ချမ်းမြအောင်
ဒူးလေးငစိုး
လက်ပံတောရွာလေးသည် အနောက်ရိုးမအနီး၌ တည်ရှိသော ရွာကလေးတစ်ရွာ ဖြစ်သည်။
တောင် သူလယ်သမားအများစု နေထိုင်ကြသည်။ တောင်သူအလုပ်ပါးချိန်ဆိုလျှင် တောင်ပေါ်တက်၍ ဝါးခုတ်၊ ထင်းခုတ် ရောင်းကြသည်။
အချို့ကမူ မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
မုဆိုးများထဲတွင် ဒူးလေး ငစိုးက နာမည်ကြီးသည်။
ဟုတ်သည်။ ဒူးလေးငစိုး။
သူ့နာမည် အပြည့်အစုံက မျိုးမင်းစိုး။ အသား
ဖြူဖြူ၊ အရပ်အမောင်းကောင်းသူ။ သူ့ကို အပြင်ပန်းကြည့်လျှင် မုဆိုးတစ်ယောက်ဟု ကျိန်တွယ်ပြောရမည်သာ။ ကြမ်းတမ်းသော သူ့အလုပ်နှင့် သူ့ရုပ်ရည်တို့သည် အဆက်အစပ် မရှိဟုပင် ပြောရမည်ဖြစ်သည်။
“ကြိုးစားပါအုံး ကိုစိုးရယ်။ ဒီတစ်ခါ သင်းခွေချပ် ၆ ပိဿာကောင် ၃ ကောင်လောက်ရရင် သားလေးကို သင်္ကန်းဆီးပေးလို့ ရပြီလေ”
“အေးပါ … ငါလဲကြိုးစားနေတာပဲဟာ။ တောကောင်ဆိုတာ ကိုယ်မွေးထားတာမှ မဟုတ်တာ။ ဟိုတစ် ခါ ရချင်တော့လဲ မျှော်တုန်းမျှော်ဆဲ ခြင်ထောင်ထဲရောက်လာ ဆိုသလိုပဲ ၅ ပိဿာအကောင်ကြီးတစ်ကောင် ရလိုက်သေးတယ် မဟုတ်လား”
“ဟုတ်တယ်လေ … ၁ ပိဿာ တစ်သိန်းနှစ်သောင်းနဲ့ ရထားတဲ့ ငွေ ၆ သိန်း ကျုပ်စုထားပါတယ်တော်”
“အေး … ဒါဆိုလဲပြီးရော”
ငစိုးက စကားကြောရှည်လွန်းသော ဇနီးသည်မအေးဆုံကို စကားဖြတ်ပေးလိုက်သည်။
ငစိုးပြောသည့် မျှော်တုန်းမျှော်ဆဲ ခြင်ထောင်ထဲဝင်လာ ဆိုသည်မှာလည်း မှန်သည်။
တောထဲမှ လမ်းမှားလာသော သင်းခွေချပ်အကောင်ကြီးတစ်ကောင် ငစိုးတို့လင်မယား ခြင်ထောင်ထဲသို့ ဝင်လာဖူးသည်။ ဗြုန်းစားကြီး ဝင်လာသော သင်းခွေချပ်အကောင်ကြီးကို သူတို့ လန့်ကြသည်။
သင်းခွေချပ်သည် လူကို အန္တရာယ်မပေး။ ဖမ်းလျှင်လည်း လွယ်ကူလှသည်။ ကျောကုန်းကို လက်နှင့်ရိုက်လိုက်ရုံဖြင့် တစ်ကိုယ်လုံး ဘောလုံးကဲ့သို့ လုံးသွားလေသည်။ တုတ်နှင့်ရိုက်လျှင်လည်း ရသည်။
သို့သော် ဒဏ်ရာ မရစေရပါ။ ဒဏ်ရာရလျှင် တောကောင်အဝယ်ဒိုင်များက မဝယ်။ တောကောင် အဝယ်ဒိုင်ဆိုသော်လည်း ပေါ်ပေါ် တင်တင် မလုပ်ရဲ။ မှောင်ခိုသာ လုပ်ရဲကြသည်။ သစ်တောဝန်ထမ်းများ နှင့်တွေ့လျှင် အဖမ်းခံရလေသည်။
သင်းခွေချပ်များကို တရုတ်ပြည်ကို ပို့သည်ဟု သိရသည်။ ဆေးဖော်သည်ဟု ဆိုကြသည်။ ဟုတ် မဟုတ်တော့မသိ။
