စာစဉ် (၉၃)

(၁)

မယ်တော်၏နန်းဆောင်ကြီးမှာ ယခင်က ခစားသူများ၊ လက်အောက်ခံငယ်သားများနှင့် ပြည့်နှက်စည်ကားနေသော်လည်း ယခုတော့ လူသူတစ်ဦးတစ်ယောက်မှမရှိဘဲ ခြောက်ကပ်ကပ်ကြီးဖြစ်နေလေသည်။ မယ်တော်မှာ တစ်နေရာမှပြန်လာသည့်အခါ နန်းဆောင်အောက်ဘက်အတက်အဆင်းလှေကားနံဘေးတွင် စီးတော်ကျားက ခွေခွေကလေးအိပ်နေလေသည်။ မယ်တော်က အလွန်ဒေါသထွက်လျှက် စီးတော်ကျား၏လက်ကိုခြေတစ်ဖက်ဖြင့်ဖိလိုက်သည်။ စီးတော်ကျားမှာ ခွေးတစ်ကောင်၏အမြီးကိုတက်နင်းခံလိုက်ရသည့်အလား အလွန်နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။

“အားရင် အိပ်နေဖို့ပဲတတ်တယ်၊ ဘာမှအသုံးမကျဘူး”

မယ်တော်မှာ စီးတော်ကျားအားခြေထောက်ဖြင့်စိတ်တိုင်းကျကန်လေရာ စီးတော်ကျားမှာ လူးလှိမ့်နေအောင်ခံရလေသည်။ မယ်တော်က အနည်းငယ်စိတ်ကျေနပ်သွားသည့်အခါမှ နန်းဆောင်ပေါ်သို့တက်သွားလေသည်။ လူမရှိသည့်နန်းဆောင်ကြီးမှာ မှောင်မိုက်ကာတိတ်ဆိတ်နေသည်။ မယ်တော်ကဆက်လက်လျှောက်လှမ်းလာရင်း နန်းဆောင်ကြီးကိုတစ်ချက်ဝေ့ကြည့်လိုက်ကာ

“သြော်၊ လူတွေ လူတွေ တော်တော်တရားကျဖို့ကောင်းတဲ့ဟာတွေပါလား၊ ငါ့ဆီကနေ ပညာတွေရတဲ့အချိန်၊ လုပ်ပိုင်ခွင့်အာဏာတွေရတဲ့အချိန်တုန်းကတော့ ငါ့ကိုပက်ကျိတွေလိုတွယ်ကပ်နေကြပြီး အခုတော့ ငါ့ကိုစုန်းကောင်စီက ထိန်းချုပ်လိုက်တဲ့အခါ တစ်ယောက်မှတောင် အနားမှာမရှိတော့ပါလား”

မယ်တော်မှာစိတ်ပျက်စွာဖြင့် ညည်းညူလိုက်ကာ

“ယမင်းရေ၊ ဒါတွေအားလုံးကနင့်အပြစ်ပဲ၊ အဲဒီကုလားကြီးကိုခေါ်လာပြီးတော့ စုန်းအသင်းတွေ အသက်တွေနဲ့ လျှာရှည်ခဲ့တာနင်ပဲ”

မယ်တော်က ရေရွတ်ရင်း နန်းဆောင်မကြီးဆီသို့တက်လာခဲ့သည်။ နန်းဆောင်မကြီးအလယ်တွင်တော့ ကာလီက ဒေါင်းလန်းကြီးတစ်ချပ်ချကာထိုင်နေလေသည်။ ဒေါင်းလန်းကြီးထဲတွင်တော့ လူခေါင်းပြတ်ကြီးတစ်ခုရှိလေသည်။ ထိုလူကြီးမှာ ဒွန်းခေါင်းဆောင် ဘိုးတော်ပြောင်ကြီးဖြစ်သည်။ ကာလီက ထိုခေါင်းပြတ်ကြီး၏ ငယ်ထိပ်အားလက်ညှိုးဖြင့်စက်ဝိုင်းသဏ္ဍာန် ရစ်ပတ်လိုက်သည့်အခါ ဦးခေါင်းခွံမှာ အဝိုင်းပုံစံပြတ်တောက်သွားလေသည်။ ဦးခေါင်းခွံပွင့်ထွက်သွားသည်မို့ အတွင်းရှိ ဦးနှောက်ကြီးကို အတိုင်းသားမြင်နေရသည်။ ကာလီက သွားကြဲကြဲကြီးများပေါ်အောင် ရယ်မောလိုက်ပြီးနောက် ဦးနှောက်ကိုလက်ဖြင့်ခပ်ထုတ်လိုက်ကာ မြိန်ရေရှက်ရေစားသောက်နေလေသည်။ ပျော့ပြောင်းလှသည့် ဦးနှောက်မှာ ကာလီ၏လက်ထဲတွင်ပင်အရည်ပျော်ကျကာ အရိအရွဲများဖြင့် ပြည့်နှက်နေသည်။ ကာလီကသာ မြိန်ရည်ရှက်ရေ စားသောက်နေသော်လည်း ထိုအဖြစ်ကိုကြည့်နေသည့် မယ်တော်မှာ အော်ဂလီဆန်လာသဖြင့် မျက်နှာလွှဲလိုက်ကာ ရွှေသလွန်ပေါ်တွင်တက်ထိုင်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ဦးနှောက်များမှာ ကုန်စင်သွားပြီး ဦးခေါင်းခွံဟောင်းလောင်းကြီးသာကျန်နေခဲ့သည်။ ကာလီက ဦးနှောက်နှင့်တဆက်တည်းဖြစ်နေသည့် မျက်လုံးနှစ်လုံးကိုဆွဲထုတ်လိုက်ကာ တရှူးရှူးဖြင့်စုပ်ယူစားသောက်နေလေသည်။ စားသောက်ပြီးစီးသွားသည့်အခါ လက်တွင်ပေကျံနေသည့် ဦးနှောက်အရည်များကို လျှာနှင့် စိမ်ပြေနပြေထိုင် လျက်နေတော့သည်။

“သူများဦးနှောက်တွေကိုဖောက်စားပြီးတော့ ရှင်လည်း ဉာဏ်လေးဘာလေး ထက်လာရင်ကောင်းမယ် ကာလီ”

ကာလီက မယ်တော်ကိုမော့ကြည့်လိုက်ရင်း

“အခုကျုပ်က ဘာဖြစ်နေလို့လဲ”

“ဘာဖြစ်ရမလဲ၊ ဒွန်းတွေကိုရှင်းခိုင်းတာ အပြည့်အဝမအောင်မြင်လိုက်ဘူးမဟုတ်လား၊ မယ်ပျင်းဝင်ရှုပ်လို့ ရှင်ပြန်ထွက်ပြေးလာရတယ်မဟုတ်လား၊ ပြီးတော့ ဟိုကောင် ငဝိုင်းကလည်း ရှိနေတယ်မဟုတ်လား”

“ဘာမှစိတ်မပူပါနဲ့မယ်တော်ရယ်၊ ငဝိုင်းက ကျုပ်မှန်းမသိလိုက်ပါဘူး၊ ကျုပ်ရုပ်အမှန်ကိုမမြင်ခင် ထွက်ပြေးလာခဲ့တာပါ”

“ဘာပဲဖြစ်ဖြစ် ငါ့စိတ်ထဲထင့်နေတယ်၊ လောလောဆယ်တော့ ငါတို့လုပ်ရပ်တွေကို ခဏနားထားမှဖြစ်မယ်၊ ငဝိုင်းဆိုတဲ့ကောင်က စုံထောက်ပီပီ လိုက်စုံစမ်းရင် တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှင်ဆိုတာ ရိပ်မိသွားတာပဲ”

