စိန်လှိုင်
တညနေခင်းတွင် တိုင်းရင်းသားနှစ်ဦးသည် မိမိတို့၏ရွာသို့ ပြန်လာကြစဉ် တဲအရိပ်များနှင့်ရောလျက် မလှုပ်မယှက် ရပ်နေသော မဲမဲသဏ္ဍာန်ကြီးတခုကို အမှတ်မထင် တွေ့လိုက်ရသည်။
ထို့ကြောင့် ရွာသားနှစ်ဦးသည် ယင်း မဲမဲအရိပ်ကြီးကို ချောက်လှန့်မောင်းနှင်ပစ်လိုက်ကြသည်။ ယင်းသို့ အော်ဟစ်ချောက်လှန့်လိုက်မှပင် မဲမဲသတ္တဝါကြီးသည် ရုတ်တရက် တဲရိပ်ထဲမှ ထွက်လျက် အလွန်လျင်မြန်သော အရှိန်ဖြင့် ၎င်းတို့ထံ တဟုန်ထိုးပြေးဝင်လာသည်။
ထိုအခါကျမှပင် ယင်းသတ္တဝါကြီးမှာ ဆင်ကြီးတကောင်ဖြစ်ကြောင်း တွေ့မြင်လိုက်ရသည်။
တိုင်းရင်းသားနှစ်ဦးတို့မှာ အသက်ဘေးမှ လွတ်မြောက်ရာ လွှတ်မြောက်ကြောင်း ခြေဦးတည့်ရာသို့ ကြောက်အားလန့်အား ထွက်ပြေးကြသည်။
တိုင်းရင်းသားတဦးသည် အနီရောင်အဆင်းရှိသော စောင်တထည်ကို လွှမ်းခြုံထားရာ ယင်းစောင်ကပင် ၎င်း၏ သေမင်းအား ဖိတ်ခေါ်လိုက်ကြောင်း ထင်ရှား နေလေသည်။ အကြောင်းမူ ဆင်ကြီးသည် စောင်နီခြုံထားသူ၏ နောက်သို့သာ ထက်ချပ်လိုက်လံ ထိုးသတ်သောကြောင့် ဖြစ်သည်။
ရွာသူရွာသားများမှာ မိမိတို၏တဲများထဲတွင် ပုန်းလျှိုးနေကြရင်းက ဆင်လိုက်သံကိုသာ နားစွင့်နေကြသည်။ ဒုက္ခရောက်နေရှာသော မိမိတို့၏ မိတ်ဆွေကိုလည်း မည်သို့မျှ အကူအညီ မပေးနိုင်ကြဘဲ ရှိသည်။
ထိုအခိုက်မှာပင် ဆင်ဖမ်းမိသွားသဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်သော ကံဆိုးရှာသူ ရွာသူရွာသား၏ အသံကို ကြားလိုက်ကြသည်။
သတ္တဝါကြီးသည် သူ၏ သားကောင်အဖြစ် ကျရောက်လာသူ ရွာသားအား ခြေထောက်တဘက်ဖြင့် နင်းပြီး အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်အောင် နှာမောင်းဖြင့် ဆွဲလျက်ရှိသည်။
ပြီးလျှင် ရွာသား၏ အလောင်းအား မြေကြီးထဲသို့ ဆောင့်၍ဆောင့်၍ နင်းကာ ထွက်ခွါသွားလေတော့သည်။
xxx xxx xxx
ကျွန်ုပ်သည် ကနေဒါလူမျိုး တောလိုက်သမားနှစ်ဦးနှင့်အတူ ဗြိတိသျှ အရှေ့အာဖရိကရှိ အဘာဒါးယားသစ်တောထဲတွင် ရှိနေစဉ် ဆက်သားများ ရောက်ရှိလာသည်။ ဆက်သားများမှာ ဆင်ထိုးခံရသဖြင့် သေဆုံးသွားသော ကျေးရွာမှ ဖြစ်သည်။
ရွာလူကြီးထံမှ ဆင်ကြီးအား သတ်ဖြတ်နှိမ်နင်းပေး ရေးအတွက် ကျွန်ုပ်ထံသို့ အကူအညီတောင်းခံရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ကင်းယားပြည်ရှိ တိုင်းရင်းသားများမှာ ကျွန်ုပ်အား ကောင်းစွာသိရှိကြသည်။ အကြောင်းမူ ကျွန်ုပ်သည် မျက်နှာဖြူတောလိုက်မုဆိုးတဦးအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဘူးသောကြောင့်ပင်။
ကျေးရွာလူကြီးထံမှ ဤဆင်ကြီးသည် မုန်ယိုနေသော ဆင်ရိုင်းကြီးတကောင်ဖြစ်ပြီး စိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီးနေသဖြင့် ကျီးလန့်စာ စားနေရသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ အကယ်၍သာ ဤဆင်ကြီးကို သုတ်သင်ဖယ်ရှားခြင်း မပြုနိုင်ပါက ရွာသူရွာသား တယောက်ယောက်မှာ အနှေးနှင့်အမြန် ထပ်မံအသတ်ခံရလိမ့်ဦးမည်ဖြစ်ကြောင်းဖြင့်လည်း မှာကြားလိုက်ပါသည်။
ထိုစဉ်က ကျွန်ုပ်သည် ဘွန်ဂိုဟုခေါ်သော အလွန်တရာရှားပါးပြီး တွေ့ရခဲလှသည့် ဒရယ်တမျိုးကို ပစ်ခတ်ဖမ်းဆီးရန်အတွက် အလန်နှင့် မက်မာတင်ဆိုသူ ညီအကိုနှစ်ဦးအား အခကြေးငွေယူပြီး လမ်းပြအဖြစ် လိုက်ပါဆောင်ရွက်နေခိုက် ဖြစ်သည်။
ဆင်ကြီးကို ပစ်သတ်ရန်အတွက် အခေါ်လာသူများ နောက်သို့ လိုက်ပါသွားခဲ့လျှင် ညီအကိုနှစ်ဦးအတွက် ရှားပါးလှသည့် ဒရယ်ကို ဖမ်းဆီးရရှိရေးမှာ လက်လွတ်သွားပေလိမ့်မည်။
သို့ရာတွင် မက်မာတင်က ကျွန်ုပ်အား လိုက်သွားရန် ခွင့်ပြုလိုက်ပါသည်။ ဤကဲ့သို့ ရက်ရောသဘောထားကြီးသော တောပစ်ဝါသနာပါသူမျိုးကို ကျွန်ုပ် မတွေ့ဘူးသေးပါ။ ထို့ကြောင့် ကျွန်ုပ်သည် အခေါ်လွှတ်လိုက်သော ဆက်သားများနှင့်အတူ ကျွန်ုပ်နှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ဝါကမ်ဘာ လူမျိုး ဖြစ်သူ သေနတ်ထမ်းသမား “ဆာဆီတာ”ကို ခေါ်၍ အဆောတလျှင် လိုက်ပါသွားခဲ့ပါသည်။
ကျွန်ုင်တို့ ရောက်ရှိသွားသောအခါ ရွာလူကြီးသည် အသင့် ဆီးကြိုလျက်ရှိသည်။
၎င်း၏အမည်မှာ ဂီရီဖြစ်ပြီး ကျွန်ုပ်နှင့် မိတ်ဆွေဟောင်းကြီးများ ဖြစ်ကြသည်။ သို့ရာတွင် ရွာသူရွာသားများမှာ တထိတ်တလန့် ဖြစ်နေကြ၍ ရှေးဖြစ်နောက်ကြောင်းများကို ပြန်ပြောင်းပြောဆိုနေရန် အချိန်မလှချေ။
ရွာသူရွာသားများမှာ ယာခင်းထဲသို့ပင် မသွားဝံ့အောင် ရှိနေကြသည်။ ၎င်းတို့ စိုက်ပျိုးထားသော ပြောင်းခင်းများမှာလည်း ပြောင်းဖူးများ ချိုးယူသိမ်းဆီးရန် အချိန်ကျရောက်နေလေပြီ။
ကောက်ပဲသီးနှံများကိုလည်း ဆင်ရိုင်း၏ ဘေးအန္တရာယ်မှ လွတ်ကင်းစေရန် သစ်ခက်သစ်ရွက်များဖြင့် ဖုံးအုပ်ကာကွယ်ထားရုံဖြင့် သင့်လျော်လုံလောက် သော်လည်း မိမိတို့၏ တဲများမှ မခွါဝံ့အောင် ဖြစ်နေ
ကြသည်။
မုန်ယိုနေသောဆင်ရိုင်းသည် တရွာမှ တရွာသို့ ကူးသန်းသွားလာလျက်ရှိပြီး လမ်းတွင် တွေ့သမျှသော ပြောင်းခင်းများကိုလည်း ဖျက်ဆီးသွားကြောင်း၊ ၎င်းအား သတ်ဖြတ်သုတ်သင်ခြင်း မပြုနိုင်ပါက ရွာသူရွာသားများမှာ ငတ်မွတ်ခေါင်းပါးမည့် ဘေးဒုက္ခကြီးနှင့် ကြုံတွေ့ရတော့မည်ဖြစ်ကြောင်းဖြင့် ဂီရိက ကျွန်ုပ်အား ပြောပြလေသည်။
ကျွန်ုပ်တပည့်ကျော် ဆာဆီတာနှင့်အတူ သေဆုံးသူ ရွာသား၏ အလောင်းကို ကြည့်ရှုရန် ထွက်လာခဲ့သည်။
xxx xxx xxx
ရွာထိပ်ဖျားတွင် ပထမဆုံး ဆင်ရိုင်းနှင့် စတင်တွေ့ဆုံမိသော နေရာ၌ သေဆုံးသူ ရွာသား၏ ခြေရာများကို တွေ့ရှိရသဖြင့် ၎င်းထွက်ပြေးရာလမ်းအတိုင်း ချုံပုတ်များကို ဖြတ်ကာ လိုက်သွားကြသည်။
၎င်းအား လိုက်လံသတ်ဖြတ်လျက်ရှိသော ဆင်ရိုင်း၏ရန်မှ လွတ်ကင်းအောင် ကွေ့ကာကောက်ကာဖြင့် အမျိုးမျိုး ပြေးရရှာသော လမ်းကြောင်းကို တွေ့ရသည်မှာ ကြေကွဲဝမ်းနည်းဘွယ်ရာ မြင်ကွင်းတခုပင် ဖြစ်သည်။
သူသည် တကယ်ပင် အသက်ဘေးကို လု၍ ပြေးခဲ့ကြောင်း ကျွန်ုပ် သိရှိသည်။
အကြောင်းမူ ကျွန်ုပ်ကိုယ်တိုင် မကြာခဏ ဆင်အလိုက်ခံရဘူးကြောင့် ဖြစ်သည်။ ဆင်လိုက်ခံရစဉ် ပြေးရသည်မှာ တနည်းအားဖြင့် အိပ်မက်ထဲတွင် ပြေး လွှားရသည်နှင့် တူလေသည်။
အိမ်မက်ထဲတွင် ဆင်လိုက်၍ ပြေးရလွှားရသော အခါများ၌ နောက်ကျောကို ဆူးများဖြင့်ညိကာ ခြေထောက်များကို နွယ်ပင်များက ပတ်ထားသဖြင့် လှုပ်ရှားမရဘဲ ဖြစ်နေစဉ် ကြွက်တကောင်၏အလား ဆင်ကြီးက မိမိအနီးသို့ ရောက်ရှိလာသည့်ပမာ နောက်သို့ လိုက်လာသော တဲရီယာခွေးတကောင်၏အလား ဆင်ကြီးက မိမိအနီးသို့ ရောက်ရှိလာသည့်ပမာ ခံစားရသောကြောင့်ပင်။
ကျွန်ုပ်သည် သေဆုံးသူ၏ အလောင်းမှ ကျန်ရစ်သော အပိုင်းအစများကိုသာ တွေ့ရတော့သည်။ သို့ရာတွင် သေဆုံးသူ ရွာသား၏ကိုယ်တွင် ခြုံလွှမ်းထားသော စောင်နီကိုမူ အစအနမျှပင် မတွေ့ရတော့ချေ။ ယင်းစောင်နီကို ဆင်ရိုင်း ယူဆောင်သွားလိမ့်မည်ဆိုခြင်းမှာ သံသယပွားဘွယ်ရာ မလိုပေ။
ကျွန်ုပ်တို့အဘို အနီရောင် အဝတ်အထည်ကို ဝတ်ဆင်ထားသော တိုင်းရင်းသားများအား ဆင်ရိုင်းများက လိုက်လံထိုးသတ်လေ့ ရှိသည်ကို ယခုအကြိမ်မှာ ပထမဆုံး ကြားဘူးခြင်း မဟုတ်ပါချေ။ ယင်းအရောင်အဆင်းသည် ဆင်များကို လိုက်လံထိုးသတ်ချင်စိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင်ထားခြင်းသာ ဖြစ်ရမည်ဟုလည်း ယုံကြည်မိလေသည်။
ကျွန်ုပ်သည် ဆင်ရိုင်း၏နောက်သို့ ချက်ချင်း ခြေရာခံလိုက်ရန် အသင့်ရှိသော်လည်း ရွာသူကြီးဖြစ်သူ ဂီရိက စောင့်ကြည့်ရန် ပြောကြားလာသည်။
ထိုနေ့ညနေတွင် ဆင်ရိုင်းသည် အခြားကျေးရွာ တရွာရွာကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးဦးမည် ဖြစ်ရာ ညအချိန်တွင် ဆက်သားများ သတင်းလာပို့ပေလိမ့်မည်။ ထိုအခါတွင် နံနက်လင်းသည်နှင့် ခြေရာသစ်ကိုခံ၍ လိုက်နိုင်လိမ့်မည်ဖြစ်ပြီး ခက်ခက်ခဲခဲတနေ့လုံး ခြေရာခံလိုက်ရခြင်းမှ သက်သာပေလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်မှာ စိုက်ခင်းတခုခုကိုသာ ဖျက်ပြီးနောက်ထပ် အသက်ကိုတော့ ရန်မပြုပါစေနှင့်ဟု ဆုတောင်းနေရတော့သည်။
xxx xxx xxx
အရုဏ်သောက်၍ အလင်းရောင်မရောက်မီ အချိန်အနည်းငယ်အတွင်းမှာပင် အထက်ဘက် ငါးမိုင်ခန့်အကွာရှိ ကျေးရွာတရွာမှ ဆက်သားတဦး မောကြီးပန်းကြီးဖြင့် ရောက်ရှိလာသည့် ဆင်ရိုင်းကြီးသည် မိုးမချုပ်မီ ညနေအချိန်တွင် ရွာတွင်းသို့ ရောက်ရှိလာသည်။
ရွာမှ စိုက်ပျိုးထားသော စိုက်ခင်းများဆီသို့ သွားရမည့်အစား မသွားဘဲ ရွာတွင်းရှိ တဲများကို နင်းချေဖျက်ဆီးပစ်သည်။ ထို့နောက် တဲတလုံး၏ရှေ့တွင် ရပ် လျက် တဲတံခါးဝမှ ခြောက်ပေခန့်အကွာတွင် ဆင်ချေးများကို တပုံကြီး ယိုချသည်ဟု သိရှိရ သည်။
