ခင်မောင်အေး(မန္တလေး)
ကျားနှင့်ရင်ဆိုင် တွေ့ရင်နိုင်၊ သစ်နာရန်ဘက် တွေ့ရင်ခက်
ဒဟတ်တောရွာသို့ ကျွန်တော် ရောက်လာသောအချိန်က အချိန်ကောင်းဟု ပြောရတော့မည်။ တိုက်တိုက်ဆိုင်ဆိုင် ဘဘိုးရကို အိမ်ဝိုင်းအတွင်းမှာ သူ၏အမယ်ကြီးနှင့်အတူ အခါးရည်သောက်နေစဉ် တွေ့လိုက်ရ၍ဖြစ်ပါသည်။
ကျွန်တော်၏ ရုံးမှ စနေနေ့ နေ့တစ်ဝက်အဆင်း စိတ်ကူးပေါက်သဖြင့် ဘဘိုးရနှင့် တောလည်ချင်သောကြောင့် တစ်ကိုယ်တော်ထွက်လာခြင်းပင်။
ဘဘိုးရက မျှော်လင့်မထားဘဲ ကျွန်တော့်ကို တွေ့လိုက်ရသောကြောင့် တအံ့တဩဖြစ်သွားသည်။
“ဟောဗျာ. . . ဆိုင်းမဆင့် ဗုံမဆင့် ကျုပ်တို့မုဆိုး ဘာစိတ်ကူးပေါက်ပြီး ရောက်လာတာတုံးခင်ဗျ။ မောင်လှိုင့်ကိုလည်း ကျုပ် မန္တလေးကို လွှတ်မထားခဲ့ပါဘူးဗျာ”
“ဟုတ်ပါ့တော်… မုဆိုးက အကြောင်းမကြား ဘာမကြားနဲ့၊ ရုတ်တရက်ကြီး ဘာသတင်းတွေ ကြားရလို့တုံး။ ရောက်လာတော့လည်း ကျုပ်တို့တစ်တွေ ဝမ်းမြောက်ဝမ်းသာ ဧည့်ဝတ်ပြုရတာပါ့။ မောင်လှိုင်တို့၊ မိစမ်းခင်တို့ရေ၊ နေ့လယ်စာအတွက် နင်တို့ဦးလေးလှဒင်ကြီးဆီ ဟင်းစားသွားယူလိုက်ကြအုံး”
ဘဘိုးရတို့အိမ်သားများ အလုပ်တွေများသွား၏။
အမှတ် မထင်ပင်လား၊ အကြောင်းတိုက်ဆိုင်၍လား ကျွန်တော်မပြောတတ်နိုင်။ လျှော်ပင်ရွာဥက္ကဋ္ဌနှင့် ရွာလူကြီးနှစ်ယောက် ရောက်လာကြ၏။ ဘဘိုးရ၏ အိမ်ရှေ့တွင် ခင်းထားသည့် ခုံတန်းရှည်များပေါ်သို့ ဝင်ထိုင်လိုက်ကြပြီး ဥက္ကဋ္ဌက…
“ဘိုးရရေ. . . မင်းဆီ တို့က တောကောင်သောင်းကျန်းနေလို့ ကြံရာမရဖြစ်နေတာမို့ အကူအညီ လာပြီးတောင်းတာ။ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဆိုသလို မုဆိုး ရောက်နေပါပြီကောလား။ ငါ တို့ ကံတော်တော်ကောင်းနေတယ်နဲ့ တူပါရဲ့”
“ကိုင်း… ပြောစရာရှိတာလည်းပြော၊ ခရီးဝေးကလာရတာ အမောဖြေအုံး။ အခါးရည်လည်း သောက်လိုက်အုံး။ အမယ်ကြီးရေ. . . အခါးရည် ဖြည့်ပေးပါအုံးကွဲ့။ ဆတ်သားခြောက်ဖုတ်လည်း ချပေးပါ။ ဦးဝင်းထိန် ပြောစရာရှိတာ ပြောလေ”
“ဒီလိုပါ ဘိုးရရဲ့။ ကျုပ်တို့ လျှော်ပင်ရွာမှာက ဆိတ်မွေးကြတဲ့ သူတွေများတာ ခင်ဗျားလည်း သိ ပြီးသားမဟုတ်လား။ ဆိတ်ဈေးကလည်း ကောင်းတယ်လေ။
