မောင်မြင့်မား (ဗိုလ်ကလေး)
အဘအောင်နှင့် ညတိုက်ပွဲ
ကျွန်တော်သည် အစိုးရဝန်ထမ်းတစ်ဦး ဖြစ်သည့် အားလျော်စွာ မြန်မာပြည်အနှံ့သို့ တာဝန်ကျရာ ပြောင်းရွှေ့သွားလာရင်း တွေ့ ကြုံခဲ့ရသော အဖြစ်အပျက်များကို စာတစ်တန် ပေတစ်ဖွဲ့ ရေးသား တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ကျွန်တော်သည် ရခိုင်ရွာကလေးတစ်ရွာကို ရောက်ခဲ့ရာမှ အဘဦးအောင်ကျော်ဇံနှင့် ခင်မင်ရင်းနှီးသွားခဲ့ပါသည်။ အဘသည် ရခိုင်လူမျိုးတစ်ဦးဖြစ်ကာ စကားပြောပွင့်လင်းသည်။ ရိုးသားသည်။ ဟင်းချက် အလွန်ကောင်းသည်။ အသားငါးများကို ဖွယ်ဖွယ်ရာရာဖြစ်အောင် ချက်တတ်သည်သာမက အသီးအရွက်များကိုလည်း လျှာအရင်းမြက်အောင် ချက်တတ်သူ ဖြစ်သည်။ ထိုမျှသေး အဘကိုယ်တိုင်က ဟင်းလျာကို ရှာရှာဖွေဖွေ ရှာကြံ၍ ချက်ပြုတ်တတ်သူ ဖြစ်သည်။
ကျွန်တော်တို့အဖွဲ့သည် တောထဲ တောင်ထဲတွင် မကြာခဏ သွားလာလှုပ်ရှားနေကြရ၍ တာဝန်အရ ပေးအပ်သော လက်နက်များကြောင့်လည်း ဟင်းလျာရှားတိုင်း တောကောင်များကို ပစ်ခတ်ကာ အူစိုအောင် ဖန်တီးနေကြရသည်။ တောပစ်အလုပ်ကို ကျွန်တော်တို့အားလုံး ကျွမ်းကျင်ကြသည်မဟုတ်၍ ဟင်းလျာ ရှားပါးသောကြောင့်သာ တွေ့ရာအကောင်ကို ပစ်ခတ်နေကြရခြင်းဖြစ်သည်။
အဘ ဦးအောင်ကျော်ဇံနှင့် ပတ်သက်၍ (နောင်တွင် အဘအောင်) ကျွန်တော်တို့နှင့် အဘအောင် ခင်မင် ရင်းနှီးလာရခြင်းမှာ အဘအောင် ကြုံတွေ့ခဲ့ရသော ကြမ္မာဆိုးမှ မမျှော်လင့်ဘဲ ကျွန်တော်တို့က ကယ်တင်ခဲ့ရသောကြောင့် အဘအောင်သည် ကျွန်တော်တို့ကို ကျေးဇူးတင်ကာ ကျွန်တော်တို့တွင် အခက်အခဲ ပေါ်လာတိုင်း အဘအောင်က အကူအညီပေးနေကျ ဖြစ်သည်။
အထူးသဖြင့် တောထဲတွင် နေကြရသောကြောင့် ဟင်းလျာအတွက် အဘအောင်က ကျွန်တော်တို့အား အမြဲလိုလို ကူညီနေခြင်းဖြစ်သည်။ အဘအောင်သည် ကျွန်တော်တို့ စတည်းချရာ စခန်းသို့ရောက်လာတိုင်း အိုးခွက်ပန်းကန်များ လှန်လှောကာ ဟင်းလျာကောင်း မတွေ့လျှင် အဘအောင် ခဏတစ်ဖြုတ် ပျောက်သွားတတ်သည်။ပြန်လာလျှင် ဟင်းစားတစ်မည်တော့ ပါလာစမြဲ ဖြစ်သည်။
အဘအောင်အပေါ် ကျွန်တော်တို့အဖွဲ့မှ သံယောဇဉ် တွယ်လာခြင်းမှာလည်း အဘအောင်သည် ဆွေမျိုးမရှိ၊ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်သောကြောင့် သနားပြီး သံယောဇဉ်ဖြစ်လာရခြင်း ဖြစ်သည်။ ကျွန်တော် တို့ ပြောင်းရွှေ့သော နေရာအနှံ့သို့ အဘအောင်သည် တကောက်ကောက် လိုက်ပါလာ ကတ်သည်။
