ဝင်းနွယ်(သစ်တော)
ငါးတန်တွေ သောင်ရေစီးမှာလ
ပြာသိုလသည် ရေအေးစပ်သို့ ဝင်သောလ ဖြစ်ပေသည်။ ရေအေးစပ်သို့ ဝင်သောလဟု ဆိုခြင်းမှာ အခြား မဟုတ်။ ဟေမန္တ၏ ဆောင်းချမ်းမြမြချိန်အခါဝယ် ဧရာဝတီမြစ်ရေသည်လည်း အေးစိမ့်နေခြင်းကို ဆိုလိုခြင်းပင် ဖြစ်ပေတော့သည်။
အေးမြသောရေတွင် ငါးများက စုန်ဆင်းခြင်း၊ ဆန်တက်ခြင်း မပြုလုပ်ကြတော့ချေ။ ကြုံသည့်နေရာတွင်သာ ဖြစ်သလို ဝပ်နေတတ်ကြသော အလေ့အထ ရှိကြသည်။
တစ်နည်းအားဖြင့် ချမ်းအေးသောလများတွင် ရေပျော်ငါးများ ငုပ်လျှိုးနေတတ်ခြင်းကို ငါးမထွက်သောလ၊ သို့မဟုတ် ရေအေးစပ်ဝင်သောလဟု ရေလုပ်သားကြီးတို့က ကင်ပွန်းတပ်ကြပေသည်။
ပိုက်ကြီးသမားတို့ ပျော်ရွှင်ရသောအချိန်မှာ တော် သလင်း တစ်ရေလည်ချိန်နှင့် တပေါင်း တစ်ရေလည် ချိန်တို့ ဖြစ်သည်။ တစ်ရေလည်သည်ဆိုခြင်းမှာ ရေ ပြောင်းရေလွဲ၊ ရေတက်ရေကျတွင် ရေပြင်၏ အခြေအနေ ပြောင်းလဲလည်ပတ်နေချိန်ကို ဆိုလိုသည်။
ဝါဆို ဝါခေါင် ရေဖောင်ဖောင် ဟူသော စကားအရ မြစ်ကမ်းလုံးပြည့်မျှ ရေတိုးခဲ့ပြီး တော်သလင်းလတွင် ရေက တစ်ရှိန်ထိုး ကျဆင်းသွားခြင်းကို တော်သလင်း တစ်ရေလည်ချိန်ဟု ခေါ်ကြသည်။
တပေါင်းလတွင်ကား ထိုသို့ ရေတက်ရေကျနှင့် မသက်ဆိုင်။ ရာသီဥတု အပြောင်းအလွဲကြောင့် ဖြစ်ပေါ်လာသော ရေပြောင်းရေလွဲနှင့်သာ သက်ဆိုင်ပေသည်။
ပြာသို၊ တပို့တွဲ ချမ်းအေးသောလရာသီ၌ ရေအေး စပ် ဖြစ်သဖြင့် ငါးမလျှောက်တော့ချေ။ ထိုလများကို ကျော်လွန်၍ တပေါင်းလသို့ဝင်သော် နေပူရှိန်ကြောင့် ရေသည် ပူနွေးလာသည်။ ထိုရေနှင့် သင့်တင့်လျောက်ပတ်သော အခြေအနေသဘာဝကြောင့် ငါးများ စုန်ချည် ဆန်ချည်ဖြင့် ပြန်ပေါ်လာရပေသည်။
ထိုသို့ ရေအေးမှ ရေပူသို့ ပြောင်းလဲခြင်းကိုပင် တစ်ရေလည်သည်ဟု သုံးနှုန်းကြပြန်သည်။
တော်သလင်း တစ်ရေလည်သည် ရေတက်ရာမှ ရေကျခြင်းကို ဆိုလို၍ တပေါင်းတစ်ရေလည်သည် ရေအေးစပ်မှ ရေပူသို့ ပြောင်းလဲခြင်းကို ရည်ညွှန်းလေသည်။
ထိုကာလများတွင် ငါးမြူးတတ်သဖြင့် ရေလုပ်သားကြီးများအတွက် မျှော်လင့်ချက်အကောင်းဆုံးအချိန် ဟု သတ်မှတ်နိုင်ပေသည်။
xxx xxx xxx
“ကဲ အားလုံး အဆင်သင့်လုပ်ထားကြ … ပိုက်ချမယ်ဟေ့။ အုန်းမောင်က လှိုင်းထောက်ပေးကွာ။ တင်ကြိုင်နဲ့ မြသန်းက ပိုက်သားစတွေကို မရှုပ်အောင် ဖြည်းဖြည်းချင်း လျှော့ချပေး”
ပဲ့စီးဖြစ်သူ ဦးချမ်းမြ၏အသံက မြောက်လေကို ထိုးဖောက်၍ ဝင်လာသည်။ ဦးချမ်းမြက ငွေသောင်ကျွန်း၏ ဆီးရိပ်ဆီးကျ အစွန်းအဖျားပိုင်းကို ပိုက်ချက် အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
ညနေစောင်း တစ်ရေစပ်တွင် ငါးစင်းလုံးလျှောက် သည်ကို တွေ့ခဲ့ရသဖြင့် ထိုနေရာကိုသာ ပိုက်ချက် ရွေးချယ်ခြင်း ဖြစ်ပေသည်။
ငွေသောင်ကျွန်းသည် ယခင်က ငါးအလွန်ပေါများသောကျွန်း ဖြစ်လင့်ကစား ပိုက်အမျိုးမျိုး လူအမျိုးမျိုးတို့၏ မကြာခဏ နှိပ်စက်ခြင်းဒဏ်ကြောင့် ယခုအခါ ငါးရှားသွားခဲ့ချေပြီ။
ငွေလရောင်သည် သဲသောင်ပြင်ပေါ်သို့ ထိုးကျလာ သော်လည်း သောင်ပြင်အစွန်းရှိ ကွေ့ဝိုက်နေသော ရေစပ်မှာမူ မှောင်မည်းနေတတ်သည်။ ထိုသို့ ကမ်းစပ်တစ်ပြင်လုံး မှောင်မည်းနေခြင်းကို ဆီးရိပ်ဆီးကျဟု ရေလုပ်သားတို့က ခေါ်တတ်ကြသည်။
လှိုင်းထောက်သည်ဆိုခြင်းမှာ ပိုက်တစ်ခုလုံး ရေပြင်တွင် ဝိုင်းပတ်ချထားပြီးသောအခါ အလယ်တည့် တည့်မှ ပိုက်သားစများအား ရေအောက်သို့ အိကျ မသွားစေရန် လှော်တက်ဖြင့် ပိုက်စကို မြှောက်ထိန်း၍ လှေကလည်း ပိုက်နောက်သို့ တစ်သားတည်း ကပ်ပါလာစေခြင်းကို ဆိုလိုပေသည်။
သို့မဟုတ်ပါက ကြိုးစနှစ်ဖက်တွင် တစ်ဖက်လျှင် ငါးယောက်စီမျှသော ပိုက်ဆွဲအားကြောင့် ပိုက်ကြီးမှာ တဖြည်းဖြည်း ကမ်းစပ်သို့ ပါလာစေသော်လည်း အလယ်ပိုက်သားမှာ ရေတွင်မြုပ်၍ လိုက်ပါလာတတ်သည်။
ထိုအခါမျိုးတွင် ပိုက်တွင်းသို့ ဝင်ပြီးသော ငါးများက မြုပ်နေသော ပိုက်သားပေါ်မှ ကျော်လွှားပြေးထွက် နိုင်ပေသည်။
ထို့ကြောင့် ပိုက်အလယ်မှ လှော်တက်ဖြင့် ပိုက်စကို ထောက်ပင့်ပေးခြင်းကို လှိုင်းထောက်ပေးသည်ဟု ခေါ်တွင်ခြင်းသာ ဖြစ်ပေသည်။
ဦးချမ်းမြက ပိုက်ခေါင်းကြိုးတစ်စကို မန်းလက် လှေပေါ်မှ ကျော်ဝင်းကို ပစ်ပေးလိုက်သည်။ မန်းလက်လှေငယ်ပေါ်မှ တစ်ဖက်စီး ကိုအုန်းမောင်က ရေသံမကြားရအောင် လှော်တက်ကိုအုပ်၍ လှော်ထွက်ခဲ့သည်။
လောင်းလှေပေါ်မှ ပိုက်သားစများကို ရှုပ်ထွေးမနေစေဘဲ စီစဉ်ထားသည့်အတိုင်း အလိုက်သင့် ရေထဲသို့ ကျစေရန် တင်ကြိုင်နှင့် မြသန်းက စောင့်ကြရသည်။
ပိုက်သားစများက မန်းလက်လှေ၏ နောက်သို့ တစ်လွှာချင်း ပါလာပြီး လှေကို ကမ်းစပ်သို့ ပြန်ကပ် လိုက်သည်။ ပိုက်ကြီးသည် ရေထဲတွင် ဘီးကုပ်သဏ္ဌာန် ဝိုင်းပတ်လျက် ရှိပေသည်။
ပိုက်ခေါင်းကြိုးကို ကမ်းစပ်မှ အသင့်စောင့်နေသော သံချောင်းကို ကျော်ဝင်းက ပစ်ပေးလိုက်သည်။ ကိုအုန်းမောင်က လှေကို ပြန်ခွာလာ၍ ပြန့်ကားဝိုင်းပတ်နေသော ပိုက်အပြင် အလယ်ဗဟိုမှ လှိုင်းထောက်ပေးထားသည်။
သန်မာသော တင်အုန်းနှင့် သံချောင်းက ခေါင်းကြိုးတစ်ဖက်စီရှိ ကြိုးကွင်းကို ခါးတွင် စွပ်ထားသည်။ သူတို့က ရေစပ်ကို ခြေကန်၍ ကြိုးစားတောင့်ဆွဲလိုက်သည်နှင့် တစ်ဖက်လျှင် လေးယောက်စီ အားဖြည့်ကာ ဝိုင်းတွဲကြရသည်။ လောင်းလှေဦးကို ကုန်းပေါ်သို့ ထိုးတင်ပြီး ဦးချမ်းမြကိုယ်တိုင် တင်အုန်း၏ဘက်မှ ကူဆွဲပေးသည်။
