——————————————-
ဧရာဝတီတိုင်းအတွင်းမှ ….ရွာတွင် ဦးခင်မောင်နှင့် ဒေါ်တင်မြဆိုသည့် ဇနီးမောင်နှံ နေထိုင်ကြသည်။ ဒေါ်တင်မြက ရွာထဲတွင် ကုန်စုံဆိုင်ကြီးဖွင့်လှစ်၍ ရောင်းချပြီး ယောက်ျားဖြစ်သူ ဦးခင်မောင်မှာ လယ်မြေဧက တစ်ရာကျော်ခန့်ကို သူရင်းငှားများဖြင့် လုပ်ကိုင်လေသည်။ ကုန်စုံဆိုင်ကြီးမှာ လက်မလည်အောင် ရောင်းချရသည့်အပြင် လယ်ယာများမှလည်း စပါးအထွက်ကောင်းလှသဖြင့် စီးပွားရေးအလွန်အဆင်ပြေ၏။ ထို့ကြောင့် အလုပ်သမား သူရင်းငှားများလည်း အများအပြား ခေါ်ထားရသည်။ ထိုသူရင်းငှားများထဲတွင်
ဒေါ်တင်မြ၏ တူတော်စပ်သူ ကိုထွန်းလင်းဆိုသည့် လူငယ်တစ်ဦးလည်း ပါဝင်၏။ ကိုထွန်းလင်းမှာ အရက်သမား၊ ဖဲသမားတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလို ဦးခင်မောင်၏ စပါးများကို
ခိုးဝှက်ရောင်းချလေ့ရှိသည်။ ထိုအကြောင်းကို
ဦးခင်မောင် ရိပ်မိသော်လည်း လက်ပူးလက်ကြပ်
မမိသေးသဖြင့် မသိဟန်ဆောင်၍ နေလေသည်။
တစ်နေ့ညဘက်တွင် ဦးခင်မောင်မှာ သူပိုင်ဆိုင်သည့် လယ်ကွင်းထဲမှ တလင်းဆီသို့ ထွက်လာခဲ့သည်။ ဦးခင်မောင် တလင်းသို့ ရောက်ရှိချိန်တွင်
ကိုထွန်းလင်းနှင့် အခြားသူရင်းငှားတစ်ယောက်တို့မှာ စပါးပုံမှ စပါးများကို ခိုးယူနေသည်ကို ပက်ပင်းမိလေသည်။
“ဟာ ဟေ့ကောင်ထွန်းလင်း မင်း ဒါဘာလုပ်တာလဲကွ။ ငါ့စပါးတွေကို မင်းက ခိုးနေတယ်ပေါ့”
လက်နှိပ်ဓာတ်မီးရောင်နှင့်အတူ ပေါ်လာသည့်
ဦးခင်မောင်၏ အသံကြောင့် ကိုထွန်းလင်းတို့ ထိတ်လန့်သွားကြပြီး
“ဟာ ဦးလေး ကျွန် ကျွန်တော် အသုံးလိုလို့ပါ”
“ဘာကွ မင်းအသုံးလိုတာနဲ့ ငါ့စပါးတွေကို ခိုးရောင်းစရာလား။ မင်း ငါ့စပါးတွေကို ခဏခဏ ခိုးရောင်းနေတာ ငါသိတယ်။ လက်ပူးလက်ကြပ် မမိသေးလို့ စောင့်ကြည့်နေတာ။ အခု မိပြီ။ မင်းကို ရဲစခန်းတိုင်မယ်”
ဦးခင်မောင်လည်း ဒေါသထွက်ပြီး ကိုထွန်းလင်းနှင့် အဖေါ်သူရင်းငှားအား ရဲစခန်းသို့ တိုင်ကြားလိုက်သဖြင့် ရဲများက လာရောက်ဖမ်းဆီးသွားကြလေသည်။ သို့သော်လည်း ဒေါ်တင်မြ၏ တူဖြစ်သဖြင့် မိန်းမမျက်နှာကြောင့် အမှုကိုပိတ်သိမ်းပေးလိုက်၍ လွတ်လာခဲ့လေသည်။ သို့သော်လည်း ဦးခင်မောင်ထံတွင် သူရင်းငှားလုပ်ကိုင်ခွင့် မရှိတော့သည့်အပြင် ရွာထဲ၌လည်း သူခိုး ဟူသည့် နာမည်ကိုပါ
