စာစဉ် (၈၉)
(၁)
“သားတို့မှာငွေမရှိတော့ ကျောင်းဘယ်လိုတက်ကြမလဲအမေ”
သာစံ၏အမေးကို မယ်ပျင်းက ချက်ချင်းပြန်မဖြေနိုင်ဘဲ နှုှုတ်ဆိတ်နေမိသည်။ သာစံက အမေဖြစ်သူ၏ မျက်နှာကိုမော့ကြည့်လိုက်ကာ
“ဦးကြီးရာမူးကတော့ သူ့နွားတွေရောင်းပြီး သားကိုကျောင်းထားပေးမယ်လို့ပြောတယ်”
“တိတ်စမ်းသာစံ၊ အမေ့မှာအကြံအစည်ရှိပြီးသားပါ၊ သားကျောင်းတက်ဖို့အတွက် ဘယ်သူ့ဆီကမှ ငွေကြေးအကြွေးတင်တာတို့၊ ကျေးဇူးကြွေးတင်တာတို့ မဖြစ်စေရဘူး၊ ငါ့သားစိတ်ချ၊ မင်းမနက်ဖြန်ကျောင်းတက်စေရမယ်”
သာစံမှာစိတ်ပူပန်နေမိသည်။ ထိုညက ညစာကိုမယ်ပျင်းထွက်မစားပေ၊ သာစံအားနေမကောင်းဟုသာပြောလိုက်သဖြင့် သာစံတစ်ယောက်သာ မိသားစုထမင်းဝိုင်းတွင်ဝင်စားလေသည်။ ထမင်းစားသည့်အချိန်တွင် သာစံကျောင်းတက်မည့်ကိစ္စကို ရာကူးတို့ဆွေးနွေးနေကြသည်။
“အကိုကြီးက ဥက္ကဋ္ဌဖြစ်ပြီးတော့ ကြားထဲက နည်းနည်းပါးပါးထောက်ခံပေးလို့မရဘူးလား”
ထမင်းစားနေသည့် ရာမူးမှာ ရာကူးအားကြည့်ရင်း အားမလိုအားမရနှင့်ပြောလိုက်လေသည်။ ရာကူးက ခေါင်းခါလိုက်ကာ
“မင်းဘာသိလို့လဲ ရာမူးရ၊ ငါက ဥက္ကဋ္ဌရာထူးကိုယူထားရတယ်ဆိုပေမယ့် ဒီကောင်စီက လုပ်ချင်တိုင်းလုပ်လို့မရဘူး၊ ငွေတိုက်ကြီးကြပ်ရေးမှူး ဦးတိုးကို ငါကနည်းနည်းပါးပါးပြောလိုက်ရင် သာစံအတွက်ချက်ချင်းထောက်ပံ့ပေးမှာပဲ၊ ဒါပေမယ့် ငါဒီလိုအာဏာကိုအလွဲသုံးစားလုပ်လိုက်တာကို ဦးတိုးကသိမသွားဘူးလား၊ နောက်ဆိုတစ်ခုခုဆိုရင် ငါ့အားနည်းချက်ကိုထောက်ပြီးတော့ သူတို့က တစ်ခုခုမကြံစည်နိုင်ဘူးလား ရာမူးရ”
ရာမူးက ခေါင်းတစ်ချက်ညိတ်လိုက်လေသည်။ စီတာက ရာကူးအားကြည့်ရင်း
“ကောင်စီက ထောက်ပံ့မပေးဘူးဆိုရင် သမီးတို့က ထောက်ပံ့ပေးလို့မရဘူးလား”
ရာကူးက စိတ်ပျက်နေသည့်မျက်နှာထားနှင့် စီတာအားကြည့်ရင်း
“ဒီမှာစီတာ၊ ငါတို့မိသားစုအခြေအနေကို နင်အသိဆုံးပဲမဟုတ်ဘူးလား၊ ဒီတစ်မိသားစုလုံး စားဖို့သောက်ဖို့၊ ကလေးစရိတ်တွေနဲ့ တခြားအိမ်စားရိတ်တွေကို ငါပဲတာဝန်ယူထားရတာမဟုတ်ဘူးလား၊ အမှန်အတိုင်းပြောရရင် ငါတို့မိသားစုအခြေအနေက သိပ်ချမ်းသာနေတာတော့မဟုတ်ဘူး”
“အကိုကြီးက မိန်းမတွေသိပ်ယူထားတော့ အကုန်အကျတွေများတာပေါ့ဗျာ၊ ဒီလိုလုပ်၊ ကျုပ်ဆီက နွားသုံးကောင်လောက်ရောင်းထုတ်လိုက်မယ်ဗျာ၊ ပြီးတော့ သာစံကိုကျောင်းထားမယ်”
ရာမူးက ဝင်ပြောလိုက်ရာ ရာကူးက ခေါင်းခါလိုက်ပြီး
“လူတစ်ယောက်ကျောင်းစားရိတ်က ဘယ်လောက်ကုန်တယ်ထင်လို့လဲ ရာမူးရဲ့၊ အခု မင်းရဲ့သမီး မာယာတစ်ယောက် ကျောင်းစားရိတ်ရဖို့ မင်းနွားတွေနဲ့ဖက်ပြီးရုန်းနေရတာမဟုတ်ဘူးလား၊ ကျောင်းတက်တယ်ဆိုတာ တစ်နေ့တစ်ရက်တည်းကိစ္စမဟုတ်ဘူးကွ၊ လနဲ့ချီပြီးတက်ရမယ်၊ နှစ်ပေါင်းများစွာ ပညာသင်ရမယ်၊ ဒီဝန်ထုပ်ဝန်ပိုးကို မင်းတစ်ယောက်တည်း ဒီပုံစံနဲ့ နိုင်မယ်ထင်သလား”
ရာဂျာမှာ ဘာမှမပြောဘဲ ထမင်းသာကျုံးစားနေလေသည်။ ရာမူးကလည်း အသံတိတ်သွားသည်။ ထိုအခါသာစံက
“ဦးကြီးရာကူးတို့ ဦးကြီးရာမူးတို့၊ ကျုပ်ကျောင်းတက်မဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးခေါင်းရှုပ်ခံမနေပါနဲ့၊ အမေကပြောတယ်၊ သူ့မှာအကြံအစည်ရှိပြီးသားတဲ့၊ မနက်ဖြန်မနက် သူကျောင်းလိုက်အပ်ပေးမယ်တဲ့”
ရာကူးက ခေါင်းခါလိုက်ပြီး
“မင်းအမေရဲ့အကြံအစည်ဆိုတာကို ငါတို့ကကြောက်တာကွ၊ ဒီမှာ မင်းအမေကိုပြောလိုက်၊ ဘာမှကြံစည်မနေပါနဲ့လို့၊ သုံးလေးရက်လောက်ထပ်စောင့်လိုက်ရင် မင်းအတွက်ကျောင်းစားရိတ်ကို ငါဖန်တီးပေးမယ်လို့ ဟုတ်ပြီလား”
ရာကူးက ငေါက်ငမ်းကာပြောလိုက်သဖြင့် သာစံကခေါင်းညိတ်လိုက်လေသည်။ ရာဂျာက ထမင်းပန်းကန်ကိုလတ်စသတ်လိုက်ပြီး သာစံအားကြည့်ကာ
“မင်းအမေတော်တော်နေမကောင်းဖြစ်နေသလား သာစံ”
“နေမကောင်းဘူးလို့ပြောပေမယ့် ဖျားတာနာတာတော့မဟုတ်ဘူးဗျ၊ ဘယ်နားနေမကောင်းတာလဲဆိုတာလည်း မပြောဘူး”
“မင်းက ကလေးဆိုတော့သိမလားကွ သာစံရ၊ လူကြီးတွေမှာက အဲဒီလိုပဲနေမကောင်းတဲ့အခိုက်အတန့်တွေရှိတယ်ကွ”
ရာမူးကပြောလိုက်သည့်အခါ သာစံက သက်ပြင်းချကာခေါင်းခါလိုက်ရင်း
“အဲဒီလူကြီးတွေရဲ့စိတ်ကိုတော့ ကျုပ်ဖြင့်နားမလည်တော့ပါဘူးဗျာ”
သာစံရေရွတ်လိုက်သည့်အခါ ထမင်းဝိုင်းမှလူများအားလုံးမှာ တဟားဟားနှင့်ရယ်မောလိုက်ကြသည်။ ထမင်းစားပြီးသည့်နောက် သာစံမှာ မာယာနှင့်အတူ ရာမူး၏နွားတင်းကုပ်တဲကြီးဆီသို့ လိုက်ပါသွားသည်။ မယ်ပျင်းမှာ သားဖြစ်သူအကြောင်းတွေးကာ ရင်ပူနေပြီး အိပ်ရာထဲခွေနေမိသည်။ ထိုအခိုက် အခန်းအဝတွင် ချောင်းဟန့်သံတစ်ချက်ကြားလိုက်ရသည်။
“ကျုပ်ဝင်ခဲ့လို့ရမလား”
