မောင်မြင့်မား(ဘိုကလေး)
ကိုတိုးစိန်က တံတားထိပ်တွင်ရပ်ကာ မြစ်ထဲကိုကြည့်လိုက်သည်။မြစ်ရေက လှိုင်းကြက်ခွပ်ကလေးများထကာ တသွင်သွင်စီးနေဆဲ။ ညနေရေဆိုရင်တော့ ပိုက်ချမှဖြစ်တော့မည်။ တဲမှာက စားစရာမရှိတော့။ မြစ်နား ချောင်းနား လယ်နားဆိုတော့ ဆန်နှင့် ဟင်းချက်စရာ သားငါး မပူရသော်လည်း နေ့တိုင်းကြတော့ သားငါးမစားချင်ါ ကြာတော့ ညှီစော်နံလာသည်။ထိုကြောင့် ဟင်းချက်စရာဘိုးအတွက် ကိုတိုးစိန် ပိုက်ချမှ ဖြစ်တော့မည်။
ဇနီးသည်နေမကောင်းသောကြောင့် ကိုတိုးစိန် သုံးရက်လောက် ရေထဲမဆင်းဖြစ်။ သုံးရက်အတွင်း ဇနီးသည် ဆေးဘိုးနှင့် အိမ်စရိတ်က လိုငွေဂဏန်းများဖြင့် တက်လာသည်။ ငါးသလောက် ဆားနယ်များကို ရောင်း၍ အိမ်စရိတ်များဖြည့်ရသောကြောင့် ဆားနယ်က နှစ်ပိဿာလောက်သာ ကျန်တော့သည်။
ကိုတိုးစိန် တံတားထိပ်တွင် ရုပ်နေတုန်း ခပ်လှမ်းလှမ်းမှလှော်လာနေသော ဘောက်တူ တစ်စင်းပေါ်မှ လူတစ်ယောက်က ကိုတိုးစိန်ကိုလက်ပြနေသည်။ ဘယ်သူပါလိမ့်ဟု ကိုတိုးစိန် စဉ်းစားနေဆဲ ဘောက်တူက အနားကိုတဖြည်းဖြည်းရောက်လာသည်။
စစ်ရောင်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသော လူတစ်ယောက် ဘောက်တူဦးတွင် ထိုင်ရင်း ကိုတိုးစိန်ကို လက်ပြလိုက်ပြန်သည်။
“ဟေ့ကောင် တိုးစိန်”
“ဟာ စောဂျိမ်း
“ဘာကြည့်နေတာလဲ။ ငါစောစောကတည်းက လက်ပြနေ တာ မမြင်ဘူးလား”
“မြင်တယ်ကွ။ မင်းမှန်းမသိလို့ ငါဆီလာတာလား”
“အေးပေါ့”
“လာကွာ … တဲကိုသွားရအောင်”
တဲဆိုသော်လည်း ဝေးဝေးမှာမဟုတ်၊ ကမ်းစပ်မှာပဲဖြစ်သည်။
ကိုတိုးစိန်တို့ တံငါတဲများက ကမ်းစပ်မှာပဲ တဲဆောက်ကာ ကမ်းစပ်သောင်ပေါ်မှာပဲ ပိုက်များကို လှမ်းကြသည်။ ရလာသော ငါးများကိုလည်း ကမ်းစပ်မှာပင် စင်ထိုးကာ ငါးခြောက်လှမ်းကြသည်။ ထိုကြောင့် ကိုတိုးစိန်တို့ရွာကို မြစ်ထဲမှ လှမ်းကြည့်လိုက်လျှင် ငါးခြောက်စင်များ ပိုက်စင်များကို အဝေးကပင်
မြင်ရသည်။
“ထိုင် စောဂျိမ်း အထုတ်အပိုးတွေလဲချဦး”
စောဂျိမ်းက အထုပ်အပိုးများကိုချကာ အေးအေးဆေးဆေး ထိုင်လိုက်ရင်း
“မင်း ဗူးမျှောမထွက်ဘူးလား”
“မိန်းမနေမကောင်းလို့ နားနေတာ သုံးရက်လောက်ရှိပြီ။ ဒီညနေဆိုရင်တော့ ထွက်မလားလို”
“လုပ်စမ်းပါဦးကွာ။ ငါ အပြန် ငါးသလောက်ဆားနယ် ယူသွားချင်လို့”
“ရပါတယ်။ ဒါနဲ့ မင်းက ငါ့ဆီဘာလာလုပ်တာလဲ” “မင်းဆီ မရောက်တာလဲကြာလို့၊ နောက်တစ်ခုက မင်းတို့ဆီမှာ မျောက်ပေါတယ်ကြားလို့”
