ဖိုးကျော့


“ဟေ့ မြို့ကြီးပြကြီးတွေမှာ မီးသွေးတစ်ပိဿာ လေးငါးရာ ဖြစ်ကုန်ပြီတဲ့။ ဒီနှစ်မှာ တို့ လက်မည်းကြီးတွေ ရွှေကိုင်ကြရတော့မယ်ဗျို့”

သိန်းအောင် အာကျယ်ကြီးသည် သူကြားခဲ့သော သတင်းကို ရွာရိုးကိုးပေါက် လျှောက်အော်သွားသည်။

သူကြားခဲ့သော သတင်းစကားမှာ အမှန်ပင်ဖြစ်သည်။

မကြာမီမှာပင် သူတို့မြို့ငယ်လေးက မီးသွေးကုန်သည်များ၊ မီးသွေးပွဲရုံလုပ်သူများသည် ရွာစဉ်လျှောက်၍ ဆွေမျိုးသားချင်း တော်စပ်သူများကိုကြိုတင်စရန်ငွေပင် လာပေးနေကြ၏။

မီးသွေးကောက်မည့်သူ၊ မီးသွေးဖိုတွေကို ကြိုတင်ချုပ်မည့်သူတွေလည်း ရောက်လာကြပြန်သည်။

ထို့ကြောင့်လည်း မီးသွေးဖုတ်သူများမှာ သက်ဆိုင်ရာ တောခေါင်း၊ ချောင်းခေါင်းမှတစ်ဆင့် မီးသွေးဖုတ်ခွင့်ရရန် သူ့ထက်ငါဦး ခွင့်ပြုချက် ယူကြရသည်။

ဒေသခံများအတွက် အိမ်သုံး၊ ယာသုံး ခွင့်ပြုထားသော “အပတော” များကို လိုင်စင်ယူကြရသည်။

အထူးသဖြင့် သစ်မာ၊ သစ်ကောင်းများနှင့် ဆက်စပ်နေသော “အပတော” များကို ပို၍ လက်ဦးမှုရယူကြ၏။ ထိုသို့ လက်ဦးအောင်လုပ်ကြရခြင်းမှာ “အပတော” ကို အကြောင်းပြုပြီး မီးသွေးကောင်းရနိုင်သော သစ်တောကြီးများထဲက သစ်မာများကို ဥပဒေလွတ် ခိုးခုတ်မီးသွေးဖုတ်နိုင်ကြရန်ဖြစ် သည်။

ထို့ကြောင့် ခအောင်းကုန်းရွာက ဦးသာဗြဲကြီးတို့အဖွဲ့သည် မီးသွေးဖုတ်ရန် တောတက်လာကြ၏။ လှည်းသုံးစီးတွင် ရိက္ခာပို့သမားသုံးယောက် အပါအဝင် လူကိုးယောက် ပါ၏။ သူတို့မှာ မီးသွေးဖုတ်ရင်းနှင့် တောထဲ တောင်ထဲတွင် နှစ်လ၊ သုံးလ ရွာမပြန်ပဲ နေကြရသူများဖြစ်ရာ မီးသွေးဖုတ်ရာတွင် အသုံးပြုသောလွှ၊ တူးရွင်း၊ ဓား၊ ပဲခွပ်၊ ပုဆိန်တို့ အပါအဝင် လက်နက်ကိရိယာများနှင့် စားအိုးစားခွက်တို့ကိုလည်း ယူလာခဲ့ကြရသည်။

ရှေ့ဆုံးက သွားနေသော လှည်းပေါ်တွင် သိန်းအောင်၊ ရွှေမော်နှင့် ကြည်ဝင်းတို့ ပါသွားကြသည်။ ဒုတိယလှည်းမှာ မောင်သိုက်၊ လှဝင်းနှင့် ထွန်းဆောင်တို့ဖြစ်ကြသည်။ တတိယလှည်းတွင် ဦးသာဗြဲကြီး၊ ကျော်စိန်နှင့် တင်ဆိုင်တို့ လိုက်ပါလာကြသည်။

မနက် ကြက်ဦးတွန်စကပင် ရွာက ထွက်လာကြသော သူတို့အဖွဲ့သည် နေထွက်တပြူ၌ ဒေါင်းရန်ချောင်းကို ရောက်လာကြ၏။