မယ်တော်က လက်ဝါးကိုဖြန့်လိုက်ကာ တစ်ချက်နှစ်ချက်လှုပ်ခတ်လိုက်လေသည်။ ထိုအခါ မယ်တော်၏လက်ထဲတွင် အိတ်ရှုံကလေးတစ်လုံးက ပွင့်လျှက်သားပေါ်ပေါက်လာခဲ့သည်။ မယ်တော်ကက အိတ်ရှုံ့ကလေးအပေါ်သို့ အခြားလက်တစ်ဖက်ဖြင့် အုပ်မိုးလိုက်ပြီး လက်ညှိုးနှင့်လက်မကိုပွတ်သပ်လိုက်သည့်အခါ မယ်တော်၏လက်အတွင်းမှရွှေပြားကလေးများထွက်လာကာ အိတ်ရှုံ့ကလေးအတွင်းသို့ကျလာခဲ့ကာ တစ်ခဏအတွင်းမှာပင် အိတ်ရှုံ့ကလေးမှာ ရွှေပြားများနှင့်ပြည့်နှက်သွားသည်။

မယ်တော်က ထိုအိတ်ကို ကာလီ၏အရှေ့သို့ပစ်ချလိုက်သည်။ ကာလီက မယ်တော်အားနားမလည်သလိုနှင့်မော့ကြည့်ပြီး

“ဒါက ဘာလုပ်တာလဲ”

“ဒီရွှေတွေယူပြီး ငါ့နန်းဆောင်ကနေထွက်သွားတော့၊ လုံခြုံမယ့်နေရာတစ်နေရာမှာ ခဏရှောင်နေလိုက်ပါ”

“သြော်၊ မယ်တော်က ကိစ္စပြီးတော့ ကျုပ်ကိုနှင်ထုတ်တဲ့သဘောလား”

“မတတ်နိုင်ဘူး၊ ရှင်ဒီကထွက်သွားပါ ရှင်နဲ့ကျုပ်နဲ့ပူးပေါင်းနေတာ သူများသိသွားရင် ကျုပ်အတွက်လည်းအခြေအနေဆိုးသွားနိုင်တယ်”

ကာလီက တောက်တစ်ချက်ခေါက်လိုက်ကာ မတ်တပ်ထရပ်လိုက်သည်။

“ရှင်ဒီလိုလုပ်လို့မရဘူးလေ၊ ရှင်ကတိပေးထားတာ ဒီရွှေပြားတွေမဟုတ်ဘူးလေ”

မယ်တော်က ကာလီအား မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် မျက်စောင်းထိုးလိုက်ပြီး

“ကျုပ်အကြံအစည်လဲ အောင်မှမအောင်မြင်သေးတာ၊ ဒါကြောင့် ရှင့်ကိုကတိပေးထားတာ ကျုပ်လည်းမပေးနိုင်ဘူး”

ကာလီမှာ မကျေမနပ်နှင့်လက်သီးဆုပ်လိုက်လေသည်။

“မှားတာ၊ ကျုပ်ကိုက မှားတာ၊ ရှင့်စကားနားထောင်မိတာကိုက မှားတာ”

မယ်တော်က တစ်ချက်ရယ်လိုက်ရင်း

“ဘာလဲကာလီ၊ ရှင်အရင်ကလို ရေတွင်းပျက်ထဲ ပြန်သွားချင်လို့လား”

ကာလီမှာ အကြောက်အကန်နှင့်ခေါင်းခါရမ်းလိုက်ပြီးသည့်နောက် ရွှေပြားအိတ်ကိုယူငင်ကာ နန်းဆောင်အတွင်းမှထွက်သွားတော့သည်။ မယ်တော်က ကာလီ၏နောက်ကျောကိုကြည့်ကာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်တော့သည်။

(၂)

“ဒါဆို ခင်ဗျားအယောင်ဆောင်ပြီးတော့ ခင်ဗျားကိုချောက်ချနေတယ်ဆိုတဲ့လူဟာ ဘယ်သူလဲဆိုတာကို ခင်ဗျားရိပ်စားမိသလား”

အိုင်ပီမောင်ဝိုင်းက မေးလိုက်သည့်အခါ မယ်ပျင်းက ခေါင်းညိတ်လိုက်သည်။ မယ်ပျင်းအားချုပ်နှံထားသည့် ကြေးတိုက်ထဲတွင် ရာကူး၊ မယ်ပျင်းနှင့် မောင်ဝိုင်းတို့သုံးယောက်သား မတ်တပ်ရပ်နေကြသည်။

“အဲဒါ ကာလီလို့ခေါ်တဲ့ ကဝေမကြီးပဲ”

“ခင်ဗျား အထင်တစ်လုံးနဲ့သူများကိုစွပ်စွဲလို့မရဘူးနော်”

“သေချာတယ်၊ သူမှ သူပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကျုပ်နဲ့တိုက်ခိုက်ဖူးတယ်၊ သူဟာအမြဲတမ်း အပြာရောင်လဲ့နေတဲ့ကဝေစက်နဲ့ပစ်ခတ်တတ်တယ်၊ အဲဒီကဝေစက်ကို တော်ရုံအဆင့်မြင့်ပါတယ်ဆိုတဲ့ စုန်းတစ်ယောက်က တားဆီးဖို့မလွယ်ဘူး၊ ရှင်လည်း မျက်မြင်ကိုယ်တွေ့ဖြစ်မှာပါ”

မောင်ဝိုင်းက ခေါင်းညိတ်လိုက်လေသည်။

“ပြီးတော့ ကျုပ်နောက်ဆုံး သူ့စက်လက်နက်ကိုမြေပေါ်ချပြီး ဖောက်ခွဲလိုက်တဲ့အခါ ကျုပ်ဟန်ဆောင်ထားတဲ့လူက ဆံပင်အဖြူရောင်တွေဖြစ်နေတာတွေ့လိုက်ရတယ်၊ တစ်ခါ ထွက်ပြေးတဲ့အချိန်မှာလည်း ဖားတစ်ကောင်လို အဝေးကြီးအထိ ခုန်ပေါက်ပြေးသွားတာကိုမြင်လိုက်ရတယ်”

ထိုအခါ ရာကူးက ခေါင်းညိတ်ပြီး

“ဟုတ်တယ်၊ မယ်ပျင်းပြောတာအမှန်ပဲ၊ ရာဂျာနဲ့လက်မထပ်ခင်မှာ မယ်ပျင်းနဲ့ကာလီနဲ့တိုက်ခိုက်ခဲ့ဖူးတယ်၊ အဲဒါကို ငါလည်းသိသလို ငါတို့ဆွေမျိုးတွေလည်း အကုန်သိတယ်”

“ကာလီဖြစ်နိုင်တာ သုံးချက်ရှိတယ်၊ တစ်အချက်က ဆံပင်ဖြူနေတယ်၊ နှစ်အချက်က ခုန်ဆွခုန်ဆွသွားတယ်၊ သုံးအချက်ကတော့ အပြာလဲ့ရောင် ကဝေစက်ကိုသုံးတယ်”

အိုင်ပီမောင်ဝိုင်းက အင်္ကျီအိတ်ထဲမှ စာအုပ်အသေးလေးတစ်ခုကိုထုတ်ယူလိုက်ကာ ခဲတံဖြင့်ရေးသားနေလေသည်။

“ရှင်သေချာစုံစမ်းပေးပါ၊ ကာလီဆိုတာ သေချာပါတယ်”

“ဒါဆို သူကဘာဖြစ်လို့ခင်ဗျားယောင်ဆောင်ပြီး ခင်ဗျားအပေါ်ချောက်ချချင်တာလဲ၊ ခင်ဗျားနဲ့သူနဲ့ကြားထဲမှာ ဘာရန်ငြိုးရန်စရှိလို့လဲ”

မယ်ပျင်းက အံကိုကြိတ်ကာ တစ်ခုခုကိုပြောဆိုရန်ပြင်ဆင်လိုက်သည်။ ထိုအခါ ရာကူးက မယ်ပျင်းအားခေါင်းကိုခပ်သာသာကလေးခါပြလိုက်သဖြင့် မယ်ပျင်းက ဘာမှမပြောတော့ဘဲ။

“တစ်ခုခုတော့ရှိမှာပါ၊ ကာလီနဲ့ကျုပ်နဲ့ကြားထဲမှာ ဘာရန်ငြိုးရန်စမှမရှိပေမယ့်၊ သူ့ကိုတစ်ယောက်ယောက်က အသုံးချနေတယ်ဆိုတာကတော့ သေချာတယ်”

