ခြင်ကျား(မအူပင်)
တစ်ကောင်ဖွား
(၁)
အမှောင်ထဲမှာ ကျင့်သားရနေသည့် မောင်ခြုံ့မျက်လုံး။
ဘယ်လောက်ပင် ကျင့်သားရနေသော်လည်း ညမျက်လုံးကိုတော့ မမီနိုင်။
ညဘက်တွင် လှုပ်ရှားတတ်ကြသော တိရစ္ဆာန်များတွင် ညမျက်လုံးများ ကိုယ်စီရှိကြပါ၏။
ညမျက်လုံးသည် သဘာဝကပေးသော မျက်လုံး။ မောင်ခြုံ့မျက်လုံးက အကျင့်က ဖန်တီးသော မျက်လုံး။
မောင်ခြုံ့မျက်စိသည် ညအမှောင်ကို ဘယ်လိုပင် ကျင့်သားရရ သဘာဝကပေးသော တိရစ္ဆာန်တို့ ညမျက်လုံးကိုတော့ မီနိုင်မည် မဟုတ်။ ညမျက်လုံး ဆိုသည်က ညဥ့်အမှောင်တွင် နေ့မြင်ကွင်းလို မြင်ရသည်မျိုး မဟုတ်ပါလော့။
“ကိုကြီးခြုံ … ဟို … ဟို”
မောင်ခြုံဘေး အနီးမှ ပေါ်ထွက်လာသော အသံမှာ မပြည့်မစုံ။ မောင်ခြုံ့လက်က အသံကို ဆိတ်သွားစေရန် ပါးစပ်ကို အုပ်ပိတ်လိုက်ခြင်းဖြစ်၏။
“အသက်တောင် ပြင်းပြင်းမရှူရဘူးကွ”
မောင်ခြုံက အဖော်ဖြစ်သူကို အသံခပ်အုပ်အုပ်နှင့် သတိပေးလိုက်သည်။
မောင်ခြုံတို့ ရောက်ရှိသောနေရာမှာ မအူပင်မြို့၏ တစ်ဖက်ကမ်း တရုတ်လပ်အရှေ့ကျေးရွာ ‘ဦးပုံကြော’ ကွင်းဖြစ်၏။ ဧကနှစ်ဆယ်ခန့် ကျယ်သော ငါးကန်ကြီးတစ်ကန်ဘေးရှိ ကန်ပေါင်အနီးပေတည်း။
ခုံးမျက်စလကလေးသည် ည ဆယ်နာရီဝန်းကျင်ကစပြီး တိမ်မဲ့သော အပြာခံကောင်းကင်မှာ ချိတ်ဆွဲ လျက်။ ပြည့်ပြည့်တင်းတင်း မရှိသော်လည်း ရှိသည့်အင်အားနှင့် အလင်းရောင်ပေးနေ၏။
တစ်ခါတစ်ရံ ညဉ့်ပျော်ငှက် တစ်ကောင်စ နှစ်ကောင်စ၏ အသံ၊ ချုံအစုအဝေးတို့ဆီက ရေကြက်မ၏ အသံ၊ ပုရစ်နှင့် ပိုးကောင်မွှားကောင်တို့၏ လေးလေးတွဲ့တွဲ့ အော်မြည်သံ၊ ကွင်းလေကြမ်းကြောင့် သစ်ပင်တို့၏ ရွက်ခတ်သံ စသည်ဖြင့် တိတ်ဆိတ် သောညဟု ဆိုရန်ပင် မဖြစ်နိုင်ပါ။
နေ့တွင်ပျော်သော လူနှင့် သတ္တဝါများကြောင့် နေ့အတိုင်းအတာအရ ဆူညံနေဘိသကဲ့သို့ ညသည်လည်း
ညပျော်သတ္တဝါတို့ကြောင့် ညအလျောက် လှုပ်ရှားနေပါ၏။ သို့သော် နေ့လောက်တော့ လှုပ်ရှားမှုအား မကောင်းလှပါချေ။
မောင်ခြုံ့စိတ်က တိတ်ဆိတ်စေလိုသောစိတ် ပြင်းထန်နေသဖြင့် သည်ည၏ လှုပ်ရှားမှု ဖြည်းဖြည်းညင်းညင်းကိုပင်လျှင် ဘဝင်မကျ။
မောင်ခြုံ၏ ညမျက်လုံး မဟုတ်သော်လည်း ကျင့်သားရနေသော ညပျော် မျက်လုံးနှစ်စုံသည်လည်းကောင်း၊ နားကိုစွင့်၍ အာရုံခံကာ လှုပ်ရှားမှုတို့ကို အကဲဖြတ်နေမှုသည်လည်းကောင်း ဆိတ်ငြိမ်မှုကိုသာ လိုလားပါ၏။
မောင်ခြုံက ငါးမုဆိုး။ ငါးမုဆိုးတွေသည် ငါးပုစွန်မျှလောက် ဖမ်းရ ဆီးရသည်နှင့် ကျေနပ်နေ၍ မဖြစ်။ ကွင်းပျော်သတ္တဝါမှန်သမျှကို အခန့်သင့်သလို ဖမ်းဆီးရှာဖွေတတ်ကြပါ၏။
သည်နေ့ မောင်ခြုံ ရှာဖွေဖမ်းဆီးမည့် သတ္တဝါသည် အလွန်လျင်မြန်ဖျတ်လတ်သော သတ္တဝါဖြစ်၏။ ရေရောကုန်းရော ကျင်လည်ကျက်စားသူလည်းဖြစ်၏။ သည်သတ္တဝါသည် မောင်ခြုံတို့လို ငါးသားပုစွန်ရှာဖွေ စားသောက်တတ်သော သတ္တဝါဖြစ်၏။
ခုတော့ ကျားနှင့် ဆင် လယ်ပြင်မှာ တွေ့လေပြီ။
“လာတော့လာမှာ သေချာပါတယ်နော်”
တစ်ချိန်လုံး အသံမထွက်ရန် ဟန့်တားထားသဖြင့် ငြိမ်ကုတ်နေသော မောင်ခြုံ၏ အဖော်က စတင်လှုပ်ရှားလာ၏။ မြက်ခြင်ရိုင်းတွေ သီးနေအောင် ကိုက်ခဲသွေးစုပ်သည်ကိုပင် ရိုက်မသတ်ရဲ။ လက်ဝါးနှင့် ကြိတ်ခြေဖိသတ်နေရပေ၏။
