စုန်းမကြီးဒေါ်ပျင်းနှင့် မယ်တော်ပြိုင်ပွဲ
စာစဉ် (၁၀၂)

(၁)

ရာကူးမှာ မယ်တော်၏နန်းဆောင်အတွင်းသို့ဝင်ရောက်လာလေသည်။ မယ်တော်၏နန်းဆောင်မှာ လက်ခတ်သံများဖြင့်ဆူညံနေလေသည်။ မယ်တော်မှာ ရွှေသားအတိဖြင့်ပြုလုပ်ထားသည့် ရက်ကန်းခတ်စင်တစ်ခုတွင် ရွှေလွန်းပျံကိုတပ်ကာ ရက်ကန်းရက်နေသည်ကိုတွေ့ရလေသည်။

“ခင်ဗျားဘာလုပ်နေတာလဲမယ်တော်”

“မင်းမျက်လုံးကန်းနေလားရာကူးရဲ့၊ ငါဟာတစ်ချိန်က ရက်ကန်းခတ်တဲ့အတတ်မှာ တစ်ဖက်ကမ်းခတ်အောင်တတ်မြောက်တဲ့သူတစ်ယောက်ပဲ၊ မယ်တော်တာဝန်နဲ့အလုပ်တွေများနေတော့ ရက်ကန်းမခတ်ဖြစ်တာတောင် နှစ်ပေါင်းရာချီကြာသွားခဲ့ပြီ၊ မင်းရဲ့ကျေးဇူးနဲ့ အခုမှပဲအေးအေးလူလူရက်ကန်းပြန်ခတ်နိုင်တော့တယ်”

မယ်တော်ယမင်းက ရက်ကန်းစင်တွင်တင်ကာ ရက်လုပ်နေသည့် အဝတ်စတစ်စကို ဖြုတ်ယူလိုက်ကာ ရာကူးအားပြသလိုက်လေသည်။ ထိုအဝတ်စမှာ သက်တံရောင်ကဲ့သို့ ရောင်စုံအသွေးစုံသည့် အချိတ်ဆင်တစ်ခုဖြစ်ကာ ရောင်စဉ်ခုနစ်ပါးမှာ ထိုအဝတ်စအပေါ်တွင် တောက်ပလင်းလက်နေကြလေသည်။

“ဘယ်လိုလဲရာကူးရဲ့ ဒီအဆင်လှတယ်မဟုတ်လား”

ရာကူးက ပြုံးကာ

“လှပါ့ဗျာ၊ ဒါပေမယ့် ဒီပိတ်အုပ်ကို ခင်ဗျားကိုယ်တိုင်ရက်လုပ်ပြီး ခင်ဗျားကိုယ်တိုင်တောင် ဝတ်ရပါ့မလားပဲ”

“မင်းစကားက ဘာအဓိပ္ပါယ်လဲရာကူး”

ရာကူးက အိတ်အတွင်းမှ စာကလေးတစ်စောင်ကိုထုတ်ယူလိုက်ကာ မယ်တော်ထံသို့လှမ်းပေးလိုက်သည်။ မယ်တော်က စာအိတ်ကိုလှမ်းယူလိုက်ပြီး

“ဒါငါနဲ့ဘာဆိုင်သလဲ”

“မယ်ပျင်းက မယ်တော်နေရာကိုယှဉ်ပြိုင်ဖို့အတွက် မယ်တော်ယမင်းကို တရားဝင်စိန်ခေါ်တဲ့စာပဲ”

မယ်တော်ယမင်းမှာ အလွန်အံ့သြသွားလေသည်။ သို့နှင့်လက်ထဲမှစာကိုအမြန်ဖွင့်လိုက်ကာ ဖတ်ရှုကြည့်လိုက်လေသည်။ စာအားဖတ်ရှုပြီးသည့်နောက် မယ်တော်၏လက်များမှာ တဆတ်ဆတ်တုန်ယင်လာခဲ့သည်။ မယ်တော်၏မျက်နှာမှာလည်း သွေးဆုတ်သွားသကဲ့သို့ ဖြူဆုတ်သွားလေသည်။

“ဒင်းက နောက်ဆုံးတော့ ငါနဲ့ထိပ်တိုက်တွေ့ဖို့ဖြစ်လာပြီပေါ့၊ ဒင်းကိုလွှတ်ထားမိတာ ငါ့အမှားပဲ”

“အခုမယ်ပျင်းဆီမှာ မှော်ပြဒါးရှင်လုံးတစ်လုံးရထားတယ်လို့ ကျုပ်သတင်းရထားတယ်၊ အဲဒီပြဒါးရှင်လုံးရဲ့အစွမ်းက မြေလျှိုးမိုးပျံနိုင်တယ်ဆိုပဲ၊ မယ်ပျင်းမှာ နဂိုရှိထားတဲ့ အစွမ်းတွေနဲ့ စုပေါင်းလိုက်တဲ့အခါ ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုဖြစ်သွားမှာပဲနော်”

မယ်တော်မှာ လက်အတွင်းကိုင်ထားသည့်စာရွက်ကို ပြာကျအောင်ပြလုပ်လိုက်ရင်း တဟင်းဟင်းနှင့်ရယ်မောလိုက်ကာ

“ငါကတခြားလူမဟုတ်ပါဘူးရာကူးရဲ့၊ မယ်တော်ယမင်းပါ၊ ငါမယ်တော်လုပ်လာတဲ့သက်တမ်းတစ်လျှောက် ငါ့ကိုဘယ်သူမှ မနိုင်ဘူး၊ ဘယ်လိုစုန်းကဝေမျိုးကမှ ငါ့ရဲ့ပြိုင်ဘက်ဖြစ်မလာခဲ့ဘူး”

“အခုထိမရှိသေးတာပေါ့၊ ဒါပေမယ့် မယ်တော်က မယ်ပျင်းကိုရှုံးရင်လည်း ရှုံးနိမ့်သွားမှာပဲမဟုတ်လား”

ရာကူးပြောလိုက်သဖြင့် မယ်တော်က ဒေါသထွက်သွားကာ

“မင်းဘယ်သူ့ဘက်က လိုက်ပြောပေးနေတာလဲ ရာကူး”

“ကျုပ်တို့ကောင်စီကတော့ အရှေ့မယ်တော် ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ကျုပ်တို့က နိုင်မယ့်မြင်းကိုလောင်းမှာပဲ မယ်တော်”

“မင်းက မယ်ပျင်းနိုင်မယ်ထင်ပြီးတော့ ငါ့ကိုလာစိန်ခေါ်တာပေါ့လေ”

“ကျုပ်က စိန်ခေါ်တာမဟုတ်ပါဘူး၊ မယ်တော်ကို ကမ်းလှမ်းစရာတစ်ခုရှိလို့ လာခဲ့တာပါ”

မယ်တော်က ရာကူးပြောမည့်စကားကို နားထောင်နေမိသည်။

“တကယ်တော့ မယ်ပျင်း မယ်တော်ဖြစ်မှာကို ကျုပ်ကလည်း မလိုလားပါဘူး၊ မယ်တော်ကလည်း မယ်ပျင်းကိုအရှုံးပေးမယ့်လူမဟုတ်တော့ ကျုပ်တို့အချင်းချင်းပူးပေါင်းလိုက်ပြီး မယ်ပျင်းကိုရှင်းထုတ်ကြရင် ဘယ်နှယ့်လဲ”

မယ်တော်က မျက်မှောင်ကြုတ်လိုက်ကာ

“ဘာလဲရာကူး၊ မင်းက ငါ့ရဲ့အားနည်းချက်ကိုအသုံးချပြီးတော့ ငါ့ဆီကဘာတွေတောင်းပြီး ဘာတွေယူအုံးမလို့လဲကွ၊ ဒီတစ်ခါတော့ မင်းအထင်မှားသွားပြီရာကူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါက မယ်ပျင်းကိုဘယ်တော့မှ ရှုံးမယ့်လူမဟုတ်ဘူး၊ ဒါကြောင့် မင်းငါ့ကိုမယ်ပျင်းနဲ့လာပြီးခြိမ်းခြောက်လို့မရဘူး”

မယ်တော်ပြောလိုက်သဖြင့် ရာကူးမှာစိတ်ပျက်သွားမိသည်။

“မယ်ပျင်းဆိုတာ ငါငယ်ငယ်ကလေးတည်းက နိုင်ခဲ့တဲ့ငယ်နိုင်ပဲ၊ သူငါနဲ့ဘယ်လိုယှဉ်ယှဉ် ငါ့ကိုရှုံးနိမ့်ခဲ့တာချည်းပဲ၊ အခုတစ်ခေါက်လည်း သေချာပေါက် သူရှုံးမှာပဲ၊ ဒီတစ်ခေါက် လူပုံအလယ်မှာ လူသိရှင်ကြားရှုံးနိမ့်သွားရင်တော့ သူ့ကိုတစ်သက်လုံး မျက်နှာမဖော်ရဲအောင် လုပ်ပစ်ရမယ်”

“ဒါဆို ခင်ဗျားက တကယ်ပဲမယ်ပျင်းကိုနိုင်မယ်လို့ ယုံကြည်တယ်ပေါ့”

“မယ်ပျင်းကိုပြောလိုက်စမ်းပါ ရာကူးရဲ့၊ ကျောက်တုံးကို ကြက်ဥနဲ့မပေါက်ချင်စမ်းနဲ့လို့၊ ငါ့လို အရှေ့မယ်တော်ကြီးကို သူ့လိုဘာမဟုတ်တဲ့စုန်းအဆင့်လောက်နဲ့ ပုခုံးချင်းလာမယှဉ်ချင်စမ်းပါနဲ့လို့၊ အေး လာပြီးယှဉ်မယ်ဆိုရင်လည်း ကျောက်တုံးက ကွဲမလား ကြက်ဥက ကွဲမလားဆိုတာ တွေးကြည့်လိုက်စမ်းပါလို့ ပြောလိုက်”