မောင်ဝိုင်းမှာ မယ်ပျင်းပြောဆိုသည်များကို မှတ်သားပြီး မယ်ပျင်းလက်အားစိုက်ကြည့်ကာ

“ခင်ဗျားလက်ဝါးကို ကျုပ်ကိုခဏပြနိုင်မလား”

မယ်ပျင်းက လက်ဝါးဖြန့်ပြလိုက်သည့်အခါ မောင်ဝိုင်းက သူ့လက်ဝါးကို မယ်ပျင်းလက်ဝါးပေါ်ထပ်လိုက်ကာ အသေအချာစူးစမ်းကြည့်နေလေသည်။

“ဘာလဲ ကျုပ်လက်က တစ်ခုခုထူးနေလို့လား”

“ဘာရယ်မဟုတ်ပါဘူး၊ ကျုပ်က သိချင်လို့ပါ”

အိုင်ပီမောင်ဝိုင်းက ထိုသို့ပြောဆိုပြီး အပြင်သို့ထွက်သွားလေသည်။ ရာကူးက မယ်ပျင်းအနီးသို့တိုးကပ်လာကာ

“ဒီနေရာဟာ လုံခြုံတယ်လို့ထင်ရပေမယ့် ထင်သလောက်မလုံခြုံဘူးမယ်ပျင်း၊ ဒါကြောင့် မင်းစိတ်ထဲထင်နေတာတွေကို မပြောတာကောင်းလိမ့်မယ်၊ အထူးသဖြင့် အဲဒီမိန်းမအကြောင်းပေါ့”

ရာကူးက မယ်တော်ကိုဆိုလိုမှန်း မယ်ပျင်းကသိလိုက်သည်။

“ဒါနဲ့ ပြောင်ကြီးက သေပြီဆိုတော့ မန္တန်ကိစ္စက ဘယ်လိုဆက်လုပ်ကြမလဲ”

“ဒါတော့မပူပါနဲ့၊ သူက ကျုပ်ကို မန္တန်ရွတ်ပုံရွတ်နည်း သင်ပေးလိုက်တယ်၊ ကျုပ်တို့အခုလိုအပ်နေတာက နောက်ဆုံးပါဒရဲ့ စာသားပဲ”

ရာကူးက ကြေးတိုက်ကြီးအတွင်း မျက်လုံးဝေ့ကြည့်လိုက်ပြီး

“ဒီနေရာက အေးအေးဆေးဆေးတော့ရှိသားပဲ၊ မင်းအတွက် ကြိုးစားဖို့အခွင့်အရေးရသွားတာပေါ့”

ထိုသို့ပြောဆိုပြီး ရာကူးကလှည့်ထွက်သွားသည်။ မယ်ပျင်းက

“ဒါနဲ့ ရှင်ဘာဆက်လုပ်မှာလဲ”

“ငါက မင်းအတွက် ရုံးတော်မှာ ခုခံပေးမယ့်ရှေ့နေသွားရှာရမယ်၊ ဟောဒီမြိုင်သာတစ်မြို့လုံးမှာ ရှေ့နေတွေလက်ချိုးရေမရအောင်ရှိပေမယ့် မင်းအတွက်တော့ဘယ်သူမှ မလိုက်ပေးချင်ကြဘူးကွ၊ ဘာလို့လဲဆိုတော့ ဒါတွေအားလုံးက မင်းလုပ်တာပဲလို့ သူတို့က ယုံကြည်နေလို့ပဲ”

ရာကူးက ပြောဆိုရင်း ကြေးတိုက်အတွင်းမှထွက်သွားသည်။ တစ်တောင်ခန့်ထူသည့် ကြေးတိုက်တံခါးကြီးမှာ ဂျိန်းခနဲပိတ်သွားလေသည်။ မယ်ပျင်းက မတ်တပ်ရပ်နေရင်း ဘိုးတော်ပြောင်ကြီး သင်ပေးခဲ့သည့် မန္တန်ကိုရွတ်ဖတ်လိုက်သည်။ အနောက်ဆုံးပါဒနေရာတွင် စိတ်ထဲရှိသည့် စကားသုံးလုံးကိုရေရွတ်လိုက်လေသည်။ ထိုအခါ မယ်ပျင်းတစ်ကိုယ်လုံးကျင်တက်သွားပြီး နာကျင်သည့်ဝေဒနာကိုခံစားလိုက်ရသည်။

“ဒီအတိုင်းဆိုရင်တော့ မဟုတ်သေးဘူး၊ နောက်တစ်မျိုးထပ်စမ်းကြည့်ရမယ်”

မယ်ပျင်းမှာ ကြေးတိုက်ကြီးအတွင်း မန္တန်မျိုးစုံကို စမ်းသပ်ရွတ်ဖတ်နေလေတော့သည်။

ရာကူးမှာ အလွန်မိုးချုပ်သည့်အချိန်မှ အိမ်သို့ပြန်ရောက်လာလေသည်။ ရာမူးနှင့် ရာဂျာတို့က အိမ်ရှေ့တွင်စောင့်မျှော်နေကြသည်။

“အကိုကြီး ဘယ်လိုဖြစ်သွားပြီလဲ”

“သာစံရော”

“မာယာနဲ့ခြံထဲမှာဆော့နေတယ်အကိုကြီး”

ရာကူးက သက်ပြင်းတစ်ချက်ကိုချလိုက်ကာ

“အမှုက လွယ်တော့မလွယ်ဘူးဟ၊ မယ်ပျင်းက အရင်လုပ်ထားတဲ့နာမည်ပျက်တွေရှိနေတော့ အားလုံးက သူလုပ်တယ်လို့ပဲယုံကြည်နေကြတယ်”

“ဒါဆို အကိုကြီးကရော”

ရာမူးမေးလိုက်သည့်အခါ ရာကူးက ခေါင်းခါလိုက်ပြီး

“ငါလည်းမသိတော့ဘူး၊ မယ်ပျင်းမလုပ်ပါဘူးလို့လဲ ငါမယုံကြည်ရဲသလို သူလုပ်ပါတယ်လို့လဲ ပြောလို့မရသေးဘူး၊ သူ့အမှုမှာ ငါတို့မသိသေးတဲ့အချက်အလက်တွေရှိနေသေးတယ်”

“ဒီမှာရှင့် . . . ဒီမှာ”

ထိုစဉ် ခြံဝန်းအရှေ့သို့မိန်းကလေးတစ်ဦးရောက်လာလေသည်။ ထိုမိန်းကလေးမှာ အသက်နှစ်ဆယ်ခန့်ရှိကာ ဗမာရင်ဖုံးအင်္ကျီကို သေသပ်စွာဝတ်ဆင်ထားလေသည်။ ရာကူးတို့ညီအကိုသုံးယောက်မှာ ထိုမိန်းကလေးကို ငေးမောကြည့်နေကြသည်။ ရာကူးက မျက်မှန်ကိုပင့်တင်လိုက်ကာ အသေအချာစိုက်ကြည့်ရင်း

“မင်းကိုလည်း မမြင်ဖူးပါလားကွ၊ ဘာကိစ္စရှိလို့လဲ မိန်းကလေး”

ထိုမိန်းကလေးက ရာကူးတို့အနီးသို့တိုးကပ်လာပြီးသည့်နောက် လက်ထဲမှစာရွက်ပိုင်းကလေးကို ရာကူးထံသို့လှမ်းပေးလိုက်လေသည်။

“ဥက္ကဋ္ဌကြီးက ရှေ့နေတစ်ယောက်ရှာနေတယ်ကြားလို့ ဒီကိုလာခဲ့တာပါ”

“ရှေ့နေ . . . မင်းက ရှေ့နေတဲ့လား”

“ကျွန်မနာမည် ဗေဒါရီပါ”

ညီအကိုသုံးယောက်မှာ ဗေဒါရီအားခြေဆုံးခေါင်းဆုံးကြည့်လိုက်ကြပြီး

“မင်းက ရှေ့နေတဲ့လား၊ မင်းကိုတစ်ခါမှတော့ မတွေ့ဖူး မကြားဖူးဘူးနော်၊ ဒါနဲ့ မင်းက အမှုဘယ်နှခုလိုက်ပြီးပြီလဲ”

