• June 11, 2025
  • admin
  • 0
ရေချိုးဆိပ် (ဝတ္ထတို) ✍️ ခင်ခင်ထူး
( ၁ )
ရွာမနက်ခင်း……။
မိုးမလင်းခင် လင်းကြက်တွန်ကတည်းက ရွာက နိုးနှင့်ပါပြီ။ သည်ခေတ်မှာတော့ တချို့ တောင်သူအိမ်တွေမှာ တရုတ်နာရီတွေ ခပ်ကြွားကြွား ချိတ်ထားနိုင်ပေမယ့် ကျွန်မတို့ ငယ်ငယ်ကတော့ ရွာမှာ ဘုန်းကြီးကျောင်းကလွဲလို့ အိမ်တွေမှာ နာရီမရှိကြပါ။ ရှေးကဗျာတွေထဲကလို ကြက်သံကို ဗဟိုပြုရပါသည်။ ဘုန်းကြီးကျောင်းတွေမှာတော့ ချိန်သီးနာရီကြီးတွေက ခန့်ညားလှသည်။ နာရီတွေကို ပြောင်လက်နေအောင် တိုက်ချွတ် ထားတာဆိုတော့ ရွာကျောင်းသာ အိုရင် အိုမည်။ နာရီတွေ မအိုပါ။ ချိန်သီးတွေက ဘယ်တစ်ချက် ညာတစ်ချက် ဂျောက်ဂျက် ဂျောက်ဂျက် မရပ်မနားရှိတာကိုပဲ ကျွန်မတို့ သွားငေးကြစမြဲ။
သည်ခေတ်မှာတော့ နာရီကြည့် သွားသည်ဆိုလျှင် ရယ်စရာကောင်းရော့မည်။ အချိန်ပြည့်လို့ ဒေါင်ဒေါင်ဒင်ဒင်မြည်တာကလည်း ကျွန်မတို့အဖို့ ထူးဆန်းသည်။ နာရီအကြောင်း ကျွန်မပြောရတာ အကြောင်းရှိပါသည်။ စက်နာရီက နာရီထိုးသံကို တစ်ရွာလုံး မကြားနိုင်ပါ။ သည်တော့ ဦးပဉ္ဇင်းတွေ ၊ ကိုရင်တွေက ကြေးမောင်း ထ ထိုးကြရသည်။
ထလော့ …. ရွာကလေး။
ရွာသူတော်ကောင်းတို့ ဆွမ်းထမင်း ၊ ဆွမ်းဟင်း ချက်ကြကုန်လာ့။ မိုးသောက်အာရုံမှာ ဆွမ်းတော်တင်လော့။ ဝမ်းအာဟာရပြည့်စုံသော် သစ်ခင်းကိုင်းခင်း ဆင်းကြကုန်လော့။
ရွာသူရွာသားတွေကလည်း မနေ့က ပင်ပန်းခဲ့တာတွေ တစ်ညတာကျောချခဲ့တာနှင့်ပင် ပြေပျောက်ရလေပြီ။ ကျွန်မတို့မိန်းကလေးတွေကတော့ နေကလေး မပြူတပြူမှာ ဧရာဝတီမြစ်မထဲ ရေခပ်ဆင်းကြရသည်။ ရေတစ်အိုး ခါးထစ်ခွင် ဒါမှမဟုတ် ခေါင်းပေါ်ရွက်ပြီး မျက်နှာသစ်ဆင်းကြရခြင်းဖြစ်သည်။ မြစ်ကမ်းပါးနှုတ်ခမ်းတင်ရွာဆိုပေမယ့် ရေတစ်ထမ်း တစ်ရွက်တော့ ထမ်းရ ရွက်ရမြဲပင်။ ဆိုးဆိုးဆတ်ဆတ် ရေတစ်ဖလားခပ်ချင်လို့ ရေတွင်းရယ် ၊ ရေကန်ရယ် မရှိ။ ဧရာဝတီမြစ်မကြီး ရွာခြေမှာရှိနေတာကိုက မခန်းနိုင်သော နတ်မြစ်လို အောက်မေ့နေ ကြတာ မဟုတ်လား။
”သောက်ပါလေ့အေ။ ချိုးပါလေ့… မြစ်ဆိပ်များ ငရုတ်တစ်လှမ်း ၊ ခရမ်းတစ်ခုန်ရယ်ရှိသာ… မြစ်က ထွက်မပြေးပါဘူးဟဲ့…ရေတွေ ဘောက်ဘက်လန်အောင် ခပ်ထားစရာမလိုပေါင်… သုံးရေတစ်အိုး ၊ န ( နွား ) ရေတစ်အိုး ထည့်ထားပြီးရင် ကျန်တာ သောက်ရေလောက်ပဲ လိုသာပါ”