အဲ. . . . သစ်တစ်ကောင် ဘယ်ကနေ ဘယ်လို ရောက်လာတယ် မဆိုနိုင်ပါဘူး ခင်ဗျာ။ နှစ်ရက်ခြားလောက် တစ်ကောင် လာလာဆွဲတယ်။ ရွာစည်းရိုးကို လုံလုံခြုံခြုံ ကာထားတာတောင် ဘယ်လိုတိုးဝင်တယ် မဆိုနိုင်ဘူး။ ဆိတ်ကို ဆွဲသွားလို့ ဆိတ်က ပဲ့ခနဲ ပဲ့ခနဲ အော်တော့မှ သိကြပြီး ထလိုက်တော့ မမီလိုက်တော့ဘူး။ ကနေ့အထိ ရွာကဆိတ်တွေ သုံးကောင် ပါသွားပြီ။ ဒီအတိုင်းထိုင်ပြီး ကြည့်နေရင် ဆိတ်တွေမျိုးပြုတ်တော့မှာ သေချာတယ်။ အဲဒါ ဘယ်လိုလုပ် ကြရမလဲ။ ကူညီပါအုံးဗျာ”
“ဦးဝင်းထိန်တို့ အချိန်ကိုက် ရောက်လာတာကြောင့် ဘာအခက်အခဲမှ မရှိတော့ဘူးလို့ အောက်မေ့လိုက်ပေတော့။ ကျုပ်တို့ ခင်ဗျားတို့ရွာကို လိုက်လာမယ်။ ဒီတောကောင်က လွယ်လွယ်နဲ့ အစာရနေတာမို့ လျှော်ပင်ကနေ တော်တော်နဲ့ ခွာမှာမဟုတ်ဘူး။ ရွာနားက တောကောင်းကောင်းမှာ အောင်းနေမှာ မလွဲဘူး။
အဲဒီတော့ တောမောင်းကြည့်လိုက်ကြရအောင်။ မကောင်းဘူးလား မုဆိုး။ သေနတ်ကတော့ ဝသုန္တရ ရဲကင်းက ကျုပ်တူ ချစ်တင်ကို အခေါ်လွှတ်လိုက်မယ်။ ချစ်တင် လာရင် အဖော်တစ်ယောက်တော့ ပါ လာလိမ့်မယ်။ ဒါဆို မုဆိုးရယ်၊ ကျုပ်ရယ်၊ ချစ်တင်တို့နှစ်ယောက်နဲ့ဆို သေနတ်လေးလက်ပဲ။ လုံလောက်ပါတယ်”
လျှော်ပင်ရွာသည် ဒဟတ်တောရွာနှင့် ငါးမိုင်အကွာတွင် တည်ရှိသည်။ လှည်းနှင့် အမြန်မောင်းသွား မည်ဆိုပါက တစ်နာရီခရီးမျှသာ ဖြစ်ရကား ကျွန်တော်တို့ အချိန်ကို အလဟဿ အဖြစ်မခံဘဲ အရီးစံမယ် ချက်ထားသည့် ထမင်းနှင့် ဟင်းများကို တောင်စွန်ဖက်များနှင့် ထုပ်လျက် ယူဆောင်သွားသည်။ လျှော်ပင်ရွာသို့ ရောက်တော့မှပင် နေ့လယ်စာကို စားကြတော့မည်ဟု စီစဉ်လိုက်ကြ၏။
လျှော်ပင်ရွာသို့ ရောက်သည့်အချိန်တွင် ဦးဝင်းထိန် အတွက် သတင်းဆိုးတစ်ခု စောင့်နေသည်။
“ဥက္ကဋ္ဌခင်ဗျာ. . . ခရီးရောက်မဆိုက် ပြောရတော့မယ်။ နေမွန်းမတည့်ခင် နေ့ခင်းကြောင်တောင်ဗျာ၊ ပိုင်ဦးထက်တို့အိမ်အောက်ကို တောကောင်ဝင်လာပြီး ဇီးကြီးနဲ့ ဆိတ်မဒမ်းမတစ်ကောင်ကို ဝင်ဆွဲသွားလေရဲ့။