“တစ်မှုမှမလိုက်ရသေးပါဘူး၊ ဥက္ကဋ္ဌကြီးလက်ခံမယ်ဆိုရင် ဒီအမှုက ကျွန်မရဲ့ပထမဆုံးအမှုပါ”

ရာကူးမှာ နဖူးကိုလက်ဝါးနှင့် ခပ်ဆတ်ဆတ်ရိုက်ထည့်လိုက်သည်။ ရာမူးက

“ဒါနဲ့ ဒီမိန်းကလေးကို ရှေ့နေလုပ်ခိုင်းလို့ဖြစ်ပါ့မလားအကိုကြီး”

“မဖြစ်လဲ မရတော့ဘူးဟေ့၊ ဟောဒီမြိုင်သာတစ်မြို့လုံး ဘယ်သူမှ မယ်ပျင်းအတွက် ရှေ့နေမလိုက်ပေးကြဘူးကွ၊ ဒီတော့ သူ့ကိုပဲ ရွေးရတာပေါ့ကွာ”

ဗေဒါရီက ပြုံးလိုက်ကာ

“စိတ်ချပါရှင်၊ သမားဆို အိုမှ၊ ရှေ့နေဆို ပျိုမှတဲ့ စာဆိုတောင်ရှိသေးတယ်မဟုတ်လား၊ ပြီးတော့ ကျွန်မကလည်း စုန်းကောင်စီရဲ့ဥပဒေစည်းမျဉ်းတွေကို ထုံးလိုချေရေလိုနှောက်ပြီး ပိုင်ပိုင်နိုင်နိုင်အရကျက်ထားလို့ အဆင်ပြေမှာပါ”

“ကဲ ဒါဆိုရင်လည်း ဆက်ပြောကြတာပေါ့၊ အခုမယ်ပျင်း အမှုက သုံးမှုှုရှိတယ်၊ ပထမဆုံးကတော့ ငွေတိုက်ကြီးကြပ်ရေးမှူးကိုသတ်ပြီး ရွှေပြားငါးဆယ်ယူသွားတဲ့ကိစ္စပဲ၊ မယ်ပျင်းကတော့ ဒါကသူလုပ်တာမဟုတ်ပါဘူးလို့ငြင်းတယ်၊ ဒါပေမယ့် သူ့လက်ထဲက ရွှေပြားငါးဆယ်ကို ဘယ်ကရသလဲဆိုတာတော့ သူမပြောဘူး”

ထိုအခါ ရာဂျာမှာမျက်လုံးပြူးသွားသည်။

“မယ်ပျင်းက တကယ်ဘာမှမပြောဘူးလားအကိုကြီး”

“အေးကွ၊ သူကလူတစ်ယောက်ကို ဒီရွှေတွေဘယ်ကရသလဲဆိုတာ မပြောပါဘူးလို့ ကတိပေးထားတယ်တဲ့ကွ၊ အဲဒါကိုက ထူးဆန်းမနေဘူးလား၊ သံသယဖြစ်စရာကောင်းမနေဘူးလား”

“ဟာ၊ ဒုက္ခပါပဲအကိုကြီးရာ၊ အဲ့ရွှေပြားတွေက သာစံကလေးကျောင်းစားရိတ်အတွက် ကျုပ်ထုတ်ပေးလိုက်တာဗျ”

ရာကူးမှာ နဖူးကိုလက်ဝါးနှင့်ရိုက်ရင်း

“သေလိုက်ပါတော့ကွာ၊ မင်း စောစောကပြောရောပေါ့ကွ၊ မင်းဆီကရွှေတွေပါဆိုတာသိရင် ပြဿနာက ဒီလောက်မကြီးလာနိုင်ဘူးလေကွာ၊ ဒါနဲ့ နေစမ်းပါအုံး မင်းက ဘာဖြစ်လို့မပြောဖို့ ကတိတောင်းရတာလဲ”

“ဒါက ဒီလိုပါအကိုကြီးရယ်၊ အဲဒီနေ့က မယ်ပျင်းနဲ့ကျုပ်နဲ့ ရွှေပြားတွေပေးရင်း စကားအခြေအတင်ဖြစ်သွားတယ်၊ မယ်ပျင်းက မာနကြီးတဲ့လူဆိုတော့ ဒီရွှေတွေကိုမယူဘူးဆိုပြီးဖြစ်တယ်ဗျာ၊ အဲဒါနဲ့ကျုပ်က ကျုပ်ပေးတာလို့ ဘယ်သူ့ကိုမှမပြောပါနဲ့ဆိုပြီး တားလိုက်တာ”

“ရာဂျာရာ မင်းသိရင်လည်း စောစောကပြောရောပေါ့ကွ”

“အိမ်မှာဘာဖြစ်နေသလဲဆိုတာ ကျုပ်မှမသိတာဗျ၊ ဒီနေ့ကိစ္စတောင်မှ စီတာက မယ်ပျင်းကို ကာကွယ်ရေးအဖွဲ့ကလူတွေ ဖမ်းသွားတယ်ပြောမှ သိတော့တာ”

ဗေဒါရီက အားတက်သရောနှင့် စာအုပ်တွင်ချမှတ်ပြီး

“ဟုတ်ပြီ၊ ဒါဆိုရင် ပထမအမှုအတွက် ထုချေဖို့အကြောင်းအရာ ရပြီ၊ ဦးရာဂျာသာ ရုံးတော်ကိုလိုက်ပြီး ဒီရွှေတွေက သူ့ရွှေတွေပါဆိုတာ သက်သေထွက်နိုင်ရင် ဒေါ်ပျင်း ပထမအမှုကနေလွတ်နိုင်ပြီ”

ရာကူးက ခေါင်းညိတ်ရင်း

“ပထမအမှုကတော့ ထားပါတော့၊ ဒါနဲ့ ကျောင်းက စာရေးကြီးအမှုကိုရော ဘယ်လိုလုပ်မလဲ၊ စာရေးကြီးနဲ့မယ်ပျင်းနဲ့ ရန်ဖြစ်တာလည်း လူတိုင်းသိတယ်၊ ပြီးတော့ စာရေးကြီးကို မီးလက်ဝါးနဲ့ခြိမ်းခြောက်ခဲ့တာလည်း လူတွေသိတယ်၊ မယ်ပျင်းစိတ်ဆတ်တယ်ဆိုတာ လူတိုင်းအသိပဲ၊ ဒါကရော သူလုပ်တာမဖြစ်နိုင်ဘူးလား”

“လုံးဝမဖြစ်နိုင်ပါဘူး”

ထိုစဉ် ခြံဝမှအသံကြားသဖြင့် ရာကူးတို့လူတစ်စု လှမ်းကြည့်လိုက်ကြသည်။ အိုင်ပီမောင်ဝိုင်းမှာ မြင်းနက်ကြီးတစ်ကောင်ကိုစီးကာ ခြံထဲဝင်လာသည်။ သူတို့အနီးရောက်သည့်အခါ မြင်းအပေါ်မှခုန်ချလိုက်သည်။

“နေစမ်းပါအုံးမောင်ဝိုင်း၊ မင်းက ဘာ့ကြောင့် မယ်ပျင်းက စာရေးကြီးကိုသတ်တာမဖြစ်နိုင်ဘူးလို့ပြောတာလဲ၊ မင်းမှာသက်သေရှိရဲ့လား”

“ရှိပါ့ဗျာ၊ အခုပဲ သက်သေသွားယူလာခဲ့တာ၊ ကျုပ်မနက်က မယ်ပျင်းလက်ဝါးကိုတိုင်းကြည့်သွားတာ ခင်ဗျားမှတ်မိတယ်မဟုတ်လား”

ရာကူးက ခေါင်းညိတ်သည်။

“အခု စာရေးကြီးအလောင်းကို ကျုပ်ပြန်စစ်ဆေးပြီးပြီ၊ စာရေးကြီးကျောကုန်းကို အရိုက်ခံထားရတဲ့လက်ဝါးရာက မယ်ပျင်းလက်ဝါးရာထက်အတော်ကြီးတယ်၊ ကျုပ်ရဲ့လက်ဝါးရာထက်တောင်ကြီးနေသေးတယ်၊ ပိုပြီးထူးဆန်းတာက သူ့လက်ချောင်းတွေပဲ၊ သူ့လက်ချောင်းတွေက ပိန်ပိန်သွယ်သွယ်နဲ့သာမန်လူတစ်ယောက်ထက် ပိုပြီးရှည်နေတဲ့လက်ချောင်းတွေပဲ”