“ဟေ မင်းက မျောက်ကို ဘာလုပ်ဖို့လဲ။ တို့ဆီက မျောက်တွေက ဘယ်သူမှ မစားဘူး။ မျောက်ချေးခါးလဲ စားကောင်းမှာ မဟုတ်ဘူး”
“ဟေ . . . ဘာဖြစ်လို့တုန်း”
“တို့ဆီက မျောက်တွေက မျောက်တံငါလိုခေါ်တယ်ကွ။ တခြားဒေသတွေမှာတော့ ပျားမျောက်လို့ခေါ်တယ်ပြောတယ်။ ဒီကောင်တွေက ကမ်းစပ်ကသစ်ပင်တွေပေါ်မှာ နေကြပြီး မြစ်ရေကျသွားရင် တာပြင်ပေါ်ကဆင်းပြီး ဂဏန်းတို့ ငါးတို့ရှာစားတဲ့ကောင်မျိုးတွေကွ။ မင်းတို့တောထဲက မျောက်တွေလို သစ်သီးသစ်ဥတွေသာ စားတဲ့ကောင်မျိုးမဟုတ်ဘူး
“ဟုတ်လား.. သိပါဘူးကွာ၊ ငါက မျောက်ဆိုရင် အတူတူပဲ အောင်မေ့လို့”
“မုဆိုးလုပ်ပြီး ဒီတစ်ခါတော့ ညံ့သွားပြီကွာ။ ဒီကောင်မျိုးတွေက မျောက်ချေးခါးလဲ စားကောင်းမှာ မဟုတ်ဘူး”
“စားဘို့မဟုတ်ဘူး”
“ဟေ…ဒါဆိုရင် ဘာလုပ်ဖို့လဲ”
“မျောက်သွေးစစ်စစ် လိုချင်လို့ကွ”
“ဘာလုပ်ဖို့လဲ”
“ငါတို့ရွာက ငါ့ကိုဆေးကုပေးဘူးတဲ့ ဗိန္ဓောဆရာကြီးက ဆေးဖော်ဘို့ မျောက်သွေးစစ်စစ် လိုချင်တယ်ဆိုလို့”
“ဪ ဒီလိုလား၊ ဒါဆိုရင်တော့ ရပါတယ်ကွာ။ မင်းလိုပဲ မနှစ်က စစ်ပင်ကွင်းရွာက ငါ့မိတ်ဆွေတစ်ယောက် မျောက်သွေးလိုချင်တယ်ဆိုလို့ ငါတစ်ကောင်ဖမ်းပေးလိုက်ပါတယ်”
“ဒါဆိုရင် လုပ်စမ်းပါကွာ။ တစ်ကောင်လောက်”
ကိုတိုးစိန်က တဲပေါ်ကနေ မြစ်ထဲကို လှမ်းကြည့်လိုက်ပြီး
“ရေကျပ်ကွ၊ တော်ကြာရေစစ်တော့မယ်။ အခုသွားထောင်ရင်ရတယ်။ မင်းပါ လိုက်မှာလား”
“လိုက်မှာပေါ့ါ မင်းလုပ်တာလဲ ဗဟုသုတရအောင် လိုက်ကြည့်မယ်လေ”
“အေး ဒါဆိုခဏစောင့်။ မင်း ခဏထိုင်စောင့်ရင်း ရေနွေးကြမ်းနဲ့ ငါးခြောက်ဖုတ်စားကွာ။ ငါဒီနားကို လိုတာလေးတွေ သွားဝယ်လိုက်ဦးမယ်”
ခဏအကြာတွင် ကိုတိုးစိန်ပြန်ရောက်လာသည်။ လက်ထဲတွင် ငှက်ပျောသီး၄ ၅ လုံး ပါလာသည်။ ထို့နောက် လက်သန်းလုံးလောက်ရှိ ကြိုးတစ်ခွေကို ထုတ်လိုက်ပြီး
“ကဲ စောဂျိမ်း သွားကြမယ်”
“မျောက်ထောင်ဖို့ ပစ္စည်းကိရိယာစုံပြီလား”
“အေး စုံပြီ”
ဘောက်တူကို ရှေ့တစ်ယောက်နောက်တစ်ယောက်လှော်ကာ ရေကျအတိုင်း စုန်ဆင်းလာကြသည်။ နာရီဝက်လောက်အကြာတွင် မြစ်ကွေ့ရောက်၍ မျောက်အော်သံများကြားလာရသည်။မြစ်ကွေ့အတိုင်း လှော်၍ ကျော်လာသည်နှင့် သောင်ပြင်ကြီးတစ်ခုကို ဘွားကနဲ တွေ့လိုက်ရသည်။
မြစ်ကမ်းပါးရှိ လမုပင်များပေါ်မှ ကွိကွိကွကွနှင့်အော်နေသော မျောက်များနှင့် သောင်စပ်တွင် တက်လိုက် ဆင်းလိုက်လုပ်နေသော မျောက်တစ်အုပ်။
ရေက လုံးဝကုန်အောင်မကျသေး။
တိုးစိန်က ရေစပ်တွင် လှော်တက်ကိုစိုက်ကာ ကြိုးချည်လိုက်သည်။