ရွာသားတွေ သိသိချင်း ချက်ချင်း ဓားလှံတွေနဲ့ ရရာလက်နက် စွဲကိုင်လိုက်ကြတယ်။ သစ်က ဆိတ်မလည်ပင်းကို ခဲထားရာက မလွှတ်ဘူးခင်ဗျ။ ဣန္ဒြေမပျက် ဆွဲသွားပြီး နောက်ကလူတွေကို လှည့်မာန်ဖီတယ်။ ဒီတော့ ရွာသားတွေတစ်ယောက်မှ ဆက်မလိုက်ဝံ့တော့ဘူး။ ရွာမြောက်ဘက်က တောအုပ်ထဲ ဆွဲချသွားတယ်။ ခုထိ ဒီကောင် ရှိနေအုံးမှာ။ ထွက်လာတာကို မမြင်ရဘူး”
ဦးဝင်းထိန်၏ မျက်နှာက ခရမ်းသီးပုပ်တစ်လုံးနှယ် ရှုံ့တွသွား၏။ ရုတ်ခြည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း ခွဲခြားမရနိုင်သည့် အသွင်ပင်။ ဘဘိုးရ၏ မျက်နှာကို လှမ်းကြည့်သည်။ ပြီးတော့ ကျွန်တော့်မျက်နှာ ကိုလည်း လှမ်းကြည့်ပြန်သည်။ ပဟေဠိကို အဖြေရှာနေသလား မဆိုနိုင်။
“ဘာဆက်လုပ်ဖို့ စဉ်းစားကြလဲ၊ ပြောကြအုံးလေ။ တောခြောက်ဖို့တော့ ဖြစ်မယ်မထင်ဘူး။ တောကောင်နောက်ကို ခြေရာခံပြီး ဆက်လိုက်ရင် မကောင်းဘူးလား”
ကျွန်တော်က အကြံပေးလိုက်၏။
“တောခြောက်ဖို့က မုဆိုးပြောသလို ဖြစ်နိုင်မှာမဟုတ်တော့ဘူး။ တောကောင်နောက်ကို ခြေရာခံပြီး
လိုက်တာက နီးစပ်လိမ့်မယ်။ တစ်ခုပဲ၊ သေနတ်သမားတွေအားလုံး လိုက်သွားလို့တော့ မဖြစ်လောက်ဘူး။ တစ်ယောက်က ရှေ့ကခေါင်းဆောင်လိုက်သွားပြီးမှ နောက်က ခွာလိုက်ရင် တောကောင်လည်း ရိပ်မိမယ် မထင်ဘူး၊ ဘယ်လိုလဲ”
ဘဘိုးရ၏ ပြောစကားက အကျိုးအကြောင်းဆီလျော်သည်မို့ အားလုံးက လက်ခံကာ ကျွန်တော် ကပင် ဦးဆောင်၍ ခြေရာခံလိုက်ရန် စီစဉ်ကြ၏။
ကျွန်တော်တို့တစ်တွေ အစာစားဖို့ထက် တောကောင်နောက်သို့ အုပ်မိအောင် အမီလိုက်ရန်သာ စိတ်အားထက်သန်နေကြသည်။
သို့ဖြစ်ရကား လျှော်ပင်ကျေးရွာဥက္ကဋ္ဌ၏ အားနာနာဖြင့် ဧည့်ဝတ်ပြုခြင်းကို ငြင်း၍ တောင်စွန်ဖက်ဖြင့် ထုပ်ကာ ယူဆောင်လာကြသည့် ထမင်းထုပ်ကိုယ်စီဖွင့်ပြီး အမြန်စားလိုက်ကြလေသည်။
လျှော်ပင်ရွာသားတွေကလည်း ကျွန်တော်တို့၏ တက်ကြွအားရမှုကို ကျေနပ်နေကြပါသည်။ နေ့လယ်စာစားပြီးသည့်နောက် ကျွန်တော်တို့ တော ကောင်နောက်သို့ စတင်ခြေရာခံလိုက်ကြ၏။ နေ့ခင်းကြောင်တောင် အလင်းရောင်အောက်တွင် ရွာသား များရှေ့မှောက်မှာ ဆွဲသွားသည်ဖြစ်၍ သတိထားရန် ဘဘိုးရက သတိပေး၏။
ကျွန်တော်က ရှေ့တွင် လျှော်ပင်ရွာဌာနေမုဆိုး စိန်မောင်အား တောကောင်၏ ခြေစခြေနများကို