“ဒါဆို မင်းဆိုလိုချင်တဲ့သဘောက”

“မီးလက်ဝါးဆိုတာ ကိုယ့်လက်ဝါးအရွယ်ရှိသလောက်ပဲ ဖန်တီးလို့ရတာမဟုတ်လား၊ အခုလိုလက်ဝါးအကြီးကြီးနဲ့ လုပ်လို့မှမရတာဗျ၊ အခုပဲ ရာဇဝတ်ဌာနကလူတွေဆီက စစ်ချက်ယူခဲ့ပြီ၊ သူတို့ရဲ့စစ်ချက်အရ ဒါက မယ်ပျင်းလက်ရာမဖြစ်နိုင်ဘူးတဲ့ဗျာ”

ဗေဒါရီမှာ ပျော်ရွှင်လွန်းသဖြင့် လက်ခုပ်လက်ဝါးပင်တီးလိုက်မိသည်။

“ဟုတ်ပြီ၊ ဒီအချက်ကလည်း ဒုတိယအမှုကနေ ကွင်းလုံးကျွတ်လွတ်စေမယ့် သက်သေတစ်ခုပဲ”

“ဟုတ်ပါပြီ၊ ဒါဆို ဒွန်းတွေကိုသတ်ခဲ့တဲ့နောက်ဆုံးအမှုကရော”

အိုင်ပီမောင်ဝိုင်းမှာ စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်ကာ နှုတ်ခမ်းတွင်တပ်လိုက်ပြီးသည့်နောက် မီးခြစ်ဖြင့်မီးညှိလိုက်လေသည်။

“ဒါလည်း ကျုပ်စုံစမ်းပြီးပါပြီဗျာ”

(၃)

အိုင်ပီမောင်ဝိုင်းမှာ ရာဇဝတ်သားများ၏ ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းထားသည့် စာရွက်စာတမ်းများကို လှန်လှောရှာဖွေနေမိသည်။ သို့သော် ကာလီ၏ အချက်အလက်ကိုရှာမတွေ့ပေ။ မောင်ဝိုင်းက စိတ်ပျက်လက်ပျက်ဖြင့် စာရွက်တစ်ချို့ကို စားပွဲပေါ်သို့ပစ်တင်လိုက်ပြီး

“ကာလီ . . . ကာလီ၊ မင်းဘယ်သူလဲ”

ထိုသို့ရေရွတ်နေမိသည်။ ထိုအချိန်တွင် ရုံးတွင်အစေအပါးအဖြစ်တာဝန်ထမ်းဆောင်သည့် ကုလားကလေးတစ်ဦးက အနားသို့ရောက်လာကာ

“ဆရာ ကာဖီသောက်ချင်လို့လား”

“မသောက်ချင်ပါဘူး၊ ဘာဖြစ်လို့လဲ”

“မသိဘူးလေ ဆရာက ကာဖီ ကာဖီနဲ့ရေရွတ်နေတယ်မဟုတ်ဘူးလား”

“ကာဖီမဟုတ်ဘူးကွ၊ ကာလီ၊ ကာလီလို့ပြောတာ၊ ဒါနဲ့ ကာလီဆိုတာကို မင်းသိသလား”

“ကာလီဆိုတာ ကာလီမန်ကိုပြောတာလား မဟာကာလီကိုပြောတာလား”

“အဲဒီကာလီမဟုတ်ဘူး၊ အခုကာလီက မကောင်းတဲ့ကာလီကွ”

“မကောင်းတဲ့ကာလီဆိုရင်တော့ ကာလီနတ်ဆိုးကိုပြောတာဖြစ်မယ်”

မောင်ဝိုင်းက မျက်ခုံးပင့်လိုက်ကာ

“ဆိုစမ်းပါအုံးကွာ၊ ကာလီနတ်ဆိုးက ဘာတဲ့လဲကွ”

“ကာလီနတ်ဆိုးက အသူရာတဲ့ဗျ၊ သူ့အဖေက ဒေါသ၊ သူ့အမေက ရက်စက်ခြင်းတဲ့၊ သူ့မိန်းမက မကောင်းစိတ်အကြံအစည်တဲ့ဗျ၊ သူ့အဘေးကတော့ အဓမ္မလို့ခေါ်တယ်၊ သူတို့က မကောင်းတဲ့နတ်ဆိုးမိစ္ဆာမျိုးရိုးပေါ့ဗျာ”

“မင်းဟာကလည်း ကောင်းတာတစ်ခုမှ မပါပါလားကွ”

“သူ့ကိုယ်ကြီးက တောင်လောက်ရှိတယ်၊ လျှာကြီးကလည်း အရှည်ကြီးပဲတဲ့ဗျ၊ လက်တွေကလည်း တစ်ထောင်လောက်ဖန်ဆင်းနိုင်တယ်၊ သူရောက်တဲ့အရပ်မှာ သေခြင်းတရားက စိုးမိုးတယ်၊ သူ့ကိုယ်က အပြာရောင်လဲ့လဲ့အရောင်ရှိတယ်ဆိုပဲ၊ ဆရာ မဟာဘာရတဇာတ်လမ်းဖတ်ကြည့်ရင် သိမှာပါ”

“လွဲတော့လွဲနေတယ်ကွ၊ ငါသိချင်တာက အဲဒီဇာတ်လမ်းထဲက ကာလီမဟုတ်ဘူး၊ လူကွ လူကာလီ”

ကုလားလေးက တစ်ချက်စဉ်းစားရင်း

“လူကာလီဆိုရင်တော့ ဒေါ်ကာလီဆိုတာအရင်ကရှိတယ်”

မောင်ဝိုင်းမျက်လုံးများအရောင်လက်သွားသည်။

“သူ့အကြောင်း မင်းဘာသိသလဲ”

“အဘိုးတို့ပြောဖူးတာပါ၊ သူကသိပ်ဆိုးတဲ့ကဝေမကြီးတဲ့၊ လူတွေသတ်ခဲ့တာလည်းမနည်းဘူး၊ လူသားပဲအမြဲစားတာတဲ့၊ ဒါကြောင့် သူ့ကို ကာလီနတ်ဆိုးအမည်တပ်ပြီး ဒေါ်ကာလီလို့ခေါ်တာတဲ့”

“လုပ်စမ်းပါအုံးကွာ၊ ငါသူ့အကြောင်းသိချင်တယ်”

“ကျွန်တော်တော့ အသေးစိတ်မသိဘူးဆရာ၊ ဒါပေမယ့် ဆရာသိချင်တယ်ဆိုရင် ကျွန်တော်တို့ကုလားစုလေးထဲက အဘိုးကြီးတစ်ယောက်ကတော့ သေသေချာချာသိတယ်”

မောင်ဝိုင်းမှာ အတန်ကြာအောင်စဉ်းစားနေလေသည်။ ကုလားလေးက

“ကျွန်တော် အဲဒီအဘိုးကြီးကိုခေါ်ပေးရမလား”

“မခေါ်ပါနဲ့ကွာ၊ ငါပဲသူ့ဆီကိုသွားမယ်၊ ဘယ်ကိုသွားရမလဲဆိုတာကိုသာ လမ်းညွှန်လိုက်”

ကုလားလေးက လမ်းညွှန်လိုက်သဖြင့် မောင်ဝိုင်းတစ်ယောက် ရုံးအဆောက်အဦထဲမှထွက်လာခဲ့လေသည်။ ရုံးအပြင်ရောက်ခါနီးတွင် အိတ်အတွင်းမှ သစ်သားဖြင့်ပြုလုပ်ထားသည့် မြင်းရုပ်ကလေးကို ထုတ်လိုက်ကာ မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ ထိုသစ်သားမြင်းကလေးမှာ မြေကြီးနှင့်ထိတွေ့သည်နှင့် အလွန်ကြီးမားထွားကျိုင်းသည့် မြင်းနက်ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ မောင်ဝိုင်းလည်း မြင်းနက်ကြီးအပေါ်သို့ လွှားခနဲခုန်တက်လိုက်ပြီးသည့်နောက် မြိုင်သာမြို့အပြင်ဆီသို့ ထွက်လာခဲ့လေသည်။