ဒေါင်းရန်ချောင်းမှာ အနောက်ရိုးမက မြစ်ဖျားခံ စီးဆင်းလာသော ချောင်းဖြစ်သော်လည်း နွေလတွင် ချောင်းအပြည့် ရေမရှိပေ။ ချောင်း အထက်အောက် တစ်လျှောက်လုံးတွင် ရေအိုင်၊ ရေခွက်တွေသာ တင်ကျန်နေ၏။ သူတို့လှည်း သုံးစီးစလုံး ခဏ လှည်းဖြုတ်ပြီး နွားကို ရေတိုက်ကြသည်။ နွားများ ရေသောက်ပြီးသည်နှင့် တောပြန်တက်ကြသည်။

ကြက်ဦးတွန်စကပင်ရွာကထွက်လာကြသော သူတို့မှာနေမွန်းမတိမ်းမီ မီးသွေးဖုတ်ကြရမည့် တောနက်ထဲ ရောက်လာကြ၏။

ထိုအခါ မနက်ကပင် ချက်ပြုတ်ယူလာကြသော ထမင်း ဟင်းများကိုစုဝိုင်းစားကြပြီး ရိက္ခာပို့သူများ ကို နေမဝင်မီ ရွာပြန်ရောက်အောင် လှည်းသုံးစီးနှင့် လူသုံးယောက်ကို ပြန်လွှတ်လိုက်ကြ၏။

ဦးသာဗြဲကြီး အပါအဝင် ကျန်လူခြောက်ယောက်မှာ သူတို့ နှစ်လ၊ သုံးလ စခန်းချနေကြရမည့် တဲကို မိုးမချုပ်မီ အပြီးထိုးကြ၊ အကာအရန်လည်း လုပ် ကြရ၏။

သူတို့ရောက်နေသော တောနက်မှာ လူကို အန္တရာယ်ပြုတတ်သော ကျား၊ ဆင်၊ ဝံနှင့် ချေ(ဂျီ)၊ ဆတ်၊ ဝက်၊ စိုင်ကောင်များလည်းရှိသည်။ ထို့ကြောင့်လည်း သူတို့နေရန် တဲကို မိုးမချုပ်မီ အပြီးထိုးကြရခြင်း ဖြစ်သည်။

သူတို့မှာ နောက်တစ်နေ့လည်း မီးသွေးဖုတ်ရန် မီးသွေးဖိုကို တည်ဆောက်ကြရပေဦးမည်။

X X X X X

ဦးသာဗြဲကြီးနှင့် သူတို့အားလုံး တည်ဆောက်နေကြသောမီးသွေးဖိုမှာ “မြေတိုက်” ခေါ်သော မီးသွေးဖိုဖြစ်သည်။ မြေတိုက်မီးသွေးဖိုကို မြေပေါ်၌ တည်ဆောက်လုပ်ကိုင်ခြင်းကြောင့် “မြေတိုက်ဖုတ်နည်း” ဟုလည်း ခေါ်၏။

မီးသွေးဖုတ်လုပ်ခြင်းကို မြန်မာနိုင်ငံ တစ်နံတစ်လျား၌ ဖုတ်လုပ်ကြ၍ တစ်နေရာနှင့် တစ်နေရာ မတူကြချေ။

“တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း” ဆိုသလို ကိုယ့်နည်းနှင့်ကိုယ် လုပ်ကိုင်ကြသည်။ မည်သည့်နည်းနှင့် ဖုတ်ဖုတ် မီးသွေးကောင်း၊ မကောင်းမှာ မီးသွေးဖုတ်သော ထင်းပေါ်တွင် မူတည်လေသည်။

အကောင်းဆုံးမီးသွေးထင်းမှာ ထောက်ကြံ့နှင့် ပျဉ်းကတိုးသားတို့ ဖြစ်သည်။ မီးသွေးဖုတ်၍ရသော ထင်းပင်များမှာ သန်း၊ ဒဟတ်၊ ထိန်၊ ရုံး၊ ရေမှိန်၊ မြောက်ချော၊ မြင်းဂ၊ မဒမ၊ မာလကာ၊ နပဲ၊ ပတ်မ၊ သပြေ၊ အင်တို့ကို အဓိက ရွေးချယ်၍ မီးသွေးဖုတ်ကြရသည်။

