စာစဉ် (၈၅)

(၁)

မယ်ပျင်းတစ်ယောက်တည်း ခြံထောင့်သို့ထွက်လာခဲ့သည်။ ခြံကြီးမှာ နှစ်ဧကနီးပါးရှိကာ ခြံထဲတွင်လည်း သစ်ပင်ကြီးများ၊ နွားတင်းကုပ်နှင့် သီးပင်စားပင်များစိုက်ပျိုးထားသည့် စိုက်ခင်းကလေးလည်းရှိလေသည်။ ခြံအလယ်တစ်နေရာတွင်တော့ ရေတွင်းတစ်တွင်းနှင့် ရေကန်ကလေးတစ်ကန်ရှိသည်။ ရေကန်နှင့်ဆက်သွယ်ထားသည့် မြောင်းကလေးမှာ စိုက်ခင်းများဆီသို့ တသွင်သွင်နှင့်စီးကျနေကာ ထိုမြောင်းအထဲတွင်လည်း ဘဲအုပ်တစ်အုပ်က ကူးခတ်နေကြသည်။

ခြံ၏တောင်ဘက်အစွန်ဆုံးတွင် တစ်ဖက်ဖွင့်ထားသည့် အဆောက်အဦးတစ်ခုရှိသည်။ ထိုအဆောက်အဦး၏ ခေါင်းရင်းဘက်မှာ မြေဖြင့်မံကာပြုလုပ်ထားသည့် မီးခိုးခေါင်းတိုင်တစ်ခုက ဝါးတစ်ပြန်ခန့်တိုးထွက်နေသည်။ ထိုမီးခိုးခေါင်းတိုင်ကြီးမှ မီးခိုးအမည်းများက တလူလူလွင့်နေလေသည်။

“ဒါ ပန်းပဲဖိုဆိုတာပဲဖြစ်ရမယ်”

မယ်ပျင်းက ရေရွတ်လိုက်ကာ တစ်ဦးတည်းဆက်လျှောက်လာခဲ့သည်။ အနီးသို့ရောက်သည့်အခါ ပန်းပဲဖိုအတွင်းမှ တူထုသံတဒေါင်ဒေါင်ကို ကြားလိုက်ရသည်။ မယ်ပျင်းက ပန်းပဲဖိုနံဘေးမှ အသာချောင်းကြည့်လိုက်သည့်အခါ ပေခုံကြီးတစ်ခုပေါ်တွင်နီရဲနေသော သံပြားတစ်ချောင်းကို ညှပ်နှင့်ကိုင်ကာ လက်တစ်ဖက်မှ သေးငယ်သည့်တူတစ်ခုနှင့် ထုနှက်နေသည့် ကုလားကြီးဦးရာဂျာကိုတွေ့လိုက်ရသည်။

သံပြားကိုသုံးလေးချက်ခန့်ထုလိုက် ညီမညီထောင်ကြည့်လိုက်နှင့် လုပ်နေသည့်ဦးရာဂျာကိုမယ်ပျင်းက ငေးမောကြည့်နေမိသည်။ ဦးရာဂျာမှာ မယ်ပျင်းရောက်နေသည်ကို သတိမထားမိဘဲ အလုပ်ထဲတွင်သာ အာရုံနှစ်၍ လုပ်ကိုင်နေလေသည်။ ကုလားကြီးဦးရာဂျာမှာ အသက်ခုနစ်ဆယ်အရွယ်ဆိုသော်လည်း ခွန်အားစိုက်ထုတ်ရသည့် လုပ်ငန်းကိုလုပ်ကိုင်ရသဖြင့် ကိုယ်ခန္ဓမှာ ကျစ်လျစ်သန်မာလေသည်။ ယခုအသက်အရွယ်အထိပင် ကြွက်သားများက လူငယ်တစ်ယောက်ကဲ့သို့ အမြှောင်းအမြှောင်းထနေသည်။ မီးအပူထဲတွင် လုပ်ကိုင်ရသည့်အလုပ်ဖြစ်သောကြောင့် အရေပြားမှာ ကြေးနီရောင်ထကာ ချွေးများစီးကျနေသည်မို့ ပြောင်လက်နေလေသည်။

“ပန်းပဲလုပ်တာကိုကြည့်ချင်ရင် ပေအရှေ့ကနေ မကြည့်ရဘူးတဲ့”

ဦးရာဂျာကပြောလိုက်သဖြင့် မယ်ပျင်းမှာ အံ့သြသွားမိသည်။ ဦးရာဂျာမှာ ဓါးသွန်းသည့်လုပ်ငန်းကို အားသွန်ခွန်စိုက်လုပ်နေသော်လည်း မယ်ပျင်းရောက်နေသည်ကို သိနေပုံရသည်။

“ပေအရှေ့ကနေကြည့်တဲ့အခါ မတော်လို့ တူထုနေတဲ့လူရဲ့လက်က တူတွေလွတ်ထွက်တာ၊ တူခေါင်းကျွတ်ထွက်သွားတာမျိုးဆိုရင် ကြည့်နေတဲ့လူကို ထိခိုက်သွားမိတတ်တယ်၊ ကြည့်ချင် ဟောဒီမှာလာထိုင်ပြီးကြည့်”

မယ်ပျင်းမှာ ဦးရာဂျာလက်ညှိုးညွှန်ပြသည့် ခွေးခြေခုံကလေးဆီသို့လှမ်းလျှောက်လာကာ ထိုင်ချလိုက်သည်။ ထိုအချိန်အထိ ဦးရာဂျာမှာ မယ်ပျင်းကိုတစ်ချက်ပင်လှည့်မကြည့်ပေ၊ လက်ထဲမှသံတုံးကို စိတ်တိုင်းကျထုနှက်ပြီးသောအခါ ရေထည့်ထားသည့် အင်တုံကြီးတစ်ခုအတွင်းသို့ရှဲခနဲထိုးစိမ်လိုက်ပြီးနောက် မကြာခင် ထိုသံတုံးအား မီးဝင်းဝင်းတောက်လောင်နေသည့်မီးဖိုကြီးအတွင်းသို့ ပစ်ထည့်လိုက်ပြန်သည်။

မယ်ပျင်းမှာ ဦးရာဂျာပြုလုပ်သည်ကို ငေးမောကြည့်နေမိသည်။ ဦးရာဂျာမှာ သံတုံးမီးရဲလာသောအခါ တစ်ဖန်ပြန်လည်ထုတ်ယူပြီး ပေပေါ်တင်၍ ထုနှက်နေပြန်သည်။ သံချောင်းအား တူနှင့်ထုမိတိုင်း မီးဖွားကလေးများက တဖွားဖွားနှင့်လွင့်စင်ထွက်ကုန်သည်။

“ရှင်ဘာဖြစ်လို့ ဒီဓါးကိုသဲကြီးမဲကြီးလုပ်နေရတာလဲ”

“ငါ့ဘဝမှာ ဓါးတစ်ချောင်းကို သဲကြီးမဲကြီးလုပ်ရတယ်ဆိုတာမရှိဘူး၊ ငါလုပ်တဲ့ဓါးတိုင်းကို အမြဲဂရုတစိုက်နဲ့လုပ်တတ်တယ်”

“ဒါပေမယ့် ရှင့်ကြည့်ရတာ အလျင်လိုနေသလိုပါပဲ”

ဦးရာဂျာမှာ သံတုံးကိုတူနှင့်ထုရင်း ဒေါသထွက်သွားကာ ထိုသံတုံးကို သံချောင်းများပုံထားသည့်အတွင်းသို့ ပစ်ထည့်လိုက်လေသည်။

“ဘာလဲ ရှင်ဒေါသထွက်သွားတာလား”

“ရှင်းရှင်းပြောရရင်တော့ မင်းကြောင့်ပဲကွ၊ ငါ့ဘေးနားမှာ တခြားလူရှိနေရင် ငါမလုပ်တတ်ဘူး”

“ကျုပ်ကလည်း ရှင့်ဆီလာချင်လွန်းလို့ လာတာမဟုတ်ပါဘူး၊ ရှင့်အကို ရာကူးက ရှင့်ကိုသွားခေါ်ပါဆိုပြီးလွှတ်လိုက်လို့ လာရတာ”

“ငါ့ကို စီတာသုံးခါတိတိလာခေါ်ပြီးပြီ၊ အခုမင်းလာခေါ်လို့လည်း ငါ့စိတ်ကူးပြောင်းသွားမှာမဟုတ်ဘူး၊ ဒီမင်္ဂလာပွဲက ငါ့ဆန္ဒမပါဘူး၊ ဒီတော့ မင်္ဂလာဆောင်ချင်တယ်ဆိုရင် မင်းတစ်ယောက်တည်းပဲဆောင်ပါ၊ ငါ့ကိုလာပြီး မခေါ်နဲ့”

မယ်ပျင်းက ခွေးခြေခုံကလေးပေါ်မှထလိုက်ကာ

“ကောင်းပြီလေ၊ ကျုပ်ကိုလည်း သွားခေါ်ပါဆိုလို့ လာခေါ်ရတာ၊ လိုက်တာ မလိုက်တာတော့ ရှင့်အပိုင်းပဲ”

မယ်ပျင်းက ပန်းပဲဖိုအတွင်းမှ ထွက်သွားရန်ပြင်ဆင်လိုက်သည့်အခါ

“ငါမင်းကိုတစ်ခုကြိုပြီးသတိပေးချင်တယ်၊ ငါတို့မိသားစုဆိုတာ မင်းထင်ထားသလို မရိုးရှင်းဘူး၊ ဒါကြောင့် ဘာကိစ္စကြောင့်ပဲဖြစ်ဖြစ် ငါတို့မိသားစုနဲ့ မဆက်ဆံတာကောင်းမယ်၊ ငါတို့နဲ့မပတ်သက်တာကောင်းလိမ့်မ်၊ ဒါကြောင့်မို့လို့ မင်းရဲ့ရည်မှန်းချက်တွေကို တခြားနည်းနဲ့အကောင်အထည်ဖော်သင့်တယ်လို့ ငါအကြံပေးချင်တယ်”

“ရှင့်စကားက ဘာအဓိပ္ပါယ်လဲ”

“မင်းငါတို့အိမ်ကနေထွက်သွားပါ”

