————-
(ဝတ္ထတို) နေဝင်းမြင့်
(၁)
အရှေ့ကြည်းတောက ကွင်းထဲမှာ မမိုးကောင်းအလောင်းတွေ့တယ်ဆိုတာ ကြားတော့ တရွာလုံးကမယုံနိုင်ကြဘူး။ ကြည်းတောဆိုတာက မြစ်နားမနီး ရေနားမနီးတဲ့ရွာတွေကို မြစ်နားနီးရေနားနီးတဲ့ရွာတွေက ခေါ်တာပါ။ သဘောကတော့ ကုန်းခေါင်ခေါင်ရွာတွေပေါ့။ ကျောင်းစုကတော့ ကြည်းတောသက်သက်ရွာတော့ မဟုတ်ပါဘူး။ ဒါဖြင့်ရင် အောက်တောလားဆိုပြန်တော့ မဟုတ်ပြန်ဘူး။ အောက်တောဆိုတာက မြစ်နားနီး၊ ရေနားနီးတဲ့ရွာတွေကို ကြည်းတောကလူတွေ ခေါ်တာ။ ကျောင်းစုက အောက်တောမကျ ကြည်းတောမကျရွာ၊ အိမ်ခြေကလည်း မများလှပါဘူး။ အညာရွာတွေရဲ့ထုံးစံ လေးငါးဆယ်ပေါ့၊ မြေပဲလေး၊ ပဲလေးစိုက်တဲ့ရွာဆိုတော့ မြေပဲပေါ်ချိန်၊ ပဲပေါ်ချိန်ဆိုရင် သောင်သာကြတယ်။ ရှိတဲ့အထဲက စား၊ ရှိတဲ့အထဲက လှူ၊ ရှိတဲ့အထဲက နောက်တရာသီစာချန်ဆိုတဲ့ ရွာမျိုး……….။
မမိုးကောင်းက ကျောင်းစုရွာသူ၊ အသားဖြူဖြူ ရုပ်ရည်အသင့်အတင့်နဲ့ဆိုတော့ သည်နားကရွာတွေက မမိုးကောင်းကို စိတ်ဝင်စားကြတယ်။ စီးပွားရေးကတော့ သူလိုကိုယ်လိုပါပဲ။ သားအမိနှစ်ယောက်ကို တဘဝလုပ်နေကြသူတွေ၊ ရှိတဲ့မြေလေးတစိတ်ကို အငှားချထားရုံကလွဲရင် သားအမိနှစ်ယောက်က ဘာလုပ်တတ်မှာတုန်း။ ဒါပေမဲ့ မြေအငှားချထားတာလေးက ရတာလေးအပြင်၊ မမိုးကောင်းကလည်း အလကားမနေလေတော့ ပဲရိတ်ချိန် ပဲရိတ်ခရ၊ မြေပဲဖော်ချိန် မြေပဲဖော်ခရနဲ့ သူတကာလိုဝင်ငွေမျိုးတော့ ရှိတာပါပဲ။
မမိုးကောင်းအမေက ကြီးလှပြီ။ ရှိရောပေါ့ ခုနစ်ဆယ်ကျော်တော့။ ခေါင်းတုန်လည်တုန်မဟုတ်ပေမဲ့ အိပ်ရာထဲက မထရဘူးဆိုသူကိုး။ ဒါပေမဲ့ လူကလည်း မကျန်းမာ။ သမီးကိုလည်း စိတ်မချတော့ အိပ်ရာထဲ လှဲမနေနိူင်ဘူး။ ကျီးစောင့်ကြက်နှင်ရသလောက်တော့ ကူဖော်လောင်ဖတ်ရတယ်။ နာမည်က ဒေါ်ငွေခဲတဲ့။ ဒေါ်ငွေခဲမွေးတဲ့နေ့က အိမ်ရှေ့ကျင်းတူးတာ ရှေးခေတ်သုံးငွေခဲတွေ တော်တော်ရလိုက်တာကစပြီး မွေးလာတဲ့သမီးလေးကို မငွေခဲမှည့်လိုက်တယ်လို့ ဆိုတယ်။ အဲသည်ဒေါ်ငွေခဲက ကျောင်းစုဟိုဘက်ကပ်လျက်ရွာက လှည်းသမားကိုစံဖေနဲ့ညားတော့ မမိုးကောင်းအပါအဝင် သားသမီးသုံးယောက် မွေးတယ်။ မိုးတွေတအားရွာတဲ့ညက မွေးလို့ သမီးဦးကို မမိုးကောင်းမှည့်တယ်။ အလတ်က ယောကျာ်းလေး။ ဘုရားဒါယိကာဦးဖိုးစိန် မြင်းခြံလာတဲ့နှစ်ကမွေးလို့ မောင်စိန်လို့ မှည့်တယ်။ အငယ်က မိန်းကလေး။ ကြည်းတောမှာ မိုးကြီးဆက်တိုက် သုံးနှစ်ခေါင်တုန်းကမွေးလို့ မမိုးခေါင်ဖြစ်ကရော။
မောင်စိန် အသက်ကလေးရလာတော့ အဲသည်ခေတ်က ရဲဘော်ဖြူလား၊ ရဲဘော်ဝါလား ဘာမှန်းမသိတဲ့အထဲ ပါသွားတာ၊ သေသလား၊ ရှင်သလားမသိတာ ကြာပြီ။ မှန်းသန်းပြီး ဆွမ်းကလေးခြစ်ခြုတ်သွပ်ပြီးတဲ့နေ့ကပဲ မောင်စိန် မိသားစုစားရင်းထဲက ပျောက်သွားတယ်။ မမိုးခေါင်ကလည်း
တရွာသားနဲ့အကြောင်းပါတော့ သျှောင်နောက်ဆံထုံးပါပေါ့။ မမိုးခေါင်ကလည်း ရွာမပြန်ပါဘူး။ မိဘနှစ်ပါး ဆင်းတောင့်ဆင်းရဲ ရွာမှာကျန်တာကိုလည်း ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင် မမှတ်တော့ ဒေါ်ငွေခဲက သူ့လည်း သေစာရင်းသွင်းတယ်။
” ဪ …. မိုးခေါင်တို့များ နာမည်သာမိုးခေါင်တာမဟုတ်ဘူး။ မေတ္တာပါခေါင်တာအေရဲ့။ တခါတလေတော့ တရွာ
တကျေးမှာ အရိုက်အနှက်ခံများဖြစ်နေမလား အောက်မေ့မိရဲ့။ ဒါပေမဲ့အေ သုမေဓာရှိမှ ကိုယ့်မေဓာရှိမဟုတ်လား။ ငါသေလို့ရောက်လာရင်တောင် မြေသင်းခဲမကောက်စေနဲ့ “
ဒေါ်ငွေခဲက ကြုံတဲ့လူ သည်စကားပြောတတ်တယ်။ ယောကျာ်းသားကိုစံဖေသေတော့ ဘာမှ မယ်မယ်ရရမကျန်ခဲ့ဘူး။ မြေကလေးတစိတ်ပျော့ပျော့နဲ့ အိမ်ကလေးတလုံး ချန်ခဲ့တာပါ။ ဒါပေမဲ့ သားအမိနှစ်ယောက်နေလို့ ဖြစ်ပါတယ်။ ပြောခဲ့သလိုပေါ့။ ထန်းသမားစားဖို့ ထန်းနို့ကထွက်ပေးရတယ်ဆိုသလိုပဲ။ သားအမိနှစ်ယောက်အတွက်တော တဝမ်းတခါးကျင်းယက်ရတာမျိုး မရှိခဲ့ဘူး။ မမိုးကောင်းကတော့ အေးတယ်။ သဘောကောင်းတယ်။ မှန်တာပြောတယ်။ ရိုးရိုးသားသားနေတယ်။ ဆင်းရဲပေမဲ့ ရွာမှာ ကိစ္စ၊ ဝိစ္စရှိနေရင် နေရာပေးကြတယ်။ တခါတခါတော့ ငယ်ရွယ်သူပီပီ အိမ်ထောင်ရက်သားဘဝမျိုးနဲ့ နေချင်စိတ်ကလေး ရုန်းလာပေမယ့် မအေအိုကြီးနဲ့ ဆင်းတောင့်ဆင်းရဲဘဝထဲကို နောက်ထပ်လူတယောက် ဝင်လာမှာကိုလည်း စိုးရဲ့။
ကျောင်းစုကာလသားတွေကလည်း မမိုးကောင်းကို ပိုးကြတာပါပဲ။ ဘယ့်နှယ် မပိုးကြဘဲရှိပါ့မလဲ။ ရုပ်ကလေးသနရုပ္ပနဲ့ စိတ်ကောင်းနှလုံးကောင်းရှိသူလေးပေပဲ။ ကြည့်သူက ကြည့်တယ်။ အကဲခတ်သူက အကဲခတ်တယ်။ ကမ်းလှမ်းသူက ကမ်းလှမ်းတယ်။ စကားသွင်းသူကတဆင့် စကားသွင်းတယ်။ ဒါပေမဲ့ ဒေါ်ငွေခဲက လက်မခံဘူး။ ဘယ်လိုမှကို လက်မခံဘူး။ ကိုစံဖေရှိတုန်းကမှ သူ့မေတ္တာကို ဝေမျှထားရသေးတယ်။ ကိုစံဖေသေတော့ သူ့မေတ္တာတွေအားလုံးဟာ မမိုးကောင်းအပေါ် ရေအိုးများမှောက်ချသလို ကျတော့တာမဟုတ်လား။ သားသမီးသုံးယောက်မွေးတာ နှစ်ယောက်က သေစာရင်းထဲထည့်ခဲ့ပြီဆိုတော့ လက်ကျန်ရှင်စာရင်းလေးကို သူများလက် မထည့်ရက်တာလည်းပါတယ်။ နှမျောတာလည်းပါရဲ့။
”ငါ့သမီးသဘောကတော့ အမေမသိဘူးပေါ့အေ၊ ညည်းစိတ်ထဲ အိမ်ထောင်သားမွေးများ စိတ်ကူးသလား။ အမေ့သဘောတော့ သည်အရွယ်ရောက်မှ မပြုစုချင်တော့ဘူး။ ညည်းအဖေကိုစံဖေက အောက်တောသားတွေလို လှေလိုက်မကျွေးပေမဲ့ တောထဲတောင်ထဲ နေပူအလှော်ခံပြီး လုပ်ကျွေးခဲ့တာကော။ သည်လိုယောကျာ်းသားမျိုးရ တော်ပါရဲ့အေ၊ ထိုင်နေအကောင်းသား ထသွားမှ အကျိုးမှန်းသိ ဆိုသလို”
တည ဒေါ်ငွေခဲ အဲ့သလိုပြောတော့ မမိုးကောင်းသိသားပဲ။ ဒါဟာ သူ့ဘဝအတွက် အမေ့သဘောထားဆိုတာ။ အမေ့ကို မမိုးကောင်းသနားတာလည်း ပါတယ်။မခွဲနိူင်တာလည်းပါတယ်။ မိုးခေါင်လို တရွာတကျေးလိုက်ခဲ့ရမယ်ဆိုသူနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ။ သည်တခါဆိုရင် အမေသေလိမ့်မယ်။ နဂိုကမှ အမေက ယဲ့ယဲ့ရယ်ကိုး။ မမိုးကောင်းကိုယ်တိုင်က မအေသေရင် ဘယ့်နှယ့်နေမယ်မသိပေမယ့် မအေ မသေမချင်း စိတ်ဆင်းရဲအောင်မလုပ်ဘူးလို့ ပိုင်းဖြတ် လိုက်တယ်။
”အမေရယ်…ဝင်ထွက်နေကြသူတွေဆိုတာကလည်း အကဲခတ်ကြတာပါ။ ကျွန်မစိတ်ထဲဖြင့် ဘယ့်နှယ်မှတောင်မနေပါဘူး။ အိမ်ထောင်ပြုရမှာလည်း ကြောက်မိတယ်။ အမေ့ကိုလည်း သနားတယ်။ အမေ နောက် သည်စကားမပြောပါနဲ့တော့နော်”
