စုန်းမကြီးဒေါ်ပျင်းနှင့် ဘဝတစ်ခု၏နိဂုံး
စာစဉ် (၁၀၅) ဇာတ်သိမ်းပိုင်း

(၁)

မယ်ပျင်းတို့အိမ်ဆောက်လုပ်နေသည့်အချိန် သူကြီးဦးဖိုးမောင်မှာ နောက်လိုက်နောက်ပါများဖြင့်ရောက်လာခဲ့ကြသည်။ သူကြီးဦးဖိုးမောင်က မယ်ပျင်းအား အလွန်နာကျည်းသည့်အကြည့်ဖြင့်ကြည့်ပြီး

“မယ်ပျင်း မင်းဘာလာလုပ်တာလဲ”

“ကျုပ်ရွာကျုပ်ပြန်လာတာလေ၊ ဘာဖြစ်လို့လဲ”

“ဒီရွာမှာ မင်းကိုဘယ်သူကနေခွင့်ပေးလို့လဲမယ်ပျင်း”

မယ်ပျင်းက ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ

“ဒါဆို ဘယ်သူကရောကျုပ်ကိုနှင်ထုတ်ချင်သလဲ”

မယ်ပျင်းပြောလိုက်သဖြင့် ဦးဖိုးမောင်မှာ ထိတ်လန့်သွားလေသည်။

“ကောင်းပြီ၊ မင်းကိုယ့်ရွာကိုယ်ပြန်လာတာကို ငါမတားပါဘူး၊ ဒါပေမယ့် ဒီတစ်ခါမင်းအရင်တုန်းကလို ပြဿနာတွေရှာနေမယ်ဆိုရင်တော့ မင်းငါနဲ့တွေ့မယ်”

“ကျုပ်က ဒီတစ်ခါစိတ်အေးအေးချမ်းချမ်းနဲ့နေချင်လို့ပြန်လာခဲ့တာပါ၊ အရင်က ရှင့်အပေါ်ဖြစ်ခဲ့ဖူးတဲ့မုန်းတီးမှုတွေကိုလည်း ကျုပ်အားလုံးခဝါချလိုက်ပါပြီ၊ ကျုပ်ရဲ့ရှင်နဲ့ကြားထဲက အဖုအထစ်တွေကို ဒီနေရာမှာပဲ သင်ပုန်းချေပြီး မေ့ပစ်လိုက်ကြတာ ကောင်းမယ်ထင်တယ်”

သူကြီးဦးဖိုးမောင်မှာ အလွန်ဒေါသထွက်သွားပြီး

“ဘာကွ၊ ဒီနေရာမှာပဲ မေ့ပစ်လိုက်ရမယ်၊ သင်ပုန်းချေလိုက်ရမယ်ဟုတ်လား၊ မင်းပြောတော့လွယ်လိုက်တာ မယ်ပျင်းရာ၊ အေးလေ ပုဆိန်က မေ့သွားတယ်ဆိုပေမယ့် သူအခုတ်ခံခဲ့ရတဲ့သစ်ပင်ကတော့ ဘယ်မေ့လို့ရပါ့မလဲမယ်ပျင်း၊ မင်းက ငါ့ကလေးတွေသုံးယောက်တိတိသတ်ခဲ့တယ်၊ မင်းက မေ့ချင်ပေမယ့် ငါကတော့ ဒီမုန်းတီးမှုတွေကို ဘယ်တော့မှ မမေ့ဘူးမယ်ပျင်း”

သူကြီးဦးဖိုးမောင်မှာ ကြိမ်းဝါးပြောဆိုပြီးနောက် ရွာထဲသို့ပြန်သွားလေသည်။

“ကိုယ်စိုက်ပျိုးခဲ့တဲ့အသီးအပွင့်ကို ကိုယ်ရိတ်သိမ်းရမယ်တဲ့အမေရဲ့”

သာစံက အိမ်ပေါ်မှဆင်းလာရင်း မယ်ပျင်းကိုပြောလိုက်လေသည်။

“သူကြီးဖိုးမောင်ဘက်ကကြည့်ရင် အမေက သူတို့မိသားစုကို တော်တော်နှိပ်စက်ထားခဲ့တာပဲ၊ သူက အမေ့ကြောင့်စိတ်ဒဏ်ရာတွေအများကြီးရခဲ့တာပဲအမေ၊ အပေါ်ယံဒဏ်ရာတွေသာ အချိန်ကြာလာရင် ကျက်သွားနိုင်ပေမယ့် စိတ်ဒဏ်ရာကတော့ အမြဲတမ်းတနုံ့နုံ့နဲ့ နာကျင်နေရတယ်မဟုတ်လား၊ ဒါကြောင့် ဦးဖိုးမောင်ကို စိတ်မဆိုးပါနဲ့အမေရာ”

“အမေစိတ်မဆိုးတော့ပါဘူးသားရယ်၊ စိတ်မဆိုးတဲ့အပြင် သူ့အတွက်တောင်မှ ခံစားရပါသေးတယ်၊ အမေတစ်ချိန်က ဘာဖြစ်လို့ဒီလိုတွေလုပ်ခဲ့မိပါလိမ့်ဆိုပြီးတော့ ပြန်တွေးမိတယ်သား”

“တစ်ချိန်ကလုပ်ရပ်တွေကို အချိန်တွေလှည့်ပြီး သွားပြန်ပြင်လို့မရပေမယ့် တစ်ချိန်ကကျူးလွန်ခဲ့တဲ့အမှားမျိုး နောက်ထပ်ထပ်ပြီးမကျူးလွန်မိအောင် ထိန်းသိမ်းလို့ရပါသေးတယ်အမေ”

သာစံစကားကိုနားထောင်ပြီး မယ်ပျင်းက ခေါင်းကိုဖြေးညှင်းစွာညိတ်လိုက်လေသည်။

“ဒေါသဆိုတာ မီးတောက်မီးလျှံတွေလိုပူလောင်တယ်တဲ့အမေရဲ့၊ ဒေါသထွက်နေတဲ့လူတစ်ယောက်က မီးကြီးခဲကြီးကို လက်နဲ့ဆုပ်ကိုင်ထားရသလိုပဲ၊ သူများကိုဒေါသထွက်နေတယ်ဆိုပေမယ့် အရင်ဆုံးကတော့ ကိုယ်ကိုယ်တိုင်ပူလောင်နေတတ်တာပဲ၊ အမေ့ဘဝတစ်လျှောက် ဒေါသကြီးခဲ့လို့ အမေ့ဘဝက ပူလောင်နေခဲ့တာပဲအမေ”

“အမေသိပါတယ်သားရယ်၊ အမေအရှိတရားကိုလက်ခံနိုင်အောင်လည်း ကျိုးစားနေပါတယ်၊ ဒါနဲ့လေ အမေတစ်ခုတွေးမိတယ်ငါ့သား၊ အမေ့လိုလူတစ်ယောက်ဆီမှာ ငါ့သားကလူလာဖြစ်တာ အမေ့ကိုထိန်းကြောင်းပေးဖို့ နတ်မင်းတွေက စေလွှတ်ပေးလိုက်တာလားလို့များ အမေတွေးမိတယ်”

“သည်းခံခြင်းက အောင်မြင်ခြင်းတဲ့အမေရဲ့၊ လူတစ်ယောက်က အမေ့ကိုတစ်ခုခုလုပ်တာခံရရင် ဒီလူလုပ်တာပါဆိုပြီး ဒေါသမထွက်ဘဲ ငါအရင်တုန်းက သူတို့ကိုလုပ်ခဲ့လို့ ငါပြန်ခဲ့ရတာပဲလို့ တွေးရင် အမေငြိမ်းချမ်းသွားမှာပါ”

“သြော်၊ ဒါနဲ့အမေ၊ ကျုပ်ရွာဦးကျောင်းကိုခဏသွားလိုက်အုံးမယ်၊ အမေလိုက်အုံးမလား”

“မလိုက်တော့ပါဘူးငါ့သားရယ်၊ အမေရွာထိပ်ဘက်ခဏသွားလိုက်အုံးမယ်၊ အကြော်လေးဘာလေး စားချင်တယ်ကွဲ့”

သာစံမှာ ရွာဦးကျောင်းဘက်ထွက်သွားသည့်အခါ မယ်ပျင်းကလည်း ရွာထိပ်ဘက်သို့ထွက်လာခဲ့သည်။ ဖက်လိပ်ရွာကြီးမှာ ရွာကြီးတစ်ရွာဖြစ်သည့်အတိုင်း တိုးတက်စည်ကားနေလေသည်။ သို့သော် မယ်ပျင်းလမ်းလျှောက်လာသည်ကိုတွေ့သည့်အခါ ရွာခံများက ကြောက်ရွံ့ပြီးရှောင်ရှားကြလေသည်။

ရွာထိပ်တွင် အကြော်တဲကလေးများဖြင့်စည်ကားနေသည်။ မယ်ပျင်းက ထိုတဲကလေးများအတွင်းမှ မုန့်ပျားသလက်ရောင်းသည့် တဲကလေးအတွင်းသို့ဝင်လိုက်ပြီး မုန့်ပျားသလက်တစ်ခုကိုမှာယူလိုက်သည်။ တဲအတွင်းဝယ် အခြားစားသောက်သူများလည်းရှိနေလေသည်။ ဒေါ်ပျင်းဝင်လိုက်သည်နှင့် တဲအတွင်းမှလူများမှာ ကြောက်လန့်ပြီးတစ်ဖက်သို့တိုးကပ်သွားကြသည်။

“ငါ့ကို မုန့်သုံးလေးခုလောက် ပေးစမ်းပါကလေးမရယ်”

မီးဖိုတွင်ထိုင်နေသည့် မိန်းကလေးက မယ်ပျင်းအားစူးစိုက်ကြည့်လိုက်ပြီး

“လူယုတ်မာမကြီး၊ ရှင်ကျုပ်အမေကိုသတ်ခဲ့တာ၊ ကျုပ်အမေက ရှင့်မကောင်းကြောင်းပြောလို့ဆိုပြီးတော့ ကျုပ်အမေကိုလေသင်တုန်းဖြတ်အောင်လုပ်ခဲ့တာ၊ ရှင်လုပ်တဲ့ဝေဒနာကြောင့် ကျုပ်အမေသေခဲ့ရတာ၊ ဒီတော့ရှင်မုန့်တော့မရဘူး ကျုပ်ရဲ့ဓါးပဲရမယ်”

ထိုမိန်းကလေးက အနီးတွင်ချထားသည့် ထင်းခွဲဓါးမကလေးကို ကောက်ယူလိုက်ကာ မယ်ပျင်းအားပစ်ခတ်လိုက်လေသည်။ ထင်းခွဲဓါးမကလေးမှာ မယ်ပျင်း၏လက်မောင်းကိုထိမှန်ပြီး ပြတ်ရှသွားကာ သွေးများစီးကျလာလေသည်။ မယ်ပျင်းမှာ ဒေါသထွက်ထွက်နှင့် ထိုမိန်းကလေးအားလက်ညှိုးဖြင့်ထိုးချိန်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် သာစံပြောထားသည့်စကားများက နားအတွင်းကြားယောင်လာသည်။

“ကိုယ်စိုက်ပျိုးတဲ့အရာကို ကိုယ်ပြန်ရိတ်သိမ်းရမယ်တဲ့၊ ဟုတ်တယ် ဒါက ငါရိတ်သိမ်းရမယ့်အရာပဲ”

မယ်ပျင်းက ခပ်တိုးတိုးရေရွတ်လိုက်ကာ

“ဒီမှာမိန်းကလေး မင်းအမေမကြင်ကိုလေသင်တုန်းဖြတ်အောင်လုပ်ခဲ့မိလို့ ငါစိတ်မကောင်းပါဘူး၊ ငါမင်းကိုတောင်းပန်ပါတယ်”

“ဘာရှင့်၊ ရှင့်ပါးစပ်က အဲဒီတောင်းပန်ပါတယ်ဆိုတဲ့စကားကို ပြောထွက်သေးတယ်လား၊ လူတစ်ယောက်ကိုရက်ရက်စက်စက်လုပ်ခဲ့ပြီးတော့မှ ပြန်တောင်းပန်လို့ရရောလား၊ ရှင်အခုထွက်သွားပါတော့ ရှင့်မျက်နှာကိုကျုပ်မမြင်ချင်ဘူး၊ ရှင်ဒီမှာဆက်နေရင် ရှင့်ကိုသတ်မိလိမ့်မယ်”

ထိုမိန်းကလေးက ပြောဆိုရင်း ထင်းချောင်းတစ်ချောင်းကောက်ယူလိုက်ကာ မယ်ပျင်းထံသို့ပစ်ထည့်လိုက်သည်။ ထင်းချောင်းမှာ မယ်ပျင်း၏ချိုစောင်းကိုထိမှန်ကာ နဖူးပေါက်သွားပြီး သွေးများကျဆင်းလာလေသည်။ ထိုအခါ ကျန်နေသည့် ရွာသားများကလည်း မယ်ပျင်းအား အမျိုးစုံပြောဆိုကြကာ ထင်းချောင်းများ၊ မြေကြီးခဲများဖြင့် ပစ်ခတ်ကြပြန်သည်။ မယ်ပျင်းတစ်ကိုယ်လုံး မြေမှုန့်များ၊ သွေးများနှင့် ညစ်ပတ်ပေရေနေလေသည်။ ထိုအဖြစ်ကို ရွာဦးကျောင်းမှ ပြန်လာသည့် သာစံကမြင်တွေ့သွားကာ မိခင်ဖြစ်သူထံသို့ပြေးဝင်လာသည်။

“ခင်ဗျားတို့ဘာလုပ်တာလဲ၊ ခင်ဗျားတို့ဘာလုပ်ကြတာလဲဗျ”

သာစံရောက်လာသဖြင့် ရွာသားများမှာရပ်တန့်လိုက်ကြသည်။

“အမေ၊ အမေဘာဖြစ်လို့ သူတို့လုပ်သမျှကိုခံနေရတာလဲ အမေရဲ့”

“သားပြောသလို အမေ့ရဲ့တစ်ချိန်က လုပ်ရပ်တွေရဲ့အကျိုးဆက်ကို ပြန်ပြီးခံနေရတာလေသားရဲ့၊ သူတို့တွေအမေ့ကိုထုကြနှက်ကြတယ်ဆိုတာ အမေဟောဒီရွာသားတွေကို နှိပ်စက်ပြုမူခဲ့တာတွေနဲဲ့စာရင် ဘာမှမပြောပလောက်ပါဘူးသားရယ်၊ သူတို့အမေ့ကို ရိုက်ကြနှက်ကြစမ်းပါ၊ အမေခါးစည်းပြီးခံပါ့မယ်”

“မဟုတ်တာပဲအမေရာ၊ ကဲလာပါ အိမ်ပြန်ကြစို့”

သာစံက မယ်ပျင်းအားတွဲခေါ်ကာ အိမ်သို့ခေါ်ဆောင်သွားလေသည်။

(၂)

တစ်နှစ်ခန့်ကြာသည့်အခါ ခေတ်အခြေအနေများပြောင်းလဲသွားလေသည်။ အင်္ဂလိပ်ကိုလိုနီများက မြန်မာနိုင်ငံကိုစွန့်ခွာပြီး ဂျပန်တပ်များက အုပ်ချုပ်ကြီးစိုးနေသည့်အချိန်ဖြစ်သည်။ ထိုအချိန်တွင် ဖက်လိပ်ရွာသူကြီး ဦးဖိုးမောင်မှာ ဂျပန်များနှင့်ပူးပေါင်းကာ အလိုတော်ရိတစ်ယောက်ဖြစ်ခဲ့သည်။ ဂျပန်စကားပြန်များကိုငှားရမ်းထားကာ ဖက်လိပ်ရွာနှင့်အနီးတစ်ဝိုက်တွင် ဂျပန်အရာရှိကြီးများ၏ အလိုတော်ကျအတိုင်း ခေါင်းပုံဖြတ်အုပ်ချုပ်နေလေသည်။ ဦးဖိုးမောင်၏ လက်ရုံးတပ်များမှာလည်း အင်အားများပြားလာကာ ရွာသူရွာသားများကို ဗိုလ်ကျအုပ်ချုပ်နေသဖြင့် ဖက်လိပ်ရွာတွင်သာမက အနီးအပါးရွာများတွင် ဦးဖိုးမောင်အသံကိုကြားသည်နှင့် ဘီလူးသရဲတစ်ကောင်နှယ် ကြောက်ရွံ့နေကြလေသည်။

ရွာသားများက မယ်ပျင်းအား ခပ်တန်းတန်းဖြစ်နေသော်လည်း သာစံက ကျေးရွာ၏ ကာလသားတစ်ယောက်ဖြစ်လာပြီး ရပ်ရွာအကျိုးများကို သယ်ပိုးသဖြင့် ရွာသူရွာသားများက သာစံအားခေါ်ပြောဆက်ဆံကြလေသည်။ မယ်ပျင်းမှာ မနက်တစ်ခါညနေတစ်ခါ သောက်ရေတွင်းတွင် ရေခပ်ဆင်းပြီး ရွာထိပ်တွင်တည်ဆောက်ထားသည့် ရေချမ်းစင်ဆီသို့သွားကာ သောက်ရေဖြည့်လေ့ရှိသည်။ ယနေ့လည်း ညနေခင်းအချိန်တွင် သောက်ရေအိုးကလေးကိုရွက်ကာ ရေချမ်းစင်ဆီသို့ထွက်လာခဲ့သည်။ ရေချမ်းစင်မှာ သစ်သားဖြင့်အခိုင်အခန့်ဆောက်လုပ်ထားခြင်းဖြစ်ပြီး သောက်ရေအိုးနှစ်အိုးတင်ထားသည်။ ရေချမ်းစင်၏ နဖူစီးပျဉ်ပြားတွင်လည်း ဒေါ်ပျင်းကောင်းမှုဟူသည့် စာသားများကို ထုံးအဖြူနှင့်ရေးထိုးထားလေသည်။ မယ်ပျင်းက သူခပ်လာသည့် သောက်ရေအိုးကလေးကို ရေချမ်းအိုးကလေးအတွင်းသို့ဖြည့်လိုက်ရင်း

“ယခုလို ရေလှူဒါန်းရတဲ့အကျိုးကြောင့် ရေလိုအေးချမ်းတဲ့ဘဝကို ရရှိရပါစေသား”

မယ်ပျင်းက ပြောဆိုရင်းရေဖြည့်နေလေသည်။ ရေအိုးတစ်အိုးဖြည့်ရန်ကျန်ရှိနေသေးသဖြင့် ရေချိုတွင်းဆီသို့ထွက်လာသည့်အခါတွင် ရေခပ်လမ်းတွင် ဂျပန်စစ်သားများနှင့် မိန်းကလေးတစ်ဦး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကိုတွေ့ရသည်။ မယ်ပျင်း ကျေးရွာသူများနှင့်မဆုံတွေ့ချင်သဖြင့် ရွာသူများရေခပ်ဆင်းပြီးသည့််အချိန် နောက်ကျသည့်အချိန်မှသာ ရေခပ်လေ့ရှိရာ ယခုမိန်းကလေးမှာလည်းအလွန်နောက်ကျသည့်အချိန်မှ ရေခပ်ဆင်းလာခြင်းဖြစ်သည်။

ဂျပန်စစ်သားများက မိန်းကလေးအားအမျိုးမျိုးနောက်ပြောင်နေကြကာ စစ်သားတစ်ဦးက မိန်းကလေး၏လက်ကိုဆွဲထားလိုက်ပြီး ရယ်မောနေကြလေသည်။ မိန်းကလေးမှာတော့ ဝံပုလွေအုပ်အတွင်းရောက်သွားသည့် သိုးငယ်တစ်ကောင်အလား ကြောက်ရွံ့တုန်လှုပ်နေလေသည်။ မယ်ပျင်းက ရေအိုးကလေးပိုက်ကာ အနားသို့သွားလိုက်ရင်း

“မင်းတို့ဘာတွေဖြစ်နေကြတာလဲ”

ဂျပန်များက မယ်ပျင်းအားစူးစူးရဲရဲစိုက်ကြည့်ကြသည်။ ထို့နောက် မယ်ပျင်းနားမလည်သည့်စကားများကိုအချင်းချင်းပြောဆိုကာ ငေါက်ငမ်းနေကြသည်။ ရွာသူမိန်းကလေးကမူတုန်ယင်လျှက်

“ဒေါ်ပျင်းကြီးရယ် ကျုပ်ကိုကယ်ပါအုံးရှင်၊ ဒင်းတို့လက်ထဲ ရောက်ရင်ကျုပ်ဘဝမတွေးရဲစရာပဲ”

မယ်ပျင်းက ခါးထောက်လိုက်ကာ ဂျပန်များကိုလက်ညှိုးထိုးရင်း

“မင်းတို့အကုန်လုံးပြန်ကြတော့ မဟုတ်ရင်ငါ့အဆိုးမဆိုနဲ့”

ဂျပန်စစ်သားများမှာ ပြီတီတီရယ်မောလိုက်ကြကာ စစ်သားတစ်ယောက်က အရှေ့သို့တက်လာပြီး မယ်ပျင်း၏လက်ကိုဖမ်းဆွဲလိုက်လေသည်။ မယ်ပျင်းက အခြားလက်ဖြင့််ပါးရိုက်လိုက်သည့်အခါ ဂျပန်စစ်သားမှာ အတောင်နှစ်ဆယ်ခန့်အကွာအဝေးသို့လွင့်ထွက်ကျသွားကာ ပြန်မထနိုင်တော့ပေ။ ဂျပန်များက အော်ဟစ်ဆဲဆိုပြီး ခါးတွင်ချိတ်ထားသည့် ဓါးမြှောင်များကိုဖြုတ်လိုက်ကြာကာ မယ်ပျင်းအားဝင်ရောက်တိုက်ခိုက်ကြလေသည်။ သို့သော် မယ်ပျင်းအစွမ်းကိုမယှဉ်နိုင်သဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အတုံးအရုံးလဲပြိုကုန်ကြလေသည်။

“ဘာလုပ်နေတာလဲ ဒီနေရာကနေထွက်မသွားသေးဘူးလား”

ရေခပ်ဆင်းလာသည့်မိန်းကလေးမှာ ရွာအတွင်းသို့ပြန်လည်ပြေးဝင်သွားသည်။ မယ်ပျင်းက ဂျပန်များကိုကြည့်လိုက်ရင်း

“အလို ငါဘာတွေလုပ်ခဲ့မိပါလိမ့်၊ ငါစိတ်လိုက်မာန်ပါ လုပ်လိုက်မိပြီ”

ဟု ရေရွတ်ကာ ရွာအတွင်းသို့ဝင်လာခဲ့တော့သည်။

သူကြီးဦးဖိုးမောင်မှာ စိတ်ဆိုးဆိုးနှင့်စားပွဲကိုလက်သီးနှင့်ထုလိုက်လေသည်။

“ဘာကွ၊ ဂျပန်စစ်သားလေးယောက်ကို မိန်းကလေးတစ်ယောက်က မှောက်သွားအောင်ဆော်လိုက်တယ်ဟုတ်သလား၊ အဲဒါဘယ်သူလဲ”

သူကြီးဦးဖိုးမောင်မေးလိုက်သည့်အခါ ဂျပန်စကားပြန်က

“သူတို့လည်းမသိဘူး၊ အသက်ခပ်လတ်လတ်မိန်းမကြီးတစ်ယောက်လို့ပဲပြန်ဖြေကြတယ်၊ အခုအနောက်ဘက်တောင်ရိုးမှာ တပ်စွဲထားတဲ့ ဂျပန်တွေက သူတို့လူအတိုက်ခိုက်ခံရလို့ တော်တော်စိတ်ဆိုးနေကြတယ်၊ မာစတာကြီးက သူကြီးဦးဖိုးမောင်အနေနဲ့ အဲဒီကိစ္စကို ဖြေရှင်းပေးပါလို့ပြောတယ်၊ သူကြီးမဖြေရှင်းနိုင်ရင် ရွာထဲကိုသူတို့ကိုယ်တိုင်ဝင်လာပြီးတော့ ကိုင်တွယ်မယ်လို့ ပြောလိုက်တယ်”

သူကြီးဦးဖိုးမောင်မှာ ခေါင်းကုတ်လျှက်

“ပြဿနာပဲကွာ၊ ဒီကောင်တွေ ရွာထဲဝင်လာရင် ရွာကြေမှာကွ၊ ဒီကိစ္စကို မင်းတို့စုံစမ်းကြဟေ့”

သူကြီး၏လူယုံများရွာအတွင်းစုံစမ်းလိုက်သည့်အခါ ယမန်နေ့က ဆွဲလားရမ်းလားလုပ်ခံရသည့်မိန်းကလေးကို ခေါ်ဆောင်လာခဲ့ကြသည်။

“ဟဲ့ ပြောစမ်း၊ ဟိုဂျပန်ကောင်လေးယောက်ကို ဘယ်သူလုပ်လိုက်တာလဲ”

“သူတို့က ကျွန်မလက်ကိုဆွဲပြီးတော့ ကျွန်မကိုတောထဲခေါ်သွားဖို့လုပ်နေလို့ပါသူကြီး”

“အေးဟာ၊ ညည်းကလည်းညည်းပဲ၊ ဒီကောင်တွေတို့ရွာနားမှာတပ်စွဲထားတာကိုတောင်မှ ညည်းတစ်ယောက်ထဲရေခပ်ဆင်းရသလား၊ ဒါသူတို့မမှားဘူး ညည်းအမှားပဲ”

“မဟုတ်ပါဘူးသူကြီးရယ်၊ မနေ့က ယာထဲကအပြန်နောက်ကျလို့ ရေခပ်ဆင်းတာနောက်ကျသွားတာပါ”

“ငါ့ကိုအပိုတွေပြောမနေနဲ့၊ ဒီကောင်တွေကို ညည်းလုပ်တာတော့မဖြစ်နိုင်ဘူး၊ ဘယ်သူလုပ်လိုက်တာလဲ”

“ဟိုလေ ဒေါ်ပျင်းကရောက်လာပြီးတော့ သူတို့ကိုထိုးကြိတ်ခဲ့တာပါ”

သူကြီးဦးဖိုးမောင်က မျက်လုံးကိုမှေးစင်းလိုက်ပြီး

“မယ်ပျင်း . . .မယ်ပျင်း၊ ငါက မင်းလက်ချက်လို့ထင်ပြီးသားပါ”

“သူကြီး ကျွန်တော်တို့ မယ်ပျင်းကိုသွားဖမ်းကြမလား”

“ငါကတော့ သူ့ကိုသွားမဖမ်းရဲဘူးဟေ့ မင်းတို့ကောင်တွေထဲက သွားဖမ်းရဲတဲ့လူရှိရင် မယ်ပျင်းကိုဂုတ်ကနေဆွဲပြီးဖမ်းခေါ်လာခဲ့ကြစမ်း”

ထိုအခါ သူကြီးလူယုံများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မည်သူမျှ မလှုပ်ဝံ့ကြပေ၊ ဂျပန်စကားပြန်က

“စုန်းမလုပ်တယ်ဆိုပေမယ့် ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲသူကြီး”

“လောလောဆယ်တော့ မာစတာကြီးကို လက်ဆောင်ပဏ္ဍာတွေပို့ပြီး ဖြေရှင်းလိုက်ရမှာပေါ့ကွ၊ မာစတာကြီးက ကျေနပ်မှာပါ”

“ဒါဆို မယ်ပျင်းကိုဒီအတိုင်းထားတော့မှာလား”

သူကြီးဦးဖိုးမောင်က ခေါင်းခါလိုက်ကာ

“မထားပါဘူးကွာ၊ မယ်ပျင်းရဲ့အားနည်းချက်က သာစံပဲကွ၊ သာစံကိုဒုက္ခရောက်အောင်လုပ်တာ မယ်ပျင်းကိုဒုက္ခရောက်အောင်လုပ်တာနဲ့တူတူပဲ”

“မယ်ပျင်းရေ၊ မင်းတို့သားအမိတော့ ဘုရားတပြီး နေကြစမ်းဟေ့”

သူကြီးဦးဖိုးမောင်က ကြိမ်းဝါးလိုက်လေသည်။

(၃)

ထိုကိစ္စများဖြစ်ပွားပြီး မယ်ပျင်းတစ်ယောက် တစ်ခုခုဖြစ်မည်မှန်းကို ကြိတင်ခံစားမိနေလေသည်။ တပ်စွဲထားသည့် ဂျပန်တပ်များမှာ မထင်လျှင်မထင်သလို ရွာသားယောက်ျားလေးများကို ဖမ်းဆီးကာ ရိုက်နှက်ခြင်း၊ ချွေးတပ်စွဲခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည့်အချိန်လည်းဖြစ်ပြန်သဖြင့် သားဖြစ်သူသာစံအတွက် ရတက်မအေးနိုင်ပေ၊ ထို့အတူ မိမိက ဂျပန်စစ်သားများကို ကိုယ်ထိလက်ရောက်ကျူးလွန်ထားသဖြင့် ဂျပန်များပြဿနာရှာမည်ကို တွေးပူနေမိပြန်သည်။ မကြာခင် သာစံတစ်ယောက် နွားတစ်ရှဉ်းဆွဲကာ လယ်ထဲမှပြန်လာလေသည်။

“သား အမေ့ဆီကိုလာခဲ့အုံး၊ အမေအရေးကြီးတာတစ်ခုပြောစရာရှိတယ်သား”

“ဘာပြောမှာလဲအမေရ ကျုပ်ရေမိုးချိုးပါရစေအုံး”

“အရေးကြီးတယ်ငါ့သားရဲ့၊ ဟိုနေ့က တို့ရွာသူတစ်ယောက်ကို အတင်းအဓမ္မဝင်ဆွဲနေတဲ့ ဂျပန်စစ်သားလေးယောက်ကို အမေက ရိုက်ပုတ်လွှတ်လိုက်တယ်သား”

“ကျုပ်အဲဒီသတင်းကိုတော့ကြားပြီးပါပြီ၊ ဒါပေမယ့် အမေလုပ်တယ်လို့တော့မထင်ဘူး”

“အခု ဂျပန်မာစတာကြီးတွေက တော်တော်စိတ်ဆိုးနေတယ်လို့ကြားရတယ်သား၊ သူတို့က သူတို့လူတွေကိုလုပ်သွားတဲ့လူထုတ်ပေးဖို့ သူကြီးကိုတောင်းဆိုနေတယ်တဲ့”

“ဒါဖြင့် အမေဘယ်လိုလုပ်မလဲ”

“အမေသူတို့ကိုမကြောက်ပါဘူးသား၊ တကယ်လို့သူတို့က ရာဇဝတ်သားတောင်းလာရင် အမေကိုယ်တိုင်ထွက်သွားမယ်”

“မလုပ်ပါနဲ့အမေရာ၊ ဂျပန်တွေဆိုတာ သိပ်ရက်စက်တဲ့လူတွေဗျ”

“အမေထွက်မသွားဘူးဆိုရင် သူတို့က ရွာကိုဒီအတိုင်းထားပါ့မလားသားရဲ့၊ ရွာကိုဒုက္ခပေးမယ်၊ ရွာကမဆိုင်တဲ့လူတွေကို ဖမ်းဆီးနှိပ်စက်တာမျိုးတွေလုပ်လာနိုင်တယ်သားရဲ့၊ အမေ့ကြောင့်ရွာကလူတွေ ဒုက္ခရောက်တာကို အမေမမြင်ချင်ဘူး၊ အမေ့လုပ်ရပ်အတွက်က အမေပြန်ပြီးခံရဲပါတယ်သားရယ်”

သာစံမှာ မျက်ရည်များစီးကျလာလေသည်။

“သားက ယောက်ျားရင့်မာကြီးဖြစ်နေပြီး အခုထိငိုနေတုန်းပဲလား”

“အမေ့ကိုသူတို့သတ်ရင် ဘယ်လိုလုပ်မလဲအမေရဲ့”

မယ်ပျင်းက ပြုံးလိုက်ကာ

“အမေ့နာမည် မယ်ပျင်းပါသားရယ်၊ မယ်ပျင်းဆိုတာ လွယ်လွယ်နဲ့သေရိုးထုံးစံမှမရှိတာ၊ မသကာ ထောင်တန်းကျရုံပေါ့”

“ဒါပေမယ့် အမေစိတ်မဖြောင့်တာတစ်ခုရှိတယ်သား၊ အမေ့ရဲ့အစောင့်အရှောက်တွေကို အမေလွှတ်ပေးချင်နေပြီ၊ သူတို့ကိုမသုံးဘဲဲ ဒီအတိုင်းထားတာက ပိတ်လှောင်ထားသလိုဖြစ်နေလို့ပဲငါ့သား၊ ဒါပေမယ့် ဒီအစောင့်အရှောက်တွေက လွယ်လွယ်ရခဲ့တာမဟုတ်တော့ အမေနှမြောနေမိတယ်၊ စုန်းဆိုတာကလည်း မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းရတဲ့ပညာရပ်တစ်ခုဆိုတော့ အမေမသေခင် သားကိုအမေ့ရဲ့ အစောင့်အရှောက်တွေလက်ဆင့်ကမ်းပေးခဲ့ချင်တယ်”

“မဟုတ်တာပဲအမေရာ ကျုပ်အဲဒီအစောင့်အရှောက်တွေကို မလိုချင်ပါဘူး”

“မင်းယူရမယ်ငါ့သား၊ ဒါက သားအပေါ်အမေတောင်းဆိုတဲ့ နောက်ဆုံးတောင်းဆိုခြင်းပါ၊ သားကိုနောက်ထပ်ဘယ်အရာမှ တောင်းဆိုမှာမဟုတ်လို့ အမေ့ရဲ့ဒီတောင်းဆိုချက်ကို သားလိုက်လျောပေးပါ”

“ဒါပေမယ့် အမေရာ . . .”

သာစံမှာ ဘာမှဆက်မပြောဘဲ ငေးငိုင်နေလေသည်။ အတန်ကြာသည့်အခါမှ ခေါင်းကိုဖြေးညှင်းစွာညိတ်လိုက်သည်။

မယ်ပျင်းမှာ ဝမ်းဗိုက်ကိုလက်နှင့်ပွတ်လိုက်ပြီး မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်လေသည်။ ထိုအခါ မယ်ပျင်း၏ ဝမ်းတွင်းမှ နတ်မင်းခုနစ်ပါးမှာ ကိုယ်ရောင်ကိုယ်ဝါထိန်လင်းစွာဖြင့်ထွက်ပေါ်လာကြသည်။

“ရှင်တို့ကိုလွှတ်လပ်ခွင့်ပေးဖို့ ကျုပ်ဆုံးဖြတ်လိုက်ပါပြီ၊ ဒါကြောင့်မို့ ဟောဒီသားကလေး သာစံဆီကို အစောင့်အရှောက်တွေလွှဲပြောင်းပေးပါမယ်၊ သာစံနဲ့ရေစက်ရှိတဲ့ ဓါတ်ဆက်ရှိတဲ့နတ်မင်းများက သာစံဆီမှာ နေရစ်ခဲ့ကြပြီးတော့ ကျန်တဲ့နတ်မင်းများက သွားလိုရာသွားနိုင်ပါပြီ”

မယ်ပျင်းက ထိုသို့ပြောဆိုလိုက်ရင်း ရင်ဘတ်ကိုလက်နှင့်သပ်တင်လိုက်သည့်အခါ အရောင်အသွေးစုံဝင်းလက်နေသည့် ဇီးစေ့ခန့်အရွယ်ရှိ အလင်းလုံးကလေးတစ်ခုက ပါးစပ်အတွင်းမှထွက်ပေါ်လာသည်။ ထို့နောက် ထိုအလင်းလုံးကလေးကို သာစံ၏ပါးစပ်တွင်တေ့ပေးလိုက်သည့်အခါ အလင်းလုံးကလေးက သာစံ၏ပါးစပ်အတွင်းသို့ ရွစ်ခနဲတိုးဝင်သွားလေသည်။ သာစံမှာ ခေါင်းကိုလက်နှစ်ဖက်နှင့်ကိုင်ပြီး တအီးအီးနှင့်ညည်းညူနေလေသည်။ မကြာခင် သာစံ၏ ဦးခေါင်းထက်တွင် အမောက်ကြီးသုံးခုပေါ်ပေါက်လာလေသည်။ ရွှေရောင်အဆင်းရှိသည့် ဂန္ဓဗ္ဗနတ်မင်း၊ အနီရောင်အဆင်းရှိသည့် နဂါးနီမယ်တော်နှင့် အစိမ်းရောင်အဆင်းရှိသည့် ယက္ခနတ်မင်းသုံးယောက်သာ ကျန်ရှိနေခဲ့ကာ ကျန်သည့်အစောင့်အရှောက်နတ်မင်းများမှာ မီးရှူးမီးပန်းတစ်ခုကဲ့သို့ မိုးပေါ်သို့အရှိန်အဟုန်ဖြင့်ပျံသန်းကာ ပျောက်ကွယ်သွားလေသည်။

“ခုနစ်ယောက်မှာ သုံးယောက်ကျန်တာ မဆိုးဘူးလို့ပြောရမယ်ငါ့သားရဲ့”

“ကျုပ် . . . ကျုပ်ခေါင်းထဲ နေရတာတစ်မျိုးကြီးပဲဖြစ်နေတယ်”

“နောက်တော့ အသားကျသွားမှာပေါ့ ငါ့သားရယ်၊ ဒါပေမယ့် စုန်းမျိုးရိုးက တစ်ဆင့်ကျော်ရိုးရှိတာမို့ ငါ့သားက ဒီနတ်မင်းတွေကို သယ်ဆောင်ထားတဲ့သယ်ဆောင်သူတစ်ယောက်ပဲ၊ ငါ့သား အသက်အန္တရာယ်ရှိနေတဲ့အချိန်မျိုးကလွဲပြီး ဒီနတ်မင်းတွေရဲ့အစွမ်းကိုထုတ်ယူအသုံးချလို့မရနိုင်ဘူး၊ ဒါပေမယ့် ငါ့သားက မွေးတဲ့ငါ့မြေးလေးဆိုရင်တော့ အမေ့လိုပဲ ဒီနတ်မင်းတွေရဲ့အစွမ်းကို အသုံးချယူနိုင်လိမ့်မယ်”

သာစံမှာ ခေါင်းကိုလက်နှင့်ဖိကာ အိမ်နောက်ဖေးသို့ဝင်သွားလေသည်။ မယ်ပျင်းမှာ သားဖြစ်သူအား စောင့်ရှောက်သူများလက်ဆင့်ကမ်းပေးနိုင်ခဲ့သဖြင့် ကျေနပ်ပီတိဖြစ်နေမိသည်။

“အမေ့မှာ နောက်ဆံံတင်းစရာ ဘာမှမရှိတော့ဘူး ငါ့သားရေ”

သို့သော် မယ်ပျင်းထင်သကဲ့သို့ဖြစ်မလာပေ၊ ဂျပန်များတိုက်ခိုက်ခံရသည့်အကြောင်းမှာ ပေါ်ပေါ်ထင်ထင်ထွက်ပေါ်မလာခဲ့ဘဲ တိတ်တဆိတ်ပြီးဆုံးသွားလေသည်။ မယ်ပျင်းက သူကြီးဦးဖိုးမောင်ဖြေရှင်းလိုက်သည်ဟု ထင်ကာ ဦးဖိုးမောင်ကိုပင် ကျေးဇူးတင်နေမိသည်။ သို့သော် ခြောက်လခန့်ကြာသည့်အခါ ပြဿနာတစ်ခုပေါ်ပေါက်လာသည်။

ကာလသားတစ်ယောက်က မယ်ပျင်းအိမ်သို့ပြေးဝင်လာခဲ့သည်။

“ဒေါ်ပျင်း . . .ဒေါ်ပျင်း သာစံကို ဂျပန်တွေက တော်လှန်ရေးသမားဆိုပြီး ဖမ်းဆီးသွားကြပြီ”

မယ်ပျင်းမှာ အလွန်ထိတ်လန့်သွားမိသည်။

“ဘယ်လိုဖြစ်တာလဲ”

“သူကြီးဦးဖိုးမောင်က အကွက်ချပြီးဖမ်းဆီးလိုက်တာပဲ ကြီးဒေါ်ရေ၊ သာစံတင်မက ရွာကလူငယ်တစ်ချို့လဲအဖမ်းခံရတယ်၊ တော်ရုံအဖမ်းခံရတာမဟုတ်ဘဲ သူပုန်ဆိုပြီးအဖမ်းခံရတာဆိုတော့ ကင်ပေတိုင်တွေလက်ထဲရောက်ရင် အသက်တောင်ရှင်ပါ့မလားပဲ”

မယ်ပျင်းမျက်လုံးများပြူးကျယ်သွားလျှက်

“ဒါ . . .ဒါ သူကြီးလုပ်တာဖြစ်မယ်၊ သူကြီးကို ငါသွားတွေ့မယ်”

မယ်ပျင်းမှာအရူးတစ်ပိုင်းဖြင့် ရွာလယ်လမ်းအတိုင်းပြေးလာခဲ့သည်။ သူကြီးအိမ်ရောက်သည့်အခါ သူကြီးဦးဖိုးမောင်က ငါးနှစ်သားအရွယ်ခန့် သားဖြစ်သူကို ချီပိုးကာလမ်းလျှောက်နေလေသည်။ မယ်ပျင်းက ဦးဖိုးမောင်အရှေ့တွင် ထိုင်ချလိုက်ပြီး

“သူကြီး . . .ကျုပ်သားလေး ကျုပ်သားလေးကို ပြန်လွှတ်ပေးပါတော်”

ဦးဖိုးမောင်က တစ်ချက်ပြုံးလိုက်ရင်း

“ဟ၊ ဒါက ငါလုပ်တာမှမဟုတ်တာ၊ ဂျပန်မာစတာကြီးတွေက ဖမ်းသွားတာလေဟ”

“ရှင့်ကိုအားကိုးပါတယ်သူကြီးရယ်၊ ဂျပန်မာစတာကြီးတွေကို ရှင်ပြောရင်ဖြစ်ပါတယ်”

“မယ်ပျင်းရာ ဒါတွေနင်နားမလည်ပါဘူး၊ ဂျပန်တွေလက်ကနေ ပြန်လွတ်လာတဲ့ထုံးစံနင်ကြားဖူးလို့လား၊ ငါက ရွာသူကြီးတစ်ယောက်အဆင့်ပဲရှိတယ်လေ၊ ဂျပန်တွေကို လူတွေပြန်လွှတ်ပေးပါဆိုပြီး ဘယ်လိုတောင်းဆိုလို့ရမလဲဟ”

“ရှင်လုပ်တယ်ဆိုတာ ကျုပ်သိပါတယ်သူကြီးရယ်၊ ကျုပ်သားလေးကိုပြန်ခေါ်ပေးပါ ကျုပ်ရင်တွေပူလှပါပြီ”

“အောင်မာ၊ မယ်ပျင်း၊ နင်က နင့်သားအဖမ်းခံရတော့ ရင်ပူသလေးဘာလေးနဲ့၊ နင့်သားက အဖမ်းပဲခံရတာပါဟ အသတ်မခံရသေးပါဘူး၊ နင်က ငါ့သွေးသားတွေကို ငါ့အရှေ့မှာတင် သေအောင်သတ်ခဲ့တာ ငါဘယ်လိုခံစားရမလဲဆိုတာ နင်ကိုယ်ချင်းစာမိပြီမဟုတ်လား”

“နင်မြဲမြဲမှတ်ထားမယ်ပျင်း၊ နင့်ဘက်က ရန်ငြိုးတွေသင်ပုန်းချေနိုင်ပေမယ့် ငါ့ဘက်ကတော့ ဘယ်တော့မှသင်ပုန်းမကြေနိုင်ဘူး၊ နင်တစ်ချိန်ကလုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် နင်တို့သားအမိပြန်ပြီးပေးဆပ်ရမယ်၊ အခုသာစံကို ထောင်ဖမ်းတာလဲငါပဲ၊ သူပုန်ဆိုပြီး စွပ်စွဲတာလည်း ငါပဲဟဲ့၊ အခုလောက်ဆို နင့်သားက ကင်ပေတိုင်တွေလက်ထဲမှာ နှိပ်စက်ခံနေရပြီ၊ ကံမကောင်းရင်တော့ သူတို့လက်ထဲမှာပဲ အနှိပ်စက်ခံရင်း အသက်ထွက်ချင်ထွက်သွားမှာဟ ဟား ဟား”

ထိုအခါ မယ်ပျင်းက ငိုယိုလျှက် မတ်တပ်ထရပ်လိုက်သည်။

“ဒီမှာသူကြီး ကျုပ်အရင်ကလှို့ဝှက်ထားခဲ့ပေမယ့် အခုတော့ သူကြီးသိအောင်ပြောပြရအုံးမယ်၊ သာစံက တခြားလူမဟုတ်ဘူး၊ အဲဒါရှင်နဲ့ရတဲ့ ရှင့်ကလေးပဲ”

“ဟား ဟား မင်းအခုမှ ဘာမှလာလိမ်မနေပါနဲ့ မယ်ပျင်းရယ်၊ သာစံက ငါ့သွေးသားမှမဟုတ်တာ”

“ကျုပ်ရှင့်ကိုမလိမ်ပါဘူး ကိုဖိုးမောင်၊ တကယ်တော့ သာစံက ရှင်နဲ့ရတဲ့ရင်သွေးလေးပါ၊ ဒါပေမယ့် တစ်ချိန်က ရှင့်ကိုလိမ်ညာခဲ့တယ်ဆိုတာ ရှင်က ကလေးအကြောင်းပြပြီးတော့ ကျုပ်နဲ့ပြန်ပြီးဇာတ်လမ်းတွေဖြစ်လာမှာကို စိုးရိမ်လို့ပဲ၊ ကလေးအကြောင်းပြပြီး ကျုပ်နဲ့ပြန်ပေါင်းထုပ်ဖို့ ကြိုးစားမှာမို့လို့ပဲ၊ ဒါကြောင့် သာစံရဲ့သွေးကို ရှင့်ရဲ့သွေးနဲ့မရောအောင်လို့ ကျုပ်ပညာနဲ့လုပ်ထားလိုက်တာ”

သူကြီးဦးဖိုးမောင်မှာ မျက်လုံးပြူးသွားပြီး

“ဒါဆို သာစံက ငါ့ရဲ့ . . .ငါ့ရဲ့သားကြီးပေါ့ ဟုတ်လား”

“ဟုတ်တယ်၊ အခုလိုဖြစ်ပြီးမှတော့ အမှန်တရားတစ်ခုကိုပြောသင့်တယ်ထင်လို့ ရှင့်ကိုပြောပြလိုက်တာပဲ ကိုဖိုးမောင်၊ အခု သာစံက သေတော့မှာဆိုတော့ ရှင်လည်းသိသင့်တယ်ထင်တာပဲ”

“မယ်ပျင်းရာ နင်င့ါကိုဘာလို့စောစောမပြောတာလဲ အခုတော့ ငါမှားပြီ၊ ငါက ကိုယ့်သားတစ်ယောက်ကို သေတွင်းထဲပို့ခဲ့တဲ့အဖေတစ်ယောက်ဖြစ်သွားခဲ့ပြီဟ”

“ဒါတွေအားလုံးက ကျုပ်ရဲ့အမှားတွေပါ၊ ဒါပေမယ့် ရှင့်ကိုတစ်ခုတော့ပြောလိုက်မယ်၊ သာစံသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သာစံဟာရှင့်ရဲ့သားပါဆိုတာကို ရှင်ဘယ်သူ့ကိုမှမပြောရဘူး၊ ရှင်လည်းအခုအချိန်မှာ သားသမီးတွေနဲ့ ဖြစ်နေပြီဆိုတော့ ဒီကိစ္စကိုဒီအတိုင်းထားလိုက်ပါ၊ သာစံသိသွားလို့လည်း ဘာမှအကျိုးမရှိဘူး”

မယ်ပျင်းမှာပြောဆိုပြီး ခြံဝန်းအတွင်းမှထွက်လာလေသည်။ ဦးဖိုးမောင်မှာ အလွန်တုန်လှုပ်ခြောက်ချားလျှက်

“ဟေ့ကောင်တွေ၊ သာစံဘယ်ရောက်သွားပြီလဲ”

“သူကြီးပဲ ကင်ပေတိုင်တွေလက်ထဲအပ်ဆိုလို့ မန်ကျည်းကိုးပင်ရွာက ဂျပန်ရုံးကိုအပ်ခဲ့ပြီလေဗျာ”

“သွားပြီ အခုမှတကယ်သွားပြီကွ”

သူကြီးမှာ ပြောဆိုလျှက်ခုံတွင်ထိုင်ကျသွားလေသည်။ သူကြီးလူယုံများက သူကြီးအား နားမလည်သည့်အကြည့်နှင့်ကြည့်နေကြလေသည်။ မယ်ပျင်းက အိမ်သို့ပြန်လာရင်း

“ငါ့သားလေး ဘေးကင်းပါစေကွယ်၊ အမေအမွေပေးလိုက်တဲ့ပညာတွေသုံးရင် ငါ့သားဘေးကင်းမယ်ဆိုတာ အမေယုံကြည်ပါတယ်”

(၄)

ခြောက်နှစ်ကျော်ကြာမြင့်ခဲ့သည့်အချိန်အထိ သာစံရွာသို့ပြန်မလာခဲ့ပေ၊ တိုင်းပြည်မှာလည်း စစ်မီးကြီးတောက်လောင်ခဲ့ပြီးနောက် ပြန်လည်အေးချမ်းသွားသည်ဟုဆိုသည်။ လူအချို့က လွတ်လပ်ရေးရတော့မည်ဟု ဆိုကြပြန်သည်။ စစ်မီးမှာ နေရာအနှံ့တောက်လောင်ခဲ့သော်လည်း ချောင်ကြပြီး သွားလာရခက်ခဲသည့် ဖက်လိပ်ရွာကိုတော့ စစ်မီးကူးစက်ခြင်းမရှိပေ၊ သို့သော် စစ်ဖြစ်နေသည်ကိုအကြောင်းပြကာ အခြားရွာများတွင် သူခိုး၊ ဓါးပြများက မင်းမူတိုက်ခိုက်နေကြသော်လည်း ဖက်လိပ်ရွာကိုတော့ သူကြီးဦးဖိုးမောင်နှင့် လက်ရုံးတပ်များက ကာကွယ်ထားသဖြင့် အနီးအပါးရွာများထက်စာလျှင် အေးချမ်းသည်ဟုဆိုနိုင်ပေသည်။ မယ်ပျင်းမှာ ရွာတွင်တစ်ဦးတည်းနေထိုင်ကာ စောင့်စားခဲ့ရလေသည်။ တစ်ရက် မယ်ပျင်းခြံထဲတွင် အမှိုက်လှဲနေသည့်အချိန်တွင် ခြံဝတွင်လူတစ်ဦးလာရပ်လေသည်။

“အမေ . . .”

မယ်ပျင်းက လှည့်ကြည့်လိုက်သည့်အခါ သာစံဖြစ်နေသည်ကိုတွေ့ရသည်။ သာစံမှာအတော်ပင်ပိန်ကျသွားပြီး မျက်တွင်းဟောက်ပက်နှင့်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

“သား သာစံ၊ မင်းပြန်လာပြီလား”

မယ်ပျင်းမှာ သာစံထံသို့ပြေးခုန်သွားလိုက်ပြီး သာစံအားပွေ့ဖက်လိုက်လေသည်။

“သားအမေ့ဆီစောစောပြန်မလာနိုင်ခဲ့တာကို အမေခွင့်လွတ်ပါအမေ”

“ရပါတယ်သားရယ်၊ သားအသက်ရှင်နေတာနဲ့တင် အမေစောင့်ရကြိုးနပ်နေပါပြီငါ့သားရဲ့”

သားအမိနှစ်ယောက်မှာ အချိန်အတန်ကြာအောင်ပွေ့ဖက်နေမိသည်။

“သားနဖူးကြီးကလည်း ပြောင်လာလိုက်တာသားရယ်၊ ပြီးတော့ လူကလည်းပိန်ချုံးနေတာပဲ၊ ဒါနဲ့သားအခုရွာကိုပြန်လာတာ ဘယ်နှရက်လောက်ကြာမှာလဲ”

“သားတပ်ထဲလိုက်သွားတာအမေရ၊ အခုတော့ ထွက်လာခဲ့ပြီ၊ သားအခု ဘယ်မှမသွားတော့ဘဲ ဒီရွာမှာပဲအမေနဲ့အတူတူနေတော့မယ်”

“ဒါနဲ့ ငါ့သားရော ရည်းစားတွေဘာတွေရပြီလား၊ မိန်းမတွေဘာတွေရော ယူထားပြီလားသား”

သာစံမှာတစ်ချက်တွေဝေသွားကာ မျက်ရည်စများဆို့နင့်လာလျှက်

“ဒါတွေမေးမနေပါနဲ့အမေရာ၊ ကျုပ်ဗိုက်ဆာတယ် ဘာဟင်းချက်ထားသလဲဗျ”

သာစံမှာ အိမ်ထဲသို့ခြေလှမ်းကျဲကြီးဖြင့်ဝင်ရောက်သွားလေသည်။

သာစံရောက်လာသဖြင့် မယ်ပျင်း၏အထီးကျန်ဘဝကလေး ပြန်လည်စိုပြေလာခဲ့သည်။ သာစံမှာ ယခင်တုန်းကအတိုင်း ရပ်ရေးရွာရေးတွင် တက်ကြွစွာပါဝင်လုပ်ကိုင်လျှက်ရှိသည်။ တစ်နေ့ သာစံမှာ အလှူကိစ္စတစ်ခုနှင့် ရွာဦးကျောင်းသို့သွားသည့်အခါ ဆရာတော်က သာစံကိုဆုံးမပြောဆိုသည်။

“ဗမာယောက်ျားလေးမှန်ရင် ကိုယ့်မိဘရဲ့မွေးကျေးဇူးကို ရှင်သာမဏေပြုခြင်း၊ ရဟန်းဝတ်ခြင်းတွေနဲ့ ကျေးဇူးပြန်ဆပ်နိုင်တယ်သာစံ၊ မင်းအမေက အကုသိုလ်အလုပ်တွေ အများကြီးလုပ်ခဲ့တဲ့သူဆိုတော့ မင်းက သာသနာ့ဘောင်ကိုဝင်ရောက်ပြီးတော့ မင်းအမေရဲ့အကုသိုလ်တွေကို ဆေးလျှော်သန့်ရှင်းပြီး ကျေးဇူးဆပ်သင့်တယ် သာစံ”

သာစံမှာ ငြိမ်ကုပ်လျှက်စဉ်းစားနေမိသည်။

“တင်ပါ့ဘုရား တပည့်တော်လည်း အရင်ကတည်းက ကိုရင်ဝတ်ဖို့ဆန္ဒရှိခဲ့ပါတယ်၊ အခုအချိန်ရောက်တော့မှ သာသနာ့ဘောင်ဝင်တာ မှန်ကန်ပါ့မလားဆိုပြီးတွေးမိလို့ပါ၊ ပြီးတော့ ငွေရေးကြေးရေးအခြေအနေကလည်း သိပ်မဖြစ်နိုင်သေးဘူးထင်ပါတယ်ဘုရား”

ထိုအခါ အနားတွင်ထိုင်နေသည့် သူကြီးဦးဖိုးမောင်က

“ငွေရေးကြေးရေးအတွက်တော့ ဘာမှမပူပါနဲ့သာစံရာ၊ မင်းလိုတဲ့ငွေကို ငါအကုန်လှူပါ့မယ်ကွ၊ မင်းသာ ဆန္ဒရှိရင်ပြောစမ်းပါ၊ ငါအားလုံးဖြစ်အောင်လုပ်ပေးမယ်”

“ကိုင်း . . . သာစံရေ၊ အခွင့်အခါကြုံလို့ ဖြစ်ချိန်တန်လာပြီဟေ့ဆိုရင် အရာအားလုံးက အဆင်သင့်ဖြစ်နေတတ်တယ်မဟုတ်လား အခုသူကြီးကလည်း ကမကထလုပ်ပေးမယ်ဆိုမှတော့ မင်းဘာဖြစ်လို့ တွေဝေနေမှာလဲ သာစံရာ”

“တင်ပါ့ဘုရား ဒါဆိုတပည့်တော် သာသနာ့ဘောင်ကိုဝင်ပါ့မယ်ဘုရား”

သို့နှင့် သာစံတစ်ယောက်ရဟန်းပြုရန်အတွက် စီစဉ်ကြလေသည်။ သူကြီးဦးဖိုးမောင်ကလည်း သာစံလိုသမျှကို ချေးငှားပေးသည်မဟုတ်ဘဲ အပြတ်လှူဒါန်းလုပ်ကိုင်ပေးလေသည်။ ရွာထိပ်ရှိ အလှူမင်္ဂလာမဏ္ဍပ်ကြီးမှာ အလွန်ခမ်းနားကြီးကျယ်လှပြီး ခေတ်မကောင်းသည့်အချိန်ပင်ဖြစ်သော်လည်း စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက် ရှိလှသည်မှာ သူကြီးဦးဖိုးမောင်၏ ကောင်းမှုပင်ဖြစ်သည်။

အလှူနေ့ရောက်သည့်အခါ မဏ္ဍပ်အတွင်းလူစုံတက်စုံရှိနေကြသည်။ သာစံမှာလည်း အဆင်သင့်ဖြစ်နေချေပြီ၊ သို့သော်လည်း မယ်ပျင်းတစ်ယောက်ရောက်မလာသေးပေ၊ သူကြီးဦးဖိုးမောင်က သာစံအားလက်တို့ပြီး

“သာစံရေ မင်းအမေမယ်ပျင်း ကြာလိုက်တာကွာ၊ အခုထိမလာသေးဘူး၊ နေမမြင့်ခင် ပွဲစနိုင်မှတော်ကာကျမယ်ကွ”

“အမေက မနက်ကဖြီးလိမ်းပြင်ဆင်နေတာပဲဗျ၊ ဒီကိုလာမယ်ပြောတာပဲ”

“အေးကွ၊ အလှူ့အမကြီးကို တော်ရုံတန်ရုံပဲ အလှပြင်လို့ပြောလိုက်စမ်းပါကွာ၊ ဒီမှာနောက်ကျတော့မယ်ဟ”

ထိုစဉ် ရွာသားတစ်ဦးက ဒရောသောပါးနှင့်မဏ္ဍပ်အတွင်းသို့ ပြေးဝင်လာလေသည်။

“သူကြီးရေ ပြဿနာတော့တက်ပြီ”

“ဟ ဘာဖြစ်လို့လဲဟ”

“ဒေါ်ပျင်းကြီး ရွာလယ်လမ်းမှာ လဲနေတယ်ဗျ၊ တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ သေတော့မယ်ထင်တယ်ဗျ”

သာစံမှာအလွန်ပူပန်သွားကာ မဏ္ဍပ်အတွင်းမှပြေးထွက်လာလေသည်။ သာစံအနောက်မှ သူကြီးဦးဖိုးမောင်နှင့်လူကြီးများက ပြေးလိုက်လာကြသည်။ သာစံမှာ ခြေထောက်နှင့်မြေကြီးထိသည်ဟုပင် မထင်တော့ဘဲ အလျှင်အမြန်ပြေးလွှားလာရာ ရွာအထွက်လမ်းတစ်နေရာအရောက်တွင် လူများအုံခဲနေသည်ကိုတွေ့လိုက်ရသည်။ သာစံက လူအုပ်ကြားထဲပြေးသွားလိုက်သည့်အခါ မယ်ပျင်းမှာ သွေးအိုင်အတွင်းလဲကျနေလေသည်။ သာစံက မယ်ပျင်းအားပွေ့ထူလိုက်ရင်း

“အမေ ဘယ်လိုဖြစ်တာလဲအမေရာ အမေ့ကိုဘယ်သူလုပ်သွားတာလဲ”

မယ်ပျင်းမှာ သွေးပွက်ပွက်အန်ထွက်လျှက်

“ဘယ်သူလုပ်တာလဲဆိုတာတော့ မသိချင်ပါတော့နဲ့သားရယ်၊ အမေတစ်ချိန်က နိဗ္ဗာန်ရွာက လူတွေအများကြီးကိုသတ်ခဲ့တဲ့ ဝဋ်ကြွေးတွေကို ပြန်ခံစားခဲ့ရတာပါငါ့သား၊ ငါ့သားတစ်ခါပြောသလို ကိုယ်စိုက်ပျိုးခဲ့တဲ့အသီးအပွင့်ကို ကိုယ်ပြန်ရိတ်သိမ်းရတာပဲသား၊ ဒီအတွက် အမုန်းတရားတွေဖြစ်မနေပါနဲ့သားရယ်”

“အမေရာ၊ ဒီအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရတယ်လို့ဗျာ”

“အမေလုပ်ခဲ့တဲ့ အကုသိုလ်တွေများလွန်းလို့ ဒီလိုဖြစ်တာလို့ပဲ အမေထင်ပါတယ်၊ အကုသိုလ်ဆိုတာ သိပ်ကြောက်ဖို့ကောင်းမှန်း အမေသိခဲ့ပြီငါ့သား၊ အမေစိတ်မကောင်းဖြစ်တာတစ်ခုက ငါ့သားရဟန်းဖြစ်တဲ့အခါ အမေက မကန်တော့နိုင်တာတစ်ခုပဲသားရေ”

“အမေ မသေရဘူး၊ ကျုပ်ပေတောရွာက ဦးဖီးကိုခေါ်ပင့်ပြီးကုခိုင်းမယ်အမေရာ၊ အမေမသေရဘူး”

“အမေ့အခြေအနေကို အမေသိပါတယ်သား၊ ဒါနဲ့ အမေသားကိုတစ်ခုမှာချင်တယ်၊ ငါ့သားအမေ့လို မကောင်းမှုအကုသိုလ်တွေကို သိသိကြီးနဲ့ပဲဖြစ်ဖြစ် မသိလိုက်မသိဘာသာပဲဖြစ်ဖြစ် မလုပ်မိပါစေနဲ့ငါ့သားရယ်”

မယ်ပျင်းမှာ ပြောဆိုပြီးနောက် ချောင်းတစ်ချက်နှစ်ချက်ဆိုးကာ ဇက်ကျိုးကျသွားလေသည်။ သာစံမှာ မယ်ပျင်းအားပွေ့ဖက်ကာ ယူကြုံးမရငိုယိုနေမိတော့သည်။ မကြာခင် မယ်ပျင်း၏ကိုယ်ခန္ဓာမှ မီးတောက်မီးလျှံများ တောက်လောင်လာလေသည်။ သူကြီးဦးဖိုးမောင်နှင့် ရွာသားများက သာစံအားအတင်းဆွဲကာ ဖမ်းချုပ်ထားလိုက်ကြသည်။ စုန်းကြီးသေလျှင် ငရဲမီးများတောက်လောင်ကျွမ်းသည်ဆိုသည့်အတိုင်း မယ်ပျင်းကိုယ်မှ မီးတောက်မီးလျှံများတဟုန်းဟုန်းတောက်လောင်လာပြီး မယ်ပျင်း၏ ရုပ်ခန္ဓာကြီးမှာ လောင်ကျွမ်းကာ ပြာကျသွားလေသည်။ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် မီးပွားနှင့်ပြာမှုန်ကလေးများမှာ လေဝေ့ရာအတိုင်း အဝေးသို့လွင့်စင်လျှက် ပျောက်ကွယ်သွားကြတော့သည်။

ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်