မယ်ပျင်းက ခပ်ထေ့ထေ့ရယ်မောလိုက်ကာ

“ကျုပ်ကရော ရှင်တို့အိမ်ကိုလာချင်လွန်းလို့ လာတယ်လို့ထင်နေတာလား၊ ရှင့်အကိုက ကျုပ်ကိုခခယယခေါ်လို့လာခဲ့တာပဲ၊ ကျုပ်ကလည်း လင်ယူရမှာကိုသိပ်ပြီးပျော်နေတယ်လို့ ရှင်မထင်နဲ့”

ဦးရာဂျာက မဲ့ပြုံးတစ်ချက်ပြုံးရင်း မယ်ပျင်းကိုကြည့်ကာ

“မပျော်လို့ အခုလိုဝတ်ထားတာပေါ့ဟုတ်သလား”

မယ်ပျင်းမှာဒေါသထွက်သွားပြီး ပန်းပဲဖိုအတွင်းမှ ထွက်ခွာသွားရန်ပြင်ဆင်လိုက်လေသည်။ ထိုအခါ ဦးရာဂျာက တစ်ချက်ရယ်မောလိုက်ပြီး

“မင်းက အတော်ကျွဲမြီးတိုတဲ့မိန်းကလေးပဲ၊ စကားလေးတစ်ခွန်းနှစ်ခွန်းနဲ့တင် လှည့်ပြန်သွားတော့တာပဲ”

“အဲဒီတော့ဘာဖြစ်သလဲ”

“ကဲပါ၊ ဒီဓါးလေးလက်စသတ်ပြီးရင် ကျုပ်ခင်ဗျားနဲ့လိုက်ခဲ့မယ်ဟုတ်ပြီလား၊ ကျုပ်မပါဘဲ ခင်ဗျားဒီအတိုင်းပြန်သွားရရင် ခင်ဗျားက လူတစ်ယောက်ကိုတောင် ရအောင်မခေါ်နိုင်ဘူးဆိုပြီး အထင်သေးကြမှာပေါ့”

မယ်ပျင်းမှာ ပန်းပဲဖိုအတွင်းသို့ပြန်လှည့်ဝင်လာသည်။ ပန်းပဲဖိုအတွင်း နံရံတွင်ချိတ်ဆွဲထားသည့် ဓါးများကိုလေ့လာကြည့်ရှုကာ ကိုယ်တွင်နေမိသည်။

“ကျုပ်က ဓါးအကြောင်းတော့ သိပ်နားမလည်ပေမယ့် ဒီဓါးတွေက တော်တော်အရည်အသွေးကောင်းတဲ့ ဓါးတွေပဲလို့ပြောနိုင်တယ်”

ဦးရာဂျာက ဟက်ခနဲရယ်လိုက်ပြီး

“အဲဒီဓါးတွေက အရည်အသွေးတော်တော်ဆိုးတဲ့ဓါးတွေပါ၊ ကျုပ်မလိုချင်လို့ နံရံမှာချိတ်ထားတာ”

မယ်ပျင်းက ဓါးများကိုပြန်ချထားလိုက်ပြီးနောက် ဦးရာဂျာအနီးသို့တိုးကပ်လာသည်။ ဦးရာဂျာ၏ ခါးစည်းပုဝါကြိုးတွင် ဓါးမြှောင်ကလေးတစ်ချောင်းထိုးထားသည်ကိုတွေ့လိုက်ရသဖြင့် မယ်ပျင်းက ထိုဓါးမြှောင်ကလေးအား ဖတ်ခနဲဆွဲယူလိုက်သည်။

“ရှင့်လိုလူကတောင် ခါးကြားထိုးထားရတယ်ဆိုတော့ ဒီဓါးက တော်တော်အရည်အသွေးကောင်းမှာပေါ့နော်”

မယ်ပျင်းက ပြောဆိုလိုက်သည့်အခါ ဦးရာဂျာမှာ အထိတ်တလန့်ဖြစ်သွားကာ မယ်ပျင်းထံသို့လှည့်ကြည့်လိုက်သည်။

“ပေး၊ ငါ့ကိုအဲဒီဓါးပြန်ပေး”

ဦးရာဂျာ၏အမူအရာမှာ ပြောင်းလဲသွားပြီး ကလေးတစ်ယောက်ထံမှ ကစားစရာတစ်ခုကို လုယူခံလိုက်ရသည့်အဖြစ်နှင့်တူညီနေလေသည်။ မယ်ပျင်းက ဦးရာဂျာကိုစနောက်ချင်သွားသဖြင့် ထိုဓါးကိုမပေးဘဲ လက်ကိုမြှောက်ထားလိုက်သည်။

“ဘာဖြစ်လို့ပေးရမှာလဲ”

“ငါတောင်းပန်ပါတယ်ကွာ၊ ဒီဓါးကလေးကိုတော့ ငါ့ကိုပြန်ပေးပါ”

“ရှင်ဒီလောက် ခခယယတောင်းနေတယ်ဆိုတော့ ဒီဓါးက တစ်ခုခုထူးခြားမယ့်ပုံပဲ”

မယ်ပျင်းက ရွှေရောင်ဓါးအိမ်ကလေးအတွင်းမှ ဓါးကိုဆွဲထုတ်လိုက်ပြီးသည့်နောက် လက်တစ်ထွာခန့်ရှိသည့် ဓါးမြောင်ကလေးကိုလှည့်ပတ်ကြည့်ရှုနေလေသည်။ ဓါးမြှောင်ကလေး၏ အသွားမှာ ငွေရောင်ပြောင်လက်ကာ ချွန်မြနေသည်ဆိုသော်လည်း ထူးခြားမှုတစ်စုံတစ်ရာကိုမတွေ့ရပေ။

“ရှင်အသည်းအသန်ပြန်တောင်းနေရလောက်အောင် ဒီဓါးက ဘာမှမထူးခြားပါဘူး”

“မယ်ပျင်း၊ မင်းငါ့ကို အဲဒီဓါး ပြန်ပေးမလား ပြန်မပေးဘူးလား”

“ကျုပ်က သူများပစ္စည်းကို အလကားမလိုချင်ပါဘူး ကျုပ်ကြည့်ပြီးရင်ပြန်ပေးမှာပါ”

“မလိုဘူး၊ အခုပြန်ပေးနော်”

“ရှင်အခုလိုချင်တယ်ဆိုရင် ကျုပ်လက်ထဲက ရအောင်လုပေါ့”

ဦးရာဂျာမှာ ဒေါသထွက်သွားပြီး နံရံတွင်ချိတ်ဆွဲထားသည့် ဓါးများကို လက်ဝါးတစ်ဖက်နှင့်ညွှန်လိုက်သည့်အခါ ထိုဓါးများမှာ သူ့အလိုလိုလှုပ်ယမ်းလာပြီးနောက် ဓါးအိမ်များအတွင်းမှထွက်လာကြကာ ဦးရာဂျာ၏ လက်ဖဝါးအနီးသို့ ရောက်လာကာ လေတွင်ဝဲပျံနေလေသည်။ ထိုနည်းအတိုင်း နောက်ထပ်လက်တစ်ဖက်ကိုလည်း ထပ်မံလုပ်လိုက်လေရာ ဓါးများမှာပျံဝဲလာပြီး ထပ်မံ၍ လေပေါ်ဝဲပျံနေပြန်သည်။

“ကျုပ်ခင်ဗျားကို ညှာမှာမဟုတ်ဘူးနော်”

“လုပ်ကြည့်လိုက်စမ်းပါ၊ ရှင်က အဲဒီဓါးတွေနဲ့ ကျုပ်ကိုဘယ်လိုလုပ်မလို့လဲ”

ဦးရာဂျာက ဓါးတစ်ချောင်းကိုကြည့်လိုက်သည့်အခါ လေပေါ်ပျံနေသည့် ထိုဓါးမှာ မယ်ပျင်းမျက်နှာတည့်တည့်ထံသို့ အရှိန်ပြင်းပြင်းနှင့် ပျံသန်းကာတိုးဝင်သွားလေသည်။ မယ်ပျင်းက ထိုဓါးအားတစ်ချက်စိုက်ကြည့်လိုက်သည့်အခါ ချွင်ခနဲအသံမြည်ထွက်သွားပြီး ဓါးမှာအပိုင်းပိုင်းပြတ်ကျသွားသည်။

ဦးရာဂျာက နောက်ထပ်ဓါးတစ်စင်းပြီးတစ်စင်းနဲ့ မယ်ပျင်းအားဆက်တိုက်ပစ်ခတ်သော်လည်း ဓါးများမှာ မယ်ပျင်းနှင့် လက်တစ်ဝါးစာခန့်အလိုတွင် အပိုင်းပိုင်းအစစများဖြစ်ပွားပြီး မြေပေါ်သို့ပြုတ်ကျကုန်လေသည်။ ဦးရာဂျာက မယ်ပျင်းအား လက်ညှိုးညွန်လိုက်ပြီး ဓါးများအားလုံးကို ရေစီးကြောင်းတစ်ခုကဲ့သို့ တရစပ်ပစ်ခတ်လိုက်ပြန်သည်။ ထိုဓါးများအားလုံးသည်လည်း မယ်ပျင်းအကြည့်တစ်ချက်တွင် တစ်စစီကွဲထွက်ကာ အပိုင်းအစများဖြစ်ကုန်ကြသည်။

ဦးရာဂျာမှာ ပိုမိုဒေါသထွက်သွားပြီး လက်နှစ်ဖက်ကိုလေပေါ်မြှောက်တင်လိုက်သည်။ ထိုအခါ ပန်းပဲဖိုအတွင်းရှိ ဓါးများသာမက သံတုံး၊ သံချောင်း၊ သံအစိုင်ခဲများနှင့် တူများ၊ ကိရိယာများပါမကျန် ဦးရာဂျာထံပါးသို့ ရောက်ရှိလာကြသည်။ ဦးရာဂျာက ထိုပစ္စည်းများအားလုံးကို ဖြန့်ကျက်လျှက် မယ်ပျင်းထံသို့ အဘက်ဘက်မှနေ၍ ပစ်လွှတ်လိုက်လေသည်။ သံထည်ပစ္စည်းများက မယ်ပျင်းထံသို့ အရပ်ရှစ်မျက်နှာမှ ပတ်ပတ်လည်ဝင်ရောက်လာကြသည်။