မမိုးကောင်း အဲ့သလိုပြောတော့ ဒေါ်ငွေခဲ ငိုတယ်။ မျက်တွင်းချိုင့်ချိုင့်၊ မျက်ခမ်းစပ်စပ် မျက်လုံးလေးတွေထဲက မျက်ရည်တွေကျနေတာကို မီးခွက်အလင်းရောင်နဲ့ မြင်နေရတယ်။ အင်မတန်ပိန်လှီနေတဲ့လက်နဲ့ သမီးကို ဖတ်ထားတယ်။ ဆီမရှိဘဲ ခြောက်ဖွာနေတဲ့သမီးခေါင်းကို ပွတ်ပေးတယ်။ ကြမ်းထော်အက်ကွဲနေတဲ့ သမီးလက်တွေကို ဆုပ်ချေပေးတယ်။ ဒါဟာ ”တကယ်ပြောတာလားအေ”ဆိုတဲ့ မေးခွန်းမှန်း မမိုးကောင်းသိပါတယ်။ မမိုးကောင်းကလည်း ပါးစပ်နဲ့မဖြေပါဘူး။ မအေကို ထိုင်ကန်တော့တာမျိုးနဲ့ ကတိပေးလိုက်တာပါပဲ။ ဒါပေမဲ့ သည်ကတိက သိပ်ကြာကြာမခံဘူး။ ကြည်းတောကုန်းခေါင်ခေါင်နဲ့နီးတဲ့ ကျောင်းစုရွာရဲ့ဆောင်းတညမှာ ဒေါ်ငွေခဲဆုံးတယ်။ အင်မတန်ချစ်တယ်ဆိုတဲ့ သမီးအပျိုကြီးကို ကျောင်းစုမှာ တယောက်တည်းထားခဲ့ရင်း ကမ္ဘာလောကနဲ့ ကွယ်တဲ့အရပ်၊ လွန်တဲ့အရပ်ကို ထွက်ခွာသွားတယ်ပြောကြပါစို့….။
(၂)
ဖအေ၊ မအေ၊ မောင်စိန်နဲ့မိုးခေါင်တို့ မရှိတဲ့နောက် မမိုးကောင်းတယောက်တည်း နေခဲ့ရတယ်။ တကယ်သေသူတွေနဲ့ သေစာရင်းသွင်းခံရသူတွေဟာ မမိုးကောင်းအတွက်တော့ အတူတူပါပဲ။ ဘယ်သူမှအနားမရှိတဲ့ဘဝနဲ့ ချောက်ချောက်ချားချားနေခဲ့ရတယ်။ ဖြူစပြုနေတဲ့ဆံပင်တွေ။ ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေ၊ တဖြည်းဖြည်းလျော်ကြလာတဲ့သစ်သီးတလုံးလို ကိုယ်ခန္ဓာနဲ့ မမိုးကောင်းဟာ အမျှင်ကလေးတခေါင်းတည်းသာတွဲထားတဲ့ လက်ပံပွင့်လေးလေးကြီးတပွင့်လို နေခဲ့ရတယ်။ မအေဆုံးပြီးကတည်းက အိမ်ကုတ်ကလေးထဲမှာ ရက်ပေါင်းများစွာ မလှုပ်မခြောက်နေခဲ့တယ်။ ရေတွင်းကုန်းမရှိတဲ့ရွာဆိုတော့ ရွာနဲ့တော်တော်ဝေးဝေး ရေကန်ကို ရေသွားခပ်နေကျမမိုးကောင်း ရေမခပ်တာပဲ ကြာလှပြီ။ ခါတိုင်းထွက်နေကျယာထဲ အငှားမလိုက်တာလဲ ကြာလှပြီ။ မိုးမှချူပ်ပြီဆိုရင် အိမ်ကလေးထဲ မီးတိုင်ခွက်ထွန်းပြီး တယောက်တည်း ထိုင်နေတတ်တယ်။ အိမ်နီးချင်းတွေကတော့ လာအားပေးကြတာပေါ့။ တခွန်းတမ မေးကြမြန်းကြတာပေါ့။ ရွက်တထမ်း ကူကြသယ်ကြတာပေါ့။ ဒါပေမဲ့
မမိုးကောင်းက ဘာတခွန်းမှ မပြောဘူး။ လူတွေကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်တာပဲရှိတယ်။ ကောင်းတယ်လည်းမပြောဘူး။ ဆိုးတယ်လည်းမပြောဘူး….။
”မိုးကောင်းရယ် .. နင် အဲသလိုကြီးနေတော့ မခက်ဘူးလားအေ၊ ညည်းချောက်ချားနေရင် ငါတို့နဲ့လာနေပါလား။ ညည်းတယောက်စာတော့ ရွာက အပန်းမကြီးပါဘူး”
မိန်းမတယောက်က အဲ့သလိုပြောလာရင် မမိုးကောင်းကတော့ ငိုတာပါပဲ။ ရှိူက်ကြီးငင်ကြီးကို ငိုတယ်။ တကယ်တော့ လာသာအားပေးရတာ၊ ဘယ်သူမှ အားတာမဟုတ်ဘူး။ ယာထဲကိုင်းထဲက မိုးကြီးချူပ်မှ ကပျာကသီပြန်ရသူတွေချည်းမဟုတ်လား။ တောထဲကပြန်ရောက်မှ ရေအိုးဟောင်းလေးထဲက ရေကလေးတခွက်တဖလား ချိုးတယ်ဆိုရုံလေးချိုးပြီး ဖတ်သီဖတ်သီ ချက်ပြုတ်ရသူတွေချည်းမဟုတ်လား။ ကြာတော့လည်း မလာနိုင်ကြတော့ဘူး။ ဒါပေမဲ့ ညနေနေဝင်ရီတရော နွားရိုင်းသွင်းချိန်တိုင်း မမိုးကောင်းအိမ်ကို အမြဲလာသူတယောက်ရှိတယ်။ မိန်းမတယောက်ပါ။ နာမည်က မစိန်ရင်တဲ့။ ကျောင်းစုမှာ သည်မိန်းမက နတ်ကတော်။ နတ်ကတော်ဆိုပေမဲ့ နတ်ကိစ္စသက်သက်လုပ်နေတဲ့ ရိုးရိုးသားသားနတ်ကတော်မဟုတ်ဘူး။ လိုအပ်ရင် အစွဲလည်းကုတယ်။ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပေးတယ်။ ခေါစာပစ်ပေးတယ်။ သေသူတွေရဲ့ဝိဉာဉ်တွေနဲ့ စကားပြောနိူင်သူလို့ ဆိုတယ်။ ဇာတ်မင်းသမီးဟောင်းလို့လဲ ပြောကြရဲ့။
(၃)
”မမိုးကောင်းရေ အမေလာပြီ”
ဒေါ်စိန်ရင်လာရင် အဲ့သလို အမြဲအသံပေးတတ်တယ်။ ဘယ်သူ့ကိုမှ စကားမပြောတဲ့မမိုးကောင်းက ဒေါ်စိန်ရင့်အသံကြားရင်တော့ ချက်ချင်းကြီး ထကြိုတတ်တယ်။ မျက်နှာကလည်း ပြုံးနေတာပဲ၊ ခွဲဖြန့်ချထားတဲ့ဆံပင်အရှည်ကြီးကို ရှေ့ကိုသိုင်းချရင်းက ထလာတတ်တယ်။ ပြီးတော့မှ တိုးတိုးလေးမေးတတ်တယ်။
”မျှော်လိုက်ရတာအမေရယ်။ သိုက်နန်းက ဘာမှာလိုက်သေးတုန်း”
(၄)
သည်ရက်နောက်ပိုင်းမှာတော့ မမိုးကောင်း စကားတွေ တော်တော်ပြောလာတယ်။ သနပ်ခါးတွေ မှန်မှန်လိမ်းလာတယ်။ သီချင်းရသမျှကို ခပ်ညည်းညည်းလေးတောင် ဆိုနေတတ်သေးတယ်။ အဲသည်ခေတ်က ဓာတ်ပြားတွေမှာ ရှားရှားပါးပါးကြားရခဲတဲ့သီချင်းမျိုးတွေ မဟုတ်ဘူး။ သူ့အမေဒေါ်ငွေခဲ မကြာမကြာဆိုတတ်တဲ့သီချင်း။ ပန်းပဲမောင်တင့်တယ်ရဲ့ ဘဝသရုပ်ကိုဖော်တဲ့သီချင်း။ ဒါကို မမိုးကောင်းဆိုတတ်တယ်။ သူ့ဆံပင်အရှည်ကြီးကို ဝါးဘီးတချောင်းနဲ့ရှင်းရင်းက ဆိုတယ်။ အသံကလည်း ကောင်းတော့ မမိုးကောင်းရဲ့သီချင်းသံဟာ အင်မတန်နားထောင်လို့ကောင်းတယ်။
”နားထောင်နှမ ရွှင်မပျနိုင်ဘု၊ အရင်ကဖြစ်အင်…..ကုန်စင်သဘော ပြန်လှန်ကာပြောမယ်ပါ့။ သောတဆင်တဲ့မှ…သောတဆင်…….ဟိုးအရင်အစ၊ ပထမက၊ မြေထူးပျော်ဘွယ်၊ အညာနယ်ရွာငယ် တောရယ်ကအသင့်တော်၊ မွေးမယ်နော်တဲ့၊ မလျော်သည့်အရေး ရာဇဒဏ်ဘေးကြောင့်၊ ပြေးမလွတ်သာ မီသောခါတွင်၊ အရှင်လတ်လတ် ဖိုကျင်တင်ကာသတ်ပါလို့၊ မတ်တပ်ကယ်တဲ့တို့အဖေ၊ သေရလေတဲ့မှ သေရလေတယ်……လေး……ထို့နောက် အဟုတ်၊ ကျူပင်ကိုခုတ်၊ အဟုတ်သေချာ၊ လိုက်သောအခါတွင်၊ ဇရာဒုဗ္ဗလ၊ တောင်မြင့်အလယ် မောင်တင့်တယ်၊ တွယ်ကာမရလို့၊ နှမငယ်ကို၊ ရုတ်တရက်ဒရကြမ်း ပခုံးနဲ့ထမ်းပါလို့၊ စခန်းသင့်ရာ၊ ပြေးရရှာလေး………………”
မမိုးကောင်း သည်သီချင်းဆိုရင် ဒေါ်စိန်ရင်က သိပ်သဘောကျတယ်။ သူက နတ်ကတော်ဆိုပေမယ့် သည်သီချင်း သူမရဘူး။ တချို့ညနေခင်းတွေမှာ ဒေါ်စိန်ရင်ကိုယ်တိုင်က မမိုးကောင်းဆီက သီချင်းတက်ယူတယ်။ ရွာကတော့ ထူးဆန်းနေတာပေါ့….။
မမိုးကောင်း ဘယ်လိုဖြစ်သွားရတာလဲ။ မမိုးကောင်းဟာ တကယ်ပဲ သိုက်နန်းကလာတာလား။ တယောက်တည်းအထီးကျန်နေရာက ဒေါ်စိန်ရင်နဲ့ပေါင်းပြီး ဘာဖြစ်သွားရတာလဲ။ ရွာကတော့ မမိုးကောင်းဆီ အလာကြဲသွားကြတယ်။ တခါတခါ ညကြီးမှောင်မည်းထဲမှာ ဒေါ်စိန်ရင်တပိုဒ်၊ မမိုးကောင်းတပိုဒ် သီချင်းဆိုတာ ရွာက ကောင်းကောင်းကြားနေရတတ်တယ်။
”ဪ..ကန္တာရထဲ၊ အမေအို ခြေကိုခွဲလို့၊ သည်းကမရွှင်၊ ထော့နဲ့ထော့နဲ့ တမဲ့မဲ့နှင့် တောတွင်းကိုဝင်တော့ကမှ၊ နေလွင်လွင်ကြီး၊ အစာရေစာသလေ ညည်းတာကြောင့်၊ အနည်းနည်းရှုပ်ထွေး၊ ပါးစပ်ကိုလက်ဟန်နဲ့သွင်းတာကြောင့်၊ ဝါးချင်တဲ့ထမင်းရည်ရယ် ၊ ရွာမနီးတာကြောင့်၊ တောကြီးမှာတဲ့ တို့အမေ သေရတယ်လေးရယ်မှ သေရတယ်……..”
