မောင်မြင့်မား(ဗိုလ်ကလေး)
ကျည်ထိသွားသောတောကောင်
လွန်ခဲ့သော နှစ်ပေါင်း (၅ဝ) ကျော်ကာလ။
မုဆိုးစောဂျိမ်း လူပျိုပေါက်အရွယ်။
ဦးတက်ခေါင် သွားရာနောက်ကို တကောက်ကောက်လိုက်၊ ငှက်ကောက်၊ ဒူးလေးထမ်း၊ တောကောင်သယ်၊ အထုပ်ပိုး စသည်ဖြင့် မုဆိုးပညာသင်နေချိန်ဖြစ်သည်။
ဦးတက်ခေါင်က စောဂျိမ်း၏ သင်ဆရာ၊ မြင်ဆရာ။
ဦးတက်ခေါင်က ဒူးလေးအပြင် တူမီးလည်း ပစ်တတ်သည်။
ဦးတက်ခေါင်တို့ခေတ်က အမဲလိုက်ရာတွင် တူမီးကိုသာ အကောင်းဆုံး လက်နက်အဖြစ် အသုံးကြသည်။ တူမီးက ယမ်းနှင့် ထည့်ပစ်ရသောကြောင့် ယမ်းစပ်ရာတွင် တောကောင်ငယ်များဖြစ်သော ဒရယ်၊ ချေ၊ ဆတ်တို့ကို ပစ်ရာတွင်တစ်မျိုး၊ တောကောင်ကြီးဖြစ်သော စိုင်၊ ပြောင်၊ ကျားတို့ကို ပစ်ရာတွင်တစ်မျိုး အချိုးအဆနှင့် စပ်ရခြင်းဖြစ်သည်။
ဦးတက်ခေါင်တို့နယ်တွင် နာမည်ကြီးမုဆိုးအဖြစ် ဦးတက်ခေါင်တစ်ဦးတည်းသာ ရှိသောကြောင့် စစ်ဘက်၊ ရဲဘက်၊ သစ်တောဘက်မှ ပုဂ္ဂိုလ်များက တောပစ်ထွက်တိုင်း ဦးတက်ခေါင်ကို လာလာခေါ်ကြသည်။ ဦးတက်ခေါင် သွားလျှင် တပည့်အဖြစ် စောဂျိမ်းက ပါမြဲ။
နေပူကျဲကျဲတွင် စောဂျိမ်း၏အိမ်သို့ ဦးတက်ခေါင် ရောက်လာသည်။ ဦးတက်ခေါင် ရောက်လာသည်နှင့် အကြောင်းထူးပြီဟု စောဂျိမ်းက သိလိုက်သည်။ ခရီးရောက်မခိုက် ဦးတက်ခေါင်က . . .
“စောဂျိမ်း၊ မနက်ဖြန် တောပစ်ထွက်မယ်”
“လိုက်မယ်”
“မင်း လိုက်မယ်ဆိုတာ သိပြီးသားပါ။ တို့ချည်း သွားမှာ မဟုတ်ဘူးကွ။ တို့က သူများနောက်က လိုက်ရမှာ။ နယ်ပိုင်ကြီးက တောပစ်ထွက်မယ် ဆိုလို့တဲ့”
“နယ်ပိုင်ကြီးဆိုတာ ဘယ်သူလဲ အဘ”
“နယ်ပိုင်ကြီးဆိုတာ နယ်ပိုင်ကြီးပေါ့ကွာ။ ငါလည်းမသိဘူး။ လာခေါ်တဲ့လူ ပြောလို့ ပြောရတာ”
“ဒါဆိုရင်”
“မင်း လိုတာတွေ အကုန်ယူပြီး အခု ငါနဲ့ တစ်ခါတည်းသာ လိုက်ခဲ့တော့။ ညကို သူတို့က ငါ့ဆီလာလိမ့်မယ်။ မနက်စောစော ထွက်ကြမယ်တဲ့”
စောဂျိမ်းနှင့် ဦးတက်ခေါင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ စိတ်ပျက်နေကြသည်။
လှည်းနှစ်စီးပေါ်မှာ လူက အပြည့်။ စားစရာသောက်စရာ ဘာတွေမှန်းမသိသော အထုပ်အပိုးများက လှည်းတစ်စီး။ တောပစ်ထွက်သည်နှင့် မတူ၊ ပျော်ပွဲစားထွက်သည်နှင့် တူနေသည်။
လှည်းနှင့်သွား၍ မရသော နေရာရောက်မှ လှည်းပေါ်က ဆင်းကြသည်။ လှည်းပေါ်မှာရော လှည်းပေါ်ကဆင်း၍ တောတွင်းရောက်သည့်အခါတွင်ရော တစ်ယောက်တစ်ပေါက်နှင့် ဆူညံနေသည်။
