ကျွန်မယောက်ျားကို ခြောက်သည့်သရဲ
——————————————————-
ကျွန်မယောက်ျားသည် အရက်သမားဖြစ်သည်။ အလုပ်ပင်ပန်းသည်ကို အကြောင်းပြ ညညကျ မူးလာတတ်သည်။ အရက်ဆိုင်ပိတ်မှ ပြန်လာတတ်သော ယောက်ျားကို စိတ်ဆိုးသော်လည်း အိမ်စရိတ်လေးပေးနေသေးသောကြောင့် အပြစ်မဆိုရက်။ သို့သော် အိမ်ထောင်သက်ရလာလေ စိတ်ကုန်စရာကောင်းလေ။ သူက အိမ်ပြန်ရောက်လျှင် လူမှန်း သူမှန်းမသိတော့။
“မောင်ရယ်တစ်နေ့တစ်လေ အိမ်ကို စောစောလေး ပြန်လာပါဦး”
“စောစောပြန်လာတော့”
“အိမ်ထမင်းဟင်း ကောင်းကောင်းလေး စားရတာပေါ့”
“ငြီးငွေ့နေပြီ”
ထိုစကားတစ်လုံး ကျွန်မကို အထိခိုက်ဆုံးဖြစ်သည်။
“ငြီးငွေ့နေပြီတဲ့လားမောင်”
မောင်ပြန်လာမည့်အချိန်ကို စောင့်ရသည့် ညပေါင်းများစွာ။ မစောင့်လို့လည်း မဖြစ်။ သူက ပြန်လာလျှင် တွေ့ရာ အိပ်တတ်သည်။ အအေးမိပြီးဖျားလျှင်ဆိုသည့် စိုးရိမ်စိတ်များဖြင့် ကျွန်မသူ့ကို စောင့်ကာ အိပ်ရာထဲတွဲပို့ရသည်မှာ အလုပ်တစ်ခု။
သူကမူးလာလျှင် ရယ်စရာတော့ကောင်းသည်။ ကျွန်မကို ဖက်သည်။ ပြောချင်ရာလျှောက်ပြောသည်။ တစ်ခါတလေ သူ့နှာခေါင်းနှင့် နှုတ်ခမ်းတွေက ကျွန်မပါးကိုလာထိခတ်သည်ကိုပင် သာယာနေချိန် သူက ဟောက်ကာ အိပ်ပျော်နေပြီ။
တစ်ည မောင်အတော်လေး နောက်ကျမှ ပြန်လာသည်။ သူက ဗလုံးဗထွေးနှင့်
“ငါ့ကို သရဲခြောက်တယ် … ဘာရမလဲ … သရဲမ ဖက်နမ်းပစ်လိုက်တယ်”
“မောင်က သရဲကို … အထီး … အမ ဘယ်လိုခွဲသလဲ”
“အမ … သရဲမကွ … ငါ သေသေချာချာကိုသိတာ”
မောင်က ပြောရင်း အိပ်ပျော်သွားပြန်သည်။
ကျွန်မစိတ်ကူးပေါ်လာသည်။ နောက်တစ်နေ့တွင် ကျွန်မသည် အိပ်ရာခင်းကို ခေါင်းခြုံလိုက်သည်။ မျက်လုံး နေရာတွင် အပေါက်တွေဖောက်လိုက်သည်။ ခါးတွင် အဝတ်စကို ကြိုးနှင့်ပတ်ပြီး မောင်လာမည့် လမ်းတွင် ထွက်စောင့်နေသည်။
ညောင်ပင်ကြီးအောက်တွင် မောင့်ကိုစောင့်နေသည်။ လရောင်ကလည်း မှိန်ပျပျ။ မောင်က ယိုင်ထိုးပြီးလျှောက် လာသည်။
ကျွန်မက ညောင်ပင်နောက်ထွက်လိုက်ပြီးမောင့်ကို
“ဟီး … ဟီး … ဟီး … ဟား … ဟား …” ဟုအော်ကာ ခြောက်လိုက်သည်။
မောင်က တုန့်ခနဲရပ်လိုက်ပြီး
“ဘာလဲကွ” ဟု အော်လိုက်သည်
“ဝူး … ဝူး … ဝါး”
“အောင်မယ် … သရဲမ ငါ့ကို ခြောက်ပြန်ပြီလား”
“ဝါး … ဟား … ဟား”
ကျွန်မက သူ့အနားကို ကပ်လိုက်ပြီး လက်တွေကို ဆန့်ထုတ်ကာ အော်လိုက်သည်
“ဟေ့ … ငါ့ကို ဘာမှတ်သလဲကွ … မနေ့ညက မမှတ်သေးဘူးလား”
“ဘူး … ထွား … ထွား”
“သောက်သရဲမ … ငါ့ကိုများ လာခဲ့”
မောင်က ကျွန်မလက်ကိုဆွဲကာ ညောင်ပင်နောက်ကို ခေါ်သွားသည်။
ထို့နောက် အဖြစ်အပျက်များကို မပြောပါရ စေနှင့်။ ကျွန်မအိမ်ထောင်သက်တစ်လျှောက် ပြောမပြနိုင်လောက်သည့် အတွေ့အထိတစ်ခုကို ရရှိခဲ့ခြင်းဖြစ် သည်။
“မှတ်ပြီလား … ငါ့ကိုများစမ်းလို့”
မောင်က ယိမ်းထိုးပြီးထွက်သွားသည်။ ကျွန်မအိမ်ပြန်ရောက်ချိန်တွင် မောင်သည် မီးဖိုးခန်းထဲတွင် ကွေးကွေးလေး အိပ်ပျော်နေသည်။
ကျွန်မကမောင့်ကို သွားထူလိုက်သည်
“ဟင် … ဘယ်သူလဲ … ငါဘယ်ရောက်နေလဲ”
“အိမ်ရောက်နေတာလေ”
“ညောင်ပင်အောက်မှာလားလို့”
“အိမ်မှာပါမောင်ရယ်”
“ညောင်ပင်အောက်မှာ ဒီညလည်း သရဲခြောက်တယ် … သိလား”
“ဟုတ်လား”
“ဒီည သရဲမကတော့ တော်တော်စုတ်ပြတ်တယ်ကွာ”
ကျွန်မ နောက်တစ်နေ့ သရဲသွားခြောက်ချင်စိတ်ပျောက်သွားသည်။
မောင့်ကို ဟိုနေ့က ဘယ်သရဲမက အကောင်းဆုံးအတွေ့တွေ ပေးနေသနည်း။
မောင့်ကို ခြောက်နေသည့် သရဲမကို သွားဖမ်းရဦးမည်။ ပြီးလျှင် နည်းယူရဦးမည်။
တင်ညွန့်
၂၃.၁၁.၂၀၁၉