မယ်ပျင်းက ဟိတ်ခနဲအော်ထည့်လိုက်သည့်အခါ ပါးစပ်အတွင်းမှ စွမ်းအင်တစ်ခုကထွက်လာကာ ပတ်ဝန်းကျင်တစ်ခွင်ကို ဖြန့်ကျက်သွားလေသည်။ မယ်ပျင်းထံသို့ပျံသန်းလာသည့် သံစများအားလုံးမှာ လေပေါ်တွင် တန့်ခနဲရပ်တန့်သွားတော့သည်။ မယ်ပျင်းက ဦးရာဂျာအား ဘယ့်နှယ့်ရှိစဆိုသည့် အကြည့်မျိုးနှင့်ကြည့်လိုက်ပြီးသည့်နောက် မြေပြင်ပေါ်သို့ဖနောင့်နှင့်တစ်ချက်ပေါက်ထည့်လိုက်ရာ လေပေါ်တွင်ရပ်တန့်နေသည့် သံစများအားလုံးမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်။

ဦးရာဂျာက မီးဖိုကြီးအတွင်းမှ အလျှံညီးညီးနှင့်တောက်လောင်နေသည့် မီးသွေးခဲများကို လက်ညှိုးထိုးလိုက်သည့်အခါ မီးသွေးခဲများမှာ အုံလိုက်ကျင်းလိုက်ထွက်လာကြပြီး လေပေါ်တွင်ဝဲပျံနေပြန်သည်။ မယ်ပျင်းကို မပစ်ခတ်ရသေးခင်မှာပင် မယ်ပျင်းက လေနှင့်တစ်ချက်မှုတ်လိုက်သည့်အခါ မီးသွေးခဲများအားလုံးမှာ မီးအမြန်စွဲလောင်ကာ ပြာမှုန်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။

ဦးရာဂျာမှာ မယ်ပျင်းအားမယှဉ်နိုင်တော့မှန်း သိလိုက်ပြီမို့ မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်လေသည်။

“ငါ့ကိုပြန်ပေးပါကွာ၊ ငါမင်းကိုခြေသလုံးဖက်ပြီးတောင်းပန်ရမယ်ဆိုရင်လည်း တောင်းပန်ပါ့မယ်၊ ကျေးဇူးပြုပြီးတော့ ငါ့ကိုအဲဒီဓါးမြှောင်ကလေး ပြန်ပေးပါ”

မယ်ပျင်းမှာ ဦးရာဂျာကိုသနားသွားပြီး ထိုဓါးမြှောင်ကလေးအား ဦးရာဂျာထံသို့လှမ်းပေးလိုက်သည်။ ဦးရာဂျာမှာ ဓါးမြှောင်ကလေးကို လက်နှစ်ဖက်နှင့်လှမ်းယူဆွဲလိုက်ပြီး ရင်ဘတ်တွင်ကပ်ကာအမြတ်တနိုးထွေးပွေ့ထားလေသည်။

“ဒီပုံအတိုင်းဆိုရင် ဒီဓါးမြှောင်ကလေးက ရှင့်အတွက်တော်တော်တန်ဖိုးရှိပုံရတယ်”

“ဒီဓါးမြှောင်ကလေးကို ငါဘယ်အရာနဲ့မှမလဲနိုင်ဘူး၊ ဒီဓါးမြှောင်ကလေးက ငါ့ရဲ့ဘဝ၊ ငါ့ရဲ့အချစ်ပဲ”

ထိုသို့ရေရွတ်ပြီးနောက် ဦးရာဂျာမှာ အတိတ်အကြောင်းအရာများကို ပြန်လည်ပြောဆိုလေတော့သည်။

(၂)

ဦးရာဂျာမှာ ရာဂျူး၏ သားအငယ်ဆုံးဖြစ်သည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း မဏိပူရနယ်မြေ ဟိမဝန္တာတောင်တန်းကြီး၏ အဆက်အနွယ်တောင်ကုန်းတောင်တန်းများပေါ်တွင် ဆူရပ်ဆိုသည့်ရွာကလေးတစ်ရွာတည်ရှိသည်။ ထိုရွာကလေးမှာ အထက်ရွာနှင့် အောက်ရွာဟူ၍ နှစ်ရွာရှိသည်။ ထိုရွာကလေးရှိ ရွာသူရွာသားများမှာ ရှေးဟောင်းမှော်ပညာများကို မျိုးရိုးစဉ်ဆက်အလိုက် လက်ဆင့်ကမ်းသယ်ဆောင်လာကြသူများဖြစ်သည်။ မိသားစုဝင် မျိုးနွယ်စုဝင်များထဲမှ မှော်ပညာတတ်မြောက်သူများမှာ အထက်ရွာဟုခေါ်သည့် တောင်ခါးပန်းအထက်ပိုင်းရှိရွာတွင်နေထိုင်ကြရပြီး မှော်ပညာမတတ်မြောက်သည့်သူများ၊ မွေးရာပါ ပါရမီမပါသည့်လူများမှာတော့ တောင်ခြေရှိအောက်ရွာဟုခေါ်သည့်ရွာကလေးတွင်နေထိုင်ကြရလေသည်။ ထို့ကြောင့်အထက်ရွာမှာ အိမ်ခြေနည်းပါးလှပြီး အိမ်ခြေနှစ်ရာကျော်သာရှိကာ အောက်ရွာမှာတော့ အိမ်ခြေထောင်ကျော်ရှိလေသည်။

ထိုရွာကလေးရှိ ရွာသူရွာသားများမှာ မှော်ပညာများကိုတတ်မြောက်ကြသော်လည်း သိုသိုသိပ်သိပ်နေထိုင်ကြသည်။ မှော်ပညာဖြင့် နေ့စဉ်လူသားများလိုအပ်အသုံးပြုနေသည့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာ အသုံးအဆောင်များကို အထက်ရွာမှလူများက ပြုလုပ်ပေးကြသည်။ ထိုပစ္စည်းများကိုအောက်ရွာမှလူများက နိုင်ငံတစ်ဝှမ်းသို့ ဖြန့်ချိရောင်းချတတ်ကြလေသည်။

အထက်ရွာမှာ နှင်းဖုံးတောင်တန်းကြီးပေါ်တွင်တည်ရှိနေသောကြောင့် အမြဲလိုလိုနှင်းဖုံးနေတတ်သည်။ ရာဂျူးမှာ အထက်ရွာတွင်ပင်မွေးဖွားကာ ပညာဆက် နှစ်ဆယ့်ရှစ်ဆက်မြောက် မှော်ဆရာကြီးတစ်ဦးဖြစ်သည်။ ငယ်စဉ်ကပင် အထက်ရွာတွင်ရှိသည့် မှော်ဆရာမတစ်ဦးနှင့် အိမ်ထောင်ကျကာ သားချည်းခုနစ်ယောက်မွေးဖွားထားလေသည်။ သားများမှာလည်း အဖေနည်းတူ မှော်ပညာအတတ်များကို ပါရမီပါလာခဲ့ကြပြီး လူတိုင်းထူးချွန်ကြလေသည်။

ရာဂျူး၏ သားအငယ်ဆုံး အထွေးဆုံးမှာ ရာဂျာဖြစ်သည်။ ရာဂျာဟူသောအမည်မှည့်ထားရခြင်းမှာ ထိုကလေးကိုမွေးဖွားစဉ်က အတိတ်ကောင်းနိမိတ်ကောင်းများ ပေါ်ပေါက်ခဲ့ပြီး ရွာကိုအုပ်ချုပ်ဦးဆောင်သူများက ဝေဒကျမ်းများဖြင့်တွက်ချက်ကြည့်သည့်အခါ ဘုရင်တစ်ပါးဖြစ်နိုင်သည့် ကံကြမ္မာဖြစ်သဖြင့် ရာဂျာဟုမှည့်ခေါ်ကြခြင်းဖြစ်သည်။

ရာဂျာမှာလည်း အနေအထိုင်သင့်မြတ်ပြီး အကျင့်စာရိတ္တကောင်းမွန်လေသည်။ ရာဂျာမှာ မီးကိုအလွန်နိုင်နင်းသလို သတ္တုများတွင်းထွက်များကိုလည်း နိုင်နင်းပိုင်နိုင်သဖြင့် ပန်းပဲအတတ်ကိုသင်ကြားရာ အထူးအောင်မြင်လေသည်။ ပန်းပဲလုပ်ငန်းလုပ်ကိုင်သည့်အခါ မိမိတတ်မြောက်ထားသည့် မှော်အစွမ်းများကိုပါ ထည့်သွင်းအသုံးပြုသဖြင့် ဓါးကောင်းများထွက်ရှိသည်။ ရာဂျာပြုလုပ်ထားသည့်ဓါးမှာ ခိုင်ခံ့ခြင်း၊ တာရှည်ခံခြင်းနှင့် အသွားများမာကျောခြင်းတို့ကြောင့် ဓါးသွားတစ်ခါသွေးထားရုံမျှနှင့် တစ်သက်ပြန်သွေးစရာမလိုအောင်ပင် ထက်မြက်လှသည်ဟုဆိုသည်။ ရာဂျာမှာ သာမန်နေ့စဉ်သုံးဓါးများကိုမပြုလုပ်ဘဲ ဂုဏ်သရေရှိလူကြီးများကိုင်ဆောင်သည့် ဆောင်ဓါးများ၊ တိုက်ပွဲတွင် တိုက်ခိုက်ရေးဓါးများကိုသာ ပြုလုပ်တတ်သည်။ ဓါးပြုလုပ်ရာတွင်လည်း တစ်နှစ်လျှင် ဓါးလေးစင်းသာပြုလုပ်သဖြင့် ရာဂျာပြုလုပ်ထားသည့် ဓါးများမှာ အဖိုးတန်ကာ အလွန်ရှားပါးလှပေသည်။

သူဌေးသူကြွယ်များ၊ အရာရှိကြီးများနှင့် ဓါးကိုနှစ်သက်မြတ်နိုးကာ သိမ်းဆည်းသူများအကြားတွင် ရာဂျာ၏ ဓါးများက ဂုဏ်တစ်ခုဖြစ်နေလေသည်။ ရာဂျာ၏ ဓါးကိုပိုင်ဆိုင်ထားသူမှာ အလိုလိုဂုဏ်တင့်သည်ဟုယူဆသဖြင့် ထိုဓါးကိုလိုချင်သူများလည်း များလှသည်။ ဓါးလိုချင်သူများက ဆူရပ်ရွာကလေးဆီသို့လာရောက်ကာ တောင်းရမ်းဝယ်ကြသော်လည်း ဆူရပ်အထက်ရွာသို့ အခြားလူမတက်ရသဖြင့် ရာဂျာနှင့်တိုက်ရိုက်မတွေ့ကြရပေ။

ရာဂျာ၏ပန်းပဲဖိုမှာ ဆူရပ်ရွာတောင်ဘက် ကျောက်ထရံကြီးတစ်ခုကိုအမှီပြုကာတည်ဆောက်ထားသည်။ ထိုပန်းပဲဖိုတွင် ရာဂျာတစ်ယောက် အမြဲတမ်းတကုပ်ကုပ်နှင့်အလုပ်လုပ်နေတတ်သည်။ ထိုစဉ် မိန်းကလေးတစ်ဦးက ပန်းပဲဖိုအနီးသို့တိုးကပ်လာသည်။ မိန်းကလေးမှာ အသက်ဆယ့်ခြောက်နှစ်ခန့်သာရှိကာ ဝါရွှေဝင်းမွတ်သောအသားအရည်နှင့် ကောညွှတ်နေသည့် မျက်တောင်ကြီးများရှိကာ အလွန်ချောမောလှပလေသည်။

ထိုမိန်းကလေးက ပန်းပဲဖိုအတွင်းအလုပ်ရှုပ်နေသည့် ရာဂျာအားကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။ ရာဂျာမှာ ထိုစဉ်က အသက်နှစ်ဆယ်ခန့်သာရှိကာ မေးရိုးကားကားနှင့် ယောက်ျားဆန်သည့် ရုပ်ရည်သွင်ပြင်ရှိသည်။ ခန္ဓာကိုယ်မှာလည်း ပန်းပဲထုသည့်လူတစ်ဦးပီပီ ကျစ်လျစ်သန်မာလျှက်ရှိကာ နှင်းများကျ၍ ချမ်းအေးနေသည့်ရာသီဥတုမှာပင် အင်္ကျီမဝတ်နိုင်ပဲ သတ္တုများကို မီးပြင်းတိုက်ကာကျိုချက်နေလေသည်။

မိန်းကလေးက ရာဂျာမသိစေရန် ပန်းပဲဖိုအတွင်း တိတ်တဆိတ်ဝင်လာခဲ့ကာ ရာဂျာ၏အနောက်သို့ရောက်သည့်အခါ ရာဂျာ၏မျက်လုံးအား လက်နှစ်ဖက်ဖြင့်ပိတ်ရန်ကြံရွယ်လိုက်သည်။

“မင်းဒီလိုမလုပ်ပါနဲ့ မီရာ”

သို့သော်ရာဂျာမှာ မီရာရောက်နေသည်ကိုကြိုသိနေလေသည်။ မီရာမှာ ထိတ်လန့်သွားပြီး အနောက်သို့ဆုတ်လိုက်သည့်အခါ ကြမ်းပြင်ပေါ်တွင် စုပုံထားသည့် သတ္တုအပိုင်းအစများကို ခြေထောက်နှင့်တိုက်မိကာ ချော်လဲကျသွားသည်။

ရာဂျာမှာ တစ်ဖက်သို့အမြန်လှည့်လိုက်ပြီးနောက်

“မင်းကို ဒီပန်းပဲဖိုထဲ မဝင်ပါနဲ့၊ ငါ့ပစ္စည်းတွေကို မထိပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ မီရာ”

ရာဂျာမှာ ဒေါသထွက်ထွက်နှင့်မီရာကိုကြည့်ကာ ငေါက်ငမ်းလိုက်သည်။ ထို့နောက် မြေပြင်တွင်ကျနေသည့် မီရာကိုဆွဲမထူဘဲ သတ္တုတုံးများကိုသာ ကောက်ယူကာ ပြန်လည်စီထပ်နေလေသည်။ မီရာမှာ ရာဂျာသူ့ကိုမထူသဖြင့် စိတ်မကောင်းဖြစ်သွားမိသည်။

“ငါကလည်း နင့်ကိုစနောက်ချင်လို့လုပ်ရင်း မတော်တဆဖြစ်သွားတာပါနော်၊ နင့်အလုပ်ကိုရှုပ်ချင်လို့မဟုတ်ပါဘူး”

ထိုတော့မှ ရာဂျာက သက်ပြင်းတစ်ချက်ကိုချလိုက်ကာ မီရာကိုလက်ကမ်းပေးလိုက်သည်။ မီရာမှာ မိမိဖာသာ ထရပ်လိုက်ပြီးသည့်နောက် ပန်းပဲဖိုအပြင်ဘက်သို့ ခြေဆောင့်နင်းကာထွက်သွားလေသည်။ ရာဂျာက မီရာအနောက်သို့ အပြေးလိုက်ခဲ့သည်။

“မီရာ ငါ့ကိုစောင့်ပါအုံး”

ပန်းပဲဖိုနှင့် ခပ်လှမ်းလှမ်းရောက်သည့်အခါ ရာဂျာက မီရာကိုမီသွားပြီး မီရာ၏လက်ကိုအနောက်မှဆောင့်ဆွဲလိုက်လေသည်။

“နင်ငါ့ကိုစိတ်ဆိုးသွားတာလားမီရာ”

“စိတ်မဆိုးပါဘူး ငါကစိတ်မကောင်းဖြစ်သွားတာ၊ အဲဒီသံတုံးတွေ၊ သံပြားတွေနဲ့ပတ်သက်လာရင် နင်ကအမြဲတမ်းဆတ်ဆတ်ထိမခံဖြစ်နေတာပဲနော်၊ ခုနကလည်းကြည့်လေ၊ တကယ်ဆို ငါချော်လဲသွားကို နင်ကအရင်ဆွဲထူသင့်တယ်မဟုတ်ဘူးလား”

ရာဂျာက ခေါင်းကုတ်ကာ

“ငါလည်းစိတ်လောသွားလို့ပါဟ၊ နင်ကလည်း စိတ်ဆတ်လိုက်တာလွန်ရော”

“ဟဲ့ရာဂျာ၊ ငါနဲ့နင်က ချစ်သူတွေမဟုတ်လား၊ ကိုယ့်ချစ်သူချော်လဲတာကို မစိုးရိမ်ပဲ နင့်ရဲ့သံတုံးတွေလဲပြိုသွားတာကို စိုးရိမ်ရလောက်အောင် ငါကနင့်သံတုံးလောက် အရေးမပါဘူးလား”

“တော်ပါတော့ မီရာ၊ ငါတောင်းပန်ပါတယ်၊ နင်အခုလာတာ ဓါးလာယူတာမဟုတ်လား”

“ဟုတ်တယ်၊ အခုသုံးလကျော်တဲ့အထိ နင့်ဆီက ဓါးတစ်လက်မရသေးလို့ ငါ့အဖေက စိတ်ညစ်နေတယ်ဟ၊ နင့်ဓါးကိုဝယ်ချင်လို့ဆိုပြီး အရာရှိကြီးတွေ၊ ကုန်သည်ကြီးတွေကလည်း ငါတို့အိမ်မှာတည်းနေတာ အတော်ကြာပြီ၊ ငါ့ကိုလည်း သေချာမှာလိုက်တယ်၊ ဒီတစ်ခေါက်တော့ ဓါးရအောင်ယူခဲ့ပါတဲ့”

“ဓါးက အရေးမကြီးပါဘူး မီရာ၊ အရေးကြီးတာက ငါနဲ့နင်နဲ့ နီးချင်ပြီဟ”

မီရာမှာ တစ်ချက်ပြုံးလိုက်ကာ

“ငါ့အဖေကို အဲဒီအကြောင်းပြောလိုက်ပြီးပြီ ရာဂျာ”

“နင့်အဖေက ဘာပြောသလဲ”

“သူ့အတွက်ဓါးတွေသွန်းလုပ်ပေးနေတဲ့ နင့်ကိုသမက်တော်ရမယ်ဆိုတော့ သူလည်းအရမ်းပျော်ပြီး ဝမ်းသာပါတယ်တဲ့”

ရာဂျာမှာ မီရာ၏စကားကိုကြားလိုက်သည့်အခါ ပြုံးရယ်လိုက်လေသည်။

“ဒါပေမယ့်အဖေကပြောတယ်၊ နင်တို့မိသားစုဘက်ကရော ဒီမင်္ဂလာကိစ္စကို သဘောတူနိုင်ပါ့မလားတဲ့၊ နှစ်ဖက်မိဘ သဘောမတူပဲနဲ့တော့ မင်္ဂလာကိစ္စကို မလုပ်ချင်ဘူးလို့ အဖေကပြောတယ်”

ရာဂျာမှာ မျက်နှာတစ်ချက်ကွက်ခနဲပျက်သွားလေသည်။ အကင်းပါးသည့် မီရာကလည်း ထိုအဖြစ်ကိုတွေ့မြင်လိုက်သည်။

“ဘယ်လိုဖြစ်လို့လဲရာဂျာ၊ နင့်မိဘတွေက ငါနဲ့နင့်ကိုသဘောမတူဘူးတဲ့လား”

“မ . . . မဟုတ်ပါဘူး မီရာ၊ တကယ်တော့ ငါက ငါ့မိဘတွေကို မပြောရသေးဘူးဟ၊ နင့်ဘက်က အခြေအနေကို တစ်ချက်စောင့်ကြည့်နေတာ၊ နင့်အဖေက ငါ့ကိုကြည်ဖြူတယ်လက်ခံတယ်ဆိုရင် ငါလည်း ငါ့အဖေကိုပြောလိုက်တော့မယ်”

မီရာက မျက်နှာကလေးညှိုးနွမ်းသွားကာ

“နင့်အဖေက ငါနဲ့နင့်ကိုသဘောတူမှာပါနော်”

“ဘာမှမပူပါနဲ့ မီရာ၊ နင်နဲ့ငါက သူစိမ်းတွေမှမဟုတ်တာ ငယ်ငယ်ကတည်းက စားဖော်စားဖက်၊ ကစားဖော်ကစားဖက်တွေပဲ၊ ငါ့အကြောင်းကို ငါ့အိမ်ကလူတွေထက် နင်အသိဆုံးပါ မီရာ၊ စိတ်ချပါ အဖေလက်ခံလာအောင်လို့ ငါပြောပါ့မယ်”

မီရာကို ဓါးကောက်ကလေးတစ်ချောင်း ပေးလိုက်ပြီးသည့်နောက် မီရာမှာ ရာဂျာ၏ပါးပြင်အား တစ်ချက်နမ်းရှုှုပ်လိုက်ကာ ဓါးကလေးပိုက်ပြီး တောင်အောက်သို့ပြေးဆင်းသွားလေသည်။ ရာဂျာမှာ မီရာ၏နောက်ကျောကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ရာဂျာ၏ရင်ထဲတွင်လည်း ကျောက်စိုင်ကျောက်တုံးကြီးကဲ့သို့ ကြီးမားသည့်အစိုင်အခဲကြီးတစ်ခုက တစ်ဆို့နေလေသည်။

ရာဂျာအိမ်သို့ပြန်ဝင်လာသည့်အချိန်တွင် အဖေဖြစ်သူရာဂျူးမှာ အိမ်ဦးခန်းတွင်ထိုင်လျှက် မဆလာနံ့သင်းနေသည့် နို့လက်ဖက်ရည်တစ်ခွက်ကို အရသာခံကာသောက်သုံးနေလေသည်။ ရာဂျူး၏ နံဘေးတွင်တော့ သားကြီးဖြစ်သူ ရာကူးက ဆေးတံအိုးတစ်ခုကို သောက်သုံးနေသည်။ ရာဂျာက ရာဂျူးတို့အရှေ့တွင်မတ်တပ်ရပ်လိုက်သည်။

“အဖေ့ကို ကျုပ်ပြောစရာရှိတယ်”

ရာဂျူးက လက်ဖက်ရည်ကို အာဆွတ်ရုံတစ်ကျိုက်သောက်လိုက်ပြီး

“မင်းနဲ့မီရာနဲ့ကိစ္စကိုပြောမလို့မဟုတ်လား၊ မင်းတို့နှစ်ယောက်က မဖြစ်နိုင်ဘူးလို့ ငါပြောခဲ့ပြီးသားပဲ ရာဂျာ”

“မဟုတ်တာပဲ အဖေရာ၊ မီရာနဲ့ကျုပ်နဲ့က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်မဟုတ်လား၊ အခုကြီးလာကြတော့လည်း တစ်ယောက်နဲ့တစ်ယောက်နားလည်ချစ်ခင်တဲ့ ချစ်သူတွေဖြစ်ခဲ့ပြီအဖေ၊ နောက်ပြီးတော့ မီရာရဲ့အဖေဆိုတာကလည်း အောက်ရွာက အဖေ့အချစ်ဆုံးသူငယ်ချင်းပဲမဟုတ်လား၊ ဒီတော့ သားတို့နှစ်ဦးပေါင်းဖက်ဖို့အတွက် ဘယ်လိုကြောင့်မဖြစ်နိုင်တာလဲဆိုတာ ကျုပ်သိချင်တယ်”

ရာဂျူးက လက်ထဲတွင်ကိုင်ထားသည့် ဖန်ခွက်ကလေးကို ကြမ်းပြင်ပေါ်သို့ချလိုက်ရင်း

“မှန်တယ်ငါ့သား၊ မင်းပြောတာအကုန်မှန်တယ်၊ မင်းနဲ့မီရာနဲ့ တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်မြတ်နိုးကြတယ်ဆိုတာ အဖေသိတယ်၊ မင်းနဲ့မီရာနဲ့ ကြားကအနှောင့်အယှက်ဆိုတာ တခြားစီးပွားရေး၊ လူမှုရေးအနှောင့်အယှက်တွေမဟုတ်ဘူးရာဂျာ၊ တကယ့်အကြောင်းအရင်းခံကတော့ မီရာက မှော်ပညာမတတ်မြောက်တာပဲ”

“မှော်ပညာမတတ်တော့ရော ဘာဖြစ်သလဲအဖေရ၊ ဒီရွာမှာလည်း မှော်ပညာမတတ်တဲ့သူတွေနဲ့ မှော်ပညာတတ်တဲ့လူတွေ လက်ထပ်ပေါင်းသင်းနေကြတာပဲမဟုတ်လား”

“သူများတွေရပေမယ့် မင်းကမရဘူး ရာဂျာ၊ ငါတို့ရာမိသားစုဆိုတာက ဟိုးဘိုးစဉ်ဘောင်ဆက်ကတည်းက မှော်ပညာတတ်မြောက်သူတွေအချင်းချင်းသွေးနှောပြီးတော့ မျိုးဆက်လာခဲ့ကြတဲ့ သန့်စင်တဲ့မျိုးဆက်တစ်ခုပဲ၊ မှော်ပညာတတ်တဲ့လူနဲ့ မတတ်တဲ့လူနဲ့ မျိုးဆက်ပွားလိုက်မယ်ဆိုရင် အဲဒီကလေးက မသန့်စင်တဲ့လူ၊ အဲဒီမျိုးနွယ်က မသန့်စင်တဲ့မျိုးနွယ်ဖြစ်သွားလိမ့်မယ်”

ထိုအခါ ရာကူးက

“မင်းလည်း စည်းမျဉ်းတွေကိုသိပြီးဖြစ်မှာပါ ရာဂျာရာ၊ တကယ်တော့ ငါတို့မိသားစုက မင်းကိုအများကြီးမျှော်လင့်ထားတယ်ကွ၊ မင်းရဲ့ဇာတာအရ အကြီးအကဲဖြစ်မယ့်သူပဲဆိုတော့ တစ်ချိန်မှာ မင်းက ဒီရွာကိုအုပ်ချုပ်တဲ့အဖွဲ့အစည်းရဲ့ လူကြီးတစ်ယောက်ဖြစ်လာနိုင်တယ်၊ ဒါပေမယ့် မင်းသာမီရာနဲ့ လက်ထပ်လိုက်ရင် ဒီအခွင့်အရေးကို မင်းမရနိုင်တော့ဘူး၊ အဖွဲ့အစည်းရဲ့လူကြီးတစ်ယောက်က မသန့်စင်တဲ့မျိုးရိုးကို ဆင့်ပွားသူမဖြစ်ရဘူးမဟုတ်လား”

“ဟာ၊ အဲဒါတွေကျုပ်နားမလည်ဘူး၊ ကျုပ်အကြီးအကဲလည်းမဖြစ်ချင်ဘူး”

“အကြီးအကဲမဖြစ်ချင်ရင်တောင်မှ ငါတို့မိသားစုဂုဏ်သိက္ခာကို မင်းချနင်းလို့မဖြစ်ဘူး၊ မင်းသာမီရာနဲ့ လက်ထပ်ပြီး ကလေးတွေမွေးလာပါပြီတဲ့၊ အဲဒီကလေးတွေဟာ မသန့်စင်တဲ့ကလေးတွေဖြစ်သွားပြီး ရွာထဲမှာ ခွဲခြားဆက်ဆံခံရလိမ့်မယ်၊ အဲဒါကိုရော မင်းစဉ်းစားမိရဲ့လား”

“မစဉ်းစားဘူး၊ ကျုပ်ဘာကိုမှ မစဉ်းစားဘူး”

“ခေါင်းမမာစမ်းပါနဲ့ရာဂျာရာ၊ ငါတို့က မင်းကိုလွှတ်ပေးထားတယ်ဆိုတာ မင်းစိတ်ဆင်းရဲမှာကို စိုးရိမ်လို့ပါကွ၊ ဒီလိုသာ မင်းခေါင်းမာနေမယ်ဆိုရင် မင်းကို အာရှာနဲ့အတင်းအကြပ်စီစဉ်ပေးရလိမ့်မယ်”

ရာဂျာက အဖေဖြစ်သူကိုလက်ညှိုးထိုးလိုက်ပြီး

“ကျုပ်ကို အဖေတို့လုပ်ချင်တိုင်းလုပ်လို့ရမယ်မထင်နဲ့၊ ကျုပ်ကတော့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် မီရာကိုရအောင်ယူမှာပဲ”

ရာဂျူးမှာ ဒေါသထွက်ပြီး နံဘေးမှ စားပွဲခုံပုကလေးကို လက်နှင့်ပုတ်ထည့်ုလိုက်ရာ စားပွဲခုံကလေးမှာ ဝုန်းခနဲအသံမြည်ကာ အပိုင်းပိုင်းအစစဖြစ်သွားလေသည်။

“ဟေ့ကောင်ရာဂျာ၊ မင်းကိုငါ နောက်ဆုံးအနေနဲ့ပြောမယ်၊ တကယ်လို့ မင်းသာမီရာနဲ့ဆက်ပြီးတွဲနေအုံးမယ်၊ မီရာနဲ့လက်ထပ်ဖို့ အတင်းအကြပ်ကျိုးစားမယ်ဆိုရင် မင်းကိုငါတို့မိသားစုကနေ အမွေပြတ်စွန့်လွှတ်ရလိမ့်မယ်၊ မင်းကို တို့ရွာရဲ့စုန်းအဖွဲ့အစည်းကနေထုတ်ပယ်ပြီး မင်းရဲ့မှော်ပညာတွေကို ရုတ်သိမ်းရလိမ့်မယ်ရာဂျာ”

ရာဂျာမှာ စိတ်ဆုံးဖြတ်ထားသည်မို့

“အဖေတို့လုပ်ချင်သလိုသာလုပ်၊ ကျုပ်ကိုမိသားစုထဲက ထုတ်ချင်ထုတ်၊ ပညာတွေလည်းဖျက်ချင်ဖျက်ဗျာ၊ ကျုပ်က ဘာကိုမှဂရုမစိုက်ဘဲ၊ ကျုပ်မီရာကိုချစ်တယ်၊ မီရာကိုရအောင်ယူမယ်၊ အောက်ရွာမှာသွားနေရမယ်ဆိုရင်လည်း နေမယ်”

ရာဂျူးမှာဒေါသထွက်ကာ လက်သီးကိုဆုပ်လိုက်သည်။ အသားများပင် တဆတ်ဆတ်တုန်ယင်နေလေသည်။

“ဟေ့ကောင်ရာဂျာ၊ မင်းက အသက်ကလေးနည်းနည်းရလာတော့ ငါ့ကိုအာခံချင်တာလားကွ”

ရာဂျူးကပြောဆိုရင်း ရာဂျာကိုလက်သီးနှင့်ပိတ်ထိုးလိုက်သည်။ ရာဂျာက အဖေဖြစ်သူ၏လက်သီးချက်ကို လက်ဝါးဖြင့်ဖမ်းတားလိုက်ပြီး ဆုပ်ကိုင်ထားလိုက်သည်။ ရာဂျူးမှာ လက်ကိုရုန်းကန်သော်လည်း ရာဂျာက ဖြစ်ညှစ်ထားသဖြင့် လက်ကမလွတ်ဘဲဖြစ်နေလေသည်။ ရာဂျာက အဖေဖြစ်သူကို မျက်နှာထားတင်းတင်းနှင့်ကြည့်ပြီး

“ကျုပ်အဖေတို့ပြောတာကို တစ်သက်လုံးလိုက်နာခဲ့တယ်အဖေ၊ ဒါပေမယ့် ဒီကိစ္စမှာတော့ ကျုပ်မလိုက်နာနိုင်တော့ဘူး၊ ကျုပ်လုပ်ချင်တာကိုပဲလုပ်တော့မယ်၊ အဖေလည်း ကျုပ်ကိုလုပ်ချင်သလိုသာလုပ်ပေတော့”

ရာဂျာမှာပြောဆိုပြီး လက်သီးကိုပုတ်ချလိုက်ကာ အိမ်အပြင်သို့ခြေလှမ်းကျဲကြီးဖြင့် လှမ်းထွက်သွားလေသည်။ ရာဂျူးမှာ သွေးများဆောင့်တက်လာပြီး နားထင်ကိုလက်နှင့်ထောက်ကာ မေ့လဲကျမလိုဖြစ်သွားသည်။ ရာကူးက အဖေဖြစ်သူကို ပြေးတွဲလိုက်လေသည်။

“အဖေ သတိထားပါ၊ စိတ်အေးအေးထားစမ်းပါဗျ”

“ငါက စိတ်အေးအေးထားနိုင်မလားကွ၊ ရာကူး မင်းညီလုပ်သွားတဲ့လုပ်ရပ်ကို မင်းမြင်တယ်မဟုတ်လား”

ရာကူးမှာခေါင်းညိတ်လိုက်ကာ

“ဘာမှမဖြစ်ပါဘူးအဖေရာ၊ သူတို့နှစ်ယောက်က ပေါင်းဖက်ဖို့ကံပါမလာခဲ့ပါဘူးဗျ”

ရာကူးကပြောဆိုရင်း တစ်ချက်ပြုံးလိုက်သည့်အခါ ရာဂျူးမှာ အံ့သြသွားပြီး

“သားကြီး၊ မင်းက အကြံအစည်ကြီးတဲ့လူဆိုတော့ ဧကန္တ မင်းမှာအကြံတစ်ခုခုများရှိနေပြီလား”

“ရှိတာပေါ့ဗျာ၊ သိပ်ရှိတာပေါ့၊ ဒီကိစ္စအတွက်တော့ အဖေဘာမှမပူပါနဲ့ ကျုပ်အားလုံးစီစဉ်လိုက်ပါ့မယ်”

ရာဂျူးမှာ ထိုတော့မှ သက်ပြင်းချနိုင်တော့သည်။

(၃)

ရာဂျာမှာ အိမ်တွင်မနေဘဲ ပန်းပဲဖိုတွင်သာနေထိုင်လေသည်။ မိမိအလွန်မြတ်နိုးသည့် ပန်းပဲအလုပ်လုပ်ရသည်ကိုပင် စိတ်မကြည်လင်ဘဲ ပန်းပဲဖိုအတွင်းရှိပစ္စည်းများကို စိတ်ရှိလက်ရှိဖျက်ဆီးနေမိသည်။ ပန်းပဲဖိုအတွင်း သုံးရက်ခန့်နေထိုင်ပြီးသည့်အခါ စိတ်ကိုဒုံးဒုံးချလိုက်လေတော့သည်။

“တော်ပြီ၊ ငါ့ကိုသူတို့စွန့်လွှတ်ချင်လည်း စွန့်လွှတ်ပါစေတော့၊ ငါ အောက်ရွာကိုသွားမယ်၊ မီရာကိုသွားခေါ်မယ်”

ရာဂျာမှာ သားမွှေးခြုံထည်ကြီးတစ်ခုကိုခြုံကာ တောင်ပေါ်မှဆင်းလာလေသည်။ တောင်ပေါ်နှင့် တောင်အောက်ကို နေ့တစ်ပိုင်းခန့်ဆင်းရသည်။ အောက်ရွာသို့ရောက်သည့်အခါ လူအများစည်ကားနေသည်ကိုတွေ့လိုက်ရသည်။ ပွဲတစ်ခုခု အခမ်းအနားတစ်ခုခုရှိသည့်ပုံစံဖြစ်သည်။ လူအများက လမ်းမပေါ်တွင်တိုးဝှေ့နေကြသဖြင့် ရာဂျာမှာ အတော်အတန်ပင်တိုးဝှေ့ပြီး ရှေ့ဆက်လျှောက်လာရသည်။

မီရာတို့အိမ်အရှေ့ လမ်းမပေါ်တွင် လူအများက အုံခဲနေကြသည်။ ရာဂျာ၏ရင်ထဲ ဒိန်းခနဲဖြစ်သွားပြီး ထိုလူများကို အတင်းတိုးဝှေ့ကာ အိမ်ရှေ့သို့လှမ်းလာခဲ့သည်။ အိမ်ရှေ့တွင် ပန်းပွင့်များ၊ ဖဲကြိုးများဖြင့် တန်ဆာဆင်ထားသည့် ဝေါယာဉ်တစ်ခုကိုချထားလေသည်။ မကြာခင် အိမ်အတွင်းမှ မီရာထွက်လာသည်။ မီရာမှာ အလွန်လှပသည့်ဝတ်စုံတစ်ခုကိုဝတ်ဆင်ထားကာ မကိုဋ်ဥသျှောင်နှင့် လက်ဝတ်လက်စားများကိုဆင်မြန်းထားသည်။ မီရာကို မိန်းကလေးများက ခြံရံကာထွက်လာကြသဖြင့် ရာဂျာမှာ မီရာထံသို့ပြေးကပ်လိုက်သည်။

“မီရာ . . .မီရာ”

မီရာက ရာဂျာကိုတွေ့သည့်အခါ အံ့သြသွားမိသည်။ မီရာအနီးတွင် ခြံရံထားကြသည့် မိန်းကလေးများက ရာဂျာကိုတွန်းထုတ်လိုက်ကြသည်။

“မီရာ . . . မင်းဘာဖြစ်နေတာလဲ၊ မင်းကဘာဖြစ်လို့ ဒီလိုအဝတ်အစားကိုဝတ်ဆင်ထားရတာလဲ”

ရာဂျာက မီရာထံသို့ထပ်မံသွားရန်ကြိုးစားသဖြင့် မိန်းကလေးများက ရာဂျာကိုလက်ညှီုးထိုးလိုက်ပြီး

“ဒီလူကိုတားလိုက်ကြ၊ ဒေဝီကြီးရဲ့ သမီးတော်အနားကို ဘယ်သူမှမတိုးမကပ်စေနဲ့”

ထိုအခါ ဝိုင်းကြည့်နေကြသည့် လူအများက ရာဂျာ၏လက်ခြေများကိုချုပ်ထားကြသည်။ ရာဂျာမှာ မလှုပ်ရှားနိုင်တော့သဖြင့် လှမ်း၍သာအော်နေလေသည်။

“မီရာ . . . ငါလာပြီ မီရာ၊ မင်းနဲ့ခေါ်ဖို့ ငါလာခဲ့ပြီ”

မီရာမှာ ပန်းဝေါယာဉ်ကြီးပေါ်သို့တက်သွားကာ ထိုင်ချလိုက်လေသည်။ ထို့နောက် ရာဂျာကိုတစ်ချက်စိုက်ကြည့်ကာ မျက်ရည်များစီးကျလာခဲ့သည်။ မီရာတက်ပြီးသည်နှင့် မိန်းကလေးများက ဝေါယာဉ်ကို ဝိုင်းဖွဲ့ကာ မတင်လိုက်ကြသည်။ မိန်းကလေး ဆယ့်ရှစ်ယောက်ထမ်းသည့်ဝေါယာဉ်ဖြင့် မီရာကို လမ်းတစ်လျှောက်ခေါ်ဆောင်သွားသည့်အခါ ရွာခံများက ပန်းပွင့်ချပ်များ၊ ဆေးနီမှုန့်၊ ဆေးဝါမှုန့်များကို ကျဲပက်၍ အားပေးကြလေသည်။

မီရာတို့ဝေါယာဉ်ကြီး အတော်ဝေးဝေးရောက်သွားသည့်အခါမှ ရာဂျာကိုလူအများက လွှတ်ပေးလိုက်ကြသည်။ ရာဂျာမှာ အရူးကြီးတစ်ယောက်နှယ်ဖြစ်နေကာ မီရာတို့အိမ်အတွင်းသို့ပြေးဝင်သွားလိုက်သည်။ အိမ်ထဲရောက်သည့်အခါ မီရာ၏ အမေမှာ ကြမ်းပြင်တွင်ထိုင်ချလျှက် ငိုယိုနေသည်ကိုတွေ့ရသည်။ မီရာ၏ အဖေမှာတော့ ဧည့်ခန်းတွင် မိန့်မိန့်ကြီးထိုင်နေလေသည်။

“မီရာဘာဖြစ်တာလဲ ဦးလေး၊ မီရာကို သူတို့ဘယ်ခေါ်သွားကြတာလဲ”

မီရာ၏ ဖခင်မှာ ရာဂျာအား အလွန်ထူးဆန်းသည့်မျက်နှာပေးနှင့်ကြည့်လိုက်ပြီး

“ဘာတွေဖြစ်နေသလဲဆိုတာ မင်းဘာမှမသိဘူးလား ရာဂျာ”

“ကျုပ်က ပန်းပဲဖိုမှာပဲ နေ့နေ့ညညအချိန်ကုန်နေလို့ ဘာတွေဖြစ်နေမှန်းကို မသိလိုက်ဘူး ဦးလေး”

ထိုအခါ မီရာ၏ မိခင်က ငိုယိုလျှက်

“သူတို့ခေါ်သွားကြပြီ၊ သူတို့ သမီးလေးကို သတ်ဖို့ခေါ်သွားကြပြီ”

“ဟင်၊ သတ်ဖို့ခေါ်သွားပြီတဲ့လား၊ ဘာတွေဖြစ်ကုန်တာလဲဗျာ၊ ကျုပ်တော့ တစ်ခုမှနားမလည်တော့ဘူး”

မီရာ၏ ဖခင်က ငိုယိုနေသည့် မိန်းမဖြစ်သူကို တစ်ချက်ငေါက်ငမ်းလိုက်ပြီး

“မင်္ဂလာရှိတဲ့အချိန်မှာ ငိုမနေစမ်းပါနဲ့ မိန်းမရာ၊ မီရာကို သတ်ဖို့ခေါ်သွားတာမဟုတ်ပါဘူး၊ ယဇ်ပူဇော်ဖို့ခေါ်သွားတာပါကွ”

“ဘယ်သူ့ကိုယဇ်ပူဇော်မှာလဲ”

“ဒီလိုရာဂျာ၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဒေဝီကြီးကို ယဇ်ပူဇော်တဲ့အခါ အသုံးပြုတဲ့ ဓါးမြှောင်ကလေးက ဘာကြောင့်မှန်းမသိဘဲ ကျိုးသွားခဲ့တယ်”

ရာဂျာမှာ အတော်အတန်ရိပ်စားမိသွားပြီဖြစ်သည်။

“ဒေဝီကြီးကို ယဇ်ပူဇော်တဲ့ဓါးကို မိန်းမပျိုရဲ့ဝိညာဉ်နဲ့ပူဇော်သွန်းလုပ်ရတယ် မဟုတ်လား”

“အမှန်ပေါ့ ရာဂျာ၊ ဒီလိုနဲ့ ယဇ်ပူဇော်ဖို့မိန်းမပျိုကိုရှာလိုက်တော့ ငါတို့သမီးလေး မီရာက အသင့်တော်ဆုံးဆိုပြီး အရွေးချယ်ခံရတယ်”

“ဒါဆို သူတို့မီရာကိုသတ်ကြမှာပေါ့”

“သတ်တာမဟုတ်ပါဘူးကွာ၊ ဒါက ငါတို့အိမ်ရဲ့ကောင်းချီးမင်္ဂလာတစ်ခုပဲ၊ ဒေဝီကြီးရဲ့ သမီးပျိုဖြစ်ရတယ်ဆိုတာ နည်းနည်းနောနောကုသိုလ်ကံမဟုတ်ဘူး၊ မီရာလည်း ဒေဝီကြီးရဲ့ခြေတော်ရင်းမှာ ခစားရမယ်၊ ငါတို့အိမ်ကိုရော မိသားစုကိုရော ဒေဝီကြီးက ကောင်းချီးတွေပေးသနားမယ်မဟုတ်လား”

“မဖြစ်ဘူး၊ သူတို့ကိုတားရမယ်၊ မီရာကို သမီးပျိုအဖြစ်မလုပ်ရဘူး၊ တခြားဘယ်သူ့ကိုလုပ်လုပ် ကျုပ်ချစ်တဲ့မီရာကို မလုပ်ရဘူး”

ရာဂျာမှာ အရူးကြီးတစ်ယောက်ကဲ့သို့ ရွာလမ်းအတိုင်းပြေးလွှားလာခဲ့လိုက်သည်။ ဝေါယာဉ်ထမ်းသည့်မိန်းကလေးများမှာ မှော်ပညာတတ်မြောက်ကြသူများဖြစ်ကြကာ အောက်ရွာမှထွက်ခွာလိုက်သည်နှင့် မှော်ပညာအစွမ်းဖြင့် မိုးပျံကာ မီရာကို တောင်ထိပ်ဆီသို့ခေါ်ဆောင်သွားတော့သည်။ ရာဂျာမှာ အစွမ်းကုန်ပြေးလွှားရင်း ရွာအထွက်တွင် မြင်းစီးထားသည့်လူတစ်ဥိးကိုတွေ့လိုက်ရသည်။ ထိုလူအား မြင်းပေါ်မှဆွဲချပြီး မြင်းကိုလုယူကာ တောင်ပေါ်သို့ဒုန်းစိုင်းစီးလျက် ပြေးတက်လာတော့သည်။

တောင်ထိပ်ရောက်လုနီးနီးတွင် ရာဂျာစီးနင်းလာသည့်မြင်းကြီးမှာ အမောဖောက်ပြီး လဲကျသေဆုံးသွားသည်။ ရာဂျာမှာ တောင်တက်လှေကားထစ်များအတိုင်း တောင်ပေါ်သို့အမြန်ပြေးတက်လာခဲ့သည်။ တောင်ထိပ်တွင် ကျောက်ဂူကြီးတစ်လုံးရှိသည်။ ကျောက်ဂူကြီး၏ ပုံစံမှာ လူမျက်နှာပုံစံတစ်ခုဖြစ်ပြီး ပါးစပ်ဟထားသည့် ပုံစံဖြစ်သည်။ ကျောက်ဂူအတွင်းသို့ ထိုပါးစပ်ပေါက်ကြီးမှ ဝင်ရလေသည်။ ကျောက်ဂူအတွင်းသို့ ဝင်ခဲ့သည့်အခါ အပြာရောင်မီးတောက်များထွန်းလင်းနေသည့် ကျောက်အိုးကြီးများကိုတွေ့ရသည်။ ထိုမှတဆင့်ဖြတ်ကျော်လာခဲ့သည့်အခါ အလွန်ကျယ်ဝန်းသည့် ခန်းမကြီးတစ်ခုဆီသို့ရောက်လာခဲ့သည်။

ခန်းမကြီး၏ တစ်ဖက်ထိပ်တွင်တော့ လက်ကိုးဖက်ပါသည့် ဒေဝီကြီး၏ ကျောက်ရုပ်ရှိသည်။ ထိုဒေဝီကြီးမှာ ဆူရပ်ရွာရှိ မှော်ပညာသည်များကို စောင့်ရှောက်လမ်းညွှန်ပေးကာ မှော်ပညာရပ်များကိုလည်း ချီးမြှင့်ပေးနေသည့် ဒေဝီကြီးတစ်ပါး၏ ပုံတူကျောက်ရုပ်ဖြစ်သည်။ ထိုကျောက်ရုပ်ကြီးအရှေ့တွင် ဆူရပ်ရွာ၏ မှော်ဆရာအဖွဲ့အစည်းမှ လူကြီးများက မတ်တပ်ရပ်နေကြသည်။ ထိုသူများအရှေ့တွင်တော့ မီရာက ဒူးထောက်ကာထိုင်နေလေသည်။ ရာဂျာက ထိုလူများအနီးသို့ပြေးလာခဲ့သည်။

“ရပ်လိုက်၊ ခင်ဗျားတို့အကုန်ရပ်လိုက်”

ရာဂျာအား အဖွဲ့အစည်းလူကြီးများက ဝိုင်းကြည့်လိုက်ကြသည်။ ထိုလူကြီးများအတွင်းတွင် ရာဂျူးနှင့် ရာကူးလည်းပါဝင်လေသည်။

“မင်းတောင်ရောက်လာပြီကိုး၊ ငါတို့က မင်းကိုစောင့်နေတာ”

“မီရာကိုမလုပ်ပါနဲ့ မီရာကို ဒေဝီကြီးရဲ့အပျိုစင်မလုပ်ကြပါနဲ့”

“တိတ်စမ်းရာဂျာ၊ ဒီအခွင့်အရေးကို မီရာကိုယ်တိုင်ရွေးချယ်ခဲ့တာပဲ၊ မင်းဘာမှ ဝင်ပြီးစွက်ဖက်နေစရာမလိုဘူး”

ရာဂျာက မီရာထံသို့ပြေးသွားသည့်အခါ ရာဂျူးက မှော်ကြိုးတစ်ခုကိုထုတ်ယူကာ ရာဂျာကိုဆွဲထားလိုက်လေသည်။ ရာဂျာမှာ မီရာနှင့်လက်တစ်ကမ်းအကွာတွင် ရပ်တန့်သွားလေသည်။

“မီရာ နင်ဒီလိုလုပ်လို့မဖြစ်ဘူးလေ၊ နင်နဲ့ငါနဲ့လက်ထပ်ပြီးတော့ အတူတူနေကြမယ်လို့ ပြောခဲ့တယ်လေ”

မီရာမှာ ရာဂျာ၏မျက်နှာကိုလှည့်ကြည့်လိုက်ပြီး

“မလိုတော့ဘူး၊ ငါဟာမြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်သွားပြီ၊ ငါဟာဒေဝီကြီးရဲ့အပျိုစင်အဖြစ်နဲ့ မြင့်မြတ်တဲ့ဘဝကို ခံယူရတော့မယ်”

မီရာမှာ ထိုသို့ပြောဆိုနေသော်လည်း အမူအရာမှာတစ်မျိုးကြီးဖြစ်နေလေသည်။ မသိလျှင်ဆေးခပ်ခံထားရသည့် လူတစ်ဦး၊ စိတ်ညှို့ခံထားရသည့် လူတစ်ဦးနှယ် ကြောင်တောင်တောင်ကြီးဖြစ်နေသည်။ အကြီးအကဲ မိန်းမကြီးတစ်ဦးက ငွေရောင်အဆင်းရှိသည့် ဓါးမြှောင်ကလေးကို ယူလာကာ မီရာ၏အရှေ့တွင်ရပ်တန့်လိုက်သည်။

ထို့နောက် မန္တန်များကိုရွတ်ဖတ်ကာ ဒေဝီကြီးကိုပူဇော်ကန်တော့သည်။ ပြီးသည့်နောက်တွင် ထိုဓါးကလေးဖြင့် မီရာ၏ရင်ဘတ်ကိုထိုးသွင်းထည့်လိုက်သည်။ မီရာမှာ အင့်ခနဲတစ်ချက်အော်လိုက်ပြီးသည့်နောက် အနောက်သို့လဲကျသွားသည်။ အကြီးအကဲက မန္တန်တစ်ခုကိုရွတ်ဖတ်လိုက်သည့်အခါ မီရာ၏ကိုယ်အတွင်းမှ ဝိညာဉ်ကထွက်ခွာလာခဲ့သည်။ မီရာ၏ ရုပ်ခန္ဓာကြီးမှာ မျက်ရည်များကျဆင်းနေသည်ကိုတွေ့ရသည်။

ရာဂျာမှာအလွန်ဒေါသထွက်ကာ အော်ဟစ်လိုက်လေသည်။ အကြီးအကဲမှာ မီရာ၏ဝိညာဉ်ကို ဓါးအတွင်းသို့မှော်ပညာဖြင့်ထည့်ကာ အပ်နှင်းလိုက်လေသည်။

“ဒီဓါးဟာ မြင့်မြတ်သန့်စင်တဲ့ဓါးတစ်လက်ဖြစ်သွားခဲ့ပြီ”

ရာဂျူးနှင့် ရာကူးတို့သားအဖမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ပြုံးရယ်လိုက်မိသည်။ ရာဂျူးမှာ မှော်ကြိုးကို ရုတ်သိမ်းလိုက်သည့်အခါ ရာဂျာက မီရာ၏ရုပ်အလောင်းကို ပြေးယူဆွဲပွေ့လိုက်လေသည်။ မီရာမှာ သေဆုံးသွားပြီဖြစ်သော်လည်း ကိုယ်ငွေ့နွေးနွေးကလေးကိုခံစားမိသည်။

“မီရာ မင်းထွက်သွားလို့မဖြစ်ဘူး၊ ငါ့ဘဝထဲက မင်းထွက်မသွားရဘူး”

ရာဂျာမှာ အော်ဟစ်လိုက်ပြီး ရုတ်တရက်ဝုန်းခနဲထလိုက်ကာ အကြီးအကဲဆီသို့ပြေးဝင်သွားလေသည်။ အကြီးအကဲလက်ထဲတွင် ကိုင်ထားသည့် ဓါးမြှောင်ကလေးကို လက်ဖြင့်ဖမ်းဆွဲယူလိုက်သည်။ အကြီးအကဲပင်မက တစ်ခန်းလုံးရှိလူများမှာ အံ့သြသွားကြသည်။

“ရာဂျာ မင်းဘာလုပ်တာလဲ ဒေဝီကြီးရဲ့မြင့်မြတ်သန့်စင်တဲ့ဓါးကို မင်းရဲ့ညစ်ပေတဲ့လက်နဲ့ ဘာဖြစ်လို့ထိကိုင်လိုက်ရတာလဲ”

“ဘာဖြစ်လဲ၊ မြင့်မြတ်တယ်တွေဘာတွေ လုပ်မနေစမ်းပါနဲ့၊ ဒါကျုပ်ချစ်သူရှိတဲ့ဓါး၊ ဒီဓါးကိုကျုပ်ယူမယ်”

ရာဂျူးက အရှေ့ထွက်လိုက်ပြီး

“ရာဂျာ၊ ဒီဓါးကို အကြီးအကဲကိုပြန်ပေးလိုက်၊ မြင့်မြတ်တဲ့ဓါးဆိုတာ လူတိုင်းကိုင်လို့မရဘူး”

“မပေးဘူး၊ ကျုပ်လုံးဝမပေးနိုင်ဘူး”

အကြီးအကဲ လှေကားထစ်ပေါ်မှဆင်းသက်လာကာ

“မင်းပြန်ပေးရင်လည်း မယူနိုင်တော့ဘူး၊ ဒီဓါးဟာ မင်းရဲ့လက်တွေနဲ့ထိကိုင်မိပြီး အစွန်းအထင်းတွေနဲ့ညစ်ပေသွားခဲ့ပြီ၊ ဒေဝီကြီးဆိုတာ ယောက်ျားတွေထိကိုင်လို့မရဘူး၊ ဒေဝီကြီးရဲ့အသုံးအဆောင်တွေကလည်း ယောက်ျားတွေကိုင်တွယ်လို့မရဘူး”

ရာဂျူးမှာ အလွန်ထိတ်လန့်သွားကာ ဒူးထောက်ထိုင်ချလိုက်ပြီး

“အကြီးအကဲကိုရော ဒေဝီကြီးကိုရော ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်သားအပေါ် ခွင့်လွှတ်ညှာတာပေးပါ”

“ဖြစ်ပြီးခဲ့မှတော့ တောင်းပန်နေလို့အလကားပဲ၊ ကဲ အဖွဲ့အစည်းအတွင်းကလူကြီးမင်းများရှင်၊ ရာမိသားစုဟာ ဒေဝီကြီးမကြိုက်တဲ့အပြစ်ဒဏ်ကို ပြုလုပ်ခဲ့တဲ့အတွက်ကြောင့် မိသားစုတစ်စုလုံးကို ဟောဒီရွာကနေ ဒေဝီကြီးအမိန့်နဲ့နှင်ထုတ်လိုက်ပါတယ်၊ ဒေဝီကြီးအစိုးရတဲ့ ဒီနယ်ကနေလည်း အကြားအလပ်မရှိ နှင်ထုတ်ပါတယ်”

ဦးရာဂျာက မယ်ပျင်းအား အတိတ်မှအကြောင်းအရာများကို ပြောဆိုပြီး လက်ထဲမှဓါးကလေးကို သေချာစွာကိုင်တွယ်ပွတ်သပ်နေလေသည်။ မယ်ပျင်းမှာ ဦးရာဂျာပြောသည့်စကားကိုနားထောင်ပြီး ဦးရာဂျာအပေါ် ဂရုဏာသက်မိသွားသည်။

“ဒါကြောင့် ရှင့်အကိုက ရှင့်ရဲ့အချစ်တွေ သေဆုံးသွားပြီလို့ပြောတာကိုး”

“မဟုတ်ဘူး၊ ငါ့ရဲ့အချစ်တွေက ဘယ်တော့မှမသေဆုံးဘူး၊ ငါ့ရဲ့အချစ်က ဒီမှာ၊ မီရာက ဒီအထဲမှာ အသက်ရှင်နေသေးတယ်”

မယ်ပျင်းက ဓါးသွားကလေးကိုလှမ်းကြည့်လိုက်သည့်အခါ ဝင်းလက်နေသည့်ဓါးပြားပေါ်တွင် မိန်းကလေးတစ်ဦး၏ မျက်နှာကိုတွေ့မြင်လိုက်ရသည်။

“ဒါဆို ရှင့်ရဲ့မီရာက ဒီဓါးထဲမှာရှိနေတာပေါ့၊ ဒါက ဘယ်လိုပညာရပ်မျိုးလဲ”

“တစ်နည်းပြောရရင်တော့ မီရာကို ဓါးစောင့် ဂျင်တစ်ယောက်အဖြစ်ဖန်တီးလိုက်တာပဲ၊ ငါဖန်တီးတဲ့ဓါးတွေအားလုံးမှာလည်း ဂျင်လို့ခေါ်တဲ့ အစောင့်အရှောက်တွေထည့်ပေးထားတယ်၊ ဒါကြောင့် ဓါးတွေဟာ ဂျင်စွမ်းရင်စွမ်းသလောက် တန်ခိုးသြဇာကြီးမားတာပဲ”

“ရှင်ပြောပုံအရ ရှင်နဲ့မီရာနဲ့ဝေးရတာ ရှင့်အကိုနဲ့ အဖေရဲ့လက်ချက်လည်းမကင်းဘူးလို့ကျုပ်ထင်တယ်”

“အမှန်ပေါ့၊ အထူးသဖြင့် ကျုပ်အကိုကြီးရာကူးပဲ၊ အကိုကြီးက အကြံအစည်ကြီးသလို ဉာဏ်လဲအတော်ကောင်းတယ်၊ ဒါပေမယ့် သူ့အကြံအစည်အောင်မြင်ဖို့အတွက် ကောက်ကျစ်ယုတ်မာဖို့ကိုလည်း ဝန်လေးတဲ့လူမဟုတ်ဘူး၊ လူတစ်ယောက်ရဲ့အသက်တို့ သိက္ခာတို့ကို ငဲ့ကွက်နေမဲ့လူစားမဟုတ်ဘူး၊ ဒါကြောင့် မင်းကိုငါအခုကတည်းက ကြိုပြီးသတိပေးထားမယ်၊ အကိုကြီးနဲ့ပေါင်းမယ်ဆိုရင်တော့ မင်းသတိကြီးကြီးထားမှရမယ်”

“ကျုပ်ကလည်း ဒီလောက်နုံအတဲ့လူတစ်ယောက်မဟုတ်ပါဘူး”

ထိုအခါ သာစံကလေးမှာ ပန်းပဲဖိုအတွင်းသို့ဝင်လာလေသည်။

“အမေ၊ ဦးကြီးရာမူးက အမေနဲ့ဦးရာဂျာကို လာခဲ့ပါလို့ခေါ်ခိုင်းလိုက်တယ်”

ရာဂျာက ဓါးမြှောင်ကလေးကိုပြန်သိမ်းလိုက်ပြီး

“ကောင်းပြီ၊ ငါမင်းတို့နဲ့အတူတူလိုက်ခဲ့မယ်”

မယ်ပျင်းနှင့်သာစံမှာ အရှေ့မှခပ်သွက်သွက်သွားလေရာ ဦးရာဂျာက အနောက်မှကုပ်ချောင်းချောင်းနှင့်လိုက်လာခဲ့သည်။ အိမ်ရှေ့နားအရောက်တွင် ခြံထဲသို့ လူငါးဆယ်ခန့်ပါဝင်သည့် လူအုပ်ကြီးတစ်အုပ်ဝင်လာခဲ့သည်။ အားလုံးမှာလည်း ကုလားများပင်ဖြစ်သည်။

“ဆွေမျိုးတွေလာကြပြီထင်တယ်”

စီတာက တစ်ချက်ရေရွတ်လိုက်ကာ ထိုလူများကို ခြံတံခါးသွားဖွင့်ပေးလိုက်သည်။ ထိုလူများမှာ ခြံအတွင်းသို့ဝင်လာကာ မယ်ပျင်းကို စူးစူးစိုက်စိုက်ကြည့်ကြလေသည်။

“ဦးကြီးတို့ ဦးလေးတို့ အိမ်ထဲကိုကြွပါအုံး”

ထိုလူများမှာ မျက်နှာထားတင်းတင်းနှင့်

“ငါတို့လာတာ ဟောဒီမင်္ဂလာပွဲကို တက်ချင်လို့လာတာမဟုတ်ဘူး၊ ငါတို့က ဒီမင်္ဂလာပွဲကိုဖျက်ချင်လို့လာတာ”

စီတာမှာ အံ့သြသွားလေသည်။

“ငါတို့ကတော့ ဒီမင်္ဂလာပွဲကို သဘောမတူဘူးဟေ့”

“ဘာဖြစ်လို့လဲ ဦးကြီးတို့ရယ်”

“ငါတို့လူမျိုးထဲကို လူမျိုးခြားသွေးရောတာ မခံနိုင်ဘူး၊ ဒီတော့ ဒီမင်္ဂလာပွဲကို ငါတို့တားမြစ်ရလိမ့်မယ်”

စီတာမှာ အလွန်စိတ်ညစ်ကာ ခေါင်းကိုတဗြင်းဗြင်းကုပ်လိုက်လေသည်။