တောတွင်းရောက်မှ အုပ်စု ၂ စု ခွဲလိုက်ကြကာ ဦးတက်ခေါင်နှင့် စောဂျိမ်းက နယ်ပိုင်ကြီးပါသော အစု ထဲတွင် ဖြစ်သည်။ တောပစ်သေနတ်များက ဦးတက်ခေါင်ရော စောဂျိမ်းပါ မမြင်ဖူးသော သေနတ်များ။
နယ်ပိုင်ကြီးက မည်းမည်းဝဝကြီး၊ ကုလားလူမျိုးနှင့် တူသည်။ စောဂျိမ်းအား သေနတ်များကိုပြကာ…
“မုဆိုးကြီး … ဒီသေနတ်တွေ ပစ်တတ်လား”
“မပစ်တတ်ပါဘူး’”
နယ်ပိုင်ကြီးက စောဂျိမ်း ကိုင်ထားသော တူမီးကြီးကို လက်ညှိုးထိုးပြကာ
“မုဆိုးကြီးက ဒါနဲ့ ပစ်မှာလား”
“ဟုတ်တယ်”
“တောကောင်အကြီးတွေရော ဒါနဲ့ပစ်လို့ရသလား”
“ပြောင်အထိ ပစ်လို့ရတယ်”
နယ်ပိုင်ကြီးက အထင်သေးသောမျက်စိဖြင့် ကြည့်သည်။ သူနှင့်အတူ ပါလာသော သေနတ်များကို လက်ညှိုးထိုးပြကာ…
“ကျုပ်ဆီမှာပါလာတာ ပွိုင့် ၄၇၅ ရိုင်ဖယ်။ တောကောင်အသေးကနေ အကြီးထိ ပစ်လို့ရတယ်။ ဒါက ပွိုင့် ၃၃၃ ရိုင်ဖယ်။ ဆင်တို့ ပြောင်တို့ကို တစ်ချက်တည်းနဲ့ ကိစ္စချောတယ်။ ဟောဒါက ပွိုင့် ၅၀၀ နှစ်လုံးပြူးရိုင်ဖယ်လို့ ခေါ်တယ်။ ကျည်အမာထည့်ပစ်ရတယ်။ ဆင်၊ ကျား၊ ဝံ၊ စိုင်၊ ပြောင်တို့ လောက်ကတော့ အေးအေးဆေးဆေးပဲ။ မုဆိုးကြီး တောကောင်သာ ရအောင် ရှာ၊ ပစ်ဖို့က ကျုပ်တို့တာဝန်ထား”
“နယ်ပိုင်ကြီး … တစ်ခုတော့ ပြောပါရစေ။ အမဲလိုက်တယ်၊ တောပစ်ထွက်တယ်ဆိုတာ ပျော်ပွဲစားထွက်တာမျိုး မဟုတ်ဘူး။ အင်မတန် စည်းကမ်းရှိရ ပါတယ်။ စကားအပြောအဆို ဆင်ခြင်ရပါတယ်။ အနေအထိုင် ဆင်ခြင်ရပါတယ်။ ဒါမှ တောကောင်ရနိုင်ပါတယ်”
“အေး အေး… ဟုတ်ပြီ”
နယ်ပိုင်ကြီးက သူ့လူများကိုခေါ်ကာ ဦးတက်ခေါင် ပြောသည့်အတိုင်း ဂရုစိုက်ကြရန် မှာသည်။
တောထဲရောက်၍ သိပ်မကြာသေး၊ နံနက်စာစားကြရန် ပြင်ကြသည်။ မီးမွှေးသူမွှေး၊ ရေခပ်သူခပ်၊ အသားဘူးများ ဖောက်သူက ဖောက်၊ ပေါင်မုန့်လှီးသူက လှီး၊ အရက်ပုလင်း ထုတ်သူကထုတ်နှင့် အလုပ်ရှုပ်နေကြသည်။
တောကောင်အခြေအနေက ဘာမှန်းမသိသေး။
ဦးတက်ခေါင်က …
“နယ်ပိုင်ကြီး၊ ဘာမျှမစားသေးခင် ပါလာတဲ့ အစားအသောက်တွေကို တင်ပါ မြှောက်ပါဦး”
“ဟေ… ဘယ်သူ့ကို တင်ရမှာတုံး”
“တောထဲက ပိုင်ရာဆိုင်ရာတွေကိုပေါ့”
“ဟေ … ငါက ဒီနယ်ကို ပိုင်တဲ့ နယ်ပိုင်ပဲကွ။ ငါ့ထက်ကြီးတာ ဘယ်သူရှိသေးလို့လဲ။ ဒီတောကိုလည်း ငါပိုင်တာပဲ။ မလိုပါဘူးကွာ”
ဦးတက်ခေါင်က ဘာမျှမပြောတော့။
