“ဟဲ့ ဟဲ့ ကလေးတွေ ထွက်သွားစမ်း မနက်စောစောစီးစီး ကျက်သရေကို မရှိဘူး….. ဘယ်ဥကပေါက်ပြီး ဘယ်လိုမွေးထားကြတာတွေလဲ မသိဘူး “ကျက်သရေတုန်းတွေ သွားကြ သွားကြ
နံနက်ဝေလီဝေလင်းကြီး သမီးဖြစ်သူ၏ အော်ဟစ် ပြောဆိုနေသံများကြောင့် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးငွေရောင်သည် အပေါ်ထပ် ဝရံတာမှ အသံကြားရာသို့ လှမ်း၍ ကြည့်လေသည်။ ထို့နောက် ဦးငွေရောင်သည် သက်ပြင်းရှည်ရှည် တစ်ချက်ကိုချပြီး သမီးဖြစ်သူအား ဤကဲ့သို့ လှမ်းပြောလေသည်။
“သမီးရယ် ချို့တည့်လွန်းလို့ အခုလိုအလုပ်တွေကို လုပ်ကြတာပါ။ ပြီးတော့ သူတစ်ပါးပစ္စည်းကို ခိုးကြတာလည်း မဟုတ်ကြဘူး။သူတစ်ပါး
စွန့်ပစ်ပစ္စည်းလေးတွေသာ ကောက်ကြတာပါ။ ဒီလိုတော့ ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့ကွယ်”
“ဟုတ်ကဲ့ပါ ဖေဖေ။ သမီးမှားသွားပါတယ်”
ဖအေဖြစ်သူရဲ့ စကားကို မလွန်ဆန်ချင်၍သာလျှင်
ခေါင်းညိတ်လိုက်ရပေမယ့် စိတ်ထဲမှာတော့ နှင်းငွေရောင်တစ်ယောက် ထိုကလေးများအပေါ် သိပ်ကျေနပ်ပုံ မရပေ။ထို့နောက်-
“ရော့…ရော့”
ဆောင့်ကြီးအောင့်ကြီးဖြင့် အချိုရည်ဗူး သုံးလေးခုအား အိမ်ထဲသို့ဝင်ယူ၍ ဆာလာအိတ်ထဲ ပစ်ထည့်ပြီး အိမ်၏ ခြံတံခါးအား ဆောင့်၍ ပိတ်လိုက်သည်။
ထမင်းစားခန်းတွင် ဦးငွေရောင်တစ်ယောက် သမီးဖြစ်သူအား နံနက်စာ စားရန် စောင့်ဆိုင်းနေလေသည်။နှင်းငွေရောင်သည် လက်အားဆပ်ပြာဖြင့် သုံးလေးထပ်ဆေးပြီး မီးဖိုချောင်မှ ထမင်းစားခန်းသို့ ဝင်ခဲ့လေသည်။
ဖခင်အားမြင်သည်နှင့် ချစ်စဖွယ်အပြုံးကို ဖန်တီးကာ…..
“ဆောရီးနော် ဖေဖေ သမီးလက်ဆေးနေလို့ နည်းနည်းလေး ကြာသွားတယ်”
ဦးငွေရောင်မှာ သမီးဖြစ်သူကို ပြန်လည်ပြုံးပြပြီး –
“ရပါတယ် သမီးရဲ့ ဖေဖေထိုင်နေတာ မကြာသေးပါဘူး”
နှင်းငွေရောင်မှာ ဖခင်၏ မုန့်ဟင်းခါး ပန်းကန်အား ယူ၍ ဟင်းရည်ထည့်ကာ-
“စားလေ ဖေဖေ”
စကားတစ်ခွန်းမှ မပြောဘဲ မုန့်ဟင်းခါးစားနေတဲ့ ဖခင်ကိုကြည့်ပြီး စိတ်ထဲတစ်မျိုးဖြစ်သွားသူက သမီးဖြစ်သူ နှင်းငွေရောင်ပါ။အရင်ကဆို အစားစားရင်း စကားကိုဖောင်ဖွဲ့ပြောတတ်သူ ဖေဖေက ဒီနေ့မှ ဘာလို့တိတ်နေတာလည်းတွေးမိပြီး ဖခင်ဖြစ်သူ ဦးငွေရောင်၏ နဖူးလေးကို ရုတ်တရပ် ထစမ်းကာ –
“နေမကောင်းလည်း မဖြစ်ပါဘူး ။ ဘာစိတ်မကောင်းတာရှိလို့လဲ ဖေဖေ”