ဒေါ်စိန်ရင်က ဒီအပိုဒ်ဆိုရင် မမိုးကောင်းက နောက်တပိုဒ်ဆက်ဆိုတယ်။
”မီးခိုးကိုရော်ကာရမ်းပါလို့၊ ကန်တော့ပန်းဆင်ကာ၊ လာကြရာဝယ်၊ သုံးယောက်ကယ်မောင်နှမ၊ တောင်မြင့်အလယ်၊ မောင်တင့်တယ်၊ တွယ်ကာမရတာကြောင့် နှမဒွေးဖြူအစ်ကိုရဲ့ အစ်ကိုရဲ့ ငိုမဲ့မဲ့ပူဆာ၊ တူသံတထိန်ထိန် ပန်းပဲဝန်အိမ်မှာ၊ စားမြိန်စာမရှောင်သွင်းရအောင်လို့၊ သုံးယောက်ကယ်မောင်နှမ၊ တောင်းကြရှာတဲ့မှ၊ တောင်းကြရှာ ………”
“မဒွေးဖြူရေ……အစ်မကြီးမဒွေးဖြူလား၊ ရောက်လာပြီနော်၊ ညီမတော်မြတ်လှငယ် အောက်မေ့လှချည့် မမရယ်…”
”ရောက်လာပြီ မမြတ်လှရယ်၊ မမကြီးအနားမှာရှိပါသကော”
”မကောင်းနိူင်၊ ထနောင်းတိုင်ဋ္ဌာနဆီက၊ အဘသည် ရာဇဒဏ်ကြောင့်၊ မရဏသေရွာကြွသည်ကြောင့်၊ ဒေသဋ္ဌာနီယာယီရွေ့ပြောင်း။ မွေးမိခင်တောရပ်ဝနာခွင်သို့၊ မကြာခင်အသက်ဆုံးရတော့… ၊ ချစ်လျက်နဲ့မခင်သာ၊ သစ်ခက်တင်ကာဖုံးပါလို့ (အံမယ်လေး)သုံးယောက်မောင်နှမတို့ရဲ့…ဘယ်ကံကြမ္မာအကြောင်း…..ဟောင်းဟောင်း…………”
မမိုးကောင်းအိမ်က ငိုချင်းတွေချနေကြတော့ ရွာက စိတ်မကောင်းဖြစ်ကြတယ်။ နဂိုကမှ အားငယ်ရတဲ့အထဲ ဒေါ်စိန်ရင်လာလုပ်လို့ မမိုးကောင်း အဖတ်ဆယ်မရဖြစ်ရတယ်လို့ တွက်ကြတယ်။ ဘယ်သူလာလာ စကားဟဟမပြောတဲ့ မမိုးကောင်း ဒေါ်စိန်ရင်နဲ့ကျမှ သီချင်းတွေဆိုတာကိုလည်း နားမလည်ကြဘူး….။ ဒါပေမဲ့ ဘယ်သူကမှတော့ မကောင်းမပြောရဲဘူး။ ဒါက ယုံကြည်ကိုးကွယ်မှုနဲ့ ဆိုင်တာလည်းပါတယ်။ ရွာကိုဒုက္ခပေးတဲ့ ကိစ္စမဟုတ်တာလည်း ပါတယ်။ စကားမပြောတာထက်စာရင် သီချင်းဆိုတာက မင်္ဂလာရှိတယ်လို့ အောက်မေ့ကြတာလည်းပါတယ်။ သည်တော့လည်း မဆက်ဆံကြရင်သာရှိမယ်။ အပြစ်မတင်ကြပါဘူး….။
”နတ်ကတော်ဒေါ်စိန်ရင်ပြောတာတော့ သိုက်က ခေါ်နေပြီပြောတာပဲ၊ မစိန်ရင်က သိုက်ချုပ်ဘိုးဘိုးနဲ့အပ်ထားလို့ မသွားရသေးတာတဲ့။ မိုးကောင်းလေးသနားစရာပါဟယ်။ ဖအေသေ၊ မအေဆုံး ယူကြုံးမရဖြစ်ရှာထင်ပါ့ရဲ့..။ အခု သတိထားမိသလား၊ လည်ပင်းခြေမန်းကွင်းကြီးနဲ့။ မစိန်ရင်ကျေးဇူးတင်ရသေးတော့….။
ရွာထဲမှာတော့ သည်စကားမျိုးတွေ ပျံနှံ့နေတော့တာပါပဲ။ သည့်နောက် မစိန်ရင်ဟာ ညနေတိုင်း လာလည်ယုံမကတော့ဘူး၊ ညတိုင်း သီချင်းဆိုကြတာတင်မဟုတ်တော့ဘူး၊ သူ့အိမ်ကနေ နတ်ရုပ်တွေတောင် သယ်လာခဲ့တယ်။ တတောင်သာသာ နတ်ရုပ်တွေပါ။ မင်းဝတ်မင်းစားနဲ့လည်းပါရဲ့၊ မတ်တပ်အရုပ်တွေကော၊ ငုတ်တုပ်အရုပ်တွေကော …။ တင်းပုတ်ထမ်းအရုပ်တွေကော စုံလို့စုံလို့။ မမိုးကောင်းကလည်း တခြား ဘာမှမလုပ်တော့ဘူး…။သနပ်ခါးပန်းမန်လိမ်း၊ ဆံပင်ကြီးဖားလျားချပြီး ဝါးဘီးနဲ့ရှင်းရင်း နတ်ရုပ်တွေရှေ့ ထိုင်တော့တာပါပဲ။ နတ်ရုပ်တွေက မဏိစည်သူမင်းတဲ့၊ မိဘုရားတဲ့၊ သားတော်ကြီးဦးမင်းလတ်တဲ့၊ သာဂရမင်းတဲ့၊ ဟိုရွာသည်ရွာကနောက်ပိုင်း နတ်ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ မရဲတို့ မမဲတို့အရုပ်တွေ ပါတယ်။ မမိုးကောင်းအိမ် နတ်ရုပ်တွေရောက်လာတော့၊ ကျောင်းစုတင်မကတော့ပါဘူး။ အနားရွာတွေကပါ စိတ်ဝင်စားလာကြတယ်။ အပျိုကြီး မမိုးကောင်းနဲ့ နတ်ကတော်ဒေါ်စိန်ရင် ဘာတွေလုပ်နေကြတာလဲ သိချင်လာကြတယ်။ မကြာပါဘူး။ လူတွေ အိမ်ပေါ်ရောက်လာကြတော့တာပါပဲ။ ရှိစုမဲ့စုငွေကလေးကြေးကလေး ဆက်သူတွေက ဆက်တယ်။ ဘိလပ်ရည်၊ စီးကရက်၊ လက်ဖက်၊ ချိုချဉ် ဆက်သူကဆက်တယ်။ ကျွဲပျောက်နွားပျောက်ကအစ အခြောက်အလှန့်၊ မအီမသာအဆုံး လူတွေ သည်ကို ရောက်လာတတ်ကြတယ်။
”အိမ်တွင်းဆက်ပေးပါ အမေမိုးကောင်းရယ်”
”လေးကျွန်းမောင်ကို ဆက်ပါတယ်”
”မကြာဥကို ဒါလေးဆက်ပေးပါ”
နွားကျောင်းသားကဖြစ်တဲ့ နတ်တွေကလည်း မမိုးကောင်းဆီမှာ အဆင်ပြေနေတော့တာပါပဲ။ အသက်မှ လေးဆယ်ကျော်စ မမိုးကောင်းက တဖြည်းဖြည်းနဲ့ အမေမိုးကောင်းဖြစ်လာတယ်။ တယောက်ကစ တရာ အမေမိုးကောင်းဖြစ်လာတော့ မမိုးကောင်းကလည်း ကျေနပ်နေတာ့ာပဲ။ အိမ်တွင်းမင်းမဟာဂီရိ ဘဝသရုပ်ဖော်သီချင်းတက်ယူဖူးတဲ့ ဒေါ်စိန်ရင် မမိုးကောင်းကို နတ်ချော့ နတ်တင်တွေ တကျော့သင်ပေးထားတော့၊ မမိုးကောင်းကလည်း နတ်ကတော်တပိုင်းဖြစ်နေပါပြီ။ နဂိုအသံလေးကကောင်းတော့ လူတွေ ပိုက်ဆံလေးငါးမတ်နဲ့ ရောက်ရောက်လာတတ်တယ်။
”ခုနစ်ရက်သားသမီးမိသားစုများပါဘုရား။ ကန္နားရှင်ဘိုးဘိုးကြီး၊ နောင်တော်ကြီး၊ ဘုရင်ဦးမင်းလတ်၊ အစ်မတော်မိဘုရားကြီးမှစ အလေးများပြုပါတယ်။ ဦးများခိုက်ပါတယ်။ ဦးများတိုက်ပါတယ်။ တခါတခေါက်လာရောက်ကြသော ဆွမ်းဒါကာ၊ ဆွမ်းအမအပေါင်း သူတော်ကောင်းတို့ အလှူ့ဒါယကာ၊ အလှူ့ဒါယိကာမအပေါင်းသူတော်ကောင်းတို့၊ ရဟန်းဒကာ၊ ရဟန်းအစ်မအပေါင်းသူတော်ကောင်းတို့၊ ရေချမ်းဒကာ၊ ရေချမ်းအစ်မအပေါင်းသူတော်ကောင်းတို့၊ ကာယသုခ စိတ္တသုခနဲ့ ပြည့်ဝကြပါစေ။ သားအစုံမြေးအစုံနဲ့ မိဘစုံညီစွာနဲ့ ပေးမကုန်လှူမခန်း ဒါနပါရမီ ပါရမီအစုအဆူ မညည်းမညူဘဲ စိတ်သွားရာကိုယ်ပါလို့ လိုရာများ ပြည့်ကြပါစေ။ ကောင်းသောအတိတ် ကောင်းသောနိမိတ်၊ ကောင်းသောစည်းစိမ်၊ အကြံအောင်လို့၊ ဆယ်ပြန်ဆောင်လို့ ဆယ်ကြံတော်များမြောက်ကြပါစေ။ မြေးများသားများက အစဉ်သဖြင့် သည်နေ့သည်ရက်ကမှစ၍ ပြုံး၍လည်း ကန်တော့ခံတော်မူပါ။ ရယ်၍လည်း ကန်တော့ခံတော်မူပါ။ ရွှေမျက်လုံးနဲ့ ပြုံး၍ရှူစားတော်မူပါ။ မြမျက်လုံးနဲ့ ပြုံး၍ရှူစားတော်မူပါ။ ခြေတလှမ်းက ကုဋေတသန်းတန်တဲ့မြေးတော်၊ သားတော်များပါဘုရား။ ဘိုးတော်တို့ကို အရိုအသေပေး၍ အလေးများပြုပါတယ်။ သွားလမ်းသာလို့ အပြန်လမ်းကိုလည်း ချောချောသာသာရှိကြပါစေ၊ အလှူတော်ကြီး ထပ်ခါထပ်ခါပေးနိူင်ပါစေ”
ပိုက်ဆံငါးမတ်နဲ့ပေမယ့် မမိုးကောင်းက ရသမျှဆုတွေတောင်း နတ်တွေကိုအပ်လေတော့ လူတွေက အင်မတန်ကျေနပ်ကြတယ်။ မမိုးကောင်းရဲ့အိမ်ကလေးထဲမှာ ဟိုရွာက၊ သည်ရွာက၊ လူဆိုတာ မပြတ်ဘူး…ထားပါတော့။ နတ်ရုပ်လေးငါးရုပ်နဲ့ မမိုးကောင်းဟာ သည်နားတဝိုက်မှာ လူသိများလာခဲ့တယ်။ ကြည်းတောရွာတင်မကတော့ဘူး။ အောက်တောတကျောမှာလည်း မမိုးကောင်းကို စကားထဲထည့်ပြောလာရတယ်။ သည်လိုနဲ့ နှစ်ကလေးတော်တော်ကြာကြာဖြစ်လာတော့ မမိုးကောင်း သောင်သောင်သာသာလေးဖြစ်လာတယ်။ မမိုးကောင်း အရက်လေးစွဲလာတာရော၊ စီးကရက်(ပိုလိုပေါ့လေ)တဖွားဖွားဖြစ်လာတာရော၊ ဆံထုံးကြီး ငယ်ထိပ်တက်ထုံးတာရော၊ ထမီကို ရင်ခေါင်းလောက်တက်ဝတ်တာရော၊ မန္တလေးကမှာစီးတဲ့ ကတ္တီပါသည်းကွင်းဖိနပ်ကြီးစီးဖြစ်လာတာရောဟာ မမိုးကောင်းရဲ့ဟန်ဖြစ်လာခဲ့တယ်။ သနပ်ခါးပိန်းကြမ်း ပိန်းနေအောင်လိမ်းပြီး ပိုလိုခဲထားတဲ့မမိုးကောင်းက ငါးစီးရှင်နတ်ချင်းများ သံပြာသံစူးကလေးနဲ့ ခြစ်အော်လိုက်ရင် လူတွေဟာ ကြက်သီးတွေ တဖြန်းဖြန်း ထသွားကြရတာပေါ့လေ။
”ခေါင်းပေါင်းဖြူ ကြွေတိုက်နှင့်၊ လေလိုက်သင့်ပေါင်း၊ မြင်းညိုကြီးကျောပေါ်၊ သျှောင်ပုံတော်မြိတ်ခွင်းနှင့်၊ မင်းရွှေသျှောင်စောင်း…….”
တခါ တခါတော့ ”ဗိန်းပေါင်း ဗိန်းပေါင်း ငါးခြောက်ထောင်း” ဆိုတဲ့ မင်းသားမောင်ရှင်နတ်ချင်း ဆိုလားဆိုရဲ့။ ”ရွှေနဂါးခြုံစရာ ဖဲကတ္တီပါ ”စတဲ့ ရွှေနဘေနတ်ချင်း ဆိုလားဆိုရဲ့။ မြီးကောင်ပေါက်ကယ် နောက်ဆံစည်း စတဲ့ ထီးဖြူဆောင်းမယ်တော်” နတ်ချင်း ဆိုလားဆိုရဲ့။ တခါတခါတော့
”ကြက်ကလေးငယ် ဆူပါလွန်း ဝက်တည့်ဝက်သားပြွန်း ”
လုပ်ချင်လုပ်နေတာလည်းရှိရဲ့။ မင်းကျော်စွာနတ်ချင်းပေါ့။ တခါတခါတော့ ”မင်းခေါင်သခင် ရွှေလေးကျော့ရှင် ” စတဲ့
ပရိမ္မမင်းခေါင်နတ်ချင်း၊ တခါတခါတော့ ”ဝါပင်ဝါသီးကောက်ချည့်လေး”စတဲ့ အနောက်မိဖုရားနတ်ချင်း၊ တခါ
တခါတော့ ရွှေဖျင်းကြီးရွှေဖျင်းလေးကိုယ်တော်တွေ သတိရလို့တဲ့။ ”သပြေပင်ရွှေပြုန်းသပြေပင်”ဆိုတာမျိုး ဆိုနေတာပါ။ အရက်ကလေးနည်းနည်းထွေလာတော့ ”မမလေးမျက်ထားသုန် ရင်ဆွေ့ဆွေ့ခုန်၊ မဘုတ်ဆုံ တင်ဆုံကြီး လှည်းလုပ်လို့စီး” ဆိုပြီး ထကတော့တာပါပဲ။
(၅)
တရက်မတော့ နတ်ကတော်လက်ဟောင်း ဒေါ်စိန်ရင်က နတ်ကတော်လက်သစ် မမိုးကောင်းရဲ့အိမ်ကလေးထဲကို လူ
တယောက်ခေါ်လာခဲ့တယ်။ မမိုးကောင်းနဲ့ မတိမ်းမယိမ်းတော့မဟုတ်ဘူး။ ဆယ်နှစ်လောက်ကို ကြီးလိမ့်မယ်။ နာမည်က ကိုဖောင်တဲ့။ မမိုးကောင်းရဲ့အိမ်လေးထဲကို ရိုးရာကိစ္စ၊ နတ်ကိစ္စနဲ့ ဝင်ထွက်နေတဲ့ယောကျာ်းသားတွေတော့ရှိသားပေါ့။ သို့သော်လည်း ကိုဖောင်ရောက်လာတာဟာ မမိုးကောင်းအတွက် နတ်များ၊ သိကြားများက လွှတ်လိုက်သလို ရောက်လာသူပေါ့လေ။ နဖူးကျယ်ကျယ်၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ ဖျင်အင်္ကျီလည်ကတုံးနဲ့ ကိုဖောင်ကိုတွေ့တဲ့နေ့ကစပြီး မမိုးကောင်း သူ့ကိုယ်သူတောင် မယုံနိုင်ခဲ့ဘူး။ တကယ်လည်း မမိုးကောင်း သူ့အမေဒေါ်ငွေခဲကို ကတိပေးခဲ့သလိုမျိုး စောင့်စောင့်ထိန်းထိန်းနေခဲ့တာပါ။ ဒါဟာ နေခဲ့တာသာဖြစ်ပြီး နေပြခဲ့တာမဟုတ်ဘူး။ မအေမှ စိတ်ချမ်းသာပါစေတော့ ဆိုတာမျိုးနဲ့ လုပ်ပြနေခဲ့တာမဟုတ်ဘူး။ တခါတခါ လင်ယူသားမွေးစိတ်ကလေး ပေါ်လာတတ်တာလည်း မှန်ပါရဲ့။ ဒါပေမဲ့ ရင်မခုန်ခဲ့ဘူး။ ကမ္မသကာဖြစ်ကာမှဖြစ်ကရော သဘောထားခဲ့သူမဟုတ်လား။ ဒါပေမဲ့ ကိုဖောင့်ကိုတွေ့တော့ သွားလေသူအမေ့ကို ဘာမှန်းမသိ ညာမှန်းမသိ သတိရနေမိသေးတယ်။ ကိုဖောင်ကတော့ ဘာမှမပြောပါဘူး။ ဒေါ်စိန်ရင်နဲ့ သူလိုကိုယ်လို ရောက်ဖူးရုံလိုက်လာတာပါ။
”လာဟဲ့…..မောင်ဖောင်၊ ဒါ ငါပြောပြောနေတဲ့ မမိုးကောင်းလေ။ ကျောင်းစုမှာ မင်း စားအိမ်တအိမ် တိုးတယ်မှတ်။ ရောက်တဲ့အခါ ဝင်ပေါ့၊ တည်းပေါ့”
ဒေါ်စိန်ရင်က သည်လောက်ပြောခဲ့တာပါ။ နောင်မှသိရတာက ကိုဖောင်က မြင်းခြံဘက်က ဆိုင်းဆရာတဲ့။ ဆိုင်းကြီးဝိုင်းကြီးသမားတော့မဟုတ်ဘူး။ ကန္နဆိုင်းကလေး ဗျောဆိုင်းကလေးတီးတာ များသတဲ့။ ”ရွှေခြံဖောင်” ဆိုရင် မြင်းခြံက တော်တော်များများသိသတဲ့။ သည်လိုနဲ့ နတ်သီချင်းတွေဆိုတတ်တဲ့ မမိုးကောင်းနဲ့ နတ်ဆိုင်းတီးတဲ့ ရွှေခြံဖောင်တို့ရဲ့ထိတွေ့မှုဟာ များသည်ထက်များလာခဲ့တယ်။ စိပ်သည်ထက် စိပ်လာခဲ့တယ်။ ရွှေခြံဖောင်က မိန်းမနှစ်ယောက်ရဖူးတာလည်း မမိုးကောင်းသိသားပဲ။ တယောက်က တောသူ၊ ကြည်းတောရွာတွေရဲ့ မြောက်ဘက်တော်တော်ကျတဲ့ရွာကပါ။ သည်မိန်းမနဲ့ ကွဲတော့ ဆိုင်းထဲလိုက်ကတဲ့ မင်းသမီးတလက်နဲ့ အကြောင်းပါပြန်ရော။ နှစ်နှစ်လား ပေါင်းရတယ်။ သည်မင်းသမီးကလည်း ဒိုးတီးနဲ့ ပါသွားတယ်။ ရွှေခြံဖောင်အကြောင်းကြားရတော့ မမိုးကောင်း စိတ်မကောင်းဘူး။
တညနေ ကိုဖောင် သုတ်သီးသုတ်ပြာနဲ့ ကျောင်းစုကိုရောက်လာခဲ့တယ်။ ဂုန်နီအိတ်ကြီးတလုံး ထမ်းလို့။ လက်ထဲ
မလည်း ကြိမ်ခွေကြီးတခွေနဲ့။ ညဦး ထမင်းစားပြီး ဂုံနီအိတ်ကြီးဖွင့်လိုက်တော့ ပတ်လုံးတွေ။ တော်တော့်ကို ဟောင်းမြင်းနေတဲ့ ပတ်လုံးတွေပါ။ ကြိမ်ခွေလေးဆင်ပြီး ပတ်လုံးမပြည့်မစုံတွေ တပ်၊ ညောင်ပြာနုနုပတ်စာကလေး မသပ်မရပ် ထိုးပြီး တီးလိုက်စမ်းဆိုတာများ။
”ကိုင်း……မိုးကောင်း ဆိုစမ်းဟာ” တဲ့။
အဲ့သည်ညက မြင်းခြံဖောင် မမိုးကောင်းနဲ့အတူတူ အိပ်တာပါပဲ။ ပတ်လုံးတွေတောင် ပတ်စာမခွာဖြစ်ဘူး။ ညဦးက ကိုဖောင် တီးပြတဲ့သီချင်းတောင် မမိုးကောင်း တညလုံး ကြားနေမိသေးတာကော။
”ခေါင်းလောင်းငယ်မှသံသာ၊ တပိဿာတဲ့၊ ဆည်းလည်းငယ်မှ သံသေး ငါးဆယ်ပေးတဲ့၊ တင်ကြေးငယ်မှမကြီး၊ သုံးဆစ်နှီးနှင့် တင့်ရီးငယ်မှလှနိုး၊ သုံးခေါက်ချိုးနှင့်၊ သုံးချိုးလေးလွှာ၊ မောင်တို့နွားမှာ၊ နွားကြားသံတောင်၊ နွားကြောင်လိမ္မာ၊ တပွင့်ကြာကို၊ နှုတ်သာကောင်းနှင့်၊ မောင်းကနှစ်လုံး၊ မျောခွက်ကယ်ကျူး၊ မြေဒူးဈေးမှာ၊ ဈေးမီအောင်ရှာ…..အပျိုမယ်သာကျွမ်းပါတဲ့….လွမ်းတုံ့တင်လေး…..”