မီးသွေးဖုတ်ရာ၌ ဆီးဖြူသားကို အများဆုံး ရှောင်ကြရသည်။ ဆီးဖြူသားကို မီးသွေးဖုတ်မိလျှင် မီးသွေးဖြစ်သွားသော ဆီးဖြူသားမီးသွေးကို ဘယ်နေ
ရာသုံးသုံး ဖျတ်ခနဲ ဖျတ်ခနဲ မီးဖြတ် မီးပေါက်ပြီး ချက်ပြုတ်ရာတွင် ဒုက္ခပေးသလို မီးပူတိုက်ရာ၌လည်း ဖျတ်ခနဲ ဖျတ်ခနဲ မီးပွားလေးတွေ ထထပေါက်သဖြင့် အင်္ကျီ၊ လုံချည်တွေ မီးပေါက်တတ်လေသည်။

ထို့ကြောင့် မီးသွေးဖုတ်သူများသည် ဆီးဖြူသားကို အထူးရှောင်ကြ၏။

သူတို့ပြုလုပ်နေကြသော မြေတိုက်မီးသွေးဖို၏ အရှည်ပေအလျားမှာ ပေ(၄၀)ခန့်ရှိ၏။ အနံမှာ ဖုတ်သစ်(၉)ပေရှိသည်။ အမြင့်မှာ (၈)ပေရှိ၏။

ထို့ကြောင့် မောင်သိုက်က မီးသွေးဖိုပေါ် တစ်ချက်မော့ကြည့်၍-

“ဦးကြီးဗြဲ ဖုတ်သစ်တွေကို ကုန်းပေါင်ထိုးပြီး တင်ရလိမ့်မယ်”

ဟု ပြောလိုက်၏။

“အေး- ဟုတ်တာပဲ”

ဦးသာဗြဲကြီးက မောင်သိုက်ကို တစ်ချက်လှမ်းကြည့်ပြီး –

“ကုန်းပေါင်ပေါ်ကတစ်ဆင့် ဖုတ်သစ်တွေကို လှိမ့်တင်ကြကွာ။ ဟေ့ ကျော်စိန်တို့ ငသိန်းကြီးတို့ ဝိုင်းကူကြလေကွာ။ ထွန်းအောင် မင်းက တောင့်ထားနော်။ လိမ့်မယ် … လိမ့်မယ်၊ ဖြည်းဖြည်း … ဖြည်းဖြည်း… ဖြည်း”

ထွန်းအောင်နှင့် ရွှေမော်တို့က ထိပ်ဝတောင်ဆုပ်ခန့်ရှိသော ဖုတ်သစ်လုံးကြီးကို အစွန်းတစ်ဖက်စီကိုင်၍ ကုန်းပေါင်ပေါ်မှတစ်ဆင့် မီးသွေးထင်းပုံပေါ်သို့ရောက်အောင် တွန်းတင်နေကြသည်။

“ကိုင် – တွန်းဟ … တွန်းဟ။ သတိလည်း ထားကြ။ အေး … ဟုတ်ပြီ။ နောက်တစ်လုံးတင်”

ဦးသာဗြဲကြီးသည် လူငယ်များ တွန်းတင်ပေးသော သစ်လုံးများကို သစ်ပုံပေါ်၌ နေရာတကျစီတင်ရသည်။

“တို့ဖိုက အလျား ပေလေးဆယ်၊ အနံက ကိုးပေဆိုတော့ ရန်တိုင်တစ်ခုစီရဲ့ အကွာအဝေးကတော့ ဆယ်ပေလောက်မှန်းပြီး စိုက်ကြတာပေါ့ကွာ။ ကဲ လုပ်ကြဟေ့ … လုပ်ကြ”

သည်လိုနှင့် ရက်ဆက်လုပ်လိုက်ကြရာ ပထမအသုတ် မီးသွေးဖိုသုံးဖိုစလုံး ပြီးစီးသွား၏။ ပထမအသုတ်ထဲက ပထမမီးဖိုကိုလည်း မီးတင်ထားကြပြီ။