ရာကူးမှာ ခေါင်းတဆတ်ဆတ်ညိတ်လျှက်

“ကျုပ်ကမ်းလှမ်းတာကို ခင်ဗျားလက်မခံတဲ့အတွက် စိတ်တော့မကောင်းပါဘူး၊ တကယ်လို့သာ ခင်ဗျားရှုံးသွားခဲ့တော့မှ ရာကူးရဲ့ကမ်းလှမ်းချက်ကို လက်မခံမိလို့ဆိုပြီး နောင်တမရပါစေနဲ့”

“မှတ်ထားရာကူး၊ ငါကဘယ်သူ့ကိုမှ မရှုံးဘူးကွ၊ ငါက အမြဲတမ်းနိုင်နေတဲ့လူပဲ”

“အနိုင်ဆိုတာရှိရင် အရှုံးဆိုတာကိုလည်း တစ်ချိန်ကျရင် တွေ့ကြုံရမှာပဲမယ်တော်၊ အဲဒီတစ်ချိန်က မယ်ပျင်းနဲ့ယှဉ်ပြိုင်တဲ့အချိန် မဖြစ်ပါစေနဲ့လို့ပဲ ကျုပ်ဆုတောင်းပေးပါတယ်၊ ခင်ဗျားကံကောင်းပါစေ”

ရာကူးက ပြောဆိုလိုက်ပြီးသည့်နောက် နန်းဆောင်အတွင်းမှ ပြန်လည်ထွက်ခွာသွားလေသည်။

(၂)

မယ်တော်နှင့်မယ်ပျင်း စိန်ခေါ်ယှဉ်ပြိုင်မည်ဆိုသည့် သတင်းမှာ မြိုင်သာမြို့စုန်းများအကြားတွင် ဟိုးလေးတကျော်ဖြစ်သွားလေသည်။ ပုံမှန်စိန်ခေါ် ပညာပြိုင်သည့်ပွဲမဟုတ်ဘဲ နိုင်မည့်သူက မယ်တော်ရာထူးကို ရရှိမည့်ပွဲဖြစ်သည်မို့ အလျော်အစားကြီးမားသည့် ပွဲတစ်ခုဖြစ်လေရာ မြို့သူမြို့သားများမှာ ထိုအကြောင်းကိုသာ တစ်နေကုန်ပြောဆိုနေကြလေသည်။

ယှဉ်ပြိုင်ကြမည့်လူနှစ်ဦးမှာလည်း လက်ရည်တူသဖွယ်ဖြစ်နေလေသည်။ အချို့ကမယ်တော်ယမင်းသာ အနိုင်ရလိမ့်မည်ဟု ထင်ကြေးပေးသလို အချို့ကလည်း မြိုင်သာဘုရင်မဘွဲ့ကို ခံယူထားကာ မြိုင်သာမြို့တွင်ထင်တိုင်းကျဲနေသည့် မယ်ပျင်းသာ အနိုင်ရလိမ့်မည်ဟု ထင်ကြေးပေးကြပြန်သည်။ ထိုအကြောင်းကို ဈေးများ၊ လက်ဖက်ရည်ဆိုင်များ ဘုံဆိုင်များတွင် ငြင်းခုံကြရာမှ အချို့မှာခိုက်ရန်ဖြစ်ပွားထိုးကြိတ်ကြသည်အထိပင် ပွဲအရှိန်က မြင့်မားလှပေသည်။

မောင်ဝိုင်းမှာ မယ်ပျင်းကျင့်စဉ်ကျင့်နေသည့် အခန်းအတွင်းသို့ဝင်လာခဲ့သည်။ မယ်ပျင်းမှာ ခုနစ်ရက်တိုင်တိုင်ကျင့်စဉ်များကြည့်ကာ စွမ်းအင်များဖြည့်တင်းနေသည်မို့ စွမ်းအားများပြည့်စုံကာ ကိုယ်ခန္ဓာမှ အခိုးအငွေ့များပင် တလူလူထွက်နေလေသည်။

“မြို့ထဲကလူတွေကတော့ ခင်ဗျားတို့ပညာပြိုင်ပွဲအတွက် သိပ်ပြီးအားတက်သရောဖြစ်နေကြပြီ”

“ကောင်စီက ဘယ်နေ့သတ်မှတ်ပေးလိုက်သလဲ”

“မနက်ဖြန်ညလို့သတ်မှတ်ပေးလိုက်တယ်၊ နေရာကတော့ မြိုင်သာမြို့ပြင်က နွားသိုးကွင်းလို့ခေါ်တဲ့ ကွင်းကြီးမှာလုပ်မယ်၊ အခု ကောင်စီက အဲဒီကွင်းကြီးကို ပြင်ဆင်မွမ်းမံနေပြီ”

“လူတွေရော လာကြမယ်မဟုတ်လား”

“တစ်မြို့လုံးက စုန်းတွေလာကြမယ်ထင်တာပဲ၊ မြိုင်သာမြို့ကတင်မကဘဲ အနီးအနားရွာက စုန်းတွေပါ အကုန်လာကြလိမ့်မယ်”

မယ်ပျင်းက တစ်ချက်ပြုံးလိုက်ကာ

“ကောင်းတယ်၊ ဒါမှ မယ်တော်ကိုငါအောင်နိုင်ခဲ့တယ်ဆိုတာ ဒင်းတို့အားလုံးမြင်တွေ့ကြရမှာ”

“ခင်ဗျားကိုယ်ခင်ဗျား နိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိတယ်မဟုတ်လားမယ်ပျင်း”

မောင်ဝိုင်းမေးလိုက်သည့်အခါ မယ်ပျင်းက ခေါင်းညိတ်လိုက်သည်။

“တကယ်လို့ ခင်ဗျားသာရှုံးခဲ့ရင်တော့ လူပုံအလယ်မှာ အရှက်ကွဲမယ့်လူက ခင်ဗျားပဲဖြစ်လိမ့်မယ်နော်”

“ပြိုင်တောင်မပြိုင်ရသေးဘူး ရှုံးနိမ့်မယ်ဆိုတဲ့စကားကို မပြောစမ်းပါနဲ့မောင်ဝိုင်းရယ်”

“ကျုပ်ကတော့ ဖြစ်လာနိုင်ချေရှိတဲ့အရာတွေအကုန်လုံးကို ထည့်တွေးထားရတာပဲ၊ တကယ်လို့ ခင်ဗျားရှုံးခဲ့မယ်ဆိုရင် ခင်ဗျားဘာလုပ်မလဲ မယ်ပျင်း”

မယ်ပျင်းမှာ တစ်ချက်တွေဝေသွားပြီး

“ငါကတော့ အရှက်ကွဲခံမှာမဟုတ်ဘူး”

“ခင်ဗျားတကယ်ဆုံးဖြတ်ပြီးပြီပေါ့”

“ဟုတ်တယ်မောင်ဝိုင်း၊ မယ်တော်ရဲ့လက်ထဲမှာ ငါအသေမခံနိုင်ဘူး၊ မယ်တော်က သနားလို့အသက်ရှင်ခွင့်ပေးလိုက်တယ်ဆိုတာကို ပိုလို့တောင်မခံနိုင်ဘူး၊ ဒါကြောင့် ငါရှုံးပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးလိုက်မယ်”

“သာစံကိုရော ဘယ်လိုလုပ်မလဲ”

“သာစံကလေးက အသက်ငယ်သေးတယ်ဆိုပေမယ့် သူ့ရဲ့အတွေးအခေါ်အယူအဆတွေက ရင့်ကျက်နေတဲ့လူကြီးတစ်ယောက်လိုပဲ၊ ငါမရှိလည်း သာစံတစ်ယောက် လူ့လောကမှာ ကောင်းကောင်းမွန်မွန်နေနိုင်မယ်လို့ ငါယုံကြည်တယ်”

မောင်ဝိုင်းက သက်ပြင်းချလိုက်ကာ

“ဘာပဲဖြစ်ဖြစ် ခင်ဗျားနိုင်မှာပါမယ်ပျင်း၊ ခင်ဗျားကိုကျုပ်မနှောင့်ယှက်တော့ဘူး၊ မနက်ဖြန်ည ပညာပြိုင်ပွဲအချိန်ရောက်ခါနီးမှ ခင်ဗျားကိုကျုပ်လာခေါ်မယ်”

မောင်ဝိုင်းမှာ အခန်းတံခါးပိတ်ကာ ထွက်ခွာသွားလေသည်။ ထိုအခါ မယ်ပျင်း၏ နှလုံးသားအတွင်းမှ ရယ်မောသံတစ်ခုကိုကြားလိုက်ရလေသည်။

“ရှင်သိပ်ပျော်နေသလား မယ်ပျော့”

“ပျော်တယ်၊ နောက်ဆုံးတော့ ငါနှစ်ပေါင်းရာနဲ့ချီပြီး စောင့်စားခဲ့ရတဲ့ မျှော်လင့်ချက်တစ်ခုက အထမြောက်တော့မယ်မဟုတ်လား”

“ဒီတစ်ခါတော့ ကျုပ်မယ်တော်ယမင်းကို ကြိမ်းသေနိုင်မှာပါ”

“ငါသိနေတယ် မယ်ပျင်းရေ၊ ဒါပေမယ့် မင်းနဲ့ငါနဲ့ကတိတည်ထားတာ တစ်ခုရှိတယ်မဟုတ်လား၊ မယ်တော်ကို မင်းက အနိုင်ယူရုံယူပေးပါ၊ သတ်ဖို့ကိုတော့ ငါ့တာဝန်ထား၊ ယမင်းကို ငါကိုယ်တိုင်သတ်မယ်”

“ပြီးရင်တော့ ကျုပ်တို့အတူတူသေကြတာပေါ့ ဟုတ်တယ်မဟုတ်လား မယ်ပျော့”

“အမှန်ပဲပေါ့၊ ငါလည်း အမှောင်လောကကြီးထဲကနေ လွတ်မြောက်ပြီး ငရဲပြည်ကိုသွားရမယ်၊ မင်းရဲ့အသက်ကိုလည်း ငါကဆက်ပေးထားတာဆိုတော့ ငါနဲ့အတူတူမင်းလည်းလိုက်ခဲ့ရမယ်”

မယ်ပျင်းမှာ တွေးတောရင်း မျက်ရည်တစ်စက်ကျသွားလေသည်။

မယ်တော်မှာလည်း နန်းဆောင်အတွင်း စွမ်းအင်ကျင့်စဉ်များကို ကျင့်ကြံနေလေသည်။ သို့သော် အတွင်းစိတ်ထဲတွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ဖူးသည့် စိတ်ပူပန်မှုများဖြစ်ပေါ်နေလေသည်။ ကျင့်စဉ်ကျင့်နေရင်း မျက်ခမ်းများမှာ တဆတ်ဆတ်တုန်ယင်လာသကဲ့သို့ မျက်ခုံးများလည်း လှုပ်ယမ်းနေသဖြင့် ကျင့်စဉ်အတွင်း စိတ်အာရုံစူးစိုက်၍ မရနိုင်ဘဲဖြစ်နေလေသည်။

မယ်တော်မှာ သလွန်ပေါ်မှထကာ နန်းဆောင်ကြီးအတွင်းဘက်ရှိ အခန်းထဲသို့ဝင်လာခဲ့သည်။ ထိုအခန်းထဲတွင် မယ်တော်စုဆောင်းထားသည့် မှော်ဝင်ပစ္စည်းမျိုးစုံရှိလေသည်။ ထိုအထဲမှ ဘဲဥပုံကြေးမုံမှန်ကြီးတစ်ခု၏အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ကြေးမုံကြီး၏ မျက်နှာပြင်ကို လက်နှင့်သုံးချက်ခေါက်လိုက်သည့်အခါ အထဲတွင် ပုဏ္ဏားကြီးတစ်ဦး၏ ပုံရိပ်က ပေါ်ပေါက်လာလေသည်။ ပုဏ္ဏားကြီး က မယ်တော်ကိုမြင်တွေ့သည်နှင့် ပြုံးလိုက်ကာ

“စိတ်တွေအရမ်းပူပန်နေတဲ့ပုံပါလား မယ်တော်ရဲ့”

“မနက်ဖြန်ည မယ်ပျင်းနဲ့ကျုပ်နဲ့ မယ်တော်နေရာအတွက် ပညာပြိုင်ပွဲတစ်ခုကျင်းပဖို့ရှိတယ်၊ ရှင်က ဗေဒင်လေးကျမ်းကို တတ်မြောက်ကျွမ်းကျင်တဲ့လူဆိုတော့ ကျုပ်တို့နှစ်ယောက်ယှဉ်ပြိုင်တဲ့အခါ ဘယ်သူကများ အနိုင်ရနိုင်မလဲဆိုတာ ရှင်များကြိုပြီးသိနိုင်မလားလို့”

ပုဏ္ဏားကြီးမှာ လက်ချောင်းများကို ချိုးရေတွက်နေပြီးနောက် မသက်မသာမျက်နှာဖြင့်

“ခင်ဗျားရှုံးလိမ့်မယ်”

“ဘာရှင့် . . .ရှင်ဘာပြောလိုက်တယ်”

“ဟုတ်တယ်၊ ကျုပ်တတ်မြောက်ထားတဲ့ ဝေဒနည်းတွေအရ တွက်ကြည့်တဲ့အခါ ခင်ဗျားကြိမ်းသေပေါက်ရှုံးလိမ့်မယ်”

“ရှင်အပိုတွေပြောနေတာ ရှင်လိမ်နေတာ”

“ကျုပ်ကခင်ဗျားကိုလိမ်ချင်လိမ်နိုင်တယ်၊ ဒါပေမယ့် ကျုပ်တတ်ထားတဲ့ပညာက ဘယ်တော့မှမလိမ်ဘူး မယ်တော်၊ ခင်ဗျား အဲဒီပွဲမှာ ရှုံးလိမ့်မယ်”

မယ်တော်မှာ သွေးပျက်သွားလေသည်။

“ဒါဆို ဒီလိုမဖြစ်အောင် ယတြာဖြစ်ဖြစ် အစီအရင်ဖြစ်ဖြစ် လုပ်လို့မရဘူးလား”

ပုဏ္ဏားကြီးမှာ တဟားဟားနှင့်ရယ်မောလိုက်ကာ

“ကြိမ်းသေဖြစ်လာမယ့်အရာတွေကို ယတြာချေလို့မရဘူးမယ်တော်”

မယ်တော်မှာ ဒေါသထွက်ထွက်နှင့် ကြေးမုံမှန်ကြီးအား လက်သီးဖြင့်ထိုးနှက်လိုက်လေသည်။ မယ်တော်၏လက်သီးချက်ပြင်းထန်လှသဖြင့် ကြေးမုံမှန်ကြီးတွင် အက်ကွဲကြောင်းကြီးများဖြစ်ပေါ်သွားလေသည်။

“ဘာပဲဖြစ်ဖြစ် ကျုပ်ကိုလွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ပုဏ္ဏားကြီးပြောဆိုပြီးသည့်အချိန်တွင် ကြေးမုံမှန်ကြီးတစ်ခုလုံးသို့ အက်ကွဲကြောင်းများက ပျံ့နှံ့သွားကာ မှန်ကြီးတစ်ချပ်လုံး စိစိညက်ညက်ကြေကွဲသွားလေတော့သည်။ မယ်တော်မှာ တောက်တစ်ချက်ခေါက်လျှက်

“မမှားသောရှေ့နေ၊ မသေသောဆေးဆရာဆိုတာ မရှိဘူးတဲ့၊ အခုရှင်လည်း မမှန်တဲ့ဗေဒင်ဆရာဖြစ်တော့မှာပါ ဘထီးရယ်၊ ကျုပ်က မယ်ပျင်းကို ဘယ်တော့မှမရှုံးဘူး”

နွားသိုးကွင်းဆိုသည့် ကွင်းကြီးမှာ မြိုင်သာမြို့အပြင်ဘက်တွင်ရှိသည့် ကွင်းကြီးတစ်ခုဖြစ်သည်။ မိုးတွင်းအချိန်အခါတွင် မြက်တောထနေသဖြင့် နွားများကိုလွှတ်ကျောင်းသည့် ကွင်းကြီးတစ်ခုလည်းဖြစ်ပြန်သည်။ ယခုအချိန်တွင်တော့ ကွင်းကြီးမှာ ခြောက်သွေ့နေပြီဖြစ်သည်။ မြိုင်သာမြို့မှ စုန်းကဝေများမှာ ညသန်းခေါင်အချိန်မတိုင်မီ ညည့်ဦးယံအချိန်ကပင် ထိုကွင်းကြီးဆီသို့တဖွဲဖွဲရောက်လာကြလေသည်။

မောင်ဝိုင်းမှာ မယ်ပျင်းအခန်းတံခါးကိုဖွင့်လိုက်လေသည်။ မယ်ပျင်းမှာ လှပစွာဝတ်စားပြင်ဆင်ထားပြီး အသင့်ဖြစ်နေလေသည်။ အခန်းထဲမှထွက်လာသည့်အခါ သာစံက မယ်ပျင်းအနီးသို့တိုးကပ်လာသည်။

“အမေတကယ်လို့ မယ်တော်ကိုနိုင်တယ်ဆိုရင်တောင်မှ မယ်တော်ကိုအမေမသတ်ရဘူး”

မယ်ပျင်းမှာ သာစံပြောဆိုနေသည်ကို နားမထောင်တော့ဘဲ အိမ်အပြင်သို့လှမ်းလျှောက်သွားလေသည်။

“အမေမသတ်ရဘူး၊ မယ်တော်ကိုအမေမသတ်ရဘူးအမေ၊ ဒီနေ့ဒီအချိန်ကစပြီး အမေဘယ်သူ့ကိုမှ တရားမဲ့ မသတ်ဖြတ်ရတော့ဘူး”

မယ်ပျင်းမှာ သာစံဘက်သို့လှည့်ကြည့်ရင်း

“တရားမဲ့သတ်ဖြတ်တယ်တဲ့လား သာစံ၊ တကယ်တော့ အမေက တရားမဲ့သတ်ဖြတ်တာမဟုတ်ဘူး၊ မယ်တော်က အမေချစ်ရတဲ့သူတွေကို တရားမဲ့သတ်ဖြတ်ခဲ့တယ်၊ အမေ့ရဲ့ဘဝကို တရားမဲ့အနိုင်ကျင့်ခဲ့တာပဲ သာစံ၊ မယ်တော်ရဲ့စနက်ကြောင့် အမေ့ဘေးမှာရှိနေတဲ့လူတွေတစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရတယ်၊ ဒီအတွက် မယ်တော်ယမင်းက အသက်ကြွေးပြန်ပေးဆပ်ရမယ်ငါ့သား”

“ဘယ်သူတရားမဲ့မဲ့ ကိုယ်တရားမဲ့လို့မဖြစ်ဘူးအမေ၊ မယ်တော်ရဲ့တရားမဲ့မှုတွေကို ဖော်ထုတ်ပြီးတော့ သူ့ကို တရားနဲ့အညီပြန်ပြီးစီရင်လို့ရပါတယ်၊ သူ့ကိုမသတ်ဘဲနဲ့ အပြစ်ပေးလို့ရပါတယ်အမေရဲ့”

“ဒါဆို မင်းနဲ့အမေနဲ့ တရားတယ်ဆိုတဲ့ အယူအဆအဓိပ္ပါယ်က လွဲနေပြီပဲ သာစံ၊ အမေ့အတွက်တော့ မျက်လုံးတစ်လုံးဆုံးရင်တစ်လုံး၊ လက်တစ်ဖက်ဆုံးရင်လက်တစ်ဖက် ပြန်ယူရတာကမှ တရားတယ်လို့ထင်တယ်”

မယ်ပျင်းမှာ အိမ်အတွင်းမှထွက်သွားလေသည်။ မောင်ဝိုင်းက သာစံ၏ပုခုံးကိုပုတ်ကာ မယ်ပျင်းအနောက်သို့လိုက်ထွက်သွားသည်။ သာစံမှာ မယ်ပျင်းအားကြည့်ရင်း

“မဖြစ်ဘူး၊ အမေ့ကိုတားရမယ်၊ မယ်တော်ကို အမေမသတ်ရဘူး”

သာစံမှာရေရွတ်လျှက် အိမ်အတွင်းမှထွက်ရန်ပြင်ဆင်လိုက်စဉ် အိမ်တံခါးမကြီးမှာ ဂျိန်းခနဲပိတ်သွားလေသည်။ သာစံက အိမ်တံခါးအားဖွင့်ရန်အတွက် လက်ဖြင့်ထိကိုင်လိုက်သည့်အခါ ပြင်းထန်သောစွမ်းအင်တစ်ခုက တွန်းထုတ်လိုက်သကဲ့သို့ဖြစ်ကာ အနောက်သို့လွင့်ထွက်သွားလေသည်။

“အမေ၊ ကျုပ်ကိုဒီလိုမလုပ်ပါနဲ့”

သာစံက အိမ်နံရံအားထိကိုင်လိုက်သည့်အခါတွင်လည်း မမြင်နိုင်သည့်စွမ်းအားများက ဝန်းရံထားသည်ကိုတွေ့လိုက်ရသည်။ သာစံက အသံကုန်ဟစ်လိုက်ကာ

“အမေကျုပ်ကို ဒီလိုမလုပ်ပါနဲ့အမေ၊ ကျုပ်ကိုလွှတ်ပေးပါ”

မယ်ပျင်းမှာ ကားပေါ်သို့တက်လိုက်သည်။ မောင်ဝိုင်းက ကားစက်နးလိုက်ရင်း

“သာစံကို တကယ်ပဲ ဒီလိုပိတ်လှောင်ခဲ့မှာလား”

“သူလိုက်လာလို့လည်း ငါ့အတွက်ဘာမှအကျိုးမရှိဘူး၊ ငါ့ကိုပဲ ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာပဲ၊ ကဲ မောင်ဝိုင်း ပညာပြိုင်မယ့်ကွင်းကို မောင်းပေတော့”

မောင်ဝိုင်းမှာ ခြံဝန်းအတွင်းမှ ကားကလေးကိုမောင်းထွက်ခဲ့လေသည်။

(၃)

ကွင်းကြီးတစ်ခုနံဘေးသို့ရောက်သည့်အခါ ကားကိုလမ်းဘေးသို့ထိုးရပ်လိုက်လေသည်။ မယ်ပျင်းက မျက်စိတစ်ဆုံးကျယ်ပြောလှသည့် ကွင်းကြီးကိုငေးကြည့်လိုက်ရင်း

“ဒီနေရာလား မောင်ဝိုင်း”

မောင်ဝိုင်းက ကားပေါ်မှဆင်းကာ ခေါင်းညိတ်ပြလိုက်လေသည်။

“ဘယ်သူမှလဲ မတွေ့ပါလား၊ တန်တော့ ငါတို့လာတာ စောများစောနေသလား”

“မစောပါဘူး၊ အားလုံးရောက်နေကြပါပြီ၊ သူတို့က ဒီကွင်းကိုပညာစက်ဝန်းတစ်ခုနဲ့ ပိတ်ဆို့ထားလို့ ဒီကနေလှမ်းမမြင်နိုင်တာပါ”

မြေသားတာဘောင်ကလေးအတိုင်း လမ်းလျှောက်သွားကြသည်။ မကြာခင် ကွင်းထဲမတ်တပ်ရပ်နေသည့် လူခြောက်ဦးကိုတွေ့လိုက်ရသည်။ ထိုလူများက မယ်ပျင်းရောက်လာသည့်အခါ ဦးညွတ်အရိုအသေပြုလိုက်ကြရင်း လေဟာနယ်အတွင်းသို့ လက်ဖြင့်ပုတ်လိုက်လေသည်။ ထိုအခါ တံခါးပေါက်သဖွယ်အပေါက်တစ်ခုပေါ်ပေါက်လာပြီး မောင်ဝိုင်းမှာ အရှေ့မှဦးဆောင်ကာ ဝင်သွားလေသည်။

ကျဉ်းမြောင်းလှသည့် အုတ်လမ်းမကလေးတစ်ခုအတိုင်းဝင်လာခဲ့သည့်အခါ အတွင်းရှိစုန်းကောင်စီများက မယ်ပျင်းတို့အား လမ်းပြလေသည်။ မကြာခင် ထွက်ပေါက်တစ်ခုမှထွက်ခဲ့သည့်အခါ ပြိုင်ပွဲကွင်းကြီးအတွင်းသို့ ရောက်ရှိသွားလေသည်။ မယ်ပျင်းဝင်ရောက်လာသည်နှင့် ပွဲကြည့်ပရိသတ်များမှာ တခဲနက်ဟစ်အော်ကာ အားပေးကြလေသည်။ ပွဲကြည့်စင်များမှာ လှေကားထစ်များကဲ့သို့ နိမ့်ရာမှမြင့်ရာတည်ဆောက်ထားကာ အလယ်ရှိမြေကွင်းပြင်ကို ပတ်ပတ်လည်ကာရံထားသည်။ ထိုအပေါ်တွင် ထောင်နှင့်ချီသည့်လူများက “မြိုင်သာဘုရင်မ မယ်ပျင်း”ဟု ရေရွတ်ကာ တခနက်အားပေးကြသည်။ မယ်ပျင်းမှာ အလွန်များပြားလှသည့် ပရိသတ်များကိုကြည့်ကာ အံ့အားသင့်နေမိသည်။ မောင်ဝိုင်းက မယ်ပျင်း၏ပုခုံးအား လက်ဖြင့်ပုတ်လိုက်ကာ

“ကဲ မင်းကံကောင်းပါစေမယ်ပျင်းရေ” ဟု ရေရွတ်လျှက် ပွဲကြည့်စင်ပေါ်သို့တက်သွားလေသည်။

မကြာခင်အချိန်မှာပင် ကျားဟိန်းသံကြီးတစ်ခုကိုကြားလိုက်ရကာ ပွဲကြည့်စင်ထိပ်အမြင့်တစ်နေရာတွင် စီးတော်ကျားပေါ်တွင် တင်ပါးလွှဲထိုင်ကာ စီးနင်းထားသည့် မယ်တော်ကိုမြင်တွေ့လိုက်ကြရသည်။ မယ်တော်မှာ အလွန်လှပသည့် အချိတ်ထမီကိုဝတ်ဆင်ထားပြီး မယ်တော်၏ကိုယ်ခန္ဓာမှ သက်တံရောင်စဉ်အလင်းရောင်များက ဖျာထွက်နေလေသည်။ စီးတော်ကျားမှာ ပြိုင်ပွဲကွင်းအား သုံးပတ်ဟန့် ဟန်ရေးပြကာ ခုန်ပေါက်ပြီးသည့်နောက် မယ်ပျင်းအရှေ့မျက်နှာချင်းဆိုင်နေရာသို့ ထိုးဆင်းလာသည်။ မယ်တော်က ကျားပေါ်မှဆင်းသက်လိုက်ကာ ရွှေလွန်းပျံလက်နက်ကို လေပေါ်မြှောက်တင်လိုက်လေသည်။ ထိုအခါ ရွှေရောင်အလင်းအမှုန်များက ကွင်းအတွင်းပြန့်ကျဲကာ ကျဆင်းလာပြီး လူအများက မယ်တော်အားအော်ဟစ်ကာ အားပေးကြသည်။

မယ်တော်က ဟန်ရေးပြလိုက်သဖြင့် မယ်ပျင်း အားကျမခံဘဲ မှော်ပြဒါးရှင်လုံးအား ထုတ်လိုက်ကာ ကြက်သွေးရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြန်သည်။ ထိုမျှသာမကသေးဘဲ ဦးခေါင်းရှိ အမောက်ခုနစ်ခုအားထုတ်ပြလိုက်ပြီး ရောင်စဉ်ခုနစ်သွယ်ဖြန့်ကျက်လိုက်လေရာ အားပေးသူများက မယ်ပျင်းနာမည်အား အော်ဟစ်လျှက် အားပေးကြပြန်သည်။

မယ်တော်နှင့်မယ်ပျင်းတို့မှာ ပညာပြိုင်ပွဲမစတင်ခင်တွင် သမားစဉ်ပြသည့်အနေဖြင့် မိမိ၏လက်နက်နှင့်အစွမ်းများကို ထုတ်ဖော်ပြသနေကြခြင်းဖြစ်သည်။ လက်ဝှေ့သမား၊ သိုင်းသမားများမှာ မထိုးသတ်ခင် တစ်ဖက်နှင့်တစ်ဖက် လက်ပန်းပေါက်ပြ၊ သိုင်းကစားပြကြသည့် သဘောပင်ဖြစ်သည်။ မယ်ပျင်းက မယ်တော်အား ဘယ့်နှယ့်ရှိစဟူသည့် အကြည့်ဖြင့်ကြည့်လိုက်လေသည်။ ထိုအခါ မယ်တော်ကလည်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ ဦးခေါင်းတွင်ပေါင်းထားသည့် ခေါင်းပေါင်းကိုချွတ်ချလိုက်သည်။ ထိုအခါမယ်တော်၏ ဦးခေါင်းပေါ်တွင် ရောင်စဉ်များလင်းလက်နေသည့် အမောက်အခုသုံးဆယ်ခန့်ကိုတွေ့လိုက်ရသည်။ ပွဲကြည့်ပရိသတ်များမှာ တအံ့တသြဖြင့် မယ်တော်အားဟစ်အော်အားပေးကြလေသည်။

“ဘယ်လိုလဲမယ်ပျင်းရဲ့၊ မင်းရဲ့အစောင့်အရှောက်တွေက ဒါအကုန်ပဲလား”

မယ်ပျင်းက မဲ့ပြုံးပြုံးလိုက်ကာ

“လူတောင်မှ တစ်ယောက်နဲ့တစ်ယောက်အရည်အချင်းချင်းမတူကြဘူးမဟုတ်လား၊ အရေအတွက်က အဓိကမဟုတ်ဘူးမယ်တော်၊ အရည်အချင်းကသာ အဓိကပါ”

ထိုအခါ ကောင်စီလူကြီးတစ်ယောက်က မတ်တပ်ထရပ်လိုက်ပြီး

“အားလုံးပဲနားထောင်ကြပါ၊ အခုဆိုရင် ပညာပြိုင်ပွဲကျင်းပဖို့အတွက် နှစ်ဖက်စလုံးက ပညာသည်တွေရောက်ရှိနေပြီဖြစ်ပါတယ်၊ ဒီပညာသည်တွေက လူအားလုံးရဲ့ရှေ့မှောက်မှာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရရှိခဲ့တဲ့လူက အရှေ့မယ်တော်ဆိုတဲ့ရာထူးကို ထိုက်ထိုက်တန်တန်ဆွတ်ဆူးရရှိမှာဖြစ်ပါတယ်”

“ပြိုင်ပွဲကွင်းထဲမှာ နှစ်ဖက်ယှဉ်ပြိုင်သူတွေက သုံးချီတိတိယှဉ်ပြိုင်ရမှာဖြစ်ပါတယ်၊ အဲဒီသုံးချီမှာ နှစ်ချီအနိုင်ရတဲ့လူကို အနိုင်အဖြစ်သတ်မှတ်မှာဖြစ်ပါတယ်၊ ပြိုင်ပွဲအမျိုးအစားက ဖွင့်လှစ်ဖိတ်ခေါ်တဲ့အမျိုးအစားဖြစ်လို့ သုံးချီအတွင်းမှ သေတဲ့လူ သေလောက်အောင်ထိခိုက်ဒဏ်ရာရတဲ့လူက အရှုံးဖြစ်ပါတယ်၊ ပြိုင်ပွဲတစ်ချီကျင်းပတဲ့အခါမှာ တိုက်ခိုက်သူနဲ့ခုခံသူကို ကံတရားအတိုင်းရွေးချယ်မှာဖြစ်ပြီး တိုက်ခိုက်သူက ခုခံတဲ့လူကို ထိခိုက်အောင်တိုက်ခိုက်နိုင်မှသာ နိုင်မှာဖြစ်ပြီး ခုခံတဲ့လူက တိုက်ခိုက်တဲ့သူရဲ့ တိုက်ကွက်တွေကို ခုခံနိုင်ရင် အနိုင်ဖြစ်ပါတယ်”

ကောင်စီလူကြီးများက ကြေငြာပြီးသည့်နောက် အကြွေပြားကလေးတစ်ခုကို မိုးပေါ်ပစ်တင်ကာ လက်ဖြင့်ပြန်ဖမ်းလိုက်လေသည်။ အကြွေပြားကိုခေါင်းပန်းလှန်ကြည့်လိုက်ရင်း

“မယ်တော်က အရင်တိုက်ခိုက်ရမယ်၊ မယ်ပျင်းက ခုခံရလိမ့်မယ်”

ထိုအခါ လူတစ်ဦးက ကြေးမောင်းကြီးတစ်ခုကို ဒူခနဲထုနှက်လိုက်သည့်အချိန် ပထမဆုံးအချီအဖြစ်စတင်လိုက်ပြီဖြစ်သည်။

“အရင်ဆုံးကတော့ မင်းနဲ့ငါနဲ့ ပကတိမှော်စွမ်းအင်ကို ယှဉ်ပြိုင်ကြမယ် မယ်ပျင်း”

မယ်တော်က ပြောဆိုလိုက်ပြီး လက်ညှိုးအတွင်းမှ ရွှေရောင်အလင်းတန်းကြီးကိုပစ်လွှတ်လိုက်လေသည်။ မယ်ပျင်းကလည်း လက်ညှိုးညွှန်လိုက်ကာ အနီရောင်အလင်းတန်းတစ်ခုကိုပစ်လွှတ်လိုက်ပြန်သည်။ မယ်တော်ပစ်လွှတ်လိုက်သည့်အလင်းတန်းနှင့် မယ်ပျင်းပစ်လွတ်လိုက်သည့်အလင်းတန်းမှာ ပြိုင်ပွဲကွင်းကြီးအလယ်တည့်တည့်တွင် ထိတွေ့ပေါင်းစုံသွားပြီး ဝင်းလက်သည့်အလင်းရောင်များတောက်ပကာ အချင်းချင်းလောင်မြိုက်ကုန်ကြသည်။

မယ်တော်က စွမ်းအင်များကိုထပ်တိုးမြှင့်လိုက်ပြီး အလင်းတန်းကြီးကိုစွမ်းအင်ဖြည့်တင်းလိုက်သည်။ ထိုအခါ မယ်တော်၏အလင်းတန်းကြီးမှာ မယ်ပျင်း၏အလင်းတန်းကိုထိုးဖောက်ဝင်ရောက်ပြီး ရွှေရောင်အလင်းတန်းကြီးမှာ မယ်ပျင်းအနီးသို့တဖြည်းဖြည်းတိုးကပ်လာလေသည်။

မယ်ပျင်းကလည်း စွမ်းအင်များကိုစုထုတ်ပြီး ပြန်လည်တွန်းပို့ပြန်ရာ အနီရောင်အလင်းတန်းများမှာ မယ်တော်ဘက်သို့ပြန်လည်တွန်းကန်သွားလေသည်။ မယ်တော်နှင့် မယ်ပျင်းမှော်စွမ်းအင်များဖြင့် အချင်းချင်းတွန်းပို့တိုက်ခိုက်နေကြလေရာ လွန်ဆွဲပွဲတစ်ခုနှင့်ပင်တူညီလှပေသည်။ အလင်းတန်းကြီးမှာ မယ်တော်ဘက်သို့တိုးဝင်သွားလိုက် မယ်ပျင်းဘက်သို့တိုးသွားလိုက်နှင့် ကြည့်ရှုရသူအပေါင်း ရင်သပ်ရှုမောဖွယ်ဖြစ်နေသည်။

“မင်းမဆိုးဘူးမယ်ပျင်း၊ နှစ်ပေါင်းသုံးရာလောက်ကျင့်ထားတဲ့ ငါ့ရဲ့မှော်စွမ်းအင်တွေကို မင်းဒီလောက်ကြာကြာခုခံနိုင်တာ မဆိုးဘူးလို့ပြောရမယ်၊ ကဲ တကယ့်မှော်စွမ်းအင်ဆိုတာကို မင်းကိုငါပြသပေးမယ်”

မယ်တော်က အခြားလက်တစ်ဖက်ဖြင့် မုဒြာကိုးမျိုးပုံစံကို အဆင့်ဆင့်ပြုလုပ်လိုက်ပြီးသည့်နောက် ထိုလက်အားမယ်ပျင်းထံသို့လက်ညှိုးထိုးထားသည့် လက်၏ လက်ဖျံတွင်ပူးကပ်လိုက်လေသည်။ ထိုအခါ အလွန်များပြားကြီးမားလှသည့် မှော်စွမ်းအင်လှိုင်းလုံးကြီးတစ်ခုမှာ မယ်တော်၏လက်ညှိုးဆီမှ တိုးထွက်လာကာ စွမ်းအင်အလင်းတန်းကြီးတစ်လျှောက်အရှိန်အဟုန်ဖြင့် စီးဆင်းလာလေသည်။

မယ်ပျင်းကလည်း ရှိသမျှမှော်စွမ်းအင်အားလုံးကို စုဆောင်းလိုက်ကာ လက်နှစ်ဖက်ကိုပူးကပ်လိုက်လေသည်။ မယ်ပျင်းထံမှာလည်း မှော်စွမ်းအင်များတိုးထွက်လာသော်လည်း မယ်တော်ပို့လွှတ်လိုက်သည့် စွမ်းအင်များကို မတားဆီးနိုင်ဘဲ မယ်တော်၏ ရွှေဝါရောင်အလင်းတန်းကြီးမှာ မယ်ပျင်းအနီးသို့တဖြည်းဖြည်းတိုးကပ်လာလေသည်။ ထိုသို့တဖြည်းဖြည်းတိုးကပ်လာရင်း အလင်းတန်းကြီးမှာ မယ်ပျင်း၏ လက်ညှိုးအနီးသို့ ထိလုဆဲဆဲဖြင့်တိုးကပ်လာခဲ့သည်။ မယ်ပျင်းမှာ အံကြိတ်ပြီး ကြိတ်မှိတ်ကာခုခံနေသဖြင့် လူအများက မယ်ပျင်းရှုံးနိမ့်မည်ဟု ထင်ကြေးပေးကြလေသည်။ မယ်တော်က ပြုံးလိုက်ရင်း

“မင်းရဲ့အစွမ်းလောက်နဲ့ ငါ့ကိုယှဉ်လို့မရပါဘူးမယ်ပျင်းရယ်၊ ဇရပ်ပျက်ကြီးမှာ မင်းနဲ့ငါမှော်စွမ်းအင်ပြိုင်ဆိုင်တုန်းကရော မင်းငါ့ကိုနိုင်ခဲ့လို့လား”

မယ်တော်၏စကားကိုကြားလိုက်ရပြီးသည့်နောက် မယ်ပျင်း၏အတွေးအာရုံထဲသို့ ငယ်စဉ်အတိတ်အကြောင်းအရာများက တိုးဝင်လာခဲ့သည်။ မယ်ပျင်းမှာ ထိုအကြောင်းအရာများကို စဉ်းစားပြီးတွေဝေနေစဉ်မှာပင် မယ်တော်၏အလင်းတန်းကြီးက မယ်ပျင်းအားထိမှန်သွားကာ မယ်ပျင်းမှာလွင့်ထွက်သွားလေသည်။

ကောင်စီလူကြီးက မတ်တပ်ထရပ်လိုက်ကာ

“ပထမအချီပြီးပြီ၊ မယ်တော်အနိုင်ရသွားပါတယ်”

ကြေးမောင်းကြီးကို လူတစ်ဦးက ဒူခနဲထုလိုက်လေသည်။ သို့သော် မယ်တော်က မယ်ပျင်းအား စက်လက်နက်များဖြင့် တဒိုင်းဒိုင်းပစ်ခတ်ပြန်သည်။

“မယ်တော်၊ ပထမတစ်ချီပြီးသွားပါပြီ မယ်တော်ရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်လိုက်ပါ”

ကောင်စီလူကြီးက ပြောဆိုလိုက်သည့်အခါ မယ်တော်က ကောင်စီလူကြီးများကိုစိုက်ကြည့်လိုက်ပြီး

“ဒါက ပြိုင်ပွဲမဟုတ်ဘူး၊ ဒါက တိုက်ပွဲတစ်ခုပဲ၊ တိုက်ပွဲမှာ အချီတွေအချတွေမရှိဘူး၊ အသက်သေတဲ့လူကရှုံးမယ်၊ အသက်ရှင်ကျန်တဲဲ့လူက နိုင်မယ်”

“မဟုတ်ဘူးမယ်တော်၊ ခင်ဗျားစည်းကမ်းကိုလိုက်နာပါ”

“တိုက်ပွဲမှာ စည်းကမ်းဆိုတာမရှိဘူး၊ တိုက်ပွဲရဲ့စည်းကမ်းဆိုတာက မင်းကသူများကိုသတ်ရင်သတ်၊ ဒါမှမဟုတ်ရင် သူများက မင်းကိုသတ်မယ် အဲဒါတိုက်ပွဲစည်းကမ်းပဲ”

မယ်တော်မှာ ကောင်စီလူကြီးများ၏ စည်းကမ်းကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်ပြီးနောက် မယ်ပျင်းအားစက်လက်နက်များနှင့် တရကြမ်းပစ်ခတ်လေသည်။ မယ်ပျင်းမှာ မယ်တော်၏စက်လက်နက်များကိုထိမှန်ပြီး မြေပြင်တွင်လူးလိမ့်နေလေသည်။

“ဒီမှာမယ်ပျင်း မင်းငါ့ကိုဘယ်တော့မှမနိုင်ဘူး၊ ဘယ်သူမှ ငါ့ကိုမနိုင်ဘူး”

မယ်ပျင်းမှာ မယ်တော်နှိပ်စက်သဖြင့် ပျော့ခွေနေလေတော့သည်။ ပရိသတ်များကလည်း မယ်ပျင်းကို အားမလိုအားမရနှင့် အားပေးဟစ်အော်ကြလေသည်။ မြေပေါ်တွင်ခွေခွေကလေး လဲကျနေသည့်မယ်ပျင်းအား မယ်တော်က လက်တစ်ဖက်နှင့်ဆွဲထူလိုက်လေသည်။ မယ်ပျင်း၏ ပုံစံမှာ စိတ်နှင့်လူနှင့်မကပ်သလို ငူငူကြီးဖြစ်နေလေသည်။

“ထစမ်းပါမယ်ပျင်း၊ မင်းကိုငါ အနိုင်ကျင့်တယ်လို့ လူတွေထင်ကုန်အုံးမယ်၊ ထလိုက်စမ်းပါ၊ မင်းဒီလောက်လွယ်လွယ်နဲ့မသေချင်စမ်းပါနဲ့”

မယ်ပျင်း၏မျက်ဝန်းထဲတွင်တော့ ပြေးလွှားနေကြသည့် လူအများအပြားကိုသာတွေ့ရသည်။ ထိုလူအများထဲတွင် သူကြီးဦးရွှေမောင်ကိုကြိုးများတုပ်လျှက် ဒူးထောက်လျှက်သားအနေအထားဖြင့်တွေ့ရလေသည်။ သူကြီးဦးရွှေမောင်၏နံဘေးတွင် ဗိုလ်ကျော်စွာကိုတွေ့ရပြန်သည်။

“မယ်ပျင်း မင်းပြန်ထမှဖြစ်မယ်”

မယ်ပျင်းမှာငေးကြောင်နေသည့်အခိုက် ကဝေကြီးခုနစ်ဦးမှာ တဖြည်းဖြည်းလှမ်းလျှောက်လာကြလေသည်။ တစ်ဖန် ကိုလူအေး၊ ဦးရွှေရိုးတို့မှာလည်း မယ်ပျင်းနံဘေးတွင်ပေါ်လာကြသည်။ နောက်ဆုံးတော့ မမယ်ဖြူက မယ်ပျင်းထံသို့တစ်လှမ်းချင်းလျှောက်လှမ်းလာသည်။

“သမီးပြန်ထရမယ် မယ်ပျင်း၊ သမီး အမေတို့အတွက်ပြန်ထရလိမ့်မယ်”

“သမီးအရမ်းပင်ပန်းနေပြီအမေ၊ သမီးမထချင်တော့ဘူး၊ သမီးဒီလူတွေနဲ့ . . .သမီးချစ်တဲ့လူတွေနဲ့ပဲ အတူတူနေချင်တော့တယ်”

ထိုအခါ မမယ်ဖြူက မယ်ပျင်းအားပါးရိုက်ထည့်လိုက်သည်။

“နင်အသိတရားရှိစမ်းပါမယ်ပျင်းရဲ့”

မမယ်ဖြူမှာ မယ်ပျင်းအားပါးရိုက်ပြီးသည့်နောက် တစ်ကိုယ်လုံးမီးလောင်ကျွမ်းကာ အရိုးခြောက်ကဲ့သို့ကြောက်စရာပုံစံကြီးဖြစ်သွားလေသည်။

“ငါ့ကို ဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲဆိုတာ မင်းသိသလား”

မယ်ပျင်းက ကဝေကြီးများကိုကြည့်လိုက်သည့်အခါ ကဝေကြီးများကလည်း မီးများလောင်ကျွမ်းလျှက်အော်ဟစ်နေကြသည်။ တစ်ဖန်ကိုလူအေးနှင့် သူကြီးဦးရွှေမောင်၊ ဗိုလ်ကျော်စွာတို့မှာလည်း အလွန်နာကျင်စွာဟစ်အော်ကြလျှက် လောင်မီးကျကာ သေဆုံးကုန်ကြသည်။ ထိုအဖြစ်ကိုတွေ့တော့မှ မယ်ပျင်းမှာ မျက်ရည်များကျဆင်းလာပြီး အသံနက်ကြီးဖြင့်ဟစ်အော်လိုက်လေသည်။

“မယ်တော်က မင်းရဲ့တစ်ဘဝလုံးအတွက် အကြောက်တရားတစ်ခုဖြစ်ခဲ့ရတယ်မယ်ပျင်း၊ အခုတော့ မယ်တော်ကိုမင်းဘာမှကြောက်နေစရာမလိုတော့ဘူး မင်းရင်ထဲကအကြောက်တရားကို မင်းဖောက်ထွက်ဖို့အချိန်ရောက်ပြီ”

မယ်ပျင်းက မျက်လုံးနှစ်လုံးဖွင့်လိုက်ကာ ကြက်သွေးရောင်အလင်းတန်းကြီးနှင့် မယ်တော်အားပစ်ခတ်လိုက်လေသည်။ မယ်တော်မှာ ရုတ်တရက်မို့ မယ်ပျင်းပစ်ခတ်သည့်အလင်းတန်းထိမှန်သွားကာ အနောက်သို့အတော်လှမ်းလှမ်းအထိလွင့်ထွက်သွားသည်။

မယ်ပျင်းတစ်ကိုယ်လုံးမှာ ကြက်သွေးရောင်အလင်းများ တောက်လောင်သွားပြီးနောက် မယ်ပျင်း၏နဖူးတည့်တည့်တွင်လည်း မှော်ပြဒါးရှင်လုံးက မျက်လုံးတစ်ခုသဖွယ်ထွက်ပေါ်လာခဲ့သည်။

“ရှင့်အလှည့်ပြီးပြီ မယ်တော်ယမင်း၊ အခု ကျုပ်အလှည့်ပဲ”

မယ်တော်ယမင်းက မယ်ပျင်းထံသို့ အစောင့်အရှောက်များကိုထုတ်လွှတ်ကာ တိုက်ခိုက်စေခိုင်းလိုက်သည်။ မယ်တော်ထံတွက် အမောက်အခုသုံးဆယ်ရှိသည်မို့ ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် အစောင့်အရှောက်များမှာ ထွက်ပေါ်လာကြပြီး မယ်ပျင်းအားတိုက်ခိုက်ကြသည်။ မယ်ပျင်းကလည်း အစောင့်အရှောက်နတ်မင်းခုနစ်ပါးကိုထုတ်ယူလိုက်ကာ မယ်တော်၏အစောင့်အရှောက်များကို ပြန်လည်ခုခံတိုက်ခိုက်စေလေသည်။ ပြိုင်ပွဲကွင်းအတွင်း အစောင့်အရှောက်များအချင်းချင်းတိုက်ခိုက်လုံးထွေးနေကြကာ ရှုပ်ယှက်ခပ်နေသည်။ မယ်ပျင်းကတော့ မယ်တော်ထံသို့တစ်လှမ်းချင်းလျှောက်လှမ်းလာသည်။

“သစ်နက်အစောင့်အရှောက် သူ့ကိုတိုက်ခိုက်စမ်း”

မယ်တော်က ရေရွတ်လိုက်သည့်အခါ အလွန်ကြီးမားသည့် ကျားသစ်နက်ကြီးမှာ မယ်ပျင်းထံသို့ပြေးခုန်ဝင်လာသည်။ မယ်ပျင်းက ပြဒါးရှင်လုံးမှ အလင်းတန်းဖြင့်ပစ်ခတ်လိုက်သည့်အခါ ကျားသစ်နက်မှာ ကိုယ်ခန္ဓာအလယ်တည့်တည့်မှ နှစ်ခြမ်းကွဲထွက်သွားလျှက် ပျက်စီးပျောက်ကွယ်သွားလေသည်။