မမိုးကောင်းကလည်း အပျိုမယ်သာကျွမ်းခဲ့သူကိုး။ အပြစ်တင်ချင်လို့တော့လည်း မရဘူးပေါ့လေ။ ကိုဖောင်နဲ့မမိုးကောင်းက မချစ်သာ သည့်မောင့်မှာ ရဟန်း၊ ကမ္မဝါနှင့် ရွှေဇာတမ်း၊ ဘဝမျိုးမှ မဟုတ်တာဘဲ။ ပုထုဇဉ်ပဲဟာ။ ပြောပါတော့။ သည်လိုနဲ့ ညားရော။
(၆)
ကျောင်းစုကမမိုးကောင်း ဆိုင်းဆရာကိုဖောင်နဲညားကြတာကို ရွာကမအံ့ဩဘူး။ တနေ့ သည်လိုပဲဖြစ်ရမှာပေါ့လို့ တွက်ထားကြတာကိုး။ မညားခင်ကတော့ ကိုဖောင် ရွာကိုအလည်လာရင် ဒေါ်စိန်ရင်နဲ့ ပတ်သက်ရာပတ်သက်ကြောင်း တအိမ်အိမ်မှာ အိပ်နေကျပါ။ ဒါပေမဲ့ မမိုးကောင်းအိမ်မှာချည်း အချိန်ကုန်တတ်တယ်။ ခြင်းလုံးတံဆိပ် စွပ်ကျယ်လက်ပြတ်ခပ်နွမ်းနွမ်းနဲ့ တဘက်ဟောင်းပုခုံးပေါ်တင်ထားတာကိုက
ပီဘိဆိုင်းဆရာကြီးနဲ့တူနေတော့ မမိုးကောင်းက ဒါကို သိပ်သဘောကြတယ်။ ကိုဖောင်က သူရထားသမျှနတ်ချင်းကလေးတွေတောင် ပါးစပ်ကချပေးနေတတ်တော့ မမိုးကောင်းက အသားဟင်းကလေးချက်လို့၊ လက်ဖက်ကလေးသုပ်လို့၊ နတ်ဆက်တဲ့ အရက်ထဲက တလုံးနှစ်ယောက် သောက်ကြလို့။ နည်းနည်းထွေလာတော့မှ ကိုဖောင်က စကားစတယ်။
”မိုးကောင်း ကိုးမြို့ရှင်နတ်ချော့ ရရဲ့လား”
”မရပါဘူး ကိုဖောင်ရယ်။ ကျွန်မ ရထားတာလေးတွေတောင် အမေစိန်ရင် သင်ပေးလို့ပါ”
”ဒါက တို့ဆိုင်းဆရာများ နတ်ဆိုင်းတီးတော့မယ်ဆိုရင် ပထမ၊ သိကြားမင်းနတ်ချင်းကို ကောက်တီးရတယ်။ စင်တိုင်တာပေါ့။ မင်္ဂလာရယ်မှ မဏ္ဍိုုင်လေးရောင်ဆိုင်ငယ်မှ လေးလီ၊ သာမောငယ်စီ၊ နတ်ပြည်ထိလု ပျော်ဘွယ်ငယ်ကောင်း နတ်ပေါင်းစု၏……. ဆိုတာလေ။ ကြားဖူးရဲ့မဟုတ်လား။ ဒါဆိုပြီးတော့ ကန္နားဆိုင်းတော်က ဘုန်းဘုန်တန်း၊ ဘုန်းတန်းတေဇာ၊ ဖြာဖြာရောင်လင်းပါလို့၊ မင်းမင်းများထိတ်ခေါင်ဗွေ၊ တီးပေးတယ်။ အပျိုတော်များက နတ်သိကြားတိုင်ပြီးရင် ရွာတော်ရှင်မြို့တော်ရှင်ဖြစ်တဲ့ ကိုးမြို့ရှင်နတ်ချင်းကို ဆက်တီးရတယ်။
ဒါမျိုးဆိုရင် မမိုးကောင်းမျက်လုံးတွေက တဖျပ်ဖျပ် တောက်နေတော့တာပါ။ ကိုဖောင်ကလည်း လိုအပ်ရင် ပါးစပ်က ဒိုးသံထွက်အောင် တီးပြသေးတာကလား။ ချက်ချင်း ဆိုမပြသေးဘူး။ မမိုးကောင်း စိတ်ဝင်စားသလား အကဲခတ်သေးတာ။ သူ့ဇာတိ ”ရွာသာဖက်ယင်း” ဘက်က မင်းသမီး ရအောင်ယူခဲ့သူပဲ။ မမိုးကောင်းလောက်တော့ ကိုဖောင်က အကင်းပေါ့။ လက်ဖက်ကလေး စားတယ်။ အရက်ကလေး စွပ်ကယ်စွပ်ကယ် သောက်တယ်။ ပြောင်းဖူးလိပ်မီးရဲရဲကို ဒန်ခွက်ခံပြီး မီးခိုးတွေ အူနေ အောင် ဖွာတယ်။ လေချဉ်ကို ”ဂေ့” ခနဲထိုးပြီး မီးခိုးတွေကြားက မမိုးကောင်းကို ချောင်းနေသေးတာကော။ မမိုးကောင်းကလည်း စိတ်ဝင်စားပါတယ်။ သူရထားတဲ့သီချင်းတွေက ဘာပဲပြောပြော စနစ်တကျရထားတာမဟုတ်ဘူး။ အမေဒေါ်ငွေခဲ ဆိုနေကျ အိမ်တွင်းမင်းမဟာဂီရိ သီချင်းလောက် ရတာမဟုတ်လား။ နတ်ကတော်ဒေါ်စိန်ရင် သင်ပေးတဲ့ နတ်သီချင်းချောက်တီးချောက်ချက်လောက် ရထားတာမဟုတ်လား။ ဒါတောင် ကိုဖောင်ရှင်းပြမှ သဘောပေါက်ရတာရှိသေးတယ်။ သဘာဝဖြစ်စဉ်ကို ဖွဲ့တာက နတ်သံခေါ်သတဲ့။ နတ်ကဆိုတဲ့သီချင်းကိုမှ နတ်ချင်းခေါ်သတဲ့။ ဆိုင်းကဖွဲ့တဲ့သီချင်းက နတ်ပျော်ချင်းခေါ်သတဲ့။ နတ်အယိုင်ကတော့တီးတာကို နတ်အယိုင်ခေါ်သတဲ့။ ဆိုင်းနောက်ထက ရွတ်တာကျတော့ တံဘောင်ခေါ်သတဲ့။
”ဪ …..ကိုဖောင်ရယ်။ ကျွန်မပြောခဲ့ပါရောလား။ ဘာမှမရပါဘူးလို့။ကဲပါ…ဆိုပါတော့၊တကတည်း…”
”ကိုင်း…..ပထမ ဆိုပြအုံးမယ်။ နောက်ရက်တော့ သီချင်းသားတက်ယူတာပေါ့။ အဟမ်း…..”
”တကြိမ်ငယ်မှ နှစ်ကြိမ်လေ၊ သုံးကြိမ်ငယ်မှ ဦးတင်၊ ရွာတော်ရှင်မယ်လျှင် ကန်တော့ပါ၏ဘုရား”
မမိုးကောင်း ကြက်သီးတွေ နွေးခနဲဖြစ်သွားမိသေးတယ်။ ရေနံတိုင် မီးခွက်အလင်းရောင်တွေက ရွှေချထားတဲ့ နတ်ရုပ်အကောင်းတွေပေါ် ကျနေတာကို တချက် လှမ်းကြည့်လိုက်တယ်။ နတ်ရုပ်တွေက ရီဝေဝေမျက်နှာတွေနဲ့ ဘယ်ကိုမှန်းမသိဘဲ ငေးနေကြတယ်။ ဒေါနခက်တွေဆီက အီတောက်တောက် အနံ့တမျိုးက အိမ်ကလေးထဲမှာ ထွက်ပေါက်တွေများပိတ်လို့။ မမိုးကောင်းအနားမှာ ကိုဖောင်ရှိနေတာကိုတောင် မေ့သွားခဲ့တယ်။ ကိုဖောင်နဲ့သူ သည်အိမ်ကလေးထဲမှာ အတူတူရှိနေတာ အမေများမြင်နေလေသလား။
ကျောင်းစုညဟာ ကြည်းတောရွာတွေရဲ့ညပီပီ တိတ်ဆိတ်နေလိုက်တာ။ မြစ်နဲ့ဝေးတဲ့အရပ်ဆိုပေမဲ့ မြစ်နံ့တွေ တထောင်းထောင်းရနေသလားပဲ။ အဝဖွင့်ထားတဲ့ ဂုံနီအိတ်ထဲက ပတ်လုံးကလေးတလုံး ခေါင်းထောင်နေတာကို မြင်နေရတယ်။
”စုံလင်ငယ်မှမယွင်း၊ ပွဲစုံကျင်း၍၊ ထမင်းမုန့်နှော၊ အုန်းငှက်ပျောနှင့်၊ သဘောကြည်လင်၊ ကျွန်ုပ် ကယ်တင်၊ စည်ပင်ထွန်းကား၊ မ ပါလားဟု သနားရယ်ခံ နန်းစံတဲ့သခင်မြို့ရွာကို အပိုင်စိုးပါတဲ့ မြတ်မျိုးရှင်၊ မြို့ရွာကို ပိုင်အုပ်စိုးပါတဲ့ မြတ်မျိုးညီလာခွင် နန်းတောင်ကြီးရှင်၊ ဦးသုံးကြိမ်တင်၊ မယ်လျှင်ကန်တော့ နတ်နန်းရယ်နတ်ကွန်းစင်က ရွာတော်ရှင် ကျွန်တော်မျိုးတို့ကို အို ဗျာ….တိုး….မ….ပါ…..”
ကိုဖောင်ရဲ့ အသံဝါကြီးက အိမ်ထဲမှာ လှိုင်းထနေတော့တယ်။ ကိုဖောင် အရက်တခွက် ကောက်ယူလိုက်တော့ မမိုးကောင်းကလည်း တခွက်ယူလိုက်တာပါပဲ။ ကိုဖောင်က ခွက်ကလေးကိုချ၊ နှုတ်ခမ်းပါးနားကို လက်ဖမိုးနဲ့ သုတ်လိုက်ပြီး လက်အုပ်ကလေး ချီတယ်။ ”ဒါပြီးတော့မှ တဘောင်တွေ ဆက်ဆိုတာပါပဲ။ ဇမ္မူဒီပါ ဟိုအရင်အစ အဟောင်းရယ်နဲ့ မတူပြီတခါ သဘင်ပထမကောင်းစေဖို့ ကူညီညာစောင်လေ့ စောင်မပါ……တို့ပါတို့ပေါ့”
(၇)
တချို့ညတွေမှာတော့ ကိုဖောင်က ကြိမ်ခွေမှာ သူ့ပတ်လုံးကလေးတွေ တပ်တယ်။ ကိုဖောင်က သည်ပတ်လုံးကလေးတွေကိုတော့ တော်တော်ခင်တွယ်ပုံရတယ်။ ပြီးတော့ သည်ပတ်လုံးကလေးတွေဟာ သူ့ရဲ့ တမျိုးတည်းသော ပိုင်ဆိုင်မှုလို့လည်း ပြောနိုင်ပါလိမ့်မယ်။ သူ့အဝတ်အစားကလေးနှစ်စုံလောက် လွယ်အိတ်အဟောင်းကလေးထဲ ထည့်ပြီး ဂုံနီအိတ်တထမ်း၊ ကြိမ်တခွေနဲ့ လျှောက်သွားနေသူမဟုတ်လား။ တခြား ဘာမှလည်း ဟုတ်တိပတ်တိမပါပါဘူး။ ကျောင်းစုဘက်မရောက်ခင်ကတော့ အနားကရွာတွေ လှည့်သွားနေတာပဲလို့ ဆိုတယ်။ ညောင်တို၊ ပိန္နဲတိုင်၊ ချောင်းကူး၊ လေးတိုင်စင်၊ ရေချမ်းအိုး၊ ချောင်းကျ၊ နတ်ရေတွင်းစတဲ့ ရွာတွေကို လှည့်သွားနေတတ်သတဲ့။ တချို့ရွာတွေက ဆိုင်းသင်ပေးပါဆိုရင် တမိုး တဝါအိပ် သင်တော့တာပဲ။
”နတ်ဆိုင်းက မတီးရတော့လို့လား”
တခါက မမိုးကောင်းမေးတော့ ကိုဖောင်က ကန္နားဆိုင်းပျက်သွားတာကြာပြီလို့ပဲ ဖြေတယ်။ မမိုးကောင်းစိတ်ထဲ မရှင်းတာတချက်က သူငယ်ငယ်ရွာကို တခေါက်တကျင်းရောက်လာဖူးတဲ့ လှလှပပဆိုင်းမျိုးမဟုတ်ဘဲ ကြိမ်ခွေကြီးတခွေထဲ ပါလာတာကို နားမလည်နိူင်ဘူး။
”ဟုတ်တယ်။ ဆိုင်းဆိုတာ ဒါမျိုးမဟုတ်ဘူး။ ကျုပ်က နတ်ကန္နားဆိုင်းတီးခဲ့တာပေမယ့်၊ ပန်းပြားခွေကြီးနဲ့ တီးခဲ့တာပါပဲ။ ဆိုင်းဆိုတာ ပန်းကြီးတွေကို ပတ်လုံးက ကြိုးကလေးတွေနဲ့ ဆိုင်းပြီး တီးရလို့ ဆိုင်းခေါ်တာ။ ပတ်လုံးကလေးဝိုင်းထားတော့ ပတ်ဝိုင်းလို့လည်း ခေါ်ကြသပေါ့ ။ ဆယ်တောင့်ထွာပတ်ဝိုင်းကြီးထဲဝင်၊ မင်းပေါက်က ငုံ့ဝင်၊ ငုံ့ထွက်ရတာအရသာပေါ့လေ။ အဲ့သည့်ပန်းပြားတွေနဲ့ ပတ်လုံးနဲ့ မထိအောင် ကြားက ကြိမ်ခံထားရတယ်။ ဒါကို ပတ်ခံတယ်ခေါ်တယ်။ ပတ်ခေါင်းအုံးလို့လည်း ခေါ်တယ်။ အခု ကျုပ်တီးနေတာ ကြိမ်ခွေကြီးနဲ့ပဲ တီးနေတာ၊ သယ်ရပြုရလွယ်တာရော၊ ပန်းပြားမရှိတာရောပေါ့လေ”
ပန်းပြားတွေ ဘယ်ရောက်သွားလို့လဲလို့ မမိုးကောင်းမမေးဖြစ်ပါဘူး။ မမိုးကောင်းအတွက် ပန်းပြားတွေက အရေးမကြီးပါဘူး။ကိုဖောင်ကပဲ အရေးကြီးတာပါ။ ပန်းပြားထိပ်က ဖန်ပဒိုင်းတွေ၊ မင်းပေါက်တွေက အရေးမကြီးပါဘူး။ ကိုဖောင်က အရေးကြီးတာပါ။ ကိုဖောင်ရှင်းပြလို့ သိရတဲ့ ဘယ်တေ၊ ဘယ်တျော၊ ဒုံးကြီး၊ ဆစ်ကြီး၊ သံမှန်လုံး၊ ငါးပေါက်လုံးတွေက အရေးမကြီးပါဘူး၊ ကိုဖောင်က အရေးကြီးတာပါ။ ကြိမ်ခွေကြီးထဲ ခရိုး၊ ခရိုင် တပ်ထားတဲ့ ပတ်လုံးလေးတွေကို ကို့ဖောင့်လက်ချောင်းမာမာကြီးတွေနဲ့ ရိုက်လို့ ထွက်လာတဲ့ အသံကလည်း သိပ်အရေးမကြီးပါဘူး။ ကိုဖောင်သင်ပေးတဲ့ နတ်သီချင်းတွေက အရေးကြီးတာပါ။
”တထုပ်နှစ်ထုပ်၊ ကျောက်ခေါင်းပုစွန်ထုပ်ကယ်နှင့်လေး။တထုပ်ကယ်ပြန်ရလျှင် ညှပ်ကလေးနဲ့ကင်…..။ စိမ်ပင်စိမ်ပင် တကျိုက်တကျိုက်၊ ဘင်ပင်းဘင်း၊ ကျိုက်ကယ်နှင့်လေး၊ အလိုလိုက်ကယ့် မောင့်မင်းကျော်….ပျော်ပျော်ချည့်လေး…….”
