အတွဲ(၂) စာစဉ်(၇)

(၁)

ဘခက်နှင့် မနှင်းဆီတို့မှာ ပြည်သွားသည့်ရထားကြီးကို တငြိမ့်ငြိမ့်နှင့်စီးနင်းလာခဲ့သည်။ ညနေစောင်းပြီမို့ ပတ်ဝန်းကျင်တွင် အမှောင်ထုက ဖုံးလွှမ်းလာခဲ့သည်။ နေရောင်ခြည်၏ နောက်ဆုံးလက်ကျန်အလင်းရောင်များသာ ကောင်းကင်တွင် ခပ်ရေးရေးကလေး ပေါ်ပေါက်နေလေသည်။ မနှင်းဆီမှာ ရထားလမ်းဘေးရှိ တဲအိမ်ကလေးများ၊ စပါးခင်းများကို ငေးမောကြည့်ရှုရင်းလိုက်ပါလာခဲ့သည်။ မနှင်းဆီတစ်ယောက် ချမ်းအေးနေပုံရသဖြင့် ဘခက်မှာ ကိုအောင်ရွေ ပေးလိုက်သည့် ချည်ကြမ်းလက်ရှည်အင်္ကျီကြီးကို မနှင်းဆီအားလွှမ်းခြုံပေးလိုက်သည်။ မိုးချုပ်လာပြီဖြစ်သဖြင့် ရထားတွဲများပေါ်မှ ဝါကျင့်ကျင့်မီးလုံးများမှာလင်းလက်လာသကဲ့သို့ ရထားတွဲအမှုထမ်းများက ရထားပြတင်းပေါက်များကို လိုက်လံစစ်ဆေးကာ ပိတ်နေကြလေသည်။

မနှင်းဆီမှာ ရထားပြတင်းပေါက်ပိတ်သွားသည့်အခါမှ ဘခက်ကိုလှည့်ကြည့်လိုက်လေသည်။ ဘခက်က မနှင်းဆီအားစိုက်ကြည့်နေရင်း

“ခင်ဗျားကြည့်ရတာ မျက်နှာမလန်းဘူး တစ်ခုခုကိုတွေးပြီး ဝမ်းနည်းနေသလိုပဲ”

“ဝမ်းနည်းရမယ့်အကြောင်းတွေကိုတော့ မေးမနေပါနဲ့တော့ရှင်၊ ဒါထက် ကျွန်မတို့အခုဘာဆက်လုပ်ကြမလဲ”

“တော်လှန်ရေးထဲကို ကျုပ်တို့က ခြေစုံပစ်ဝင်ခဲ့ကြပြီပဲ၊ ကျုပ်တို့မှာ နောက်ဆုတ်ဖို့နည်းလမ်းမရှိတော့ဘူး မနှင်းဆီ”

မနှင်းဆီမှာ စိတ်ဓါတ်မာကျောသည့်မိန်းကလေးတစ်ဦးဖြစ်သော်လည်း ယခုတွင်တော့ ဝမ်းနည်းအားငယ်နေဟန်ရှိသည်။

“မဟုတ်မှလွဲရော မနှင်းဆီအဖေ မစ္စတာဝီလျံကို သတိရနေတာလား”

မနှင်းဆီမျက်ဝန်းမှ မျက်ရည်များစီးကျလာပြီး ခေါင်းကိုဖြေးညှင်းစွာညှိတ်ပြသည်။

“ဟုတ်တယ် ကိုဘခက်၊ ကျွန်မအရင်တုန်းက သူများတွေအိမ်ကိုဝင်ခိုးလိုက်၊ လူတွေကိုငွေကြေးတွေဖြန့်ဝေပေးလိုက်နဲ့ ကျွန်မလုပ်ရပ်ကိုပျော်ရွှင်ခဲ့ဖူးတယ်၊ တော်လှန်ရေးဆိုတာကိုလည်း ဒီလောက်နက်နဲလိမ့်မယ်လို့ မထင်ခဲ့မိတာအမှန်ပဲ၊ ဒါပေမယ့် အခုကျတော့ ကျွန်မမှာ ဘာမှမရှိတော့ဘူး၊ ကျွန်မရဲ့မိဘ၊ ကျွန်မရဲ့အိမ်၊ ကျွန်မရဲ့ဂုဏ်သိက္ခာတွေ အားလုံးဆုံးရှုံးခဲ့ရပြီ ကိုဘခက်”

ဘခက်မှာ ခေါင်းအသာညိတ်လိုက်ရင်း

“လူအများလုပ်နိုင်ဖို့ ခက်ခဲတဲ့အရာကို စွန့်လွှတ်လုပ်ကိုင်ရဲတဲ့လူတွေကို သူရဲကောင်းတွေလို့ ခေါ်ကြတယ်မနှင်းဆီ၊ လူတိုင်း မနှင်းဆီလိုစွန့်လွှတ်အနစ်နာခံရရင် လူတိုင်းသူရဲကောင်းတွေဖြစ်ကုန်မှာပေါ့၊ ဘာပဲဖြစ်ဖြစ် မနှင်းဆီလုပ်ရပ်တွေက မှန်ကန်တယ်လို့ကျုပ်ထင်တယ်၊ ဗမာပြည်သားတွေ၊ တောင်သူလယ်သမားတွေကောင်းကျိုးအတွက် မနှင်းဆီက ကိုယ့်ကိုယ်ကျိုးကိုစွန့်ခဲ့တာကို ကျုပ်လေးစားတယ်၊ မနှင်းဆီလိုမိန်းကလေးတစ်ယောက်က ရွှေပုံပေါ်မှာ ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနေနိုင်ပေမယ့် အများအကျိုးအတွက် အခုလိုခက်ခဲကြမ်းတမ်းတဲ့လမ်းကို ရွှေးချယ်ခဲ့တာကို ကျုပ်အလေးစားဆုံးပါပဲ မနှင်းဆီ”

“ရှင့်ကိုကျေးဇူးတင်ပါတယ်ကိုဘခက်၊ ရှင့်ရဲ့စကားတွေက ကျွန်မရဲ့စိတ်ဓါတ်ကို ခွန်အားဖြစ်စေပါတယ်”

“ကဲပါ ဝမ်းနည်းဖို့ကောင်းတဲ့အရာတွေကို စဉ်းစားမနေပါနဲ့တော့၊ ကျုပ်တို့ဒီအတိုင်းသွားရင် ပျင်းစရာကြီးဗျာ၊ တစ်လမ်းလုံး စကားပြောပြီးသွားကြမယ်”

မနှင်းဆီက ခေါင်းညိတ်လျှက်

“ကျွန်မရှင့်ဆီကနေ သိချင်တာတစ်ခုရှိတယ်ကိုဘခက်”

“မေးပါမနှင်းဆီ”

“ရှင်တော်ဝင်ကစားပွဲအောင်မြင်ခဲ့ပေမယ့် ပို့ဘလဲယားမှာပဲ ထောင်ကျနေခဲ့တာမဟုတ်လား၊ အဲဒီကနေ ဘယ်လိုလုပ်ပြီးတော့ အပြင်လောကကို ပြန်လွတ်လာတာလဲ”

ဘခက်က ခေါင်းညိတ်လိုက်ပြီး

“ဒါက မင်းအဖေ မစ္စတာဝီလျံအသိချင်ဆုံးအချက်တစ်ခုပါပဲ၊ ကျုပ်တို့အကျဉ်းထောင်ကျနေရင်း တစ်နှစ်လောက်နေတဲ့အခါ သတင်းထူးတစ်ခုက ထောင်ထဲကိုရောက်လာတယ်”

ဘခက်မှာ မနှင်းဆီကိုကြည့်ရင်း အတိတ်အကြောင်းအရာများကို ပြန်ပြောင်းပြောပြလေသည်။

“သတင်းထူးတယ်ဟေ့၊ သတင်းထူးတယ်ဟေ့”

ဦးဘိုးတူတစ်ယောက် ဗမာအဆောင်ထဲသို့ပြေးဝင်လာကာ အော်ဟစ်လိုက်လေသည်။ ထိုအခါ ဒန်အိုးစုတ်ကြီးကိုင်ထားသည့် ထော်ကြီးက ဦးဘိုးတူ အားကြည့်ရင်း

“ဘာလဲဦးဘိုးတူ၊ ကျုပ်တို့ကို ဒီနေ့အသားများများနဲ့ ကျွေးမှာတဲ့လား”

ဦးဘိုးတူက ရှုံ့မဲ့လိုက်ကာ

“မင်းက အစားသမားဆိုတော့ အစားအတွက်ပဲသိတာကိုးကွ၊ ဥရောပမှာ ပထမကမ္ဘာစစ်ကြီးဖြစ်နေပြီတဲ့ကွ၊ ဂျာမန်တပ်တွေဟာ အင်္ဂလိပ်တပ်တွေကိုတိုက်ထုတ်လို့ အင်္ဂလိပ်တွေ တော်တော်အထိနာနေကြပြီတဲ့”

“အင်္ဂလိပ်တွေအထိနာတာနဲ့ ကျုပ်တို့နဲ့ဘာဆိုင်သလဲဗျ”

“ငါကြားသလောက် အင်္ဂလိပ်တွေအသေအပျောက်အရမ်းများလို့ လူလိုနေတယ်ဆိုပဲကွ၊ အိန္ဒိယတစ်ခွင်မှာလည်း တပ်သားတွေစုဆောင်းနေတယ်ဆိုပဲ၊ အခုငါတို့အကျဉ်းထောင်ကိုလည်း စစ်သားစုဆောင်းတဲ့အဖွဲ့တွေရောက်နေတယ်ဆိုပဲ”

“အဲဒါကျုပ်တို့နဲ့ဘာဆိုင်သလဲလို့”

“ထော်ကြီးရာ၊ မင်းကတော့ ပိန်းလိုက်တာကွာ၊ ထောင်ထဲကိုစစ်သားစုဖို့လာတယ်ဆိုကတည်းက ထောင်သားတွေကိုစုမှာပေါ့ကွ”

သူတို့ပြောဆိုနေစဉ်မှာပင် ထောင်အတွင်းမှ ခရာသံက မြည်လာခဲ့သည်။ ခရာသံမြည်သည့်အခါ ထောင်သားများအားလုံးမှာ မိမိတို့၏အဆောင်များအတွင်းမှ တန်းစီထွက်ကာ ထောင်အရှေ့ကွင်းပြင်ကျယ်ကြီးအတွင်းတွင် စုဝေးကြရလေသည်။ မကြာခင်မှာပင် အကျဉ်းထောင်အာဏာပိုင်များနှင့်အတူ စစ်ဝတ်စုံဝတ်ဆင်ထားသည့် လူတစ်စုထွက်လာကြလေသည်။ ထိုလူများအတွင်းမှ လူကြီးတစ်ဦးက စာရွက်တစ်ရွက်အားထုတ်လိုက်ပြီးနောက် အသံနေအသံထားနှင့်ဖတ်ရှုနေလေသည်။ ဘခက်တို့မှာ ထိုလူကြီးစကားကိုနားမလည်သဖြင့် ဦးဘိုးတူအားမေးမြန်းရလေသည်။

“ဦးဘိုးတူ ဘာပြောတာလဲဗျ”

“အင်္ဂလိပ်အစိုးရက ထောင်သားတွေကိုအခွင့်အရေးတစ်ခုကမ်းလှမ်းတယ်၊ အဲဒါကတော့ သူတို့စစ်တပ်ထဲကိုဝင်ပြီးစစ်တိုက်ပေးဖို့ပဲကွ”

“စစ်တိုက်ရင်သေမှာပေါ့ဗျာ၊ အဲဒါအခွင့်အရေးတဲ့လား”

ဗမာတစ်ချို့ကပြောဆိုနေကြလေသည်။

“စစ်ကြီးပြီးလို့ မသေဘူးဆိုရင် ငါတို့ကျခံဖို့ရှိတဲ့ အပြစ်ဒဏ်တွေအကုန်လုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လစာငွေပါပေးအုံးမယ်တဲ့ကွ”

“တကယ်လို့ သေသွားတယ်ဆိုရင်ရော”

ဦးဘိုးတူက ပြုံးလျှက်

“ငါတို့ ဝဋ်ကျွတ်သွားတာပေါ့ကွာ”

ထိုအခါ အင်္ဂလိပ်ကြီးများကပြောဆိုပြီးသည့်အခါ အချို့အကျဉ်းသားများမှာလက်ထောင်ကြလေသည်။ ဦးဘိုးတူက ဗမာများကိုကြည့်ရင်း

“ဟေ့ကောင်တွေ၊ ဒါက ငါတို့အတွက်အခွင့်အရေးပဲနော်၊ ငါတို့ဒီထဲမှာနေရင် တစ်သက်လုံးအစားအသောက်ဆင်းဆင်းရဲရဲနဲ့နေသွားရနိုင်တယ်၊ စစ်ထဲလိုက်သွားရင်တော့ ငါတို့သေရင်သေမယ် မသေရင်လွှတ်လပ်မယ်ဆိုတော့ ငါတို့အတွက်အခွင့်အရေးအများကြီးရှိတယ်”

“သေမယ့်စစ်ထဲလိုက်မယ့်အစားတော့ ဟောဒီထောင်ထဲမှာပဲ တစ်သက်လုံးအငတ်နေဆိုရင်လည်း နေနိုင်ပါတယ်ဗျာ၊ ကျုပ်တို့ကတော့ မလိုက်ဘူး”