ြုမိုင်သာမြို့အပြင်ဘက်တွင် ကုလားစုဟုခေါ်သည့် ရွာကလေးတစ်ရွာရှိသည်။ ထိုရွာကလေးတွင် ဆင်းရဲသားအများစုနေထိုင်ကြပြီး ဆိတ်မွေးမြူခြင်းလုပ်ငန်း၊ နွားမွေးမြူခြင်းလုပ်ငန်းနှင့် ကြုံရာကျပန်း လုပ်ကိုင်သူများနေထိုင်ကြလေသည်။ အိမ်ကလေးများမှာ ခပ်ကုပ်ကုပ်ဖြစ်ကာ လမ်းများမှာလည်းကျဉ်းမြောင်းလှပေသည်။ မောင်ဝိုင်းက မြင်းနက်ကြီးကိုပြန်လည်သိမ်းဆည်းပြီး ထိုလမ်းကြားကလေးများအတိုင်းလိုက်လာခဲ့သည်။ လမ်းကြားကလေးများမှာ ကျဉ်းမြောင်းလှသည့်အတွက် ဝင်္ကပါကြီးတစ်ခုအတွင်းသွားနေရသကဲ့သို့ခံစားရသည်။

ကုလားလေး လမ်းညွှန်မှုကြောင့်သာ နောက်ဆုံးတွင် အိမ်တစ်အိမ်ဆီသို့ရောက်လာခဲ့သည်။ ကိုယ့်ဖာသာကိုယ် စုံစမ်း၍လာပါက ယခုအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နိုင်မည်မဟုတ်ပေ၊ မောင်ဝိုင်းက အသံပြုကာအိမ်ကလေးအတွင်းသို့ဝင်ခဲ့သည်။ အိမ်ကလေးအတွင်းတွင် စားအိုးစားခွက်နှင့် အိပ်ရာလိပ်သာရှိကာ အခြားပစ္စည်းပရိဘောဂများ များများစားစားမရှိပေ။

“အိမ်ရှင်တို့ရှိပါသလား”

မောင်ဝိုင်းအသံပြုလိုက်သည့်အခါ မှောင်မိုက်နေသည့်နေရာမှ အဘိုးအိုတစ်ယောက်က ဖင်တရွတ်တိုက်ဆွဲကာ တဖြည်းဖြည်းထွက်လာလေသည်။ အဘိုးအို၏ မျက်လုံးနှစ်ဖက်မှာ ပြူးကျယ်နေသော်လည်း တိမ်များစွဲနေသကဲ့သို့ ဖြူဖွေးနေလေသည်။ အဘိုးအိုက မောင်ဝိုင်းရှိရာနေရာသို့ နားစိုက်ထောင်လိုက်ရင်း

“ဘယ်သူနဲ့တွေ့ချင်လို့လဲကွဲ့”

မောင်ဝိုင်းက ထိုအဘိုးအိုမှာ ကုလားလေးလမ်းညွှန်လိုက်သည့် အဘိုးအိုဖြစ်မှန်း ရိပ်စားမိလိုက်သည့်အတွက်

“အဘိုးနဲ့တွေ့ချင်လို့လာတာပါ”

“ဘာကြောင့်တွေ့ချင်ရတာလဲ”

“ဒေါ်ကာလီအကြောင်းကိုသိချင်လို့ပါ”

ထိုအခါ အဘိုးအိုမှာ ခေါင်းညိတ်လိုက်ပြီး

“ဒီအဖြစ်က အဘိုးတို့လည်းမမီလိုက်တဲ့ ကိစ္စတစ်ခုပဲ၊ တစ်ချို့ကတော့ ဒါဟာ ဒဏ္ဍာရီတစ်ခု၊ ပုံပြင်တစ်ခုလို့ပဲပြောကြတယ်၊ ဒါပေမယ့် အဘိုးကတော့ ဒီအကြောင်းအရာတွေက တကယ်ဖြစ်ပျက်ခဲ့တာလို့ထင်တယ်”

“အဲဒီ ဒေါ်ကာလီအကြောင်းကိုသိချင်တယ်”

“နှစ်ပေါင်းအတော်ကြာကြာကပေါ့၊ ဗမာမင်းတွေအုပ်စိုးနေတဲ့အချိန်မှာ ကျေးကုလားပြည်က မိသားတစ်စုက ဟောဒီမြိုင်သာရွာအနီးကို ရောက်လာပြီး နေထိုင်ခဲ့ကြတယ်၊ အဲဒီမိသားစုမှာ မိသားစုဝင်ဆယ်ယောက်တိတိရှိတယ်၊ တကယ်တော့ အဲဒီမိသားစုကို ဦးဆောင်တဲ့အဖေက ကဝေကြီးတဲ့ကွ၊ သူ့မိန်းမနဲ့ ကျန်တဲ့ကလေးတွေကလည်း ကဝေတွေပဲတဲ့၊ သူတို့ ဒီကိုထွက်ပြေးလာရတာကတော့ တခြားကြောင့်တော့မဟုတ်ဘူး၊ သူတို့အရင်နေခဲ့တဲ့ ကျေးကုလားပြည်က ကဝေတွေနဲ့ ပညာပြိုင်ရင်း နယ်နှင်ခံလိုက်ရတာတဲ့ကွ”

“ကာလီက ဘယ်တစ်ယောက်လဲ”

“မိသားစုဆယ်ယောက်ထဲက အထွေးဆုံးမိန်းကလေးပေါ့၊ သူ့နာမည်အရင်းကို ဘယ်သူမှမသိဘူး၊ တစ်နေ့တော့ မိသားစုက တိုင်ပင်ကြသတဲ့၊ သူတို့မိသားစုထဲ အစွမ်းဆုံးလူတစ်ယောက်ကို မွေးထုတ်ပြီးတော့ ကျေးကုလားပြည်က ကဝေတွေနဲ့ပြန်လည်ပြိုင်ဆိုင်ဖို့ပေ့ါ၊ အဲဒီအခါ အငယ်ဆုံးသမီးကိုရွေးလိုက်တယ်၊ မိသားစုကိုးယောက်က အငယ်ဆုံးသမီးလေးကို ပညာတွေပေးကြရင်း ရှေးလူကြီးတွေ လှို့ဝှက်ထားကြတဲ့ နတ်ဆိုးကာလီမှော်ကိုသွင်းခဲ့ကြတယ်၊ နတ်ဆိုးကာလီကို မင်းသိရဲ့လား”

“သိတယ်လို့ပဲထားလိုက်ပါတော့ဗျာ၊ ပြီးတော့ ဘာဆက်ဖြစ်ကြသလဲ”

“နတ်ဆိုးကာလီရဲ့ အသူရိန်မှော်ကိုအောင်သွားတော့ အဲဒီမိန်းကလေးက အစွမ်းတော်တော်ထက်သွားသတဲ့ကွာ၊ ဒါပေမယ့် အဲဒီမှော်ရဲ့ဆိုးကျိုးကတော့ လူသားတွေစားချင်တာပဲ၊ ကဝေအဆင့်မြင့်ရင် လူသားချည်းစားတယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား၊ အဲဒီလိုပဲ အဲဒီမိန်းကလေးက မှော်ဝင်တဲ့အချိန် စိတ်မထိန်းနိုင်ဖြစ်ပြီးတော့ မိသားစုကိုးယောက်စလုံးကို စားသောက်ပစ်လိုက်တယ်တဲ့ကွ”

“တော်တော်ဆိုးဆိုးပဲဗျ”