ကြီးတော်တို့ အမေတို့က ကျွန်မအစ်မအပျိုတွေ မြစ်ဆိပ်ရေဆင်းခပ်တာကို မကြိုက်မရှိ။ ရေဆိုတာ အိမ်မှာပြည့်ကောင်းတာ ၊ ရှိကောင်းတာ ၊ ပေါကောင်း များကောင်းတာ အမှန်ပင်။ သို့သော် ကျွန်မအစ်မတွေမှာ ရေခပ်ကြရင်း စကားပြောကြရသည်။ အပျိုအချင်းချင်းသာ နားလည်နိုင်သော ဘာသာစကားတွေ ရေခပ်လမ်းမှာမှ ပြောကြရသည်။
ဇာတ်ပွဲအကြောင်း ၊ ဘုရားပွဲအကြောင်း ၊ တောရွာမှာ ဘဘကျော်နတ်ပွဲ သွားကြမည့်အကြောင်း ၊ ဝတ်ချင်စားချင်ရှိရသည့် အင်္ကျီပုံဆန်းတွေအကြောင်း ၊ ရက်ကန်းကျ ထမီတွေအကြောင်း ၊ ဒါမျိုးက ရေခပ်တုန်းမှာ ဆုံကြရ ပြောကြရတာမဟုတ်လား။ သည်တော့ မြစ်ရေကို တစ်ခေါက် ခပ်ရလို့လည်း မမော။ နှစ်ခေါက်ခပ်ရလို့လည်း မမော။ ဆယ်ခေါက်ခပ်ရဦးတော့ ခပ်နိုင်ကြပါသည်။ သို့သော် မျက်နှာကောင်း မရ။ မြစ်များ ထွက်ပြေးမှာကျလို့တဲ့။
နွားစာကျင်းထဲမှာ ပဲမှော် ၊ ပဲရိုးကျေ ၊ ပြောင်းရိုးကျေနှင့် မြက်စိုကို စဉ်းကာ ရေနှင့် စပ်စပ်လော်ကာ ထည့်ရသည်။ ရေကလည်း ကုန်တော့ အကုန်သား။ သုံးရေအိုးကတော့ မီးဖိုချောင်သုံး လက်လေးလက်ပေါ့သုံးဖို့ပေါ့။ သောက်ရေကလည်း မြစ်ရေသောက် ကြီးပြင်းရသူတွေဆိုတော့ မြစ်ရေမှပဲ လေးလေးပင်ပင်နှင့် အာသာပြေရပါသည်။
” မြစ်ရေအေးအေးကြည်ကြည် မနက်စောစော ထခပ်ကြပါဟဲ့…လှေမလူး ၊ နွားမကူးခင် ခပ်မှ သန့်သန့်ကလေးရသာ…ဘုရားဆွမ်းတော် ၊ ရဟန်းဆွမ်းတော်အတွက် ဆွမ်းထမင်း ၊ ဆွမ်းဟင်းများ ရေကလေးသန့်သန့်နဲ့ ချက်ကြလောင်းကြဟဲ့…မနက်စောစောထ ငါ့မြေး။ ရေချိုးဆိပ်မှာ မခပ်နဲ့…အထက်နား ဝါးကြိမ်တောခြေမှာ သွားခပ်ချေ “
အဘက အိပ်ယာထပျင်းသောကျွန်မကို စောစောနှိုးပြီး မြစ်ရေချို ခပ်ခိုင်းလေ့ရှိ၏။ ဘုန်းကြီးကျောင်းက စက်နာရီ ငါးနာရီမှာ ကြေးမောင်းတစ်တုံ ထိုးလေ့ရှိရာ ယင်းအချိန်သည် မြစ်ရေထဲ အကူးအလူးနည်းကြသေးသည်။ လှေသမ္ဗာန် ၊ စက်တပ်လှေ ၊ မီးသငေ်္ဘာတွေ လှိုင်းကြီးထအောင် မဖြတ်ကြသေးခင် ရေအကြည်ခပ်ခိုင်းခြင်းဖြစ်ပါ၏။ အဘပြောတာ အမှန်ပါ။ မနက်စောစော မြစ်ဆိပ်ဆင်းရတာ ကြည်နူးစရာကောင်းလှပါသည်။ ရောင်နီပြေပြေကလေးအောက်မှာ မြစ်ရေသောင်စပ်လမ်းသည်ပင် ပကတိအေးမြတည်ငြိမ်လျက် မြစ်လေက တသွေးသွေး။ အိပ်မှုန်စုံမွှားစိတ်တို့သည်ပင် ကြည်လင်လန်းဆန်းသွားရပါ၏။