ဗမာသုံးလေးယောက်မှာ မလိုက်ချင်ကြပေ၊ ဗမာများနည်းတူ အခြားလူမျိုးများအကြားတွင်လည်း ဆူညံပွက်လောရိုက်နေပြီး လိုက်သင့်မလိုက်သင့်ကို ပြောဆိုငြင်းခုန်နေကြသည်။ ထိုအခိုက် ဘခက်မှာ လက်တစ်ဖက်ကိုထောင်လိုက်လေသည်။ အားလုံးမှာဘခက်ကိုကြည့်လိုက်ပြီးနောက် အံ့သြနေမိသည်။

“ဘခက် မင်းတကယ်လုပ်မလို့လား”

“ကျုပ်ဒီထောင်ထဲမှာတော့ တစ်သက်လုံးအရှုံးသမားလိုမနေချင်ဘူးဗျာ၊ စစ်ထဲလိုက်ပြီး သေဆိုရင်လည်း သိက္ခာရှိရှိ သေလိုက်မယ်”

ဘခက်မှာလက်ထောင်လိုက်သဖြင့် ထော်ကြီးကလည်း သက်ပြင်းတစ်ချက်ချလိုက်ကာ လက်ထောင်လိုက်သည်။ ဦးဘိုးတူတို့မှာ ထော်ကြီးအားကြည့်လိုက်ရင်း

“ဟေ့ကောင်ထော်ကြီး မင်းဘာလုပ်တာလဲကွ”

“ကျုပ်လည်း ဒီထောင်ကကျွေးတဲ့ ထမင်းဟင်းတွေကို မစားချင်တော့ဘူးဗျာ၊ စစ်ထဲလိုက်ကာမှ ပေါင်မုန့်တွေဘာတွေ စားရအုံးမယ်ထင်တယ်ဗျ”

ထိုအခါ ဦးဘိုးတူကလည်း လက်ထောင်လိုက်လေသည်။

“ဟော ခင်ဗျားကရော ဘာဖြစ်လို့လက်ထောင်လိုက်ရတာလဲ ဦးဘိုးတူ”

“မင်းတို့နှစ်ယောက်ပါပြီဆိုမှတော့ ငါကဘာကိုမှ မကြောက်တော့ပါဘူးကွာ”

သူတို့သုံးဦးသားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။ သူတို့သုံးဦးအား အကျဉ်းထောင်အရေးပိုင်များက ခေါ်ဆောင်သွားကြလေသည်။ အကျဉ်းထောင်အတွင်း အကျဉ်းသားအများအပြားရှိသော်လည်း စစ်ထဲလိုက်ပါသူနည်းပါးလေသည်။ ဘခက်တို့ ဗမာအဆောင်တွင်မူ ဘခက်တို့သုံးဦးသာ လိုက်ပါလေသည်။ အကျဉ်းထောင်အရာရှိများက စစ်ဆေးပြီးသည့်အခါ ဘခက်ကိုမြင်သဖြင့် အံ့သြသွားသည်။

“ဗိုလ်ကြီး ဒီကောင်က လက်ပြတ်နေတာဆိုတော့ အဆင်ပြေပါ့မလား”

“ငါတို့လူအင်အားလိုတယ်ကွ၊ လက်ပြတ်ပြတ်၊ ခြေကျိုးကျိုး၊ မျက်စိတစ်ဖက်လပ်လပ် ယောက်ျားမှန်ရင် ခေါ်သာခေါ်ခဲ့ကွာ”

သို့နှင့်ဘခက်တို့အား သင်္ဘောကြီးတစ်စင်းပေါ်တွင်တင်ကာ ခေါ်ဆောင်ခဲ့လေသည်။ ဘခက်မှာ ကျွန်းကြီးနှင့်ခပ်လှမ်းလှမ်းရောက်သည့်အခါမှ ကျွန်းကြီးကိုတစ်ချက်လည်ပြန်ကာ ငေးကြည့်လိုက်မိသည်။

“သွားပြီကျွန်းကြီးရေ၊ မင်းဆီကိုနောက်တစ်ခါ ဘယ်တော့မှပြန်မလာတော့ဘူး”

ဘခက်တို့အား အိန္ဒိယနိုင်ငံတွင် တစ်ခါလူစုပြီးသည့်အခါ ဥရောပသို့ သင်္ဘောဖြင့်ပို့လိုက်လေတော့သည်။ စင်စစ်အားဖြင့် ဘခက်တို့အား စစ်သားများအဖြစ် စုဆောင်းခဲ့ခြင်းမဟုတ်ဘဲ စစ်ပွဲအတွင်းကူညီပေးရမယ့် ပေါ်တာများအဖြစ် ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဘခက်တို့ရောက်ရှိသည့်အခါ အပြာရောင်တွင်အဖြူရောင်အစင်းကြားကြီးများပါသည့် ဝတ်စုံကြီးများကိုဝတ်ဆင်စေကာ ဘခက်တို့လက်မောင်းတွင်လည်း ဗွီပုံသဏ္ဍာန်ဆေးမင်ကြောင်များကိုထိုးပေးထားသည်။ ရင်ဘတ်တွင်လည်း နံပတ်များကိုရေးသားကာ မှတ်တမ်းတင်ထားသည်။

(၂)

ထိုအတောအတွင်း ဘခက်မှာ အခြားသူများနှင့်ဆက်ဆံနိုင်ရန်အတွက် အင်္ဂလိပ်စကားပြောကို ဦးဘိုးတူထံမှ တစ်လုံးစနှစ်လုံးစသင်ယူခဲ့လေသည်။ ဘခက်တို့ ပေါ်တာတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သူများမှာ အိန္ဒိယတစ်ခွင်မှ အိန္ဒိယလူမျိုးများသာဖြစ်သည်။ သူတို့အားကွပ်ကဲရန်အတွက် အင်္ဂလိပ်လူမျိုးတပ်ကြပ်တစ်ဦးကို ကွပ်ကဲစေသည်။ ဘခက်တို့မှာ ဆယ်ရက်လုံးလုံး သင်္ဘောတစ်စင်းမှ တစ်စင်းဆီသို့ကူးပြောင်းစီးနင်းလာကြပြီးသည့်နောက် နောက်ဆုံးတွင်တော့ ဥရောပမြေကိုခြေချမိသည်။

ဘခက်တို့မှာ ထိုတော့မှ အစားကောင်းများကိုစားသောက်ရသည်။ သင်္ဘောပေါ်တွင် ဘီစကစ်ကြမ်းများနှင့် အသားပြုတ်ရည်ကိုသာ စားသောက်ခဲ့ရသော်လည်း ဥရောပရောက်သည့်အခါတွင်တော့ ပဲစေ့လုံးများဖြင့်ချက်ထားသည့် အသားပြုတ်ရည်များ၊ ပေါင်မုန့်ကြမ်းများ၊ ဝက်အူချောင်းများနှင့်စားသောက်ရသည်။ အစားအသောက်မက်သည့် ထော်ကြီးတစ်ယောက် အစားအစာများကိုအငမ်းမရစားသောက်ရသဖြင့် အလွန်ပျော်ရွှင်နေမိသည်။ ညဘက်ရောက်သည့်အခါ ရွက်ဖျင်များဖြင့်ပြုလုပ်ထားသည့် တဲကလေးများထဲတွင် ကျဉ်းကျဉ်းကြပ်ကြပ်အိပ်စက်ကြရသည်။ ဥရောပတိုက်၏ ရာသီဥတုမှာ အေးလှသဖြင့် ဘခက်တို့အတွက် အလွန်ချမ်းအေးလှပေသည်။ ထိုမျှသာမက မိုးကလည်းအမြဲရွာသွန်းနေလေရာ မိုးစိုသဖြင့် ဖျားနာသူပေါများလှသည်။

မနက်ခင်းရောက်သည့်အခါ ဘခက်တို့အား တန်းစီခိုင်းလေသည်။ အရာရှိများ၏ ပြောစကားကို မတတ်တစ်ခေါက်နှင့်နားစိုက်ထောင်မိသည်။

“တို့ရောက်နေတာ ပြင်သစ်မြေတဲ့ကွ၊ ငါတို့ကို မကြာခင် ရှေ့တန်းတစ်နေရာကိုပို့လိမ့်မယ်၊ အဲဒီနေရာက ဆိုမီမြစ်နဲ့နီးတယ်၊ အဲဒီမှာ တိုက်ပွဲကြီးတစ်ခုဖြစ်လိမ့်မယ်တဲ့ကွ”

ဘခက်တို့အား နေ့လည်မတိုင်ခင်မှာပင် ထရပ်ကားများပေါ်တင်၍ ပို့ဆောင်လိုက်ကြသည်။ ညနေပိုင်းခန့်တွင်တော့ မိုးများက သည်းထန်စွာရွာသွန်းနေလေသည်။ ထရပ်ကားပေါ်မှဆင်းသက်လိုက်သည့်အခါတွင်တော့ မျက်စိတစ်ဆုံးကျယ်ပြောလှသည့် ရွက်ဖျင်တဲများကိုမြင်တွေ့လိုက်ရသည်။ ဘခက်တို့ပေါ်တာများမှာ ထိုရွက်ဖျင်တဲများအနောက်ဘက်တွင် ကိုယ့်တဲကိုယ်တည်ဆောက်ကာ နေထိုင်ကြရသည်။ မိုးအလွန်ရွာထားသဖြင့် မြေကြီးများမှာ ဗွက်ပေါက်နေကာ ဗွက်ထဲမှာပင် နေထိုင်ရလေသည်။

မနက်ခင်းလင်းသည့်အခါ ဘခက်တို့ပေါ်တာများမှာ အလွန်လေးလံသည့် ကျည်ဆန်သေတ္တာကြီးများကို သယ်ဆောင်ရလေသည်။ သေတ္တာများအတွင်းတွင် ကြီးမားလေးလံသည့် အမြှောက်ကျည်ဆန်ကြီးများကိုထည့်သွင်းထားလေသည်။ ဘခက်မှာ လက်တစ်ဖက်ပြတ်နေသည်မို့ သေတ္တာမသယ်ရဘဲ၊ မြင်းလှည်းကိုသာ မောင်းရသည်။ မြင်းဇောင်းများအတွင်းတွင် အလွန်ကြီးမားသန်စွမ်းထွားကျိုင်းသည့် မြင်းကြီးများကိုအကောင်ရေ ထောင်သောင်းချီ မွေးမြူထားလေသည်။ ထိုခေတ်အခါက ကုန်တင်ကားများပေါ်ပေါက်နေပြီဖြစ်သော်လည်း ရှေ့တန်းစစ်မြေပြင်အနေအထားမှာ ဗွက်ပေါက်နေသည့်လမ်းများ တောင်ဆင်းတောင်တက်လမ်းများနှင့် ကတုတ်ကျင်းများကြောင့် ကားများကိုအသုံးမပြုဘဲ ရှေးရိုးရာအတိုင်းမြင်းများကိုသာ အသုံးပြုကြသည်။ မြင်းကြီးများမှာ ဗမာပြည်မှ မြင်းကြီးများနှင့်မတူဘဲ အရပ်အမောင်းကောင်းကောင်းနှင့် အတော်သန်မာထွားကျိုင်းသည့်မြင်းကြီးများဖြစ်သည်။

မြင်းထုတ်ယူရန်အတွက် ဘခက်နှင့် ဦးဘိုးတူမှာ မြင်းဇောင်းအတွင်းသို့လာခဲ့စဉ် မြင်းဇောင်းအတွင်း လူအများကစုပြုံကာ တိုးဝှေ့လျှက် တစ်နေရာသို့ဝိုင်းကြည့်နေကြသဖြင့် ဘခက်က ထိုလူအုပ်အတွင်းသို့တိုးဝင်ခဲ့သည်။ မြင်းဇောင်းအလယ်တစ်နေရာတွင် ခြံခတ်ထားသည့် စက်ဝိုင်းပုံစံကွင်းပြင်တစ်ခုရှိပြီး ထိုကွင်းပြင်အတွင်းတွင် မြင်းနက်တစ်ကောင်မှာ မားမားမတ်မတ်ရပ်တည်နေလေသည်။ ဥရောပမှ မြင်းကြီးများမှာ အာရှတိုက်မှမြင်းများနှင့်မတူဘဲ အလွန်အရပ်ရှည်သကဲ့သို့ အလွန်ထွားကျိုင်းလှပေသည်။ အလားတူ လည်ဆံမွှေးကြီးများ၊ မြင်းမြှီးများမှာလည်း အမွှေးရှည်ကြီးများဖြင့်ဖုံးလွှမ်းလျှက်ရှိသည်။ မြင်း၏ အရပ်မှာ လူတစ်ရပ်ထက်ပို၍မြင့်သည်။ ယခုမြင်းကြီးမှာလည်း အနက်ရောင်ပြောင်လက်နေကာ လက်ထိပ်ခြေထိပ်များနှင့် နှာယောင်တွင် အဖြူရောင်ကလေးများပါဝင်သည်။ အခြားမြင်းများထက် အနည်းငယ်ပိုမိုထွားကျိုင်းကာ မျက်လုံးကြီးများမှာလည်း စူးရှတောက်ပြောင်နေလေသည်။ ဦးဘိုးတူက လူအုပ်ကြီးကိုကြည့်ရင်း

“ဒီမြင်းက မြင်းရိုင်းတဲ့ကွ၊ သူ့ကိုနိုင်အောင်ထိန်းနိုင်တဲ့လူမပေါ်သေးဘူးတဲ့”

