————————–
ကျွန်မတို့နှစ်ယောက်ရဲ့ဆုံတွေ့ခြင်းက
မှားယွင်းတဲ့ တွေ့ဆုံခြင်းတစ်ခုဖြစ်ခဲ့ပါပြီ။
ကျွန်မမှားနေတာကိုသိတယ်။
အမှန်တရားကဘာဆိုတာကျွန်မနားလည်တယ်။
ဒါပေမယ့်…ကျွန်မအမှားဆိုတဲ့လမ်းမကြီးပေါ်မှာဆက်လျှောက်မိခဲ့တယ်။
မောင့်…ကို သိပ်ချစ်တယ် ဆိုတဲ့ခံစားချက်
တချို့ကိုဆုပ်ကိုင်ထားရင်း
ကျွန်မ ဆက်မှားနေခဲ့ပါပြီလေ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အခန်း(တစ်)
ကျွန်မနဲ့မောင်ဟာဘယ်အချိန်ကတည်းက
အွန်လိုင်းပေါ်မှာသူငယ်ချင်းတွေဖြစ်ခဲ့ကြမှန်း
ကျွန်မမသိခဲ့ဘူး။
ဖရန့်တစ်ရာကျော်လေးသာရှိပြီး တော်ရုံ
ဖရန့် လိုက်မအပ်တတ်တဲ့ကျွန်မ….
ကျွန်မဘက်က သွားပြီးဖရန့်အပ်ခဲ့တာတော့
လုံးဝမဟုတ်ခဲ့ဘူး။
ကျွန်မfacebook သုံးတာသုံးနှစ်လောက်ရှိပြီ
ဖြစ်ပေမယ့် ကျွန်မရဲ့အကောင့်လေးမှာ
ကျွန်မတင်ထားတဲ့ပိုစ့် ဟာဆယ်ခုပင်မရှိခဲ့ပါဘူး။
ကျွန်မအကောင့်ဟာ မသုံးတော့တဲ့
အကောင့်သေသာသာပဲ ထင်ရပါတယ်။
ကျွန်မအတွက်အပြင်လောကလောက်
အွန်လိုင်းဟာ အရေးမပါဘူးလို့
ကျွန်မမှတ်ယူထားခဲ့တယ်။
ကျွန်မ အသက်က လေးဆယ့်ငါးနှစ်ရှိခဲ့ပြီ။
ခင်ပွန်းသည် ကိုနေလင်းနဲ့အိမ်ထောင်သက်
အနှစ်နှစ်ဆယ်ကျော်ကျော်လောက်အထိ
သားသမီးလည်းမရခဲ့ဘူး။
အားနည်းချက်ရှိသူဟာ ကိုနေလင်းဖြစ်နေပေမယ့်
စီးပွားအရှာကောင်းတာရယ်၊ ကျွန်မကို
အမြဲနားလည်မှု့အပြည့်နဲ့ ကြင်ကြင်နာနာ
ဆက်ဆံတတ်သူမို့ သားသမီးရတနာ
မထွန်းကားပေမယ့် ကျွန်မ တို့ကောင်းမွန်တဲ့အိမ်ထောင်တစ်ခုသာယာစွာတည်ဆောက်ပြီး
ခရီးဆက်နိူင်ခဲ့တယ်။
လင်ကိုယ်မယားနှစ်ယောက်တည်းမို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ခလေးလေးတွေကို
ကျွန်မမှာ သံယောဇဥ်ပို အချစ်ကြီးခဲ့တယ်။
ကျွန်မ ဝမ်းနဲ့လွယ်ပြီးသွေးသားအရင်းအချာရင်သွေးလေးတစ်ယောက်လောက်လိုချင်
တောင့်တမိတယ်။
အမှန်အတိုင်းဝန်ခံရရင် အရူးတစ်ပိုင်းပါပဲ။
ငွေကြေးဘယ်လောက်ပြည့်စုံနေပါစေ
သားသမီးဆိုတဲ့ ဝေါဟာရကိုတွေးမိတိုင်း
ကျွန်မစိတ်တွေညိုမှိုင်းသွားရစမြဲပဲ။
“”မိ ရယ် မိ ဒီလောက်ခလေးလိုချင်နေရင်
အကိုတို့ ခလေးတစ်ယောက်ယောက် မွေးစားဖို့
ရှာကြရအောင် သားလေးမွေးမလား..
သမီးလေးမွေးမလား””
ကျွန်မ ငြင်းဆန်ခဲ့တယ်။
သူများသားသမီးကို ကျွန်မမမွေးစားချင်ဘူး။
အရှင်းဆုံးပြောရရင် တူသားနောင်မယ်အရင်းအချာတွေကိုတောင်ကျွန်မ မမွေးစားချင်ခဲ့ဘူး။
မထင်မှတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က
ကိုနေလင်းဆုံးပါးသွားခဲ့တယ်။
အားကိုးစရာလင်သားမရှိတော့ပေမယ့်
ပြည့်ပြည့်စုံစုံ မတောင့်မတဘဝနဲ့
ကျွန်မကျန်နေရစ်ခဲ့တာပါ။
လင်သားမရှိ၊ သားသမီးမရှိတဲ့ဘဝမှာ
အထီးကျန်ဆန်လွန်းတာကြောင့် ကျွန်မဟာ
အွန်လိုင်း ကို ထွက်ပေါက်တစ်ခုအနေနဲ့ သုံးတတ်လာခဲ့တယ်။
သူငယ်ချင်းသားလေးရဲ့မဂ်လာဆောင်တစ်ခုကိုသွားရင်း ဓာတ်ပုံလေးတချို့ကိုကျွန်မရိုက်ခဲ့တယ်။
လူကုံထံတို့ရဲ့တော်ဝင်မဂ်လာပွဲမို့ အသေအချာ
ဖီးလိမ်းပြင်ဆင်ဝတ်စားထားတာကြောင့် ရော၊
ကင်မရာကောင်းလွန်းတာကြောင့်မို့ ထင်ပါရဲ့။
ကျွန်မ ဟာ သိပ်ကိုနုပျိုလှပတဲ့မိန်းမတစ်ဦးအဖြစ်
ပုံရိပ်လေးတွေထင်ဟပ်လာခဲ့တယ်။
ကျွန်မပုံလေးတွေကျွန်မကြည့်ပြီးအရမ်းကို
ကျေနပ်နေမိတယ်။
စိတ်တို့ဟာ ငယ်မူငယ်သွေးပြန်လာသလို နုပျိုရွှင်လန်းလာမိတယ်။
အလှဆုံး ဆိုတဲ့ပုံတစ်ပုံကို ရွေးပြီး facebook မှာတင်လိုက်တယ်။
ပိုစ့်တင်ပြီး တစ်မိနစ်အတွင်းမှာ အသဲလေး
တစ်ခုနှင့်အတူ မမသိပ်လှတယ်….ဆိုတဲ့
မက်ဆေ့ လေးတစ်ခုရောက်လာတယ်။
မန့်လာသူကို ဝင်ကြည့်လိုက်တော့
အသက်သုံးဆယ်ကျော်လောက်ရှိမယ့်အမျိုးသားတစ်ယောက်ဖြစ်နေတယ်။
အကောင့်နံမည်လေးက “”မောင်မောင်””…တဲ့လေ။
ချောမောသူမဟုတ်ပေမယ့် ဆွဲဆောင်မှု့ရှိပြီး
ယောကျာ်းပီသတဲ့ ရုပ်ရည်လက္ခဏာမျိုးဖြစ်ပြီး
တင်ထားတဲ့ ပုံအများစုက ကားမောင်းနေတာမျိုး၊
ကားပေါ်မှာထိုင်နေတာမျိုးတွေချည်းသာတွေ့ရတယ်။
ကျွန်မစူးစမ်းလို့မပြီးခင်မှာ messager ကိုစာတစ်စောင်ရောက်လာတယ်။
“”””မမရေ မင်္ဂလာပါဗျ ခင်မင်ခွင့်ရချင်ပါတယ်
ကျွန်တော် နံမည်မောင်မောင်ပါ ။
ကျွန်တော် နှောင့်ယှက်တာမဟုတ်ပါဘူး။