မယ်တော်မှာ အလွန်ထိတ်လန့်သွားပြီး အနောက်သို့တစ်လှမ်းချင်းဆုတ်ခွာသွားသည်။

“ဂဠုန်မင်း . . .သူ့ကိုတားပါအုံး”

ရွှေရောင်အဆင်းနှင့် ဂဠုန်မင်းမှာ ကောင်းကင်တွင်တောင်ပံဖြန့်ကျက်လျှက် မယ်ပျင်းထံသို့ပြေးဝင်လာပြန်သည်။ မယ်ပျင်းက ဂဠုန်မင်းအား ပြဒါးရှင်လုံးအလင်းတန်းဖြင့် ပစ်ခတ်လိုက်သည့်အခါ ဂဠုန်မင်း၏ တောင်ပံတစ်ဖက်မှာ ယတိပြတ် ပြတ်ထွက်သွားပြီး ဂဠုန်မင်းလည်း မြေပြင်ပေါ်သို့ထိုးစိုက်ကျကာ ပျက်စီးပျောက်ကွယ်သွားပြန်သည်။

မယ်တော်မှာ နောက်ဆုံးတော့ ရွှေလွန်းပျံလက်နက်ကိုထုတ်လိုက်လေသည်။ ရွှေလွန်းပျံလက်နက်မှ ရွှေရောင်ချည်မျှင်များဖြင့် မယ်ပျင်းအား ပစ်ခတ်တိုက်ခိုက်သည်။ ချည်မျှင်များမှာ မယ်ပျင်းတစ်ကိုယ်လုံးကိုရစ်ပတ်ကာ ပိုးကောင်အိမ်ကဲ့သို့ လုံးထွေးရစ်ပတ်သွားလေသည်။

“သေလိုက်စမ်းမယ်ပျင်း၊ ဒီတစ်ခါတော့ မင်းသေလိုက်စမ်း”

မယ်တော်က ရွှေလွန်းပျံလက်နက်ဖြင့် မယ်ပျင်း၏ရင်ဝသို့ပစ်ခတ်လိုက်လေသည်။ မယ်ပျင်းက ကြက်သွေးရောင်အလင်းတန်းကြီးတစ်ခုဖြင့် ရွှေလွန်းပျံလက်နက်အားတရစပ်ပစ်ခတ်ကာ ဟန့်တားလိုက်သည်။ ရွှေလွန်းပျံလက်နက်မှာ ကြက်သွေးရောင်အလင်းတန်းကြီးအတွင်း ပျံသန်းနေရင်း တဖြည်းဖြည်းအရှိန်လျော့ကျလာလေသည်။ မယ်တော်မှာ မန္တန်များကိုရွတ်ဖတ်ပြီး ရွှေလွန်းပျံလက်နက်အား အဆင့်မြှင့်တင်ကာ တိုက်ခိုက်လေသည်။ သို့သော်လည်း ရွှေလွန်းပျံလက်နက်မှာ အရှေ့သို့ဆက်မတက်ဘဲ လေပေါ်တွင်ရပ်တန့်နေလေသည်။

မယ်တော်က ရှိသမျှအစွမ်းအားလုံးကို ရွှေလွန်းပျံလက်နက်တွင်ထည့်သွင်းလိုက်ကာ ထပ်မံတိုက်ခိုက်ပြန်သည်။ ရွှေလွန်းပျံလက်နက်မှာ တဖြည်းဖြည်းနှင့်တုန်ခါလာပြီးနောက် နောက်ဆုံးတွင်တော့ ဝုန်းခနဲအသံကြီးမြည်ဟီးလျှက် ပေါက်ကွဲထွက်သွားသည်။ ရွှေလွန်းပျံလက်နက်မှာ နှစ်ခြမ်းကွဲထွက်သွားပြီး သာမန်လွန်းပျံတစ်ခုကဲ့သို့ မြေကြီးပေါ်သို့ပြုတ်ကျသွားလေသည်။ မယ်တော်မှာ အံ့အားသင့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။

“ရှင့်ရဲ့လက်နက် ပျက်စီးသွားပြီမယ်တော်၊ ရှင့်ရဲ့ဘ၀ အဆုံးသတ်ပြီ”

မယ်ပျင်းက ဟစ်အော်လိုက်ရင်း ကိုယ်ခန္ဓာကို ရုန်းကန်လိုက်သည့်အခါ တစ်ကိုယ်လုံးကိုချုပ်နှောင်ထားသည့် ရွှေအပ်ချည်များမှာ ပြတ်ထွက်ကုန်ကြသည်။ မယ်တော်က အခြေအနေမဟန်မှန်းသိလိုက်သဖြင့် ထွက်ပြေးရန်ကြိုးစားတော့သည်။

“ဟဲ့ စီးတော်ကျား လာခဲ့စမ်း”

မယ်တော်၏ စီးတော်ကျားမှာ ပွဲကြည့်စင်ပေါ်မှ ခုန်ဆင်းလာကာ မယ်တော်အရှေ့တွင်ဝပ်စင်းပေါ်လိုက်လေသည်။ မယ်တော်မှာ စီးတော်ကျား၏ ကျောပေါ်သို့အလျှင်အမြန်ခုန်တက်လိုက်သည်နှင့် စီးတော်ကျားမှာ အရှိန်အဟုန်ဖြင့်ခုန်ထွက်လိုက်တော့သည်။

“ရှင်တို့ ဒီလိုလွယ်လွယ်နဲ့ထွက်ပြေးလို့ရမလား”

မယ်ပျင်းက မျက်လုံးမှ အလင်းတန်းတစ်ခုကိုပစ်ခတ်လိုက်သည်။ ထိုအလင်းတန်းမှာ လေပေါ်တွင်ခုန်ပျံနေသည့် စီးတော်ကျားအား လျှင်မြန်စွာထိမှန်ပြီးနောက် စီးတော်ကျားရော မယ်တော်ပါမြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျလေသည်။ မယ်တော်မှာ အလျှင်အမြန်ကုန်းထပြီး မယ်ပျင်းထံသို့ စက်လက်နက်များဖြင့် တရစပ်ပစ်ခတ်လိုက်သည်။ မယ်ပျင်းကလည်း အလင်းတန်းများဖြင့် ထိုစက်လက်နက်များကို လေပေါ်တွင်ပင် ပစ်ခတ်ဖျက်ဆီးလိုက်သည်။

“ဒါက ရှင့်အတွက် နောက်ဆုံးလက်ဆောင်ပဲ”

မယ်ပျင်းမှာ ပြဒါးရှင်လုံးမှအလင်းတန်းကြီးဖြင့် မယ်တော်အားပစ်ခတ်လိုက်သည်။ အလင်းတန်းကြီးမှာ မီးမောင်းတစ်ခုထိုးသည့်နှယ် မယ်တော်အားအဆက်မပြတ်ထိမှန်ထိုးနှက်လေသည်။ မယ်တော်ယမင်းမှာ အလွန်နာကျင်စွာ ညည်းညူလျှက် မြေပြင်ပေါ်သို့ဒူးထောက်ထိုင်ကျသွားသည်။ ပြင်းထန်သည့်အလင်းတန်းများက ဆက်တိုက်တိုက်ခိုက်နေသဖြင့် မယ်တော်၏တစ်ကိုယ်လုံးမှ အခိုးအငွေ့များတိုးထွက်လာလေသည်။ နောက်ဆုံးတွင်တော့ မယ်တော်ဝတ်ဆင်ထားသည့် သက်တံရောင်ချိတ်ထမီမှ ချည်ခင်များမှာ တထောက်ထောက်နှင့်ပြတ်ထွက်သွားပြီး အလိုလိုကွာကျသွားလေတော့သည်။ မယ်ပျင်းက ထိုတော့မှ ပစ်ခတ်နေသည်ကိုရပ်တန့်လိုက်သည်။

“ရှင့်ရဲ့အကာအကွယ်ပျက်စီးသွားပြီ မယ်တော်ယမင်း၊ ရှင်အခု လူသားစင်စစ်ဖြစ်သွားပြီ၊ ရှင့်ကိုဘယ်သူသတ်သတ် သတ်လို့ရနိုင်သွားပြီ”

“ငါ့ကိုသတ်လိုက်ပါမယ်ပျင်း၊ မင်းငါ့ကိုအရှက်မခွဲဘဲ ချက်ချင်းသတ်လိုက်ပါ”

“ရှင့်ကိုကျုပ်မသတ်ပါဘူး၊ ရှင့်ကိုသတ်ချင်တဲ့လူက ရှိပြီးသားပါ”

ထိုအခါ မယ်ပျင်း၏ရင်ဘတ်မှာ နှစ်ခြမ်းကွဲထွက်သွားပြီး မယ်ပျင်း၏နှလုံးစိုင်အတွင်းမှ အနက်ရောင်လက်ကြီးတစ်ဖက်တိုးထွက်လာလေသည်။ ထို့နောက် မိန်းမတစ်ယောက်က တစ်စတစ်စနှင့်တိုးထွက်လာကာ မယ်တော်၏အရှေ့တွင်ရပ်တန့်လိုက်သည်။

“နင့်ကိုငါသတ်ချင်လို့စောင့်နေတာကြာပြီ မယ်ယမင်း”

မယ်တော်မှာ သွေးပျက်မတတ်ကြောက်လန့်နေရင်း

“မယ်ပျော့၊ နင် . . . နင်ပါလား”

“နင့်ကိုမသတ်ရသရွေ့ ငါငရဲပြည်ကိုမသွားဘူးလို့ ကျိန်ဆိုထားတာ၊ အခုတော့ ငါ့အလှည့်ရောက်ပြီမယ်ယမင်း၊ နင်နဲ့ငါနဲ့အတူတူ ငရဲပြည်ကိုသွားကြတာပေါ့”

မယ်ယမင်းက အနောက်သို့တွန့်ဆုတ်တွန့်ဆုတ်နှင့် ရွေ့သွားသည်။ မယ်ပျော့မှာ ဝမ်းခေါင်းသံကြီးနှင့်ရယ်မောနေလေသည်။ ထိုအခိုက် သာစံမှာ ပွဲကြည့်စင်ပေါ်မှပြေးဆင်းလာခဲ့သည်။

“အမေ၊ မလုပ်ရဘူး၊ အမေ မယ်တော်ကိုမသတ်ရဘူး”

“အမေမသတ်ပါဘူးသားရဲ့ သူသတ်မှာပါ”

“မယ်တော်ကိုဘယ်သူမှမသတ်ရဘူးအမေ၊ မယ်တော်သေရင် အမေလည်းသေမှာပဲ”

“မယ်တော်ရော၊ မယ်ပျော့ရော၊ အမေရော သုံးယောက်စလုံးသေသွားတဲ့အခါကျမှ အရာအားလုံးက ပြီးဆုံးသွားလိမ့်မယ်သာစံ”

“အမေသေလို့မဖြစ်ဘူးဗျ၊ ကျုပ်အမေနဲ့မခွဲနိုင်ဘူး”

“အားလုံးက တစ်နေ့မှာခွဲခွာရမှာပဲငါ့သား”

“ကျုပ်အမေနဲ့ နေချင်သေးတယ်၊ ကျုပ်အမေ့အနားမှာအမေ့ကိုပြုစုရင်းနဲ့ နေချင်သေးတယ်အမေရဲ့”

သာစံပြောလိုက်သည့်အခါ မယ်ပျင်းမျက်လုံးများပြူးကြောင်သွားလေသည်။ ထို့နောက်မယ်ပျင်းက ကြက်သွေးရောင်အလင်းတန်းဖြင့် မယ်ပျော့အားပစ်ခတ်ထည့်လိုက်သည်။ အလင်းတန်းထိမှန်သွားသည့် မယ်ပျော့၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်ထွက်သွားလေသည်။ မယ်ပျော့က မယ်ပျင်းအားလှည့်ကြည့်ရင်း

“ဟဲ့မယ်ပျင်း၊ နင်ဘယ်လိုလုပ်လိုက်တာလဲ၊ နင်ဘာကြောင့် ငါ့ကိုသစ္စာဖောက်ရတာလဲ”

“ကျုပ်အစကတော့ ကိုယ့်ကိုယ်ကိုယ်သေဖို့အဆင်သင့်ဖြစ်နေပြီလို့ တွေးခဲ့ဖူးတယ်၊ ဒါပေမယ့် အခုတော့ ကျုပ်မသေချင်တော့ဘူး”

မယ်ပျော့မှာ မယ်ပျင်းအား အမျိုးစုံကျိန်ဆဲနေလေသည်။

“ဒီတော့ ရှင်ပဲအရင် ငရဲပြည်ကိုသွားနှင့်အုံးပေါ့ မယ်ပျော့ရေ”

“ဟဲ့မယ်ပျင်း၊ ညည်းကိုငါလုံးဝမကျေနပ်ဘူး၊ နောင်တချိန်ညည်းနဲ့ငါပြန်ဆုံရင် ငါညည်းကိုလုံးဝခွင့်မလွတ်ဘူး”

မယ်ပျော့မှာ ပြောဆိုပြီးသည့်အခါ မြေကြီးအတွင်းသို့ တဖြည်းဖြည်းနစ်ဝင်ကာ ပျောက်ကွယ်သွားလေသည်။ မယ်ပျင်း၏ ကွဲထွက်နေသည့် ရင်နှစ်ခြမ်းမှာလည်း သူ့အလိုလိုပင်ပြန်လည်ဆက်သွားသည်။ မယ်ပျင်းက မယ်တော်ယမင်းအားကြည့်လိုက်ရင်း

“ရှင်သွားတော့၊ ရှင်အခုပဲထွက်သွားတော့၊ ကျုပ်ရှင့်ကိုမသတ်ချင်ဘူး မယ်ယမင်း”

မယ်တော်မှာ ခေါင်းငိုက်စိုက်ကျလျှက်

“ငါရှုံးပြီ . . ငါနင့်ကိုရှုံးခဲ့ပါပြီ မယ်ပျင်းရယ်”

ထိုသို့ပြောဆိုကာ ငိုကြွေးနေလေသည်။ ထိုအခါမှ ဝိုင်းအုံကြည့်နေသည့် ပရိသတ်များမှာ မယ်ပျင်းနာမည်ကိုအော်ဟစ်ကာ အားပေးလိုက်ကြသည်။ မယ်ပျင်းက သာစံအားပြုံးလျှက်ကြည့်လိုက်သည်။

“အမေမှန်တယ်အမေ၊ ဘာပဲဖြစ်ဖြစ် အမေ့လုပ်ရပ်မှန်တယ်”

မယ်ပျင်းမှာ ပြုံးနေရင်း ပါးစပ်အတွင်းမှ သွေးများစီးကျလာလေသည်။ သာစံမှာ ထိတ်လန့်သွားကာ

“အမေ . . . အမေဘာဖြစ်တာလဲ”

“မယ်ပျော့က တစ်ချိန်က အမေ့ရဲ့အသက်ကိုဆက်ပေးထားခဲ့တာပဲ၊ အခုသူမရှိတော့ အမေလည်းသေရတော့မယ်ထင်ပါရဲ့”

ထိုအခါ မောင်ဝိုင်းက မယ်ပျင်းအနီးသို့ရောက်လာကာ

“ခင်ဗျားမသေနိုင်ပါဘူး၊ မှော်ပြဒါးရှင်လုံးရဲ့အစွမ်းကို မယ်ပျော့နဲ့မယ်တော်တောင်မှ မယှဉ်နိုင်တာ၊ ခင်ဗျားရဲ့ကွဲအက်နေတဲ့နှလုံးသားကိုလည်း မှော်ပြဒါးရှင်လုံးနဲ့ ပြန်ပြီးကုသလိုက်စမ်းပါ”

မယ်ပျင်းမှာ စိတ်အာရုံကိုစုစည်းကာ ကုသနေရင်း အားအင်ကုန်ခမ်းကာ မေ့မြောသွားလေသည်။

မယ်ပျင်းမျက်လုံးများကိုပြန်ဖွင့်လိုက်သည့်အခါ ရွှေရောင်တောက်ပလင်းလက်နေသည့် မျက်နှာကြက်ကိုမြင်တွေ့လိုက်ရသည်။

“ငါဘယ်ရောက်နေတာလဲ၊ ဒါနတ်ဘုံနတ်နန်းတစ်ခုလား”

“ဘယ်ဟုတ်ရမှာလဲအမေရဲ့ ဒါအရှေ့မယ်တော်ရဲ့ နန်းဆောင်ပဲ”

မယ်ပျင်းက အားယူ၍ထလိုက်ရင်း

“ငါက ဘယ်လိုလုပ်ပြီးအရှေ့မယ်တော်ရဲ့နန်းဆောင်ကိုရောက်နေရတာလဲ”

“အမေ့ကို မြိုင်သာမြို့ကောင်စီကရော မြိုင်သာမြို့က စုန်းတွေကပါ အရှေ့မယ်တော်အဖြစ် တင်မြှောက်လိုက်ပြီအမေရ”

မယ်ပျင်းမှာ ကိုယ့်နားကိုယ်ပင် မယုံကြည်နိုင်လောက်အောင်ဖြစ်သွားသည်။

“ငါ . . .ငါက အရှေ့မယ်တော်ဖြစ်သွားပြီတဲ့လား”

“ဟုတ်တယ်အမေ၊ မယ်တော်ကိုနိုင်တဲ့လူက မယ်တော်ဖြစ်စမြဲမို့အခုအမေက အရှေ့မယ်တော်ကြီးဖြစ်သွားပြီ”

ဒေါ်ဝတုတ်မှာလည်း ဝမ်းသာအားရဖြင့်

“ဟုတ်ပါတယ်မမကြီး၊ အခုဆိုရင် ဟိုအိမ်မှာကိုနေစရာမလိုတော့ဘူး ဒီနန်းဆောင်ကြီးမှာ အေးအေးဆေးဆေးနဲ့နေလို့ရပါပြီ”

မောင်ဝိုင်းကလည်း အနားသို့ရောက်လာကာ

“ခင်ဗျားအတွက်ဂုဏ်ယူပါတယ်မယ်ပျင်း၊ သိပ်မကြာခင် အရှေ့မယ်တော်အဖြစ် နန်းတက်ပွဲအခမ်းအနားကို ကျင်းပကြလိမ့်မယ်”

ဗေဒါရီလည်း ရောက်လာကာ

“ကောင်စီကလည်း မကြာခင်ရက်ပိုင်းအတွင်း ရှင့်ကိုမြိုင်သာမြို့ကောင်စီဝင်အဖြစ်သတ်မှတ်ပေးလိမ့်မယ်၊ နောက်ပြီး ကောင်စီအဖွဲ့ဝင်လူကြီးတစ်ယောက်အနေနဲ့ ကောင်စီကလူတွေကို မိန့်ခွန်းပြောပေးရလိမ့်မယ်”

သာစံမှာအားတက်သရောနှင့်

“ကျုပ်တို့အနာခံခဲ့ရသမျှ၊ အခုအချိန်မှာ အသာစံဖို့ဖြစ်လာခဲ့ပြီထင်တယ်အမေ”

“ဒါတွေအားလုံးက သားကြောင့်ပါ သာစံ၊ အခုအချိန်ကစပြီး မင်းရဲ့နာမည်အတိုင်း သူများတွေထက်သာလွန်ပြီး စံစားဖို့အချိန်ရောက်ပြီထင်ပါရဲ့”

သားအမိနှစ်ယောက်မှာ တစ်ဦးနှင့်တစ်ဦးတင်းကြပ်စွာပွေ့ဖက်လိုက်ကြလေသည်။