ကျွန်မတို့ငယ်ငယ် လူမှန်းသိကတည်းက ရွာဘေးကစီးဆင်းနေသည့် မြစ်ကြီး။ အဘတို့ကတော့ အရှေ့မြစ် ခေါ်ကြသည်။ အနောက်မြစ်က ချင်းတွင်း။ အဘ၏သမီးအကြီးဆုံး ကြီးတော်က ရေစကြိုမြို့နယ် ဖြုံဘူးရွာမှာနေတာဆိုတော့ အရှေ့မြစ်နှင့် အနောက်မြစ်ကြားက ကျွန်းရွာတွေဆီ ကျွန်မတို့ ကူးနေလူးနေကျပင်။ ကျွန်းရွာတွေ အရှေ့ဘက်ကမြစ်ကို အရှေ့မြစ် ၊ အနောက်ဘက်က မြစ်ကို အနောက်မြစ် ခေါ်ခြင်းဖြစ်ပါ၏။ သည်တော့ ကျွန်မတို့ဥဒယကလည်း ဧရာဝတီမြစ်ကို အရှေ့မြစ်လို့ပဲ သုံးကြတော့သည်။
( ၂ )
” ငှက်ကလေးတွေ …. စိုးစီ… စိုးစီ … ဝင်းပေါက်မှာမြည် …… ချိန်တန်ပြီ .. ညီမထွေးရဲ့ …ဆွမ်းတော်ကပ်လှည့် …. “
ကျွန်မအရွယ်ရောက်လို့ ဒီကဗျာလေးဖတ်ရတော့မှ ငယ်ဘဝ ရွာ့မနက်ခင်း ဧရာဝတီမနက်ခင်းကို နောက်ကြောင်းပြန် ခံစားရပါသည်။
မနက်စောစောကြီးထပြီး မြစ်တစ်မြစ်ကို ကမ်းပါးထိပ်က ရပ်ကြည့်ပါ။ မြစ်တစ်မြစ်၏ ကျက်သရေအရှိဆုံးအချိန်ကို တွေ့နိုင်ပါ၏။ ကိုယ့်ရွာဘေးက မြစ်ကြီးတစ်မြစ် စီးဆင်းနေတာကပင် အားရှိချင်စဖွယ်။ မြစ်ရေကြည်ကြည်ခပ်ချိန်မှာ ငှက်ကလေးတွေ ကျီကျီကျာကျာ အော်မြည်နေကြပြီ။ အစ်မတွေက မြစ်ရေသန့်သန့်ဖြင့် ဆွမ်းချက်ကြပြီ။ ကျက်ပြီဆိုတော့ ဦးပေါင်းပါအောင် ခူးခပ်ပြီး ဆွမ်းတော်တင်ကြသည်။ ကျွန်မတို့ရွာတွေမှာ မြေအိုးနှင့် ထမင်းချက်ကြတာဆိုတော့ ဆန်က အိုးတက်သည်နှင့် စလောင်းဖုံးအထိ မောက်မောက်ကလေး ရှိတတ်ပါသည်။ စလောင်းဖုံးလက်ကိုင်ကလေးထဲအထိ ထမင်းရောက်တော့ ဦးပေါင်းဖူးဖူးကလေး ရသည်။ ဦးပေါင်းမပျက်အောင် အောက်ဖက်က ယောင်းမနှင့်ကော်ကာ ဆွမ်းထမင်း ပြင်ကြ ကပ်ကြသည်။ ဦးပေါင်းဖူးဖူးပဲ့အောင် ခူးလို့ ခပ်လို့ကတော့ အဆူအငေါက်ခံရဖို့သာပြင်။
အကြည်ခံထားရသော ဘုရားသောက်တော်ရေအိုးထဲက သောက်တော်ရေငါးခွက် ခပ် ၊ ရိုရိုသေသေ ကပ် ၊ ဆွမ်းထမင်းပူပူကို ကြွေရည်သုတ်အုပ်ကလေးထဲ ရွာကျောင်းလေးကျောင်းက ကိုယ်တော်တွေအဖို့ရာ ခူးနှင့် ခပ်နှင့်ရသည်။ ဝေယျာဝေစ္စတွေပြီးတော့ ဆရာတော်ကျောင်းက ခုနှစ်နာရီ ကြေးမောင်းထိုးပြန်ပါ၏။ အမေတို့ ၊ အစ်မတို့ ၊ ကြီးတော်တို့ ၊ ဒွေးလေးတို့ အခင်းဆင်းကြရတော့မည်။ ထမင်းပူပူထဲ နှမ်းဆီနှစ်ပေါက် ၊ သုံးပေါက်ဆမ်းပြီး ငါးပိကင်ရှိတော့ ငါးပိကင် ၊ ချဉ်ပေါင်ငပိချက်ကလေး ညကကျန်တော့ ကျန်တာနှင့် စားကြရုံပင်။ ဒါဆိုလျှင် နေတစ်မွန်းတည့်စာ အဆာခံနိုင်ကြပြီ။
” မထူး … နွားကျောင်းမထွက်ခင် နရေကလေး ဖြည့်ခဲ့ဦး ….. မြစ်ထဲ ရေကူးမနေနဲ့နော် … လက်ပံချောက်ဘက် မသွားနဲ့ … ကမ်းပါးချောက်ကြီး နက်တယ် …နွားတွေ ဖောင်းကားကုန်းဘက် လွှတ် …. မြက်ပေါတယ် … ကမ်းပါးထိပ် မရောက်စေနဲ့ ….”