အသံပိုင်ရှင်မှာ ရာဂျာဖြစ်နေသည်မို့ မယ်ပျင်းက ဝင်ခဲ့ရန်အသံပြုလိုက်သည်။ ရာဂျာမှာ ကြေးလင်ပန်းကလေးတစ်ချပ်ကိုင်ကာ အခန်းထဲသို့ဝင်လာသည်။ မယ်ပျင်းက လှဲနေရာမှထိုလိုက်ပြီး အခန်းထောင့်တွင်ထိုင်နေလိုက်သည်။ ရာဂျာကလည်း မယ်ပျင်းကိုအနည်းငယ်ရှိန်နေကာ အခန်းအဝင်အထွက်နားတွင်သာ ထိုင်ချလိုက်သည်။ လက်ထဲမှ ကြေးလင်ပန်းကလေးကို ကြမ်းပြင်ပေါ်တွင်ချလိုက်ကာ မယ်ပျင်းအနီးသို့တိုးပေးလိုက်သည်။ ကြေးလင်ပန်းကလေးထဲတွင် ကြေးခွက်တစ်ခုရှိကာ နို့နှင့်ချက်လုပ်ထားသည့် ယာဂုတစ်မျိုးကိုထည့်ထားသည်။ ရာဂုမှာ မွှေးပျံ့သင်းကြိုင်နေတော့သည်။
“မင်းနေမကောင်းဘူးကြားလို့ စီတာက ဆိတ်နို့ယာဂုပြုတ်ထားပေးတယ်၊ အထဲမှာလည်း သစ်စေ့သစ်ဆန်တွေပါတယ်ဆိုတော့ မင်းအားရှိမှာအမှန်ပဲ”
“ကျုပ်မစားချင်ဘူး၊ ဘာမှမစားချင်ဘူး”
“နည်းနည်းဖြစ်ဖြစ်စားလိုက်ပါ၊ မင်းမစားဘူးဆိုရင် အချိန်ကုန်ခံပြီးချက်ပြုတ်ထားတဲ့ စီတာက စိတ်ကောင်းပါ့မလား”
ရာဂျာပြောလိုက်သဖြင့် မယ်ပျင်းက ကြေးလင်ပန်းကိုဆွဲယူလိုက်လေသည်။ ထို့နောက် ကြေးဇွန်းကိုယူလိုက်ကာ ကြေးခွက်ထဲမှ ယာဂုများကိုခပ်သောက်လိုက်သည်။ ဆိတ်နို့နှင့်ချက်ထားသည်မို့ အလွန်ဆိမ့်ကာ စပျစ်ခြောက်များ၊ သီဟိုရ်စေ့များနှင့် ဖရုံယိုများထည့်ထားသည့်အတွက် ချိုမြမြနှင့်သောက်၍ကောင်းလှသည်။ မယ်ပျင်းလည်း သောက်ကောင်းကောင်းနှင့် တစ်ခွက်လုံးကုန်အောင်သောက်ချလိုက်သည်။
“မင်းသားကို ကျောင်းစားရိတ်ထောက်ဖို့ မင်းမှာအကြံရှိတယ်ဆိုမယ်ပျင်း၊ အဲဒီအကြံကို ငါသိချင်တယ်”
မယ်ပျင်းက ကြေးခွက်ကိုပြန်ချလိုက်ပြီး
“ရှင့်ကိုဘာဖြစ်လို့ပြောပြရမှာလဲ”
“မင်းနဲ့ငါနဲ့က လင်မယားလိုမပေါင်းဖက်ကြပေမယ့် ထုံးတမ်းစဉ်လာအရလက်ထပ်ထားခဲ့တော့ ငါကမင်းရဲ့အိမ်ထောင်ဦးစီးလင်ယောက်ျားတစ်ယောက်ပဲ၊ သာစံက ငါ့ရဲ့ကလေးပဲ၊ သာစံရဲ့ကိစ္စ ဒီအိမ်ထောင်ရဲ့ကိစ္စကို ငါကသိပိုင်ခွင့်ရှိတယ်မယ်ပျင်း”
“ကောင်းပြီလေ၊ ရှင်သိချင်တော့လည်းပြောပြရတာပေါ့”
မယ်ပျင်းက အဝတ်စတစ်ခုနှင့်ပါးစပ်အားသုတ်လိုက်ရင်း
“ကျုပ်နေ့လည်က မြို့ထဲကိုလျှောက်ကြည့်တော့ မြိုင်သာမြို့မှာ ရွှေဆိုင်တွေပေါတာပဲ၊ ရွှေဆိုင်တစ်ဆိုင်လောက်ကို ဝင်ဖောက်လိုက်ရင် ကျုပ်သားအတွက် ကျောင်းစားရိတ်တစ်နှစ်စာလောက်တော့ လောက်မယ်ထင်တာပဲ”
မယ်ပျင်းပြောလိုက်သည့်အခါ ရာဂျာမှာထိတ်လန့်သွားသည်။
“မင်းရူးနေလားမယ်ပျင်းရ၊ မင်းဓါးပြတိုက်လို့ရလာခဲ့တဲ့ရွှေတွေနဲ့ မင်းသားကိုကျောင်းထားမှာ ဖြစ်သင့်တယ်လို့မင်းထင်နေသလား”
“ဘာဖြစ်လဲ ဓါးပြတိုက်တဲ့ရွှေကလည်းရွှေပဲလေ၊ တန်ဖိုးက အတူတူပဲမဟုတ်လား”
“မတူဘူး၊ လုံးဝမတူဘူး၊ မင်းက မတရားတဲ့နည်းလမ်းနဲ့ရှာလာမယ့်ရွှေတွေ၊ ဒီရွှေတွေက သန့်စင်တယ်လို့မင်းထင်နေလား”
“ဟား ဟား ရွှေကရွှေပဲ၊ ဘယ်နေရာရောက်ရောက် ရွှေက ရွှေတန်ဖိုးတော့ရှိမှာပဲ၊ သန့်စင်တယ်မသန့်စင်ဘူးလို့ပြောရအောင် ရွှေကိုအဝတ်အစားတွေလို လျှော်ဖွပ်ဆေးကြောလို့ ရတာမှမဟုတ်တာ”
“မယ်ပျင်း မင်းကလူ့စံတန်ဖိုးတွေကို ဘာမှနားမလည်ဘူးပဲ၊ ခိုးထားဝှက်ထားတဲ့ရွှေတွေက ရိုးရိုးသားသားကိုယ့်ခွန်ကိုယ့်အားနဲ့ရှာထားတဲ့ရွှေတွေမဟုတ်တော့ မသန့်စင်ဘူး၊ မစင်ကြယ်ဘူး၊ ငါက အဲဒီသဘောနဲ့ပြောတာကွ၊ မင်းက လူတွေများများစားစားနဲ့မနေခဲ့ဖူးဘူးလားမယ်ပျင်း၊ မင်းက လူ့လောကရဲ့ကျင့်ဝတ်တွေ၊ လောကနီတိစည်းမျဉ်းတွေကို မင်းဘာမှမသိဘူးပဲ”
“အဲဒီကျင့်ဝတ်တွေ စည်းမျဉ်းတွေကို သိနေတော့ရော ရွှေကသူ့အလိုလိုရလာမှာတဲ့လား”
“မင်းကငါ့ကို တမင်သက်သက်ကန့်လန့်တိုက်ပြီးပြောနေတာပဲမယ်ပျင်း၊ မင်းဟာမင်း ဘာပညာတွေတတ်တတ်၊ မင်းဟာမင်းဘယ်လောက်စွမ်းစွမ်း၊ မင်းကလူပဲမယ်ပျင်း၊ လူဆိုတာ လူ့ကျင့်ဝတ်ဆိုတာကို လိုက်နာရတယ်၊ လူ့လောကရဲ့စည်းကမ်းတွေကို ကျင့်သုံးရမယ်ကွ”
မယ်ပျင်းက ဒေါသထွက်နေသည့် ရာဂျာကိုကြည့်ကာ မချိပြုံးကလေးတစ်ချက်ပြုံးလိုက်သည်။
“ရှင့်ကိုမြင်တော့ တစ်စုံတစ်ယောက်ကိုတောင်သတိရသွားတယ်၊ ကျုပ်ဘဝမှာလေ ကျုပ်ကိုလူ့ကျင့်ဝတ်တွေ လူ့စည်းကမ်းတွေသင်ပေးပြီး သူတို့ကိုယ်တိုင်လည်း ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ နေခဲ့တဲ့လူတွေရှိခဲ့တယ်၊ ဒါပေမယ့် သူတို့ဘာဖြစ်သွားလဲသိလား၊ သူတို့က ခပ်စောစောပဲသေသွားခဲ့ကြရတယ်”
ရာဂျာမှာမျက်လုံးပြူးသွားသည်။ မယ်ပျင်းက ဆွေးမြေ့လွမ်းဆွတ်နေသည့်မျက်ဝန်းများဖြင့် အခန်းထောင့်တစ်နေရာကိုငေးကြည့်နေကာ