သင်းခွေချပ်ထဲက အကြေးခွံတစ်ခုကို မျက်မှန်တွင် ကပ်ထားပါက သံကိုပင် ဖောက်ထွင်းမြင်နိုင်သည်ဟုလည်း ငစိုး ကြားဖူးသည်။
“ကဲပါတော် … သွားမဲ့ခရီးက ရှင် ခတ်ကွင်းပြင်နေတာနဲ့ ပြီးနိုင်ပါအုံးမလား။ မနက်အစောကြီး သွား ရမှာမို့ စောစောအိပ်။ ကျုပ် ရှင်တို့ တောထဲမှာစားဖို့ ဆန်နဲ့ အခြောက်အခြမ်းတွေ ထည့်ထားပြီးပြီ။ အိုးခွက်တွေလဲ ထည့်ထားပြီးပြီ”
“အေးပါဟာ”
ငစိုးက ‘အေးပါဟာ’ ဟု တစ်ခွန်းသာပြောပြီး သူ့လက်စွဲတော် ဒူးလေးကို ပြင်ဆင်နေလေသည်။
ငစိုးက သူ့ဒူးလေးကို ရှားသားဖြင့် စိတ်ကြိုက်လုပ်ထားခြင်း ဖြစ်သည်။ ကိုင်းကလည်း ရှားသား ကိုင်း။ ကိုင်းကြိုးများကိုလည်း ကျစ်ကြိုးတစ်ချောင်းစီတွင် သားရေကြိုးများက တစ်ဖက်လျှင် ၈ ကြိုး။ ထို့ကြောင့် ဒူးလေးကြိုးတင်လျှင် ခြေထောက်တို့၊ ဒူးတို့ဖြင့် တင်ရသည်။
မောင်းခလုတ်တွင် အမာစား စပရင်ခံထားသဖြင့် အရှိန်ပြင်းသည်။ သားကောင် ဘယ်မျှကြီးကြီး တုံးခနဲပင်။
ငစိုးက အလွန်လက်ဖြောင့်သူပင်။ ဒူးလေးမြားကိုလည်း လက်သန်းနီးပါးသံလုံးကို စိတ်ကြိုက်လုပ်ထားသည်။ အသွားထိပ်တွင် ဂျင်ကလိကဲ့သို့ အထစ်လုပ်ထားသဖြင့် အသားထဲသို့ စိုက်ဝင်သွားသည့်မြားကို နုတ်ဖို့မလွယ်ပေ။
သည်တစ်ခေါက်တော့ ဝယ်လက်လိုက်လာသော သင်းခွေချပ်ဖမ်းရန် တောထဲထွက်လာခြင်းဖြစ် သည်။ ဝယ်လက်များက ဒဏ်ရာရလျှင် မဝယ်ကြ။ ထို့ကြောင့် ဒဏ်ရာမရအောင် ဖမ်းယူရသည်။
ယခင်က ငစိုးတို့ တောတက်မည်ဆိုလျှင် နွားလှည်းဖြင့် ည ၁၂ နာရီခန့်တွင် တက်ကြသည်။ တော ကအပြန်တွင် သစ်၊ ဝါးတင်ပြီး ပြန်ကြသည်။ တောကောင်ရော၊ သစ်၊ ဝါးရောဆိုလျှင် အဆင်ပြေသည်။
ဝါးဒိုင်တွေကလည်း အသင့်။
ယနေ့တော့ နံနက်လေးနာရီမှာပဲ တောတက်ကြသည်။ အဖော်အဖြစ် မုဆိုးသန်းဝင်း ပါသည်။ ဒီတစ်ခေါက်တော့ စိုးဝင်းကို ထားခဲ့သည်။
မုဆိုးသန်းဝင်းကား ဓားကောက်ပစ်တာနှင့် လှံပစ်တာ အလွန်ကျွမ်းကျင်သည်။ သူ့မှာ လှံအရှည် တစ်ချောင်းနှင့် လှံအတိုနှစ်ချောင်း ပါသည်။ ထို့ပြင် ဓားကောက်ကိုလည်း ခါးမှာချိတ်ထားသည်။ သူ့ ကို ဓားကောက်သန်းဝင်းဟု ခေါ်ကြသည်။
ဒူးလေးငစိုး၏ လက်စွဲတော်များမှာ တောလိုက်ခွေးများဖြစ်သည်။ ခွေး ၁၆ ကောင်ရှိသည်။ အလွန်လိမ္မာကြပြီး တောလိုက်ကောင်းကြသဖြင့် သားကောင်မရ မရှိ။
ငစိုးက ခွေးများကို သားကြီး၊ သားငယ်၊ သမီးကြီး၊ သမီးလေးဟုပဲ ခေါ်သည်။ ထိုအထဲမှ သားကြီးဆိုသော ခွေးညိုတစ်ကောင်သည် သင်းခွေချပ်များကို ရအောင် ရှာနိုင်သည့်ခွေး ဖြစ်သည်။
တောထဲတွင်ရှိသော သင်းခွေချပ်သည် သားကြီးလက်က မလွတ်။ သင်းခွေချပ်များသည် အနံ့ပြင်းသဖြင့် အန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေသည်။
ဒီဇင်ဘာနံနက်၏ ဆီးနှင်းများကား ပိန်းပိတ်၍ နေလေသည်။ ငစိုး၏ခေါင်းတွင် ပတ်ထားသော ဓာတ်မီးဖြင့် နှင်းထုကို ဖောက်ထွင်းသွားနေကြရသည်။
သူတို့ရှေ့က အမဲလိုက်ခွေးများကလည်း ပြေးလွှားနေကြသဖြင့် လမ်းမပျောက်ကြပေ။
တဖြည်းဖြည်းနှင့် နေရောင်နုနုကို မြင်လာရသည်။ နှင်းထုသည် ပါးလျလာလေသည်။ ငစိုးနှင့် သန်းဝင်းတို့သည် ညောင်ပင်ကြီးတစ်ပင်အောက် အရောက်တွင် နားကြသည်။
ဒူးလေးနှင့် ပါလာသည့် လက်နက်ပစ္စည်းများကို သစ်ပင်ခြေရင်းတွင် ထောင်ထားလိုက်သည်။
ညောင်ပင်တွင် သစ်သားကလပ်တစ်ခု အသင့်ရှိနေသည်။ ဤညောင်ပင်သည် မုဆိုးများနှင့် တောထဲဝင်ကြသူများအားလုံး တောင်းပန်ကန်တော့သည့် နေရာ။ အများအားဖြင့်တော့ တောင်ပို့ကြီးများတွင်သာ တောင်းပန်ကန်တော့ကြလေသည်။
“သန်းဝင်းရေ … မင်းလွယ်အိတ်ထဲက အရက်ပုလင်းကို တင်တော့ကွာ။ ဒီတစ်ခါတော့ ဘာအသားမှ မရလို့ လက်ဖက်နဲ့ပဲ မြှောက်ကြတာပေါ့”
“ဟုတ်ကဲ့ ကိုစိုး … လုပ်လိုက်ပါ့မယ်”
ဟု ပြောပြီး သန်းဝင်းက ပါလာသည့် အရက်ပုလင်းနှင့် လက်ဖက်ခွက်ကို ကလပ်ပေါ်တင်လိုက်လေ သည်။ သန်းဝင်းက ငစိုးထက် အသက် ၃ နှစ်ကျော်ငယ်သည်။
“ကဲ… လာ၊ တောင်းပန်ပြီး ပသကြရအောင်”
ငစိုးနှင့် သန်းဝင်းတို့ နှစ်ယောက် သစ်ပင်ခြေရင်းတွင် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ ထို့နောက် တောပိုင်တောင်ပိုင်များကို တိုင်တည်တောင်းပန်ကြလေသည်။
“ဤတောဤတောင်ကို စောင့်ရှောက်ကြကုန်သော တောပိုင် တောင်ပိုင်များခင်ဗျား … ကျွန်တော်တို့နှစ်
ယောက် ဤတောထဲမှာ နှစ်ရက် နေထိုင်ပါ့မယ်။ နေထိုင်စဉ်ကာလအတွင်း စောင့်ရှောက်ပေးပါ၊ သင်းခွေချပ်နဲ့ အခြားသားကောင် အကျိုးအပဲ့လေးများလဲ ပေးသနားပါ၊ တောပိုင်တောင်ပိုင်ကြီးများကို ကျွန်တော်တို့ ပသပါတယ်၊ မှားတာရှိရင်လဲ အမိုက်အမဲလေးများမို့ ခွင့်လွှတ်ကြပါခင်ဗျား …”
ငစိုးနှင့် သန်းဝင်းတို့ အရက်ပုလင်းနှင့် လက်ဖက်ခွက်ကို မြှောက်ပြီးနောက် တစ်ယောက်တစ်ခွက်စီ မော့သောက်လိုက်ကြသည်။
တောပိုင်တောင်ပိုင်များက တောင်းသည့်သားကောင်များကို ပေးတတ်ကြသည်။ ရသမျှသားကောင် တို့၏ အရိုးအရင်းများကိုမူ တောလိုက်ခွေးများအတွက် ချက်ပြုတ်ကျွေးရလေသည်။
သို့သော် တောထဲတွင် ရရှိသည့် ကုန်းသတ္တဝါနှင့် ရေသတ္တဝါကို ရော၍ ချက်မစားရ။ စားမိပါက တောရိုင်းကောင်များ၏ အန္တရာယ်နှင့် ကြုံရတတ်လေသည်။
ငစိုးတို့ မုဆိုးများသည် ညအိပ်လျှင်လည်း သစ်ကိုင်းတို့ဖြင့် စည်းတားကာ တောပိုင်တောင်ပိုင်များကိုတောင်းပန်၍ အိပ်ကြရသည်။ ကျားဟိန်းသံကြားသော်လည်း မည်သည့်သားကောင်မျှ စည်းဝိုင်းအနား မလာကြ။
ငစိုးတို့ တစ်မနက်လုံး တောတိုးကြသည်။ ဘာကောင်မျှ မတွေ့။ နေ့လယ်ထမင်းစားပြီး ထပ်တိုးကြ သည်။
တောထဲရှိ ရေအိုင်တစ်အိုင်သို့ အရောက်တွင်
“ဝုတ်… ဝုတ်… ဝုတ်…”
ခွေးသံများ ဆူညံသွားသည်။ ခွေးအုပ်သည် ရေကန်ကို ဝိုင်းထားကြသည်။
တွေ့ပါပြီ။ ရေကန်စပ်တွင် ငုတ်တုတ်ထိုင်၍ ငါးရှာနေသော တောကြောင် ၃ ကောင်သည် ခွေးအုပ်ကိုတွေ့သည်နှင့် သူတို့ မာန်ဖီ၍ ခြောက်သည်။ ခွေးအုပ်က ဝိုင်းလာသောအခါ ဖြတ်ပြေးသည်။ မလွတ် ပါ။
တောလိုက်ခွေးများသည် သားကောင်ဖမ်းရာတွင် လေ့ကျင့်သား ပြည့်ဝနေပြီဖြစ်သည်။ ကြောင် ၃ ကောင်မှာ ခွေးအုပ်ကြားတွင် အသက်ပျောက်သွားကြသည်။
ကြောင်တစ်ကောင်လျှင် ၂ ပိဿာနီးပါးရှိသည်။ ထိုနေ့တွင် တောကြောင် ၃ ကောင်နှင့်သာ ကျေနပ်လိုက်ရသည်။
ညတွင် သစ်တုံးကြီးတစ်တုံးကို မီးဖိုရင်း စည်းဝိုင်းသားကာ အိပ်ကြသည်။ ထိုမီးဖိုမှာပင် ကြောင် ၃ ကောင်ကို ကင်စားကြသည်။ ခြေ၊ လက်နှင့် ခေါင်းတို့က တောလိုက်ခွေးများအတွက်။ သူတို့က တစ် ကောင်ကိုသာ ချက်စား၍ နှစ်ကောင်ကို မီးကင်ထားလိုက်သည်။
နောက်တစ်နေ့တော့ ငစိုးတို့ ကံကောင်းသည့်နေ့။ သားကြီးဆိုသည့် တောလိုက်ခွေးသည် တောင်ပို့ ကြီးတစ်ခုဆီအရောက်တွင် ရပ်တန့်သွားပြီး အနံ့ခံနေသည်။ ထို့နောက် တောင်ပို့ကြီးဆီသို့ ပြေးသွားလေတော့သည်။
သားကြီးဆိုသည့် တောလိုက်ခွေးကား သင်းခွေချပ် အနံ့ကို ကောင်းကောင်းသိ၍ အကြိမ်ကြိမ်ဖမ်းဆီးပေးနိုင်သည့် ခွေးဖြစ်သည်။
သားကြီးသည် တရှူးရှူးဖြင့် တောင်ပို့ကျင်းဝရှိ မြေစာခဲများကို ယက်ထုတ်နေလေသည်။ ကျန်သောခွေးများက ဝိုင်းပတ်ထားသည်။
သန်းဝင်းက လှံသွားဖြင့် ကျင်းဝကို ချဲ့ပေးနေသည်။ အတန်ကြာသောအခါ ကလိုင်ကြီးကို မြင်ရလေတော့သည်။
သားကြီးက တွင်းကိုယက်တာ ရပ်လိုက်ပြီး ဟောင်သည်။ စူးစူးစိုက်စိုက်ကြည့်ပြီး ဟောင်သည်။
ငစိုးသည် သားကြီးကို ဘေးဖယ်ပြီး သေသေချာချာကြည့်သောအခါ မျှော်လင့်ထားသည့်အတိုင်း သင်းခွေချပ်။
တစ်ကောင်မဟုတ်၊ စုံတွဲ နှစ်ကောင်။
သင်းခွေချပ်များသည် စုံတွဲ နေထိုင်တတ်ပြီး ရှိပြီးသား ကျင်းကျယ်ကျယ်များတွင် ဝင်ရောက်နေထိုင်တတ်သည်။ လူနှင့် ပက်ပင်းတွေ့လျှင် ဘောလုံးကဲ့သို့ ခေါင်းဝှက်၍ လုံးသွားလေတော့သည်။
ထို့ကြောင့် မုဆိုးပေါသော ဒေသတွင် မျိုးသုဉ်းနိုင်သည်။ သူက မည်သူ့ကိုမျှ အန္တရာယ်မပြုသဖြင့် ဖမ်းဆီးရာတွင် လွယ်ကူလှသည်။
သန်းဝင်းက သင်းခွေချပ် အလုံး ၂ လုံးကို အသင့်ယူလာသော ဆာလာအိတ်ထဲသို့ ထည့်သည်။ အိတ်ကိုတော့ အသက်ရှူပေါက် ဖောက်ပေးထားရသည်။
“ဟန်ကျတာပဲ ကိုစိုးရေ။ တစ်ကောင် ၄ ပိဿာ အထက်ပဲ”
ဟု သန်းဝင်းက အားပါးတရ ပြောသည်။
ငစိုးသည် သင်းခွေချပ် ၂ ကောင်ရပြီးသည်နှင့် တောင်ပို့ကို ပတ်၍ကြည့်သည်။ တောင်ပို့ပြေပြေလေးတစ်ခု ထပ်တွေ့သည်။
ငစိုး တောင်ပို့လေးပေါ် တက်လိုက်သည်။
ထိုစဉ် သူ့မျက်စိအောက်တွင် နက်ပြောင်နေသော မြွေကြီးတစ်ကောင်။ အမြီးက လှုပ်နေသည်။
ငစိုးသည် ဒူးလေးကိုဖြုတ်၍ မြွေကြီး၏အောက်ပိုင်းသို့ ပစ်ထည့်လိုက်လေသည်။ ထိုစဉ် မြွေကြီးသည် ဖြီးခနဲ မာန်ထလာပြီး ပါးပျဉ်းထောင်လာလေသည်။
စင်စစ် မြွေခေါင်းသည် ငစိုးပေါင်ကြားအောက်ရှိ တွင်းထဲသို့ ရောက်နေခြင်း ဖြစ်သည်။
ရုတ်တရက်မို့ ငစိုး ဘာမျှ မလုပ်တတ်။ ခြေထောက်တွေက ကျောက်တိုင်စိုက်ထားသကဲ့သို့ ရွေ့လျားမှုမရှိ။ မြွေကြီးသည် လှုပ်ရှားသည့်အရာ မရှိသဖြင့် ငစိုး ပေါင်ကြားအောက်မှာပင် ခေါင်းယမ်း၍ နေ လေသည်။
“သန်းဝင်းရေ … လုပ်ပါအုံးဟ၊ ငါ့ပေါင်ကြားအောက်မှာ မြွေ… မြွေခေါင်း”
သန်းဝင်း ပြေးလာသည်။ မြွေ ခေါင်းယမ်းနေသည်ကို မြင်သည်။ သူ ဘာလက်နက်ကို သုံးရမလဲဟု စဉ်းစားနေမိသည်။
ဓားကောက်သုံး၍ မဖြစ်။ ဓားကောက်ယမ်းသွားလျှင် အန္တရာယ်ရှိသည်။ လှံတိုသုံးမည်ဟု စိတ်ကူး သော်လည်း မတော်တဆဟူသော စိုးရိမ်စိတ်ရှိသည်။
အဝေးက သားကောင်ကို မလွတ်တမ်း ပစ်နိုင် သော်လည်း ယမ်းနေသော မြွေခေါင်းကိုမူ ချိန်ဆရသည်မှာ စိတ်မချ။
ထို့နောက် လက်ထဲတွင် ကိုင်၍ ချိန်ဆရလွယ်သော လှံရှည်ကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။
ဆောင်းအအေးဓာတ်သည် ငစိုးကို မနွေးစေတော့။ တစ်ကိုယ်လုံး ချွေးပြန်နေသည်။
“ကိုစိုး … ခင်ဗျားလဲ ငြိမ်ငြိမ်နေနော်။ ခင်ဗျားလှုပ်တာနဲ့ ထိုးချက် လွဲသွားမယ်”
“အေး … အေးပါကွာ။ မင်းကို ငါ ယုံပါတယ်။ ဒါပေမဲ့ မြွေခေါင်းက ပေါင်ခွကြားနဲ့ နီးလို့ သေသေချာချာလုပ်ပါကွာ”
“စိတ်ချပါဗျာ၊ ဓားကောက် သန်းဝင်းပါ”
ဟု ပြောပြီးနောက် သန်းဝင်းသည် လှံရှည်ဖြင့် ငစိုး ပေါင်ခွအနီးသို့ တိုးကပ်လိုက်သည်။ လှုပ်ရှားနေသောမြွေခေါင်း ငြိမ်သည်နှင့် ပစ်ထိုး ထိုးလိုက်လေတော့သည်။
မြွေသည် နောက်သို့ ပုံကျ သွားလေသည်။ လှံသွားသည် မြွေခေါင်းကို ထုတ်ချင်းပေါက်သွားလေသည်။
ထိုအခါကျမှပဲ ငစိုး သက်ပြင်းချလျက် လှုပ်ရှားနိုင်လေတော့သည်။
ထို့နောက် လှံကိုနုတ်၍ မြွေကို ဆာလာအိတ်ထဲထည့်လိုက်သည်။ သူတို့နှစ်ယောက်သည် မြွေ ထည့်ထားသော ဆာလာအိတ် တစ်အိတ်နှင့် သင်းခွေချပ် ထည့်ထားသည့်အိတ်တို့ကို ဝါးထမ်းပိုးဖြင့် ရှေ့
နောက်ထမ်းကာ စခန်းချရာ နေရာသို့ ပြန်လာကြတော့သည်။
အိုးခွက်များ သိမ်းပြီးလျှင် ရွာပြန်တော့ပေမည်။
“မင်းကို ကျေးဇူးတင်တယ် သန်းဝင်းရေ။ မင်းလက်ကို ငါ ယုံပြီးသားပါ။ ဒါပေမဲ့ စိုးရိမ်စိတ်ကြောင့် စိတ်လှုပ်ရှားပြီး မြွေခေါင်းကို မထိုးမိမှာ စိုးရိမ်လို့။ ပြောရင်းတောင် ကြက်သီးထသွားပြီ။ မြွေခေါင်းကို မထိုးမိဘဲ ချော်များထိုးမိရင်တော့ အမေပေးတဲ့ဘဝ ဆုံးပါပြီကွာ”
“ဟာ… ကိုစိုးကလဲဗျာ၊ ဓားကောက် သန်းဝင်းပါဗျ။ အခု နာမည်ပါ ထပ်ပြောင်းလို့ရပြီ။ လှံမင်းသား သန်းဝင်းလို့။ ဟား … ဟား …. ဟား”
နှစ်ဦးသား ရယ်မောရင်း ခြေလှမ်းများ သွက်လာကြသည်။
သူတို့၏ အိမ်အပြန် ခြေလှမ်းများက ဒီထက်ပိုပြီး သွက်နေဦးမည်သာ။ ။
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)