အဖေတစ်ခု သမီးတစ်ခုဘဝမှာ အဖေ့ရဲ့ အပြုအမူအားလုံးကို နှင်းငွေရောင်တစ်ယောက် အလွတ်ရထားပါသည်။
“ဖေဖေ သမီးကို ပြောစရာရှိလို့လား….ဟင်”
အလိုက်သိလွန်းတဲ့ သမီးကို ခေါင်းညိတ်ပြပြီး-
“ဒီလို….သမီးရေ”ဟုဆိုကာ
ဇာတ်ကြောင်းလေးတစ်ခုအား ပြောပြပါလေတော့သည်။
“ဟဲ့ ငခွေး ထစမ်း”
“ဖြောင်း”
အနှိုးတစ်ခွန်း အရိုက်တစ်ချက်မို့ မောင်ခွေးတစ်ယောက် ကပျာကယာထကာ ဆာလာအိတ်ကို ယူပြီး မျက်နှာမသစ်သွားမတိုက်ဘဲ ထွက်လာခဲ့ပါသည်။ပြောသာပြောရပါသည်။ မျက်နှာသစ်ဖို့ ရေမရှိ။ သွားတိုက်ဖို့ သွားတိုက်တံမရှိသည်မှာ မောင်ခွေးအတွက် မွေးကတည်းက ယခုပင်ဟုဆိုရမည် ဖြစ်သည်။မောင်ခွေးသည် အသက်၇-နှစ်မျှသာရှိပြီး မနက်ဝေလီဝေလင်း အချိန်မှစ၍ ဘီယာဘူးခွန်၊ရေသန့်ဘူးခွန်များအား တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ကောက်သည်။ ဤသို့ ရှာဖွေခဲ့သည်မှာ မောင်ခွေး၏ဖခင် အရက်သမားကြီး ဦးဖိုးခွေး သေဆုံးခဲ့သည်နှင့်တွက်လျှင် ယခုဆို၂-နှစ်မျှရှိခဲ့ပြီ ဖြစ်သည်။ ဖဲသမား အမေအတွက် ဖြစ်သလို ရှာဖွေပေးရသော်လည်း မောင်ခွေးမှာ မညည်းညူခဲ့ပေ။ မောင်ခွေးမှာ ထူးခြားချက်တစ်ခု ရှိပါသည်။ ဤသည်က အားလပ်တဲ့အခါ ကျောင်းတံခါးဝနားကိုသွား၍ ကျောင်းသူကျောင်းသားများ စာသင်ယူနေခြင်းကို ငေးမောကြည့်ခြင်းပင်ဖြစ်သည်။
တစ်နေ့တွင် မျက်ရည်များဖြင့် မောင်ခွေးတစ်ယောက် အိမ်သို့ ပြန်လာခဲ့သည်။ ထိုအချင်းအရာအား မိခင်ဖြစ်သူမှ မြင်သောအခါ –
“ဟဲ့ ငခွေး ဘာဖြစ်နေတာတုန်း”
မောင်ခွေးသည် မိခင်အားကြောက်ရွံ့စွာ ကြည့်ပြီး
“သားကျောင်းတက်တယ် အမေ”
“ဘာ”
“ဖြောင်း ဖြောင်း ဖြောင်း”
မောင်ခွေး၏မိခင်သည် မောင်ခွေးအား အားရပါးရရိုက် အားရပါးရဆဲပြီးမှ-
“နောက်တစ်ခါ ထပ်ပြောကြည့် သေသွားမယ်….. အေး တတ်ချင်သပဆို ငါ….သေမှတက်၊ ဖွီး…အလုပ်မလုပ်ချင်တာနဲ့ ငါ့ကို အကြောင်းလာ ပြနေတယ်”
မနေ့ကရိုက်ထားသည့် အရှိန်ကြောင့် မောင်ထွေးမှာ မနက်တွင် အိပ်ရာမှပင် မထနိုင်ပေ။ သို့ပါသော်လည်း ထူးထူးခြားခြား ဒီနေ့ကျမှ မိခင်ဖြစ်သူမှ မနှိုးသဖြင့် အနည်းငယ်မျှ အံ့သြလို့ နေမိလေသည်။
အိပ်ယာဘေးတွင် မိခင်ဖြစ်သူအား မတွေ့သည့်အခါမှ ထုံးစံအတိုင်း ဖဲဝိုင်းမှာပင်ဟု မုချတွက်ကာ အိပ်ရာနိုးသည်နှင့် ဆာလာအိတ်အား ပခုံးပေါ်တင်ကာ ဘူးခွံများကောက်ရန် မောင်ခွေး ထွက်မည်အလုပ် အိမ်သို့ ရပ်ကွက်လူကြီးများ ရောက်လာပြီး ရပ်ကွက်လူကြီးမှ –
“လူလေး ငခွေး မင်းအမေ ညက ဖဲဝိုင်းမှာ ရန်ဖြစ်တာကို ကြားကဝင်ဆွဲရင်း ဓားထိုးခံရလို့ သေပြီ။ အဲ့တာ အခု ဦးတို့ လာအကြောင်းကြားပေးတာ “
“ဗျာ”
လက်ထဲကကိုင်ထားသည့် ဆာလာအိတ်လေး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် မောင်ခွေးရဲ့ပါးပြင်ပေါ်သို့ မျက်ရည်များ ခိုတွဲ ကျလာပါတော့သည်။
မောင်ခွေး၏အမေ ရက်လည်ပြီးသောအခါ မောင်ခွေး၏ ရှေ့ရေးအတွက် ရပ်ကွက်လူကြီးများ တိုင်ပင်၍ ဘုန်းကြီးကျောင်းသို့ ပို့ကြသည်။ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ဆရာတော်မှ မောင်ခွေးအား ကိုရင်စီးမလား ကျောင်းတက်မလားဟု မောင်ခွေး၏ဆန္ဒအား မေးလေသည်။
မောင်ခွေးမှ ကျောင်းတတ်ချင်သည်ဆို၍ ဆရာတော်သည် မောင်ခွေးအား အစိုးရကျောင်း ထားပေးလေသည်။မောင်ခွေးသည် တစ်ချိန်က မျှော်လင့်ခဲ့သည့် အိပ်မက် အကောင်ထည် ပေါ်ခဲ့သောကြောင့် ကျောင်းစာအား အများထက်ပို၍ ကြိုးစား သင်ယူလေသည်။ဤသို့နှင့် တစ်နှစ်တစ်တန်းကို ခြွင်းချော်မူမရှိဘဲ အောင်ကာ-
“အခုတော့သမီးရယ် မောင်ခွေးလေးမှာ အငြိမ်းစားတစ်ယောက်တောင် ဖြစ်နေပြီ….ကွဲ့”
ဦးငွေရောင်၏ဇာတ်လမ်းတွင် မျောနေသော သမီးဖြစ်သူ နှင်းငွေရောင်မှာ ဝေ့ဝဲနေသည့် မျက်ရည်ကလေးများကို သုတ်၍-
“ဖေဖေ့ သူငယ်ချင်ထဲကများလား….ဖေဖေ”
ဦးငွေရောင်မှာ ခေါင်းလေးကိုခါပြီး
“အဲ့ဒါဖေဖေကိုယ်တိုင်ပဲ သမီး”
“ရှင်”
အံ့ဩသွားသည့်သမီးဖြစ်သူအား ထွေးပွေ့ရင်း-
“သမီးရယ် လူဆိုတာ ဘယ်ဥကမှ ပေါက်တာ မဟုတ်ပါဘူး။ လူမိဘနှစ်ပါးကပဲ မွေးတာပါ။ သူတစ်ပါးရဲ့အတိတ်ဇစ်မြစ်ကို မသိဘဲ ပစ္စုပ္ပန်ဇစ်မြစ်ကိုကြည့်ပြီး စွတ်စွဲပြောဆိုတဲ့အခါ
ဝဋ်ဆိုတာ လည်တတ်တယ်သမီး…..ဒါကြောင့် စကားတစ်ခုပြောမယ်ဆိုရင် မပြောခင်မှာစဉ်းစား ပြောရင်းနဲ့စဉ်းစား ပြောပြီးတော့လည်း ပြန်စဉ်းစားပါ….. ပြီးတော့ သူတစ်ပါးကို လက်ညှိုးတစ်ချောင်းထိုးရင် ကိုယ့်ကိုပြန်ထိုးနေတဲ့ လက်က ဘယ်နှစ်ချောင်းလဲဆိုတာ သတိထား သမီး”
နှင်းငွေရောင်တစ်ယောက် ဖခင်၏ ဆုံးမစကားအဆုံးတွင် မိမိ၏ “ဇစ်မြစ်” အမှန်အားသိပြီး မိမိကိုယ်မိမိ ပြုပြင်ဖို့ ဆုံးဖြတ်ချက် ချလိုက်တော့လေသတည်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ချစ်ညီ(ဘဝရသ)