ်ခဲ့ရလေသည်။
အာဂမျက်စိတစ်လုံးနှင့် စံလင်း (One eyed jack) ပါပေ။
X X X
စခန်းပြန်ရောက်သောအခါ ည ၇-နာရီရှိပြီ။ အဘနှင့် တင်လှမှာ ပြန်မရောက်သေး။ စခန်းမှ လူများ စိတ်ပူကြပြီး ထမင်းမစားပဲ စောင့်ကြရာ ည ၁ဝ-နာရီတိုင် ပြန်မရောက်။
ဧကန္တ လမ်းမှားနေလောက်ပြီဟု ယူဆ ဆုံးဖြတ်ခါ ကျွန်ုပ်တို့သွားခဲ့သည့် တောင်ဘက်ကို ချန်လှပ်၍ ကျန်အရပ် မျက်နှာသုံးခုသို့ ကျွန်ုပ်၏ ၃ဝ. ဝ၆ဖြင့် မိုးပေါ်ထောင် တစ်ချက်စီပစ်ခါ အသံပေးကြည့်သည်။ သို့သော် ကြားဟန်မတူ။ သေနတ်ဖြင့်ပြန်၍ အချက်ပေးသံ မကြား။
ဤလိုနှင့် ည ၁၁-နာရီခန့်မှ ထမင်းစားကြပြီး တစ်ယောက်တစ်လှည့် ကင်းစောင့်ကာ အိပ်ခဲ့ရတော့၏။
နံနက် ၆-နာရီခန့်မှစ၍ သစ်ထုတ်ကားလမ်းကို ထက်အောက်စုံကာ ကားဖြင့် ဟွန်းသံပေးရှာခဲ့သော်လည်း အဘတို့အား မတွေ့။ ၈း၃ဝနာရီခန့် ကျမှ ရေနောက်ချောင်းအထက်ကွေ့မှ ပေါ်လာ၏။
အပြေးအလွှား သွားရောက်ကြိုကာ နံနက်စာနှင့် အချိုရည်ကို ကျွေးရ၏။ မနေ့ညစာ လုံးဝမစားခဲ့ရသဖြင့် အဘရော တင်လှပါ အတော်ဆာလောင်နေကြပေပြီ။
(အဘတို့ မျက်စိလည်လမ်းမှား၍ တောထဲတွင် ညအိပ်ခဲ့ရပုံကို ဝတ္ထုရှည်မည်စိုး၍ ချန်လှပ်ထားခဲ့ပါသည်။)
စားသောက်ပြီးသောအခါ တင်လှ၏ ပြောပြချက်အရ ချောင်းဖျားတွင် မှောင်မှ ပြောင်အုပ်နှင့် တိုးကြောင်း၊ အလင်းရောင်မရှိတော့၍ ကြယ်ရောင်ဖြင့် အဘအား ပစ်ခိုင်းရာ အပေါ်သို့ ကျော်သွားသဖြင့် မမှန်လိုက်ကြောင်း၊ ဝက်စီချောင်းသို့ ကားဖြင့်တက်၍ ဖြတ်လိုက်မည်ဆိုက မီနိုင်ကြောင်းပြောရာ အဘမှာ ပင်ပန်းနေသဖြင့် ကျွန်ုပ်၊ စံလင်းနှင့် တင်လှတို့က ထိုရက် တစ်ရက် လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်တော့၏။
X X X
(၁၃)ရက်မြောက်နေ့
ထိုအမှတ်အသား ၁၃ ကို အနောက်နိုင်ငံသားများက မကြိုက်မနှစ်သက်တတ်ကြပါ။ ထို့အတူ ကမ္ဘာသုံးပြက္ခဒိန် (Grigorian Calendar)ကို သုံးကြသူများလည်း မကြိုက်မနှစ်သက်တတ်ကြပါ။
ကျွန်ုပ်ကမူ …
“ကိုစိုး၊ ခင်ဗျားလိုက်မယ်ဆိုရင် ကျွန်တော့ သေနတ်ယူသွား။ ကျွန်တော့်သေနတ်က (Caliber)ကြီးတော့ ပိုစိတ်ချရတယ်။ မဂ္ဂဇင်းထဲမှာ ကျည်လေးတောင့်ရှိတယ်။ ဒီမှာ (Steel Bullet) (သံမဏိထိပ်ဖူးကျည်) တစ်တောင့်၊ အပေါ်ဆုံးကထားပေါ့။ တွေ့ရင် အဲ့ဒါနဲ့ အရင်ချဗျာ။ ဒါမှ ပိုစိတ်ချရမယ်”
ဟုဆိုကာ သေနတ်ကော (Steel Bullet)တစ်တောင့်ကိုပါ ပေးလာပါသည်။ ဆက်၍
“ကျည်အပိုလဲ ခင်ဗျား ထပ်ယူသွားအုံး”
“နေပါစေတော့ အဘ၊ ငါးတောင့်ဆိုရင် လောက်ပါပြီ။ ပစ်ရရင် တစ်ချက် နှစ်ချက်ပေါ့”
အဘမှာ ကျွန်တော် ယမ်းတောင့်များများ မဖြုံးတတ်၊ မယူတတ်ကြောင်း သိ၍ –
“ခင်ဗျားကတော့လေ …”
ဟုသာ ဆိုပါလေ၏။ ဆက်၍ …
“ထွန်းလွင်ရေ … မင်း ကိုစိုးတို့ကို ကားနဲ့ လိုက်ပို့လိုက်”
“ဟုတ်ကဲ့အဘ”
X X X
“ ဂေါ … ဂေါ … ဂေါ … ဂေါ”
“ဂေါက် … ဂေါက် … ဂေါက်”
အောင်လောင်ငှက်ကြီး (ချင်းပြည်နယ်အလံတွင်ပါသည့် ငှက်မျိုး) ဖိုမမောင်နှံတစ်စုံက သစ်ကွက်လမ်းဟောင်းနံဘေးရှိ ညောင်ပိန္နဲပင်ကြီးပေါ်တွင် ညောင်သီးစားရင်း အော်လျက်ရှိသည်။
အချိန်မှာ နံနက် ၁ဝး၃ဝ နာရီရှိပြီ။
ကျွန်ုပ်တို့က ဝက်စီချောင်းသို့ မရောက်မီကလေးတွင် ကားလမ်း၏ ယာဘက်၌ ယခင် ၄၊ ၅ နှစ်က သစ်ကွက်ကားလမ်းဟောင်းအတိုင်း ခြေကျင်ဝင်ခဲ့ခြင်း ဖြစ်၏။ ထိုကားလမ်းမှာ ဝက်စီချောင်းကို သီ၍ ဖောက်ထားကြောင်းနှင့် ပြောင်အုပ်မှာ ထိုကားလမ်းမှ လိုက်ပါက ကားလမ်း ဝဲ ယာတွင် ပြောင်အုပ်ကို မီနိုင်ကြောင်း တင်လှ၏ အကြံပေးချက်အရ လိုက်ခဲ့ခြင်း ဖြစ်သည်။
ကားလမ်းဟောင်းအတိုင်း လိုက်ခဲ့ရာ ၁-နာရီကြာခဲ့ပြီ။
“ကဲ တင်လှရေ၊ ဒီနေ့တော့ တောထဲမှာ နောက်ဆုံးနေ့ပဲ။ ဒီနေ့မှ မမီရင် တို့ ပြန်တော့မယ်။ တောထဲရောက်နေတာလဲ ၁၃-ရက်ရှိပြီ၊ ရိက္ခာလဲ ကုန်ပြီ။ ကားလမ်း(ရန်ကုန်-မန္တလေး ကားလမ်း)ကို ပြန်ထွက်ရမှာက မိုင်- ၇ဝလောက်ရှိမှာ တစ်နေကုန် ထွက်ရမှာ”
“ဟုတ်ကဲ့ပါ ဆရာ၊ ဒီနေ့ မီကို မီမှာပါ။ မနေ့က ရေနောက်ချောင်းကို ဒီအုပ်က မိုးချုပ်မှ ဖြတ်လာတာဆိုတော့ ဒီကောင်တွေ ညအိပ်မှာနဲ့ ဝက်စီချောင်းကို ဒီညနေမှ ဒီကောင်တွေ ရောက်မှာပေါ့”
ကားလမ်းဟောင်းမှာ တောင်ကြောအတိုင်း ဖောက်ထားသော်လည်း အချို့နေရာများတွင် လျှိုထဲသို့ ဆင်းရ၏။ သစ်မထုတ်တာ ကြာပြီဖြစ်၍လည်း ကားလမ်းပေါ်တွင် ခြုံများက ပိတ်ဆို့နေသည်။ လမ်းနံဘေးတွင် တင်းဝါးနှင့် ကျသောင်းဝါးရုံကြီးများ၊ ပျဉ်းကတိုး၊ ထောက်ကြံ့၊ ယမနေ၊ ဖန်ခါး စသည့် အပင်ကြီးများက အုံ့မိုးလျက် ရိုးမ၏ သဘာဝကို ဖော်ကျူးနေ၏။
တစ်ခါတစ်ရံ တောဆင်အုပ်က ဝါးပင်များကို လျှိုအတွင်းမှ တဖျောင်းဖျောင်းချိုး၍ နေသံနှင့် ရစ်ငှက်များ၏ တဖိန်းဖိန်း တောင်ပံရိုက်သံများ ကြားနေရ၏။
နေ့လယ် ၁၂-နာရီထိုးသောအခါ ကျွန်ုပ်တို့မှာ ကြောထိပ်ပေါ်သို့ ရောက်ခဲ့ရာ ပဲခူးမြစ်ဖျား၏ အရှေ့ဘက်ကြောမကြီးဖြစ်၍ တောင်တန်း၊ တောင်စွယ်၊ မြောင်ငယ်၊ လျှိုကြပ်တို့မှာ ကျွန်ုပ်တို့၏ အောက်တွင် သာသည့်နေရာသာ၊ မှိုင်းသည့်နေရာမှိုင်း၊ ထိုင်းသည့်နေရာထိုင်း တွေ့နေရ၏။
“ကစ် … ကစ် … ကစ်”
စံလင်းက တောင်ထိပ်ကား လမ်းဟောင်းပေါ်တွင် ပြောင်ခြေရာများကို စတင်တွေ့လေပြီ။ ထို့ကြောင့် အချက်ပေးလိုက်ခြင်း ဖြစ်၏။
ရှစ်ကောင်မျှရှိမည့် ပြောင်ခြေရာများ။ ခြေရာများကို ကြည့်ရုံမျှဖြင့် အကောင်သေး အကောင်ပေါက် မပါ။ အသေးဆုံး ခြေရာမှာပင် နွားကြီးခြေရာမျှ ရှိနေရာ အချိန် ၈ဝ၊ ၁ဝဝ မျှ အသားထွက်ရှိမည်။ ထီးခေါင်းအုပ်၏ ခေါင်းဆောင်မှာ ပိဿာချိန် ၃ဝဝ နှင့် အထက်ရှိနိုင်သည်။
ခြေရာများကို ခွဲခြမ်းကြည့်ရာ ထီးခေါင်းနှင့် အမကြီးခြေရာက ကြောထိပ်သို့ ဆက်တက်သွားပြီး ကျန်ခြောက်ကောင်က ယာဘက်သို့ ဖဲ့ဆင်းကာ လျှိုအတွင်း သွားနေသည်။
တင်လှက လေသံဖြင့် …
“အထီးနဲ့ အမက မိတ်လိုက်နေတာထင်တယ်။ သီးခြား ခွဲထွက်သွားတယ်။ အကောင်ကြီးတွေပဲ။ အဲဒီ နှစ်ကောင်နောက် လိုက် စံလင်း။ ဆရာ … သတိထားတော့နော်”
ဟု တစ်ဆက်တည်း သတိပေးလိုက်ပြီး တောင်ကလပ်ဆီသို့ ဦးတည်သွားသော ခြေရာနောက်သို့ လိုက်၏။ တောင်ကလပ်ထိပ်တွင် ပြောင်ချေးပုံ သုံး၊ လေးပုံမျှသာမက တစ်ကောင်နှင့်တစ်ကောင် ဆော့ကစားထားသောကြောင့် ခြေရာများ ရှုပ်ထွေးနေရာ အကောင်များ ဘယ်ဘက်ကို ဆင်းသည်ပင် ရှာ၍ မရ။
စံလင်းက သူ့ယာဘက်ခြေထောက်မှ ရာဘာဖိနပ်ကိုချွတ်ခါ ခြေဖျားဖြင့် ချေးပုံတစ်ပုံကို ထိုးကြည့်လိုက်ပြီး –
“နွေးတုန်းရှိသေးတယ်၊ အကောင် သိပ်မဝေးသေးဘူး”
“အေး … ဘယ်ကိုဆင်းသလဲ ခြေရာကိုကြည့်”
ခြေရာမှာ လိမ်ရှုပ်နေသည်သာမက ဖိုမ မိတ်လိုက်၊ ဆော့ကစားထား၍ အပင်ငယ်အချို့မှာလည်း ကြေနေရာ ဆင်းသည့်ခြေရာကို စံလင်းနှင့် တင်လှ ရှာ၍ မတွေ့။ ကျွန်ုပ်လည်း မတွေ့။
နာရီဝက်ခန့်ရှာပြီးနောက် ကျွန်ုပ်လည်း ပင်ပန်းလာသဖြင့် လမ်းနံဘေးတစ်နေရာတွင်ထိုင်ခါ ခါးပတ်အိတ်အတွင်းမှ သကြားလုံးတစ်လုံးကို အပေါ်မှ ပလတ်စတစ်ခွံခွာပြီး ပါးစပ်ထဲထည့်လိုက်ပြီး အခွံအား မြေတွင်မြှုပ်ရန် လက်ဖြင့် မြေကြီးအား ယက်လိုက်လေ၏။
“ရှူး ရှူး၊ ကစ် ကစ်”
ကျွန်ုပ်က သူတို့နှစ်ဦးအား အချက်ပေးပြီးနောက် လက်ယပ်ခေါ် လိုက်ခါ တစ်စုံတစ်ခုအား ပြရ၏။
ကျွန်ုပ်ပြသည်မှာ တောင်ထိပ်နံဘေးမှ ကလပ်ဆီသို့ တက်သွားသည့် ခြေရာသစ် –
“အောက်ကို မဆင်းဘူး၊ တောင်ကလပ်ကို တက်သွားတယ်”
တင်လှမှာ စကားပြန်မပြောတော့ဘဲ ခြေရာနောက်ကိုသာ လိုက်သွားကာ တောင်ကလပ်သို့ရောက်မှ ကျွန်ုပ်နှင့် စံလင်းအား လက်ယပ်ခေါ်၍ လိုက်ပြီ။
“ဆရာ … ဒီမှာတွေ့လား၊ ကျွန်တော်တို့ အနံ့ကို ရသွားပြီ။ မ, စိတ်နဲ့ ဆိုတော့ ဒေါသကြီးပြီး ဒီအပင်ကလေးကို ခတ်သွားတာ”
ဟု ဆိုကာ လက်ကောက်ဝတ်ခန့်ရှိသည့် ကျိုးနေသော မအူပင်ပေါက်ကလေးကို ပြ၏။
ပြောင်၏ ချိုဖျားက လက်ကောက်ဝတ်ခန့် ပင်စည်ကလေးကိုပင် အလယ်မှ ဖောက်ဝင်ထားသောကြောင့် ဘေးမှ အခေါက်မျှင်က တစ်ဖက် တစ်ချက်မှသာ ကျန်ပြီး အပင်မှာ ဂျိုထိရာနေရာမှ ကျိုးသွားကာ ငိုက်စိုက်ကျနေ၏။ အပင်မှာမူ ပြတ်ထွက်မသွားပါ။
တင်လှက…
“ဆရာ ဒီကောင် ဂျိုမှန်းသိပ်တည့်တယ်။ သတိတော့ ထားရမယ်။ လက်မနှေးစေနဲ့။ မဲမဲမြင်လို့ အကောင်မှန်းသိတာနဲ့ ပစ်။ ချက်မပိုင်ရင် ထပ်လိုက် ပစ်မယ်။ ပထမအချက်မှာ လက်မနှေးစေနဲ့နော်”
“အေး … ဟုတ်ပြီ၊ ငါသတိထားမယ်”
ဟု ဆိုကာ ကျွန်ုပ်က သေနတ်အား ဗို့အပြည့်ထိုးကာ အသင့်ကိုင်ထားလိုက်ရပေသည်။
တင်လှမှာ ပြောင်ခြေရာအတိုင်း လိုက်လေရာ ခြေရာမှာ တောင်ကလပ်ထိပ်မှ ချောက်အတွင်း စဆင်းသွားလေ၏။
ကျွန်ုပ်မှာ တင်လှနှင့် ကပ်လိုက်သွားပြီး စံလင်းကိုမူ မနီးမဝေး နောက်မှ လိုက်စေ၏။
ချောက်စောင်းတွင် ပြောင်ထီးနှင့် ပြောင်မမှာ တစ်ခါတစ်ရံ အတူသွားလိုက်၊ တစ်ခါတစ်ရံ ခွဲ၍ သွားလိုက်ဖြင့် ပူးတုံခွာတုံပြု၍ သွားရာမှ ဖုံးဆိုးထူရာ ချောက်အတွင်းသို့ ရောက်လေ၏။
တင်လှမှာ ခေတ္တနားလိုက်ပြီး …
“လေကတော့ မြောက်လေ၊ ကျွန်တော်တို့က တောင်ဘက်လျှိုထဲ ဝင်လိုက်ရမှာဆိုတော့ လေတင်က ဖြစ်နေတယ်”
“ဒါဆို ဖြစ်ပါ့မလား။ ဖုံးဆိုးကက ရှုပ်တယ်။ လေတင်ကလဲ ဖြစ်နေပြီး မြောင်ထဲလိုက်ရမှာဆိုတော့ ဒီကောင်က စောင်းမှာဆိုရင်တို့ကို အပေါ်စီးက ပြေးတိုက်နိုင်တယ်”
“မတတ်နိုင်ဘူး ဆရာ … စွန့်ရမှာပဲ။ ဆရာမြင်တဲ့အတိုင်း တောင်နံရံတွေကလဲ ပတ်လည်စောက်တော့ ပန်းလိုက်လို့ကလဲ မဖြစ်ဘူး။ ဘိစပ်ခြုံကလဲ ရှုပ်တယ်။ တိုးလိုက်ရမှာ။ လေကတော့ မြောင်ကြပ်ထဲမှာ ဝေ့တိုက်နေတာ ကြောက်စရာမလိုဘူး”
ကျွန်ုပ် လေ့လာကြည့်ရာ သူပြောသကဲ့သို့ တောင်များစောက်ပြီး ချုံရှုပ်လှသဖြင့် အန္တရာယ်က များလှသည်။ အချိန်မှာလည်း နေ့လည် ၁၃းဝဝ နာရီထိုးရန် ၁ဝ-မိနစ်သာ လိုတော့သည်။
တောင်ထိပ်မှ လျှိုထဲရောက်အောင် အပင်များ တွယ်ဆင်းခဲ့ရ၍ ချွေးသံရွှဲရွှဲ ရှိနေချိန်။ ဤအခြေ အနေတွင် နောက်ပြန်လှည့်မည်ဆိုပါက အမဲကြီးလိုက် မုဆိုးအဖို့ သတ္တိနည်းရာ ကျပေလိမ့်မည်။
လက်ထဲတွင်လည်း ပြောင်ကို တုံးခနဲ လဲစေနိုင်သော ပွိုင့်375 Magnum ရိုင်ဖယ်က အသင့်။ ၁၃-ရက်လုံးလုံး လိုက်ခဲ့ရသည့်အဖြစ်ကို စံလင်း၊ တင်လှတို့လည်းအသိ။
ယခု နဖူးတွေ့၊ ဒူးတွေ့ တွေ့ခါနီးမှ ဆွေမျိုးမေ့မှာကြောက်၍ ပြန်လှည့်ရလျှင် ကျွန်ုပ်အဖို့ မုဆိုး မဟုတ်တော့။ ကျွန်ုပ်၏ အစဉ်အလာတွင် “ဆရာစိုး ကြောက်တာနဲ့ ပြောင်ပစ်ရခါနီးမှ ပြန်လှည့်ရတယ်” ဆိုလျှင် ရာဇဝင်ရိုင်းပေမည်။ မုဆိုးဘွဲ့ ထဲမှ “နောင်လာနောင်သားတို့ ကောက်ကြရော့ ရစ်တံ၊ ဘုန်းဖန်သည့်သူ” ဆိုသည့်စကားတွင် လူကြောက်၊ မုဆိုးကြောက်ဟု ရိုးမတစ်ခွင်မှ ကောက်ယူကြတော့မည်။
ကျွန်ုပ်က ဤသို့ အဖြစ်မခံနိုင်။ ပြောင်ထီးပိုးကြီးကို ဘယ်လို ရင်ဆိုင်ပစ်ခဲ့သည်ဆိုသည်ကိုသာ ကောက်စေချင်သူ။
ကျွန်ုပ်က နှုတ်ဖြင့် မပြောတော့ပဲ တင်လှ၏ ပခုံးကိုသာ လက်နှင့်ပုတ်လိုက်ခါ မေးငေါ့ပြလိုက်သည်။
စံလင်းမှာလည်း သူ၏ တောလိုက်ဓားကို ထုတ်ခါ အသင့်ကိုင်ထား၏။
တင်လှမှာ ခြေရာကောက် အလွန်တော်သူဖြစ်၏။ ခြေရာသစ်တွေ့လျှင် မည်မျှကျောက်ကုန်းသို့ တက်သွားသည်ဖြစ်စေ၊ နွေရာသီဖြစ်စေ ခြေရာမပျောက်အောင် လိုက်နိုင်သူ။ ဤသို့ဆိုလျှင်
“တင်လှ ဖြည်းဖြည်းလိုက်၊ တစ်လှမ်းချင်းလိုက်၊ သေသေချာချာကြည့်။ ဗြုံးခနဲတွေ့ရင် မင်း ရှေ့ကဝပ်ချလိုက်၊ ကာမထားနဲ့”
“ဟုတ်ကဲ့ ဆရာ”
X X X
မြောင်ကြပ်မှာ ပြောင်နှစ်ကောင် ယှဉ်၍ပင် သွားမရ။ ကျဉ်းလှ၏။ တစ်ကောင်နောက် တစ်ကောင်လိုက်ရ၏။
ကျွန်ုပ်တို့မှာလည်း အတန်းလိုက် လိုက်ရ၏။ မြောင်အတွင်း ဖုံးဆိုးတောမို့ ဘိစပ်ပင်၊ ဂျာမနီပင်၊ ယမနေပင်ပေါက်နှင့် မအူပင်ပေါက်များက တောပိတ်နေသဖြင့် သတိထားရသည်။
နေ့ ၁၃းဝဝ နာရီ နီးပြီမို့ နေရောင်ကောင်းကောင်းရနေ၍ တော်သေးသည်။
၅-မိနစ်ခန့် လိုက်ခဲ့သောအခါ မြောင်မှာ တောင်များကြားတွင် နှစ်ခွခွဲ၍ သွားသည်။ ဝဲဘက်သို့ ခြေရာတစ်ခုကဝင်သွားပြီး အခြားခြေရာတစ်ခုက ယာဘက်သို့ဝင်ပြီးမှ တောင်စောင်းသို့ တက်သွားလေသည်။
တင်လှမှာ ဝဲဘက်ခြေရာအတိုင်းသာ လိုက်ခဲ့ရာ ခြေလှမ်း ၁ဝ-လှမ်းမျှ သွားရသေး၏။ ယင်းမမဲရိုင်းများက ကျွန်ုပ်တို့၏ မျက်နှာနားတွင် တဝီဝီ လာဝဲ၏။
အကောင်နှင့် နီးပေပြီ။
“ဗြုတ် ဗြုတ်၊ ဗြုံး ဗြုံး”
ကျွန်ုပ်တို့၏ ယာဘက်စောင်းမှ အသံကြားရပြီး မဲမဲအရိပ်တစ်ခုက အနောက်မှအရှေ့သို့ ဖြတ်ပြေးလိုက်သည်ကို တွေ့လိုက်ရလေရာ ကျွန်ုပ်က သေနတ် ထိုးချိန်လိုက်သော်လည်း မမီလိုက်။
သို့သော် အသံက ကျွန်ုပ်တို့ နှင့် ကိုက် ၃ဝ မျှ အမြင့်တွင်ရှိ တင်းဝါးရုံအောက်တွင် ရပ်သွားသည်။
တင်လှမှ ကျွန်ုပ်ရှေ့ ၆-ပေ၊ ၇-ပေခန့်အကွာမှ အသံလာရာ တောင်စောင်းသို့ စတက်လိုက်သည်။ သူ တက်သည့်နေရာမှ အနည်းငယ်မတ်နေသဖြင့် ခြုံကို ဆွဲတက်ရ၏။
ကံအားလျော်စွာ ကျွန်ုပ်တက်မည့်နေရာမှာ အနည်းငယ် ပြေနေသဖြင့် ပြေးတက်လိုက်ရာ တင်လှထက် ကျွန်ုပ်က သုံး လေးလှမ်းမျှ ဦး၍ ရှေ့ရောက်သွားကာ တင်လှမှာ ကျွန်ုပ်နှင့် တပိုးတန်း အောက်ဖက်ယွန်းယွန်းတွင် ကျန်နေခဲ့လေ၏။
ထိုစဉ် ပြောင်ခြေသံရပ်သွားသည့်နေရာသို့ ကြည့်လိုက်ရာ –
“ဖောင်း”
“ဒိုင်း”
“ဗြုံး ဗြုံး၊ အုံး အုံး အုံး”
“ဟာ … သွားပြီဟေ့”
“ဖျောင်း … ဖျောင်း”
အသံများ ဆက်ထွက်လာပြီးနောက် ကျွန်ုပ်က ဗြုံးဗြုံး ၊ အုံးအုံး အသံထွက်ရာသို့ သေနတ်ကို အသင့်ထပ်မောင်းထိုးခါ ပြေးလိုက်ခဲ့သည်။
သို့သော် မမီတော့။ ပြောင်ကြီးတစ်ကောင်မှာ ကြသောင်းဝါးပင်များကို တိုး၍ တစ်ဖက်တောင်စောင်းသို့ တက်သွားရာ သိပ်သည်းသော ဝါးပင်ဝါးရွက် များအကြားတွင် ပျောက်ကွယ်သွားလေပြီ။
ကျွန်ုပ် မည်သို့ ဆက်လိုက်ရမှန်းပင် မသိတော့။
တင်လှ ကျွန်ုပ်ထံသို့ ရောက်လာသောအခါ –
“သွားပြီကွာ … ဘယ်လိုဖြစ်လို့ လွဲသွားတာလဲ မသိဘူး။ ငါလဲ မင်းကို ပြောင်က နှာမှုတ်ပြီး ပြေးတိုက်မယ်လုပ်တာနဲ့ လျှပ်တစ်ပြက် ပစ်လိုက်ရတာ။ ဝါးပင်တွေကလဲ ကွယ်နေတော့ တို့က အောက်ကဆို မမြင်ရဘူးကွ။ ပြောင်ရဲ့ခေါင်းကိုပဲ ကောက်ကြောင်းလောက်သာ မြင်ရတာ။ မြင်မြင်ချင်း သူ့မေးစေ့အောက်ကို မှန်းပြီး ပစ်လိုက်ရတယ်။ ဒီတစ်ခါ လွဲချက်က နာတယ်ကွာ။ ၁၃-ရက် တောင် လိုက်ပြီးကာမှ”
ကျွန်ုပ်မှာ ဆုံးရှုံးသွားသည့် အခွင့်အရေးကို နှမြောတသကာ မိမိကိုယ်ကို အပြစ်တင်ရင်း ပြောပြနေမိပါသည်။
တင်လှမှာ ကျွန်ုပ် တတွတ်တွတ်ပြောနေသည်ကို နားမလည်သည့် မျက်နှာပေးဖြင့် ကြည့်နေပြီး
“ဆရာ … ဘာတွေပြောနေတာလဲ။ ဆရာပစ်တဲ့အကောင်က မလွဲဘူး၊ လဲနေပြီ”
“ဟေ … ဘယ်လို … ဘယ်လို”
“ဟုတ်တယ် ဆရာ၊ ဆရာပစ်တဲ့အကောင်က နေရာတင် လဲနေပြီ။ ဆရာ အခုလိုက်တဲ့အကောင်က အမ ဆရာ။ ထီးပိုးကြီးက လဲနေပြီ။ ဟိုကောင်ကြီးလဲလို့ ဒီကောင်က ထပြေးတာ။ ကျွန်တော်က ဆရာ နောက် တစ်ကောင် ထပ်ပစ်မလို့ လိုက်တယ်ထင်တာ”
“မဟုတ်ဘူးကွ၊ ငါက ငါပစ်တဲ့အကောင်လွဲလို့ ထွက်ပြေးတယ် ထင်တာ။ ဒါ့ကြောင့် ထပ်ပစ်မလို့ လိုက်တာ”
ကျွန်ုပ် အကောင်ကို ပစ်သည့်နေရာသို့ သွားကြည့်ရာ ပြောင်ထီးပိုးကြီး လဲနေသည်မှာ တုတ်တုတ်မျှ မလှုပ်တော့။ ပစ်ချက်က ပြောင်ထီးပိုးကြီး၏ ရင်တူးမှတည့်တည့်ဝင်သွားလေရာ နှလုံးသားကို သံမဏိကျည်ဖူးက ဖောက်ထွင်းသွားသဖြင့် သွေးမှာ ရေပိုက်မှ ရေလာသကဲ့သို့ စီးကျနေသည်မှာ အိုင်ပင်ထွန်းနေပေပြီ။ ချက်ကောင်းကို ထိထားသဖြင့် ပြောင်ကြီးမှာ နေရာတွင် ပြုတ်ကျအသက်ထွက်ခဲ့ခြင်း ဖြစ်တယ်။