ထို့ကြောင့် ဦးသာဗြဲကြီးနှင့် လက်ထောက်နှစ်တို့သည် မီးအခြေအနေကို စောင့်ကြည့်လေ့လာနေကြစဉ် သိန်းအောင်နှင့် ရွှေမော်တို့သည် နံနက်စာ စားပြီးကတည်းက စမ်းချောင်းဖျားကို ခရုရရ၊ ကဏန်းရရ၊ ဖားရရ၊ ငါးရရ ညနေစာဟင်းလျာရှာရန် စခန်းတဲကထွက်လာကြလေသည်။

X X X X X

နေမွန်းစောင်းကြီးလောက်တွင် ရွှေမော် အူးယားဖားယားနှင့် စခန်းသို့ ပြေးချလာသည်။ ခရီးရောက်မဆိုင်းမောဟိုက်သံကြီးနှင့်-

“စခန်းရှိလူတွေကို ကိုသိန်းကြီးက ဓား လှံ ယူပြီး မြန်မြန်လိုက်လာခဲ့ကြတဲ့”

ရွှေမော်၏စကားက စခန်းရှိလူတွေကို အံ့ဩတကြီး အထိတ်တလန့် ဖြစ်သွားစေသည်။

“ဟင် ဘာတဲ့လဲကွ ရွှေမော်။ သိန်းအောင်ကြီး ဘာဖြစ်လို့လဲ”

သိန်းအောင်ကြီးကို ဝက်ပက်ထားပြီးလား၊ ဝံကုတ်သွားတာလားဟု စိုးရွံ့စိတ်နှင့် ကမန်းကတန်း တစ်ယောက်က မေး၏။

“ဆတ်၊ ဆတ်ဖားကြီးနှစ်ကောင် တာလုခတ်နေကြတာ ကြာလှပြီ။ နှစ်ကောင်စလုံး ပါးစပ်က အမြှုပ်တွေတောင် ထွက်ကုန်ကြပြီ။ အဲဒါ ရေထဲဆင်းရင် ဝိုင်းခုတ်ကြရအောင် အမြန်လိုက်လာခဲ့ကြပါ ပြောခိုင်းလိုက်လို့ ပြေးလာပြောရတာ။ လုပ်ကြစမ်းပါဗျ – မြန်မြန်”

ဤမျှဆိုလျှင် အားလုံး သဘောပေါက်သွားကြပြီ။

ဆတ်ဖားကြီးများ တာလုကြပြီးဆိုလျှင် တစ်ကောင်နှင့်တစ်ကောင် အရှုံးပေး၍ မပြေးမချင်း အသေအလဲ ဝှေ့ခတ်တိုက်ခိုက်ကြ၏။ မောလာလျှင် ရေထဲဆင်းပြီး ရေစိမ်ကြသည်။ ရေစိမ်ရင်း ရေထဲ၌လည်း တစ်ကောင်နှင့် တစ်ကောင် ဝှေ့ခတ်ကြပြန်သည်။ယခု ပါးစပ်ကပင် အမြှုပ်ထွက်နေကြပြီဆိုလျှင်မကြာမီ ရေစိမ်ရန် ရေအိုင်ထဲ ဆင်းကြတော့မည်။

ထိုအခါ ရေထဲတွင် ရုတ်တရက် ကုန်းပေါ်ပြန်တက်မပြေးနိုင်သော ဆတ်ဖားကြီးနှစ်ကောင်ကို သူတို့က ထိုးခုတ်သတ်ဖြတ်ကြရမည်။

ထို့ကြောင့် ကျော်စိန်၊ မောင်သိုက်၊ တင်ဆောင်တို့မှာ ချက်ချင်း ဓားလှံဆွဲ၍ အခေါ်လာသူ ရွှေမော်နှင့် သိန်းအောင်ကြီးရှိရာသို့ အပြေးလိုက်လာကြရသည်။

တဲစောင့် ဖိုစောင့်အဖြစ် ဦးသာဗြဲကြီးနှင့် တင်ဆိုင်၊ လှဝင်းတို့ကို ထားပစ်ခဲ့ကြ၏။

အသံတိတ်ပြေးလိုက်လာကြသော သူတို့သည် မကြာမီ ရွှေမော် လမ်းပြနှင့် ဆတ်ဖားကြီးနှစ်ကောင် တာလုဝှေ့ခတ်နေကြရာသို့ ရောက်လာကြသည်။ ထိုမှတစ်ခါ သိန်းအောင်ကြီး ချောင်းကြည့်နေရာတွင် အသံတိတ် လူစုမိကြသည်။

သူနိုင်ကိုယ်နိုင် ဝှေ့ခတ်နေကြသော ဆတ်ဖားကြီးနှစ်ကောင်မှာ စမ်းချောင်းဘေး မြက်စိမ်းသောင်စတွင်ဖြစ်ပြီး သိန်းအောင်ကြီးတို့လူစု ချောင်းကြည့်နေကြသော နေရာမှာ စမ်းချောင်းအထက်ဘက်ရှိ သစ်တောထဲတွင် ဖြစ်၏။ ထို့ကြောင့် ဆတ်ဖားကြီးနှစ်ကောင်ကို ရှင်းရှင်းလင်းလင်း မြင်နေကြသည်။

“တင်ဆောင် ဒီကောင်နှစ်ကောင် ဘယ်အချိန်ကပင် တာလုဝှေ့ခတ်နေကြလဲ မသိဘူးကွ။ ငါနဲ့ ရွှေမော်ကချိုချင်းရိုက် ခေါင်းတိုက်ကြသံ ကြားလို့ သွားချောင်းကြည့်ကြတာ ဆတ်ဖားကြီးနှစ်ကောင် ဖြစ်နေတယ်။

ချိုချင်းရိုက်၊ ခေါင်းချင်းပစ်ကြသံ ကြားစတုန်းကပြောင်နှစ်ကောင်လားတောင် ထင်လိုက်ကြရတာ။ အနားရောက်မှ ဆတ်ဖားကြီးနှစ်ကောင်မှန်း သိရတော့တယ်။ အဲဒါကြောင့် မင်းတို့ကို အခေါ်လွှတ်ရတာ။ ခု တွေ့လား မောလွန်းလို့ ပါးစပ်ကတောင် အမြှုပ်ထွက်နေကြပြီ။

မကြာခင် ရေထဲ ဆင်းကြလိမ့်မယ်။ အဲဒီ့အခါကျမှ တို့လည်း ရေထဲပြေးဆင်းပြီး ထိုးခုတ်သယ်ယူကြရုံပဲ။ ခု မင်းတို့အားလုံး ငြိမ်ငြိမ်လေး ကြည့်နေကြဦး။ နှစ်ကောင်စလုံး ရေထဲဆင်းပြီး ရေထဲမှာလည်း တစ်ကောင်နဲ့ တစ်ကောင် ဝှေ့ခတ်ကြမယ့်အချိန်ကို စောင့်ကြမယ်”

သိန်းအောင်ကြီးက တင်ဆောင်နှင့်တကွ သူ့လူတွေအားလုံးကို ရှည်ရှည်လျားလျား တီးတိုးပြော၍ သူ့အတွေ့အကြုံနှင့် သူ့စီမံကိန်းကို ရှင်းပြနေသည်။

သိန်းအောင်ကြီး ပြောသည်မှာ အမှန်ပင်ဖြစ်သည်။

တစ်နေ့လုံး ဝှေ့ခတ်နေကြသော ဆတ်ဖားကြီးနှစ်ကောင်မှာ ဒဏ်ရာ ဒဏ်ချက်တွေနှင့် မောဟိုက်နေကြပြီ။ တစ်ချက်တစ်ချက်တွင် တစ်ကောင် လည်ပင်းပေါ် တစ်ကောင်လည်ပင်း တင်၍ အမောဖြေ ခဏငြိမ်နေကြသည်လည်း ရှိ၏။

သို့သော် မကြာမီမှာပင် သတိရပြီး တစ်ကောင်နှင့်တစ်ကောင် သဲကြီးမဲကြီး ဝှေ့ခတ်ကြပြန်၏။

သူတို့အားလုံး တိုးတိုးတိတ်တိတ်စောင့်ကြည့်နေကြစဉ် ကွမ်းတစ်ယာညက်ပင် မကြာ၊ ချိုရင်းမှ သွေးထွက်လာသော ဆတ်ဖားကြီးသည် ယိုင်တိယိုင်တိုင်နှင့် စမ်းထဲက ရေအိုင်ထဲ ဆင်းသွား၏။