အဘအောင်၏ တောတွင်းအတွေ့အကြုံများ ဇာတ်လမ်းများကို နားထောင်ရင်း ကျွန်တော်ကိုယ်တိုင်လည်း ဇာတ်လိုက်လုပ်ကာ အဘအောင်နှင့် စွန့်စားသွားလာ လှုပ်ရှားခဲ့ရခြင်း အကြောင်းကို အလျဉ်းသင့်သလို ကျွန်တော် စာရေး၍ တင်ပြခဲ့ပြီး ဖြစ်ပါသည်။
အောက်ဖော်ပြပါ အတွေ့အကြုံတစ်ခုကလည်း ကျွန် တော့် တစ်သက်တွင် မေ့မရသော အတွေ့အကြုံ တစ်ခုဖြစ်တာကြောင့် ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
X X X X
ချင်းပြည်နယ်၏ အလွန်ခေါင်လှသော ဒေသတစ်ခုတွင် တာဝန်ကျစဉ်က ဖြစ်ပါသည်။ ကျွန်တော်တို့အဖွဲ့နှင့်အတူ အဘအောင်လည်း အတူတကွ ပါလာခဲ့သည်။ ကျွန်တော်တို့စခန်းသည် တောတောင်များနှင့် မနီးမဝေး ချင်းရွာကြီးတစ်ရွာတွင်ဖြစ်၍ ကျွန်တော်တို့ ပြောင်းရွှေ့လာပြီး တစ်လလောက်အထိ တာဝန်အရ သွားလာလှုပ်ရှားနေကြရသော်လည်း ထူးခြားသော အတွေ့အကြုံမျိုး မတွေ့ကြရသေးပေ။
တစ်နေ့တွင် ချင်းလူမျိုး အကြီးအကဲ တစ်ယောက်သည် ကျွန်တော်တို့စခန်းကို ရောက်လာကာ သူ၏ ဆိတ်နှစ်ကောင် ပျောက်ဆုံးသွားကြောင်း တိုင်တန်းခြင်း ဖြစ်သည်။
ထိုကဲ့သို့ သူတို့ဒေသတွင် မိမိမွေးမြူထားသော ဆိတ်၊ နွားနောက်၊ သိုး စသည်တို့ကို တောကောင် များဆွဲသွား၍ ပျောက်ဆုံးခြင်းမျိုးမှလွဲ၍ ခိုးဝှက်မှုကြောင့် ပျောက်ဆုံးခြင်းမျိုးမရှိသလောက် ရှားသောကြောင့် တိုင်တန်းခြင်း ဖြစ်သည်။ ပတ်ဝန်းကျင် အနှံ့လည်း ရှာဖွေပြီးဖြစ်သည်။ အစအနပင် ရှာမရ ကြောင်း ပြောသည်။
ကျွန်တော်တို့လည်း ရှာပေးပါမည်ဟု ကတိပေးကာ ပြန်လွှတ်လိုက်သည်။
နောက်တစ်နေ့တွင် ထိုရွာထဲမှ ချင်းအမျိုးသားကြီး တစ်ယောက် ရောက်လာပြန်သည်။ သူပိုင် ဆိတ်တစ် ကောင် ပျောက်ဆုံးသွား၍ လိုက်ရှာရာ အသေကောင်ကို တွေ့ရကြောင်း ပြောသည်။ သို့သော်လည်း သေဆုံးပုံ ထူးဆန်းနေသဖြင့် လိုက်ကြည့်ပေးပါရန် ခေါ် သောကြောင့် ကျွန်တော်၊ အဘအောင်နှင့် ကိုကျော်မြင့်တို့သုံးယောက် လိုက်သွားကြသည်။
ရွာနှင့် (၂) မိုင် ခန့်ဝေးသော တောစပ်တွင် ဆိတ်သေကို တွေ့ရသည်။ ဆိတ်ကို တောကောင်များ ကိုက် စားထားသော ဒဏ်ရာကို မတွေ့။ ဆိတ်ခြေထောက် ပေါင်တစ်ဝက်လောက်အထိ အသားများမရှိတော့ဘဲ အရိုးချည်းသာ ကျန်နေကာ ဆိတ်သည် ဒရွတ်ဆွဲလာ၍ ထိုနေရာတွင် လာသေနေကြောင်း တွေ့ရသည်။ တခြားဒဏ်ရာ လုံးဝမတွေ့ရပေ။။
ကျွန်တော်တို့အံ့ဩနေကြသည်။
