စာစဉ် (၈၄)
(၁)
အနတ်ရောင်ဝတ်ရုံကြီးခြုံလွှမ်းထားသည့်လူကြီးအနောက်သို့ မယ်ပျင်းတို့သားအမိနှစ်ယောက်လိုက်လာခဲ့ကြသည်။ ဖက်လိပ်ရွာနှင့်အတော်လှမ်းလှမ်းရောက်သည့်အခါ မယ်ပျင်းက လမ်းလျှောက်နေသည်ကိုရပ်တန့်လိုက်ပြီး
“နေပါအုံး မြိုင်သာမြို့အထိ ဒီအတိုင်းလမ်းလျှောက်သွားရမှာလား”
မယ်ပျင်းမေးလိုက်သည့်အခါ ထိုလူကြီးကလှည့်ကြည့်လိုက်ပြီး
“လမ်းလျှောက်သွားလို့တော့ ဘယ်ရောက်ပါ့မလဲ၊ ဒါပေမယ့်ကျုပ်က လုံခြုံတဲ့အကွာအဝေးရောက်အောင်သွားနေရတာ”
“လုံခြုံတဲ့အကွာအဝေးဆိုတာ ဘာလဲ”
“မြိုင်သာမြို့စုန်းကောင်စီရဲ့ စည်းမျဉ်းအရ စုန်းပညာအတတ်ဆန်းနဲ့ခရီးသွားမယ်ဆိုရင်တောင်မှ လူတွေနဲ့မထိတွေ့တဲ့နေရာ လူတွေရဲ့အမြင်အာရုံ၊ အကြားအာရုံတွေကနေလွတ်ကင်းမယ့် လုံခြုံတဲ့နေရာရောက်တော့မှ စုန်းပညာကိုထုတ်သုံးရမယ်ဆိုတာပါတယ်”
မယ်ပျင်းက ဘေးဘီကိုတစ်ချက်ဝေ့ကြည့်လိုက်ကြပြီး
“ဒီနေရာလည်းလုံခြုံပါတယ်၊ ရွာသားတွေက ဒီအချိန် ဒီလိုနေရာကိုမပြောနဲ့ ရွာထိပ်ကိုတောင်ထွက်ရဲကြတာမဟုတ်ဘူး သိပ်သတ္တိကောင်းတဲ့ဟာတွေ”
မယ်ပျင်းက မဲ့ရွဲ့ကာပြောဆိုလိုက်သည့်အခါ ထိုလူကြီးက ရယ်မောလိုက်ရင်း ခမောက်အားချွတ်လိုက်ကာ မန္တန်တစ်ခုရွတ်ဖတ်လိုက်ရင်း မြေကြီးပေါ်သို့ပစ်ချလိုက်သည်။ ထိုအခါ ခမောက်ကြီးမှာ ပက်လက်လန်ကာ ဝိုင်းပတ်လည်ရင်း တဖြည်းဖြည်းကြီးမားလာကာ လှည်းဘီးကြီးတစ်ခုနီးပါးဖြစ်သွားလေတော့သည်။ ထိုလူကြီးက ခမောက်ကြီးပေါ်သို့ခုန်တက်လိုက်ကာ မယ်ပျင်းတို့သားအမိထံသို့ လက်လှမ်းလိုက်လေသည်။
“လာကြဟေ့ ခမောက်ပျံအစွမ်းနဲ့ ကမ္ဘာပတ်ကြမယ်ဟေ့”
အရင်ဆုံးသာစံက ထိုလူကြီးကလက်ကိုဆွဲလိုက်လေသည်။ ထို့နောက်မယ်ပျင်းမှာ ခမောက်ပေါ်သို့ခုန်တက်သည်။ သူတို့သုံးဦးတက်ပြီးသည်နှင့် ခမောက်ကြီးမှာ တဖြည်းဖြည်းကောင်းကင်ပေါ်သို့ ကြွတက်လာလေသည်။ သာစံမှာကြောက်လွန်းသဖြင့် ထိုလူကြီး၏ ခြေထောက်တစ်ဖက်ကို အားကုန်ဆွဲဖက်ထားလေသည်။ မကြာခင်မှာ ခမောက်ကြီးမှာလျှင်မြန်သောအရှိန်ဖြင့် မိုးပေါ်ပျံတက်ကာ မြိုင်သာမြို့ဆီသို့ ခရီးနှင်လေတော့သည်။
မယ်ပျင်းက မည်သို့မှမနေသော်လည်း သာစံကလေးမှာတော့ လေပေါ်ပထမဆုံးပျံဖူးသည်မို့ အလွန်စိတ်လှုပ်ရှားနေမိသည်။ အရှိန်ပြင်းပြင်းနှင့်တိုးဝင်တိုက်ခတ်လာသည့်လေများကြောင့် ပြုတ်ကျမည်ကိုစိုးရိမ်နေမိသည်။ ခမောက်မှာအတော်မြင့်မြင့်မှ ပျံသန်းသွားသောကြောင့် မြေပြင်တွင်ရှိနေသည့် ကျေးရွှာကလေးများ၊ မြစ်ချောင်းများကို ခပ်သေးသေးသာမြင်နေရသည်။ တိမ်စိုင်တိမ်လွှာများ၊ ကောင်းကင်မှ နက္ခတ်တာရာများမှာ မိမိခေါင်းပေါ်တွင် ဝေ့၀ဲပျံသန်းနေသည်ဟု ထင်မှတ်ရပေသည်။
“ရှင်တို့ခမောက်ကြီးနဲ့ပျံတာကျတော့ရော လူတွေက မမြင်ဘဲနေမလား”
“ဒီခမောက်ပျံက အောက်ဘက်ကနေကြည့်ရင် မိုးသားတိမ်တိုက်တွေ၊ ကောင်းကင်တွေနဲ့တစ်ရောင်တည်းဖြစ်နေလို့ တော်ရုံလူမမြင်နိုင်ပါဘူးကွ”
သာစံမှာ ပျံသန်းခါစတွင် ကြောက်ရွံ့ထိတ်လန့်နေသော်လည်း နောက်ပိုင်းတွင်တော့ တဖြည်းဖြည်းပျော်ရွှင်လာခဲ့သည်။ သာစံက တစ်နေရာသို့လက်ညှိုးထိုးပြီး
“ဟိုးနားက ကွေးကွေးကောက်ကောက်နဲ့ အဲဒါက ဘာကြီးလဲဟင် အမေ”
“သာစံရယ် မင်းကတော့ အမေးအမြန်းထူလိုက်တာအေ”
မယ်ပျင်းက မပြောဘဲ နှုတ်ဆိတ်နေလေသည်။ ထိုအခါ ဘေးနားမှလူကြီးက မနေနိုင်တော့ပေ။
“ခင်ဗျားဗျာ၊ ကလေးက သိချင်တာကိုပြောမပြဘူး၊ အဲဒါကွေးကောက်အင်းလို့ ခေါ်တယ်ကွဲ့ ငါ့တူရဲ့”
“မိုးပေါ်ကကြည့်တာတောင်မှ အင်းကြီးက အကျယ်ကြီးပဲနော်၊ ကွေးကွေးကောက်ကောက်နဲ့မို့လို့ ကွေးကောက်အင်းလို့ ခေါ်တာမှတ်တယ်”
“ငါ့တူက အဲဒီအင်းကြီးဆီကိုသွားကြည့်ချင်လို့လား”
သာစံအားမေးလိုက်သည့်အခါ သာစံကခေါင်းညိတ်ပြလိုက်လေသည်။ မယ်ပျင်းက သာစံအား လှမ်းရိုက်မည့်ဟန်ဖြင့်လက်ရွယ်ရင်း
“သာစံ၊ နင်ဟာလေ သိပ်ခြေရှည်တဲ့ကောင်ပဲ”
“မယ်ပျင်းရာ ကလေးကိုမရိုက်ပါနဲ့၊ သူလဲသွားချင်ရှာမှာပေါ့၊ ကဲပါ မြိုင်သာမြို့ကို နေမထွက်ခင်ရောက်ရင်ရပါပြီ၊ သွားလက်စနဲ့ တခါတည်း သွားကြတာပေါ့”
ခမောက်ပျံကြီးမှာ နံဘေးကွေ့ကာ မြေပြင်ဆီသို့ထိုးဆင်းသွားလေသည်။ မကြာခင် ကွေးကောက်အင်း၏ ရေမျက်နှာပြင်ပေါ်တွင် ရေပြင်နှင့်ရှပ်တိုက်ကာ မောင်းနှင်နေလေသည်။ ခမောက်ပျံမှ ကန်ထွက်လာသည့်လေအားကြောင့် ရေမှုန်ရေမွှားကလေးများမှာ သာစံတို့ထံသို့လာရောက်ထိစင်ကြလေသည်။
သာစံမှာပျော်ရွှင်မြူးတူးနေပြီး စိတ်လွတ်ကာ အော်ဟစ်နေမိသည်။ သို့နှင့် တောင်တန်းကြီးများ၊ သစ်တောကြီးများအပေါ်သို့ ဖြတ်သန်းကာ နံနက်ကြက်ဦးမတွန်ခင်အချိန်မှ မြိုင်သာမြို့သို့ရောက်လာခဲ့ကြသည်။ မြိုင်သာမြို့စွန်တစ်နေရာတွင် ခြံဝိုင်းကျယ်ကြီးတစ်ခုရှိသည်။ ခြံဝိုင်းကျယ်ကြီးအတွင်းတွင် နွားအများအပြားရှိကာ အိမ်တန်းရှည်ကြီးတစ်ခုလည်းရှိလေသည်။ အိမ်ကြီးမှာ ဗမာများဆောက်လုပ်နေထိုင်သည့် သစ်သားအိမ်နှင့်မတူဘဲ အုတ်အိမ်ကဲ့သို့ လေးထောင့်စပ်စပ်နှင့် ရှည်မျောမျောဖြစ်သည်။
ခမောက်ပျံကြီးမှာ ထိုခြံဝိုင်းကြီးအတွင်းသို့ဆင်းသက်သွားပြီး အိမ်ကြီးအရှေ့မြေကွက်လပ်တစ်နေရာရောက်သည့်အခါ ချက်ချင်းသေးငယ်သွားသည်။ သုံးဦးသားမှာလည်း မြေပေါ်သို့ပြုတ်ကျကြလေသည်။ မယ်ပျင်းက လေဟုန်ကိုရပ်တန့်ပြီးဆင်းလိုက်သည်မို့ မြေပြင်ပေါ်ခြေနှစ်ဖက်နှင့်ကျသည်။ ထိုလူကြီးကလည်းမြေပြင်ပေါ် ဒူးတစ်ဖက်ထောက်၍ ကျသည်။ သာစံမှာတော့ အကျမလှသဖြင့် မြေပြင်ပေါ်ကျွမ်းထိုးပြီးကျလေရာ အနက်ရောင်ဝတ်ထားသည့်လူကြီးက ဖမ်းဆွဲထားလိုက်သဖြင့်သာ လေပေါ်တွင်တွဲလောင်းကြီးဖြစ်နေသည်။
ထိုလူကြီးက ခမောက်ကိုလက်နှင့်ပြန်ဖမ်းယူလိုက်ပြီး ခေါင်းတွင်ဟန်ပါပါဆောင်းလိုက်သည်။
“ကျုပ်အိမ်ကနေကြိုဆိုပါတယ်”
မယ်ပျင်းက အိမ်အနေအထားကိုတစ်ချက်အကဲခတ်ကြည့်နေသေည်။ အိမ်မှာ အင်္ဂတေကိုင်ထားသကဲ့သို့ ပြောင်ချောနေကာ ထုံးဖြင့်သုတ်ထားသလို ဖြူဝင်းနေလေသည်။ အိမ်အဝင်ဝမှာ ဗမာအိမ်များကဲ့သို့ တံခါးပေါက်မရှိဘဲ ကော်ဇောတစ်ချပ်ကို ခန်းဆီးလိုက်ကာသဖွယ်ကာရံထားသည်။
“ဒါရှင့်အိမ်လား”
“ကျုပ်တို့အိမ်ပါ”
ထိုလူကြီးက ဖြေပြီးသည့်နောက် ကော်ဇောကိုအသာလှပ်ကာ အိမ်ထဲသို့ဝင်သွားသည်။ မယ်ပျင်းလည်းအနောက်မှလိုက်ဝင်သွားရာ သာစံမှာအမေနောက်မှ ကုပ်ချောင်းချောင်းနှင့်အိမ်ထဲသို့လိုက်သွားတော့သည်။
ကော်ဇောတပ်ထားသည့် တံခါးပေါက်မှ အတွင်းသို့ လှေကားသုံးထစ်ခန့်ဆင်းရသည်။ အိမ်ကလေးမှာ အပြင်ပန်းကကြည့်လျှက် ကျယ်ဝန်းသည်ဟုမထင်ရသော်လည်း အထဲတွင်တော့ အတော်အတန်ကျယ်ဝန်းလှသည်။ မြေသားအိမ်ဖြစ်သဖြင့် အိမ်အတွင်းအေးစိမ့်နေလေသည်။ အိမ်ဝင်ဝင်ချင်းနေရာမှာ အခန်းကျယ်တစ်ခုဖြစ်ပြီး အရောင်အသွေးစုံသည့် ကော်ဇောများကိုဖြန့်ကျက်ခင်းထားလေသည်။ နံရံတွင် လှပသည့်ဖန်မီးအိမ်များကိုထွန်းထားသောကြောင့် အခန်းအတွင်းလင်းချင်းနေလေသည်။
ထိုအချိန်အိမ်အတွင်းရှိ လိုက်ကာကြီးတစ်ခုပွင့်သွားကာ အဘိုးကြီးတစ်ဦးထွက်လာလေသည်။ ထိုအဘိုးကြီးမှာ ကြေးဖြင့်ပြုလုပ်ထားသည့် သေးငယ်သည့် ဆေးတံကလေးတစ်ခုကို ဖွာရှိုက်နေလေသည်။ ထိုအဘိုးကြီးက မယ်ပျင်းအနီးသို့ရောက်လာကာ မယ်ပျင်းကိုသေသေချာချာစိုက်ကြည့်ရင်း
“မယ်ပျင်းဆိုတာ မင်းပဲကိုး”
မယ်ပျင်းကိုသေသေချာချာစိုက်ကြည့်နေသဖြင့်မယ်ပျင်းက
“ရှင် မိန်းမမမြင်ဖူးဘူးလား အဘိုးကြီး”
အဘိုးကြီးက ဟက်ခနဲရယ်လိုက်ကာ
“မိန်းမတွေ အများကြီးတော့မြင်ဖူးတယ် ဒါပေမယ့် မင်းလိုမိန်းမမျိုးကိုတော့အခုမှပဲမြင်ဖူးတာ၊ ဒါကြောင့်မို့ သေချာကြည့်နေတာ”
“ရှင်လူပါးမဝနဲ့နော် အဘိုးကြီး”
ခမောက်ပျံနှင့်လူကြီးက မယ်ပျင်းကိုကြည့်ရင်း
“စိတ်လျော့ထားပါမယ်ပျင်း၊ ငါတို့က မင်းကိုဒုက္ခပေးမယ့်လူမဟုတ်ပါဘူး”
ဆေးတံနှင့်လူကြီးကလည်း
“ငါက မင်းကိုကြည့်တယ်ဆိုတာ တဏှာစိတ်နဲ့ကြည့်တာမဟုတ်ပါဘူး၊ ဒီနယ်တကြောမှာ နာမည်ကျော်ကြားလှတဲ့ စုန်းမမယ်ပျင်းဆိုတာ ဘယ်လိုပုံစံလဲဆိုတာ မြင်ဖူးအောင်ကြည့်ထားတာပါ”
“ဘာရှင့် ကျုပ်က နာမည်ကျော်ကြားနေတယ်ဟုတ်သလား”
“ဒီနယ်မှာ မင်းလောက်လူသတ်ထားတဲ့လူမှမရှိသေးတာ မယ်ပျင်းရ၊ ဒါနဲ့ မင်းလူဘယ်လောက်သတ်ထားသလဲဆိုတာ မင်းမှတ်မိရဲ့လား”
မယ်ပျင်းက ခေါင်းခါလိုက်သည်။
“ငါးရာလေးဆယ့်ရှစ်ယောက်ရှိပြီ”
မယ်ပျင်းမှာ အံ့သြသွားရင်း
“နေပါအုံး ရှင်က ကျုပ်လူသတ်တာကို တစ်ယောက်ချင်းစီလိုက်ပြီး ရေတွက်ထားတာလား”
“တို့စုန်းကောင်စီရဲ့အလုပ်ထဲမှာ လူသတ်မှုကိုရေတွက်တာလဲပါတယ်လေ၊ မင်းက နိဗ္ဗာန်ရွာမှာချည်း လူလေးရာသုံးဆယ့်နှစ်ယောက်သတ်ခဲ့တယ်၊ ဒါက မင်းကိုယ်တိုင်တိုက်ရိုတ်သတ်ထားတာကို ရေတွက်ထားတာ၊ မင်းလက်နဲ့သတ်တာမဟုတ်ပေမယ့် မင်းကြောင့်သေခဲ့ရတဲ့လူက နှစ်ရာလောက်ရှိသေးတယ်”
ခမောက်နှင့်လူကြီးမှာအရှေ့တိုးလာပြီး
“ထားပါတော့အကိုကြီးရာ၊ အခုအချိန်က ဒါတွေပြောနေရမယ့်အချိန်မှ မဟုတ်တာ”
ဆေးတံနှင့်လူကြီးက ခေါင်းတဆတ်ဆတ်ညိတ်ပြီး
“ကျုပ်နာမည်က ရာကူးလို့ခေါ်တယ်၊ အခုလက်ရှိ မြိုင်သာစုန်းကောင်စီရဲ့ ဥက္ကဋ္ဌပေါ့၊ ဒီကောင့်နာမည်ကတော့ ရာမူးတဲ့ သူက ငါ့ညီတစ်ယောက်ပဲ၊ ငါတို့အဖေက သားခုနစ်ယောက်မွေးထားခဲ့တယ်၊ ကျန်တဲ့ညီအကိုတွေကတော့ အခုဒီမှာမရှိဘူးပေါ့”
“အကိုကြီး မယ်ပျင်းက ကျုပ်တို့ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီဆိုတော့ မယ်ပျင်းကို အဖေနဲ့ပေးတွေ့ရင်မကောင်းဘူးလား”
“ပေးတွေ့မှာပါကွ၊ သူတို့တွေ ခရီးရောက်မဆိုက် အနားယူပါစေအုံး၊ စိတ်သိပ်မလောနဲ့ရာကူး၊ ကိစ္စကြီးလုပ်တယ်ဆိုတာ နေ့ချင်းညချင်းပြီးမှာမဟုတ်ဘူး၊ စိတ်အေးအေးထားပြီးအလုပ်လုပ်ပါ”
ရာကူးက ခေါင်းညိတ်ကာ အိမ်အပြင်သို့ပြန်ထွက်သွားလေသည်။ မယ်ပျင်းနှင့် သာစံကို ရာကူးက ကော်ဇောများပေါ်တွင်ထိုင်စေသည်။ သူကိုယ်တိုင်လဲ ကော်ဇောတစ်နေရာတွင် ထိုင်ချလိုက်သည်။ ထို့နောက် လက်ခုပ်နှစ်ဖက်တီးလိုက်သည့်အခါ အိမ်အတွင်းမှ ချောမောလှပသည့် မိန်းမလှကလေးများက အရောင်အသွေးစုံလင်လှသည့် ဆာရီခြုံထည်များကိုဝတ်ဆင်ကာ ငွေရောင်လင်ဗန်းများကိုကိုင်လျှက် အစီအရီထွက်လာကြလေသည်။
ထိုမိန်းကလေးများ ထွက်လာကြသည်မှာ သာမန်လူများထွက်လာကြသည်နှင့်မတူဘဲ ကချေသည်များယိမ်းကသည့်နှယ် ညီညီညာညာတန်းစီ၍ ထွက်လာကြခြင်းဖြစ်သည်။ ထို့နောက် ကျယ်ဝန်းလှသည့် အိမ်ရှေ့ခန်းကော်ဇောပေါ်တွင် အကွက်ကျကျနေရာယူလိုက်ကြပြီး လက်ထဲမှ လင်ဗန်းများကို ကိုင်မြှောက်ကာ ကခုန်ကြလေသည်။
ရာကူးက လက်ခုပ်တစ်ချက်တီးလိုက်သည့်အခါ ဗုံတီးသံ ပုလွေသံများမှာ မည်သည့်နေရာမှထွက်လာမှန်းမသိဘဲ ထွက်ပေါ်လာလေသည်။ ထိုမိန်းကလေးများမှာ တေးသံစည်းချက်အတိုင်း လင်ဗန်းများကိုင်ကာ ကခုန်နေကြလေသည်။ ကခုန်ကြသည်မှာလည်း တစ်ဦးနှင့်တစ်ဦး ညီညာစွာကခုန်ကြပြီး ကကွက်ဆန်းများဖော်ကာ ကပြကြသဖြင့် ယိမ်းကနေသည်နှင့်ပင်တူညီနေသေးသည်။ မြူးကြွသည့်တေးသံများဖြင့် ကပြနေခြင်းကြောင့် သာစံကလေးများ ပျော်ရွှင်လာကာ လက်ခုပ်လက်ဝါးတီးကာ ကြည့်နေမိသည်။
မိန်းကလေးများအားလုံးမှာ မတူညီသည့်အဝတ်အစားများကို ဝတ်ဆင်ထားကြသော်လည်း မျက်နှာပုံစံမှာ တစ်ပုံစံတည်းထပ်တူညီနေလေသည်။ ရှည်လျားနက်မှောင်သည့်ဆံပင်များမှာ ကခုန်နေသည့်အခါတိုင်း ယိမ်းနွဲ့လှုှုပ်ရှားနေကာ မိန်းကလေး၏ မျက်ဝန်းနက်နက်နှင့် ကော့ညွတ်နေသည့် မျက်တောင်မွှေးကြီးများမှာလည်း အလွန်လှပ ကြည့်ကောင်းလှပေသည်။ မိန်းကလေးများမှာ အတန်ကြာအောင် ကပြပြီးသည့်နောက် သာစံတို့အရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် ကကွက်အတိုင်းကခုန်ကာ ဝင်ရောက်လာကြပြီး လက်ထဲတွင်ကိုင်ထားသည့် စားသောက်ဖွယ်ရာများထည့်ထားသော လင်ဗန်းများကို ကော်ဇောပေါ်တွင်ချပေးလိုက်သည်။
စားသောက်ဖွယ်ရာများမှာလည်း အရောင်အသွေးစုံလင်လှသည့် အချိုမုန့်များဖြစ်သည်။ အနီရောင်အဆင်းရှိသည့်အလုံးကလေးများ၊ အစိမ်းရောင်အဆင်းရှိသည့် မုန့်အတုံးကလေးများ၊ လိမ္မော်ရောင်အဆင်းရှိသည့် မုန့်ဝိုင်းကလေးများ စသည်ဖြင့်များပြားလှလေရာ သာစံမှာ ထိုမုန့်များကိုအငမ်းမရစားသောက်နေမိသည်။ မိန်းကလေးစုစုပေါင်း ခုနစ်ဦးတိတိရှိကာ လာချပေးသည့် လင်ဗန်းများထဲတွင်လည်း အမျိုးအစားမတူသည့် စားသောက်ဖွယ်ရာခုနစ်မျိုးတိတိပါဝင်လေသည်။
မိန်းကလေးများမှာ ကခုန်ပြီးသည့်အခါ စည်းချက်နှင့်အညီ ကော်ဇောပေါ်တွင်ရပ်တန့်လိုက်လေသည်။ သူတို့ရပ်တန့်လိုက်သည့်အခါ တေးသံမှာလည်းရပ်တန့်သွားသည်။ ရာကူးက လက်ခုပ်လက်ဝါးတီးကာ အားပေးလိုက်သည့်အခါ သာစံကလည်း အားရဝမ်းသာဖြင့် လက်ခုပ်ထတီးလေသည်။ ထိုမိန်းကလေးက သာစံကိုပြုံးလျှက်ကြည့်လိုက်လေသည်။ သို့သော် မယ်ပျင်းကတော့ မျက်နှာထားခပ်တည်တည်နှင့်ဖြစ်သည်။ မိန်းကလေးမှာ သူ၏အကအလှကို မယ်ပျင်းက အားမပေးသည့်အတွက် စိတ်ပျက်သွားပုံရသည်။
“ကဲ သမီး၊ သမီးရဲ့ညီအမတွေကို ပြန်စုလိုက်ပါအုံး၊ ဟောဒီက အဖေ့ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးရအောင်လို့”
ရာကူးပြောလိုက်သည့်အခါ မိန်းကလေးက ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် အနားတွင်ရှိနေသည့် မိန်းကလေးခုနစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်ပူးကပ်လိုက်ကြသည့်အခါ အချင်းချင်းပေါင်းစည်းသွားပြီး နောက်ဆုံးတွင်တော့ မိန်းကလေးတစ်ဦးတည်းသာ ကျန်ရစ်နေလေတော့သည်။
“မယ်ပျင်း၊ ဒါက ငါ့ရဲ့သမီး၊ သူ့နာမည်က စီတာတဲ့၊ ဗမာတွေကတော့ သီတာလို့ခေါ်မှာပေါ့”
“သီတာတွေ စီတာတွေ ကျုပ်စိတ်မဝင်စားဘူး၊ ကလိုက်တာကလည်း ရှုပ်ယှက်ခတ်နေတာပဲ၊ အစားကလေးတစ်လုပ်စားရဖို့အရေး သူကတာကိုထိုင်ကြည့်နေရရင် ငတ်သေကုန်ကြမှာပဲ”
မယ်ပျင်းက ခပ်ငေါ့ငေါ့ပြောလိုက်သည့်အခါ ရာကူးမှာ တဟားဟားနှင့်ရယ်မောလေသည်။ စီတာကတော့ မျက်နှာကလေးညှိုးသွားသည်။ သာစံက စီတာကိုကြည့်လိုက်ရင်း
“မမစီတာ ကတာခုန်တာ သိပ်ကြည့်လို့ကောင်းတာပဲ”
သာစံပြောလိုက်သည့်အခါမှ စီတာမှာ အနည်းငယ်စိတ်ပြေသွားလေသည်။ သာစံမှာ အချိုမုန့်များကို အငမ်းမရစားနေသော်လည်း မယ်ပျင်းက နွားနို့တစ်ခွက်ကိုသာသောက်နေလေသည်။ ရာကူးက စီတာကိုကြည့်လိုက်ရင်း
“သမီးရေ၊ အိမ်မှာရှိတဲ့လူတွေအားလုံးကိုခေါ်လိုက်ပါ၊ သူတို့နဲ့ အဖေတို့ရဲ့မိသားစုဝင်အသစ်နဲ့မိတ်ဆက်ပေးရမယ်”
ရာကူးပြောသည့်စကားကိုကြားလိုက်ရသည့်အခါ မယ်ပျင်းက မျက်မှောင်ကြုတ်လိုက်လေသည်။ စီတာက ခေါင်းညိတ်ပြီး အိမ်အပြင်သို့ထွက်သွားသည်။ မကြာခင် အိမ်အပြင်မှ ရာမူးနှင့် စီတာဝင်လာလေသည်။ သူတို့အနောက်မှာ ဆံပင်များဖြူဆွတ်နေသည့် အဘိုးကြီးတစ်ဦးနှင့်အတူ သာစံထက် အသက်အနည်းငယ် ငယ်သည့် မိန်းကလေးတစ်ဦးလဲ လိုက်ပါလာသည်။ ရာကူးက လူများစုံသည့်အခါ
“ကဲ လူစုံပြီဆိုတော့ အဖေ့ဆီကိုသွားကြတာပေါ့”
ရာကူးထသွားသည့်နောက်သို့ အခြားလူများလိုက်သွားကြသည်။ ရာမူးက မယ်ပျင်းတို့သားအမိနှစ်ယောက်ကိုပါ အခန်းထဲခေါ်လာခဲ့သည်။ အိမ်ရှည်ကြီးအတွင်းတွင် လျှောက်လမ်းတစ်ခုရှိပြီး နံဘေးတစ်ဖက်တစ်ချက်တွင် အခန်းများရှိသည်။ လျှောက်လမ်းအတိုင်းလျှောက်လှမ်းသွားရင်း တစ်နေရာရောက်သည့်အခါ ရာကူးက အခန်းတစ်ခုအတွင်းသို့ဝင်သွားသည်။ မယ်ပျင်းတို့လည်း လိုက်ဝင်လာခဲ့ရာ အခန်းအတွင်းတွင် အလွန်မှောင်မည်းနေသည်။ အခန်းထောင့်တစ်နေရာတွင်သာ မီးအိမ်မှိန်မှိန်ကလေး လင်းလက်နေလေသည်။
ရာကူးက လက်ဖြောက်တစ်ချက်တီးလိုက်သည့်အခါ အခန်းအတွင်းရှိ မီးအိမ်များမှာ မီးတောက်များတောက်လောင်သွားကြသဖြင့် လင်းချင်းလာလေသည်။ အခန်းထောင့်တွင် ကုလားကုတင်ကြီးတစ်လုံးရှိပြီး ထိုအပေါ်တွင် အလွန်အိုမင်းနေသည့် လူကြီးတစ်ယောက်က လဲလျှောင်းနေလေသည်။ ထိုလူကြီးမှာ အရိုးပေါ်အရေတင်ဖြစ်ကာ မျက်လုံးကြီးကလည်း ပြူးထွက်နေလေသည်။ လူဆိုသော်လည်း လူနှင့်မတူဘဲ အရိုးစုကြီးတစ်ခုကိုကြည့်ရသည်နှင့် ဆင်တူလှသည်။
“မယ်ပျင်းရောက်လာပါပြီအဖေ”
ထိုလူကြီးက ရီဝေနေသည့်မျက်လုံးများဖြင့် လူအများကြားသို့လိုက်လံရှာဖွေနေလေသည်။ ရာမူးက မယ်ပျင်းကျောကုန်းကိုအသာတွန်းလိုက်သည့်အခါ မယ်ပျင်းမှာ ကုတင်အနီးသို့တဖြည်းဖြည်းချင်းတိုးကပ်သွားသည်။ ကုတင်ပေါ်တွင်လှဲအိပ်နေသည့်လူကြီးက မယ်ပျင်းအားလက်ကမ်းပေးလိုက်သည်။ မယ်ပျင်းမှာ ထိုလူကြီး၏လက်ကို ဘာရယ်မဟုတ်ဘဲကိုင်ဆွဲလိုက်မိသည်။ ထိုလူကြီးက မယ်ပျင်းကိုကြည့်ရင်း
“ဒီအရွယ်တောင်ရောက်လာပြီကိုး မယ်ပျင်း”
“ရှင်ကဘယ်သူလဲ”
အဘိုးကြီးမှာ စကားပြောချင်သော်လည်း အားယူနေရလေသည်။
“ငါ့နာမည်က ရာဂျူး၊ ဒီမိသားစုရဲ့ အကြီးအကဲပဲပြောကြပါစို့၊ အိန္ဓိယနိုင်ငံမြောက်ပိုင်းကနေ ဒီကိုရောက်လာပြီးတော့ မယ်တော်ကို စုန်းအသင်းတည်ထောင်ရာမှာ အစအဆုံးကူညီပေးခဲ့ရတယ်”
“ဒီလောက်ဆိုနားလည်ပါပြီ၊ ဒါနဲ့ ရှင်ကျုပ်ကိုဘာပြောချင်လို့လဲ”
“ငါဖြစ်ချင်တာတွေအကုန်လုံးကို ရာကူးကိုပြောထားခဲ့တယ်၊ ဒါပေမယ့် သူ့ကိုမပြောရသေးတာတစ်ခုရှိတယ်၊ အဲဒါကတော့ မင်းငါတို့မိသားစုထဲက လူတစ်ယောက်နဲ့လက်ထပ်ရမယ်”
မယ်ပျင်းမှာ မျက်လုံးပြူးသွားလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကျုပ်က အပူမရှာချင်လို့တောင်မှ တစ်ယောက်ထဲနေခဲ့တာပဲကို”
ထိုအခါ ရာကူးက တစ်ခုခုကိုပြောရန်ပြင်ဆင်လိုက်သည်။ သို့သော်လည်း သာစံရှိနေသဖြင့်မပြောဘဲ ရာမူးအားကြည့်လိုက်သည်။ ရာမူးကလည်း နားလည်သည့်ဟန်ဖြင့်
“သမီး မာယာ၊ သာစံကို ခြံထဲကိုခေါ်သွားပြီး ခြံထဲက ထူးဆန်းတာတွေကို လိုက်ပြလိုက်စမ်းပါကွယ်”
မာယာဆိုသည့် မိန်းကလေးက ခေါင်းညိတ်ကာ သာစံအားခေါင်ဆောင်သွားလေသည်။ သာစံက အခန်းထဲမှမထွက်ခင် မယ်ပျင်းအားကြည့်လိုက်သည့်အခါ မယ်ပျင်းက ခေါင်းညိတ်ပြလိုက်သဖြင့် မာယာအနောက်သို့လိုက်ပါသွားသည်။
ထိုတော့မှ ရာကူးက
“ဒီလိုမယ်ပျင်းရဲ့၊ တို့စုန်းကောင်စီကို မယ်တော်လွှမ်းမိုးနေတာကို ငါတို့ကမကြိုက်ဘူး၊ မယ်တော်က ငါတို့စုန်းကောင်စီကို လက်ကိုင်တုတ်လိုအသုံးချနေတာကိုလည်း ငါတို့မခံနိုင်ဘူး၊ ဒါကြောင့် မယ်တော်ကိုထိန်းကြောင်းဖို့လိုအပ်တယ်၊ မယ်တော်ကိုထိန်းကြောင်းဖို့အတွက် ငါတို့စုန်းကောင်စီထဲမှာ မယ်တော်နဲ့ပြိုင်ဘက်မရှိဘူး၊ ဆိုလိုချင်တာက မယ်တော်ကို ထိတ်လန့်သွားစေမယ့်အရည်အချင်းမျိုး ဘယ်သူ့ဆီမှာမှမရှိဘူး”
ရာကူးက မယ်ပျင်းကိုလက်ညှိုးထိုးလိုက်ကာ
“အဲဒီအရည်အချင်းတွေက မင်းဆီမှာပဲရှိတယ်မယ်ပျင်း”
“ဒီတော့ ကျုပ်က ဘာလုပ်ရမှာလဲ”
“မယ်တော်ကိုထိန်းကြောင်းဖို့ မင်းငါတို့စုန်းကောင်စီထဲကိုဝင်ရမယ်၊ စုန်းကောင်စီအပေါ်မှာ စိုးမိုးလွှမ်းခြုံနေတဲ့ မယ်တော်ရဲ့အာဏာတွေကို လျော့ချဖို့အတွက် မင်းကိုငါတို့လိုအပ်တယ်မယ်ပျင်း”
“ကျုပ်က မယ်တော်ကိုထိန်းကြောင်းဖို့စိတ်မဝင်စားဘူး၊ မယ်တော်ကိုသတ်ဖို့ပဲစိတ်ဝင်စားတာ”
“မယ်တော်ကိုထိန်းကြောင်းနိုင်ပြီဆိုရင် မယ်တော်ကို မင်းကြိုက်သလိုလုပ်တော့မယ်ပျင်း၊ တကယ်လို့ မယ်တော်ကိုမင်းသတ်ချင်တယ်ဆိုရင်လည်း ငါတို့ပြန်ပြီးကူညီမယ်”
“ဒီတော့ ကျုပ်က ဘာလုပ်ရမှာလဲ”
“မင်းက ငါတို့မိသားစုဝင်ထဲက လူတစ်ယောက်နဲ့လက်ထပ်ရလိမ့်မယ်၊ စုန်းကောင်စီရဲ့စည်းမျဉ်းအရ ရာထူးကြီးကြီးကိုရရှိဖို့က ကောင်စီထဲမှာ အင်အားကြီးမားတဲ့ မိသားစုကြီးငါးခုထဲက လူတစ်ယောက်ဖြစ်မှရလိမ့်မယ်”
မယ်ပျင်းက မဲ့ပြုံးပြုံးလိုက်ကာ
“ရှင်တို့က အလာသားပါလား၊ ရှင်တို့ကိုလည်းကူညီရအုံးမယ်၊ ကျုပ်က ရှင်တို့လူနဲ့လက်ထပ်ရအုံးမယ်ဆိုတော့ ရှင်တို့နည်းနည်းတော့ လွန်တယ်မထင်ဘူးလား”
“လက်ထပ်တယ်ဆိုတာ စုန်းကောင်စီကလူတွေ လူသိရှင်ကြားဖြစ်ရင်ပြီးပါပြီ၊ တကယ် ပေါင်းမယ် မပေါင်းဘူးဆိုတာကတော့ မင်းသဘောပဲ”
“အဲဒီလိုလုပ်လို့ရတာလား”
ရာဂျူးက မယ်ပျင်းကိုသေချာကြည့်လိုက်ကာ
“မင်းကူညီပါမယ်ပျင်း၊ ဒီကိစ္စက မင်းကူညီမှရမယ်”
မယ်ပျင်းမှာ ရွေးချယ်စရာမရှိတော့သဖြင့် ခေါင်းညိတ်လိုက်လေသည်။
“ကောင်းပြီလေ၊ ရှင်တို့ကောင်းသလိုသာလုပ်ကြပါ၊ ဒါပေမယ့် ရှင်တို့ကတိတစ်ခုတော့ပေးရမယ်၊ အဲဒါကတော့ ရှင်တို့အကြံအစည်အောင်မြင်ပြီးရင် ကျုပ်ရဲ့အကြံအစည်ကို ရှင်တို့ကူညီပေးရမယ်”
“မင်းကိုပြောပြီးသားပါမယ်ပျင်းရာ၊ ငါတို့ကိုကူညီရင် ငါတို့ကလည်း မင်းကိုကူညီမှာပါ”
“ကောင်းပြီ၊ ဘာလုပ်ရမလဲဆိုတာသာ ကျုပ်ကိုပြော”
“ငါတို့ညီအကိုခုနစ်ယောက်ထဲက အငယ်ဆုံးညီတစ်ယောက်ရှိတယ်၊ သူ့နာမည်က ရာဂျာတဲ့၊ ရာဂျာနဲ့မင်းနဲ့ မြိုင်သာမြို့က စုန်းတွေအားလုံးသိသွားအောင်လို့ လူသိရှင်ကြား မင်္ဂလာဆောင်ရမယ်”
ထိုအခါ ဆံပင်များဖြူဆွတ်နေသည့်ကုလားကြီးက အရှေ့သို့တက်လာပြီး
“ဒါတော့ကျုပ်ကန့်ကွက်တယ်”
ကုလားကြီးမှာ အသက်ခုနစ်ဆယ်ခန့်ရှိပြီး ရုပ်ရည်မှာအလွန်အိုမင်းနေလေသည်။ ပါးရေနားရေများမှာလည်း မြေကြီးပက်ကြားအက်ကဲ့သို့ တွန့်ကြေနေလေသည်။ မယ်ပျင်းက ထိုလူကြီးကိုလှည့်ကြည့်လိုက်ကာ
“ရှင်က ဘာမို့လို့ ကန့်ကွက်ရတာလဲ”
ထိုလူကြီးက မယ်ပျင်းအမေးကိုမဖြေဘဲ ကုတင်အနီးသို့တိုးကပ်သွားပြီး
“အဖေရာ၊ ကျုပ်တစ်ဘဝလုံး အပူအပင်ကင်းကင်းနဲ့နေချင်လို့ အခုအချိန်အထိ ဘယ်မိန်းမနဲ့မှ မပတ်သက်ဘဲ လူပျိုကြီးအဖြစ်နေခဲ့တာပါအဖေရ၊ အဲဒါကိုအခု ဒီအသက်အရွယ်ကြီးကျမှ မိန်းမပေးစားမယ်တဲ့လား၊ ကျုပ်တော့လက်မခံဘူး၊ ကျုပ်လက်မခံနိုင်ဘူး”
ကုတင်ပေါ်မှအဘိုးကြီးရာဂျူးက
“ရာဂျာ၊ မင်းငါပြောတာနားထောင်ပါ၊ ငါက ကောင်းမယ်ထင်လို့စီစဉ်တာကို မင်းမငြင်းဆန်ပါနဲ့ကွာ”
မယ်ပျင်းမှာ ပါးစပ်အဟောင်းသားနှင့် အံ့သြသွားပြီး
“အလို . . . ရာဂျာဆိုတာ ဒီသက်ကြားအို ခေါင်းဖြူ၊ ရွတ်တွနေတဲ့အဘိုးကြီးလား”
ကျန်သည့်မိသားစုဝင်များက ခေါင်းညိတ်လိုက်ကြသည်။
“ဒီမှာရာဂျာ၊ မယ်ပျင်းနဲ့မင်းနဲ့လက်ထပ်တယ်ဆိုတာ တကယ်တော့ ငါတို့အကြံအစည်အောင်မြင်ဖို့ပါပဲကွာ၊ မင်းတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေချင်တယ်ဆိုရင်လည်း အရင်လိုပဲနေလို့ရပါတယ်ကွ၊ မင်္ဂလာဧည့်ခံပွဲလေး ကျင်းပရုံပါပဲကွာ”
ရာကူးကလည်း ရာဂျာ၏ ပုခုံးကိုပုတ်လိုက်ကာ
“ဟုတ်တယ်ရာဂျာ၊ ငါတို့မိသားစုကောင်းစားဖို့အတွက် မင်းအနစ်နာခံလိုက်စမ်းပါကွ၊ ငါတို့ညီအကိုတွေအားလုံး မင်းရဲ့အနစ်နာခံမှုကို အသိအမှတ်ပြုပေးမှာပါ”
ရာဂျာမှာ နောက်ဆုံးတော့ ခေါင်းမညိတ်ချင်ဘဲ ညိတ်လိုက်ရသည်။ ထိုအခါ ရာကူးမှာပျော်ရွှင်သွားကာ
“ပြောနေကြာပါတယ်၊ ငါတို့ဒီနေ့ပဲ မင်္ဂလာအခမ်းအနားအတွက် ပြင်ဆင်ပြီး မနက်ဖြန်ကျရင် မင်္ဂလာပွဲကျင်းပမယ်၊ ရာမူး . . . မင်းက မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ဖို့လုပ်ပါ၊ စီတာ . . . သမီးကတော့ ကြီးမေတို့နဲ့တိုင်ပင်ပြီး ဧည့်သည်တွေဧည့်ခံဖို့နဲ့ မင်္ဂလာအခမ်းအနားပြင်ဆင်ဖို့ ပြင်ဆင်လိုက်ပါ”
ရာကူးက မိသားစုဝင်များအားလုံးကို တာဝန်များခွဲပေးလိုက်လေသည်။ ထို့နောက် စီတာကိုပင်ကြည့်လိုက်ကာ
“ကဲ သမီး အခုတော့ သူတို့သားအမိနားနေနိုင်အောင်လို့ အိပ်ခန်းတစ်ခန်းစီစဉ်ပေးလိုက်ပါ”
စီတာက ခေါင်းညိတ်လိုက်ပြီး မယ်ပျင်းတို့အား အရှေ့မှဦးဆောင်၍ ခေါ်ဆောင်သွားသည်။ မကြာခင် အခန်းတစ်ခုထဲသို့ ဝင်လိုက်လေသည်။ အခန်းမှာ အတော်အတန်ကျယ်ဝန်းပြီး သားအမိနှစ်ယောက်အိပ်စက်အနားယူရန်အတွက် မွေ့ရာကော်ဇောများကိုခင်းကျင်းထားလေသည်။
သာစံမှာ အစားအသောက်များစားသောက်ပြီး ဗိုက်လေးကာ အိပ်ပျော်သွားသော်လည်း မယ်ပျင်းမှာ အိပ်မပျော်နိုင်ဘဲရှိနေလေသည်။ ခေါင်းထဲတွင်လည်း အတွေးပေါင်းများစွာက စိုးမိုးလျှက်ရှိသည်။
“စိတ်ချပါအမေ၊ အမေသေရတာ အလဟဿမဖြစ်စေရဘူး၊ အမေ့အတွက် သွေးကြွေးကို သမီးပြန်ဆပ်ပေးမယ်”
မယ်ပျင်းက ရေရွတ်လိုက်လေသည်။
(၂)
မယ်ပျင်းအိပ်ရာမှနိုးထလာသည့်အခါ ဆူညံစွာတီးမှုတ်နေသည့် တေးသီချင်းသံများကိုကြားရသည်။ အိပ်ခန်းအတွင်းမှထွက်လိုက်သည့်အခါ မယ်ပျင်းအား မိန်းကလေးများ၊ မိန်းမကြီးများက ဝိုင်းဝန်းကြိုဆိုကြသည်။
“ရှင်တို့ ဘာလုပ်ကြတာလဲ”
“မင်္ဂလာသတို့သမီးကို မမြင်ဖူးလို့ လာကြည့်ကြတာပါ”
ကုလားမများမှာ စကားမပီကလာပီကလာနှင့်ပြောကာ မယ်ပျင်းအားတို့ထိကြည့်ကြလေသည်။ မယ်ပျင်းမှာ ကုလားမများအကြားတွင် အမဲသားတုံးကိုခွေးများအုံနေသကဲ့သို့ ခံစားနေရလေသည်။
“အံမယ်၊ ဦးကြီးရာဂျာက မိန်းမမယူတော့လည်းမယူဘူး၊ ယုူပြန်တော့လည်း ချောချောလှလှမိန်းမကို ရှာယူတတ်သားပဲ”
“ဟုတ်ပါ့၊ အသက်ကပဲ ခုနစ်ဆယ်ကျော်နေပြီ၊ အခုမှရွပိုးထချင်နေသေးတယ်”
“ဟဲ့ နင်တို့စကားပြောတာကြည့်ပြောနော်၊ ယောက်ျားဆိုတာမျိုးက ဖွဲတစ်ဆုပ်၊ ကောက်ရိုးတစ်ဆုပ်ကိုသယ်နိုင်ရင်တောင်မှ မိန်းမယူလို့ရတယ်ဟဲ့၊ ယောက်ျားဆိုတာ အချိန်မရွေးဘူး”
“အမ အမီနာကတော့ သူ့မတ်ကိုထိတော့ နာတတ်လိုက်တာ”
မိန်းမများက ဟီလာတိုက်နေသဖြင့် မယ်ပျင်းမှာ မနေတတ်တော့သောကြောင့် ထိုမိန်းမများကိုတိုးဝှေ့ကာ အိမ်ရှေ့သို့ထွက်လာခဲ့သည်။ အိမ်ရှေ့ဧည့်ခန်းကျယ်ကြီးတွင် ပိုမိုတောက်ပြောင်သစ်လွင်သော ကော်ဇောများကိုခင်းကျင်းထားပြီး အနီရောင်နှင့်အဝါရောင် ရောစပ်ထားသည့် ပိုးဖဲကတ္တီပါစများကိုနံရံများတွင် တပ်ဆင်ကာအလှဆင်ထားသကဲ့သို့ ကုလားပန်းလုံး အဝါရောင်အနီရောင်များကိုလည်း တွဲလောင်းဆွဲကာ အလှဆင်ထားပြန်သည်။
ဧည့်သည်များအတွက် ဧည့်ခံမုန့်များပြင်ဆင်တည်ခင်းထားသည့်နေရာတွင် သာစံတစ်ယောက် မုန့်များကိုစားသောက်နေပြန်သည်။
“ဟဲ့ သာစံ၊ မင်းဘယ်လိုဖြစ်တာလဲ”
သာစံမှာ ဖဲသားဖြင့်ချုပ်လုပ်ထားသည့် အင်္ကျီအရှည်တစ်ထည်ကိုဝတ်ဆင်ထားကာ ကုလားလေးတစ်ယောက်အသွင်ဖြစ်နေလေသည်။ သာစံအနီးတွင် ရာကူးက ထိုင်နေကာ ကြေးဆေးတံကလေးကို ဟန်ပါပါသောက်နေလေသည်။
“မယ်ပျင်း မင်းခဏအနားယူလိုက်ပါအုံး၊ မနက်ဖြန်ဆို မင်းရဲ့မင်္ဂလာပွဲနေ့ပဲ”
မယ်ပျင်းမှာ မထိုင်ဘဲမတ်တပ်ရပ်နေရင်း
“ဒါနဲ့ ကျုပ်နဲ့ယူမယ့် ရာဂျာဆိုတဲ့လူက ရှင်တို့ရဲ့ညီအငယ်ဆုံးဆို”
“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ”
“ရှင်တို့ရဲ့ညီအငယ်ဆုံးဖြစ်ပြီးတော့ ဘာဖြစ်လို့များ သူ့ရုပ်က အိုမင်းနေရတာလဲ”
ရာကူးမှာ တစ်ချက်ရယ်မောလိုက်ပြီး
“မင်းမေးလဲ မေးချင်စရာပဲကိုး၊ ငါ့အသက်ကိုဘယ်လောက်ရှိပြီလို့ မင်းထင်သလဲ”
မယ်ပျင်းက မျက်မှောင်တစ်ချက်ကြုတ်လိုက်ကာ
“ရှင့်ရုပ်ရည်သွင်ပြင်အရ အလွန်ဆုံးရှိလှ ခြောက်ဆယ်ပေါ့”
“မဟုတ်ဘူး၊ မင်းမှန်းတဲ့အသက်က ငါ့ရဲ့အသက်တစ်ဝက်ပဲရှိသေးတယ်”
မယ်ပျင်းက မျက်လုံးပြူးသွားကာ
“ဒါဆိုရှင့်အသက်က တစ်ရာ့နှစ်ဆယ်ပေါ့”
“အတိအကျပြောမယ်ဆိုရင်တော့ တစ်ရာနှစ်ဆယ့်ခြောက်နှစ်ကွ”
“ဒါပေမယ့် ရှင့်ကြည့်ရတာ မအိုသလိုဘဲ”
“အဲဒါက ငါ့အစွမ်းကြောင့်ပေါ့ကွာ၊ ငါတတ်မြောက်ထားတဲ့ပညာက စုန်းပညာဂိုဏ်းခွဲ နှစ်ဆယ်ထဲမှာမှ မှော်ဆေးပုလင်းတွေ ဖော်စပ်ရတဲ့ပညာပဲကွ၊ ငါစပ်ထားတဲ့ ဆေးတွေထဲမှာ အသက်ငယ်ရွယ်နုပျိုစေတဲ့ဆေးတစ်ခုရှိတယ်၊ အဲဒီဆေးကို ငါတို့သောက်သုံးထားကြလို့ ငါတို့ရဲ့ရုပ်ရည်ဟာ အသက်ရဲ့ထက်ဝက်လောက်ပဲ ထင်ရတာပေါ့၊ ငါက အသက်တစ်ရာ့နှစ်ဆယ်၊ ရာမူးက အသက်တစ်ရာရှိပြီ”
“ဒါဆို ရှင်တို့ရဲ့အငယ်ဆုံး ညီလေးကို ဘာကြောင့်ဒီဆေးမတိုက်တာလဲ၊ ရှင့်ဆေးသာစွမ်းရင် အခုသူ့ရုပ်က သုံးဆယ့်ငါးနှစ်လောက်ပဲ ရှိရမယ်မဟုတ်လား”
“မင်း မေးလဲ မေးချင်စရာပါပဲကွ၊ ဒါပေမယ့် ဆေးရည်အစွမ်းထက်ဖို့ဆိုတာက လိုအပ်ချက်တွေရှိသေးတယ်ကွ၊ အဲဒီလိုအပ်ချက်တွေ ပြည့်စုံမှသာ ဆေးရည်ကစွမ်းတာ”
“သူက ဘယ်လိုအချက်တွေ လိုအပ်နေလို့လဲ”
“ဒီကောင့်ဆီမှာ အချစ်ဆိုတာမရှိဘူးလေ”
မယ်ပျင်းက မျက်ခုံးပင့်လိုက်သည်။
“အသက်ငယ်ရွယ်နုပျိုတဲ့ဆေးဆိုတာက ရင်ထဲနှလုံးသားထဲမှာ အချစ်ဆိုတဲ့အရာတစ်ခု ကိန်းအောင်းနေမှရတာ၊ အသက်ဘယ်လောက်ကြီးပေမယ့် အချစ်ဆိုတာက လူတစ်ယောက်ကို နုပျိုစေနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ကွာ၊ ဒါပေမယ့် ရာဂျာဆီမှာ အချစ်ဆိုတဲ့အရာမရှိဘူး၊ ဒီကောင်က ဆေးရည်တစ်ပုလင်းမပြောနဲ့ စည်ပိုင်းကြီးနဲ့သောက်မယ်ဆိုရင်တောင်မှ ထူးခြားလာမှာမဟုတ်ဘူး”
“ဒါမဖြစ်နိုင်ဘူးထင်တယ်”
ရာကူးမှာ မယ်ပျင်းကိုစိုက်ကြည့်လိုက်ရင်း
“မင်းစကားက ဘာအဓိပ္ပါယ်လဲကွ”
“ကျုပ်ပြောချင်တာက လူတိုင်းက ငယ်ရာကနေကြီးလာကြတာပဲမဟုတ်လား၊ စားတတ်တဲ့အရွယ်မှာ စားတတ်လာတယ်၊ ကစားတတ်တဲ့အရွယ်မှာ ကစားတတ်လာတယ်၊ ဒီလိုပဲ ချစ်တတ်တဲ့အရွယ်မှာ ချစ်တတ်ရမှာပဲ၊ သူ့မှာအချစ်မရှိဘူးဆိုတာကတော့ လူတစ်ယောက်အနေနဲ့မဖြစ်နိုင်ဘူးထင်တယ်”
ရာကူးက ရယ်မောရင်း ခေါင်းတညိတ်ညိတ်နှင့်
“ကောင်းတယ်၊ မင်းရဲ့စကားက သိပ်ကောင်းတယ်၊ ဒါပေါ့မယ်ပျင်းရဲ့၊ လူတိုင်းဟာ မွေးဖွားလာရာကနေ သေဆုံးသွားတဲ့အချိန်အထိ တစ်သက်မှာ တစ်ကြိမ်လောက်တော့ ချစ်ဖူးခဲ့ကြမှာပဲ၊ ဒီလိုပဲ ရာဂျာလည်း တစ်ချိန်တုန်းက အချစ်နဲ့တွေ့ခဲ့ဖူးတယ်၊ ဒါပေမယ့် ဒီကောင့်အချစ်က သေဆုံးသွားပြီ၊ ဒီကောင့်ရင်ထဲက အချစ်ဆိုတဲ့အရာကလည်း နေလောင်ထားတဲ့ပန်းတစ်ပွင့်လို ခမ်းခြောက်သွားခဲ့ပြီ၊ ဒါကြောင့် ဒီကောင် မနုပျိုနိုင်တာပေါ့”
မယ်ပျင်းမှာ ဦးရာဂျာကို သနားသွားမိသည်။
“ဒါနဲ့ သူ့အချစ်က ဘယ်လိုဖြစ်သွားတာလဲ”
“အခုက မင်္ဂလာယူနေတဲ့အချိန်မယ်ပျင်းရဲ့၊ မင်္ဂလာအချိန်မှာ မကောင်းတဲ့အကြောင်းအရာတွေ မတွေးရ မပြောရဘူး၊ ကဲ စီတာ၊ မယ်ပျင်းကိုခေါ်ပြီး ရေမိုးချိုးပေးလိုက်၊ ပြီးတော့ ဝတ်ကောင်းစားလှတွေ ဝတ်ပေးလိုက်စမ်းကွာ၊ သတို့သမီးလောင်းကဒီလို စုတ်စုတ်ပြတ်ပြတ်နေလို့ဘယ်ဖြစ်မလဲ၊ မကြာခင် ဧည့်သည်တွေလာတော့မယ်”
“ဟုတ်ကဲ့ပါအဖေ”
စီတာနှင့် မိန်းကလေးများက မယ်ပျင်းအားဆွဲခေါ်သွားကြသည်။ အိမ်အနောက်ဘက်တွင် အခန်းတစ်ခန်းရှိကာ အခန်းကိုလေးဖက်လေးတန်ကာရံထားသည်။ သို့သော် အမိုးမရှိပေ၊ ထိုအခန်းအလယ်ခေါင်တွင်လေးထောင့်စပ်စပ်ရေကန်အသေးလေးတစ်ခုရှိကာ ရေကန်ပတ်ပတ်လည်တွင် လှေကားထစ်များရှိပြီး ရေကန်မှာအနည်းငယ် နိမ့်ဆင်းနေလေသည်။ မိန်းကလေးတစ်ဦးမှာ မြေရေတကောင်းကလေးတစ်ခုကို ကိုင်ဆောင်လာလေသည်။ ထိုရေတကောင်းကလေးအတွင်းမှ အပြာရောင်အရည်များကို ရေကန်အတွင်းသို့လောင့်ထည့်လိုက်သည့်အခါ ရေကန်အတွင်းရှိ ကြည်လင်နေသည့်ရေများမှာ ပြာလဲ့လဲ့အရောင်များအဖြစ်ပြောင်းလဲသွားသည်။
“မင်း ရေကန်ထဲကို ဘာတွေထည့်လိုက်တာလဲ”
“ဒါက အဖေကြီးရာကူးဖော်စပ်ထားတဲ့ အညစ်အကြေးကင်းစင်စေတဲ့ ဆေးရည်တစ်မျိုးပါ၊ ဒီဆေးရည်နဲ့ရေချိုးလိုက်တဲ့အခါ လူတစ်ကိုယ်လုံးမှာရှိတဲ့အညစ်အကြေးတွေ၊ ချေးညှော်တွေက မွှေးညှင်းပေါက်ကလေးတွေကနေတဆင့် ထွက်ခွာသွားပြီးတော့ လူကိုသန့်ရှင်းသွားစေပါတယ်”
ကုလားမလေးတစ်ယောက်က မယ်ပျင်းအနီးသို့တိုးကပ်လာလေသည်။ ထို့နောက် မယ်ပျင်းအဝတ်အစားများကို ထိကိုင်လိုက်သည့်အခါ မယ်ပျင်းက ကုလားမလေးလက်ကို ပုတ်ချလိုက်သည်။
“ကန်ထဲဆင်းဖို့ အဝတ်အစားတွေချွတ်ရပါမယ် မမလေး”
“ဟဲ့ ငါကအကုန်ချွတ်ရမှာလား”
“မမလေးရယ်၊ ဒီမှာလည်း မိန်းကလေးတွေချည်းပါပဲ မမလေးဘာမှရှက်နေစရာမလိုပါဘူး”
မယ်ပျင်းက ရှက်ရွံ့ရွံ့ဖြင့်အဝတ်စားများကိုချွတ်ချလိုက်ပြီးနောက် ရေကန်အတွင်းသို့ တစ်လှမ်းချင်းဆင်းလိုက်လေသည်။ မယ်ပျင်းကို ကုလားမလေးများက ဝိုင်းကြည့်နေသဖြင့် မယ်ပျင်းမှာရှက်နေမိသည်။ ရေကန်အနက်မှာ တစ်တောင်ခန့်သာရှိသည်။
ရေကန်အတွင်းမှ ပြာလဲ့နေသည့် ရေများမှာ ခပ်နွေးနွေးကလေးဖြစ်နေသည်။ ထိုရေနွေးကလေးဖြင့် စိမ်လိုက်ရသည့်အခါ ကိုက်ခဲညောင်းညာမှုများအားလုံး ယူပစ်လိုက်သလိုပျောက်ကင်းသွားကာ ရှုပ်ထွေးနေသည့်စိတ်မှာလည်း အနည်းငယ်ကြည်လင်လာလေသည်။ ထိုစဉ် မယ်ပျင်း၏ မွှေးညှင်းပေါက်များအတွင်းမှ အညစ်အကြေးများ၊ ချေးညှော်များမှာလည်း သူ့အလိုလိုတိုးထွက်လာကြသည်ကို အတိုင်းသားမြင်နေရသည်။ ထိုအညစ်အကြေးများမှာ ရေကန်မျက်နှာပြင်ပေါ်သို့ရောက်သွားသည်နှင့် အလိုလိုအငွေ့ပျံကာပျောက်ကွယ်သွားသည်။
စီတာက အချက်ပေးလိုက်သည့်အခါ ကုလားမလေးတစ်ယောက်မှာ အိုးကလေးတစ်လုံးကို ကိုင်ဆောင်လာပြန်သည်။ ထိုအိုးကလေးအတွင်းမှ အဝါရောင်အဆင်းရှိသည့်ရေများကို သွန်လောင်းထည့်ပြန်သည်။ နောက်ကုလားမလေးတစ်ဦးမှလည်း ရွှေရောင်အမှုန်များကို ကန်ရေပြင်အပေါ်သို့ကျဲပက်လိုက်သည်။
“ဒါက ဘာလုပ်ပြန်တာလဲ”
“ချေးကျွတ်သွားတဲ့ အသားအရည်ကို ရွှေရောင်အဆင်းဝင်းပြီး တောက်ပနေစေမယ့် ဆေးရည်တွေပါ”
ရေကန်ထဲစိမ်နေရင်း ကန်ရေ၏အရောင်မှာ အပြာရောင်မှနေ၍ ရွှေရောင်အဖြစ်သို့ပြောင်းလဲသွားသည်။ ထူးခြားသည့်စွမ်းအင်များမှာ မယ်ပျင်း၏ မွှေးညှင်းပေါက်များမှတဆင့် အသားအရေထဲသို့ တိုးဝင်နေသည်ကို ခံစားလိုက်ရသည်။ မယ်ပျင်း၏ နေလောင်ခြောက်သွေ့ထားသည့်အသားအရေမှာ ချက်ချင်းပင်ဖြူဝင်းမွတ်သွားကာ ကြည်လင်ဝင်းလက် တောက်ပလာလေသည်။
မကြာမီ ကုလားမလေးများက ပန်းများထည့်ထားသည့် ဆန်ခါခြင်းများကို ကိုင်ဆောင်ကာ ရေကန်အနီးသို့ရောက်လာကြသည်။ ရေကန်၏ လေးဖက်လေးတန်မှနေ၍ ပန်းပွင့်ချပ်လွှာများ၊ ဝတ်ဆံများကို ကျဲဖြန့်ထည့်သွင်းကြပြန်သည်။ ပန်းလေးမျိုး၏ ရနံ့ကြောင့် ရေချိုးကန်အတွင်းသင်းပျံ့နေပြန်သည်။
“ဒါကတော့ ရေချိုးပြီးတဲ့အခါ ပန်းရနံ့တွေစွဲနေအောင်လို့ ပန်းလေးမျိုးရဲ့ရနံ့ကိုထည့်သွင်းပေးတာပါ ဒေါ်လေး”
စီတာကပြောလိုက်သည့်အခါ မယ်ပျင်းက ခေါင်းညိတ်လိုက်ပြီး
“ငါသိပြီးသားပါအေ၊ ပြီးတော့ ငါ့ကို ဒေါ်လေးလို့မခေါ်စမ်းပါနဲ့၊ နင့်ဦးလေးနဲ့ငါက အခုအချိန်အထိ ညားသေးတာမဟုတ်ဘူး”
မယ်ပျင်းက ဟောက်ထုတ်လိုက်သဖြင့် စီတာက တွန့်ဆုတ်သွားလေသည်။ ရေချိုးပြီးသည့်အခါ မယ်ပျင်း၏ ကုလားမလေးများက မယ်ပျင်း၏ ခန္ဓာကိုယ်အား ပန်းပေါင်းဆီများဖြင့် တစ်ကိုယ်လုံကိုပွတ်သပ်လိမ်းကျံပေးပြီးသည့်နောက် အလွန်လှပသည့် အနီရောင်ဝတ်စုံတစ်ထည်ကိုဆင်မြန်းပေးလိုက်လေသည်။ ကုလားမလေးများ၏ ဂရုစိုက်မှုကြောင့် မယ်ပျင်းမှာ အသက်ဆယ်နှစ်ခန့်ပိုပြီးငယ်သွားသယောင်ထင်ရသည်။ အပျိုဖြန်းမလေးများနည်းတူ လှပနေလေသည်။
“လှလိုက်တာဒေါ်လေးရယ်”
စီတာက ပျော်ရွှင်စွာဖြင့်ပြောဆိုလိုက်သည်ကို မယ်ပျင်းက မျက်စောင်းတစ်ချက်ထိုးကာကြည့်လိုက်သည်။
“အိမ်ရှေ့မှာ ဧည့်သည်တွေရောက်နေလောက်ပြီ ဒေါ်လေး . . . အဲ . . ဒေါ်ပျင်း၊ အပြင်သွားပြီး ဧည့်ခံမှရမယ်”
စီတာက ခေါင်းဆောင်ကာ မယ်ပျင်းကိုအိမ်ခန်းအတွင်းမှခေါ်ထုတ်လာကြသည်။ အိမ်ရှေ့ဧည့်ခန်းသို့ရောက်သည့်အခါ ရာကူးနှင့် ရာမူးတို့မှာ မယ်ပျင်းအား မျက်စိကျွတ်ကျမတတ်လိုက်ကြည့်ကြလေသည်။ မယ်ပျင်းမှာ ရှက်ပြီးခေါင်းငုံ့ထားသည်။ ရာကူးက
“အဖေရေ၊ ဒီမိန်းကလေးကို ဘာဖြစ်လို့သားနဲ့မပေးစားတာလဲ”
ရာကူးရေရွတ်လိုက်သည့်အခါ ဧည့်ခန်းအတွင်းမှလူများမှာ ရယ်မောကြလေသည်။ ရာမူးကလည်း လက်ခုပ်လက်ဝါးတီးပြီး
“ခင်ဗျားက သိပ်ပြောင်းလဲသွားတာပဲဗျာ၊ ကျုပ်ရွာမှာတွေ့ခဲ့တဲ့ပုံနဲ့ အခုပုံနဲ့ယှဉ်ကြည့်ရင် သိပ်တောင်မမှတ်မိချင်ဘူး”
“လာကြဟေ့၊ သတို့သမီးလောင်းကတော့ အဆင်သင့်ဖြစ်ပြီ သတို့သားလောင်းကော ဘယ်မလဲ”
စီတာမှာ မျက်နှာတစ်ချက်ပျက်သွားကာ
“ဦးလေးက ပန်းပဲဖိုထဲရောက်နေပါတယ်”
ရာကူးက မျက်မှောင်ကြုတ်လိုက်ရင်း
“ဟာ၊ အိမ်မှာ မင်္ဂလာကိစ္စရှိပါတယ်ဆိုမှ သူက ပန်းပဲဖိုထဲမှာ ဘာလုပ်နေတာလဲ၊ မြင်းကမလှုပ် ခုံကလှုပ်ဆိုသလို သူ့မင်္ဂလာပွဲအတွက် ငါတို့က အားတက်သရောလိုက်ပြီး စီစဉ်ပေးနေရပါလား၊ ဟဲ့ စီတာ နင့်ဦးလေးကိုသွားခေါ်ခဲ့”
“သမီး သုံးခါတိတိခေါ်ပြီးသွားပါပြီ အဖေ၊ ဒါပေမယ့် ဦးလေးက မလိုက်ဘူး”
ရာကူးက မယ်ပျင်းကိုကြည့်လိုက်ကာ
“ဒါဆိုရင်တော့ သတို့သမီးကိုယ်တိုင်သွားခေါ်ရတော့မှာပေါ့”
“အို . . . သူလာလာ မလာလာ ကျုပ်ကတော့ သွားမခေါ်နိုင်ပါဘူး”
“မယ်ပျင်းရဲ့၊ ရာဂျာ့စိတ်ကို ငါတို့တစ်အိမ်လုံးသိတယ်၊ သူက စိတ်ဆုံးဖြတ်ပြီးရင် ဘယ်သူဖြောင်းဖျဖြောင်းဖျ စိတ်ပြောင်းမယ့်လူမဟုတ်ဘူး၊ ဒါပေမယ့် မင်းကသူစိမ်းလေ၊ တကယ်လို့ မင်းသာသူ့ကိုသွားခေါ်မယ်ဆိုရင် သူက မင်းကိုအားနာလို့ လိုက်လာရင် လိုက်လာမှာပဲ”
“ဒါဆိုရင်လည်း ကျုပ်တို့သွားကြတာပေါ့”
မယ်ပျင်းနှင့်စီတာက ထွက်သွားရန်ပြင်ဆင်လိုက်သည့်အခါ ရာကူးက လက်လှမ်းတားလိုက်ပြီး
“နေအုံးစီတာ၊ သူတစ်ယောက်တည်းသွားတာပိုပြီးကောင်းလိမ့်မယ်၊ သူတို့နှစ်ယောက်ကြားမှာ ပြောစရာစကားတွေလည်း ရှိချင်ရှိနေမှာပေါ့”
မယ်ပျင်းက သက်ပြင်းချလိုက်ကာ
“ကောင်းပြီလေ၊ ပန်းပဲဖိုက ဘယ်မှာလဲ”
“မင်းမမှားနိုင်ပါဘူးမယ်ပျင်းရာ၊ ခြံရဲ့တောင်ဘက်အစွန်ဆုံးက မီးခိုးခေါင်းတိုင်ကြီးရှိတာ ပန်းပဲဖိုပဲပေါ့”
မယ်ပျင်းမှာ ဂါဝန်ကြီးကို ဆွဲမလိုက်ကာ ပန်းပဲဖိုဆီသို့ထွက်လာခဲ့တော့သည်။