အပြင်ဘက် မှောင်နှင့်မဲမဲတွင် မည်သို့မျှ အံတုဖက်ပြိုင်၍ မရသော ဆင်ကြီးတကောင်က သောင်းကျန်းချင်တိုင်း သောင်းကျန်းနေချိန်တွင် ရင်တမမ ဖြင့် နေရသော တဲတွင်းရှိ တိုင်းရင်းသားများ၏ အဖြစ်မှာ မည်သို့ရှိရှာမည်ကို တွေးကြည့်က သိနိုင်ပေလိမ့်မည်။
ဧရာမသတ္တဝါကြီးသည် ၎င်းတို့၏ တဲများရှိရာသို့ တရွေ့ရွေ့ လှမ်းလာပြီး ၎င်းတို့၏ ချွေးနည်းစာ ကောက်ပဲသီးနှံများကို စိတ်ရှိတိုင်း မွေနှောက်စားသောက်သံကို ကြားနေရသည်မှာ အတိုင်းမသိအောင် ကြာမြင့်လှသည်ဟု ထင်မှတ်ကြလိမ့်မည်။
နောက်ဆုံးတွင် ဆင်ရိုင်းကြီးသည် အငမ်းမရ စားချင်တိုင်း စားသောက်ပြီးသောအခါ အစာချေရန်နှင့် အိပ်စက်အနားယူရန် ချုံပုတ်များအတွင်းသို့ တလှုပ်လှုပ် ဝင်ရောက်သွားသည်ဟု ဆိုလေသည်။
မိုးသောက်လျှင် သောက်ချင်း ကျွန်ုပ်နှင့် ဆာဆီတာတို့သည် အဆိုပါရွာသို့ ထွက်ခွာလာကြသည်။
အမြင့် ပေကိုးထောင်ရှိ တောင်ပေါ်သို့ တက်ရသည်။ခရီးမတွင်ဘဲ အသက်ရှုရ ကြပ်လှသည်။
ရွာပတ်လည်ရှိ ဆင်နင်းခြေထားသော ရွာစည်းရိုးမှ နေ၍ ခြေရာခံ လိုက်ခဲ့ကြသည်။ ဆင်သွားရာ လမ်းကြောင်းမှာ နက်ရှိုင်းဆုံးအပိုင်းဖြစ်သော အဘာဒါရား သစ်တောကြီးဆီသို့ ဦးတည်လျက် ရှိလေသည်။
တောကြီးမှာ တိုင်များသဖွယ် ပင်စည်များ အကိုင်း အခက်များနှင့် မိုးလျက်ရှိသောအစိမ်းရောင် သစ်ရွက်များကြောင့် ဧရာမအဆောက်အဦးကြီးတခုဟု မှတ်ထင်ရသည်။ ထူထပ်သိပ်သည်းလှသော သစ်ခက်သစ်ရွက်များကြောင့် အသံသည် တိတ်ဆိပ်ငြိမ်သက်နေလေသည်။
ကျွန်ုပ်တို့သည် အပြောကျယ်လှသော သစ်ပင်များ၏အကြားမှ ဖြတ်၍ အသံမမြည်စေဘဲ လျှောက်လာခဲဲ့ကြသည်။ တော၏ အောက်ခြေမှာ မရှုတ်ထွေးလွန်းလှဘဲ ချုံပုတ်အနည်းငယ်သာ ရှိသဖြင့် ဝမ်းသာမိသည်။
ရှေးသို့ မျှော်ကြည့်လိုက်ပါက ကိုက်နှစ်ဆယ်မျှ မြင်နိုင်ပေသည်။ မုဆိုးတယောက်အတွက် လိုအပ်သော ဝေးနိုင်သမျှ အကွာအဝေးပင် ဖြစ်သည်။
ဆင်ချေးနံ့ကို ရသဖြင့် ရှေ့သို့ လှမ်းကြည့်လိုက်ရာ မြင်မကောင်းအောင် အကြည့်တန်လှသော ပုံပျက်ပန်းပျက် ဆင်ချေးပုံကြီးကို အထောင်အသောင်းမကသော ယင်ရိုင်းများ ဝိုင်းအုံလျက် မြင်တွေ့ရသည်။
ဆာဆီတာသည် ဆင်ချေးပုံကို ခြေထောက်ဖြင့် ကန်လိုက်ပြီး မကျေညက်သေးသော ပြောင်းစေ့များကို ညွှန်ပြလိုက်လေသည်။ ဆင်ချေးမှာ လတ်လတ်
ဆတ်ဆတ်ပင် ရှိသေးသည်။
ဆင်ရိုင်းကြီးမှာ ကျွန်ုပ်တို့၏ရှေ့မှ နာရီအနည်းငယ်သာ ကွာဝေးပေလိမ့်မည်။
ဆင်ရိုင်းကြီးကို တောတွင်းတနေရာရှိ သစ်ပင်ချုံနွယ်ရှင်းလင်းသော ကွက်လပ်တခုတွင် မှီလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့ရာတွင် ၎င်းမှာ ပါးနပ်စဉ်းလဲသော သတ္တဝါကြီးဖြစ်၍ အနားယူအိပ်စက်ရန် ချုံနွယ်ပိတ်ပေါင်းထူထပ်သော တောတွင်းသို့သာ ဝင်ရောက်သွားသည်။
ဆင်ခြေရာများသည် ဝါးပင်များ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသော တောင်ခပန်းတခုဆီသို့ ကျွန်ုပ်တို့အား ခေါ်ဆောင်သွားသည်။
ထိုအခိုက်မှာ မျောက်အုပ်တအုပ်နှင့် ဝင်တိုးမိရာ မျောက်များသည် အုတ်အုတ်ကြွက်ကြွက် ဆူညံသော အသံများဖြင့် သစ်ပင်များပေါ်တွင် တပင်နှင့်တပင် ခုန်ကူးရင်း ထွက်ပြေးသွားကြသည်။
ကျွန်ုပ်မှာ ၎င်းတို့၏ အထိတ်တလန့် အော်သံများကို ဆင်ရိုင်းကြီး မကြားပါစေနှင့်ဟုသာ ဆုတောင်းမိပါတော့သည်။
ဆွေးမြေ့နေသော ဝါးလုံးများကို အသံမမြည်အောင် နင်း၍သွားရန်မှာ မဖြစ်နိုင်တော့ချေ။
ကျွန်ုပ်သည် ဆင်ခြေရာအတိုင်း နင်း၍လိုက်ရန် ကြိုးစားကြည့်သေးသည်။ သို့သော် ဆင်ခြေရာများမှာ အလှမ်းကျယ်လှသဖြင့် လူသားသက်သက်မျှသာဖြစ်သော ကျွန်ုပ်မှာ မတတ်နိုင်ဘဲ ရှိသည်။
မကြာဏေပင် ခြေထောက် အနီကြားနှင့် ဒရယ်ကလေးတမျိုးသည် ဝါးရုံကြားမှ ပြေးထွက်လာသည်ကို တွေ့ရသည်။
ကျွန်ုပ်သည် ဝမ်းသာအားရဖြင့် ရိုင်ဖယ်သေနတ်ကိုဆုပ်ကိုင်မိလိုက်သည်။ ကွင်းပြင်ထဲတွင် ဒရယ်များကို အုပ်လိုက်တွေ့နိုင်ပြီး ကြိုက်ကောင်ကို ရွေးချယ်ပစ်ခတ်နိုင်သော်လည်း တောထဲတွင်ကား ဤသို့သော ထူးခြားသည့် အခွင့်အရေးမျိုးကို တွေနိုင်ခဲလှ သည်။
အကယ်၍သာ ဂီနီကို ကတိမထားမိလျင် ကျွန်ုပ်သည် ဤဒရယ်ကလေးကို ပစ်ခတ်ကာ ရွာသို့ လှည့်ပြန်မည်ဖြစ်ပြီး ဆင်ရိုင်းကြီးအား အခြားအခွင့်သာသော ကွင်းပြင်တနေရာရာတွင် ထပ်မံကျိုးစား ပစ်ခတ်မည်သာ ဖြစ်လေသည်။
ဝါးပင်များ ပါးသွားပြီးနောက် ကျွန်ုပ်တို့သည် တိုင်းရင်းသားများ သစ်ခုတ်နေသော နေရာတခုသို့ ရောက်ရှိသွားကြသည်။ ဆင်ရိုင်းကြီးသည် ၎င်းမုန်းတီးသော လူနံ့ကို ရှောင်ရှားပြီး သွားလေရာတလျှောက်တွင် ဝါးပင်များကို ချိုးဖဲ့ထားခဲ့သည်ကို တွေ့ရသောအခါ ကျွန်ုပ်ကိုယ် ကျွန်ုပ် ကျိန်ဆဲမိလေတော့သည်။
ဆင်တကောင်သည် ညအခါ၌ တဲတွင်းရှိလူနံ့ကို ရသော်လည်း ကြောက်လန့်ခြင်းမရှိဘဲ တောတွင်း၌ လူနံ့ကို ရသောအခါတွင်မူ ကြောက်ရွံ့ထိတ်လန့်တတ်လေသည်။ ယခုအခါ ၎င်းသည် သစ်ခုတ်စခန်းနှင့် အလှမ်းကွာဝေးသည်ထက် ဝေးအောင် ခရီးနှင်နေပေလိမ့်မည်။
ဆာဆီတာနှင့် ကျွန်ုပ်တို့သည် တဦးကိုတဦး ကြည့်လိုက်မိကြသည်။ သူက ပုခုံးတွန့်၍ ပြလိုက်သည်။ ကျွန်ုပ်တို့သည် စိတ်မလျော့ဘဲ ခြေရာခံကာ မယုံကြည်နိုင်လောက်အောင် မြင့်မားလှသော တောင်နှာမောင်းတခုပေါ်သို့ ဆက်လက်တက်သွားကြသည်။
ဆင်ရိုင်းကြီးသည် လုံခြုံစိတ်ချရသော နေရာကို မတွေမချင်း ရှာဖွေရန် စိတ်ပိုင်းဖြတ်ထားသည့်အလား ၎င်း၏ ခြေရာများမှာ နှင်းဆီရိုင်းများနှင့် ဖက်ယားပင်များ ပေါက်ရောက်လျက်ရှိသော ချုံနွယ်ပိတ်ပေါင်းများဆီသို့ ဦးတည်သွားလျက် ရှိပြန်သည်။
ချုံပုတ်များမှာ ရှုပ်ထွေးလှသဖြင့် ကျွန်ုပ်တို့မှာ မတ်တတ်မလျှောက်နိုင်တော့ဘဲ ချုံပုတ်များအောက်မှ လက်နှင့် ဒူးကို အားပြုကာ တွားသွားလိုက်ကြရသည်။
ယင်းနောက် ကျွန်ုပ်တို့သည် ဆင်ရိုင်းကြီး ခေတ္တရပ် သွားသော ကွက်လပ်ကလေးတခုသို့ ရုတ်တရက် ရောက်လာကြသည်။ ဆင်ရိုင်းကြီး ဆက်လက်ထွက်ခွာသွားသည်ကိုပင် ကျွန်ုပ်မှာ တွေး၍ ကျေးဇူးတင်လိုက်မိသည်။
ဆူးခြုံအောက်တွင် လေးဘက်ဘွားသွားရင်း မမျှော်လင့်ဘဲ ဆင်ကြီးနှင့် တွေ့လိုက်ပါက မည်မျှမနှစ်မြို့ဘွယ်ရာ ကောင်းလိုက်ပါမည်နည်း။
ထိုအခိုက် မမျှော်လင့်ဘဲ ရှေ့ခပ်လှမ်းလှမ်းဆီမှ သစ်ကိုင်းကျိုးသံတခုကို ကြားလိုက်ရသည်။
ကျွန်ုပ်နှင့် ဆာဆီတာတို့သည် အသာအယာ ၀ပ်လိုက်ကြသည်။
အသံသည် ထပ်မံထွက်ပေါ်လာပြန်၏။ ဆင်ရိုင်းကြီးကား ကျွန်ုပ်တို့၏ရှေ့ ပေအနည်းငယ်ခန့်အကွာတွင် ဝါးရုံပင်တပင်ကို ချိုး၍ စားနေခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် ရှေ့သို့ တွားသွားပြီး တက်လိုက်ကြသည်။
ဝါးပင်များအကြားတွင် မတ်တတ်ရပ်နိုင်ကြပြန်သဖြင့် စိတ်သက်သာရာ ရသွားသည်။
ဆင်ရိုင်းကြီး နင်းထားသဖြင့် ပိပြားနေသော ဆင်ခြေရာအတိုင်း သတိကြီးစွာဖြင့် အသံလာရာသို့ တဖြည်းဖြည်း တိုးသွားကြသည်။
လေသည် မည်သည့်အရပ် မျက်နှာဆီမှ တိုက်ခတ်နေကြောင်း မသိရချေ။ ဝါးရုံပင်များမှာလည်း အထက်ဘက်သို့ ယိမ်းနွဲ့လျက် ရှိကြသည်။
ဆင်ရိုင်းကြီး၏ အောက်ဖက်ရှိ လေစုံသို့ သွားရောက်ရန်မှာ လမ်းမရှိ၍ မသွားနိုင်တော့ပေ။
ကျွန်ုပ်တို့ မှာ ဆင်းရိုင်းကြီး၏ ခြေရာကိုသာ မှီပြီး လှုပ်ရှားနိုင်ကြသည်။ ကျွန်ုပ်တို့သည် ဆင်ရိုင်းကြီး၏ အနီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိကြသော်လည်း ဝါးရုံပင်များမှာ အထက်ဘက်မှ ကာဆီးလျက် ရှိသဖြင့် ရှေ့သို့ အနည်းငယ်မျှသာ လှမ်း၍ မြင်နိုင်သည်။
ဆာဆီတာသည် ရပ်တန့်လိုက်ပြီးနောက် ကျွန်ုပ်၏ လက်ဝဲဘက်ဆီသို့ မေးငေါ့၍ ပြလိုက်သည်။ မည်သည့်အရာကိုမျှ မမြင်ရသော်လည်း ကျွန်ုပ်သည် ရိုင်ဖယ်သေနတ်ကို အသာမြှောက်လိုက်သည်။ ကျွန်ုပ် ကိုင်တွယ်ထားသော သေနတ်မှာ .၄၇၅ ဂျက်ဖရီ ပြောင်းနှစ်လုံးတပ် ရိုင်ဖယ်သေနတ် ဖြစ်သည်။ အားထားရသော သေနတ်တလက်ဖြစ်ပြီး မည်သည့်အခါကမျှ ကျွန်ုပ်အား ဒုက္ခမပေးဘူးသေးချေ။
သို့မဟုတ်ပါက ဤအကြောင်းအရာကို ကျွန်ုပ် ရေးသားဖော်ပြနိုင်မည် မဟုတ်ပါပေ။
သစ်ကိုင်းကျိုးသံမှာ ကျွန်ုပ်တို့၏ရှေ့ ပေအနည်းငယ်အကွာမှ ထပ်မံပေါ်ထွက်လာပြန်သည်။
ကျွန်ုပ်သည် အသက်ကိုအောင့်လျက် ပစ်ခတ်ရန်အခွင့်ကောင်းကို စောင့်နေမိသည်။
ရုတ်တရက် အသံများ စဲသွားသည်။ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျွန်ုပ်နှင့် ဆာဆီတာတို့မှာလည်း မလှုပ်မရှက် ရပ် နေလိုက်ကြသည်။ ဖြစ်နိုင်ပါက ကျွန်ုပ်၏ တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကိုပင် ရပ်တန့်ထားလိုလှ သည်။ နှလုံးခုန်သံမှာ ကျွန်ုပ်အဘို့ စည်တလုံးကို တီးခတ်နေဘိကဲ့သို့ပင်။
ထိုနောက် ဝါးလုံးကွဲသံ ကြားလိုက်ရပြီး ဝါးပင်များလှုပ်ရမ်းကာ ဆင်ရိုင်းကြီးသည့် နောက်သို့လှည့်၍ တဟုန်ထိုး ပြေးထွက်သွားလေတော့သည်။
မမျှော်လင့်ဘဲ တိုက်ခတ်လိုက်သော လေဆိုးကြောင့် ကျွန်ုပ်တို့၏ အနံ့ကို ရသွားလေပြီတကား။
ဆာဆီဘာနှင့် ကျွန်ုပ်တို့မှာ တယောက်ကိုတယောက် ကြည့်မိကြပြန်သည်။ သူ့ကို ကြည့်ရသည်မှာ သနားဖွယ်ရာပင်။ ၎င်း၏ ဘာသာစကားတွင် ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများ ရှိမည်မဟုတ်သော်လည်း ၎င်ထက် အဆင့်အတန်းမြင့် ကျွန်ုပ်ကမူ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများကို ရေရွှတ်လိုက်မိပါ သည်။ သို့ရာတွင် တီးတိုးရေရွတ်ခြင်းသာ ဖြစ်သည်။
ဆင်ရိုင်းကြီးမှာ အဝေးတွင် ရောက်ရှိနေပြီ ဖြစ်သော်လည်း မလိုအပ်လျှင် ကျွန်ုင်တို့သည် စကားဆိုလေ့ မရှိကြပေ။
နေစွယ်ကျိုးစပြုနေပြီဖြစ်ရာ ငါးနာရီထိုးခန့် ရှိလိမ့်မည်ဟု သိလိုက်မိသည်။ ယခုအခါ ဆင်ရိုင်းကြီးမှာ အလွန်ထိတ်လန့်လျက် ရှိနေလေပြီ။ ၎င်းသည် နောက်ထပ် ရပ်နားခြင်းမပြုမီအတွင်း မိုင်ပေါင်းများစွာ ခရီးပေါက်အောင် သွားပေလိမ့်ဦးမည်။
လိမ္မာပါးနပ်သော လူတဦးသာ ဖြစ်ပါက လက် လျှော့ပြီး စခန်းသို့ ပြန်မည်သာ ဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်ကား အမဲလိုက်သည့်ကိစ္စနှင့် ပတ်သက်လာလျှင် မည်သည့်အခါမျှ လိမ္မာရေးခြား မရှိချေ။ ယင်းကြောင့်ပင် ဆက်လက်ပြီး ခြေရာခံလိုက်ရန်အတွက် ဆာဆီတာအား ခေါင်းညိတ် အချက်ပေးလိုက်ပါ သည်။
သစ်ပင်ချုံနွယ်ပိတ်ပေါင်းများအကြားတွင် အလင်းရောင်မှာ မှေးမှိန်စ ပြုနေပြီဖြစ်သော်လည်း ဆင်ရိုင်းကြီး၏နောက်သို့ လိုက်ရန်မှာ ခက်ခဲခြင်းမရှိချေ။ ၎င်းသည် ထိတ်လန့်လျက် ရှိသဖြင့် ဝါးပင်များကို မြက်ပင်များပမာ နင်းချေသွားခဲ့သည်။
ဆင်နင်း၍ ပိပြားနေသော မြေပြင်ကို ကျွန်ုပ်တို့ နင်းမိလိုက်သောအခါ ပို၍ပင် ဆိုးရွားသွားလေသည်။ ကျွန်ုပ်၏ ဘိနပ်မှာ မြေကြီးထဲသို့ ကျွံကျွံပြီး ဝင်သွားသဖြင့် ထွက်ပါ် လာသောအသံမှာ ပင်ပန်းမောဟိုက်နေသော ဆင်ရိုင်းကြီးကိုပင် ရပ်တန့်စေလိမ့်မည် မဟုတ်ချေ။
တနာရီကြာမျှ ခြေရာခံ၍ လိုက်လာခဲ့ပြီးသည့်အခါတွင် တပည့်ကျော် ဆာဆီတာသည့် ငှက်ကဲ့သို့ သေချွန်သံတိုးတိုးကလေးတချက် ချွန်လိုက်သည်။ သတိထားဟူသော အချက်ပေးသံ ဖြစ်သည်။ ထို့ကြောင့် ကျန်ုပ်တို့သည် ရပ်တန့်လိုက်ကြပြီး နားစွင့်လိုက်ကြသည်။
ဆင်ရိုင်းကြီးသည် ကျွန်ုပ်တို့၏ လက်ဝဲဘက်သို့ ဝါးရုံပင်များအကြားမှ ဖြတ်လျက် သွားနေသော အသံကို ကြားနေရသည်။ ၎င်းသည် လေစုန်အောက်သို့ သွားနေခြင်းဖြစ်ရာ ကျွန်ုပ်တို့၏ အနံ့ကိုခံရန် ကြိုးစားနေခြင်းပင်။
ယင်းနောက် အသံရပ်သွားသဖြင့် ကျွန်ုပ်တို့၏ လှုပ် ရှားမှုကို နားစွင့်ရန် ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်မိသည်။ ကျွန်ုပ်တို့က ဆင်ကို ချောင်းမြောင်းရမည့်အစား ၎င်းက ကျွန်ုပ်တို့ကို ပြန်လည်ချောင်းမြောင်းနေခြင်း ဖြစ်သည်။
ကျွန်ုပ်၏ အတွေ့အကြုံအရ ပြောရပါမူ ဆင်သည် လူထက်ပို၍တော်သော ခြေရာခံချောင်းမြောင်းတတ်သူ ဖြစ်လေသည်။
ကျွန်ုပ်သည် နောက်ကြောင်းပြန်လှည့်ရန် ထပ်မံစဉ်းစားမိပြန်သော်လည်း ရွာလူကြီး ဂီရီအား ပေးခဲ့သော ကတိကို ဖေါက်ဖျက်ရန် မုန်းတီးမိသည်။ ဆင်ရိုင်းကြီးကို ပစ်ခတ်ရန် အခွင့်အရေးမှာ အလွန်တရာ နည်းပါးနေပြီ ဖြစ်သော်လည်း ဆာဆီတာနှင့် ကျွန်ုပ်မှာ ဆက်၍လိုက်မြဲ လိုက်လျက်ပင်။
ထွက်ပြေးသံ မကြားရသေးသည့်အတွက် ၎င်းသည် မည်သည့်နည်းနှင့်မျှ ကျွန်ုပ်တို့၏အနံ့ကို ရလိမ့်ဦးမည် မဟုတ်ချေ။ ၎င်းသည် ယခုထက်တိုင် ရပ်နေဆဲဖြစ်သည်။ လေထဲတွင် နှာမောင်းကိုမြှောက်ကာ အနံ့ခံနေခြင်း ဖြစ်ပေလိမ့်မည်။
နောက်ထပ် မိနစ်အနည်းငယ်သာ ဆက်လက် ရပ်နေဦးမည်ဆိုပါက ၎င်းအား ကျွန်ုပ်တို့ မှီနိုင်ပေလိမ့်မည်။
စိမ်းဖန့်ဖန့် ဝါကျင့်ကျင့် ဝါးပင်များအကြားသို့ အားစိုက်ပြီး ကြည့်ရှုရသဖြင့် ကျွန်ုပ်၏ မျက်လုံးအစုံမှာ ကိုက်ခဲလာသည်။
ထိုအခိုက်တွင် ခပ်လှမ်းလှမ်းရှိ ဝါးပင်များအကြား၌ မဲမဲအရိပ်သဏ္ဍာန်တခုကို ဖျတ်ကနဲ မြင်လိုက်ရသည်။
ကျွန်ုပ်သည် ချက်ချင်း ရပ်တန့်လိုက်ပြီး ရိုင်ဖယ်သေနတ်ကို တဖြည်းဖြည်း မြှောက်လိုက်သည်။ ထူထပ်သော ချုံပုတ်ထဲတွင် အမြီးနှင့် ခေါင်းပိုင်းကို ခွဲခြားမရနိုင်အောင် ရှိသည်။ အစွယ်ရောင်ကိုလည်း မမြင်ရချေ။
အနည်းငယ်မျှ အသံမမြည်အောင် အသက်ရှူသံကိုပင် အောင့်ထားမိသည်။ ဆာဆီတာမှာလည်း ကျွန်ုပ်ကဲ့သို့ပင် ရှိလိမ့်မည်ဟု သတိထားမိသည်။
ကျွန်ုပ်သည် အလွန်အမင်း ပစ်ခတ်ချင်စိတ် ဖြစ်ပေါ်နေသော်လည်း ဒဏ်ရာရရုံသာ ရရှိသွားမည်ကိုမူ စိုးရိမ်မိသည်။ ခြေလှမ်းအနီးငယ်ခန့် လှုပ်ရှားလိုက်ရုံဖြင့် မည်သည့်နေရာသို့ ပစ်ခတ်ရမည်ကိုမူ ကျွန်ုပ် အတတ်ပြောနိုင်ပေသည်။
ယင်းသို့ ရှိနေခိုက် ဝါးရုံပင်များကို ဖြတ်လျက် ရုတ်တရက် လေတချက် မွှေ့လိုက်သည်။ ရုတ်ခြည်းပင် ဆင်ရိုင်းကြီးမှာ ကျွန်ုပ်တို့၏ အနံ့ကို ရရှိသွားပြီးနောက် တဟုန်ထိုး ထွက်ပြေးသွားလေတော့သည်။
ကျွန်ုပ်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။ ကျွန်ုပ်သာ ပစ်ခတ်လိုက်လျှင် ဆင်ရိုင်းကြီးမှာ လဲကျကောင်း လဲကျသွားနိုင်သည်။ သို့ရာတွင် ဒဏ်ရာရရှိရုံသာ ရရှိသွားက ကျွန်ုပ်တို့နှစ်ဦးလုံးအား ထိုးသတ်ကောင်း ထိုးသတ်သွားပေလိမ့်မည်။ သို့မဟုတ် နာကျင်သည့်ဒဏ်ရာကြောင့် မိုင်ပေါင်းများစွာ ကွာဝေးအောင် ထွက်ပြေးသွားပေလိမ့်မည်။
ဒဏ်ရာရထားသော ဆင်နာသည် အလွန်ကြောက်မက်ဘွယ်ကောင်းသော သတ္တဝါဖြစ်၍ တချက်ထည်းဖြင့်သေရန် မသေချာသမျှ ပစ်ခတ်လိုစိတ် မရှိချေ။
ဆင်ရိုင်းကြီးနောက်သို့ ဆက်လက်ပြီးလိုက်ရန်မှာ မည်သို့မျှ အရာရောက်တော့မည် မဟုတ်ပေ။ မိုးချုပ်နေပြီ ဖြစ်သည့်အပြင် စခန်းနှင့်လည်း မိုင်ပေါင်းအတော်လှမ်းလျက် ရှိပြီ။ ထို့ကြောင့် ကျွန်ုပ်နှင့် ဆာဆီတာတို့သည် ဖြေးညှင်းစွာ နောက်ကြောင်းပြန်လှည့်ခဲ့ကြသည်။
ရွာသို့ ပြန်ရောက်သောအခါတွင် အရေးမလှခဲ့သည့်အတွက် လူတိုင်းလိုပင် စိတ်ပျက်အားငယ်သွားကြသည်။ စကားတခွန်းမျှ မဟကြတော့ဘဲ ညစာကိုပင် တိတ်ဆိတ်စွာဖြင့် တည်ခင်းကျွေးမွေးကြလေသည်။
နောက်တနေ့နံနက်တွင် တောကြီးတတောလုံးကို ထူထပ်သောနှင်းများဖြင့် အုပ်ဆိုင်းလျက်ရှိသည်။ မြက်ပင်များမှာလည်း နှင်းပေါက်များကြောင့် ကိုင်းညွှတ်နေကြသည်။ လေမှာလည်း ထူးခြားစွာ အေးမြနေသည်။
ကျွန်ုပ်သည် လဘက်ရည်ပူပူကလေးကို သောက်နေခိုက်တွင် အပေါ်ပိုင်း၌ အဝတ်မပါသော ဆက်သားတဦးသည် စခန်းချရာ တဲတွင်းသို့ အပြေးရောက်လာသည်။
ဆင်ရိုင်းကြီးသည် ညက သုံးမိုင်ခန့်အကွာရှိ ရွာတွင်းသို့ ဝင်ရောက်လာပြီး ကောက်ပဲသီးနှံများကို ဖျက်ဆီးသွားကြောင်းဖြင့် သိရှိရလေသည်။ ဆင်ရိုင်းကြီးသည် အလွန်ပင် ပါးနပ်စဉ်းလဲသောကြောင့် ကျေးရွာတရွာသို့ နှစ်ကြိမ်ဆက်ပြီး လာရောက်လေ့ မရှိပေ။ ယင်းသို့ဖြင့် ၎င်းအား လိုက်လံသတ်ဖြတ်ရန်မှာ ခဲယဉ်းလှသည်။
ကျွန်ုပ်နှင့် ဆာဆီတာတို့မှာ ချက်ချင်းထွက်ခွါလာခဲ့ကြသည်။
xxx xxx xxx
ဆင်ရိုင်းကြီး မွှေနှောက်ခံရသော ရွာသို့ ရောက်ရှိသွားသောအခါ ရွာသားအချို့သည် ကျွန်ုပ်တို့နှင့်အတူ လမ်းပြအဖြစ်လိုက်ရန် အကူအညီပေးကြသည်။
ကျွန်ုပ်တို့သည်ဆင် ရိုင်းကြီး၏ ခြေရာကိုခံလျက် စတင်ထွက်ခွါခဲ့ကြသည်။
ယခုအခါ ၎င်း၏ ခြေရာများကို ကျွန်ုပ်သည် ကောင်းကောင်းကြီး မှတ်မိနေပြီး ယင်းခြေရာများကို ကြည့်ရင်း ကြည့်ရင်း အော့နှလုံးနာလာနေသည်။
ကျွန်ုပ်တို့သည် တတ်နိုင်သမျှ လျင်မြန်စွာ လိုက်သွားကြရာ ခြေရာမှာ တောင်ကုန်းများဆီသို့ ဦးတည်သွားနေကြောင်း သိရှိရပြီး ယင်းနေရာမှာ သစ်ပင်များ ရှင်းလင်းပြန့်ပြူးကြောင်းဖြင့် ရွာသားများက ပြောကြားကြသည်။ ၎င်းတို့၏ ပြောပြချက် မှန်ကန် လိမ့်မည်ဟု မျှော်လင့်မိသည်။
တောင်ခါးပန်းများမှာ မတ်စောက်လှသဖြင့် မကြာခဏ ရပ်နားရသည်။ ကျွန်ုပ်သည် ဒေသခံ တိုင်းရင်းသားများ၏ အံ့ဩဘွယ်ရာကောင်းသော သက်လုံကို မနာလိုစိတ် ဖြစ်ပေါ်မိသည်။
ခြုံများရှင်းသဖြင့် အတော်ကလေး ခရီးပေါက်လာကြသည်။ နေ့လည်လောက်တွင် ဝါးပင်များ ခြုံနွယ် ပိတ်ပေါင်းများဖြင့် ရောရှက်ရှုပ်ထွေးနေသော တောတွင်းသို့ ရောက်ရှိသွားကြသည်။
ဆင်ရိုင်းကြီး၏ ခြေရာလမ်းတလျောက်တွင် လဲကျ ပိတ်ဆို့နေသော သစ်ကိုင်းကြီးများ၊ သစ်ဘုံးကြီးများမှာ လေးပေခန့်မျှပင် မြင့်မားသည်။ ပိတ်ဆို့နေသော အတားအဆီးများပေါ်သို့ ကျော်လွှားရန်သော်လည်းကောင်း၊ အောက်မှ ငုံ့လျှိုးဝင်ရောက်ရန်သော်လည်းကောင်း ခဲယဉ်းလှသည်။
ဆင်ရိုင်းကြီးမှာ ခြေလှမ်းကြဲကြီးဖြင့် အလွယ်တကူဖြတ်ကျော်သွားနိုင်သော်လည်း ကျွန်ုပ်တို့မှာ ၎င်းလောက် ကံမကောင်းကြပေ။
အသံကို မမြည်စေဘဲ သွားရန်မှာ မဖြစ်နိုင်လောက်အောင်ပင်။
ကျွန်ုပ်သည် ဆာဆီတာအား အသံမြည်အောင်လုပ်ရပါမည်လားဟု မြည်တွန်တောက်တီးလိုက်မိသည်။ သို့သော်လည်း နောက်တခဏအကြာတွင်မူ ကျွန်ုပ်ကိုယ်တိုင် အသံမြည်အောင် လုပ်မိရက်သား ဖြစ်နေသည်။
ဆင်ရိုင်းကြီး လဲလျောင်းအိပ်စက်သွားသော အကွက်တခုသို့ ကျွန်ုပ်တို့ ရောက်ရှိသွားကြသည်။ မြေပျော့ပျော့ပေါ်တွင် ထင်ကျန်ရစ်သော ၎င်း၏ အရာကိုပင် တွေ့မြင်နိုင်လေသည်။
ကျွန်ုပ်တို့မှာ အားတက်လာကြသည်။ ယင်းသို့မှ အိပ်စက်မသွားလျှင် ၎င်းအား မှီနိုင်လိမ့်မည် မဟုတ်ပေ။
တချိန်တည်းမှာပင် ဤသို့ အောက်ခြေရှုပ်ထွေးလှသော နေရာတွင် ၎င်းနှင့် ရင်ဆိုင်မတွေ့ပါစေနှင့်ဟု မျှော်လင့်မိသည်။
လွန်ခဲ့သော ညနေက ကျွန်ုင်တို့သည် ယင်းကဲ့သို့သော ရှုပ်ထွေးလှသည့် ဝါးရုံပင်များအကြားတွင် ခြေရာခံလိုက်ခဲ့ကြရာ ရှေ့ခပ်လှမ်းလှမ်းဆီသို့ မြင်နိုင်အောင်ပင် ခက်ခဲစွာ ကြည့်ခဲ့ကြရသည် မဟုတ်ပါလော။
လေရူးသည် ဝါးပင်များကို တကျိကျိမြည်အောင် တိုက်ခတ်စ ပြုလာသည်။ သစ်ကိုင်းသစ်ခက်များမှာ လေကြောင့်ပင် အသံမြည်သလော၊ သတ္တဝါကြီးကြောင့်ပင် မြည်သလော ခွဲခြားသိသာရန် ခဲယဉ်းလှသဖြင့် ရှေ့သို့ သတိကြီးစွာဖြင့် တိုးကပ်သွားကြရသည်။
ဤနေရာမှာ ကျွန်ုပ်အဘို့ ဆင်ရိုင်းကြီးနှင့် ရင်ဆိုင်တွေ့ချင်သော နောက်ဆုံးနေရာပင် ဖြစ်သည်။
အ ကြောင်းမူ ဆင်တကောင်သည် ဝါးပင်များ အကြားတွင် ခိုကပ်ရန်မူခြင်း ပြုပါက ၎င်း၏ရှေ့ တွင် ကာဆီးနေသော ဝါးပင်များကို ခေါင်းဖြင့်အောင်း၍ တွန်းလွှဲကာ လမ်းရှင်းရမည်ဖြစ်ရာ ၎င်းအား ပစ်ခတ်ရန် အခွင့်ကောင်းကို မရရှိမီ ဝါးကိုင်းများ၏ အောက်တွင် ပိနေမိမည် ဖြစ်သောကြောင့်ပင်။
တော်ရုံတန်ရုံ အန္တရာယ်ကို ဖြုံလေ့မရှိသော ဆာဆီတာပင် “တော်တော်ခွကျတဲ့ အလုပ်ဘဲ” ဆိုသည့်သဘောဖြင့် မျက်နှာကို မဲ့ပြလိုက်ပါသည်။
ထိုအခိုက် ကျွန်ုပ်တို့၏ရှေ့ရှိ ဝါးရုံပင်များအကြားမှ လှုပ်ရှားသံတခုကို ကြားလိုက်ကြရသည်။
ဆာဆီတာနှင့် ကျွန်ုပ်တို့သည် ရုတ်တရက် ရပ်လိုက်ကြပြီး ရိုင်ဖယ်ကိုမြှောက်ကာ ပြေးထိုးလာမည့် ဆင်ကြီးကို စောင့်နေမိကြသည်။
ဆင်ရိုင်းကြီးအစား “ဘွန်ဂို”ခေါ် အလွန်တရာလှပပြီး ရှားပါးလှသည့် ဒရယ်အဖိုတကောင်မှာ ကျွန်ုပ်တို့ရှေ့မှောက်၌ ရပ်တန့်လျက်ရှိသည်ကို တွေ့လိုက်ရသည်။
မက်မာတင်နှင့် ကျွန်ုပ်တို့ ရက်သတ္တပတ်ပေါင်းများစွာ လိုက်လံရှာဖွေနေကြသော သားထောင်ပင် တည်း။
သို့သော်လည်း ဆင်ရိုင်းကြီး လန့်ဖျပ်သွားမည်စိုး၍ ပစ်ခတ်ခြင်း မပြုနိုင်တော့ပေ။
ရေညှိပင်များ ဖုံးလွှမ်းလျက်ရှိသော တောင်ကျချောင်းတချောင်းကို ဖြတ်ကျော်ခဲ့ကြစဉ် ဆင်ရိုင်းကြီးသည် ၎င်း၏နှာမောင်းဖြင့် ရေညှိပင်များ ဆွဲနှုတ်ထားခဲ့သည်ကို တွေ့ကြသည်။ ယင်းရေညှိပင်တမျိုး၏ အမြစ်သည် တိရစ္ဆာန်များအား ကျန်းမာသန်စွမ်းစေသည့် ဆေးဘက်ဝင်ပစ္စည်းတမျိုး ဖြစ်လေသည်။
၎င်းထိုးဆွထားသော မြေကြီးများမှာ စွတ်စိုနေဆဲဖြစ်၍ ကျွန်ုပ်တို့၏ရှေ့ မဝေးလှသောနေရာတွင် ရောက်ရှိနေကြောင်း သတိထားမိသည်။
ဆင်ရိုင်းကြီး ထိုးဆွသွားသော ခြေရာလက်ရာများကို ကြည့်ရှုစစ်ဆေးနေစဉ် လမ်းပြရွာသားများ အနက်မှ တဦးက ရှေ့ ဝါးရုံတောထဲမှ အသံတသံကိုကြားရကြောင်းဖြင့် ပြေးလာပြီး သတင်းပို့လေသည်။
ထို့ကြောင့် ကျွန်ုပ်နှင့် ဆာဆီတာတို့သည် အသံမမြည်အောင် တတ်နိုင်သမျှ ငြိမ်သက်စွာဖြင့် ရှေ့သို့ ထက်သွားကြသည်။
လေသည် မှန်မှန်တိုက်ခတ်လျက်ရှိပြီး ကျွန်ုပ်တို့က တပန်းသာ နေသည်။ ဝါးပင်ကြီးများအကြားမှ တဖြည်းဖြည်း တိုးသွားစဉ် ဝါးပင်ကို ဆွဲယူချိုးဖြတ်လိုက် သော အသံကို ကြားလိုက်ရသည်။ ဝါးကို ကိုက်ဝါးစားနေသည့် သူ့အသံနှင့်သူ ဆူညံနေသဖြင့် ကျွန်ုင်တို့၏ လှုပ်ရှားသံကို ကြားနိုင်လိမ့်မည် မဟုတ်ချေ။
လေသာ ယခုအတိုင်း မှန်မှန် ဆက်လက်တိုက်ခတ်နေပါက ၎င်းအား အဆုံးစီရင်နိုင်ပေလိမ့်မည်။
အပေါ်သို့မြှောက်ကာ အညွှန့်များကို ဆွဲယူနေသော ၎င်း၏ နှာမောင်းဖျားကို မြင်လိုက်ရသည်။
ကျွန်ုပ်သည် အပင်ရှိရာသို့ လှမ်းကြည့်ရင်း တချိန်တည်းမှာပင် အသံမမြည်အောင် နင်းရမည့်နေရာကို ရှာဖွေကာ ချဉ်းကပ်သွားသည်။
ဆာဆီတာမှာလည်း ကျွန်ုပ်၏နောက်မှ ထပ်ချပ်မခွာ လိုက်ပါလာရင်း လေ မည်သည့်ဘက်မှ တိုက်ခတ်နေကြောင်း သိရှိရန် သစ်ရွက်ခြောက်မှုန့်တမျိုးကို မြှောက်ကြဲလျက် ရှိသည်။ ကြဲဖြန့်လိုက်သော သစ်ရွက်ခြောက်မှုန့်ကလေးများမှာ မီးခိုးငွေ့ ကလေးများသဖွယ် လွင့်ပါသွားကြသဖြင့် လေတိုက်ခတ်ရာ အရပ်ကို အလွယ်တကူ သိရှိနိုင်လေသည်။
ဝါးရုံကြားထဲသို့ ဝင်သွားသောအခါ လေကွယ်သို့ရောက်သွားသဖြင့် သစ်ရွက်မှုန့်ကလေးများမှာ လွင့်ပါသွားခြင်းမရှိဘဲ ဝေ့လျက်ရှိသည်။
ထိုအခိုက် ကျွန်ုပ်၏ရှေ့ ဆယ့်ငါးကိုက်အကွာတွင် ဆင်ရိုင်းကြီးကို တွေ့မြင်လိုက်ရသည်။
နှာမောင်းကို မြှောက်ချီနှိမ့်ချီဖြင့် ပါးစပ်ထဲသို့ သွင်းလိုက်ထုတ်လိုက်ပြုကာ ဝါးပင်ပေါက်ကလေးများကို တမြုံ့မြုံ့ဝါးနေသော အသံကို ကောင်းစွာ ကြားနေရသည်။
ကျွန်ုပ်နှင့် ၎င်း၏အကြားတွင် ဝါးပင်များ ကာဆီးနေသဖြင့် ပစ်ခတ်လိုက်ပါက ကျည်ဆံသည် ဝါးပင်ကိုထိကာ လွဲချော်ထွက်သွားမည်စိုးသောကြောင့် မပစ်ဝံ့ဘဲ ရှိသည်။
လက်ရှိ အခြေအနေကို အခွင့်ကောင်းယူကာ ပစ်ခတ်ရမည်လော။ သို့တည်းမဟုတ် ယခုထက် အခွင့်သာသော ချက်ကောင်းကို ပစ်ခတ်နိုင်ရန် အနည်းငယ် အနေအထား ပြောင်းလဲသည်အထိ စောင့်နေရမည်လော။ ချီတုံချတုံ ဖြစ်နေမိသည်။
ကျွန်ုပ်တို့မှာ နီး ကပ်လွန်းလှသောကြောင့် လေငြိမ်နေသည့်တိုင်အောင် ကျွန်ုပ်တို့၏အနံ့ကို ရရှိသွားနိုင်သဖြင့် လျင်မြန်စွာ ဆုံးဖြတ်ရပေလိမ့်မည့်။
ယင်းသို့ ချီတုံချတုံ ဖြစ်နေခိုက် ဆင်ရိုင်းသည် ကျွန်ုပ်တို့အား တွေ့မြင်သွားပါတော့သည်။
၎င်းသည် ယမန်နေ့ကဲ့သို့ ထွက်ပြေးခြင်း မပြုတော့ချေ။ ၎င်းသည် စိုးစင်မျှ တန့်ဆုတ်နှောက်နှေးခြင်း မရှိ၊ သတိပေးခြင်း မရှိဘဲ ဝှီကနဲလှည့်ကာ ထိုးလေတော့သည်။
ကျွန်ုပ်၏ ရိုင်ဖယ်ကိုမျှ မမြှောက်နိုင်မီ ၎င်းသည် ကျွန်ုပ်အား တဟုန်ထိုး ဝင်ထိုးလျက် ရှိလေပြီ။ ၎င်း၏ နားရွက်ကြီးနှစ်ဘက်ကို စွေ့နေအောင် နောက်သို့ပစ်ထားသည်။နှာမောင်းကိုကား တင်းကြပ်စွာ ရင်ဒူးပေါ်တွင် ကပ်ထားသည်။ ဒေါသဖြင့် အော်မြည်လိုက်သော လည်ချောင်းသံမှ ထွက်လာသည့် အသံနက်ကြီးကိုကား “အူး” ဟူ၍သာ အနီးကပ်ဆုံး ဖေါ်ပြ နိုင်တော့သည်။
ကျွန်ုပ်၏ ညာဘက်သေနတ်ပြောင်းဝကို ၎င်း၏ ဦးခေါင်းအလည်တည့်တည့် မျက်မြင်မျဉ်းကြောင်း၏အထက် သုံးလက်မခန့်ဆီသို့ ချိန်ရွယ်လိုက်ပြီးနောက် ပစ်ချလိုက်သည်။
မောင်းဖြုတ်လိုက်ပြီးနောက် ဆင်ရိုင်းကြီးသည် တအောင့်မျှ ကျွန်ုပ်၏အထက် လေထဲသို့ မြှောက်တက်သွားသည်။ ယင်းနောက် မြေကြီးပေါ်သို့ ပုံလျက် လဲကျသွားသည်။ ၎င်းသည် ဝါးရုံပင်များအကြားသို့ ကိုယ်တပိုင်း ရောက်ရှိသွားသဖြင့် စူးစူးဝါးဝါး အော်မြည်လိုက်သည်။
ကျွန်ုပ်သည် ချက်ချင်းပင် ဝဲဘက်သေနတ်ပြောင်းဝကို လည်ပင်းတည့်တည့်သို့ ချိန်ရွယ်လျက် ပစ်သွင်းလိုက်သည်။
ရုတ်ချည်းပင် ခြေပစ်လက်ပစ်ဖြင့် အရုပ်ကြိုးပြတ် ပုံကျသွားလေတော့သည်။
ဤသို့ဖြင့် ဂီရီ၏ ရွာသူရွာသားများအား နှောက်ရှက်သတ်ဖြတ် ဒုက္ခပေးခဲ့သော သတ္တဝါကောင်ကြီးမှာ ဇာတ်သိမ်းသွားလေတော့သည်။
ဆင်ကြီးကို ပစ်ခတ်နေစဉ်က ပုန်းလျှိုနေကြသော လမ်းပြများမှာ အလျှိုအလျှိုဖြင့် ထွက်ပေါ် လာကြသည်။ ၎င်းတို့မှာ ဝမ်းသာလွန်း၍ စကားပင် မပြောနိုင်ကြချေ။
ကျွန်ုပ်သည် ဆင်ရိုင်းကြီး၏ ပေါင်ပေါ်တွင် ထိုင်ကာဆေးတံကို ဆေးဖြည့်လိုက်သည်။ ဆေးတံကို အားရပါးရ ရှိူက်ပြီးသောအခါ ဆင်သေကြီးကို စစ်ဆေးကြည့်လိုက်သည်။
ဆင်စွယ်မှာ တချောင်းလျှင် ပေါင်လေးဆယ်ခန့်သာစီးသည်။ တကယ်ကောင်းသော အရွယ်မှာ ထို့ထက် သုံးဆမျှ လေးလေသည်။ ယင်းအစွယ်များကို ကြည့်ရှုနေစဉ် ညာဘက်အစွယ်၏ အရင်း၌ ကျည်ဆံရာ အပေါက်တခုကို တွေ့ရသည်။
ဒါးဖြင့် ကော်ထုတ်လိုက်ရာ မတ်စကက်သေနတ်မှ ကျည်ဆံတခုကို တွေ့ရှိရသည်။ အာရပ်လူမျိုး ဆင်စွယ်မုဆိုးတဦး၏ လက်ချက်ဖြစ်တန်ရာသည်။
ကျည်ဆံသည် ဆင်စွယ်အရင်းရှိ အာရုံကြောများဆုံရာတွင် ဝင်နေခြင်းဖြစ်ရာ ယင်းဝေဒနာကြောင့်ပင် တဖြည်းဖြည်း ရူးသွပ်သွားပြီး ယခုကဲ့သို့ ဆင်ဆိုးကြီးတကောင်ဘဝသို့ ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။
ယင်းဆင်ကြီးကို ပစ်ခတ်ခဲ့သော အာရပ်လူမျိုးတောလိုက်မုဆိုးမှာ ယခုအခါ ချမ်းသာကြွယ်ဝကောင်း ကြွယ်ဝနေမည် ဖြစ်သော်လည်း ၎င်း၏ လက်ချက်ဖြင့် တိရစ္ဆာန်ကြီးရော လူများပါ ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်ကိုမူ မည်သည့်အခါမျှ စဉ်းစားတွေးတောမိလိမ့်မည် မဟုတ်ပါချေ။
(J. A. Hunter ရေးသားသော Rogue Elephant ကိုဆီလျှော်အောင် ထုတ်နှုတ်ပြန်ဆိုပါသည်)
– ပြီး –
စာရေးသူ – စိန်လှိုင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