စောင့်ရသည်မှာ စိတ်မရှည်နိုင်သဖြင့် မောင်ခြုံ ဟန့်နေသည့်ကြားက အသံတိုးတိုးနှင့် မောင်ခြုံကို ကပ်ပြီး မေးလေ၏။
“လာမှာပါကွ၊ စိတ်ရှည်ရှည်ထားပါ။ အနာခံမှ အသာစံရမှာ”
မောင်ခြုံက အဖော်ကို နှစ်သိမ့်လိုက်၏။
သည်ကောင်ကို ဆူပူနေလို့မဖြစ်။ ။ သူက မောင်ခြုံတို့လို ကွင်းပျော်ငါးမုဆိုး မဟုတ်။ တရုတ်လပ်အရှေ့ကျေးရွာမှ ဥယျာဉ်လုပ်သားတစ်ဦး။ မောင်ခြုံတို့ ကွင်းပျော်တွေလို ထုသားပေသား ကျမည်မဟုတ်။
“မောင်ဖန် … စောင့်ပါအုံးဟ၊ သိပ် မလောနဲ့ဟ။ ဒီကောင်တွေက နာမည်နဲ့လိုက်အောင် အကင်းပါးတာ။ နားထောင်ကြည့်ပါလား၊ တို့နေရာနဲ့ အနီးအနားက လူနေအိမ်ခြေတွေမှာ အသံတွေ ကြားနေရတယ်လေ။ ဒီတော့ ဒီကောင်တွေက ဘယ်လာမှာလဲ”
မောင်ဖန် စိတ်ကုန်စပြုနေပြီ။
မောင်ခြုံ့စကားသည် အားပေးမှုတစ်ခုပဲဟု ထင်မိသည်။ မောင်ဖန်၏ ကွမ်းခြံပိုင်ရှင်ဖြစ်သော စောလွယ်မှူးက မောင်ခြုံနှင့် လိုက်သွားဖို့ ပြောစကတည်းက စိတ်မပါ။ အခု ငါးကန်ဘေး သမန်းမြက်ချုံထဲ ဝပ်နေရသည်မှာ နှစ်နာရီခန့်ရှိနေပြီ။ အခု တစ်ဖန် လူခြေတိတ်အောင် စောင့်ရမည်ဆို၏။
“ရော့ … မောင်ဖန် ဆေးလိပ်တော့ သောက်လို့မဖြစ်ဘူး၊ ကွမ်းစားပြီး အချိန်ဖြုန်းကြတာပေါ့”
မောင်ခြုံက လွယ်အိတ်ထဲမှာ အသင့်ယာပြီးထည့်လာသော ကွမ်းတစ်ယာကို မောင်ဖန်ကို လှမ်းပေး သည်။ မောင်ဖန်က စိတ်မပါပေမယ့် အလိုက်သင့်လှမ်းယူပြီး ပါးစောင်ထဲ သွင်းလိုက်၏။
တစ်မိုင်ကျော်လောက်က တဲစုသည်လည်း အိပ်မောကျသွားပါလေပြီ။ စောစောပိုင်းကလို လူသံ၊ နွားသံ၊
ခွေးဟောင်သံများလည်း မကြားရတော့ချေ။
သို့သော် ညသည် လုံးဝဆိတ်ငြိမ်ခြင်းတော့ မရှိပါ။ အထူးသဖြင့် ကွင်းလေကြောင့် လှိုင်းကြက်ခွပ်ထသံ ကတော့ မကြာခဏ ကြားနေရပါသည်။
ငါးကန်သာဆိုသည်၊ ကန်အဝန်းက အင်းကြီးတစ်အင်းလို ကျယ်ပြောသည် မဟုတ်ပါကလား။
ကန်စောင်းတစ်လျှောက်တွင် သင်္ဘောပင်အရပ်ပုပုတို့က စီတန်းလျက်။ ကန်လုပ်သားတို့ ဘယ်လောက် ပင်ရှင်းရှင်း ရေနှင့်နီးသဖြင့် ရုတ်ခြည်းရှင်သန်တတ်သော မြက်တို့က ဒူးဆစ်မြုပ်ထိ ရှည်နေ၏။ ပြီးတော့ ထိကရုံး ဆူးပေါက်၊ ယောက္ခမရှုပ်ထွေး၊ ခွေးလှေးယား၊ ကင်းပုံတို့ကလည်း ယှက်ထွေးပြွတ်သိပ်လျက်။
“ဟိုမှာ လာပြီ။ ကျုပ်တို့ ကန် အရှေ့ထောင့်ကသာ ဝပ်နေရင် လူရှိမှန်းသိပြီး ပြန်ပြေးမှာ”
မောင်ဖန်က တီးတိုးရေရွတ်ပြီး မှောင်ထဲတွင် ကန်စပ်ကို တလိမ့်လိမ့် တက်လာသော သတ္တဝါတို့ကို ညွှန်ပြသည်။ တစ်ဆက်တည်း မောင်ခြုံ၏ စောင့်ကြည့်လမ်းရွေးချယ်မှုကို ချီးမွမ်းလိုက်လေသည်။
မောင်ခြုံက အထိုင်မချမီကပင် မိမိဖမ်းဆီးလိုသော သတ္တဝါများ၏ အဝင်အထွက်ခြေရာကို အကဲခတ် သည်။ အသေအချာလေ့လာပြီး စောင့်ကြည့်ချုံကိုရွေး၏။
သတ္တဝါတို့၏ အဝင်လမ်းကို စောင့်ပိတ်သလိုဖြစ်ပါက သတ္တဝါတွေကို လှန့်သလိုဖြစ်လိမ့်မည်။ စောင့်ကြည့်လမ်းကတော့ မှန်သွားပါပြီ။ မောင်ခြုံ လိုချင်သည်မှာ သတ္တဝါတိုင်းကို မဟုတ်။ ထိုသတ္တဝါတွေထဲက ထူးခြားသော သတ္တဝါတစ်ကောင်တည်းကို ဖြစ်ပါ၏။