“ဒါကြောင့် ရှင်လဲကျုပ်ကို လူ့ကျင့်ဝတ်တို့ ကိုယ်ကျင့်တရားတို့ ဒါတွေလာပြီးသင်ဖို့မကြိုးစားပါနဲ့၊ မဟုတ်ရင် ရှင်လည်း သူတို့လိုပဲ ခပ်စောစောသေဆုံးသွားရလိမ့်မယ်၊ ကျုပ်ကတော့ အဲဒါတွေကို ဂရုစိုက်နေမှာမဟုတ်ဘူး၊ အဲဒီကျင့်ဝတ်တွေ စည်းမျဉ်းတွေဆိုတဲ့ ဘောင်တွေအောက်မှာ ကျုပ်မနေဘူး၊ ကျုပ်က အဲဒါတွေရဲ့အထက်မှာပဲနေမယ်၊ ကျုပ်လုပ်ချင်တာ ကျုပ်လုပ်မယ်၊ အေး ဒါပေမယ့် ကျုပ်လုပ်တဲ့လမ်းမှာ အရှေ့ကနေကန့်လန့်ပိတ်ရပ်နေမယ်ဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ကျုပ်ကရှင်းပစ်ရမှာပဲ”
“မင်းရဲ့စိတ်ဓါတ်က တော်တော်ကြောက်စရာကောင်းတာပဲမယ်ပျင်း”
ရာဂျာမှာထိုသို့ပြောလိုက်ပြီး မယ်ပျင်းအားငေးကြည့်နေမိသည်။ မယ်ပျင်းက စိတ်အားထက်သန်နေသည့်မျက်လုံးများဖြင့် ငုတ်တုတ်ထိုင်နေလေသည်။ အတန်ကြာအောင်စကားမပြောဘဲ နေပြီးမှ ရာဂျာက
“ကဲပါ၊ ငါမင်းဆီကိုလာခဲ့တာ ရန်ဖြစ်ဖို့လာတာမဟုတ်ဘူး”
ရာဂျာက ခါးကြားမှအိတ်ကလေးတစ်ခုကိုဆွဲထုတ်လိုက်ပြီး ထိုအိတ်ကလေးကို မယ်ပျင်းထံသို့လှမ်းပေးလိုက်သည်။ အိတ်ကလေးမှာ တစ်ထွာခန့်ရှိပြီး ကတ္တီပါသားအကောင်းစားဖြင့် ပြုလုပ်ထားသည့် အိတ်ရကလေးဖြစ်သည်။ မယ်ပျင်းက အိတ်ကိုလှမ်းမယူသဖြင့် ရာဂျာက မယ်ပျင်းအရှေ့ကြမ်းပြင်ဆီသို့ အိတ်ကိုလှမ်းပစ်ချလိုက်သည့်အခါ အိတ်နှင့်ကြမ်းပြင်ထိသည့်အချိန် တချွင်ချွင်နှင့်အသံများကိုကြားရသည်။
မယ်ပျင်းက အိတ်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်
“ဒါကဘာတွေလဲ”
“မင်းလုပ်မယ့်အကြံအစည်တွေကို ဖျက်လိုက်တော့မယ်ပျင်း၊ ဟောဒါက သာစံလေးရဲ့ကျောင်းစားရိတ်အတွက်ပဲ”
မယ်ပျင်းက အိတ်ကိုအသာကောက်၍ ကြိုးစလေးနှစ်ဖက်ကိုဆွဲကာ ဖွင့်ကြည့်လိုက်သည့်အခါ အိတ်အတွင်းတွင် ရွှေဒင်္ဂါးပြားများကိုတွေ့ရလေသည်။ ရွှေဒင်္ဂါးပြားမှာ ကျပ်ပြားဝိုင်းမရှိတရှိခန့်သေးငယ်သော်လည်း သာမန်အကြွေစေ့များကဲ့သို့ ပြားချပ်ချပ်မဟုတ်ဘဲ အနည်းငယ်ထူထဲလေသည်။ အိတ်ရှုံ့ကလေးအတွင်း ရွှေပြားငါးဆယ်ခန့်ရှိမည်ဟုထင်ရသည်။
“ရှင် ဒီရွှေပြားတွေကို ဘယ်ကရတာလဲ”
“ငါဟာ ဒီနယ်မှာရော အိန္ဒိယတစ်ခွင်မှာပါ ကျော်ကြားတဲ့ ပန်းပဲသမားတစ်ဦးပါကွ၊ ငါ့ရဲ့ဓါးတစ်ချောင်းက ရွှေပြားတစ်ရာဆိုရင်လည်းဟုတ်တယ်၊ နှစ်ရာဆိုရင်လည်း ဝယ်မဲ့သူမနည်းဘူးကွ”
“ရှင်ကျုပ်ကိုဒါတွေပေးတာ ဘာသဘောလဲ”
“မင်းကိုမကောင်းမှုတွေဆက်မလုပ်စေချင်တော့ဘူး၊ ပြီးတော့ သာစံက ငါနဲ့သွေးသားမတော်စပ်ဘူးဆိုပေမယ့် ဥပဒေအရတော့ ငါ့ရဲ့သားပဲ၊ သားတစ်ယောက်ကို အဖေဖြစ်တဲ့လူက ကျောင်းစားရိတ်ထောက်ပံ့တာ ဘာဆန်းသလဲ”
“ကောင်းပြီလေ၊ ရှင်ပေးတဲ့ရွှေကို ကျုပ်လက်ခံပါတယ်၊ ဒါပေမယ့် ကျုပ်ကိုရွှေတွေပေးခဲ့လို့ဆိုပြီး ရှေ့လျှောက်ကျုပ်နဲ့ပတ်သက်ဖို့ကြိုးစားတာတို့၊ ကျေးဇူးရှင်ကြီးတစ်ယောက်လို ကျေးဇူးဆပ်ခံချင်တာတို့ တွေးထားတယ်ဆိုရင်တော့ ရပ်တန်းကရပ်လိုက်တာကောင်းမယ်၊ ကျုပ်က ဒါတွေကိုဂရုမစိုက်ဘူး”
“ဟား ငါကလည်း အနှောင်အဖွဲ့ကင်းကင်းနဲ့နေတဲ့ကောင်ပါကွ၊ မင်းကိုသူများတွေက ဒီရွှေတွေဘယ်လိုရလာခဲ့သလဲလို့မေးရင်တောင် ငါပေးတယ်လို့ပြောစရာမလိုဘူး ဟုတ်ပြီလား”
“ကောင်းပါ့ရှင်၊ ရှင်ကလည်း ခပ်ပြတ်ပြတ် ကျုပ်ကလည်း ခပ်ပြတ်ပြတ်ပဲ၊ ဒါကြောင့် ရှင်နဲ့ကျုပ်နဲ့အသွင်တူပြီး အိမ်တူဖြစ်တာနေမယ်”
မယ်ပျင်းက ခပ်အုပ်အုပ်ရယ်မောလိုက်သည့်အခါ ရာဂျာက ကြေးလင်ပန်းကလေးကိုပြန်ကောက်ကာ မတ်တပ်ထရပ်လိုက်သည်။
“သြော်၊ ဒါနဲ့ ရှင့်ကိုတစ်ခုပြောထားရအုံးမယ်၊ သာစံကို သား သားနဲ့မခေါ်ပါနဲ့၊ ရှင်က သူ့ပထွေးပါ၊ သူ့အဖေအရင်းမဟုတ်ဘူး”
ရာဂျာမှာ မယ်ပျင်းပြောသည့်စကားကြောင့် စိတ်မကောင်းဖြစ်သွားသော်လည်း ဆက်ပြောလျှင်ရန်ဖြစ်နေရမည်စိုးသဖြင့် ဘာမှမပြောတော့ဘဲ ခေါင်းညိတ်ကာအခန်းထဲမှထွက်ခဲ့လေသည်။
သာစံမှာ ညနက်သည့်အခါ အခန်းအတွင်းသို့ပြန်လာခဲ့သည်။ မယ်ပျင်းထိုင်နေသည့်အနားတွင်ထိုင်လိုက်ကာ
“အမေ နေမကောင်းရင်လည်း နားနေလိုက်ပါ၊ ဦးကြီးရာကူးကပြောတယ်၊ နှစ်ရက်သုံးရက်လောက်တော့ သည်းခံပေးပါတဲ့ သူငွေရအောင်ကြံဖန်ကြည့်ပေးမယ်တဲ့”
“ဟဲ့သာစံ မင်းကိုအမေဘာပြောထားလဲ အမေ့မှာရွှေတွေရှိပါတယ်လို့ ပြောမထားဘူးလား”
မယ်ပျင်းမှာ ပြောပြောဆိုဆိုနှင့် သာစံအရှေ့သို့ ရွှေထုပ်ကိုချပေးလိုက်သည်။ သာစံမှာရွှေထုပ်အတွင်းမှထွက်လာသည့် ရွှေဒင်္ဂါးပြားများကို ကောက်ယူလိုက်ကာ မျက်လုံးအပြူးသားနှင့်ကြည့်နေလေသည်။ ရွှေဒင်္ဂါးများမှာ တစ်ဖက်မှာအချောဖြစ်ကာ တစ်ဖက်တွင်တော့ အင်္ဂလိပ်စာလုံးများကိုရေးသားထားလေသည်။ သာစံမှာအံ့သြဝမ်းသာသွားပြီး
“အမေ၊ ဒါဆိုကျုပ် ကျောင်းတက်ရပြီပေါ့၊ ကျုပ် စာသင်ရတော့မှာပေါ့နော်”
ထိုသို့ပြောကာ မယ်ပျင်းအားပွေ့ဖက်လိုက်လေသည်။ မယ်ပျင်းကလည်း သာစံအားပွေ့ဖက်လိုက်ကာ သာစံခေါင်းရှိဆံရစ်ဝိုင်းကလေးကို ပွတ်သပ်ပေးနေမိသည်။ စိတ်ထဲမှလည်း ရွှေပြားများလာပေးခဲ့သည့် ရာဂျာအားကျေးဇူးတင်နေမိသည်။
(၂)
နောက်တစ်နေ့မနက်လင်းသည့်အခါ ရာကူးမှာရုံးသွားရန်ပြင်ဆင်နေသည်။ မယ်ပျင်းတို့သားအမိမှာလည်း ဖြီးလိမ်းပြင်ဆင်ကာ အိမ်ထဲမှထွက်လာခဲ့သည်။ ရာကူးက မယ်ပျင်းကိုကြည့်ရင်း
“မင်းတို့သားအမိနှစ်ယောက် ဘယ်သွားကြမလို့လဲ”
“သာစံကိုကျောင်းသွားအပ်ပေးမလို့ပေါ့”
ရာကူးက သက်ပြင်းတစ်ချက်ချလိုက်ရင်း
“မင်းကို သုံးလေးရက်လောက်စောင့်ပေးပါလို့ ငါပြောထားတယ်မဟုတ်လား မယ်ပျင်းရာ၊ ကျောင်းအပ်တယ်ဆိုတာ ပါးစပ်နဲ့အပ်လို့မရဘူးနော်ကွ”
ထိုအခါ မယ်ပျင်းက ရွှေအိတ်ကလေးကိုထုတ်ပြလိုက်ပြီး တချွင်ချွင်နှင့်အသံပေးလိုက်သည်။ ရာကူးမှာ အံ့သြသွားပြီး ရွှေအိတ်ကိုယူကာ အတွင်းမှရွှေဒင်္ဂါးပြားများကို ထုတ်ကြည့်လိုက်လေသည်။ ပြီးနောက် အလွန်အံ့သြသည့်မျက်နှာပေးနှင့်
“မယ်ပျင်း၊ မင်းဒီရွှေတွေ ဘယ်ကရတာလဲဟင်”
“ရှင်တို့ကိုပြောပြီးသားပဲ ကျုပ်မှာလည်း ကျုပ်ကြံစည်ထားတာရှိပါတယ်ဆို”
ထိုအခါ မာယာမှာပြေးထွက်လာသဖြင့် ကျောင်းသွားရန်ပြင်ဆင်ကြသည်။ ရာကူးမှာလှည်းပေါ်ရောက်သည့်တိုင်အောင် မယုံကြည်နိုင်သလိုနှင့် မယ်ပျင်းအားစိုက်ကြည့်နေသည်။
“ကျုပ်မျက်နှာမှာ တစ်ခုခုပေနေလို့လား ရာကူး”
“မဟုတ်ပါဘူး၊ ဒီလောက်များတဲ့ရွှေတွေကို မင်းဘယ်လိုရလာသလဲဆိုတာ ငါစဉ်းစားနေမိတာပါ”
“ရှင်က ကျုပ်ကိုအထင်သေးထားတာပဲ၊ ကျုပ်က ဆွေမရှိ မျိုးမရှိ၊ ရွှေမရှိ ငွေမရှိဆိုပြီး အထင်သေးထားတဲ့ပုံပဲ”
ရာကူးမှာ ခေါင်းတဆတ်ဆတ်ညိတ်လျှက်
“အင်းပေါ့လေ၊ မင်းက ဒီနယ်မှာနာမည်ကြီးတဲ့မယ်ပျင်းပဲ မင်းမှာလည်း စုထားဆောင်းထားတာလေးရှိမှာပေါ့”
မြင်းလှည်းကြီးက ကျောင်းအရှေ့တွင်ရပ်တန့်လိုက်လေသည်။ ရာကူးတို့မှာ ကျောင်းအရှေ့တွင်ဆင်းလိုက်ကြသည်။ ထိုအခိုက် မြင်းနက်ကြီးစီးထားသည့် လူတစ်ဦးမှာ အနားသို့ရောက်လာသည်။ ထိုလူမှာ ကုတ်အင်္ကျီတစ်ထည်ကိုဝတ်ဆင်ထားကာ ဦးခေါင်းတွင် ထိုခေတ်က လူကြီးလူကောင်းများဆောင်းလေ့ရှိသည့် ဦးထုပ်တစ်လုံးကိုဆောင်းထားသည်။ နှုတ်ခမ်းမွှေးစစရှိကာ ပါးစပ်တွင်တော့ မီးသေနေသည့် စီးကရက်တစ်လိပ်ကိုခဲထားသည်။
ထိုလူအနားသို့ရောက်လာသည့်အခါ ရာကူးမှာလန့်သွားလေသည်။
“ဘာဖြစ်တာလဲ မောင်ဝိုင်း”
“အရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ် ဥက္ကဋ္ဌကြီး အခုချက်ချင်းရုံးကိုသွားရလိမ့်မယ်”
ရာကူးက ခေါင်းညိတ်ကာ မြင်းလှည်းပေါ်တက်လိုက်သည်။
“အစကတော့ မင်းတို့ကိုကျောင်းလိုက်အပ်ပေးမလို့ပဲ၊ အခုတော့ အရေးကြီးတဲ့ကိစ္စတစ်ခုပေါ်လာလို့ ငါလိုက်သွားရတော့မယ်၊ မင်းဖြစ်တယ်မဟုတ်လား”
မယ်ပျင်းက ခေါင်းညိတ်လိုက်ကာ ကျောင်းအတွင်းသို့ မာယာနှင့်အတူတူဝင်သွားကြသည်။ မြင်းနက်ပေါ်မှလူက မယ်ပျင်းတို့သားအမိအား စိုက်ကြည့်နေကာ
“ဥက္ကဋ္ဌကြီး သူတို့ကဘယ်သူလဲ”
“သူက ငါ့ခယ်မလေးပါကွာ၊ ငါ့ညီရဲ့ မိန်းမပေါ့”
“သြော်၊ ဟိုတစ်ရက်က မင်္ဂလာဆောင်လိုက်တဲ့လူလား”
“ဒါနဲ့ ဘာဖြစ်လို့တုန်း မောင်ဝိုင်းရဲ့”
“ဟိုရောက်မှပဲ ဥက္ကဋ္ဌကြီးကိုယ်တိုင်ကြည့်ပါတော့ဗျာ”
မြင်းနက်စီးထားသည့်လူမှာ အရှေ့မှမောင်းနင်သွားလေရာ မြင်းလှည်းမှာလည်း ထိုလူအနောက်မှလိုက်ပါမောင်းနှင်သွားသည်။
ကျောင်းကြီးမှာ အုတ်အနီရောင်အဆောက်အဦကြီးဖြစ်ကာ အလွန်ခန့်ညားလှပေသည်။ ကျောင်း၏ အမိုးတွင်သစ်သားအပျောက်အမွှန်းများဖြင့်တန်ဆာဆင်ထားသည့် ပန်းဆွဲများကို ဆွဲထားကြကာ ကျောင်းအဝင်တွင်လည်း နတ်သမီးရုပ်တုများ၊ အနောက်တိုင်းဗိသုကာလက်ရာပုံစံများဖြင့်အလှဆင်ထားသည်။ ကျောင်းအရှေ့အလံတိုင်တွင်တော့ ဗြိတိသျှနေမဝင်အင်ပါယာ၏ အလံတော်ကိုလွှင့်တင်ထားသည်။
မာယာက မယ်ပျင်းတို့ကိုနှုတ်ဆက်လိုက်ပြီး
“သမီးကျောင်းခန်းထဲသွားရတော့မယ်၊ ဒေါ်လေးတို့က ပရင်စီပယ်ကြီးရဲ့ရုံးခန်းကိုသွားရမယ်”
မယ်ပျင်းမှာခေါင်းညိတ်လိုက်လေသည်။ ပြေးလွှားဆော့ကစားနေကြသည့် ကျောင်းသားကျောင်းသူများကိုကျော်ဖြတ်ကာ အပေါ်ထပ်သို့တက်လာခဲ့ကြသည်။ အပေါ်ထပ်တွင်တော့ ကျောင်းသားတစ်ဦးမှမရှိဘဲတိတ်ဆိတ်နေလေသည်။ ကုလားကြီးတစ်ဦးက မယ်ပျင်းအနီးသို့ရောက်လာကာ
“ဟေ့လူတွေ၊ ဒီကျောင်းထဲကို အပြင်လူမဝင်ရဘူး၊ မင်းတို့ကိုယ်မင်းတို့ ဘာမှတ်နေသလဲ၊ ထွက်သွားကြစမ်း”
မယ်ပျင်းက ကုလားကြီးအားကြည့်ရင်း
“ကျုပ်တို့ ကျောင်းလာအပ်တာပါ”
ကုလားကြီးက မယ်ပျင်းအားခြေဆုံးခေါင်းဆုံးကြည့်ကာ
“မင်းတို့ဗမာတွေ ငါတို့အစိုးရကျောင်းကို ဘာမှတ်နေလို့လဲကွ၊ မင်းတို့ငွေလေး နှစ်ပဲတပြားလောက်ပေးပြီး တတ်နိုင်မယ်ထင်သလား”
မယ်ပျင်းက ကုလားကြီးအနားသို့သွားလိုက်ကာ ကုလားကြီး၏လည်ပင်းကို လက်တစ်ဖက်နှင့်ညှစ်ကာ ကုလားကြီးကိုလေပေါ်မြှောက်တင်လိုက်သည်။ ကုလားကြီးမှာ ခြေကားယားလက်ကားယားနှင့်ဖြစ်နေသည်။
“အိုးမလုပ်ပါနဲ့ ကျုပ်သေတော့မယ်၊ ကျုပ်ကိုမသတ်ပါနဲ့”
“ဒါဆို ကျောင်းဘယ်မှာအပ်ရမလဲဆိုတာသာပြော”
ကုလားကြီးက အခန်းတစ်ခုကိုလက်ညှိုးညွှန်ပြလိုက်သည့်အခါ မယ်ပျင်းက ကုလားကြီးကိုပြန်ချပေးလိုက်လသည်။ ကုလားကြီးမှာ အော်ဟစ်ရင်း လှေကားအတိုင်းပြေးဆင်းသွားသည်။
“အမေကလည်းဗျာ၊ လူတကာကို လိုက်ပြီးခြိမ်းခြောက်နေစရာမလိုပါဘူးဗျ”
“ဟဲ့သား၊ ဒီကုလားက ငါ့ကိုစကားပြောတာမှ အချိုးမပြေတာ၊ ငါဖြင့် မင်းပါလို့ဒီလောက်နဲ့ပြီးလိုက်တာ၊ နို့မို့ဆို ဒီကုလားကို ဒီနေရာမှာတင်သတ်ပစ်လိုက်တယ်”
သာစံက ဘေးဘီကိုကြည့်လိုက်ရင်း ကုလားကြီးလက်ညှိုးထိုးပြသည့်အခန်းအတွင်းသို့ဝင်သွားလိုက်သည်။ ထိုအခန်းအတွင်း စာရွက်စာတမ်းများ၊ စာအုပ်များနှင့်ရှုပ်ပွနေလေသည်။ မယ်ပျင်းတို့ဝင်သွားသည့်အခါ မျက်မှန်ဝိုင်းတစ်ခုတပ်ထားသည့် လူတစ်ဦးက စားပွဲအနီးမှထလာလေသည်။
“ခင်ဗျားတို့ဘယ်သူတွေလဲ”
မယ်ပျင်းက ထိုလူအားမျက်စောင်းထိုးထည့်လိုက်သည်။ ထိုလူမှာ မယ်ပျင်းမျက်စောင်းထိုးခံရသည့်အခါ အနည်းငယ်ကုပ်သွားပြီး
“ကျုပ်ဘာကူညီပေးရမလဲ”
“ကျုပ်သားက ကျောင်းနေချင်တယ်တဲ့၊ ဒါကြောင့် သူ့ကိုကျောင်းအပ်ချင်လို့လာတာ”
“ကျောင်းနေတယ်ဆိုတာ အလကားမရဘူးနော်ဗျ၊ ဗြိတိသျှအစိုးရကို ကျောင်းစားရိတ်ပေးမှ တက်လို့ရမှာ၊ ဒီကျောင်းမှာ ဗြိတိသျှသခင်ကြီးတွေနဲ့ အင်္ဂလိပ်ကပြားတွေ၊ အိန္ဒိယနွယ်ဖွားတွေဆိုရင် တစ်နှစ်ကို ကျောင်းလခ နှစ်ရာ့ငါးဆယ်ပေးရမယ်၊ ဗမာတွေနဲ့ ဌာနေတိုင်းရင်းသားတွေက နှစ်ဆပေးရမယ်ဆိုတော့ ငါးရာကျလိမ့်မယ်”
မယ်ပျင်းက ရွှေပြားများထည့်ထားသည့်အိတ်ကို စားပွဲပေါ်ချပေးလိုက်ရာ ထိုလူကြီးက ဖွင့်ကြည့်ရင်းအံ့သြသွားသည်။
“ဒီလောက်ဆို ကျောင်းတက်လို့ရပြီလား”
ထိုလူကြီးက ရွှေပြားအိတ်ကိုယူလိုက်ကာ မယ်ပျင်းထံသို့ပြန်ပေးရင်း ဟိုဟိုဒီဒီကြည့်နေလေသည်။
“ခင်ဗျားတို့ဗျာ၊ ဒီရွှေပြားတွေကိုသုံးချင်ရင်တောင် လူမသိအောင်သုံးဗျ”
“ဒီရွှေပြားတွေက ဘာဖြစ်လို့လဲ”
“တခြားတော့မဟုတ်ဘူး၊ ဒီရွှေပြားတွေက မြိုင်သာမြို့စုန်းကောင်စီက အာမခံပြီးထုတ်ထားတဲ့ ရွှေပြားတွေဗျ၊ တခြားနေရာမှာဆိုရင် သုံးလို့ရမှာမဟုတ်ဘူး၊ ဒါနဲ့ခင်ဗျားတို့လည်း ကောင်စီအဖွဲ့ဝင်တွေပဲထင်တယ်နော်”
ထိုလူကြီးက ညာဖက်လက်ဖဝါးကိုဖြန့်ပြလိုက်သည့်အခါ လက်ဖဝါးပေါ်တွင် အင်းကွက်များက ဝင်းလက်လာလေသည်။ မယ်ပျင်းက ဘယ်ဖက်လက်ဖဝါးကိုဖြန့်ပြလိုက်သည့်အခါ မယ်ပျင်းလက်မှလည်း အင်းကွက်များဝင်းလက်လာပြန်သည်။
“တခြားလူတွေဆိုရင် ခင်ဗျားတို့ကိုမောင်းထုတ်ပေးမှာဗျ၊ ဒါပေမယ့် ကျုပ်ကစုန်းအချင်းချင်းမို့လို့ ကူညီပေးမယ်၊ လာ လာ”
ထိုလူမှာ စာရေးကြီးတစ်ယောက်ဖြစ်သည်ဟုသိရသည်။ စာရေးကြီးက အံဆွဲကိုဆွဲဖွင့်လိုက်ကာ စာရွက်စာတမ်းများကိုဆွဲထုတ်လိုက်ပြီး ခဲတံတစ်ချောင်းနှင့်အတူတူချပေးလေသည်။
“ကျောင်းဝင်ဖို့အတွက်ကတော့ အရင်ဆုံး ဝင်ခွင့်ပုံစံကိုဖြည့်ရမယ်”
မယ်ပျင်းနှင့် သာစံမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ စာရေးကြီးက
“ဖြည့်လေဗျာ”
“ကျုပ်က စာမတတ်ဘူး”
မယ်ပျင်းပြောလိုက်သဖြင့် စာရေးကြီးက သာစံအားလှည့်ကြည့်လိုက်သည်။
“ကျွန်တော်ကလည်း အခုမှ စာကိုစသင်ရမှာ”
စာရေးကြီးက ကိုယ့်နဖူးကိုယ်ရိုက်လိုက်ကာ
“သေလိုက်ပါတော့ဗျာ၊ ကျောင်းလာအပ်တာ တစ်ယောက်မှလည်းစာမတတ်ဘူးတဲ့”
မယ်ပျင်းက ရွှေပြားတစ်ပြားကိုထုတ်လိုက်ကာ စာရေးကြီးထံသို့လှမ်းပေးလိုက်သည်။
“ဒီလောက်ဆိုရပြီလား”
စာရေးကြီးက စားပွဲပေါ်မှရွှေပြားကို လက်နှင့်အမြန်အုပ်ကိုင်လိုက်ရင်း
“ရပါတယ်၊ ဒီလောက်ဆိုရင် အဆင်ပြေပါတယ်”
စာရေးကြီးမှာ မယ်ပျင်းတို့အား ဖြည့်စွက်ရမည့်အချက်အလက်များကို မေးမြန်းကာ သူကိုယ်တိုင်ဖြည့်စွက်ပေးနေလေသည်။
“ဒါနဲ့ ကလေးရဲ့အဖေကဘယ်သူလဲ သူ့နာမည်ဘယ်လိုခေါ်သလဲ”
“ကျောင်းတက်ပြီးစာသင်ရဖို့က သူ့အဖေနာမည်ဖြည့်ဖို့လိုအပ်လို့လား”
“လိုတာပေါ့ဗျ၊ ဗမာတွေအနေနဲ့ မိဘဆိုတာ ဘာမှသိပ်အရေးမပါပေမယ့် အင်္ဂလိပ်တွေအတွက်တော့ မိဘနာမည်တို့ ဂုဏ်သိက္ခာတို့ဆိုတာ သိပ်အရေးကြီးတဲ့ အရာဗျ၊ သူ့အဖေနာမည်ပြော”
မယ်ပျင်းက အတန်ကြာအောင်နှုတ်ဆိတ်နေမိသည်။ သာစံက
“အဖေက ဦးရာဂျာပါ”
“အဲဒီလိုလုပ်စမ်းပါကွ၊ အဖေနာမည်ပြောဖို့ ဘာဖြစ်လို့ဒီလောက်ခက်နေရတာလဲ”
စာရေးကြီးက အားလုံးဖြည့်စွက်ပြီးသည့်အခါ
“ကဲ ကျောင်းအပ်တဲ့လစာကိုတော့ ရွှေပြားနဲ့ပေးလို့မရဘူး၊ ဒီရွှေပြားတွေကို ခင်ဗျားတို့လျှောက်လျှောက်မသုံးနဲ့ဗျ၊ ကောင်စီကလူတွေက အပြင်လောကမှာသုံးရတာကို သိပ်မကြိုက်ချင်ဘူး၊ ဒါနဲ့ ခင်ဗျားတို့ကို ကောင်စီက ပညာသင်စားရိတ်ထောက်ပံ့မပေးဘူးလား”
မယ်ပျင်းက ဒေါသထွက်ထွက်နှင့်
“အဲဒီသေနာကျက ငါတို့သားအမိက စာတစ်လုံးမှမတတ်လို့ ကောင်စီကငွေကို ထုတ်မပေးနိုင်ဘူးတဲ့လေ၊ ငါကလည်း ရပါတယ်၊ ဒင်းတို့ ကူးတို့ခကိုမလိုချင်ပါဘူး၊ ကိုယ့်အစွမ်းအစနဲ့ပဲ ကိုယ်ရအောင်ရှာမှာပေါ့ မဟုတ်ဘူးလား”
စာရေးကြီးက မချိပြုံးလေးပြုံးလိုက်ကာ
“ခင်ဗျားက ငွေတိုက်ကြီးကြပ်ရေးမှူးကိုပြောတယ်ထင်တယ်၊ သူ့နာမည်က ဦးရွှေမိုးတဲ့ဗျ၊ ကျုပ်ဖြင့် တစ်သက်နဲ့တစ်ကိုယ် ငွေတိုက်ကြီးကြပ်ရေးမှူးကို သေနာကောင်လို့ကျိန်ဆဲရဲတဲ့လူကို အခုမှတွေ့ဖူးတာပဲ”
စာရေးကြီးက ရယ်ကျဲကျဲနဲ့ပြောဆိုပြီးသည့်အခါ
“ကျုပ်ကိုရွှေအပြားနှစ်ဆယ်ပေးခဲ့၊ လောလောဆယ်တော့ ကျုပ်ကပဲ ကျုပ်အိတ်ထဲကငွေစိုက်ပြီးတော့ ကျောင်းလခပေးထားလိုက်မယ်၊ မနက်ဖြန်ဆိုရင် ခင်ဗျားသား ကျောင်းတက်လို့ရပြီ”
သာစံကလေးမှာ ပျော်မြူးသွားလေသည်။ စာရေးကြီးမှာ သာစံကိုကြည့်လိုက်ပြီး
“ကျောင်းတက်မယ်ဆိုရင် ကျောင်းသားတွေလိုက်နာရမယ့်စည်းကမ်းရှိတယ်၊ အဲဒါကတော့ ကျောင်းသားတွေက ဆံပင်ကိုခပ်တိုတိုပဲထားရမယ်၊ အခုလိုဆံရစ်ဝိုင်းနဲ့တက်လို့မရဘူး၊ ပြီးတော့ သတ်မှတ်ထားတဲ့ ကျောင်းဝတ်စုံ၊ လွယ်အိတ်နဲ့ ရှူးဖိနပ်တွေကိုဝတ်ဆင်ရမယ်၊ မြို့လယ်မှာ ဘီလစ်ဆိုတဲ့ဆိုင်ရှိတယ်၊ သူ့ဆိုင်မှာ ကျောင်းဝတ်စုံတွေ လွယ်အိတ်တွေအကုန်ရတယ်”
“ပြီးတော့ ကျောင်းသားဓါတ်ပုံလည်းလိုတယ်ဗျ၊ အဲဒါကတော့ မြို့လယ်ကပဲ ခရစ်ရှ်ရဲ့ ဓါတ်ပုံတိုက်မှာ ဝင်ရိုက်လို့ရတယ်၊ ကျောင်းတက်မှတ်ပုံတင်လုပ်ဖို့ဆိုရင် သူသိပါတယ်”
မယ်ပျင်းတို့မှာ အခန်းထဲမှထွက်သွားရန်ကြံရွယ်လိုက်စဉ်
“နေအုံးဗျ၊ ခင်ဗျားတို့ရွှေပြားတွေကို ဒီအတိုင်းဖောဖောသီသီသုံးမနေသင့်ဘူး၊ ဒီတော့ ဒီလိုလုပ်ဗျာ၊ မြူနီစပယ်အဆောက်အဦထဲကိုဝင်သွားလိုက်၊ အဲဒီမှာ ငွေကိုင်မှူးဆိုတာရှိတယ်၊ သူ့ဆီမှာ ရွှေပြားနဲ့ ရူပီးငွေနဲ့လဲယူလို့ရတယ်”
မယ်ပျင်းတို့သားအမိမှာကျောင်းကြီးအတွင်းမှထွက်လာခဲ့လိုက်သည်။ သာစံမှာကျောင်းတက်ရတော့မည်မို့ အလွန်ပျော်ရွှင်မြူးတူးနေလေသည်။
(၃)
မြို့လယ်ရှိ မြူနီစပယ်အဆောက်အဦကြီးဆီသို့ သားအမိနှစ်ယောက်ရောက်လာခဲ့သည်။ မြူနီစပယ်ရုံးကြီးမှာ အမြဲလိုလိုပင်လူများရှုပ်ယှက်ခပ်ကာ အလုပ်များနေလေသည်။ မယ်ပျင်းတို့မှာ ရုံးအတွင်းဝင်သွားကာ ငွေကိုင်မှူးကိုရှာဖွေလိုက်သည်။ ငွေကိုင်မှူးဆီရောက်သည့်အခါ ရွှေပြားများကိုချပေးလိုက်သည်။
“ကျုပ်တို့ဒီရွှေပြားတွေကို ရူပီးငွေဆိုလား အဲဒါနဲ့လဲချင်တယ်”
မယ်ပျင်းချပေးလိုက်သည့် ရွှေပြားနှစ်ဆယ်ခန့်ကိုကြည့်ကာ ငွေကိုင်မှူးက အံ့သြသွားလေသည်။
“ခင်ဗျားတို့ ဒီလောက်ငွေအများကြီးကို ဘာလုပ်မလို့လဲ”
“မများပါဘူးရှင်၊ ကျုပ်တို့ ယူနီဖောင်းဆိုလား အဲဒါလည်းဝယ်ရမယ်၊ လွယ်အိတ်လည်းဝယ်ရအုံးမယ်၊ ပြီးတော့ ရှူးဖိနပ်၊ ဓါတ်ပုံဆိုတာကြီးလည်း ရိုက်ရအုံးမယ်”
“ခင်ဗျားတို့ရူးနေလားဗျာ၊ ဟောဒီရွှေပြားက စုန်းကောင်စီက အာမခံထားတဲ့ရွှေပြားဗျ၊ ရွှေပြားတစ်ပြားတင် ရူပီးတစ်ရာတန်တယ်၊ ရူပီးတစ်ရာနဲ့ဆိုရင် ခင်ဗျားတို့လုပ်ချင်တာအကုန်လုပ်လို့ရတယ်၊ ခင်ဗျားတို့ဝယ်ချင်တာဝယ်ပြီးရင် ပိုတောင်ပိုနေအုံးမှာဗျ”
သာစံတို့သားအမိနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်အံ့သြစွာကြည့်လိုက်မိသည်။ ရွှေတစ်ပြားကိုသာ ရူပီးငွေနှင့်လဲလှယ်ပြီး ငွေကိုင်မှူးအခန်းအတွင်းမှထွက်လာခဲ့ကြသည်။
“အဲဒါကျုပ်တို့စာမတတ်လို့ ခံလိုက်ရတာအမေရ၊ ကျောင်းလခက ငါးရာတည်းကျတာ၊ ကျုပ်တို့က ဟိုစာရေးကြီးကို အပြားနှစ်ဆယ်တောင်ပေးခဲ့တာပဲ”
“ပြီးခဲ့တာတွေပြောမနေနဲ့၊ အမေနောက်နေ့မှ အဲဒီကောင်နဲ့ရှင်းမယ်၊ အခုတော့ လိုအပ်တာတွေသွားဝယ်ရအောင်၊ ဒါနဲ့သာစံ ဟောဒီစက္ကူတွေက တန်ဖိုးရှိပါ့မလားဟဲ့၊ ငါသိသလောက်ကတော့ ရွှေတွေ၊ ငွေတွေလောက်ပဲတန်ဖိုးရှိတာ၊ ဒီလူက ငါတို့ကိုစက္ကူပိုင်းကလေးပဲပေးတယ်၊ ဧကန္တ တို့သားအမိကိုစာမတတ်ဘူးဆိုပြီးတော့ လူလည်ကျချင်တာလားမသိဘူး”
မယ်ပျင်းက ငွေကိုင်မှူးအခန်းသို့ ပြန်ဝင်ရန်လုပ်နေသည့်အခါ သာစံကအမေဖြစ်သူလက်ကိုဆွဲလိုက်ပြီး
“လာပါအမေရာ သူကသုံးလို့ရတယ်လို့ပြောတာပဲလေ၊ အရင်သုံးကြည့်တာပေါ့”
ငွေကိုင်မှူးအခန်းမှပြန်အထွက်တွင် ရာကူးနှင့်ပက်ပင်းတိုးမိကြသည်။ ရာကူးနှင့်အတူ အနောက်မှလူကြီးအတော်များများလည်း လိုက်ပါလာခဲ့သည်။
“ဟင် မယ်ပျင်းတို့သားအမိ ဒီကိုဘာလာလုပ်တာလဲ”
“ရွှေပြားနဲ့ ရူပီးဆိုလား အဲဒါလာလဲတာလေ”
ရာကူးက မယ်ပျင်းလက်အားဆွဲသွားကာ လူရှင်းသည့်လျှောက်လမ်းတစ်နေရာသို့ဆွဲခေါ်သွားသည်။ သာစံကလည်း အမေနှင့်အတူလိုက်ပါခဲ့သည်။
“ငါ့စိတ်ထဲထင့်နေတာတစ်ခုရှိတယ်မယ်ပျင်း၊ မင်း ဒီရွှေပြားတွေ ဘယ်ကနေရခဲ့တာလဲ”
“ဒါကတော့ပြောလို့မရဘူးရှင့်”
“မင်းမဟုတ်တာတွေများလုပ်သေးလား၊ ဓါးပြတိုက်တာတို့ အနုကြမ်းစီးတာတို့ပေါ့”
မယ်ပျင်းမှာထိတ်လန့်သွားပြီး
“ကျုပ်ကဘာဖြစ်လို့ဒါတွေလုပ်ရမှာလဲ”
“မလုပ်ဘူးဆိုလဲပြီးတာပါပဲ၊ ဒါပေမယ့် ဒီရွှေပြားတွေ နေ့ချင်းညချင်းဘယ်ကရလာသလဲဆိုတာ ငါသိချင်တယ်”
“ပြောပြီးသားပဲမဟုတ်လား၊ ဒီရွှေပြားဘယ်ကရသလဲဆိုတာကို ကျုပ်ပြောလို့မဖြစ်ဘူး”
ထိုအခါ လူကြီးတစ်ယောက်က မယ်ပျင်းတို့အနောက်မှလျှောက်လာကာ
“မဟုတ်မှလွဲရော အဲဒီရွှေပြားတွေကို တစ်နေရာရာက ခိုးလာခဲ့တာမဟုတ်ဘူးလား”
မယ်ပျင်းမှာ အသံရှင်ထံသို့လှမ်းကြည့်လိုက်သည့်အခါ ကုတ်အင်္ကျီရှည်ကြီးကိုဝတ်ဆင်ထားကာ ဦးထုပ်ဆောင်းထားသည့် လူတစ်ဦးကိုတွေ့ရသည်။ ထိုလူက မနက်ပိုင်းကတွေ့ခဲ့ရသည့် မြင်းနက်စီးထားသူပင်ဖြစ်သည်။ မယ်ပျင်းက မျက်လုံးပြူးသွားကာ
“ရှင်ဘာစကားပြောလိုက်တာလဲ”
ရာကူးက မယ်ပျင်းလက်ကိုဆွဲလိုက်ကာ
“သြော်၊ ဒါနဲ့ ကြုံတုန်းမိတ်ဆက်ပေးရအုံးမယ်၊ ဟောဒါက အင်စပက်တာ မောင်ဝိုင်းတဲ့ မယ်ပျင်းရဲ့”
မယ်ပျင်းက မျက်မှောင်ကြုတ်လိုက်ကာ
“သူ့နာမည်ကလည်းတစ်မျိုးပဲနော်၊ ရှင်တို့မြို့ကလူတွေက ဒီလိုပဲနာမည်တွေရှေ့မှာ ဘိုလိုထည့်ပေးတတ်ကြသလား”
ရာကူးကရယ်မောလိုက်လေသည်။ မောင်ဝိုင်းက
“အင်စပက်တာဆိုတာ ဘိုနာမည်မဟုတ်ပါဘူး၊ အဲဒါရာထူးတစ်ခုပါ၊ ခင်ဗျားတို့တောသူတောင်သားတွေ နားလည်အောင်ပြောရရင်တော့ အထောက်တော်လို့ခေါ်မှာပေါ့၊ ကျုပ်ရဲ့တာဝန်က ဟောဒီမြိုင်သာမြို့တစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ မှုခင်းတွေ၊ ရာဇဝတ်မှုတွေကို ထောက်လှမ်းစုံစမ်းပြီး လူဆိုးဖမ်းရတဲ့တာဝန်ပဲ”
မယ်ပျင်းက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ
“ဒါဆိုရှင့်အလုပ်က တွေ့တဲ့လူကို သူခိုးပါဆိုပြီးစွပ်စွဲတဲ့အလုပ်ပေါ့လေ”
မောင်ဝိုင်းမျက်နှာကွက်ခနဲပျက်သွားလေသည်။ အခြေအနေတင်းမာနေသည်မို့ ရာကူးက မယ်ပျင်းလက်ကိုပုတ်လိုက်ပြီး
“မောင်ဝိုင်းက သူ့တာဝန်သူလုပ်နေတာပါမယ်ပျင်း၊ မင်းသူ့ကိုဒေါသမထွက်ပါနဲ့”
“ဒါဆို အလကားနေရင်း ကျုပ်ရခဲ့တဲ့ရွှေပြားတွေက တစ်နေရာရာကနေခိုးခဲ့တာပါလို့ စွပ်စွဲနေတာကို ကျုပ်ကသည်းခံပေးရမှာလား”
“ဒီလိုတော့မဟုတ်ဘူး မယ်ပျင်းရဲ့၊ ညက ငွေတိုက်ကြီးကြပ်ရေးမှူး ဦးရွှေမိုးအသတ်ခံရတယ်”
မယ်ပျင်းက တစ်ချက်ပြုံးလိုက်ပြီး
“အဲဒီသေနာကျကြီး သေပြီတဲ့လား၊ ကောင်းတယ်၊ ဒီလိုလူမျိုးက သေမှအေးမယ်”
ရာကူးမှာမျက်စိမျက်နှာပျက်နေသည်။
“သူသေပြီးတော့ သူ့ရဲ့မီးခံသေတ္ဆာထဲကနေ ရွှေပြားငါးဆယ်လောက်ပျောက်သွားတယ်”
“သြော်၊ သိပြီ သိပြီ၊ ဒါဆိုရှင်တို့က အဲဒီသေနာကျကြီးကို ကျုပ်ကသတ်ပြီးတော့ သူ့ရွှေပြားတွေကို ယူတယ်ဆိုပြီး စွပ်စွဲချင်တယ်ပေါ့”
အိုင်ပီမောင်ဝိုင်းက အရှေ့သို့တိုးကပ်လာကာ
“ဒါနဲ့မင်းနဲ့ ဦးရွှေမိုးနဲ့ မနေ့ကစကားများခဲ့သေးတယ်မဟုတ်လား၊ ကတောက်ကဆဖြစ်ခဲ့ပြီး မင်းကသူ့ကိုကျိန်ဆဲခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောတယ်”
“ဟုတ်တယ်လေ၊ အဲဒါဘာဖြစ်သလဲ”
အိုင်ပီမောင်ဝိုင်းက မယ်ပျင်းလက်ထဲတွင်ကိုင်ထားသည့် အိတ်ရှုံ့ကလေးကိုကြည့်လိုက်ကာ
“အခုမင်းလက်ထဲမှာလည်း ရွှေပြားတွေ တွေ့တယ်ဆိုတော့ မင်းက သိပ်ပြီးမသင်္ကာစရာကောင်းနေပြီကွ”
မယ်ပျင်းက ခါးထောက်လိုက်ကာ အိတ်အတွင်းမှရွှေပြားများကိုလက်ဝါးပေါ်တင်လိုက်လေသည်။
“ဒီမှာ ရှင်တို့မျက်လုံးနဲ့မြင်အောင်ကြည့်၊ ဟောဒီရွှေပြားတွေက သေသွားတဲ့သေနာကျကြီးရဲ့ ရွှေပြားတွေပါလို့ စာရေးထားလို့လား၊ တွေ့သမျှရွှေပြားကို သူ့ရွှေပြားပါလို့ ရှင်တို့က စွပ်စွဲမလို့လား”
ရာကူးက ကြားဝင်လိုက်ပြီး
“ကဲပါ တော်ကြပါတော့၊ မင်းကိုလည်း ဘာမှမစွပ်စွဲပါဘူး မယ်ပျင်းရာ”
မောင်ဝိုင်းက
“ဒီလိုအခြေအနေမျိုးမှာ လူသတ်ပြီးရွှေပြားတွေယူသွားတဲ့လူသတ်သမားက ဘယ်သူမဆိုဖြစ်နိုင်တယ်၊ မင်းလည်းဖြစ်နိုင်သလို ဟောဒီက ဥက္ကဋ္ဌကြီးလည်းဖြစ်နိုင်တယ်၊ တကယ်လို့ မင်းကစွပ်စွဲတာကို မခံချင်ဘူးဆိုရင် အခုမင်းသုံးစွဲနေတဲ့ရွှေပြားတွေ ဘယ်ကရတယ်ဆိုတာကို မင်းပြောပြရလိမ့်မယ်”
မယ်ပျင်းက ရာဂျာနှင့်ပြောဆိုခဲ့သည့်စကားများကို ပြန်တွေးရင်း ခေါင်းခါလိုက်မိသည်။
“မဖြစ်ဘူး၊ ဒီရွှေပြားတွေ ဘယ်ကရတယ်ဆိုတာတော့ မပြောနိုင်ဘူး”
“ဘာဖြစ်လို့မပြောနိုင်ရတာလဲ ဒီရွှေပြားတွေက သူများရွှေတွေဖြစ်နေလို့လား”
မယ်ပျင်းမှာ အိုင်ပီမောင်ဝိုင်းနှင့် မျက်နှာချင်းထိကပ်လုနီးပါး တိုးကပ်သွားသည်။ ရာကူးက နှစ်ယောက်ကြားသို့ဝင်လိုက်ကာ
“တော်ကြပါတော့ကွာ၊ ငါကြားထဲကတောင်းပန်ပါတယ်၊ တော်ကြပါတော့၊ မောင်ဝိုင်း မင်းလည်းတော်သင့်ပြီ ဘာမှသက်သေခိုင်ခိုင်မာမာမရှိသေးဘဲ လူတစ်ဖက်သားကို စွပ်စွဲနေတာရပ်သင့်ပြီကွ”
“ဘာလဲ ခင်ဗျားက ဥက္ကဋ္ဌကြီးဆိုတော့ ခင်ဗျားညီမိန်းမ ကျုးလွန်တဲ့အပြစ်ကို ကာကွယ်ချင်တာလား”
“ဟေ့ကောင်မောင်ဝိုင်း၊ ငါဒီမှာအပြတ်ပြောလိုက်မယ်၊ တကယ်လို့ မယ်ပျင်းက ကျူးလွန်ပါတယ်ဆိုတဲ့သက်သေထင်ရှားတွေ့ရင် မင်းမပြောနဲ့ ငါကိုယ်တိုင်သူ့ကိုစွဲချက်တင်ပြီးတော့ ပြင်းထန်တဲ့အပြစ်ချမှတ်မယ်၊ ငါ့ဘဝမှာ မူကိုပဲဦးတည်ပြီးဆောင်ရွက်ခဲ့တယ်၊ ဘယ်သူပဲဖြစ်ဖြစ် ကောင်စီရဲ့ဥပဒေစည်းမျဉ်းတွေကိုချိုးဖောက်ရင် ငါဘယ်သူ့မျက်နှာမှထောက်နေမှာမဟုတ်ဘူး”
မောင်ဝိုင်းမှာ စကားလွန်သွားသကဲ့သို့ဖြစ်သွားသဖြင့် အနောက်ဆုတ်လိုက်လေသည်။
“ဒီမှာ မယ်ပျင်း၊ ကျုပ်တာဝန်ယူတဲ့ ဆယ့်ခြောက်နှစ်အတောအတွင်း ဒီမြိုင်သာမြို့တစ်ခွင်မှာ အမှုမှန်မပေါ်ဖူးတဲ့ ရာဇဝတ်မှုဆိုတာမရှိဘူး”
“ဘယ်ရှိပါ့မလဲ ရှင်က သူများတွေကို အပြစ်ရှိရှိမရှိရှိ ထိုးချနေတာမဟုတ်လား”
“ဒီမှာ မယ်ပျင်း၊ ခင်ဗျားဒီကိုရောက်လာပြီး လုပ်ချင်တိုင်းလုပ်ရအောင် ဒီနေရာက ခင်ဗျားနေခဲ့တဲ့ရွာလိုမဟုတ်ဘူး၊ ဒီမြို့မှာကျုပ်ရှိတယ်၊ ခင်ဗျားရဲ့မကောင်းမှုတွေကို ဖော်ထုတ်ပေးမယ့် ကျု့ပ်တစ်ယောက်လုံးရှိနေတယ်ဆိုတာကို ခင်ဗျားမမေ့နဲ့”
မယ်ပျင်းက ဟက်ခနဲရယ်လိုက်ကာ
“ဒီမှာ ငဝိုင်း၊ မင်းက ငါ့ကိုလာပြီးခြိမ်းခြောက်နေရအောင် ငါကလည်းကြောက်တတ်တဲ့လူမဟုတ်ဘူးကွ၊ မင်းလိုငချွတ်ကလေးမပြောနဲ့ ဟောဒီမြိုင်သာမြို့ကောင်စီက ရှိသမျှလူအားလုံးကိုတောင် ငါက မျက်တောင်တစ်ချက်မခတ်ဘဲ ချွေးတစ်စက်မကျဘဲ သတ်ပစ်လိုက်လို့ရတယ်ဆိုတာကို မင်းသိထားဖို့ကောင်းတယ်”
မယ်ပျင်းက သာစံကိုလှည့်ကြည့်လိုက်ပြီး
“လာ သာစံ၊ ငါတို့သွားမယ်”
မယ်ပျင်းက သာစံလက်ကိုဆွဲပြီး အဆောက်အဦအတွင်းမှထွက်လာခဲ့လေသည်။ မောင်ဝိုင်းက စီးကရက်တစ်လိပ်ကို ဟန်ပါပါဖြင့်ထုတ်ယူလိုက်ပြီး နှုတ်ခမ်းတွင်ခပ်ဖွဖွကလေးကိုက်ကာ အနောက်နိုင်ငံဖြစ် မီးခြစ်တစ်ခုဖြင့်မီးညှိလိုက်လေသည်။
“ဥက္ကဋ္ဌကြီးဘယ်လိုထင်သလဲဗျ၊ ကျုပ်ကတော့ မယ်ပျင်းလုပ်တာလို့ပဲထင်တယ်၊ ကျုပ်တို့ကြားဖူးထားတဲ့သတင်းအရ မယ်ပျင်းဆိုတာ စိတ်မထိန်းနိုင်ဘူး၊ စိတ်မထိန်းနိုင်လို့လဲ နိဗ္ဗာန်ရွာတစ်ရွာလုံးကိုသတ်ခဲ့တယ်မဟုတ်လား၊ အခုသူက ကျုပ်တို့မြို့ကိုရောက်လာတယ်၊ သူနဲ့စကားပြောရင်း ကတောက်ကဆဖြစ်ခဲ့တဲ့ ကြီးကြပ်ရေးမှူးကို သူသတ်လိမ့်မယ်၊ ကြီးကြပ်ရေးမှူးကိုသတ်ရတယ်ဆိုတာကလည်းသူ့သားကို ကျောင်းစားရိတ်မထုတ်ပေးတာလည်း ပါလိမ့်မယ်၊ ဒါကြောင့် လူသတ်ရုံနဲ့အားမရလို့သေတ္တာထဲက ရွှေပြားတွေကိုပါ နှိုက်သွားခဲ့တာပဲမဟုတ်လား”
ရာကူးလည်းစိတ်ထဲတွင် စိုးရိမ်နေမိသည်။ မယ်ပျင်းက နေ့ချင်းညချင်းရွှေပြားများရခဲ့သည့် ကိစ္စအပေါ်တွင်လဲ သံသယဖြစ်နေမိသည်။ မယ်ပျင်းမလုပ်ပါဟူ၍လည်း ကံသေကံမ တထစ်ချမပြောနိုင်သေးပေ။ သို့သော် မောင်ဝိုင်းအားတစ်ချက်ကြည့်ပြီး
“ဒီမှာမောင်ဝိုင်း မင်းကိုငါပြောပြီးသားပဲမဟုတ်လား၊ မယ်ပျင်းလုပ်ပါတယ်ဆိုတဲ့ သက်သေအခိုင်အမာသာရှာလာခဲ့၊ ဒါဆိုရင် ငါကိုယ်တိုင်မယ်ပျင်းကို စွဲချက်တင်ပြီး အပြစ်ပေးအရေးယူမယ်ကွ”
“ခင်ဗျားဟာ လူကြီးလူကောင်းတစ်ယောက်မို့ ခင်ဗျားစကားတည်လိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ် ဥက္ကဋ္ဌကြီး”
မောင်ဝိုင်းက ပြောဆိုပြီးသည့်နောက် ငွေကိုင်မှူးအခန်းအတွင်းသို့ဝင်သွားလေတော့သည်။ ရာကူးမှာ သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။
ဈေးဆိုင်တွင် ကျောင်းတက်ရန်လိုအပ်သည့် အဝတ်အစားများကို ဝယ်ယူနေသော်လည်း သာစံတစ်ယောက်မပျော်ရွှင်နိုင်ပဲဖြစ်နေမိသည်။
“အမေ၊ ဒီရွှေပြားတွေက အမေဟိုလူကြီးကိုသတ်ပြီး ခိုးခဲ့တာတော့မဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူးဆို သာစံရယ်၊ မင်းက သောကြာသားလို့မပြောရဘူး အမေးအမြန်းထူလိုက်တာ လွန်ပါရော”
“အမေသာ ကျုပ်ကျောင်းတက်ဖို့အတွက် အဲဒီလူကြီးကိုသတ်ပြီးယူခဲ့တယ်ဆိုရင် ကျုပ်ကျောင်းမတက်တော့ဘူးအမေ”
သာစံက တစ်ဖက်သို့လှည့်သွားသဖြင့် မယ်ပျင်းက သာစံကိုပွေ့ဖက်လိုက်ပြီး
“ဘာမှမဖြစ်ပါနဲ့သားရယ်၊ ငါ့သား ကျောင်းကိုပျော်ပျော်ရွှင်ရွှင်သာတက်စမ်းပါ၊ ဒီရွှေပြားတွေက အမေမကောင်းတာမလုပ်ဘဲ ဖြူဖြူစင်စင်နဲ့ရလာခဲ့တယ်ဆိုတာတော့ အမေသားကိုကတိပေးပါတယ်”
ထိုတော့မှ သာစံလည်းပြုံးလိုက်လေသည်။