စားသောက်ပြီးထွက်လာကြသည်မှာ နေ့ဝက်ကျိုးသည်အထိ တောကောင်၏ အရိပ်အယောင်ပင် မတွေ့ရသေး။ တစ်တောင်ဆင်း တစ်တောင်တက်နှင့် လူတွေလည်း ချွေးပြိုက်ပြိုက် ကျနေကြပြီး နယ်ပိုင်ကြီးက ဦးတက်ခေါင်အား
“မုဆိုးကြီး … ဒီတောက သားကောင်ပေါတယ်ဆို။ ခုချိန်ထိ ဘာကောင်မျှလည်း မတွေ့သေးပါလား”
“သားကောင်ပေါတယ်ဆိုပေမဲ့ တစ်ခါတလေ တစ်နေ့လုံးနေပေမဲ့ တစ်ကောင်တောင် တွေ့ရခဲပါတယ်။ ဒါကတော့ တောပစ်ထွက်ဖူးသူများ ကြုံဖူးမှာပါ”
“ဒါဆိုရင် တောကောင်ရဖို့ မသေချာဘူးပေါ့”
“အဲဒီလိုလည်း ပြောရခက်ပါတယ်”
“မုဆိုးကြီးစကားက အမျိုးမျိုးပါလား”
“တောဆိုတာ အင်မတန်ဆန်းကြယ်ပါတယ်။ စကားကို အကုန်မပြောတာ အကောင်းဆုံးပါပဲ”
နယ်ပိုင်ကြီးက အင်္ဂလိပ်လိုပြောကာ ခေါင်းယမ်းသည်။ ပါလာသော သူ့လူများကို အင်္ဂလိပ်လိုပြောကာ မြည်တွန်တောက်တီးလိုက် လုပ်နေသည်။
အရိပ်ကောင်းသော သစ်ပင်ကြီးတစ်ပင်အောက်တွင် နားကာ နံနက်စာစားရန် လုပ်ကြပြန်သည်။
နံနက်စာစားသောအခါတွင်လည်း ခမ်းခမ်းနားလုပ်ကာ ပါလာသော သားငါးများကို အကင်၊ အကြော်၊ အလှော်၊ အချက်များဖြင့် တောကြီးအလယ်တွင် ပျော်ပွဲစားထွက်သလိုမျိုး စားသောက်ပြီးတော့ အစာ ပိတ်ဟုဆိုကာ ဦးတက်ခေါင်တို့ စောဂျိမ်းတို့ မကြားဖူးသော အရက်တစ်မျိုး သောက်လိုက်သေးသည်။
ပြီးတော့ ပန်းသီး၊ စပျစ်သီး၊ စွန်ပလွန်သီး၊ နာနတ်သီး၊ သင်္ဘောသီးများဖြင့် အချိုတည်းလိုက်သေးသည်။
ပြီး တစ်ခါ နယ်ပိုင်ကြီးက တပည့်များကို သတိနှင့်စောင့်ရန်မှာကာ ခေါက်ကုလားထိုင်တစ်လုံးနှင့် ထမင်းလုံးစီလိုက်ပြန်သေးသည်။
နယ်ပိုင်ကြီးနိုးတော့ ခရီးဆက်ကြသည်။
ထိုအချိန်အထိ ယုန်တစ်ကောင် တောကြက်တစ်ကောင် ဖြတ်ပြေးတာ မတွေ့ရ။
ဦးတက်ခေါင်နှင့် စောဂျိမ်းကတော့ စိတ်ပျက်လက်ပျက်နှင့် လိုက်လာကြသည်။
တစ်နေရာအရောက်တွင် တောင်စောင်းတစ်ခု၌ ရပ်နေသော သမင်တစ်ကောင်။ နယ်ပိုင်ကြီးတို့အဖွဲ့နှင့် ကိုက် ၁ဝဝ လောက်သာ ဝေးသည်။
ချိုအတော်လှသော သမင်ဖို တစ်ကောင် ဖြစ်သည်။
နယ်ပိုင်ကြီးတို့အဖွဲ့ကို တစောင်းပေးကာ တစ်နေရာကို လှည့်ငေးနေသည်။
နယ်ပိုင်ကြီးက အားလုံးကို လက်ကာပြလိုက်ကာ သူ့သေနတ်နှင့် မတ်တတ်ရပ်၍ ချိန်လိုက်သည်။
“ဖောင်း”
သမင်ဖိုကြီးက ပတတ်ရပ်လိုက်ကာ ဒူးညွှတ်၍ ခွေကျသွားသည်။ တစ်ချက်တည်းနှင့် ကိစ္စချောသွားခြင်းဖြစ်သည်။