မိမိ မျှော်လင့်သော သတ္တဝါများ မှောင်ထဲမှာ တလိမ့်လိမ့် ကန်ပေါင်ပေါ် တက်လာသည်ကို မြင်ရသော် လည်း မောင်ခြုံ ဝမ်းမသာနိုင်ပါ။
“ချွမ်း … ချွမ်း … ချွမ်း”
ဆက်တိုက်ကြားလိုက်ရသော အသံကြောင့် မောင်ခြုံနှင့် ပါလာသော မောင်ဖန်က စောင့်ရတဲ့ဝတ်ကျေပြီဟု ဝမ်းသာအားရဖြစ်သွားရပါ၏။
ထောင်ထားသော သံခြေညှပ် ခြောက်ခုကား တစ်ခုပြီးတစ်ခု ဆက်တိုက်ကျသွားလေပြီ။ သည့်အတွက် ကြောင့် စောစောက တလိမ့်လိမ့်တက်လာသော သတ္တဝါတို့ လန့်ပြီး နောက်ကြောင်းပြန်ဆုတ်သွားသည်။
စောစောပိုင်းက တိတ်ဆိတ်နေသော ညသည် သတ္တဝါတွေ၏ လန့်ဖျပ်အော်ဟစ်သံဖြင့် နိုးထလာပြီး မကြာမီတွင် မူရင်းအတိုင်း ပြန်လည်ငြိမ်သက်သွားပါသည်။
(၂)
“ဆေးဖရေ … မကျက်သေးဘူးလား၊ မောင်ခြုံတို့နှစ်ယောက် ဆာလှရောပေါ့ကွ”
“အို … ကိုလွယ်မှူးကလည်း၊ မောင်ခြုံက ရှင့်လို တစ်ပွက်ဆူစား မဟုတ်ဘူး။ နူးမှ အိမှ စားမှာဆိုတော့ တစ်အောင့်တော့ စောင့်ရလိမ့်မယ်”
မောင်ခြုံ စတည်းချသော စောလွယ်မှူး ကွမ်းခြံ၏ အနောက်ဘက် ခြေတံရှည်တဲကလေးကား ညဉ့်နက်လေ အသက်ဝင်လှုပ်ရှားလေ ဖြစ်သည်။ တဲသည် ကွမ်းခြံပိုင်ရှင် စောလွယ်မှူးပိုင် တဲဖြစ်၏။ စောလွယ်မှူးသည် ကျုံတာမှာ ကွမ်းမျိုးသွားဝယ်ရင်း မောင်ခြုံနှင့် ရင်းနှီးခဲ့ကြခြင်း ဖြစ်၏။
မောင်ခြုံတို့ ကျုံတာကွင်းက မအူပင်မြို့၏ အနောက်ဘက်၌ ရှိ၏။ ကျုံတာကွင်းမှာ ငါးသားပုစွန်ပေါသော်လည်း ဖျံဆိုသော ကုန်းနေရေနေသတ္တဝါ ရှား၏။ ရှိလျှင်လည်း ငါးသားပုစွန် ရှာဖွေသူများ ခြေချင်းလိမ်လျက်ရှိသော စားကျက်ကွင်းတွင် အသက်နှင့်ခန္ဓာ ရေရှည်မြဲမည်မဟုတ်။
ဖျံဆိုသော သတ္တဝါကို ရှာရမည်ဆိုလျှင် ကျုံတာစားကျက်ကွင်းကို အမှီပြုရှာ၍ ရနိုင်မည်မဟုတ်။ သို့အတွက်ကြောင့် စောလွယ်မှူးနေထိုင်သော မအူပင် တရုတ်လပ်ကွင်းကို လာခဲ့ရ၏။ ခင်မင်စရာကောင်းသော စကော ကရင်လူမျိုး စောလွယ်မှူးနှင့် ဇနီး ဖြစ်သူ နော်ဆေးဖတို့ကလည်း ဧည့်ဝတ်ကျေပွန်ကြ၏။
“နော်ဆေးဖကို အားနာလှပါတယ်ဗျာ။ ညလယ်စာချက်ကျွေးတာပဲ လွန်နေပြီ။ ခင်ဗျားတို့က မနက်မှပဲ ချက်ပါ အိပ်ပါပြောလည်း မရမို့သာ”
ဖျံသေခြောက်ကောင်နှင့် ညဉ့်နက်မှ တဲရောက်လာသော မောင်ခြုံတို့နှစ်ယောက်ကို စောလွယ်မှူးနှင့် နော်ဆေးဖက ဘက်ထရီမီးရောင်ကလေးမှိန်မှိန်နှင့် ကြိုစောင့်နေရှာသည်။ နော်ဆေးဖကိုယ်တိုင် ဖျံသေ တစ်ကောင်ကို အရေခွံဆုတ်ပြီး ညလယ်စာ ချက်ကျွေးရန် ပြင်ဆင်ပါတော့၏။
“ဖျံတိုင်း ကျုပ်လိုချင်တာ မဟုတ်တော့ တွက်ခြေမကိုက်ပါဘူး ဖထီးရာ”
“မပူစမ်းပါနဲ့ မောင်ခြုံရာ၊ ဦးလေး ဦးဒီတူးကို ငါ့သား သွားနှိုးနေပြီကွ။ အဲဒီ ဦးဒီတူးက ဖျံရှာတဲ့နေရာမှာ ပထမတန်းစားကွဲ့။ ခုတော့ အသက်က ထောက်လာလို့ မလုပ်တော့တာ”
စောလွယ်မှူး၏ နှစ်သိမ့်မှုကြောင့် မောင်ခြုံ စိတ်သက်သာရာရသွား၏။ လုပ်ငန်းမှန်သမျှ ခက်ခဲနက်နဲစမြဲ။
အထူးသဖြင့် တိရစ္ဆာန်မုဆိုး လုပ်ကြရာတွင် တိရစ္ဆာန်များ၏ အမူအကျင့်ကို သိကျွမ်းနှံ့စပ်ရ၏။ မောင်ခြုံက ငါးသားပုစွန်နှင့် ပတ်သက်လျှင် အကျွမ်းတဝင်ရှိသူသာ ဖြစ်၏။ ဖျံနှင့် ပတ်သက်လျှင် မရင်းနှီး။ သို့သော် . . .