ဘယ်မိန်းခလေးကိုမှလည်း အခုလိုမျိုး messager
ကနေ စကားမပြောဖူးပါဘူး။
ကျွန်တော် မမကိုမြင်မြင်ချင်းခင်မင်မိလို့ပါနော်။
အပန်းမကြီးရင်ဖြစ်ဖြစ် ၊ ခင်မင်တယ်ဆိုရင်ဖြစ်ဖြစ်
စာပြန်ပေးစေချင်ပါတယ်…””…………….တဲ့လေ။
ကျွန်မဟာ သူငယ်နှပ်စားအရွယ်လည်းမဟုတ်ဘူး။
အွန်လိုင်းပေါ်မှာ မရိုးသားသူတွေအများကြီးရှိတာကိုလည်း မသိတဲ့သူမဟုတ်ပါဘူး။
ဒါကြောင့်မို့ စာကိုမပြန်ပဲနဲ့သာနေလိုက်တယ်။
အဲ့ဒီနောက်ပိုင်း ကျွန်မ ဆီကို မနက်၊ ည တွေတိုင်း
နူတ်ဆက်သကာရစကားတွေပေးပို့လာတယ်။
ကျွန်မကိုယ်တိုင်က ပြန်စာသာမရေးတာ
သူဘာတွေရေးထားလဲဆိုတာကို
အရမ်းသိချင်နေမိတယ်။
အမြဲတမ်းလည်းတကူးတက ဝင်ဖတ်မိတယ်။
လအနည်းငယ်ခန့်ကြာတော့ သူရဲ့ဓာတ်ပုံလေးတွေပို့လာတယ်။
“”ကျွန်တော် ကိုအဖက်မလုပ်တာ
ကျွန်တော် သိပါတယ်။
ဒါပေမယ့် ကျနော်စာလေးတွေကို
မမ ဝင်ဖတ်နေတယ်ဆိုကတည်းက
ကျွန်တော် ကျေနပ်ပါတယ်။
ကျွန်တော် မမဆီကို စာလေးရေးပြီး
နူတ်ဆက်လိုက်ရမှ ကျွန်တော် နေသာထိုင်သာရှိတယ်မမရယ်။
ကျွန်တော့်ကြောင့် မမ စိတ်အနှောင့်အယှက်
ဖြစ်နေခဲ့ရင် တောင်းပန်ပါတယ်။
ကျွန်တော် မမရဲ့ဓာတ်ပုံလေးကိုစမြင်ဘူးကတည်းက အရမ်းစွဲလမ်းခဲ့မိတယ်။
ကျွန်တော် ချစ်ခဲ့မိတယ်ပဲ ဝန်ခံပါရစေ။
တဆက်တည်း ကျွန်တော် ဝန်ခံပါရစေ။
ကျွန်တော် ဟာ အိမ်ထောင်ပြိုပျက်ထားတဲ့
တစ်ခုလတ်တစ်ယောက်ပါ။
နားလည်မှု့မရှိတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့
အတ္တကြီးတဲ့ ဇနီးမယားနဲ့တရားဝင်ကွာရှင်းပြီး
အချစ်ကိုရော၊ အိမ်ထောင်ရေးကိုပါကြောက်ရွံ့ပြီး
အလုပ်ထဲမှာသာစိတ်နှစ်ပြီးနေလာခဲ့တဲ့ လူတစ်ယောက်ပါ။
မမကိုတွေ့တဲ့အခါကျတော့
ချစ်တဲ့စိတ်တွေက မြိုသိပ်ပြီးမထားနိူင်တော့ဘူး။
အချစ်တွေပြန်လည်ရှင်သန်လာတယ်လို့
ပြောရမလားပဲ။
ကျွန်တော်…. မမကိုချစ်နေမိခဲ့တယ်။
ဒါပေမယ့်…မမကိုနောက်နောင် မနှောင့်ယှက်တော့ပါဘူး။
မမကိုနူတ်ဆက်ခဲ့ပါပြီ။
မမ…အမြဲအေးချမ်းသာယာပါစေနော်…..””
အဲ့လိုစာတချို့ကိုရေးပြီး တစ်ပတ်လောက်အထိ
လိုင်းပေါ်တက်မလာတော့ပါဘူး။
အဲ့အချိန်မှာ နေလို့မတတ်အောင်
ကျွန်မခံစားရတယ်။
သတိရခြင်းတွေတပွေ့တပိုက်နဲ့ ကျွန်မ သူ့ကို
မျှော်နေမိတယ်။
ကျွန်မရဲ့အသက်အရွယ်အရ ဒါဟာ..အချစ်ဆိုတာ
ကျွန်မသိလာတယ်။
အပြင်မှာမမြင်ဖူး…မတွေ့ဖူးတဲ့ ယောကျာ်းသား
တစ်ယောက်ကို မျှော်နေရင်းကနေ
ကျွန်မရဲ့ညတွေ ဟာအိပ်ရေးတွေပျက်ခဲ့ပါတယ်။
တစ်စုံတစ်ယောက်ကို ရင်ထဲထည့်ပြီး ဘယ်သူ့ကိုမှလည်းဖွင့်ဟလို့ပြောပြမရပဲ မွန်းကြပ်နေတဲ့
ကျွန်မရဲ့ဝေဒနာဟာ မျက်ရည်ကမ်းပါးတွေအထိ
ပြိုကျခဲ့ရပါတယ်။
ကျွှန်မ လူသားတစ်ဦးကိုသိပ်လွမ်းနေခဲ့တယ်။
သူသာပြန်ပေါ်လာခဲ့ရင် ကျွန်မကိုယ်တိုင်
“”မင်္ဂလာပါ””…လို့နူတ်ဆက်ချင်နေမိတယ်။
သူ့အကောင့်လေးဘယ်တော့များမီးစိမ်းလာမလဲလို့
အင်တာနက်ကြီးတချိန်လုံးဖွင့်ပြီး မျှော်နေမိတယ်။
ရက်သတ္တပတ်နှစ်ပတ်အကြာ……
မနက်ခင်းလေးမှာ မထင်မှတ်ပဲ သူ့ဆီက စာလေးတွေပြန်ရောက်လာတယ်။
“”မမရေ…ဘယ်လိုမှနေလို့မရလို့ လွမ်းလွန်းလို့
ကျွန်တော် ပြန်လာပါပြီ။
မမကိုသတိရတဲ့စိတ်တွေနဲ့ လွမ်းဖျားလွမ်းနာကျပြီး
ကျွန်တော် နေမကောင်းဘူး…ဗျာ…””
နွမ်းနယ်ဖျော့တော့တဲ့ပုံရိပ်အချို့နဲ့
လက်ရှိဓာတ်ပုံလေးတွေပို့ပေးလာတယ်။
ကျွန်မ ထပ်ပြီးသူကွယ်ပျောက်သွားမှာစိုးရိမ်မိတယ်။
လွတ်ထွက်သွားမှာစိုးလို့ မရမကလှမ်းပြီးဆွဲကိုင်လိုက်သလိုမျိုး။
“”မမလည်း….အရမ်းသတိရနေတာ…””
ရှက်ရွံ့ခြင်းများစွာဖြင့် ကျွန်မ စာပြန်လိုက်တယ်။
ကျွန်မဟာ အပျိုကြီးမမတစ်ဦးမဟုတ်ပဲ
မုဆိုးမတစ်ဦးသာဖြစ်ကြောင်းနဲ့ အသက်အားဖြင့်
သူ့ထက်များစွာကြီးကြောင်းပြောပြမိတယ်။
“”ကျွန်တော် လိုင်းပေါ်တက်ပြီးမိန်းမတကာနဲ့
ပွေရှုပ်နေတဲ့ကောင်မဟုတ်ပါဘူး မမ
ကျွန်တော် မမကို စမြင်မြင်ချင်းချစ်ခဲ့မိတာပါ။
အခုလို မမဟာမုဆိုးမတစ်ယောက်ဆိုတာ
သိခွင့်ရလို့ ပိုပြီးတောင်ပျော်နေမိတယ်။
ကျွန်တော် အတွက် မမဟာမုဆိုးမဖြစ်နေလို့ဆိုပြီး
အထင်သေးစရာအကြောင်းမှမရှိတာ။
မမ ကျွန်တော် ကိုသတိရနေတယ်ဆိုကတည်းက
ကျွန်တော် ဝေဒနာ တွေတဝက်သက်သာသွားပါပြီ။
ကျွန်တော် မမကိုအရမ်းချစ်တယ်…..””
ကျွန်မ နဲ့သူ အွန်လိုင်းပေါ်မှာပဲချစ်သူတွေ
ဖြစ်ခဲ့ကြတယ်။
မောင်…လို့ ကျွန်မကခေါ်ခဲ့ပြီး မောင်ကတော့
ကျွန်မကို မ လို့ ခေါ်ခဲ့တယ်။
ကျွန်မတို့ အပြန်အလှန်စာတွေပို့ကြတယ်။
စကားတွေပြောကြတယ်။
vedio call တွေခေါ်ကြတယ်။
“”မ ရေ ရာသီဥတုက အရမ်းအေးနေပြီ
နေ့လည် နေ့ခင်းမှာပဲရေချိုးနော်။
ညဘက်တွေလည်းနွေးနွေးထွေးထွေး အိပ်ပါနော်””
“”မ မျက်တွင်းတွေကျနေတယ်
နေရောကောင်းရဲ့လား စိတ်ပူတယ်မမရယ်
ကျန်းမာရေးဂရုစိုက်နော် “”
“” မောင်လေ မမနဲ့အပြင်မှာဆုံချင်နေပြီကွာ
အရမ်းတွေ့ချင်နေပြီ တွေ့ကြရအောင်နော်””
တီတီတာတာ စကားလေးတွေနဲ့
ဂရုစိုက်ကြင်နာမှု့တွေကြားမှာ
ကျွန်မ သာယာမိန်းမောနေမိတယ်။
မိဘပေးစားတဲ့ကိုနေလင်း ကိုတောင်
ကျွန်မ ခေါင်းညိတ်လက်ခံပြီးသာယာတဲ့
အိမ်ထောင်တစ်ခုကိုထူထောင်နိူင်ခဲ့သေးတာပဲ။
မောင့်…လို လူ ကို ကျွန်မဘာလို့
မရွေးချယ်ရဲရမှာလဲ…
ကျွန်မ မောင့်ကိုချစ်တယ်။
မောင် ကျွန်မကိုချစ်တယ်ဆိုတာကိုလည်း
ကျွန်မယုံတယ်။
ဒါကြောင့် မောင်နဲ့ဆုံတွေ့ကြဖို့
ကျွန်မလက်ခံလိုက်တယ်။
ကျွန်မတို့ရဲ့ပထမဆုံးတွေ့ဆုံခြင်းကတော့
လူမြင်ကွင်းတစ်ခုဖြစ်ပြီးအများအမြင်
သင့်တော်တဲ့ နေရာတစ်ခုဖြစ်ခဲ့တယ်။
တကယ်တမ်း…မောင်နဲ့အပြင်မှာဆုံတွေ့လာတော့
မောင့်ရဲ့ရုပ်ရည်ဟာပိုပြီးစွဲဆောင်မှု့ရှိတယ်။
အရမ်းကိုကြင်နာတတ်ပြီး အသေးအဖွဲ့လေးကအစ
ဂရုစိုက်တတ်တော့ ကျွန်မပိုပိုပြီးချစ်လာမိတာပေါ့။
“”မောင် က မ ထက် အသက်ဆယ်နှစ်နှစ်ငယ်တယ်။
ဒါပေမယ့်…မောင်အချစ်ကအရွယ်တွေ၊
ရုပ်ရည်တွေ ပကာသနတွေမပါဘူး။
မ မို့သာ မောင်ချစ်မိတာ။
မောင်နဲ့လမ်းခွဲခဲ့တဲ့အိမ်ထောင်ဘက်ကိုတောင်
မ…ကိုချစ်သလိုမျိုး မောင်…မချစ်ခဲ့ဖူးဘူး””
မောင်ပြောသမျှစကားလုံးတိုင်းက
ကျွန်မနှလုံးသား အထိစီးဝင်တယ်။
ကျွန်မသိပ်ကြည်နူးမိတယ်။
ကျွန်မဟာ အချစ်ကိုအခုမှစပြီးထိတွေ့ဖူးတဲ့ အပျိုရိုင်းမလေးလို အချစ်မှာစီးမျောနေခဲ့တယ်။
“”မ…မောင်….တို့……””
မောင့် စကားတို့က အဆုံးမရောက်ခဲ့ပါဘူး။
ဆိတ်ငြိမ်ပြီး မမြင်ကွယ်ရာအရပ်မို့
ကျွန်မဟာ…မောင့်ဆန္ဒတွေကိုလိုလိုလားလားလိုက်လျော့မိခဲ့တယ်။
ကျွန်မနဲ့မောင်…ကမ္ဘာ့သစ်တစ်ခုဆီ
လွင့်ချင်တိုင်းလွှင့်ခဲ့ကြတယ်။
ကျွန်မက မောင့်ကိုသိပ်ချစ်သလို မောင်ကလည်းကျွန်မကိုသိပ်ချစ်တယ်လို့ကျွန်မ ယုံကြည်ခဲ့တယ်။
မောင်နဲ့ အတူနေရဖို့အတွက် ကျွန်မတိုက်ခန်းကိုငှားထားခဲ့ပြီး မောင့်ငှားနေတဲ့အခန်းငယ်လေးဆီမှာကျွန်မလိုက်နေခဲ့တယ်။
ကျွန်မတို့နှစ်ယောက်ရဲ့ ဘဝကို တရားဝင်
တည်ဆောက်နိူင်ဖို့ မောင့်ကို စကားစခဲ့တယ်။
“”ကျွန်မတို့ ရုံးတက်လက်မှတ်ထိုးကြရအောင်…မောင်..””
“”မောင့်ကို မ က မယုံကြည်လို့လားကွာ…””
ဟင့်အင်း….
ကျွန်မ က မောင့်ကိုယုံကြည်တယ်။
မောင်ဟာ..ကျွန်မရဲ့ခင်ပွန်းဖြစ်သည်ဆိုတာမျိုးကို
ကျွန်မက အတည်ပြုချင်ရုံသာ။
ဘယ်မှာမှ မဏ္ဍပ်တိုင်တက်ပြဖို့မှမဟုတ်တာ။
အခုတော့…မောင်က သက်ပြင်းရှည်ကြီးတွေချပြီး
ငူငူကြီးထိုင်နေတယ်။
“”မ….မောင် လေ တကယ်တော့ ဇနီးသည်နဲ့ တရားဝင်မကွာရှင်းရသေးဘူး။
ဒါပေမယ့် မောင်တို့တကယ်ပြတ်စဲခဲ့ကြတာနော်။
မောင် က သဲမာနဲ့ တမင်မျက်နှာချင်းမဆိုင်ချင်တော့လို့ကို ကွာရှင်းစာချုပ်အထိယူမထားဖြစ်တာ။
ဒီရက်ပိုင်း အတွင်းပဲ သဲမာဆီက ကွာစာ
တောင်းပေးပါ့မယ်။
ကွာစာရတဲ့အခါမှ မောင် တို့လည်းတရားဝင်လက်ထပ်ကြမယ်နော်….””
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အဆက်
တကယ့်တမ်း မောင်နဲ့ဘဝတစ်ခုတည်ဆောက်တဲ့အခါမှာတော့ မောင် မှာ အိမ်ယာထူထောင်ဖို့
ငွေကြေးကအစ ဘာမှမပြည့်စုံခဲ့ဘူး။
စဘော်တင်ပြီးမောင်းနေရတဲ့ တက္ကစီက အုံနာပြန်သိမ်းသွားပြီမို့ မောင့်မှာအလုပ်မရှိတော့ပေ။
ကျွန်မ ကအလုပ်မရှိပေမယ့် ကျွန်မနေတဲ့အခန်းရော
ကျွန်မ ခင်ပွန်းမကွယ်လွန်ခင်ကတည်းက
လက်ထက်ပွားအဖြစ်ဝယ်ယူထားသည့် မြို့သစ်လေးတစ်ခုက ပေနှစ်ဆယ်မြေကွက်လေးမှာ
ငါးခန်းတွဲလေးဆောက်ပြီးအဆောင်ငှားထားတဲ့
ဝင်ငွေလေးရှိတယ်။
ရွှေတိုငွေစလေးလည်းရှိတယ်။
အလုပ်လုပ်ချင်စိတ်ရှိပြီး ငွေအင်အားမရှိတဲ့မောင့်ကို
ကျွန်မ ပံပိုးရတော့တာပေါ့။
မောင့်နဲ့ ကျွန်မကဘဝတစ်ခုဖြစ်နေပြီလေ။
ကျွန်မပိုင်ဆိုင်မှု့ကမောင်နဲ့လည်းသက်ဆိုင်နေပြီမို့လား။
ပြီးတော့ မောင်ငွေရှာနိူင်ရင် ကျွန်မကိုမောင်အပ်မှာလေ။
ဒါကြောင့်..မောင့်အတွက် ကျွန်မရဲ့လက်ကောက်နှစ်ကွင်းကိုရောင်းပြီး ကားစဘော်တင်ပေးလိုက်တယ်။
ကျွန်မ သိပ်ပျော်တယ်။
မောင်ပြန်အလာကိုမျှော်ရတာလည်းကျွန်မပျော်တယ်။
ပြန်လာတဲ့အခါ အိမ်မှု့ကိစ္စတွေကို ကျွန်မနဲ့အတူတူ
ဝိုင်းဝန်းလုပ်ကိုင်လုပ်ပေးတတ်တဲ့မောင့်ကိုချစ်တယ်။
“”ဟာ..မမရာ ဘာလို့အဝတ်တွေလျှော်ထားတာလဲ
မောင့်လျှော်ပါ့မယ်ဆိုမှကွာ…””
“”နေ နေ မမ မလုပ်နဲ့ စားပြီးသားပန်းကန်တွေ
မောင်ဆေးလိုက်မယ်””
“”မမ မျက်နှာမကောင်းပါလား
နေမကောင်းဘူးလား မမ
မဖြစ်ဘူး…ထ ထ ဆေးခန်းသွားရအောင်..””
မောင့်ရဲ့ဂရုစိုက်ကြင်နာမူ့လေးတွေက
ကျွန်မရင်ကိုနွေးထွေးစေခဲ့တယ်။
အမှန်အတိုင်း ဝန်ခံရရင် ကျွန်မရဲ့အိမ်ထောင်ဦးခင်ပွန်း ကိုနေလင်းနဲ့တုန်းက သည်လိုခံစားမှု့မျိုး
ကျွန်မမခံစားခဲ့ရဘူး။
တခါတလေ ကျွန်မအပေါ်ဂရုစိုက်ကြင်နာလွန်းတဲ့
မောင့်ကိုကြည့်ပြီး စိတ်မကောင်းတောင်ဖြစ်မိတယ်။
ကျွန်မတို့ အတွေ့နောက်ကျခဲ့ရတယ်။
အစောကြီးထဲကဖြစ်ဖြစ် အသက်ကွာဟမှု့နည်းစွာဖြစ်ဖြစ် ကျွန်မတို့ဆုံတွေ့ခွင့်ရခဲ့ကြရင်
ပိုပြီးပျော်ရွှင်ကြရမယ်ပေါ့။
#############################
ရာသီစက်ဝန်းက တစ်နှစ်လည်ခဲ့ပါပြီ။
ကျွန်မ နဲ့မောင် မောင့်အခန်းငယ်လေးမှာ မနေတော့ပဲ
ကျွန်မပိုင်ဆိုင်တဲ့တိုက်ခန်းလေးမှာအိမ်ငှားတွေကိုဖယ်ရှားပြီးပြန်လည်နေထိုင်ခဲ့ကြပြီ။
ကျွန်မကို ကိုနေလင်းရဲ့အမျိုးအဆွေတချို့က
တီတိုးကဲ့ရဲ့ကြတာကို ကျွန်မဂရုမစိုက်သလိုသာနေထိုင်ခဲ့တယ်။
လင်ငယ်ငယ်လေးယူပြီး..တနေ့ဒုက္ခလှလှတွေ့မယ်တဲ့လေ။
ကျွန်မ သူတို့အပေါ်အများကြီးကြည်ရှုစောင့်ရှောက်ကူညီခဲ့ဖူးတယ်။
ကျွန်မအပေါ်ပြန်လည်တုန့်ပြန်ကြတာကတော့
မလိုမုန်းထားအတင်းစကားတွေပါလား။
ဟင့်အင်း…ပြောကြပါစေ။
ကျွန်မနဲ့မောင်..တစ်ယောက်ကိုတစ်ယောက် နားလည်မှု့ရှိစွာ ချစ်နေကြရင်ပြည့်စုံနေပါပြီ။
ကျွန်မဘယ်သူ့ကိုမှဂရုစိုက်မနေနိူင်ပါ။
မောင်ကကျွန်မကိုဂရုစိုက် ကြင်နာနေရင်ပြီးတာပဲမို့လား…
“”မမရယ်…မမကိုချစ်ရတာ မောင်အားငယ်တယ်။
မောင့်မေတ္တာ ဘယ်လောက်ဖြူဖြူ
မောင်က မမကို ပစ္စည်းဥစ္စာ ရှိလို့ချဥ်းကပ်နေတာပါ
ဆိုတဲ့…စကားတွေက မောင့်စိတ်ကိုအနာတရဖြစ်စေတယ်။
မောင် ဘဝမှာ အချစ်ရဆုံးသူကိုပြပါဆိုရင်လေ
အဲ့လူဟာ မမပဲ…
မောင် မမကို အရမ်းချစ်တယ် ။
မောင်နဲ့မမ တို့ရဲ့အနာဂတ်အတွက် မောင့်မှာရည်မှန်းချက်တွေအများကြီးရှိတယ်။
သူများကားကို စဘော်တင်မောင်းပြီး ကိုယ်ရှာလို့ရတာကိုသူများကိုခွဲဝေပေးနေရတာကိုမောင်စိတ်ကုန်နေပြီ။
ထီတွေဘာတွေလည်းပေါက်ချင်တယ်။
ကားလေးတစ်စီးလောက်ဝယ်ချင်တယ်။
ရန်ကုန်နဲ့မူဆယ်၊ ရန်ကုန်နဲ့မြဝတီ အဲ့လိုလမ်းကြောင်းတွေကိုအော်ဒါလိုက်ချင်တယ်။
မောင့်မှာအဆက်အသွယ်တွေလည်းရှိတယ်။
မရှိတာက ကိုယ်ပိုင်ပိုက်ဆံပဲ….””
မောင့်စကားကြောင့်ကျွန်မစိတ်မကောင်းဖြစ်ရတယ်။
မောင်ဖြစ်ချင်တာလေး ကို ဖြည့်ဆည်းပေးချင်တယ်။
နောက်ဆုံးတော့ တစ်လကိုတစ်သိန်းခွဲရနေတဲ့
အဆောင်လိုင်းခန်းလေးကို ကျွန်မရောင်းဖို့ဆုံးဖြတ်လိုက်တယ်။
မောင့်ကို ကားဝယ်ပေးဖို့ ပါ။
“”မမရယ်….မောင်လေ ဘယ်လိုပျော်လို့ပျော်မှန်းမသိဘူး။
မောင်ကြိုးစားမယ်မမ ။မမ စိတ်မပျက်စေရဘူး။
နောက်နှစ်နှစ်လောက်နေရင် အခုရောင်းလိုက်တဲ့
အိမ်ခြံထက် နှစ်ဆကြီးတာ ပြန်ဝယ်ပေးမယ်နော်..””
မောင်ပျော်တော့ကျွန်မလည်းပျော်တာပေါ့။
ကားဝယ်ပြီးနောက်ပိုင်း မောင်နဲ့ကျွန်မ ခဏ ခဏခွဲရပြန်တယ်။
အော်ဒါတွေကြောင့်ခရီးတွေပဲ မောင် ထွက်နေရတယ်။
မောင်မရှိတော့ မောင့်ကိုလွမ်းတဲ့စိတ်နဲ့ အထီးကျန်စွာနေနေရတယ်။
နားထင်စပ်ကဖြူစပြုလာတဲ့ဆံပင်ဖြူချောင်းတွေကို
အမဲရောင် ပြန် ပြန်ဆိုးရင်း အသက်အရွယ်အရ
ဓမ္မတာလာရက်တွေဟာ ဂယောက်ဂယက်တွေဖြစ်လာတာကိုသတိထားမိတယ်။
ကျွန်မ သွေးဆုံးတော့မယ့်အရွယ်ကိုရောက်နေပြီလား
အဲ့ဒီစိတ်က ကျွန်မကိုပိုပြီးပူလောင်စိတ်ဓာတ်ကျစေတယ်။
ဘာအကာအကွယ်မှမလုပ်၊ ဘာတားဆေးမှမသုံးပဲ
မောင့်ရင်သွေးလေးကိုမွေးဖွားပေးချင်တဲ့ကျွန်မရဲ့
မျှော်လင့်ချက်တွေဟာ အဖြေရှာတဲ့ ဆီးစစ်တံလေးမှာ
ခဏခဏ အလှောင်ခံနေရသလိုပါပဲ။
အစာမကြေလို့ပျို့အန်ရင်လည်း ကျွန်မ ဆီးစစ်မိပြန်တယ်။
မောင့်ကိုယ့်ပွားရင်သွေးလေးတစ်ယောက်ကိုမွေးဖွားပေးချင်လွန်းလို့ ဆုတွေတောင်းမိတာအခါခါပဲ။
“”မောင်ရယ်…မမ ခလေးအရမ်းလိုချင်တယ်ကွာ..””
ကျွန်မအဲ့လိုပြောတော့ မောင်ပြုံးနေတယ်။
“”ကျွန်တော် အတွက်ကတော့ ဘယ်အရာကမှ မမလောက်အရေးမပါဘူး””…….
တဲ့လေ။
###################
အရင်က ရသမျှပိုက်ဆံအကုန်ပြန်အပ်တဲ့ မောင်ဟာ
အခုတလော ကျွန်မသုံးလို့လောက်ရုံကနေ ပိုမပေးတော့ဘူး။
ဒီထက်ပိုကောင်းတဲ့အမြင့်ကားတစ်စီးဝယ်ဖို့
ဘဏ်စာအုပ်လုပ်ပြီးငွေစုနေသတဲ့လေ။
“”မောင်က မမကိုပြန်မအပ်ချင်လို့မဟုတ်ဘူးနော်။
ရတဲ့ပိုက်ဆံလေးတွေဘဏ်စာအုပ်လေးထဲထည့်ပြီး
ထုတ်ထုတ်ကြည့်ရတာ ပီတိဖြစ်လို့ပါ။
မောင့်ဘဏ်စာအုပ်ကို အချိန်မရွေးမမယူကြည့်ပါ။
မမအသုံးလိုတဲ့အခါမျိုးကြရင်လည်းပြောပါ။
မမလိုသလောက်ထုတ်သုံးနော်မမ…””
မောင်ပြောလေသမျှစကားတိုင်းကျွန်မကတော့
နွားပြာကြီးအောက်သွားမရှိဆိုတဲ့စကားပုံထဲကလို
ပါပဲ။ ကျွန်မမှာ အထွန့်တက်စရာအကြောင်းမှမရှိတာ။
ခဏခဏခွဲနေရလေတော့ ငွေကအဓိကမဟုတ်တော့ဘူးလေ။
မောင်ပြန်လာတဲ့အချိန်လေး မလိုအပ်တာတွေပြောပြီး
အချိန်ကုန်ခံမနေချင်ဘူး။
မောင့်သဘော၊ မောင့်ဆန္ဒ၊ မောင်ကျေနပ်ရင်ကိုကျွန်မကအဆင်ပြေနေခဲ့ပြီလေ။
#########################
အခုရက်ပိုင်း မူဆယ်ဘက်မှာပဲ ခေါက်တိုလမ်းကြောင်းလေးတွေနဲ့ မောင်အော်ဒါတွေရနေလို့
ရန်ကုန်ကိုသိပ်မပြန်ရဘူး။
ဖုန်းလိုင်းတွေကလည်းမကောင်းဘူး။
မောင့်ဘက်ကဆက်မှ အဆက်အသွယ် ရသလိုဖြစ်နေတယ်။
တခါတလေနှစ်ရက်သုံးရက်ထိ အဆက်အသွယ် မရဘူး။ အဲလိုရက်တွေဟာကျွန်မအတွက်ကမ္ဘာတွေပျက်နေသလိုပဲ။
စိတ်ပူတာကတမျိုး၊ လွမ်းတာကတစ်မျိုး။
ငါးဆယ်နားကပ်နေတဲ့ကျွန်မမှာ မောင့်ဆီကဖုန်းဆက်လာရင် ထခုန်မိမတတ်ပဲ။
အခုလည်းမောင့်ဖုန်းလေးကို ကျွန်မမျှော်နေမိတယ်။
ကျွန်မနဲ့အိမ်ထောင်ကျပြီးနောက်ပိုင်း
အင်တာနက်တွေ facebook တွေကို မောင်ကသိပ်မသုံးတော့ဘူး။
မသုံးဖြစ်တာကြာတော့ဖုန်းအကူးအပြောင်းမှာ
အကောင့်တောင် လော့ကျနေတယ်လို့ မောင်ပြောဖူးတယ်။
မောင်သာအင်တာနက်သုံးရင်အလွမ်းပြေ မောင့်မျက်နှာလေးကို vedio call လေးခေါ်ပြီးကျွန်မကြည့်ခွင့်ရမယ်။စကားတွေပြောခွင့်ရမယ်။
viber မသုံးတတ်တဲ့ ကျွန်မ
မောင့်ကိုစကားပြောဖို့ သုံးတတ်အောင်ကြိုးစားနေချိန်မှာမောင်ကလိုင်းမမိတဲ့နေရာမှာရောက်နေလေသတဲ့….။
မောင့် ဖုန်းကိုမျှော်နေတုန်းဖုန်းဝင်လာတယ်။
“”မမ မောင် ကားတိုက်မှု့ဖြစ်တယ်။
အသေအပျောက်မရှိပေမယ့် ကုန်ဖိုးတွေလျော်ရမယ်..””
“”ဟယ်…မောင်ဘာဖြစ်သွားသေးလဲ…””
“”မောင်ကဘာမှမဖြစ်ဘူး….
ကားပြင်ရတာက နှစ်စီးစာသိန်းလေးဆယ်ကျော်ကုန်တယ်။
မောင့်ဘဏ်ကဒ်ထဲရှိတာအကုန်ပြောင်တာပဲ။
အဲလိုလုပ်ပေးလို့လည်းအမှု့မဖြစ်တာပဲ။
ဟိုပေးဒီပေးကဆယ်သိန်းကျော်ကုန်ပြီ
အခုကတရုတ်သူဋ္ဌေးကိုကုန်ဖိုးလျော်ရမှာ
မလျော်နိူင်ရင်အချုပ်ကျနိူင်တယ်…””
“”မမမှာရွှေရှိသေးတယ်လေ။
ဘယ်လောက်လွှဲရမှာလဲ…ပြော…””
“”သိန်း…..တစ်ရာတစ်ဆယ်..””
နောက်ဆုံးတော့ မောင်ဒုက္ခမရောက်စေဖို့
ကျွန်မ ရွှေတွေအပြင်..တိုက်ခန်းပါပေါင်ပေးလိုက်ရတယ်။
ဘယ်တတ်နိူင်မလဲ….ကံကြမ္မာ ကကျွန်မနဲ့မောင့်ကို
ကျီစားနေပြီလေ။
ပစ္စည်းဥစ္စာ ဆိုတာအချိန်မရွေးပြန်ရှာလို့ရနေတာပဲ။
မောင်…ဘေးကင်းဖို့အရေးကြီးတယ်လေ။
ငါးရက်လောက်ကြာတော့မောင်ပြန်ရောက်လာတယ်။
စိတ်မကောင်းဖြစ်နေတဲ့မောင့်ကို ကျွန်မကပြန်ပြီးနှစ်သိမ့်ပေးရတယ်။
“”မောင်ရယ် လူဘာမှမဖြစ်တာပဲတော်ပါပြီ
ဘာမှစိတ်မကောင်းဖြစ်မနေနဲ့တော့ ပြန်ကြိုးစားကြမယ်နော်..””
တစ်ပတ်လောက်နေပြီး မူဆယ်ကို မောင်ပြန်တက်သွားတယ်။
တိုက်ခန်းပေါင်ထားတာကိုပြန်ရွေးဖို့ကြိုးစားရမယ်။
အရင်းအနှီးနည်းနည်းရှိရင် ခေါက်ကြေးမောင်းရင်း
ကုန်တချို့တင်ပြီးပြန်သွင်းနိူင်ရင် ငွေပိုရှာနိူင်မယ်ဆိုတာကြောင့် တိုက်ခန်းအပေါင်ခံသူစီကနောက်ထပ်
သိန်းသုံးဆယ်ထပ်ယူပေးလိုက်တယ်။
“”မမ စိတ်ချပြီးနေနော် မောင်ကြိုးစားပြီးငွေရှာမယ်””
မောင်ပြန်သွားတော့ ကျွန်မမှာ အရင်ရက်တွေကလို
အထီးကျန်မူ့တွေ ကြီးစိုးအားငယ်နေပြန်တယ်။
ညဘက်တွေလည်းကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။
အိမ်ပေါင်ထားတော့သောကတွေကဝင်နေရတယ်။
မောင့်ကိုသတိရနေတာတွေလည်းပါတယ်။
မနက်ရောက်တော့ အိပ်ယာအထမှာ လူကမူးမိုက်သွားတယ်။
တလှပ်လှပ်တုန်ရင်နေတဲ့ရင်ကို ပြန်ဖိရင်း
အတွေးတစ်ခုကြောင့် ထိတ်ကနဲဝမ်းသာသလိုဖြစ်သွားတယ်။
အမူးသက်သာတော့ ဟိုလတွေကဝယ်ထားတဲ့
ဆီးစစ်တံကိုပြန်ရှာရင်း မဝံမရဲစိတ်နဲ့ စစ်မိလိုက်တယ်။
မျဥ်းနှစ်ကြောင်းကိုမြင်တော့ ဝမ်းသာလွန်းလို့ ကျွန်မမျက်ရည်တောင်ကျမိပြန်တယ်။
မရွှံ့မရှာနဲ့ဆီးစစ်တံလေးကို ဆုပ်ကိုင်ထားနေမိတယ်။
ကျွန်မအသက်က လေးဆယ့်ခုနှစ်ကျော်နေပြီလေ။
ကျွန်မအတွက် ထီပေါက်တာထက်တောင်ကံကောင်းသလိုခံစားလိုက်ရတယ်။
မောင့်ဆီဖုန်းခေါ်လိုက်တယ်။
ဖုန်းကဝင်ပြီးတဘက်ကမကိုင်လို့ပြန်ကျသွားတယ်။
နောက်တစ်ခါဖုန်းခေါ်တော့ ဖုန်းဟာဧရိယာပြင်ပကို
ရောက်နေခဲ့ပါပြီ။
ကျွန်မ နီးစပ်ရာဆေးခန်းတစ်ခုကိုသွားလိုက်တယ်။
မှားယွင်းတာမျိုးမဖြစ်စေချင်လို့အသေအချာလာပြီးအတည်ပြုတာ။
ဟုတ်ပါတယ်….ကျွန်မ ကိုယ်ဝန်ဆောင်ထားရပြီတဲ့။
သမီးလေး..လား၊ သားလေး….လား မသိရသေးပေမယ့် ရင်သွေးလိုချင်တဲ့ကျွန်မ အဖို့ အလုံးစုံပြီးပြည့်စုံတဲ့ဆုလဒ်တစ်ခုလိုပါပဲ။
နှစ်ရက်လောက်နေမှ မောင်နဲ့ဖုန်းပြောရတယ်။
ကျွန်မဘက်ကသိပ်ပျော်နေသလောက် မောင်ဘက်ကတော့အေးစက်နေခဲ့တယ်။
“”မောင်….မမခလေးရတာကိုမပျော်လို့လားဟင်..””
“”မပျော်လို့တော့မဟုတ်ပါဘူး။
ဒီခလေးရောက်လာမှ မောင်တို့တွေလည်းအဆင်မပြေမှု့တွေ ဖြစ်လာလို့ပါ..””
“”မဟုတ်တာ မောင်ရယ်ဘယ်လိုစကားမျိုးပြောလိုက်တာလဲ..မမအတွက်တော့လေ ပစ္စည်းဥစ္စာထက်
အခု မမတို့စီရောက်လာတဲ့ ရင်သွေးလေးကပိုပြီးတန်ဖိုးရှိတယ် သိလား..””
“”အင်းပါ…မမရယ် မောင်ဖုန်းချလိုက်တော့မယ်နော်
ကားပြန်ထွက်တော့မှာမို့ မမကျန်းမာအောင်နေဦး…””
ဒီလိုနဲ့ မောင်ဘက်ကဖုန်းချသွားပြန်တယ်။
ကျွန်မ သက်ပြင်းရှည်ကြီးကိုချပြီးကာမှ ဗိုက်ထဲကခလေးကိုအားနာသွားမိတယ်။
ခလေးရေ….မင်းကိုမေမေကြိုဆိုပါတယ်နော်။
ကျန်းမာပျော်ရွှင်စွာ မေမေစီကိုအရောက်လာခဲ့ပါ။
ကျွန်မ နည်းနည်းလေးမှပင် မပူသေးတဲ့ဝမ်းဗိုက်လေးကိုပွတ်ပြီးပြောနေခဲ့ပြန်တယ်။
################################
“”မမိမိချို ကိုစပြီးအလုပ်လုပ်ထဲကပြောပြီးသားလေ
အတိုးကတစ်လတစ်ခါကျိန်းသေပေးရမယ်။
လထပ်လို့မရဘူး။ ကျွန်မတို့ကသုံးကျပ်တိုးပဲယူထားတာ။ အမတို့ကိုအိမ်ပေါ်ကနေလည်းမဆင်းခိုင်းဘူး။
တကယ်လို့ အမလထပ်ပြီးပေးမယ်ဆိုရင် အတိုးကိုအရင်းထဲပေါင်းထည့်မှာနော်…..””
“”ပေါင်းသာပေါင်းလိုက်ပါ ယုယုရယ်
ဘယ်တတ်နိူင်မလဲ…..တရက်နှစ်ရက်နေရင် မမိယောကျာ်းရန်ကုန်ပြန်ဆင်းလာတော့မှာပါ။
အခုကဖုန်းလိုင်းမမိတဲ့နေရာရောက်နေလို့….””
အိမ်စပေါင်တော့ နှစ်လလောက်ကတော့အတိုးဖိုးပေးရမယ့်ရက်မတိုင်ခင်ကတည်းက မောင်စီမှငွေကြိုလွှဲပါသည်။
အခုတော့ဒီဘက်လအတွက်အတိုးပေးရမည့်ရက်ကကျော်လွန်ပြီးနောက်တလနားပင်ကပ်၍လာနေပြီမို့
ငွေရှင်ကကျွန်မစီလာပြီးပြောဆိုနေလေပြီ။
လူကလည်းအသက်ကြီးမှကိုယ်ဝန်ဆောင်ရသည်မို့လားမသိ။ ပင်ပန်းနူံးချိ၍နေလေသည်။
ဘာမှစားမရ အန်ရလွန်း၍ လူကမောဟိုက်လွန်းနေသည်။
မောင်ကိုဖုန်းခေါ်တော့ ဖုန်းဝင်ပါရဲ့နှင့်မကိုင်။
ကျွန်မ ဝမ်းနည်းလွန်း၍ငိုမိတော့သည်။
တိုက်ခန်းမို့ သံပန်းတံခါးကိုသော့ခတ်ထားပြီးအတွင်းတံခါးကို ဖွင့်ထားသည်မို့ အိမ်အပေါင်ခံထားသူယုယုတို့ပြန်သွားတော့ ခုနကသော့ဖွင့်ပေးထားသည်မို့
သော့ပြန်ခတ်ဖို့ လေးလံချိနဲ့သောခြေလှမ်းတို့ဖြင့်တံခါးဝကိုလာလိုက်သည်။
တဘက်အခန်းမှမမြင့်ရီကပန်းအိုးလေးတွေကိုရေလောင်းရင်းကျွန်မကိုလှမ်းကြည့်နေသည်။
ပြီးတော့စကားပြောလိုသည့်အမူအရာဖြင့်
ကျွန်မအခန်းပေါက်ဝသို့ရောက်လာသည်။
“”မိ….အဆင်ပြေရဲ့လား
အမပြောသင့်မပြောသင့်ချင့်ချိန်နေတာ
ပြောပြသင့်တယ်ထင်လို့ပြောပါရစေ။
မောင်မောင်က ပဲခူးမှာအရင်သားမယားနဲ့ပြန်ပေါင်းနေတာ ခြောက်လလောက်ရှိပြီနော်။
သူ့သမီးအငယ်မလေးကို ဆိုင်ကယ်နဲ့ကျောင်းကြိုပြီးပြန်လာတာ မမမြင့်ကိုယ်တိုင်တွေ့တယ်။ပဲခူးက
မမမြင့်ယောင်းမ သီတာတို့အိမ်နဲ့ မောင်မောင်ကမျက်နှာချင်းဆိုင်နေကြတာ””
အိုး…..ဘုရား…ဘုရား
မဟုတ်ပါစေနဲ့…..လို့ကျွန်မရေရွတ်မိတယ်။
မမြင့်ရီလိုလူမျိုးကလည်းမဟုတ်ပဲလုပ်ကြံပြောမည့်သူတော့မဟုတ်ပေ။
“”မိ ကအခုကိုယ်ဝန်ကြီးနဲ့မို့သိအောင်ပြောပြတာ
တကယ်လို့ငြင်းရင် မမမြင့်ပြောပြတာလို့ပြောလိုက်ပါ””
ကျွန်မမမြင့်ရီကိုဘာမှပြန်မပြောနိူင်ခဲ့ဘူး။
မောင့်စီဖုန်းတွေတောက်လျှောက်ခေါ်လိုက်တယ်။
မောင်မကိုင်ဘူး။ကျွန်မလည်းတစ်လျှောက်လုံးခေါ်နေမိတယ်။
ဖုန်းတွေခေါ်ရင်းကျွန်မမျက်ရည်တွေသုတ်ရင်းငိုရင်း။
အခါနှစ်ဆယ်လောက်ထိခေါ်တော့ မောင်ဖုန်းကိုင်တယ်။
“”မမ ကျွန်တော် ကိုခွင့်လွှတ်ပါ…..ကျွန်တော် ကျွန်တော်မိသားစု ကလွှဲရင် ဘယ်သူ့ကိုမှ
မချစ်ခဲ့ဘူး။ မမကိုချစ်ခဲ့တယ်ဆိုတာကျွန်တော်ညာနေခဲ့တာ။
ရုန်းကန်သလောက်ခက်ခဲလို့အိမ်ထောင်ရေးမသာယာနေချိန်မှာ မမအနားကိုကျွန်တော်ရောက်ခဲ့တာပါ။
ကျွန်တော်ညာခဲ့တာ။ ကျွန်တော် မမကိုမချစ်ဘူး””
“”တိတ်စမ်း..””
ကျွန်မအသံကုန်အော်ပစ်လိုက်တယ်။
“”ငါ ဖုန်းဆက်တာ မောင်စီဆက်တာ ကျွန်တော် ဆိုတဲ့လူစီဆက်တာမဟုတ်ဘူး။
မောင်နဲ့ဖုန်းပြောမယ်။ ငါလွယ်ထားရတဲ့ရင်သွေးလေးရဲ့အဖေနဲ့ဖုန်းပြောမယ်..””
“”ကျွန်တော် ခလေးလိုချင်ပါတယ်လို့ မမကိုပြောခဲ့ဖူးလား။မမကရော ဒီအသက်အရွယ် ကြီးနဲ့ခလေးယူရလားဗျာ။ ကျွန်တော် ကိုသက်သက်စိတ်ဒုက္ခပေးတာပဲ””
ကျွန်မသိလိုက်ပြီ။ မောင်ဟာကျွန်မကို တရားဝင်စစ်ကြေငြာနေပြီလေ။
မောင်ကျွန်မကိုတချိန်လုံးလှည့်စားနေခဲ့တာလား။
ကားတိုက်မူ့ဆိုတာ…လုပ်ကြံဖန်တီးမှု့တစ်ခုပေါ့လေ။
မူဆယ်မှာကားမောင်းနေတယ်ဆိုတာကရော…
ကြည့်စမ်း…ဒါလည်းလှည့်စားမူ့တစ်ခုပဲ။
အစအလယ်အဆုံး ကျွန်မကိုမောင်ညာခဲ့တာပေါ့။
ငါးဆယ်နားကပ်နေတဲ့မိန်းမကြီးကို ငါလိုလူရွယ်က
အသာအယာချဥ်းကပ်လို့ရတယ်ဆိုပြီးကျွန်မစီကနေ
ပစ္စည်းဥစ္စာတွေကိုမောင် အပိုင်ကြံသွားတာပေါ့။
ကားဝယ်တုန်းက ကျွန်မမလိုက်သွားတာကြောင့်
မောင်ကသူ့နံမည်နဲ့စာချုပ်ချုပ်ပြီးဝယ်ခဲ့တယ်။
ကျွန်မတိုက်ခန်းကို ပေါင်ထားတယ်။
ကျွန်မရွှေတွေကုန်ခဲ့ပြီ။
မောင်ဟာလှလှပပကိုကျွန်မစီက ခွာချသွားတာပါလား။
“”မောင်…..အခုကျွန်မ စီမှာမောင့်ရင်သွေးလေးရှိတယ်လေ။ ကျွန်မတို့အေးအေးဆေးဆေးစကားပြောကြမယ်။ မောင်ခဏလေးဖြစ်ဖြစ်ကျွန်မစီပြန်လာခဲ့ပေးပါ။ ကျွန်မတို့ဆွေးနွေးကြရအောင်….
မောင့်ရင်သွေးလေးအတွက်စကားတွေပြောကြရအောင်နော်…””
“”ဟင့်အင်း…ကျွန်တော် မလာဘူးမမ
ကျွန်တော် မှာသားကြီးနဲ့သမီးလေးရှိတယ်။သူတို့ကိုပဲ ပြုစုပျိုးထောင်မယ်။ဘယ်ခလေးမှမလိုချင်ပါဘူး။
ကျွန်တော် မမအပေါ်မှားခဲ့တဲ့အမှားကိုနောက်ဘဝတစ်ခုမှာလာဆပ်ပါ့မယ်။
ကျွန်တော် ကိုဘယ်ကြိုးနဲ့မှလာမချည်ပါနဲ့။
ကျွန်တော် ကိုမမဗိုက်ထဲက အကောင်အထည်မဖြစ်သေးတဲ့ခလေးနဲ့လည်းမချည်နှောင်ပါနဲ့။
မမအသက်အရွယ်နဲ့ ကျန်းမာသန်စွမ်းပြီးအသက်ရှင်မယ့်ခလေးကိုမွေးနိူင်မယ်ထင်နေတာလား…
ကျွန်တော် မမကိုရှစ်ခိုးကန့်တေယ့လိုက်ပါတယ်။
ဒီဘဝဒီမျှပါ ကျွန်တော် ကိုခွင့်လွှတ်ပါ…””
ကျွန်မ လက်ထဲကနေဖုန်းဟာလွတ်ကျသွားတယ်။
သူရူးတစ်ယောက်လို မောင့်စီသွားဖို့လှေကားထစ်တွေအတိုင်းနင်းလျှောက်သွားတယ်။
နူတ်ကလည်း “”မောင်””….””မောင်””….နဲ့ခေါ်နေမိတယ်။
လှေကားထစ်တစ်ခုအရောက်မှာတော့ ကျွန်မခြေထောက်ကအထစ်တွေကျော်ပြီးဒယီးဒယိုင်နဲ့
လှေကားထစ်တွေအတိုင်းပြုတ်ကျသွားပါတော့တယ်။
“”အား….ကျွတ်….. ကျွတ်””
သွေးရူးသွေးတန်းနဲ့ပြန်ထဖိုးကြိုးစားလိုက်တော့
ကျွန်မဗိုက်ကအောင့်တတ်လာပြီး ပေါင်ကြားကနေသွေးတွေစီးကျလို့လာပါတော့သည်။
အသိစိတ်က ချက်ချင်းသိလိုက်တယ်။
ကျွန်မခလေးလေး……ကျွန်မခလေးလေး….
ကျွန်မ ယူကြုံးမရတဲ့စိတ်နဲ့ အားယူပြီးထလိုက်ပေမယ့် မူးမိုက်လွန်းစွာ မှောင်အတိပြီးသောအလွှာခြားတစ်ခုကိုရောက်ရှိသွားပါတော့လေသည်။
ကျွန်မ မောင့်ကို ဘယ်လိုကြိုးနဲ့မှ ချည်နှောင်ခွင့်မရှိတော့လေပြီ။
သည်ဘဝ၏ အကျိုးတရားသည်အတိတ်ဘဝက
အကြောင်းတရားသာဖြစ်ပါက မောင်နှင့်ဝေးချင်ဝေးပါစေတော့ ကျွန်မရဲ့ ရင်တွင်းကကြိုးစလေးကိုတော့
ပြတ်မထွက်စေလိုပါ။
ကျွန်မဆုတောင်းမပြည့်တော့ပါဘူး။
သွေးအလူးလူးနဲ့ကျွန်မရော…..ကြိုးလေးရော……
ယွန်း နှင်းဆီ ခိုင်