ဘခက်တို့ကြည့်နေစဉ်မှာပင် ထောင်ထောင်မောင်းမောင်းအသားဖြူဖြူနှင့် အင်္ဂလိပ်တစ်ဦးက ထိုကွင်းထဲသို့ပြေးဝင်သွားကာ မြင်းအရှေ့တွင်ရပ်လိုက်လေသည်။ မြင်းကြီးမှာ နှာမှုတ်ပြီး ထိုလူအားကြည့်နေသည်။ ပြီးသည့်အခါ ခွာယက်ပြီးနောက် ထိုလူထံသို့ပြေးဝင်လာလေသည်။ ထိုလူကလည်း မြင်းကြီး၏ လည်ဆံမွှေးများကိုဆွဲကိုင်လိုက်ကာ မြင်းပေါ်သို့လွှားခနဲခုန်တက်လိုက်သည်။ မြင်းကျောပေါ်ရောက်သည်နှင့် မြင်းကြီးမှာ ရှေ့ခြေနှစ်ချောင်းကိုညွှတ်ချလိုက်ပြီး နောက်ခြေနှစ်ချောင်းကိုမူ အားဖြင့်ခုန်တက်လိုက်သည်။ မြင်းလည်ပင်းမှာ လျှောကြီးသဖွယ်ဖြစ်သွားသည့်အတွက် မြင်းပေါ်တက်စီးနေသည့် အင်္ဂလိပ်လူဖြူမှာ အရှေ့သို့ဟပ်ထိုးလဲကျတော့သည်။

ကြည့်ရှုနေသူများက လက်မများကိုအောက်သို့ချကာ ထိုလူအားအရှုံးသမားအဖြစ်အော်ဟစ်အားပေးကြသည်။ မြင်းရိုင်းနက်ကြီးမှာ ကွင်းတစ်ပတ်ပြည့်အောင် ပြေးလွှားပြီး အောင်ပွဲခံနေသေးသည်။ မကြာခင် ကပ္ပလီ လူမည်းတစ်ဦးရောက်လာလေသည်။ ထိုလူမှာလည်း ကိုယ်ခန္ဓာထောင်ထောင်မောင်းမောင်းနှင့်ပင်ဖြစ်သည်။ သူဝတ်ဆင်ထားသည့် အင်္ကျီကိုချွတ်လိုက်သည့်အခါ ကျစ်လျစ်သန်မာလှသည့် ကိုယ်ခန္ဓာကိုမြင်တွေ့လိုက်ရသည်။

ထိုလူက ခြေနှစ်ဖက်ကိုခွဲကာရပ်တန့်လိုက်ပြီး အာဖရိကန်ဘာသာဖြင့် မြင်းအား ဝူးဝူးဝါးဝါးအော်ပြောလေသည်။ မြင်းကြီးမှာ နှာတစ်ချက်မှုတ်ပြီးနောက် ကပ္ပလီထံသို့ပြေးဝင်လာပြန်သည်။ ကပ္ပလီက မြင်းလည်ဆံမွှေးများကိုဆွဲကိုင်လိုက်ပြီးနောက် ပြေးလွှားနေသည့်မြင်းအားရပ်တန့်စေရန်အတွက် လည်ဆံမွှေးကိုဆွဲလိုက်သည်။ ထိုအခါ မြင်းမှာနာကျင်လှသဖြင့် ပဒတ်ရပ်လိုက်ကာ ထိုလူအား ကိုယ်လုံးနှင့်တွန်းတိုက်လိုက်သည်။ ကပ္ပလီမှာ ဟန်ချက်ပျက်ပြီး တစ်ဖက်သို့လည်ထွက်သွားချိန်တွင် မြင်းကြီးမှာ နောက်ခြေထောက်ဖြင့် ထိုကပ္ပလီအားစုံကန်ထည့်လိုက်ရာ ကပ္ပလီမှာလွင့်ထွက်သွားပြီး ခြံဝန်းအပြင်သို့လွင့်စင်ကျသွားလေသည်။ ကွင်းအပြင်တွင် ကြည့်ရှုနေသူများမှာ ထိုကပ္ပလီအားကြည့်ကာ အော်ဟစ်ဆဲဆိုကြလေသည်။ အာဖရိကန်များက ကပ္ပလီအားနှာနှပ်ယူကြရလေသည်။

အင်္ဂၤလိပ်များနှင့် မြင်းဇောင်းအတွင်းရှိသူများက ထိုမြင်းအားအပြစ်တင်ကာ ပြောဆိုနေကြလေသည်။

“ဒီမြင်းကို ထိန်းနိုင်မယ့်လူမရှိတာ တစ်လကျော်ပြီတဲ့ကွ”

ဘခက်က အပေါ်ဝတ်ထားသည့် အင်္ကျီအားချွတ်လိုက်ကာ ဦးဘိုးတူကိုပေးလိုက်သည်။ ဦးဘိုးတူက တအံ့တသြနှင့်

“ဘခက် မင်းဘာလုပ်မလို့လဲ”

“ဒီမြင်းကို ကျုပ်ဝင်ထိန်းကြည့်မယ်”

“ဖြစ်ပါ့မလားကွ၊ မင်းက မြင်းစီးတတ်လို့လား”

“ကျုပ်ငယ်ငယ်က ပွဲကျောင်းသားပါဗျ၊ ပွဲကျောင်းမှာ မြင်းစီးတဲ့အတတ်ပညာကို သင်ခဲ့ရဖူးပါတယ်”

ဦးဘိုးတူမှာ အံ့သြကာကြည့်နေစဉ်တွင်ပင် ဘခက်မှာ ခြံစည်းရိုးကို ခုန်ပျံခွကျော်ကာ ကွင်းအတွင်းသို့ဝင်သွားလေသည်။ ဘခက်ဝင်သွားသည်ကိုတွေ့သည့်အခါ အနောက်တိုင်းသားများက ဘခက်ကိုကြည့်ကာ အော်ဟစ်ကြလေသည်။

“ပြန်ထွက်စမ်း အရူးကောင်”

“လက်တစ်ဖက်ပြတ်ကောင် မင်းက သေချင်နေတာလားကွ၊ သေချင်ရင်လည်း တိုက်ပွဲထဲသွားစမ်းကွာ”

“ဒီကောင်က တိုက်ပွဲထဲမဝင်ရဲလို့ မြင်းသတ်တာခံချင်တယ်နဲ့တူတယ်”

အနောက်တိုင်းသားများက ပြောဆိုအော်ဟစ်ကြသော်လည်း ဘခက်ကမူ မြင်းနက်ကြီးအရှေ့ ခပ်လှမ်းလှမ်းတွင် ခြေစုံရပ်လိုက်ကာ မြင်းနက်ကြီးကိုတစ်ချက်ကြည့်နေမိသည်။ မြင်းနက်ကြီးမှာ ပြိုင်ဘက်တစ်ဦးကိုတွေ့သည့်အလား နှာမှုတ်ပြီးဘခက်အား ပေစောင်စောင်ဖြင့်ကြည့်နေလေသည်။ ဘခက်ကလည်း မြင်းနက်ကြီးအားစူးရှသည့်မျက်လုံးများဖြင့် ပြန်ကြည့်နေလိုက်သည်။

“လာစမ်းပါ၊ မင်းသတ္တိရှိရင် ငါဆီကိုလာခဲ့စမ်းပါ”

ထိုအခါ မြင်းနက်ကြီးမှာ ဘခက်ထံသို့တစ်ဟုန်ထိုးပြေးဝင်လာခဲ့သည်။ ဘခက်တစ်ယောက်ကတော့ မြင်းကြီးကိုသာ တွေတွေကြီးကြည့်နေလေသည်။ အနောက်တိုင်းသားများမှာ ဘခက်အားအော်ဟစ်သတိပေးကြသည်။ ဦးဘိုးတူလည်း မနေနိင်တော့သဖြင့် ခြံစည်းရိုးတိုင်ပေါ် မတ်တပ်ရပ်လိုက်ရင်း

“ဘခက်ရေ ရှောင်ဟ . . . မြန်မြန်ရှောင်”

ဘခက်ကမူ ရှောင်ရန်မစဉ်းစားပေ၊ မြင်းနက်ကြီးမှာ ဘခက်အားဝင်တိုက်ရန်နီးကပ်လာစဉ်မှာပင် ဘခက်က မြင်းနက်ကြီးအားကြည့်ကာ ဝမ်းခေါင်းသံကြီးဖြင့် ကျယ်လောင်စွာအော်ထည့်လိုက်သည်။ ဘခက်အော်သံက မြင်းဇောင်းကွင်းပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။ မြင်းနက်ကြီးမှာ ဘခက်၏အော်သံကိုကြားရသဖြင့် တစ်ချက်တန့်သွားကာ ကျယ်လောင်သည့်မြင်းဟီသံကြီးကိုပြုပြီး ပဒတ်ရပ်သွားလေသည်။ ပဒတ်ရပ်ရာမှ ပြန်အကျတွင် ဘခက်က မြင်းနက်၏ ပါးပြင်အားလက်တစ်ဖက်ဖြင့်ကိုင်လိုက်ကာ မြင်း၏မျက်လုံးကို စူးစုူးရဲရဲစိုက်ကြည့်လိုက်သည်။ မြင်းကြီးကလည်း ဒေါသတကြီးမျက်လုံးများဖြင့် ဘခက်အားပြန်ကြည့်သည်။ ဘခက်နှင့်မြင်းနက် တစ်ဦးနှင့်တစ်ဦးစိုက်ကြည့်နေသည်မှာ သုံးမိနစ်ခန့်ကြာမြင့်လေသည်။ မြင်းဇောင်းအတွင်းရှိ လူများအားလုံးလည်း အသံပင်မထွက်ရဲဘဲ ငြိမ်ကြည့်နေကြသည်။

မကြာမီ မြင်းနက်ကြီးမှာ မျက်လုံးများကိုအောက်ချလိုက်ပြီး ရှေ့ခြေထောက်နှစ်ဖက်ကို ညွတ်ချလိုက်လေသည်။ ထိုအပြုအမူမှာ မြင်းများက သူ့ကိုယ်ပေါ်တက်စီးခိုင်းခြင်းဖြစ်သည်။ ဘခက်လည်းအချိန်ဆိုင်းမနေတော့ဘဲ မြင်းကျောပေါ်သို့လွှားခနဲခုန်တက်လိုက်သည်။ မြင်းကျောပေါ်ရောက်သည်နှင့် အနောက်တိုင်းသားများမှာ ဘခက်အား တခဲနက်အားပေးကြလေသည်။ ဘခက်မှာ မြင်းကျောပေါ်သို့မတက်ဘဲ မြင်းလည်တိုင်အနီး ဂုတ်ကြားတွင် ခွထိုင်လိုက်သည်။

ဘခက်မှာ ထိုမျှနှင့်မပြီးသေးဟု စိတ်ထဲထင်လိုက်သည်။ ထင်သည့်အတိုင်းပင် မြင်းနက်ကြီးမှာ ကွင်းကိုပတ်ပြေးလေတော့သည်။ ကွင်းကိုပတ်ပြေးရင်း ကဆုန်ပေါက်ကာ ကျောကုန်းပေါ်တွင်စီးထားသည့် ဘခက်အား ခါချလေသည်။ ဘခက်က မြင်းလည်ပင်းကြားကို ဒူးနှစ်ဖက်နှင့်ညှပ်ထားလိုက်ကာ ဘယ်ဖက်လက်ဖဝါးဖြင့် မြင်း၏ ဇက်အားပွတ်သပ်လျှက် မြင်းနားအနီးသို့တိုးကပ်ကာ

“လိမ်မာပါတယ်ကောင်လေး၊ မင်းကလိမ်မာပြီးသားပါ မဆိုးမမိုက်ချင်စမ်းပါနဲ့”

မြင်းမှာ အမျိုးမျိုးခါချနေသော်လည်း ဘခက်က ကျောပေါ်တွင်မဟုတ်သည်မို့ မြင်းမှာခါချ၍ မရပေ၊ အကယ်၍ ဘခက်သာ မြင်းကျောကုန်းပေါ်တွင်စီးနင်းခဲ့ပါက ပြုတ်ကျရုံသာရှိသည်။ မြင်းနက်ကြီးမှာ တိုက်ကွက်ပုံစံပြောင်းလဲလိုက်သည်။ ကိုယ်ခန္ဓာအရှေ့ပိုင်းကို ဝပ်ချလိုညက်ကာ အနောက်ခြေထောက်ကိုခုန်မြှောက်လိုက်ပြီး ဇက်ပိုးပေါ်တွင်စီးနင်းနေသည့် ဘခက်အားပြုတ်ကျသွားစေရန် လှိမ့်ချသည်။ ဘခက်တစ်ယောက် မြင်းကိုဒူးဖြင့်ညှပ်ပြီး လက်တစ်ဖက်မှလည်း မြင်း၏လည်ဆံမွှေးများကို သိမ်းကြုံးဆွဲယူထားသည်မို့ ပြုတ်မကျဘဲရှိနေလေသည်။

တစ်ဖန်မြင်းကြီးမှာ ကွင်းအတွင်းမှခုန်ထွက်လိုက်ကာ မြင်းဇောင်းအပြင်ဘက်ရှိ လူတစ်ရပ်ခန့်ရှိသည့် တံတားကလေးဆီသို့ ဦးတည်ပြေးပြန်သည်။ မြင်းကြီးမှာ ကိုယ်ပေါ်တွင်စီးနင်းနေသည့်ဘခက်အား ထိုတံတားဖြင့်ပွတ်တိုက်ရိုက်ချရန် ကြံရွယ်နေခြင်းဖြစ်သည်ကို ဘခက်ကသိလိုက်သည်။ သို့နှင့် ဘခက်က မြင်းကိုယ်ပေါ်မှ ဘေးသို့အသာလျှောချဆင်းလိုက်ကာ မြင်းလည်ပင်းကိုဖက်လျှက် ဘေးတိုက်စီးနင်းလေသည်။ တံတားအောက်မှဖြတ်သည့်အခါ ကိုယ်ခန္ဓာမှာမြင်းဘေးသို့ရောက်နေသဖြင့် တံတားနှင့်မတိုက်မိပေ၊ စစ်သားများမှာ ထိုအဖြစ်ကိုတွေ့သည့်အခါ တခဲနက်အော်ဟစ်အားပေးကြသည်။

မြင်းကြီးမှာ တိုက်ကွက်ထပ်မံပြောင်းလဲပြန်သည်။ မြင်းဇောင်းကြီးအနီးရှိ ခြံစည်းရိုးကြီးဆီသို့ဦးတည်ကာပြေးလာပြန်သည်။ ဘေးစောင်းစီးနေသည့်ဘခက်အား ခြံစည်းရိုးကြီးနှင့် ပွတ်ဆွဲရန်အတွက် ပြေးလာခြင်းဖြစ်သည်။ ဘခက်မှာ မြင်းလည်ပင်းကိုကုပ်ဖက်ပြီး ကိုယ်ခန္ဓာကို မြင်း၏ရင်ဘတ်အောက်သို့ ဆွဲသွင်းကာ စီးနင်းလိုက်ရသည်။ ခြံစည်းရိုးတိုင်များမှာ မြင်း၏ကိုယ်ခန္ဓာနှင့်ပွတ်တိုက်မိ၍ အသံများထွက်ပေါ်လာသည်။ ခြံစည်းရိုးအနားကြည့်ရှုနေကြသည့် စစ်သားများမှာ အသည်းအသန်ပြေးလွှားရှောင်ရှားကြရသည်။

ထို့အပြင် ဘခက်ဒူးနှစ်ဘက်က မြင်းလည်ပင်းကိုညှစ်ထားသလိုဖြစ်နေသည်မို့ သုံးလေးပတ်ပြေးပြီးသည့်အခါ မြင်းနက်မှာ အမောဆိုက်လာလေသည်။ မြင်းနက်ကြီးရော စီးနင်းနေသည့်ဘခက်ပါ အလွန်မောဟိုက်နေကြသည်။ ဘခက်ကမူ မြင်းအားထိုးနှက်ခြင်း၊ နာကျင်အောင်ပြုလုပ်ခြင်းမျိုးမလုပ်ဘဲ ချော့မော့၍သာနေလေသည်။ ဆယ့်ငါးမိနစ်ခန့်စီးနင်းပြီးသည့်အခါ မြင်းနက်ကြီးမှာ ဦးကျိုးကျသွားသည်။ မြင်းများ ဦးကျိုးကျသွားလျှင် လိုသလိုအသုံးချနိုင်ပြီဖြစ်လေရာ ဘခက်ကထိုတော့မှ မြင်းနက်အပေါ်အကျအနထိုင်လိုက်ပြီး ကွင်းကိုပတ်၏ ဟန်ကျကျစီးပြလိုက်လေသည်။

အနောက်တိုင်းသားများမှာ ဘခက်ကို အားပေးကြသည့်အနေနှင့် ခေါင်းတွင်ဆောင်းထားသည့် ဦးထုတ်များကိုချွတ်လိုက်ကာ လေပေါ်ပစ်တင်ကြလေသည်။ မကြာမီ မြင်းဇောင်းအရာရှိတစ်ဦးက ရောက်လာလေရာ ဘခက်လည်းမြင်းပေါ်မှခုန်ဆင်းလိုက်သည်။ မြင်းကြီးကိုလည်း ပွတ်သပ်ချော့မြူပေးနေမိသည်။ မြင်းဇောင်းအရာရှိက ဘခက်အနားရောက်လာသည်နှင့် ဦးဘိုးတူကလည်း ဘခက်အနီးသို့ကပ်ခဲ့သည်။

“မင်းက မြင်းထိန်းတာတော်သားပဲကွ၊ ဒါနဲ့ မင်းက အိန္ဒိယကလား”

ဘခက်က လက်ကိုသတိအနေအထားပြုလုပ်လိုက်ပြီး

“ကျုပ်က ဗမာတစ်ယောက်ပါ”

မြင်းဇောင်းအရာရှိက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

“ငါ့အဖေလည်း အရင်က ဗမာပြည်မှာ တာဝန်ကျခဲ့တယ်၊ သူပြောခဲ့တဲ့ ဗမာတွေသတ္တိကောင်းတယ်ဆိုတဲ့စကားကို ငါအခုမှလက်ခံလိုက်ပါပြီ၊ ကဲပါ မင်းနာမည်ဘယ်လိုခေါ်သလဲ”

“ကျုပ်နာမည် ဘခက်ပါ”

“ကဲ ဘခက်၊ တို့လူမျိုးတွေရဲ့ထုံးစံအရ မြင်းရိုင်းကိုထိန်းကွပ်ကိုင်တွယ်နိုင်တဲ့လူဟာ မြင်းရဲ့သခင်ဖြစ်ရတယ်၊ ဒါကြောင့် ဒီမြင်းကို မင်းပိုင်သွားပြီ၊ တိုက်ပွဲကာလတစ်လျောက် ဒီမြင်းကိုမင်းအသုံးချရလိမ့်မယ်”

ဦးဘိုးတူက ဘခက်အားကြည့်လိုက်ကာ

“အရာရှိက မင်းကိုဒီမြင်းအသုံးခွင့်ပေးလိုက်ပြီလို့ ပြောနေတာ ဘခက်ရ”

“ကျုပ်ဒီလောက်တော့ နားလည်ပါတယ် ဦးဘိုးတူရာ”

အရာရှိက ဘခက်အားကြည့်ရင်း

“တခြားသူတွေဆိုရင် ကျေးဇူးတင်ပါတယ်အရာရှိလို့ ပြောကြတယ်ဘခက်”

ဘခက်က မျက်မှောင်ကြုတ်လိုက်ပြီး

“ဒီမြင်းကို ကိုင်တွယ်နိုင်တာကျုပ်ပဲလေ၊ ကျုပ်က ဘယ်သူ့ကိုကျေးဇူးတင်ရမှာလဲ”

အရာရှိက ဘခက်စကားကြားသည့်အခါ ရယ်မောလျှက် ဘခက်ပုခုံးကိုပုတ်လိုက်ပြီး

“မင်းပြောတာလည်းဟုတ်ပါတယ်၊ ကဲ အားလုံးတန်းဖြုတ်တော့ ကိုယ်လုပ်စရာရှိတဲ့တာဝန်တွေ သွားလုပ်ကြတော့”

ဘခက်မှာမြင်းကိုဇက်ကြိုးခွံ့ရန်အတွက် မြင်းဇောင်းအတွင်းသို့ဆွဲလာခဲ့သည်။ ဦးဘိုးတူမှာ အလွန်အံ့သြနေမိသည်။

“မင်းဘယ်လိုလုပ်လိုက်တာလဲ ဘခက်ရာ၊ ဒီမြင်းက အနောက်တိုင်းသားတွေတောင်မှ နည်းလမ်းပေါင်းစုံနဲ့ ထိန်းချုပ်နှိပ်ကွပ်ဖို့ကြိုးစားတာ မအောင်မြင်တဲ့မြင်းကွ”

“ကျုပ်ဘုန်းကြီးကျောင်းမှာ ပညာသင်ကြားတော့ မြင်းစီးတာကိုလည်းသင်ကြားရတယ်ဗျ၊ ဒီမြင်းကြီးတွေ ဒေါသကြီးတယ်ဆိုတာ ကျုပ်တို့ဗမာမြင်းပုလေးတွေ ဒေါသထွက်တာနဲ့ယှဉ်ရင် နည်းနည်းလေးပါ၊ မြင်းကိုစီးနင်းမယ့်အခါ တခြားလူမျိုးတွေက မြင်းကိုရိုက်ပုတ်ကန်ကျောက်ပြီး မြင်းကိုအနိုင်ယူနှိပ်ကွပ်တတ်ကြတယ်ဗျ၊ ကျုပ်တို့ဗမာတွေကတော့ ဒီလိုမဟုတ်ဘူး၊ မြင်းက တိရစ္ဆာန်ဆိုပေမယ့်လည်း လူနဲ့အတော်နီးတဲ့လူဆိုတော့ ဒီလူဟာ သူတို့ရဲ့နှိပ်စက်ကန်ကျောက်မယ့် ရန်သူလား၊ သူတို့ကို အလေးထားပြီး ပြုစုဆက်ဆံမယ့် မိတ်ဆွေလားဆိုတာကို သူတို့အတွေးထဲမှာခွဲခြားနိုင်တယ်”

“ဒါကြောင့် မင်းက ဒီမြင်းကြီးကိုပွတ်သပ်ချော့မြူနေခဲ့တာကိုး၊ အရင့်အရင်ထိန်းကြောင်းတဲ့လူတွေက မင်းပြောသလို မြင်းကိုဦးကျိုးသွားအောင် ရိုက်နှက်ဆုံးမခဲ့ကြတာပဲ၊ လတ်စသတ်တော့ မင်းက မေတ္တာနည်းကို အသုံးချခဲ့တာပဲဘခက်”

“ဒါပေါ့ဗျာ၊ မေတ္တာဆိုတာ အထိရောက်ဆုံးလက်နက်လို့ ဘုရားဟောခဲ့တယ်မဟုတ်လား”

ဦးဘိုးတူကရယ်လျှက်

“ဘခက်ရာ မင်းက လူသတ်သမားဆိုပေမယ့် တရားစကားတွေအမြဲပါးစပ်ကထွက်နေတာပဲ၊ မင်း ဗမာပြည်ပြန်ရင် ဘုန်းကြီးပြန်ဝတ်ပါလားကွာ”

“ကျုပ်ငယ်ငယ်က ကိုရင်ဖြစ်ခဲ့ပြီးပြီ ဦးဘိုးတူ၊ ဒါပေမယ့် ကျုပ်က တစ်ယောက်တည်းငြိမ်းချမ်းမဲ့ တရားဘာဝနာနည်းလမ်းထက်၊ မတရားတာကို အံတုမယ့် လက်ရုံးနည်းလမ်းကို ရွေးချယ်ခဲ့လိုက်ပြီ၊ ကျုပ်အခုအချိန်မှာတော့ နောက်ကြောင်းပြန်မလှည့်ချင်တော့ဘူး”

ဘခက်မှာ မြင်းကြီးကိုဇက်ကြိုးတပ်ပြီးသည်နှင့် ကုန်းနှီးတင်ကာ မြင်းပေါ်သို့လွှားခနဲခုန်တက်လိုက်သည်။ မြင်းနက်ကြီးမှာ ယခုအခါတွင်တော့ ဘခက်လုပ်သမျှကို အေးအေးလူလူပြန်လည်တုန့်ပြန်နေလေသည်။ ဦးဘိုးတူက မြင်းနက်ကြီး၏တင်ပါးတွင် သံပူနှင့်ထိုးကာ မှတ်သားထားသည့် အမှတ်အသားများကိုကြည့်ရင်း

“ဒီမြင်းကြီးကို ချေစ့်လို့ နာမည်ပေးထားတယ်ကွ”

“ကျုပ်ကတော့ အဲဒီနာမည်ကြီးမကြိုက်ပါဘူးဗျာ၊ ဒီမြင်းကြီးက အနက်ရောင်ဆိုတော့ နက်ဆိုတဲ့စာလုံးထည့်မယ်ဗျာ၊ ပြီးတော့ မြင်းတကာတို့ထက် ကျော်ကြားတဲ့ကောင်ကြီးဆိုတော့ အနောက်စာလုံးကတော့ ကျော်ပေါ့၊ ဒီမြင်းကြီးကို နက်ကျော်လို့ခေါ်ရင်မကောင်းဘူးလား”

“ကောင်းပါ့ကွာ၊ မင်းသဘော၊ မင်းသဘောပါပဲ ဘခက်ရာ”

ဘခက်မှာ မြင်းပေါ်ခုန်တက်လိုက်ပြီးသည့်နောက် မြင်းဇောင်းအတွင်းမှပြေးထွက်လာခဲ့သည်။ မြင်းဇောင်းအပြင်ဘက်တွင်တော့ မြက်ခင်းရိုင်းကြီးများရှိလေရာ ထိုမြက်ခင်းကြီးအတွင်းတွင် မြင်းကြီးနက်ကျော်ကို စမ်းသပ်ကာ စီးနင်းနေလေသည်။

“သားကြီးနက်ကျော်ရေ . . . လိမ်မာတယ်၊ ပြေးထားကွ”

နက်ကျော်မှာ ဘခက်စကားကိုနားလည်သည့်အလား လေကိုခွင်း၍ အရှိန်အဟုန်ဖြင့်ပြေးတော့သည်။ မြင်းဇောင်းနံဘေးတွင် ကျယ်ပြန့်သည့် မြက်ခင်းပြင်ကြီးတစ်ခုရှိသည်။ ထိုမြက်ခင်းပြင်ကြီးအတွင်းတွင် မြင်းကြီးနက်ကျော်မှာ အရှိန်အဟုန်ဖြင့် ပြေးလွှားခုန်ပေါက်နေလေသည်။ အလွန်မြန်ဆန်လွန်းသည်မို့ မြင်းကြီး၏ခြေထောက်မှာ မြေပြင်နှင့်ပင်မထိဘဲ ပျံသန်းနေသည်ဟုထင်ရသည်။ မြင်းပေါ်မှလိုက်ပါခဲ့သည့် ဘခက်တစ်ယောက်မှာလည်း စိတ်အားတက်ကြွနေမိသည်။

(၃)

ကြမ်းတမ်းလှသည့် မြေပြင်အနေအထားကြောင့် စက်ယန္တရားများကိုအသုံးမပြုနိုင်ဘဲ လက်နက်ခဲယမ်းများကို မြင်းလှည်းများ၊ ဝန်တင်လားများဖြင့်သာ သယ်ယူကြရသည်။ မြင်းဝင်ရောက်၍မရသည့် ခံတုပ်ကျင်းများအတွင်းသို့ လူအားဖြင့်ထမ်းကာ သယ်ယူပို့ဆောင်ကြရသည်။ ခံတုပ်ကျင်းများမှာ ခြကောင်များတွင်းတူးထားသည့်နှယ် စစ်မြေပြင်တွင် မွစာကျဲနေသည်။ ဘခက်တို့ မြင်းလှည်းများမှာတော့ လက်နက်ကြီးများပစ်ခတ်သည့် အမြှောက်ကွင်းဆီသို့ အမြှောက်ကျည်ဆန်များကို သယ်ပို့ကြရသည်။ ဦးဘိုးတူနှင့် ထော်ကြီးတို့မှာ ဘခက်လှည်းတွင်ပင် တာဝန်ကျလေသည်။ နောက်တန်း ကားလမ်းမနံဘေးမှ ကုန်တင်ကားများသယ်ဆောင်လာသည့် လက်နက်ကြီးကျည်ဆန်သေတ္တာများကို မြင်းလှည်းများအပေါ်သို့လွဲပြောင်းတင်ပြီး မြင်းလှည်းဖြင့် ရှေ့တန်းလက်နက်ကြီးပစ်ခတ်သည့်နေရာသို့ သယ်လာခဲ့ကြသည်။

လက်နက်သေတ္တာများမှာ အလွန်လေးလံလှကာ မြင်းလှည်းတစ်စီးလျှင် ခြောက်လုံး ခုနစ်လုံးခန့်သာသယ်နိုင်သည်။ လမ်းခရီးမှာလည်း ရွံ့နွံအပြည့်နှင့် ဗွက်ပေါက်နေသည့်လမ်းများဖြစ်သဖြင့် မြင်းများရော လူများပါ ရုန်းကန်ရလေသည်။ ဘခက်တို့ကဲ့သို့ မြင်းလှည်းပေါင်းမှာ ထောင်ချီရှိသည်။ မြင်းလှည်းတန်းကြီးအတိုင်း အမြှောက်ဆန်များကိုသယ်ဆောင်လာရင်း ဘခက်တို့အရှေ့ ဆယ်လှည်းမြောက်တွင်တော့ လှည်းတစ်စီးအပေါ်တွင် သယ်ဆောင်လာသည့် ယမ်းတောင့်လက်နက်သေတ္တာတစ်ခုမှာ အနောက်သို့ပြုတ်ကျပြီး ဝုန်းခနဲပေါက်ကွဲထွက်သွားသည်။ ထိုပေါက်ကွဲမှုမှတဆင့် အနားရှိလှည်းများပေါ်မှ လက်နက်ခဲယမ်းများကိုပါ ကူးစက်သွားပြီးနောက် ဆက်တိုက်ပေါက်ကွဲမှုများဖြစ်ပေါ်လေသည်။ လှည်းများတွင် သယ်ဆောင်လာကြသည်မှာ လက်နက်ခဲယမ်းများ၊ ယမ်းတောင့်များဖြစ်လေရာ ပေါက်ကွဲမှုက မြန်ဆန်လှပေသည်။

လှည်းပေါ်မှလူများ၊ လှည်းကိုဆွဲသည့် မြင်းများမှာ အပိုင်းပိုင်အစစဖြစ်ကုန်ကာ မိုးပေါ်သို့လွင့်တက်ကုန်ကြသည်။ တစ်လှည်းပြီးတစ်လှည်း ဆက်တိုက်ပေါက်ကွဲနေသဖြင့် ဘခက်က နက်ကျော်ကြီးကို ဇက်ကြိုးဆွဲလိုက်ကာ

“နက်ကျော်ကြီးရေ လမ်းဘေးကိုဆင်းဟ၊ ဘေးနားက ကွင်းထဲကိုသာဖြတ်ဆင်းတော့”

နက်ကျော်ကြီးမှာ လှည်းအားဆွဲပြီး နံဘေးသို့ရုန်းကန်ဆင်းရှာသည်။ လှည်းသွားထားသည့်လမ်းများမှာ ဗွက်နစ်နေသဖြင့် ခရီးအတော်မပေါက်ဘဲဖြစ်နေလေရာ ဦးဘိုးတူနှင့် ထော်ကြီးတို့ပါ လှည်းပေါ်မှခုန်ဆင်းပြီး လှည်းအနောက်ကို အားကုန်ဝိုင်းတွန်းကြသည်။ လှည်းလမ်းပေါ်မှဆင်းလာပြီးနောက် ဘေးနားရှိ ကွင်းပြင်ကြီးအတွင်းသို့ ဆင်းပြေးကြတော့သည်။ ဘခက်တို့လှည်းရွှေ့ပြီး မကြာခင်မှာပင် ဘခက်တို့အရှေ့မှလှည်းပါ ထရောက်ပေါက်ကွဲလေတော့သည်။ ဘခက်တို့သာ ကွင်းထဲဆင်းပြေးသဖြင့် သီသီကလေးလွတ်သွားခြင်းဖြစ်သည်။ ဘခက်တို့လှည်း မပေါက်ကွဲသည့်အခါ အနောက်မှလှည်းများကို ပေါက်ကွဲမှုက ဆက်လက်မကူးစက်တော့ဘဲ သက်သာရာရသွားတော့သည်။

အရာရှိများက ထိုဖြစ်စဉ်ကိုလာရောက်စစ်ဆေးကြသည်။

“လက်နက်တွေက ဖျူးစ်တွေဖြုတ်ပြီးသယ်တာပဲ ဒါပေမယ့် ယမ်းတောင့်တွေက ပေါက်ကွဲလွယ်တယ်၊ ဒါကြောင့် လက်နက်တွေကိုသယ်တဲ့အခါ သေသေချာချာသယ်ကြပါ၊ တစ်လှည်းနဲ့တစ်လှည်း ပေသုံးဆယ်လောက်ချဲပြီး သယ်ပါ”

ဘခက်နှင့်ဦးဘိုးတူတို့မှာ ထိုလမ်းကြောင်းကြီးကိုရှင်းလင်းရလေသည်။ ပျက်စီးနေသည့်လှည်းများအကြားမှ တစ်ပိုင်းတစ်စစီဖြစ်နေသည့် လူ့အစိတ်အပိုင်းများကို ဖျင်အိတ်ကြီးတစ်လုံးအတွင်းသို့ကောက်ယူကာ ထည့်သွင်းကြရသည်။ အချို့မှာ ခေါင်းပြတ်ထွက်နေပြီး အချို့လူများမှာ အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေသဖြင့် မည်သူမည်ဝါဟူ၍ ခွဲခြား၍ပင် မရနိုင်တော့ပေ။

ဦးဘိုးတူမှာ လူအစိတ်ပိုင်းများကို လိုက်လံကောက်ယူရင်း

“ဒီလိုကျတော့လည်း လူတစ်ယောက်သေသွားတာ သိပ်မြန်လိုက်တာကွာ၊ အခုကပဲ တို့အရှေ့ကနေ အေးအေးလူလူသွားနေတယ်မဟုတ်လား”

“မမြဲခြင်း သဘောတရားတွေပေါ့ ဦးဘိုးတူရာ”

ထိုလူများမှာ အိန္ဒိယမှလိုက်လာသည့် အထမ်းသမားများဖြစ်နေလေရာ ထိုလူများကိုစာရင်းယူပြီးနောက် ကွင်းပြင်ကြီးအတွင်း ပြီးစလွယ်ပင်မြှုပ်နှံခဲ့ကြသည်။

လက်နက်ကြီးပစ်ကွင်းသို့ရောက်သည့်အခါ အလွန်ကြီးမားသည့် အမြှောက်ကြီးများကိုတွေ့ရလေသည်။ အမြှောက်ကြီးများမှာ ထန်းပင်လုံးကြီးတမျှရှည်လျားပြီး လုံးပတ်အားဖြင့်လည်းကြီးမားကြသည်။ ထိုအမြောက်ကြီးများအနီးတွင်တော့ အမြှောက်ကျည်ဆန်သေတ္တာများကို စုပုံထားလေသည်။ လူလေးယောက်ခန့်က ထိုအမြှောက်ကျည်ဆန်တစ်လုံးကို မယူကြကာ အမြှောက်ကြီးအတွင်းထည့်လိုက်သည်။ ပြီးနောက် အမြှောက်အားပစ်ခတ်လိုက်လေရာ မိုးခြိမ်းသံပေါင်းများစွာထက် အဆပေါင်းများစွာကျယ်လောင်သည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာလေသည်။ ဘခက်တို့ပင် နားများအူသွားမိသည်။

“သူတို့ဘယ်ကိုပစ်နေကြတာလဲ”

“ဟိုးအရှေ့က ဂျာမန်တပ်တွေဆီကိုချိန်ရွယ်ပြီးပစ်နေကြတာကွ၊ ငါကြားရသလောက်ကတော့ အဲဒီမှာ ဂျာမန်တွေရဲ့ ခံကတုပ်တွေအများကြီးရှိတယ်ဆိုပဲ၊ လက်နက်ကြီးတွေနဲ့ ခုနစ်ရက်ခုနစ်လီပစ်ခတ်ပြီး ခံကတုပ်တွေကို ပစ်ခတ်ဖယ်ရှားပြီးတော့မှ အဲဒီနေရာကိုချီတက်သိမ်းပိုက်ကြမယ်ဆိုတာပဲ”

စီတန်းထားကြသည့် အမြှောက်ကြီးများမှာ နေ့ညမစဲအချိန်တိုင်း ပစ်ခတ်နေကြလေသည်။ သူတို့ပစ်ခတ်ရန်အတွက် အမြှောက်ကျည်ဆန်များကို ဘခက်တို့က နေ့ရောညပါ သယ်ယူပို့ဆောင်ပေးရသည်။ အမြောက်ကျည်ဆန်ခွံများပင်လျှင် တောင်ကြီးများကဲ့သို့ ပုံအောနေလေသည်။

ထိုသို့လက်နက်ကြီးများဖြင့် ခုနစ်ရက်တိုင်တိုင်ပစ်ခတ်ပြီးသည့်အခါမှ အလွန်များပြားသည့် စစ်သားများမှာ ခံကတုပ်များအတွင်း အဆင်သင့်ပြင်ဆင်နေကြလေသည်။ ဘခက်တို့မှာမူ အမြှောက်ကျည်ဆန်သယ်သည့်အလုပ်မှ ထိုစစ်သားများပစ်ခတ်ရန်အတွက် ကျည်ဆန်သေတ္တာများကို သယ်ဆောင်ပေးရသည့်အလုပ်သို့ပြောင်းလုပ်ရသည်။ ကျည်ဆန်သေတ္တာများသယ်ဆောင်ရသည့်အလုပ်မှာ အမြှောက်ကျည်ဆန်များသယ်ရသည့်အလုပ်ထက်စာလျှင် ပိုမိုလွယ်ကူလှပေသည်။

မိုးတဖွဲဖွဲရွာနေသည့် နံနက်ခင်းတစ်ခုတွင် ညာသံပေးသံကြီးတစ်ခုကိုကြားရပြီးနောက် စစ်သားများမှာ ပုန်းခိုအောင်းနေရာ ခံကတုပ်ကျင်းများအတွင်းမှ ပြေးထွက်လာကြကာ သံဆူးကြိုးများ၊ ခလုပ်ကန်သင်းများနှင့်ပြည့်နှက်နေသည့် စစ်ပွဲပြင်ကြီးအတွင်းသို့ ချီတက်သွားကြလေသည်။ တစ်ချိန်တည်းမှာပင် သေနတ်ပစ်သံများ၊ လက်နက်ကြီးပစ်ခတ်သံများမှာလည်း တဝေါဝေါတဒိုင်းဒိုင်းနှင့်ထွက်လာကြကာ ကောင်းကင်တစ်ခွင်ဆူညံမြည်ဟီးနေလေသည်။ ဘခက်တို့မှာ ရှေ့တန်းမထွက်ရသော်လည်း နောက်တန်းမှနေ၍ပင် ကျယ်လောင်သည့်တိုက်ပွဲအသံကြီးကြောင့် စိတ်ဓါတ်များတုန်လှုပ်ကာ စိုးရိမ်နေမိသည်။

ထိုနေ့ညနေမတိုင်ခင်မှာပင် ရှေ့တန်းမှ မြောက်များလှစွာသောအလောင်းကောင်များကို သယ်ဆောင်လာကြသည်။ စစ်သားအလောင်းကောင်များမှာ တောင်ကြီးတစ်ခုအလားပုံအောနေလေသည်။ ဘခက်တို့မှာ ပထမကမ္ဘာစစ်ကြီးအတွင်း အလွန်ပြင်းထန်ကာ လူအသေအပျောက်အများဆုံးဖြစ်သည့် ဆိုမီစစ်ပွဲနှင့်ကြုံတွေ့နေရခြင်းဖြစ်သည်။ ထိုတစ်ရက်တည်းမှာပင် အင်္ဂလိပ်နှင့်ပြင်သစ်ပူးပေါင်းထားသည့် မဟာမိတ်တပ်သားပေါင်း ငါးသောင်းကျော်သေဆုံးလေသည်။

တိုက်ပွဲစပြီးတစ်ပတ်ခန့်အကြာတွင်တော့ ရှေ့တန်းခပ်လှမ်းလှမ်းသို့ရောက်နေသည့် မဟာမိတ်တပ်များနှင့် အဆက်အသွယ်ပြတ်တောက်သွားသည်။ ဂျာမန်တပ်များမှာ ထိုမဟာမိတ်တပ်အား ဝန်းရံလိုက်ကြသဖြင့် ထိုတပ်တစ်တပ်မှာ ရန်သူ့နယ်မြေအတွင်းပိတ်မိသွားလေသည်။

ပေါ်တာများကိုခေါ်ဆောင်ပြီး စစ်ကဲမှူးက တာဝန်ပေးလေသည်။

“မင်းတို့ကိုခေါ်ရတဲ့အကြောင်းအရင်းကတော့ ငါတို့နဲ့အဆက်အသွယ်ပြတ်သွားတဲ့ တပ်မဆီကို ရိက္ခာနဲ့ဆေးဝါးတွေ ပို့ဆောင်ပေးဖို့ပဲ”

“ဟာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ အဲဒီတပ်ကို ရန်သူတွေက ဝိုင်းလိုက်ကြပြီမဟုတ်လား”

“ဒါပေမယ့် ငါတို့လူတွေကို ဖြစ်ချင်ရာဖြစ်ဆိုပြီး လျစ်လျူရှုထားလို့မရဘူးမဟုတ်လား၊ ဒါကြောင့် ပေါ်တာတွေထဲက သွားချင်တဲ့လူတွေရှိရင်လက်ထောင်ပါ၊ ဘယ်သူမှ မသွားချင်ဘူးဆိုရင်တော့ ငါတို့က မဲနှိုက်ပြီးရွေးချယ်မယ်”

ထိုအခါ ဘခက်က လက်ထောင်ပြလိုက်လေသည်။ ဦးဘိုးတူက အံ့သြလျှက်

“ဘခက် အဲဒီနေရာက ဘယ်လိုနေရာလဲဆိုတာကို မင်းသိတယ်မဟုတ်လား၊ အဲဒီနေရာက သေမင်းရဲ့ခံတွင်းဝတဲ့ကွ၊ ပေါ်တာတွေမပြောနဲ့ စစ်သားတွေတောင် တစ်ဖွဲ့ပြီးတစ်ဖွဲ့ချီတက်သွားလိုက်ကြတာ တစ်ယောက်မှအသက်ရှင်ပြီး ပြန်မာလာနိုင်ဘူးနော်ဘခက်”

“ရတယ်၊ ကျုပ်သွားမယ်၊ ဒီမှာနေတော့လည်း ကျုပ်တို့အတွက်ဘာထူးလို့လဲ၊ သေသွားတာကမှ မြတ်ပါအုံးမယ်”

ဘခက်က လက်ထောင်လိုက်သည့်အခါ ထော်ကြီးမှာလည်း လက်ထောင်လိုက်သည်။

“ထော်ကြီး မင်းကရောဘာဖြစ်ပြန်တာလဲ”

“ဘခက်လက်ထောင်လို့ ကျုပ်လည်းလိုက်ထောင်တာ၊ ဘာပဲဖြစ်ဖြစ် ဘခက်သွားတဲ့အနောက်ကို ကျုပ်လိုက်မယ်”

ဘခက်က ထော်ကြီးကိုကြည့်ကာပြုံးပြလိုက်သည်။

“ခင်ဗျားမလိုက်ဝံ့ရင် နေခဲ့လို့ရတယ် ဦးဘိုးတူ”

“တို့သုံးယောက်က အတူတူလာခဲ့ကြတာပဲ၊ မင်းတို့နှစ်ယောက်တောင်သွားမှတော့ ငါကဘာလို့နေခဲ့ရမှာလဲ”

ဗမာသုံးဦးမှာ ပထမဆုံးလက်ထောင်သည့်သူများဖြစ်သဖြင့် အင်္ဂလိပ်အရာရှိများပင် အံ့သြသွားကြရသည်။ ကျန်သည့်သူများမှာ လိုက်ဝံ့သူမရှိသည်မို့ မဲနှိုက်ကာရွေးချယ်ကြလေသည်။ နောက်ဆုံးတော့ ပေါ်တာခုနစ်ဦးကိုရွေးချယ်လိုက်ကြသည်။

“ကျုပ်ကိုမြင်းပေးပါ၊ ကျုပ်မြင်းနဲ့ကျုပ်သွားမယ်”

ပေါ်တာခုနစ်ဦးကို မြင်းခုနစ်ကောင်ပေးသည်။ ဘခက်မှာတော့ သူ၏လက်စွဲတော် နက်ကျော်ကြီးကိုစီးနင်းလိုက်သည်။ အင်္ဂလိပ်အရာရှိက ဘခက်ထံသို့လျှောက်လာကာ

“မင်းတို့ ပေါ်တာတွေကို မင်းကပဲဦးဆောင်လိုက်ပါဘခက်၊ ဟောဒီတိုက်ပွဲအတွင်းမှာ မင်းအကြောင်းတွေငါအများကြီးကြားထားတယ်၊ မြင်းကုန်းနှီးအနောက်မှာ ဆေးပစ္စည်းတွေတင်ပေးထားတယ်၊ ပြီးတော့ အရေးကြီးတာက ဟောဒီအိတ်ပဲ”

ဘခက်ကို သားရေဖြင့်ပြုလုပ်ထားသည့် လွယ်အိတ်ကလေးတစ်လုံးကိုပေးလွယ်လိုက်သည်။

ီ”ဟောဒီအိတ်ထဲမှာ တိုက်ပွဲနဲ့ပတ်သက်တဲ့စစ်ဆင်ရေးအကြောင်းအရာတွေ ရေးပြီးထည့်ထားတယ်၊ ငါတို့ အဲဒီတပ်ကိုပြန်ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေရေးထားတယ်၊ ဒီအိတ်ကိုသူတို့ရတဲ့အခါမှသာ သူတို့နဲ့ချိတ်ဆက်ပြီးလုပ်ဆောင်နိုင်မှာဖြစ်တယ်၊ ဒါကြောင့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီအိတ်ကို အဲဒီတပ်ကိုရောက်အောင်ပို့ရမယ်”

ဘခက်မှာခေါင်းညိတ်လိုက်ကာ လွယ်အိတ်ကိုစလွယ်သိုင်း၍ သေချာလွယ်လိုက်လေသည်။ ထို့နောက် ပေါ်တာများမှာ မြင်းပေါ်သို့ခုန်တက်လိုက်ကြသည်။ ဘခက်က အားလုံးကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး

“ကျုပ်အနောက်ကိုသာ လိုက်လာခဲ့ကြပေတော့”

မြင်းကိုဒုန်းစိုင်းစီးနင်းကာ တိုက်ပွဲအစပ်တွင်ရပ်လိုက်လေသည်။ ဘခက်တို့အရှေ့တွင်တော့ တိုက်ပွဲကွင်းပြင်ကြီးက သုဿန်တစပြင်ကြီးနှယ် ကျယ်ပြောစွာတည်ရှိနေလေသည်။ မြေပြင်တစ်လျှောက်တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲထားသဖြင့် ဗက်ပြဲကြီးဖြစ်နေသည့် မြေကျင်းကြီးများ၊ သံဆူးကြိုးလိပ်အတားအဆီးများ၊ ခလုပ်ကန်သင်းများနှင့်ပြည့်နှက်နေသည်။

ဦးဘိုးတူက မြင်းတစ်စီးဖြင့် ဘခက်အနားသို့တိုးကပ်လာပြီး

“ဘခက် မင်းဘယ်လိုလုပ်မယ်စိတ်ကူးထားသလဲ”

“ကျုပ်တို့ ဒီဘက်ကွင်းပြင်ကိုဖြတ်မယ်၊ ပြီးရင်တော့ ဟိုးမှာမြင်နေရတဲ့ တောင်ရိုးကလေးကနေတဆင့် တပ်ဖွဲ့ကိုပတ်ပြီးသွားကြမယ်”

“ဖြစ်ပါ့မလားဘခက်ရ”

“တောင်ရိုးဆိုတာ ရန်သူတွေအတွက်နောက်တန်းပဲ၊ ကျုပ်တို့ ဒီအရှေ့က စစ်မျက်နှာပြင်ကိုသာ ဖြတ်နိုင်ရင် ကျန်တဲ့လမ်းမှာ အတားအဆီးသိပ်မရှိတော့ဘူး”

“ကောင်းပြီ၊ ဒီတစ်ခေါက်တော့ မင်းကဦးဆောင်တဲ့သူပဲ မင်းပြောတဲ့အတိုင်းငါတို့လုပ်ရမှာပေါ့”

“အားလုံးအသင့်ဖြစ်ပြီနော်”

မြင်းစီးသမားများက ခေါင်းညိတ်ကြလေသည်။

“ကဲ ဒါဆိုရင်တော့ ကျုပ်အနောက်သာလိုက်ခဲ့တော့၊ သိပ်ဝေးဝေးမှာ ပြတ်ကျန်မနေခဲ့စေနဲ့”

ဘခက်ကပြောဆိုပြီး နက်ကျော်ကြီး၏ တင်ပါးကိုခြေဖနောင့်နှင့်ပုတ်လိုက်လေရာ နက်ကျော်ကြီးမှာ လေ၏အမြန်နှုန်းဖြင့် လျှင်မြန်စွာပြေးထွက်သွားလေသည်။ မဟာမိတ်တပ်များ သိမ်းဆည်းရယူထားသည့် နယ်မြေကို ကျော်လွန်လာခဲ့သည့်အခါတွင်တော့ ပစ်ခတ်မှုများကိုစတင်မြင်တွေ့နေရပြီဖြစ်သည်။ မဟာမိတ်တပ်များနှင့် ဂျာမန်တပ်များမှာ ကတုပ်ကျင်းများအတွင်းမှ တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်နေကြသည်။

ဘခက်မှာ မြင်းကျောပေါ်တွင် ကိုယ်ကိုဝပ်ထားလျှက် ခြေကုန်ဖွင့်ကာ မောင်းနှင်နေမိသည်။ ရန်သူဘက်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးများက တဒုန်းဒုန်းဖြင့်ကျရောက်ပေါက်ကွဲလေသည်။ ထိုနည်းတူ ရန်သူများပစ်ခတ်လိုက်သည့် ကျည်ဆန်များမှာလည်း တဝီဝီနှင့် ပွတ်ကာသီကာဖြတ်သန်းနေကြသည်။ မြေတွင်လည်း ဆူးညှောင့်ခလုပ်များ၊ သံဆူးကြိုးများကိုတွေ့သည့်အခါ မြင်းကြီးက ခုန်လွှား၍ ရှောင်ရှားရပြန်သည်။ ဘခက်တို့မြင်းခုနစ်စီးတွင် ငါးစီးသာကျန်တော့ပြီး ကျန်သည့်မြင်းစီးသူနှစ်ဦးမှာ ရန်သူများပစ်ခတ်သည့်ကျည်သင့်၍ သေဆုံးသွားလေသည်။

“မရပ်နဲ့နော်၊ လုံးဝမရပ်လိုက်နဲ့၊ ရပ်လိုက်တဲ့လူသေမှာပဲ”

ဘခက်တို့မှာ ဆက်လက်စီးနင်းလာကြသည်။ တစ်နေရာအရောက်တွင်တော့ အရှေ့တွင်ဝါကျင့်ကျင့်မြူထူကြီးများ ကျဆင်းနေသည်ကိုတွေ့ရသည်။ ဘခက်မှာ ထိုမြူထူများကိုကြည့်လိုက်ရင်း

“အဲဒီအထဲကနေ ဖြတ်သွားမယ်”

ဦးဘိုးတူက ဘခက်အားမယုံနိုင်စွာကြည့်နေရင်း

“ဘခက် အဲဒါ ဓါတ်ငွေ့တွေကွ၊ အဆိပ်ဓါတ်ငွေ့တွေနော်၊ ငါတို့မှာလည်း ဓါတ်ငွေ့ကာမျက်နှာဖုံးတွေ ပါလာတာမဟုတ်ဘူး”

“ကျုပ်တို့သင်တန်းတက်တုန်းက အဲဒီဓါတ်ငွေ့တွေက လေထက်လေးလို့ အထက်ကိုမတက်ဘဲ အောက်ကိုဆင်းတယ်လို့ပြောကြတယ်မဟုတ်လား၊ ဒီတော့ ကျုပ်တို့တွေ မြေမြင့်တဲ့နေရာကနေသွားနိုင်ရင် ဓါတ်ငွေ့သင့်တာကနေ ကာမိမယ်၊ နောက်တစ်ခုက ဓါတ်ငွေ့တွေက ထူထပ်နေတော့ ရန်သူတွေက ကျုပ်တို့ကိုလွယ်လွယ်မြင်နိုင်မှာမဟုတ်ဘူး”

“ဖြစ်ပါ့မလားကွာ”

“အမြန်ဆုံးအရှိန်နဲ့ ဒီဓါတ်ငွေ့တွေကိုဖြတ်မယ်ဆိုရင် လေးငါးမိနစ်ထက် ပိုမကြာနိုင်ပါဘူး ဦးဘိုးတူရာ”

ဘခက်ကပြောဆိုလိုက်ပြီး

“ကဲ ငါ့လူတို့ ငါ့အနောက်သာလိုက်ခဲ့ကြတော့”

ဘခက်က ဓါတ်ငွေ့တောအတွင်းသို့ ဖြတ်ပြေးလေသည်။ ဝါကျင့်ကျင့်ဓါတ်ငွေ့များမှာ အလွန်နံစော်လှပေသည်။ ဘခက်မှာ လက်မောင်းနှင့် နှာခေါင်းပါးစပ်များကို တင်းကြပ်စွာအုပ်ပြီး မျက်လုံးကိုခပ်မျဉ်းမျဉ်းဖွင့်ကာ ကြည့်ရှုရသည်။ ဘခက်၏ မျက်လုံးများမှာ ပူစပ်ပူလောင်ဖြစ်လာကာ ကျိန်းစပ်နေလေသည်။

ဓါတ်ငွေ့မြူများအတွင်းသို့ မဝင်ဝံ့ကြသည့် ပေါ်တာနှစ်ဦးမှာ မြင်းများကို ဓါတ်ငွေ့များကင်းစင်သည့်ဘက်မှ ပတ်မောင်းကြလေရာ ရန်သူများက တွေ့မြင်သွားပြီး ထိုနှစ်ဦးအား စက်သေနတ်များဖြင့်ပစ်ခတ်ကြသဖြင့် ထိုနှစ်ဦးမှာ မရှုမလှသေဆုံးကြရသည်။ သို့နှင့် ပေါ်တာအဖွဲ့တွင် ဘခက်တို့ ဗမာသုံးဦးသာကျန်ခဲ့တော့သည်။

ဓါတ်ငွေ့မြူကြီးကိုဖြတ်ကျော်ပြီးသည့်အခါ ဘခက်တစ်ကိုယ်လုံးကို အပ်များနှင့်ထိုးထားသကဲ့သို့ တဆစ်ဆစ်နှင့်နာကျင်လှပေသည်။ ဘခက်တို့မှာ တောင်ရိုးကလေးအောက်ခြေသို့ရောက်သွားကြသည်။ ထိုနေရာမှာ ပစ်ခတ်မှုသိပ်မရှိသည့် ရန်သူ၏ နောက်တန်းဌာနနေရာဖြစ်သည်။ ဘခက်မှာ တောင်ရိုးအောက်ခြေရှိ စမ်းချောင်းကလေးအတွင်းသို့ မြင်းများကိုမောင်းသွင်းလိုက်သည်။ စမ်းချောင်းရေတွင် တစ်ကိုယ်လုံးကိုဆေးကြောလိုက်သည့်အခါမှ ဓါတ်ငွေ့ထိထားသည့် ဝေဒနာများ သက်သာသွားရသည်။

“မင်းကတော့ လုပ်လိုက်ရင်အဆန်းကြီးပဲ ဘခက်ရာ”

ထော်ကြီးက ဘခက်ကိုပြောသည်။ ဦးဘိုးတူက

“ငါတို့ဘယ်လိုဆက်လုပ်ကြမလဲဘခက်”

“ကျုပ်တို့ဒီနားမှာနားပြီး ညမှောင်အောင်စောင့်ကြမယ်၊ ညမှောင်တဲ့အခါမှ ရန်သူရဲ့နောက်တန်းကနေဖြတ်ကြမယ်၊ မြင်းခွာသံတွေကြားပေမယ့် ရန်သူတွေက နောက်တန်းနေရာဖြစ်နေတာကြောင့်မို့လို့ ကျုပ်တို့ကိုသူ့လူလား ကိုယ့်လူလားဆိုပြီး ခွဲခြားနိုင်မှာမဟုတ်ဘူး”

“မင်းအကြံကောင်းသားပဲဘခက်”

“ရန်သူ့နောက်တန်းကို ညဘက်ဖြတ်ကျော်ပြီးရင် မနက်ဖြန်မိုးမလင်းခင်တော့ ကျုပ်တို့ရဲ့ဦးတည်ချက်ကိုရောက်မယ်ထင်ပါရဲ့ဗျာ”

သူတို့သုံးယောက် ထိုနေရာတွင် ခဏတာအပန်းဖြေအနားယူနေကြသည်။ မြင်းများမှာလည်း ရေသောက်ကြပြီး မြက်တောအစပ်မှ မြက်နုများကိုစားသုံးနေကြသည်။

(၄)

ညအမှောင်က ပိန်းပိတ်အောင်မှောင်နေလေသည်။ ဘခက်တို့သုံးဦးမှာ မြင်းကိုခပ်အုပ်အုပ်စီးလာရင်း ပုံမှန်ကလေးချီတက်လာကြသည်။ တစ်နေရာအရောက်တွင်တော့ ကတုပ်ကျင်းများတူးဖော်နေကြသည့် ဂျာမန်အဖွဲ့နှင့်ပက်ပင်းတိုးလေသည်။ ထော်ကြီးမှာ ဘခက်အား ခပ်အုပ်အုပ်ခေါ်လိုက်ပြီး

“ဘခက် ဘယ်လိုလုပ်ကြမလဲ”

“ဟန်မပျက်စေနဲ့ကိုယ့်လူ၊ အေးအေးလူလူပဲ လာခဲ့ကြ”

သူတို့သုံးဦးမှာ မြင်းကိုယ်စီဖြင့် ဂျာမန်စစ်သားများအနီးမှဖြတ်သန်းသွားကြသည်။ ဂျာမန်များမှာ ဘခက်တို့အား ကြောင်ကြည့်နေကြသည်။ ဘခက်တို့ဝတ်ထားသည့် ဝတ်စုံများမှာ စစ်ဝတ်စုံများမဟုတ်သဖြင့် ဂျာမန်များက ဘခက်တို့အား ရန်သူလား၊ မိတ်ဆွေလားဆိုတာ ခွဲခြားရန်ခက်နေသည်။ မြင်တွေ့ရသည့်နေရာမှာလည်း နောက်တန်းစခန်းတစ်ခုဖြစ်သည့်အတွက် ရန်သူများမဖြစ်နိုင်ဟု သတ်မှတ်ကြသည်။

ဘခက်တို့သုံးဦး ခပ်တည်တည်နှင့် ဆက်လာကြစဉ်တစ်နေရာအရောက်တွင် ဂျာမန်စစ်သားတစ်ဦးက ဂျာမန်လိုအော်ဟစ်ကာ မေးမြန်းလေသည်။ ဘခက်မှာ အကြပ်တွေ့ပြီဖြစ်သည်။ အင်္ဂလိပ်စကား ပြင်သစ်စကားကို မတောက်တခေါက်ပြောဆိုတတ်သော်လည်း ဂျာမန်စကားမတတ်သည့် ဘခက်တို့မှာ အခက်တွေ့ချေပြီ၊ ထိုဂျာမန်စစ်သားမှာလည်း ဘခက်တို့အားမသင်္ကာသဖြင့် သေနတ်ကိုအသင့်ပြင်လိုက်ကာ ထိုးချိန်လိုက်လေသည်။ ဘခက်မှာ ခေါင်းကိုငုံ့ထားမိသည်။ ဂျာမန်စစ်သားမှာ တဖြည်းဖြည်းတိုးကပ်လာလေရာ ဘခက်က နက်ကျော်ကြီး၏ ဇက်ကျိုးကိုအသာဆောင့်ဆွဲထည့်လိုက်သည်။ နက်ကျော်ကြီးကလည်း အကင်းပါးသည်။ ဂျာမန်စစ်သားကို ရှေ့ခြေထောက်ဖြင့် ကန်ကျောက်ထည့်လိုက်ရာ ဂျာမန်စစ်သားမှာ လွင့်ထွက်သွားသည်။

“ပြေးကြစို့”

ဘခက်ကပြောဆိုလိုက်သည်နှင့် သုံးဦးသား မြင်းကိုဒုန်းစိုင်းမောင်းနှင်လာခဲ့ကြသည်။ ဂျာမန်တပ်များအတွင်း အော်ဟစ်သံများနှင့် ဆူညံသွားကြလေသည်။ ထို့နောက် ဘခက်တို့သုံးဦးအား သေနတ်များဖြင့်ပစ်ခတ်ကြသည်။ ဘခက်က ဂျာမန်စစ်သားများ အနားယူအသုံးပြုသည့် ရွက်ဖျက်တဲများအကြားမှ မြင်းကိုဖြတ်မောင်းသွားသည်။ ဂျာမန်စစ်သားများပစ်ခတ်လိုက်သည့်ကျည်ဆန်များမှာ ရွက်ဖျင်တဲများအတွင်းရှိ ဂျာမန်များကိုထိမှန်ကုန်သဖြင့် ဂျာမန်တပ်များမှာ အရမ်းကာရော မပစ်ခတ်ရဲကြပေ။

ဘခက်မှာ ကတုပ်ကျင်းတူးသည့် ဂေါ်ပြားတစ်ခုကိုဆွဲယူလိုက်ပြီး မြင်းစီးနေသည်။ ဂျာမန်စစ်သားအချို့မှာ ဘခက်အရှေ့တွင်ပိတ်ရပ်ကာ တားဆီးရန်ကြိုးစားသော်လည်း ဘခက်က မြင်းနှင့်တိုက် ဂေါ်ပြားနှင့်ရိုက်သည်မို့ မတားဝံ့ပဲဖြစ်နေကြသည်။ သို့နှင့် ဂျာမန်တပ်များ၏ နောက်တန်းကိုဖြတ်ကျော်ပြီးသည့်အခါ နောက်ဆုံး သူတို့ဦးတည်ရာ မဟာမိတ်တပ်မနှင့် နီးကပ်လာလေသည်။

များမကြာမီ တရွီးရွီးအသံမြည်ကာ ကောင်းကင်ပေါ်သို့ မီးလုံးကြီးများက ခုန်တက်လာလေသည်။ ထိုမီးလုံးကြီးများပြန်ကျလာသည့်အခါ ကောင်းကင်တစ်ခွင်တွင် ထိန်လင်းသွားသည်။ အမှောင်ထုကို အားပြုကာ ကွင်းပြင်အတွင်းပြေးလွှားနေသည့် ဘခက်တို့မှာလည်း နံနက်ခင်းအလား လင်းချင်းသွားသဖြင့် ထင်ထင်လင်းလင်းဖြစ်သွားရသည်။

ဂျာမန်များမှာ အော်ဟစ်လျှက် ဘခက်တို့သုံးဦးထံသို့ သေနတ်များဖြင့်ပစ်ခတ်ကြသည်။ ကျည်ဆန်များမှာ ဘခက်အားပွတ်ကာသီကာ ဖြတ်သန်းသွားသည်။ ပြေးလွားနေရင်း ကျည်ဆန်စက်ကွင်းမှလွတ်ခဲ့သည့်အခါ ထော်ကြီးမှာ ဘခက်အားအော်ခေါ်လိုက်သည်။

“ဘခက် ဦးဘိုးတူ . . . ဦးဘိုးတူ”

ထိုတော့မှ ဘခက်မှာအနောက်သို့လှည့်ကြည့်မိသည်။ ဦးဘိုးတူ၏မြင်းမှာ ဆက်လက်ပြေးလွှားလိုက်လာသော်လည်း မြင်းပေါ်စီးလာသည့် ဦးဘိုးတူမှာ ကုန်းကုန်းကြီးလိုက်ပါလာလေသည်။ ဘခက်က မြင်းကိုရပ်တန့်လိုက်ပြီး ဦးဘိုးတူမြင်းကိုဆွဲလိုက်လေရာ ဦးဘိုးတူမှာ မြင်းပေါ်မှခွေခနဲကျသွားသည်။ ထော်ကြီးနှင့်ဘခက်တို့လည်း ဦးဘိုးတူကို ပြေးဆွဲကြသည်။ ဦးဘိုးတူ၏ ရင်ဘတ်တွင်တော့ သေနတ်ကျည်ပွင့်ရာနှစ်ချက်ရှိပြီး သွေးများကယိုစီးကျနေလေသည်။

“ဦးဘိုးတူ၊ ဘယ်လိုဖြစ်ရတာလဲ ဦးဘိုးတူရာ”

ဦးဘိုးတူမှာ ရယ်ကျဲကျဲဖြင့်

“ငါက မင်းတို့နှစ်ယောက်လောက် ကံမကောင်းလို့ပေါ့ကွာ”

“ဦးဘိုးတူအားထင်းထားပါဗျာ၊ ရှေ့ဆို တပ်မဆီရောက်ပါပြီ၊ ဦးဘိုးတူကို သူတို့ဆီက ဆေးတပ်သားတွေက ဆေးကုပေးမှာပါ”

ဦးဘိုးတူမှာ ခေါင်းခါပြရင်း ပါးစပ်မှ သွေးများက ပွက်ခနဲအန်ကျလာလေသည်။

“ငါမရတော့ပါဘူး ဘခက်ရာ၊ ငါ့ကိုသာထားခဲ့စမ်းပါ၊ ငါကံကုန်ပြီထင်ပါတယ်ကွာ”

“ဦးဘိုးတူ၊ ဦးဘိုးတူအခုလိုဖြစ်ရတာ ကျုပ်ကြောင့်၊ ကျုပ်သာဦးဆောင်ပြီးခေါ်မလာခဲ့ရင် ဦးဘိုးတူ အခုလိုသေရမှာမဟုတ်ဘူး”

ဦးဘိုးတူက ဘခက်လက်မောင်းအား သူ့လက်နှင့်ဆွဲကိုင်လိုက်ပြီး

“မဟုတ်ပါဘူးဘခက်ရာ၊ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ပဲမဟုတ်လား၊ အခုတော့ ငါလွတ်လပ်သွားပြီ၊ မဟုတ်ရင် ငါတစ်ကျွန်းထောင်မှာ ဘယ်လောက်ကြာကြာဆက်ပြီး ထောင်နန်းစံနေရမလဲ မသိ . . . သိ . .သိ”

ဦးဘိုးတူမှာပြောဆိုရင်း ချောင်းသုံးလေးချက်ဆိုးပြီးသည့်နောက် ငြိမ်ကျသွားလေသည်။ ဘခက်မှာ ဦးဘိုးတူ၏ မျက်လုံးများကိုမှိတ်ပေးလိုက်မိသည်။ ထိုအခါ ဂျာမန်တပ်များက ဘခက်တို့အနောက်သို့ပြေးလိုက်လာကြသည်။ ထော်ကြီးက ဘခက်လက်မောင်းအားဆွဲကိုင်လှုပ်ယမ်းလိုက်ပြီး

“ဘခက် ငါတို့သွားမှဖြစ်မယ်၊ ငါတို့သွားမှဖြစ်မယ်”

ဘခက်မှာ ငူငူကြီးထိုင်နေမိသည်။

“လာစမ်းပါ ဘခက်ရာ၊ သေတဲ့လူက သေနေပြီပဲကွ၊ လာစမ်းပါ”

ထော်ကြီးမှာ မြင်းပေါ်သို့ခုန်တက်လိုက်လေသည်။ ဘခက်လည်း လေးလံသောခြေလှမ်းများဖြင့် မြင်းပေါ်သို့ခုန်တက်လိုက်ကာ မြင်းကိုဒုန်းစိုင်းမောင်းနှင်ခဲ့သည်။

မိုးမသောက်မီအချိန်တွင် မဟာမိတ်တပ်မခြေကုပ်ယူထားသည့် ရွာငယ်ကလေးတစ်ရွာဆီသို့ရောက်လာခဲ့သည်၊ ရွာငယ်ကလေးမှာ ရွာပျက်ကြီးဖြစ်နေပြီး အဆောက်အဦးများမှာ မြင်ရက်စရာမရှိအောင် ပျက်စီးနေလေသည်။ ဘခက်တို့က မဟာမိတ်တပ်များအားမြင်ရနေပြီဖြစ်သည်။ ဘခက်မှာ အသင့်ယူဆောင်လာသည့် မဟာမိတ်တပ်ပေါင်းစုအလံအား လက်တွင်ကိုင်ကာ ဝှေ့ယမ်းလိုက်သည့်အခါ ရွာငယ်ကလေးအတွင်းမှ တပ်သားများက အော်ဟစ်ကာအားပေးကြသည်။

ဘခက်နှင့်ထော်ကြီးတို့နှစ်ယောက် ရွာလမ်းအတိုင်းမြင်းစီးဝင်လာကြသည့်အခါ စစ်သားအချို့က လက်ကိုကြက်ခြေခတ်ပုံစံပြုလုပ်ကာ လှမ်းပြကြသည်။ ဘခက်မှာအစက အော်ဟစ်အားပေးသည်ဟုထင်နေသော်လည်း ကြက်ခြေခတ်ပုံစံကိုမြင်လိုက်ရသည့်အခါမှ သူတို့အားမလာရန်တားဆီးနေသည်ကိုသတိထားမိလိုက်သဖြင့် မြင်းဇက်ကြိုးကိုဆောင့်ဆွဲကာ မြင်းကိုရပ်လိုက်သည်။ နက်ကျော်ကြီးပင် ပဒတ်ရပ်ကာ ရပ်တန့်သွားသည်။ ဘခက်နှင့်ရင်ဘောင်တန်းမြင်းစီးလာသော ထော်ကြီးမှာ ဘခက်ရပ်တန့်လိုက်သည်ကို သတိမမူမိဘဲ မဟာမိတ်တပ်များဆီသို့ မြင်းကိုဒုန်းစိုင်းမောင်းနှင်သွားလေရာ ခပ်လှမ်းလှမ်းအရောက်တွင် ဝုန်းခနဲအသံကြီးတစ်ချက်ကြားလိုက်ရပြီး ထော်ကြီးစီးလာသည့်မြင်းရော ထော်ကြီးပါ လေပေါ်မြောက်တက်သွားသည်။

ထိုတော့မှ လမ်းတစ်လျှောက်တွင် မြေမြှုပ်ဗုံးများထောင်ထားမှန်းကို ဘခက်ကသိလိုက်ရသည်။ ဘခက်ရပ်တန့်သွားပြီး မကြာခင်မှာပင် အင်္ဂလိပ်စစ်သားတစ်ချို့က မြေမြှုပ်ဗုံးထောင်ထားသည့်နေရာကိုရှောင်ကွင်းကာ ပြေးထွက်လာကြသည်။ ထိုမြေမြှုပ်ဗုံးများမှာ မဟာမိတ်စစ်သားများ မြှုပ်နှံထားပုံရသည်။ ဘခက်လည်းထိုသူများသွားသည့်အတိုင်း လိုက်လာခဲ့ရင်းမှ မကြာခင် စစ်သားနှစ်ဦးက ထော်ကြီးကိုဆွဲလာကြလေသည်။ ထော်ကြီးမှာ ပေါင်ရင်းမှစတင်ကာ ခြေထောက်နှစ်ဖက်စလုံးပြတ်ထွက်သွားပြီး သွေးများက တဝေါဝေါစီးကျနေသည်။

ဘခက်က ထော်ကြီးကိုပြေးဆွဲလိုက်ပြီး

“ထော်ကြီး ဘယ်လိုဖြစ်ရတာလဲ ထော်ကြီးရာ”

ထော်ကြီးက အလွန်ပျော်ရွှင်နေသည့်မျက်နှာထားဖြင့်

“ဘခက်ရေ ငါတော့လွတ်သွားပြီဟ၊ ငါတော့ လွတ်လပ်သွားပြီ”

ထော်ကြီးမှာ အလွန်ဝမ်းသာအားရပျော်ရွှင်စွာ အော်ဟစ်နေလေသည်။ အင်္ဂလိပ်စစ်သားများမှာ ဘခက်ယူလာသည့် ဆေးပစ္စည်းများအတွင်းမှ စိတ်ငြိမ်ဆေးများကို ထော်ကြီးအားထိုးပေးလိက်သည့်အခါ ထော်ကြီးတစ်ယောက် မကြာခင် မှိန်းကျသွားလေသည်။ သို့သော်လည်း ထော်ကြီး၏ ဒဏ်ရာမှာပြင်းထန်လှသဖြင့် အခြေအနေသိပ်မကောင်းလှပေ။ ထိုမနက် နေထွက်သည့်အချိန်မှာပင် ထော်ကြီးတစ်ယောက် အသက်ဇီဝန်ချုပ်ငြိမ်းသွားတော့သည်။ ဘခက်စီးနင်းလာခဲ့သည့် မြင်းကြီးနက်ကျော်မှာလည်း ဘခက်အရှေ့တွင်ပင် လဲကျသွားသည်။

“ဘာဖြစ်တာလဲ မြင်းဘာဖြစ်တာလဲ”

“မြင်းက အဆိပ်သင့်နေတယ်၊ ပြီးတော့ အမောဖောက်နေပြီ၊ သေတော့မယ်ထင်တယ်”

မြင်းကြီးနက်ကျော်မှာ နှာခေါင်းပေါက်ကြီးများကို ဖွင့်လိုက်ပိတ်လိုက်လုပ်ကာ အသက်ကိုလုရှုနေရသည်။ ဘခက်က စစ်သားတစ်ယောက်ထံမှ ဓါးမြှောင်ကိုတောင်းယူလိုက်ပြီးနောက် နက်ကျော်ကိုပွတ်သပ်ပေးနေမိသည်။

“နက်ကျော် မင်းတာဝန်ကျေခဲ့ပါတယ်ကွာ၊ မင်းလည်းလွတ်မြောက်သွားခဲ့ပါပြီ၊ နောင်ဘဝမှာ မြင်းမဖြစ်ပါစေနဲ့၊ မြင်းဖြစ်လာခဲ့ရင်လည်း သူများခိုင်းစေစီးနင်းတဲ့ မြင်းကြီးမဖြစ်ဘဲ စိမ်းလန်းတဲ့စားကျက်ခင်းကြီးထဲမှာ လွတ်လွတ်လပ်လပ်ကျက်စားနိုင်တဲ့ မြင်းရိုင်းတစ်ကောင်ဖြစ်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်ကွာ”

ဘခက်ပြောဆိုနေသည်ကို မြင်းကြီးနက်ကျော်က နားလည်သည့်အလား မျက်လုံးကလယ်ကလယ်ဖြင့်ကြည့်နေလေသည်။ ဘခက်က ဖားဖိုကြီးကဲ့သို့ လှုပ်ရှားနေသည့်မြင်း၏ရင်အုံတည့်တည့်ကို ဓါးဖြင့်ထိုးစိုက်ချထည့်လိုက်သည်။ မြင်းကြီးနက်ကျော်မှာ အသံကုန်ဟစ်အော်လိုက်ပြီး မကြာခင်တွင်ငြိမ်သက်သွားလေတော့သည်။ ဘခက်မှာ နက်ကျော်အနီးတွင် ငိုကြွေးနေစဉ်မှာပင် ဘခက်အနားသို့ ဗိုလ်ကြီးတစ်ဦးရောက်လာလေသည်။

“ကဲ ငိုတာတွေတော်သင့်ပြီ၊ ဌာနချုပ်က ဘာသတင်းစကားပါးလိုက်သလဲ”

ဘခက်က သူလွယ်ထားသည့်လွယ်အိတ်ကိုဖြုတ်လျှက်

“ဒီနေရာမှာ ဘယ်သူရာထူးအကြီးဆုံးလဲ၊ ဟောဒီအိတ်ကို ရာထူးအကြီးဆုံးလူကို ပေးရမယ်လို့ သတင်းစကားပါးလိုက်တယ်”

“လောလောဆယ်ရာထူးအကြီးဆုံးကတော့ငါပဲ၊ ကျန်တဲ့လူတွေကတော့ သေကုန်ကြပြီ”

ဘခက်မှာ ထိုအိတ်ကလေးကို ဗိုလ်ကြီးအားလှမ်းပေးလိုက်သည်။ ဗိုလ်ကြီးမှာ အိတ်ကိုလှမ်းယူလိုက်ပြီးနောက် ဘခက်အား ခြောက်လုံးပြူးသေနတ်တစ်လက်ကိုလှမ်းပေးလိုက်သည်။ ဘခက်က သေနတ်အားကြည့်ရင်း

“ပေါ်တာဆိုတာ သေနတ်မကိုင်ရဘူးလေ”

“မင်းက ပေါ်တာဆိုပေမယ့် တကယ့်စစ်သားကြီးတွေတောင်မလာဝံ့တဲ့နေရာကို ဖြတ်ကျော်ပြီးလာခဲ့တယ်ဆိုတော့ မင်းရဲ့သတ္တိက စစ်သားတွေထက်တောင် ပြောင်မြောက်လှပါတယ်၊ မင်းလိုသတ္တိကောင်းတဲ့လူကိုမှ သေနတ်ပေးမကိုင်ဘူးဆိုရင် ဒီစစ်ပွဲက နိုင်ဖို့အကြောင်းမရှိတော့ဘူး”

အနားမှ ဆာဂျင်တစ်ဦးကလည်း ဘခက်အားပြုံးပြလျှက်

“ငါတို့တပ်ဖွဲ့ကနေ ကြိုဆိုပါတယ်ကောင်ကလေး”

ထိုတော့မှ ဘခက်မှာ ဗိုလ်ကြီးပေးသည့် ခြောက်လုံးပြူးသေနတ်ကိုဆွဲယူလိုက်လေတော့သည်။ ဘခက်တစ်ယောက် ထိုတပ်ခွဲတွင်ပင် အခြားလူများနှင့်ရင်ဘောင်တန်း၍ တိုက်ခိုက်လာခဲ့သည်မှာ ပထမကမ္ဘာစစ်ကြီးပြီးဆုံးသွားသည့်အချိန်အထိဖြစ်သည်။

ရထားကြီးက တငြိမ့်ငြိမ့်နှင့်ခရီးဆက်နေဆဲဖြစ်သည်။ ဘခက်မှာရထားခေါင်မိုးတစ်နေရာသို့စိုက်ကြည့်ရင်း

“ဒါနဲ့ပဲ ကျုပ်စစ်ကြီးထဲမှာ ပျော်မွေ့ခဲ့ရတယ်ဆိုပါတော့၊ စစ်ပွဲထဲမှာ ကြုံတွေ့ရတဲ့အရာတွေအကုန်လုံးက ကျုပ်ဘဝအတွက် မမေ့နိုင်စရာအကြောင်းအရာတွေပါပဲ၊ စစ်ကြီးပြီးတော့ ကျုပ်ဥရောပမှာပဲ ဆယ်နှစ်လောက်ကျင်လည်နေခဲ့တယ်၊ ဒါကြောင့် ကျုပ်က အင်္ဂလိပ်စာကို ရေးတတ်ဖတ်တတ်တဲ့အပြင် ပီပီသသပြောဆိုနေနိင်တာပေါ့”

ဘခက်ကပြောဆိုပြီး မနှင်းဆီကိုလှည့်ကြည့်လိုက်သည့်အခါ မနှင်းဆီမှာ အိပ်မောကျနေပြီဖြစ်သည်။ ဘခက်က တစ်ချက်ပြုံးရင်း မနှင်းဆီ ကိုယ်ပေါ်တွင် လျှောကျနေသည့် ချည်ထည်အင်္ကျီကြီးကို ပြန်ဆွဲတင်ကာ ဖုံးလွှမ်းပေးလိုက်သည်။