ကိုဖောင်လို့ခေါ်တဲ့ ရွှေခြံဖောင်နဲ့ မမိုးကောင်းတို့ကလည်း ကျောက်ခေါင်းပုစွန်ထုပ်သာမပါတယ်၊ စိမ်ပင်ရော ဘင်းပင်ပါ ကျိုက်လိုက်ကြစမ်းဆိုတာများ။
ရွှေခြံဖောင်နဲ့မမိုးကောင်းတို့ အိမ်ထောင်ကျပြီးလို့ လေးနှစ်လောက်ကြာတော့မှ မမိုးကောင်းမှာ သားလေးတယောက် ထွန်းလာတယ်။ သူကိုယ်တိုင်က နတ်ကတော်ပန်းမကိုင်ဘဲ ဖြစ်ခဲ့ရသူပေမယ့် သားသမီးရဖို့ကိစ္စမှာတော့ ဘယ်နတ်ကမှလည်း မစောင်မနိုင်ခဲ့ဘူး ထင်ပါရဲ့။ အသက်လေးဆယ်တော်တော်ကျော်ကာမှ ရတဲ့ကလေးဆိုတော့ ရတောင့်ရခဲကိုး။ ကိုဖောင်ကလည်း ဟိုရုက္ခစိုး၊ သည်ရုက္ခစိုး မမိုးကောင်းခိုင်းသမျှ တောင်းလိုက်ရတဲ့ဆု။ ရမယ့်ရတော့လည်း လေးဆယ်ကျော်မှ အဆင်ပြေတယ်။ နတ်ကြောင့်လား၊ ရုက္ခစိုးကြောင့်လား၊ ကိုဖောင့်ကြောင့်ပဲလားမသိပေမယ့် ကလေးကတော့ တကယ်ရခဲ့တာပါ။ မမိုးကောင်း ဖအေနာမည် ကိုစံဖေနဲ့ မအေမငွေခဲနာမည် ပါအောင် စံငွေတို့ဘာတို့ မမှည့်ပါဘူး။ ကိုဖောင်ဖက်က ”ဖက်”ကို ယူ၊ ကျောင်းစုသူမမိုးကောင်းဆီက ”ကောင်း”ကိုယူပြီး မောင်ဖက်ကောင်းလို့ မှည့်တယ်။ မောင်ဖက်ကောင်းလေးမွေးပြီးတော့ မမိုးကောင်းစဉ်းစားတယ်၊ ကြည်းတောပိုင်းရွာတွေဖြစ်တဲ့ ကျောင်းစုမှာမနေချင်တာမျိုးမဟုတ်ပေမဲ့ မြစ်နားကမ်းနားက ”အောက်တောရွာတွေမှာ နေချင်တဲ့စိတ်တွေ ဖြစ်လာတာလည်းပါတယ်။ နတ်ကတော်လိုလို၊ ဘာလိုလို ကရတာလေးလည်း နတ်
တဝက်၊ လူတဝက် စားရတာ အဆင်မပြေတာတော့မဟုတ်ပါဘူး။ ရသင့်သလောက်ရပါတယ်။ ကိုဖောင်ကလည်း လာကတည်းက ပန်းပြားတောင်ပါတာမဟုတ်တဲ့လူ။ ဆိုင်းဝိုင်းက ဗုံအဟောင်းကလေးတချို့နဲ့ရောက်လာတာဆိုတော့ ဘာလုပ်တတ်မှာတုံး။ မယားကျွေးတာလေးစားပြီး တနေ့နေ့ ဗုံတောင်ခေါက်တာနဲ့ ပြီးရတော့တာကိုး။
”ကိုဖောင်ရယ်… သားလေးက ကြီးလာအုံးမှာ၊ လှူရတန်းရအုံးမှာလည်း ရှိသေးတယ်၊ ကျွန်မတော့ မြေကလေးတစိတ်ရောင်းပြီး၊ မြစ်နားကမ်းနားနီး အောက်တောဘက် ပြောင်းချင်တော့တာပဲ။ ကျွန်မလည်း သူတကာလို ရက်ကန်းလေးဘာလေး ခတ်မယ်၊ ကိုဖောင်က ပဲလေးနှမ်းလေးကောက်ပေါ့။ ကံပေးသမျှ စားကြတာပေါ့”
ကိုဖောင်က ဘယ့်နှယ့်မှမနေပေမယ့် မမိုးကောင်းက ပူတယ်။ သားကလေးရဲ့ရှေ့ရေးကို မိန်းမသားပီပီ တွေးတယ်။ ကိုဖောင်ကလည်း လောက်လောက်လားလားအားကိုးရတဲ့ လင်သားမဟုတ်ပေမဲ့ သူတကယ်မေတ္တာရှိတဲ့ယောင်္ကျားသားပဲ။ ကိုဖောင့်ကိုတော့ နေ့ရှိသရွေ့ တိုင်ပင်တာပါပဲ။ သည်လိုနဲ့ပဲ ရွာကအိမ်ကလေးနဲ့ ယာကလေး ရောင်းခဲ့ကြတယ်။
(၈)
ကျီပင်အင်းကို ပြောင်းခဲ့ကြတယ်။ ရှိတဲ့ပိုက်ဆံလေးနဲ့ အိမ်
တလုံးဆောက်ပြီး ယက်ကန်းစင်ဟောင်းကလေးတစင် ဝယ်တယ်။ နတ်ရုပ်တွေကတော ကျောင်းစုနားက နတ်ကွန်းဟောင်းမှာ စွန့်ခဲ့တော့ ကျီပင်အင်းကို ပါမလာတော့ဘူး။ မမိုးကောင်းက အရင်လို ငေါင်စင်းစင်းမိန်းမမျိုးမဟုတ်တော့ဘဲ သားဇောနဲ့ အလုပ်တွေကျုံးလုပ်တော့တာပါ။ သည်မှာတော့ နတ်သီချင်းတောင်ယောင်လို့ မဆိုဖြစ်တော့ပါဘူး။ မိရိုးဖလာ၊ မိဆိုင်ဖဆိုင်ကိုးကွယ်တာကလွဲရင် သူ့ဘဝဟောင်းဟာ ကျီပင်အင်းမှာ အရိပ်တောင်ပါမလာခဲ့ဘူးဆိုပါတော့။ ဘယ်လောက်တောင်ပါမလာသလဲဆိုရင် လည်ပင်းဆွဲထားတဲ့ သိုက်ချုပ်ချည်မန်းကွင်းတောင် မပါတော့ဘူး။
နတ်ကတော်ဒေါ်စိန်ရင်ကလည်း ကိုဖောင်နဲ့အိမ်ထောင်ကျတဲ့နှစ်မှာပဲ သူ့သမီးများရှိရာ အဝေးကိုပြောင်းသွားလေတော့ တကယ့်ကို ဘဝဟောင်းဟာ ကျီပင်အင်းမှာ အဓိပ္ပါယ်မရှိတော့ပါဘူး။ ကျီပင်အင်းရောက်လာတော့ မမိုးကောင်းဟာ ယက်ကန်းခတ်၊ ကိုဖောင်က ဆိုင်းသမားလူထွက်ဆိုပေမယ့် အနားရွာက လေးရက်တဈေးမှာ ခုံဖိနပ်ကလေးရောင်း၊ ကြိုးကလေးရောင်း၊ ပဲလေးဘာလေး လာရောင်းသူရှိရင် တစလယ်၊ တလမယ်ကအစ ကောက်ပြီးများလာတော့ မြင်းခြံ သွားသွင်းလုပ်ရတော့တာပေါ့။
မမိုးကောင်းက ရစ်ကလေးငင်လိုက်၊ ချားကလေးပုတ်လိုက်၊ ရက်ကန်းကလေးခတ်လိုက်၊ ပုဆိုးကြမ်းကြမ်း ၊ ထမီကြမ်းကြမ်းလေးတွေခတ်၊ ရွာမှာရောင်းသင့်တာ ရောင်း ၊ လေးရက်တဈေး ကိုဖောင်နဲ့ထည့်ပေးသင့်တာ ထည့်ပေးဆိုတော့ အကွက်ကိုလည်လို့။ ကလေးကလည်း တဖြည်းဖြည်းကြီးလာတော့ လင်မယားနှစ်ယောက် ပိုလို့တောင် အလုပ်တွေလုပ်လာခဲ့ကြတယ်။ လင်မယားနှစ်ယောက်စလုံး သားလေးမွေးကတည်းက အရက်မသောက်ကြတော့တာ။ အလဟသဖြစ်မယ်ထင်တာ ဘာမှတောင် မလုပ်ကြဘူး။ အဲ့သလောက်။ ကိုဖောင်ကလည်း ခါတိုင်း ပတ်လုံးကလေးတွေထမ်းပြီး ရွာရိုးကိုးပေါက် ကြံရာအိပ်၊ ကြုံရာစားမဟုတ်တော့ပါဘူး။ ကြိုးခွေမျိုးစုံ၊ တောစီးခုံဖိနပ်မျိုးစုံ၊ ပုဆိုးကြမ်း ထဘီကြမ်း ဆိုင်းထမ်းပိုးထမ်းပြီး နှစ်တိုင်လောက်က ဈေးကို ခြေလျင်လျှောက်တယ်။ လှည်းခ မပေးချင်လို့။ တခါတလေ ဈေးရက်ထဲ စိမ်ရေ တခွက်တကျင်း သောက်ချင်တာတောင် မသောက်ဖြစ်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ ကျီပင်အင်းရွာသားတွေက သူတို့လင်မယားကို ချစ်ခင်လာကြတယ်။ ရွာဟောင်း ကြည်းတောစုက လူတွေလည်း ဝင်ထွက်မြဲပါပဲ။ နတ်ကိစ္စကလေးများပါလာရင် မမိုးကောင်းက ”အဲ့ဒါတွေ မလုပ်တော့ပါဘူး” လို့ ခပ်ဖယ်ဖယ်ကလေး ငြင်းတတ်နေပါပြီ။
