August 1, 2025
Uncategorized

မျိုးဖျက်တဲ့ပိုး

မောင်ခြိမ့်
မျိုးဖျက်တဲ့ပိုး

ဝါလကင်းလွတ် သီတင်းကျွတ်ခဲ့ပြီ။

မြန်မာပြည်အနှံ့ စိုးမိုးမင်းမူ ဘုရင်တစ်ဆူလုပ်နေခဲ့သော မုတ်သုံလေတို့ ဆုတ်ခွာသွားပြီ။

မိုးအလွန် ဆောင်းအကူးကာလပေမို့ ကောင်းကင်တစ်ခွင်တစ်ပြင်လုံး ကြည်စင်၍နေလေသည်။ တိမ်ခြေ၊ မင်းလွင်မြူခိုးဝင်စ ခါသမယမို့ အပြာနုရောင် မိုးသားပြင်သည် ကြယ်အပေါင်းတို့ ဝန်းရံခလျက် တင့်တယ်စွာ ထွန်းပနေသော လမင်းကြီးနှင့် ပနံတင့်လှလေ၏။

ဝိုင်းဝိုင်းစက်စက် လမင်းကြီးသည် ဖြူဝါဝါရောင်ခြည်များ သွန်းချလျက်ရှိသောကြောင့် ဖိုးနီတို့ ဇုက္ကနိရွာကလေးသည် လရောင်အောက်တွင် လှပသာယာလျက် ရှိတော့၏။

မိုးတွင်းကာလတစ်လျှောက်လုံး တအုန်းအုန်း တဗျင်းဗျင်း ညှဉ်းချင်တိုင်း ညှဉ်းခဲ့သော မုတ်သုံမိုးတို့ လက်လျှော့ထွက်ခွာ ဆုတ်ပြေးကြလေသည်။

အနေအထိုင်ကျဉ်းကျပ်၍ ခြေခင်းလက်ခင်း မသာဖြစ်ခဲ့ကြရာမှ ရွာလမ်းမတစ်လျှောက် သာယာခဲ့လေပြီ။

ရွှံ့နွံဗွက်အိုင်တို့ သောသောထူခဲ့သော အိမ်ရှေ့ အိမ်နောက်တို့တွင်လည်း ရေတို့ ခန်းခြောက်၍ လျှောက်လှမ်းနိုင်ကြပြီ ဖြစ်တော့၏။

မြူးထူးရွှင်ပျ ကစားချင်လှသော ကလေးငယ်တို့သည် အဝတ်အစား အသစ်ကလေးများ ဝတ်ဆင်ကာ လက်ထဲတွင် မီးပန်းကလေးများ၊ မီးပုံးငယ်ကလေးများကိုင်ကာ ရွာလမ်းမတစ်လျှောက် ခုန်ပေါက်ပြေးလွှား ဆော့ကစားနေကြသည်မှာ စီစီညံနေလေတော့၏။

ဖိုးနီသည် ရွာလမ်းမကြီးတစ်လျှောက် ပြေးလွှားဆော့ကစားနေကြသော ကလေးငယ်တို့ကိုကြည့်ရင်း သူပါ ရောယောင်ပြေးလွှားချင်စိတ်များပင် ပေါ်ပေါက်လာကာ စိတ်ရွှင်ပျလျက် ရှိ၏။

ရွာကလေး၏ အိမ်တိုင်းတွင် ဆီစိမ်စက္ကူဖြင့် ပြုလုပ်ထားသော ဝါနီပြာစိမ်း ရောင်စုံမီးပုံးကလေးများ ထွန်းညှိချိတ်ဆွဲထားကြသဖြင့် ရောင်စုံပြိုးပြက်ကာ လှပသာယာလျက် ရှိတော့၏။

“ဪ အိမ်ကလူနှယ် … ကလေးမဟုတ် သူငယ်မဟုတ် လမ်းမကြီးမှာထိုင်လို့၊ ပြေးလာတဲ့ကလေးတွေ ဝင်တိုက်မိမှ ဟုတ်ပေ့ဖြစ်နေဦးမယ်”

ရွာထိပ်ရှိ ကုန်စုံဆိုင်မှ ပြန်လာသော မကျင်ငွေက သူ့ယောက်ျားကို ပြောတော့မှ ဖိုးနီ လှည့်ကြည့်ဖြစ်တော့သည်။

မကျင်ငွေ၏ လက်ထဲတွင် ဆီပုလင်း၊ ငံပြာရည်ပုလင်း၊ ဆေးပေါ့လိပ်စည်း၊ ငရုတ်သီးခြောက်၊ ကြက်သွန် စသည့် ပစ္စည်းများကို မြင်တော့မှ “ဪ… သူ သည်ကနေ့ည ပိုက်ဆွဲဆင်းရတော့မှာပါလား” ဟု သတိဝင်မိတော့၏။

ယနေ့ ပိုက်ဆွဲဆင်းရမည်မှာ ခါတိုင်း ပုစွန်ပိုက်ဆွဲသွားသလို နေ့ချင်းပြန် မဟုတ်။ နှစ်လ သုံးလ ကြာအောင် သွားမည်ဖြစ်သော အဝေးခရီး ဖြစ်လေတော့၏။

သူတို့ဓလေ့အရ အဝေးထွက်သည်ဟု ခေါ် ကြ၏။ နေ့ချင်းပြန်ခရီး မဟုတ်ဘဲ အနည်းဆုံး တစ်ရေ ဆက်ရက်ခန့်သွား၍ ငါးရှာကြသည်ကို အဝေးထွက်သည်ဟု ခေါ်ကြခြင်းပင် ဖြစ်၏။

တစ်မိုးတွင်းလုံး ညဘက် ငါး ပုစွန် သွားရှာကြ၊ မိုးမလင်းမီ ပြန်လာကြ၊ ရသမျှ ရောင်းချစားလိုက်ကြနှင့် အဖတ်တင်သည် မရှိခဲ့ကြပါ။

ယခုနှစ် မိုးကာလတစ်လျှောက် ငါး ပုစွန် ရှာဖွေရ ခက်လှ၏။ သူသူ ကိုယ်ကိုယ် ခြေရာချင်းထပ်၊ ပိုက်ချက်ချင်းထပ်အောင် ရှာဖွေနေကြသဖြင့် မြစ်ကမ်း ချောင်းတိမ်တို့တွင် ငါးပုစွန်တို့ ရှားပါးစပြုလာလေပြီ။

တော်ပါသေး၏။ မကျင်ငွေ အမွေရခဲ့သည့် လမ်းသမိုင်ဘက်မှ လယ်ကလေး ငါးဧကခန့်ကို အစ်မဖြစ်သူကပင် ဦးစီးလုပ်ကိုင်ပေးပြီး ဝမ်းစာစပါးကလေး ရှိထားပေလို့သာ ဖိုးနီတို့ ဟန်မပျက်နေနိုင်ခဲ့ခြင်း ဖြစ်ပေ၏။

သူတို့လို ရေလုပ်သား တံငါများအတွက် ဆန်သာအရေးကြီးပါ၏။ ငါဆီ၊ ငါးခြောက်ဆိုတာ လက်ဖြစ်မဟုတ်လား။

မိုးအခါတွင် ရွာနောက်ဘက် လယ်ကွင်းတွေထဲ ဆင်းဆင်း၊ ရွာအရှေ့ရှိ ချောင်းထဲမှာပဲ ရှာရှာ၊ မိသားစု ဟင်းစားအတွက်ကတော့ မပူပင်ရပေ။

ငါးဖျင်းသလက်လေးများ၊ ငါးစင်စပ်ကလေးများနှင့် ငါးစင်ရိုင်းကလေးများကို အပုပ်ခံကာ ဆားကူး၍ ထမင်းနဲကျိုထိုးကာ ဆယ်ဝင်အိုး၊ အစိတ်ဝင်အိုးတို့တွင် သိပ်ထားသဖြင့် ကျိုလိုက်လျှင် မွှေးကြိုင်နေသော ငါးပိရေကျိုကလေးကလည်း အဆင်သင့်ပင်။

လယ်ကွင်းထဲတွင် ဖားပေါင်ပင်ကလေးများ၊ လယ်ပတူပင်များ၊ ကညွတ်ပင်များကလည်း အတို့အမြှုပ်အဖြစ် အသုံးတော်ခံနေသည်ဖြစ်၍ ဆန်သာရှိလျှင် အားလုံးပြည့်စုံတော့သည်သာ။

ယခုလို ဆောင်ဦးကာလမှစ၍ မိုးကျစအထိ အချိန်များသည် သူတို့ ငွေစရွှင်သော နေ့ရက်များလည်း ဖြစ်လေသည်။

သီတင်းကျွတ်လဆန်းမှ စ၍ သူတို့တစ်တွေ ငါးမြွေထိုး ဖမ်းထွက်ကြသည်မှာ တန်ခူးလဆန်းအထိပင် ဖြစ်တော့၏။