ရှာဖွေကြည့်ရှုစေလျက် သတိကြီးစွာဖြင့် တောကောင်နောက်သို့ လိုက်ခဲ့ကြ၏။
ဆိတ်မ၏ လည်ချောင်းကို ကိုက်ချီဆွဲသွားခြင်း ဖြစ်ရကား စွတ်ကြောင်းရာကို ထင်ထင်ရှားရှား တွေ့မြင်နေရ၏။ သွေးစက်များလည်း တစ်စက်တစ်စက် ကျသွားသည့်အတွက် မြေပြင်ပေါ်တွင် အမှတ်တွေကို တွေ့နေရသောကြောင့် အခက်အခဲ မရှိချေ။
စွတ်ကြောင်းနောက်သို့ လိုက်သွားရင်းနှင့် ရွာမြောက်ဘက် တောထူထူအတွင်းသို့ ရောက်မှန်းမသိ ရောက်သွား၏။ စိမ်းစိမ်းစိုစို တောမြက်ရိုင်းများက ပိတ်ဆီးထားသည့်နှယ် ဖြစ်၏။
တောတိုးလျက် အတွင်းပိုင်းဆီသို့ ဝင်မိသွားသောအခါ မြက်ရိုင်းတွေ ကျဲပါးသွားသည်။ ရွက်ဖားဝေဝေ ညိုမှောင်နေအောင် သန်စွမ်းလှသည့် သဖန်းပင်များ တစ်ပင်နှင့်တစ်ပင် ဆက်နေသည့်အလား ပေါက်နေသည်ဖြစ်ရာ နေရောင်ခြည်ပင် မဝင်နိုင်တော့သဖြင့် သစ်ပင်များအောက်မှာ ခပ်မှောင်မှောင် ဖြစ်နေလေသည်။
အမှတ်တွေကို မမြင်ရတော့သဖြင့် သတိကြီးစွာထားလျက် ခြေလှမ်းသွားရ၏။ စွတ်ကြောင်းလည်း မမြင်ရ၊ သွေးစက်ကိုလည်းမတွေ့ ကြရတော့ပါ။
တောကောင်က ကျွန်တော်တို့ကို ခြေရာဖျောက်သွား ပြီ။ ရှေ့သို့ဆက်တိုးရန် တော်တော်ကြီး ခက်ခဲသွားပြီ။
ဌာနေမုဆိုး စိန်မောင်ပင် ကြံရာမရ ဖြစ်နေ၏။ ဇောချွေးတွေပင် ပြန်နေသည်။
တောထူထူ အလင်းရောင် ခပ်ပါးပါး တောမြက်ရိုင်းတွေအကြား နှစ်ယောက်သား အကြံအိုက်လျက် တွေဝေသွားကြ၏။ သို့ပင်ဖြစ်စေကာမူ ဒွိဟသံသယများပွားနေရမည့်အချိန်မဟုတ်။
တစ်ခုခု ဆုံးဖြတ်ဆောင်ရွက်ဖို့ လိုသည်။ သို့နှင့် နှစ် ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ရ၏။ တွေဝေတုံ့ဆိုင်းနေ၍ မဖြစ်တော့သည်ကို နှစ်ယောက်စလုံးက နားလည်ထားသည်ပဲလေ။
“တို့ တစ်ခုခုတော့ လုပ်မှနော စိန်မောင်။ တောကောင်က အမှောင်ထဲကနေ တို့ကို မြင်လိမ့်မယ်။ တို့က သာ သစ်ကို မမြင်ရတာ။ အခြေအနေ မပေးသေးလို့ တို့ အန္တရာယ်မတွေ့ရသေးတာ။ လစ်ပြီဆိုရင် သင်းထွက်လာပြီး တို့ကို ကိုက်လိမ့်မယ်။ သတိထားပြီး ကျောချင်းကပ် လှုပ်ရှားရအောင်။ဟုတ်လား… “
တောတွင်းသားကောင်တွေထဲမှာ ကျားသစ်က စင်စစ် အကောင်အထည်ကြီးမားလှသည့်သတ္တဝါမျိုး မဟုတ်ပါ။ ကိုယ်လုံးကိုယ်ထည် ခပ်သေးသေးသာ ဖြစ်၏။ အကြီးဆုံးဟုဆိုသော အကောင်က အမြီးဖျားမှ နှုတ်သီးအထိ ခုနစ်ပေထက် မပိုပေ။
ရွာနား တောစပ်ဖျားမှာ ခိုအောင်းတတ်သော ကျားသစ်များသည် ခြောက်ပေခန့်သာ ရှိတတ်သည်။ တိုက်ရန်ထက် ကုတ်ဖို့သာ အားသန်သည်။ ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များသည်။ မုဆိုးတွေအထူး ဂရုစိုက်ရသော တောကောင်ဖြစ်ပါသည်။
ဒီလိုတောကောင်မျိုးကို လျှော့တွက်၍ မရချေ။ မုဆိုးနှင့် သားကောင် စိတ်ဓာတ်ချင်းပြိုင်ကာ အနိုင်ယူရသည်။ ရင်ဆိုင်တွေ့လျှင် မိမိက လက်ဦးပါမှ အနိုင်ရရှိမည် ဖြစ်သည်။ တောကောင်ကို တွေ့မြင် ရပြီး သေတွင်းကို ပစ်လျှင် မုဆိုးက တိတိပပထိမှန်အောင် ပစ်ဖို့လိုသည်။
သေတွင်းဟူသည် တောကောင်၏ နှလုံးဖြစ်၏။ သေတွင်းကိုလွဲချေသွားက သစ်လို တောကောင်မျိုး သည် မုဆိုးအား သတ္တိရှိစွာ အသေအကျေ ရန်မူတိုက်ခိုက်တတ်သည်။ မုဆိုးနှင့် တောကောင် လျင်သူ အသက်ရှင်စတမ်းပဲ မဟုတ်လား။
တောင်ခြေသို့ သွားရာလမ်းကြောင်းက အလှမ်းကွာဝေးလှသည် မဟုတ်ချေ။ သို့ပင်ဖြစ်စေကာမူ စိမ်းစိမ်းစိုစို မြက်ရိုင်းပင်တွေ ထူထူထဲထဲ ပေါက်နေသည်။ သို့ဖြစ်၍ မုဆိုးများ အရဲကိုးလျက် မတိုးဝံ့။
သစ်က အလစ်အငိုက်ယူပြီး တိုက်ခိုက်လာမည် ဆိုပါမူ မိမိတို့ ခံရဖို့ သေချာသည်။ သတိကြီးကြီးထား လျက် လှုပ်ရှားရန်လို ပေသည်။
သို့ဖြစ်၍ ကျွန်တော်တို့နှစ်ဦး သတိထားပြီး လှုပ်ရှားရ၏။ ရှေ့ကိုက်သုံးဆယ်ခန့်အကွာ တောင်ခြေသို့ မရောက်မီ သဖန်းပင် သုံးလေးပင်ခန့် လက်ယှက်ထိုး ပေါက်နေသည်။ ထူထူထဲထဲ သစ်ရွက်များအကြားမှာ တောကောင်ကို တွေ့မြင်ရဖို့ မလွယ်ကူ။
သည်အခိုက် သဖန်းပင်များအောက်ဆီမှ ဘဘိုးရ၏တူ ရဲတပ်သား ချစ်တင်၏ စူးရှရှအော်သံတစ် ချက်ကို ကြားလိုက်ရ၏။
“တောကောင်ဗျို့. . . တောကောင်။ သဖန်းပင်ပေါ်မှာရှိနေတယ်။ သတိထားကြ … မြင်တော့ မမြင်ရဘူး”
သူ၏ သတိပေးသံကြောင့် ကျွန်တော်နှင့် မုဆိုးစိန်မောင် နေရာမှပင် မရွှေ့ဝံ့ကြတော့ဘဲ ရပ်တန့် နေလိုက်ကြ၏။
ခဏမျှအကြာ ချစ်တင်၏ စူးရှရှအသံ တစ်ဖန်ပြန်ပေါ်လာပြန်သည်။
“သစ်ဗျို့. . . သစ်။ ဆိတ်မကြီးကို သစ်ပင်ပေါ် ဆွဲတင်သွားတာ။ သစ်ပင်ပေါ်က သွေးစက်တွေ တစက်စက် ကျနေခဲ့လေရဲ့”
ချစ်တင်၏ အော်သံကို ကြားလိုက်ရပြီးနောက် ကျွန်တော်တို့က သဖန်းပင်အုပ်ရှိရာသို့ အရောက်သွားလိုက်ကြ၏။ ချစ်တင်ကို မလှမ်းမကမ်းမှ တွေ့မြင်နေရသည်။
သဖန်းပင်ပေါ်သို့ ဒသမ ၃ဝ၃ အမေရိကန်ရိုင်ဖယ်သေနတ်ကို ချိန်လျက် သားကောင်ကို ရှာဖွေနေ သည်။
သစ်ရွက်စိမ်းစိမ်းများအကြားမှာ အဝါရောင်သားကောင်ကို မည်သို့မျှ ရုတ်တရက် ရှာဖွေမတွေ့ရနိုင်။
သဘာဝက ပေးအပ်ထားခဲ့သည့် သင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အသွေးအမွေးရောင်က ပတ်ဝန်းကျင်နှင့် ရောထွေးယှက်တင်ဖြစ်အောင် ပြောင်းလဲပေးထားသည်။ သို့ဖြစ်၍ ရန်သူမုဆိုးနှင့် ရင်ဆိုင်မိသောအခါတွင် အလိုအလျောက် ပုံဖျက်ကာကွယ်ပြီးသား ဖြစ်သွားရ ၏။
ယခုလည်း ကျွန်တော်တို့မုဆိုးတွေ သစ်ပင်ထက်မှာ သစ်ရှိနေပါလျက်နှင့် ရုတ်တရက် ရှာဖွေ၍ မတွေ့ ဖြစ်နေရ၏။ သဖန်းပင်အောက်သို့ ကျွန်တော်နှင့် စိန်မောင် ရောက်ရှိသွားပြီး အပေါ်သို့ မော့လျက် တောကောင်ကို ချစ်တင်နှင့်အတူ ကူညီဝိုင်းဝန်းရှာဖွေသော်လည်း သစ်ကို မည်သို့မျှ မတွေ့ကြချေ။
တောကောင်သည် အတွေ့အကြုံရှိသော တောကောင်တစ်ကောင် ဖြစ်နိုင်သည်။ သမ္ဘာရင့် တိရစ္ဆာန်လည်း ဖြစ်ပုံရသည်။ ရန်သူမုဆိုးများနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ပြီးလည်း ဖြစ်နိုင်သည်။ အရှောင်အတိမ်းကျွမ်းကျင်လျက် အကာအကွယ်ကိုလည်း ရှာဖွေပုန်းအောင်းနိုင်စွမ်း ရှိသည့်သတ္တဝါ။
ယင်းကဲ့သို့သော တောကောင်ကို ကျွန်တော်တို့ လျှော့တွက်၍မရ။ ဂရုတစိုက် စေ့စေ့စပ်စပ် သေသေချာချာ ကြည့်ရှုရှာဖွေပါမှ တန်ကာကျလိမ့်မည်။
အစိမ်းရောင်သစ်ရွက်များအကြား အဝါရောင်တော ကောင်ကို ကြိုးကြိုးစားစား ရှာကြသည်။ တောကောင်က တစ်စက်ကလေးမျှမလှုပ်၊ အသံတစ်ချက်မျှပင် မပေး။
ရုတ်တရက် သဖန်းပင်ကိုင်းဖျားတစ်နေရာမှ ဖောက်ခနဲ သွေးစက်တစ်စက် ကျလာလေသည်။ အောက်ခြေမြေပြင်ပေါ်တွင် အနီ ရောင်အစက်တစ်ခုပေါ်လာသည်။
ကျွန်တော်၊ ချစ်တင်၊ ဘဘိုးရနှင့် ရဲတပ်သားစိုးဝင်းတို့ လေးဦးစလုံး အတွေ့အကြုံရှိသော မုဆိုးများဖြစ် ရကား အခြေအနေကို ရုတ်ခြည်း နားလည်သွားကြ၏။
သဖန်းပင်ကိုင်းဖျားနှင့် အနီးဆုံးနေရာမှာ ရောက်ရှိနေသော ချစ်တင်သည် ဒသမ ၃ဝ၃ အမေရိကန် ရိုင်ဖယ်ကို သွေးစက်ကျလာခဲ့သည့် သဖန်းပင်ကိုင်းဖျားဆီသို့ သေသေချာချာချိန်လျက် ခလုတ်ကို ဆွဲလိုက်လေသည်။
သေနတ်သံက တစ်တောလုံး တစ်တောင်လုံး ဟိန်းထွက်သွားသည်။ သေနတ်သံက ဟိုးအဝေး တောင်တန်းများဆီအထိ ရောက်ရှိသွားရာမှ အိမ်းခနဲ အိမ်းခနဲ ပဲ့တင်သံ လွင့်ပျံ့လာလေသည်။
ပဲ့တင်သံ၏နောက်မှာ တောကောင်တစ်ကောင် နာနာကြည်းကြည်း အာခေါင်ကိုခြစ်လျက် အော်လိုက်သံပါ တစ်ပါတည်း ပေါ်ထွက်လာသည်။ သည့်နောက် သဖန်းပင်ကိုင်းထက်မှ လျှောခနဲ မည်းမည်းအရာတစ်ခု ပြုတ်ကျလာခဲ့လေသည်။
ဗုန်းခနဲအသံ ပေါ်ထွက်လျက် ကျလာသော မည်းမည်းအရာသည် တောကောင်က လည်ပင်းကို ကိုက်ချီဆွဲယူသွားခဲ့သည့် ဆိတ်မ ဖြစ်နေသည်။
မုဆိုးများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကုန်သည်။ သေနတ်များကို ပစ်မှတ်မတွေ့ဘဲနှင့် တောင်ချိန်မြောက်ချိန် ချိန်ကုန်သည်။
မုဆိုးအိုကြီး ဘဘိုးရပင် ၂၈ လက်မ ပြောင်းရှည်နှစ်လုံးပြူး တယမ်းယမ်း။ နှုတ်ကလည်း ဗလုံး ဗထွေး မပီမသ အာမေဍိတ်သံများ ရေရွတ်သည်။
ဒီအခိုက် မည်သူကမျှ မျှော်လင့်မထားသည့် ဖြစ်ရပ် တစ်ခုဖြစ်ပေါ်လာသည်။ သဖန်းပင်ကိုင်းဖျား ရွက်ဖားဝေဝေများအကြားမှ တောကောင်သည် မြွေတစ်ကောင်နှယ် လျှောခနဲတိုးထွက်လာကာ အနီးဆုံးနေရာတွင်ရှိနေသော မုဆိုးချစ်တင်အပေါ်သို့ ခုန်ချလိုက်သည်။
သို့တစေ သတိရှိထားပြီး ဖြစ်သော ချစ်တင်က မျောက်တစ်ကောင်အလား ဖျတ်ခနဲ ခုန်ရှောင်လိုက်ပြီး သူ့လက်ထဲတွင် အသင့်ကိုင်စွဲထားသည့် ရိုင်ဖယ်သေနတ်ဖြင့် ပြောင်းထိုးချိန်လျက် ပစ်ခတ်လိုက်လေသည်။
ဒသမ ၃ဝ၃ ရိုင်ဖယ် သေနတ်ပြောင်းဝမှ ထွက်သွားသည့် ကျည်ထိပ်ဖူးက ပစ်မှတ်ကို ဖောက်ခနဲမြည်အောင် ထွင်းဖောက်သွား၏။
‘ဝေါင်း’ခနဲ မာန်ဖီလျက် တစ်ချက်မျှ ဟိန်းလိုက်ပြီးနောက် တောကောင်သည် ဖွဲအိတ်တစ်အိတ် ပစ်ချလိုက်သလို မြေပြင်ပေါ်သို့ ဗုန်းခနဲ အသံမြည်အောင် ပစ်ကျသွားလေသည်။
‘ဟင်း’ခနဲ တစ်ချက်ပင် မာန်သွင်းပြီး မဟိန်းလိုက်နိုင်။ သင်း၏ ခန္ဓာကိုယ်ပေါ်မှ အကြောတစ်မျှင်မျှပင် တွန့်မသွားလိုက်နိုင်။ အသံတစ်ချက်မျှ မထွက်ဘဲ အသက် ပျောက်သွားသည်။
ချစ်တင်၏ သေနတ်ကျည်ဖူးက တောကောင်၏ မေးအောက်မှ ထွင်းဖောက်ပြီး ဦးနှောက်တွေကို ဖွေးဖွေးလှုပ်သွားအောင် ခြေမွှပစ်လိုက်လေသည်။
လျှော်ပင်ကျေးရွာဥက္ကဋ္ဌ ဦးဝင်းထိန်၏ကျေးဇူးစကားကို အတော်ကြီးနားငြီးအောင်ပင် ကြားကြရ၏။ ဒီနောက် ဦးဝင်းထိန်၏အိမ်ဝိုင်းအတွင်းမှာ ထိုးပေးထားသည့် ကနားဖျင်းအောက်တွင် တည်ခင်းဧည့်ခံကျွေးမွေးသော ညစာကို ဟင်းအမည်ပေါင်းများစွာနှင့် လူတိုင်း ဗိုက်တွေနင့်နေအောင် စားကြရ ပေသည်။
ချစ်တင်ပစ်ခတ်ခဲ့သည့် တောကောင်၏ သားရေကို အမဲကိုင်ကျွမ်းကျင်လှသည့် ဖိုးလှီက သေသေချာချာ စနစ်တကျ ခွာထားသဖြင့် တောကောင်၏သားရေတွင် သေးငယ်သည့် ဒသမ ၃ဝ၃ ကျည်ဖူး ရာတစ်ခုမှအပ အနာအဆာ ကင်းစင်လှပြီး အလွန်တရာလှပ၍ အဖိုးထိုက်တန်သော ကျားသစ်ရေတစ်ချပ် ဖြစ်ခဲ့ပါသည်။
ကျွန်တော်တို့ ပစ်ခတ်ရရှိခဲ့သော တောကောင်ဖြစ်သည့်တိုင် တောကောင်သားရေကို ကျွန်တော်တို့က လျှော်ပင်ကျေးရွာဥက္ကဋ္ဌအား အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကြပါ၏။ လျှော်ပင်ရွာသားတွေတစ်ရွာလုံး လှည်းနေ လှေအောင်း၊ မြင်းဇောင်းနှင့် နွားတင်းကုပ်ပါမကျန် တစ်ရွာလုံး လာ ရောက်ကြည့်ရှုကြသည်ဖြစ်၍ ဘုရားပွဲတော်ဈေးတစ်ခုအလား ရုတ်ရုတ်သဲသဲ အုန်းအုန်းကျွက်ကျွက် ညံနေ လေတော့သည်။
ဘဘိုးရကလည်း တပြုံးပြုံး။ ချစ်တင်တို့ ရဲမုဆိုးနှစ် ယောက်ကလည်း ဥက္ကဋ္ဌ ဧည့်ဝတ်ပြုထားသော ကောက်ညှင်းမီးတောက်အရက် တစ်ဂါလန်ဖြင့် အိပ်မက်နိုင်ငံသို့ ခရီးနှင်သွားကြပြီ။
ကျွန်တော့်မှာမူ လျှော်ပင်ကျေးရွာ ဥက္ကဋ္ဌက ရီဝေဝေနှင့် စကားတွေ ဖောင်တစ်စင်းနှယ် စက်သေနတ် ပစ်နေသလို ပြောဆိုနေသည်များကို မကြားတစ်ချက် ကြားတစ်ချက်နှင့် အိပ်ချင်နေသည်ကို ဇွတ်မှိတ် နေရလျက်. . . ဒီည ဘယ်လိုကုန်ပါ့မလဲလို့။ ။
– ပြီး –
စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေ