———————
ကျွန်တော် အထက်တန်းပြအဖြစ် တာဝန်ကျရာကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းဌေးသည် အလွန်လေးစား စရာကောင်းသည့် ဆရာကြီးတစ်ဦးဖြစ်သည်။ သူ့ကျောင်းသို့ လက်ထောက်ဆရာအဖြစ် တာဝန်ကျသည်မှာ ကံကောင်းလှသည်ဟု ဆိုရပေလိမ့်မည်။

ဆရာကြီး ဦးဝင်းဌေးသည် တကယ့်ဆရာ့ဂုဏ်နှင့် ပြည့်စုံသူတစ်ဦးဖြစ်သည်။

ဆရာကြီး ဆုံးမလေ့ရှိသည့် စကားတစ်ခွန်းကို သတိရပါသည်။

“ဆရာတို့သင်တဲ့ တပည့်တွေဟာ ဆရာတို့ထက် တော်ရမယ်။ အဲဒါမှ တကယ့်ဆရာ”

ကျွန်တော်က ထိုစကားကိုမှတ်ထားသည်။ ဆရာကြီးသည်

“ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု” ဆိုသည့် အကြီးအကဲ ခေါင်းဆောင်ဂုဏ်နှင့်လည်း ပြည့်စုံသူတစ်ဦးဖြစ်သောကြောင့်လည်း သူ့ကို ဆရာ ဆရာမတိုင်းက ချစ်ကြသည်။

ကျွန်တော်သည် ကျောင်းကိုရောက်စ ကျောင်းဆရာအသစ်ဖြစ်သောကြောင့် ဤကျောင်းနှင့် ကျောင်းမှ ဆရာ ဆရာမများအကြောင်းကို များစွာလေ့လာနေရပါသေးသည်။

ဆရာကြီးသည် မနက်တိုင်း စက်ဘီးလေးစီးကာ ကျောင်းကိုလာလေ့ရှိသည်။ သူစက်ဘီးနင်းရသည့် ခရီးအကွာ အဝေးမှာ ၅ မိုင်ခန့်ရှိသည်။ နေ့တိုင်း အသွားပြန် စက်ဘီးလေးကိုသာ စီးလေ့ရှိသည်။

ကျွန်တော်တို့ ကျောင်းအဝင်ဝတွင် အကြော်တဲတစ်တဲရှိသည်။ ထိုအကြော်တဲတွင် တစ်မနက် ကျွန်တော် အကြော်ထိုင်စားနေစဉ် ဆရာကြီးက စက်ဘီးလေးဖြင့် ကျောင်းလမ်းထဲကို ဝင်လာသည်။

ကျွန်တော်က ဆိုင်ထဲမှ ထွက်ကာ

“ဆရာကြီး အကြော်စားပါဦး” ဟု ဖိတ်ခေါ်သည်။

“ဪ ဆရာကျော်ရေ စားဗျာ … အိမ်က စားလာပြီးပြီ” ဟုပြောပြီး စက်ဘီးကို ဆက်နင်းသွားသည်။

ဆရာကြီးသည် ကျောင်းအဝကိုရောက်သည့်အခါတွင် စက်ဘီးကို ရပ်လိုက်သည်။ ကျွန်တော်ကလည်း အကြော်တဲထဲမှ ဆရာကြီး ဘာလုပ်မည်နည်းဆိုသည်ကို ကြည့်နေသည်။

ဆရာကြီးက ကျောင်းအဝင်ရှိ ကုက္ကိုပင်ကြီးအောက်ကိုသွားပြီး အပင်အောက်ကို တစ်ခုခုထည့်လိုက်သလို ခါးကိုကုန်းပြီး လုပ်လိုက်သည်ကို မြင်လိုက်ရသည်။

ထို့နောက်ဆရာကြီးက စက်ဘီးပေါ်ပြန်တက်ပြီး ကျောင်းထဲကို ဆက်နင်းသွားသည်။

ကျွန်တော်လည်း အကြော်စားပြီးနောက် ကျောင်းဘက်ကို ထွက်လာခဲ့သည်။ ကျောင်းတက်ခေါင်းလောင်း ထိုးပြီ။

ကျွန်တော်က ဆရာကြီးကုန်းပြီး တစ်ခုခုလုပ်နေသည့် ကုက္ကိုပင်ကြီးအောင်ကိုသွားကာ စူးစမ်းကြည့်မိသည်။ ဆရာကြီး ဘာများ လုပ်သွားပါလိမ့်ပေါ့။

ကုက္ကိုပင်ကြီးကား နှစ်ချို့ပင်ကြီးဖြစ်သဖြင့် မြစ်ပျဉ်းကြီးတွေက ကြီးမားလှသည်။ ဆရာကြီး ရပ်သွားသော နေရာကို ကျွန်တော်လျှောက်ကြည့်သည်။ ဘာကိုမျှမတွေ့။ မြစ်ပျဉ်းအောက်တွင် ကလိုင်ပေါက်လိုလို တစ်ခုသာတွေ့သည်။ ထိုအထဲတွင်လည်း ဘာမျှမရှိ။

နောက်တစ်နေ့တွင်လည်း ကျောင်းထဲမှ ဆရာကြီးလာရာလမ်းကို ကြည့်နေမိသည်။

ဆရာကြီးသည် စက်ဘီးလေးနင်းလာပြီး ကုက္ကိုပင်အနီး အရောက်တွင် စက်ဘီးကိုရပ်ပြီး ကုက္ကိုပင်အောက် ဝင်သွားသည်။ ထို့နောက် ပြန်ထွက်လာသည်။

ကျွန်တော်လည်း မယောင်မလည်နှင့် ကုက္ကိုပင်အောင် သွားကြည့်ပြန်သည်။ ဘာကိုမျှမတွေ့။

နေ့လယ်ထမင်းစားဆင်းချိန်တွင် ဆရာကြီးကို အရဲစွန့်ကာ မေးမိတော့သည်။

“ဆရာကြီး”

“ဘာလဲဆရာကျော်”

“ကျွန်တော် သတိထားမိတာကြာပြီ။ ဆရာကြီး မနက်ဆိုရင် ကျောင်းကိုရောက်တိုင်း ကုက္ကိုပင်ကြီးအောက်ကို ဝင်သွားပြီး တစ်ခုခုလုပ်တာ။ ကျွန်တော့်အတွက်တော့ ပဟေဠိပဲဆရာကြီး။ ဘာလုပ်တာလဲဆိုတာ ပြောပြလို့ ရမလားခင်ဗျာ”

“ဪ ဒါလား … ကျွန်တော်က မနက်တိုင်း အိမ်ကပါလာတာတွေကို ကျောင်းဝက ကုက္ကိုပင်ကြီးအောက်မှာ ထားခဲ့တာ”

“ကျွန်တော် သွားကြည့်တယ် ဘာမှလည်း မတွေ့ပါဘူးဆရာကြီး”

“အိမ်မှာ ကိုယ့်အိမ်တွင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ၊ လမ်းမှာလည်း ကိုယ်နဲ့ မပတ်သက်တဲ့ ပြဿာနာပေါင်း သောင်းခြောက်ထောင်လောက်ဟာ ကိုယ်နဲ့ အတူတူ ကပ်ပါလာတတ်တာလားဆရာကျော်။ အဲဒါတွေကို ကျောင်းရုံးခန်းထဲ၊ စာသင်ခန်းထဲ မယူခဲ့ချင်ဘူး ဒါကြောင့် မနက်တိုင်း ကျောင်းထဲ ဝင်တော့မယ် ဆိုရင် ကျွန်တော်က ကုက္ကိုပင်ကြီးအောက်ကိုသွားပြီး နင်တို့ နေခဲ့တော့လို့ ထားခဲ့လိုက်တာ။ ကျွန်တော်တို့ အိမ်က ပြဿနာတွေ၊ လမ်းက ပြဿနာတွေ၊ ရုံးကပြဿနာတွေကို ကျောင်းကို မယူလာသင့်ဘူး။ ကျောင်းဆိုတာ ကလေးတွေကို ပညာသင်ပေးဖို့နေရာ။ အရိုးဆုံး အရှင်းဆုံးနဲ့ စိတ်ထားဖြူဖြူစင်စင် သင်ကြား ကြရမယ့်နေရာ။ ဒီနေရာကို အခြားဘယ်လိုပြဿနာမျိုးတွေကိုမှ ခေါ်မလာသင့်ဘူးလေ။ အဖြူလေးတွေကို အရောင် မဆိုးချင်ရင် ညစ်တာတွေကို တစ်နေရာရာမှာ ပစ်သာထားခဲ့ပါဆရာ”

တစ်ချိန်က ဖြစ်ပါသည်။