မိုးတွင်းကာလ ပုစွန်ပိုက်ဆွဲစဉ် ကာလများသည် အိမ်နားရှိ မြစ်များ၊ ချောင်းလက်တက်များတွင်သာ ရှာဖွေခဲ့ကြသည်မို့ နေ့ချင်းပြန်ခရီးများသာ ဖြစ်ပါ၏။ ယခု ငါးမြွေထိုးပိုက်ဆွဲဆင်းမည်မှာ ရပ်ဝေးခရီးဖြစ်သည်မို့ အိမ်ရှိ မိသားစုများ စားရေးသောက်ရေးအတွက် စီစဉ်ပေးခဲ့ကြရသည်မှာ ထုံးစံဖြစ်နေပါ၏။

အိမ်တွင် မကျင်ငွေနှင့် သားနှစ်ယောက်၊ သမီး တစ်ယောက် ကျန်ခဲ့မည်။ စားစရာ ဆန်အသင့်၊ ငါးပိအသင့် ဖြစ်၍ ဖိုးနီ စိတ်အေးရပါသည်။

ငါးမြွေထိုးပိုက်ဆွဲရာတွင် နေ့ချင်းပြန်သွား၍ မရဘူးလားဟု မေးစရာ ရှိပါ၏။

သပြေချောင်း၊ မှန်ကူ၊ ဘုရားစု၊ ကျုံလတာ စသော ဝါးခယ်မမြို့ကလေးနှင့် နီးစပ်ရာချောင်းများတွင် သွား၍ ပိုက်ဆွဲလျှင် ရပါ၏။

သို့သော် မိမိကဲ့သို့ ရှာဖွေစားသောက်နေကြသော ပိုက်သမားများ ပေါလှရာ ငါးရှာ၍ သိပ်မရချင်။
ရှာဖွေ၍ ရလာလျှင်လည်း စုဆောင်းမိသည် မရှိ။ သို့ဖြစ်၍ အိမ်နားတွင်သာ ရှာဖွေစားသောက်ရသည်မှာ ပင်ပန်းရကျိုးမနပ်ဟု ဆိုနိုင်ပါ၏။

သားကလေး ရှင်ပြုရန်၊ သမီးကလေး နားသရန်၊ အိုးအိမ်ပြုပြင်ဆောက်လုပ်ရန် ရည်ရွယ်သူများက အဝေးခရီးဖြစ်သည့် မြင်းကကုန်းမြို့နှင့် နီးစပ်ရာ သဲအိမ်၊ သံလိုက်၊ ခူလန်၊ သုမထိုက်၊ ခနောင် စသည့် ချောင်းများ၊ မော်ကျွန်းမြို့နှင့် နီးသည့် နွားရေကျော်၊ ပျားမွှတ်၊ မှန်ကူ၊ ကနစိုချောင်း၊ အလယ်စု စသည့် ချောင်းများတွင် သွားရောက်ရှာဖွေကြကာ ရလာသော ငါးမြွေထိုးများကို နီးစပ်ရာမြို့ရှိ ဒိုင်များတွင် ရောင်းချကာ တစ်လတန်သည်၊ နှစ်လတန်သည်ကြာမှ ငွေအတော်အတန် စုမိတော့မှ ပြန်လာလေ့ ရှိကြပါ​၏။

ပို၍ စွန့်စွန့်စားစား ဝေးဝေးလံလံ သွား၍ ရှာဖွေသူများကမူ ကျုံမငေး မြစ်မကြီးအတိုင်း အောက်ဖက်သို့ စုံဆင်းသွားလျှင် တွေ့ရမည်ဖြစ်သော ပြိတ္တာကြီး၊ ပြိတ္တာကလေး၊ ရွှေကုံး၊ ဘေးပေါက်၊ ကကရံ၊ မြို့ချောင်း၊ ဖိုးခွေးလေး၊ ဖိုးခွေးကြီး၊ ကွကွကြီး၊ ကွကွလေး စသော အောက်ဖက်ဒေသများအထိ သွားရောက်ပိုက်ဆွဲကြကာ အနည်းဆုံး နှစ်လ၊ သုံးလ၊ လေးလခန့် အထိ ကြာအောင်နေပြီးမှ ပြန်လာလေ့ရှိကြပါ၏။

ယခုလည်း ဖိုးနီတို့ ပိုက်သမားတစ်ခု အဝေးခရီးထွက်ကြပါတော့မည်။ မိမိ၏အရပ်ဒေသနှင့် ဝေးလံသော နေရာတွင် သွား၍ စီးပွားရှာရမည်ဖြစ်၍ မိမိပိုက်လှေတစ်စင်းတည်း မဖြစ်၊ အဖော်လိုပါ၏။

သို့ဖြစ်၍ အသောက်အစားမရှိသူ၊ လောင်းကစားကင်းသူ၊ ဆိုဆုံးမ၍လွယ်သူ၊ စိတ်တူသဘောတူဖြစ်သူ၊ အရေးဟဲ့ဆိုလျှင် ကျောချင်းကပ်၍ ကာကွယ်မည့် သူတွေသာ ရွေးရတော့သည်။ အဖော်စပ်ရတော့သည်။

ထိုအခါ တပေါင်းလတွင် ရှင်ပြုချင်သူ၊ နားသချင်သူ၊ အိမ်ဆောက်မည့်သူ၊ တစ်မိုးတွင်းစာ ဝမ်းစာစပါး လှောင်ထားချင်သူ စသည့် ရည်ရွယ်ချက်များ ရှိသူတို့နှင့် ဆွေးနွေးတိုင်ပင်ကြရပါတော့၏။

ဖိုးနီနှင့် ညီအစ်ကို ဝမ်းကွဲတော်စပ်သူ ကိုရွှေဖောင်က ပိုက်လှေတစ်စင်း၊ ကိုတင်အုံး၊ ကိုညိုနှင့် ကိုခွေးကြီးတို့က တစ်စင်းစီ၊ စုစုပေါင်း ဖိုးနီနှင့်ပါဆိုလျှင် ပိုက်လှေ ငါးစင်း သဘောညီကြပါပြီ။

လှေတစ်စင်းလျှင် လူနှစ်ယောက်ကျ ပါသည်မို့ ယောက်ျားသားချည်း ဆယ်ယောက်ဖြစ်သဖြင့် လုံလောက်ပေပြီ။ အားငယ်စရာ မရှိတော့။

ထိုအုပ်စုတွင် ဖိုးနီက ဦးဆောင်ဦးရွက် ဖြစ်လေ၏။ အတန်းပညာလည်း အားလုံးထက်သာသူ၊ စာဖတ်၍လည်း ဗဟုသုတစုံသူဖြစ်လေရာ ငါးပိဿာချိန် တွက်ချက်ရာ၌ဖြစ်စေ၊ ငါးဒိုင်နှင့် ဈေးနှုန်းတွက်ချက်ညှိနှိုင်းရာတွင်ဖြစ်စေ၊ အင်းသူကြီးများ၊ ရပ်ရွာလူကြီးများနှင့် စေ့စပ်ပြောဆိုရာမှာဖြစ်စေအားကိုးရသည် မဟုတ်လား။

ယခုပင် မကျင်ငွေတစ်ယောက် ခရီးဝေးသွားမည့် ယောက်ျားဖြစ်သူ ဖိုးနီအတွက် လိုအပ်မည်ဖြစ်သောချက်ပြုတ်စားသောက်စရာများ ကုန်စုံဆိုင်တွင် ဈေးဝယ်ပြီး ပြန်ခဲ့ခြင်း ဖြစ်ပါ၏။

ဖိုးနီသည် အိမ်ရှေ့ခန်းရှိ ဘုရားစင်တွင် မီးပူဇော်ကာ ဘုရားရှိခိုးပြီးနောက် –

“အခု သီတင်းကျွတ်မှာ အဖေနဲ့ အစ်မကို မကန်တော့ရသေးဘူး။ အဝေးကပြန်လာမှပဲ ကန်တော့မယ်လို့ မင်းသွားပြောထားနော်။ နေထိုင်မကောင်းဖြစ်ရင်လည်း ပြုစုလိုက်ပါကွာ။ ကလေးတွေကိုလည်း ဂရုစိုက် ဟေ့။ အစစအရာရာ ငါ စိတ်ချပါရစေကွာ”

ဟု မကျင်ငွေကို တတွတ်တွတ် မှာလေ၏။

“အထူးအဆန်းလုပ်လို့ ကိုဖိုးနီရယ်။ စိတ်အေးအေးထားပြီးသာ သွားစမ်းပါ။ ကျုပ်တို့က ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ရပ်ရွာမှာ နေခဲ့ရတာပါ။ အဖေနဲ့ အစ်မတို့လည်း စိတ်ချသွားပါ။ ကျုပ်က မိစုံဖစုံ မရှိတော့ ကျုပ်ရဲ့ မိရင်းဖရင်းလို သဘောထားပြုစုမှာပါ။ တော့်ကိုသာ ကျုပ်က ပူရတာ”

“အံမာ… ဘာအတွက် မင်းက ပူတာတုန်း။ ပေါင်းလာတာဖြင့် အိမ်ထောင်သက် နှစ်ဆယ်ပြည့်တော့မယ်။ မယုံသေးဘူးလား”

“တော့်ကို မယုံလို့ မဟုတ်ပါဘူးတော်၊ သူများရပ်သူများရွာမှာ ငွေနဲ့ ကြေးနဲ့ဆိုတော့ ရန်သူမျိုးငါးပါးကို စိတ်မချဘူးတော့။ ပြီးတော့ ကိုခွေးကြီးရဲ့တစ်ပုံသမား အောင်ရှိန်းကို ကျုပ် မကြိုက်ဘူးတော်။ လူကသာ ဆင်းရဲတာ။ အရက်ကလေးက တမြမြ၊ လောင်းကစားကလည်း ပါလိုက်ချင်သေးတာ။ တော်က စိတ်က တိုပါဘိနဲ့။ တော်ကြာ ပြဿနာဖြစ်မှာ စိုးလို့ပါ”

“မပူပါနဲ့ကွာ။ ငခွေးကြီးက လူအလူရိုးကြီးပါ။ သူ့လူကို သူ နိုင်အောင်ထိန်းမှာပေါ့။ အေး… ခြောက်ပစ်ကင်းသဲလဲစင် လူစုရမှ သွားရမယ်ဆိုရင်တော့ မလွယ်ဘူးဟေ့။ စောစောကတည်းက စည်းဝေးပြီး မှာထားခဲ့တာပဲ။ ပြောစကား နားမထောင်ဘဲ ကိုယ်ထင်ရာ ကိုယ်စိုင်းရင်တော့ မောင်းထုတ်မှာဗျ”

“ကျုပ်က သတိထားရအောင် ပြောတာပါတော့။ ဘာပဲဖြစ်ဖြစ်ကိုယ့် ရွာသားချင်းတွေ သင့်သင့်မြတ်မြတ်နဲ့ စီးပွားဖြစ်လာရင်တော့ အကောင်းဆုံးပေါ့တော်”

မကျင်ငွေက စကားလည်းပြောရင်း လိုအပ်မည့်ပစ္စည်းများ ကျန်မနေရအောင် ထည့်သိုနေတော့၏။

ထိုစဉ်မှာပင် –

“ကျုပ်တို့လာပြီ အစ်မရေ၊ ဘာတွေ ကူညီလုပ်ပေးရဦးမလဲ”

ပြောရင်းနှင့် စိန်ကုလားတို့လင်မယား အိမ်ပေါ်တက်လာကြလေရာ-

“ပိုက်နဲ့ မှိန်းတွေ လှေထဲ အရင်ချတော့ဟေ့။ လှော်တက်နဲ့ ခမောက်တွေက အိမ်ရှေ့ပိန္နဲပင်အောက်မှာ”

မကျင်ငွေက ပြောရင်း ဖိုးနီ ခရီးသွားရင်း ဝတ်ဆင်ရန် ရှပ်အင်္ကျီ လက်ရှည်အဟောင်းတစ်ထည်ကိုယူ၍ပေးသည်။

“ဟေ့… ဖိုးနီ မပြီးသေးဘူးလားဟ။ ငါတို့ လူစုံတက်စုံ အဆင်သင့် ဖြစ်နေပြီ။ ဘာလဲ … မိန်းမနားက မခွာနိုင်ဖြစ်နေတာလား”
အိမ်ရှေ့ချောင်းစပ်မှ ကိုရွှေဖောင်တို့ ပိုက်လှေလေးစင်းက လှမ်း၍အော်ရင်း ဖိုးနီတို့အိမ် ရေဆင်းတံတားသို့ ဝင်၍ကပ်ကြသည်။

“ပြီးပြီဟေ့… လာပြီ… လာပြီ”

ပြောရင်း သံဖာပုံးတစ်လုံးကိုပိုက်၍ ဖိုးနီ ဆင်းလာသည်။ သူ့နောက်မှ မကျင်ငွေနှင့် စိန်ကုလားမိန်းမဖြစ်သူ ခင်တုတ်တို့က ထမင်းအိုး၊ ဟင်းအိုး၊ မီးဖိုချောင်သုံးပစ္စည်းများ ထည့်ထားသော တောင်းကိုယူ၍ လိုက်လာရင်း-

“အသံပြဲကြီးနဲ့ အော်မနေလေနဲ့ ကိုရွှေဖောင်ရဲ့။ တော်တို့လို မှတ်လို့လား”

မကျင်ငွေက ရန်ထောင်လေ၏။

“မသိပါဘူးဟာ၊ ခရီးသွားခါနီး အလွမ်းသယ်နေကြသလားလို့ပါ”

ဟု ကိုရွှေဖောင်က ပြောအပြီး-

“ဖိုးနီက မိန်းမရှိခိုး သွားမကျိုး လုပ်နေသလားလို့ပါဟာ။ သည်နေ့က သီတင်းကျွတ်လပြည့်နေ့ည မဟုတ်လား”

ကိုတင်အုံးက ဝင်ပြောလေရာ အားလုံးက ဝိုင်း၍ ရယ်လိုက်ကြ၏။

“သေနာကြီး၊ မဟုတ်တာတွေ တော်တော်ပြော”

ဟု ဆိုရင်း ဆောင့်အောင့်၍ အိမ်ပေါ်ပြန်တက်သွားတော့၏။

ဖိုးနီတို့ ပိုက်လှေငါးစင်း ဇုက္ကနိချောင်းကလေးထဲက ထွက်လာတော့ ကောင်းကင်တွင် လမင်းကြီးက ထိန်ထိန်သာလျက် ရှိ၏။

လမင်းဆိုသည်မှာ ကောင်းကင်မှာသာ သာနေမြဲဖြစ်ပေမယ့် တငြိမ့်ငြိမ့်ကလေး စီးဆင်းနေသော သရွတ်သွတ်မြစ်ရေပြင်တွင်လည်း လမင်းတစ်စင်းက သာလျက် ရှိတော့၏။ ကောင်းကင်တွင် ထိန်ထိန်သာနေသည့်ကြားက ပျင်းရှာ၍ထင့်၊ တဖျတ်ဖျတ်ခုန်ပေါက်လျက် လှိုင်းကြပ်စွပ်ကလေးများရှိရာ မြစ်ရေပြင်တွင် ရေဆင်းကူးလျက် ရှိနေသည်။

လှိုင်းကလေးများ ရိုက်ပုတ်လိုက်သဖြင့် ဝိုင်းဝိုင်းစက်စက် လမင်းကြီးသည် တွန့်တွန့်လိမ်လိမ် ဖြစ်သွားလိုက်၊ ပြန်၍ ဝိုင်းစက်လာလိုက်နှင့် ဖိုးနီတို့ လှေကလေးရှေ့က ပြေး၍ပြေး၍ လမ်းပြနေလေတော့သည်။

ဖိုးနီတို့ ဇုက္ကနိရွာကလေးမှ ထွန်းညှိထားသော ရောင်စုံမီးပုံးကလေးတို့က ခပ်ဝေးဝေးမှာ ပျပျကလေးသာ မြင်ရတော့၏။ ရေကလည်း အစုန်၊ လေအဟုန်ကလေးကလည်း ကျောဘက်မှ တသုန်သုန်တိုက်ခတ်ပေးနေလေရာ ဖိုးနီတို့ လက်လှော်တံငါလှေကလေး ငါးစင်းသည် သရွတ်သွတ်မြစ်မကြီးမှတစ်ဆင့် ကျုံမငေးမြစ်မကြီးအတွင်းသို့ လရောင်အောက်၌ တရိပ်ရိပ် ပြေး၍ နေတော့သည်။

သူတို့လှေကလေးများ၏ နောက်တွင် လှိုင်းဂယက် ကလေးများ ဖွေး၍ဖွေး၍ ကျန်ရစ်တော့သည်။

မော်ကျွန်းမြို့အနားရှိ အင်းချောင်းတစ်ခုကို တစ်ဆောင်းနှင့် တစ်နွေစာ ပိုက်ဆွဲခွင့် သူတို့ စကားပြောပြီးကြပြီ။ သဘောတူပြီးကြပြီ။ အင်းသူကြီး နှင့် ပြောဆိုပြီး၍ နောက်တစ်နေ့မှာပင် သူတို့ လုပ်ငန်းစကြလေသည်။

ရေသေရက် ဖြစ်သဖြင့် ချောင်းရေသည် ကွမ်းသီးလိမ့်ကလေးသာ စီးဆင်းနေရကား ငါးမြွေထိုးပိုက်ဆွဲသူတို့အကြိုက်ပင် ဖြစ်တော့၏။

ရေထရက် ရေစီးကြမ်းလျှင် ငါးမြွေထိုးပိုက်ဆွဲ၍ မရတော့။ သို့ဖြစ်၍ ရေသေရက်များမှာ ကြိုးစားရှာကြရပြီး ရေထရက်များတွင် ခဏနားကြရပါသည်။

မနှစ်က ငါးမြွေထိုးပိုက်သမားများ လာရောက်ဖမ်းဆီးခြင်း မရှိခဲ့၍ ယခုနှစ် ဖိုးနီတို့ ငါးအရများလှတော့၏။

ကိုခွေးကြီးကမူ-

“ငါ့ကို အဖော်လာစပ်တဲ့ ဖိုးနီကို ကျေးဇူးတင်တယ်ဟေ့။ တပေါင်းလ ကျရင်တော့ သားကိုလည်း ရှင်ပြုရမယ်၊ သမီးကလေးကိုလည်း နားကပ်ကလေး လုပ်ပေးနိုင်တော့မယ်”

ဟု ခဏခဏ ပြောနေတော့၏။

ကိုညိုတို့၊ ကိုတင်အုံးတို့ကမူ –

“မိုးမကျမီ အိမ်ကလေး ပြန်ပြင်ရ၊ မိုးရ ကာရမယ့် စရိတ်နဲ့ တစ်မိုးစာ စပါးကလေး ဝယ်ထားနိုင်ရင် တော်ပါပြီကွာ”

ဟု ပြောကာ ကျေနပ်နေကြတော့၏။

ယခုနှစ် ငါးဈေးက ကောင်းလှ၏။ မြို့မှ ပဲ့ထောင်စက်လှေကလေးက နေ့စဉ်လာရောက်၍ ငါးသိမ်းလေ့ရှိ၏။ တစ်ရေထက် တစ်ရေ ငါးအထိများ လာသောအခါ ဖိုးနီတို့ ပိုက်ဆွဲရာ အင်းချောင်းအဝကမ်းပါးတွင် တဲကြီးတစ်လုံးထိုးကာ ဒိုင်ဖွင့်၍ ကိုယ်စားလှယ်တစ်ယောက်ထားကာ အမြဲတမ်း နေထိုင်ဝယ်လေတော့၏။

ထိုငါးဒိုင်တဲကြီးတွင် ဖိုးနီတို့သာမက အခြားနီးစပ်ရာ အင်းချောင်းများမှ ငါးဖမ်းသူများကလည်း လာရောက်ရောင်းချကြသဖြင့် လူသူစည်ကားလျက် ရှိလေတော့၏။

ဖိုးနီတို့ လှေငါးစင်း၊ လူဆယ်ယောက်သည် ထိုတဲကြီးမှာပင် ညအိပ် ချက်ပြုတ်စားသောက်ကာ နေ့စဉ် မြို့မှ ငါးလာသယ်သော ပဲ့ထောင်ဖြင့် လိုအပ်သော ဆန်၊ ဆီ၊ ဆားမှစ၍ ဆေးလိပ်အဆုံး ဝယ်ယူသုံးစွဲနေရသဖြင့် အဆင်ပြေလှတော့၏။

ထိုတဲကြီးတွင် မြို့က ငါးဒိုင်သူဌေး၏ ကိုယ်စားလှယ်လင်မယားနှစ်ယောက်က အမြဲနေထိုင်ကာ ဖိုးနီတို့ ရှာဖွေရလာသော ငါးများ ချိန်တွယ်ခြင်း၊ စာရင်းမှတ်ခြင်း၊ ကြိုတင်ငွေယူလိုပါက ထုတ်ပေးခြင်း၊ မြို့မှလာသော ပဲ့ထောင်နှင့် ငါးပုစွန်များ တင်ပို့ပေးခြင်းတို့ကို နေ့စဉ်လုပ်ကိုင်နေရတော့၏။

ထိုငါးအဝယ်ဒိုင်သို့ ရောင်းချသူများမှာ ဖိုးနီတို့ အုပ်စုတစ်ခုတည်း မဟုတ်။ အခြားနီးစပ်ရာအင်းချောင်းများတွင် ရှာဖွေဖမ်းဆီးနေသူများလည်း လာရောက်ရောင်းချနေကြသဖြင့် နေ့စဉ် လူပြတ်သည်ဟူ၍ မရှိ။

အင်းသူကြီးများ၊ အင်းသားများ၊ ကွန်သမားများ၊ ပိုက်သမားများ၊ ချုံသမားများ လူပေါင်းစုံလင်လှတော့၏။

ထိုနေ့က ရေထရက်ဖြစ်လေရာ ဖိုးနီတို့ ပိုက်ဆွဲနားသောနေ့ ဖြစ်၏။ ဖိုးနီတစ်ယောက် စာရင်းစာအုပ်ကိုင်ကာ ငါးဒိုင်ကိုယ်စားလှယ်နှင့် နေ့စဉ်ပေးသွင်းနေခဲ့သော ငါးပိဿာချိန်စာရင်း၊ ကြိုတင်၍ စားစရိတ်ထုတ်ယူထားသော စာရင်းများကို တိုက်ဆိုင်စစ်ဆေး လျက်ရှိပါ၏။
နေ့စဉ်ရရှိသော ငါးပိဿာချိန်အတိုင်း နေ့စဉ်ငွေရှင်းယူခြင်းကို ဖိုးနီက သဘောမကျ။ နေ့စဉ် ပိုက်လှေတစ်စင်းစီအား ခွဲဝေပေးလျှင် ၎င်းတို့ ထိန်းသိမ်းရခက်ခဲသည့်ကိစ္စ၊ လူစုံတတ်သည့်နေရာမျိုးတွင် ဖြစ်တတ်လေ့ရှိသည့် အရက်၊ လောင်းကစား၊ အပျော်အပါးကိစ္စများတွင် မိမိ၏ ဗိုက်သမားများ စိတ်ပါသွားမှာ သူ စိုးရိမ်မိသည်။

သို့ဖြစ်၍ သူတို့အဖွဲ့ထဲတွင် ဒုတိယခေါင်းဆောင်ဖြစ်သော ကိုရွှေဖောင်နှင့် တိုင်ပင်ကာ ပိုက်လှေတစ်စင်းစီအား တစ်ပတ်စာ သို့မဟုတ် ဆယ်ရက်စာသာ ခန့်မှန်းထုတ်ပေးသွားရန် စီစဉ်ထားပါ၏။ ကျန်ငွေများကို ငါးဒိုင်တွင်သာ စာရင်းနှင့်ထားကာ သူတို့အဖွဲ့ လုပ်ငန်းသိမ်း ပြန်တော့မှ စု၍ ရှင်းပေးမည်ဖြစ်သည်။

ဤသို့ ထိန်းချုပ်ထားခြင်းဖြင့် မိမိတို့လူစုကို
ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး အိမ်အပြန်တွင် ငွေပြကြေးပြမျက်နှာပန်းလှစေရန် ဖိုးနီ၏ စေတနာပင် ဖြစ်ပါ၏။

ငါးဒိုင်၏ ကိုယ်စားလှယ်က “ကိုဖိုးနီ” ဟု ခေါ်လိုက်ရင်း ဘေးနားရှိ ကိုရွှေဖောင်ကိုတစ်ချက်ကြည့်လိုက်၏။

“ပြောစရာရှိရင် ပြောပါဗျာ။ ဒါက ကျွန်တော့်အစ်ကို ဝမ်းကွဲလည်းဖြစ်၊ ကျွန်တော်တို့အဖွဲ့ထဲမှာ အသက်လည်းအကြီးဆုံးဖြစ်တော့ တစ်ဖွဲ့လုံးကို ကျွန်တော်နဲ့အတူ ထိန်းသိမ်းနေတဲ့သူပါ”

ဖိုးနီ၏စကားကို ကြားရတော့မှ –

“အေးဗျာ … တစ်နေ့မဟုတ် တစ်နေ့ ပြဿနာဖြစ်နိုင်တဲ့ကိစ္စဆိုတော့ ကျွန်တော့်အပေါ် တာဝန်ကျမှာစိုးတာနဲ့ အခုလို အချိန်မီ သတိပေးချင်လို့ပါ”

ဟု စကားခံကာ ကိစ္စတစ်ခု ပြောလေ၏။

ဖိုးနီနှင့် ကိုရွှေဖောင်တို့ နှစ်ယောက်သား နားထောင်ရင်း ဒေါသတွေ ထွက်မိရတော့၏။

“တောက် … ဒီလူ့ကို ကျုပ်တို့အဖွဲ့ထဲက ခွဲထုတ်ပစ်လိုက်ရင် ကောင်းမယ်ဗျာ။ အားလုံးကို သေသေချာချာ မှာထားရက်နဲ့”

“ဒီလို စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့ကွာ။ တစ်ရပ်တစ်ကျေးမှာ တို့တစ်တွေ ပိုပြီးစည်းလုံးမှ ဖြစ်မယ်။ အကောင်းဆုံး တစ်ခုခုကို တို့ သုံးယောက် တိုင်ပင်ပြီး စီစဉ်ကြတာပေါ့”

ကိုရွှေဖောင်က ဖျောင်းဖျလေ၏။

ဘာလိုလိုနှင့် ဖိုးနီတို့ ပိုက်သမားအုပ်စု ရွာက ထွက်လာသည်မှာ လေးလကျော် ငါးလခန့် ရှိလေပြီ။ သီတင်းကျွတ်လကတည်းက ထွက်လာခဲ့ကြသည်ဖြစ်၍ ယခု တပေါင်းလဆန်းပြီ။

အိမ်ကို လွမ်းသူတို့ လွမ်းကြပြီ။ တပေါင်းလတွင် ကျင်းပမြဲဖြစ်သော သော်ကဘုရားပွဲတွင် ဇနီးသားသမီးများ လက်ကိုတွဲ၍ ပျော်ကြမော်ကြ ရပါဦးမည်။

ရှာဖွေ၍ ရလာသော ငွေပိုငွေလျှံကလေးများဖြင့် မြို့ကလေးကိုတက်၍ ရွှေတိုရွှေစကလေးများ ဝယ်ကြရပါဦးမည်။

သူတို့ဒေသသားများသည် ဘယ်လောက်ဝေးသည့် နေရာတွင် ရောက်နေကြပါစေ သော်ကဘုရားပွဲကြီးကိုတော့ မရောက် ရောက်အောင် ပြန်လာ၍ နွှဲပျော်လေ့ ရှိကြပါ၏။

ဖိုးနီသည် အိပ်၍ မပျော်နိုင်သေး။ သူ့အတွေးတို့သည် ပိုက်ဆွဲဆင်း ထွက်လာကာစက အချိန်များဆီ ပြန်၍ ရောက်၏။

ရည်ရွယ်ချက်ကိုယ်စီဖြင့် ခရီးဝေး ငွေရှာထွက်လာကြသူများပေမို့ လကလေးက ဖွေးဖွေး၊ လေကလေးက အေးအေးနှင့် သက်သက်သာသာ လှေလှော်လာရင်း စကားဖောင်ဖွဲ့မိကြ၏။ တစ်ယောက်စီ တစ်ယောက်စီက ရည်ရွယ်ချက်များ ထုတ်ဖော်ပြောကြ၊ ရယ်စရာရှိရယ်လိုက်ကြ၊ စ,စရာရှိ စလိုက်ကြနှင့် လှေလှော်ရသည်မှာ ပင်ပန်းသည် မထင်တော့။

ထိုအထဲတွင် ကိုခွေးကြီးနှင့် သူ၏ တစ်ပုံသမားဖြစ်သူ အောင်ရှိန်းတို့က ပို၍ ကဲကြ၏။

ကိုခွေးကြီးက သူ့သားနှစ်ယောက်ကို သည်နွေတွင် ရှင်ပြုမည်။ ထိုရှင်ပြုပွဲတွင် အောင်ရှိန်းက သူ့သားတစ်ယောက်ကိုထည့်၍ ရှင်ပြုမည်ဖြစ်ကြောင်းမကြာမကြာ ပြောလေ့ရှိ၏။

“ဖိုးနီရေ … သည်နှစ်နွေမှာ ငါ့သားနှစ်ယောက်ကို ရှင်ပြုပေးချင်တယ်ကွာ။ ဒါကြောင့် စုစုဆောင်းဆောင်းကလေးရှိအောင် မင်းနဲ့ လိုက်ခဲ့တာပဲ။ နို့မို့ရင် နှစ်တိုင်းလိုပဲ အိမ်နားတင် ငါးမြွေထိုးဆွဲမလို့။ ငါက အိမ်ကို လွမ်းတတ်တယ်ကွ။ ပြီးတော့ အခုလို ရက်ရှည်လများ တစ်ခါမှ မခွဲဘူးတော့ အိမ်က မိညိုကိုလည်း စိတ်မချဘူးကွ”

ကိုခွေးကြီး၏ စကားအဆုံးတွင် ကိုညိုက –

“နေစမ်းပါဦး ငခွေးရ။ မင်းမိန်းမကို စိတ်မချရအောင် မညိုက မြို့တက်ပြီး ရုပ်ရှင်တွေကြည့်၊ ဟိုလုပ်ဒီလုပ် လုပ်မှာမို့လား”

ဟု လှမ်း၍စသည်။

“ဟုတ်ပါ့ဗျာ … မညိုကို စိတ်မချနဲ့နော်၊ တော်တော်ကြာ”

စိန်ကုလားက ဝင်၍ ကလိလေရာ ပိုက်လှေငါးစင်းရှိ လူအားလုံးက သဘောကျစွာ ရယ်ကြလေ၏။

ထိုအခါကိုခွေးကြီးက ရှက်သွားကာ –

“ငါက အဲဒါမျိုးပြောတာ စိတ်မချတာ မဟုတ်ရပါဘူးကွာ။ မင်းတို့ကလည်း”

ဟု ဆိုရှာသည်။

သူတို့အားလုံး ဝိုင်းရယ်ကြသည်မှာ မဆန်း။

အဘယ့်ကြောင့်ဆိုသော် မညိုသည် နောက်ဆုံးကလေးမွေးပြီးသည်ကစ၍ မီးယပ်လိုလို၊ သွေးဆုံးလိုလိုနှင့် မကျန်းမာလိုက်သည်မှာ အရိုးပေါ်အရေတင်သာ ရှိပြီး ချိနေလေရာ အိမ်ရှေ့နှင့် နောက်ဖေးကိုပင် လူကူမပါဘဲ သွားနိုင်သူ မဟုတ်၍ပင်။

ရွာက အရပ်ဝမ်းဆွဲ ဒေါ်အေးညွန့်ကတော့ မီးယပ်ကျိုးကျိုးတာဟု ပြောဖူးသည်။

“မင်းတို့ကလည်းကွာ၊ ငါ့စကားလည်း ဆုံးအောင်နားမထောင်ဘူး။ မညိုက ကျန်းမာရေးမကောင်းတော့ အိမ်မှာ ကလေးတွေနဲ့ နေရေးထိုင်ရေး အဆင်မပြေမှာကို ပူတာကွ”

“နောက်ကြောင်းကို စိတ်အေးအေးထားပြီးတော့သာ ငါးရအောင် ရှာဖို့ စဉ်းစားစမ်းပါ ငခွေးရာ။ မင်းတို့ ငါတို့က တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက်တွေပါကွ။ မင်းမိန်းမ တစ်ခုခုဖြစ်တော့ ငါတို့မိန်းမတွေက ကြည့်နေပါ့မလားကွ။ အလကား … ပူစရာမရှိ ပူနေပြန်ပါပြီ”
အားလုံးက တစ်ယောက်တစ်ပေါက် ပြောကြ အားပေးကြလေ၏။

ကိုခွေးကြီးသည် လူရိုးလူအေးကြီး ဖြစ်၏။ သူ့သားမယားကို သံယောဇဉ်ကြီးသူလည်း ဖြစ်၏။ ပညာမတတ်၊ စာမဖတ်သူ ဖြစ်သဖြင့် သူများတကာစကားကို မချင့်မချိန် ယုံတတ်၏။

သူနှင့်အတူ ပါသော တစ်ပုံသမား အောင်ရှိန်းကမူ လူရည်လည်သူ ပါးနပ်သူဖြစ်၏။ ကိုခွေးကြီး သားများ ရှင်ပြုတွင် သူ့သားကိုထည့်ကာ ကပ်ပါးရှင်ပြုရန် ကြံနေသူဖြစ်၏။

ယခုတော့ ဖိုးနီ ဝမ်းသာရပြီ။ ရှာဖွေသည်မှာလည်း အဆင်ပြေ၊ ငါးစျေးကလည်း ကောင်းသဖြင့် သူတို့ရည်ရွယ်ချက်များ အကောင်အထည် ဖော်နိုင်ပါတော့မည်။

အားလုံးသည် အသက်အရွယ် မတိမ်းမယိမ်းများဖြစ်ကြသော်လည်း ဖိုးနီက ဦးဆောင်ဦးရွက်ပြုသူမို့ ပူစရာရှိလျှင် သူ့အတွက်သာမက အားလုံးအတွက်ပါ ပူပင်ရ၏။

ထို့ကြောင့်လည်း တော်တော်နှင့် အိပ်မပျော်နိုင်ဘဲ အတွေးထဲတွင် နစ်မျောနေကာ ညဉ့်နက်မှပင် အိပ်ပျော်တော့၏။

“အစ်ကိုဖိုးနီ … ဦးခွေးကြီးကို ကြည့်ရတာ တစ်မျိုးပဲဗျ။ တမှိုင်မှိုင် တတွေတွေနဲ့”

ဟု သူ၏ တစ်ပုံသမား စိန်ကုလားက ပြောလျှင် –

“သူ့အိမ်လွမ်းလို့ နေပါလိမ့်မယ်ကွာ”

ဟု ဖိုးနီ ဖြေသိမ့်ရ၏။

သူတို့ ပိုက်လှေအဖွဲ့ ပြန်ရန် ရက်သတ်မှတ်ပြီးပြီ။ မနေ့ကလာသော ပဲ့ထောင်နှင့် မြို့က ငါးဒိုင်သူဌေးကို ငွေလာရှင်းရန် အကြောင်းကြားလိုက်ပြီး တပေါင်းလပင် ဆန်းပြီဖြစ်၍ သူတို့လုပ်ငန်း သိမ်းကြပါတော့မည်။

ရွာကိုပြန်၍ သော်ကဘုရားပွဲကို နွှဲပျော်ကြပါတော့မည်။ ရှင်ပြုနားသ အလှူများ ကျင်းပရပါဦးမည်။

လူအားလုံးသည် တက်ကြွပျော်ရွှင်လျက်ရှိ၏။

သို့ဖြစ်၍ ငါးမြွေထိုး အကောင်ကြီးကြီးများကို ကျောဘက်မှခွဲကာ လှန်းနေကြပြီ။ အကောင်လိုက်၊ အချောင်းလိုက်လှန်းသူက လှန်းနေပြီ။

စိန်ကုလားကမူ တစ်နွေလုံး ငါးမြွေထိုးဆွဲရင်း ပါလာတတ်သော ပုစွန်ကလေးများကို အခြောက်လှမ်း၍ ဂုန်နီအိတ်ထဲ ထည့်ထုကာရိုက်ကာ အခွံချွတ်နေပြီ။

ကိုရွှေဖောင်ကမူ ငါးနုသန်းကလေးများ၊ ငါးဖောင်ရိုးကလေးများ အခြောက်လှမ်းထားသည်များကို အိတ်တစ်လုံးထဲ စု၍ ထည့်နေပြီ။ သူ့အိမ်အတွက် မိုးတွင်းစာ ဖြစ်တော့၏။

ထိုနေ့ညက အင်းချောင်းအဖျားရှိ ကုက္ကိုတောမှ ကိုညိုနှင့် ကိုတင်အုံးတို့ သွားပစ်၍ရလာသည့် ခြောက်တောင်ဗျိုင်းနှစ်ကောင်၊ လင်းဝက်နှစ်ကောင်၊ ငဟစ်တစ်ကောင်တို့အား အမွှေးနုတ်၊ မီးမြှိုက်ကာ ငရုတ်သီးစပ်စပ်ချက်ထားသောဟင်းနှင့် သူတို့အားလုံး ထမင်းမြိန်ကြလေတော့၏။

ဖိုးနီတို့တစ်ဖွဲ့လုံး ပြန်ရန်ပြင်ဆင်ကြပြီ။ အသိမိတ်ဆွေများကိုလည်း နှုတ်ဆက်ပြီးကြပြီ။ ယနေ့ညနေ နေဝင်စ ရေတက်နှင့် သူတို့ ပိုက်လှေကလေးများ အိမ်ပြန်ခရီး စပါတော့မည်။

မိမိတို့ရပ်ရွာမှာ အလှူအတန်းလုပ်ရင်း ဘုရားပွဲမှာနွှဲပျော်ကြရင်း ခဏနားကြရပါတော့မည်။

တန်ခူးလဆန်းလောက်တွင် ပိုက်ဆွဲဆင်းခြင်းလုပ်ငန်း ပြန်စကြမည်ဖြစ်သော်လည်း ယခုကဲ့သို့ ဝေးလံသော နေရာများသို့ကား လာကြတော့မည်မဟုတ်။ ယခုကဲ့သို့ လပေါင်းများစွာ အိမ်ကိုခွဲခွာကြ၍ စုမိဆောင်းမိအောင် ရှာခဲ့ဖွေခဲ့ပြီးကြပြီး ဖြစ်သဖြင့် ပေါ့ပေါ့ပါးပါး နေ့ချင်းပြန်ခရီးတွင်သာ ရှာဖွေလုပ်ကိုင်ကြပါတော့မည်။

ငါးမြွေထိုးဖမ်း ပိုက်များကိုလည်း တန်ခူးနှင့် ကဆုန်လတို့လောက်သာ သုံးကြရပါမည်။ မိုးကျလျှင် ပုစွန်ဖမ်းပိုက်များ ပြင်ဆင်ကြရပါတော့မည်။

မြစ်ဝကျွန်းပေါ်ဒေသသည် မိုးဦးအကျ စောလေ့ရှိပါ၏။ သို့ဖြစ်၍ ဓနိမိုးအိမ်များသာ ဖြစ်ကြသော သူတို့နေအိမ်များကို ပြင်ရဆင်ရ မိုးရကာရနှင့် အလုပ်ရှုပ်ကြရပါတော့မည်။

တစ်ဆောင်းလုံး တစ်နွေလုံး အသုံးပြုခဲ့ကြသော ငါးမြွေထိုးဖမ်းသည့်ပိုက်များကို “တယ်ရေ” ဝဝကြီးဆိုးကာ နေခြောက်အောင်လှန်းပြီး၊ သေချာစွာ သိမ်းဆည်းကြရပေဦးမည်။

မြို့ကိုတက်၊ ချည်ခင်များ၊ အပ်ချည်လုံးများ ရှာဖွေဝယ်ယူကာ မိုးတွင်း ပုစွန်ဖမ်းပိုက်အတွက် အသစ်ထိုးခြင်း၊ ဖာထေးပြင်ဆင်ခြင်း လုပ်ကြရပေဦးမည်။ မိမိကိုယ်တိုင် ပိုက်မထိုးနိုင်ပါက လူငှားရပေဦးမည်။

ပိုက်ကွက်ထိုးရန်အတွက် “အုပ်စီ”များ၊ တစ်မတ်ကွက်၊ သုံးမတ်ကွက်၊ ငါးမူးကွက် “ဂျပ်”များ ပြုလုပ်ပေးကြရန်နှင့် အလုပ်ရှုပ်ကြပါလိမ့်မည်။

“ကဲ ကဲ… အားလုံးဒီမှာ လာစုကြဟေ့။ ကျသင့်ငွေတွေ ရှင်းကြရအောင်”

ပိုက်သူကြီး ကိုရွှေဖောင်က ငွေရှင်းရန် လူစုနေပြီ။

ပိုက်လှေငါးစင်းမှ ပိုက်သူကြီးများ တစ်ပုံသမားများပြုံးရွှင်သောမျက်နှာများနှင့် စုဝေးလာနေကြသည်။

သို့သော် ကိုခွေးကြီးနှင့် အောင်ရှိန်းတို့နှစ်ယောက် မပါချေ။

ဖိုးနီသည် မြို့ကလာသော ငါးဒိုင်သူဌေးနှင့်အတူ ထိုင်ကာငွေရှင်း၊ စာရင်းရှင်းနေရာမှ

“လူစုံပြီလားဟေ့”

ဟု လှမ်း၍မေးသည်။

“ကိုခွေးကြီးနဲ့ အောင်ရှိန်းတို့နှစ်ယောက်ကလွဲလို့ အားလုံးစုံပါပြီ”

ဟု စိန်ကုလားက ဖြေ၏။

“ဒါဆိုရင် အားလုံးလိုက်ရှာပြီး ခေါ်ခဲ့ကြပါ။ အားလုံးစုံမှ ငွေရှင်းမယ်။ အားလုံးရှေ့မှာ စုံစုံညီညီ ကျေကျေနပ်နပ်ပဲ ရှင်းချင်တယ်။

ခုရှုပ်မှ နောင်ရှင်း။ တော်ကြာ သူတစ်ပေါက်၊ ငါတစ်ပေါက် ဖြစ်လာရင် ကျုပ်က သည်းခံမှာ မဟုတ်ဘူးနော်”

ဖိုးနီ၏စိတ်ကို သိ၍ ဘာမှ ပြန်မပြောကြတော့ဘဲ လူငယ်သုံးလေးယောက် ခပ်သုတ်သုတ် ထွက်သွားကြ၏။ ကျန်လူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကျန်ရစ်ခဲ့ကြ၏။
မကြာပါ။ သွားရှာသူများနှင့် အောင်ရှိန်းနှင့် ကိုခွေးကြီးတို့နှစ်ယောက် ကုတ်ချောင်းချောင်းနှင့် ပါလာကြပြီ။ နှစ်ယောက်စလုံး မျက်နှာပျက်လျက် ရှိ၏။ ဝင်ထိုင်ရင်း ခေါင်းငုံ့ကာနေကြ၏။

“ကဲ… လူစုံရင် စာရင်းရော၊ ငွေရော ရှင်းပေးမယ်။ ငွေလည်း တစ်ခါတည်း ခွဲပေးမယ်။ အစကတော့ ကိုယ့်ရွာ ကိုယ်ပြန်ရောက်မှပဲ ခွဲပေးမလို့။ အခုတော့ ကိစ္စကလေးတစ်ခု ပေါ်လာတာနဲ့ ကိုယ့်အတွက် ရသင့်တဲ့ငွေကို တစ်ခါတည်း ခွဲပေးမယ်။ မရှင်းတာရှိရင်လည်း တစ်ခါတည်းပြောကြ”

ဖိုးနီ၏ စကားအဆုံးတွင် အားလုံး ငြိမ်သက်စွာ ရှိနေကြ၏။ သူတို့ ပိုက်လှေငါးစင်းသည် ကိုယ်ရကိုယ်ယူစနစ် မဟုတ်။ အားလုံးရှာ၍ ရသမျှကို ပိုက်လှေငါးစင်းစုပေါင်း၍ အညီအမျှ ခွဲဝေယူကြရန် သဘောတူညီခဲ့ကြပြီး ဖြစ်ပါ၏။

သို့သော် အပတ်စဉ် ပိုက်လှေတစ်စင်းစီ ထုတ်ယူထားကြသော စားစရိတ်၊ အသုံးစရိတ်များကမူ အနည်းငယ် ကွာခြားတတ်ပါသည်။

သို့နှင့်ပင် ဖိုးနီနှင့် ငါးဒိုင်သူဌေးတို့က ပိုက်လှေတစ်စင်းချင်း နာမည်ခေါ်၍ ပိုက်သူကြီးကို ငွေရှင်းပေးနေပြီ။

ရငွေထဲမှ စားစရိတ်၊ သုံးစရိတ် ထုတ်ယူထားသည်ကို နုတ်ယူထားသည်။ ကျန်ငွေကို သုံးပုံပုံကာ ပိုက်သူကြီးက နှစ်ပုံရသည်။ တစ်ပုံကို လူငှားတစ်ပုံသမားက ယူရသည်။

အဘယ်ကြောင့်ဆိုသော် ပိုက်သူကြီးက လှေနှင့်ပိုက်ကို စိုက်ထုတ်ထားရသဖြင့် နှစ်ပုံယူခြင်းဖြစ်၏။ လူငှားကမူ အရင်းအနှီး စိုက်ထုတ်စရာမလို။ လူလုံးချည်းသာ လိုက်လာခြင်းဖြစ်၍ ဝေစုတစ်ပုံသာရပါ၏။ သို့ဖြစ်၍လူငှားကို တစ်ပုံသမားဟုသာ သူတို့တံငါလောကတွင် ခေါ်လေ့ရှိပါ၏။

သို့နှင့် ပိုက်လှေလေးစင်း ရှင်းပြီးပြီ။ နောက်ဆုံး ကိုခွေးကြီးနှင့် အောင်ရှိန်းတို့ နှစ်ယောက်အလှည့် ဖြစ်လေသည်။

“ကိုခွေးကြီး စာရင်းရှင်းမယ်၊ လာ … ရှေ့တိုး”

ဖိုးနီက ခေါ်သည်။

ကိုခွေးကြီးက မလှုပ်။ အောင်ရှိန်းက ငုတ်တုတ်။

ဖိုးနီစိတ်က မရှည်ချင်တော့။

“ကဲ … ခင်ဗျားက မလာချင်လည်းနေတော့။ ကျုပ်တာဝန်အရ စာရင်းကတော့ ရှင်းရမှာပဲ။ ခင်ဗျားတို့ ပိုက်လှေလည်း သူများနည်းတူ ရငွေကတော့ အတူတူပဲ။ ဒါပေမဲ့ ခင်ဗျားတို့က သူများနဲ့ မတူဘူး။ ခင်ဗျားတို့ ဘာတွေသုံးထားတယ်ဆိုတာ ခင်ဗျားတို့နှစ်ယောက် သိတယ်နော်”

ဟု ဖိုးနီက ဒေါသဖြင့်ပြောလျှင်-

“ငါတို့ အမှားကြီး မှားခဲ့ပါပြီကွာ”

ဟု ဆိုနင့်စွာပြောရင်း ကိုခွေးကြီး ခေါင်းငုံ့ထားလျက်က မျက်ရည်တွေတွေကျလျက်ရှိသည်။

ကျန်သော ပိုက်သမားအားလုံးက အံ့အားသင့်ကုန်ကြတော့၏။ ဘာတွေဖြစ်ကုန်ပါလိမ့်ဟု သိချင်ဇောဖြင့် ကိုခွေးကြီး အနား ဝိုင်းလာကြ၏။

အောင်ရှိန်းကမူ မျက်နှာချင်း မဆိုင်ဝံ့၍ တစ်ဖက်သို့ လှည့်လျက်ငေးကာ ရှိနေသည်။

“ကဲ… ကိုခွေးကြီး၊ ပိုက်ဆွဲစပြီး ဆင်းလာကတည်းက ခင်ဗျားပဲ ခဏခဏ ပြောဖူးတယ်နော်။ တပေါင်းလကျရင် ခင်ဗျားသားလေးတွေကို ရှင်ပြု ပေးမယ်ဆို ခင်ဗျား မိန်းမကိုလည်း သနားတယ်ဆို။ သမီးကလေးကိုလည်း နားဆွဲလေး လုပ်ပေးချင်တယ်ဆို။ ဒါကြောင့်လည်း ကျုပ်နဲ့ အဝေးခရီးကို စွန့်စွန့်စားစားထွက်ပြီး ငွေစုချင်တာဆို။ ကဲ… အခု ဘယ်လိုလုပ်မလဲ၊ ပြောစမ်း”

ဖိုးနီက ပြောရင်းပြောရင်း ကိုခွေးကြီးကို ဒေါသထွက်လာတော့၏။

“အခုဆိုရင် ခင်ဗျားလည်း ကျုပ်တို့လိုပဲ ပိုက်လှေတစ်စင်းအတွက်ကို သင့်ကျငွေ နှစ်သိန်းစီ ရကြတယ်။ စားစရိတ် ထုတ်ယူထားတာက အားလုံးပေါင်းရင် နှစ်သောင်း ကျတယ်။ အဲသည်တော့ ခင်ဗျားတို့ပိုက်လှေက အသားတင်ငွေတစ်သိန်းရှစ်သောင်းကျန်တယ်။ ဒါပေမဲ့…”

ဖိုးနီက ပြောလက်စ စကားကိုရပ်ပြီး ပိုက်သမားအားလုံးကို ကြည့်လိုက်သေး၏။ ပိုက်သမားအားလုံးက သိချင်စိတ်ဖြင့် ဖိုးနီအပြောကို ငံ့လင့်လျက် ရှိလေ၏။

“ကျုပ်တို့ သည် အင်းချောင်းကို ရောက်ပြီးလို့မှ မကြာသေးဘူး။ ခင်ဗျားနဲ့ အောင်ရှိန်းတို့နှစ်ယောက် မူပျက်နေတာ ကျုပ် သတိထားမိတယ်။ မြို့ကငါးလာသယ်တဲ့ပဲ့ထောင်လာရင် ခင်ဗျားတို့ တတွဲတွဲလုပ်နေကတည်းက တစ်ခုခုတော့ ထူးခြားနေပြီဆိုတာကျုပ်နဲ့ ကိုရွှေဖောင်တို့ သိနေတယ်”

ငါးဒိုင်တဲကြီးတစ်ခုလုံး အပ်ကျသံကို ကြားရမလောက် ငြိမ်သက်လျက် ရှိ၏။ ခေါင်းငုံ့ထားသော ကိုခွေးထံမှ နင့်နင့်နဲနဲ ရှိုက်သံထွက်လာ၏။ ယောက်ျားရင့်မကြီးတစ်ယောက် ဝမ်းပန်းတနည်း ငိုရှိုက်မျက်ရည်ကျနေသည်ကို မြင်ရသူအပေါင်းက စိတ်မကောင်းနိုင်ကြ။ သူတို့က တစ်ရွာတည်းသားချင်းများ မဟုတ်လား။

သို့သော် ဘာကိစ္စတွေ ကြီးကြီးကျယ်ကျယ် ဖြစ်နေသလဲဆိုတာကို သူတို့ မသိကြသေး။

“အဓိက တရားခံက အောင်ရှိန်းပဲ ဖြစ်မယ်ဆိုတာ ကျုပ်သိတယ်။ အောင်ရှိန်း ဆွယ်လို့ ခင်ဗျား ပါသွားတာ ဖြစ်ရမယ်။

ခင်ဗျားတို့နှစ်ယောက် သည်တဲမှာနေတဲ့ ကိုယ်စားလှယ်ကနေတစ်ဆင့် နှစ်လုံးရော၊ သုံးလုံးရော ထိုးနေကြတယ်။ ငွေကတော့ အားလုံး အလုပ်သိမ်းတော့မှ ရှင်းမယ်ပေါ့။ ဟိုကလည်း လက်ခံတယ်လေ။ ခင်ဗျားတို့ ပြေးမလွတ်ဘူးဆိုတာ သိတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ငွေမရှင်းသေးဘဲ စုတားတာသိတာကိုး။ ပြီးမှ နှိမ်လိုက်ရုံပဲပေါ့။

အခုစာရင်းရှင်းလိုက်ပြီ။ အဲသည်တော့ ခင်ဗျားရှုံးထားတဲ့ ငွေက အခု ခင်ဗျားရမည့်ငွေနဲ့ဆိုရင် ငါးထောင်လောက် ပိုနေပြီ။ ကဲ… ဘယ်လိုလုပ်ကြမလဲ။ နှစ်ယောက်လုံး ကျုပ်ကို ပြောကြပါဦး”

ဖိုးနီက မောသွားဟန်နှင့် ဆေးလိပ်ကောက်ဖွာနေသည်။
“မိုက်လိုက်တာ ငခွေးရာ။ အောင်ရှိန်း မြှောက်ပေးတိုင်း မင်းက လုပ်ရသလား။ မင်းက ပိုက်သူကြီးကွ။ သူက တစ်ပုံသမား။ ပြီးတော့ မင်းက အသက်လည်းကြီးသေးတယ်။ တယ်လေ … ငါလုပ်ရရင်တော့”

ဟု ကိုညိုက ကရုဏာဒေါသောဖြင့်ပြောရင်း ထိုးမည်ကြိတ်မည်လုပ်ရာ ဖိုးနီက အသာလက်ကာရင်း-

“အသာနေ အစ်ကို၊ သူ ဘယ်လိုရှင်းမလဲဆိုတာ ကြည့်ရအောင်”

ဟု တားလိုက်၏။

ကိုခွေးကြီးက ငြိမ်နေရာမှ အားယူရင်း တုန်ယင်သောအသံကြီးဖြင့်-

“ငါတို့နှစ်ယောက် မင်းတို့နဲ့ ပြန်မလိုက်တော့ဘူး။ သည်မှာပဲ မိုးကျတဲ့အထိ ပိုက်ဆွဲနေခဲ့မယ်။ အိမ်ကိုတော့ အဆင်ပြေအောင်အားလုံးက ကြည့်ပြောပေးပါကွာ။ ကလေးတွေကိုလည်း နောက်နှစ်ခါမှပဲ ရှင်ပြု … ပြု”

ပြောရင်းက မထိန်းနိုင်တော့ဘဲ ဟီးခနဲ ငိုချလိုက်လေရာ အားလုံးက စိတ်မကောင်းစွာ ငြိမ်သက်လျက် ရှိတော့၏။

“သည် နှစ်လုံး၊ သုံးလုံးဆိုတဲ့ မျိုးဖျက်မည့် လောင်းကစားနည်းတွေဟာ ဘယ်လိုကနေ ဘယ်လို ကျုပ်တို့နိုင်ငံထဲကို ရောက်လာတယ်ဆိုတာ ကျုပ် မသိဘူး။ အစကတော့ မြို့ကြီးပြကြီးတွေမှာ ခေတ်စားလာတယ်။ နောက်တစ်ခါ ကျုပ်တို့ နယ်မြို့ကလေးတွေအထိ ရောက်လာတယ်။

အဲသည်မှာ လက်ကြောမတင်းသူတွေ၊ စာရိတ္တညံ့တဲ့ သူတွေလောက်ကပဲ စပြီး လုပ်လာလိုက်ကြတာ။ နောက်တော့ လူတန်းစားအသီးသီး၊ အလွှာအသီးသီးမှာကို ပျံ့နှံ့လာကုန်ပြီ။ ကျုပ်က စာဖတ်တော့ ခင်ဗျားတို့ထက် ပိုသိတယ်ဗျ။ အဲသည် နှစ်လုံး၊ သုံးလုံးကို လောင်းကစားကြရင်း လူသတ်မှုတွေဖြစ်လိုဖြစ်၊ တချို့မိန်းမတွေ ဘဝပျက်လိုပျက် ဖြစ်နေရတာ ကြားရသိရတော့ စိတ်မကောင်းဘူး။

ဆိုင်ရာဆိုင်ရာတွေက ဖမ်းလိုက်၊ ဆီးလိုက်၊ အရေးယူလိုက်နဲ့ တားဆီးနေတဲ့ကြားက ဟောကြည့် … အခု ကျုပ်တို့ပိုက်ဆွဲ ငါးရှာနေကြတဲ့ ချောင်းကြားမြောင်းကြား တောခေါင်ခေါင်အထိ ခြေဆန့်လာကြပြီ။

ဒါတွေကို အသိအမြင်ကြီးကြီးနဲ့၊ ဆင်ခြင်တုံတရားရှိရှိနဲ့ ရှောင်နိုင်ကြဖို့ လိုလာပြီ။ ခင်ဗျားတို့အားလုံးလည်း ကိုခွေးကြီးနဲ့ အောင်ရှိန်းကို ကြည့်ပြီး နမူနာယူကြပေတော့”

ဖိုးနီ၏ စကားဆုံးလျှင် –

“အောင်ရှိန်းက ပြောတယ်။ တစ်ချီကောင်း၊ နှစ်ချီကောင်းလောက်သာ ပေါက်စမ်း။ ရှင်ပြုမှာ ဆိုင်းတင်မကဘူး၊ အငြိမ့်ပါ ထည့်နိုင်မယ်ပြောလို့ ငါ လောဘတက်မိတာပါကွာ။ အခုတော့ နောင်တရပါပြီ။ နောင်တဆိုတဲ့အတိုင်း နောက်မှ ရတာမို့ လွန်ခဲ့ပါပြီ … ငါမှားခဲ့ပါပြီကွာ”

“ကဲ… ဖိုးနီရေ၊ ဒီကောင် ဒါလောက်ဆို မှတ်လောက်သားလောက် ရှိသွားပါပြီ၊ ရှင်းပြပေတော့”

ကိုရွှေဖောင်က ပြောလေသည်။

“ကဲ… ကိုခွေးကြီး၊ ခင်ဗျား နောက်နောင် ဘယ်တော့မှ သည်လောင်းကစားကို မလုပ်တော့ပါဘူးလို့ သစ္စာဆိုရဲပါ့မလား”

ဟု ဖိုးနီက မေးလျှင် –

“ဆိုပါတယ်ကွာ … ဆိုပါတယ်။ ငါ့တစ်သက် ဘယ်တော့မှ ဒါမျိုး မဖြစ်စေရပါဘူး”

ထိုအခါ ဖိုးနီက ငွေစက္ကူတစ်ထပ်ကြီးကို ကိုရွှေဖောင်ထံမှ လှမ်းယူပြီး ကိုခွေးကြီးရှေ့သို့ ပစ်ချလိုက်၏။ ဘုန်းခနဲကျလာသော ငွေစက္ကူထပ်ကို ကြည့်ရင်း –

“ဒါ … ဒါ ဘာလုပ်တာလဲကွ၊ ဟင်… ဘယ်သူ့ငွေတွေလဲ”

ကိုခွေးကြီးက တုန်တုန်ယင်ယင်ဖြင့် မေး၏။

“ခင်ဗျားတို့ ငွေတွေလေ။ ခင်ဗျားတို့ စပြီး ထိုးကတည်းက ငါးဒိုင်ကိုယ်စားလှယ်နဲ့ ကျုပ်တို့ တိုင်ပင်ပြီး မြို့ကို ပဲ့ထောင်သမားနဲ့ လှမ်းပြီး ထိုးခိုင်းသလိုလိုနဲ့ စာရင်းမှတ်ထားတာ။ ကိုယ်စားလှယ်ကတောင် ပြော သေးတယ်။ တကယ်လို့များ ပေါက်ရင် ဘယ်လိုလုပ်မလဲတဲ့။ ကျုပ်နဲ့ ကိုရွှေဖောင်က တာဝန်ယူပြီး ရှင်းမယ်ဆိုပြီး စီစဉ်လိုက်ရတာ။

ဘယ်တော့မှ အနိုင်မရှိနိုင်တဲ့၊ အမြဲတမ်း အရှုံးနဲ့ ရင်ဆိုင်ရမှာပဲဆိုတာ ခုတော့ ခင်ဗျား ယုံပြီမဟုတ်လား။ ယူပေတော့ … အဲဒါ ခင်ဗျားတို့ငွေ”

ကိုခွေးကြီးနှင့် အောင်ရှိန်းတို့ နှစ်ယောက်သည် အံ့ဩစွာ မယုံကြည်နိုင်စရာ မျက်လုံးများဖြင့် ဖိုးနီတို့ကို လှမ်း၍ကြည့်ကာ ငြိမ်နေကြ၏။ ပြီးမှ လှိုက်လှဲသော ဝမ်းသာသံကြီးဖြင့် –

“ဘုရားမတာပဲ … ဘုရားမတာပဲ၊ တကယ့်ကို ကျေးဇူးကြီးပါပေတယ် ဖိုးနီရယ်။ မင်းကျေးဇူးကို ငါတို့တစ်သက် မေ့နိုင်မှာ မဟုတ်ပါဘူး။ မင်းက ငါ့ထက်ငယ်ပေမယ့် ဆင်ခြင်နိုင်တဲ့၊ ချင့်ချိန်နိုင်တဲ့ ဉာဏ်ပညာမှာတော့ ငါ့ထက်ကြီးပါတယ်။ ငါ့ဘဝကို မင်း ကယ်တင်လိုက်တာပါပဲ။ ကန်တော့ပါရစေ”

ဟု ဆိုကာ တားနေသည့်ကြားက ဦးသုံးကြိမ်ချ ကန်တော့လိုက်လေတော့၏။

သူတို့ ပြန်ကြလေပြီ။

တပေါင်းသာခေါင် လများနောင်ဟု စာဆိုရှိ၏။ သာသည်ညင်းညင်း၊ မြောက်လေကြွင်းနှင့် ချမ်းခြင်းမကုန်၊ ပူဟုန်မသည်းသေးသော ကာလလည်းဖြစ်၏။

ပင်နန်းမြင့်ထက် ကျူးရင့်သာမော၊ မြည်သံစောသည် ဥဩနွဲ့လျက် တွန်လေပြီဟု စာဖွဲ့ရသည့် လလည်း ဖြစ်တော့၏။

လေရူးနှင်နှင်၊ နွေအဝင်ဝယ်၊ ရွက်ကျင်ကြွေကျ၊ နွေလရာသီ၊ ရောက်ပြီဖြစ်၍ ဝန်းကျင်တစ်ခို တိမ်မဲညိုတို့ ကင်း၍ သောင်ကမ်းစို့မှာ ဟင်္သာသောင်တင်း၊ ရွှေပိန်ညင်းတို့၊ ချစ်တင်းဆိုကြ ပျော်မြူးလှသော ကာလရာသီလည်း ဖြစ်တော့၏။

မြစ်ရေဖွေးဖွေး၊ လရောင်အေးအေးအောက်၌ ဖိုးနီတို့ ပိုက်လှေကလေး ငါးစင်းသည် အိမ်အပြန်ခရီးပေမို့ တက်ကုန် ရွက်စုံ ဖွင့်လျက် ခရီးနှင်လျက် ရှိလေသည်။

သူတို့ရွာနှင့် မဝေးတော့ပြီ။

(၂၀၀၆ ခုနှစ်တွင် စာပေဗိမာန်ဆု ရရှိခဲ့သည့် ရေမုဆိုးဝတ္ထုတိုများစာအုပ်မှ ကူးယူဖော်ပြပါသည်)

– ပြီး –

​စာရေးသူ – မောင်ခြိမ့်

Leave a Reply

Your email address will not be published. Required fields are marked *