ရခဲ့ပြန်သဖြင့် ဦးခင်မောင်အပေါ်တွင် မကျေမနပ်ဖြစ်ကာ
“ဟင်းဟင်း… ပိုက်ဆံချမ်းသာတယ်ဆိုပြီး ငါ့ကို အနိုင်ကျင့်တဲ့လူ ငါ့အကြောင်း သိစေရမယ်ဟေ့”
ဟု ကြုံးဝါးကာ အငြိုးထားလေတော့၏။
****************
ထိုအဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့ပြီး တစ်လခန့်မျှကြာသောအခါတွင် ဦးခင်မောင်နှင့် ဒေါ်တင်မြတို့မှာ ကျန်းမာရေး ညံ့ဖျင်းလာလေသည်။ မကြာခဏ ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်းများ ဖြစ်လေသဖြင့် ရွာထဲရှိ ကျန်းမာရေးဆေးခန်းသို့ နေ့စဥ်လိုလို သွားရောက်ကုသကြရသည်။ ထို့အပြင် ယခင်က လက်မလည်အောင် ရောင်းချခဲ့ရသည့် ကုန်စုံဆိုင်ကြီးမှာလည်း ဝယ်သူ သိပ်မရှိတော့ချေ။ ထို့ကြောင့် စီးပွားရေးလည်း ကျဆင်းလာခဲ့လေသည်။ အဖြစ်အပျက်များက ထိုမျှနှင့် ရပ်တန့်မသွားပဲ
ဦးခင်မောင် ပိုင်ဆိုင်သည့် လယ်များမှာ ပိုးများကျကုန်၍ စပါးမထွက်တော့ပဲ အရှုံးကြီး ရှုံးရပြန်လေ၏။ ကျန်းမာရေးကလည်း ပြန်လည်ကောင်းမွန်လာခြင်းမရှိပဲ တစ်နေ့တခြား ပို၍ဆိုးလာလေသည်။ ထိုအခါတွင် အသိမိတ်ဆွေများက ဦးခင်မောင်တို့မိသားစု ယခုကဲ့သို့ စီးပွားရေး၊ ကျန်းမာရေးများ ညံ့ဖျင်းလာရသည်မှာ သွေးရိုးသားရိုး မဟုတ်ပဲ
မနာလိုသူများမှ မကောင်းသည့် အတတ်ပညာများဖြင့် တိုက်ခိုက်ထားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြောဆိုကြပြီး အထက်လမ်းဆရာများဖြင့် ကုသရန် အကြံဉာဏ်ပေးကြသည်။ ထို့ကြောင့် ဦးခင်မောင်လည်း ရွာနီးချုပ်စပ်မှ အထက်လမ်းဆရာများကို ခေါ်၍ ကုသသော်လည်း ထိုဆရာများမှ စမ်းသပ်စစ်ဆေးပြီး ဦးခင်မောင်တို့ မိသားစုတွင် မကောင်းသည့် အတတ်ပညာများဖြင့် တိုက်ခိုက်ခံထားရခြင်း မရှိဟုဆိုကာ ပြန်သွားကြလေသည်။ ထို့ကြောင့်
ဦးခင်မောင်မှာ မည်သို့လုပ်ဆောင်ရမည်ကို မသိတော့ပဲ ဖြစ်နေရလေ၏။
ထိုအချိန်တွင် ဘေးရွာသို့ ရောက်ရှိနေသည့် အထက်လမ်းဆရာကြီးမှာ ပယောဂကုသရာတွင် အလွန်အစွမ်းထက်ကြောင်း ကြားသိရသဖြင့် ထိုဆရာကြီးထံသို့သွား၍ အကြောင်းစုံကို ပြောပြပြီး ကုသပေးပါရန် ပင့်ဆောင်ခဲ့လေသည်။
ထိုဆရာကြီးမှာ ဦးထွန်းမြင့်ဖြစ်ပြီး အသက်ငါးဆယ်ကျော်ခန့် ရှိ၍ နယ်လှည့်ကာ အထက်လမ်းပညာဖြင့် ခုနစ်ရက်သားသမီးများကို ကယ်တင်ကုသပေးနေသည့် ဆရာတစ်ဦးဖြစ်လေသည်။
ဆရာကြီးဦးထွန်းမြင့်လည်း ပယောဂကုသပေးရန် ဦးခင်မောင်၏ နေအိမ်သို့ လိုက်လာခဲ့သည်။ အိမ်သို့ရောက်သောအခါတွင် ဆရာကြီးဦးထွန်းမြင့်လည်း ဘုရားရှင်အား ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဘုရားရှိခိုးသည်။ ပြီးသောအခါတွင် စတင်၍ ကုသလေတော့၏။ ဦးခင်မောင်နှင့် ဇနီးဖြစ်သူ ဒေါ်တင်မြတို့အား အမျိုးမျိုးစစ်ဆေးကြည့်သော်လည်း စုန်းတိုက်၊ နတ်တိုက်၊ အောက်လမ်းတိုက် စသည့် ပယောဂလက္ခဏာများကို မတွေ့ရချေ။ ထို့ကြောင့် ခေတ္တမျှစဥ်းစားလိုက်ပြီး
“အခု ဆရာကြီး စစ်ဆေးကြည့်တော့ ဦးခင်မောင်တို့ လင်မယားမှာ ပယောဂအတိုက်ကို မတွေ့ရဘူး။ ဒါပေမဲ့ ဆရာကြီးစိတ်ထဲမှာ ဦးခင်မောင်တို့ အခုလိုဖြစ်ပျက်နေရတာတွေက ပညာသည်တစ်ယောက်က တိုက်ခိုက်ထားတာကြောင့်လို့ သိနေတယ်။
ဒါကြောင့် အိမ်နဲ့ ခြံမြေကို စစ်ဆေးကြည့်ဦးမယ်။ ဆရာကြီးကို ကြက်ဖအရှင်တစ်ကောင်လောက်
ရှာပေးပါ”
“ဟုတ်ကဲ့ဆရာကြီး”
ခဏမျှကြာသောအခါတွင် ကြက်ဖကြီးတစ်ကောင် ဦးခင်မောင်မှ ယူဆောင်ပေးလေသည်။ ဆရာကြီးဦးထွန်းမြင့်လည်း ကြက်ဖကြီး၏ တစ်ကိုယ်လုံးကို နနွင်းမှုန့်များဖြင့် လိမ်းကျံလိုက်ပြီး ပါးစပ်မှ ဂါထာမန္တန်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုနေလေသည်။ ထို့နောက်
“ကိုင်း ငါ့သား မင်းကို နတ်သိုင်းနဲ့တကွ အာဏာများကို အပ်နှင်းလိုက်တယ်။ မသမာသူတို့ စီရင်မြှပ်နှံထားတဲ့ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့စတဲ့ ပစ္စည်းတွေကို တွေ့အောင်ရှာပေတော့”
ဟု ဆို၍ လက်တွင်းမှ လွှတ်လိုက်လေသည်။ ကြက်ဖကြီးမှာ အိမ်ခြံဝန်းအနှံ့သွားလာနေသဖြင့် ဆရာကြီးဦးထွန်းမြင့်နှင့် ဦးခင်မောင်တို့လည်း နောက်မှ မျက်ခြေမပြတ်ရန်လိုက်လံ ကြည့်ရှုကြသည်။ ကြက်ဖကြီးမှာ ထိုသို့သွားလာနေရင်းမှ
အိမ်အနောက်ဘက်တွင် ညရေးညတာ အပေါ့အပါးစွန့်ရန် ပြုလုပ်ထားသည့် နေရာသို့ ရောက်သောအခါတွင် တကွတ်ကွတ် အသံပေး၍ ခြေနှစ်ချောင်းဖြင့် ယက်လေ၏။
“ကွတ် ကွတ် ကွတ် ဖျော ဖျော ဝရော”
“ကဲ ဦးခင်မောင်ရေ ကြက်ဖကြီး ယက်တဲ့နေရာကို တူးကြည့်လိုက်ပါ”
ဆရာကြီးဦးထွန်းမြင့်မှ ပြောသဖြင့် ဦးခင်မောင်လည်း သူရင်းငှားတစ်ယောက်ကို တူးခိုင်းလိုက်သည်။
“ဒုတ် ဒုတ်..”