တောကောင်များ ကိုက်စားထားပါကလည်း ခြေထောက်တစ်ဘက်လုံး အရိုးကျအောင်တော့ စားမည် မဟုတ်။ တစ်ကောင်လုံးအနှံ့ စားမည်သာ ဖြစ် သည်။ ကျွန်တော်တို့ စဉ်းစားမရသောကြောင့် ကိုကျော်မြင့်နှင့် ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ပြီး အဘအောင်ကို ကြည့်လိုက်သောအခါ အဘအောင် ပျောက်နေသည်။ ကျွန်တော်တို့လည်း စဉ်းစားမရသောကြောင့် ဟိုနားဒီနားကို ခြေရာလက်ရာ လျှောက်ကြည့်နေကြစဉ် တောတွင်းမှ ခြေလှမ်းခပ်သွက်သွက်နှင့် အဘအောင် ပြန်ထွက်လာသည်ကို တွေ့လိုက်ကြသည်။
“တရားခံတော့ တွေ့ပြီဆရာလေးရေ။ ဆရာလေးတို့လဲ ကံကောင်းရင် ထူးထူးခြားခြား ဟင်းစားကလေးတော့ စားရမှာပေါ့”
ကျွန်တော်တို့လည်း ချင်းအမျိုးသားကြီးအား အားပေးစကားပြောကာ ပြန်လွှတ်လိုက် သည်။ အဘအောင်သည် တစ်စုံတစ်ခုကို တွေးရင်း ကျွန်တော်တို့ရှေ့မှ ခပ်သွက်သွက်လျှောက်သွားနေသောကြောင့် ဘာမျှ မမေးတော့ဘဲ ကျွန်တော်တို့ လိုက်လာခဲ့တော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် အဘအောင် ရောက်လာသည်။ ကျွန်တော်တို့ စခန်းအတွင်း ဟိုကြည့်သည်ကြည့် လုပ်နေရင်း တစ်နေရာတွင် ပစ်ထားသော ဖိနပ်အစုတ်ကလေး တစ်ရန်ကို တွေ့သည်နှင့် ကိုင်ကြည့်လိုက်ကာ-
“ဆရာလေး ဒီဖိနပ်က မသုံးတော့ရင် ကျုပ်ကို ပေးပါလား”
“ဘာလုပ်ဖို့လဲ အဘရ၊ ဖိနပ်စုတ်ကို”
“ဟား… ဖိနပ်စုတ်လို့ အထင်မသေးနဲ့နော် ဆရာလေး။ သူ့ကို အကျိုးပြုပြီး ဟင်းလျာကောင်းတစ်ခွက် ရနိူင်တယ်”
“ဗျာ”
ကျွန်တော် အံ့အားသင့်သွားသည်။ အဘအောင်စကားကြောင့် စခန်းအတွင်း အလုပ်ရှုပ်နေသော ကိုတင်မောင်ထွန်းတို့၊ ကိုကျော်မြင့်တို့ အနားရောက်လာသည်။
“ဟုတ်တယ် ဆရာလေး။ ဖိနပ်တစ်ဘက်သာ ပေးလိုက်ပါ။ ဆရာလေးတို့ မစားဖူးတဲ့ ဟင်းလျာကောင်းတစ်မည် အဘပေးပါ့မယ်”
“ယူပါအဘရာ၊ ဖိနပ်စုတ်ကြီးပါ၊ ကြိုးပြတ်လို့ တပ်စရာမရှိတာနဲ့ လွှင့်ပစ်ထားတာ”
တင်မောင်ထွန်း၏ ယိုးဒယားဖေါ့ဖိနပ်တစ်ရန် ဖြစ်သည်။ ကြိုးပြုတ်သွားသောကြောင့် ချောင်ထိုးထားရာမှ အဘအောင်က ဖိနပ်စုတ်ကို အကျိုးပြုပြီး ဟင်းလျာကောင်းတစ်မည်ရမည် ဆိုသောကြောင့် ကျွန်တော် အဘအောင်ကိုကြည့်ပြီး စဉ်းစားနေမိသည်။
အဘအောင်သည် ဖိနပ်တစ်ဘက်ကို ကောက်ယူ၍ ဓါးဖြင့် အပေါ် ယံအသားကို တစ်မတ်ထုလောက်လွှာလိုက်သည်။ ဖိနပ်က အနီရောင်ဖြစ်ပြီး အနံ တစ်လက်မခန့်၊ အလျား လေးငါးရှစ်လက်မ ဖြတ်လိုက်သည်။
“ကဲ ဆရာလေးတို့ နေ့လယ်ကျရင် လိုက်ကြမလား”
“ဘယ်ကိုတုံး အဘရဲ့“
“လိုက်ကြမလားသာ ဖြေစမ်းပါ။ ဟင်းလျာကောင်းတစ်ခွက်ရတဲ နည်းကလေးကို ဆရာလေးတို့ မြင်ဖူးအောင်ပြမယ်။ ဒါပေမယ့် ဟင်းစားကတော့ ညကျမှ ရလိမ့်မယ်”
“ကဲ လိုက်ကြမယ် အဘရာ””
““ကောင်းပြီ နေ့လယ်ကျရင် ကျုပ်လာခေါ် မယ်”
X X X X