မှာလို့သာ မှာတာပါ။ မြစ်ကမ်းပါးတစ်လျှောက်က မြက်စိုကွင်းကို နွားတွေ ကြိုက်သည်။ တစ်ပြန့်ကြီး စားနိုင်ကြသည်။ တစ်ခါတစ်ရံ မြစ်ကမ်းပါးက အိကနဲ ပြိုတတ်သည်။ မြစ်ကမ်းနားတန်းရွာတွေမှာ နွားတွေ မြစ်ရေထဲ ကျခဲ့တာများပြီ။ နွားတွေက မြက်စိုနောက်လိုက်ရင်း မြစ်ကမ်းပါးဘက်ရောက်ကြတာကို ဂရုစိုက်ကြရပါသည်။ ကျွန်မတို့က မြစ်ရေထဲ ကူးကြခတ်ကြရင်း နွားကျောင်းရတာကို ပိုပျော်ပါသည်။ နွားတွေကလည်း မြက်စိုမြက်စိမ်းစားကြရ ကျွန်မတို့ကလေးတွေကလည်း ရေကူး ၊ ရေဆော့ကြရ။
ဟိုတုန်း ဟိုအခါကတော့ ရွာနောက်ကျောဘက် ထွက်လိုက်သည်နှင့် မြစ်ကို လက်နှင့် ပုတ်နိုင်ပါပြီ။ ကျွန်မတို့ရွာတွေမှာ မြစ်ကမ်းပါးရယ်လို့ သမန်းတောကိုင်းတောထူထူကြီးတွေ မရှိ။ ရွာမြေနှင့် မြစ်ကမ်းပါးက တိုးလျှိုပေါက်ဆိုတော့ မြင်ကွင်းရှင်းသည်။ ဘယ်နားကကြည့်ကြည့် မြစ်ကို မြင်ရသည်။
ရေကြီးခါဆိုတော့ ရေကြီးခါအလျောက် ရေငယ်ခါဆိုတော့ ရေငယ်ခါအလျောက် ရေပြည့်မြစ် ၊ စည်းတိမ်သောင်ပါးကြားက စီးဆင်းနေသောမြစ် ၊ ရေနီကြမ်းတွေ လှိုင်းထနေသောမြစ် ၊ တောင်လေက အကြေးလှန်သည့်မြစ်။
ဧရာဝတီကို နွနွေေ မိုးမိုး ဆောင်းဆောင်း မမြင်ချင်၍မရပါ။ မထိတွေ့ချင်လို့ မရပါ။ ရှောင်လွှဲချင်လို့ မဖြစ်ပါ။ ဧရာဝတီမြစ်ကို ခရီးသွားဟန်လွှဲ မြင်ရတာမျိုးမဟုတ်။ သိုးကနဲ သန့်ကနဲ လှမ်းမြင်ရတာမျိုး မဟုတ်။ မိုးလင်းကမိုးချုပ် မြစ်နဲ့ အတူနေ ၊ မြစ်ဘေးမှာ အိပ် ၊ မြစ်ရေသောက်ကြသူတွေချည်းဖြစ်သည်။
ပြောစကားတွေထဲမှာ ” တို့ဖြင့် တစ်သက်လုံး မြစ်ကို မအေလုပ်နေကြတာပါအေ ” ဆိုသည့်စကား ပါလေ့ရှိကြတာသာကြည့်တော့။
( ၃ )
ကျွန်မ ရေးခဲ့လှပါပြီ။ ကျွန်မတို့ရွာ ဥဒယသည် ဧရာဝတီမြစ်ကို မေးတင်ထားသောရွာကလေးဖြစ်သည်။ ကျွန်မတို့ရွာ၏မြောက်ဘက် နှစ်ရွာကျော်မှာ ဥမ္မာဒန္တီဘွဲ့ကိုရေးခဲ့သော ဆရာရွှန်းအပိုင်စားခဲ့သည့် ဆီမီးခုံရွာရှိသည်။ တောင်ဘက်နှစ်ရွာကျော်မှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည့် ရန္တပိုရွာရှိသည်။ မြစ်အနောက်ဘက်ကမ်း ကျွန်မတို့ရွာနှင့် မျက်နှာချင်းဆိုင်မှာတော့ ကုန်းဘောင်ခေတ်က ရွှေပြည်ဝန်လို့ ထင်ရှားကျော်ဇောခဲ့သော မြန်မာပညာရှိသုခမိန် ယောမင်းကြီးဦးဖိုးလှိုင်၏ဇာတိ ရေပုလဲ ( ရွာပုလဲရွာ )ရွာ ရှိသည်။
သမိုင်းဝင်ထင်ရှားခဲ့သော ထိုရွာသုံးရွာ၏ ဖိုခုံလောက်ဆိုင်အလယ်တွင် ကျွန်မတို့ရွာကလေးကတော့ ရွာဇနပုဒ်ကလေးမျှသာဖြစ်ပါသည်။ အဖေက ” တို့ရွာက သမိုင်းမကြီးပေမယ့် ဂုဏ်ကြီးတယ်သမီးရဲ့ … ” ဟု ကျွန်မတို့တတွေကို ပြောပြတတ်သည်။ ဘိုးဘွားစဉ်ဆက် မြေသီးမြေနှံကိုစား ၊ မြစ်ရေကိုသောက် ၊ ရိုးရိုးသားသားရှိခဲ့ကြတာကို ဆိုလိုလေသလား။
ကျွန်မတို့ရွာတွေကို ရှေးက လှေရွာဟု ခေါ်ကြသည်။ လှေနှင့် တက်နှင့် မြစ်ရိုး ၊ မြစ်မ ထိုထိုပေါက် ဝမ်းစာရှာခဲ့ကြသူတွေ များပါသည်။ ကျွန်မတို့မျိုးဆက်မှာပင် ဧရာဝတီနှင့် ခွဲမရချင်ခဲ့။ မြစ်နှင့်အတူ ကြီးပြင်းခဲ့ရတာ မဟုတ်လား။ သည်စာကို ရေးရင်းက ကျွန်မတို့ရေချိုးခဲ့ကြသည့် ရေချိုးဆိပ်ကို သတိရမိပါသည်။ ကျွန်မတို့ရွာရေဆိပ်သည် ညနေတိုင်လျှင် ဘုရားပွဲ ကျောင်းပွဲတမျှ စည်ကားနေတတ်သည်။ လုပ်ခင်းကိုင်ခင်းပြန်တွေ သည်အချိန်ကျမှ ရေခပ်ကြ ၊ ရေချိုးကြ ၊ လျှော်ကြဖွပ်ကြရတာ မဟုတ်လား။
မြစ်ဆိပ်နှင့်ရွာကြား လမ်းကလေးမှာ လူတွေ ပုရွက်ကြောင်းလိုက်လို့။ အော်ကြဟစ်ကြ ၊ ဆူကြညံကြ မြစ်ဆိပ်မှာဆုံရသခိုက် အကြောင်းစုံကို ပေါင်းလန်အောင်ပြောကြသည်။ ပဲအကြောင်း ၊ နှမ်းအကြောင်း ၊ ထန်းအကြောင်းပါသလို
သားအကြောင်း ၊ သမီးအကြောင်း ၊ မရီးအကြောင်းလည်း ပါသည်။ ရွာအကြောင်း ၊ ရပ်အကြောင်းပါသလို ဇာတ်အကြောင်း ၊ နတ်အကြောင်းတွေလည်း ပါသည်။ မြစ်ဆိပ်သောင်ခုံမှာ အဝတ်ဟောင်းတွေ ဘေးချကာ မျက်နှာချင်းဆိုင် အဝတ်လျှော်ကြရင်း သတင်းစကား ၊ အတင်းစကား ၊ အဖျင်းစကားတွေ ပါးစောင်အမြုပ်ထွက် ပြောကြသူတို့က နားကွဲလုမတတ် အော်ဟစ်သောင်းကျန်းနေကြသော ကျွန်မတို့ကလေးတွေကို ” စကားလုံး မပြောင်လိုက်တာနော် ….သွား … တော်ရာ သွားဆော့ချေကြ ….. ” လို့ ငေါက်ငမ်းတတ်သေး၏။
ငေါက်ကာမှ ငေါက်ကရော။ မြစ်ထဲရောက်လို့ကတော့ ကျွန်မတို့ကလည်း နှုတ်ခမ်းတွေပြာ ၊ မျက်လုံးတွေနီ ၊ လက်တွေ ပဲကြီးရေပွဖြစ်စေဦး မြစ်ထဲက မတက်ပြီ။ ရေကူးပြိုင်ကြ ၊ ရေငုတ်ပြိုင်ကြ ၊ ရေထဲငုတ်ပြီး တူတူပုန်းကြ ၊ ရေထဲတင် စိန်ပြေးတမ်းကစားကြ ၊ဝုန်းဒိုင်းကျဲလို့။ တောထဲက နွားကျောင်းပြန် ၊ နွားရေတိုက်ရင်း မြစ်ထဲ ရောက်ကြတာဆိုတော့ မြစ်ရေကိုက်လှပြီ။
” ဟေး …. တို့အိမ်က ကလေးတွေ … မြစ်ထဲ ရှိကြသလားဟေ့ …..နွားကျောင်းပြန်ကတည်း က အိမ်ပြန်မရောက်ကြတာ ဆူလိုက်ငေါက်လိုက်ကြစမ်းပါဟေ့ ….. “
” ဟဲ့ … ကြားလား …. နင်တို့အိမ်က ဟစ်နေပြီ။ ကဲလည်း ကဲတဲ့ဟာတွေ … မတက်ဘူးလား .. တက်မှာလား … ငါ ချည်ရဲတုတ်နဲ့ လှမ်းထုမှာနော် …. “
ချည်ရဲတုတ် ( ချည်ရိုက်တုတ် ) ဆိုတာ အဝတ်လျှော်သည့်တုတ်ကို ခေါ်ခြင်းဖြစ်၏။ ကျွန်မတို့ရွာတွေမှာ ရက်ကန်းစင်တင်ရန် ချည်ခင်များကို ချည်စာနင်းရင်း တုတ်ဖြင့် ထုလေ့နှက်လေ့ရှိကြသည်။ အရိုက်နာလေ ချည်ကောင်းလေဆိုတော့ သည်တုတ်ကြီးတွေနှင့် အားရပါးရ လွှဲရိုက်ကြရသည်။ သည်တုတ်ကြီးတွေကို အဝတ်လျှော်ဖွပ်သည့်နေရာမှာ သုံးတော့လည်း ချည်ရဲတုတ်ခေါ်ကြပါ၏။ သည်လို ဒေါ်ကြီး ၊ ဒေါ်လေး ၊ ဒွေးလေးတို့က ငေါက်ငမ်းလွှတ်လို့သာ နွားတွေဆွဲပြီး အိမ်ပြန်ခဲ့ရသော်လည်း မြစ်ဆိပ်က မခွါချင်သေး။ အပျိုတွေ ရေခပ်လမ်း ချောင်းကြ ၊ ပိုးကြသူတွေကလည်း ဒုနဲ့ဒေး။
ဝါဝင်ပြီဆိုလျှင် ကျွန်မ ရွာကို သတိရနေမိပါသည်။ ဝါဆိုဦးကတည်းက ရွာခြေတွင် ရေစပ်စပ်ဝင်လေပြီ။ ရွာခြေ ဝါးကြိမ်တောစပ်မှာ ရေတိုးငါးကလေးတွေ မြူးကြပြီ။ ကျွန်မတို့ကလေးများအဖို့တော့ ဝါးကြိမ်တောခြုံကြီးထဲ တိုးပြီး ငါးနုပ်ငါးသန်းဖမ်းကြခြင်း
သည်လည်း ကစားနည်းတစ်မျိုးဖြစ်ပါသည်။
ဆန်ခါခုံးများ ၊ ဖျင်ထည်စောင်ပါးများဖြင့် ငါးတိုက်ကြသည်။ ကျွန်မကတော့ ကြီးတော်ချုပ်ပေးထားသော စပ်ထမီကို တိုတိုပါအောင်ဝတ်ပြီး ရေချိုးရင်း ငါးတိုက်ရတာ အလွန်ပျော်ပါသည်။ ငါးနုပ်ပေါက်ကလေးတွေရလာတော့ အိမ်ကထင်းမီးဖိုထဲ ပစ်သွင်းကာ ငါးမီးဖုတ်ချိုချိုကို သွားရေစာအဖြစ် စားကြသည်။
မြစ်ရေတိုးပြီဆိုလျှင် ရွာထဲကို အရင်မဝင်သေးပဲ ရွာတောင်ဖျားချောင်းပေါက်က ပန်းထွက်ကာ ရွာအရှေ့ကို ရေဝိုင်းသည်။ ပြီးတော့ ရွာမြောက်ဖျား ဘုန်းကြီးကျောင်းနှစ်ကျောင်းကြား လမ်းနိမ့်ကို ခေါင်းထိုးစီးဝင်လေ့ရှိသည်။ သည်အချိန် ကျွန်မတို့တတွေ၏ ရေချိုးဆိပ်သည်လည်း ရွာ့မြောက်ဖျား ပြောင်းကြရပြီ။ ကျွန်မတို့ကလေးတွေကတော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းကြားက ရေဝင်ချိုင့်ကျင်းလိုဖြစ်နေသော ရေစီးမြောင်းပက်လက်ထဲ နွားစာကျင်းတိုတွေကို မျောပြီး စီးကြသည်။ ရေဆန်ကို တွန်းသွားလိုက်ကြ ၊ ရေစုန်ကို ပြန်မျောချလာလိုက်ကြနဲ့ သောသောကိုညံလို့။ ဆူလွန်းမက ဆူလာလျှင်တော့ ဆရာတော်က ကျောင်းဝထွက်ပြီး ကြိမ်လုံးပြကာ လူစုခွဲရလေ့ရှိသည်။
မြစ်ရေတွေ ရွာထဲ ကမ်းပြည့်ကမ်းလျှံဝင်ပြီဆိုလျှင်တော့ တစ်ရွာလုံး ရေဖုံးပြီ။ သည်အချိန်မှာ မြေပြင်ရယ်လို့ မြင်ချင်လို့ မမြင်ရတော့။ ကြည့်လေရာရာ ရေတွေ ရေတွေ မြစ်ရေနှင့် ရွာရေ တဆက်တည်းဖြစ်ရပါပြီ။ တစ်ပြင်တည်း ဖြစ်ရပါပြီ။ ဒါကို အမေတို့က ရွာရေစတုတ် တိုက်ပြီလို့ သုံးတာ မှတ်မိသည်။ အိမ်အောက်ထပ်တွေ လူနေလို့ မဖြစ်တော့။ အိမ်အပေါ်ထပ် တက်နေကြရသည်။ မီးဖိုလည်း အိမ်ပေါ် ၊ လူနေလည်း အိမ်ပေါ် ၊ အိပ်လည်း အိမ်ပေါ် ၊ ကျွန်မတို့၏ရေချိုးဆိပ်လည်း အိမ်ပေါ်ဖြစ်ကြရပြီ။
အိမ်ရှေ့ကပြင်ပေါ်ကနေ ဝုန်းကနဲ ခုန်ချလိုက်ကြ ၊ ပြန်တက်လိုက်ကြ ၊ လူကြီးတွေရှေ့မှာ သိပ်မကဲဝံ့ကြတော့ အိမ်နား သီမနေကြပဲ ရောက်လေရာရာ လက်ပစ်ကူးသွားကြရင်း ဆော့ကြသည်။ လှေလှော်ပြိုင်ကြ ၊ ရေကူးပြိုင်ကြ ၊ ဒါကလည်း လှေရွာက ကလေးတွေအဖို့ ကစားနည်းတစ်မျိုးပင်။ မြစ်နား ကမ်းနား ကြီးကြရသူတွေမို့လားမသိ။ ရေမကြောက်တတ်ကြသလို ရေကြောင့် ဒုက္ခရောက်ကြရပါတယ်လို့လည်း မရှိ။ ရေကြီးချိန်မှာ လူကြီးတွေလည်း တစ်အိမ်နဲ့တစ်အိမ် လက်ပစ်ကူးသွားကြရုံကလွဲလို့ တခြားနည်းမရှိ။
လှေဆိုတာက အိမ်တိုင်းရှိတာမဟုတ်။ နွားစာကျင်းတိုကလေးတွေကတော့ ရေဝင်ခါမှာ အားရသည်မရှိ။ တစ်ရွာလုံး ရေထဲမှာဆိုတော့ တစ်အိမ့်တစ်အိမ် အိမ်လည်ချင်လျှင် ရေချိုးရင်း လည်ရသည်။ အိမ်တိုင်း နွားတင်းကုတ်တွေကို မြှင့်ဆောက်ထားတတ်ကြသော်လည်း တချို့ ရေတိုးကြမ်းသည့်နှစ်တွေမှာ နွားတင်းကုတ်တွေလည်း မြုပ် ၊ လူနေအိမ်တွေလည်း မြုပ်သည့်နှစ်တွေ ကြုံရဖူးသည်။ နွားတွေကို ရေလွတ်ရာ အရှေ့ကြည်းတောရွာတွေဘက် သွားပို့ကြရသည်။ ကြည်းတောရွာတွေကို တိုးရေမရောက်တော့ ရေခြောက်မိုးခြောက် ထားနိုင်သည်။ ရေမခြောက်မချင်း နွားတွေ ပြန်လာလို့မဖြစ်တော့။ တချို့များ ကြည်းတောရွာတွေမှာ တစ်လလောက်ကြာတာမျိုးပင် ရှိကြသည်။
ရွာက နိမ့်ပါးသူများခမျာ နီးစပ်ရာအိမ်မြင့်ကို ခို ၊ တစ်ချို့နှစ်တွေမှာ သစ်ပင်ကြီးတွေပေါ် လင့်စင်ထိုးကာ နေရတာမျိုးပင်ရှိခဲ့ဖူးသည်။ သည်တော့ ရေနစ်လို့ မသေ ၊ မြွေကိုက်လို့ တိမ်းပါးကြရသူများ ရှိခဲ့ဖူးသည်။ ရေကျပြီဆိုလျှင်တော့ တစ်ရွာလုံး ရွှံ့နှစ်ရည်များဖြင့် ညှီကျန်ရစ်တော့သည်။ ရေကြည်ရာအထက်ဘက် ကုန်းမာမာဆီ ပြေးပြီး ရေခပ်ကြရ ရေချိုးကြရပြီ။ ရေကျပြီဆိုသည်နှင့် အဝေးရောက်နေသူ လူတွေ ၊ နွားတွေ ရွာပြန်ကပ်ကြရပါပြီ။ ရွာလယ်လမ်းက မြေမာလမ်းဆိုတော့ လျှောက်လို့ရပါပြီ။ သစ်ပင်တွေမှာ တွယ်ကပ်နေကြသည့် မြွေတွေကို နှင်ရ ခြောက်ရသည်။ မြစ်ရေသယ်လာသော နှုန်းမြေတွေသည် သဘာဝမြေဆီမြေနှစ် ဖြစ်ရပြီ။
မြစ်လုံးလည်း ပေါ်ပြီ။ ရွာမြေလည်း ပေါ်ပြီ။
( ၄ )
သည်ရက်ထဲ ကတောရွာစာပေဟောပြောပွဲကအပြန် ကျွန်မညီမ ဝမ်းကွဲတစ်ယောက် မန္တလေးကို လိုက်လာခဲ့သည်။ ညဘက် ရွာအကြောင်း ၊ ရပ်အကြောင်းတွေ ပြောဖြစ်ကြပါသည်။ မြစ်ရေမဝင်တာ နှစ်တွေကြာပြီဆိုတော့ သစ်ခင်းတွေမှာ မြေဆီသြဇာညံကုန်ပြီ ဆိုပါ၏။ နွားစားကျက်တွေ ပျောက် ၊ နွားစာရှားတာတွေလည်း ကြားရသည်။ မြေက သဲဆန်လာလို့ သစ်ဥတွေ ဖျင်းကုန်တာလည်း ပါသည်။ အဆိုးဆုံးက ရေလိုချိန်မှာ ရေမရှိခြင်းဖြစ်သည်။ တတ်နိုင်သူတွေက ရေစုပ်စက်တွေ ထောင်ကာ အခင်းထဲ ရေသွင်းနိုင်သော်လည်း မတတ်နိုင်သူတွေအဖို့မှာတော့ ကဏန်းလက်ကျိုးဖြစ်ကြရုံသာ။
” မြစ်ကလည်း မမထူးနှယ် …. အနောက်ဘက် ဆုတ်သွားတာများ … ကလေးချင်း မတည့်ကြလို့ ပေစုတ်စုတ် ရှောင်ဖယ်ဖယ် လုပ်နေသလိုပါတော် …. သောင်ပြင်ကြီးဆိုတာ တစ်ပြန့်ကြီး ….. ရွာနဲ့မြစ်မနဲ့ ဝေးသွားတော့ မြစ်ရေတစ်အိုးရဖို့ သောနုတ္တရမုဆိုး ဆဒ္ဒန်ဆင်မင်းရှိတဲ့တောထဲ သွားရသလောက် ကြာတယ် အောက်မေ့တာပဲ ….. “
ကျွန်မညီမ ပြောနေချိန်မှာ ကျွန်မတို့ငယ်ငယ်က ရေချိုးဆိပ်ကို မြင်ယောင်နေမိပါသည်။ အခင်းကအပြန် ရေချိုးကြသူတွေ ၊ နွားရေတိုက်ကြသူတွေ ၊ ကလေးတရုန်းရုန်း ခွေးတရုန်းရုန်း ဘယ်မှာရှိနိုင်ပါတော့မလဲ။ တစ်သက်လုံးက လှည့်မကြည့်ခဲ့ကြသော တွင်းက ရေကို အားကိုးကြရပြီ။ ကျွန်မတို့ဘကြီး ဘိုးတိုက်ကြည် လှူခဲ့သောရေတွင်းကလည်း ရေထွက်တချက် မထွက်တချက်။
” သောက်ပါလေ့ …. ချိုးပါလေ့ ….. မြစ်ဆိပ်များ ငရုတ်တစ်လှမ်း …. ခရမ်းတစ်ခုန် ရှိတာပါ ….. မြစ်က ထွက်မပြေးပါဘူး ….. “
ကြီးတော်တို့ ပြောခဲ့တဲ့စကားတွေ…….။ အခုတော့ မြစ်က ပြေးပါပကော … ကြီးတော်ရဲ့။ ကျွန်မညီမ ပြောပုံဖြင့် မြစ်က ရွာနှင့်ခပ်လှမ်းလှမ်းက စီးသတဲ့။ ပင့်လို့ ဖိတ်လို့သာ ရကြေးဆို … ဧရာဝတီမြစ်ကြီးရယ် ….. ကျွန်မတို့ရွာနံဘေး ကပ်ပြီး စီးတော်မူပါ ….. မြေဆီသြဇာ နှစ်စဉ် ချတော်မူပါ …… သောင်မထွန်း ကမ်းပါးမပြို ရေချိုအေးအေးလေး ပေးတော်မူပါလို့ လျှောက်လိုက်စမ်းချင်သေးသည် ….. ။ သို့ပေမယ့် ဧရာဝတီမှာလည်း သူ့ဝေဒနာနဲ့သူ မဟုတ်လား ….. ။သူ့ဒုက္ခနဲ့သူ မဟုတ်လား ……။
ကျွန်မကတော့ ရွာခြေ ရေချိုးဆိပ်ကို လွမ်းနေမိသည်။
🌿🌿
ခင်ခင်ထူး
(ရက်ကန်လွန်း ဝတ္ထုတိုများ)

Leave a Reply

Your email address will not be published. Required fields are marked *