“ဆိုးတာတော့ ပြောမနေပါနဲ့ကွာ၊ နောက်တော့ လူကိုတစ်ယောက်စ နှစ်ယောက်စ ဖမ်းစားရာကနေ တဖြည်းဖြည်းနဲ့လူကို ဆယ်ယောက် ဆယ့်ငါးယောက်အထိစားရင်း နောက်ဆုံးတော့ အစွမ်းတွေတက်လာပြီး ရွာတစ်ရွာလုံးက လူတွေအကုန်လုံးကို စားသောက်ပစ်လိုက်သတဲ့၊ သူ့ကိုလည်း နယ်ခံစုန်းတွေ ကဝေတွေက မနိုင်ကြဘူး၊ ဒီလိုနဲ့ သူ့နာမည်အရင်းပျောက်ပြီး ဒေါ်ကာလီလို့ပဲခေါ်ကြတယ်၊ တစ်နေ့တော့ မယ်တော်လေးပါးက ကာလီကို ယှဉ်ပြိုင်အနိုင်ယူပြီးတော့ ရေတွင်းပျက်ကြီးတစ်ခုထဲမှာ ပိတ်လှောင်ခဲ့ကြတယ်၊ အဲဒီရေတွင်းပျက်ကြီးထဲကို ပြုတ်ကျလာတဲ့ လူသူကျွဲနွားမှန်သမျှကို သူကဖမ်းစားခွင့်ရှိတယ်၊ မောင်ရင်မြိုင်သာမြို့အရှေ့တောင်ဘက်စွန်းစွန်းကို နေ့တစ်ပိုင်းလောက်သွားလိုက်ရင် အဲဒီမှာရွာပျက်ကြီးတစ်ခုနဲ့ ရေတွင်းပျက်ကြီးတစ်ခုကိုတွေ့ရလိမ့်မယ်”

“ဒါဆို သူကတော်တော်စွမ်းတာပေါ့၊ သူ့ပုံစံကရော ဘယ်လိုရှိသလဲ”

“စွမ်းတယ်၊ မကောင်းတဲ့လူက ပိုစွမ်းတယ်ဆိုသလိုပေါ့၊ ငါလည်းသူ့ကိုမတွေ့ဖူးလိုက်ပေမယ့် ရှေးလူကြီးတွေပြောတာကတော့ သူ့မှာ ငွေရောင်ဝင်းလက်နေတဲ့ဆံပင်တွေရှိတယ်၊ သူ့ကိုယ်အရောင်က အသူရိန်တွေရဲ့အရောင်လို ပြာနှမ်းနှမ်းတဲ့ကွ၊ တစ်ချက်တစ်ချက်ခုန်ရင် တစ်တိုင်လောက်အထိ သွားနိုင်သတဲ့၊ ပြီးတော့ သူ့ရဲ့စက်လက်နက်လည်း ပြာလဲ့ရောင်လခြမ်းကဝေစက်လို့ ခေါ်ကြတယ်”

“ကျေးဇူးပါ၊ ကျုပ်သွားလိုက်ပါအုံးမယ်”

“ခုနက ရေတွင်းကြီးဆီကိုတော့ ယောင်လို့တောင်မသွားနဲ့နော်၊ ငါကြားဖူးသလောက်ဆိုရင် ဒေါ်ကာလီက ရေတွင်းထဲကို လူတွေဆင်းအောင်လို့ အသံအမျိုးမျိုးနဲ့ လှည့်ဖျားတတ်တယ်ကွ၊ အဲဒီရေတွင်းထဲကျတဲ့လူက ဘယ်တော့မှပြန်မတွေ့ရတော့ဘူးတဲ့နော်”

“ကျုပ်မကြောက်ပါဘူးဗျာ၊ ကျုပ်ကိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

မောင်ဝိုင်းက ရွှေပြားကလေးတစ်ပြားကို အဘိုးကြီးအရှေ့သို့ပစ်ချလိုက်ပြီး မြင်းနက်ကြီးကိုထုတ်စီးကာ မြိုင်သာမြို့အရှေ့တောင်ဘက်အရပ်ဆီသို့ ဒုန်းစိုင်းနှင်လာခဲ့သည်။ မြင်းနက်ကြီးမှာ မှော်ဝင်လှုပ်မြင်းကြီးဖြစ်သည်မို့ သာမန်မြင်းများထက် လေးငါးဆခန့်ပိုမိုမြန်ဆန်လှပေသည်။ လယ်ကွင်းပြင်များ၊ တောတန်းများကို တရိပ်ရိပ်နှင့် ဖြတ်သန်းခဲ့ပြီးသည့်နောက် ရွာပျက်ရွာဟောင်းကြီးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုရွာကြီးအားဖြတ်သန်းခဲ့ပြီးသည့်အခါ သစ်ခြောက်ပင်ကြီးတစ်ပင်နှင့် မလှမ်းမကမ်းတွင် ရေတွင်းကြီးတစ်တွင်းကိုတွေ့ရလေသည်။

မောင်ဝိုင်းက ရေတွင်းအောက်ခြေသို့ငုံ့ကြည့်လိုက်သည့်အခါ ရေတွင်းမှာ မမှန်းဆနိုင်လောက်အောင် နက်ရှိုင်းလှသည်။ မောင်ဝိုင်းက သတိကြီးကြီးနှင့်ရေတွင်းအောက်ခြေဆီသို့ ဆင်းသက်လာခဲ့သည်။ ရေတွင်းအောက်ခြေတွင် မှောင်မိုက်နေသည်မို့ မည်သည့်အရာကိုမှ သဲသဲကွဲကွဲမမြင်ရပေ၊ ရေတွင်းအပေါ်ရှိ အပေါက်ဝမှထိုးကျနေသည့် နေ့အလင်းရောင်မှာလည်း ရေတွင်းအောက်ခြေသို့ရောက်သည့်အခါ ကျပ်စေ့ပမာဏလောက်သာ ခပ်ဝိုင်းဝိုင်းရှိတော့သည်။

မောင်ဝိုင်းက အင်္ကျီအိတ်အတွင်းမှ ဖန်လုံးကလေးတစ်ခုကိုထုတ်ယူလိုက်သည်။ ထိုဖန်လုံးကလေးမှာ ဆီးဖြူသီးခန့်အရွယ်အစားရှိသည်။ မောင်ဝိုင်းမှာ ဖန်လုံးကလေးကို နှုတ်ခမ်းအနားတွင်တေ့ကာ တစ်ခုခုကိုရေရွတ်လိုက်သည်။ ထိုအခါ ဖန်လုံးမှာလင်းလက်လာပြီး အလင်းလုံးကြီးအဖြစ်ပြောင်းလဲသွားကာ လေပေါ်တွင်ဝဲပျံနေလေသည်။

ရေတွင်းအောက်ခြေတွင် ရေမရှိဘဲ ကုန်းခေါင်ခေါင်သာရှိသည်။ ထိုကုန်းပေါ်တွင်လည်း မြောက်များလှစွာသော အရိုးများက ပုံအောလျှက်ရှိသည်။ မောင်ဝိုင်းက လှိုဏ်ဂူတစ်ခုသဖွယ်ဖြစ်နေသည့် နေရာသို့လမ်းလျှောက်သွားလိုက်သည်။ မောင်ဝိုင်းခြေထောက်နှင့်နင်းလိုက်တိုင်း အရိုးများမှာ တဖြောက်ဖြောက်မြည်ကာ ကျိုးပဲ့ကုန်လေသည်။

မကြာခင် ကျောက်သားပလ္လင်ကြီးတစ်ခုကိုတွေ့လိုက်ရသည်။ ပလ္လင်ကြီး၏ နောက်ကျောမှီသည့်နေရာတွင် ငွေရောင်ပိုးချည်မျှင်များနှင့်သဏ္ဍာန်တူသည့် ဆံပင်များကိုတွေ့ရသဖြင့် ထိုဆံပင်များကိုသိမ်းဆည်းယူခဲ့လေသည်။

မောင်ဝိုင်းက သူတွေ့ရှိခဲ့သည့်အချက်များကို ရာကူးတို့အားပြောပြနေခြင်းဖြစ်သည်။

“ကျုပ်ကိုယ်တိုင်စုံစမ်းချက်အရတော့ ကာလီက လွတ်မြောက်သွားခဲ့ပြီ”

“မင်းကလဲကွာ၊ ငါတို့နဲ့တောင် တိုက်ခိုက်ခဲ့ပြီးပါပြီဆိုနေမှ”