အလံ တစ်ရာ့ငါးဆယ်ခန့်ရှည်ပြီး အတောင် နှစ်ဆယ်ခန့် အနံကျယ် စောက်နက်သော ပိုက်ကြီး၏ ဘီးကုပ်သဏ္ဌာန်မှာ ကျဉ်းမြောင်းလာတော့သည်။ အားနှင့် မာန်နှင့် စောင့်ဆွဲခြင်းထက် စိတ်ရှည်လက်ရှည် တအိအိ ဆွဲရခြင်းမျိုးဖြစ်ပေရာ ပိုက်တစ်ကြိမ်ဆွဲလျှင် တစ်နာရီခန့် အနည်းဆုံး ကြာတတ်သည်။
ပိုက်တစ်ဖုံလုံး ကမ်းစပ်ပေါ် ရောက်သည်နှင့် အလယ်မှ အိတ်လုံးကြီးထဲတွင် ငါးများ တဖွေးဖွေးနှင့် လုံးထွေးနေတော့သည်။ မိုးညိုနှင့် အောင်သန်းက အိတ်လုံးကြီး၏ တစ်ဖက်တစ်ချက်မှ ကိုင်မြှောက်၍ ငါးများကို သဲပြင်ပေါ်သို့ သွန်ချလိုက်သည်။
အိတ်တွင် ခိုကပ်ချိတ်တွယ်နေသော ငါးများကို လည်း ဖြုတ်ယူပြီး ငါးပုံပေါ် ပစ်တင်ကြသည်။ အချို့သော ငါးများ၏ ပါးဟက်၊ ဆူးတောင်၊ အမြီးတို့က ပိုက်သားစနှင့် ငြိတွယ်နေတတ်ပေသည်။
ခွေးညိုနှင့် ပေါက်စတို့ ငါးများကို ရေဆေးနေချိန် တွင် ထိပ်ပိတ်က မန်းလက်လှေ၏ ကပ်ထောက်များကို အဆင်သင့်ဖွင့်ထားသည်။ ပြီးမှ အားလုံး ဝိုင်းဝန်း၍ ငါးများကို ရေဆေးပြီး လှေဝမ်းထဲသို့ ထည့်လိုက်သည်။ ပုစွန်တုပ်များကိုမူ လှေဦးထိပ် အကန့်ထဲတွင် ထည့်ထားသည်။
ပုံကျနေသော ပိုက်ကြီးကို ရေစပ်သို့ ပြန်ဆွဲယူရင်း ငြိတွယ်နေသော အမှိုက်သရိုက်များ၊ ဆူးခက်များ၊ သစ်ကိုင်းငယ်များကို ဖယ်ရှားကြသည်။ ပြီးမှ ရေဆေးပြီးသော ပိုက်ကြီးကို လောင်းလှေ၏ အလယ်မှ ငါးဝိုင်းတွင် စနစ်တကျ တင်ထားရသည်။
ထိုကဲ့သို့ စနစ်တကျ တင်ထားခြင်းကို “ပိုက်လောသည်” ဟု ခေါ်ဆိုသည်။ သို့မှသာ နောက်တစ်ကြိမ်တွင် ပိုက်သားစ မရှုပ်ထွေးစေဘဲ လွယ်ကူစွာ ပိုက်ချနိုင်မည် မဟုတ်ပါလား။
“ဦးလေးချမ်းမြပြောတာ သိပ်မှန်တယ်ဗျို့။ ပထမပိုက်ချက်မှာ ငါးစင်းလုံးတွေ ပါလာလိမ့်မယ်ဆိုတာ။ ဒီလို ရေအေးစပ်မှာတောင် တစ်ချက်တည်းနဲ့ ၁၅- ပိဿာလောက်တင်တယ်။ ဦးလေးကတော့ ငါးမှော်များ အောင်ထားရော့သလားဗျာ”
သံချောင်းက ရေမျောကမ်းတင်ပါလာသော ထင်းများကို လှေပဲ့ပိုင်းသို့ ကောက်တင်နေသည်။ လောင်းလှေပဲ့စင်ပေါ်မှ ဦးချမ်းမြက ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်ရင်း ပြန်မေးလိုက်သည်။
“ဟကောင် သံချောင်းရ၊ ငါ့တစ်သက်မှာ ငါးမှော် အောင်တယ်ဆိုတာ မကြားဖူးပါဘူးကွာ။ ဘာလဲကွ … ငါးမှော်အောင်တယ်ဆိုတာ”
“ဒီလိုပါ ဦးလေးချမ်းမြရာ။ ညနေကတည်းက ဒီည ငွေသောင်မှာ ငါးစင်းလုံးတွေ တွေ့ရလိမ့်မယ်လို့ ဦးလေးပြောသံကို ကြားလိုက်လို့ပါ။ ဦးလေးက ရေစုန် ရေဆန်ကို ကြည့်ပြီး ငါးအတက်အကျကို သိတတ်လွန်းလို့ ငါးမှော်အောင်တယ်လို့ တင်စားပြောလိုက်တာပါ”
“မင်းကလဲ ကြံကြံဖန်ဖန်ကွာ၊ ငါ့များ ငါးမှော်အောင်ရတယ်လို့။ မင်းတို့က နမော်နမဲ့နေကြပေမယ့် ငါက တာဝန်ရှိတဲ့ ပဲ့စီးဆိုတော့ မင်းတို့လို အသားလွတ် နေလို့ မရဘူးကွ။
ငါးမရရင် ပိုက်သူကြီး ဦးသူတော်က ငါ့ကို အရင်ဆုံး အပြစ်တင်မှာလေကွာ။ ဒီတော့ ငါ့မှာ မင်းတို့ နားချိန် အိပ်ချိန်မှာ မအိပ်မနေဘဲ ငါးရှိမယ့်နေရာလေးတွေကို လျှောက်ကြည့်ရတာပေါ့ကွာ။ စခန်းချတဲ့ နေရာကနေ အထက် တစ်မိုင်၊ အောက် တစ်မိုင် ခရီးကို ရေစပ်အတိုင်း လျှောက်ကြည့်ရတယ်ကွ။
ဒါနဲ့ ငွေသောင်ကွေ့မှာ ငါးစင်းလုံးတွေ တရိပ်ရိပ် တက်လာတာ မြင်ရတော့ ဒီနေရာမှာ ခိုအိပ်တော့မယ်ဆိုတာ သိထားရပြီး ခုလို ငါးတွေ ရလာတာပေါ့ကွာ”
“အဲ … အဲ … အဲဒါကြောင့် ငါး … ငါး … ငါး မှော် … မှော်အောင်တယ်လို့ ပြော … ပြော … ပြောတာပေါ့”,
စကားထစ်သော ထိပ်ပိတ်က သံချောင်း၏အဆိုကို ကူညီဖြည့်စွက် ထောက်ခံလိုက်သည်။ ဦးချမ်းမြက ခေါင်းတစ်ချက်ညိတ်၍ ပြုံးပြလိုက်သည်။
“မှတ်ထားကွ၊ ဘာအလုပ်ပဲဖြစ်ဖြစ် ကျွမ်းကျင်ရာ လိမ္မာသတဲ့။ အလုပ်တစ်ခုကို ဆည်းပူးလေ့လာရတယ်၊ မှတ်သားရတယ်၊ မဖြစ် ဖြစ်အောင် လုပ်ကြည့်ရတယ်။ မှားသွားရင်လဲ သင်ခန်းစာ ယူတတ်ရတယ်။ မင်းတို့ ကြီးလာရင် သိလာပါလိမ့်မယ်။ လုပ်သက်နဲ့ အတွေ့အကြုံက စကားပြောတယ်ကွ။ ခုဆိုရင် ငါ့ရဲ့ ရေလုပ်သက်က အနှစ် နှစ်ဆယ် ကျော်လာပြီဆိုတော့ ဒီလုပ်ငန်းအကြောင်းကို သူများထက် ပိုသိရတာပေါ့ကွာ။
ကဲ … ကဲ ငါ့ လှေပေါ်မှာ ငါးယောက်၊ အုန်းမောင်လှေပေါ်မှာ ငါးယောက် တက်ကြဟေ့။ ချမ်းလဲ ချမ်းနေကြတယ်ဆိုတော့ ငါ ကိုယ်ချင်းစာပါတယ်ကွာ။ မီးလှုံပြီးရင် ဟိုရှေ့နားက ရှားတောကွေ့ ဂုတ်တန်းမှာ တစ်ချက် ဆွဲလိုက်ကြရအောင်။ ပြီးမှ လုံးလုံးနားလိုက်ကြတာပေါ့ကွာ”
xxx xxx xxx
“အို ငါးကြင်းတွေဆန် … ငါးတန်တွေ သောင်ရေစီးမှာလ … ကိုတံငါ လှေယာဉ်စီးပါလို့ … ပိုက်ကြီးကို ရေချလာ”
ကိုအုန်းမောင်၏ အသံဝါကြီးက ဧရာဝတီမြစ်ကို နှုတ်ဆက်နေသည်။
ရှားတောကွေ့ ဂုတ်တန်းတွင် ပိုက်ဆွဲရသည်မှာ ပြီးစီးသည်အထိ နှစ်နာရီခန့် ကြာသည်။ လင်းရောင်ဝါ ခေါ်သော ရောင်နီသန်းစ ပြုလာသည်။
ဂုတ်တန်းဆိုသည်မှာ အကွေ့အဝိုက်မရှိဘဲ ဖြောင့် တန်းညီညာသော သဲသောင်ပြင်စပ်ကို ခေါ်သည်။
ရှားတောကွေ့ ဂုတ်တန်းမှာ ရေစပ်မှ ရေထဲသို့ ၁၅-ပေခန့် ဆင်းမိလျှင် ဝါးတစ်ပြန်မက ရေနက်သဖြင့် ပိုက်ချရသည်မှာ မလွယ်ကူပေ။ ငါးကလည်း ရေနက် အောက်ခြေအိုင်ကြီးများတွင် ကပ်နေတတ်သည်။