သည်လိုနဲ့ မမိုးကောင်းအသက် ငါးဆယ်ကျော်၊ ကိုဖောင်က အသက်ခြောက်ဆယ်ကျော်၊ သားလေးမောင်ဖက်ကောင်းက ကျောင်းနေတဲ့အရွယ်ရောက်လာခဲ့တယ်။ စီးပွားကလေးကလည်း တက်လာရုံမကဘူး၊ စုမိဆောင်းမိတာလေးတွေများလာတော့ ရွှေတိုရွှေစကလေးတွေ ဘာတွေတောင် ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ကံကြမ္မာဟာ အင်မတန်ကြောက်စရာကောင်းတာကလား။ မမိုးကောင်းရဲ့ဘဝကော၊ ကိုဖောင်ရဲ့ဘဝကော၊ အစကတည်းက ကြမ်းတမ်းခဲ့ကြသူတွေဆိုပေမယ့် သည်တခါ သည်အိမ်ကလေးထဲကို ဝင်လာတဲ့အကုသိုလ်တရားကတော့ ကြမ်းတမ်းလွန်းလှချည့်လို့တောင် ဆိုရတော့မှာပါ။
အဲသည်မနက်က မမိုးကောင်း သီချင်းကလေးညည်းရင်း ယက်ကန်းခတ်နေခဲ့တယ်။ ကိုဖောင်က ဈေးနေ့ဆိုတော့ ဈေးထဲရောက်နေတယ်။ သားလေးကလည်း ဖအေနဲ့ ဈေးပါသွားတော့ မမိုးကောင်းချက်ပြုတ်ပြီးကတည်းက ယက်ကန်းခတ်နေခဲ့တာပါ။ သည်မှာတင် နှစ်တောင်သာသာလောက်ရနေတဲ့ ပုဆိုးစင်ပေါ် တောက်တဲ့ကြီးတကောင် ပြုတ်ကျလာခဲ့တယ်။ တော်တော့်ကိုကြီးတဲ့ တောက်တဲ့ကြီးပါ။ မမိုးကောင်းဟာ အူတွေဗြောင်းပြန်လန်သွားသလားမှတ်ရအောင် လန့်သွားတယ်။ ပြီးတော့ ယက်ကန်းစင်ပေါ်က ဝုန်းခနဲ ပြိုလဲကျသွားတော့တာပါပဲ။ ထူးဆန်းတာက မမိုးကောင်းရက်ထားတဲ့ဖျင်စပေါ်က တောက်တဲ့ဟာ တော်တော်နဲ့ ဆင်းမသွားတာပဲ။
သည့်နောက်တော့ မမိုးကောင်း ကမ္ဘာလောကနဲ့ ဝေးသွားတော့တာပါပဲလို့ ပြောရတော့မှာပါ။ သေသွားတာမဟုတ်ဘူး။ ရူးသွားတာ။ တကယ့်ကို သွက်သွက်ကြီးလည်အောင် ရူးသွပ်သွားခဲ့တယ်။ ရပ်ရွာကလူတွေရော၊ ကိုဖောင်တို့သားအဖပါ ရောက်လာတော့ မမိုးကောင်း ဘာမှကို သတိမရတော့ပါဘူး။ လင်ကိုလည်းမသိ၊ သားကိုလည်းမသိ၊ ဘာဆိုဘာမှ မသိတော့ပဲ လမ်းပေါ်က နှစ်ပေါင်းများစွာ စိတ်ဝေဒနာခံစားနေရတဲ့ မိန်းမတယောက်လိုဖြစ်သွားခဲ့ရတယ်။
”မိုးကောင်းရယ်၊ သတိလည်းထားမှပေါ့ဟယ်။ ဒါ နင့်ယောကျာ်းလေ၊ ကိုဖောင်လေ”
”ဘာ ကိုဖောင်လဲ၊ ဘယ်ကကိုဖောင်လဲ၊ အလကားကောင်။ ပြီးခဲ့တဲ့ ဆယ်နှစ်က မြောင်ဘုရားပွဲမှာ စိန်ပျံလှေနဲ့ နတ်ကျားလှေ ပြိုင်တော့ လှေရှုံးတာနဲ့ လူရိုက်ပြီးပြေးလာတဲ့ကောင်၊ မသိမှတ်လို့.. ”
အနားရှိတဲ့လူတွေကတော့ သည်စကားကြားတော့ ”ဪ ..အေ ခမျာမယ် လင်မယားချင်းသိတဲ့ကိစ္စ စိတ်ကစဉ့်ကလျားဖြစ်တုန်း ပြောရှာထင်ပါရဲ့” လို့ တွေးကြတယ်။ ကိုဖောင့်ကိုတောင် အားနာနေကြသေးတာပါ။ ဒါပေမဲ့ သည်စကားကို တကယ်အံ့ဩရတာ ကိုဖောင်ပဲ။ မမိုးကောင်းကို သူ့ဘဝထုပ္ပတ်နဲ့ ယပတ်သက်လို့ ပြောပြဖူးတဲ့အထဲ အဲ့ဒါတွေမပါပါဘူး။ တောနယ်တကာလှည့်ပြီး နတ်ဆိုင်းတီးကလေး ဗျောင်းဗျောင်း ဗျင်းဗျင်းတီးတာလောက် ပြောခဲ့ဖူးတာမဟုတ်လား။ သူ့ဘဝမှာ မိန်းမနှစ်ယောက်လောက် ရခဲ့ဖူးတာလောက် ခပ်ထွေးထွေး ပြောခဲ့ဖူးတာပဲမဟုတ်လား။ အခုတော့ ဘယ့်နှယ် မမိုးကောင်း လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကျော်က နတ်ကြားနဲ့စိန်ပျံလှေပြိုင်ပွဲတွေ သိနေရတာလဲ။
သည်နားပတ်ဝန်းကျင်က ရွာသူမို့ သိတယ်ထား ၊ သည်ပွဲမှာ သူခွက်ခွက်လန်အောင် ရှုံးခဲ့တာကိုကော ဘယ့်နှယ်လုပ်သိရတာလဲ။ သည်လှေပွဲတွေက အကြောင်းအရာတွေဟာ သူတောင် ခပ်ဝါးဝါး ခပ်မှုန်မှုန်ဖြစ်နေခဲ့တာကို မမိုးကောင်း ”ဒေါင်း” ခနဲပြောချလိုက်တာ အပ်ချမတ်ချ သိနေတဲ့ပုံပါလား။ ကိုဖောင်ကတော့ နားကိုမလည်နိူင်တော့တာပါပဲ။ မမိုးကောင်းကလည်း မောင်ဖြူ၊ မောင်နီ၊ ဘယ်သူဘယ်ဝါသာမမှတ်မိတော့တာ။ ကိုးကျင်းကိုးကြောင်း လျှောက်သွားနေတဲ့ စိတ်ရောဂါသည်မျိုးလည်း မဟုတ်ပြန်ဘူး။ မမှတ်မိတာကတော့ တကယ့်ကို ဘယ်သူမှ မမှတ်မိဘူး။ အင်မတန်ချစ်တယ်ဆိုတဲ့ မောင်ဖက်ကောင်းကလေးကိုတောင် မမှတ်မိတော့ဘူး။ မြင်ရကြားရတဲ့လူတွေက အင်မတန်စိတ်မကောင်းဖြစ်ကြရရုံကလွဲရင် ဘာမှလည်း မတတ်နိူင်ဘူး။
(၉)
”ယက်ကန်းစင်ပေါ် တောက်တဲ့ကျတာနဲ့ ရူးရတယ်လို့အေ။ ဒါ ရိုးရိုးမှ မဟုတ်တာ။ နတ်ရုပ်တွေစွန့်ထားခဲ့တာတဲ့တော့။ လည်ပင်းကသိုက်ချုပ်ကြိုး ဆွဲဖြတ်ပစ်ခဲ့သတဲ့တော့။ နတ်ချီနတ်ချော့သီချင်းများ ဆိုရတာ အော်ဂလီဆန်လို့တဲ့တော့။ သည်လိုလူမထိ ဘယ်သူ့ထိမတုန်း။ ညည်းတို့ စဉ်းစားကြည့်လေ”
ကျီပင်အင်းသတင်းတွေကတော့ ဒါမျိုးချည်းပါပဲ။ တချို့က နတ်ဘက်မလှည့်ပါဘူး။ လူဘက်က လှည့်တွေးတယ်။
”ဟဲ့…..မိုးကောင်းတို့က မျိုးရိုးရှိတယ်။ မငွေခဲ ကြည့်ပါလား။ တစ်ချီတချီဖောက်လိုက်ရင် လူမှန်းမသိ၊ သူမှန်းမသိ။
ကိုစံဖေကကော မရူးမကောင်းနဲ့ ”
ဘယ်သူတွေက ဘာပြောနေနေ မမိုးကောင်က ဘာမှန်း ကိုမသိတာအမှန်။ ဒါပေမယ့် နောက်ရက်တွေမှာ မမိုးကောင်းဆီက ထူးထူးဆန်းဆန်းတွေ ကြားရတာပါပဲ။ တခြားဘာကိုမှသတိမရတဲ့ မမိုးကောင်းက သတိရချင်တာကျ ရနေပြန်ရော။ ဒါကလည်း သူ့ကို လာကြည့်ကြ၊ လာမေးကြတဲ့ လူတွေထဲက သူ့ကို စိတ်လိုလက်ရမေးတဲ့လူကိုပဲ ပြောတာပါ။ လူရှိသမျှ ပြောတာတော့မဟုတ်ဘူး။ သူ့ကိုနှုတ်ဆက်တဲ့လူကိုမှ ပြောတာ။ တခါက ကျီးပင်အင်းလက်ခွဲ သူကြီး ကိုဘသိန်းက မမိုးကောင်း ကို နှုတ်ဆက်တယ်။
”ငါ့နှမရယ်၊ သတိထားပါဦးမှပေါ့။ စိတ်ကို ထိန်းမှပေါ့”
”အောင်မာ…မနှစ်က အမတော်ကြေးတွေ ခုထိမအပ်သေးတဲ့ကောင်ကများ။ နင်လေ၊ မဟုတ်ဘူးလား။ စီရင်စုသူကြီးကို ဟိုအကြောင်းပြ သည်အကြောင်းပြ လုပ်ထားတာလေ”
လူတွေကတော့ မျက်နှာပူကြတာပေါ့။ ကိုဘသိန်းလည်း သုတ်ဆို ထပြန်ရော။ တစ်ညတော့ ရွာလယ်က နည်းနည်းပါးပါးသောင်သာတဲ့ ဒေါ်လှခင် သတင်းလာမေးတယ်။ ဒေါ်လှခင် နှုတ်ဆက်တာကို ပြုံပြုံးကလေး နားထောင်ရင်းက ခေါင်းကို ဝါးဘီးကလေးနဲ့ ခပ်အေးအေး ဖြီးနေတယ်။ ဒေါ်လှခင် စကားဆုံးတော့မှ …..
”ညည်း ငါမသိဘူး။ ညည်းဘယ်သူလဲ။ အောင်မာ…ရွှေတွေများဝတ်ထားတာ ညွှတ်လို့။ အပေါင်ဆုံးက နှစ်ကုံး။ အတုက နှစ်ကုံး။ မညာနဲ့ ငါသိသားပဲ”
ဒေါ်လှခင်ခမျာလည်း စိတ်ဆိုးရခက်၊ ထပြန်ရခက်ကိုး။ သည့်ထက်ဆိုးတာက မမြကြီးဆိုတဲ့မိန်းမ။ ဘာမသိ ညာမသိနဲ့ ဝင်လာပြီး သာဂရက ဆေးဆရာနဲ့ကုဖို့ ကိုဖောင့်လာပြောရော။ ကိုဖောင်ကလည်း ကောင်းချီးကောင်းရက် ပြန်ပြောရတာပေါ့။
”သာဂရက ဆေးဆရာကတော့ နာမည်ကြီးပဲ။ ပြကြည့်ပါ့လား”
”ဘာကိစ္စပြရမှာလဲ။ မိန်းမက လာ လာချေသေး။ ညည်းလင်ငယ်လေ။ ညည်းတို့ သာဂရဘုရားပွဲတုန်းက သရက်တောထဲ တွေ့ကြတာလေ”
မမြကြီးကတော့ တကယ့်ကို ထိတ်လန့်သွားတာပါပဲ။ သူ့ယောကျာ်းက အနားမှာထိုင်နေတာကိုး။ ယောကျာ်းကတော့ မျက်နှာတွေပျက်လို့ ။ မမြကြီးက ဟုတ်နေတော့ ထပ်မကွန့်ဝံ့ဘူး။ မမိုးကောင်းက သူ့ကို စိတ်လိုလက်ရ နှုတ်ဆက်နေတဲ့လူမှန်သမျှ အဲ့သလိုချည်း လုပ်နေတော့ လူတွေတချို့လည်း မလာချင်ကြတော့ဘူး။ တချို့ကလည်း သက်သက်စချင်လို့ကို လာကြမေးကြတာလည်းရှိတယ်။ အထူးသဖြင့် ရွာကာလသားတွေက မမိုးကောင်းကို စချင်ကြတယ်။ ကျီပင်အင်းသား မောက်ပေါက်က တခါတော့ မမိုးကောင်းကို စတယ်။
”ဒေါ်မိုးကောင်း ခင်ဗျား အဲ့သလိုလုပ်နေ၊ ကိုဖောင်က နောက်မိန်းမ ယူလာတော့မှာတဲ့”
မမိုးကောင်းက ကိုဖောင်ဆိုတာ သူ့လင်မှန်းလည်း မမှတ်မိဘူး။ နောက်မိန်းမယူမယ်ဆိုတာလည်း နာရမှန်းမသိဘူး။ ဒါပေမယ့် မောင်ပေါက်ကို စိမ်းစိမ်းကြီးကြည့်တယ်။ မောင်ပေါက်ကိုလည်း တကယ်တော့ မသိပါဘူး။
”အောင်မယ်..လူပုံက မချိုမချဉ်နဲ့။ ကိုစံထယ့်အလှူတုန်းက သူများကတ္တီပါဖိနပ်ခိုးပြီး ကျောင်းအောက်လှေခါးခုံကြား ဖွတ်တဲ့ကောင်ကများ”
”အောင်မာ …ကိုပေါက်က ဖိနပ်ဖွက်တာ ထားပါဗျာ၊ ခင်ဗျားသာ ကောင်းအောင်နေပါ ”
တယောက်က ဝင်နောက်တော့ မမိုးကောင်းလှမ်းကြည့်တယ်။ ရွာက ကာလသားတယောက်ပါပဲ။
”နင်ကကော…ဘာထူးလို့လဲ ၊ ဖင်မှာ ဖွတ်စအိုနာစွဲနေတဲ့ကောင်ကများ ပြောရသေး”
ကျီးပင်အိုင်က လူတွေကတော့ နာရခက်၊ ရယ်ရခက်၊ ဒေါသဖြစ်ရခက်၊ လည်ပင်းထညှစ်ရခက်ကိုး။ စိတ်မနှံ့တာလည်း အားလုံးအသိ။ ဘယ်သူဘယ်ဝါရယ်လို့ မမှတ်မိတာလည်း အားလုံးအသိ။ ဒါပေမယ့် သိသမျှတွေဟာ သူများမကောင်းကြောင်းချည်း ဖြစ်နေတာကလည်း ထူးဆန်းနေလေတော့ နားလည်းမလည်နိုင်ကြဘူး။ ကိုဖောင်ကတော့ သူ့မိန်းမ သည်လိုဖြစ်တာကိုပစ်ပြီး ဈေးရက် အဝေးရွာ ဈေးသွားရောင်းတာတွေ မလုပ်တော့ဘူး။ အိုးမကွာ အိမ်မကွာ။ အိမ်မှာပဲ ဆိုင်ကလေးဖွင့်ရတော့တာပေါ့။ ယက်ကန်းကတော့
မခတ်နိူင်တော့မယ့်အတူတူ ရောင်းမယ်လုပ်တော့။ သည်ယက်ကန်းစင်ကို ဝယ်မယ့်လူမရှိဘူး။
(၁၀)
မမိုးကောင်းကတော့ သီချင်းလေးတအေးအေး ခေါင်းလေးတဖြီးဖြီးပါပဲ။ စားချင်တဲ့အခါ စားတယ်။ မစားချင်တဲ့အခါ မစားဘူး။ တရက်တော့ ကျောင်းစုတုန်းက မမိုးကောင်းနဲ့ အဖွဲ့ကျခဲ့ဖူးတဲ့ နတ်ကတော်ဒေါ်စိန်ရင် ပေါက်ချလာတယ်။ ခါတိုင်းလိုပဲ အားရဝမ်းသာနှုတ်ဆက်ပြီး ဝင်လာတယ်။
”မိုးကောင်း အံမယ်လေး…စိတ်မကောင်းလိုက်တာသမီးရယ်”
”အောင်မယ်…ဘယ်သူလဲမှတ်တယ်။ မြို့တော်အောင်ကြည်စိန်ပြဇာတ် မြင်းခြံလာကတော့ ဇာတ်ထဲကလက်စွပ် ခိုးလာတဲ့မိန်းမပါလား။ ဘာငြင်းအုံးမလဲ။ မြင်းခြံဈေးထဲက မလှဝမ်းဆီမှာ ခုနစ်ဆယ်နဲ့ရောင်းခဲ့တာလေ။ သူခိုးမ ”
”ဟဲ့…မိုးကောင်း၊ ဘာတွေပြောနေတာတုန်း။ အမေလေ မစိန်ရင်လေ”
”လာချေသေး၊ နောက်တခု ပြောလိုက်ရမလား။ သူများထမီ နှစ်ထပ်ဝတ် ခိုးတာလေ။ ဟော…ထမီက ဘာရောင်လဲ ပြောရအုံးမလား။ စူရတီအဝါပွင့်၊ ဒူးငွေနားနဲ့ဟာလေ သူခိုးမ”
တခါနှုတ်ဆက် တခါသူခိုးမဖြစ်နေတော့ မစိန်ရင်လည်း မဟတော့ဘူး။ မဟတော့လည်း မပြောပြန်တော့ဘူး။ တကယ်တော့ သည်လိုပြောနေတာတွေက မျက်ရမ်းမှန်းဆမဟုတ်ဘူး။ စိတ်မကောင်းလို့ ပြောချင်ရာပြောတာမဟုတ်ဘူးဆိုတာ ကာယကံရှင်တွေပဲသိတာပါ။ ပြီးတော့ ဟိုအရင်က သိထားလို့ ပြောတာမျိုးလည်းမဟုတ်ဘူး။ မျက်ကွယ်နားကွယ်ဖြစ်နေတာကို ပြောနေတာ။ ရွာက တလေးတစားရှိတဲ့ ဘကြီးအုန်းတောင် မချန်ဘူး။ တခါက ဘကြီးအုန်းက ဝင်နှုတ်ဆက်တယ်။
”ညဘက် အခင်းစောင့်တယ်၊ အခင်းစောင့်တယ်နဲ့ သူများမြေပဲတွေ ကဲ့တာ နင်မဟုတ်လား” တဲ့လေ။
ထားပါတော့။ ဒါတွေကပြောရင် မဆုံးတော့ဘူး။ တရွာလုံးလိုလိုက ထိတာချည်းပဲ။ ဘုမသိဘမသိ ဝင်နှုတ်ဆက်လို့ကတော့ ငယ်ကျိုးငယ်နာပေါ်ပြီသာမှတ်ကိုး။ သည်တော့ ရွာက အလာကျဲသွားတယ်။ မသနားတဲ့အပြင် တချို့က မုန်းတီးလာကြတယ်။ တချို့က လူကောင်းသာဆိုရင် ကုတ်ဖဲ့တောင် ပစ်လိုက်ချင်သေးတယ်လို့ ကြိမ်းတယ်။
ကိုဖောင်ကတော့ မယားကိုး။ သူတကာကို အားလည်းနာလှပြီ။ စိတ်ရောဂါသာဆိုတယ် သီချင်းဆိုတော့လည်း ဖြောင့်လို့။ တခြားတော့ ဘာမှမသိတာလည်းအမှန်။ သိတာကျတော့လည်း သူတပါးနားမခံသာစရာတွေချည်းကိုး။ တရက်တော့ ကိုဖောင် လူကြီးသူမတွေနဲ့တိုင်ပင်ပြီး အရင်နေခဲ့တဲ့ရွာဟောင်း ကြည်းတောရွာတွေထဲက ကျောင်းစုနဲ့နှစ်တိုင်လောက်ဝေးတဲ့ ”ဝမ်းကျ”ကို လူနာသွားပြတယ်။ မရပါဘူး။ ဆေးဆရာကိုတွေ့တော့
”အောင်မာ…ဆေးဆရာဆိုလို့ အရင်က ရေထမ်းစားတဲ့ ”ငမွှား”ပါလားတဲ့”လေ။ တိုတိုပြောကြပါစို့။ နှစ်နှစ်လောက်ကြာခဲ့တာတောင် မမိုးကောင်းဝေဒနာ မပျောက်ဘူး။ ပိုလို့တောင် ဆိုးလာခဲ့တယ်။ ကိုဖောင်ကလည်း ဈေးကတဖက်၊ လူနာဝေယျာဝစ္စကတဖက်ဆိုတော့ စိတ်ညစ်ညစ်နဲ့ ဖြတ်ထားတဲ့အရက် ပြန်သောက်ဖြစ်ပြီ။ သားလေးမောင်ဖက်ကောင်းလည်း ရွာဦးကျောင်းပဲ အပ်ထားရတော့တာပါပဲ။ တရက် ကိုဖောင် ဈေးရက်မှာ အဝေးရွာကို သွားတုန်း မမိုးကောင်း အိမ်ကပျောက်သွားတယ်။ ပြန်လာတော့ ရှာကြတာပါပဲ။ မတွေ့ဘူး။ ညနေစောင်းတော့မှ သတင်းက ကွင်းထဲမှာ မမိုးကောင်းအလောင်းတွေ့သတဲ့။ ကိုဖောင်နဲ့ရွာသားတွေလိုက်သွားတော့ ကွင်းစပ်ကသရက်ပင်မှာ တန်းလန်းကြီး။ သူတို့ရွာကပြောင်းသွားတဲ့ မမိုးကောင်း သည်ကိုလာသေတယ်ဆိုတော့ ကြည်းတောသားတွေက ယုံတောင်မယုံကြဘူး။ ဒါပေမယ့် သရက်ကိုင်းနိမ့်နိမ့်မှာ မမိုးကောင်းက တကယ့်ကို တန်းလန်းကြီး မဟုတ်လား။
(၁၁)
ရွာတွေရဲ့ထုံးစံက သည်ကိစ္စမျိုးကို အင်မတန်ထိတ်လန့်တတ်ကြတယ်။ ဒါမျိုးဟာ အဖန်ငါးရာငါးကမ္ဘာခံရတာမျိုးလို့ ယုံကြည်တော့ ဒါမျိုးကိစ္စ ရွာကိုကူးစက်မှာ စိုးကြတယ်။ ရွာနာမှာစိုးကြတယ်။ ထုံးစံက သေရာမှာမြုပ်ကြရတာပေမယ့် လူကြီးတွေက လက်မခံဘူး။ ကိုယ့်ရွာကိုယ့်နယ်မှာမဟုတ်ဘဲ အဝေးရွာလာဖြစ်တာဆိုတော့ ကျောင်းစုကလည်း သူတို့ရွာဝန်းကျင် အမြုပ်မခံကြပြန်ဘူး။ ကျီးပင်အင်းကလည်း၊ အသယ်အပြုမခံတော့ တော်တော်ခွကျနေတော့တာပေါ့။
သည်တော့ တမျိုးစီစဉ်ရတယ်။ လယ်ထဲမှာ ပျိုးပင်ကောက်သယ်တဲ့ စွပ်ဖားအဟောင်းတခု ရှာကြတယ်။ သရက်ပင်အောက် စွပ်ဖားခံထားပြီး စွပ်ဖားကို ဘယ်ရွာနဲ့မှ မနီးတဲ့ လျိူထိပ်ကို ဆွဲလာခဲ့ကြရတယ်။ အလောင်းကို စွပ်ဖားပေါ် တင်လာတာဆိုတော့ မြေကျတယ်ပြောလို့ မရဘူးလေ။ မြှပ်မယ့်နေရာရောက်တော့မှ စွပ်ဖားပေါ်က တွန်းချ၊ မြေကျတဲ့နေရာဆိုပြီး မြှပ်လိုက်ရတယ်။ ကိစ္စကတော့ သည်လောက်နဲ့ပြီးသွားတာပါပဲ။ ဒါပေမယ့် ကြားထဲက သရက်ပင်ကြီးက နာမည်ပျက်ကျန်ရစ်ခဲ့တယ်။ တသက်လုံး သူ့ဟာသူ သီးချင်တဲ့အခါသီးလိုက်၊ မသီးချင်တဲ့အခါမသီးလိုက်နဲ့ နေချင်သလိုနေလာခဲ့တဲ့ သရက်ပင်က အခုတော့ မမိုးကောင်းသရက်ပင် ဖြစ်ကရော။ ခက်တာက သရက်ပင်ကြီးရှိတဲ့နေရာက အောက်တောရွာတွေရော ကြည်းတောရွာတွေရော ဆုံတဲ့နေရာမှာကျနေတော့ မမြင်ချင်လို့မရဘူး။ မဖြတ်ချင်လို့မရဘူး။ ဘယ်သူကမှလည်း သရက်ပင်ဘက် ရဲရဲလှည့်မကြည့်ဝံ့ကြဘူး။ သရက်ပင်က တခုခုများ လှမ်းပြောလိုက်လေမလားလို့ပေါ့။ လူတွေများ အဲ့သလောက် …..။ ။
#နေဝင်းမြင့်
(ဇာတ်ကျောရိုးပေးတဲ့ အမေဒေါ်မြတင်ကို
ကျေးဇူးတင်ပါတယ်)