သူရင်းငှားမှာ တူးနေရင်းမှ မာကျောသည့်
အရာတစ်ခုကို တူရွင်းဖြင့် ထိုးမိသည့်အတွက်
လက်ဖြင့် ယက်၍ ဖော်လိုက်ရာ အဝတ်စုတ်ဖြင့် ပတ်ထားသည့် အထုပ်တစ်ထုပ်ကို တွေ့လိုက်ရသည်။
“အဝတ်စုတ်နဲ့ ပတ်ထားတဲ့ အထုပ်တစ်ထုပ်
တွေ့တယ် ဆရာကြီးရေ”
“ဟေ ဟုတ်လား။ ဆရာကြီးဆီကို ယူလာခဲ့”
သူရင်းငှားလည်း အထုတ်ကို ဆရာကြီးဦးထွန်းမြင့်ဆီသို့ ယူလာလေသည်။
“အဲဒီအထုပ်ကို ဖွင့်လိုက်ပါ”
ဆရာကြီးဦးထွန်းမြင့်မှ ခိုင်းလိုက်သဖြင့်
သူရင်းငှားမှ ဖြည်လိုက်ရာ ဦးခင်မောင်တို့မှာ ထိတ်လန့်တုန်လှုပ်သွားကြရပြီး အာမေဋိတ်သံများပင် ထွက်လာကြရလေ၏။
“ဟယ်..”
“ဟာ..”
“အို…”
အဝတ်ထုပ်ထဲမှ ထွက်လာသည့်အရာမှာ ညာဏ်တော်တစ်ထွာခန့်ရှိသည့် ဘုရားဆင်းတုတော်တစ်ဆူ ဖြစ်လေသည်။
“ယုတ်မာလိုက်တာ ဘုရားဆင်းတုတော်ကို သေးပေါက်ချောင်မှာ လာမြှုပ်ထားရတယ်လို့ကွာ။ အဝီစိ ချိုး(ဂျိုး)ကပ်မဲ့ ကောင်တွေပဲ”
“ဟုတ်ပါ့တော်”
ဆရာကြီးဦးထွန်းမြင့်လည်း ဘုရားဆင်းတုတော်ကို ယူ၍ လှည့်ပတ်ကြည့်ရှုလိုက်ရာ ဆင်းတုတော်၏ အောက်ခြေတွင် အပေါက်ငယ်တစ်ခုကို
တွေ့ရသဖြင့် လက်ဖြင့် အသာဆွဲထုတ်လိုက်ရာ အပေါက်ထဲမှ အင်းချပ်များထွက်လာလေသည်။
“တယ်လည်းယုတ်မာရက်စက်လှတဲ့ အတိုက်ပါလား။ ဒါကြောင့်လည်း တော်ရုံနဲ့ စစ်လို့မပေါ်တာကို”
“ဘာအတိုက်လဲဟင် ဆရာကြီး”
“ဒီအတိုက်ကို ဘုရားတိုက် လို့ခေါ်တယ်ကွဲ့”
“ဗျာ ဘုရားတိုက် ဟုတ်လားဆရာကြီး”
“ဟုတ်တယ်ကွဲ့။ အောက်လမ်းပညာသည်တွေရဲ့
အတိုက်အခိုက်ပညာမျိုးစုံထဲမှာ အဆိုးဆုံးနဲ့အကုသိုလ်အများဆုံး အတိုက်ကိုပြောပါဆိုရင် ဘုရားတိုက်လို့ ပြောရမှာပဲ။ ခွေးရှင်ပြုအတိုက်က အကုသိုလ်များပေမဲ့ ဘုရားတိုက်လောက်
မဆိုးသေးဘူး။ စုန်းတိုက်၊နတ်တိုက်၊ကဝေတိုက်၊အောက်လမ်းတိုက် အဲဒီအတိုက်တွေကလူတိုင်းကြားဖူးနေတဲ့ အတိုက်တွေဖြစ်ပေမဲ့ ဘုရားတိုက်ကိုတော့ သိတဲ့သူရှားတယ်။ စစ်လည်းမပေါ်နဲ့ တော်တော်လက်လွန်တော့မှသာ ပေါ်တတ်တဲ့
အတိုက်မျိုးပေါ့။ ဘယ်လိုတိုက်တာလဲဆိုရင်
မိမိကိုးကွယ်နေတဲ့ ဘုရားနဲ့ တိုက်ထားတာ။
တိုက်ချင်တဲ့ အိမ်ခြေရင်းဘက်မှာ၊ ယုတ်ညံ့တဲ့နေရာတွေမှာ ဘုရားပုံတွေမြုပ်ထားတာ၊ ကိုးကွယ်နေတဲ့ဘုရားရုပ်ထုထဲမှာ အင်းချပ်တွေမြုပ်ထားတာ၊ ဘုရားဆင်းတုတော်ထဲမှာ သင်္ချိုင်းမြေတွေ ထည့်ထားတာ၊ တိုက်လိုသူနဲ့ မတည့်တဲ့ ရန်ဘက်အသားတွေကို ဘုရားဆင်းတု ထုလုပ်ပြီး လက်ဆောင်ပေး ကိုးကွယ်ခိုင်းတာ စတဲ့တိုက်နည်းတွေနဲ့ တိုက်တာပဲ။ အဲဒီတိုက်နည်းက စစ်ရခက်တဲ့အတိုက်ပေါ့။ အရှေ့က ဘုရားကို အကာအကွယ်ယူထားတော့ တော်ရုံဆရာတွေ စစ်ရင်လည်းမပေါ်ဘူး။ ဘုရားတိုက်ကို အခုခေတ်မှာ တော်ရုံနဲ့ မလုပ်ကြဘူး။ အတိုက်ခံရသူလည်း စီးပွားရေး၊ ကျန်းမာရေးတွေ ညံ့ဖျင်းလာပြီး တဖြည်းဖြည်းနဲ့ သေမယ်။ တိုက်တဲ့အောက်လမ်းဆရာလည်း သေရင် ငရဲကနေ
မလွတ်မြောက်နိုင်တော့ဘူး”
“အမလေး ကြောက်စရာကောင်းလိုက်တာ။
ဘယ်သူကများ ကျွန်တော်တို့ကို တိုက်ခိုက်ရတာလဲ မသိဘူး”
“ကိုခင်မောင်တို့ကို မကျေနပ်တဲ့အောက်လမ်းပညာသည်တစ်ယောက်က လုပ်ထားတာပါ။ ဘယ်သူလဲဆိုတာ မသိချင်ပါနဲ့တော့။ ကိုခင်မောင်တို့အတွက် အကုသိုလ်များရုံကလွဲပြီး အကျိုးမရှိပါဘူး။ မကြာခင်မှာပဲ သူ့အကုသိုလ်က သူ့ကို ပြန်ပြီးအကျိုးပေးပါလိမ့်မယ်။ ဒီအင်းချပ်တွေကို ဆရာကြီး ဖျက်ဆီးပစ်လိုက်ရင် သူ့ရဲ့ပညာစက်တွေလည်း မရှိတော့ပါဘူး”
ဆရာကြီးဦးထွန်းမြင့်လည်း အင်းချပ်များကို ယူ၍ ဂါထာတစ်ပုဒ်ကို တီးတိုးရွတ်ဆိုလိုက်ပြီးလျှင်
မီးရှို့ဖျက်ဆီးလိုက်သည်။
“ကဲ ကိုခင်မောင်ရေ ဒီပြာတွေကိုယူပြီး မြစ်ထဲကို စွန့်ပစ်လိုက်ပါ။ ဘုရားဆင်းတုတော်ကိုတော့ တရော်ကင်ပွန်းနဲ့ ရေသပ္ပါယ်ပြီး ဘုန်းကြီးကျောင်းကို လှူလိုက်ပါ။ ကိုခင်မောင်တို့မိသားစုနဲ့ အိမ်ခြံမြေမှာပါ မကောင်းတဲ့ အတိုက်အခိုက် အမှောင့်ပယောဂတွေ မရှိတော့ပါဘူး”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာကြီး။ ကျွန်တော်တို့မိသားစုကို ကယ်တင်ကုသပေးတဲ့အတွက် ဆရာကြီးကို တတ်နိုင်သမျှ ကန်တော့ပါရစေ”
ဦးခင်မောင်နှင့် ဒေါ်တင်မြတို့လည်း ဆရာကြီး
ဦးထွန်းမြင့်အား ငွေကြေးအချို့ကို ပေးအပ်ပြီး ကန်တော့ကြလေသည်။
“သာဓု သာဓု သာဓု။ ကျန်းမာ ချမ်းသာကြပါစေကွယ်”
ဆရာကြီးဦးထွန်းမြင့်လည်း ဦးခင်မောင်၏
နေအိမ်မှ သူတည်းခိုနေထိုင်သည့်ရွာသို့ ပြန်သွားလေတော့သည်။ နောက်ရက်မှစ၍ ဦးခင်မောင်နှင့် ဒေါ်တင်မြတို့မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ကြပြီး ကုန်စုံဆိုင်ကြီးမှာလည်း ဝယ်သူများ
ပြန်လည်၍ စည်ကားလာခဲ့လေတော့၏။
**************
ထိုသို့ ဆရာကြီးဦးထွန်းမြင့်မှ ဦးခင်မောင်တို့အား ကုသပေးခဲ့ပြီး တစ်လခန့်ကြာသောအခါတွင်
ကိုထွန်းလင်း၏ ခန္ဓာကိုယ်တွင် အနာများပေါက်လာလေသည်။ ဆေးဝါးများဖြင့် ကုသသော်လည်း ပျောက်ကင်းမသွားပဲ ပို၍ဆိုးလာလေသည်။
အနာလေးများမှ အနာကြီးများဖြစ်လာပြီး သွေးပုတ်၊ ပြည်ပုတ်များဖြင့် နံစော်ကာ အလွန်ပင်
ရွံရှာဖွယ်ကောင်းလှသဖြင့် မိသားစုများကပင် ငြိုငြင်လာလေသည်။ ထို့ကြောင့် အိမ်ပေါ်တွင်
မထားကြတော့ပဲ အိမ်နောက်ဖေးရှိ ထင်းတဲထဲသို့ ပြောင်းရွှေ့ထားလိုက်ကြသည်။ ထိုသို့ဖြင့် နှစ်လခန့် ဒုက္ခဝေဒနာခံစားခဲ့ရပြီး တစ်ညတွင် မိသားစုများ အိပ်ပျော်နေချိန်တွင် အသံနက်ကြီးဖြင့် ထ၍အော်လေသည်။
“မလိုက်ဖူး မလိုက်ဖူး။ အား…မလာနဲ့ ခွေးကြီးတွေ ကြောက်ပါပြီ။ အမလေး မီးတွေ ပူတယ် ကယ်ကြပါဦး အား…”
ကိုထွန်းလင်း၏ အော်သံကြောင့် မိသားစုများ
နိုးလာကြပြီး သွားရောက်ကြည့်ရှုကြချိန်တွင်
ကိုထွန်းလင်းမှာ အသက်မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနာများမှာလည်း လောက်များပင် တွယ်နေကြပြီး မခံနိုင်အောင် ပုတ်စော်နံလှသဖြင့် ညတွင်းချင်းပင် ဖျာဖြင့်ပတ်၍ သင်္ချိုင်းကုန်းသို့ ပို့လိုက်ရလေသည်။ ရွာထဲမှ လူများကတော့
ကိုထွန်းလင်းမှာ အောက်လမ်းပညာဖြင့် ဦးခင်မောင်တို့မိသားစုအား ဘုရားတိုက် တိုက်ခဲ့သဖြင့် ဘုရားစူးရခြင်းဖြစ်ပြီး သေခါနီးတွင် သူသွားရမည့် ငရဲမှ ပုဗ္ဗနိမိတ်ထင်လာပြီး ငရဲခွေးကြီးများနှင့် ငရဲထိန်းများမှ လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ပြောဆိုနေကြလေတော့သည်။
*********
(စာဖတ်သူများ ဗဟုသုတ ရစေရန်သာ ရည်ရွယ်ပါသည်။ စာထဲတွင်ပါသည့် ဘုရားတိုက် ကိုစိတ်နဲ့ပင် မကြံစည်သင့်ပါ။ အင်မတန်မှ အပြစ်ကြီးလှပါသည်။)
ကိုဖြိုး(ကျိုက်လတ်)