အဘဦးအောင်နောက်သို့ ကျွန်တော်တို့ တစ်အုပ်ကြီး လိုက်ခဲ့ရသော်လည်း ယခုထက်တိုင် ဘာမှန်းမသိသေး။ ကျွန်တော်တို့လူစုသည် တောင်ကြောနှင့် ခင်ပြန့်များကိုဖြတ်ကာ ခပ်သုတ်သုတ် လျှောက်လာခဲ့ကြသည်။ ရွာနှင့် အတော် ခပ်လှမ်းလှမ်းသို့ ရောက်လာသည်နှင့်အမျှ တောစရိုက် တောဓလေ့များ တဖြည်းဖြည်း မြင်တွေ့လာရပြီဖြစ်သည်။
တစ်ပင်မှ တစ်ပင်သို့ကူးကာ ပြေးလွှားနေကြသော ရှဉ့်များ၏ တုတ်သံအပြင် တစ်ခါတစ်ခါ ချေဟောက်သံကို ခပ်သဲ့သဲ့ကြားနေရသည်။ ရှေ့မှ ခပ်စိုက်စိုက်သွားရင်း မနေ့က ဆိတ်သေကို တွေ့ရသော တောတန်းကလေးတစ်ခုကို ဖြတ်ကျော်၍ တစ်နေရာအရောက်တွင် ဖျတ်ခနဲ ရပ်လိုက်ကာ အသံတစ်စုံတစ်ရာကို နားထောင်၍ အာရုံစိုက်နေသည်။
ပြီးမှ ဆက်လက်၍ လျှောက်သွားကာ ဖလံဖြူပင် တစ်ပင်အောက်တွင် ရပ်လိုက်သည်။
အဘအောင်သည် သစ်ပင်များဆီသို့ မော့ကြည့်၍ ခါးပိုက်ထောင်ထဲမှ အထုပ်ကလေးတစ်ခုကို ထုတ်လိုက်သည်။ အထုပ်ကလေးကို ဖြေ၍ အထဲမှ တစ်စုံတစ်ခုကိုယူကာ အပ်ချည်ကြိုးဖြင့် ချည်လိုက်သည်။ ကြိုးစတစ်ဘက်ကို တစ်ခုခုနှင့် ချည်နေပြန်သည်။
“အဘ ဒီဟာ ဖေါ့ဖိနပ်က လှီးထားတဲ့ဟာ မဟုတ်လား”
“ဒါကရော”
“ဒါကအစာလေကွာ၊ ငါးပုပ်ပေါ့”
အဘအောင်သည် အပ်ချည်ကြိုးထိပ်တွင် ငါးပုပ် တစ်ဖဲ့နှင့် တစ်ဘက်တွင် ဖေါ့ဖိနပ်က လှီးထားသော အပိုင်းကလေးကို ချည်လိုက်၍ ပါလာသော ဝါးလုံးထိပ်တွင် ငါးပုပ်တစ်ဖဲ့ကို တင်လိုက်ကာ ရှေ့လျှောက်သွားသည်။ ကျွန်တော်တို့အားလုံး အဘအောင် လုပ်ပုံ ကိုင်ပုံကို တအံ့တသြ ကြည့်နေကြသည်။ အဘအောင်သည် အင်ပင်တစ်ပင်၏ ခြေရင်းတွင် ရပ်လိုက်ကာ သူ၏ ဝါးလုံးကလေးကို မြှောက်လိုက်သည်။
ကျွန်တော်တို့နားထဲတွင် ပိတုန်းအသံကဲ့သို့ တဝီဝီအသံကို ကြားလိုက်ရပြီးနောက် ခဏအကြာတွင် ပိတုန်းကဲ့သို့ အကောင်ကြီးကြီး သုံးလေးကောင်သည် ဝါးလုံးထိပ်ရှိ ငါးပုပ်ကို အလုအယက် ကိုက်ချီ၍ ကျတော့သည်။ ကိုက်မိသွားသော အကောင်သည် ငါးပုပ်ကိုချီ၍ ပြေးလေတော့သည်။
ထိုအခါတွင် တစ်ဘက်ကြိုးစ၌ ချည်ထားသော အနီရောင်ဖော့ဖိနပ်အစသည် လေတွင် တလူလူလွင့်လျက် ပါသွားတော့သည်။
“လာ ဆရာလေးတို့ နောက်ဘက်က မြန် မြန်လိုက်ခဲ့၊ မျက်ခြည်မပြတ်စေနဲ့နော်၊ ဖိနပ်စကလေးကို ကြည့်ထား”
အဘအောင်သည် အရွယ်နှင့်မလိုက်အောင် ပေါ့ပါးစွာနှင့် ဘူကလိန်ချုံ၊ ဆူးရစ်ချုံများကို တိုးကာ ဖြတ်ကာနှင့် အရှေ့မှ အတင်းပြေးတော့သည်။ တဝီဝီပျံသွားသော အကောင်များသည် ငါးပုပ်ကို ကိုက်ချီ၍ အတော် ခပ်လှမ်းလှမ်းသို့ ရောက်သည်နှင့် အောက်သို့ စိုက်ဆင်းသွားသည်ကို တွေ့လိုက်ရသည်။