ထိုနောက်ကြိုးတစ်ခွေကိုယူ၍ ရေထဲကိုဆင်းလိုက်သည်။ ကြိုးတစ်စကို လှေဦးတွင်ချည် လိုက်သည်။ ကြိုးတစ်စိတ်တစ်ပိုင်းကို ရေထဲနှစ်၍ ချလိုက်ပြီး ကျန်အစိတ်အပိုင်းများကို ရွံ့များတွင်နှစ်၍ တဖြည်းဖြည်းလတာပြင်ပေါ်သို့ တက်လာသည်။ စောဂျိမ်းက ဘောက်တူပေါ်မှ တိုးစိန်လုပ်သမျှကို ထိုင်ကြည့်နေသည်။
ကြိုးအဆုံးတွင် ကွင်းလျောတစ်ခုလုပ်လိုက်ကာ ကွင်းလျောအဝိုင်းလုပ်၍ ရွံ့ထဲတွင် နှစ်လိုက်သည်။
တိုးစိန်တို့ လတာပြင်ပေါ်တွင် ရှိနေသောကြောင့် မျောက်များက ဆင်းမလာပဲ တိုးစိန်တို့လုပ်သမျှကို အကဲခတ်နေကြသည်။
တိုးစိန်က ငှက်ပျောသီးများကိုထုတ်ကာ မျောက်များမြင်သာအောင်ပြ၍ ရွံ့ထဲတွင်နှစ်၍ ရွံ့အနည်းငယ်ဖုံးထားလိုက်သည်။ ငှက်ပျောသီးတစ်လုံးကိုတော့ ကွင်းလျောအဝိုင်းအလယ်တွင် နှစ်ထားလိုက်သည်။
ထို့နောက် ကိုတိုးစိန်က ဘောက်တူဆီသို့ ပြန်လာသည်။ ရေကျသွားသောကြောင့် လှော်တက်ကိုနှုတ်ကာ သောင်ပေါ်မှ တွန်းချ၍ ရေထဲကိုလှော်လာခဲ့သည်။
တိုးစိန်တို့ဘောက်တူ ခတ်လှမ်းလှမ်းသို့ရောက်သောအခါ မျောက်များက လတာပြင်ပေါ်ကို ဆင်းလာခဲ့သည်။
စောဂျိမ်းနှင့် ကိုတိုးစိန်က ရေထဲကနေ၍ မသိမသာကြည့်နေကြသည်။
တချို့မျောက်များက ဂဏန်းများကို နှိုက်၍စားသည့်အကောင်က စား။ တချို့က ငါးပျံလေးများကို ကောက်စားသည် အကောင်က စားနှင့် အလုပ်ရှုပ်နေကြချိန်တွင် မျောက် ၃ ၄ ကောင်က ကိုတိုးစိန်လုပ်ကိုင်နေပုံကို မြင်ထားပြီးဖြစ်၍ ငှက်ပျောသီးမြှပ်ထားသည့် ရွံ့များကိုဖယ်၍ ငှက်ပျောသီးကို ကောက်စားနေကြသည်။
မျောက်တစ်ကောင်က ကြိုးကွင်းလျောနေရာသို့ရောက်လာကာ ရွံ့ထဲသို့နှိုက်၍ ငှက်ပျောသီးကို ဆွဲထုတ်လိုက်ချိန်တွင် ကိုတိုးစိန်က ဘောက်တူပေါ်မှနေ၍ ကြိုးကိုဆောင့်ဆွဲလိုက်သည်။
ကွင်းလျောက မျောက်ခြေထောက်နှင့် လက်တစ်ချောင်းကို ရစ်ပတ်သွားသည်။ မျောက်ကလန့်ဖြန့်၍ရုန်းကာ လတာပြင်အပေါ်ကို လဲကျသွားလေသည်။
ကြိုးကွင်းမိနေသော မျောက်အော်သံကြောင့် ကျန်မျောက်များက ထွက်ပြေးသွားကုန်ကြသည်။
စောဂျိမ်းနှင့် ကိုတိုးစိန်က ဘောက်တူကိုကပ်ကာ မျောက်ကို ဖမ်းလိုက်ကြသည်။
“တိုးစိန်တယ်ဟုတ်ပါလားကွ”
“စောဂျိမ်းတို့ အမဲလိုက်သလို ကျည်သုံးမှ သားကောင်ရတာ မဟုတ်ပါဘူး။ ကျည်မကုန်ပဲနဲ့လဲ သားကောင်ရနိုင်ပါတယ်။ ကဲ ပြန်မယ် မဟုတ်လား”
“အေး”
“ညနေရေကျရင် ငါပိုက်ချထွက်မလို့ကွ။ မိန်းမနေမကောင်းလို့ မထွက်တာ(၃)ရက်ရှိပြီ။ အိမ်မှာလည်းအသုံးစရိတ် ပြတ်နေပြီ”
“ဒါဆိုရင် ငါလဲလိုက်ခဲ့မယ်လေကွာ။ မင်းမရှိတော့ ပျင်းစရာကြီး”
“အေး ဒါဆိုရင်ပြီးရော။ တဲကိုရောက်ရင် လိုအပ်တာတွေ ပြင်ဆင်ပြီး ထွက်ကြမယ်၊ မထွက်ခင် ဗိုက်ဖြည့်ကြတာပေါ့ကွာ၊ တဲထဲမှာတော့ ငါးသလောက်ဆားနယ်နှင့် ငါးရန်ခြောက်ဖုတ်ပဲရှိတယ်”
“ငါ လမ်းမှာတွေ့လို့ ဘောက်တူကပ်ပြီး ဝယ်လာတဲ့ ဂဏန်းတွေနဲ့ ဖလန်တောင်ဝှေးတွေ ပါသေးတယ်ကွ၊ ဂဏန်းချဉ်ရေချက်ပြီး ဖလန်းတောင်ဝှေးကြော်ပေါ့ကွ၊ မကောင်းဘူးလား”
ကောင်းကင်တွင် မိုးသားများကင်းစင်နေသော မကြာမီအချိန်ကပင် နေလုံးကြီးသည် အနောက်ဘက်လမုတောအုပ်အတွင်းသို့ ငုတ်လျိုးသွားပြီဖြစ်သည်။
ကိုတိုးစိန်က ကောင်းကင်ကြီးကို မော့ကြည့်လိုက်ကာ ပိုက်ဖုံများကို ဘောက်တူပေါ်ကို တင်လိုက်သည်။ အရောင်အဆင်းမရှိသော စွပ်ကျယ်ဟောင်းတစ်ထည်ကို ကောက်စွပ်လိုက်ကာ မီးအုပ်ဆောင်း အတွင်းမှ မီးခွက်ကိုထုတ်၍ ရေနံဆီဖြည်လိုက်ပြန်သည်။ မီးဖိုပေါ်မှ ရေနွေးကြမ်းတည်ထားသော မြေအိုးကိုမကာ ဘောက်တူထဲကို ချလိုက်ပြီး
“စောဂျိမ်းရေ သွားမယ်ဟေ့”
“အေးအေး လာပြီ။ ကွမ်းယာနေတာကွ။ မင်းအတွက်ရော ဆေးပေါ့လိပ် ပါပြီလား”
“အေး”
ကောင်းကင်ကြီးက ကြည်လင်နေဆဲ။ ကိုတိုးစိန်ကတံတားတိုင်တွင် ချည်ထားသော ကြိုးကိုဖြတ်ကာ ဘောက်တူကို မြစ်လယ်သို့ လှော်လိုက်သည်။ စောဂျိမ်းက လှေဦးကလှော်နေသည်။
မြစ်လယ်သို့ ရောက်သောအခါ ကိုတိုးစိန်က ပိုက်ကိုစချတော့သည်။ လှော်ရင်း ပိုက်ချရင်းနှင့် ပိုက်တစ်စုံက ကုန်သွားတော့သည်။ ပိုက်ကုန်သွားသည်အတွက် ပိုက်ကြိုးကို ဘောက်တူတစ်နေရာတွင် ချည်လိုက်ပြီး ကိုတိုးစိန်က ဆေးပေါ့လိပ်တစ်တိုကို ကောက်ကိုင်လိုက်သည်။ ဦးတွင်ထိုင်နေသော စောဂျိမ်းအား
“အနားယူချိန်ဟေ့ … အားဖြည့်ထား၊ မင်းကဆေးလိပ်မသောက်တတ်တော့ ရေနွေးကြမ်းသောက်ပြီး ငါးခြောက်ဖုတ်စားကွာ”
“အေး … အေး အခုတော့ ငါ ကွမ်းဝါးနေတယ်ဟေ့”
ရေက အောက်ဘက်ကို ပြန်လည်ဆွဲစပြုနေပြီ။ ဘောက်တူနှင့် ပိုက်ကလည်း အောက်ဘက်သို့ တရွေ့ရွေ့မျောပါနေပြီ။ ကိုတိုးစိန်က ရေနွေးကြမ်းတစ်ခွက်ကို ငဲ့သောက်လိုက်ကာ ဆေးပေါ့လိပ်ကိုလည်း တထောင်းထောင်းထအောင် ဖွာရှိုက်နေလိုက်သည်။ လက်ကလည်း အငြိမ်မနေ။ ဘောက်တူနံရံကို တဒေါက်ဒေါက်ရိုက်ကာ ငါးများကို ခြောက်နေသည်။
“စောဂျိမ်း လာကွာ၊ ရေနွေးကြမ်းနဲ့ ငါးခြောက်ဖုတ်စားရအောင်”
စောဂျိမ်းက ကိုတိုးစိန်ရှိရာ ဘောက်တူပဲ့ဘက်သို့လျှောက်လာကာ ထိုင်လိုက်သည်။ ကိုတိုးစိန်က ငါးခြောက်တစ်ဖတ်ကို ဝါးရင်း
“မင်းတို့ မုဆိုးလိုတော့ ပြေးလွှားပစ်ခတ်မနေရဘူးပေါ့ကွာ။ ဒါပေမယ့် တစ်ခါတလေ သက်စွန့်ဆံဖျားကြုံရတယ်။ ကုန်းပေါ်မှာက ပြေးလို့ရပေမယ့် ရေထဲမှာက ရေနစ်ရင် အသက်ဆုံးရတာပဲ”
“တို့မုဆိုးလည်း တစ်ခါတလေ အသက်နဲ့ရင်းရတာတွေလည်း ရှိပါတယ်၊ အတွေ့အကြုံကတော့ တစ်မျိုးစီပေါ့ကွာ”
စကားထိုင်ပြောနေရင်း တိုးစိန်မျက်လုံးက အအားမနေပဲ ပိုက်ချထားရာ ဖော့လုံးများဆီသို့ မျက်စိကရောက်နေသည်။ တိုးစိန် မျက်လုံးက ဝင်းလက်သွားသည်။
ပိုက်အလယ်လောက်မှ ဖော့လုံး ၃ ၄ ခုက မြုပ်ချည်ပေါ်ချည် ဖြစ်နေသည်မဟုတ်ပါလား။
“စောဂျိမ်း လှုပ်ရှားဖို့ အချိန်ရောက်ပြီကွ”
ကိုတိုးစိန်သည် ပိုက်ခေါင်းကြိုးကို ဖြုတ်ချလိုက်ကာ မြှပ်ချည်ပေါ်ချည်ဖြစ်နေသော ဖော့လုံးများဆီသို့ ဘောက်တူကို လှော်လိုက်သည်။ မြှပ်နေသော ဖော့လုံးနေရာမှ ပိုက်ခေါင်းကြိုးကို ဆွဲမလိုက်သောအခါ ပိုက်တွင်တိုးကာမိနေသော ငါးသလောက် တစ်ကောင်၊ ပိုက်မှဖြုတ်ကာ ဘောက်တူဝမ်းထဲကို ပစ်ထည့်လိုက်သည်။
နောက်ထပ်မြုပ်နေသော ဖော့လုံး ၃ ၄ ခုရှိရာသို့ သွားကာ တိုးနေသော ငါးသလောက်များကို တစ်ကောင်ပြီးတစ်ကောင် ဘောက်တူဝမ်းထဲသို ပစ်ထည့်လိုက်ချိန်မှာပင် ခပ်လှမ်းလှမ်းမှ ဖော့လုံးများက မြုပ်ချည်ပေါ်ချည် ဖြစ်နေပြန်သည်။
ကိုတိုးစိန်က ဖော့လုံးများကို ကြည့်ကာ အရမ်းပျော်နေသည်။ သွက်လက်စွာနှင့် တစ်ကောင်ပြီး တစ်ကောင်ဖော်ကာ ဘောက်တူထဲသို့လပစ်ထည့်လိုက်သည်။
“တိုးစိန် တယ်ဟုတ်ပါလားကွ”
“ဒါတောင် ပိုက်ကိုဖော်ရသေးတာ မဟုတ်ဘူး”
ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ ပိုက်ချနေသော ဘောက်တူ တစ်စီးပေါ်မှ လှမ်းအော်သံ ကြားလိုက်ရသည်။
“တိုးစိန်ရေ အခြေအနေကောင်းလားဟေ့”
“အေး ကောင်းတယ်ကွ ၄ ၅ ဆယ်ကောင်တော့ရနေပြီ”
“မှောင်တော့မယ်ဟေ့၊ ငါတော့ သိမ်းတော့မယ်“
“အေး … အေး”
ကိုတိုးစိန်တို့နှင့် ပိုက်ချဖော် ပိုက်ချဖက် ထွန်းမောင်က အော်လိုက်ခြင်းဖြစ်သည်။
အခုမှ ကိုတိုးစိန် သတိထားမိသည်။ အလင်းရောင်က ဖျော့ဖျော့ကလေးသာ ရှိတော့သည့်မြစ်ပြင်တစ်လျောက် ပိုက်ချနေသောလှေများ၊ ဘောက်တူများမှ အလင်းရောင်ဖျော့ဖျော့ကို ဟိုနားတစ်ခု၊ ဒီနားတစ်ခုသာ မြင်နေရသည်။ လှိုင်းကြပ်ခွပ်ကလေးများ က တဖြုတ်ဖြုတ်တိုက်ခိုက်နေဆဲ။ စောဂျိမ်းက
“တိုးစိန်ရှေ့နားက ဖော့လုံးက ငါးတိုးနေတယ်ထင်တယ်ကွ”
“အေး ဟုတ်တာပေါ့ကွ၊ ဒီကောင်က မသိမသာကလေး တစ်ချက်တစ်ချက်မှတိုးတာ။ ပါးဟတ်တို့ ရေယက်တို့မှာ ချိတ်နေတာ ဖြစ်ရမယ်”
ကိုတိုးစိန်က ဘောက်တူကိုရွေ့ကာ ပိုက်ကြိုးကိုမတင်လိုက်သည်။ ငါးဆယ်သားခန့်ရှိ ငါးသလောက်တစ်ကောင်။ ရေယက်နှင့် ညှိနေခြင်းဖြစ်သည်။
အလင်းရောင် တဖြည်းဖြည်းပျောက်လာသည်နှင့်အမျှ ဖေါ့လုံးကလေးများကို လရောင်မှုန်ပျပျအောက်တွင် ဝိုးတဝါးသာမြင်ရတော့သည်။
ကိုတိုးစိန်က ဘောက်တူကိုတရွေ့ရွေ့လှော်ရင်း ပိုက်တန်းတလျောက် ငါးတိုး မတိုးကြည့်နေသည်။ တချို့နေရာများတွင် ပိုက်ကြိုးကို လက်နှင့်ကိုင်ကြည့်သည်။ ကိုင်ထားရင်း လက်ထဲတွင် တဒုတ်ဒုတ် တိုးနေသည်ကိုခံစားရသည်။ ကိုတိုးစိန်ပျော်နေသည်။
“တိုးစိန် တို့ဘယ်ရောက်နေလဲ ကြည့်အုန်းကွ”
“ရွာနဲ့တော့ အတော်ဝေးလာပြီကွ။ ဇီးဖြူချောင်းတောင် လွန်လာပြီ”
“တခြားပိုက်လှေတွေက မီးရောင်တောင် မတွေ့တော့ဘူး”
မှန်သည်။ ရေစီးက အဆွဲမြန်လာသောကြောင့် ဘောက်တူရော ပိုက်ပါ အတော်မျောလာခြင်းဖြစ်သည်။
“မှောင်လည်း မှောင်နေပြီ”
“စောဂျိမ်း မင်း ကြောက်လို့လား၊ ဒီမြစ်ထဲကို ငါ ကျွမ်းပါတယ်ကွာ။ ငါးက အတော်တိုးနေလို့ ဒီတစ်ခေါက် ဖော့လုံးတွေဖေါ်ပြီးရင် ပိုက်ဖေါ်တော့မှာပါကွာ”
လရောင်ကို တိမ်ဖုံးသွားသောကြောင့် မြစ်ပြင်တစ်ခုလုံး မှောင်သွားသည်။ အနောက်ဘက်မှ လျှပ်စီးမီးများ တဖြတ်ဖြတ်လက်လာသည်။ ကိုတိုးစိန်က တဒုတ်ဒုတ်တိုးနေသော ပိုက်ကြိုးကို ဆွဲမကာ တိုးနေသော ငါးများကို ဆွဲဖြုတ်၍ ဘောက်တူဝမ်းထဲသို့ ပစ်ထည့်လိုက်ပြန်သည်။
ဘောက်တူတစ်ကန့်တွင် ငါးသလောက်များပြည့်သွားသည်။ အမှောင်ထုက ကြီးစိုးလာသည်နှင့်အမျှ လျှပ်လက်ရောင်များနှင့်အတူ မိုးနံ့ပါသော လေက တဖြူးဖြူးတိုက်လာသည်။ လေတိုက်သောကြောင့် ရေနံဆီမီးခွက်က လင်းလိုက် မှိန်လိုက် ဖြစ်နေသည်။ ခဏအကြာတွင် လေပြင်းတစ်ချက် ဝင်လာကာ မိုးစက်မိုးပေါက်များ ပါလာသည်။
“စောဂျိမ်းရေ ပိုက်တင်တော့မယ်ဟေ့”
“မင်းတစ်ယောက်ထဲ ဖြစ်မလား”
“လုပ်နေကြပါကွာ၊ လေတိုက်နေလို့ မင်း ဘောက်တူကို ထိမ်းထားဦးဟေ့ “
ကိုတိုးစိန်က ပိုက်ကို တဖြည်းဖြည်းခြင်းဆွဲတင်လိုက်သည်။ ပိုက်ထဲတွင် ငါးများက ဖွေးကနဲ ဖွေးကနဲ ပါလာသည်။ လေတိုက်နေသောကြောင့် လှိုင်းဆန်လာကာ ဘောက်တူက ပခက်လွှဲသလို လှုပ်ရမ်းနေ သည်။
ငါးများက ဖွေးကနဲ ဖွေးကနဲ ပါလာသောကြောင့် စောဂျိမ်းက တစ်ကောင်ပြီး တစ်ကောင် ကောက်ထည့်နေရသော်လည်း ရေလှိုင်းများက ဘောက်တူနံရံကို လာလာဆောင့်နေသောကြောင့် လဲမသွားအောင်အတော်ထိန်းနေရသည်။
ကိုတိုးစိန်လည်း စောစောကလို ငါးများကိုမြင်တိုင်းဝမ်းသာနေသော်လည်း ယခု ဝမ်းမသာနိုင်တော့။
မိုးရွာ၍ လှိုင်းထန်နေသောကြောင့် ဘောက်တူကို ခြေကန်ကာ အတော်ဆွဲတင်နေရသည်။ ပိုက်က တစ်ဝက်ကျော်ကျော်လောက် အရောက်တွင်ဆွဲ၍မရတော့ တင်းခံနေသည်။ ကိုတိုးစိန် အားစိုက်၍ ဆွဲသည်။ မရ။
စောဂျိမ်းက ဘောက်တူအကန့်ထဲတွင် ငါးများကိုထည့်နေရာမှ
“တိုးစိန် ဆွဲလေ … ဘာဖြစ်လို့လဲ”
“ဆွဲလို့မရဘူးကွ၊ တင်းခံနေတယ်”
“ဟေ. . . ဒါဆိုရင် အောက်မှာ တစ်ခုခုနဲ့များ ညိနေလို့လား”
“ဟာ • • • ညိစရာ အကြောင်းမရှိဘူး။ ငါးသလောက်ပိုက်ဆိုတာက ရေပေါ်ကလေးတွင် ရှပ်ပြီးထောင်ထားတာ။ အောက်မှာ ဘာမှမရှိဘူး။ ငုတ်နဲ့ညိရအောင်လဲ ဒီနေရာက ရေအနက်ကြီး”
“ဒါဆိုရင် ငါပါဝိုင်းဆွဲမယ်”
ကိုတိုးစိန်ရော စောဂျိမ်းပါ ခြေကန်၍ ဆွဲကြသည်။မိုး အဆက်မပြတ်ရွာနေသော်လည်း တိမ်ကင်းစင်သွားသောကြောင့် လရောင်နှင့်အတူ တဖြတ်ဖြတ်လှုပ်ရှားနေသော မြစ်ပြင်ကြီးကို မြင်နေရသည်။
“ဝုန်း” . . . ဝုန်း”
အသံကြီးကို ကြားလိုက်ရပြီးနောက် ကိုတိုးစိန်ရော စောဂျိမ်းပါ ဘောက်တူထဲတွင် ဖင်ထိုင်လျှက်ကျသွားသည်။ ဘောက်တူနံရံနှင့် ဖင်နှင့် ဆောင့်ဖိလို့သာ တော်တော့သည်။ မဆောင့်မိပါက အရှိန်လွန်ကာ ရေထဲသို့ ပြုတ်ကျသွားနိုင်သည်။
“ဝုန်း • • • ဝုန်း”
အသံကြီးကြားရပြီးနောက် ကိုတိုးစိန်ရော စောဂျိမ်းပါမြင်လိုက်ရသောအရာကား ပိုက်များနှင့် လုံးထွေးနေသော မည်းမည်းအကောင်ကြီး။ ရေပေါ်သို့ခေါင်းကြီးက တက်လာပြီး အမြီးကြီးက “ဖြန်း” ကနဲမြည်အောင် ရေပြင်ကို ရိုက်ချသွားသည်။
ကိုတိုးစိန်ရော စောဂျိမ်းပါ ဘောက်တူပေါ်တွင်ဖင်ထိုင်ကျရင်း ကြက်သေ သေသွားသည်။
“မိချောင်းကြီးဟေ့”
စောဂျိမ်းက မုဆိုးပီပီလျင်မြန်သည်။ ကိုတိုးစိန်နှင့် ပိုက်ချ လိုက်လာသောကြောင့် မလိုအပ်ဘူးထင်၍ သေနတ်မယူခဲ့သော်လည်း ယခုလိုအန္တရာယ်နှင့် ကြုံလာရသောအခါ နီးရာလက်နက်ကို ကောက်ကိုင်လိုက်သည်။
ဘောက်တူဝမ်းထဲက ဘောက်ချိတ်ကြီး ဖြစ်သည်။
ဘောက်ချိတ်ဆိုသည်မှာ ငါးသလောက်ပိုက်ထောင်ရင်း ငါးမြင်းနှင့်တိုးမိပါက ငါးမြင်းကိုချိတ်ရန် အဖျားတစ်ဘက်တွင် ကောက်ထား၍တစ်ဘက်က ချွန်ထားသော အရှည်သုံးထောင်ခန့် ရှိသံချောင်းကြီးဖြစ်သည်။
“တိုးစိန် … တိုးစိန်”
“ပိုက်ကို ဆွဲတင်လေ”
“မိချောင်းကြီးက ပိုက်ထဲမှာဝင်တိုးနေတာကွ။ ဆွဲလိုဖြစ်ပါ့မလား”
“ဟာ ဒီကောင်တွေက အားကြီးတာပဲ။ ဒါလောက်ဆိုရင် မင်းပိုက်တွေ ပြတ်ထွက်ကုန်ရောပေါ့”
ထိုအခါကြမှ ကိုတိုးစိန်က မဝံ့မရဲနှင့် ပိုက်ကိုဆွဲတင်သည်။
ပိုက်က တဖြည်းဖြည်းပါလာသည်။ ငါးကတော့ တစ်ကောင်မျှ ပါမလာတော့။ ကိုတိုးစိန် ပိုက်ကိုဆွဲတင်နေချိန်တွင် ရေပြင်ပေါ်မှနီနီရဲရဲ အလုံးကလေးနှစ်လုံး ။ တရွေ့ရွေ့နှင့် ဘောက်တူနားကိုကပ်လာသည်။ ကိုတိုးစိန်က ပိုက်ကို ဆွဲတင်နေသောကြောင့် သတိမထားမိ။ စောဂျိမ်းက မြင်သည်။
(၃)ကိုက်အကွာလောက်ရောက်သည်နှင့် စောဂျိန်း ကုန်လွှဲကာ ဘောက်ချိတ်အချွန်နှင့် ပစ်ထည့်လိုက်သည်။
ကလေးနှစ်ခုကြားသို့ချိန်ကာ ပစ်ထည့်လိုက်သော်လည်း ဘောက်တူ လှုပ်နေသောကြောင့် ပစ်မှတ်ကိုတည်တည်မရောက်နေရာလလွှဲသွားသည်။
သို့သော် “ဒုတ်” ကနဲအသံနှင့်အတူ ဝေါကနဲမြည်ကာ ခေါင်းကြီးက နောက်ကိုလန်တတ်သွား၍ (၃)ပေခန့် အပေါ်ကိုမြှောက်ကာ ရေထဲသို့ ဝုန်းကနဲအောက်ပြန်ကျသွားလေသည်။ ခေါင်းကြီး နောက်ကို လန်တတ်သွားချိန်တွင် အောက်မေးရိုးနှင့် ဝမ်းဗိုက်ဖြူဖြူကြီးကို လရောင်နှင့် တွေ့လိုက်ရတော့သည်။
ရေပြင်က ပြန်လည်ငြိမ်သက်သွားသည်။ မိုးကတော့ တဖွဲဖွဲရွာဆဲ။ ကိုတိုးစိန်၏ ပိုက်များအားလုံး ဘောက်တူပေါ်ရောက်နေပြီဖြစ်သည်။
“ကဲ ကိုတိုးစိန် ပြန်ကြမယ်”
“မိချောင်းကြီးတော့ အထိနာသွားမယ်ထင်တယ်ကွ၊ မင်းဘောက်ချိတ်နဲ့ပစ်လိုက်တာ “ဒုတ်” ကနဲအသံတောင် ကြားလိုက်ရတယ်”
“အထိတော့ နာမယ်၊ဒါပေမယ့် မသေနိုင်ဘူးကွ၊အထိနာသွားတဲ့ ကောင်တွေဟာ အနာခဲ ခဲတတ်တယ်၊ ငါမပြန်မီ နောက်တစ်ပွဲတွေ့ ကြတာပေါ့ကွာ”
လရောင်နှင့်အတူ ဘောက်တူကို ရွာဆီကို လှော်လာခဲ့သည်။ ရွာနားရောက်သည်အထိ ကိုတိုးစိန်နှင့် စောဂျိမ်းတို့ စကားမပြောမိကြ။ စောဂျိမ်းက
“တိုးစိန်ငြိမ်လှချည်လားကွ၊ ဘာတွေစဉ်းစားနေတာလဲ”
“ငါ့ပိုက်တွေ တော်တော်များများပြဲသွားလို့ ပိုက်ပြန်ဖာရရင် ကုန်ရမယ့်ကိစ္စကို တွေးနေတာပါကွာ”
“ဒါပေမယ့် ဒီနေ့ ငါးတော်တော်ရတာပဲကွ။ ဘောက်တူအကန့်(၃)ကန့်လုံး အပြည့်ပဲဟာ”
“အေး- အဲဒါကြောင့် တော်သေးတာပေါ့ကွာ၊ ပိုက်တွေသာမပြဲရင် ဒီနေ့တော့ နေ့တွက်ကိုက်ပြီလို့ တွက်ထားတာ”
“အေး မင်းအတွက် နေ့တွက်မကိုက်ပေမယ့် ငါ့အတွက်ကတော့ ကုန်းမုဆိုးဟာ ရေမုဆိုးနဲ့တွေ့လို့ အတွေ့အကြုံရတယ်ဟေ့။ မင်းတို့ရွာက မပြန်မှီ တစ်ပွဲတစ်လမ်းတော့ တွေ့ချင်သေးတယ်ကွာ”
ကိုတိုးစိန်ကတော့ သူ့အတွေးနဲ့သူ ဘောက်တူကိုသာ ကျုံးလှော်နေသည်။
မှိတ်တုတ်မှိတ်တုတ်အလင်းရောင်နှင့် ရွာကလေး ကတော့ စောင့်မျှော်လျက်။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