“ဒီတော့ တတိယအမှုအတွက် သက်သေတချို့ရခဲ့ပြီ၊ ဒီမြို့မှာ ကာလီရှိနေမှာပဲ၊ ကျုပ်တို့ကာလီကိုရှာဖွေရမယ်၊ ပြီးတော့ ဟောဒီငွေရောင်ဆံပင်တွေနဲ့ ခုန်ပျံသွားတတ်တဲ့ကာလီ၊ ပြာလဲ့ရောင်စက်လက်နက်တွေ သုံးတတ်တဲ့ကာလီကိုတွေ့ပြီဆိုရင် မယ်ပျင်းအပြစ်ကင်းတယ်ဆိုတာကို သက်သေပြဖို့လွယ်သွားခဲ့ပြီ”

ရာကူးတို့အားလုံးမှာ အားတက်သရောဖြစ်သွားကာ ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။

“အဲဒီကာလီက မလွယ်ဘူးနော်၊ ငါ့ရဲ့ ဒေဝီကြီးရဲ့ဓါးမြှောင်နဲ့ တိုက်ခိုက်လို့သာ အဲဒီတစ်ခါက နိုင်သွားခဲ့တာ၊ သူ့အစွမ်းက ငါတို့အားလုံးပေါင်းရင်တောင်မှ နိုင်မယ်မထင်လောက်ဘူး”

“သူ့ကိုနိုင်တဲ့လူတစ်ယောက်ကို ကျုပ်သိပြီးသားပါဗျ”

မောင်ဝိုင်းမှာပြောပြောဆိုဆိုနှင့် မြင်းနက်ကြီးစီးကာ ထွက်ခွာသွားလေတော့သည်။

မယ်တော်၏နန်းဆောင်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ မောင်ဝိုင်းက နန်းဆောင်ကြီးအနီးသို့ရောက်သည့်အခါ စီးတော်ကျားကြီးမှာ ဂီးခနဲမာန်ဖီလေသည်။ မောင်ဝိုင်းက လက်ကာပြလိုက်သည့်အခါမှ အသာငြိမ်ကုပ်သွားသည်။

မောင်ဝိုင်းတစ်ယောက် ပင်မနန်းဆောင်ကြီးဆီသို့ရောက်လာခဲ့သည့်အခါ မယ်တော်က သလွန်တွင်ထိုင်နေလေသည်။

“မောင်ဝိုင်းပါလား အမှုကိစ္စတစ်ခုခုထူးပြီနဲ့တူတယ်၊ ဘာလဲ မယ်ပျင်းက ဒီအမှုတွေအားလုံးရဲ့ တရားခံပါဆိုတာ မင်းရှာတွေ့ခဲ့ပြီမဟုတ်လား”

မောင်ဝိုင်းက ခေါင်းခါလိုက်ကာ

“မယ်တော်ပြောတာနဲ့ ပြောင်းပြန်ပါပဲ၊ အခုကိစ္စမှာ မယ်ပျင်းက အပြစ်ကင်းပါတယ်”

“ဘာကွ”

“ဟုတ်ပါတယ်၊ တကယ်တော့ဒီရာဇဝတ်မှုတွေကို မယ်ပျင်းလုပ်နေခဲ့တာမဟုတ်ပါဘူး၊ တစ်စုံတစ်ယောက်က မယ်ပျင်းလုပ်သလို ဟန်ဆောင်ပြီးတော့ လုပ်နေခဲ့တာပါ”

မယ်တော်၏မျက်လုံးများက မှေးစင်းသွားကာ

“ဟုတ်လား၊ အဲဒီလူက ဘယ်သူများလဲ”

“ကာလီဆိုတဲ့ ကဝေမကြီးတစ်ယောက်ပါမယ်တော်”

“ကာလီက မယ်ပျင်းကိုဘာဖြစ်လို့ဒီလိုလုပ်ရတာများလဲ”

“မယ်ပျင်းရဲ့ထွက်ဆိုချက်အရတော့ သူနဲ့ကာလီမှာ ရန်ငြိုးရန်စမရှိဘူးလို့ပြောပါတယ်၊ ဒါပေမယ့် မယ်ပျင်းကတော့ တစ်ယောက်ယောက်က သူ့ကိုအထင်လွဲစေအောင်လို့ ကာလီကိုအသုံးချနေတာလို့ ယူဆပါတယ်”

မယ်တော်က ခပ်မျဉ်းမျဉ်းပြုံးလိုက်ရင်း

“ဟုတ်သလား၊ ဒါနဲ့ အဲဒီနောက်ကွယ်ကလူ ဘယ်သူလဲဆိုတာရော သိပြီလား”

မောင်ဝိုင်းက မျက်နှာတစ်ချက်ပျက်သွားကာ

“ဒါတော့အခုလက်ရှိ မသိသေးပါဘူးမယ်တော်၊ ဒါပေမယ့် သိဖို့လဲသိပ်မကြာတော့ပါဘူး၊ အခု ကျုပ်တို့တွေလူစုပြီး ကာလီကိုရှာမယ်၊ ကာလီကိုဖမ်းမယ်၊ ကာလီကိုမိလို့ ဖမ်းစစ်မေးလိုက်ရင် သူ့ကိုဘယ်သူခိုင်းတယ်ဆိုတာ ဘူးပေါ်သလိုပေါ်မှာပါပဲ”

“ဒါဆို မင်းအခုငါ့ဆီကိုလာရတာကရော”

“ကာလီကို မယ်တော်ပဲနိုင်လို့ပါ၊ ဒါကြောင့် ကာလီကိုဖမ်းဆီးတဲ့နေရာမှာ မယ်တော်ရဲ့အကူအညီကိုလိုအပ်ပါတယ်”

မယ်တော်က သလွန်ပေါ်မှမတ်တပ်ထရပ်လိုက်ကာ လက်ခုပ်လက်ဝါးတီးလေသည်။

“တော်လိုက်တာ၊ သိပ်တော်တာပဲ၊ ဒါကြောင့်လည်း မြိုင်သာမြို့က ရာဇဝတ်သားတွေက အိုင်ပီမောင်ဝိုင်းဆိုရင် သိပ်ကြောက်ကြတာပေါ့၊ ဆယ့်ခြောက်နှစ်လုံးလုံး အမှုမှန်ဖော်ထုတ်နိုင်တဲ့ အိုင်ပီတစ်ယောက် ပီသပါတယ်မောင်ဝိုင်း”

မောင်ဝိုင်းက ရယ်ကျဲကျဲနှင့်

“မယ်တော် မြှောက်နေလွန်းပါပြီ”

ထိုအခါ မယ်တော်က မောင်ဝိုင်းအနားသို့တိုးကပ်လာကာ စက်လက်နက်တစ်ခုဖြင့်ပစ်ခတ်လိုက်လေသည်။ မောင်ဝိုင်းမှာ အမှတ်မထင်ထားသည်မို့ ထိုစက်လက်က ရင်ဘတ်ကိုထိမှန်သွားကာ ရင်ဘတ်တွင် တစ်ထွာခန့်ရှိသည့်အပေါက်ကြီးတစ်ခုဖြစ်ပေါ်သွားသည်။ မောင်ဝိုင်းမှာ ကြမ်းပြင်ပေါ်သို့ဒူးထောက်ထိုင်ကျသွားပြီး မယ်တော်အား အလွန်အံ့သြသည့်မျက်နှာဖြင့် မော့ကြည့်လိုက်သည်။

“ဘာလို့ ဘာလို့လဲ မယ်တော်”

“ဟား၊ ဟား ဘာဖြစ်လို့လဲဆိုတော့ မင်းက အကုန်လုံးကိုသိသွားပြီမဟုတ်လားကွ၊ လူဆိုတာ သိတာများရင်မကောင်းဘူးကွ”

မောင်ဝိုင်း၏ရင်ဝမှ သွေးများက ဒရဟောပန်းထွက်နေလေသည်။ မောင်ဝိုင်းက ရင်ဝကိုလက်နှင့်ဖိရင်း

“ဒါဆို မယ် . . မယ်တော်က”

“ဟား ဟား ဒါတွေအားလုံးကို ငါလုပ်ခဲ့တာပဲမောင်ဝိုင်း”

မောင်ဝိုင်းမှာ မျက်တောင်များမှေးစင်းလာပြီးနောက် ငုတ်တုတ်ကြီးငြိမ်သက်သွားလေတော့သည်။