ပိတောင်ကြိုးဝိုင်းနှင့် အမဲကြီးများ
(၁)
နှင်းများ မစဲသေး။
လေတရှီးရှီး တိုးနေချိန်တွင် နှင်းပွင့်များ လေနှင့်အတူ မြက်ခင်းပြင်များဝယ် ကြွေဆင်းလျက် ရှိနေလေသည်။
ဒေါင်းသံက မြိုင်ယံကို လွမ်းမောစေဘိ၏။
နံနက်စောစော ရေသောက်ဆင်းစ သမင်မနှင့် သမင်ဖိုကြီး တကောင်ကို ကျားသေချောင်း ကျောက်ဆောင်ပေါ်တွင် တွေ့ရပါလေသည်။
သမင်ဖိုကြီးများ၏ မိတ်လိုက်ချိန်ကား မတ်လ နှင့် ဧပြီလများတွင် သမင်မအုပ်နှင့် ရောနှောနေ တတ်ကြ၏။
သို့သော် ယခု ဒီဇင်ဘာလတွင် သမင်မများမှာ သားပေါက်ချိန်ဖြစ်၍ သမင်ဖိုကြီးများက အနားမှ မပြတ် စောင့်ရှောက်တတ်ကြပါသည်။
ယင်းကြောင့်လည်း အောက်တိုဘာလမှ မွေးခဲ့ဟန်တူသော သမင်ငယ်ကလေးတကောင်သည် သမင်မအနီးတွင် တွေ့လိုက်ရ၏။
သမင်မများ၏ ပဋိသန္ဓေလွယ်ချိန် ရှစ်လကြာသလို ကိုယ်ဝန်ကို စောင့်ရှောက်ရသည်မှာလည်း သနားစရာ ကောင်းလှလေသည်။
ရန်သူဖြစ်သော သားစားကျားနှင့် ကျားသစ်တို့၏ အာဟာရကား သမင်၊ ဂျီ၊ ဒရယ်ကလေးများ ဖြစ်လေရာ ပြေးနိုင် ပုန်းနိုင်မှ လွတ်မည့်ဘဝပါပေ။
သည်အထဲ ကျွန်ုပ်တို့လို တောလိုက်မုဆိုးတစု၏ မဆင်မခြင်ပစ်ခတ်မှုကြောင့် ကိုယ်ဝန်လွယ်၍ မရဏပွဲ ဝင်ခဲ့ရသော သမင်ပေါင်းကလည်း မနည်းပါချေ။
ကျွန်ုပ် မြင်နေရသော သမင်သုံးကောင်အနက် သမင်ဖိုကြီး၏ ဦးချိုမှာ ပို၍ လှပနေပါသည်။ နေခြည်နုနုသည် နှင်းပွင့်များကို ထိုးဖောက်ကာ သမင်ဖိုကြီး၏ ဦးချိုဝယ် နားခိုလိုက်သည်။ ဦးချိုအရောင်သည် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပါချေသည်။
သမင်ဖိုကြီးများမှာ ဩဂုတ်လ (ဝါခေါင်နှင့် တော်သလင်းလ) များတွင် ဦးချိုချ၍ ဒီဇင်ဘာ (ပြာသိုလ) ဦးချိုသစ်မှာ ရင့်မာလျက် အလှဆုံးအချိန်ပင် ဖြစ်၏။
မုဆိုးများအနေဖြင့် သမင်ဦးချိုအလှဆုံးသည် ဈေးကောင်းကောင်းရစေသော်လည်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ သမင်ကို လုံးဝ မပစ်ရပါ။
အကယ်၍ ပစ်ခတ်မိသည့်တိုင်အောင် သမင်ကောင်ကို နီးစပ်ရာ သစ်တောဌာနနှင့် တရားသူကြီးထံ ပို အပ်ကြရမည် ဖြစ်သည်။ ပြီး သမင်ကို ရောင်းချကာ အခွန်ငွေစားရင်း သွင်းရမည်ဟု ဆိုထားပါသည်။
“ဒီသမင်တွေ ကွင်းမဆင်းဖို့ အရေးကြီးတယ် အမဲအုပ်ကြီး”
“အဲဒါကြောင့် ပဲစင်းငုံရော၊ စပါးပြောင်းပင်တွေပါ ဆယ့်ငါးဧကလောက် ကြဲပေးထားတယ် ဗိုလ်စိန်တင် “
“တောငှက်ပျောတွေရော လုံလောက်ကဲ့လား”
“လုံလောက်ပါတယ်။ ကျုပ် ထပ်ပြီး စိုက်ထား ပါသေးတယ်။ စားပင်တွေ အပြည့်ပဲ။ ဒါကြောင့် ဆင်တောင်ဘက်က သားကောင်အုပ်တွေ ဒီဘက် ရောက်လာတာပေါ့”
ကျွန်ုပ်က မေးလိုက်သဖြင့် အမဲအုပ်ကြီးဖြစ်သော ဦးအောင်ဒင်က ပြန်ပြောလိုက်ခြင်း ဖြစ်ပါသည်။
ယင်းအခိုက် သမင်ဖိုကြီးသည် ထိတ်လန့်သောအသံဖြင့် စူးရှစွာ အော်လိုက်၏။ သမင်မနှင့် ကလေးမှာ ဟိုဟိုသည်သည် ကြည့်လျက်ရှိသည်။
“တောကောင် အနံ့လား၊ ခင်ဗျားနဲ့ကျွန်တော့်အနံ့များ ရလိုပဲလား မသိဘူး”
“ဒါဖြစ်နိုင်တယ်၊ အမဲစောင့်မောင်ကြိုင်က သားစားအငယ်၍ ခြေရာကို မနေ့က တွေ့ရတယ်လို့ ပြောတယ်”
ထိုသို့ပြောရင်းက
အမဲအုပ်ကြီး ဦးအောင်ဒင်သည် အမဲစောင့် ထူးလယ်ဆိုသော ကျွန်ုပ်တို့နှင့်ပါလာသည့် ကရင် အမျိုးသားကလေးအား လက်ပြလျက် သစ်ပင်ပေါ်သို့တက်၍ ကြည့်စေပါသည်။
“ထူးလယ် သစ်ပင်ပေါ် တက်ကြည့်”
အမဲအုပ်ကြီး ဦးအောင်ဒင်၏ စကားမဆုံးသေးမီ စောထူးလယ်ဆိုသော ကရင်အမျိုးသားကလေးမှာ မျောက်တကောင်အလား ကညင်ပင်ကြီးအပေါ်သို့ တက်သွားသည်မှာ မြန်ဆန်လှပါသည်။
စောထူးလယ်က ကျွန်ုပ်တို့အား လက်နှစ်ဘက်ကို ဝိုင်း၍ ကြက်ခြေခတ်ပြလိုက်ပါသည်။ သားစားကျား သစ်တကောင် သမင်အုပ်စုကို ချောင်းလျက်ရှိကြောင်း သိရ၏။
ကျွန်ုပ်ရောက်နေသော နေရာမှာ ပိတောင်ကြိုးဝိုင်းဖြစ်သည်။
ပိတောင်ကြိုးဝိုင်းသည် ကချင်ပြည်နယ်တွင်ရှိပြီး မြစ်ကြီးနားနှင့် မိုးကောင်းမြို့ အကြားတွင် တည်ရှိလျက် ဘေးမဲ့သစ်တောအဖြစ် ကြေငြာထားသော သစ်တောတတော ဖြစ်ပါသည်။
အချိန်အခါမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် ကျွန်ုပ်တို့၏ ဗမာ့တပ်မတော် တပ်ရင်း (၇) တပ်စုကလေးသည် ကချင်ပြည်နယ် ပိတောင်ကြိုးဝိုင်းတွင် ခေတ္တမျှ တာဝန်ကျခဲ့လေသည်။
မြန်မာနိုင်ငံတွင် ပိတောင်ကြိုးဝိုင်းသည် အကြီးမားဆုံးနှင့် အကျယ်ဝန်းဆုံး၊ သားကောင်လည်း ပေါများ လှပါဘိသည်။
ပိတောင်ကြိုးဝိုင်း၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂၈၀ ခန့်ရှိပြီး သီပေါဘုရင် ပါတော်မူပြီးနောက်တွင် မြစ်ကြီးနား မိုးကောင်းမြို့များတွင် ကုလားစစ်တပ်များ ချထားခဲ့ရာ သူ့ကျွန်မခံလိုသော ကချင်တော်လှန်ရေးတပ် ပိတောင်ကြိုးဝိုင်းတွင် အခြေစိုက်ကာ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ကုလားစစ်တပ်များမှာ အမဲပစ်ပင် မထွက်ရဲကြဟု သိရသည်။
ပိတောင် ကြိုးဝိုင်းကြီးအတွင်း သစ်တောဌာန စာရင်းအရပင် ဆင်ရိုင်းပေါင်း (၃၀၀) နီးပါး ရှိသည်ဟု သိရပါသည်။
ပိတောင် သစ်တောကြိုးဝိုင်းကြီးအား သစ်တောနှင့် သားကောင်များ ထိန်းသိမ်းရန်အတွက် အမဲအုပ်ကြီးတဦးနှင့် အမဲစောင့်များ ချထားပါသည်။
ကျွန်ုပ်တို့ တပ်စုကလေးသည် ဘိနယ် တနယ်၏ အခြေစိုက် အမဲစောင့်ရွာဖြစ်သည့် နန့်ကြင်ရွာတွင် ခေတ္တစခန်းချလျက် ရှိပါသည်။ တာဝန်မှာ သစ်တောကြီးအတွင်းရှိ သားကောင်များကို မသမာသော လက်နက်ကိုင် လူတစုက ပစ်ခတ်သတ်ဖြတ်နေခြင်းမှ အကာအကွယ်ပေးရန် ဖြစ်ပါသည်။
ဘိနယ်ဆိုသည်မှာ အမဲများ စောင့်ကြပ်ရန် သတ်မှတ်ထားသော သစ်တောနယ်ပယ် ပိုင်းခြားထားပြီး အစောင့်ရွာများ တည်ထောင်ထားခြင်း ဖြစ်ပါ၏။
X X X X
(၂)
ကျွန်ုပ်နှင့် အမဲအုပ်ကြီး ဦးအောင်ဒင်၊ အမဲစောင့် စောထူးလယ်အပြင် မဂျုမုဆိုးကြီး ဖရော်ဂန်တို့သည် ပိတောင်ကြိုးဝိုင်းအတွင်း ကျားသေချောင်းသို့ နံနက် ၅နာရီလောက်ကပင် ရောက်လာခြင်းဖြစ်၏။
အမဲငယ်များဖြစ်သော သမင်၊ ဒရယ်၊ ချေ၊ စိုင်တို့သည် နံနက် ၆နာရီမှ ၁၀နာရီအထိ အစာရှာဖွေစားသောက်တတ်ကြပြီး၊ ညနေ ၆နာရီခွဲမှ ညဉ့် ၉နာရီအထိ အစာစားတတ် ကြပါသည်။
ရာသီမှာ တန်ဆောင်မုန်းလရာသီဖြစ်သောကြောင့် ချဉ်ယုတ်၊ ဖားခါး၊ ဆီးဖြူ၊ ရှားဖြူသီးပွင့်များ ပွင့်သီးချိန်ဖြစ်၍ အမဲငယ်တွင်မက တောဝက်အကြိုက်များလည်း ဖြစ်ကြပါသည်။
ယနေ့ ကျွန်ုပ်တို့ တောဝက်ပစ်ထွက်လာကြခြင်း ဖြစ်သည်။ အမဲအုပ်ကြီးက ဗြိတိသျှရိုင်ဖယ် .၃ဝဝ ပါရှိပြီး၊ မုဆိုးကြီးဖရော်ဂန်က ဒသမ ၄ဝ၅ အမဲကြီးပစ်ရိုင်ဖယ်နှင့် အမဲစောင့်စောထူးလယ်က ဒသမ ၄၄ ပြောင်း ၂၈ လက်မအရွယ် ရိုင်ဖယ်ပါရှိပါသည်။
ကျွန်ုပ်ကမူ ပွိုင့် ၂၂ (Long Rifle) ရိုင်ဖယ်အရှည်ပါရှိလျက် ယမ်းအားဂရိမ် ၄ဝ ရှိသော်လည်း ကျည်ဆန် ပြောင်းထွက် တွန်းကန်အားမှာ ၁၃၃၅ ရှိလျက် ကိုက်တရာအတွင်းရှိ သားကောင်များအား အသေပစ်သတ်နိုင်စွမ်း ရှိပါသည်။
တဖန် ဝင့်ချက်စတာကုမ္ပဏီမှ ထုတ်လုပ်သော (Lever Motive Action) အမျိုးဖြစ်၍ ကျည်ထိုး ကျည်ထုတ် မြန်ဆန်လှပြီး အမဲကြီးများကို ချက်ကောင်းပစ်ရပါက တုန်းကနဲ လဲကျသွားနိုင်ပါ၏။
ကျွန်ုပ်တို့သည် ကျားတောရိုးစ “ကော့ညွှတ်” ခေါ် တောင်ကမူကလေးတွင် ချောင်းမြောင်းနေစဉ် သမင်ဖိုကြီးနှင့် သမင်မ သားငယ်သမင်ကလေးသည် ကျောက်စွယ်မှ ဝုန်းကနဲ ချောင်းကမ်းစပ်သို့ ခုန်ဆင်းပြေးလိုက်စဉ် ဖက်ကြီး ချုံ ကြီး တချုံအတွင်းမှ ဝေါင်းကနဲ အသံနှင့်အတူ အဝါတွင် အနက်ပြောက် အကွက်ကြီးများပါသော ရှစ်တောင်ခန့် ကျားသစ်တကောင် လွှားကနဲ ထွက်လာပါသည်။
ကျွန်ုပ်သည် တချုံကျော် မုဆိုးများ ဝါးလုံးထိုး ပစ်နည်းဖြင့် ပွိုင့် ၂၂ ရိုင်ဖယ်ပြောင်းကို ညွှန်ကာ ခလုတ်ကို ဆွဲချလိုက်ပါသည်။
“ဒိုင်း ..”
ကျည်ဆန်သည် ကျားသစ်၏ ခေါင်းပိုင်းကို မိမိရရကြီးထိကာ ကျွမ်းပစ်၍ ကျသွားပါသည်။
“ကောင်းလိုက်တဲ့ ပစ်ချက်ကွာ”
မုဆိုးကြီး ဖရော်ဂန်က ကျွန်ုပ်ကို ချီးကျူးလိုက်ပါသည်။ ဂရိမ်ယမ်းနံ့များက ထောင်းကနဲ ထသွားသလို အမဲစောင့် စောထူးလယ်က ချောင်းအောက်သို့ ပြေးဆင်းသွားပါသည်။
“ဂရူး… ဂရူး…ဂရူး…”
ကျားသစ်မှာ မသေသေး။ မာန်ဖီနေသေးသည်။ ကျွန်ုပ်က နောက်မှလိုက်သွားပြီးနောက် ပွိုင့်တူးတူး ကျည်တတောင့်ကို ကျားသစ်၏ နဖူးတည့်တည့် ပစ်သွင်းလိုက်မှ ငြိမ်သက်သွားလေတော့သည်။
နှင်းပွင့်များ ကြွေပျက်နေပြီဖြစ်သော သဲမြေစပ်စပ် ကျားသေချောင်းနံဘေးမှ ကျားသစ်အလောင်းကိုယူ၍ ပြန်တော့မည့်ဆဲဆဲ အောင်လောင်ငှက်ကြီးနှစ်ကောင်သည် အော်မြည်လျက် ပျံထွက်သွားသည်ကို တွေ့ရပါလေသည်။
ထိုငှက်ကြီးများ ရုပ်တရက်ပျံထွက်သွားခြင်းမှာ အမဲကြီးများ တောတိုးလာခြင်းသာ ဖြစ်ပေမည်။ ကျွန်ုပ်နှင့် မုဆိုးကြီး ဖရော်ဂန်တို့သည် ကျားသေချောင်းပေါ်သို့ ပြေးတက်ခဲ့ပြီး ဖက်ကြီး ရွက်များ ဖုံးနေသည့် တောင်ကုန်းကလေးပေါ်မှ အင်တိုင်းတောဆီသို့ ကြည့်လိုက်ကြပါသည်။
အင်တိုင်းတောအတွင်းမှ အကောင်နှစ်ဆယ်ခန့်ပါသော စိုင်အုပ် ပြေးထွက်ကာ အရှေ့ဘက် ဒီဒူးကွင်းဘက် ပြေးသွားလျက် ထိုနောက်မှ ရှားပါးလှသော အဖြူရောင်လည်းမကျ၊ ရေညှိရောင် သတ္တဝါကြီးနှစ်ကောင် ဦးချိုထောင်၍ ပြေးလိုက်သွားပါသည်။ ထိုသတ္တဝါကြီးနှစ်ကောင်မှာ ကြံ့ကြီးများဖြစ်ပါသည်။
ပိတောင်ကြိုးဝိုင်းအတွင်း စောင့်ရှောက်ထား
သော သားကောင်များ ဖြစ်ပါသည်။ ထိုအခိုက်….
တဘက် ဝါးတောထဲမှ “ဖြောင်း”ကနဲ အသံကြားလိုက်ရပါသည်။ ဒရယ်ကလေးသုံးကောင် ပြေးထွက်သွားကြ၏။ တောခွေးဆယ်ကောင်က “ဝေါင်.. ဝေါင်… ဝေါင်” အော်မြည်ပြေးသွားသော ဒရယ်သုံးကောင်ကို ပတ်၍ လိုက်လာကြသည်။
တောခွေးများကို ကျွန်ုပ်က ပွိုင့်တူးတူး ကျည်ဆန်ဖြင့် သုံးချက်ပစ်လိုက်သဖြင့် အုပ်စုကွဲကာ ပြေးထွက်သွားလေတော့သည်။
တောခွေးများအား သစ်တောဥပဒေအရတွေ့ရာတွင် ပစ်သတ်နိုင်ခြင်းပင် ဖြစ်ပါသည်။ ဤတွင် ကျွန်ုပ်တို့နှင့်ပါလာသော အမဲစောင့် စောထူးလယ်အား ကျားသစ်သေကို စခန်းသို့ ယူဆောင်သွားစေကာ ကျွန်ုပ်တို့က ဝက်အုပ်ကျသော “ဝက်သေအင်း”ခေါ် ပိတောင်ကြိုးဝိုင်းအတွင်းရှိ စမ်းအင်းကြီးဆီသို့ ထွက်လာခဲ့ကြပါ သည်။
X X X X
(၃)
အချိန်မှာ နံနက် ခုနစ်နာရီပင်ရှိပါသေးသည်။
နှင်းမြူများ မကွဲသေးပါ။ ဝေနေသော နှင်းများက သစ်တောကြိုးဝိုင်းကြီးအား လွှမ်းမိုးထားဆဲပင် ရှိပါသည်။
ဝက်သေအင်းသည် တောင်ကြောနှစ်ကြော အလယ်တွင် တည်ရှိကာ ဘေးဝန်းကျင်တွင် တောငှက်ပျောနှင့် ဝါးသုဉ်းတောများ၊ အင်နှင့် ကညင်၊ သစ်ရာ၊ ကျွန်း စသည့် အပင်ကြီးများ ပေါက်လျက်ရှိနေလေသည်။
ကျွန်ုပ်တို့သည် တောင်ကြောပေါ်သို့ အခြေအနေ အကဲခတ်ကာ လေအောက်မှပတ်၍ လာခဲ့ကြပါသည်။ ဝါးသုဉ်းတောထဲမှ ဆင်ရိုင်းအုပ်တအုပ် အကောင်သုံးဆယ်ခန့် တောအတွင်း ဝင်သွားကြပါသည်။
ထိုအချိန်တွင် မျောက်အုပ်တအုပ် သစ်တောထဲမှ ခုန်လွှား၍ အင်းထဲသို့ ဆင်းသွားကြသည်။ အင်းစပ်မှ ခရုနှင့် ကဏန်းများကို ကောက်ယူနေသဖြင့် မျောက်တံငါတွေဟု သိလိုက်ရ၏။
သို့သော် မျောက်အုပ်ကြာရှည်စွာ မစားလိုက်ရ။ ကျားသစ်နှစ်ကောင် လွှား၍ ဆင်းလာကာ မျောက်မောင်းမတကောင်နှင့် မျောက်ထီးတကောင်အား ကိုက်ချီ၍ ပြေးတက်သွားတော့သည်။
အထူးသဖြင့် ရေဘဲအုပ်ကြီးတအုပ်နှင့် ဗျိုင်းတအုပ်တို့ အင်းကြီးအတွင်း ဆင်းကာ ပျော်မွေ့လျက်ရှိခြင်းပင်။
ကျွန်ုပ်တို့အဖို့ တောတိရစ္ဆာန် တိုင်းပြည်သို့ ရောက်နေရသကဲ့သို့ ခံစားမိပါချေသည်။
ထိုအချိန်မှာပင် အင်းကြီးအတွင်း မည်းမည်း အုပ် တအုပ် ဆင်းလာသည်ကိုတွေ့ရပါလေသည်။ ထိုသတ္တဝါများအား မြင်လိုက်သည်နှင့် ဝက်တောင်းကြီး ခေါင်းဆောင်သော ဝက်တအုပ်ဖြစ်ပြီး အကောင် နှစ်ဆယ်ခန့် ရှိပါမည်။
ဝက်တောင်းကြီးနှင့် ဝက်အုပ်သည် ရေသောက်၍ ခရုများကို တကျွမ်းကျွမ်းကောက်စားနေသည်ကို အတိုင်းသား ကြားနေရ၏။
ကျွန်ုပ်တို့အဖို့ အချိန်လေးဆယ်ကျော်ခန့်ရှိ ဝက်ပေါက်တကောင်ရရန် အရေးကြီးသဖြင့် အမဲအုပ်ကြီးထံမှ ဒသမ ၃ဝ၃ ဗြိတိသျှရိုင်ဖယ်ယူကာ မုဆိုးကြီး ဖရော်ဂန် ညွှန်ပြသည့် ဝက်တကောင်ကို ပြောင်းဦးညွှန်လိုက်ပါသည်။
ဒသမ ၃၀၃ ဗြိတိသျှရိုင်ဖယ်သည် တောဝက်ပစ်ရာတွင် ဂရိမ်ယမ်းအားပြင်း၍ စိုက်ချရသော်လည်း ပြောင်းကို ညွှန်ရာတွင် အသက်အောင့်ကာ ထားပြီးမှ ခလုတ်ကို အသာကလေး ဆွဲချလိုက်ရသည်။
“ဒိုင်း …”
ယမ်းနံ့ ထောင်းကနဲထသွားစဉ် ကျည်ခွံကို ပြန်ထုတ်၍ ကျည်သစ်တတောင့် ပြောင်းရင်းကို ထိုးသွင်းပြီး ဖြစ်စေ၏။
“ဝု … ဝု … ဝု”
ဝက်တောင်းကြီးအော်သံနှင့် တောင်ကြောပေါ် ပြေးတက်သွားကြ၏။ ကျွန်ုပ်ပစ်လိုက်သော အလေးချိန် လေးဆယ်ခန့် ဝက်တကောင် ဗုန်းကနဲ လက်ပြင်ထိကာ လဲကျနေလေသည်။
ပြေးထွက်သွားဆဲ ဝက်အုပ်မှအချိန် လေးဆယ်နီးပါး ဝက်တကောင်အား ရွာသားများအတွက် ဒုတိယအကြိမ် ပစ်လိုက်ရာ တုံးကနဲ လဲကျသွားပြန်ပါသည်။
ထိုစဉ် အင်းထဲမှ ဘွမ်းကနဲ အသံကြီးတသံ ပေါ်ထွက်လာပါသည်။
ကမ်းစပ်သို့ ကူးလာပါသည်။ ညိုညစ်ညစ် ကိုယ်လုံးနှင့် သတ္တဝါကြီးနှစ်ကောင်။ နှုတ်ခမ်းတိုတိုနှင့် သွားတန်းပါသော ပါးစပ်ကြီးများ ဖြဲထားပါသည်။
“ဟာ… ဖွတ်မိကျောင်းတွေ”
အမဲအုပ်ကြီးက အော်လိုက်စဉ်မှာပင် မုဆိုးကြီး ဖရော်ဂန်က ပြေးဆင်းသွားကာ ဒသမ ၄ဝ၅ သေနတ်ဖြင့် ခြောက်လှန့်လိုက်ကာ ကမ်းစပ်တွင် လဲကျနေသော ဝက်သေကိုဆွဲယူလာ၏။ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ ဆိုသကဲ့သို့ ထိုသတ္တဝါများက အချောင်စားလိုသဖြင့် ကူးလာသည်မှာ အံ့သြရပါလေသည်။
“ဖြန်း … ဖြန်း … ဖြန်း”
ယင်းအချိန်မှာပင် တင်ကျီးငှက်အုပ်ကြီးတအုပ် ထိုးဆင်းလာရာ ဖွတ်မိကျောင်းများ ဝက်သေမရပဲ တင်ကျီးငှက် ဆွဲစားရန် ရေထဲသို့ ငုပ်လျှိုးသွား ပါလေတော့သည်။
အမဲအုပ်ကြီးကမူ …
“ဒီသတ္တဝါရှိနေတာ ကျုပ်တောင် သတိမထားမိဘူး၊ သစ်တော သားကောင်စာရင်းထဲမှာ စာရင်းသွင်းပြီးတော့ အထက်ကို အစီရင်ခံရမှာပဲ”
မုဆိုးကြီးဖရော်ဂန်က ဝက်များကို နွယ်ကြိုးဖြင့် ပူးတွဲချည်ရင်း ဝါးရင်းတလုံးခုတ်ကာ ထမ်းပိုးပြု၍ ထမ်းလိုက်ပါသည်။ သူက
“ဒီ ဖွတ်မိကျောင်းတွေက ခဏတဖြုတ်သာ အင်းထဲဆင်းပြီး သားကောင်စားတာကွ၊ နေတာက လိုဏ်ဂူနဲ့ မြေကျင်းဂူထဲမှာနေတော့ ဘယ်မှာတွေ့မှာလဲ”
မုဆိုးကြီး ဖရော်ဂန်၏ အဆိုကို ကျွန်ုပ်က ထောက်ခံလိုက်ပါသည်။
စခန်းသို့ ပြန်လာစဉ် အမဲစောင့်ရွာဖြစ်သည့် နန့်ကြင်ရွာတွင် စခန်းချထားသည့် တပ်စုမှ တပ်စုတပ်ကြပ်ကြီးအောင်သန်းနှင့် ရဲဘော်ငါးယောက် အကြိုလိုက်လာသည်ကို တွေ့ရပါလေသည်။
ထိုနေ့က တောဝက်သားများ လှိုင်လှိုင်စား သောက်ကြရသဖြင့် ရွာသားများနှင့် ရဲဘော်များ ပျော်ရွှင်လျက် ရှိနေပါတော့သည်။
– ပြီး –
စာရေးသူ – မြဝဇီ
Uncategorized