ကျွန်ုပ် ပြန်လည်သုံးသပ်ကြည့်ရာ “ဖောင်း” ဆိုသည့်အသံမှာ ပြောင်ထီးကြီးက သူ၏ အောက်ဖက်မှ တက်လာသော တင်လှအား ဝါးရုံဘေးမှ ပြေးတိုက်ရန် နှာအမှုတ်၊ ကျွန်ုပ်၏ သေနတ်က “ဒိုင်း” ခနဲ ထွက်သွားခြင်း ဖြစ်၏။
“ဗြုံး ဗြုံး ၊ အုံး အုံး” ဆိုသည့် အသံမှာ ပြောင်မကြီးက ထွက်ပြေးခြင်းသာ ဖြစ်ပြီး ကျွန်ုပ်က ပြောင်ထီးကြီးကို မမှန်ဟုထင်ကာ ‘ဖျောင်း ဖျောင်း’ ဟု သေနတ်ကို မောင်းထပ်ထိုးပြီး ပြောင်ပြေးရာနောက်သို့ ဖြတ်လိုက်ခဲ့ခြင်း ဖြစ်လေ၏။
ပြောင်ထီးကြီးကို စပစ်သည့် နေရာမှာ ကျွန်ုပ်နှင့် ခတ်စောင်းစောင်း အရှေ့ဘက်ဖြစ်ပြီး တင်လှနှင့် ပိုနီး၏။ ပြောင်မမှာ အနောက်ဘက်သို့ ဖြတ်ပြေးခြင်းဖြစ်၍ ကျွန်ုပ်က အနောက်ဘက်သို့ ပြေးလိုက်ခြင်းဖြစ်ရာ ပြောင်ထီးကြီး လဲမှန်း မသိခဲ့ခြင်း ဖြစ်၏။
ကျွန်ုပ်က လက်မှနာရီကို ကြည့်လိုက်ကာ ၁၃းဝဝ နာရီတိတိ၊ ပြောင်ထီးကြီးအား တိုင်းထွာကြည့်ရာ နှာဖျားမှ အမြီးဖျားအထိ ၁၃- ပေတိတိ။
X X X
စခန်း ပြန်ရောက်၍ ပြောင်ထီးပိုးကြီး လဲပြီဖြစ်ကြောင်းကို အဘအား အသေးစိတ် ပြန်လည်ပြောပြရာ အဘက …
“ကောင်းပါ့ဗျာ၊ ၁၃-ရက်မြောက်နေ့ ၁၃းဝဝ-နာရီမှာလဲတဲ့ ၁၃-ပေ ပြောင်ကြီးဆိုတော့ အမှတ်တရပေါ့ဗျာ”
“ဒါတင် ဘာဟုတ်မှာအုံးမလဲ အဘ။ ကျွန်တော်က အင်္ဂလိပ်လဆန်း ၁၃-ရက်နေ့မှာ မွေးတာလေ”
ဟု ပြောလိုက်ရာ အဘမှာ ယခုမှာပင် ကျွန်ုပ်၏ မွေးရက်ကို သိရှိသွားပါတော့သတည်း။
စာကြွင်း
ကျွန်ုပ်၏ မုဆိုးသက်တစ်လျှောက်တွင် အချိန်အကြာဆုံး ၁၃-ရက် တိတိလိုက်ခဲ့ရသော ပြောင်ပစ် အတွေ့အကြုံမို့ အမှတ်တရ မှတ်တမ်းတင်ထားခြင်းဖြစ်ခါ ဖြစ်ရပ်မှန်၊ နေရာမှန်၊ အမည်မှန်များ ဖြစ်ပါသည်။ ရှေ့ပိုင်း ၁ဝ-ရက်စာကို ဝတ္ထုအလွန်ရှည်မည် စိုး၍ ချန်လှပ်ထားခဲ့ပါသည်။
(ဆရာကျော်စိုးဗိုလ်၏ မေတ္တာရပ်ခံချက်အရ ယခုဇာတ်လမ်းအား ပြန်လည်ကူးယူဖော်ပြခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လွတ်လပ်စွာ Share လို့ရပါတယ်)
– ပြီး –
စာရေးသူ – ကျော်စိုးဗိုလ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized