ရိုးမဆင်စွယ်နှင့် ရိုးမမုဆိုး
(၁)
မမြချောင်းမှာ ဒေါသ မုန်တိုင်းထန်ပါပြီ။
“ဝုန်း … ဝုန်း … ဝုန်း”
သစ်ပင်ကြီးတွေ သစ်ပင်ငယ်တွေပြိုလဲကာ လှိုင်းတံပိုးအောက်တွင် ဝါးမျိုဆွဲယူသွားသည်။
“ဝေါ … ဝေါ … ဝုန်း”
လှိုင်းလုံးကြီးများ ခုန်၍ ပြေးလာသည်။ မိနစ်ပိုင်းအတွင်း ကမ်းခြေမှ ကျောက်ဆောင်ကြီးများကို လှိုင်းခေါင်းဖြင့် ဝင်၍ ကျွဲရိုင်းတစ်ကောင်ပမာ ဆောင့်လိုက်၏။
လှိုင်းခေါင်းကြီး ပြိုကွဲကာ ငွေစင်ငွေမှုန်များ ပြန့်ကြဲသွားလျက် ကျောက်ဆောင်ဘေးမှ သစ်ပင်တစ်ပင်ကို အမြစ်ကပါ ဆွဲချသွားချေသည်။
ထိုအချိန်တွင် ရိုးမတောင်ညိုတောင်တန်းတွင် မိုးတွေ အဆက်မပြတ် ရွာသွန်းနေသည်ကို တွေ့နေရသည်။
“ဟာ … ဆင်ကြီးတွေ မျောလာတယ်ဟေ့”
သစ်ဖောင်လုပ်သားတစ်ဦး၏ အော်သံနှင့်အတူ ကမ်းခြေ သစ်ဖောင်ဖွဲ့နေသော လုပ်သားများပါ ဆူညံ၍ သွားချေသည်။
သိပ်မကြာပါ။
လှေနှစ်စင်းသည် မာန်ဟုန်ပြင်းသော မမြ ချောင်းဝယ် အပြေးပေါ်ထွက်လာ၏။ လှိုင်းလုံးနှင့် တဟုန်ထိုးစီးသော ရေလုံးကြားတွင် လှေစီးလူစွမ်းကောင်းတွေကို မြင်ကြရသည်။
ဦးမှ လှော်သူတစ်ယောက်၊ ပဲ့ကိုင်သူတစ်ဦး ပါရှိကြသည်။ ရေစီးပြင်းသော ချောင်းရေအလိုက် မျှောလိုက်ရသည်မှာ ဘာမျှ ပင်ပန်းကြီးစွာ မလှော်ရပါ။ ပဲ့ကိုင်ပေးရုံဖြင့် လိုရာကို ရောက်နိုင်ပါချေသည်။
လှေနှစ်စင်းသည် မျောလာသော ဆင်နှစ်ကောင်ကို သံချိတ်တပ်ကြိုးဖြင့် ချိတ်ဆွဲကာ ဆယ်ယူကြသည်။ တကယ်တော့ မလွယ်ပါ။ အဟုန်ပြင်းစွာ စီးဆင်းနေသော တောင်ကျချောင်းရေက ဒေါသမုန်တိုင်း ထန်နေသည့်အလျောက် ဆင်များကို အောက်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ဆွဲချသွားချေသည်။
ဆင်လိုက်လူများက ချိတ်ကြိုးဖြင့် ချိတ်ဆွဲကာ ကြိုး ရှည်ရှည်ဆွဲ၍ ကမ်းခြေသို့ ပြန်လှော်ကာ ကြီးမားသော သစ်ပင်တစ်ပင်ကို ကြိုးဖြင့်ချည်ကာ မျောပါနေသော ဆင်ကို အရှိန်သတ်ပေးရသည်။
သို့ဖြင့် ဖောင်ဆွဲသတ်နည်းဖြင့် ထိန်းကာ ဆင်တွေကို ကမ်းခြေအထိ ဆွဲယူကြရသည်။ ဆင်များ ကမ်းပေါ် ရောက်သည်နှင့် ထူးခြားသော သတင်းသည် ပျံ့ထွက်သွားတော့၏။
“ဆင်သေကြီးဟေ့ … အစွယ်တွေ မပါဘူး”
“ဟာ … တောခေါင်းကြီး ပြေးပြောပါဟ”
မမြချောင်း သစ်လုပ်သားများ အသံသည် ထူးကြီးတောင်တစ်ဝိုက် ပျံနှံ့သွားချေတော့သည်။
မှန်ပေသည်။
ဆင်စွယ်မှောင်ခို ရောင်းဝယ်သူများသည် ထူးကြီး၊ တောင်ညို၊ စိန်တောင်၊ မျှင်ဝါးတောင်၊ ဆင်တောင် စသော ဒေသတွင် လျှို့ဝှက်စွာ ပေါ်နေပြီ မဟုတ်လား။
(၂)
၁၉၅၉ ခုနှစ်၊ တစ်နေ့သော နံနက်ခင်း ဖြစ်ပါသည်။
အင်္ဂပူတွင် ရုံးထိုင်လျက်ရှိသော တောအုပ်ကြီးတစ်ဦး၊ တောခေါင်းနှစ်ဦး၊ ရဲအမှုထမ်းသုံးဦးတို့သည် ထူးကြီးတွင် ယာယီတပ်စွဲထားသော ကျွန်တော်တို့ တပ်မတော် တပ်စုဝင်းအတွင်းသို့ ရေကြီးသုတ်ပျာဖြင့် ရောက်ရှိလာပါချေသည်။
“ဟော … တောအုပ်ကြီး ဦးသိန်းတို့ပါလား။ ရာဇဝတ်အုပ်ကလေးလဲ ပါလာသကိုး”
ကျွန်တော်က ရုံးခန်းမှနေ၍ သူတို့လူစုအား ဆီးကြိုလိုက်ပါသည်။ တောအုပ်ကြီး ဦးသိန်းတို့အား ရဲဘော်များက ကုလားထိုင်များ ချပေးပါသည်။
ဦးသိန်းနှင့်ကျွန်တော် ခင်မင်နေသည်မှာ ကြာပါပြီ။
သူကလည်း တောအုပ်ကြီးသာဆို၍ အမဲလိုက်ဝါသနာပါသူ၊ ကျွန်တော်ကလည်း အမဲလိုက်ဝါသနာပါသူတွေ ဖြစ်သောကြောင့် ပြင်ပကြိုးဝိုင်းများလို့ သတ်မှတ်ထားသော သစ်တောဥပဒေဖြင့် သားကောင်များကို မပစ်ရန် ကန့်သတ်ထားသည့် လများကို ရှောင်၍ သားစား သားကောင်များကို လိုက်ခဲ့ဖူး၍ ရင်းနှီးခဲ့ပါ သည်။
သည်နေရာတွင် စာဖတ်သူများအား ရှင်းပြရန် လိုပါမည်။
ဥပမာ… ဒရယ်၊ ဆတ်၊ ချေ (ဂျီ) စသော သားကော များအား ဇွန်လ ၁၅ ရက်မှ စက်တင်ဘာလ ၃ဝ ရက်အထိ ကြိုးဝိုင်းတောဖြစ်စေ၊ ကြိုးပြင်တောဖြစ်စေ မပစ်ခတ်ကြရပါ။
ခွင့်ပြုလိုင်စင်မရှိဘဲ တနှစ်ပတ်လုံး လုံးဝ ပစ်ခတ်ဖမ်းဆီး နှောင့်ယှက်ခြင်း မပြုရသော တိရစ္ဆာန်များမှာ….
ဆင်၊ ပြောင်၊ စိုင်၊ တောဆိတ်၊ တောင်ဆိတ် တို့ ဖြစ်ပါသည်။
ကြံ့ ၊ ကြံ့သူတော်၊ သမင်၊ ဒေါင်း၊ ရေဗလုံငှက်၊ ဥဒေါင်း၊ တာကင် ခေါ် သားမင်း စသော သားကောင်များကိုကား မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆဲဥပဒေအရ လုံးဝ ပစ်ခတ်ဖမ်းဆီးခြင်း မပြုရပါချေ။
ထို့ကြောင့် ကျွန်တော်တို့ တာဝန်ရှိသော အမှုထမ်းများအဖို့ တောလိုက်ဝါသနာပါသည် ဆိုပါက အထက်ပါ သားကောင်များနှင့် ပတ်သက်၍ အစိုးရက ထုတ်ပြန်ထားသော သစ်တောဥပဒေများကို နားလည်ထားရန် အလွန်အရေးကြီးလှပါသည်။
ကျွန်တော်က တောအုပ်ကြီးဦးသိန်း ရောက်လာခြင်းမှာ လမ်းကြုံ၍ ဝင်ရောက်လာသည်ဟု ထင်ပါသည်။
“ဦးသိန်းတို့လဲ ကြိုးဝိုင်းဆင်းပြီး စစ်ဆေးဖို့ လာကြတာနဲ့ တူတယ် … ဟုတ်လား”
“အို … ဒီကိစ္စထက် ပိုအရေးကြီးတယ် ဗိုလ်စိန်တင် ရေ။ ကျုပ်တို့ တောခေါင်းကြီး ဦးကျော် အသတ်ခံလိုက်ရတယ်ဗျ”
“ဗျာ … အမြဲမူးနေတဲ့ ဦးကျော်ကြီးလား”
“သိပ်ဟုတ်တာပေါ့ဗျာ၊ အနုတလော ဆင်စွယ်မှောင်ခိုသမားတွေက ဆင်တွေသတ်ပြီး အစွယ်ယူနေကြတယ်ဗျား။ အဲ့ဒါကို မမြချောင်းထဲကို ဆင်သေတွေ မျောပါလာမှပဲ သိကြရတာဗျ။ ဒါကြောင့် တောခေါင်းကြီး ဦးကျော်က လိုက်တော့ ဆင်မှောင်ခိုသမား တချို့က ချောင်းပစ်လိုက်တာ ဦးကျော် မနေ့ညက တောင်ညိုနဲ့ စိန်တောင် ရေဝေကြားမှာ သေသွားတယ်၊ အခု အလောင်းကို အင်္ဂပူဆေးရုံ ပို့လိုက်ပါပြီ။ ကျုပ်တို့က လူသတ်သမားတွေနောက် လိုက်ဖို့ လာခဲ့တာဗျာ”
“ဟုတ်လား၊ ဒါနဲ့ အဲဒီကောင်တွေ တောပြောင်းပြေးရောပေါ့ဗျ”
“ပြေးလဲ လိုက်ရမှာပဲဗျာ။ ဒါကြောင့် ဗိုလ်စိန်တင် အကူအညီလိုလို့”
“ဒီလောက် လူများများဆိုရင် မိဖို့ မလွယ်ဘူးထင်တယ် ဦးသိန်း”
ကျွန်တော်က ဆင်စွယ်မှောင်ခိုသမားအချို့အကြောင်း သိ၍ ပြောလိုက်ပါသည် ။
“ဒါကတော့ သေချာပေါက်ပေါ့ဗျာ။ ဒီကောင်တွေအုပ်စုက လူ ဆယ်ယောက်၊ လက်နက်က ငါးလက်၊ ရိုင်ဖယ်တွေချည်းတဲ့။ ဩော် … ခေါင်းဆောင်ဆိုတဲ့ အကောင်ကတော့ ခြောက်လုံးပြူးနဲ့တဲ့ဗျ”
“ဘယ်လို သတင်းရတာလဲ”
“သပြေတောင် မိုင်းလုပ်သားတစ်ဦးဆီက သတင်းရလာတာဗျ”
“စိတ်တော့ မရှိပါဗျာ။ ဘယ်လို ရလာတာလဲ”
“သူက အထမ်းသမားဗျ။ တောင်ညိုအထိ သူတို့ရိက္ခာတွေ ထမ်းပို့ခဲ့ရတဲ့ အလုပ်သမား”
“အင်း ဟုတ်ပြီ၊ ဒါတွေထက် တောခေါင်းကြီး သေတဲ့နေရာ ရောက်ပြီးပြီလား”
“ဟာ ဘယ်ရောက်ဦးမလဲ။ အလောင်းကိုတော့ ယူလာကြပြီး ညတွင်းချင်း သတင်းလာပို့တာ။ ဒါကြောင့် ခြေရာခံပြီး လိုက်မလို့ဗျာ”
“ကောင်းပြီလေ … ကျွန်တော်လဲ အားနေပါတယ်။ ရဲဘော်နှစ်ယောက် ခေါ်ပြီး လိုက်ခဲ့မယ်”
ယင်းသို့ ပြောလိုက်သဖြင့် တောခေါင်းကြီး ဦးသိန်းတို့မှာ အတော်ကလေး ဝမ်းသာသွားကြပါသည်။
(၃)
တောင်ညိုသို့ သွားရသည်မှာ တစ်နံနက်ခရီး ခြေလျင်ပြင်းပြင်း သွားကြရပါသည်။
ထူးကြီးမှ မိုင် ၂၀ ခန့် ရှိပါမည်။
တောင်ဆင်းတောင်တက် များသဖြင့် ပင်ပန်းလှချေသည်။
သပြေတောင်မှ ကွေ့သွားက နီးပါမည်။ သို့သော် သပြေတောင်ကျော် မိုင်းသွားရထားမှာ တစ်ပတ် တစ်ခါလောက်သာ စတင်သွားလာနေသောကြောင့် ထူးကြီးမြို့ တောင်တန်းမှနေ၍ အနောက်ဘက် မျှင်ဝါးတောင်၊ ဆင်တောင်ကို ဖြတ်၍ သွားရပါသည်။
တောင်ညို ရောက်လျှင် ရခိုင်ရိုးမအတွင်း ရောက်ချေပြီ။ သို့သော် ရိုးမကြီး၏ တောနက်နက် မဟုတ်သေး။ စိန်တောင်ဘက်ရောက်မှ တောင်မြင့်ကာ တောနက်လာပါ၏။
နံနက်စာကို တောင်ညိုသစ်ထုတ်စခန်း ရောက်မှပင် စားကြရပါသည်။ အချိန်မှာ နေ့တစ်နာရီခန့် ရှိချေပြီ၊
တောင်ညိုနှင့် စိန်တောင်ကြားသို့ သွားရသော ခရီးမှာလည်း မလွယ်ပါ။ တောင်ညိုမှာ ဆင်တောင်၊ စိန်တောင် သုံးလုံးဆက်ကာ ရှိနေပြီး အတက်တွေအဆင်းတွေနှင့် တောင်ဗွေကြောမှာ အတော်ကလေးသွားရ၏။ လမ်းတွင် စမ်းချောင်းကလေးတွေ ကျော်ဖြတ်သွားရသေး၏။
ကျောက်လိုဏ်ဂူများကို ကျော်လာသောအခါတွင် စားပင်တောတွေ တစ်တောပြီး တစ်တော ဖြတ်ကာ မကြာမီ စိန်တောင်ဘက်ကူးသော ရေဝေတောင်ဆင်းကို ရောက်လာပါသည်။
နေသည် အနောက်ဘက်သို့ အတော်ကလေး ရွေ့ဆင်းနေပြီ ဖြစ်၏။
ဦးကျော်အလောင်း ပထမဆုံး ရှိသည့်နေရာ ရောက်လာသည်။ တောင်ညိုနှင့် စိန်တောင် ကူးရာ ရေဝေကြော ဖြစ်သည်။
မမြချောင်းက အလယ်မှဖြတ်၍ ဝါးလုံးထိုး စီးဆင်းနေချေသည်။ ချောင်းနှင့် ပေငါးဆယ်အကွာ အင်ပင် နှင့် သိုက်ဝါးတွေကြားတွင် သွေးကွက်ကြီး တွေ့ရ၏။
ခြေရာတွေမှာလည်း များသည်။ ထိုခြေရာများမှာ သစ်တောလုပ်သားများ၏ ခြေရာ ဖြစ်သည်။
ပထမဆုံး ဦးကျော်နှင့် ပါသွားသည့် အလုပ်သမား နှစ်ဦးက သေနတ်သံလာရာ အနောက်ဘက်တောကို ညွှန်ပြသဖြင့် သေချာစွာ မေးရသည်။
“အသံက အနီးက ကပ်ပစ်သလား၊ ခပ်ဝေးဝေးက ပစ်လိုက်တဲ့ အသံလားဗျ”
သစ်လုပ်သား ဦးရွှေမိတ် ဆိုသူကို မေးလိုက်ရသည်။
“အသံကတော့ မနီးမဝေးပဲ ဗိုလ်ကြီး။ အုံးခနဲ အသံကို ကြားလိုက်ပြီး တောခေါင်းကြီး ဦးကျော် ဘုံးခနဲ ပစ်လဲသွားတာပဲ့ဗျာ”
ဦးရွှေမိတ်က အနောက်ဘက်ကြောကို လက်ညှိုးထိုးပြပါ၏။
“ကျွန်တော်တို့လဲ ကြောက်ကြောက်နဲ့ ထွက်ပြေးလိုက်တာ စခန်း ပြန်ရောက်မှ လူတွေခေါ် ပြန်လာရတယ်။ ဦးကျော်လဲ ခေါင်း သေနတ်ထိတာ ကြည့်မကောင်းပါဘူးဗျာ”
ဦးရွှေမိတ်က ဆက်၍ ပြောသည်။
“ခင်ဗျားနဲ့ ဘယ်နှစ်ယောက် ဦးကျော်နဲ့ ပါသွားသလဲ”
“အားလုံး ငါးယောက်ပါ”
ကြားထဲမှ ဝင်ရောက်ဖြေလိုက်သူမှာ သစ်ခေါင်း စောထွန်းမောင် ဖြစ်သည်။
“ခင်ဗျား အရေးအခင်းဖြစ်တုန်းက ဘယ်အချိန်လောက် ရှိပြီလဲ”
“သုံးနာရီလောက် ခင်ဗျ”
စောထွန်းမောင်က အချိန်ကိုပင် သေသေချာချာ ပြောလိုက်သဖြင့် ရာဇဝတ်အုပ်ကလေး ကိုမြင့်ကျော်မှာ အတော်ကလေး အံ့အားသင့်သွားရ၏။
“ခင်ဗျားက အချိန်ကို ဘယ်လိုသိသလဲ”
ရာဇဝတ်အုပ်ကလေး ကိုမြင့်ကျော်က ဝင်ရောက်ကာ မေးလိုက်သည်။
“ဒီကြော ရောက်ကာနီးမှာ ဆရာက တို့လာတာ သုံးနာရီ ရှိပြီကွ။ ဘာမှလဲ မထူးခြားဘူးလို့ ပြောပါတယ်။ ဒါကြောင့် မှတ်မိတာပါ ခင်ဗျာ”
“ဪ … ဪ”
ရာဇဝတ်အုပ်ကလေး ကိုမြင့်ကျော်သည် နောက်ထပ် မမေးတော့ပါ။ ကျွန်တော်က သေနတ်သံ ပေါ်လာရာဟု ဆိုသော အနောက်ဘက် ဆင်ခြေလျော အင်တိုင်းတောဘက်သို့ ကိုမြင့်ကျော်နှင့်အတူ သွားကြည့်ပါသည်။
ချုံတောများနှင့် ဝါးရုံများအောက်သို့ လျှောက်ကြည့်ရာ လူနှစ်ယောက်၏ ခြေရာကို တွေ့ရပါသည်။ ထိုခြေရာတွင်မက ဒူးထောက်ရာပါ တွေ့ရပြီး ခြေဖဝါးကြီးသူများဖြစ်ကြောင်း တွေ့ရပါ၏။
ရာဇဝတ်အုပ်ကလေးနှင့်အတူ လူဆိုးထိန်း ဆာဂျင် တစ်ဦးကလည်း ခြေရာများ သေသေချာချာ ကြည့်၍
“ဟာ … ဒီမှာ ဆရာ … ကြည့်ပါဦး”
ဆာဂျင်က အင်ဖက်ကြီး ကွယ်နေသော မြေပေါ်မှ ကျည်ဆန်ခွံတစ်ခုကို ကောက်၍ ရာဇဝတ်အုပ်ကလေးနှင့် ကျွန်တော့်အား ပြလိုက်ပါသည်။
ဒဿမ ၃ဝ၃-အင်္ဂလိပ်ရိုင်ဖယ် ကျည်ဆန်ခွံ ဖြစ်ပါသည်။ ရန်သူသည် သည်နေရာမှ ချောင်း၍ ပစ်သွားကြောင်း ထင်ရှားပါသည်။
သည်တွင် ကျွန်တော်တို့သည် လူသတ်သမား သွားရာလမ်းကြောင်းကို ခြေရာခံ၍ကြည့်ပြီးနောက် အချိန်မရှိတော့ပြီဖြစ်၍ တောင်ညို သစ်ထုတ်လုပ်ရေး စခန်းသို့ ပြန်လာခဲ့ပါသည်။
ကျွန်တော်တို့သည် တောခေါင်းကြီး ဦးကျော်နှင့် ပတ်သက်၍ တောင်ညိုသစ်ထုတ်လုပ်ရေးစခန်းနှင့် မမြချောင်း ကျေးရွာများသို့ ဆက်လက်စုံစမ်းရန် ဆုံးဖြတ်လိုက်ပါသည်။
(၄)
မမြချောင်းဘေးရှိ ညောင်ရွာသို့ နောက်ရက်တွင် ရောက်သွားခဲ့ပါသည်။
သစ်ထုတ်လုပ်ရေးစခန်းမှ စုံစမ်းချက်အရ တောခေါင်း ဦးကျော်၏ ဒုတိယဇနီးအဖြစ် ယူထားသော မကြွေကို တွေ့လိုသောကြောင့် ဖြစ်ပါသည်။
ကျွန်တော် ရောက်သွားသောအခါတွင် မကြွေမှာ ဟင်္သာတရှိ ဆွေမျိုးများထံ လိုက်သွားသည်ဟု မကြွေ၏ မိခင်ဖြစ်သူက ပြောပြလိုက်သောကြောင့် သူကြီးအိမ်တွင် တည်းခိုကာ စုံစမ်းရပြန်ပါသည်။
သူကြီးက သူ၏ လူယုံတော်တစ်ဦးကို လွှတ်၍ စုံစမ်းရာ မကြွေမှာ ဟင်္သာတသို့ သွားခြင်းမဟုတ်ပဲ တောင်ပေါ် သဖန်းချောင်ရွာသို့ ထွက်သွားကြောင်း အတိအကျ သိရသည်။ သဖန်းချောင်ရွာမှာ မျှင်ဝါးတောင်အနီး တောင်ခြေရွာ ဖြစ်ပါသည်။
မကြွေမှာ တောခေါင်း ဦးကျော်အရင် စံထွား ဆိုသော ယောက်ျား ရခဲ့ဖူးသည်။ စံထွားနှင့် မကြွေ တစ်နှစ်ခန့်သာ ပေါင်းသင်းခဲ့ရပြီး မကြွေ၏ မိခင်ကြီးကြောင့် လူချင်းကွဲသွားရသည်။
စံထွားမှာ ဌာနေမုဆိုးတစ်ဦး ဖြစ်ရုံမက တောသစ်တွေ ခိုးထုတ်သည်။ တောတွင်း လွှစင်ထောင်၍ သစ်များ ခွဲရောင်းသည်။ ရသမျှငွေကို မကြွေထံ ပြန်ရောက်သည်က နည်းပြီး အရက်သောက် ဖဲရိုက်ရာ မကြွေ၏ လက်ကောက်တစ်ရံနှင့် ဆွဲကြိုး ပါ ကုန်ခဲ့သည်။
သည်အချိန်တွင် ဦးကျော်က စံထွား၏ ခိုးသစ်များကိုဖမ်းကာ ရုံးတင်ခဲ့ရာ စံထွားတစ်ယောက်မှာ ထောင်ခြောက်လ ကျခဲ့ပြန်၏။
သည်နောက်တော့ မကြွေအိမ်သို့ ဦးကျော် ချောင်းပေါက်မတတ် ရောက်ခဲ့ရာက ရင်းနှီးခဲ့ကြသည်။
စံထွား လွတ်လာသောအခါဝယ် ယောက္ခမကြီးကလည်း မကြည်သည့်အပြင် မယားကလည်း တဆူဆူ ဖြစ်နေသဖြင့် စံထွားနှင့် မကြွေမှာ ကွဲခဲ့ကြတော့သည်။
တောခေါင်း ဦးကျော်ကို ကြောက်၍ သစ်ခိုးခြင်းအလုပ်ကို မလုပ်ရသော စံထွားမှာ အလုပ်အကိုင်မကောင်းသည်ကတစ်ကြောင်း အပါအဝင် ဖြစ်လေရာ တောခေါင်းဦးကျော်အား “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” အဖြစ် စံထွားက ဆင်ကြံကြံခဲ့ပြီး ဆင်သတ်မုဆိုး လုပ်နေသည်။
ဦးကျော်တို့ တောခေါင်းအဖွဲ့ ဘယ်မှာဆင်သွားဖမ်းမည်ဆိုသည်ကို မကြွေက သတင်းယူ၍ တောင်ပေါ်ရှိ လျှို့ဝှက်သစ်ခိုးစခန်း၊ ဆင်သတ်စခန်းသို့ သတင်းပေးပို့နေသည်ကို ဦးကျော် မရိပ်မိခဲ့ပါ။
သစ်ခိုးအဖွဲ့၊ ဆင်စွယ်မှောင်ခိုအဖွဲ့များမှာ မကြွေကြောင့် လုပ်ငန်းများ ချောင်ချောင်ချိချိ လုပ်နိုင်ကြသည်။ လာဖမ်းလျှင် ရှောင်နိုင် တိမ်းနိုင်ပါချေသည်။
မကြွေမှာလည်း သူ့အတွက် ရရှိသည့် အခကြေးငွေက မနည်းပါ။ တစ်နေ့ထက် တစ်နေ့ ချောင်လည်လာသည်။
နောက်ဆုံး သတင်းပေးတစ်ဦးကြောင့် တောခေါင်းကြီး ဦးကျော်မှာ မှောင်ခိုသမားတို့၏စခန်းသို့ အလိုက်တွင် မှောင်ခိုအဖွဲ့မှ စေလွှတ်သော လူသတ်ကောင် လက်မရွှံ့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းပင်တည်း။
သည်တော့….
စံထွားကိုယ်တိုင် သတ်သလော၊ သူတို့အဖွဲ့ဝင်တွေထဲကပင် သတ်သလော ဆိုသည်ကို စဉ်းစားရပါပြီ။ မည်သူဖြစ်စေ သူတို့ မှောင်ခိုအဖွဲ့ မိသည်နှင့် လူသတ်မှု ပေါ်တော့မည်မှာ သေချာပါချေသည်။
ပထမဆုံး ခြေရာခံရမည့်သူမှာ မကြွေ။
ကျွန်တော်တို့က မကြွေကို ခြေရာခံမိလျှင် မကြွေနောက်မှ တောင်တန်းမှောင်ခိုဂိုဏ်းကြီး တစ်ဂိုဏ်းလုံးကို ဖမ်းမိနှိုင်မည် မဟုတ်ပါလား။
(၅)
ရာဇဝတ်မှုကြီးတစ်မှုဖြစ်လာလျှင် ရဲဖက်ဆိုင်ရာအလုပ် ဖြစ်သော်ငြားလည်း မြို့နယ်တပ်ဖွဲ့မှူးက ရပ်ရွာငြိမ်ဝပ်ပိပြားရေးအတွက် တပ်မှ ပံ့ပိုးကူညီ ဆောင်ရွက်ရန် အမိန့်ပေးထားပါသည်။
သည်ဒေသတွင် တစ်ချိန်က ကေအင်ဒီအို သောင်းကျန်းသူများနှင့် ရောင်စုံသောင်းကျန်းသူများ သုံးနှစ်ဆက်တိုက် လွှမ်းမိုးရာဒေသဖြစ်၍ လက်နက်ပုန်းများကို ဖော်ထုတ်ဆဲအချိန်လည်း ဖြစ်ပါသည်။
သောင်းကျန်းသူများ လက်နက်ချပြီး ရပ်ရွာအေးချမ်းသွားပြီဟု ဆိုသော်လည်း တစ်ဘက်မှ ဓားပြများ မှောင်ခိုသောင်းကျန်းသူများ ရှိနေပါသေးသည်။
အထူးသဖြင့် ဆင်စွယ် တစ်ပိဿာဈေးသည် တစ်ရာ့ငါးဆယ်ကျပ်မှ သုံးရာကျပ်အထိ။ ထို့ထက် အထက်ပင် ရှိနေသောကြောင့် အလွန်ဈေးကောင်းသည်။
သည် ဆင်စွယ်တင်မက ဆင်အံကအစ အဖိုးပါသည်။
မြန်မာ့ ဆင်ကြီးခေါ် စွယ်စုံဆင်ကြီးများသည် အမြင့်ဆယ်ပေကျော်ကာ အစွယ်မှာ အလျား ၈ ပေကျော် ၉ ပေနီးပါး ရှိတတ်ပြီး လုံးပတ်ကြီး အရင်းနေရာမှ တိုင်းပါက တစ်ပေကျော်ကျော် ရှိသဖြင့် ဆင်စွယ် တစ်စုံ ရပါက အဘယ်မျှ ဝင်ငွေဖြောင့်သည်ကို သိသာလှပါသည်။
အထူးသဖြင့် မြန်မာ့ ဆင်ထီးများမှာသာ အစွယ်ရှိပြီး အမတွင် အစွယ်မရှိပါ။ အာဖရိက ဆင်မျိုးမှာ အထီးရောအမပါ အစွယ်ရှိပြီး မြန်မာ့ဆင်များထက် အရပ်မြင့်ကြပါသည်။
ယခုအခါတွင် ခေတ်စားနေသော မှောင်ခိုလုပ်ငန်းကား ဆင်စွယ်မှောင်ခိုလုပ်ငန်းနှင့် ဆတ်ချို၊ စိုင်ချို၊ သမင်ဦးချို ၊ ကျားရေကအစ မှောင်ခိုဈေးကွက် ကောင်းနေပါ၏။
ထိုမျှမက ဒေါင်းများကိုပါ ဖမ်းဆီးလျက်ရှိကြောင်း ကြားသိရ၍ စိတ်မကောင်းလှပါ။
ဒေါင်းဆိုသည်မှာ ဥပဒေအားဖြင့် လုံးဝ တားမြစ် ကာကွယ်ထားသော ငှက်ကြီးမျိုးဖြစ်သောကြောင့် ပစ်ခတ်ဖမ်းဆီးရန် မသင့်ပါ။ အချို့ တောကြက် ပစ်ရန် တောချောက်သည့်အခါ မှား၍ ပစ်ခတ် တတ်ကြပါသည်။
ကျွန်တော်တို့သည် တောခေါင်း ဦးကျော် အသတ်ခံရသောအချိန်မှစ၍ ရဲသားများနှင့် ယုံကြည်ရသော သစ်လုပ်သားများကို သတင်းယူရန် တောင်ရိုးပေါ်သို့ စေလွှတ်ခဲ့ပါသည်။
(၆)
သတင်းပို့ချက်က ခိုင်လုံသည်။
အရေးကြီးသော ဆင်စွယ်မှောင်ခိုအဖွဲ့ ရခိုင်ဘက်မှ တောင်ညိုနှင့် စိန်တောင်ကြား ရောက်နေကာ စခန်းချသည်။
ဆင်ခိုးသတ်သူ ရိုးမဆင်စွယ် မှောင်ခိုသမားများက ဆင်စွယ်များကို တစ်နေရာမှ သယ်လာပြီး အရောင်းအဝယ် လုပ်မည်။ ဆင်စွယ်ရောင်းသူများအဖွဲ့မှ အရေးကြီးသော ခေါင်းဆောင်ကိုယ်တိုင် ရောက်လာပြီး ဆင်စွယ်များကို ယူလာကာ ကိုယ်တိုင်ရောင်းချငွေယူမည်။ အချိန်ကလည်း တိကျသည်။
“ခုနစ်စင်ကြယ်ပြောင် အမြီးထောင်၊ သန်းခေါင်ချိန်သို့ရောက်”
ဤကား ဆင်သတ်၍ အစွယ်ဖြတ်ယူသော ဆင်သတ်မုဆိုးဂိုဏ်းမှ လျှို့ဝှက်၍ ရခိုင်ဘက်မှ ဆင်စွယ် မှောင်ခိုဂိုဏ်းသို့ ပေးပို့သော လျှို့ဝှက်
ဂိုဏ်းသင်္ကေတ စာပေတည်း။
ကျွန်တော်တို့သည် ထူးကြီးသို့ ညနေရထားဖြင့် အမြန်ဆုံး လိုက်ခဲ့သည်။ ရာဇဝတ်အုပ်ကလေးနှင့် လူဆိုးထိန်းများ၊ ရဲတပ်ပွဲဝင် ငါးယောက်က ရုပ်ဖျောက်၍ ယာလုပ်သူ တောင်သူဦးကြီးများအသွင်ဖြင့် ထူးကြီးသို့ လိုက်ပါလာသည်။
ကျွန်တော် တပ်သို့ပြန်၍ စီစဉ်နေစဉ်မှာပင် သူတို့အဖွဲ့က မျှင်ဝါးတောင်ကြောသို့ လှည်းဖြင့်သွား၍ ကျောက်တစ်လုံးက စောင့်မည်။ လူဆိုးထိန်းနှစ်ဦးက ထူးကြီးတွင် ရုပ်ဖျက်ကာ နောက်ချန်ကျန်ရစ်ပြီး အရေးကြီးသော သတင်းကို ရှေ့တန်းအဖွဲ့သို့ ပို့မည်။
တောအုပ်ကြီးဦးသိန်းနှင့် လူယုံသစ်ထုတ်သူ အုပ်စုဝင် လူပေါင်းရှစ်ယောက်က တောင်ညိုသစ်ထုတ်လုပ်ရေးစခန်းမှ ညဉ့် ၁၂ နာရီ ထွက်ပြီး သဖန်းကြောတွင် လျှို့ဝှက်စောင့်မည်။
စကားဝှက်မှာ “ဆင်ဖြူ”
အချက်ပေးသံ တစ်တီတူးအော်သံ။
တပ်ဖွဲ့သုံးဖွဲ့၏ ပင်မတပ်မှာ ကျွန်တော်အုပ်ချုပ်သော တပ်စုအမှတ် ( ၃) တပ်ဖွဲ့ဖြစ်သည်။ အမှတ် (၁) တပ်ဖွဲ့မှာ တောအုပ်ကြီး ဦးသိန်း၏ ရှေ့ပြေးတပ်ဖွဲ့ဖြစ်ပြီး အမှတ် (၂) တပ်ဖွဲ့မှာ ရာဇဝတ်အုပ်ကလေး ကိုကျော်မြင့်တပ်ဖွဲ့ဖြစ်ပါသည်။
ကျွန်တော်တို့အမှတ်(၃) တပ်ဖွဲ့ မျှင်ဝါးတောင် ကျောက်တစ်လုံးမှ စောင့်နေမည့် ရာဇဝတ်အုပ်ကလေး ကိုကျော်မြင့်တပ်ဖွဲ့နှင့် ပူးပေါင်းမည်။ ထိုမှတစ်ဆင့် တောင်ညို သဖန်းကြောတွင် စောင့်နေမည့် တောအုပ်ကြီး ဦးသိန်း၏ တပ်ဖွဲ (၁) နှင့် စုပေါင်းကာ ဆင်စွယ်မှောင်ခိုဂိုဏ်းနှင့် ဆင်သတ်မုဆိုးဂိုဏ်းတို့အား အပြီးအပိုင် ချေမှုန်းဖမ်းဆီးမည်။
ကျွန်တော်၏ အုပ်စု (၁) မှ ရဲဘော်အချို့ မြို့ထဲသို့ ရုပ်ရှင်ကြည့်ခြင်း ၊ တပ်တွင်းနေသူများအား ရေဒီယိုဖွင့် ဝိုင်းဖွဲ့သီချင်းဆို ကခုန်စေရန် သီးသန့် အုပ်စုခွဲပြီးနောက် ကျွန်တော်အပါအဝင် ရဲဘော်များက ရုပ်ဖျက်၍ ထူးကြီးတောင်ခြေ မမြချောင်း တံတားတွင် စုပြီး သစ်လုပ်သားများအဖြစ် ခရီးထွက်မည်။
ဤကား ရန်သူက လာရောက် အခြေအနေ စောင့်ကြည့်မည်ကို လှည့်ပတ်ထားခဲ့ရန်နှင့် မမှန်သတင်း ပို့နိုင်ရန် ဖြစ်ပါသည်။ ထိုည မိုးရိပ်တွေက တရိပ်ရိပ် လွှမ်းမိုးလာသဖြင့် သဘာဝ အကာအကွယ်ယူကာ ထွက်လာပါသည်။
မျှင်ဝါးတောင် ကျောက်တစ်လုံးစခန်း ရောက်သောအခါတွင် အသင့်စောင့်နေသော ရာဇဝတ်အုပ်ကလေး ကိုမြင့်ကျော်တို့ အဖွဲ့ကို တွေ့ရပြီး အဖွဲ့ နှစ်ဖွဲ့ ပေါင်းကာ ဆက်၍ ထွက်လာပါသည်။
တောင်ညို သဖန်းကြော ရောက်လုလုအချိန်တွင် ကောင်းကင်ပြင်မှာ မိုးသားထုကြီး လွှမ်းမိုးကာ လေတွေ ပြင်းထန်စွာ ကျလာပါတော့သည်။
မိုးတွေ ရေအိုးမှောက်ချသကဲ့သို့ ကဆုန်ပေါက် တရဟော ရွာလာသည်။ တစ်ခဏအတွင်း တောင်ကျရေတွေ စီးသံပါ ကြားရ၏။
လေမှာ ဒေါသဖြစ်နေသော ငန်းမြွေတစ်ကောင်ပမာ ဝေ့ယမ်းတိုက်ခတ်နေသည်။ သစ်ပင်ကြီးအချို့၏ သစ်ကိုင်းများ ပြိုလဲသံ တဝုန်းဝုန်းဖြင့် ကြောက် ခမန်းလိလိ ကြားရသလို ကြုံလည်း ကြုံရသည်။
ကောင်းကင်ပြင် တစ်ပြင်လုံးမှာ လျှပ်ပြက်သဖြင့် တဝင်းဝင်းလက်ကာ မိုးကြိုးသံတွေကလည်း ကြောက်ခမန်းလိလိ ပေါ်ထွက်လာ၏။
ကျွန်တော် သဖန်းကြော ရောက်သောအခါတွင် အနည်းငယ် နောက်ကျနေပါပြီ။
မိနစ် ၂၀ အချိန် စောစောက ဆင်သုံးကောင်နှင့် လူ
တစ်စု စိန်တောင်ဘက် ဖြတ်သွားကြောင်းကို တော အုပ်ကြီး ဦးသိန်းက သတင်းပို့သည်။
ကျွန်တော်တို့အားလုံး မိုးနှင့် လေကြောင့် ကြွက်စုတ် ကလေးတွေပမာ ဖြစ်ကုန်ကြသည်။ ကြယ်မမြင်ရစေကာမူ ညဉ့်ကြည့်နာရီအားကိုးဖြင့် ဆင်မှောင်ခိုဂိုဏ်းနှင့် ဆင်စွယ်ဖြတ် ဆင်သတ်မှောင်ခိုဂိုဏ်း အရောင်းအဝယ်ပြုလုပ်မည့် ရေဝေကြောကို ချက်ချင်းပင် လိုက်ခဲ့ကြပါသည်၊
သိပ်မကြာပါ။
ရှေ့ပြေးကင်းအဖွဲ့မှ မှောင်ခိုဂိုဏ်းနှင့် ဆင်သတ်မုဆိုးဂိုဏ်းတို့ စခန်းချ အပေးအယူလုပ်သော စိန်တောင်စွယ် ဆင်သေရိုးကြောနှင့် မိုင်ဝက်ခန့်သာဝေးတော့ကြောင်း သတင်းပို့သည်။
ဆင်သေရိုးမှ အပေါ်စီးတောင်ကုန်းကျောက်ဆောင်များပေါ် နေရာယူရန် အမိန့်ပေးလိုက်ပါသည်။ မိုးသဲသဲနှင့် လေထန်နေသည့်ကြားမှ ဆင်သေရိုးစခန်းအပေါ် ကျောက်ဆောင်များပေါ်သို့ လမ်းပြများ၏ အကူအညီဖြင့် ရောက်လာကာ အသင့် နေရာယူလိုက်ကြပါသည်။
ကံကောင်းသည်ဟု ဆိုရပါမည်။
ရှေ့ပြေးကင်းတပ်ဖွဲ့က ရန်သူများ၏ ကင်းပုန်းများ မရှိဘဲ ကျောက်ဆောင်များဘေးတွင် မီးပုံကာ စခန်းချနေကြောင်း သတင်းပို့ထားသည့်အတိုင်း အန္တရာယ်ကင်းစွာ နေရာယူမိကြသည်။
ချက်ချင်းပင် မိုးလေစဲသွားချိန်တွင် ဆင်သုံးကောင်နှင့် အစောင့် လက်နက်ကိုင် ခြေလျင်လိုက်ပါ လာသည်ကို တွေ့ရပါ၏။
ရှေ့ဆုံးမှ ဆင်တွင် မိုးကာခြုံထားသော လူနှစ်ယောက်နှင့် ပစ္စည်းများ၊ နောက် ဆင်နှစ်ကောင်မှာလည်း ပစ္စည်းများ တင်လာသော ပုခက်ကြီးများကို တွေ့ရ၏။
ရုတ်တရက် ကြယ်ရောင်ကလေးကြောင့် ဆင်များပေါ် တွင် ဖြူဖွေးသော ဆင်စွယ်များကို အထင်းသား တွေလိုက်ရပါချေသည်။
“ဟေ့ … ဟိုင်း”
“ဟေ့ … စွယ်စုံ”
သူတို့သည် တစ်ဦးနှင့်တစ်ဦး အော်ဟစ်ကာ စကားဝှက်ဖြင့် ပြောလိုက်ကြသည်။
ဆင်များ အဝပ်ခိုင်းပြီးလျှင် ဆင်စွယ်များကို မကြည့်မီ ကျောက်ဆောင်ဘေးမှ အရပ်ရှည်ရှည် ဝါးခမောက်ဆောင်းပြီး ဂျာကင်အင်္ကျီ ဘောင်းဘီဝတ်ထားသူနှင့် ဆင်ပေါ်မှ ဆင်းလာသော အဝတ်နက် လွှမ်းခြုံထားသူတို့ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်စကား ပြောသည်။
“ကဲ ဗိုလ်ယက္ခ၊ ကျွန်မတို့က ဆင်စွယ်ဆယ်ချောင်း၊ တစ်ချောင်း ပိဿာနှစ်ဆယ်၊ ခြောက်သောင်းဖိုးပဲ”
“များပါတယ်ဗျာ … ငါးသောင်းပဲ ယူပါ မကြွေ”
“မများဘူးရှင့်။ ဒါတောင် အလွန် အန္တရာယ်ကြား လုပ်ရတာ။ အခုတောင် မနက်ဆွမ်းကျွေးဟန်ပြထားပြီး ကျွန်မယောက်ျား စံထွားက အားလုံး စီစဉ်ထားလို့ အဆင်ပြေတာ။ အခုတော့ ကိုစံထွားက ငနဲကြီးကို ဖြောင်လိုက်လို့ အေးသွားပြီလေ။ ရှေ့ကို ကောင်းကောင်းလုပ်နိုင်တော့မယ်”
“ဟာ…. သိပ်ကောင်းတာပေါ မကြွေ။ ဒါပေမယ့် ဒီတစ်ခေါက် ကုန်ကျစရိတ်တွေ များတယ်ဗျာ။ တစ်သောင်း လျှော့ပါ”
“အို … ရှင်တို့က ဟိုရောက်ရင် မှောင်ခိုစက်လှေပေါ် တင်ပေးလိုက်ရုံဟာပဲ။ မများပါဘူး။ ရှင်တို့က တစ်သိန်းကျော် နှစ်သိန်းလောက်ရမယ့်ဟာပဲ”
သူတို့ချင်း ပြောဆိုနေသော အသံများ ကြားရသောအခါမှ ဆင်သတ်မုဆိုးဂိုဏ်း အဖွဲ့တွင် တကယ့်ခေါင်းဆောင်အစစ်မှာ မကြွေ ဖြစ်ပြီး ဒုတိယခေါင်းဆောင်မှာ သူ့ယောက်ျား ဆင်သတ်မုဆိုး စံထွားနှင့် အဖွဲ့ဝင် တောင်ရိုးဓားပြများ ဖြစ်နေပါ၏။
ဗိုလ်ယက္ခ ဆိုသူမှာလည်း တစ်ခါက သောင်းကျန်းသူဖြစ်ကာ ယခုအခါ ဆင်စွယ်မှောင်ခိုဂိုဏ်းနှင့် ဓားပြဂိုဏ်းခေါင်းဆောင် ဖြစ်နေသည်ကို တွေ့ရပါချေတော့၏။
“ကိုင်းဗျာ … ပေးမယ်။ ဆင်စွယ်တွေ ချပါတော့။ ဟေ့ … မုတ်ဆိတ်တို့ ဆင်စွယ်တွေ ထုတ်ပြီး တင်ဟေ့”
ဗိုလ်ယက္ခက သူ့အဖွဲ့ဝင် တစ်ဦးကို အမိန့် ပေးလိုက်၏။
နှစ်ဖွဲ့စလုံးမှာ လက်နက်တွေကိုယ်စီနှင့် ဖြစ်သည်။ ထို့နောက် ဗိုလ်ယက္ခက သူ့တပည့်အား လက်ဖြင့်တစ်ချက်ပြလိုက်ရာ တပည့်တစ်ဦးက သားရေအိတ်ကြီးကို ဆွဲလာကာ ငွေစက္ကူအထုပ်ကြီး တစ်ထုပ်ကို ဆွဲထုတ်လိုက်သည်။
“ဟောဒါ ခြောက်သောင်းတိတိပဲ မကြွေ”
ဗိုလ်ယက္ခက ငွေထုပ်ကြီးကို ဖွင့်ပြကာ တစ်ထပ်ချင်း ရေတွက်၍ မကြွေကို ပေးလိုက်သည်။
ယင်းအချိန်မှာပင် မမျှော်လင့်သော ဖြစ်ရပ်က ရုတ်ချည်း ပေါ်ထွက်လာပါချေသည်။
တစ်တောလုံး တဝုန်းဝုန်းအသံများ ပေါ်ထွက်လာ ကာ ဆင်ကြီးများ အော်သံကိုပါ ကြားရ၏။
“ဟာ … တောဆင်ရိုင်းအုပ်စုဟေ့”
ရုတ်တရက် ဗိုလ်ယက္ခတို့က အော်ဟစ်လိုက်မှာပင် တောဆင်ရိုင်းအုပ်ကြီးသည် တဟုန်ထိုး အကောင်နှစ်ဆယ်ခန့် ပြေးထွက်လာသည်။
သည်အခါတွင် ဆင်ယဉ်များမှာလည်း ကျီခနဲ အော်မြည်လိုက်ကာ “အူး” ဟူသော အော်သံများနှင့် သူတို့ ဆင်ထိန်းများကို နှာမောင်းများနှင့် ရိုက်ထုတ်လိုက်ကြပြီး တောဆင်ရိုင်းများနှင့် ရင်မဆိုင်ဘဲ ပြေးတော့၏။
“ဒိုင်း … ဒိုင်း … ဒိုင်း”
ဗိုလ်ယက္ခနှင့် စံထွားတို့အဖွဲ့က တောဆင်ရိုင်းများကို အသေအလဲ ခုခံပစ်ခတ်ကြသည်။
ယင်းအချိန်ကလေးတွင် မကြွေက ငွေအိတ်ကြီးဆွဲကာ ကျောက်ဆောင်ကုန်းပေါ် ပြေးတက်လာရာ သူမအဖို့ ကျွန်တော်တို့နှင့်တွေ့ကာ အဖမ်းခံလိုက်ရတော့သည်။
“လာပါ မကြွေ … လာပါ၊ ခင်ဗျားကို တရားဥပဒေက ကြိုဆိုနေပါတယ်ဗျာ”
မကြွေမှာ ကျွန်တော်တို့ကို မြင်လိုက်သည်နှင့် ဟင်ခနဲ ဖြစ်ကာ မျက်လုံးအပြူးသားနှင့် မူးမေ့လဲကျသွားတော့သည်။
“ဟေ့ ဖမ်းကြ၊ တစ်ယောက်မှ မလွှတ်စေနဲ့”
တောဆင်ရိုင်းများဘေးမှဆုတ်၍ ကျောက်ဆောင်တောင်ကုန်းပေါ်သို့ ပြေးတက်လာသော ဗိုလ်ယက္ခနှင့် စံထွားတို့အဖွဲ့အား ဖမ်းရန် အမိန့် ပေးလိုက်ပါသည်။
တောဆင်များသည်လည်း တွေ့သမျှ လူဆိုးများအား နင်းချေသတ်ရုံမက နှာမောင်းဖြင့် ဖမ်းဆွဲကာ မြေပေါ်နှင့် ကျောက်ဆောင်များတွင် ရိုက်ပစ်လိုက်ပါလေသည်။
ဆင်ရိုင်းတစ်ကောင်၏ နှာမောင်းတွင် ဆင်သတ်မုဆိုး စံထွားတစ်ယောက်မှာလည်း စွေ့ ခနဲ ပါသွားကာ ကျောက်ဆောင်နံရံတွင် တအား အရိုက်ခံလိုက် ရသဖြင့် ကြောက်မက်ဖွယ်ရာ အော်သံကြီးက ဟိန်းထွက်သွားပါ၏။
ဆင်သတ်မုဆိုးသည် သူ၏ ကံကြမ္မာအလှည့် ကြုံကာ ဆင်ရိုင်းများ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံရလေပြီ။
ဆင်သတ်မုဆိုးဂိုဏ်းခေါင်းဆောင် မကြွေနှင့် ရခိုင်ရိုးမကြီးအတွင်း မှောင်ခိုဓားပြဂိုဏ်းခေါင်းဆောင် ဗိုလ်ယက္ခတို့အဖွဲ့အား ကျွန်တော်တို့က အမိအရ ဖမ်းလိုက်နိုင်ပါလေပြီ။
အနောက်ရိုးမတွင် မှောင်ခို ဆင်သတ်ဖြတ်မှုကြောင့် အန္တရာယ်ဆိုး မိုးမှောင်ကြီးနှင့် ကြုံတွေ့နေခဲ့ရသည့် တောတွင်းတိရစ္ဆာန်များအဖို့မှာလည်း အမှောင်ပျောက်၍ အလင်းရောက်ပြီ ဖြစ်ပါသတည်း။
– ပြီး –
စာရေးသူ – မြဝဇီ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