ထိုအခါ နောက်တစ်ကောင်ကလည်း ယိုင်နဲ့ယိုင်နဲ့နှင့် ရှေ့ဆတ်ဖားကြီးနောက် ဆင်းလိုက်သွားသည်။ နှစ်ကောင်စလုံးမှာ အားကုန်နေကြပြီးဖြစ်သဖြင့် ပြေးလည်း မပြေးနိုင်ကြတော့။ ရေထဲရောက်သည်နှင့် နှစ်ကောင်စလုံးမှာ သူတို့ကိုယ်လုံးကြီးကို ရေထဲလူးလိမ့်နှစ်ပစ်လိုက်ကြ၏။

တစ်ကောင်နှင့်တစ်ကောင်ပင် ဂရုမစိုက်ကြတော့သလို ခဏငြိမ်နေကြ၏။

သို့သော် မကြာပါချေ။ ရေထဲတွင် မတ်မတ်ရပ်လိုက်ကြပြီး တစ်ကောင်နှင့်တစ်ကောင် စိမ်းစိမ်းကြီးကြည့်ကာ ရေထဲတွင် ဝှေ့ခတ်နေကြပြန်သည်။ ရေအနက်မှာ ဆတ်ကြီးနှစ်ကောင်၏ ပေါင်ရင်းနားထိ နစ်မြုပ်နေသည်။

ဝှေ့ခတ်နေကြရင်းက တစ်ကောင်သော ဆတ်ဖားကြီးမှာ ရေထဲတွင် ခလုတ်ကန်သင်း တိုက်မိ၍လား၊ ကျောက်ခဲ ကျောက်လုံးတွေကို နင်းမိ၍ လား၊ သဲကျွံ၍လားမသိ၊ ယိုင်သွားစဉ် နောက်တစ်ကောင်က ကိုယ်လုံးကို ဝင်အောင်းသည်။ သူ ဝင်အောင်းလိုက်သော ရန်သူတော်က ရေထဲ လဲကျသွားသလို၊ အောင်းလိုက်သောအကောင်မှာလည်း သူ့ကိုယ်လုံးကို သူ မထိန်းနိုင်သဖြင့် ရေထဲ ခေါင်းစိုက်ကျသွားပြန်သည်။

ထိုအချိန်မှာပင် ချက်ကောင်းကို စောင့်နေကြသော လူများထဲက သိန်းအောင်ကြီးအသံ ထွက်ပေါ် လာ၏။

“လာကြဟေ့- လာကြ … လာကြ။ နှစ်ကောင်စလုံးကို ဝိုင်းခုတ် ဝိုင်းထိုးကြကွ”

သိန်းအောင်ကြီးသည် ပြောပြောဆိုဆိုနှင့် ရေအိုင်ထဲ ပြေးဆင်းသွားကာ ရေထဲမှ အားယူထနေသော ဆတ်ဖားကြီးတစ်ကောင်၏ လည်ပင်းကို ခုတ်ချလိုက်သည်။

သူ့နောက်က ပြေးလိုက်လာကြသော ရွှေမော်၊ တင်ဆောင်၊ မောင်သိုက်၊ ကျော်စိန်တို့မှာလည်း သိန်းအောင်ကြီးလိုပင် နှစ်ကောင်စလုံးကို ဝိုင်းခုတ်ထိုးသတ်လိုက်ကြသည်။

စမ်းအိုင်ကြီးတစ်ခုလုံးမှာ ဆတ်ဖားကြီးနှစ်ကောင်၏ သွေးတွေနှင့် ချင်းချင်းနီသွားသည်။

သူတို့သည် ဆတ်ဖားကြီးနှစ်ကောင်ကို ခြေလက်တုပ်နှောင်ကာ ထမ်းချလာကြ၏။

ဤသည်ကိုလှမ်းကြည့်ပြီး ဦးသာဗြဲကြီးက-

“ဟ တို့လက်မည်းကြီးတွေ ဒီနှစ် ရွှေ့ကိုင်ရမှာက မီးသွေးမဟုတ်ပဲ ဆတ်သားခြောက်တွေပါလားကွယ်ရို”

ဟု အားရပါးရ အော်ဟစ်လိုက်လေသည်။

– ပြီး –

စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