ထုံးစံအတိုင်း ဘီးကုပ်ပုံသဏ္ဌာန် ပိုက်ချခဲ့သည်။
ထိုအခါမျိုးတွင် မန်းလက်လှေငယ်ဖြင့် လှိုင်းထောက်ပေးရန် မလိုအပ်ပေ။ ရေနက်သည်မို့ ပိုက်ကို တဖြည်းဖြည်း ဆွဲပေးရသည်။ ရေအောက်တွင် ရှိတတ်သော ကျောက်ချွန် ကျောက်စွယ်များ၊ ထုံးများ၊ ဆူးခက်၊ သစ်ကိုင်းဆွေးများက ပိုက်သားစကို ငြိတွယ်တတ်သည်။
ထိုသို့ ငြိနေခြင်းကို အမှုမဲ့ထားပြီး ဆက်ဆွဲမိလျှင် လူ၏ ဆွဲအားနှင့် ရေဖိအားကြောင့် ပိုက်စများစွာ ပြုတ်ထွက်ကျန်နေခဲ့တက်သည်။
ညင်သာစွာ ဆွဲခြင်းဖြင့် ပိုက်ငြိပြီဆိုလျှင် ရေအောက်သို့ ကမန်းကတန်း ဆင်းငုပ်၍ ပိုက်စကို ဖြုတ် ပေးရသည်။ ထိုသို့ ရေအောက်မှ ပိုက်စများကို ဆင်း၍ ဖြုတ်ပေးရခြင်းအလုပ်ကို ‘ချော်ငုပ်’ သည်ဟု ဆိုကြပြန်သည်။
ရေနက်သည့်နေရာမှ ပိုက်ကြီးတစ်လုံးလုံး တအီအီ ဖြင့် ရေတိမ်သို့ ပါလာသည်။ သို့သော် ရေနက်ရာ၌ ငါးများသည် အောက်ခြေတွင် ကပ်၍ လွတ်ကျန်နေ ခဲ့တတ်သည်။ မည်သို့မျှလည်း မတတ်နိုင်တော့ပေ။
အနည်းဆုံး ၁၀-ပေခန့် ကမ်းစပ်ဘက်သို့ ရောက်ပြီဆိုမှ၊ ရေတိမ်စပ်သို့ ရိုင်တစ်ခုလုံး တင်မိပြီဆိုမှ အောက်ခြေပိုက်အိတ်လုံးကြီးမှာ မြေကြီးနှင့် သေချာထိတွေ့တော့သည်။ ငါးများသည် ပိုက်အတွင်းဝယ် လှည့်ပတ်ပြေးလွှားနေပေတော့သည်။
ပိုက်သား ကုန်သလောက်ရှိ၍ ကျဉ်းမြောင်းလာ သောအခါတွင် အလယ်မှ အိတ်လုံးကြီးထဲသို့ ငါးများ စုပြုံဝင်ရောက်ကြလေတော့သည်။ ငါးအင်အား မည်မျှပင် များပြားသည်ဖြစ်စေ အိတ်ကြီး ပေါက်ပြဲထွက်ရန်မှာ မလွယ်ကူချေ။ ဖော့ပိုက်စများအပြင် နိုင်လွန်ချည်အထူစား ပိုက်သားတစ်ထပ်ကို လိပ်ခံအဖြစ် တောင့်တင်းစွာ ခုခံထားပေသည်။
ထိုနေ့ညကတော့ ကုသိုလ်ကံ စွပ်မိသည်ပဲဆိုဆို၊ ဦးချမ်းမြ တော်သည်ပဲ ပြောပြော၊ ငါးကတော့ များစွာ ရလိုက်သည်။ ငွေသောင်နှင့် ရှားတော ပိုက်ချက် နှစ်ချက်မျှနှင့်ပင် ငါးပိဿာချိန် ငါးဆယ်ကျော်ခန့်နှင့် ပုစွန်တုပ် ငါးပိဿာ ရခဲ့သည်။
ပထမ ပိုက်ချက်က တစ်နာရီကျော်ကြာပြီး ငါးစင်းလုံး အုပ်လိုက်ရခဲ့ပြီ။ ဒုတိယပိုက်ချက်က နှစ်နာရီကျော် ကြာခဲ့သလောက် ငါးတန်အုပ်လိုက် ရခဲ့ပြီဖြစ်သည်။
ပိုက်ကို ထုံးစံအတိုင်း ရေဆေး၍ ဆူးခက် သစ်ကိုင်းများ ဖယ်ရှားပေးရသည်။
ပြီးမှ သောင်ပြင်ကုန်းပေါ်တွင် ဝါးဖြင့် တန်းပစ်ထားသော နှစ်ဖက်မျက်နှာချင်းဆိုင် တန်းပေါ်သို့ ပိုက် ကြီးကို တင်လိုက်သည်။ ပိုက်တစ်ဖုံလုံးမှာ တန်း နှစ်ခုကြားဝယ် ခြင်ထောင်သဖွယ်ဖြစ်လျက် တန်းပြင်ပသို့ ခေါင်းကြိုးနှင့် မြေထိကြိုးမှာ တစ်ဖက်တစ်ချက်သို့ ကျနေသည်။ သို့သော် ပိုက်တစ်ခုလုံးမှာ သဲနှင့် လုံးဝ မထိပေ။
ပိုက်ကြီးကို တန်းပစ်ရခြင်းသည်ပင် ပိုက်လက်သား ခြောက်ယောက်ခန့် ညီညာစွာ လုပ်ဆောင်ရသည်။ ထိုသို့ ပိုက်အခြောက်လှမ်းလုပ်ပြီးစီးပြီဆိုသည်နှင့် ထိုတစ်ညတာအဖို့ နားပြီဆိုသည့် အထိမ်းအမှတ်ပင်။
ဦးချမ်းမြက လောင်းလှေကို ထိုးဝါးတိုင်တွင် ဘူး လည်သီးခတ် ချည်လိုက်သည်။ လှေပေါ်မှ ပစ္စည်းများကို သောင်ပြင်ပေါ်သို့ ဝိုင်းသယ်ယူကြသည်။ ဦးချမ်းမြသည် အုန်းမောင်အား ရွက်ထည်တဲ ထိုးရမည့်နေရာကို လှမ်းပြနေသည်။ အုန်းမောင်ကလည်း သူ့လူများအား လှေပေါ်မှ ပစ္စည်းများကို ချခိုင်းနေသည်။
“မိုးညိုရယ်၊ ပေါက်စရယ်၊ ကျော်ဝင်းရယ်က ငါး သွားပို့ချည်ကြကွာ။ လိုအပ်တဲ့ ဆီနဲ့ ဆားလဲ ဝယ်ပေးဖို့ ပိုက်သူကြီးကတော်ကို သေသေချာချာ ပြောလိုက်ကြ။ ကဲ သွားကြတော့”
ကိုအုန်းမောင်က ငါးပို့တာဝန် သတ်မှတ်ပေးလိုက် သည်။
ရှားတောမှ အောက်သို့ သုံးမိုင်ခန့် စုန်ဆင်းမှ မိမိတို့လှေဆိပ်သို့ ရောက်ပေမည်။ ငါးပို့သွားသူများအဖို့ အသွားတွင် လှေမျှောချလိုက်ရသော်လည်း အပြန်ခရီးကား သက်သာလှမည် မဟုတ်ပေ။ ရေစီးကို ဆန်တက်ရမည်သာ ဖြစ်ပေသည်။
တောင်လေရှိလျှင် ရွက်တိုက်လာနိုင်သေးသော်လည်း လေမလာပါက ကြိုးဆွဲဆန်တက်ရပေသည်။ နှစ်ဦးက ကြိုးဆွဲ၍ တစ်ဦးက လှေပဲ့ထိန်းရင်း လာခဲ့ရမည်သာ ဖြစ်ပေသည်။
ငါးပို့သူများ စုန်ဆင်းသွားကြပေပြီ။
ဦးချမ်းမြအနီးတွင် ကိုအုန်းမောင်က ပစ္စည်းများကို ချထားလိုက်သည်။ ဦးချမ်းမြက ကိုအုန်းမောင်ကို ရေနွေးကြမ်းအိုးအား လက်ညှိုးထိုးပြလိုက်သည်။
“ရေနွေးကြမ်း သောက်အုံးကွာ အုန်းမောင်”
“သောက်ပါ ဦးချမ်းမြရယ်။ ကျွန်တော် မနက်စာ အတွက် စီစဉ်ရအုံးမယ်။ ဟော- တုံးခေါက်သံကြားပြီ။ လေးနာရီထိုးပြီဗျို့”
ခပ်လှမ်းလှမ်း သဖန်းဆိပ်ရွာဆီက တုံးခေါက်သံ ကြားရသည်။
အုန်းမောင်က ဖျတ်လတ်သွက်လက်ပြီး အလုပ်ကို ဇယ်ဆက်သလို လုပ်တတ်သည်။ ကြိုးစားမှုလည်း အပြည့်ရှိသည်။
“ဟေ့ကောင်တွေ မီးဖိုဘေးမှာချည်း စုထိုင်မနေနဲ့ ကွာ။ ထမင်းချက်ကြ၊ ငါးကြော်ကြအုံးကွာ။ ဟိုသောင်ထဲမှာ တွင်းယက်ပြီး ခေါင်းမြီးခြုံအိပ်နေတာ ဘယ်သူလဲကွ”
“ကျွန် … ကျွန်တော်ပါ ကို … ကိုအုန်းမောင်၊ ထိပ် … ထိပ် … ထိပ်ပိတ်ပါ”
သောင်ပြင်ကိုယက်၍ လူတစ်ကိုယ်စာ ကျင်းတူးပြီး ပုဆိုးခြုံ ကွေးအိပ်နေသော ထိပ်ပိတ် ထလာသည်။ ပြီးမှ ဆန်ဆေးနေသော အောင်သန်းထံ ကူညီ လုပ်ကိုင်ရန် ထသွားသည်။
အတန်ကြာတော့ ထမင်းပူပူ၊ ငါးကြော်နှင့် မီးဖိုဘေးဝယ် ဝိုင်းဖွဲ့ စားလိုက်ကြသည်။
မြောက်ပြန်လေက အသားထဲသို့ စိမ့်အေးနေအောင် ကျီစယ်ကစားလိုက်သော်လည်း မီးဖိုနံဘေးမှ ပိုက်သမားများမှာမူ အချမ်းဒဏ်ကို ခံစားရန် သတိမရနိုင်ကြတော့ဘဲ အိပ်စက်နေကြပြီ ဖြစ်ပေသည်။
xxx xxx xxx
အရှေ့ဆီက နေလုံးကြီးသည် နီသောအရောင်ကို ဖန်ဆင်းစပြုပြီး နေ့ဝတ္တရားများကို ထမ်းဆောင်ရန် ချီတက်လာနေချေပြီတကား။
ငွေရောင်သောင်ပြင်ပေါ်မှ ဆောင်းနေမင်း၏ အပူ ဒဏ်ကလည်း မသေးလှ။
ရွက်ထည်များဖြင့် တဲကြီးတစ်လုံး ထိုးလိုက်ကြပြီ။ ယာယီနေထိုင်သော တစ်နေ့တာ တဲကြီးပင် ဖြစ်၏။ တဲအတွင်းမှာတော့ ပိုက်ဖာသူဖာ၊ ပိုက်သားလိုင်း ချုပ်သူချုပ်၊ ရေပေါ် ဘော့လုံးကြီးများကို ခေါင်းကြိုးနှင့် သေချာချည်နှောင်သူတို့ဖြင့် အလုပ်ရှုပ်နေကြသည်။
တန်းပစ် ထားသော ဝါးလုံးများပေါ်မှ ပိုက်ကြီးကို ရွက်ထည်တဲအတွင်းဝယ် ပြင်ဆင်ချုပ်လုပ်နေခြင်းပင် ဖြစ်ပေသည်။
ငါးပို့ပြန်လာသော ကျော်ဝင်း၊ မိုးညိုနှင့် ပေါက်စတို့က ထမင်းစားပြီးကတည်းက ပင်ပန်းသဖြင့် အိပ်ချေ ပြီ။
သူတို့ပိုက်လှေမှာ စုစုပေါင်း ၁၂-ဦးမျှ ပါဝင်သည်။ ပိုက်အဖွဲ့အစည်းခေါင်းဆောင် ဦးချမ်းမြကို ပိုက်သူ ကြီး ဦးသူတော်က စိတ်ကြိုက်ခန့်ထားခဲ့ခြင်းပင် ဖြစ်ပေသည်။ ဦးချမ်းမြက ကျွမ်းကျင်ဖျတ်လတ်သော ကိုအုန်းမောင်ကို တစ်ဖက်စီးတာဝန် ထပ်ခန့်ပေးထားခဲ့သည်။
ပိုက်လှေကြီးတစ်ခုတွင် လှေနှစ်စင်းဖြင့် သွားရပြီ ဆိုလျှင် ပဲ့စီးနှင့် ဒုတိယခေါင်းဆောင် တစ်ဖက်စီးကို တာဝန်ပေးထားရသည်။ ကျန်ပိုက်လက်သားများမှာ ခိုင်းစေသမျှကို လုပ်ကိုင်ရပေသည်။
“ဦးလေးချမ်းမြ စဉ့်ကူရွာမှာ ကျန်နေခဲ့တဲ့ မိန်းမကို မလွမ်းဘူးလားဗျ”
ယက်ဖောက်ကို ချည်ခင်သွတ်နေသော ခွေးညိုက ရယ်ကျဲကျဲနှင့် မေးလိုက်သည်။
“ငါလဲ လူသားပဲ ခွေးညိုရာ။ မင်းတို့ လူငယ်စကားနဲ့ ပြောရရင် မလွမ်းဘယ်သူ နေပါ့မယ် ဆိုသလိုပေါ့ကွာ။ လွမ်းတော့လဲ လွမ်းမိတာပေါ့။ ဒါပေမဲ့ …”
“လုပ်စမ်းပါအုံး ဦးချမ်းမြရယ်။ ဒါပေမဲ့ ဘာဖြစ်လဲ၊ နားထောင်ရတာပေါ့ဗျာ”
ကိုအုန်းမောင်က အဆင်း ဘီးတပ်ပေးလိုက်သည်။
“ဒါပေမဲ့ ငါတို့ဘဝက စေသည့်ကျွန်၊ ထွန်သည့် နွားဆိုတဲ့ ဘဝမျိုးမဟုတ်လား။ တို့ဘဝတွေ့ကိုလဲ မင်းတို့ အသိသားနဲ့။ လှေဦးစိုရင် စို၊ လှေဦးခြောက်ရင် ခြောက်တဲ့ ဘဝမျိုးကွ။ လှေဦးစိုတုန်း ကောင်းကောင်းစားရပြီး လှေဦးခြောက်တဲ့အချိန်မှာ ငတ်တာပဲကွ။ ငါတို့ ရေလုပ်သားတွေဟာ သည်ဒဏ်ကို လူးလှိမ့်ခံနေရတယ်လေ။ နေ့ဖို့ညစာမရှိဘဲ တစ်နေ့ငါးရမှ တစ်နေ့ထမင်းစားရတဲ့ဘဝဆိုတော့ ဘယ်မှာ ချမ်းသာနိုင်ပါ့မလဲကွာ”
“ဒါဖြင့် ပိုက်သူကြီး ဦးသူတော်တို့ကျတော့ရော ဘာလို့ ချမ်းသာနေတုန်းဗျ။ တိုက်ခံအိမ်နဲ့၊ ကက်ဆက်နဲ့၊ တီဗွီနဲ့။ သူ့သမီးနဲ့ မယားမှာလဲ ရွှေတွေ ဝတ်ထားလိုက်တာ ညွှတ်လို့”
တင်ကြိုင်က အားပါးတရဝင်ပြီး အာလုတ်သံဖြင့် ဝင်ပြောသည်။
“ဒါက ဒီလိုလေ၊ သူတို့က ပိုက်သူကြီးပဲကွာ။ အရင်ကတည်းက ပိုက်ကြီးတွေ ထောင်စားလာတာ။ ဒီလောက်တော့ ရှိမှာပေါ့ကွာ။
ပိုက်ကြီးတစ်ဖုံဆိုရင် ငွေရင်းသုံးထောင်လောက်တန်တဲ့ ကာလကနေ ခု ငါးသောင်းထိ တန်နေပြီပဲ။ ခုထိလဲ သူတို့မှာ လုပ်စားနေနိုင်တုန်းပဲလေ။
ကြည့်လေကွာ … ပြီးခဲ့တဲ့ နတ်တော်လထဲမှာ လေးရက်ပဲနားပြီး ကျန်ရက်တွေမှာ အလုပ်ကို မှန်မှန်ဆင်းတယ်။ ရတဲ့ငွေစုစုပေါင်း တစ်သောင်းရှစ်ရာဖိုး ရတယ်။ စားစရိတ် တစ်ထောင့်ရှစ်ရာနုတ်တော့ ကျန်ငွေကိုးထောင် ဖြစ်မလာပေဘူးလား”
ဦးချမ်းမြက မီးသေသွားသော ဆေးလိပ်ကို မီးညှိရင်း တစ်ဖွာ နှစ်ဖွာ ဖွာရှိုက်လိုက်သည်။
“အဲဒီထဲက ပိုက်သူကြီးက ထက်ဝက်ခွဲယူတော့ သူက လေးထောင့်ငါးရာရတယ်။ ကျန်တဲ့ငွေ လေးထောင့်ငါးရာထဲက မင်းတို့ ၁၁-ယောက်ကို အညီ အမျှ ခွဲဝေပေးတော့ တစ်ယောက်ကို လက်သားစု လေးရာ့ကိုးကျပ်စီ ရတယ်။
ပိုက်သူကြီးအစု လေးထောင့် ငါးရာထဲက ငါ့ကို ပဲ့စီးခ မင်းတို့ရငွေနဲ့ ညီမျှတဲ့ လေးရာနဲ့ကိုးကျပ် ပေးတယ်။ ပိုက်လောက ထုံးစံက ပဲ့စီးကို ပိုက်သူကြီးက ပေးရတာကိုး။
သည်တော့ နတ်တော်လလို ငါးရှားတဲ့လမှာတောင် သူ့ဝင်ငွေက လေးထောင်နဲ့ ရှစ်ဆယ့်တစ်ကျပ်ရတယ်။
ထားပါတော့ ပိုက်ခ အသစ်ပဲရလို့၊ စားစရိတ်နုတ်ရလို့၊ ငွေတစ်ထောင့်ငါးရာ ထပ်နုတ်အုံးကွာ၊ သူက နှစ်ထောင့်ငါးရာ ရှစ်ဆယ့်တစ်ကျပ်တော့ ရသေးတာပဲ။
မင်းတို့ ငါတို့မှာသာ လေးရာ့ကိုးကျပ်နဲ့ ကိစ္စတုံးသွားရော”
“အင်း… ဟုတ်တော့လဲ ဟုတ်တာပဲ ဦးလေးရ။ ကျွန်တော်ဆိုရင် အမေအိုကြီးကို ပစ်ထားပြီး ဒီပိုက် ထဲမှာ အလုပ်ဝင်လုပ်နေတာ ခုထိတော့ အဆင်မချောသေးပါဘူး။ နောင်ဆိုရင်တော့ မပြောတတ်ဘူးဗျာ”
“သံချောင်းရာ၊ ဘာပဲဖြစ်ဖြစ် ငါတို့က ငါးများများ ရှာပေးလို့ တစ်လ ဝင်ငွေ နှစ်ထောင်လောက်ရရင် သူတို့ ပိုက်သူကြီးက နှစ်သောင်းလောက် ရတာပဲ။ သူတို့ မချမ်းသာဘဲ ဘယ်နေပါ့မလဲကွာ။ သူတို့က ငွေအားစိုက်ပြီး အမြတ်ထုတ်တဲ့ သဘောပေါ့။
ငါတို့က လူအားစိုက်၊ သူတို့က ငွေအားစိုက်တော့ နောက်ဆုံး သူတို့ပဲ အဆင်ချောတာပေါ့ကွ။ အမြတ်ထုတ်ခံရတော့ရော ငါတို့ဘက်က ဘာတတ်နိုင်သလဲ။ ဘာမှ မတတ်နိုင်ဘူးလေ။ သူတို့ငွေကြေးပေါ် အမှီသဟဲပြုပြီး ငါတို့ဘဝကို ကျေနပ်နေရတာပဲ မဟုတ်လား”
ဦးချမ်းမြက သဘောပေါက်အောင် ပိုက်လက်သား များကို ရှင်းလင်းပြရင်း တသွင်သွင်စီးဆင်းနေသော ဧရာဝတီမြစ်ရေအလျဉ်ကို ငေးနေမိသည်။ သို့သော် တာရှည် တာမျော ငေးမနေ တွေးမနေနိုင်အားပါ ။ ညဘက်တွင် အလုပ်ဆင်းရမည့် နေရာကောင်းကို စိတ်ထဲမှ စဉ်းစားနေမိသည်။
“ထမင်းအိုးချက်ထားကြဟေ့။ ညနေမှာ လေနီကြမ်း ကျချင် ကျနိုင်တယ်။ တော်ကြာရင် ရွက်တွေ ခေါက်၊ စားအိုး၊ စားခွက်တွေ သိမ်းထားကြ။ ပိုက်ကိုလဲ ညမှာ အသင့်နိုင်အောင် သေသေချာချာလုပ်ထား။ ပြင်ထားကြ”
ရေတက် ရေကျ အခြေအနေ၊ ငါးအုပ်တို့ ပွက်မည့် နေရာ၊ ပိုက်ချက် အနေအထားကောင်းမည့် နေရာတို့ကို လေ့လာရင်း မြောက်စူးစူး တစ်မိုင်ခန့်သို့ ဦးချမ်းမြ သွားရောက်ရဦးမည် မဟုတ်ပါလား။
xxx xxx xxx
ပဲ့စီးကောင်းတစ်ယောက်ဖြစ်ရန် ရေလုပ်သားလောကတွင် မလွယ်ကူချေ။ ရေလုပ်ငန်းကိစ္စရပ် အားလုံး နားလည်တတ်ကျွမ်းရမည့်အပြင် ရိုးသားဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်းနှင့် ငွေကြေး စိတ်ချရခြင်းများလည်း အထူးလိုအပ်ပေသည်။
ပဲ့စီးဆိုသော်လည်း ငွေပို ငွေလျှံ ရသည်မဟုတ်။ အကျိုးတူ ပိုမို ခံစားရသည်မဟုတ်။ သို့သော် ပိုက်လုပ်ငန်းခွင် တစ်ခုလုံးတွင် သြဇာသက်ရောက်သည်။ သူ့စကားကို အများစုက တရိုတသေ နားထောင်ရသည်။ လက်သားတစ်ဦးကို သူ မနှစ်သက်လျှင် ပိုက်လုပ်ငန်းမှ ထုတ်ပယ်နိုင်ခွင့် အပြည့်အဝရှိသည်။ သူက ပိုက်သူကြီး၏ ကိုယ်စားလှယ်ပင် ဖြစ်သည်။
ကုန်းပေါ်တွင် ပိုက်သူကြီးကို ကြောက်ရသလို ရေထဲတွင်လည်း ပဲ့စီး၏ စေခိုင်းရာမှန်သမျှ ဝိုင်းဝန်း လုပ်ဆောင်ရသည်။
ပိုက်ကြီးသမားတို့လောကတွင် ပဲ့စီးကို အံထူးလက်သပ် မွေးထားလေ့ရှိသည်။ ပဲ့စီး၏ သဘောဆန္ဒဖြင့် တစ်ဖက်စီးကို ထပ်မံမွေးထားရသည်။
ပိုက်ထုံးတမ်းအစဉ်လာအရ ငွေခွဲဝေပုံမှာ စနစ်
တစ်မျိုး ဖြစ်ပေသည်။
လောင်းလှေ၊ မန်းလက်လှေ၊ တက်စုံ၊ ရွက်စုံ၊ စားအိုး စားခွက်စုံ တည်ထောင်ထားသူသည် ပိုက်သူကြီးပင် ဖြစ်ပေသည်။ လက်သားအနေဖြင့်မူ နံနက် အလုပ်ဆင်းမည့်အချိန်တွင် ဆန်နို့ဆီ လေးလုံးလောက်ကို ယူ၍ လိုက်လာရုံမျှသာ။ ထို့ကြောင့် ရသည့်ဝင်ငွေကို ခွဲဝေရေးနည်းစနစ်တွင် ပိုက်သူကြီးနှင့် လက်သား အဘယ်မှာ တူနိုင်ပါအံ့နည်း။
၇-ရက် သို့မဟုတ် ၁၀-ရက်ဆက်တိုက် အလုပ်ဆင်းရသောကာလကို ‘တစ်ဆေးဆင်းသည်’ဟု ခေါ် ကြ၏။ တစ်ဆေးဆင်း၍ ရသော ဝင်ငွေအားလုံးမှ ပိုက်သူကြီးက စိုက်ထုတ်ကုန်ကျခဲ့ရသော စားစရိတ် များကို ထက်ဝက်နှုန်းဖြင့် နုတ်ယူသည်။
ကျန်ငွေများကို ထက်ဝက်ခွဲဝေ၍ ထိုငွေကို ပိုက်လှေရှိ လက်သားများ(ပဲ့စီးမပါ)ညီမျှစွာ ခွဲဝေယူရသည်။ ပိုက်သူကြီး ရရှိသော ထက်ဝက်ငွေမှ ပဲ့စီးအတွက် လက်သားတစ်ဦး ရနှုန်းအတိုင်း ပေးသည်။ သို့သော် လက်သား တစ်ရာ ငွေရတိုင်း ပိုက်သူကြီး တစ်ထောင်ငွေရသည်ကတော့ ဓမ္မတာသဘောပင်။
ထိုသို့အလုပ်ဆင်း၍ နားသောနေ့ရက်များတွင် မိမိ တို့ ရပ်ရွာသို့ ပြန်ကြရသည်မဟုတ်။ ငါးဖမ်းထွက်ရာ သဲသောင်ပြင်တွင် ရွက်ထည်တဲဖြင့်လည်းကောင်း၊ ပိုက်သူကြီး၏ အိမ်နောက်ဖေးတန်းလျားရှည်တွင် တောက်တိုမည်ရ လုပ်ကိုင်ခြင်းဖြင့်လည်းကောင်း နေကြရသည်။ ၁၀-ရက်၊ ၁၅-ရက်တန်သည်ဖြင့် နားမည်ဆိုပါမှ မိမိတို့ရပ်ရွာသို့ ငွေပို့ရင်း ပြန်ကြရသည်။ ထိုအခါမှသာ မိဘဆွေမျိုး၊ ဇနီး သားသမီးများနှင့် တွေ့ခွင့်ရပေတော့သည်။
ရပ်ရွာသို့ မပြန်လိုသူများကမူ ငွေကို လူကြုံပို့ရင်း ပိုက်သူကြီးအိမ်တွင် တွယ်ကပ်နေထိုင်ရသည်။ ပိုက်သူကြီးကတော်၏ ဆူပူငြိုငြင်မှုကို ခံစားရင်း နေသာသလို နေရပေသည်။
မိမိဇာတိရပ်ရွာ မပြန်ဘဲ ပိုက်သူကြီးအား မှီခိုနေထိုင်သူများကလည်း ရက်ရှည်နားရက်များတွင် မိမိတို့အား နေထိုင်ရန်ပေးထားသော တဲစုတ်၌ အိပ်ရုံသာ အိပ်ရသည်။ မနက်မိုးလင်းလျှင် ပိုက်ဖာ၊ ပိုက်ချုပ်၊ ပိုက်အလုပ်ဖြင့်လည်းကောင်း၊ လှေတင်၊ ရေနံသုတ်၊ ပေါက်ပြဲလာသော လှေအစပ်များကို ပွဲ့လျက်ဖြင့် ဖာထေးခြင်းကိုလည်းကောင်း၊ ရွက်ထည်ကို ခေါင်ရည်ဆိုးခြင်းကိုလည်းကောင်း လုပ်ကိုင်ပေးရသည်။ ပိုက်သူကြီးမှ စေခိုင်းသော အခြား ဝေယျာဝစ္စ ကိစ္စများကိုလည်း နားရသည်မရှိအောင် လုပ်ပေးရပြန်သည်။
အလုပ်ဆင်းသောအခါ နံနက်တိုင်း မိုင်မည်မျှ ဝေးသည်ဖြစ်စေ၊ ငါးကို ရပ်ရွာရှိ ပိုက်သူကြီးအိမ်သို့ ပြန်ပို့ပေးရသည်။ ထိုနေရာတွင် ပိုက်သူကြီးကတော်နှင့် သမီးသားများက ရာဇူချိန်ခွင်ကိုင်ကာ စောင့်နေပြီး ရလာသော ငါးများကို ချိန်တွယ်သည်။ ပိဿာချိန်ကို လာပို့သူက စာရင်းစာအုပ်ဖြင့် ရေးမှတ်ထားရသည်။
ရရှိလာသော ငါးများကို စောင့်ဆိုင်းနေကြသော ငါးရောင်းသူများသို့ ညီမျှစွာ ခွဲဝေပေးရသည်။ ငါးရောင်းသူများကလည်း နံနက်ကယူသွားသော ငါးတန်ဖိုးငွေကို ညနေမိုးချုပ်ချိန်တွင် ပိုက်သူကြီးအိမ်သို့ မပျက်မကွက် လာပေးကြသည်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက် စသည်ဖြင့် ငါးဖိုးပေးရန် ပျက်ကွက်ပြီဆိုပါက အိမ်တိုင်ရာရောက် အဆိုအပြောခံရပြီး ဇွတ်တောင်းပေလိမ့်မည်။ နောင်တွင်လည်း ငွေကြေးစိတ်မချရသူအဖြစ် ငါးဖောက်သည်ပေးခြင်းမှ ရပ်စဲခြင်းခံရမည်။
အချို့ ငါးရောင်းသူများမှာ ပိုက်လက်သား၏ ဇနီးသမီးများ ဖြစ်ကြသည်။ ထိုသူများမှ အကြွေး မကျေလည်လျှင် ငါးဖိုးကို လက်သားရမည့် ဝေစုငွေမှ နုတ်ယူကြသည်။ ပိုက်သူကြီးဘက်မှ အနစ်နာခံသည်ဟူ၍ ဘယ်သောအခါမျှ မရှိခဲ့ပါချေ။
ပိုက်သူကြီးတစ်ယောက်သည် ပဲ့စီးကောင်း တစ်ယောက်ကို မည်မျှ ဝေးလံသောနေရာတွင်ဖြစ်စေ သွားရောက်ခေါ်ယူလေ့ရှိသည်။ တစ်မြို့တစ်ရွာနေ ပဲ့စီးကောင်း၏ မိသားစုအတွက် ငွေကြိုပေးထားပြီး မရအရ ခေါ်ယူကြသည်။
ပဲ့စီးကောင်းတစ်ဦးဖြင့် တစ်နှစ်တစ်ဝါ လုပ်ကိုင်လိုက်ရလျှင် ပိုက်ဖိုးကို တစ်နှစ်၊ ခြောက်လ အတွင်း အရင်းကျေတတ်သည့် သာဓကများလည်း မကြာခဏ ရှိခဲ့ဖူးပြီ မဟုတ်ပါလား။
xxx xxx xxx
ယခင်က ဝမ်းပူပိုက်ကြီးတစ်ဖုံ၊ လောင်းလှေနှင့် မန်းလက်လှေနှစ်စီး၊ တက်စုံရွက်စုံဆိုလျှင် ငွေ လေးငါးထောင်ခန့်သာ အများဆုံး ကုန်ကျသည်။
ယခုကား ထိုသို့မဟုတ်။ လောင်းလှေကြီးတစ်စင်း ကို သုံးထောင်ထိ ပေးဝယ်ရပြီး မန်းလက်လှေ တစ်စင်းလျှင် တစ်ထောင်ကျော်ပေးဝယ်မှ ရသည်။ ရွက်တစ်ဖုံလျှင် ရှစ်ရာခန့် ပေးရပြီး နှစ်ဖုံဆိုလျှင် တစ်ထောင့် ငါးရာ , ခြောက်ရာ ကုန်ကျပေသည်။
လက်သား ၁၀-ယောက် ၊ ၁၂-ယောက် စားသောက်နိုင်မည့် စားအိုး စားခွက်များကလည်း မနည်းလှ။ နှစ်ပြည်ဝင် ထမင်းအိုးကြီး၊ ဟင်းအိုး၊ ဒယ်ပိုင်း၊ ရေနွေးအိုး၊ တည်အိုး၊ သံပန်းကန်ပြား၊ သံဇလုံ၊ ဇွန်း၊ ငါးပိ၊ ဆားစဥ့်အိုးငယ်ကလေးများ တန်ဖိုးက တစ်ထောင်ကျော်ငွေအထိ ဖယ်ရသည်။
လှော်တက် တစ်ချောင်းလျှင် ငွေတစ်ရာဖြင့် လှေနှစ်စင်းစာ လှော်တက် ၁၀-ချောင်းကို တစ်ထောင်ပေးရပြီ။ ပဲ့တက်တစ်ချောင်းကို တစ်ရာ့ငါးဆယ်ဖြင့် နှစ်ချောင်းဝယ်ရသည်။ ဝေယျာဝစ္စနှင့်ပင် ငွေခြောက်ထောင်ကျော်ခန့် ကုန်သွားရပြီ။
ပိုက်တန်ဖိုးကိုလည်း ကြည့်ဦးလေ။
ယခင်က ချည်သားပိုက်ဘဝမှ နိုင်လွန်ပိုက်ဘဝသို့ ပြောင်းလဲခဲ့သည်။ ယခုမူ နိုင်လွန်ပိုက်သည် ခေတ်နောက်ကျနေပြန်ပြီ ဖြစ်သည်။ နိုင်ငံရပ်ခြားမှ အလိပ်လိုက်ဝင်ရောက်လာသော စက်ရက် ဖော့ပိုက် သားစများ ပေါ်လာချေသည်။ ဖော့ပိုက်စသည် မစုတ်မပြဲလွယ်၊ ငြိမိ တွယ်မိလျှင်မူကား ချုပ်ကြောင်းများမှသာ ညီညာစွာ ပွင့်ထွက်တတ်သည်။
ဖော့သား ပိုက်တစ်စသည် အလျား ၁၀-တောင်၊ အနံ ၄-တောင်ခန့် ရှိသည်။ ထိုပိုက်စများကို အထက် အောက် ငါးပြန်စာ ဆက်ပါမှ စောက် အတောင်နှစ်ဆယ် ရနိုင်သည်။
ဦးချမ်းမြ၏ ဖော့ဝမ်းပူပိုက်ကြီးတွင်ကား အလံတစ်ရာ့ငါးဆယ်မျှရှည်သောကြောင့် ပိုက်သားစပေါင်း သုံးရာခန့် ထည့်သွင်းရပေသည်။
ပိုက်သားတစ်စလျှင် တန်ဖိုးငွေ တစ်ရာ့ငါးဆယ်ခန့် ရှိသဖြင့် ထိုဝမ်းပူပိုက်ကြီးဖြစ်စေရန် ငွေရင်းသည် လေးသောင်း ငါးထောင်ခန့် ရှိပေသည်။
ခေါင်းကြိုးနှင့် မြေကြိုးမှာ နှစ်လက်မခန့် တုတ် ခိုင်သော နိုင်လွန်ကြိုးကြီးများ ဖြစ်သည်။ အလံတစ်ရာ့ ငါးဆယ်အတွက် တစ်ဖက်တစ်ချက်တွင် ကြိုးစ ၁၅-လံစီ အပိုဆောင်းထားရသည်။ ကြိုးသည်ပင်လျှင် တစ်ချောင်းလျှင် လံရေ တစ်ရာ့ရှစ်ဆယ်ရှိသဖြင့် နှစ်ချောင်း၏ ကုန်ကျစရိတ်မှာ မနည်းလှပေ။
အတောင်ရေ ခုနစ်ရာ့နှစ်ဆယ်တောင် (တစ်နည်းအားဖြင့် ) တစ်ထောင့် ရှစ်ဆယ်ပေထိ ရှည်လျားသော ဧရာမကြိုးကြီးများပါပေ။
တစ်ပေလျှင် ပျမ်းမျှ နှစ်ကျပ်ဖြင့်ပင် တွက်စစ်သော် ထိုကြိုးအရှည် တစ်ထောင့်ရှစ်ဆယ်ပေအတွက် သင့်ငွေသည် နှစ်ထောင့်တစ်ရာ့ခြောက်ဆယ် သာတည်း။
နှစ်ချောင်းတွက် လေးထောင့်သုံးရာ နှစ်ဆယ်ကျပ် ကုန်ကျပေသည်။ ကြိုးဖိုးနှင့် ပိုက်စဖိုး ပေါင်းသော် ငွေ ငါးသောင်းနီးပါး ကုန်ချေပြီ။
ထိုသို့သော ငွေများ ကုန်ကျခံပြီး ပစ္စည်းစုံလင်သောအခါတွင် နိုင်လွန်ချည် ပေါင်ထုပ် တစ်ထုပ် ဝယ်ရ ပြန်သည်။ ပိုက်စများကို ဆက်စပ်ပြီး ပိုက်ကြီး ဆင်ပေးရန်ဖြစ်သည်။ ရိုးရိုးလက်သားတိုင်း ပိုက်သား ချုပ်တတ်သော်လည်း ပိုက်မတ်ခြင်းပညာကို တတ်ခဲလှသည်။
ပိုက်ခေါင်းကြိုး မတိမ်းစောင်းရန်နှင့် ချိန်သားကိုက်ရန် သူ့နေရာနှင့်သူ ထိန်းပေးခြင်းကို ပိုက်မတ် ခြင်းဟု ခေါ်သည်။ ပိုက်မတ်ပြီးသော် ပိုက်ကြီး၏ အလယ်ဗဟိုတွင် အဝိုင်းသဏ္ဌာန် အိတ်လုံးကြီး ချုပ်ပေးရသည်။ ဝမ်းပူပိုက်၏ သဘောမှာ ပိုက်တွင်းဝင်သမျှ ငါးသည် အိတ်လုံးကြီးထဲသို့ စုပြုံ ဝင်ရောက်တတ်သည်။ ထိုအိတ်လုံးကို ငါးတို့၏ ငရဲအိုးဟုလည်း ပြောစမှတ် ပြုကြသည်။
ထို့ကြောင့် အိတ်လုံးချုပ် ကျွမ်းကျင်သူအား ခေါ်ယူရာတွင် ကန်တော့ပွဲတင်ပြီး ငွေများများစားစား ပေး၍ ချုပ်ခိုင်းရသည်။ ကျွမ်းကျင်သော ရေလုပ်သားကြီးတိုင်း ထိုအိတ်လုံးကြီးများကို ချုပ်မပေးတတ်ကြ။ နောင်သံသရာကို ကြောက်လန့်သဖြင့်လည်းကောင်း၊ ပစ္စုပ္ပန်ဝယ် ချည့်နဲ့ခြင်း၊ မျက်စိကွယ်ခြင်း ဖြစ်တတ်သည်ဟု ယူဆသောကြောင့်လည်းကောင်း ချုပ်လုပ်မပေးကြခြင်း ဖြစ်ပေသည်။
အိတ်လုံးကိုလည်း အဝန်းအဝိုင်း ညီစွာဖြင့် ချုပ် လုပ်ရပြီး ငါးသေး ငါးလွှားမျှမကျန် လွတ်မထွက်စေရန် လိပ်ခံဟုခေါ်သော နိုင်လွန်ချည် နံပါတ်ခြောက်ဖြင့် အိတ်လုံးကြမ်း တစ်ထပ်ကို ပြင်ပမှ ချုပ်ပေးရသေးသည်။ သို့မှသာ ငါးများ၏ စုပေါင်းတွန်းကန်အားဖြင့် ရုန်းထွက်သော်လည်း မရနိုင်ဘဲ အိတ်လုံးထဲတွင်သာ သေကျေပျက်စီးကြရလေသည်။
အားလုံး ပြင်ဆင်ပြီးသော် ပစ္စည်းစုံလင်စွာဖြင့် စတင်ထွက်ခွာမည့်နေ့တွင် ကန်တော့ပွဲပေးရသည်။ ပိုက်သူကြီးမှ နားလည်သော ဆရာသမားများကို ပင့် ဖိတ်၍ ကန်တော့ပွဲထိုးရခြင်း ဖြစ်ပေသည်။ တောလမိုင်း၊ တောင်လမိုင်း၊ ရေလမိုင်းများကို ပူဇော် ပသပြီးမှသာ အလုပ်စတင်ဆင်းစေသည်။
ပိုက်သူကြီး ဦးသူတော်၏ ဝမ်းပူပိုက်ကား ထိုအရပ်တွင် အကြီးဆုံးဖြစ်သည်။ ပိုက်သား အပိုပစ္စည်း များကိုလည်း တောင်ပုံရာပုံ ဝယ်ယူထားသဖြင့် ပိုက်စ စုတ်ပြတ်သွားလျှင် ချက်ချင်း အစားထိုးနိုင်ပေသည်။ ထိုအခါ လုပ်ငန်း မနှောင့်နှေးတော့ပေ။
ငါးရှာသည့်ရာသီမှာပင် ဦးသူတော်၏ ဝင်ငွေမှာ တစ်လလျှင် တစ်သောင်းခန့် အသာကလေး ရခဲ့သည်။ ငါးလျှောက်သည့် လများတွင်ကား တစ်လဝင်ငွေသည် သုံးသောင်းဟုလည်း ဆိုနိုင်သည်။ ငါးသောင်းဟုလည်း ဆိုနိုင်သည်။
လွန်ခဲ့သော လေးငါးနှစ်ကဆိုလျှင် ငါးတန်အုပ်များ မိလိုက်သောကြောင့် ပိုက်ဖိုးငွေသည် ထိုနှစ်လခန့် ဖြင့် အရင်းကျေခဲ့သည်။ ယခု ဦးချမ်းမြ လုပ်ကိုင်ပေးနေသော ပိုက်တန်ဖိုးသည်လည်း ယခုနှစ်ထဲမှာပင် ကျေလုကျေခင် ရှိနေပြီ။
သို့သော် ပင်ပန်းတကြီး ရုန်းကန်လှုပ်ရှား၍ ပိုက်ဆွဲမှစားရသော ပိုက်သမား လက်သားဘဝတို့မှာကား-
xxx xxx xxx
“ကိုချမ်းမြ ထမင်းစားလှည့်ပါ … လာပါဗျ”
“နေပါစေ ဦးသူတော် … မဆာလို့ပါ”
“မဟုတ်တာဘဲရှင်။ တစ်ခါတည်း ဝင်စားလိုက်စမ်း ပါ။ ငါးတန်ဆီပြန်ဟင်း၊ ကြက်သားဟင်း၊ ပုန်းရည် ချက်၊ ချဉ်ပေါင်ဟင်း၊ ငရုတ်သီးထောင်းလေးနဲ့ ကောင်းမှ ကောင်း။ လာစမ်းပါရှင်၊ အားနာစရာအိမ်မှ မဟုတ်ဘဲ”
ဦးချမ်းမြ ငြင်းဆိုရန် မစွမ်းသာတော့။ ဦးသူတော် နှင့်ဇနီး ဒေါ်တင်မြ၏ အားရပါးရ ဖိတ်ခေါ်မှုကို မလွန်ဆန်နိုင်တော့ချေ။ ထမင်းဝိုင်းသို့ ဝင်ထိုင်လိုက်ရသည်။
“သည်မှာ လက်ဆေးရေ၊ ကျွန်မ ထမင်းခူးပေးမယ်”
လက်ဆေးရည် ကြွေဇလုံခွက်ကို ရှေ့တိုးရင်း ထမင်းကို ကြွေအုပ်ထဲမှ ပန်းကန်ပြားထဲသို့ ထည့်ပေးနေသည်။
“ဟာ – အားနာစရာ ဒေါ်တင်မြရယ်”
“မဟုတ်တာရှင် … ကိုချမ်းမြကလဲ။ တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြတဲ့ ကျွန်မတို့ရဲ့ စီးပွားဖက်တွေပဲရှင်။ အားရပါးရ စားစမ်းပါ”
ကြက်သားဟင်းဖတ်များက ဦးချမ်းမြ ထမင်းပန်းကန်ထဲသို့ ရောက်လာသည်။ ဦးသူတော်က ပြုံးပြုံး ကြီး ကြည့်နေသည်။ ဒေါ်တင်မြက ယပ်တောင်ဖြင့် ဦးသူတော်နှင့် ဦးချမ်းမြကို တစ်လှည့်စီ ခပ်ပေးနေသည်။ ဦးချမ်းမြ အားနာလိုက်သည်မှာ ပြောစရာပင် မရှိတော့။
“ဒါထက် ကိုချမ်းမြရယ်၊ ခင်ဗျား ညနေကို ကန်သာယာထန်းတောထဲ သွားမလို့ဆို။ လက်သားလေးတွေနဲ့ လိုက်သောက်မနေပါနဲ့ဗျာ။ ကျွန်တော့်မှာလဲ အဖော်မရှိဘူး။ ကျွန်တော်နဲ့ ခင်ဗျား အတူတူ သောက် ကြတာပေါ့ ။ ရေခဲစိမ်ဘီယာနှစ်လုံးနဲ့ မန္တလေးရမ်တစ်လုံး ရှိသေးတယ်။ အမြည်းလဲ စုံတယ်ဗျာ။ ဟိုကောင်တွေနဲ့ လိုက်သောက်နေဖို့ မလိုပါဘူး။ ထန်းတောမှာရောင်းတဲ့ တောအရက်က လူကို ဒုက္ခပေးတတ်တယ်။ ညနေတော့ ကျွန်တော့်အစီအစဉ်ကို လက်ခံပါ”
“မလုပ်ပါနဲ့ ဦးသူတော်ရယ်။ တန်ရာတန်ရာပဲ ကောင်းပါတယ်။ တောအရက် သောက်နေကျလူဟာ တောအရက်ပဲ သင့်တော်ပါတယ်ဗျာ။ ဒါတော့ လက်မခံပါရစေနဲ့ ဦးသူတော်”
“မရဘူး ကိုချမ်းမြ။ ဘာလဲ အားနာလို့လား။ သူတော် ခင်သလို ခင်မှ သူတော်က ကြိုက်တာဗျ။ ခင်ဗျားကို ခင်မင်လွန်းလို့ အတူသောက်ရအောင် ဖိတ်တာပါ။ လက်မခံရင်တော့ ကျွန်တော် စိတ်မကောင်းဖြစ်ရလိမ့်မယ်။
သည်လိုမလုပ်ပါနဲ့ ကိုချမ်းမြရယ်။ ကိုချမ်းမြအပေါ် စေတနာသန့်သန့်နဲ့ ဖိတ်တာကို လက်ခံပါဗျာ”
“ဟုတ်ပါတယ်ရှင်၊ ထမင်း ထပ်ထည့်လိုက်အုံးနော်”
ထမင်းများကို ထပ်ထည့်ပေးပြီးနောက် ငါးတန်ဆီပြန်ကို ကော်ခပ်ထည့်ပေးပြန်သည်။ ဦးချမ်းမြက လက်ကာပြသော်လည်း မရ။
“ကဲ ကိုချမ်းမြ၊ ကျွန်တော့်စေတနာကို သဘောပေါက်ရင် ညနေ ကျွန်တော်နဲ့အတူသောက်ဖို့ လက်ခံပါ”
“ဟုတ်ကဲ့ဦးသူတော်၊ ကျွန်တော် လာခဲ့ပါ့မယ်”
အားနာစွာဖြင့် လက်ခံလိုက်ရသော်လည်း ရင်ထဲ မှာတော့ တစ်မျိုးပင်။ ဦးသူတော်နှင့် ဒေါ်တင်မြသည် လိုအပ်သည်ထက် ပိုမိုလိုက်လျောနေသည်ဟု ထင်မှတ်ချင်ဖွယ်ရာ။
ထမင်းဝိုင်းမှာ စိုပြည်စွာဖြင့် ပြီးဆုံးသွားချေပြီ။
ဦးသူတော်က ဦးချမ်းမြ ဝတ်ဆင်ရန် တက်ထရက်ပုဆိုး အသစ်ကျပ်ချွတ် တစ်ကွင်းကို လက်ဆောင်ပေးလိုက်သည်။ မယူလိုသော်လည်း ငြင်းဆန်မရခဲ့။
“မိအေး … သည်ကောင် သုံးကောင်ကို ထမင်းခူးကျွေးလိုက်စမ်း”
“ဘာဟင်းနဲ့ ထည့်ကျွေးရမှာလဲ မမ”
“ချဉ်ပေါင်ဟင်း၊ ငရုတ်သီးထောင်းပေါ့။ ဘာတွေ များ ထည့်ကျွေးနေဖို့ လိုသေးလို့လဲ”
ဦးချမ်းမြ အသာ နားစွင့်လိုက်သည်။ ဒေါ်တင်မြက ထမင်းချက်မိအေးအား ပြောဆိုနေသံ ကြားနေရ သည်။ ဦးချမ်းမြက ထရံပေါ်မှကျော်၍ မြင်ကွင်းကို ကြည့်မိသည်။
မြေကြီးပေါ်တွင် ဖျာစုတ်တစ်ချပ်ခင်းလျက် ပိုက် လက်သားများဖြစ်သော သံချောင်း၊ ကျော်ဝင်းနှင့် ပေါက်စတို့ ထိုင်နေသည်ကို တွေ့ရသည်။ မကြာမီ သံဇလုံများဖြင့် ထမင်းလာချပေးပြီး ချဉ်ပေါင်ဟင်းကို မြေအိုးဖြင့် အလယ်တွင် တည်ပေးလိုက်သည်။ အလွန်ဆာနေသော သူတို့သုံးယောက်က အတင်းပင် စားနေကြသည်။
“သည်သေနာကျတွေနဲ့ ခက်ပါတယ်တော်။ ငတ်ကို ငတ်လွန်းတယ်။ ညနေကျရင် လာလိမ့်မယ် သူတို့ အရက်ဖိုး”
“မမကလဲ သူတို့ လုပ်ခတွေ မမဆီ အပ်ထားတာပဲ။ သူတို့ မဆင်းသေးခင် ပိုက်နားတုန်း လေးငါးရက် တော့ မမက ကျွေးရမှာပေါ့။ သူတို့ အလုပ်ဆင်းတော့လဲ မမပဲ ထမင်းဖိုး အတင်းဖြတ်ယူတာပဲ မဟုတ်လား။ ဒါဆန်းသလား မမရဲ့”
“ဟဲ့- ညည်းက သူတို့ကိုကြိုက်နေသလားဟင်။ သူတို့ဘက်က လိုက်ပြောရအောင်။ သူတို့က လက်သားတွေ၊ နောက်လိုက်တွေဟဲ့ သိရဲ့လား။ လက်သားဆိုတာ ဘယ်ချောင်ထဲ လူဝင်ခေါ်ခေါ် ရှေ့ပြပေးမယ့်လူရှိရင် လုပ်တတ်တယ်။ ကိုချမ်းမြတို့လို ပဲ့စီးကမှ ငါတို့အတွက် ငွေရှာပေးတာတဲ့။
ပဲ့စီးကို ထမင်းတစ်နပ်ကျွေးရတာနဲ့ သူတို့လိုကောင်တွေ ထမင်းအနပ်တစ်ရာ ကျွေးရတာတောင် မတူသေးဘူးဟဲ့။ ပဲ့စီးက လုပ်ရည်ကိုင်ရည်နဲ့ ငါတို့ပစ္စည်းကို ရိုရိုသေသေ ကိုယ်ချင်းစာစိတ်နဲ့ လုပ်ကိုင်ပြီး ငွေရှာပေးနေတာ။ ညည်းပြောရတာနဲ့ လူသိပါတယ်အေ”
ထိုအသံများကို ဦးချမ်းမြ ကြားနိုင်စွမ်းမရှိတော့။
xxx xxx xxx
ညနေစောင်းဖြစ်သဖြင့် ဦးသူတော်၏ ဖိတ်ကြား ချက်ကို မငြင်းဆန်လိုသောသဘောဖြင့် လာခဲ့ရသော ဦးချမ်းမြ။
လုပ်ရည်ကိုင်ရည် ပြည့်ဝသော ဦးချမ်းမြ။ သဘောကောင်းပြီး ငယ်သားများကို ငဲ့ညှာသော ဦးချမ်းမြ။
မတရားမှုကို ခေါင်းငုံ့မခံတတ်သော ဦးချမ်းမြ။
ယခုတော့ ဦးသူတော်တို့၏ ဇာတိရုပ်က ဘွားခနဲ ပေါ်ချေပြီ။ အထက်အညာ ရွာသားကြီးမှ လာနေပြီး
ပိုက်ထဲတွင် စွဲစွဲမြဲမြဲ ဝင်လုပ်နေသော လူငယ်သုံးယောက်ကိုလည်း သနားမိသည်။ လက်သားဖြစ်သဖြင့် ဂရုမစိုက်သည့် သဘောကိုလည်း ဦးချမ်းမြ ရွံမုန်းမိသည်။
သူသည်လည်း စဉ့်ကူရွာမှလာသော ပိုက်သမား ဧည့်သည်တစ်ဦးပင်။ သို့သော် သူတို့ ပဲ့စီးဟူသော ဂုဏ်ကြောင့် ဂရုတစိုက် ပြုစုကြသည်။ ပျူပျူငှာငှာ ဆက်ဆံကြသည်။ ပိုက်ခေါင်းဆောင်ဖြစ်သဖြင့် နေရာပေးကြသည်။
အမှန်ဆိုရလျှင် ဒေါ်တင်မြ အော်ဟစ်ငြူစူခဲ့သော ပိုက်လက်သားသုံးယောက်သည် ရေလုပ်ငန်းတွင် ပင်ပန်းလှချေသည်။ ဦးချမ်းမြကိုယ်တိုင်ပင်လျှင် လက်ညှိုးထိုး စေခိုင်းသည့်အလုပ်ဖြစ်သည့် “လေကုန် ပညာစိုက်” လုပ်နေရသည်။
“ဟာ ကိုချမ်းမြ လာလေဗျာ၊ ဘာငိုင်နေတာလဲ၊
အိမ်ပေါ်တက်ခဲ့ပါဗျ”
ဦးချမ်းမြ အတွေးများ ပျောက်ပျက်သွားသည်။
အပေါ်ထပ်မှ ဦးသူတော်က မြင်သွားပြီး အတင်းလှမ်းခေါ်လိုက်သည်။ ဦးချမ်းမြ သတိဝင်လာပြီး အိမ်အပေါ်ထပ်သို့ မတက်ချင် တက်ချင်ဖြင့် တက်လာခဲ့သည်။
“ဪ – ကိုချမ်းမြ ရောက်လာပြီလား။ ကြွပါရှင် … ဒီထိုင်ခုံပေါ်ကို ကြွပါ”
ပိုလွန်းသော အမူအရာဖြင့် ဒေါ်တင်မြက ဆက်တီထိုင်ခုံတစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။ ဦးချမ်းမြက စားပွဲပေါ်သို့ လှမ်းကြည့်မိသည်။
စားပွဲပေါ်တွင် ယမကာပုလင်းများ၊ ဖန်ခွက်နှင့် အမြည်းများက နေရာယူထားကြသည်။ ဦးချမ်းမြ မဝံ့မရဲ ဖြင့် ထိုင်ခုံပေါ်သို့ ဝင်ထိုင်လိုက်မိသည်။
“လာမှ လာပါ့မလားလို့ ကိုချမ်းမြရယ်။ လုပ်စမ်းပါဗျာ … ပျော်ပျော်ပါးပါးပေါ့”
ရေခဲထည့်ထားသော ဖန်ခွက်ထဲသို့ အရက်လောင်းထည့်ပြီး အတင်းကမ်းပေးလိုက်သည်။ ဦးချမ်းမြက တစ်ငုံမျှ မြည်းစမ်းပြီး အသာချထားသည်။
“အမြည်းလဲ သုံးဆောင်ပါအုံးရှင်။ ကိုယ့်အချင်း ချင်းတွေပဲ … အားမနာပါနဲ့”
ချိုသာသောအသံဖြင့် ပြောလိုက်သော ဒေါ်တင်မြ မျက်နှာကို ငေးကြည့်မိသည်။ စိတ်ထဲမှလည်း
“တတ်လဲ တတ်နိုင်ရန်ကော၊ ဗလောင်းဗလဲနိုင်ပါပေ့ ဒေါ်တင်မြရယ်”
ဟု ရေရွတ်နေမိသည်။
ပိုက်လက်သား သုံးယောက်ကို ပြောခဲ့တဲ့ စကားသံတို့ကိုလည်း ပြန်လည်ကြားယောင်နေမိသည်။
သဘာဝအလျောက် လွတ်လပ်စွာ တရင်းတနှီး ပြောဆိုရသော ပိုက်သမားတို့၏ ထန်းတောထဲမှ သဘာဝ ကျသော ယမကာဝိုင်းကို သတိရမိသည်။ တောအရက်နှင့် ပဲကြီးလှော်သုပ်ဖြင့် စိုပြည်လှသော ဟန်ဆောင်မှ ကင်းမဲ့သော ဝိုင်းကို နှစ်ခြိုက်မိသည်။
ယခုရောက်ရှိနေသော ယမကာဝိုင်းသည် တန်ဖိုးကြီးသော်လည်း အနှစ်သာရ ကင်းမဲ့နေသည်။
ဦးသူတော် ငှဲ့ပေးသမျှအရက်ကို အားနာစွာဖြင့် သောက်နေရသော်လည်း ဦးချမ်းမြ မပျော်ပါချေ။ မမူး နိုင်ပါချေ။
နေ့လယ်က ဒေါ်တင်မြ ပြောသွားခဲ့သော တစ်လှေ တည်းစီး တစ်ခရီးတည်းသွား ဟူသော စကားရပ်ကိုသာ ဆန်းစစ်နေမိသည်။
လုပ်ငန်းဟူသော တစ်လှေတည်းတွင် အတူစီးနေကြသော်လည်း အမြတ်အစွန်းများများဖြင့် ကြီးပွားချမ်းသာရေးဟူသော ဝိသမလောဘ ခရီးစဉ်တွင်ကား အတူမသွားနိုင်ကြပေ။
ဦးချမ်းမြက ဦးသူတော်တို့ ဇနီးမောင်နှံကို သေချာ စိုက်ကြည့်မိသည်။ ကြည့်ရင်း ကြည့်ရင်းလည်း ရွံမုန်း လာမိတော့သည်။
ဦးချမ်းမြ မြင်ယောင်နေသည်က ညှိုးငယ်စွာ ထမင်းစားနေရသော သနားစဖွယ် ပိုက်လက်သားသုံးယောက်၏ မျက်နှာ။
စိတ်ထဲတွင်လည်း ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချမှတ်လိုက်မိလေတော့သည်။ ဦးသူတော်တို့ ဇနီးမောင်နှံသာ ဦးချမ်းမြ၏ ရင်ထဲကို ဝင်ရောက် ကြည့်ပါက ဦးချမ်းမြကို ဒေါသဖြစ်နိုင်လောက်ပေသည်။
မည်သို့ ဖြစ်စေကာမူ အဖိနှိပ်ခံ ပိုက်လက်သားများကို စာနာတတ်သော ဦးချမ်းမြသည် လာမည့်နှစ်တွင် ဦးသူတော်၏ပိုက်မှ ထာဝရ အနားယူပြီး မိမိဇာတိ ရပ်ရွာ စဉ့်ကူသို့ပြန်ရန် စိတ်ဒုံးဒုံးချလိုက်ပြီး ဖြစ်ပေ တော့သတည်း။
ငွေတာရီမဂ္ဂဇင်း၊ အမှတ် (၄၆၂)
ဇန်နဝါရီလ၊ ၁၉၉၉
– ပြီး –
စာရေးသူ – ဝင်းနွယ်(သစ်တော)
Uncategorized