“အားနာစရာဗျာ ဖထီးရယ်၊ ညဉ့်နက်သန်းခေါင် သက်ကြီးဝါကြီးကို ခေါ်လို့ ကောင်းပါ့မလား”
“မပူပါနဲ့ မောင် ခြုံရယ်၊ ဦးဒီတူး ကြိုက်တတ်တာကို ငါလုပ်ထားပါတယ်ဟ”
စောလွယ်မှူးက ထန်းလျက်ချက်အရက် ပုလင်းတစ်လုံးကို မောင်ခြုံ မြင်အောင် မြှောက်ပြလေ၏။
“ပိုပြီး အားနာစရာ ဖြစ်ကုန်ပြီပေါ့။ ကျွန်တော် လာတာနဲ့ ဖထီးရော နော်ဆေးဖပါ အလုပ် ပင်ပန်းကုန်ပြီ’’
သည်အခါ ခြေတံရှည်တဲအောက်မှာ အလုပ်ရှုပ်နေရှာသော နော်ဆေးဖက အသံမြှင့်၍ မောင်ခြုံကို တုံ့ပြန်လိုက်ပါလေ၏။
“မောင်ခြုံရေ … ဘာမှ အားနာမနေနဲ့ဟဲ့။ တို့ ဒီမအူပင်အရှေ့ဘက်ကမ်း ငါးပိက အနောက်ဘက်ကမ်း ငါးပိကို မီတာမဟုတ်ဘူး။ ငါက နင်ယူလာတဲ့ သုံးဦးစပ် ငါးပိ ဖြူဖြူဖွေးဖွေး ရပြီးကတည်းက စိန်ထုပ်၊ ရွှေထုပ်ရသလို ဝမ်းသာနေတာဟဲ့။ ဒီအတွက် နင့်ကို ကျေးဇူးတင်လွန်းလို့။ နင်လာတာ ဧည့်ခံတာများ စကားထဲ ထည့်မပြောစမ်းပါနဲ့ဟာ” တဲ့…။
“ဟေ့ … လွယ်မှူးတို့၊ ဆေးဖတို့ ရေ … ဟင်းနံ့က ကြိုင်လို့ပါလား”
“လာဝေ့ ဖထီး ….ဟင်းနဲ့လိုက်မယ့် ထန်းလျက်နံ့သင်းသင်းလည်း ရှိတယ်ဗျ … လာဗျ”
မောင်ခြုံတို့ အချီအချပြောနေတုန်း၌ပင် ဦးဒီတူးမည်သော ကရင်တိုင်းရင်းသား အဘိုးအိုတစ်ဦးသည် ဝါးမြစ်ဆုံတုတ်ကောက်ကို အမှီပြု၍ ခြေတံရှည်တဲကလေးအပေါ် တက်လာပါလေ၏။
“ကျားသားမိုးကြိုး … ဖျံထီးလိုချင်လို့ သံခြေညှပ်နဲ့ထောင်တယ်။ ဖြစ်ရလေ ဖိုးခွားရယ်၊ ခြေညှပ်ငါးရာခင်းထောင်လည်း မင်းလိုချင်တဲ့ ဖျံထီး မရနိုင်ဘူး ဖိုးခွားရဲ့”
ဖျံသားဟင်း မွှေးမွှေးနှင့် ထန်းလျက်အရက်သင်းသင်းကြောင့် ညလယ်စာ ထမင်းဝိုင်းကား စတင်စည်ကားလာပါ၏။
“ဖျံထီးတွေက ဖျံမတစ်ကောင် သားပေါက်တာနဲ့ အဲဒီဖျံမမှာ အထီးပါရင် ကိုက်သတ်ပစ်တာကွဲ့ ဖိုးခွားရဲ့။ ဒါကြောင့် ဖျံအုပ်တစ်အုပ်မှာ ဖျံကြီးတစ်ကောင်ပဲ ရှိတယ်”
“ကျွန်တော် လက်တွေ့တော့ မမြင်ဖူးသေးဘူးလေ။ ဒါပေမဲ့လို့ မတစ်ထောင် တစ်ကောင်ဖွား အကျင့်ဆိုတာတော့ ကြားဖူးသားအဘရဲ့”
“ဒါပေါ့ ဖိုးခွားရဲ့၊ ဒီအကျင့်ဆိုးကြောင့်လည်း ဖျံထီးမှန်သမျှ သက်ဆိုးမရှည်တာပေါ့ကွယ့်။ ဖျံသိုဟာ ယောက်ျားအားဆေးအတွက် အလွန်အစွမ်းထက်တဲ့ဆေးဆိုပြီး သုံးစွဲတာ”
အခုလည်း မောင်ခြုံ ကျုံတာကွင်းကိုပစ်၍ မအူပင်အရှေ့ဘက်ကမ်းကို လာရောက်ခြင်းသည် ဖျံသိုရရှိရေးကြောင့်ပင် ဖြစ်သည်။ သို့သော် ဖျံသို ဆိုသည်ကလည်း ဝယ်လက်ကောင်းကောင်းနှင့်တွေ့မှ ဈေးကောင်းရတတ်ပါ၏။
အခု မောင်ခြုံ ဝယ်လက်ကောင်းကောင်း တွေ့ရှိထားပါ၏။ မောင်ခြုံ့ ဝယ်လက်က ဖျံသိုတစ်ခုကို သိန်းဂဏန်းနီးပါး ပေးမည်ဟု ဆိုလေ၏။
သို့သော် ဖျံသေကို သူ့ရှေ့ကို ဆောင်ယူလာပြီး သိုအား ရှေ့တင် ခွဲထုတ်ပေးရမည် ဖြစ်သည်။ ဝယ်လက်ကို ဇီဇာကြောင်ရန်ကောဟု ဆို၍မဖြစ်။ ဖျံသိုရောင်းသူတွေကလည်း အလွန်ဉာဏ်များတတ်သားကလား။
ခွေးပေါက်သိုကိုဖြတ်၊ အခြောက်လှန်းပြီး ဖျံသိုဟု လိမ်ညာရောင်းတတ်ကြ၏။ ကြောင်သိုကိုလည်း ဖျံသို လုပ်တတ်ကြ၏။ ဖျံသေကိုယူလာပြီး သိုကို မျက်မြင်ခွဲထုတ်မှသာ သေချာမည့်ကိစ္စ ဖြစ်၏။
“ဖျံသိုရှာသူကြောင့် ဖျံထီး ရှားသွားတာလား၊ ဖျံတွေရဲ့ မတစ်ထောင် တစ်ကောင်ဖွား ဝါဒကြောင့် ဖျံထီးရှားပါးသွားတာလား”
သည်အတွေးသည် မောင်ခြုံ့ ရင်ထဲမှာပင် တိမ်မြုပ်၍ ကွယ်ပျောက်သွားသည်။ ဖျံသို ရှာဖွေရခြင်း၏ အကြောင်းရင်းအပြည့်အစုံကိုတော့ ပြောပြ၍ မဖြစ်။ လျှိုသင့်တာလည်း လျှိုဦးမှ။ မတစ်ထောင် တစ်ကောင်ဖွားဆိုသည် အတ္တကြီးသော၊ လောဘကြီးသော ဖျံထီးတစ်ကောင် ရရေးကိစ္စမှာ လွယ်ကူသောကိစ္စ မဟုတ်။
မောင်ခြုံက အရှေ့ကွင်းသားတစ်ဦး ဖြစ်၏။ မောင်ခြုံတို့ ကျက်စားသော မအူပင်မြို့ အနောက်ဘက်ကွင်းသည် ဖျံရှားပါးသည်ဖြစ်ရာ တရုတ်လပ်ကွင်းသား ဖျံမုဆိုးကြီး ဦးဒီတူးထံမှ ဖျံသတ္တဝါတို့၏ အမူအကျင့်ကို ရရှိခြင်းမှာ မောင်ခြုံအတွက် အဖိုးတန်ခဲ့လေပြီ။
(၃)
ဒုတိယညအတွက် မောင်ခြုံ ဖျံချောင်းရာတွင် မိမိမျက်လုံးတို့က ပထမညထက် စူးရှတောက်ပလာပေ သည်။ ဖျံမုဆိုးဟောင်းကြီး ဦးဒီတူးထံက ဖျံသတ္တဝါနှင့်ပတ်သက်သော အတွေ့အကြုံတို့ ရရှိခဲ့သည် မဟုတ်ပါကလား။
“ဖိုးခွား … ဖျံလိုချင်တာမှ မဟုတ်တာ။ သံခြေညှပ်နဲ့ သွားထောင်လို့ကတော့ ဖျံမတွေပဲရပြီး သံခြေညှပ် ကျသံကြားပြီး ဖျံအုပ် လန့်သွားတော့ ဖျံထီးကြီးလည်း ပြေးပြီပေါ့ကွာ။ ဖျံတစ်အုပ်မှာ ဖျံထီးတစ်ကောင်ပဲ ထိန်းကြတာ။ ကိုယ့်အုပ်ထဲက ဖျံမတစ်ကောင် ပေါက်ပြီဆိုတာနဲ့ ဖျံထီးကြီးက အထီးဆိုရင် ကိုက်ခဲသတ်ပစ်ကြတယ်။ ဒါကြောင့် တချို့ သားခင်တဲ့ အမတွေဟာ သားမွေးလာရင် ကိုယ့်သားသမီးနဲ့အတူ ဖျံအုပ်က ခွာခဲ့ကြတယ်။ ဒီလိုနဲ့ အုပ်ကွဲပြီး ဖျံအုပ်အသစ် ထပ်ပေါ်ပေါက်လာတာပေါ့ကွယ်”
“ဖထီးငယ်ငယ်တုန်းကဆိုရင် ဖျံထီးဖမ်းတဲ့အခါမှာ လင်းလေးကိုသုံးတယ်။ လင်းလေးနဲ့ ဖျံအုပ်ကို ချုံကွယ်မှာ ချောင်းမြောင်းရတယ်။ ဖျံထီးဆိုတဲ့ကောင်ဟာ အင်မတန်မိုက်ရိုင်းပြီး ဗိုလ်ကျတဲ့ သတ္တဝါမျိုးကွဲ့။ ကန်ထဲဆင်းပြီး ငါးရှာတော့မယ်ဆိုရင် အမတွေကို အရင်ဆုံးဆင်းခိုင်းတယ်။ အမတွေဆင်းပြီး အန္တရာယ်ကင်းလောက်ပြီဆိုတော့မှ သူက ဆင်းတာကွ။
ဖျံထီးတစ်ကောင်ဟာ ဖျံအုပ်ထဲမှာ ဒီလိုဖျံကျလွန်းတော့ ဖျံမတွေထက် အဆမတန် ဝဖြိုးတာ ဖိုးခွားရဲ့”
မောင်ခြုံက ဦးဒီတူး၏ ဖျံအတွေ့ အကြုံကို အပ်ကျမပ်ကျ နားထောင်ထားပါ၏။ ဦးဒီတူး၏ အတွေ့အကြုံကြောင့် ဖျံထီးဖမ်းရာမှာ မောင်ခြုံ တစ်ယောက် သံလယ်ညှပ်ကို စွန့်လွှတ်လိုက်၏။ ဦးဒီတူးကဲ့သို့ ‘လင်းလေး’ ကို မသုံး။ လင်းလေးဆိုသည်က မြား ကိုင်းတွင် လောက်စာအိမ်ပါသော လေးကြိုးကိုတပ်လျက် လောက်စာလုံးနှင့် ပစ်ခြင်းဖြစ်၏။ လင်းလေးနှင့် ပစ်ဖမ်းလျှင် ဖျံတစ်ကောင်၏ ဦးခေါင်းကို တိုက်ရိုက်ထိမှန်လေမှ ဖြစ်မည်။
ပြီးတော့ လင်းလေးဆိုသည်က မောင်ခြုံ ကိုင်တွယ်နေကျ လက်နက်ကိရိယာ မဟုတ်။
သည်ညတွင် မောင်ခြုံ အသုံးပြုမည့် လက်နက်က ခြောက်သွားပါသော မှိန်းတစ်ချောင်းဖြစ်ပါ၏။ မှိန်းသည် မောင်ခြုံနှင့် လက်ယဉ်သော လက်နက်တစ်ခု။ မှိန်းရိုးအဖြစ် ထီးရိုးဝါးရင့်ရင့်တစ်ချောင်းကို ကျပ်တင်ပြီး မှိန်းသွားတပ်ထားသဖြင့် ပေါ့ပါးသွက်လက်၏။ သည်မှိန်းတစ်ချောင်းကို ကိုင်လျက် စားကျက်ကွင်းပျော် ကြွက်များကို သုတ်သင်ခဲ့သည် မဟုတ်ပါကလား။
မနေ့ညက အဖော်အဖြစ်ခေါ်လာသော မောင်ဖန်သည်လည်း ဖျံလိုက်သည့် ပထမအကြိမ်အတွေ့အကြုံ ကြောင့် ဣန္ဒြေတည်ငြိမ်လျက် ရှိ၏။ ခေါင်းဆောင်ဖြစ်သူ မောင်ခြုံ၏ အရိပ်ကိုကြည့်၍ တည်ငြိမ်စွာ လှုပ်ရှားနေ၏။
မောင်ခြုံက ဆိတ်ငြိမ်သော ညရိပ်ကိုမှီ၍ အတွေးဆန်းနေပေ၏။
“ဖျံသိုစစ်စစ်ရဖို့က မလွယ်ဘူးကွဲ့၊ ဒါကြောင့် မောင်ခြုံကို အဘက အပူကပ်တာ။ တရုတ်လပ်အရှေ့ရွာ ငါးကန်တွေမှာတော့ ဖျံတွေရှိတယ် ကြားတယ်။ လက်ပန်ကုန်းရွာက ‘အရှန်’ကို ငါကုနေတုန်း အရေးပေါ် လိုတဲ့ ဆေးတစ်ခုက ဖျံသိုပဲကွ။ အရင်က ဖျံသိုအခြောက်တစ်ခု ငါ့မှာရှိတယ်။ ငါးသောင်းနဲ့ ရောင်းလိုက်မိတယ်။ ခုဆိုရင် ရှစ်သောင်း တစ်သိန်းလောက် ဈေးပေါက်နေပြီ”
မြန်မာတိုင်းရင်းဆေးဆရာကြီး ” ဦးဘိုးမြ” နှင့် မောင်ခြုံတို့မှာ တရင်းတနှီးရှိခဲ့ကြ၏။ သတ္တဝါထွက်ပစ္စည်း လိုအပ်လာလျှင် ဦးဘိုးမြက မောင်ခြုံကို သတိရတတ်၏။ လိပ်သည်း၊ စပါးကြီးသည်းခြေ စသည်ဖြင့် မောင်ခြုံကို လိုအပ်လျှင် လိုအပ်သလိုမှာ၍ ဝယ်ယူတတ်၏။
ယခုလည်း လက်ပန်ကုန်း ဒကျေးရွာက တရုတ်လူမျိုး အရှန်၏ အမျိုးသားရောဂါကို ကုသရင်း လိုအပ်သော ဖျံသို အစစ်အမှန်ရရှိရေးမှာ ဦးဘိုးမြအရေးပေါ်ဖြစ်လာ၏။ လူနာကလည်း ကြွယ်ပိုးကြွယ်ဝရှိသူဖြစ်၍ ငွေကြေးတတ်နိုင်၏။ ဖျံသိုအစစ်သာရလျှင် ကြိုက်ဈေးပေးမည့်သူတစ်ဦး ဖြစ်၏။
“ဖျံသို တစ်မည်တည်းနဲ့ အမျိုးသားအားဆေးဖော်လို့ ရတာပေါ့နော် အဘဘိုးမြ”
တိုင်းရင်းဆေးဆရာကြီး ဦးဘိုးမြ ကို မောင်ခြုံက သွေးတိုးစမ်းမေး၏။
“ဖျံသို တစ်မည်တည်း ဘယ်ရမလဲကွဲ့။ ဒါပေမဲ့လို့ ဖျံသိုဟာ အဓိကဇာတ်ဆောင် ဆေးတစ်မည်ပဲ။ ယောက်ျားမှာ ဖြစ်တတ်တဲ့ ပန်းညှိုးရောဂါဖြစ်လာလို့ အလျင်အမြန် မကုရင် အခြားအကြောသေရောဂါတွေ ဝင်လာတတ်တယ်။ မင်း ဖျံထီးအသေ တစ်ကောင်သာ ယူခဲ့။ မင်းကို အရှန့်ဆီခေါ်သွားမယ်။ ဈေးကောင်းရဖို့ ငါပြောပေးမယ်”
တိုင်းရင်းဆေးဆရာကြီးဦးဘိုးမြ၏ စကားက မောင်ခြုံ့နားထဲက အခုတိုင် မထွက်။ ဒါကြောင့်လည်း မောင်ခြုံက သူကျင်လည်ကျက်စားခဲ့သော မအူပင် မြို့အနောက်ဘက်ကွင်းအား ယာယီစွန့်ခဲ့ပြီး တရုတ်လပ်အရှေ့ရွာကို ရောက်ခဲ့ရခြင်းဖြစ်၏။
တရုတ်လပ် အရှေ့ကွင်းတွင် ငါးကန်များ ရှိ၏။ ငါးကန်ကို အခြေပြုပြီး ကုန်းဖျံများရှိကြောင်း သတင်းရထားပါ၏။
နားကင်းပါးသော မောင်ခြုံ၏ နားစည်ကို တစ်စုံတစ်ခုသော အသံတို့က စတင်တိုက်ခတ်သွား၏။
ဒါကြောင့် အဖော် မောင်ဖန် ကို လက်ကုတ်၍ ငြိမ်သက်ဖို့ သတိပေးလိုက်ရပါသည်။
လရောင် မစို့မပို့အောက်မှာ မည်းမည်းသဏ္ဌာန်တို့ မြက်တောထဲမှာ တွေ့လိုက်ရ၏။ လောလို့ မဖြစ်။ မတစ်ထောင် တစ်ကောင်ဖွား စိတ်ထားရှိသော ဖျံထီးကြီးသည် ဖျံမများကို ရှေ့ဆုံးကလွှတ်ခြင်းဖြစ်၏။ သွေးတိုးစမ်းသည့် သဘောပေတည်း။
(၄)
အမှောင်ထဲမှာ ကိုယ်လိုချင်သော သတ္တဝါကိုရွေးချယ်ရခြင်းမှာ လွယ်သည့်အလုပ် မဟုတ်။
မောင်ခြုံက အမှောင်ထဲမှာ အကဲခတ်တတ်သော ကျင့်သားရသည့် မျက်လုံးတစ်စုံ ရှိထားပါ၏။ သည်မျှနှင့်တော့ မလုံလောက်ပါ။
ကုန်းဖျံတို့၏ ဗီဇစရိုက်ကို ယဉ်ပါးနေသော ဦးဒီတူး၏ အတွေ့အကြုံကို သင်ယူထားပြီးဖြစ်၏။
“ဖျံထီးဆိုတာက သာမန်ကုန်းဖျံတွေထက် အဆမတန်ကြီးထွားတာကလားကွဲ့။ အထီးအမအင်္ဂါကို ကြည့်စရာမလိုအောင်ကို ပေါ်လွင်ထင်ရှားတာ ဖိုးခွားရဲ့”
ရှေ့ဆုံးက ဖျံမတွေ တစ်အုပ်ပြီး တစ်အုပ် ဆင်းနေပြီ။ မောင်ခြုံ ကတော့ အသက်ပင် မှန်မှန်မရှူရဲ။
မျက်လုံးပင်လည်း တစ်ချက် မမှိတ်ဝံ့။ မျက်တောင် မခတ်ဘဲ မှောင်ထဲမှာ မြက်တောကိုဖြတ်၍ ကန်ထဲဆင်းနေသော ဖျံအုပ်ကိုကြည့်ရင်း ဖျံအုပ်ထဲမှာ ဖျံထီးကြီး ပါ မပါကို သတိထားကြည့်နေရပေ၏။
“ဟော”
မောင်ခြုံနှုတ်က ယောင်၍ အသံ ထွက်သွား၏။ ကုန်းဖျံအုပ်၏ ဦးစီးခေါင်းဆောင်ဖြစ်သော ဖျံထီးကြီးသည် ဖျံမများနှင့် အလွန်ကွာခြားသည် မဟုတ်ပါကလား။
ရှေ့ဆုံးက ကန်ထဲဆင်းသော ဖျံမတို့ထက် အဆမတန်ထွားကျိုင်းသော ဖျံထီးကြီးကား ကန်ထဲကိုဆင်းရန် ပတ်ဝန်းကျင်ကို စူးစမ်းနေပါ၏။ လျှပ်ပြက်သလို လှုပ်ရှားရမည်ကိုပင် သတိမရ။
နောက်ဆုံး ဖျံထီးကြီး ကန်နှင့် လက်တစ်ကမ်းအကွာအရောက်မှာ လက်ထဲရှိမှိန်းကို ချိန်ဆပြီး ဝှီးခနဲ ပစ်လွှတ်လိုက်ပါတော့၏။
မိမိ၏ လက်အချိန်အဆကို စိတ်ချပြီးသား။ သည်မှိန်းနှင့် လယ်ကြွက်၊ ကွင်းကြွက်များကိုပင်လျှင် ချက်ကောင်းထိအောင် ပစ်ခဲ့ဖူးပါ၏။
ခွေးပေါက်လောက်နီးနီးရှိသော ကုန်းဖျံထီးကြီးလောက်ကတော့ မောင်ခြုံမှိန်းက သေကွင်းကို မထိ သည့်တိုင် ချက်ကောင်းကို ထိသွားမည် ဖြစ်ပါသည်။
ကုန်းဖျံထီးကြီး၏ နာနာကျင်ကျင် အော်ဟစ်သံသည် တိတ်ဆိတ်သောညကို ဖောက်ထွင်းသွားပါလေ၏။
“မီးထိုးစမ်း … မောင်ဖန်”
မောင်ခြုံက ကြက်သေသေပြီးလောက်အချိန်ကျမှ မောင်ဖန်ကို သတိပေးလေ၏။
သည်အခါ မောင်ဖန့် လက်ထဲက ငါးတောင့်ထိုးဓာတ်မီးအရောင်သည် မြင်ကွင်းရှင်းလင်းထင်ရှားစေရန် အလင်းရောင်ပေးလေသည်။
စောစောပိုင်းက အမှောင်ထဲမှာ လူးလှိမ့်နေသော ဖျံထီးကြီးကို မတွေ့ရသလို ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
ဒါကြောင့် မောင်ခြုံသည် မချင့်မရဲဖြစ်ကာ မောင်ဖန်ဆီက ငါးတောင့်ထိုးဓာတ်မီးကို လှမ်းယူပြီး ရှေ့ထွက်သွားလေ၏။ ထို့ပြင် ဓာတ်မီးအလင်းရောင်ကို ဖြန့်စေကာ ရှာ၏။
မောင်ခြုံ၏ လက်စွဲတော်မှိန်းကား ကန်စပ်ချုံ ပုတ်ပေါ် တင်ကျန်ခဲ့သည်ကို တွေ့ရလေ၏။
“ချက်ကောင်းထိတာ သေချာတယ်ကွ၊ ရှာစမ်းပါအုံး”
မောင်ခြုံ က မောင်ဖန် ကို ကူကြည့်စေ၏။
သို့သော် ကုန်းဖျံကြီးကို လုံးဝ ရှာမတွေ့တော့ပေ။
မောင်ခြုံ သေချာစေ့စပ်စွာ မှိန်းတိုနှင့် ပစ်ထိုးလိုက်သော ဖျံထီးကြီးမှာ ပျောက်ဆုံးနေပါ၏။
မှိန်းနှင့်ထိုးလိုက်သော နေရာတွင် သွေးစသွေးနတို့ကို တွေ့လိုက်ရပါ၏။ ဝိညာဉ်ကင်းမဲ့နေသော၊ သို့မဟုတ် အသက်ငင်နေသော၊ သို့မဟုတ် ပြင်းထန်စွာ ဝေဒနာခံစားနေရသော ဖျံထီးကြီးကို တွေ့ရမည်ဟု တထစ်ချ ယုံကြည်ထားခဲ့သော မောင်ခြုံစိတ်မှာ ဆောက်တည်ရာမရ။
“အလိုလေး … တောခြောက်တာဗျ။ မှိန်းထိသွားတာ မြင်ရရဲ့သားနဲ့ဟာ”
သည်အထဲ မောင်ဖန့် စကားကြောင့် မောင်ခြုံသည်ပင်လျှင် ကြက်သီးထသွားခဲ့ရပါ၏။ သည်ကွင်းက မောင်ခြုံနှင့် မရင်းနှီး။ ဦးဒီတူး အကြံပေးသည့်အတိုင်း ဖျံပစ်မထွက်ခင်က လက်ဖက်တစ်ရိုး ကွမ်းတစ် ယာနှင့် ကွင်းမြှောက်ခဲ့ပြီး ဖြစ်ပါ၏။
ကန်ရေပြင်ကို လက်နှိပ်ဓာတ်မီးနှင့်ထိုး၍ ကြည့်လိုက်ပြန်တော့ ကန်ရေက တစ်စုံတစ်ခု ပြုတ်ကျခဲ့ကြောင်း အရစ်ရစ်ထနေသည့် ဂယက်တို့ကို တွေ့ရပါ၏။
“ရေထဲ ပြုတ်ကျသွားပုံပဲ။ ခဏ စောင့်ကြည့်ရအောင်။ ပေါ်လာလို ပေါ်လာငြားပေါ့”
မောင်ခြုံနှင့် အဖော် မောင်ဖန်တို့ နှစ်ဦးမှာ ဇွဲကောင်းစွာ လက်နှိပ်ဓာတ်မီးတစ်လက်နှင့် ရှာဖွေကြလေ၏။
သို့သော် ဖျံသေကြီးကိုတော့ လုံးဝ ရှာမတွေ့တော့ပါချေ။
(၅)
“ဖြစ်ရလေ ဖိုးခွားရယ်၊ ဦးဒီတူး သတိပေးတာ လိုသွားလို့ ခုလိုဖြစ်ရတာ။ ဖျံထီးတွေကို ပစ်ခတ်ဖမ်းဆီးတဲ့အခါ ရေနဲ့နီးနေရင် ပစ်ပြီးတာနဲ့ ပြေးကောက်ရတယ်။ မကောက်ဖြစ်ရင် အဲဒီဖျံက ရေအောက်ကိုဆင်းသွားပြီး ရေအောက်က သစ်ငုတ်၊ ဒါမှမဟုတ် မြေကြီးကို ကုပ်တွယ်ပြီး အသေခံတာ။ ဖျံသေပုပ်မှ ပေါ်တော့ ဒီဖျံရဲ့သိုကို ဘယ်အသုံးချလို့ ရတော့မှာလဲကွယ်”
သည်တစ်ပွဲမှာ မောင်ခြုံ ရှုံးခဲ့ရပါသည်။ မောင်ခြုံခမျာ ဖျံထီးဖမ်းမိရေးအတွက် မိမိကျက်စားကျင်လည်ခဲ့သော ကွင်းကိုပစ်ကာ တရုတ်လပ်ကွင်းကို ရောက်ခဲ့သည်မှာ သုံးရက်မြောက်ခဲ့ပါပြီ။
အရင်ကဆိုလျှင် တရုတ်လပ်ကွင်းသည် ကုန်းဖျံများအလွန်ကျက်စားသော နေရာဖြစ်၏။
တရုတ်လပ်ကွင်းသည် တစ်ချိန်ကဆိုလျှင် ဗျိုက်တော၊ ဒုံတော၊ ရေနက်ကွင်းများ လက်ယှက်ထိုး ပြွမ်းတီးသော ဒေသဖြစ်ပါသည်။ လူနေအိမ်ခြေကျဲပြီး လူသူအရောက်အပေါက်နည်းသော နေရာဖြစ်သည်။
ငါးမွေးမြူရေးကန်အဖြစ် စတင်ဆောင်ရွက်သည်မှာ ဦးဖုံဟူသော တရုတ်အမျိုးသားကြီးတစ်ဦးဖြစ်သည်။ သည့်နောက်ပိုင်း ဦးတင်ရွှေဆိုသူက ဦးဖုံကဲ့သို့ ငါးကန်များတူးပြီး ငါးမွေးမြူရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။
ဦးတင်ရွှေ၏ လုပ်ငန်းတွင်ကျယ်မှုသည် နောင်အခါ တရုတ်လပ်အရှေ့ကွင်းတွင် ငါးစပါး ကန်ပေါင်းမြောက်မြားစွာ ဖြစ်ထွန်းလာခဲ့ပါသည်။
သည်လို တရုတ်လပ်အရှေ့ဘက်ကမ်းတွင် လုပ်ငန်းတွင်ကျယ်၍ လူနေစိပ်လာခဲ့သည့်အလျောက် ကုန်းဖျံများလည်း ရှားပါးလာခဲ့ပေသည်။
“အေးကွယ် … မင်းတို့ခေတ်ကျတော့ ကုန်းဖျံတွေ အရမ်းရှားပါးလာတာကိုး။ ခုတလော သတင်းအရဆိုရင် မလက်တို အနောက်ကွင်းမှာတော့ ကုန်းဖျံတွေ ရှိတယ်ကြားရတယ်”
စိတ်ဓာတ်ကျနေသော မောင်ခြုံ ကို စောလွယ်မှူးက ကုန်းဖျံတို့ရှိသည့် နေရာကိုပြောပြသည်။
“အရှုံးနဲ့ပဲ ပြန်တာကောင်းမှာပါ စောလွယ်မှူးရယ်။ ကျုပ်မှာလည်း အနောက်ကွင်းမှာ လုပ်ငန်းတွေကို ပစ်ထားခဲ့ရတာ။ တရုတ်လပ်ကွင်းမှာလို လူခံဖြစ်တဲ့ စောလွယ်မှူးတို့၊ ဦးဒီတူးတို့လို လူရင်းတွေရှိတာတောင် ခက်ခဲနေရင် လူသိမရှိတဲ့ မလက်တိုရွာ အနောက်ကွင်းဆိုရင် မစဉ်းစားရဲပါဘူး”
ကုန်းဖျံထီးတစ်ကောင်ရရှိဖို့ လွယ်လင့်တကူ အလုပ်မဟုတ်။ ငါးကန်ပိုင်ရှင်၏ ခွင့်ပြုချက်ကို ကြိုတင် ရယူထားရလေသည်။ တရုတ်လပ် အရှေ့ကျေးရွာမှ လူခံဖြစ်သော စောလွယ်မှူးက ဦးဆောင်၍ အစစအရာရာ ကူညီပေးလို့သာ အဆင်ပြေခဲ့ခြင်းဖြစ်၏။
“အေးဗျာ … တိုင်းရင်းဆေး ဆရာကြီး ဦးဘိုးမြကတော့ ကျွန်တော် ရွာအပြန်မှာ ဖျံသိုပါမယ်ထင်မှာပဲ။ ရွာအပြန် မျက်နှာဘယ်လိုပြရမှန်းတောင် မသိတော့ပါဘူး”
“စိတ်လည်းပျက်မနေနဲ့ ဖိုးခွား ရဲ့။ ဖျံသို မရပေမယ့် ဖျံသိုရဲ့ အာနိသင်အတိုင်း အစွမ်းထက်တဲ့ ပစ္စည်းတစ်မျိုးကို ဖထီးပေးလိုက်မယ်’’
“ဘာပစ္စည်းလဲ ဖထီးရဲ့”
စောလွယ်မှူးက ဦးဒီတူးကို အငမ်းမရမေး၏။ မောင်ခြုံကတော့ ဖျံသို မရကတည်းက ဘာကိုမှ စိတ်ပါ ဝင်စားမှုမရှိဟန်နှင့် ငေးငိုင်နေလေ၏။
“ဒီလိုကွဲ့ … ခွေးလှေးယားပင်ရဲ့ အမြစ်ပေါ့ကွ”
“ဖထီးကလည်း ခွေးလှေးယားမြစ်က ဘာအသုံးဝင်မှာလဲ”
“ဒီခွေးလှေးယားအမြစ်ဟာ ယောကျ်ားအားဆေးဖြစ်ကြောင်း ဖော်ထုတ်ပေးတာ မင်းတို့ အရမ်းလိုချင်နေတဲ့ ဖျံထီးကြီးပဲကွ”
“ဒီလိုဆိုလည်း အတွေ့အကြုံလေး ရှင်းပြပေးပါအုံး ဖထီးရယ်’’
နောက်ဆုံး စိတ်ဓာတ်ကျနေသော မောင်ခြုံပင်လျှင် ဖထီးဦးဒီတူးကို ပွဲတောင်းလာခဲ့ပါသည်။
သည်အခါ တစ်ချိန်တုန်းက ကုန်းဖျံမုဆိုးကြီးဖြစ်သူ ဦးဒီတူးသည် ရှေ့တွင် အသင့်ငှဲ့ထားသော ရေနွေးပန်းကန်လုံးထဲရှိ အေးစက်၍ ကျနေသော လက်ဖက်ရည်ကို မော့သောက် အာရှင်းလိုက်ပြီးနောက် သူ့အတွေ့အကြုံကို ဖောက်သည်ချလိုက်ပါလေသည်။
“တစ်နေ့ပေါ့ကွာ၊ တရုတ်လပ် အရှေ့ကွင်းကို ဖြတ်ပြီး ဖိုရာဝဲကို သွားတုန်းကပေါ့ကွာ။ ဒုံမင်းကြီးဗျိုက်တောအစပ်လည်းရောက်ရော တဗြဲဗြဲနဲ့ အသံ ကို ကြားရတော့ အသံကြားတဲ့ ချုံထဲကို ချောင်းပြီးလည်းကြည့်ရော ကုန်းဖျံထီးကြီးတစ်ကောင်ဟာ နွယ်ပင်တစ်ပင်ရဲ့အမြစ်ကို တူးနေတာကို တွေ့ ရတယ်။ ဆက်ပြီး အသံမပေးဘဲ ကြည့်တဲ့အခါမှာ အဲဒီအမြစ်ကို ကုန်းဖျံထီးကြီးဟာ အားရပါးရ စားနေတာကို တွေ့ရတယ်။ အဲဒီအပင်ဟာ ခွေးလှေးယားပင်ပဲကွ။ ဖျံထီးကြီးစားတဲ့ ခွေးလှေးယားမြစ်ကို ရှာပြီးစားကြည့်တဲ့အခါ မယားဘဲ ခါးနေတာကြောင့် ပျားရည်နဲ့စိမ် စားတဲ့အခါ ဖထီးရဲ့ ယောက်ျားဝေဒနာ လက်တွေ့ပျောက်သွားတယ်။ ဖိုးခွားလည်း ဖျံသိုမရပေမယ့် ခွေးလှေးယား ရေသောက်မြစ်ကို ပျားရည်စိမ်ပြီး လူနာကိုကုဖို့ မင်းရွာက ဆေးဆရာကို ဆေးနည်းပေးလိုက်ပေါ့ကွယ်”
နောက်ဆုံးမှာတော့ မောင်ခြုံသည် ငါးမရ ရေချိုးပြန်ရုံဟု တွေးလိုက်၏။ တရုတ်လပ်အရှေ့ကွင်းမှာ ပေါများစွာ ပေါက်လေ့ရှိသော ခွေးလှေးယားပင် ရေသောက်မြစ်များကိုတူးကာ ရွာကို ပြန်၍ သယ်လာခဲ့ပါတော့သတည်း။ ။
– ပြီး –
စာရေးသူ – ခြင်ကျား(မအူပင်)