အဘအောင်သည် ရှေ့မှ ပြေးနေရင်း သစ်ပင်ကွယ်တစ်ခုအရောက်တွင် နောက်သို့ လက်ပြလိုက်၍ ဖြည်းဖြည်းလာရန် အချက်ပြလိုက်သည်။ ကျွန်တော်တို့ အားလုံး သစ်ပင်အကွယ်သို့ ရောက်ကြသောအခါ-
“ဘာသံကြားလဲ”
“မောင်းတီးသလိုလို၊ တဒူဒူအသံ ကြားတယ် အဘ”
“ဟော ဟိုမှာတွေ့လား”
ကျွန်တော်တို့ ကြည့်နေရာ သစ်ပင်မှ ပေငါးဆယ်ခန့် အကွာတွင် တောင်ပို့တစ်ခုကို တွေ့ရသည်။
အကယ်စင်စစ် တဒူဒူ မြည်နေသော အသံကား တောင်ပို့ထဲမှ မြည်နေခြင်း ဖြစ်သည်။
“အဘ အဲဒါဘာတွေလဲ”
“အဲဒါ ပျားတူအုံလို့ ခေါ်တယ်။ ဆိတ်တွေ သေအောင်သတ်တဲ့ တရားခံဟာ သူတို့ပေါ့”
“ဟင်းစားရမယ်ဆိုတာက အဲဒီအကောင်တွေလား”
“မဟုတ်ဘူး၊ ဒီကောင်တွေရဲ့ဥကို စားရတာ။ သူတို့ကို အခုလို အုံဖွဲ့ပြီးတွေ့ဖို့ကလဲ မလွယ်ဘူး။ ဝါဆိုလလောက်ကနေ သီတင်းကျွတ်လလောက်ပဲ တွင်းအောင်းတတ်ကြတာ။ ဒီကောင်တွေကို ညကျရင် လာပြီး ဖွပ်ကြမယ်။ တစ်ခု သတိထားဖို့က အစောင့် ပျားတူတွေကိုပဲ။ ဒီကောင်တွေကို သတိမထားရင်အောင်မြင်ဖို့မလွယ်ဘူး။
မနေ့က ဆိတ်သေကောင်ကို တွေ့ကတည်းက အဘ စဉ်းစားမိတယ်။ ဒါကြောင့်မို့ အနီးအနားမှာ ဒီကောင်တွေ ရှိရမယ်ထင်လို့ လိုက်ရှာတာ တွေ့တာပဲ။ ဆိတ်တွေ ဒီကောင်တွေတွင်းထဲ ကျွံကျပြီး သေတာ ဖြစ်မယ်။ ခြေထောက်တစ်ချောင်း အရိုးပေါ် သွားတာလဲ ဒီကောင်တွေလက်ချက်ပေါ့”
“ကျွန်တော်ကြားဖူးတယ်အဘ။ ပျားတူအိမ်ထဲကို ကျွဲတို့ နွားတို့ ခြေထောက်ကျွံသွားရင် ပြန်နှုတ်လိုက်တာနဲ့ အသားတွေ ကုန်ရောဆို”
“သိပ်ကြောက်ဖို့ ကောင်းတယ်၊ ဒီကောင်တွေက ပျားတုပ်သလို မဟုတ်ဘူး။ ကိုက်လိုက်တာနဲ့ အသားတစ် ပါသွားအောင် ကိုက်တတ်တာမျိုး။ ပြီးမှ အဆိပ် ထည့်လိုက်တာပဲ။ ကဲ- ကဲ ပြန်ကြရအောင်ကွာ”
ညနေ နေဝင်ရီတရော အချိန်ကတည်းက ကျွန်တော်တို့ တလှုပ်လှုပ်နှင့် အလုပ်များနေကြသည်။အဘအောင် မှာထားသည့်အတိုင်း မှိုင်းပြောင်း၊ မီးတုတ်များ၊ လက်နှိပ်ဓာတ်မီး၊ မှိုင်းတိုက်ရာတွင် ထည့်ရန် ဆေးရွက်ကြီး၊ ဂယ်ပေါက်များကို ပိတ်ရန် ရွှံ့ပျော့များ၊ ပေါက်တူး၊ ပေါက်ပြား၊ ခြင်းနှင့် ထမ်းပိုးများ စုဆောင်းထားလိုက်ကြသည်။
အဘအောင်က ပျဉ်ချပ်တစ်ချပ်ကို ကလေးများ ကြက်တောင်ရိုက်ကစားသည့် ပစ္စည်းသဏ္ဌာန် ဓားဖြင့်ထွင်းခုတ်နေသည်။
“အဘ အဲဒါ ဘာလုပ်ဖို့လဲ”
“အုံမှာ စောင့်နေတဲ့အကောင်တွေကို ရိုက်ချဖို့လေကွာ။ မင်းတို့တစ်ခု သတိထားရမှာက ကင်းစောင့် အကောင်တွေကို အရင် တွေ့မိဖို့ အရေးကြီးတယ်။ ဒီကောင်တွေကို နိူင်အောင် ဖြိုနိုင်မှ အုံကြီးကို ရနိုင် မယ်။ ဒီကောင်တွေက လေးဘက် လေးတန်မှာ အကောင် အစောင့်ရှိတယ်။ အုံထိပ်ဘက်မှာလဲ အစောင့်ကောင် ရှိတယ်။
အုံထိပ်မှာတော့ အရေးပေါ် ထွက်ပေါက်ထားတာ ရှိတယ်။ ဒီအပေါက်ကို အဘပဲ တာဝန်ယူလိုက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်ပန်းကြည့်ရင်အပေါက် မှန်းမသိနိုင်အောင် လုပ်ထားလို့ပဲ။ သဘာဝက သူတို့ကို သင်ပေးထားတာပေါ့ကွာ။
ဂယ်ပေါက်လို့ဆိုတာက လျှို့ဝှက်တံခါးလိုပေါ့။ နောက်ဘက်ကြည့်ရင်တော့ မမြင်နိုင်ဘူး။ သူ့ကို အန္တရာယ်ပြုမယ့်သူတွေလာရင် ထွက်ပြီး ခုခံနိူင်အောင် ရည်ရွယ်ပြီး ဖောက်ထးတာမျိုးပဲ။ ရန်သူကို မနိူင်ရင်လဲ သူတို့ ထွက်ပြေးနိူင်အောင် လို့ပေါ့”
“အဘ ဒီကောင်တွေက အမြဲ ဒီလိုပဲ တွင်းအောင်းနေတာလား”
“ဘယ်ဟုတ်မလဲကွ၊ ဝါဆိုလနဲ့ သီတင်းကျွတ်လ အကြားမှာပဲ တွင်းထဲမှာ နေကြတာ။ သီတင်းကျွတ်လ ကုန်သွားရင် အုံကြီးကိုစွန့်ပြီး ပျံသွားကြတာမျိုး။ ဒါကြောင့်မို့ တစ်နှစ်လုံး ဒါမျိုးစားရဖို့ မလွယ်ဘူးလေ”
လဆုတ်ရက် ဖြစ်သောကြောင့် မှုန်ဝါးဝါး လရောင်ဖြင့် ကျွန်တော်တို့ ချီတက်လာကြသည်။ ညဘက်ဖြစ်၍ ခြေခင်းလက်ခင်း မသာသောကြောင့် သတိအနေအထားဖြင့် သွားနေရ၍ ခရီးသိပ်မတွင်လှပေ။
တောတွင်းမြေလမ်းကလေးအတိုင်း လိုက်လာ ကြပြီးနောက် ကျွန်တော်တို့ နေ့လယ်က ရောက်ခဲ့ ကြသော ဖလံဖြူပင်အောက်တွင် ခဏ နားလိုက်ကြသည်။ နားထဲတွင်ကား မောင်းသံတဒူဒူကို အတိုင်းသား ကြားနေရသည်။
အဘအောင်က-
“ကဲ ဆရာလေးနဲ့ ဆရာလေးလူတွေ ဒီက ခဏစောင့်၊ ကျုပ်တို့ ကိစ္စဝိစ္စပြီးမှ ခေါ်လိုက်မယ်”
“ကျွန်တော် လိုက်ကြည့်ပါရစေဗျာ”
“ဟာ မလုပ်နဲ့ ဆရာလေး။ သိပ်အန္တရာယ်များတယ်နော်။ တကယ်လို့ မအောင်မြင်ခဲ့ရင် သေမလောက် ခံရလိမ့်မယ်”
“ကဲ ကဲ ဒီလိုဆို လိုက်ခဲ့။ ဟောဟို သပြေပင်အပုကလေး ရှိတယ်မဟုတ်လား။ အဲဒီပင်အကွယ်က စောင့်ကြည့် … ဟုတ်လား။ ဒါပေမယ့် ချက်ချင်း မလိုက်ခဲ့နဲ့၊ ကျုပ်တို့ အနားရောက်မှ နောက်ကလိုက်ခဲ့”
အဘအောင်နှင့် အတူပါလာသော ချင်းလူငယ်လေးယောက်သည် ပျားတူအုံရှိရာသို့ ရင်ပေါင်တန်းလျက် မြေကြီးတွင် မိကျောင်းသွား သွားကာ ချီတက်သွားကြသည်။
လရောင်က တိမ်တိုက်မှလွန်၍ တဖြည်းဖြည်းလင်းလာသည်နှင့်အမျှ အဘအောင်တို့၏ ညတိုက်ပွဲကို အထင်းသား တွေ့နေရသည်။ ကျွန်တော်သည် အဘအောင်တို့ လက်ပြလိုက်သည်နှင့် သပြေပင်ပုကလေး ရှိရာသို့ တဖြည်းဖြည်း တက်လာရင်း အဘအောင်တို့ အခြေအနေကို ကြည့်နေလိုက်သည်။
အဘအောင်သည် ချင်းလူငယ် လေးယောက်အား လေးဘက်လေးတန်မှ လက်ပြလိုက်၍ သူကိုယ်တိုင်ကား လက်ထဲတွင်ပါလာသော သစ်သားပြားဖြင့် ဝှီးခနဲ ထိုးဆင်းလာသော ပျားတူကောင်များကို တဂွပ်ဂွပ်ဖြင့် ရိုက်ချလိုက်သည်။ လူငယ်လေးယောက် ကလည်း တောင်ဘက် မြောက်ဘက်နှင့် အနောက်ဘက်မှ စောင့်နေသော အကောင်များကို ရိုက်ချလိုက်၍ ပါလာသော ရွှံ့ပျော့များ ဂယ်ပေါက်များကို တဖတ်ဖတ်ရိုက်ရင်း လိုက်ပိတ်နေပြန်သည်။
“ဟေ့ မီးခိုးပြောင်းတွေ မှုတ်တော့ဟေ့၊ အပြင်က အကောင်တွေတော့ ကုန်ပြီ”
ပြောင်းတံများကို အုံထဲသို့ ထိုးထည့်လိုက်ကာ ဆေးရွက်ကြီးထည့်ထားသော မီးခိုးပြောင်းများဖြင့် အုံထဲသို့ လေးဘက်လေးတန် ဝိုင်းမှုတ်ထည့်လိုက်သည်။
ကျွန်တော်သည် သပြေပင်ပုကလေးအောက်မှ အဘအောင်တို့မြင်ကွင်းကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိသည်။
အဘအောင်တို့ ညတိုက်ပွဲသည် မိနစ်ပိုင်းမျှသာ ဖြစ်သော်လည်း အမှားအယွင်း ဖြစ်သွားပါက အသက်သု၍ ပြေးရမည်ဖြစ်ကြောင်း ကျွန်တော် ရိပ်စားမိသည်။ ယခုလည်း လေးဘက်လေးတန်မှ အပေါက်ပိတ်ထား၍ အတွင်းသို့ မီးခိုးပြောင်း မှုတ်ထည့်ထားသောကြောင့် အုံတွင်းမှ ပျားတူအုံကြီး ပွင့်ထွက်တော့မည့်အလား တဝုန်းဝုန်းဖြစ်နေသံကို အတိုင်းသား ကြားနေရလေသည်။
မီးခိုးပြောင်းမှုတ်ပြီး ငါးမိနစ်အကြာတွင် ပျားတူအုံကြီးထဲမှ အသံများ ငြိမ်သက်သွားပြီ ဖြစ်သည်။
“ကဲ လာကြတော့ဟေ့၊ ကိစ္စပြတ်ပါပြီကွာ”
ကျွန်တော်၊ ကိုကျော်မြင့်၊ ကိုတင်မောင်ထွန်းတို့အားလုံး အဘအောင်တို့နှင့်အတူ အလုပ်ရှုပ်ကြတော့သည်။ မီးတုတ်များကို မီးညှိ၍ ထွန်းသူက ထွန်း၊ လက်နှိပ်မီးပြသူက ပြ။ အဘအောင် ညွှန်ပြသည့် အတိုင်း ပျားတူအုံ မြေသားကို ပေါက်တူး ပေါက်ပြားများဖြင့် ဖဲ့သူကဖဲ့နှင့် အလုပ်များနေကြတော့သည်။
မီးရောင်အောက်တွင် မြေသားများ ဖဲ့ကြရင်း ပျားတူအုံကြီး ပေါ် လာသည်နှင့်အမျှ ပျောက်သွားသော ဆိတ်နှစ်ကောင်၏ အရိုးများ၊ ပျားသလက်အချပ်လိုက်များနှင့် ပျားတူဥများ ထောင်သောင်းကို အစီအရီ တွေ့လိုက်ရသည်။
အရှည် လက်မဝက်ခန့်နှင့် ပိုက်ဆံစေ့ထက် အနည်းငယ်ကြီးကာ ဖွေးဖွေးဖြူသော ဥများသည် ပျားတူဥများပင် ဖြစ်သည်။
ပျားသလက် အချပ်လိုက်ကို တဖြည်းဖြည်း ခွာနေရင်း ခြင်းကြားထဲသို့ ထည့်သူထည့်၊ ပျားတူဥများ ကျုံးသူကျုံးနှင့် အားလုံး အလုပ်များနေကြသည်။ အတွေ့အကြုံမရှိသော ကျွန်တော်တို့ အားလုံးကမူ အဘအောင်တို့ လုပ်နေပုံကို တအံ့တဩ ကြည့်နေမိသည်။
“ရော့ ဆရာလေး၊ အဲဒါ ပျားတူချေးတွေပဲ၊ သိမ်းထား၊ ဆေးဘက်ဝင်တယ်”
ကျွန်တော်သည် အင်ဖက်နှင့်ထည့်ထားသော ပျားတူချေးများကိုကြည့်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
“ဆရာလေး နားမလည်လို့ပါ။ မြို့က ပရဆေးဆိုင်တွေက ပျားတူချေးကို ဈေးကောင်းပေးပြီး ဝယ်တယ်။ မြန်မာဆေးဆရာတွေလဲ နားလည်ပါတယ်။ ပျားတူချေးက ကျောမှာပေါက်တဲ့ အနာပဆုပ်ကို ပျားတူချေးသွေးလိမ်းရင် ပျောက်တယ်”
“ဪ””
ကိစ္စဝိစ္စများ ပြီးသည်နှင့် ကျွန်တော်တို့အားလုံး ထမ်းသူကထမ်း ၊ ပိုးသူကပိုး၊ သယ်သူကသယ်ဖြင့် တောလမ်းအတိုင်း မီးတုတ်တဝင်းဝင်းနှင့် ပြန်လာခဲ့ကြသည်။
ကျွန်တော်တို့အားလုံး စခန်းသို့ ပြန်ရောက်ချိန်တွင် ညဉ့်တစ်နာရီခန့်မျှ ရှိပြီဖြစ်သည်။ပျားတူအိမ်ကို ဖြိုစဉ်က ထွန်းလာခဲ့သော မီးတုတ်များကို တိုင်များတွင် ချိတ်၍ မီးမွှေးသူကမွှေး၊ ပျားတူဥများကို ရေနွေးဖျောသူက ဖျောနှင့် အလုပ်များနေကြပြန်သည်။
ကျွန်တော်တို့ လူအုပ်စုအသံကြောင့် တစ်ရွာလုံးနိူးလာကြကာ အဘအောင်ကို သတင်းလာမေးကြ၊ အဘအောင်နှင့် ဝိုင်းလုပ်သူက လုပ်ကြနှင့် ပျော်စရာ ကြီး ဖြစ်နေသည်။
ရေနွေးဖျောပြီးသား ပျားတူဥများကို ဆားနှင့် အနည်းငယ်ဖြူး၍ ဆီရွှဲရွှဲနှင့် ကြော်လိုက်သည်။ နည်းနည်း နီရောင်သမ်းလာသည်နှင့် မီးဖိုပေါ်မှချကာ တစ်ပန်းကန့်ကို ကျွန်တော်တို့ရှေ့သို့ လာချပေးသည်။ကျွန်တော်တို့မှာ မစားဖူးသော အစာမို့ မဝံ့မရဲနှင့် တစ်ဇွန်း မြည်းလိုက်သည်။
“စားစမ်းပါ၊ ဒါမျိုး နောက် စားချင်လို့ ရမှာမဟုတ်ဘူး”
ထိုအရသာမျိုး ကျွန်တော့် တစ်သက်တွင် မကြုံဖူးသေးကြောင်း ကျွန်တော် စဉ်းစားမိသည်။ အီသလို၊ ဆိမ့်သလို ပြောရခက်သော အရသာမျိုး ဖြစ်သည်။ ထို့ကြောင့်လည်း ခြင်းတောင်းနှင့်အပြည့် သုံးလေး တင်းခန့် သယ်လာခဲ့ကြသော ပျားတူဥများသည် တစ်အိမ်က နည်းနည်းယူ နည်းနည်းယူနှင့် တက် တက်ပြောင်သွားတော့သည်။
ထိုညက မိုးလင်းခါနီးမှ ကျွန်တော်တို့အိပ်ရသည်။
အဘအောင်မှာမူကား ချွေးတစ်လုံးလုံးနှင့် ပျားတူဥကြော်ကိုတမြုံ့မြုံ့ဝါးလိုက်၊ ရေနွေးကြမ်း သောက်လိုက်၊ အတွေ့အကြုံကို ရွာသားများအား ပြောလိုက်နှင့် ကျွန်တော်တို့ တရေးနိုးသည်အထိ အဘအောင် မအိပ်သေး။ ဤမျှ ဇွဲကြီးသော အဘအောင်ပင် ဖြစ်သည်။
ကျွန်တော်တို့မှာတော့ ထိုညအဖို့ ထူးဆန်းသော အတွေ့အကြုံနှင့် မစားဖူးသော အရသာထူးသည့် အစားတစ်မျိုး စားခဲ့ရသည်ကို မေ့မရတော့ပါ။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဗိုလ်ကလေး)
Uncategorized