နယ်ပိုင်ကြီးက ဝမ်းသာစွာနှင့် …
“ဟေ့ကောင်တွေ … တွေ့တယ် မဟုတ်လား။ တစ်ချက်တည်းနဲ့ အပြတ်ပဲ။ လာ … သွားကြရအောင်”
ခွေကျ၍ လဲသွားသော သမင်ဖိုကြီးကို အတိုင်းသား မြင်လိုက်ရသည်။
ဦးတက်ခေါင်က မြင်ကွင်းကိုကြည့်ကာ အံ့သြနေသည်။
သမင်ဆိုတာမျိုးက နားပါး၊ မျက်စိပါး၊ အန္တရာယ်အရိပ်အယောင်တွေ့သည်နှင့် အသက်ဘေးမှ လွတ်အောင်ပြေးတတ်သော သတ္တဝါမျိုး ဖြစ်သည်။
ဦးတက်ခေါင်တို့ မုဆိုးအဖွဲ့ကို မမြင်ဘဲ တခြားကို ငေးနေသောကြောင့် အံ့သြနေခြင်း ဖြစ်သည်။
နယ်ပိုင်ကြီးနှင့်အဖွဲ့ သမင်ဖိုကြီး လဲသွားသောနေရာကို တဝုန်းဝုန်းနှင့် ပြေးသွားပြီးနောက်မှ ဦးတက်ခေါင်နှင့် စောဂျိမ်းက နောက်မှ လိုက်သွားသည်။
ထိုနေရာအရောက်တွင် နယ်ပိုင်ကြီးက တောက်တခတ်ခတ်ဖြင့် ဒေါပွနေသည်။ သမင်ဖိုကြီးလည်းမတွေ့။ မှန်လိုက်သောကြောင့် သွေးစေသွေးနလည်းမတွေ့။
နယ်ပိုင်ကြီးက . . .
“ထိသွားတာ သေချာတယ်ကွ”
“ဟုတ်တယ် နယ်ပိုင်ကြီး”
“ထိပြီး ဒီနေရာမှာ ခွေကျသွားတာပဲ”
“လက်ပြင်နောက်ကို ထိပြီး တစ်ချက်တည်းနဲ့ ကိစ္စချောတာပဲ”
“လဲကျသွားတာကို အတိုင်းသား မြင်နေရတာပဲ”
“အေး … အခု ဒီကောင် ဘယ်ရောက်သွားလဲ”
အားလုံး အသံတိတ်နေသည်။ ဘာမှမပြောကြ။
ကျည်ထိ၍ သမင်လဲကျသွားသည်ကို အားလုံး မြင်လိုက်ကြရသည်။ လဲကျသွားသော တောကောင်ကို တခြားတောကောင် တစ်ကောင်ကောင်က ဝင်ဆွဲသွားလျှင် ခြေရာလက်ရာ၊ စွပ်ကြောင်း၊ အစအန၊ သွေးစသွေးန၊ အမွေးအမျှင်များ စသည်ဖြင့် တွေ့ရမည်။
ယခုတော့ ဘာမျှ မတွေ့ရသောကြောင့် နယ်ပိုင်ကြီး ဒေါပွနေခြင်း ဖြစ်သည်။
နယ်ပိုင်ကြီးက မကျေနပ်သောကြောင့် နေရာပတ်ဝန်းကျင်တစ်ဝိုက်ကို လူခွဲကာ ရှာခိုင်းသည်။ အစအနပင် မတွေ့။ ထို့ကြောင့် နယ်ပိုင်ကြီးက စိတ်ပျက်ကာ နောက်ကြောင်းပြန်လှည့်ရန် ဆုံးဖြတ်လိုက်သည်။
ဦးတက်ခေါင်နှင့် စောဂျိမ်းတို့ကိုလည်း မကျေနပ်သောအကြည့်ဖြင့် ကြည့်သည်။
ဦးတက်ခေါင်ကတော့ သူ့အတွေးနှင့် သူ သဘောပေါက်လိုက်သည်။
သမင်ဖိုကြီး လဲကျသွားသောနေရာတွင် မည်သူမျှ သတိမထား၊ ဂရုမစိုက်မိသော သတ္တဝါတစ်ကောင်။
ထိုသတ္တဝါကောင်ကား ကိုယ်တစ်ပိုင်းပြတ်ကာ သေနေသော ပုတ်သင်ညိုတစ်ကောင်။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဗိုလ်ကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေမျာ